Thursday, April 25, 2013

မန္တလေးမြို့ ၀န်းကျင်တွင် ဧပြီ ၂၂ ရက်နေ့ ညပိုင်းက လေပြင်းတိုက်ခတ်ခဲ့ပြီး သက်တမ်းရင့် အပင်အချို့ ပြိုလဲခြင်း၊ နေအိမ်အချို့ ပျက်စီးခြင်းနှင့် လူအချို့ ထိခိုက်ဒဏ်ရာရရှိ


4.24.5

လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲသွားသော သစ်ပင်ကြီးများနှင့် အဆောက်အဦးများအား ရှင်းလင်းမှု ပြုလုပ်နေစဉ်

မန္တလေးမြို့နှင့် စစ်ကိုင်းမြို့ ၀န်းကျင်တွင် ဧပြီ ၂၂ ရက် ညပိုင်းက မိုးသက်လေပြင်း ကျရောက်ခဲ့မှုကြောင့် ကြော်ငြာဆိုင်းဘုတ်၊ လျပ်စစ်မီးတိုင်နှင့် သက်တမ်းရင့် သစ်ပင်အချို့ ပြိုလဲရာမှ နေအိမ်များ ပျက်စီးခြင်းနှင့် လူအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

မန္တလေးမြို့တွင် ည ၉ နာရီ ၀န်းကျင်ခန့်က မိုးသက်လေပြင်းများ ကျရောက်ခဲ့ပြီး မြို့တွင်းရှိ ကြော်ငြာဆိုင်းဘုတ်၊ လျပ်စစ်မီးတိုင်နှင့် သစ်ပင်အချို့ ပြိုလဲခဲ့ကာ ၉ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် အမရပူရမြို့နယ် ငယ်တိုးတိုက်နယ် ဈေးကုန်းရပ်ရှိ သက်တမ်းရင့် လက်ပံပင်ကြီးမှာ လူနေအိမ် သုံးလုံးပေါ်သို့ လဲကျခဲ့ပြီး နေအိမ်အတွင်းရှိ ၄၅ နှစ်အရွယ် အမျိုးသမီးနှင့် ၁၂ နှစ်အရွယ် ယောက်ျားလေး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

''လေတိုက်ပြီး တောက်လျောက် ဖြစ်တာပဲ။ အသံမကြားဘဲ ရုတ်တရက် ကျိုးကျတာ၊ အရင်နှစ်တွေက တိုက်တဲ့လေဆို ဒီထက်ကြမ်းပေမယ့် ဒီလောက်မဖြစ်ခဲ့ဘူး။ အပင်ကြီးက လူခုနစ်ယောက် ဖက်စာလောက် ရှိတယ်။ အပင်ရဲ့ သက်တမ်းကတော့ အနည်းဆုံး နှစ်ငါးဆယ်အောက် မလျိုဘူး'' ဟု ငယ်တိုးကျေးရွာမှ ဒေသခံ တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ သစ်ပင်ကြီး ပြိုလဲခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသည့် အမျိုးသမီးနှင့် ကလေးငယ်ကို ညတွင်းချင်း မန္တလေး ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာ ရရှိသည့် ကလေးငယ်မှာ ဧပြီ ၂၃ ရက်တွင် ဆေးရုံမှ ပြန်လည် ဆင်းသက်လာနိုင်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့တွင်လည်း လေပြင်းတိုက်ခတ်မှုနှင့် ပတ်သက်၍ မြို့သစ်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ''စစ်ကိုင်းတောင် တက်တဲ့လမ်း တစ်လျောက်မှာ မီးတိုင်ငါးတိုင် လဲကျပြီး သစ်ပင်ကြီး သုံးပင်လောက် ပင်စည်ကနေ ကျိုးကျခဲ့တယ်။ မြို့ထဲမှာဆိုရင် ညောင်ပင်ကြီးက အကိုင်းအခက်တွေ ကျိုးကျပြီး ကွန်ပျူတာဆိုင်တစ်ဆိုင် ပိကျသွားတယ်။ နေရာတော်တော် များများမှာ သစ်ပင်ပြိုလဲမှု တွေရှိပါတယ်'' ဟု ပြောပါသည်။

 

ညောင်ချောင်းသာ ကမ်းခြေ၌ ယခုနှစ်ရာသီအတွင်း ရေနစ်သေဆုံးသူ များပြားလာသည့်အတွက် အရက်သေစာရောင်းချမှု ပိတ်ပင်သွားမည့်အပြင် လုံခြုံရေးကိုလည်း တင်းကျပ်မည်


nyaungchaungthar-april24

ဧပြီလ ပထမပတ်အတွင်းက ညောင်ချောင်းသာမြင်ကွင်း

ဧရာဝတီတိုင်း ဒေသကြီးရှိ ညောင်ချောင်းသာ ကမ်းခြေတွင် ယခုနှစ် ရာသီအတွင်း ရေနစ်သေဆုံးသူ ဦးရေမှာ ယခင်နှစ်ကထက် ပိုမိုများပြားလာသဖြင့် ကမ်းခြေတစ်လျှောက် ဖွင့်လှစ်ထားသော ဈေးဆိုင်များတွင် အရက်သေစာ ရောင်းချမှု ပိတ်ပင်သွားမည့်အပြင် လုံခြုံရေးပိုင်းကိုလည်း ပိုမိုတင်းကျပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် ရန်ကင်းစံရာ ကျေးရွာအနီး ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဆုံရာ ညောင်ချောင်းသာ ကမ်းခြေသည် ၂၀၁၀ ပြည့်နှစ်ကတည်းက လူသိများလာခဲ့ပြီး ယခု ၂၀၁၃ ခုနှစ်တွင် လာရောက်လည်ပတ်သူ ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။

ညောင်ချောင်းသာ ကမ်းခြေသို့ ယခုနှစ် သင်္ကြန်ကာလအတွင်း တစ်ရက်လျှင် ပျမ်းမျှ ပြည်တွင်းခရီးသွား ဦးရေ ၁၅၀၀၀ ၀န်းကျင်ခန့် လာရောက်လည်ပတ်ခဲ့ပြီး သင်္ကြန်မတိုင်မီနှင့် သင်္ကြန်အပြီး နေ့ရက်များတွင်မူ နေ့စဉ်  ဦးရေ ၁၀၀၀ မှ ၅၀၀၀ ၀န်းကျင်ခန့် လာရောက်အပန်းဖြေလေ့ရှိကြောင်း ညောင်တုန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထင်မင်းက ပြောသည်။


ညောင်ချောင်းသာ ကမ်းခြေတွင် ပြီးခဲ့သည့် ၂၀၁၁-၂၀၁၂ ရာသီချိန်က ရေနစ်သေဆုံးသူ ခြောက်ဦး၊ ယခု ၂၀၁၂-၂၀၁၃ ရာသီအတွင်း ရေနစ်သေဆုံးသူ ကိုးဦးအထိ ရှိနေပြီဖြစ်ကြောင်း . . . . .

ညောင်တုန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထင်မင်းက "ခရီးသွား အချို့က အရက်သေစာကို အလွန်အကျွံ သောက်စားမူးယစ်ပြီး ရေထဲဆင်း ကစားကြတယ်၊ ရေကူးကြတယ်။ အမူးလွန်ပြီးတော့ ရေမကူးနိုင်တော့ဘဲ သေကြတာတွေ ရှိတယ်။ သေဆုံးသူ အများစုက နှလုံးရပ်ပြီး သေကြတယ်။ အန်ဖတ်ဆို့ပြီး သေကြတယ်" ဟု ပြောသည်။

အသေအပျောက်များ လျော့ကျသွားအောင် ရေနက်ပိုင်းများတွင် ပိုက်များပို၍ ကာရံသွားမည်ဖြစ်ကြောင်း၊ အသံချဲ့စက်များနှင့် သတိပေးမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် အသက်ကယ် စက်လှေများ ထားရှိသွားမည်ဖြစ်ပြီး လုံခြုံရေးအနေနှင့် ရဲတပ်ဖွဲ့၊ အရန်မီးသတ်၊ ရပ်ကွက် တာဝန်ရှိသူများကိုလည်း ယခုထက်ပိုပြီး တိုးမြှင့် တာဝန်ချသွားမည်ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး ဦးထင်မင်းက ဆက်လက်ပြောပြသည်။

ညောင်ချောင်းသာ ကမ်းခြေတွင် ပြီးခဲ့သည့် ၂၀၁၁-၂၀၁၂ ရာသီချိန်က ရေနစ်သေဆုံးသူ ခြောက်ဦး၊ ယခု ၂၀၁၂-၂၀၁၃ ရာသီအတွင်း ရေနစ်သေဆုံးသူ ကိုးဦးအထိ ရှိနေပြီဖြစ်ကြောင်း ညောင်တုန်းမြို့နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်က ပြောသည်။

ထို့အတူ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယ ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထွန်းမင်းကလည်း ညောင်ချောင်းသာ ကမ်းခြေ၌ ယခုရာသီအတွင်း သေဆုံးသူ အများစုမှာ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှ ဖြစ်ကြပြီး ညောင်တုန်းမြို့ခံ တစ်ဦးသာ ပါဝင်ကြောင်း ပြောသည်။

"ကမ်းခြေမှာ ဖွင့်ထားတဲ့ ဆိုင်အရေအတွက်က ၄၀ နီးပါး ရှိတယ်။ အဲဒီဆိုင်တွေအားလုံး အရက်သေစာ ရောင်းချမှုတွေကို လုံးဝခွင့်မပြုတော့ဘူး။ ဒါပေမဲ့ ခရီးသည်တွေက သူတို့အစီအစဉ်နဲ့ သူတို့ ၀ယ်လာပြီး အလွန်အကျွံ သောက်စားပြီးတော့ ပျော်ပါးကြတယ်။ အလွန်အကျွံ သောက်စားပြီး ရေမကူးသင့်ဘူး။ တချို့သေသူတွေဟာ ရေဒူးလောက်ရှိတဲ့ နေရာမှာ အန်ဖတ်ဆို့ သေတာတွေ ရှိတယ်" ဟု ညောင်တုန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်က ပြောသည်။

ညောင်တုန်းမြို့နယ်ရှိ ညောင်ချောင်းသာ ကမ်းခြေတစ်လျှောက်သည် ပေ ၈၀၀ ကျော် အရှည်ရှိကြောင်း သိရသည်။

နေပြည်တော် လယ်ဝေးမြို့နယ် ကွမ်းခြံကျေးရွာနှင့် လေးကသိန်း ကျေးရွာများတွင် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ၊ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်း ၉၄ လုံး ပျက်စီး

strongblow-april25

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော အိမ်များအား တွေ့ရစဉ်

နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ လယ်ဝေးမြို့နယ် ကွမ်းခြံကျေးရွာနှင့် လေးကသိန်း ကျေးရွာများတွင် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း ၉၄ လုံး ပျက်ဆီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

၂၀၁၃ ခုနှစ် ဧပြီလ ၂၂ ရက် ညနေ ၃ နာရီ ၅၀ မိနစ်ခန့်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လယ်ဝေးမြို့နယ် ကွမ်းခြံကျေးရွာတွင် စာသင်ကျောင်းတစ်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း၊ အိမ်ခြေ ၇၂ လုံးတို့ ပြိုလဲပျက်ဆီးကာ ထိခိုက်ဒဏ်ရာ သုံးဦးရရှိခဲ့ပြီး သေဆုံးသူ မရှိကြောင်း သိရသည်။

"ကျွန်တော်တို့ရွာရဲ့ အရှေ့ဘက်က လေးကသိန်းရွာမှာဆိုရင် စာသင်ကျောင်း တစ်ကျောင်းနဲ့ ခေါင်လန်သွားတာက ၁၇ အိမ်၊ ပြိုလဲအိမ်ခြေက နှစ်အိမ်၊ ကျေးရွာ နှစ်ရွာပေါင်းဆိုရင် ၉၄ အိမ် ပျက်ဆီးဆုံးရှုံးပါတယ်" ဟု ကွမ်းခြံကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပြခဲ့သည်။

"ပျက်ဆီးသွားတဲ့ အိမ်တွေကတော့ တော်တော်များတယ်။ ထိခိုက်ဒဏ်ရာ ရတဲ့သူတွေလည်း သုံးယောက်လောက် ရှိတယ်။ ဖြစ်ပြီးနောက်နေ့ ၂၃ ရက်နေ့ကတော့ နေပြည်တော် ကောင်စီနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးမှ တာဝန်ရှိသူများ လာရောက်ကြည့်ရှုခဲ့တယ်။ ပြိုလဲသွားတဲ့ အိမ်မိသားစုတွေကိုလည်း ဆန်တစ်တင်းနဲ့ ဆီငါးဆယ်သား ပေးမယ်ဆိုပြီး ဓာတ်ပုံတွေသာ ရိုက်သွားတယ်။ အခုထိ လက်ထဲ မရရှိသေးပါဘူး" ဟု ကွမ်းခြံကျေးရွာနေ ဦးချမ်းနီမှ ပြောပြခဲ့သည်။

 

ပြည်မြို့ န၀ဒေးတံတားအနီး၌ သမီးရည်းစားစုံတွဲထံမှ တပ်သားသုံးဦးက ပစ္စည်းလုယူပြီး ခိုက်ရန်ဖြစ်ပွားမှုကြောင့် အမျိုးသားဖြစ်သူ သေဆုံး

ပြည်မြို့ န၀ဒေးတံတားအနီး ရှုခင်းသာ ကော်ဖီဆိုင်အောက်ခြေ၊ သောင်ပြင်သို့ လာရောက်သော သမီးရည်းစား စုံတွဲအား ပြည်မြို့၊ ခ.လ.ရ (၇၅)မှ တပ်သားသုံးဦးမှ ပစ္စည်းလုယူ ခိုက်ရန်ဖြစ်ပွားမှုကြောင့် အမျိုးသားဖြစ်သူ သေဆုံးသွားသည့် ဖြစ်စဉ် ဧပြီလ ၂၃ ရက်၊ ည ၁၀ နာရီ မိနစ် ၃၀ အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါနေ့ည ၁၀ နာရီ အချိန်ခန့်က ပြည်မြို့ န၀င်းရပ်ကွက်၊ တရုတ်စုလမ်းတွင် နေထိုင်သူ အမျိုးသားနှင့် ပြည်မြို့၊ န၀င်းရပ်ကွက်၊ စာကုန်သည်လမ်းတွင် နေထိုင်သည့် အမျိုးသမီး သမီးရည်းစားစုံတွဲမှာ ရှုခင်းသာ ကော်ဖီဆိုင် အောက်ခြေသောင်ပြင်သို့ ရောက်ရှိပြီး စကားပြောနေစဉ် ည ၁၀ နာရီ မိနစ် ၃၀ အချိန်ခန့်၌ လူစိမ်းယောက်ျားသုံးဦး ရောက်ရှိလာကာ ၎င်းတို့စုံတွဲအား နှောက်ယှက်သဖြင့် ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ ခိုက်ရန်ဖြစ်ပွားသဖြင့် သမီးရည်းစား စုံတွဲမှ အမျိုးသားဖြစ်သူ၏ မျက်နှာတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာ သောင်ပြင်တွင်ပင် သေဆုံးသွားခဲ့သည်။ သမီးရည်းစား စုံတွဲမှ (၂၇)နှစ်ရှိ အမျိုးသမီး၏ မျက်နှာနှင့် လည်ပင်းတွင် ဒဏ်ရာများရရှိပြီး ပြည်မြို့၊ ပြည်သူ့ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် ဆေးဝါးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။


ပြည်မြို့ဒေသခံ တချို့မှ ကျေနပ်ခြင်း မရှိကြသဖြင့် ဧပြီ ၂၄ ရက် နံနက် ၁ နာရီအချိန်ခန့်က ပြည်မြို့၊ အမှတ် (၂)ရဲစခန်းရှေ့သို့ စုရုံးသွားရောက်၍ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်သော ပြစ်ဒဏ်များ ချမှတ်နိုင်စေရေးအတွက် သွားရောက်တောင်းဆိုမှုများ ပြုလုပ်ခဲ့ . . . . .


အဆိုပါ ဖြစ်စဉ်၌ ဒဏ်ရာရရှိခဲ့သူ အမျိုးသမီးမှ ပတ်ဝန်းကျင်သို့ အကူအညီ တောင်းခံခဲ့မှုကြောင့် ဆင်စုရပ်ကွက်နေ ပြည်သူများမှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးနိုင်ရန် အခင်းဖြစ်ပွားရာ သောင်ပြင်တစ်ဝိုက်နှင့် ရန်ကုန်-ပြည် အဝေးပြေးကားလမ်းဟောင်း တစ်လျှောက် နေရာများအား ၀ိုင်းဝန်းရှာဖွေခဲ့ရာ ပြည်မြို့အထွက် ခ.လ.ရ (၇၅)မှ တပ်သား သန်းထိုက်အောင်၊ တပ်သား ရဲကိုဦးတို့နှစ်ဦးအား ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ ယင်းအချိန်၌ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သူ တပ်သား တစ်ဦးမှာမူ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရမိသည့် တရားခံများအား တာဝန်ရှိသူများမှ သက်ဆိုင်ရာ တပ်ရင်းသို့ ဆက်သွယ်အကြောင်းကြားကာ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နိုင်စေရန်အတွက် လွှဲပြောင်းပေးခဲ့ကြောင်း ထိုသို့လွှဲပြောင်းပေးခဲ့ခြင်းအပေါ် ပြည်မြို့ဒေသခံ တချို့မှ ကျေနပ်ခြင်း မရှိကြသဖြင့် ဧပြီ ၂၄ ရက် နံနက် ၁ နာရီအချိန်ခန့်က ပြည်မြို့၊ အမှတ် (၂)ရဲစခန်းရှေ့သို့ စုရုံးသွားရောက်၍ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်သော ပြစ်ဒဏ်များ ချမှတ်နိုင်စေရေးအတွက် သွားရောက်တောင်းဆိုမှုများ ပြုလုပ်ခဲ့ရာ ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဦးမြင့်ဦးမှနေ၍ ၎င်းတို့အား ဖြေရှင်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။

"အခုသေသွားတဲ့ ကောင်လေးနဲ့ ကျွန်မညီမလေးက မကြာခင် လက်ထပ်ကြတော့မယ့် မိဘသဘောတူထားတဲ့ သူတွေပါ။ သူတို့နှစ်ယောက်က ညဘက်လေညှင်းခံရင်းနဲ့ အဲဒီသောင်ပြင်ကို သွားတာလို့ ညီမလေးက ပြောတယ်၊ အဲဒီမှာ သူတို့ဆီကို လူစိမ်းသုံးယောက် ရောက်လာပြီး ပထမ မီးခြစ်လာတောင်းတယ်။ မီးခြစ် မရှိဘူး ပြန်ပြောလိုက်တော့ သိပ်မကြာဘူး။ အဲဒီလူသုံးယောက် ပြန်ရောက်လာပြီး သူတို့ကို နောက်ကနေသိုင်းပြီး သောင်ပြင်ပေါ်ကို လှဲချပါတယ်။ ပြီးတော့ လည်ပင်းကို ညှစ်တယ်၊ ပါးစပ်ကိုပါဖြဲပြီး မအော်နိုင်အောင် လုပ်တဲ့အခါကျတော့ အသက်ရှူကျပ်လာပြီး ဒီပုံအတိုင်းဆိုရင် မဖြစ်တော့ဘူး၊ သေတော့မှာပဲ ဆိုပြီးတော့ ညီမလေးက မေ့ချင်ယောင် ဆောင်လိုက်တယ်။ အဲဒီတော့မှ သူ့ကို လွှတ်လိုက်ပြီး ပါလာတဲ့ ငွေအချို့နဲ့ လက်စွပ်ကို ချွတ်ယူသွားကြတယ်။ ဒီနောက် ညီမလေးက ခုနက ဒဏ်ရာအရှိန်နဲ့ ခဏမေ့သွားခဲ့ပြီး ဘာမှ မသိတော့ဘူး။ သတိပြန်ရအလာမှာ ကမ်းဘက်ကိုသွားပြီး ပန်းခြံစောင့် တာဝန်ရှိသူကို လှမ်းပြီး အကူအညီ တောင်းခဲ့တာပါပဲ" ဟု ပြစ်မှုကျူးလွန်ခြင်း ခံခဲ့ရသူ၏ အစ်မဖြစ်သူမှ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပြောကြားသည်။

"လူစုပြီး သောင်ပြင်တစ်လျှောက်နဲ့ ကားလမ်းတစ်လျှောက်ကို ပိတ်ဆို့ပြီး တရားခံတွေကို ဖမ်းဆီးဖို့ လုပ်ပါတယ်။ အဲဒီမှာ တရားခံလို့ ယူဆရတဲ့ လူတွေက လမ်းမဟုတ်တာကြီးကနေ ကားလမ်းပေါ်ကို တက်လာကြတယ်။ အဲဒီမှာ ကျွန်တော်တို့အဖွဲ့က စစ်ဆေးမေးမြန်းတော့ သူတို့က ခ.လ.ရ (၇၅) ကပါလို့ ပြောတယ်။ မင်းတို့ (၇၅) ကဆိုရင် မင်းတို့ကို ဘာမှမလုပ်ဘူး၊ ထိုင်နေ မပြေးနဲ့၊ ကျန်တဲ့တစ်ယောက်ကိုပါ ခေါ်လိုက်လို့ ဆိုတာကို အဲဒီတစ်ယောက်က ထွက်ပြေးသွားတယ်။ ဒါနဲ့ ကျွန်တော်တို့လည်း ဖမ်းမိတဲ့လူတွေကို ထိန်းထားစဉ်မှာ ရောက်ရှိလာတဲ့ ရဲတွေထဲက တစ်ဦးက စစ်ဆေးမေးမြန်းရင်း ခ.လ.ရ (၇၅)ကလည်းဆိုရော တပ်ရင်းမှူးဆီကို ဖုန်းလှမ်းဆက်တယ်။ တပ်ရင်းမှူး ရောက်လာတဲ့အခါမှာ ရဲတွေက မနက်ဖြန်မှ ဆက်သွယ်လိုက်မယ်ဆိုပြီး တပ်သားနှစ်ယောက်ကို သူတို့တပ်ရင်းမှူးကို အပ်လိုက်ပါတယ်" ဟု တရားခံအား ဖမ်းဆီးရာတွင် ပါဝင်ခဲ့သူ တစ်ဦးက ဆိုသည်။

ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးဦးမြင့်ဦးက "ညက ဖမ်းမိထားတဲ့ တရားခံနှစ်ယောက် အပြင်လွတ်သွားတဲ့ သူတစ်ဦးကိုပါ ဖမ်းဆီးထားပါပြီ။ သူတို့ကို လောလောဆယ် သက်ဆိုင်ရာ တပ်ရင်းရုံးက အချုပ်မှာပင် ထိန်းသိမ်းထားပါတယ်။ ဥပဒေနှင့်အညီ ပြစ်ဒဏ်များ ချမှတ်နိုင်အောင်လို့ မှန်ကန်စွာ ဆောင်ရွက်သွားမှာပါ" ဟု ဆိုသည်။ ပြည်မြို့၊ အမှတ် (၂) စခန်းတွင် ပြစ်မှု ဥပဒေပုဒ်မ ၃၀၂/၃၂၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

 

ရန်ကုန်မြို့လယ် ဗဟိုစီးပွားရေးဇုန်အတွင်း ပြေးဆွဲမည့် မိုးပျံရထားစနစ် ယခုဘဏ္ဍာရေးနှစ်၌ အကောင်အထည်ဖော်ရန် လျာထား Created on Wednesday, 24 April 2013 21:08


4.24.3

လှည်းတန်းခုံးကျော် တံတားအဆင်း ဟံသာဝတီအ၀ိုင်းဘက် အခြမ်းတွင် ယာဉ်ကြော ကျပ်နေသည်ကို ဧပြီလ ၂၃ ရက်နေ့က တွေ့ရစဉ်

ရန်ကုန်မြို့ပတ်ရထားစနစ် တိုးချဲ့ခြင်းအပြင် ရန်ကုန်မြို့လယ် ဗဟိုစီးပွားရေးဇုန်အတွင်း ပြေးဆွဲမည့် မိုးပျံရထားစနစ်ကို ယခုဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ရန် လျာထားကြောင်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရ စီးမံကိန်း ဥပဒေကြမ်းတွင် ဖော်ပြထားသည်။

ထိုသို့ ရန်ကုန်မြို့ပတ်ရထား စနစ်တိုးချဲ့ရာတွင် မြို့တွင်းမြို့ပတ် ရထားလမ်းများ တိုးချဲ့ခြင်းအပြင် ရန်ကုန်မြို့ပြင်မှပတ်၍ အမြန်မြို့ပတ်လမ်းနှင့် ရထားလမ်း ဖောက်လုပ်ခြင်းတို့ကို ပြုလုပ်မည်ဟု သိရသည်။

လက်ရှိ သိပ်သည်းမှု များနေသော ရန်ကုန်မြို့လယ် ဗဟိုစီးပွားရေး ဇုန်အတွင်း ယာဉ်သိပ်သည်းမှုနှင့် သွားလာမှု လျော့ချနိုင်ရန် မြို့လယ်ဧရိယာအတွင်း ပတ်၍ ပြေးဆွဲနိုင်သော မိုးပျံရထား စနစ်များပါ အကောင်အထည်ဖော်ရန် ဒေသန္တရ စီမံကိန်း ဥပဒေကြမ်း၌ လျာထားသည်။

ရန်ကုန်မြို့၌ ယာဉ်ကြောပိတ်ဆို့မှု ပိုမိုကြုံတွေ့ လာရခြင်းကြောင့် ယာဉ်အသုံးပြုမှု လျော့ကျကာ ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းစေရေးအတွက် ရထားပို့ဆောင်ရေး စနစ်အား မြှင့်တင်ရန် မြို့ပြစီမံကိန်း ပညာရှင်အချို့က ထောက်ပြခဲ့ကြသည်။

ထို့အတွက် မြို့ပတ်ရထားလမ်း စနစ်အား ယခုထက် ပိုမိုချဲ့ထွင်ခြင်းအပြင် လက်ရှိပြေးဆွဲနေသော ရထားခရီးစဉ်များကိုလည်း ပုံမှန်ပြေးဆွဲနိုင်ရန် လိုအပ်သည်ဟု သိရသည်။

မိုးပျံရထားလမ်းစနစ် တည်ဆောက်ရန်မှာမူ နည်းပညာပိုင်း၊ ငွေကြေးပိုင်း လိုအပ်ချက်များစွာ ရှိမည်ဖြစ်ပြီး မည်သည့်နည်းပညာဖြင့် ငွေကြေးမည်မျ သုံးစွဲမည် ဆိုသည်ကိုမူ ဒေသန္တရ စီမံကိန်း ဥပဒေကြမ်းတွင် ဖော်ပြထားခြင်း မရှိသည်ကို တွေ့ရသည်။ အဆိုပါ မိုးပျံရထားလမ်း စနစ်သည် အိမ်နီးချင်း နိုင်ငံများဖြစ်သော ထိုင်း၊ မလေးရှား၊ စင်ကာပူ စသော နိုင်ငံများတွင် အသုံးပြုနေသည်။

 

ယခုဘဏ္ဍာနှစ်၌ ရန်ကုန်တိုင်းဒေသကြီးတွင် တိုက်နယ်ဆေးရုံရှစ်ခု၊ မြို့နယ်ဆေးရုံ ခြောက်ခုနှင့် ဒေသန္တရကျန်းမာရေးဌာန ၂၈ ခု တိုးချဲ့ဖွင့်လှစ်ရန် လျာထား

yangonhospital-april24

ရန်ကုန်ဆေးရုံကြီး အတွင်းပိုင်း မြင်ကွင်းအား ၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်းက တွေ့ရစဉ်

ယခုဘဏ္ဍာနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း တိုက်နယ်အဆင့် ဆေးရုံရှစ်ခု၊ မြို့နယ်ဆေးရုံ ခြောက်ခု၊ ဒေသန္တရ ကျန်းမာရေးဌာန ၂၈ ခုနှင့် ဒေသန္တရကျန်းမာရေး ဌာနခွဲ ၁၅ ခု တိုးချဲ့ဖွင့်လှစ်နိုင်ရန် လျာထားသည်ဟု ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရ စီမံကိန်း ဥပဒေကြမ်း၏ ကဏ္ဍအလိုက် ရည်မှန်းချက်အရ သိရသည်။

ယင်းသို့ ဆေးရုံများ၊ ဒေသန္တရ ကျန်းမာရေးဌာနများ တိုးချဲ့ဖွင့်လှစ်နိုင်ရန် ကျန်းမာရေး ၀န်ကြီးဌာန၊ ကျန်းမာရေး ဦးစီးဌာနသို့ တင်ပြဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒေသန္တရ ဥပဒေကြမ်းတွင် ဖော်ပြချက်အရ သိရသည်။ 
မည်သည့်နေရာ၌ တည်ဆောက်မည် ဆိုသည်ကိုမူ အဆိုပါ ဥပဒေကြမ်းတွင် ဖော်ပြထားခြင်း မရှိပေ။

နေပြည်တော်တွင် ခုတင် ၅၀၀ ဆံ့ ဆေးရုံလေးရုံ ထပ်မံတည်ဆောက်ရန် လျာထားခဲ့သော်လည်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် အများစု ကန့်ကွက်ခဲ့ခြင်းကြောင့် အဆိုပါ စီမံကိန်း ရပ်ဆိုင်းခဲ့ရသည်။

စီမံကိန်းများမှ ထွက်ရှိလာမည့် ကျပ် ၁၂ ဘီလီယံ နီးပါးကို အခြေခံ ပြည်သူ့ကျန်းမာရေး ကဏ္ဍ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပြုပြင်ရန်နှင့် တောင်ကြီး ဆေးတက္ကသိုလ် တည်ဆောက်ရာတွင် အသုံးပြုမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၈ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ပြောကြားခဲ့သည်။

ယခု ထပ်မံတိုးချဲ့မည့် တိုက်နယ်ဆေးရုံ ရှစ်ခု၊ မြို့နယ်ဆေးရုံ ခြောက်ခု၊ ဒေသန္တရကျန်းမာရေး ဌာန ၂၈ ခုတို့မှာလည်း နေပြည်တော်ရှိ ဆေးရုံစီမံကိန်းများ ရပ်ဆိုင်းမှုမှ ထွက်ရှိလာသည့် ငွေကြေးများဖြင့်ပင် တည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ဆေးရုံအရေအတွက် ထပ်မံတိုးချဲ့ရန် လျာထားသော်လည်း ရှိပြီးသား ဆေးရုံများတွင် ဆေးဝါးလိုအပ်ချက်များ၊ သူနာပြုများ စသည်ဖြင့် လိုအပ်ချက်များစွာ ရှိနေသည်ဟု ရန်ကုန်မြို့နေ ပြည်သူများ ဝေဖန်သုံးသပ်နေကြသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဗဟိုအဆင့်ဆေးရုံ ၁၅ ရုံ၊ တိုင်းဒေသကြီးအဆင့် မြို့နယ်၊ ခရိုင်တိုက်နယ်အဆင့် ဆေးရုံ ၅၇ ရုံရှိပြီး ယခုနှစ်၌ ကျန်းမာရေးကဏ္ဍ အသုံးစရိတ်ကို လေးဆတိုးမြှင့်ပေးထားသည်ဟု သိရသည်။

 

လှိုင်သာယာ FMI အိမ်ရာတွင် လစဉ်နီးပါး ဖောက်ထွင်းခံရမှုများ ဖြစ်ပေါ်နေ

လှိုင်သာယာမြို့နယ်ရှိ FMI အိမ်ရာ (ပဒေသာပင်မြို့တော်) တွင် လစဉ်နီးပါး ဖောက်ထွင်းခံရမှုများ ဖြစ်ပေါ်နေပြီး ကျပ်သိန်းရာနှင့်ချီသော ဖောက်ထွင်းမှုများလည်း ပါဝင်ခဲ့ကြောင်း ယင်းမြို့တော်တွင် နေထိုင်သူများထံမှ သိရသည်။

ယင်းဖြစ်စဉ်များမှာ ယခုနှစ် ဖေဖော်ဝါရီလအတွင်းမှ စတင်ပြီး ဖြစ်ပွားနေခြင်းဖြစ်ပြီး ကျပ်သိန်း ၂၃၀ နှင့် မတ်လ ၃ ရက်က ကျပ်သိန်း ၅၈၉ သိန်း ဖောက်ထွင်းခံခဲ့ရပြီး ဧပြီလအတွင်းကလည်း ပစ္စည်းမယူနိုင်ဘဲ ဖောက်ထွင်းခဲ့မှု တစ်မှုနှင့်အထက် ရှိခဲ့ကြောင်း နေထိုင်သူများနှင့် လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။

လက်ရှိအချိန်ထိ ဖောက်ထွင်းခဲ့သူအား ဖမ်းမိခြင်း မရှိသေးမှုနှင့် တိုင်းကြားစဉ် ကာလအတွင်း ဖောက်ထွင်းခံရသည့် နေအိမ်များ ထပ်မံရှိလာ၍ FMI အိမ်ရာအတွင်း လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း နေထိုင်သူများထံမှ သိရသည်။

မတ်လအတွင်းက ကျပ်သိန်း ၅၀၀ ကျော် ဖောက်ထွင်းခံခဲ့ရသည့် နေအိမ်ပိုင်ရှင်က "ကျွန်တော် အိမ်ကကလေး နေမကောင်းလို့ ဆေးခန်းပြနေတဲ့ အချိန်အတွင်းမှာ ဖောက်ထွင်းခံခဲ့ရတာပါ။ သက်ဆိုင်ရာကို အကြောင်းကြားခဲ့တယ်။ ဒါပေမဲ့ အခုထိ ဘာမှထူးမလာသေးဘူး။ ဖောက်ထွင်းမှုတွေတောင် ထပ်ရှိနေပါသေးတယ်။ ဒီအတွက် FMI အိမ်ရာ လုံခြုံရေးက စိတ်ချရမှု မရှိသေးပါဘူး" ဟု ပြောသည်။

"ကျွန်တော်တို့အနေနဲ့ FMI အိမ်ရာမှာ လုံခြုံရေးတွေကို ၂၄ နာရီ ကင်းလှည့်ခိုင်းထားပါတယ်။ ဒါပေမဲ့ လုံခြုံရေးအင်အားက အိမ်ရာ အကျယ်အ၀န်းအတွက် လောက်ငမှု မရှိသေးပါဘူး။ ဒီအတွက် ကျွန်တော်တို့ အတွေ့အကြုံရှိတဲ့ လုံခြုံရေးတွေကို အမြန်ဆုံး ခန့်သွားမှာ ဖြစ်ပါတယ်" ဟု FMI အိမ်ရာ၏ Estate Manager ဖြစ်သူ ဦးအောင်မြင့်က ဆိုသည်။

ရဲတပ်ဖွဲ့၏ လုံခြုံရေးနှင့် ဖောက်ထွင်းသူအား ဖမ်းဆီးဆောင်ရွက်ရေး အပိုင်းတို့တွင် FMI အိမ်ရာအတွင်း နေထိုင်သူအချို့မှာ ပူးပေါင်းပါဝင်မှု အားနည်းလျက်ရှိနေကြောင်း လှိုင်သာယာမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

လှိုင်သာယာမြို့နယ် ရဲစခန်းမှ ရဲအုပ်ဝင်းနိုင်က "ဂိတ်တွေမှာ စစ်ဆေးရေး လုပ်မယ်ဆိုရင် ပူးပေါင်းဆောင်ရွက်တဲ့သူတွေ ရှိသလို ကျေနပ်မှု မရှိတဲ့ သူတွေလည်း ရှိနေပါတယ်။ အဲဒီလို ကိစ္စလေးတွေ ကြန့်ကြာနေမှုတွေက ဖောက်ထွင်းသူကို ဖမ်းဆီးတဲ့ အပိုင်းတွေမှာ အခက်အခဲ ဖြစ်နေပါတယ်" ဟု ပြောသည်။

ယင်းအပြင် FMI အိမ်ရာတွင် ပန်းရန်၊ လက်သမားနှင့် မီးသမား အစရှိသည့် အခြေခံ အလုပ်သမားပေါင်း ၁၀၀၀ ကျော်မှာ နေ့စဉ် အ၀င်အထွက် ပြုလုပ်လျက်ရှိပြီး အိမ်ငှားနေထိုင်သည့် အိမ်ထောင်စု ၆၀၀ ကျော်ရှိကြောင်း၊ ယခုရက်ပိုင်းအတွင်း FMI အိမ်ရာအတွင်း အသေးစား ခိုးယူသူဟု ယူဆရသူတစ်ဦးအား ဖမ်းမိထားပြီး ၎င်းမှာ ဖောက်ထွင်းမှုများနှင့် ဆက်စပ်မှု ရှိ၊ မရှိ စစ်ဆေးလျက် ရှိနေကြောင်း သိရသည်။

 

FEC ဖျက်သိမ်းမည်ဖြစ်ရာ အမေရိကန်ဒေါ်လာအပြင် ကျပ်ငွေဖြင့် လဲလှယ်နိုင်သည့် ကာလအား အချိန်သုံးလသာ ခွင့်ပြု

ပြည်တွင်းသုံးငွေနှင့် အမေရိကန်ဒေါ်လာအကြား တန်ဖိုးညှိ သုံးစွဲခဲ့သည့် နိုင်ငံခြားငွေလက်မှတ် FEC (Foreign Exchange Certificate) ဖျက်သိမ်းမည့် အစီအစဉ်အား တရားဝင် ထုတ်ပြန်လိုက်ပြီး အမေရိကန်ဒေါ်လာအပြင် ကျပ်ငွေဖြင့်ပါ တန်ဖိုးတူ လဲလှယ်ပေးမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဋ္ဌာနမှ ထုတ်ပြန်ခဲ့သည်။

FEC အား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ တရားဝင် ဖွင့်လှစ်ခွင့် ပြုထားသည့် ငွေလဲလှယ်ကောင်တာများတွင် တရားဝင် လဲလှယ်နိုင်ကြောင်း သိရသည်။

အဆိုပါ လဲလှယ်ရမည့် ကာလအား ၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက်မှ ဇွန်လ ၃၀ ရက်အထိသာ ခွင့်ပြုမည်ဖြစ်ပြီး သတ်မှတ်ကာလ ကျော်လွန်ပါက သုံးစွဲခွင့် ပြုမည်မဟုတ်ကြောင်း သိရသည်။

FEC အား လက်ဝယ်ကိုင်ဆောင်ထားသူ အနေဖြင့် တရားဝင် ဖွင့်လှစ်ထားသည့် ပုဂ္ဂလိက ဘဏ်များ ငွေလဲကောင်တာများ၌ အမေရိကန်ဒေါ်လာအပြင် ဈေးကွက်ပေါက်ဈေးဖြစ်သည့် ကျပ်ငွေဖြင့်ပါ လဲလှယ်နိုင်ပြီး FEC ကိုင်ဆောင်သူ၏ နိုင်ငံခြား ငွေစာရင်းတွင် တန်ဖိုးတူ အမေရိကန်ဒေါ်လာ ဖြည့်သွင်းခြင်း၊ နိုင်ငံခြားငွေစာရင်း အသစ်ဖွင့်လှစ်ပေးခြင်းများ အပြင် လဲလှယ်သူ ဆန္ဒအတိုင်း အမေရိကန်ဒေါ်လာ၊ ကျပ်ငွေများအား တန်ဖိုးတူ၊ ဈေးကွက်ပေါက်ဈေးအတိုင်း လဲလှယ်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

သတ်မှတ်ကာလ ကျော်လွန်ပါက FEC အား သုံးစွဲခွင့်ပြုမည် မဟုတ်သော်လည်း ဗဟိုဘဏ် အပါအ၀င် သက်ဆိုင်ရာ ငွေလဲလှယ်ရာ နေရာများတွင် သတ်မှတ်ကာလအတွင်း မလဲလှယ်နိုင်သည့် အကြောင်းအရင်းနှင့် လဲလှယ်သူ၏ ကိုယ်ရေး အချက်အလက်များအား တင်ပြလဲလှယ်နိုင်ကြောင်း ဖော်ပြထားသည်။

ထိုသို့ အကြောင်းပြချက် ဖော်ပြလဲလှယ်ရမည့် ကာလအား ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်မှ ၂၀၁၄ ခုနှစ် မတ်လ ၃၁ ရက်အထိသာ လဲလှယ်ခွင့်ပြုမည်ဖြစ်ပြီး အဆိုပါကာလ ကျော်လွန်ပါက လဲလှယ်ခြင်း သုံးစွဲခြင်းများအား အပြီးတိုင် ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိကာလတွင် FEC သုံးစွဲမှု အနေဖြင့် အစိုးရဘီလ်တချို့ ပေးဆောင်ရခြင်းနှင့် MFTB၊ MICB ဘဏ်များတွင် နိုင်ငံခြား အဖွဲ့အစည်းများမှ လွှဲပို့ငွေကို ပြန်ထုတ်ပေးခြင်း စသည့်နေရာများတွင်သာ အသုံးပြုနေပြီး FEC ရုပ်သိမ်းရာတွင် ပြည်တွင်းဈေးကွက်အတွင်း သက်ရောက်မှု နည်းပါးစွာ ရုပ်သိမ်းနိုင်ရန်နှင့် အခက်အခဲမရှိ ရုပ်သိမ်းနိုင်ဖွယ် ရှိကြောင်း သိရသည်။

"FEC ကို လဲလှယ်ဖို့ သတ်မှတ်ပေးထားတဲ့ ကာလအတွင်းမှာပဲ သုံးစွဲခွင့် ပြုသွားမှာပါ။ လဲလှယ်ခွင့်ကာလ ကျော်သွားရင်တော့ သုံးစွဲခွင့် မပြုတော့ပါဘူး။ သတ်မှတ်ကာလအတွင်း မလဲလှယ်နိုင်လို့ ပြည်သူ့လက်ထဲမှာ FEC ကျန်နေသေးရင် သုံးစွဲခွင့် မပြုပေမဲ့ ဆက်လက်လဲလှယ်ခွင့်တော့ ပေးအပ်မှာပါ" ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။

၁၉၉၃ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့မှ စတင် ထုတ်ဝေသုံးစွဲခဲ့သည့် အမေရိကန်ဒေါ်လာနှင့် တန်ဖိုးတူ ထုတ်ဝေခဲ့သည့် FEC အား အများပြည်သူများလက်တွင်း သုံးစွဲလည်ပတ်ငွေ ယူနစ်ပေါင်းမှာ ၃၀ ဒသမ ၉၂ သန်းကျော်အထိ ရှိနေပြီး အမေရိကန်ဒေါ်လာ သို့မဟုတ် ကျပ်ငွေဖြင့် တန်ဖိုးတူ လဲလှယ်နိုင်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ပြည်ထောင်စုလွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့ခဲ့ပြီး ပြည်ထောင်စုလွှတ်တော်မှ မတ်လ ၂၀ ရက်နေ့တွင် တန်ဖိုးတူ လဲလှယ်ရန် အတည်ပြုခဲ့ကြောင်း သိရသည်။    

 

ကျပ် ၁၅၀၀ တန် ဆင်းမ်ကတ်များကို 800 MHz ဟန်းဆက်တိုင်းတွင် အသုံးပြုနိုင်ပြီး အနိမ့်ဆုံးကျပ် ၂၀၀၀၀ ဖြင့် တစ်ဆင့်ပြန်လည် ရောင်းချမှုများရှိနေ


4.24.4

သင်္ဃန်းကျွန်းမြို့နယ် 'ဇ' တောင်ရပ်ကွက်တွင် ဧပြီလ ၂၂ ရက်နေ့က ဖုန်းဆင်းမ်ကတ် မဲနှိုက်ပွဲတစ်ခုကို တွေ့ရစဉ်

ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးများမှတစ်ဆင့် ရောင်းချပေးလျက်ရှိသော ငွေကျပ် ၁၅၀၀ တန် ဆင်းမ်ကတ်များကို မည်သည့် 800 MHz ဟန်းဆက်တိုင်းတွင်မဆို အသုံးပြုနိုင်ကြောင်း သိရှိရသည်။ ထို့ပြင် ရပ်ကွက်ရုံးများမှ မဲစနစ်ဖြင့် ၀ယ်ယူခွင့် ရရှိထားသော ကျပ် ၁၅၀၀ တန် စီဒီအမ်အေ ဖုန်းဆင်းမ်ကတ်များကို အနိမ့်ဆုံးကျပ် ၂၀၀၀၀ ဖြင့် တစ်ဆင့် ပြန်လည် ရောင်းချမှုများလည်း ရှိနေကြကြောင်း သိရသည်။

အဆိုပါ ကျပ် ၁၅၀၀ တန် ဖုန်းဆင်းမ်ကတ်များအား ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ရန်ကုန်တိုင်းနှင့် အခြားသော ပြည်နယ်များသို့ ဧပြီ လ ၂၄ ရက်နေ့တွင် စတင်ရောင်းချ ပေးခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်ကျေးရွာ အများစုတွင် မဲနှိုက်စနစ်ဖြင့် ရောင်းချမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုဆင်းမ်ကတ်များကို အသုံးပြုရာတွင် MEC မှ တင်သွင်းသည့် ဟန်းဆက်များဖြင့်သာ အသုံးပြုနိုင်သည် ဆိုသည်မှာ မှန်ကန်မှု မရှိကြောင်းကိုလည်း ဧပြီလ ၂၃ ရက်နေ့က ပြုလုပ်သည့် လူကြီးမင်း မိုဘိုင်းဖုန်း အရောင်းဆိုင်၏ သတင်းစာ ရှင်းလင်းပွဲ၌ ဒါရိုက်တာ ဦးကိုကိုအောင်က ရှင်းပြခဲ့သည်။

ထို့အပြင် ၂၄ ရက်တွင် ရောင်းချမည့်ကျပ် ၁၅၀၀ တန် ဆင်းမ်ကတ်များမှာ မဲနှိုက်သည့်သူများ အနေဖြင့် ပြန်လည်ရောင်းချရာတွင် ပေါက်ဈေးမှာ ငွေကျပ်နှစ်သောင်းမှ လေးသောင်းထိ ရှိကြောင်း သိရသည်။

လူကြီးမင်း မိုဘိုင်းအရောင်းဆိုင်မှ ဒါရိုက်တာ ဦးကိုကိုအောင်က ''ကျွန်တော်တို့ဆိုင်မှာရှိတဲ့ CDMA ဟန်းဆက်တွေ အကုန်လုံးနဲ့ စမ်းပြီးသွားပါပြီ။ အဆင်ပြေပါတယ်။ MEC က ထုတ်တဲ့ ဟန်းဆက်တွေနဲ့မှ အဆင်ပြေတယ်ဆိုတာ မဟုတ်ပါဘူး။ အကုန်လုံးနီးပါးနဲ့ အဆင်ပြေပါတယ်။ ဒါပေမဲ့ နေရာပေါ် မူတည်ပြီးတော့ လိုင်းဆွဲအားကောင်းတာ၊ မကောင်းတာ ရှိမှာပေါ့။ စမ်းရသလောက်တော့ အဆင်ပြေပါတယ်'' ဟု ပြောသည်။

MEC ကုမ္ပဏီမှ ထုတ်လုပ် ရောင်းချသည့် MEC တံဆိပ် ဟန်းဆက်များမှလည်း မိုဘိုင်းဈေးကွက်တွင် ဖြန့်ချိလျက်ရှိပြီး ဈေးနှုန်းမှာ ကျပ် ၃၀၀၀၀ ကျော်ရှိကြောင်း သိရသည်။ ထို့အပြင် MEC ကုမ္ပဏီမှ ရောင်းချသည့် ငွေဖြည့်ကတ်များကိုလည်း ရန်ကုန်မြို့ရှိ အရောင်းဆိုင်တိုင်းတွင် ၀ယ်ယူနိုင်ပြီး ငွေကျပ် ၅၀၀၀ တန်၊ ၁၀၀၀၀ တန်နှင့် ၃၀၀၀၀ တန်များ ထွက်ရှိမည်ဖြစ်ပြီး FEC 10, 20, 30 တန် ငွေဖြည့်ကတ်များလည်း ထွက်ရှိမည် ဖြစ်သည်။

ယခုရောင်းချသည့် ဆင်းမ်ကတ်များမှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ရောင်းချခြင်း မဟုတ်ဘဲ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ ရောင်းချခြင်း ဖြစ်သောကြောင့် အသုံးပြုသူများ အနေဖြင့် ပျက်စီးခြင်း သို့မဟုတ် ပျောက်ဆုံးခြင်းများ ဖြစ်ပေါ်ခဲ့ပါက မည်သို့လုပ်ဆောင်ရမည် ဆိုသည်မှာ သုံးစွဲသူများအတွက် အခက်အခဲ ဖြစ်နေကြောင်း သိရသည်။

ဝေဖန်မှုများနှင့် ကျပ် ၁၅၀၀ တန် မိုဘိုင်းဖုန်းကတ်များ ဧပြီ ၂၄ ရက် စတင်ရောင်းချ


cdma800mhz1-apirl25

ဧပြီလ၂၄ ရက်က တောင်ဥက္ကလာပမြို့နယ် အတွင်းရှိ ရပ်ကွက်တစ်ခုတွင် ဖုန်းကတ် လာရောက်ဝယ်ယူသူများကို တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)

ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် တယ်လီဖုန်း ခွင့်ပြုရောင်းချသည့် ပုံစံအပေါ် ရပ်ကွက်နေ ပြည်သူတို့အကြား အဆင်မပြေမှုများ၊ ဝေဖန်မှုများရှိခဲ့သော ကျပ် ၁၅၀၀ တန် စီဒီအမ်အေ ၈၀၀ ဖုန်းကတ်များကို ဧပြီ ၂၄ ရက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများ၌ မဲစနစ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ မြို့နယ်အလိုက် မဲနှိုက်သည့် နေ့ရက်များ မတူညီခဲ့ဘဲ ဧပြီ ၂၁ ရက်မှ ၂၄ ရက်အတွင်း မဲနှိုက်ကာ ကျပ် ၁၅၀၀ တန် စီဒီအမ်အေ ၈၀၀ ဖုန်းကတ် ပေါက်သူများကို ဧပြီ ၂၄ ရက်တွင် ရောင်းချခဲ့ကြသည်။

 မဲပေါက်သူများမှာ ယင်းနေ့ ညနေ ၃ နာရီတွင် မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ ဓာတ်ပုံနှစ်ပုံ ယူဆောင်၍ ရပ်ကွက်၏ သတ်မှတ်နေရာများတွင် ကျပ် ၁၅၀၀ ဖြင့် ၀ယ်ယူခဲ့ရကြောင်း သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အချို့တွင် အဆိုပါ ဖုန်းကတ်များ ရောင်းချပေးမည့်အပေါ် အများပြည်သူသို့ အသိပေးခြင်းမှာ တရားဝင် ရောင်းချမည့် ဧပြီ ၂၄ ရက်နှင့် နီးကပ်လွန်းနေခြင်း၊ ရပ်ကွက်နေသူတို့မှာ လျှောက်ထားဝယ်ယူ လိုသော်လည်း ရှင်းလင်းသေချာစွာ ကြိုတင် မသိရခြင်းများ ရှိခဲ့ကြောင်း ရပ်ကွက်အတွင်း နေထိုင်သူတို့က ပြောသည်။

စမ်းချောင်းမြို့နယ်၊ မုန့်လက်ဆောင်းကုန်း (တောင်)ရပ်ကွက်တွင် ကျပ် ၁၅၀၀ တန် စီဒီအမ်အေ ၈၀၀ ဖုန်းကတ် လျှောက်ထားသူ ၈၄၂ ဦးရှိပြီး ခွဲတမ်းရသော ကတ်အရေအတွက်မှာ ၁၃၈ ကတ်ဖြစ်သည်။

cdma800mhz2-apirl25

ရပ်ကွက်တစ်ခုအတွင်း ဖုန်းကတ် မဲပေါက်သူများ စာရင်းကို တိုးဝှေ့ ကြည့်ရှုနေကြသူများ (ဓာတ်ပုံ-နေမျိုးထွန်း)

ထို့အတွက် ဧပြီ ၂၄ ရက်နေ့ နံနက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အနီးရှိ ဓမ္မာရုံ၌ လူအများရှေ့တွင် ကလေးငယ်နှစ်ဦးမှ မဲနှိုက်ရွေးချယ်ပေးခဲ့ပြီး မဲပေါက်သူများသာ ၀ယ်ယူခွင့် ရရှိခဲ့ကြောင်း သိရသည်။

"ကျွန်မက လျှောက်လွှာနှစ်စောင် တင်ထားတယ်။ နှစ်ခုစလုံး မပေါက်ဘူး" ဟု ကျွန်းတောလမ်းနေထိုင်သူ တစ်ဦးက ပြောသည်။

"နောက်လတွေကျရင်လည်း လျှောက်တဲ့သူတွေ များဦးမှာပဲ။ ပေါက်ဖို့ မလွယ်ဘူး။ အခု ဒီကတ်တွေကို အပြင်မှာ ကျပ်သုံးသောင်းနဲ့ ၀ယ်တသူတွေ ရှိတယ်လို့လဲ ကြားတယ်" ဟု ရပ်ကွက်အတွင်း နေထိုင်သူ တစ်ဦးက ပြောသည်။

ယခုအကြိမ် တယ်လီဖုန်း မဲပေါက်ထားသူများ အနေဖြင့် နောက်လများတွင် ၀င်ရောက်လျှောက်ထားခွင့် မရှိကြောင်း၊ မဲမပေါက်သူများသာ လာမည့်လများတွင် ဆက်လက်လျှောက်ထားနိုင်ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ်မှ ဖုန်းကတ်လျှောက်ထားသူ တစ်ဦးက "ကျွန်မတို့ ရပ်ကွက်မှာ လုပ်သွားတဲ့ပုံစံက သိပ်ရိုးသားမှု မရှိဘူးလို့ ထင်တယ်။ သူတို့ အသိအကျွမ်းတွေ၊ ခင်မင်သူတွေ ပေါက်တာများတယ်လို့ သိရတယ်။ ရပ်ကွက်ထဲမှာ တစ်လမ်းလုံးမှာမှ တစ်ယောက်တည်း ပေါက်တာမျိုးတွေ ရှိတယ်။ ပထမတော့ ကိုယ်တိုင်မဲနှိုက်ရမယ် ထင်ထားတာ၊ တကယ်တမ်း ကလေးနှစ်ဦးက နှိုက်တယ်။ ကြိုတင်လည်း ပြောပြမထားဘူး။ ငါးဦးလျှောက်ထားတာ တစ်ယောက်မှ မပေါက်ဘူး။ ရွှေပေါက်ကံဘက်မှာတော့ ဆွေမျိုးနှစ်ဦးလျှောက်တာ နှစ်ဦးစလုံး ပေါက်တယ်" ဟု ပြောသည်။

အဆိုပါ ရပ်ကွက်၌ လျှောက်ထားသူ ၁၃၅ ဦးရှိပြီး ဖုန်းကတ်ခွဲတမ်းမှာ ၂၈ ကတ်သာ ရရှိကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကျီတော်ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက "လာလျှောက်တဲ့သူ ၃၆၇ ဦး ရှိပါတယ်။ ကျွန်တော်တို့ ရပ်ကွက်အတွက် ဖုန်းဆင်းကတ်က ၁၁၀ ရပါတယ်။ မဲနှိုက်ပေးမယ့် သူတွေက ဖုန်းရောင်းချရေး ကော်မတီ အဖွဲ့ဝင်တွေဖြစ်တဲ့ NLD ပါတီက ဒေါ်သိင်္ဂီဝင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးမင်းဇော်နဲ့ ရပ်ကွက်ဖွံ့ဖြိုးရေးနှင့် အထောက်အကူပြုအဖွဲ့၊ အဖွဲ့ဝင် ဦးတင်မြင့်တို့ မဲနှိုက်ပေးခဲ့တာပါ။ မဲနှိုက်တဲ့ နေရာမှာလည်း ရပ်မိရပ်ဖတွေက ကြီးကြပ်ပေးပါတယ်" ဟု ပြောသည်။

ထိုသို့ မဲနှိုက်ပေးရာတွင် လာရောက်လျှောက်ထားသူများအနက် တစ်ဦးမှ အများရှေ့၌ မဲလိပ်များ ရေတွက်စေခဲ့ပြီး တာဝန်ရှိသူများမှ မဲနှိုက်ပေးခဲ့ခြင်း ဖြစ်သည်။ ထိုနေ့က မဲပေါက်သူများ စာရင်းကို နေ့လယ်တွင် ထုတ်ပြန်ပေးခဲ့ပြီး ဧပြီ ၂၄ ရက် ညနေ ၃ နာရီ နောက်ဆုံးထား၍ ပတ်စ်ပို့ဓာတ်ပုံ ၃ ပုံနှင့် ငွေကျပ် ၁၅၀၀ လာရောက် ပေးသွင်းခဲ့ရကြောင်း သိရသည်။

အဆိုပါ ရပ်ကွက်မှ ဆင်းမ်ကတ် မဲပေါက်သူ တစ်ဦးက "ဆင်းမ်ကတ် မဲပေါက်တာသိတော့ သုံးသောင်းပေးပြီး လာဝယ်တဲ့သူ ရှိတယ်။ မရောင်းပါဘူး။ ကျွန်တော်သုံးမှာပါ။ ဟန်းဆက်က ဘာဟန်းဆက် ၀ယ်ရမှန်းတော့ မသိသေးဘူး။ ကြားတာက သူတို့ MEC က ထုတ်တဲ့ ဟန်းဆက်နဲ့မှ လိုင်းဆွဲအား ပိုကောင်းတယ်လဲ ပြောနေကြတယ်။ ဘယ်ဟန်းဆက်နဲ့မဆို သုံးရရင်တော့ ပိုကောင်းပါတယ်။ ဒီလိုဖုန်းတွေကို ဈေးသက်သက်သာသာနဲ့ ရောင်းပေးတာတော့ ကောင်းပါတယ်။ ကန့်သတ်ချက်တွေတော့ အများကြီး မရှိစေချင်ဘူး" ဟု ပြောသည်။

သင်္ဃန်းကျွန်းမြို့နယ်၊ ဇ/တောင် ရပ်ကွက်ရှိ ရပ်ကွက်ဓမ္မာရုံတွင် ၂၂ ရက် မွန်းလွဲ ၃ နာရီခွဲတွင် တန်ဖိုးနည်း မိုဘိုင်းဆင်းကတ်များ မဲနှိုက်ခဲ့ပြီး အဆိုပါ ရပ်ကွက်အတွက် ဆင်းမ်ကတ် ဝေစုမှာ ၇၃ ကတ် ရရှိကာ သံဃာတော်များအတွက် ခြောက်ကတ်၊ ကျန်ရှိသည့် ၆၇ ကတ်ကို ရပ်ကွက်နေသူများသို့ မဲနှိုက်ပေးခဲ့ကြောင်း သိရသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူ တစ်ဦးကလည်း "လာလျှောက်တဲ့ အရေအတွက်က ၃၇၃ ရှိတယ်။ ရတဲ့ကတ် အရေအတွက်က တစ်လနဲ့တစ်လတော့ မတူဘူး။ နောက်လဆိုရင် ဒီလောက်ရချင်လည်း ရမယ်။ လျှောက်တဲ့အပေါ် မူတည်ပြီး ကတ်အရေအတွက်ကို ပြန်ပြီးချပေးတာ။ ဒီရပ်ကွက်မှာက လျှောက်တဲ့သူ များတယ်" ဟုပြောသည်။

ကျောက်မြောင်း အရှေ့ရပ်ကွက်၊ ကျောက်ရေတွင်းလမ်းတွင် နေထိုင်သည့် ဦးမျိုးလွင်က "ကျွန်တော်တို့ ရပ်ကွက်အတွက် ကတ်ဝေစုက ၁၀ ကတ်ပဲ ရတယ်။ ကျွန်တော်တို့ ၂၁ ရက်နေ့ ၁ နာရီထိုးမှာ မဲနှိုက်မယ်လို့ ပြောထားတယ်။ ဒါပေမယ့် ကျွန်တော်က ၂ နာရီမှ ရောက်သွားတယ်။ ပြီးတော့ ကတ်တွေကို မဲမနှိုက်ဘဲ ဝေလိုက်တယ်လို့ ပြောတယ်။ ဆယ်အိမ်မှူးတွေ၊ ရပ်ကွက်ရုံးက စာရေးမတွေ ရသွားတယ်။ ရပ်ကွက်ထဲကသူတွေ မရဘူး။ ကျွန်တော်က သွားပြောတော့ ငါလူကြီး-ကြိုက်တာလုပ်မယ်လို့ ပြောတယ်။ ဒါမျိုးတော့ မဖြစ်သင့်တော့ဘူး ထင်တယ်" ဟု ပြောသည်။

ယခု ရောင်းချပေးသည့် စီဒီအမ်အေ ၈၀၀ ဖုန်းနံပါတ်များ၏ အစဂဏန်းမှာ ၃၁၀ ဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး USAID တိုးမြှင့်ကူညီ

ကမ္ဘာတ၀ှမ်း ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေ ပေးနေတဲ့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ USAID ရဲ့ ၂၀၁၄ ခုနှစ် ဘတ်ဂျက် အသုံးစရိတ် လျော့နည်းသွားဖို့ ရှိပေမဲ့ မြန်မာအပါအ၀င် အာရှဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် USAID ရဲ့ အသုံးစရိတ်ကတော့ ၇ ရာခိုင်နှုန်း တိုးလာမှာ ဖြစ်ပါတယ်။
 
USAID အနေနဲ့ မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေအတွက် အကူအညီတွေ ပေးနေသလို ပညာရေး၊ ကျန်းမာရေးနဲ့ လယ်ယာ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေမှာ အကူအညီတွေ တိုးမြှင့်ပေးသွားမယ့်အကြောင်း ဗုဒ္ဓဟူးနေ့က အထက်လွှတ်တော်မှာ ကျင်းပတဲ့ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေး လုပ်ငန်းတွေအတွက် ၂၀၁၄ ဘတ်ဂျက် အသုံးစရိတ်ဆိုင်ရာ ကြားနာပွဲမှာ USAID အကြီးအကဲ ရာဂျစ် ရှား (Rajiv Shah) က ပြောသွားပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေး က တင်ပြထားပါတယ်။
 
ဒီနှစ်အစောပိုင်း အမေရိကန် ပြည်ထောင်စုမှာ အစိုးရဘတ်ဂျက် အသုံးစရိတ်တွေ ဖြတ်တောက်ခံရတာကြောင့် လာမယ့်နှစ်အတွက် အမေရိကန် အစိုးရရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေး အကူအညီတွေမှာလည်း ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။

နိုင်ငံတကာ ဖွံ့ဖြိုးရေး အကူအညီတွေအတွက် အသုံးစရိတ် ၆ ရာခိုင်နှုန်းလောက် ရှေ့နှစ်မှာ လျော့ကျသွားမှာ ဖြစ်ပေမဲ့လို့ မြန်မာအပါအ၀င် အာရှနိုင်ငံတွေမှာရှိတဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေကတော့ ရှေ့နှစ်မှာ ပိုပြီးတော့တောင် တိုးလာဖို့ ရှိတယ်လို့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ USAID အကြီးအကဲ ရာဂျစ် ရှား (Rajiv Shah) က မနေ့က အထက်လွှတ်တော်မှာ ကျင်းပတဲ့ အမေရိကန်ရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေး အကူအညီ ဦးစားပေး လုပ်ငန်းများဆိုင်ရာ ကြားနာပွဲအတွင်းမှာ ပြောသွားခဲ့ပါတယ်။
 
"ယေဘုယျအားဖြင့် ကျနော်တို့ရဲ့ ဘတ်ဂျက် အသုံးစရိတ် ၆ ရာခိုင်နှုန်းလောက် လျော့ကျသွားတာ ရှိပေမဲ့၊ ၂၀၁၄ ခုနှစ်အတွက် အဆိုပြုထားတဲ့ ဘတ်ဂျက် အသုံးစရိတ်မှာတော့ အာရှဒေသအတွက် အသုံးစရိတ်ဟာ ၇ ရာခိုင်နှုန်း တိုးလာတာ တွေ့ရပါမယ်။ ဒါဟာ အာရှဒေသနဲ့ ပူးပေါင်းဆောင်ရွက်ရေး ဦးစားပေး ဆောင်ရွက်ဖို့ဆိုတဲ့ သမ္မတရဲ့ ဦးစားပေး လုပ်ငန်းစဉ်ကြောင့် ဖြစ်ပါတယ်။"
 
အခုလို အာရှဒေသအတွက် အမေရိကန်ရဲ့ ဖွံ့ဖြိုးရေး အကူအညီတွေ တိုးမြှင့်သွားမယ့်အထဲမှာ မြန်မာနိုင်ငံကလည်း ဦးစားပေးနိုင်ငံတခု အဖြစ်နဲ့ ရှိနေတာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာလက အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) မြန်မာနိုင်ငံကို လာရောက်ခဲ့စဉ်အတွင်းမှာလည်း လာမယ့် ၂ နှစ်အတွင်း အမေရိကန်က ဒေါ်လာ သန်း ၁၇၀ မြန်မာနိုင်ငံကို အကူအညီပေးမယ်လို့ ကြေညာခဲ့ပါတယ်။
 
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတွက် USAID က အကူအညီတွေ ပေးနေတာမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အကောင်အထည် ဖော်မှုအပိုင်းမှာတော့ မျှော်မှန်းသလောက် တိုးတက်မှု ရှိမလာသေးဘူးလို့ USAID အကြီးအကဲ ရာဂျစ် ရှား (Rajiv Shah) က ပြောသွားပါတယ်။
 
"မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ကတော့ မနှစ်က သမ္မတ အိုဘားမား မြန်မာနိုင်ငံ ရောက်စဉ်မှာ USAID လုပ်ငန်းရုံးကို ဖွင့်ပေးခဲ့သလို၊ သတ်မှတ်ချက်တချို့ထားပြီး မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ကိစ္စတွေကို အစပျိုးပေးခဲ့တာပါ။ သတ်မှတ်ချက် ဆိုပေမဲ့လည်း တကယ်တော့ ကျနော်တို့ရဲ့လုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်မယ့်အပေါ်မှာ ဘယ်လို အခြေအနေတွေတော့ ရှိရမယ်ဆိုတဲ့ သတ်မှတ်ချက် အသေးစိတ်ကို ပြောခဲ့တာပါ။ ဒီအထဲမှာတော့ အစိုးရအနေနဲ့ ပွင့်လင်း မြင်သာမှု ရှိရမယ်၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ဆက်လုပ်သွားရမယ်ဆိုတာ ပါသလို၊ တချို့ နယ်စပ်တွေမှာ တိုင်းရင်းသား လူမျိုးစုတွေနဲ့ ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်သွားရမယ် ဆိုတာတွေ ပါပါတယ်။"

"ပထမအချက်မှာတော့ ထိရောက်ပြီး သိသာ ထင်ရှားတဲ့ တိုးတက်မှုတွေ ကျနော်တို့ တွေ့ရပါတယ်။ ဒုတိယအချက်ဖြစ်တဲ့ လူနည်းစု တိုင်းရင်းသားအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ရယူဖို့ ကိစ္စမှာတော့ မြန်မာအစိုးရက လုပ်ငန်းစဉ် ချမှတ်ဆောင်ရွက်နေတာ ရှိပေမဲ့ မကြာသေးခင်က ကျနော်တို့ တွေ့ရသလောက်ကတော့ ဒီကိစ္စမှာ ကျနော်တို့ မျှော်မှန်းတဲ့အတိုင်း မဖြစ်သေးဘူးဆိုတာ တွေ့နိုင်ပါတယ်။"
 
USAID ရဲ့ လတ်တလော မြန်မာနိုင်ငံတွင်း ဦးစားပေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့လည်း မစ္စတာ ရာဂျစ် ရှား (Rajiv Shah) က အခုလို ပြောသွားပါတယ်။
 
"မြန်မာနိုင်ငံတွင်း ကျနော်တို့ လုပ်ငန်းတွေမှာတော့ ကျနော်တို့ အာရုံထား လုပ်ကိုင်တဲ့ ကိစ္စတချို့ ရှိပါတယ်။ ပထမတခုကတော့ ဈေးကွက်ဖွင့်ပြီး စီးပွားရေး အခြေအနေ တိုးတက် ကောင်းမွန်အောင်လုပ်ဖို့၊ နောက် ပြည်သူပိုင်နဲ့ ပုဂ္ဂလိကပိုင် ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းတွေကို အားပေးကူညီဖို့၊ သိပ်မကြာခင်က ကျနော် မြန်မာပြည်ကို သွားခဲ့တုန်းကလည်း ကျနော်နဲ့အတူ အမေရိကန်က နည်းပညာဆိုင်ရာ ကုမ္ပဏီကြီးတွေ လိုက်ပါပြီး အဆင့်မြင့် ပညာရေး လုပ်ငန်းတွေမှာ ပူးပေါင်း ဆောင်ရွက်ဖို့နဲ့ မြန်မာနိုင်ငံမှာ စီးပွားရေး အခွင့်အလမ်းတွေ ရှာဖွေဖို့ ကိစ္စတွေကို ဆောင်ရွက်ခဲ့ပါတယ်။"

"ဒုတိယအချက် ကျနော်တို့ရဲ့ အာရုံစိုက် လုပ်ကိုင်မှုကတော့ ကျန်းမာရေး၊ ပညာရေးနဲ့ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းတွေမှာ ကူညီဖို့ပါ။ တတိယအချက်ကတော့ ကျနော်တို့ဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ တက်တက်ကြွကြွ ပါဝင်နေသလို တိုင်းရင်းသား ပဋိပက္ခတွေမှာ ဖြစ်ပွားနေတဲ့ ဒေသတွေမှာ လူသားချင်း စာနာမှု အကူအညီပေးရေး လုပ်ငန်းတွေမှာလည်း ကျနော်တို့ USAID က အတတ်ကြွဆုံး ဆောင်ရွက်နေပါတယ်။"
 
မစ္စတာ ရာဂျစ် ရှား (Rajiv Shah) ဟာ ပြီးခဲ့တဲ့ မတ်လအတွင်း မြန်မာနိုင်ငံကို နှစ်ရက်ကြာခရီး (မတ်လ ၇၊ ၈ ) သွားရောက်ခဲ့သလို၊ USAID အနေနဲ့ လာမယ့် ၂၀၁၅ ခုနှစ် ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲ မတိုင်ခင် ကာလအတွင်း ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်မှုတွေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေအတွက်လည်း ဒေါ်လာ ၁၁ သန်း သုံးစွဲ ကူညီသွားမယ့် အကြောင်းလည်း USAID က ထုတ်ပြန်ပြောဆိုထားတာ ဖြစ်ပါတယ်။

မူရင်း ဗွီဒီယိုကြည့်ချင်ရင် - http://video.state.gov/en/top-stories/video/2324929200001/fy2014-usaid-budget-request/s~creationDate/p~1/?p

ပဋိပက္ခ မြန်မာကိုင်တွယ်ပုံ အင်ဒိုနီးရှား သဘောပေါက်

မြန်မာနိုင်ငံရဲ့ ပဋိပက္ခတချို့နဲ့ ပတ်သက်လို့ နိုင်ငံတကာက အထင်လွဲမှားမှုကို အင်ဒိုနီးရှား သမ္မတက ရှင်းပြခဲ့တယ်လို့ မြန်မာအစိုးရက ပြောပါတယ်။

အင်ဒိုနီးရှားသမ္မတနဲ့ မြန်မာသမ္မတ တွေ့ဆုံစဉ်အင်ဒိုနီးရှားသမ္မတနဲ့ မြန်မာသမ္မတ တွေ့ဆုံစဉ်
မြန်မာနိုင်ငံကို ၂ ရက်ကြာ တရားဝင် လာရောက် လည်ပတ်ခဲ့တဲ့ အင်ဒိုနီးရှား သမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနို (Susilo Bambang Yudhoyono) က မြန်မာနိုင်ငံရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး နားလည်မှု လွဲမှားနေတဲ့ အချက်တွေကို မကြာခင်က ကျင်းပခဲ့တဲ့ OIC အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ နိုင်ငံများအဖွဲ့ အစည်းအဝေးအတွင်း ရှင်းလင်း ပြောကြားခဲ့တယ်လို့ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့တာပါ။ အင်ဒိုနီးရှားသမ္မတဟာ သူ မြန်မာနိုင်ငံမှာ ရှိနေစဉ်အတွင်း နှစ်နိုင်ငံ ကုန်သွယ်ရေး တိုးမြှင့်ရေး အပါအ၀င် နားလည်မှု စာချွန်လွှာတွေကိုလည်း လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
 
အင်ဒိုနီးရှား သမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနို (Susilo Bambang Yudhoyono) ဦးဆောင်တဲ့ အင်ဒိုနီးရှား ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို အင်္ဂါနေ့က ရောက်ရှိလာခဲ့ပြီး ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပြန်လည် ထွက်ခွာသွားတာပါ။ သမ္မတ ယူဒိုယိုနိုရဲ့ ဒီခရီးစဉ်ဟာ အဓိကအားဖြင့်တော့ ဒေသတွင်း နှစ်နိုင်ငံအကြား စီးပွားရေး တိုးမြှင့် လုပ်ဆောင်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးဖို့အတွက် ရောက်လာတာလို့ ပြောလို့ရနိုင်ပေမဲ့ မြန်မာနိုင်ငံမှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး ဆန်တဲ့ ပဋိပက္ခတွေကိုလည်း ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
 
မကြာခင်က ပြုလုပ်ခဲ့တဲ့ OIC အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ နိုင်ငံများအဖွဲ့ အစည်းအဝေးအတွင်း မြန်မာနိုင်ငံနဲ့ပတ်သက်လို့ နားလည်မှု လွဲမှားနေတဲ့ နိုင်ငံတွေကို သမ္မတ ယူဒိုယိုနို က ရှင်းလင်း ပြောကြားခဲ့တယ်လို့ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ် ပြန်လည် ပြောကြားခဲ့တဲ့အကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးတဦးလည်းဖြစ်၊ သမ္မတ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးရဲထွဋ် က ဗွီအိုအေကို ပြောပါတယ်။
 
"အဓိကအားဖြင့်တော့ ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံ အစိုးရရဲ့ ဖြေရှင်းဆောင်ရွက်နေတဲ့ဟာတွေကို သူတို့ နားလည်တယ်။ သူ မကြာခင်က OIC အစည်းအဝေး တက်တဲ့အခါမှာလည်း မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်ပြီးတော့ နားလည်မှု လွဲမှားနေတဲ့ နိုင်ငံတွေကိုလည်း မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ရှင်းပြခဲ့တယ်ဆိုပြီးတော့ ကျနော်တို့ကို ပြောပါတယ်။"
 
ကမ္ဘာမှာ အစ္စလာမ်ဘာသာ ကိုးကွယ်သူ အများဆုံး နိုင်ငံလည်းဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ စစ်အာဏာရှင် စနစ်အောက်ကနေ ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းစဉ် ကာလတုန်းကလည်း လက်ရှိ မြန်မာနိုင်ငံ ကြုံတွေ့နေရတဲ့ ပဋိပက္ခတွေနည်းတူ မတူညီတဲ့ အဖွဲ့အစည်း၊ အုပ်စုတွေအကြား နားလည်မှု လွဲမှားတာတွေ ရှိခဲ့တဲ့အတွက် အဲ့ဒီ အတွေ့အကြုံတွေ မြန်မာနိုင်ငံကို မျှဝေလိုတဲ့အကြောင်းလည်း အင်ဒိုနီးရှား သမ္မတက ပြောခဲ့တယ်လို့ ဆိုပါတယ်။
 
"နောက်ပြီးတော့ သူတို့ အင်ဒိုနီးရှားနိုင်ငံမှာလည်း ဒီလိုပဲ ကျနော်တို့ မတူညီတဲ့အုပ်စုတွေကြားမှာ ပြဿနာတွေဖြစ်ခဲ့တဲ့ အတွေ့အကြုံတွေ ရှိပါတယ်။ သူတို့ရဲ့ အတွေ့အကြုံတွေကိုလည်း ကျနော်တို့နဲ့ မျှဝေပေးနိုင်ပါတယ် ဆိုပြီးတော့ ပြောပါတယ်ခင်ဗျ။ သူတို့နိုင်ငံအနေနဲ့လည်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို လုပ်တဲ့အချိန်တုန်းက ဒီလိုမျိုး မတူညီတဲ့ အုပ်စုတွေကြားထဲမှာ ပဋိပက္ခဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေရှိတယ်။ အဲ့ဒါတွေကိုလည်း သူတို့ ဒီလိုပဲ ဖြေရှင်းခဲ့ရတာတွေ ရှိပါတယ်။ အဲ့ဒီအတွေ့အကြုံတွေကိုတော့ ကျနော်တို့ကို မျှဝေပေးနိုင်ပါတယ်ဆိုပြီး ပြောတာရှိပါတယ်။"
 
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဘာသာရေးဆိုင်ရာ အဓိကရုဏ်းတွေက ဒေသတွင်း နိုင်ငံတွေကိုပါ ဂယက်ရိုက်လာနိုင်တယ်လို့ သူ့အနေနဲ့ ယူဆတာကြောင့် သူ မြန်မာနိုင်ငံကို ရောက်တဲ့အခါ ဒီကိစ္စကို ကိုင်တွယ် ဖြေရှင်းဖို့ မြန်မာအစိုးရ အာဏာပိုင်တွေကို တိုက်တွန်းသွားမယ်လို့ စင်္ကာပူနိုင်ငံမှာ ကျင်းပတဲ့ အစည်းအဝေးတခုအတွင်း သမ္မတ ယူဒိုယိုနိုက ပြောကြားခဲ့ပေမဲ့လည်း မြန်မာအစိုးရ ခေါင်းဆောင်ပိုင်းနဲ့ တွေ့တဲ့အခါမှာတော့ အဲ့ဒီလို ပြောဆိုခဲ့တယ်ဆိုတာမျိုး မကြားသိရပါဘူး။
 
မြန်မာအစိုးရဘက်ကတော့ လက်ရှိ လုပ်ဆောင်နေတဲ့ နိုင်ငံရေး စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ၊ နောက် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနောက်ပိုင်း အစိုးရက လုပ်ဆောင်နေတဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေအကြောင်း အင်ဒိုနီးရှားသမ္မတကို ပြန်လည် ရှင်းပြခဲ့တယ်လို့ ဦးရဲထွဋ် က ဆက်ပြောပါတယ်။
 
"ကျနော်တို့ဘက်ကတော့ ပထမ မြန်မာနိုင်ငံမှာလုပ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပြုပြင်ပြောင်းလဲမှု အခြေအနေတွေ ကျနော်တို့ ရှင်းပြပါတယ်။ နောက်တခါ နှစ်နိုင်ငံကြားမှာ သူတို့ ဆက်ပြီးတော့မှ ပူးပေါင်းဆောင်ရွက်သွားနိုင်တဲ့ စီးပွားရေး အလားအလာကိစ္စတွေ ကျနော်တို့ ပြောပါတယ်ခင်ဗျ။ ကျနော်တို့ နိုင်ငံမှာ ဒါတွေဟာ မတူကွဲပြားတဲ့ ဘာသာတွေဟာ အရင်ကတည်းက အတူတူ နေထိုင်ခဲ့ကြပါတယ်။ အခုအချိန်မှာတော့ ဘာမဟုတ်တဲ့ ရာဇ၀တ်မှုကြောင့် ဒီလိုဖြစ်ပေမဲ့လည်း ဒီလို ယှဉ်တွဲပြီးတော့ အတူနေထိုင်တယ်။ မြန်မာနိုင်ငံမှာလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လွတ်လပ်စွာ ကိုးကွယ်ခွင့်တွေကို ပေးထားပြီးဖြစ်တယ်။ ရခိုင်ပြည်နယ်မှာလည်း ကူညီပေးရေး ကိစ္စတွေအားလုံးကို မိုးမကျမှီမှာ ကျနော်တို့ အမိုးအကာတွေ ရောက်ရေးကိစ္စ အားလုံးကို လုပ်နေတယ်ဆိုတာ ပြန်ပြီးတော့ ရှင်းပြပါတယ်။"
 
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ပဋိပက္ခတွေနောက်ပိုင်း အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ အထူး သံတမန် ခန့်အပ်ပြီး ကူညီ ထောက်ပံ့မှုတွေလည်း ပို့ပေးနေတာမှာ နောက်ထပ် အကူအညီတွေ ဆက်ပေးသွားဖို့အတွက်လည်း အင်ဒိုနီးရှား သမ္မတက ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
 
မြန်မာနိုင်ငံ မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ နောက်ဆုံး ပဋိပက္ခတွေ အပါအ၀င် မြန်မာနိုင်ငံအတွင်း မကြာခင်ကာလတွေအတွင်း ဖြစ်ပေါ်ခဲ့တဲ့ လူမျိုးရေးဆန်တဲ့ ပဋိပက္ခတွေကို OIC အနေနဲ့ ကိုယ်စားလှယ်လွှတ် စုံစမ်းလိုတဲ့အကြောင်း မြန်မာအစိုးရကို တောင်းဆိုခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့လည်း ဦးရဲထွဋ်က -
 
"ဒါ ကျနော်တို့နိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စ ဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံက စနစ်တကျ ကိုင်တွယ်ဖြေရှင်းနေပါတယ်။ ဘယ်နိုင်ငံတကာ အဖွဲ့အစည်းကမှ လာပြီး စုံစမ်း စစ်ဆေးတာတို့၊ ၀င်ရောက်ဖြေရှင်းပေးတာတို့ လုပ်စရာအကြောင်း မရှိပါဘူး။ ကျနော်တို့ရဲ့ အချုပ်အခြာ အာဏာပိုင် အခွင့်အရေး ဖြစ်ပါတယ်။"
 
သမ္မတ ယူဒိုယိုနို မြန်မာနိုင်ငံမှာ ရှိနေစဉ်အတွင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး၊ လူ့စွမ်းရည် မြှင့်တင်ရေး၊ ဆန်ကုန်သွယ်မှုစတဲ့ နားလည်မှု စာချွန်လွှာတွေကို လက်မှတ်ရေးထိုးခဲ့တဲ့အပြင် ရင်းနှီးမြုပ်နှံမှုနဲ့ စွမ်းအင်ကဏ္ဍတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
 
အင်ဒိုနီးရှားနဲ့ မြန်မာနိုင်ငံတို့ဟာ နိုင်ငံရေးသမိုင်းကြောင်းအရရော၊ မတူကွဲပြားတဲ့ လူမျိုးစု ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့ နေရာမှာရော တူညီမှုရှိတယ်လို့ သုံးသပ်သူ ပညာရှင်တွေက ယူဆထားကြတာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် အဆောက်အဦးပြိုကျမှု သေဆုံးသူ ၁၀၀ နီးပါးရှိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာ အပြင်ဘက်မှာ ၈ ထပ်ရှိတဲ့ ကုန်သွယ်ရေး အဆောက်အဦးတခု ပြိုကျတာကြောင့် လူ ၉၆ ဦးထက်မနည်း သေဆုံးပြီး၊ ၁ ထောင်လောက်ကို ဒဏ်ရာရခဲ့တယ်လို့ ကယ်ဆယ် ကူညီရေးလုပ်သားတွေ က ပြောပါတယ်။
 
Savar အရပ် Rana Plaza ပြိုကျသွားပြီး အဲ့ဒီက အပျက်အစီးတွေ ကြားထဲမှာ ညပ်ပြီး ကျန်သူတွေကို ဆက်လက် ရှာဖွေမှုတွေ လုပ်နေတယ်လို့ အာဏာပိုင်တွေ က ပြောပါတယ်။
 
အဲ့ဒီအဆောက်အဦးထဲမှာတော့ ဘဏ်တခု၊ ဈေးဆိုင်တွေနဲ့ အထည်စက်ရုံတရုံလည်း အနည်းဆုံး ရှိနေတာပါ။ အဆောက်အဦး ပြိုကျတဲ့အချိန်မှာ အထပ်မြင့်ပေါ်မှာ လူ ၂ ထောင်လောက်ကို ရှိနေတယ်လို့ မီးသတ်သမားတဦးက ရိုက်တာသတင်းဌာန ကို ပြောပါတယ်။
 
မိနစ်ပိုင်းအတွင်းမှာ အဆောက်အဦး တခုလုံး ပြိုကျသွားတာလို့ အသက်ရှင် ကျန်ရစ်သူတွေကလည်း ပြောပါတယ်။ အင်္ဂါနေ့ကပဲ အဆောက်အဦးမှာ အက်ကွဲကြောင်းတွေ တွေ့ရတာကြောင့်၊ အဆောက်အဦးပေါ်မှာ အလုပ်သမားတွေ မတက်ကြဖို့ သတိပေးချက် ထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီက စက်ရုံပိုင်ရှင်ကနေ အဲ့ဒီ သတိပေးချက်ကို လျစ်လျူပြုခဲ့ပုံ ရတယ်လို့ ရဲအရာရှိတွေက ပြောပါတယ်။

တန်ဖိုးနည်းဖုန်းကိစ္စ မြန်မာ့ဆက်သွယ်ရေး အသိပေးထုတ်ပြန်

ရန်ကုန် (မဇ္ဈိမ)။   ။ ဧပြီလ ၂၄ ရက်တွင် စတင်ရောင်းချမည့် တန်ဖိုးနည်းဖုန်းများနှင့် ပတ်သက်၍ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက နိုင်ငံပိုင် သတင်းစာများမှတဆင့် အသိပေးကြေညာချက်ကို ထုတ်ပြန်ကြေညာလိုက် သည်။

MECT အမှတ်တံဆိပ် ဖုန်းများမှာ လက်ရှိ မိုဘိုင်းဖုန်းများကဲ့သို့ အထွက်ခေါ်ဆိုမှုအတွက် တမိနစ်လျှင် ကျပ် ၅၀ ဖြစ်ပြီး အဝင်ခေါ်ဆိုမှုအတွက် မပေးဆောင်ရပေ။ အင်တာနက် အသုံးပြုလိုပါက သက်ဆိုင်ရာ တိုင်းဒေကြီးများရှိ ဆက်သွယ်ရေးရုံးများတွင် ကျပ် ၁၀,၀၀၀ ဖြင့် လျှောက်ထားလိုင်းဖွင့် အသုံးပြုနိုင်မည်ဖြစ်ပြီး အင်တာနက် အသုံးပြုခအဖြစ် ၁ မိနစ်လျှင် ၄ ကျပ်နှုန်းဖြင့် ပေးဆောင်ရမည် ဖြစ်သည်။

ယင်း တန်ဖိုးနည်းဖုန်းများအား မြန်မာနိုင်ငံတဝှမ်းလုံးရှိ ရေဒီယိုစခန်းပေါင်း ၂၈၂ ခုအတွင်းရှိ နယ်နိမိတ်အတွင်း၌
ပြည်တွင်း-ပြည်ပသို့ ဆက်သွယ်ခေါ်ဆိုနိုင်မည် ဖြစ်သည်။

တန်ဖိုးနည်းဖုန်းများဖြင့် ပြည်ပသို့ ခေါ်ဆိုလိုပါက MECT အမှတ်တံဆိပ်ပါ နိုင်ငံခြားငွေ ကြိုတင်ငွေဖြည့်ကတ် (၁၀ ဒေါ်လာ၊ ၂၀ ဒေါ်လာ၊ ၅၀ ဒေါ်လာ)ကို သုံးပြုရမည် ဖြစ်သည်။

အကယ်၍ အဆိုပါ တန်ဖိုးနည်း ဖုန်းကဒ်များ ပျောက်ဆုံးခဲ့ပါက မြန်မာ့ဆက်သွယ်ရေးဌာနသို့ ကျပ် ၂၀,၀၀၀
ပေးသွင်း၍ ပြန်လည်လျှောက်ထားနိုင်ပြီး ပျက်စီးခဲ့ပါက အခမဲ့ လျှောက်ထားနိုင်ကြောင်း သိရသည်။

၂၀၁၄ တွင် အင်ဒို-မြန်မာ ကုန်သွယ်မှု ဒေါ်လာသန်း ၁,၀၀၀ အထိ မျှော်မှန်း

ရန်ကုန် (မဇ္ဈိမ)။   ။ လာမည့်နှစ်အတွင်း အင်ဒိုနီးရှားနှင့် မြန်မာ နှစ်နိုင်ငံကုန်သွယ်မှု ပမာဏကို အမေရိကန်
ဒေါ်လာ သန်း တထောင်အထိ ရောက်အောင် ပူးပေါင်းဆောင်ရွက်သွားမည်ဟု အင်ဒိုနီးရှား သမ္မတ ဒေါက်တာ ဆူစီလိုဘမ်ဘန်း ယူဒိုယိုနို က ပြောကြားသည်။

နေပြည်တော်တွင် ဧပြီလ ၂၃ ရက်နေ့ ပြုလုပ်သည့် နားလည်မှု စာချွန်လွှာများ လက်မှတ် ရေးထိုးပွဲတွင် ထိုသို့ ပြောဆိုသွားခြင်း ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြပါရှိသည်။

သမ္မတ နှစ်ဦး နေပြည်တော်တွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက်တွင် သဘောတူညီချက်များ လက်မှတ်
ရေးထိုးပွဲသို့ တက်ရောက်ခဲ့ကြခြင်း ဖြစ်သည်။

သဘောတူညီချက်များအနက် ပထမ တခုမှာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုဆိုင်ရာ အခြေခံမူ သတ်မှတ်ချက်ဖြစ်ပြီး ကျန်သဘောတူညီချက်များမှာ လူသားရင်းမြစ် ဖွံ့ဖြိုးမှုနှင့် ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာများ
ဖြစ်သည်။

သမ္မတနှစ်ဦးတို့၏ ဆွေးနွေးမှုများအရ အင်ဒိုနီးရှားကုမ္ပဏီ ၁၂ ခုတို့က မြန်မာနိုင်ငံတွင်၂၀၁၂ ဒီဇင်ဘာလမှ စတင်ခဲ့သော ရင်းနှီးမြှုပ်နှံမှုကို ဒေါ်လာ ၂၄၁ သန်းအထိ တိုးမြှင့်ရင်းနှီးမြှုပ်နှံကြမည် ဖြစ်သည်။ 

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ထောက်ခံအားပေးသကဲ့သို့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု များကိုလည်း တိုးမြှင့်အောင်ဆောင်ရွက်သွားမည်ဖြစ်ပြီး အင်ဒိုနီးရှားမှ အစိုးရပိုင်နှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်း များ ပိုမို လာရောက် ရင်းနှီးမြှုပ်နှံရန် တိုက်တွန်းသွားမည်ဟုလည်း မစ္စတာ ယူဒိုယိုနို က ပြောကြားသည်။

မြန်မာသမ္မတ ဦးသိန်းစိန်ကလည်း နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း၊ ပို့ဆောင်ရေးကဏ္ဍ၊ မွေးမြူရေးနှင့်
ရေလုပ်ငန်းကဏ္ဍ၊ စိုက်ပျိုးရေး၊ စွမ်းအင်နှင့် လျှပ်စစ်ကဏ္ဍများ၌ ပိုမို ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိပြီး နည်းပညာကဏ္ဍတွင် ပညာသင်ဆုများပေးအပ်ခြင်းနှင့် နှစ်နိုင်ငံ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်း များကို ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။

မှော်ဘီ စိုက်ဘဏ်သို့ မိုးစပါးချေးငွေ ပေးဆပ်ရာတွင် ကျပ် ၅ဝဝဝ တန် အတုများ ပါဝင်နေ

မှော်ဘီမြို့နယ်၊ စိုက်ပျိုးရေး ဘဏ် သို့ လယ်လုပ်သူ အမျိုးသမီး တစ်ဦးက မိုးစပါးချေးငွေ ပေးဆပ်ရာတွင် ကျပ် ၅ဝဝဝ တန် အတုများ ပါဝင်နေမှုဖြင့် အမှု ဖွင့်ထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ သိရ သည်။
ဖြစ်စဉ်မှာ ဧပြီလ ၂၂ ရက်နေ့ ညနေ ၃ နာရီ ၂ဝ မိနစ် အချိန်၌ မှော် ဘီမြို့နယ် မြန်မာ့စိုက်ပျိုးရေး ဘဏ်သို့ မှော်ဘီမြို့နယ်၊ ရေပေါ်သဲ့ ကျေးရွာ အုပ်စုမှ စာရေးဖြစ်သူ ဦးခင်မောင်ဝင်း သည် ၄င်းအုပ်စု၏ လိပ်ချောင်း ရွာနေ ဒေါ်ခင်ခင် စိုးက လူကြုံ ပေးခိုင်းလိုက်သည့် ၂ဝ၁၂ မိုးစပါး စိုက်စရိတ်ချေးငွေ ကျပ် ၃၂ဝဝဝဝ ကို ငါးထောင်ကျပ်တန် ၆၄ ရွက်ဖြင့် ပေးသွင်းခဲ့ကြောင်း၊ အဆိုပါ ငါးထောင် တန်များအား စိုက်ပျိုးရေး ဘဏ်မှ ဒုကြီး မှူး ဦးဇော်မျိုးဦး ဆိုသူက ငွေရေစက်ဖြင့် ရေတွက်ရာ ငွေစက္ကူများမှာ ပုံမှန် မဟုတ်ဘဲ ရောထွေးနေသည့် အတွက် လက်ဖြင့် ထပ်မံ ရေတွက်ရာ ငွေစက္ကူ ထောင့်များမှာ ပုံမှန် မဟုတ်ဘဲ အတု များ ဖြစ်ကြောင်း တွေ့ ရှိခဲ့ရသည့် အတွက် ထိုငွေများအား လက်ခံခြင်းမပြုဘဲ စာရေး ဦးခင်မောင်ဝင်း ထံသို့ ပြန်လည်ပေးအပ် ခဲ့သည့်အပြင် သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ထံသို့ အကြောင်းကြား ခဲ့ကြောင်း သိရသည်။
ထို့နောက် ၄င်းည ၈ နာရီအချိန် ၌ စာရေး ဦးခင်မောင်ဝင်း နှင့် ငွေပေး သွင်းခိုင်းသူ ဒေါ်ခင်ခင်စိုး တို့အား မှော် ဘီမြို့နယ် အုပ်ချုပ်ရေးမှူး ရုံး၌ ခေါ်ယူ စစ်ဆေးခဲ့ရာ ဒေါ်ခင်ခင်စိုး က  ဧပြီ ၁၉ ရက်နေ့ ညနေပိုင်းတွင် အသက် ၃ဝ အရွယ် ခန့်ရှိ လူငယ် ၂ ဦးက ၄င်းပိုင်  နွားထီး ၂ ကောင်အား လာရောက်ဝယ် ယူရာ ငွေ ကျပ် ၇၆ဝဝဝဝ နှင့် ဈေး တည့်၍ အဆိုပါ ငါးထောင်ကျပ်တန် များအား ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုငွေ များ အနက်မှ ငွေကျပ် ၃၂ဝဝဝဝ အား မြို့နယ် စိုက်ပျိုးရေး ဘဏ်သို့ ချေးငွေ ပေးဆပ်ရန် လူကြုံဖြင့်ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး ကျန်ငွေ ကျပ် လေးသိန်းကျော် အား သွပ်နှင့်စားသောက်ကုန်များ ဝယ် ယူခဲ့ပြီး လက်ကျန်အဖြစ် ငါးထောင် တန် လေးရွက်သာ ကျန်ရှိကြောင်း ပြောသည် ဟု ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။
၎င်းငါးထောင်တန် ၆၈ ရွက်အား  စစ်ဆေးခဲ့ရာ နံပါတ်တူ ငါးထောင်ကျပ် တန် အတု အရွက် ၄ဝ နှင့် နံပါတ်မတူ ငါးထောင်တန် အတု ၂၈ ရွက်ကို တွေ့ရ ပြီး ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကာ ငွေ စက္ကူအတု လက်ဝယ် ထားရှိမှုဖြင့် ဒေါ် ခင်ခင်စိုးအား မှော်ဘီရဲစခန်းမှ  (ပ) ၂၅၉/၁၃၊ ပုဒ်မ-၄၈၉-ခ/၄၈၉-ဂ ဖြင့် အမှု ဖွင့်ဖမ်းဆီး အရေးယူထားသည်။

စာနယ်ဇင်း ကောင်စီနှင့် ပြန်ကြားရေး ဝန်ကြီးဌာန ဥပဒေ မူကြမ်း ဆိုင်ရာ ဆွေးနွေး

မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ)နှင့် ပြန်ကြားရေး ဝန်ကြီးဌာန တို့က ၄င်းတို့ ရေးဆွဲထားသည့် ဥပဒေ မူကြမ်း အသီးသီးနှင့် ပတ်သက်၍  ဘုံတူညီချက် ရှာဖွေရန် တွေ့ဆုံ ဆွေးနွေးခဲ့ ကြောင်း စာနယ် ဇင်းကောင်စီ (ယာယီ) ၏ အတွင်းရေးမှူး ဦးကျော်မင်းဆွေ က ပြောသည်။
ယခုလ ၂၃ ရက်က မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီရုံးရှိ အစည်းအဝေး ခန်းမ၌ ကောင်စီ ဥက္ကဋ္ဌ၊ အဖွဲ့ဝင် များနှင့် အတူ ပြန်ကြားရေး ဝန်ကြီးဌာန မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြား ရေးမှူးချုပ် ဦးတင့်ဆွေ၊ ပုံနှိပ်ရေးနှင့် စာ အုပ် ထုတ်ဝေရေး လုပ်ငန်း အထွေထွေ မန်နေဂျာ ဦးမျိုးမြင့်မောင် အပါအဝင် တာဝန်ရှိသူ အချို့တို့ တွေ့ဆုံ ညှိနှိုင်းဆွေး နွေးခဲ့ကြခြင်း ဖြစ် သည်။
ပြန်ကြားရေး ဝန်ကြီးဌာနက ရေး ဆွဲပြီး ပြည်သူ့ လွှတ်တော်သို့ ယခင်လက တင်သွင်းခဲ့သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေမူကြမ်းနှင့် မြန်မာ နိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) တို့ ကရေးဆွဲ ထား သည့် သတင်း မီဒီယာနှင့် ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်း ဥပဒေကြမ်း တို့နှင့် ပတ်သက်၍ အားသာချက် အား နည်းချက် များကို အသေးစိတ် ညှိနှိုင်း ဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင် ရန် အစီစဉ် ရှိကြောင်းလည်း  ဦးကျော် မင်းဆွေ က ပြောသည်။
ဆက်လက်ပြီး ၄င်းက စာနယ်ဇင်း ကောင်စီ မှရေးဆွဲထားသည့် သတင်း မီဒီယာနှင့် ပုံနှိပ် ထုတ်ဝေရေး လုပ်ငန်း ဥပဒေကြမ်း ကို ပြန်ကြားရေး ဝန်ကြီးမှ မူ အားဖြင့် လက်ခံသည်ဟု ဝန်ကြီး ဌာနမှ တာဝန်ရှိသူများ က တစ်ဆင့် ပြန်လည် ပြောပြခဲ့ကြောင်း ပြောသည်။
ပြန်ကြားရေး ဝန်ကြီးဌာနမှ ရေးဆွဲ ကာ လွှတ်တော်သို့ တင်သွင်းခဲ့သည့် ပုံနှိပ် ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်းနှင့် ပတ်သက်ပြီး သတင်း မီဒီယာ လုပ်ငန်း လုပ်ကိုင်နေသူ များမှ ဝေဖန်မှု များထွက်ပေါ် လာခဲ့၍ အားကစား၊ ယဉ်ကျေးမှု နှင့် ပြည်သူ့ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ သူရ ဦးအေးမြင့် အပါအဝင် အဖွဲ့ဝင်များနှင့် သတင်း မီဒီယာများ မတ်လ ၉ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယင်း ဥပဒေ ကြမ်း အား ကျင်းပ ပြီးစီးခဲ့သည့် လွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်းအဝေးတွင် ဆွေးနွေး မှု မပြုနိုင်ခဲ့ပေ။ သတင်း မီဒီယာ အဖွဲ့အ စည်းများ အပါအဝင် စာနယ်ဇင်း ကောင်စီမှလည်း ထိုဥပဒေကြမ်း အား သဘောမ တူကြောင်း ကန့်ကွက်ခဲ့ပြီး ကောင်စီမှ ကန့်ကွက်စာအား နိုင်ငံတော် သမ္မတထံ တင်သွင်းခဲ့သည်။
ကန့်ကွက်ခြင်း ခံနေရသည့် ပုံနှိပ် ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေ ကြမ်းနှင့် ပတ်သက်ပြီး ယခင်လ ၂၃ ရက် တွင် ပြန်ကြားရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီးက စာနယ်ဇင်း ကောင်စီ နှင့် တွေ့ ဆုံဆွေးနွေး ခဲ့ပြီး ထပ်မံ၍ တွေ့ဆုံ ဆွေးနွေးရန်လည်း စီစဉ်ထား ကြောင်း သိရသည်။ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီသည် သတင်း မီဒီယာနှင့် ပုံနှိပ် ထုတ်ဝေရေးလုပ်ငန်း ဥပဒေကြမ်း ကို ယခင်လက သတင်း မီဒီယာ အဖွဲ့ အစည်းများ၊ ပုံနှိပ် လုပ်ငန်းရှင်များ၊ ဥပဒေ ပညာရှင်များနှင့် နှစ်ကြိမ် တွေ့ဆုံကာ တတိယ မူကြမ်း ရေးဆွဲ ပြီးစီးခဲ့သည်။

မြန်မာ့ သွင်းကုန်များကို အမေရိကန်က အခွန်ကင်းလွတ်ခွင့် ပေးဖွယ်ရှိ

မြန်မာနိုင်ငံမှ ထောင်ပေါင်းများစွာသော သွင်းကုန်များအပေါ် အကောက်ခွန် ကောက်ခံနေမှုကို အဆုံးသတ်နိုင်ရေး အတွက် ကုန်သွယ်ရေး ဆက်ဆံမှုများကို အမေရိကန်က ပြန်လည်လေ့လာ သုံးသပ်လျက် ရှိသည်။

အမေရိကန် ခေတ္တကုန်သွယ်ရေး ကိုယ်စားလှယ် ဒီမီထရီရို့စ် မာရန်တစ်စ် (Demetrios Marantis) သည်လည်း ဗုဒ္ဓဟူးနေ့တွင် မြန်မာနိုင်ငံသို့ လာရောက်ကာ ရန်ကုန်နှင့် နေပြည်တော်မှ အစိုးရအရာရှိများနှင့် စီးပွါးရေးထိပ်သီး လုပ်ငန်းရှင်များအား တွေ့ဆုံမည်ဖြစ်ဟု ဝါရှင်တန်မှ ပေးပို့သည့် ရိုက်တာ သတင်းတရပ်က ဆိုသည်။

လွန်ခဲ့သော သီတင်းပတ်က မာရန်တစ်စ်၏ အာရှခရီးစဉ် မစတင်မီ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးက ထိုသို့ပြန်လည်လေ့လာသုံးသပ်ရန် စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထိုသုံးသပ်မှုအရ မြန်မာနှင့်လာအို နှစ်နိုင်ငံသည် ကုန်သွယ်ရေးအထူးအခွင့်အရေးရ (GSP) အစီအစဉ်တွင် ပါဝင်လာနိုင်မည် ဖြစ်သည်။ ထိုစနစ်အရ နိုင်ငံနှင့်နယ်မြေ ၁၂၈ ခုမှ ကုန်ပစ္စည်း အမည် ၅,၀၀၀ ခန့်အထိကို သွင်းကုန်ခွန် ကောက်ခံခြင်းမှ ကင်းလွတ်ခွင့်ရရှိစေမည်ဖြစ်သည်။

GSP စနစ်နှင့် စပ်လျဉ်း၍ စိတ်ဝင်စားကြောင်း မြန်မာနှင့် လာအို အစိုးရများက မကြာမီက ထုတ်ဖော်ပြောကြားခဲ့ သည်ဟု အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် ဌာနရုံး (USTR) က ပြည်ထောင်စု ပြန်တမ်းအား ကိုးကား၍ ရိုက်တာသတင်းတွင် ရေးသားပါရှိသည်။ ထိုပြန်တမ်းတွင် ဖော်ပြထားချက်အရ လူထု၏ဆန္ဒသဘောထားကို
တောင်းခံထားပြီး ဇွန်လဆန်းတွင် ကြားနာမှု ပြုလုပ်ရန် သတ်မှတ်ထားသည်။

ထိုသို့ ပြန်လည်သုံးသပ်ခြင်းကို အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရေးအတွက် မြန်မာ အစိုးရကို ကူညီရန် အိုဘားမား အစိုးရ၏ ကြိုးပန်းဆောင်ရွက်မှု တစိတ်တပိုင်း အနေဖြင့် ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။

မြန်မာအစိုးရ ဆောင်ရွက်လျက်ရှိသော နိုင်ငံရေးပြုပြင် ပြောင်းလဲရေးလုပ်ငန်းများအပေါ် ဆုချသည့်အနေဖြင့် ကြာမြင့်စွာ ထားရှိခဲ့သော စီးပွါးရေး ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုများကို အမေရိကန်နိုင်ငံက ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်သည်။ မြန်မာနိုင်ငံမှ ပို့ကုန် အများစုအပေါ် ပိတ်ဆို့ထားမှုများကိုလည်း ဖြေလျှော့ပေးလိုက်ပြီ
ဖြစ်သည်။

အဝတ်အထည်နှင့် အခြားကုန်စည် ဒေါ်လာ ၂၇၅ သန်းဖိုးကို အမေရိကန် နိုင်ငံက သွင်းကုန် ပိတ်ဆို့မှု မပြုလုပ်မီ ၂၀၀၃ ခုနှစ်က မြန်မာနိုင်ငံမှ တင်သွင်းခဲ့သည်။ အကန့်အသတ်အများစုကို ဖယ်ရှားပြီးချိန်မှစ၍ လွန်ခဲ့သောလများ အတွင်း မြန်မာနိုင်ငံမှ သွင်းကုန်များကို တတိတတိ တင်သွင်းခဲ့ရာ ဇန်နဝါရီလက ဒေါ်လာတသိန်းဖိုးနှင့်
ဖေဖော်ဝါရီလက ဒေါ်လာနှစ်သိန်းဖိုး ရှိခဲ့သည်ဟု ဝါရှင်တန်မှ ပေးပို့သည့် ရိုက်တာသတင်းတွင် ရေးသားထားသည်။

ရှမ်း တောင်မြောက်တပ်များမှ နိုင်/ကျဉ်းများ မလွတ်သေး၊ SSNA မှ ၄၀ လွတ်မြောက်လာ

ချင်းမိုင်(မဇ္စျိမ)။   ။ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အင်္ဂါနေ့က လွတ်မြောက်လာသူ နိုင်ငံရေး အကျဉ်းသား ၅၉ ဦးထဲတွင် ရှမ်းလက်နက်ကိုင်အဖွဲ့တခုမှ ၄၀ ဦး ပါဝင်လာသော်လည်း ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) အဖွဲ့ဝင် တဦးမှ လွတ်လာခြင်း မရှိသေးကြောင်း ဗိုလ်မှူး ဆိုင်းလောဝ်စိုင်း က ပြောသည်။

"ကျနော်တို့ စိစစ်ကြည့်မိသလောက် မပါဘူးလို့ သိရတယ်။ ကျနော်တို့ စာရင်းပြုစုပြီးတော့ တင်ပြထားပြီးပါပြီ။ ကျနော်တို့ တပ်ဖွဲ့ ထဲကပဲ ဆိုရင်တော့ ၅၀ ကျော်ရှိတယ်။ ခုထိ လွတ်လာတယ်လို့ မကြားသေးဘူး" ဟု RCSS/SSA ပြောခွင့်ရ ဗိုလ်မှူး ဆိုင်းလောဝ်စိုင်း က မဇ္ဈိမကို ပြောသည်။

၂၀၁၂ ခုနှစ်၊ မေလ ၁၉ ရက်နေ့က ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် အစိုးရ ကိုယ်စားလှယ်များနှင့် လက်မှတ်
ရေးထိုးခဲ့သော ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွင် ၎င်းတို့အဖွဲ့မှ အကျဉ်းကျခံရ သူများအား လွှတ်ပေးရေး ပါဝင်ခဲ့ပြီး လွှတ်ပေးရန် RCSS/SSA အဖွဲ့ဝင်ပေါင်း ၅၀ ကျော်၏ စာရင်းကို တင်ပြထားပြီး
ဖြစ်သည်။

၎င်းတို့မှာ ၁၉၉၆-၂၀၁၂ ခုနှစ်များအတွင်းက နိုင်ငံတော် ပုန်ကန်မှုနှင့် မတရားအသင်း ဆက်သွယ်မှုတို့ဖြင့် အင်းစိန်၊ ပူတာအို၊ ကျိုင်းတုံ စသည့် အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရသည်ဟု ဆိုသည်။

၎င်းတို့ တပ်ဖွဲ့ဝင်များကို လွှတ်ပေးခြင်း မရှိသေးသော်လည်း ယခုကဲ့သို့ အကျဉ်းသားများကို လွှတ်ပေးခြင်းသည် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် အပြုသဘောဆောင်ခြင်း ဖြစ်သည်ဟု ရှုမြင်ကြောင်း ဗိုလ်မှူး ဆိုင်းလောဝ်စိုင်း က ပြောဆိုသည်။

ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSPP/SSA မှ အဖွဲ့ဝင်အချို့လည်း ဖမ်းဆီးခံထားရမှု ရှိပြီး ၎င်းတို့လည်း ဧပြီလ ၂၃ ရက်နေ့က လွတ်မြောက်လာမှုထဲတွင် ပါဝင်ခြင်း မရှိသေးပေ။

ယမန်နေ့ သာယာဝတီ အကျဉ်းထောင်မှ လွတ်မြောက်လာသူ ရှမ်းတိုင်းရင်းသား ၄၀ ဦးသည် ရှမ်းပြည် အမျိုးသား တပ်မတော် SSNA အဖွဲ့ဝင်များ ဖြစ်သည်ဟု ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD မှ ပြောခွင့်ရသူ ဦးစိုင်းလိတ် က ပြောသည်။

ယခင်က ဘိန်းဘုရင် ခွန်ဆာ၏ မော်ထိုင်း တပ်မတော် (MTA) မှ ခွဲထွက်၍ SSNA ပြန်လည် ဖွဲ့စည်းခဲ့သော
ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းကန်းယွက်၏ လက်အောက်ခံ တပ်မဟာ ၁၁ မှ တပ်ဖွဲ့ဝင်များအား ၂၀၀၂ ခုနှစ်က အစိုးရတပ်မှ ဖမ်းဆီး၍ လက်နက်ချစေပြီးနောက် အကန့်အသတ်မရှိ ပစ်ဒဏ်များ ချမှတ်ခဲ့ပြီး ယမန်နေ့က
ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

"(ထိုစဉ်က) ငြိမ်းချမ်းရေး ပျက်ပြားခါစဖြစ်တော့ သူတို့ ရှောင်တခင် တွေ့ကြပြီး တိုက်ပွဲဖြစ်တယ်။ လူအုပ်နဲ့ ဝိုင်းခံရပြီးတော့ လက်နက်ချခိုင်းတယ်။ လက်နက် အပ်ပြီးရင် ပြန်လွတ်ပေးမယ်ပြောလို့ သူတို့က လက်နက် ချလိုက်တယ်။ လားရှိုး စစ်ခုံရုံးမှာ စစ်တယ်။ ဘာမှ ပြန်ဖြေခွင့်မရှိဘဲ နှစ်အကန့်အသတ်မရှိ ထောင်ဒဏ် ချလိုက်တယ်" ဟု ဦးစိုင်းလိတ် က ပြောပြသည်။

၎င်းတို့မှာသည် လက်နက်ကိုင် တော်လှန်သမားများဖြစ်၍ နိုင်ငံရေး အကျဉ်းသား စာရင်းတွင် ပါဝင်သည်ဟု ဆိုကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလက ဖွဲ့စည်းခဲ့သော နိုင်ငံရေးအကျဉ်းသား စိစစ်ရေး ကော်မတီ၏ ဥက္ကဌ ဝန်ကြီး ဦးစိုးသိန်းထံ ကော်မတီ အဖွဲ့ဝင်တဦးဖြစ်သော SNLD အတွင်းရေးမှူး ဦးစိုင်းညွန့်လွင် က တင်ပြခဲ့သည်ဟု ဦးစိုင်းလိတ် က မဇ္စျိမကို ပြောသည်။

"တချို့သော အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေ ကျန်နေသေးတယ်။ ဥပမာ အခြား RCSS က ပုဂ္ဂိုလ်တွေ၊ အခြား မြေပေါ်
နိုင်ငံရေးပါတီက ကျန်ကောင်းကျန်မယ်။ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံးကို ဆက်လက်ပြီးတော့ မှ လွှတ်ပေးစေချင်တယ်" ဟု ပြောသည်။

လွတ်မြောက်လာသူများကို SNLD မှ သွားရောက်ကြိုဆိုခဲ့ပြီး နေထိုင် စားသောက်ရေးကို စီစဉ်ပေးနေကာ ယနေ့ နေ့လည်ပိုင်းတွင် ရွှေတိဂုံစေတီကို သွားရောက် ဖူးမြော်ပြီးနောက် ညနေပိုင်းတွင် လားရှိုးမြို့သို့ ထွက်ခွာမည်
ဖြစ်ကြောင်း သိရသည်။ ဧပြီလ ၂၅ ရက်နေ့တွင် လားရှိုးမြို့ SNLD ရုံးမှ မိသားစုများနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း ဦးစိုင်းလိတ်က ပြောသည်။

လွတ်မြောက်လာသူများမှာ သိန္နီ၊ လားရှိုး၊ နမ့်ပေါင်၊ မိုင်းရယ်၊ တန့်ယန်း စသည့် မြို့နယ်များမှ ဖြစ်ကြပြီး မူလက ၄၅ ဦး ဖမ်းဆီးခံရာမှ အကျဉ်းကျခံရစဉ်အတွင်း နှစ်ဦးမှာ မိမိကိုယ်ကို လုပ်ကြံသေဆုံးခဲ့ပြီး သုံးဦးမှာ ကျန်းမာရေးကြောင့်
သေဆုံးခဲ့သည်ဟု စုံစမ်းသိရှိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှု ယခင်နှစ်ထက် ထက်ဝက်လျော့သွား

စစ်တွေ (မဇ္ဈိမ)။   ။ ရေထွက်သယံဇာတ ရှားပါးမှုနှင့် ရခိုင်ဒေသ ပဋိပက္ခများကြောင့် ယခုနှစ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှု ကျဆင်းလာခဲ့ရာ ယမန်နှစ် ပမာဏ၏ ထက်ဝက်သာ ရှိကြောင်း စစ်တွေနှင့် မောင်တော နယ်စပ်ကုန်သွယ်ရေးဌာနများမှ တာဝန်ရှိသူများက ဆိုသည်။

"၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်က စစ်တွေ-ဘင်္ဂလားဒေ့ရှ် (နယ်စပ်) ကုန်သွယ်မှု ပမာဏဟာ ၁၅.၃၃၆ ဒေါ်လာသန်း ရှိပြီးတော့ ၂၀၁၂-၁၃ မှာကျတော့ ၇.၂၅၀ ဒေါ်လာသန်းပဲ ရရှိတယ်။ ရေထွက်ကုန် လျော့နည်းမှုနဲ့ မတည်ငြိမ်မှုတွေ
ကြောင့် ကျဆင်းသွားရတာပါ။ တိုးလာမယ့် သဘော မတွေ့ရသေးပါဘူး" ဟု စစ်တွေ နယ်စပ်ကုန်သွယ်ရေးမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် စစ်တွေ နယ်စပ်ကုန်သွယ်ရေး၏ လျာထားချက်မှာ ပို့ကုန် ပမာဏ ဒေါ်လာ ၁၅ သန်း၊ သွင်းကုန် ဒေါ်လာ ၇ သန်း၊ ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၂၂ သန်း ဖြစ်ပြီး လက်တွေ့တွင်မူ ပို့ကုန်
ဒေါ်လာ ၆.၉၀၅ သန်း၊ သွင်းကုန် ဒေါ်လာ ၀.၃၄၅ သန်းနှင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၇. ၂၅၀ သန်းသာ
ဖြစ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ထို့အတူ မောင်တော နယ်စပ်ကုန်သွယ်ရေး၏ မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှု ပမာဏမှာလည်း အရင်နှစ်များထက် ကျဆင်းနေကြောင်းကို စစ်တွေနယ်စပ်ကုန်သွယ်ရေးမှ တာဝန်ရှိသူတဦးက ဆိုသည်။

"၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်က မောင်တော နယ်စပ်ကုန်သွယ်ရေး ပို့ကုန်ပမာဏက အမေရိကန်ဒေါ်လာ ၇.၈၃၁ သန်း၊ သွင်းကုန်ပမာဏ ဒေါ်လာ ၀.၆၉၂ သန်း၊ ကုန်သွယ်မှု ပမာဏ စုစုပေါင်းတန်ဖိုး ဒေါ်လာ ၈.၅၂၃ သန်း ရှိခဲ့တယ်။ ဒါပေမယ့် ကုန်ခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ ပို့ကုန် ပမာဏ ဒေါ်လာ ၅.၃၈၆ သန်း၊ သွင်းကုန်ပမာဏ ဒေါ်လာ ၀.၅၃၁ သန်းနဲ့ စုစုပေါင်း ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၅.၉၁၇ သန်းပဲ ရတယ်" ဟု ၎င်းက ပြောသည်။

မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်မှု ဆောင်ရွက်နေသော ကုမ္ပဏီ ၅ ခုရှိနေပြီး ငါးကုန်းညို၊ င/နီတူ၊ ငါးခြောက်မျိုးစုံ အရောအနှော၊ မတ်ပဲ၊ ပုဇွန်၊ ဖိနပ်၊ အလှကုန်များကို တင်ပို့ကာ ဘိလပ်မြေ၊ ရေအိုး၊ ရေသန့်စက်ကို တင်သွင်းလျက် ရှိသည်။

"ကုန်သွယ်မှု ကျဆင်းနေရတာက ရခိုင်ဒေသ ပဋိပက္ခ တခုတည်းကြောင်းတော့ မဟုတ်ဘူး။ ပို့ကုန်အတွက် ကုန်ရ နည်းလာတာကြောင့်လည်း ပါတယ်။ ကျနော်တို့ စစ်တွေက အဓိက ပို့နေတဲ့ ဇီးထုပ်၊ ဇီးသီး၊ မန်ကျည်းသီး၊ ကုန်ရနည်းလို့ ပို့ကုန်ပမာဏ နည်းလာနေတယ်။ သွင်းကုန်ကတော့ ဈေးပေါတဲ့ တီရှပ်တွေနဲ့ တရုတ်ကိုပို့မယ့် ဆံပင်တွေကိုပဲ ပုံမှန်တင်သွင်း နေပါတယ်" ဟု စစ်တွေမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ ကုန်ပစ္စည်းများ သယ်ပို့ ရောင်းဝယ်နေသူ ကုန်သည် ဦးညီချေ က ပြောသည်။

ယခုနှစ် မတ်လဆန်းက ပို့ကုန်သွင်းကုန်များ ဖြေလျှော့ပေးလိုက်ရာတွင် ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်ရေး လုပ်ကိုင်သည့် စစ်တွေရှိ ကုမ္ပဏီ ၇ ခု အနေနှင့် ပို့ကုန်အားမှာ ပိုကောင်းလာဖွယ် ရှိသော်လည်း သွင်းကုန်ပိုင်းတွင်မူ အပြောင်းအလဲ မရှိနိုင်ကြောင်း ဦးညီချေ က မှန်းဆသည်။

မတ်လ ၁ ရက်နေ့မှစ၍ ပို့ကုန်သွင်းကုန် လုပ်ငန်းလုပ်ကိုင်သူများ လွယ်ကူချောမွေ့စေရေးအတွက် ပို့ကုန်ပစ္စည်း ၁၅၂ မျိုး၊ သွင်းကုန်ပစ္စည်း ၁၆၆ မျိုးကို လိုင်စင်မဲ့ တင်သွင်းခွင့် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာက ဖြေလျော့ပေးခဲ့ခြင်း ဖြစ်သည်။

"မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး အားကောင်းဖို့က ပို့ကုန်သွင်းကုန် ဖြေလျှော့ရုံနဲ့ မလုံလောက်ဘူး။
ဖြတ်သန်းလာတဲ့ သမိုင်းကို ကြည့်ရင် ကျနော်တို့ဆီက ကုန်သည်တွေ ဘင်္ဂလားဒေ့ရှ်မှာ ဈေးနှိမ်ခံပြီးတော့
ရောင်းနေကြရတယ်။ ကျနော်တို့က ဆားသွားရောင်းတယ်။ အရင်တုန်းက ဆားအရည်အသွေး ညံ့တယ်ဆိုပြီးတော့
ဈေးနှိမ်ဝယ်တယ်။ အခုနောက်ပိုင်း ကျနော်တို့ရဲ့ ဆားကို လုံးဝ မဝယ်တော့ဘူး။ ကျနော်တို့ ပို့ကုန်တွေ အရည်အသွေး ပြည့်မီရင်တောင်မှ ဘင်္ဂလားဒေ့ရှ်ဟာ သူတို့နိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားရေးအရပဲ လုပ်ကိုင်နေလို့ပဲ။ ဒါကြောင့် နိုင်ငံတကာ ဈေးကွက်ကို ထိုးဖောက်နိုင်တဲ့အထိ ကျနော်တို့ ကုန်တွေ အရည်အသွေး
မြင့်ဖို့ လိုတယ်" ဟု ရခိုင်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးသန်းဝင်း က သုံးသပ်သည်။

ရခိုင်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုလက်ရှိ ဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်လျက်ရှိသော နယ်စပ် ကုန်သွယ်ရေးအရာရှိ တဦးက "ရခိုင်ပြည်နယ် ကုန်သွယ်ရေး ဦးမော့လာဖို့ဆိုရင် နိုင်ငံတကာနဲ့ အပြိုင် လုပ်နိုင်ဖို့လိုပါတယ်။ နိုင်ငံတကာ စံချိန်တင်နိုင်ဖို့အတွက် ကျနော်တို့ဘက်က Value Added (ထပ်တိုးတန်ဖိုး) များများ လုပ်နိုင်ရမယ်" ဟုလည်း အကြံပြုထားသည်။

ဘင်္ဂလားဒေ့ရှ်၌ လက်ရှိပေါက်ဈေးမှာ ငါးကုန်းညို တတန် ကို ဒေါ်လာ ၇၀၀၊ င/နီတူ တတန်ကို ဒေါ်လာ ၁,၃၀၀၊ ငါးခြောက်မျိုးစုံ အရောအနှော တတန်ကို ဒေါ်လာ ၄၆၀၊ မတ်ပဲ တတန်ကို ၅၆၀ ဒေါ်လာဈေးဖြင့် ရောင်းချနေကြရပြီး ဘိလပ်မြေ တတန်ကို ၈၅ ဒေါ်လာ၊ ရေအိုး (၁ ကီလိုဂရမ်) တလုံးကို ၃.၀၇၇ ဒေါ်လာ၊ ရေသန့်စက် တလုံးကို ၁၀ ဒေါ်လာပေး၍ ဝယ်ယူနေရသည်ဟု မောင်တောမှ ကုန်သည်များက ဆိုသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား စုစုပေါင်းကုန်သွယ်မှု ပမာဏမှာ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်
ဒေါ်လာ ၁၃၆.၆၄ သန်း၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ၈၄.၈၁ သန်း ရှိခဲ့ပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် စက်တင်ဘာလအထိ ၂၆.၉၈၉ သန်း ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများ အရ သိရသည်။