Tuesday, April 24, 2012

သာပေါင်း ပျော့ဖတ်စက်ရုံမှ စွန့်ထုတ်သည့် ရေဆိုးနှင့် အနံ့ဆိုးများကြောင့် ဒေသခံများ အခက်အခဲများဖြင့် ကြုံတွေ့နေရကြောင်း သိရ

 သာပေါင်း ပျော့ဖတ်စက်ရုံမှ စွန့်ထုတ်သည့် ရေဆိုးနှင့် အနံ့ဆိုးများကြောင့် ဒေသခံများ အခက်အခဲများဖြင့် ကြုံတွေ့နေရကြောင်း သိရ
72915

သာပေါင်းမြို့နယ် လှေကြီးတက် ကျေးရွာတွင် တည်ရှိသည့် ပျော့ဖတ် စက္ကူစက်ရုံမှ စွန့်ထုတ်သည့် ရေဆိုးများနှင့် အနံ့ဆိုးများကြောင့် ယင်းဒေသနှင့်ဆက်စပ်နေသည့်
ပတ်ဝန်းကျင်ရွာများမှ ဒေသခံအများ ပြည်သူများ မြစ်ရေအသုံးပြုရန် အခက်အခဲများ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု အခြေအနေများနှင့် ရင်ဆိုင်ကြုံတွေ့ရလျက်ရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရသည်။
“သာပေါင်းပျော့ဖတ်စက်ရုံက မလည်တစ်လှည့်၊ လည်တစ်လှည့် ဆိုပေမယ့် လည်တာနဲ့ ရေဆိုးတွေ၊ အနံ့တွေက ဆိုးဆိုးရွားရွား ထွက်လာတော့တာပဲ၊ ညဘက်အိပ်နေရင် Gas နံ့လိုလို၊ ဓာတ်မြေသြဇာနံ့လိုလို အနံ့တွေက လုံးဝင်လာတယ်။ အသက်ရှု ကျပ်လာတယ်။ ဆက်ပြီး အိပ်လို့မရတော့ဘူး။ ကိုယ်တစ်ယောက်တည်း ဖြစ်တာမဟုတ်ဘူး။ တစ်ရွာလုံး၊ ကလေးသူငယ်တွေ ပါပါတယ်။ နောက် နဂိုကဆို သာပေါင်း ရေချိုငါးသလောက် ဆိုတာ ဧရာဝတီတိုင်းမှာ နာမည်ကြီးတယ်။ အခုအဲဒီငါးတွေ ဘယ်ရောက်ကုန်လဲဆိုတာ မသိတော့ဘူး။ သူ့လိုပဲ တခြားငါးမျိုးတွေပါ ပျောက်ကုန်တယ်”ဟု နံနံပင်ကုန်းကျေးရွာဒေသ ခံတစ်ဦးမှ ပြောပြသည်။
72915a သာပေါင်းပျော့ဖတ်စက်ရုံသို့ ရောက်ရှိလာသော ၀ါးကားတစ်စီး
ယင်းစက်ရုံမှစွန့်ထုတ်သည့် ရေဆိုးများမှာ နံနံပင်ကုန်းကျေးရွာ အနီးရှိ နံနံပင်ကုန်းချောင်းနှင့် ကြက် သွန်ကွင်းကျေးရွာအနီးရှိ ပွက်ညှက်ချောင်းများမှ င၀န်မြစ်အတွင်းသို့ စီးဆင်းလျက်ရှိသည်။ နံနံပင် ကုန်းချောင်းမှစွန့်ပစ်သော ရေဆိုးများသည် အဖြူရောင်ရှိကာ အမြှုပ်များပါရှိပြီး ရေနေသတ္တ၀ါများဖြစ်သည့် ငါး၊ ပုစွန်တို့ကိုသေစေကာ လူဆင်းပါက ယားယံမှုများဖြစ်ပေါ်ပြီး အင်ပျဉ်ကွက်များ ထွက်ပေါ်စေကြောင်း သိရသည်။
ပွက်ညှက်ချောင်းမှစွန့်ပစ်သော ရေသည် အလွန်ပူသောရေများဖြစ်ပြီး င၀န်မြစ်အတွင်း စီးဆင်းပါက အောက်ဘက်ရှိကြက်သွန်ကွင်း ကျေးရွာအနီးတွင် မြစ်ရေနှင့်ရောကာ အမဲရောင် ပျောက်သွားသည်ဟု ဆိုသည်။
72915b သာပေါင်းပျော့ဖတ်စက်ရုံမှ ထွက်ရှိလာသော ရေဆိုးများ အနီးရှိနံနံပင်ကုန်း ချောင်းအတွင်း စီးဆင်းနေသည်ကို တွေ့ရစဉ်
“နဂိုတုန်းကတော့ မြစ်ရေကို ကျွဲနွားတိရစ္ဆာန်တွေ ရေသောက်ရေ ချိုးလုပ်တယ်။ လူတွေကတော့ သုံး ရေ၊ ချိုးရေအသုံးပြုတယ်။ အခုနောက်ပိုင်း တိရစ္ဆာန်ကော၊ လူကော မသုံးတော့ဘူး။ ပိုဆိုးတာကမြစ်ရေလျှံရင် ရွာထဲမှာရှိတဲ့ ရေတွင်းတွေထဲ စိမ့်ဝင်တယ်။ ရွာထဲက ရေတွင်းတွေကလည်း သောက်သုံးဖို့ သင့်၊ မသင့်ဆိုတာ မတိုင်းဖူးတော့မသိဘူး။ လူကြီးတွေနဲ့ ဧည့်သည်တွေ စက်ရုံကိုလာရင် အဲဒီအနံ့ ဆိုး၊ ရေဆိုးတွေ မထွက်ဘူး။ ပြန်သွား ရင်တော့နဂိုအတိုင်းပြန်ထွက်တာပါပဲ” ဟု ဒေသခံတစ်ဦးက ပြောပြသည်။
စက်ရုံမတည်ဆောက်မီက စွန့်ပစ်ရေဆိုးရေညစ်များအား သန့်စင် ပြီးမှသာ လွှတ်မည်ဟု ပြောဆိုမှုရှိခဲ့သော်လည်း စက်ရုံတည်ဆောက်ပြီးနောက် စတင်လည်ပတ်ချိန်မှစကာ ရေနှင့်လေ ထုညစ်ညမ်းမှုများ ခံစားနေရသည် ဟု ဆိုသည်။ ပျော့ဖတ်စက်ရုံအား ၂၀၀၀ ပြည့်နှစ် ၀န်းကျင်က စတင် တည်ဆောက်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။