Tuesday, April 24, 2012

၂၀၁၄ မတိုင်မီ မွန်နှစ်ပါတီ အမည်သစ်ဖြင့် ပေါင်းမည်

၂၀၁၄ မတိုင်မီ မွန်နှစ်ပါတီ အမည်သစ်ဖြင့် ပေါင်းမည်


စံခလပူရီ (မဇ္ဈိမ) ။       ။ မွန်နိုင်ငံရေးပါတီများဖြစ်ကြသော မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ (MNDF) နှင့် မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) တို့အနေဖြင့် အမည်သစ်တခုဖြင့် ၂၀၁၄ ခု နှစ်မကုန်မီ ပေါင်းစည်းရန် တနင်္ဂနွေနေ့ က သဘောတူ လက်မှတ် ရေးထိုးလိုက်ကြပြီ ဖြစ်သည်။

မော်လမြိုင်မြို့ တောင်ပေါ်တန်းရှိ သာသနာ့ ၂၅ဝဝ ဘုရားကျောင်းတွင် ကျင်းပသည့် ညှိနှိုင်းဆွေးနွေးပွဲ၌ ၁၉၉ဝ
ရွေးကောက်ပွဲဝင် MNDF ကိုယ်စားလှယ်များနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲဝင် AMDP ကိုယ်စားလှယ်တို့က အချက် ၄ ချက် ပါသည့် သဘောတူချက်ကို လက်မှတ် ရေးထိုးကြခြင်း ဖြစ်သည်။

“သံဃာတော်တွေကလည်း ပေါင်းစေချင်တယ်၊ မွန်ပြည်သူတွေကလည်း ပေါင်းစေချင်တယ်၊ ဒါ့ကြောင့် ဒီလိုပေါင်းဖို့
ဖြစ်လာတာပါ” ဟု AMDP ဥက္ကဋ္ဌ နိုင်ငွေသိန်းက ပြောသည်။

အလားတူ MNDF အထွေထွေ အတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်းကလည်း “ပြည်သူတွေနဲ့ သံဃာတော်တွေရဲ့ ဆန္ဒက ပေါင်းစေချင်တယ်ဆိုတော့ ကျနော်တို့က ဒါကို ဥပေက္ခာပြုလို့ မရဘူးပေါ့” ဟု ပြောသည်။

ညှိနှိုင်း ဆွေးနွေးပွဲသို့ နိုင်တင်အောင် ဦးဆောင်သည့် MNDF ကိုယ်စားလှယ်များ၊ နိုင်ချစ်ဦး ဦးဆောင်သည့် AMDP ကိုယ်စားလှယ်များ အပါအဝင် မြို့နယ်အသီးသီးမှ လူငယ်များ၊ လူမှုအဖွဲ့အစည်းများနှင့် မွန်စာပေယဉ်ကျေးမှုအဖွဲ့များမှ ၂ဝဝ ကျော်နှင့် သံဃာတော် အပါး ၈ဝ ခန့် တက်ရောက်ကြသည်။

ပါတီနှစ်ခု ပေါင်းစည်းရန်အတွက် ၂ဝ၁၁ နှစ်လည်ပိုင်းကပင် နှစ်ဖက်ပါတီများက မွန်ပြည်နယ်၊ ကရင်ပြည်နယ် စသည်တို့မှ မွန်ပြည်သူများနှင့် ရဟန်းသံဃာများ၏ ဆန္ဒကို ကောက်ခံခဲ့ရာ ပူးပေါင်းစေလိုသည့် အဖြေကို ရရှိခဲ့ကြပြီးဖြစ်သော်လည်း မည်သို့ပူးပေါင်းကြမည်ကို ဆွေးနွေးကြန့်ကြာနေခဲ့ကြသည်။

ထိုသို့ နှစ်ပါတီ မပူးပေါင်းမီ MNDF က ၂ဝ၁ဝ ခုနှစ် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ မွန်ဒီမိုကရေစီပါတီ (MDP) အမည်ဖြင့် မှတ်ပုံတင်ရန်အတွက် နိုင်စိုးမြင့် ဦးဆောင်သည့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အချို့ ယခုသီတင်းပတ်အတွင်း နေပြည်တော်သို့ သွားရောက်ရန် စီစဉ်နေကြောင်း နိုင်စိုးမြင့်က ပြောသည်။

MNDF ကို ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့၌ စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉ဝ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၁၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ငါးနေရာ အနိုင်ရခဲ့သည်။

ထိုစဉ်က စစ်အစိုးရမှ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရန် ငြင်းပယ်ခဲ့ပြီးနောက် ၁၉၉၁ ခုနှစ်တွင် ပါတီ
ခေါင်းဆောင်များ ဖမ်းဆီးခံရကာ မွန်ပြည်နယ်နေ့ ဖြစ်သည့် ၁၉၉၂ မတ်လ ၁၉ ရက်နေ့တွင် ပါတီ ဖျက်သိမ်းခံရသည်။

AMDP ကမူ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ၃၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြည်သူ့လွှတ်တော် သုံးနေရာ၊ အမျိုးသား လွှတ်တော် လေးနေရာနှင့် ပြည်နယ်လွှတ်တော် ကိုးနေရာဖြင့် စုစုပေါင်း ၁၆ နေရာ အနိုင်ရရှိခဲ့သည်။

နှစ်ပါတီပူးပေါင်းနိုင်ရေးအတွက် လစဉ် ပုံမှန်တွေ့ဆုံဆွေးနွေးသွားမည်ဟူလည်း သဘောတူညီခဲ့ကြသည်။




ကွန်းချမ်း

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။