Monday, September 2, 2013

ကျောင်းသစ်ဆောက်လုပ်ပေးသော်လည်း စာသင်ခုံ မရှိ၍ ကျောင်းသားများ အခက်ကြုံ

ကျောင်းသား ကျောင်းသူ ၂၅၀ ကျော်ရှိသည့် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ရွာချောင်းကြီးကျေးရွာ၏ စာသင်ကျောင်းသစ်တွင် စာသင်ခုံများ မရှိသဖြင့် ကျောင်းသားများ စာသင်ကြားရန် အခက်ကြုံနေကြရသည်ဟု သတင်း ရရှိသည်။

BAJ ၏ အကူအညီဖြင့် ခေတ်မီ မူလတန်း ကျောင်းသစ် တစ်ဆောင်အား ရွာချောင်းကြီး ကျေးရွာတွင် များမကြာမီက ဆောက်လုပ်ပေးထားသော်လည်း စာသင်ခုံ တစ်ခုံမျှ မရှိသဖြင့် ကျောင်းသား ကျောင်းသူများ အနေဖြင့် သမံတလင်းပေါ်တွင် ထိုင်ပြီး စာသင်နေကြရသည်ဟု ဒေသခံ ကျောင်းသား မိဖများက ပြောသည်။

ရွာချောင်းကြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးသိန်းကျော်အား နိရဉ္စရာက ဆက်သွယ် မေးကြည့်ရာ စာသင်ခုံများ အထက်သို့ တင်ပြ တောင်းထားသော်လည်း ယခုထက်တိုင် မရောက်သေးကြောင်း ပြောဆိုသည်။

" စာသင်ခုံ မရှိတော့ ကျောင်းသားတွေ စာသင်ရတာ အခက်အခဲ ရှိနေတဲ့ အတွက် မြို့နယ် ပညာရေးမှူးရုံးကို တင်ပြထားပါတယ်။ အခုအချိန်ထိတော့ တစ်စုံတစ်ရာ အကြောင်း ပြန်ကြားတာ မရှိသေးပါ" ဟု ဆိုသည်။

စာသင်ခုံများ မရှိသဖြင့် ကျောင်းသား ကျောင်းသူများ အနေဖြင့် သမံတလင်းပေါ်တွင် ထိုင်ပြီး စာသင်ရသဖြင့် ကျောင်းသားများ အနေဖြင့် မကြာခဏ ဖျားနာမူများ ဖြစ်ပေါ်နေသည်ဟု ကျောင်းသား မိဖ တစ်ဦးကဆိုသည်။

" ကလေးတွေ မကြာခဏ ဖျားနာတာတွေတော့ ရှိပါတယ်။ သမံတလင်းပေါ်မှာ ထိုင်ပြီး တစ်နေ့လုံး စာသင်ရတော့ ကလေးတွေ ကျန်းမာရေး ထိခိုက်နေတာ အမှန်ပါဘဲ။ ဒါပေမယ့် ကျောင်းမတက်ရင် ပညာရေး ထိခိုက်နိုင်တာမို့ နေ့တိုင်း ကျောင်းသွားနေကြရတာပါဘဲ" ဟု ဆိုသည်။

ကျောင်းသူ ကျောင်းသားများ အတွက် စာသင်ခုံများ မရှိသည်သာမက ဆရာ ဆရာမများ အတွက်လည်း စားပွဲနှင့် ထိုင်ခုံများ မရှိဘဲ ဖြစ်နေသည်ဟု သိရသည်။

ရွာချောင်းကြီးကျေးရွာမှာ ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင် ကလေးဘ၀က နေထိုင်ခဲ့သော ကျေးရွာဖြစ်သဖြင့် အဆိုပါ BAJ ကျောင်းဆောင်သစ်အား ဆောက်လုပ်ပေးခြင်း ဖြစ်ကြောင်း၊ သို့သော်လည်း ကျောင်းသူ ကျောင်းသားများ အတွက် စာသင်ခုံ တစ်ခုံမှ မရှိသဖြင့် ပြည်နယ် ၀န်ကြီးချုပ် အနေဖြင့် စာသင်ခုံများ ဆက်လက် ကူညီ လှူဒါန်းပေးစေလိုကြောင်း ကျေးရွာသားများက ပြောဆိုသည်။

ရန်ကုန်မြို့ရှိ တောင်းရမ်းစားသောက် သူများအား သက်ဆိုင်ရာက စီမံချက်များဖြင့် ထိန်းသိမ်းမှုများ ပြုလုပ်နေ

ရန်ကုန်မြို့ရှိ တောင်းရမ်းစားသောက် သူများအား စီမံချက်များဖြင့် လိုက်လံဖမ်းဆီး ထိန်းသိမ်းမှုများ ပြုလုပ်နေသည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။

ရန်ကုန်မြို့၌ တောင်းရမ်းစားသောက်သူများ များပြားလာခြင်းကြောင့် ပုံမှန်စီမံချက်များအပြင် အထူးစီမံချက်များဖြင့်ပါ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာန ရဲတပ်ဖွဲ့ဝင်များက လိုက်လံထိန်းသိမ်း နေခြင်းဖြစ်ပြီး တွေ့ရှိပါက နာနတ်တော ထိန်းသိမ်းရေးစခန်းသို့ ဦးစွာပို့ဆောင်စေကြောင်း၊ နာနတ်တောစခန်းရောက်မှ စိစစ်ကာ အချို့ကလေးများအား မိဘများထံ ပြန်လည်အပ်နှံခြင်း၊ အချို့ကလေးများကို လူမှုဝန်ထမ်း ဦးစီးဌာန၊ သက်မွေးသင်တန်းကျောင်းများသို့ ပို့ဆောင်ခြင်း၊ အသက် ၁၈ နှစ်အထက်များကို ၀ါးနက်ချောင်း ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းသို့ ပို့ဆောင်စေခြင်းတို့ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

တောင်းရမ်းစားသောက်သူများတွင် စားဝတ်နေရေးအရ အလုပ်အကိုင်မရှိ၍ တောင်းရမ်းစားသောက် နေကြသူများလည်း ပါဝင်ပြီး ယင်းအထဲတွင် ကလေးများ၊ လူကြီးများ၊ အချို့ကျန်းမာရေး ချို့တဲ့သူများအပြင် ဒုက္ခိတ မသန်စွမ်းသူများလည်း ပါဝင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာန၏ ထုတ်ပြန်ခဲ့မှုများအရ သိရသည်။

သက်ဆိုင်ရာ ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်သော အသက် ၁၈ နှစ်အထက် တောင်းရမ်းစားသောက် သူများအား နောင်ယခုကဲ့သို့ မပြုလုပ်ရန် နှစ်သိမ့်ပညာပေး ဆွေးနွေးမှုများ ပြုလုပ်ပြီး ပြန်လွှတ်ပေးသော်လည်း ၎င်းတို့အား အစိုးရမှ အလုပ်အကိုင်ပေးနိုင်မှု နည်းပါးနေကြောင်း သိရသည်။

ပြီးခဲ့သည့် လေးနှစ်ခန့် အတွင်းက ရန်ကုန်မြို့တွင်းရှိ ဖမ်းဆီးထိန်းသိမ်းခဲ့သော အလုပ်လုပ်ကိုင်နိုင်သည့်အရွယ် တောင်းရမ်းစားသောက်သူ ၃၀ ကျော် ၄၀ ခန့်အား ရန်ကုန်မြို့တော်စ ည်ပင်သာယာရေး ကော်မတီတွင် သန့်ရှင်းရေး နေ့စားဝန်ထမ်းများအဖြစ် ခန့်အပ်ခဲ့ပြီး ယခုနောက်ပိုင်း၌ ခန့်အပ်မှု မရှိတော့ကြောင်း၊ အဆိုပါ ခန့်အပ်ခဲ့သူများမှာလည်း ယခုနောက်ပိုင်းတွင် လုပ်ငန်းခွင်မှ ထွက်ပြေးသွားခြင်းကြောင့် လက်ရှိမရှိတော့ကြောင်း သိရသည်။ ထို့အတူ လူမှုဝန်ထမ်း ဦးစီးဌာနရှိ သက်မွေးသင်တန်း ကျောင်းများတွင်လည်း ပညာသင်ကြားပေးမှုများသာရှိကာ ယင်းတို့အတွက် အလုပ်လုပ်ကိုင်ရန် စီစဉ်ပေးမှု နည်းပါးနေသည်ဟု သိရသည်။

ယခု ရန်ကုန်မြို့တွင် တောင်းရမ်းစားသောက်သူ များလာပြီး ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းတွင်လည်း ထိန်းသိမ်းထားရသူ ယခင်ထက် များလာခြင်းကြောင့် တောင်းရမ်းသူများအား ပထမအကြိမ် တွေ့ရှိပါက ထိန်းသိမ်းခေါ်ဆောင်ကာ ပြန်လွှတ်ပေးလိုက်ချိန်တွင် ဒုတိယအကြိမ် ထပ်မံတောင်းရမ်းခြင်းကို တွေ့ရှိပါက ဥပဒေအရ အရေးယူတော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

တောင်းရမ်းစားသောက်သူများအား ထိန်းသိမ်းပြီး ပြန်လွှတ်ပေးသော်လည်း စားဝတ်နေရေးအရ လုပ်စရာ အလုပ်အကိုင် မရှိခြင်းကြောင့် ယင်းအလုပ်သာ ပြန်လည်လုပ်ကိုင် နေရသည့် သူများအတွက်မူ ယင်းသို့အရေးယူရန် ထုတ်ပြန်ခြင်းက ဖိနှိပ်သည့် သဘောမျိုး ဖြစ်နေသည်ဟုလည်း လေ့လာသူအချို့က ပြောကြားသည်။

လှိုင်သာယာတွင် အသက်မပြည့်သေးသည့် မိန်းကလေးကို အဓမ္မပြုကျင့်ခဲ့သူ ရဲတစ်ဦးပါဝင်သည့် အဖွဲ့နှင့် ဆိုင်ကယ်ကယ်ရီသမား အဖွဲ့တို့ အပြန်အလှန် ရိုက်နှက်မှုဖြစ်ပွား

လှိုင်သာယာမြို့နယ်တွင် အသက်မပြည့်သေးသည့် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည့် ဒုတပ်ကြပ်တစ်ဦးပါ ရဲတပ်သားနှစ်ဦးနှင့် ဆိုင်ကယ်ကယ်ရီသမားပါ ငါးဦးတို့ အပြန်အလှန် ရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သြဂုတ် ၃၁ ရက် နံနက် ၂ နာရီခန့်တွင် လှိုင်သာယာမြို့နယ် ၂၀ ရပ်ကွက်၊ ဗိုလ်တေဇပတ်လမ်းနေ မ.....(၁၆) နှစ်သည် ခင်ပွန်းဖြစ်သူနှင့် စကားများရန်ဖြစ်ပြီး နေအိမ်မှဆင်းကာ အင်းစိန်မြို့နယ် တညင်းကုန်းလမ်းဆုံသို့သွားရန် ဆိုင်ကယ်ကယ်ရီမောင်းသူ ကုလား (ခ) သန်းဝင်းအောင်၏ ဆိုင်ကယ်ကို ငှားရမ်းခဲ့ကြောင်း သိရသည်။

"အိမ်ပေါ်ကနေ ယောက်ျားနဲ့ စကားများပြီးတော့ တညင်းကုန်းလမ်းဆုံကို ဆိုင်ကယ်ငှားတယ်။ ဆိုင်ကယ်ကို ရွှေပြည်သာတံတား အရောက်မှာ ရဲတစ်ယောက်ကတားပြီး ဓာတ်မီးဝယ်ဖို့ အကူညီတောင်းတယ်။ ဆိုင်ကယ်ကလည်း အဲဒီအချိန်မှာ စက်နှိုးလို့ မရတော့ဘူး။ ရဲဝတ်စုံနဲ့ ဆိုင်ကယ်မောင်းတဲ့သူတို့ ဆိုင်ကယ်ပျက်တဲ့ ကိစ္စနဲ့ စကားများပြီး ရဲကသစ်သားပြားနဲ့ ရိုက်ခဲ့တယ်။ ဆိုင်ကယ်မောင်းတဲ့ သူကလည်း ဆိုင်ကယ်တွန်းပြီး ပြန်သွားတယ်" ဟု မ.....က စက်တင်ဘာ ၁ ရက် မွန်းလွဲပိုင်းတွင် ပြောကြားသည်။

ထို့နေ့တွင် မ.....မှာ အရက်သောက်ပြီး အနည်းငယ်မူးနေကြောင်း သိရပြီး ဆိုင်ကယ်ကယ်ရီမောင်းသူ ထွက်သွားပြီးနောက် မ.......မှ တစ်ဦးတည်း ရဲကင်းတွင် ကျန်ခဲ့ကာ ရေဆာသဖြင့် ရဲကင်းထဲဝင်ကာ ဒုတပ်ကြပ်ဖြစ်သူ ၀င်းဌေးဆီမှ ရေတောင်းသောက်ခဲ့ကြောင်း၊ ထိုအချိန်တွင် မ.....အား ဒုတပ်ကြပ် ၀င်းဌေးမှ ရဲကင်းအောက်ထပ်တွင် အလိုမတူဘဲ သားမယားပြုကျင့်ခဲ့ကြောင်း သိရသည်။

မ.....အား အဓမ္မပြုကျင့်နေစဉ် မ.....ကို တင်ဆောင်လာသော ဆိုင်ကယ်ကယ်ရီးသမား ပါဝင်သည့် အဖွဲ့တို့ ရောက်လာသံ ကြားရကြောင်း၊ အဓမ္မပြုကျင့်သူ ရဲဒုတပ်ကြပ်နှင့်ရဲနှစ်ဦး ထွက်သွားပြီး စကားပြောဆိုသံများ ကြားရပြီး အပြန်အလှန်ရိုက်နှက်သံများ ကြားရကြောင်း မ.....က ပြောကြားသည်။

၎င်းဖြစ်စဉ်ကြောင့် ကယ်ရီသမားပါ ငါးဦးအား လှိုင်သာယာမြို့မရဲစခန်းက အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးနေကြောင်းနှင့် ထို့အပြင် အဓမ္မပြုကျင့်ခဲ့သည့် ရဲဒုတပ်ကြပ် ဌေးဝင်းအား (ပ) ၉၈၂/၁၃ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးစစ်ဆေးလျက်ရှိကာ ကျန်ရဲတပ်သားနှစ်ဦးအား မြို့နယ်ရဲစခန်းသုံးခုမှ တာဝန်ရှိသူများ ခုံရုံးဖွဲ့ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သတ်မှတ်ပညာပေးကာလ ပြည့်သွားသဖြင့် တရားမ၀င် မှောင်ခိုကုန်သွယ် သူများအား ထောင်ဒဏ်သုံးနှစ်အထိ အပြစ်ပေးနိုင်မည့် ပို့ကုန်သွင်းကုန် ဥပဒေနှင့် စတင်အရေးယူမည်

တရားမ၀င် မှောင်ခိုကုန်သွယ်နေမှုများ ယခင်က ဒဏ်ကြေးသာ ပေးဆောင်စေသည့် ပင်လယ်ရေကြောင်း ဥပဒေဖြင့် အရေးယူခဲ့ပြီး ထောင်ဒဏ်သုံးနှစ်အထိ အပြစ်ပေးနိုင်မည့် ပို့ကုန်သွင်းကုန် ဥပဒေဖြင့် စတင်အရေးယူ ဖမ်းဆီးမှုအား စတင်ပြုလုပ်နေကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမှ စက်တင်ဘာ ၁ ရက်က သိရသည်။

တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ အနေဖြင့် မှောင်ခိုကုန်သွယ်မှုများအား စတင်ဖမ်းဆီးခဲ့သည့် ကာလမှ လက်ရှိအချိန်အထိ ကျပ်သန်းခြောက်ထောင်ကျော်အထိ ဖမ်းဆီးမိခဲ့ပြီး မှောင်ခိုကုန်သွယ်မှုများအား ပိုမိုတင်းကျပ်စွာ ဖမ်းဆီးနိုင်ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့် အရေးယူနိုင်ရန် အစိုးရအဖွဲ့ အပါအ၀င် တာဝန်ရှိသူများထံ တင်ပြခဲ့ကာ ခွင့်ပြုချက် ရရှိခဲ့သဖြင့် သြဂုတ် ၁၂ ရက်မှ ၃၁ ရက်အထိ ပညာပေးကာလအဖြစ် သတ်မှတ်ခဲ့ပြီး စက်တင်ဘာ ၁ ရက်မှ စတင်ကာ ထောင်ဒဏ်သုံးနှစ်အထိ အပြစ်ပေးနိုင်မည့် ပို့ကုန်သွင်းကုန် ဥပဒေနှင့် အရေးယူမည်ဖြစ်သည်။

ပညာပေး ကာလအတွင်း တရားမ၀င် တင်ဆောင်လာသည့် အရက်၊ ဘီယာများနှင့် ID အလွဲအပို၊ CO အလွဲအပိုများဖြင့် တင်ဆောင်လာမှုများ ဖမ်းဆီးခဲ့မိပြီး ခွင့်ပြုချက်မရှိသည့် သွင်းကုန်များအား ဖမ်းဆီးကာ ID အလွဲအပို၊ CO အလွဲအပိုများဖြင့် တင်ဆောင်လာသည့် သွင်းကုန်များကိုမူ ဒဏ်ကြေးသာ ပေးဆောင်စေခဲ့ကြောင်း သိရသည်။

"တရားမ၀င် မှောင်ခိုတင်သွင်းတဲ့ သူတွေကို စတင်ဖမ်းဆီးတော့ အစိုးရအဖွဲ့ အနေနဲ့ ၂၀၁၂ ပို့ကုန်သွင်းကုန် ဥပဒေနဲ့ အရေးယူရင် ပြစ်ဒဏ်က အရမ်းပြင်းထန် နေမလားဆိုပြီး ဒဏ်ကြေးပဲ ပေးဆောင်စေရမယ်လို့ ပြဋ္ဌာန်းထားတဲ့ ပို့ကုန်သွင်းကုန် ဥပဒေနဲ့ပဲ အရေးယူစေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မှောင်ခိုကုန်သွယ်မှုက ဖမ်းနေတဲ့ကြားမှာပဲ မြင့်တက်လာနေပြီး  တရားဝင် လိုင်စင်နဲ့ ကုန်သွယ်မှု အရမ်းနည်းလာတဲ့အတွက် ပို့ကုန်သွင်းကုန် ဥပဒေနဲ့ စတင်အရေးယူဖို့ အစိုးရအဖွဲ့ ခွင့်ပြုချက် ရယူခဲ့ပြီး မှောင်ခိုကုန်သွယ်သူတွေကို အရေးယူဖို့ စီစဉ်ရတာပါ" ဟု တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ဆိုသည်။

၁၅၀ဝ တန်ဖုန်းဆင်းကဒ် မဲပြဿနာများဖြစ်ပေါ်နေ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ခွဲတမ်းဖြင့်ရောင်းချနေသော ၁၅၀ဝ တန် ဆင်းမ်ကဒ် မဲနှိုက်စနစ်ကြောင့် ဆင်းမ်ကဒ်မှောင်ခိုဈေးကွက် တဖြည်းဖြည်းအရှိန်မြင့်လာပြီး ပြဿနာများဖြစ်ပေါ်နေသည်ဟု သိရသည်။

အဆိုပါ ဆင်းမ်ကဒ် မဲပေါက်သူအများစုသည် အသုံးပြုရန်မဟုတ်ပဲ ဈေးနှုန်းမြင့်မြင့် တဆင့်ပြန်လည် ရောင်းချနေပြီး ဆင်းမ်ကဒ်တစ်ခုကို ကျပ် ၉ သောင်းမှ ၁ သိန်း ၂ သောင်းအထိ ဈေးပေါက်နေသည်ဟု သံဖြူဇရပ် မြို့ခံတစ်ချို့က ပြောသည်။

သံဖြူဇရပ်မြို့ခံတဦးက "လိုသလောက် မပေးတဲ့ အတွက်ကြောင့် အောက်ခြေလူတန်းစားတွေက သူတို့အသုံးပြုဖို့အတွက် တန်းစီတာမဟုတ်ဘူး ၊မဲပေါက်ရင် ဘယ်လောက်မြတ်မလဲ၊ အလုပ်မလုပ်ပဲ အချိန်ကုန်ခံပြီး တန်းစီနေကြတယ်"ဟု ပြောသည်။

ဆင်းမ်ကဒ်မဲနှိုက်ရောင်းချပေးသည့် မြို့နယ်၊ ရပ်ကွက် ၊ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့်လည်း မသမာမှုများရှိနေပြီး ယခုကဲ့သို့ပြဿနာများရင်ဆိုင်နေရသည်ဟု သူကဆက်ပြောသည်။

သံဖြူဇရပ်မြို့နေ ဒေါ်ခင်စိန်က "တန်ဖိုးနည်းဆင်းမ်ကဒ် ဆိုတော့ ရချင်တာပေါ့နော်။ တကယ်လိုအပ်တဲ့ သူတွေကျတော့ လွယ်လွယ်နဲ့မရနိုင်ကြဘူး"ဟုပြောသည်။

အစိုးရမှ အကန့်အသတ်ဖြင့်ထိန်းချုပ်နေသမျှ ကာလပတ်လုံး သတ်မှတ်နှုန်းအတိုင်း မဝယ်ယူနိုင်သည့် ပြဿနာများ ဆက်ရှိနေမည်ဟုလည်း မိုဘိုင်းလုပ်ငန်းရှင် တစ်ချို့ကပြောသည်။

ထို့အပြင် ဌာနဆိုင်ရာဝန်ထမ်းများအတွက် ဆင်းကဒ်များကို မြို့နယ်အုပ်ချုပ်ရေးမှူးများကစိတ်ကြိုက်ခွဲတမ်း သတ် မှတ်ပေးခဲ့သည်ကို လေ့လာတွေ့ရှိရသည်။

ဘုရားသုံးဆူမြို့ခံတစ်ဦးက "ပြီးခဲ့တဲ့လက ဘုရားသုံးဆူအတွက် ဆင်းကဒ် ၂၀ဝ ရောက်လာတာ ဌာနဆိုင်ရာဝန်ထမ်းအတွက် ၈၀ ကဒ်ယူလိုက်တယ်၊ ဝန်ထမ်းဆိုပြီး အခွင့်ထူးခံတာမျိုးဖြစ်နေတယ်" ဟု ပြောသည်။

မွန်ပြည်နယ်တွင် ၅ ကြိမ်မြောက် မိုဘိုင်းဆင်းကဒ်များကို သြဂုတ်၂၃ရက်အထိ ဆက်လက်ရောင်းချသော်လည်း ယခုချိန်အထိ အောက်ခြေပြည်သူများ ရရှိခြင်းမရှိသည်မှာ မဖြစ်သင့်ကြောင်း၊ ဌာနဆိုင်ရာအချို့ တွင် ရာထူးကြီးစဉ်ငယ်လိုက်ပေးခြင်းမှာ မမှန်ကန်ကြောင်း၊ မိသားစုတစ်ခုတည်းသာ မဲပေါက်နေခြင်းသည် မဖြစ်သင့်ဟု မွန်ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါက်တာခင်မောင်သွင်က ပြောကြားခဲ့သည်။

စာရင်းစစ်ဝန်ထမ်းအား သေနတ်ဖြင့် ပစ်သောတပ်ထိန်းကို လူသတ်မှုဖြင့် အမှုဖွင့်

ရန်ကုန်- စာရင်းစစ်ဝန်ထမ်းတစ်ဦးအား သေနတ်ဖြင့်ပစ်သတ်ခဲ့သော တပ်မတော်တပ်ထိန်းတစ်ဦးကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားသည်ဟု ပူတာအိုမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသာဇော်ကပြောသည်။

ထို့အပြင် သက်ဆိုင်ရာ တပ် ကလည်း စုံစမ်းစစ်ဆေးရေးခုံရုံး ဖွင့်၍ စစ်ဆေးနေကြောင်း သတင်း ရရှိသည်။

"တပ်ကစုံစမ်းစစ်ဆေးပြီး ရင်လွှဲပေးရတယ်။ တပ်ကဆိုတော့ စစ်ဘက်ရော၊ အရပ်ဘက်ရော နှစ်မျိုးလုံးနဲ့အရေးယူရပါ တယ်"ဟု ရဲမှူးသာဇော်က ဆိုသည်။

သြဂုတ် ၂၇ ရက်က ပူတာအိုမြို့စားသောက်ဆိုင်တစ်ဆိုင် တွင် စာရင်းစစ်ဝန်ထမ်းတစ်ဦးအား တပ်ထိန်းတပ်မှ ဒုတပ်ကြပ်တစ်ဦးက သေနတ်ဖြင့် ပစ်သတ်ခဲ့မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

"ပစ္စတိုနဲ့ပစ်သတ်သွားတာ၊ သေတဲ့သူက အရက်မသောက်ထားဘူးလို့ သိရတယ်""ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပူတာအိုခရိုင်တာဝန်ခံဦးယောဆီက ပြောသည်။

သေဆုံးသွားသူသည် မန္တလေးမြို့မှဖြစ်ပြီး ပူတာအိုစာရင်းစစ်ရုံးတွင် တာဝန်ကျသည်မှာ မကြာသေးဟုလည်း ဒေသခံများကဆိုသည်။

"စုံစမ်းစစ်ဆေးဆဲ ကာလဖြစ်တော့ ဖြစ်စဉ်အသေးစိတ်ကိုတော့ ထုတ်ပြန်ပေးလို့မရသေးပါဘူး"ဟု ရဲမှူးသာဇော်က ပြောကြားသည်။

7Day News Journal

ကန့်ဘလူအကြမ်းဖက်မှုတွင် သံသယရှိသူ ၁၁ဦးကို ရွှေဘိုအကျဉ်းထောင် တွင် စတင်စစ်ဆေးပြီ

ကန့်ဘလူ အကြမ်းဖက်မှုတွင် ပါဝင်ပတ် သက်သူဟု သံသယရှိသူ ၁၁ဦး ကို ရွှေဘိုအကျဉ်းထောင်တွင် စ တင် စစ်ဆေးနေပြီဖြစ်ကြောင်း မြန် မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
ယင်း အပြင် စစ်ဆေးနေသူ များထံမှ ထပ်မံသိရှိရသည့် အ ကြောင်းအရာများနှင့်ပတ်သက် ၍ ကျန်ရှိသည့် သင်္ကာမကင်းသူ များကို ထပ်မံဖမ်းဆီးသွားရန် အစီအစဉ်များရှိကြောင်းလည်း သိရသည်။

ယင်းနှင့်ပတ်သက်၍ ရဲတပ် ဖွဲ့ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦး က ''ကန့်ဘလူမြို့က လူတွေပါ။ အမျိုးသားတွေ ချည်းပဲ။ သူတို့ ကိုတော့ စစ်ဆေးနေတယ်။ ဒါ ပေမဲ့ ကျွန်တော်တို့က သက်သေ အထောက်အထား ခိုင်လုံအောင် လုပ်ရသေးတယ်။ အကြမ်းဖက်မှု တွေမှာ ပါဝင်ပတ်သက် တဲ့သူတွေ လို့တော့ လောလောဆယ်ယူဆ လို့ ဖမ်းထားပြီး စစ်နေတာပါ''ဟုပြောသည်။

ယင်းကဲ့သို့ အကြမ်းဖက်မှု တွင် ပါဝင်ပတ်သက်သူများကို ဖမ်းဆီးထားခြင်းနှင့် ပတ်သက် ၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ တာဝန်ရှိသူက ''ကျွန်တော် တို့အနေနဲ့ကတော့ ဒီလိုအကြမ်း ဖက်မှု လုပ်ရပ်တွေ ထပ်မံမဖြစ် ပွားအောင် ကာကွယ်နေပါတယ်။ ဒီလောက်ပဲ ပြောလို့ရမယ်''ဟု ပြောသည်။

ဩဂုတ်၂၄ရက်က စစ်ကိုင်း တိုင်း ကန့်ဘလူအကြမ်းဖက်မှု ကြောင့် နေအိမ် ၃၉လုံး၊ ဈေး ဆိုင် သုံးခန်း၊ ကြက်ခြံတစ်ခြံ မီး လောင်ပျက်စီးပြီး နေအိမ်သုံး လုံး၊ ဈေးဆိုင် ၁၂ခန်း၊ ဆောက် လုပ်ရေးပစ္စည်းဆိုင် သုံးဆိုင်တို့ ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။ ထို့နောက် ပုဒ်မ-၁၈၈ထုတ်ပြန် ကာ အခြေအနေကို ထိန်းသိမ်းခဲ့ ကြောင်း သိရသည်။

ကျော်မြတ်ဇံ ၊သြဂုတ်(၃၁) ရန်ကုန်တိုင်းနေ့စဉ်သတင်းစာ
Yangon Media Group

မြန်မာတပ်တွေတပ်စွဲဖို့ ကြိုးစားလို့ အိန္ဒိယဘက်ကစိုးရိမ်

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်နဲ့ နယ်နမိတ်ခြင်း ထိစပ်နေတဲ့ အိန္ဒိယ-မြန်မာ နယ်စပ်မှာ မြန်မာစစ်တပ်ဘက်က ယာယီစစ်စခန်း လာဆောက်နေတာနဲ့ ပတ်သက်ပြီး အိန္ဒိယဖက်က စိုးရိမ်မှုတွေ ရှိနေပါတယ်၊ မိုင် ၂၄၇ မိုင်ရှည်လျားတဲ့ မြန်မာနိုင်ငံနဲ့ မဏိပူရပြည်နယ် နယ်စပ်ကို အတိအကျ နယ်စပ်စည်း
သတ်မှတ်နိုင်ဖို့ အတွက်လည်း အိန္ဒိယနဲ့မြန်မာ အစိုးရကြားမှာ ဆွေးနွေးနေကြတယ်လို့ သိရပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ် စည်းမျဉ်းအနီးမှာတည်ရှိတဲ့ ဟိုလမ်ဖိုင် ( Haolenphai) ဆိုတဲ့ ကျေးရွာလေးမှာ မြန်မာတပ်တခုက ယာယီစစ်စခန်းတခု တည်ဆောက်ဖို့ ပြင်ဆင်နေတဲ့အတွက် ဟိုလမ်ဖိုင်ကျေးရွာသူကြီးနဲ့ ရွာသူရွာသားတွေက အိန္ဒိယနိုင်ငံ မဏိပူရ၊ မိုရေးနဲ့ အာသံဒေသအာဏာပိုင်တွေကတဆင့် အိန္ဒိယအစိုးရကို ဟန့်တားပေးဖို့ အရေးဆိုခဲ့ကြပါတယ်။ နှစ်နိုင်ငံ နယ်စပ်မျဉ်း အတိအကျ မသတ်မှတ် နိုင်သေးတဲ့ အငြင်းပွားဖွယ်ရာ ဒီနယ်စပ်နားမှာ မြန်မာစစ်တပ်က စခန်း လာဆောက်ဖို့ပြင်နေတာနဲ့ပတ်သက်ပြီး အိန္ဒိယသတင်းစာတွေမှာလည်း အကျယ်တဝင့်ရေးသားဖော်ပြကြပါတယ်။

မဏိပူရပြည်နယ်တာဝန်ရှိသူတွေကလည်း ဗဟိုအစိုးရကို အရေးယူပေးဖို့ အကြောင်းကြားခဲ့တယ်လို့ အိန္ဒိယမဏိပူရနယ်စပ်အရေးကို အနီးကပ် စောင့်ကြည့်နေတဲ့  အိန္ဒိယနိုင်ငံ အခြေစိုက် ဒေါက်တာတင့်ဆွေက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

"ဒီမဏိပူရ် နိုင်ငံရေးအသိုင်းအဝိုင်းကနေပြီးတော့ သူတို့ပြည်နယ်အစိုးရကို ဒီလိုမျိုး မလုပ်အောင် တောင်းဆိုတာတွေတော့ ရှိပါတယ်။ ရှိတော့ ဒီကိစ္စကို နှစ်နိုင်ငံက ထိုင်ပြီးတော့ ရင်ဆိုင်ဖြေရှင်းဖို့လိုတယ်ဆိုပြီးတော့ နိုင်ငံရေးဘက်က အကြံပြုချက်တွေလည်း ရှိပါတယ်။ ဒီသတင်းက မဏိပူရ် သတင်းစာတွေက စရေးတာ၊ မဏိပူရ်က ဒေသခံနိုင်ငံရေးပါတီတွေကနေပြီးတော့ သူတို့အစိုးရကိုပြောတာပေါ့။ ဗမာတပ်တွေက ဒီရွာ၊ ဒီရွာတွေမှာ ဝင်ပြီးတော့ တပ်စွဲတယ်ဆိုပြီးတော့ ပြောတယ်။ အဲ့ဒီ့နောက်ပိုင်း နှစ်ရက်လောက်နေပြီးတဲ့နောက်ပိုင်းမှာ ဗဟိုအစိုးရပေါ့နော်။ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောတာက ဟာ အဲ့လိုမဟုတ်ဘူး။ ဗမာတပ်တွေ ကျူးကျော်တယ်ဆိုတာ Incursion။ Intrusion မဟုတ်ဘူးလို့ပြောတယ်။ ဘာကြောင့်လည်းဆိုတော့ နယ်စပ်မှတ်တိုင်တွေက ပျောက်နေတဲ့ နေရာတွေရှိပြီးတော့ အခုနေရာဟာ နှစ်နိုင်ငံ သဘောတူသတ်မှတ်ခြင်း၊ မလုပ်ရသေးတဲ့ နေရာသာ ဖြစ်တယ် ဆိုပြီးတော့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒါကို လျော့ချပြီးတော့ ပြောတဲ့သဘောရှိတယ်ခင်ဗျ။"

အိန္ဒိယဖက်က နယ်စပ်လုံခြုံရေးကို တာဝန်ယူထားတဲ့ အာသံ Rifle တပ်ကတော့ မြန်မာဘက်က ခုလို လာပြီး တပ်စွဲဖို့ ပြင်နေတဲ့အပေါ်မှာ နားလည်မှုလွဲတာလို့ပြောပြီး သိပ်အရေးမကြီးတဲ့ပုံ လုပ်ခဲ့တယ်လို့ အိန္ဒိယသတင်းတခုမှာ ဖော်ပြပါတယ်။ အိန္ဒိယနိုင်ငံဘက်က နယ်စပ်အရေး တင်းမာမှုမဖြစ်အောင် နှစ်နိုင်ငံ ချစ်ကြည်ရေး မပျက်အောင် ကြိုးစားဆောင်ရွက်နေကြတဲ့ သဘောရှိတယ်လို့ ဒေါက်တာတင့်ဆွေက ထောက်ပြပြောဆိုပါတယ်။

" အဲ့ဒီ့နေရာက အိန္ဒိယဘက်ကဆိုရင် အာသံ Rifleလို့ခေါ်တဲ့ အာသံတပ်အဖွဲ့ တာဝန်ရှိတဲ့နေရာပေါ့နော်။ အဲ့ဒီ့နေရာမှာဖြစ်ပြီးတော့ ဗမာတပ်က ဝင်ပြီးတော့ နေတယ်ဆိုပြီးတော့ နိုင်ငံရေးဘက်ကနေ ထောက်ပြတာဖြစ်ပြီးတော့ လုံခြုံရေးဘက်ကတော့ ရင်ဆိုင်မှုသဘောမျိုး မရှိသလို၊ နှစ်နိုင်ငံဆက်ဆံရေးမှာလည်း ဒီဟာကို ကြီးကြီးကျယ်ကျယ်မဖြစ်အောင် ထိန်းသိမ်းတဲ့သဘောရှိတယ်ခင်ဗျ။"

အိန္ဒိယနဲ့ မြန်မာ နှစ်နိုင်ငံကြား မိုင် ၁ ထော်ကျော် ရှည်လျားတဲ့ နယ်စပ်မှာ တချို့နေရာတွေကို အတိအကျ နယ်နိမိတ် သတ်မှတ်နိုင်ခြင်း မရှိတဲ့အတွက် မြန်မာနဲ့ အိန္ဒိယ အစိုးရကြားမှာ ဆက်ပြီး ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်ပါတယ်။ ၂ နိုင်ငံကြား တရားဝင်နယ်မြေပိုင်နက်ကို တိတိကျကျ မသတ်မှတ်နိုင်သေးသရွေ့ ဒီလိုမျိုး အငြင်းပွားစရာနယ်မြေပိုင်ဆိုင်မှုကိစ္စတွေ ပေါ်ပေါက်လာနိုင်ခြေ ရှိလာတယ်လို့လည်း ဒေါက်တာတင့်ဆွေက သုံးသပ်ပါတယ်။

"ဒီနိုင်ငံတကာ နယ်နမိတ်မှာတော့ ဖြတ်ကျော်တဲ့ကိစ္စတွေ၊ ပြဿနာတွေကတော့ ရှိနိုင်သေးတယ်။ နောင်လည်း အသစ်တွေ ရှိနိုင်သေးတယ်။ ဘာကြောင့်လည်းဆိုတော့ နှစ်နိုင်ငံ နယ်နမိတ် သတ်သတ်မှတ်မှတ် မသတ်မှတ်ရသေးသရွေ့ ဒီပြဿနာတွေက ရှိနိုင်တယ်။ အဲ့ဒီ့နေရာက ဟိုနိုင်ငံ၊ ဒီနိုင်ငံ နယ်စပ်မှာရှိတော့ အိန္ဒိယဘက်က တကယ်ပိုင်သလား၊ ဗမာနိုင်ငံက တကယ်ပိုင်သလားဆိုတာတော့ နှစ်နိုင်ငံစလုံးကိုက သဘောတူညီချက် မရှိသေးဘူး။ ဒေသမှာ နေတဲ့သူတွေကတော့ အိန္ဒိယဘက်က မဏိပူရ်ဘက်က လူမျိုးတွေ နေကြတာများတယ်။ ဗမာတွေလည်း နေကြတာရှိတယ် ပေါ့လေ။ ဒါကတော့ နှစ်နိုင်ငံ နယ်စပ်တကြောမှာ ရှိတဲ့ မြို့တွေ၊ ရွာတွေက တော့ ထုံးစံအတိုင်းပါပဲ။"

အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြား ဆက်သွယ်မယ့် လမ်းဖောက်လုပ်ရေးစီမံကိန်းတွေ၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့လည်းရှိနေတဲ့အတွက် နှစ်နိုင်ငံ ဆက်ဆံရေးမပျက်အောင်တော့ ဒီနယ်စပ်ကိစ္စကို ပြေလည်အောင် ဖြေရှင်းနိုင်ခြေရှိတယ်လို့ ဒေါက်တာတင့်ဆွေကပြောပါတယ်။ မဏိပူရဘက်က နယ်စပ်ကိစ္စ နိုင်ငံရေးအရ ဖိအားပေးလာတဲ့ အနေအထားကိုလည်း သူက အခုလိုသုံးသပ်ပါတယ်။

" အခုက အိန္ဒိယဒေသခံတွေက စွတ်စွဲသလိုပဲ၊ ဗမာစစ်တပ်က လာတာဖြစ်ချင်လည်းဖြစ်မယ်။ ဗမာဘက်က သူတို့ဘက်က ပိုင်တယ်ပြောတာလည်း ဖြစ်ချင်ဖြစ်မယ်။ သို့သော် ဒီဟာအပေါ်မှာ ညှိနှိုင်းဖြေရှင်းပြီးတော့ ယူကြရမယ့်ကိစ္စဖြစ်တယ်။ နောင်လည်းပဲပေါ့လေ။ အလားတူဖြစ်ဖြစ် အသစ်အဆန်းပဲဖြစ်ဖြစ် နိုင်ငံတကာ နယ်နမိတ်မှာ ဖြစ်နေကြသဘောဖြစ်ပါတယ်။ ဒါပေမဲ့လို့ အိန္ဒိယ-မြန်မာ ဆက်ဆံရေးကြည့်လို့ရှိရင်တော့ အိန္ဒိယ-တရုတ် ဆက်ဆံရေး၊ အိန္ဒိယ-ပါကစ္စတန် ဆက်ဆံရေး နဲ့ မတူဘဲနဲ့ အိန္ဒိယ-မြန်မာ ဆက်ဆံရေးကတော့ အပြုသဘော၊ အကောင်းသဘောကို ဦးတည်ပြီးတော့ ရန်လိုတဲ့သဘောတွေ နှစ်ဘက်စလုံးက မရှိတာဖြစ်တဲ့အတွက် ကျနော်တို့ အများကြီးတော့ စိုးရိမ်သောကဖြစ်စရာမရှိဘူးလို့ ရေရှည်မှာ ကျနော်မြင်ပါတယ်ခင်ဗျ။"

အိန္ဒိယနဲ့ မြန်မာနိုင်ငံကြား နယ်မြေ တိုင်းတာ သတ်မှတ်တဲ့လုပ်ငန်းတွေ အဆုံးမသတ်သရွေ့ အဆောက်အအုံ၊ သင်္ကေတ၊ အမှတ်အသားတွေကို မပြုလုပ်ကြဖို့ နှစ်ဦးနှစ်ဘက် သဘောတူညီထားတာရှိတယ်လို့ အိန္ဒိယဘက်ကလာတဲ့ သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

မဆုမွန် (ဗွီအိုအေ)


မလေးရှားနိုင်ငံမှာ မြန်မာ၂၀၀ နီးပါး ထပ်မံအဖမ်းခံရ

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ တရားမ၀င်နေထိုင်သူတွေကို ဖမ်းဆီးတဲ့စီမံချက် ဒီကနေ့စတင်ခဲ့ရာ မြန်မာနိုင်ငံသား ၂၀၀နီးပါး အဖမ်းခံရတယ်လို့ သိရပါတယ်။

အဖမ်းခံရသူတွေထဲမှာ ချင်းတိုင်းရင်းသား ၁၀၀ ခန့်ပါဝင်ပြီး သူတို့ဟာ ခရစ်ယန်ဘာသာဝင်တွေမို့ တနင်္ဂနွေနေ့ ဘုရားကျောင်းကိုအလာမှာ အဖမ်းခံရတာဖြစ်ပါတယ်။

ကွာလာလမ်ပူမြို့ နေရာ ၃နေရာလောက်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး စောစောပိုင်းမှာ နိုင်ငံကူးလက်မှတ် စစ်ဆေးမူတွေလုပ်သလို နိုင်ငံကူးလက်မှတ် မိတ္တူကိုင်ဆောင်ထားသူတွေရဲ့ လက်မှတ်တွေကိုလည်း စစ်ဆေးတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ စစ်ဆေးပြီး လက်မှတ်မပါသူတွေ၊ လက်မှတ်အတုကိုင်သူစတဲ့ သူတွေကို ဖမ်းတာဖြစ်ပါတယ်။ အဖမ်းခံရသူတွေကို လော်ရီကားတွေနဲ့ တင်သွားတယ်လို့ ကွာလာလမ်ပူမြို့ သွေးလှူအဖွဲ့က ကိုသက်က ပြောပါတယ်။

"လော်လီကား အရှည်ကြီး ၅ စင်းလောက်နဲ့ လူတွေကို မတ်တပ်ရပ်ပြီး အပြည့်တင်သွားတယ်၊ ကျနော့်အထင်တော့ တစ်စီးကို ၆ဝ လောက်တော့ပါလိမ့်မယ်၊ ဗမာရော၊ ဘင်္ဂလားရော၊ နီပေါရော အကုန်ရောနေတာပေါ့"

အဲဒီဖမ်းဆီးမှုတွေမှာ မြန်မာနိုင်ငံသား ၇၀ ကျော်လောက်ပါနိုင်တယ်လို့ မလေးရှားနိုင်ငံရောက် မြန်မာတချို့ကပြောပါတယ်။ ဘုရားရှိခိုးကျောင်းမှာ အဖမ်းခံရတဲ့ ချင်းတိုင်းရင်းသားတွေကို ဒီကနေ့ Miharja မှာ ဖမ်းခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ၃၀ ခန့်က ၀င်ဖမ်းတာဖြစ်ပါတယ်။

ကလေးတွေနဲ့ မိခင်တွေကိုတော့ မဖမ်းပဲ ကျန်သူတွေကို လော်ရီကား ၂ စီး နဲ့ တင်သွားတယ်လို့ Chinland Guardian သတင်းစဉ်မှာဖေါ်ပြပါတယ်။

RFA Burmese