Tuesday, April 24, 2012

ကျောက်ဖြူစီမံကိန်းဒေသတွင် ဒေသခံတို့ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးဆဲ



ကျောက်ဖြူစီမံကိန်းဒေသတွင် ဒေသခံတို့ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးဆဲ




ကျောက်ဖြူမြို့နယ်ရှိ စီမံကိန်းလုပ်ငန်းများတွင် ဒေသခံများအလုပ်သမားများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိမှုမှာ နည်းပါးနေဆဲဖြစ်ကြောင်း ဒေသခံအလုပ်သမားများက ဆိုသည်။

ရခိုင်ပြည်နယ်တွင် အိန္ဒိယရင်းနှီးမြုပ်နှံမှုဖြင့် ကုလားတန်ဘက်စုံစီမံကိန်း စစ်တွေဆိပ်ကမ်းတည်ဆောက်လျှက် ရှိပြီး ကျောက်ဖြူ-တရုတ်ဓာတ်ငွေပိုက်လိုင်းသွယ်တန်းရေး၊ မဒေးကျွန်းရှိရေနံတင်ဆိပ်ကမ်းများ တည်ဆောက် ရေး လုပ်ငန်းစသည့် လုပ်ငန်းများရှိသည်။

ရခိုင်ပြည်နယ်အတွင်း  CNOOC  ၊  ESSAR  ၊ CNPC INTERNATIONL.LTD  ၊ MPRLE&P  ၊ DAEWOO INTERNATIONAL၊ ONGC VIDESH  စသော ပြည်ပရင်းနှီးမြုပ်နှံ မှုကုမ္ပဏီများ ဝင်ရောက် လုပ်ကိုင်လျှက် ရှိသည်။

ကျောက်ဖြူမြို့ရှိ သဘာဝဓာတ်ငွေ့ပိုက်ဆက်လုပ်ငန်း၊ ဓာတ်ငွေ့သန့်စင်စက်ရုံတည်ဆောက်ရေးလုပ်ငန်းများ တွင် ပြည်ပအလုပ်သမား အများစုဝင်ရောက် လုပ်ကိုင်နေပြီး ပြည်တွင်းအလုပ်သမားအနည်းငယ်မျှသာ ၀င်ရောက် လုပ်ကိုင်လျှက်ရှိသည်။

“ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းတဲ့ လုပ်ငန်းမှာ အိန္ဒိယကလာတဲ့ အလုပ်သမား ဆိုရင် ၄၀၀ ကျော်ရှိတယ်၊ သူတို့ရတဲ့ လစာကလည်း  များများစားစားတော့ မဟုတ်ပါဘူး၊ ဒီကဒေသခံ အလုပ်သမားတွေ လောက်ပါပဲ’’ ဟု အဆိုပါ အလုပ်သမားက ဆိုသည်။

အဆိုပါစက်ရုံများ၏ တည်ဆောက်ရေးလုပ်ငန်းများတွင် အင်ဒိုနီးရှား၊ တရုတ်၊ ကိုးရီးယား၊အိန္ဒိယလူမျိုးများ အဓိက ဝင်ရောက်လုပ်ကိုင်နေကြပြီး ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးတွင် လည်း အများစုမှာ တရုတ်လူမျိုးနှင့် အိန္ဒိယလူမျိုးများသာဖြစ်သည်။

“ စီမံကိန်းတွေမှာ ဒေသခံအလုပ်သမားတွေကိုလည်း ထည့်ပေးသင့်တယ်၊ တစ်ချို့ပြည်တွင်းက အလုပ်သမား တွေဆိုရင် လစာနည်းတဲ့အတွက် အလုပ်က ထွက်သွားကြတဲ့ သူတွေလဲရှိတယ်၊ ဖြစ်နိုင်ရင် ဒီက ဒေသခံတွေ အတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းတွေ စီမံကိန်းလုပ်ငန်းတွေမှာ ချပေးနိုင်မှ လူထုအတွက် အလုပ် အကိုင် ရှားပါးတဲ့ ပြဿနာကို ပြေလည်နိုင်မှာပါ’’ ဟု ကျောက်ဖြူမြို့ခံတစ်ဦးက ဆိုသည်။

စီမံကိန်းလုပ်ငန်းခွင်တွင် ဒေသခံများအတွက် နေ့စားနှင့် လခစားဟူ၍ နှစ်မျိုးသတ်မှတ်ထားရာ  သာမာန်နေ့စား အလုပ်သမားတစ်ဦးလျှင် ကျပ်ငွေ (၃၀၀၀) မှ (၄၀၀၀)အထိ ရရှိကြောင်းသိရသည်။

ကျောက်ဖြူ-တရုတ်  ပိုက်လိုင်းသွယ်တန်းရေးလုပ်ငန်းများတွင် ဒေသခံအလုပ်သမားများထက် ပြည်ပအလုပ် သမားများကိုသာ ဝင်ရောက်လုပ်ကိုင်နေကြခြင်းကြောင့် အခွင့်အလမ်းနည်းပါးနေခြင်းဖြစ်ကြောင်း သိရသည်။

 “ ကျောက်ြဖူ စီမံကိန်းမှာရှိတဲ့ အလုပ်သမားတွေဟာ ပြည်ပက များတယ်၊ အိန္ဒိယဆိုရင် သူတို့နိုင်ငံက အလုပ် သမားတွေခေါ်လာတယ်၊ ဒါပေမယ့် အဲဒီအထဲမှာပါတဲ့ အလုပ်သမားတွေကလည်း ကျနော်တို့ လိုပဲ အောက်ခြေ
သိမ်းအလုပ်တွေ လုပ်ရတာဘဲ၊ အလုပ်ရှင်တွေက ဒီက ဒေသခံအလုပ်သမားတွေကို အသုံးပြုတာနည်းတယ်’’ ဟု သဘာဝဓာတ်ငွေ့ ပိုက်ဆက်လုပ်ငန်းတွင် လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

 မိုးဝေ- မြစ်မခ(ရခိုင်ပြည်နယ်)
by Myit Makha Mediagroup 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။