Tuesday, April 23, 2013

အမရပူရမြို့နယ် လင်းဇင်းကုန်း သုဿာန်အတွင်းရှိ ထိုင်းဘုရင်ဟောင်း၏ အုတ်ဂူဘေးတွင် အယုဒ္ဓယကျေးရွာ တည်ဆောက်ရန် အစီအစဉ်ရှိဟုသိရ


4.22.5

ပြန်လည်တူးဖော်မှုများ ပြုလုပ်လျက်ရှိသော ထိုင်းဘုရင်ဟောင်း၏ အုတ်ဂူအား တွေ့ရစဉ်

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဆင်စွယ်ပွတ်တန်း ရပ်ကွက်အတွင်းရှိ ထိုင်းဘုရင်ဟောင်း၏ အုတ်ဂူဘေးတွင် အယုဒ္ဓယကျေးရွာ တည်ဆောက်ရန် အစီအစဉ်ရှိကြောင်း သုတေသန ပြုလုပ်နေသည့် အဖွဲ့ထံမှ သိရသည်။

ဧပြီလ ၄ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ တစ်ခုတွင် ထိုသို့အယုဒ္ဓယ ကျေးရွာတည်ဆောက်သွားရန် စီစဉ်ခဲ့ကြကြောင်းကို ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားချက်အရ သိရသည်။

ထိုင်းဘုရင်ဟောင်း ဒေါက်မဒူဝါ၏ အုတ်ဂူဖြစ်ကြောင်း အထောက်အထား အခိုင်အမာရရှိရန် ထိုင်းနိုင်ငံ Thai Design Comso rtuin Co.Ltd မှ အဖွဲ့ခေါင်းဆောင် Vichit Chinalai၊ ဗိသုကာ အင်ဂျင်နီယာ Noon အပါအ၀င် ထိုင်းနိုင်ငံသား ခုနှစ်ဦးနှင့် ထိုင်းရှေးဟောင်း သုတေသန ပညာရှင်များ ပါဝင်သော တူးဖော်ရေးအဖွဲ့နှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန (မန္တလေးဌာခွဲ)မှ မြန်မာပညာရှင်များ ပါဝင်ကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ စတင်၍ ရှာဖွေတူးဖော်မှုများ ဆောင်ရွက်ခဲ့ရာ မတ်လ ၁၃ ရက်နေ့က အုတ်ဂူအတွင်းမှ မှန်ပန်းချီ၊ အရိုးအိုးနှင့် အထောက်အထားအချို့ တွေ့ရှိခဲ့ပြီး ဆက်လက် ရှာဖွေမှုများ ပြုလုပ်ခဲ့ရာတွင် ထူးခြားသော (Site plan) ကုန်းတစ်ကုန်းကို ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

အုတ်ဂူတူးဖော်မှုတွင် ပထမအဆင့် ပြီးဆုံးသွားပါက ဒုတိယအဆင့် ပြန်လည်စတင်သည့် အချိန်တွင် ထိုင်းဘုရင်၏ အုတ်ဂူဘေး၌ အယုဒ္ဓယကျေးရွာ တည်ဆောက်သွားရန်အတွက် နှစ်နိုင်ငံ အစိုးရအချင်းချင်း ညှိနှိုင်းမှုများ ပြုလုပ်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မစ္စတာ ဗီချစ်ချီနာလိုင်က ပြောဆိုခဲ့သည်။

ထိုင်းဘုရင်ဟောင်း၏ အုတ်ဂူတူးဖော်မှုများကို သင်္ကြန်ကာလအတွင်း ရပ်နားထားခဲ့ပြီး ဧပြီလကုန်တွင် တူးဖော်မှုများကို ဆက်လက်လုပ် ဆောင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။ 

ပြည်မြို့လယ်ခေါင် တိုက်ခန်းတွင် ပစ္စည်းယူ လူသတ်မှုဖြစ်ပွား

ပြည်မြို့လယ်ခေါင် တိုက်ခန်းတွင် ပစ္စည်းယူ လူသတ်မှုဖြစ်စဉ်တစ်ခု ဧပြီလ ၂၁ ရက်နေ့ ည ၉ နာရီခွဲ အချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြည်မြို့၊ လမ်းမတော်လမ်း မီးရထားတိုက်တန်းရှိ အောင်ပိုင်ဖြိုး နာရီနှင့် တူရိယာအရောင်းဆိုင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးခဲ့သူမှာ ယင်းနာရီဆိုင် တိုက်ခန်းတွင် နေထိုင်သော ပိုင်ရှင်အမျိုးသမီးဖြစ်သူ ဒေါ်နီ (ခ) ဒေါ်နီနီအောင် (အသက် ၅၇ နှစ်) ဖြစ်သည်။ နေအိမ်ရေချိုးခန်း အတွင်း၌ မျက်နှာဖူးယောင် ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။ ဆိုင်အတွင်းရှိ လက်ဝတ်လက်စားများနှင့် တစ်နေ့တာ ရောင်းချငွေများ ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ အမှုကိုင်တွယ်နေသူ အမှတ် (၂) ရဲစခန်းမှ ဒုရဲအုပ် လှိုင်မျိုးဝင်းက ''စခန်းကိုည ၁၀ နာရီလောက်မှာ ဖုန်းဝင်လာတယ်။ ကျွန်တော်တို့ ရောက်တော့ ၁၀ နာရီထိုးပြီး ၁၀ မိနစ်ပါ။ ရေချိုးခန်းထဲမှာ ဆိုင်ရှင်အမျိုးသမီးကို မျက်နှာဖူးယောင် ဒဏ်ရာတွေနဲ့ သေဆုံးနေခဲ့တာကို တွေ့ပါတယ်။ လောလောဆယ် ပျောက်ဆုံးတဲ့ ငွေနဲ့ပစ္စည်းစာရင်းတွေကို စိစစ်နေတုန်းပါပဲ။ အမှုမှန် ပေါ်ပေါက်ဖို့ကို ကျွန်တော်တို့အနေနဲ့ ကြိုးစားနေပါတယ်'' ဟု ပြောသည်။

သေဆုံးသူတွင် သားတစ်ယောက်၊ သမီးတစ်ယောက်ရှိကြောင်း၊ နေအိမ်တွင် သားဖြစ်သူနှင့် အတူနေထိုင်ပြီး အခင်းဖြစ်ပွားချိန်တွင် သားဖြစ်သူသည် နေအိမ်တွင် မရှိဘဲ သင်တန်းတက်နေချိန် ဖြစ်ကြောင်း၊ သင်တန်းမှအပြန် နေအိမ်အတွင်း ပစ္စည်းများ ဖရိုဖရဲဖြစ်နေသည်ကို တွေ့ရာမှ သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။

ယင်းအမှုအား အမှတ် (၂) ရဲစခန်းတွင် ပ/၂၉၁ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ (၃၀၂) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ပေါင်းတည်မြို့တွင် လူနေအိမ်ရပ်ကွက်များအပေါ် ဖြတ်သန်း၍ မဟာဓာတ်အားလိုင်း သွယ်တန်းနေမှုအပေါ် ဒေသခံများမှ ဆန္ဒဖေါ်ထုတ်ပွဲပြုလုပ်


4.22.6

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပေါင်းတည်မြို့တွင် လူနေအိမ်ရပ်ကွက်များ အပေါ်မှ ဖြတ်သန်း၍ မဟာဓာတ်အားလိုင်း သွယ်တန်းနေမှုအပေါ် ဒေသခံများမှ ဆန္ဒဖေါ်ထုတ်ပွဲကို ဧပြီလ ၂၂ ရက်နေ့ နံနက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန္ဒဖေါ်ထုတ်ပွဲတွင် ပေါင်းတည်မြို့မှ ဒေသခံအင်အား ၂၀၀ ခန့်မှ နံနက် ၈ ရီ ၁၅ မိနစ်ခန့်မှ စတင်ကာ ၁၀ နာရီ ၃၀ မိနစ် ခန့်အထိ မြို့ပေါ်ရပ်ကွက်များသို့ စီတန်းလှည့်လည်၍ ဆန္ဒ္ဒဖေါ်ထုတ်ပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ လှည့်လည်ရာ၌ ''၄၄ လမ်းမှ လျှပ်စစ်တာဝါတိုင် ပြောင်းရွှေ့ပေးရေး၊ မူလလမ်းကြောင်းအတိုင်း ထားရှိရေး၊ တည်ဆောက်ရေးမမှန် ဒို့လက်မခံ'' ကြွေးကြော်သံများဖြင့် လည်းကောင်း ''မူလသတ်မှတ်ထားသည့် နေရာမှာ တည်ဆောက်ပါ၊ ၄၄ လမ်းသည် စီမံကိန်းနယ်မြေ မဟုတ်ပါ၊ ပွင့်လင်းမြင်သာစွာ တည်ဆောက်ပါ၊ ပြည်သူ့ဆန္ဒ လိုက်နာကြ၊ မူလလမ်းကြောင်း အခုရွှေ့ပြောင်း'' စာသားများကို ကိုင်ဆောင်၍ ဆန္ဒဖေါ်ထုတ်ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ဆန္ဒဖေါ်ထုတ်ခဲ့သည့် အကြောင်းရင်းမှာ ရွှေတောင်မြို့မှ မှော်ဘီ၊ မြောင်းတကာသို့ သွယ်တန်းမည့် ဗို့အား ၂၃၀၀၀၀ မဟာဓာတ်အားလိုင်း အတွက် တာဝါတိုင်များ ဆောက်လုပ်ရာတွင် တည်ဆောက်ရေးအဖွဲ့ အနေဖြင့် ပေါင်းတည်မြို့၊ ဘွဲ့ပင်ကန်ရပ်ကွက်၊ ၄၄ လမ်းရှိ လူနေအိမ်များ အပေါ်သို့ ဖြတ်သန်း၍ သွယ်တန်း ဆောက်လုပ်နေခြင်းအတွက် ဖြစ်ကြောင်း သိရသည်။

"ဗို့အား ၂၃၀၀၀၀ ရှိတဲ့ မဟာဓာတ်အားလိုင်း သွယ်တန်းရာမှာ မူလလမ်းကြောင်းဖြစ်တဲ့ အုန်းသုံးပင် ကျေးရွာအနီး လယ်ကွင်းထဲကဖြတ်ဖို့ ပထမတိုင်းထွာတဲ့ အဖွဲ့က စီစဉ်ခဲ့တာပါ။ ဒါပေမယ့် အခုသွယ်တန်းဖို့ တာဝါတိုင်တွေ လုပ်တဲ့အခါကြတော့ ၄၄ လမ်းက လူနေအိမ်အလုံး ၆၀ အပေါ်က ဖြတ်ပြီး သွယ်တန်းဖို့ လုပ်တယ်။ ဒီလိုလမ်းကြောင်း ပြောင်းလိုက်တဲ့အတွက် တည်ဆောက်ရေး အဖွဲ့အနေနဲ့ တာဝါတိုင် ၃ တိုင်ကနေ ၆ တိုင်အထိ သက်သာသွားတယ်လို့ သိရတယ်။ ဒီလို လုပ်လိုက်လို့ သူတို့အနေနဲ့ ကုန်ကျစရိတ် သက်သာသွားပေမယ့် ပြည်သူတွေကို ထည့်မတွက်ဘူး။ နောက်တချက်က ဓာတ်အားလိုင်းအတွက် သစ်ပင်တွေကိုလည်း ခုတ်ပြစ်တာတွေ ရှိလာမယ်။ အကယ်လို့ သဘာဝဘေးအန္တရာယ် ကျရောက်လာလို့ ရှိရင်လည်း လူနေအိမ်တွေပေါ်မှာက ဗို့အား ၂၃၀၀၀၀ ရှိတဲ့ ဓာတ်ကြိုးကြီး ရှိနေတယ်။ ပြတ်ကျလာလို့ရှိရင် မတွေးရဲစရာပါ။ ပြည်သူတွေက အခုကိုပဲ ရင်ထိတ်နေကြပြီ။ ဒါ့ကြောင့် အခုလို ဆန္ဒဖေါ်ထုတ်ပွဲ လုပ်တာပါ '' ဟု ပေါင်းတည်မြို့ခံ ကိုချစ်ကိုမှ ပြောပြခဲ့သည်။

ယခုကဲ့သို့ ဆန္ဒဖေါ်ထုတ်ရန်အတွက် သက်ဆိုင်ရာသို့ တရားဝင် စာတင်ပြီးမှသာ ခွင့်ပြုချက်ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရကာ ယခုမဟာဓာတ်အားလိုင်း သွယ်တန်းမှုအတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနသို့ တရားဝင် စာတင်ခဲ့သော်လည်း ထူးခြားမှု မရှိခဲ့ကြောင်း၊ စီမံကိန်းအား ဆက်လက် လုပ်ဆောင်နေမည် ဆိုပါက ဆန္ဒဖေါ်ထုတ်ပွဲများ ထပ်မံပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် လိုအပ်ပါက သပိတ်စခန်းများ ဖွင့်လှစ်သွားရန် အစီအစဉ်ရှိသည်ဟု ဆန္ဒဖေါ်ထုတ်သူများက ဆိုပါသည်။

မိတ္ထီလာမြို့၌ သံဃာတော်တစ်ပါးအား သတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်သူများအား ဧပြီ ၂၂ ရက်တွင် စတင်စစ်ဆေး

မိတ္ထီလာမြို့၌ သံဃာတော် တစ်ပါးအား သတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်သူများအား ဧပြီလ ၁၀ ရက်နေ့က တရားစွဲဆိုခဲ့ပြီး မိတ္ထီလာခရိုင် တရားရုံးမှ ရာကြီးအမှု အမှတ် ၁၆/၂၀၁၃ ဖြင့် လက်ခံခဲ့ကာ ဧပြီ လ ၂၂ ရက်တွင် ပထမရုံးချိန်းအဖြစ် စတင်ကြားနာ စစ်ဆေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အကျဉ်းမှာ မတ်လ ၂၀ ရက် ညနေပိုင်းက ၀မ်းတွင်းမြို့နယ်၊ ဒုံကုန်းကျေးရွာမှ ဦးဇင်းဦးသောဘိတ (သက်တော် ၄၅ နှစ်) သည် မိတ္ထီလာဈေးကြီးသို့ ဆိုင်ကယ်ကယ်ရီဖြင့် ဈေးလာဝယ်စဉ် သီရိမင်္ဂလာ ရပ်ကွက်အတွင်းရှိ ကားကြီးဝန်းထိပ် အရောက်တွင် လူ ၁၀ ဦးခန့်က သတ်ဖြတ်ခဲ့ကြခြင်း ဖြစ်ကြောင်း ကနဦး စစ်ဆေးချက်များအရ သိရသည်။

အဆိုပါ အမှုတွင် ပါဝင်ပတ်သက်သူ မျိုးထွန်းထွန်း၊ ဖိုးချို၊ မျိုးညွန့်ဦး၊ မျိုးဝင်း(ခ)ဒါဂျိဂန်း၊ ဇော်ထက်နိုင်၊ မြတ်ကိုကို(ခ)အာဏ္ဏ၀ါ၊ ညီညီနိုင်တို့အား ဖမ်းဆီးရမိပြီး မျိုးဝင်း(ခ)မျိုးညွန့်(ခ)အဒူလမန်၊ လတ်ကျော်နိုင်၊ ကိုဝင်း(ခ)ကိုကိုဝင်း(ခ) ကျော်သူဝင်းနှင့် စည်သူတို့အား တရားခံပြေးများအဖြစ် တရားစွဲဆိုခဲ့ကြောင်း သိရသည်။

အဆိုပါအမှုကို ဧပြီလ ၂၂ ရက်နံနက်ပိုင်းက မိတ္ထီလာခရိုင် တရားသူကြီး ဦးအေးလွင်မှ ကြားနာစစ်ဆေးခဲ့ပြီး တရားစွဲဆိုခံရသူများ ဘက်မှ ရှေ့နေခြောက်ဦး၊ တရားလို အကျိုးတော်ဆောင် ဥပဒေအရာရှိ တစ်ဦးပါဝင်ကြောင်း သိရသည်။

ဧပြီ ၂၂ ရက်တွင် ခရိုင်တရားသူကြီးမှ တရားလို အမှတ်(၂)စခန်းမှူး ရဲအုပ်ဦးမြင့်သန်းပါ သက်သေရှစ်ဦးအား ကြားနာစစ်ဆေးခဲ့ပြီး ဧပြီ ၂၃ ရက်တွင် ထပ်မံစစ်ဆေးရန် ရုံးချိန်းပေးခဲ့ကြောင်း သိရသည်။ မိတ္ထီလာ ခရိုင်တရားရုံး လုံခြုံရေးအား အထူးတင်းကြပ် ထားရကြောင်းလည်း သိရသည်။

အဆိုပါ မတ်လ ၂၀ ရက်နေ့ သံဃာတော်တစ်ပါး အသတ်ခံရမှု ဖြစ်စဉ်ကြောင့် မိတ္ထီလာမြို့တွင် အကြမ်းဖက်မှုများ ပိုမိုဆိုးရွားစွာ ဖြစ်ပွားလာခဲ့ရပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်၍ တပ်မတော် အကူအညီယူကာ အကြမ်းဖက်မှုများကို ပြန်လည်ထိန်းသိမ်း ခဲ့ရကြောင်း သိရှိရသည်။

လူရည်ချွန်များအနက် ထူးချွန်သူများအား ပြန်ရွေး၍ ပြည်ပသို့ စေလွှတ်ရန် စီစဉ်


4.21.2

ထူးချွန်ကျောင်းသားများ တောင်ကြီးမြို့မဈေးသို့ ဧပြီလ ၃ ရက်က လေ့လာရေးခရီး ထွက်စဉ်

၂၀၁၂-၁၃ ပညာသင်နှစ်၌ တစ်နိုင်ငံလုံး အတိုင်းအတာအရ ရွေးချယ်ထားသော လူရည်ချွန် ကျောင်းသား၊ ကျောင်းသူ ၅၀၀ ကျော် ရှိသည့်အနက် ထူးချွန်သော လူရည်ချွန် အချို့အား ပြန်လည်ရွေးချယ်၍ ပြည်ပနိုင်ငံများသို့ လေ့လာရေးခရီးစဉ် စေလွှတ်ရန် စီစဉ်ထားကြောင်း ပညာရေး ၀န်ကြီးဌာနမှ သိရသည်။

လက်ရှိ ရွေးချယ်ထားသော လူရည်ချွန်များအား ပြည်တွင်းလေ့လာရေး ခရီးစဉ်များအဖြစ် အဋ္ဌမတန်း လူရည်ချွန်များကို ပုဂံဒေသသို့လည်းကောင်း၊ န၀မတန်း လူရည်ချွန်များကို အင်းလေးကန် ဒေသသို့ လည်းကောင်း၊ တက္ကသိုလ်ဝင်တန်း လူရည်ချွန်များကို ငွေဆောင်ကမ်းခြေ ဒေသသို့ လည်းကောင်း ဧပြီလ ပထမပတ်အတွင်းက နွေရာသီ လေ့လာရေး ခရီးစဉ်အဖြစ် အသီးသီး စေလွှတ်ခဲ့ပြီး ဖြစ်သည်။

ယင်းသို့ ပြည်တွင်းခရီးစဉ်များအပြီး ၎င်းတို့အနက်မှ ထူးချွန်ထက်မြက်သော လူရည်ချွန် ၂၅ ဦးမှ ၃၀ ဦးခန့် ထပ်မံရွေးချယ်ကာ ပြည်ပခရီးစဉ်များသို့ ထပ်မံစေလွှတ်သွားမည်ဖြစ်ကြောင်း ပညာရေး ၀န်ကြီးဌာန ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။

သို့ရာတွင် အဆိုပါ လူရည်ချွန်များကို ပြည်ပလေ့လာရေး ခရီးစဉ်သို့ စေလွှတ်မည့်နိုင်ငံနှင့် စေလွှတ်မည့် အချိန်များကိုမူ ဆွေးနွေးညှိနှိုင်းနေဆဲ ဖြစ်သည်။

"စေလွှတ်မယ့် အချိန်နဲ့ နိုင်ငံတွေကို လက်ရှိမှာ အသေးစိတ် မသိရသေးပါဘူး" ဟု အမှတ် (၃) အခြေခံ ပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီက ပြောသည်။

အခြေခံ ပညာကဏ္ဍ၌ ဘက်စုံထူးချွန် လူရည်ချွန်ရွေးချယ်မှု အစီအစဉ်များကို ၁၉၈၈ ခုနှစ်နောက်ပိုင်း ရပ်နားခဲ့ရာမှ ၂၀၁၂-၁၃ ပညာသင်နှစ်တွင် ပြန်လည်ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ဆိုရှယ်လစ် ဘောဂဗေဒ အငွေ့အသက်မကုန်သည့် ရပ်ကွက်အတွင်းမှ ဖုန်းကတ်မဲနှိုက်ပွဲများ ကျင်းပ

4.22.3

မှတ်ပုံတင်၊ သန်းခေါင်စာရင်းများပြကာ ကျပ် ၁၅၀၀ တန်ဖုန်း Sim Card တစ်ကတ်အတွက် ရပ်ကွက်နေ ပြည်သူများ အချိန်ပေး စောင့်ဆိုင်းဒုက္ခခံရသော ဖုန်းကတ်မဲနှိုက်ပွဲများ စတင်နေပြီဖြစ်သည်။

မဲနှိုက် ရောင်းချသည့် စနစ်အပေါ် သံသယရှိသဖြင့် ရပ်ကွက်နေ ပြည်သူများက တိုင်ကြားမှုများလည်း ရှိနေသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း) ၄၀ ရပ်ကွက်ရှိ ရပ်ကွက်နေ ပြည်သူများက ၎င်းတို့ရပ်ကွက် အုပ်ချုပ်ရေးမှူးသည် တန်ဖိုးနည်းဖုန်း လျောက်လွှာများကို ၎င်းနှင့်နီးစပ်ရာ ဆွေမျိုးများသို့ လက်သိပ်ထိုး ဝေငှနေကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ တိုင်ကြားခဲ့သည်ဟု သိရသည်။


ဖုန်းကတ်မဲနှိုက်ပွဲများကို မြင်တွေ့ရသည်မှာ ဆိုရှယ်လစ်စနစ်ဖြင့် ဦးနေ၀င်းခေါင်းဆောင် အုပ်ချုပ်ခဲ့သည့် ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ် အထိ ကာလများ၏ စီးပွားရေးစနစ်များ၊ ကုန်ပစ္စည်း ထုတ်လုပ်မှုစနစ်များနှင့် ကုန်ပစ္စည်းဖြန့်ဖြူး ရောင်းချမှု စနစ်များနှင့် ဆင်တူနေကြောင်း ဘောဂဗေဒ ပညာရှင်များက သုံးသပ်ကြသည်။

''ဆိုရှယ်လစ် ဘောဂဗေဒအရ ကုန်ပစ္စည်းတွေကို လွတ်လပ်စွာ ထုတ်လုပ်ခွင့်၊ ရောင်းချပိုင်ခွင့် မရှိဘဲ ကန့်သတ်ချုပ်ချယ် ထားသဖြင့် အစိုးရရဲ့ လက်ဝါးကြီးအုပ် စီးပွားရေး စနစ်ဖြစ်နေပါတယ်။ အရင်းရှင်စီးပွားရေး စနစ်ဟာ ပြည်သူလူထုကို သွေးစုပ်ချယ်လှယ်တဲ့ စနစ်ဖြစ်တယ်။ ကုန်ထုတ်အရင်းအနှီးတွေကို ပုဂ္ဂလိက လက်ထဲမှာ မထားဘဲ ပိုင်ဆိုင်ခွင့် မပေးဘဲနဲ့ အစိုးရကသာ ချုပ်ကိုင်ထားတဲ့အတွက် ပြည်သူလူထုဟာ အရင်းရှင်စနစ်ထက် ပိုမိုဆိုးရွားတဲ့ စနစ်ဖြစ်တယ်ဆိုတာကို ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ဖြစ်ပွားခဲ့တဲ့ ဆိုရှယ်လစ် စနစ်နဲ့အတူ မှားယွင်းတဲ့ စီးပွားရေး စနစ်၊ အုပ်ချုပ်မှု စနစ်ကြောင့် လူထု တော်လှန်ရေးတွေ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ အဓိကကတော့ စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့ စီးပွားရေးစနစ်ဟာ ပြည်သူလူထုကို စီးပွားရေး အကြပ်အတည်းတွေ ပိုမိုဖြစ်ပေါ်စေတဲ့ စနစ်ဖြစ်ပါတယ်။ လက်ရှိဖုန်းတွေ မဲနှိုက်ရောင်းချတဲ့ စနစ်ကလည်း ဆိုရှယ်လစ် ဘောဂဗေဒ စနစ်လိုပဲ ဗဟိုကချုပ်ကိုင်တယ်။ ပြီးတော့ ခွဲတမ်းအလိုက် ရောင်းချတယ်။ ဒါတွေက ၁၉၆၂ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ ဦးနေ၀င်းရဲ့ဆိုရှယ်လစ်စနစ်က ပုံစံတွေ အတိုင်းပဲ ဖြစ်နေတယ်။ ပုဂ္ဂလိကကိုလည်း လွတ်လပ်စွာ ရောင်းချခွင့် မပေးဘူး။ အရေအတွက်ကိုလည်း ကန့်သတ်ထားတယ်။ လက်ရှိဒီမိုကရေစီ အစိုးရ ကျင့်သုံးနေတဲ့ ဈေးကွက် စီးပွားရေးစနစ်အရဆိုရင် ဒီကိစ္စတွေက မဖြစ်သင့်ပါဘူး'' ဟု ဘောဂဗေဒ ပညာရှင်တစ်ဦးက သုံးသပ်ခဲ့သည်။

''အခုလုပ်နေတဲ့ ပုံစံက ဆင်းကတ်တွေကို ဈေးလျော့ပြီး ရောင်းတယ်ဆိုပေမယ့် မှောင်ခိုဈေးကွက်ကို အားပေးသလို ဖြစ်နေတယ်။ နိုင်ငံခြား ကုမ္ပဏီတွေကို အပြိုင်ဖွင့်ပေးလို့ ရရဲ့သားနဲ့ ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားတဲ့ သဘောမျိုးလည်း တွေ့ရတယ်။ ဆင်းကတ်ရရှိမှု အပိုင်းမှာ ပြသနာရှိသလို ငွေဖြည့်ကတ် ပြသနာကလည်း နောက်ထပ်ပြသနာတစ်ခု ဖြစ်နေတယ်။ အဲဒီတော့ စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ် ဆိုပေမယ့် စီမံခန့်ခွဲမှုအပိုင်းမှာ ညံ့ဖျင်းမှုတွေ၊ တလွဲဖြစ်နေတာတွေ လက်ဝါးကြီးအုပ်ချင်တဲ့ စိတ်တွေ ရှိနေသေးတယ် ဆိုတာပဲ။ ဒီပုံစံ အတိုင်းဆိုရင် မှောင်ခိုလမ်းကြောင်း ပွင့်သွားနိုင်တယ်။ ဥပမာ-ဟိုတုန်းက သမဆိုင်မှာ လူတစ်ယောက် ဆန်ဘယ်နှစ်ပြည်၊ သကြားဘယ်နှစ်ပိသာ ၊ဆပ်ပြာဘယ်နှစ်တောင့်ဆိုပြီး ခွဲတမ်းချပေး လိုက်တဲ့အခါ ပိုက်ဆံရှိတဲ့သူတွေက ဆင်းရဲသားတွေဆီက စာအုပ်တွေကို ပိုက်ဆံနည်းနည်းပေး ပြီး သိမ်းကြုံးယူလိုက်တာတွေ ရှိတယ်ဆိုတော့ အခုအချိန်အထိ ဆိုရှယ်လစ် အငွေ့အသက်တွေ မကုန်သေးဘူးဆိုတဲ့ သဘောပါဘဲ'' ဟု စီးပွားရေးပညာရှင်ဖြစ်သူ မောင်သံဒိုင်( ဘောဂဗေဒ) က သုံးသပ်ပြောကြားခဲ့သည်။

အငြိမ်းစားကျောင်းဆရာ ဦးအောင်မြင့်က ''၁၅၀၀ တန် ဖုန်းထွက်မယ်လို့ စကြားကြားချင်း အစိုးရအဖွဲ့ကို အမှတ်ပေးလိုက်မိတယ်။ ဒါပေမဲ့ ရောင်းတဲ့ ပုံစံကတော့ တော်တော်ကို အဆင်မပြေဘူး။ ရပ်ကွက်ရုံးမှာ မဲနိုက်မယ်ဆိုရင် ရပ်ကွက်လူကြီးတွေက မသမာမှုတွေကို အမျိုးမျိုးလုပ်မှာပဲ။ အခုမှ လုပ်မှာမဟုတ်ဘူး၊ ဆိုရှယ်လစ်ခေတ် တစ်လျောက်လုံး သမဆိုင်မှာ မဲနှိုက်လို့ကတော့ အညွန့်အဖူးဆိုရင် ရပ်ကွက်လူကြီးတွေပဲရတယ်။ ကျွန်တော့်ဘ၀တစ်လျောက် ဘယ်တုန်းကမှ သမဆိုင်မှာ ပစ္စည်းကောင်းကောင်း မဲမပေါက်ဖူးဘူးလေ။ ကျွန်တော်မှ ရပ်ကွက်လူကြီး မလုပ်ဖူးတာကိုး။ ဒါကြောင့် အခုရောင်းတဲ့ပုံစံကို အယုံအကြည် မရှိဘူး။ မသမာမှုတွေ ဖြစ်လာအောင် လုပ်နေတာနဲ့ တူနေပါတယ်'' ဟု သုံးသပ်ပြောကြားခဲ့သည်။

4.22.3

ဧပြီလ ၂၁ ရက်နေ့က တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၌ တန်ဖိုးနည်းဆင်းကဒ်များ မဲနှိုက်နေစဉ်

Eco Dev မှ Managing Director ဦးဝင်းမျိုးသူက ''အခုဆိုရင် Facebook ပေါ်မှာလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး တက်ရေးနေတာ တွေ့ရတယ်။ ဒီပုံစံ အတိုင်းသွားရင် တစ်နိုင်ငံလုံး သုံးနိုင်ဖို့ဆိုရင် နောက် ၁၅ နှစ်ကြာမယ် ဆိုတာမျိုး တွေ့ရတယ်။ တစ်ချို့ရှိတာက ဒီကိုတာစနစ်နဲ့ ရပ်ကွက်ထဲမှာ ၀ယ်ရတာတွေက အလုပ်ဖြစ်မလား ဆိုတာလည်း စဉ်းစားစရာ ဖြစ်နေတယ်။ ဒီကိစ္စက ဒီလောက်ခက်ခဲနေ စရာလည်း မလိုဘူး။ လွယ်လွယ်ကူကူ ပြီးရမယ့် ကိစ္စပါ။ ဘာကြောင့် ဒီလိုဖြစ်တာလဲဆိုတော့ Telecommunication နဲ့ပတ်သက်တဲ့ အခြေခံအဆောက်အအုံတွေ မပြည့်စုံသေးတာလား စဉ်းစားမိတယ်။ အမှန်က Proper Investment တစ်ခုကို ဖွင့်ပေးလိုက်ရင် အားလုံးအဆင်ပြေသွားမှာပါ။ အခု သမ္မတက ၀င်ပြောနေတာ တွေ့ရတယ်။ သမ္မတမှ ၀င်မပြောရင် မရွေ့ကြတော့ဘူးလား ဒါလည်းပြောစရာ ဖြစ်နေပါတယ်'' ဟု ပြောကြားခဲ့သည်။

နိုင်ငံရေး အကျဉ်းသားဟောင်း ကိုစိုးထိုက်ကလည်း ''ကျွန်တော့် အတွက် ဖုန်းတစ်လုံး လိုအပ်တာ အမှန်ပါ။ ဒါပေမဲ့ ဈေးကြီးလို့ မ၀ယ်နိုင်ခဲ့ဘူး။ အခု ကျပ် ၁၅၀၀နဲ့ ဆင်းကတ်ရောင်းမယ်ဆိုတော့ ၀မ်းသာခဲ့တယ်။ ဒါပေမဲ့ အခုလို ရပ်ကွက်ရုံးမှာ မဲနှိုက်ရမယ် ဆိုရင်တော့ ကျွန်တော်မ၀ယ်တော့ဘူး၊ အချိန်ကုန်၊ လူပန်းတာပဲ အဖတ်တင်မှာပါ၊ ကျွန်တော်တို့နိုင်ငံလို နိုင်ငံမျိုးမှာ ရပ်ကွက်ရုံးတို့၊ ရပ်ကွက်လူကြီးတို့ ဆိုတာကို ဘယ်ပြည်သူမှ မယုံတာကြာပြီ။ ဒါကြောင့် မဲလည်း သွားမနှိုက်တော့ဘူး။ ဘယ်လို မသမာမှုတွေ ဖြစ်လာမလဲ ဆိုတာကိုပဲ စောင့်နားထောင်တော့မယ်။ တခြား နိုင်ငံတွေမှာ ဖုံးကတ်ဆိုတာ အစိုးရကလည်း မချုပ်ကိုင်ဘူး၊ ပုဂ္ဂလိကတွေ လုပ်နေတာပဲ'' ဟု ဝေဖန် ထောက်ပြသွားသည်။


ပုဂ္ဂလိကကိုလည်း လွတ်လပ်စွာ ရောင်းချခွင့်မပေးဘူး။ အရေအတွက်ကိုလည်း ကန့်သတ်ထားတယ်။ လက်ရှိဒီမိုကရေစီအစိုးရ ကျင့်သုံးနေတဲ့ ဈေးကွက်စီးပွားရေး စနစ်အရဆိုရင် ဒီကိစ္စတွေက မဖြစ်သင့်ပါဘူး . . .


 

ဖုန်းအပြင် ကားတင်သွင်းခွင့်ပြုသည့် အပိုင်း၌လည်း ထိုသို့ပင် လူတစ်ဦး ကားတစ်စီးနှုန်း ကန့်သတ်ထားခြင်း၊ အဆိုပါ ကားတစ်စီးကိုပင် ဘဏ်စာရင်း ဖွင့်လှစ်သည်မှအစ ပြည်ပမှ တင်သွင်းရောက်ရှိသည့် အဆင့်အထိ မလိုအပ်ပဲ အဆင့် ပေါင်းများစွာခံ၍လုပ်ထားခြင်းမှာလည်း ယခင်ကျင့်သုံးခဲ့သည့် အစိုးရ လက်ဝါးအုပ် စီးပွားရေးလမ်းစဉ် (ဆိုရှယ်လစ်စနစ်)ဖြင့် အခေါ်အဝေါ်သာ ကွဲပြီး အားလုံးအတူတူပင် ဖြစ်နေသည်။

ကားအရောင်းပြခန်းများ ဖွင့်လှစ်ခိုင်းထားသော်လည်း လွတ်လပ် စွာဝယ်ယူခွင့်မရပဲ ကားဟောင်းအပ် သည့်စလစ်ဟူ၍ တစ်မျိုး ဘဏ်စာ ရင်းဖွင့်လှစ်ထားသည့်အထောက်အ ထားဟူ၍ တစ်ဖုံ အမျိုးမျိုးသော ကန့်သတ်ချက်များဖြင့်လုပ်ကိုင်နေရ မှုမှာလည်း လွတ်လပ်စွာ ကားတင်သွင်းခွင့်ပြုလိုက်ပြီဆိုသော ခေါင်းစဉ်ထက် ဆိုရှယ်လစ်စနစ်ခေါင်းစဉ်ဖြင့်သာ ပိုကိုက်ညီနေသည်။

''ကျွန်တော်တို့ သာကေတမြို့နယ် ၅ရပ်ကွက်မှာ ဧပြီလ ၂၀ ရက် နေ့မှာ ၁၅၀၀ တန် ဖုန်းအတွက် မဲနှိုက်ခဲ့ပါတယ်။ ၅ ရပ်ကွက်မှာက လမ်းစုစုပေါင်း ၁၀ လမ်းရှိပါတယ်။ မဲနှိုက်တဲ့ အခါမှာ သက်ဆိုင်ရာလမ်း အလိုက် မဲနှိုက်ရပါတယ်။ လမ်းတစ်လမ်းကို ရပ်ကွက်အုပ်ချုပ်ရေးမှုးက ချပေးတဲ့ အရေအတွက်အလိုက် ဥပမာ တစ်လမ်းကို ၉လုံး၊ ၁၀ လုံး စသဖြင့် မဲနှိုက်ရပါတယ်။ လမ်းအလိုက် မဲနှိုက်တော့ ကျွန်တော်တို့ ဆီမှာတော့ အငြင်းပွားစရာ မဖြစ်ခဲ့ပါဘူး။ ကျွန်တော်ကတော့ ဖုန်းမရှိလို့ လျောက်လွှာတင်ခဲ့တာပါ။ မဲတော့ မပေါက်ခဲ့ပါဘူး။ နိုင်ငံခြားမှာတော့ ဒီလို ဖုန်းကတ်ကို မဲနှိုက်ဝယ်ယူရတဲ့ စနစ်မရှိဘူးလို့ သိရတယ်။ ကိုယ်နိုင်ငံ၊ ကိုယ့်စနစ်နဲ့ ကိုယ်ဆိုတော့လည်း ဘာမှပြောစရာ မရှိပါဘူး။'' ဟု သာကေတ မြို့နယ် ၅ ရပ်ကွက် ၃ လမ်းတွင် နေထိုင်သည့် ကိုလတ်က ပြောကြားခဲ့သည်။

မင်္ဂလာတောင်ညွှန့်မြို့နယ် ကျီတော်ရပ်ကွက်တွင် နေထိုင်သည့် ဒေါ်မော်လီမှလည်း ''အန်တီတို့ ရက်ကွက်မှာတော့ ဧပြီလ ၂၂ ရက်နေ့ နံနက် ၉ နာရီမှ မဲနှိုက်ပေးမှာ။ အန်တီ့မှာက ဖုန်းမရှိတော့ လျောက်လွှာ တင်ထားပါတယ်။ အန်တီတို့ ရပ်ကွက်အတွက် အလုံးရေ တစ်ရာကျော် ချပေးမယ်တော့ ကြားတယ်။ ဖုန်းမရှိတော့ ပေါက်စေချင်ပါတယ် ။အဲလိုမဲနှိုက်မဲ့အစား အပြင်ဆိုင်တွေမှာ လိုသလောက် ၀ယ်ရရင်တော့ ကောင်းတာပေါ့။ အခုက လိုချင်တဲ့သူ များနေပြီး အလုံးရေက နည်းနေတော့ ကိုယ့်အတွက် မျော်လင့်ချက် မရှိသလောက်ပါပဲ'' ဟု ပြောပြသည်။

"ရန်ကုန်မြို့မှာ လူဦးရေက ခြောက်သန်းကျော်ရှိတယ်။ တစ်မြို့နယ်ကို ဖုန်းအလုံးရေက သုံးသိန်းပဲ ချပေးတာဟာ။ လူဦးရေနဲ့ ဖုန်းအလုံး ရေနဲ့က မလောက်ငှဘူး။ ဒီလိုမျိုး ရက်ကွက်အုပ်ချုပ်ရေးမှုး ရုံးတွေကနေ တဆင့်မဲနှိုက် ရောင်းချတဲ့ နေရာမှာလည်း တရားမျတမှု ရှိမရှိဆိုတာ ကလည်း မေးခွန်းထုတ်စရာ ဖြစ်နေပါ တယ်။ အငြင်းပွားစရာတွေလည်း ဖြစ်လာနိုင်တယ်။ အစ်မတို့ရပ်ကွက်မှာတော့ ဧပြီ ၂၂ ရက်နေ့မှ မဲနှိုက်ရမှာပါ။အဲဒီကျရင်တော့ ဘယ်လိုတွေ ဖြစ်လာဦးမလဲ မသိသေးပါဘူး'' ဟု ဒဂုံ(မြောက်ပိုင်း)မြို့နယ် ၃၅ ရပ် ကွက်မှ အလယ်တန်းပြ ကျောင်းဆရာမ တစ်ဦးက ပြောကြားခဲ့သည်။

ဧပြီလ ၂၁ရက်နေ့က မြောက် ဥက္ကလာပမြို့နယ်၊ ၁၄ ရပ်ကွက်တွင် တန်ဖိုးနည်းဖုန်းကို မဲနှိုက်ရောင်းချခဲ့ရာ ၀ယ်ခွင့်ရရှိခဲ့သူ တစ်ဦးက''ကျွန်တော်တို့ ရပ်ကွက်မှာ မဲနှိုက်ဖို့ စာရင်းပေးတဲ့သူ ၄၇၀ ကို ကိုယ်တိုင် လာရောက်မဲနှိုက်ဖို့ ခေါ်တယ်။ အရင်ဆုံး စာရင်းပေးတဲ့သူက စပြီး အစဉ်လိုက် မဲနှိုက်ပေးတယ်။ ပေါက်မဲ ၁၀၀ပြည့်တော့ ရပ်လိုက်တယ်။ ကျွန်တော်က ၉၃ ခုမြောက် ပေါက်မဲ ကိုရတယ်။ အရင်ဆုံး နှိုက်ခွင့်ရတဲ့ သူတွေ ပေါက်ကြတာများတယ်။ ဒီလို မဲနိုက်တဲ့စနစ်က နိုင်ငံတကာ မှာမရှိတော့ ရီတော့ရီရတယ်။ ကိုယ်က မဲပေါက်ခြင်တော့ အပင်ပန်းခံပြီး အချိန်တော့ နည်းနည်းပေးရတာပေါ့''ဟု ပြောကြားခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ တယ်လီဖုန်း ကိုင်ဆောင်အသုံးပြုနိုင်သူ ဦးရေမှာ ခြောက်သန်းဝန်းကျင် (လူဦးရေ၏ ၁၀ ရာခိုင်နှုန်း) သာရှိ နေရာ ယခုလို တန်ဖိုးနည်းဖုန်းများ ၀ယ်ယူအသုံးပြုနိုင်ရန် စိတ်ဝင်စားသူ အများအပြား ရှိနေမည်ဖြစ်သည်။

ထို့ကြောင့် ရောင်းချပေးနိုင်မှု ပမာဏနှင့် ၀ယ်ယူလိုသည့် ပမာဏသည် ကွာဟမှု ကြီးမားနေဦးမည်သာ ဖြစ်သည်။ 
ထို့ကြောင့် အစိုးရ အနေဖြင့် နိုင်ငံတကာနည်းတူ ဆက်သွယ်ရေးဆိုင်ရာ အခြေခံ အဆောက်အအုံများကို မြှင့်တင်ကာ အရေအတွက် မကန့်သတ်ဘဲ အများပြည်သူထံ လွတ်လပ်စွာ ရောင်းချခွင့်၊ ၀ယ်ယူခွင့်ပြုပါက တာဝန်ရှိသူများ စိုးရိမ်နေသည့် မှောင်ခိုဈေးကွက်နှင့် ဖုန်းကတ်ချထားပေးရာတွင် လာဘ်ပေး လာဘ်ယူ ဖြစ်စဉ်များမှာ လွန်စွာ နည်းပါးသွားမည်ဟု အိုင်တီဆိုင်ရာ ပညာရှင်များက သုံးသပ်နေကြသည်။

ကိုရဲမင်းဦးအား ဘာသာရေးအရ သွေးထိုးလှုံ့ဆော်မှုပုဒ်မ ၁၅၃(က)ဖြင့် ထပ်မံတရားစွဲဆိုပြီး သာကေတမြို့နယ် တရားရုံး၌ စစ်ဆေး

4.22.7

ဗဟန်းမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့သည့် ကိုရဲမင်းဦးအား ဧပြီ ၂၂ ရက်က တွေ့ရစဉ်

ရခိုင်လူငယ်အဖွဲ့မှ ကိုရဲမင်းဦးအား ဘာသာရေးအရ သွေးထိုးလှုံ့ဆော်မှု ပုဒ်မ ၁၅၃(က)ဖြင့် သာကေတမြို့နယ် တရားရုံး၌ ထပ်မံတရားစွဲဆိုပြီး ဧပြီလ ၂၂ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် တရားရုံး၌ ရုံးထုတ် စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့ပြင် သာကေတမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးပြီးနောက် ဗဟန်းမြို့နယ် တရားရုံးတွင်လည်း ပုဒ်မ ၅၀၅(ခ)ဖြင့် ရုံးထုတ်စစ်ဆေးခဲ့ပြီး ဧပြီ ၂၃ ရက်တွင် ကျောက်တံတားမြို့နယ် တရားရုံး၌ ပုဒ်မ ၅၀၅(ခ) ဖြင့် ထပ်မံရုံးထုတ် စစ်ဆေးရန် ရုံးချိန်းရှိကြောင်း ကိုရဲမင်းဦး၏ အမှုအား လိုက်လံ ဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။
''၈ ရက် ၁၂ လ ၂၀၁၂မှာ ကြေးသွန်းဘုရားနားမှာ အများပြည်သူကို လှုံ့ဆော်တယ်ဆိုတဲ့ အမှုနဲ့ စွဲချက်တင်ထားတာပါ။ သက်သေတွေ ကြည့်ရင်လည်း အရပ်သားတွေ တစ်ယောက်မှ မပါဘူး။ ရဲအရာရှိတွေ ရဲတပ်သားတွေ အစိုးရ၀န်ထမ်းတွေနဲ့ အုပ်ချုပ်ရေးပိုင်းက ရာအိမ်မှူးတို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ မြို့နယ် အုပ်ချုပ်ရေးမှူးတို့ ဆိုတော့၊ သူတို့စွဲတဲ့ ပုဒ်မအရဆိုရင် စည်းရုံးလှုံ့ဆော် ခံရတဲ့ အရပ်သားတွေ ပြည်သူတွေကို သက်သေပြပါဆိုတော့ အဲဒါကို တစ်ယောက်မှ သက်သေမပြနိုင်ဘူး'' ဟု ဦးကျော်ဟိုးက ပြောသည်။

ကိုရဲမင်းဦး၏ အမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး အမည်မဖော်လိုသည့် သတင်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက''သာကေတမြို့နယ်မှာ ဘာသာရေး အဆောက်အဦ ကိစ္စနဲ့ပတ်သက်ပြီး ဖြစ်ခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်မှာ ကိုရဲမင်းဦးက လှုံဆော်မှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ အချက်တွေ ရရှိထားပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဘာသာရေးအရ သွေးထိုးလှုံ့ဆော် မှု ပုဒ်မ ၁၅၃(က)နဲ့ ရုံးထုတ်စစ်ဆေးခဲ့တာပါ။ မေလ ၆ရက်နေ့မှာ နောက်ထပ်ရုံးချိန်း ခေါ်ဆိုထားပါတယ်'' ဟု Eleven Media Group သို့ ဧပြီလ ၂၂ ရက်က ပြောကြားသည်။

4.22.7

ဗဟန်းမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့သည့် ကိုရဲမင်းဦးအား ဧပြီ ၂၂ ရက်က တွေ့ရစဉ်

ကိုရဲမင်းဦးအား ဧပြီ ၄ ရက်တွင် အနောက်ပိုင်းခရိုင် တရားရုံး၌ လည်းကောင်း၊ ဧပြီ ၈ ရက်တွင် ဗဟန်းတရားရုံး၌ လည်းကောင်း ပုဒ်မ ၅၀၅(ခ)ဖြင့် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဧပြီ ၄ ရက်က အနောက်ပိုင်း ခရိုင်တရားရုံးတွင် ကိုရဲမင်းဦးအား ရုံးထုတ်စစ်ဆေးစဉ်က ကိုရဲမင်းဦအား လာရောက်တွေ့ဆုံသည့် ၎င်း၏ ညီဖြစ်သူကိုရဲမင်းအောင်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုချစ်ကိုလင်းတို့ အပါအ၀င် လေးဦးအား ၀တ္တရားနှောင့်ယှက်မှုဖြင့် သက်ဆိုင်ရာက အမှုဖွင့်ခဲ့ပြီး ဧပြီ ၇ ရက်က ကျောက်တံတားမြို့နယ် ရဲစခန်းတွင် ၎င်းတို့အား ခေါ်ယူသတိပေးခဲ့ပြီး ကိုယ်တိုင်ခံဝန်ဖြင့် တရားရုံး၏ ဆင်ခေါ်မှုအား စောင့်ရမည်ဖြစ်ကြောင်း သိရသည်။

ကိုရဲမင်းဦးအား ဗဟန်းမြို့ နယ် ရဲတပ်ဖွဲ့စခန်းမှ ဖမ်းဆီးခြင်း မဟုတ်ကြောင်း ဗဟန်းရဲစခန်း၏ တာဝန်ကျရဲတပ်ဖွဲ့ဝင် တစ်ဦးက Eleven Media Group သို့ ဧပြီ လ ၇ ရက်က ပြောကြားခဲ့သည်။

ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဖြစ်မြောက်ရေး ကော်မတီဝင်လည်း ဖြစ်သူ ကိုရဲမင်းဦးအား မတ်လ ၂၅ ရက်ညပိုင်းက အမည်မသိ လူတစ်စုက ခေါ်ဆောင်သွားခြင်းဖြစ်ကာ ၎င်း၏မိသားစုဝင်များက ဧပြီ ၂၇ ရက်တွင် ဗဟန်းရဲစခန်းတွင် လူ ပျောက်တိုင်ကြားခဲ့ပြီး ဧပြီ ၁ ရက် နေ့တွင် ဗဟန်းရဲစခန်းမှ ကိုရဲမင်းဦးအား ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုထားကြောင်း မိသားစုဝင်များထံ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်ဟု ကိုရဲမင်းဦး၏ မိသားစုဝင်များက ပြောသည်။

နိုင်ငံတော်သမ္မတ၏ လုပ်ဆောင်ချက် များအား ထောက်ခံသည့် လမ်းလျှောက် လှုပ်ရှားမှုကို လေးလတစ်ကြိမ် ပြုလုပ်မည်


4.22.7

နိုင်ငံတော်သမ္မတ၏ လုပ်ဆောင်ချက်များအား ထောက်ခံသည့် လှုပ်ရှားမှု ပြုလုပ်နေသည်ကို ဧပြီ ၂၁ ရက် နံနက်က တွေ့ရစဉ်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ လက်ရှိဆောင်ရွက်ချက်များအား ထောက်ခံသည့် အနေဖြင့် One Myanmar အဖွဲ့မှ ဦးဆောင်ပြီး ''ပြည်ထောင်စုငြိမ်းချမ်းရေးလှုပ် ရှားမှု'' ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့ ၌ ဧပြီလ ၂၁ရက် နံနက်ပိုင်းက လမ်းလျှောက်လှုပ်ရှားမှု ပြုလုပ်ခဲ့ပြီး ယင်းလှုပ်ရှားမှုမျိုး လေးလတစ်ကြိမ် ပြုလုပ်သွားမည်ဖြစ်ကြောင်း One Myanmar အဖွဲ့မှ ကိုမိုးကျော်သန့်က ပြောသည်။

အဆိုပါလှုပ်ရှားမှုတွင် လူဦး ရေ ၅၀ ၀န်းကျင် ပါဝင်ပြီး စမ်းချောင်းမြို့နယ် မြေနီကုန်း မီးပွိုင့်အနီးမှ ပြည်လမ်းမအတိုင်း လှိုင်မြို့နယ်ရှိ အင်းလျားကန်ဘောင်အထိ လမ်းလျောက်ခဲ့ခြင်း ဖြစ်ပြီး ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့် တို့ကို သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့၏ ခွင့်ပြုမိန့်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

4.22.7

နိုင်ငံတော်သမ္မတ၏ လုပ်ဆောင်ချက်များအား ထောက်ခံသည့် လှုပ်ရှားမှု ပြုလုပ်နေသည်ကို ဧပြီ ၂၁ ရက် နံနက်က တွေ့ရစဉ်

အဆိုပါ လမ်းလျောက်လှုပ်ရှားမှုတွင်''နိုင်ငံတော် အုပ်ချုပ်ရေးကဏ္ဍမှ သမ္မတကြီး၏ လက်ရှိဆောင်ရွက်ချက်များကို အပြည့်အ၀ ယုံကြည် ထောက်ခံပါသည်'' ''နိုင်ငံတော် သမ္မတ ငြိမ်းချမ်းစွာ ဆောင်ရွက်လျက်ရှိသော ဖြစ်ထွန်းတိုးတက်မှုများကို ကြိုဆိုထောက်ခံပါသည်'' ဟူသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး စီတန်းလှည့်လည်ခဲ့ခြင်းဖြစ်သည်။

''ဒီလိုလမ်းလျောက်ပွဲမျိုးကို လေးလတစ်ကြိမ် ပြုလုပ်သွားမှာပါ။ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးအတွက် တက်နိုင်သလောက် လုပ်ဆောင်တာပါ'' ဟု လှုပ်ရှားမှုကို ဦးဆောင်ခဲ့သည့် One Myanmar အဖွဲ့မှ ကိုမိုးကျော်သန့်ကပြောသည်။

4.22.12

One Myanmar အဖွဲ့မှ ကိုဆွေဆန်ဦးက ''ကျွန်တော်တို့ ဘယ် ပါတီ ဘယ်အဖွဲ့အစည်းရဲ အရိပ်ကို မှ မယူပါဘူး။ ကျွန်တော်တို့ မိတ် ဆွေနှစ်ယောက်သုံးယောက်ကနေ ဒီကိစ္စကို လုပ်ချင်လို့ဆိုလို့ လုပ်ရ တာပါ။ ရှင်းလင်းစွာပြောရရင် ကျွန် တော်တို့ရဲ့နောက်မှာ ဘယ်သူမှ မရှိပါဘူး။ အခု ဆိုင်းဘုတ်မှာပါတဲ့ နိုင်ငံတော်သမ္မတဆိုတဲ့ အသုံးအနှုန်းက လည်း နိုင်ငံတော်သမ္မတက လက်ရှိ ကျွန်တော်တို့နိုင်ငံကို ပဲ့ကိုင်တဲ့သူ ဖြစ်တယ်။ သူ့ရဲ့လုပ်ရပ်တွေကို ကျွန်တော်တို့ ချီးမွမ်းမယ်။ အဲဒီလိုချီးမွမ်းရင် သူက ဒီထက်ပိုပြီး ကောင်းတဲ့လုပ်ရပ်တွေကို လုပ်လာနိုင်တယ်။ အဲဒီလိုယူဆပြီး လုပ်တာပါ'' ဟု ပြောပြသည်။

အဆိုပါလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ကိုဝင်းကျော်က'' ကျွန်တော် ကဒေါပုံကလာတာပါ။ ကျွန်တော့် အသိက ခေါ်လို့လိုက်လာတာပါ။ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက် တယ်ဆိုတာ ဒီရောက်မှသိတာပါ'' ဟု ပြောပြသည်။

မြစ်ကြီးနားတွင် CDMA ဆင်းကဒ် လျှောက်လွှာများ စတင်နေ

ချင်းမိုင်(မဇ္စျိမ)။   ။ ကျပ် နှစ်သိန်းဖြင့် ရောင်းချခဲ့သော CDMA 800 MHz မိုဘိုင်း ဆင်းကဒ်များကို ကျပ် ၁,၅၀၀ ဖြင့် ဝယ်ယူခွင့်ရရန် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် တနင်္လာနေ့မှ ဗုဒ္ဓဟူးနေ့အထိ လျှောက်လွှာများ စတင်ဖြည့်သွင်းနေပြီ ဖြစ်ကြောင်း သိရသည်။

SIMထို တန်ဖိုးနည်း ဆင်းကဒ် ဝယ်လိုသူများက ရပ်ကွက် အလိုက် မြို့နယ်ရုံးသို့ လျှောက်လွာများကို ဖြည့်တင်ပြီး ဧပြီလ ၂၄ ရက်နေ့တွင် မဲစနစ်ဖြင့် ဆင်းကဒ်များ ထုတ်ပေးမည် ဖြစ်ပြီး ယနေ့ တရက်တည်းတွင်
လျှောက်လွှာ ၃,၀၀၀ ခန့် တင်ပြီးကြောင်း မြို့ခံတဦးက ပြောသည်။

"ဒီနေ့ကစပြီး လျှောက်လွာတွေ ပေးနေပြီ။ ၂၄ ရက်နေ့မှ အဖြေရမယ်လို့ ပြောတယ်။ လျှောက်လွာကို ကိုယ့် ရပ်ကွက် လူကြီးကနေ ယူ၊ ဖြည့်ပြီးတော့ မြို့နယ်ရုံးကို သွားတင်ရတယ်"ဟု မြစ်ကြီးနားမြို့ခံ ကိုဂွမ်ဆန့်အောင် က မဇ္ဈိမကို ပြောသည်။

ယခုလတွင် ကချင်ပြည်နယ်အတွက် ကဒ် ၄,၅၀၀ ကိုသာ
ရောင်းချမည့် ၎င်း မိုဘိုင်း ဆင်းကဒ်မှာ Public CDMA 800 MHz ရှိသော မြစ်ကြီးနားမြို့နှင့် မိုးညှင်းမြို့များ တွင်သာ ပြောဆိုနိုင်မည် ဖြစ်ပြီး အခြားတိုင်းနှင့်
ပြည်နယ်များသို့ သယ်ဆောင်သွားပါကလည်း CDMA 800 MHz ရှိသော နေရာများတွင်သာ ပြောဆိုနိုင်သည်ဟု
ပြည်နယ် အစိုးရက အသိပေးထားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ CDMA 800 MHz အောက်တွင် ပြောဆိုရ ရမည် မဟုတ်သော်လည်း အခြား မိုဘိုင်း/အောတိုဖုန်းများနှင့် ဆက်သွယ်ပြောဆိုနိုင်မည် ဖြစ်သည်။

လာမည့် လများတွင်လည်း ဆက်လက် ဖြန့်ချီသွားမည်ဟု ပြည်နယ်အစိုးရက ကြေညာသည်။

မြစ်ကြီးနား မြို့ခံအများအပြား လာရောက် လျှောက်လွှာ တင်နေကြသော်လည်း သာမန် အရပ်သား အနည်း အကျဉ်းသာ ရရှိနိုင်ပြီး အစိုးရ ဝန်ထမ်းများသာ ရနိုင်ခြေများမည်ဟု ဒေသခံများက ခန့်မှန်းနေကြသည်။

၎င်း ၁,၅၀၀ တန် ဆင်းကဒ် ဝယ်ယူပြီးသည့် ၁၅ ရက်အတွင်း အနည်းဆုံး ကျပ် ၅,၀၀၀ ငွေပြည့်သွင်းရန် လိုအပ်မည် ဖြစ်ကာ အကယ်၍ မဖြည့်သွင်းနိုင်ပါက ဖုန်းကဒ်သည် အလိုအလျောက် ပိတ်သိမ်းသွားမည်
ဖြစ်ကြောင်း ဧပြီလ ၃ ရက်နေ့က နိုင်ငံပိုင် ရုပ်သံသတင်းတွင် ကြေညာခဲ့သည်။

နိုင်ငံတဝှန်း တလလျှင် ဆင်းကဒ် အရေအတွက် ၃ သိန်းခွဲ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သမီးဖြစ်သူ သေဆုံးမှုကို တိုင်ကြားသဖြင့် ဖခင်ဖြစ်သူ တရားရင်ဆိုင်နေရ

ချင်းမိုင်(မဇ္စျိမ)။      ။ သမီးဖြစ်သူ သေဆုံးမှုအား စုံစမ်းစစ်ဆေး ပေးရန် တိုင်ကြားမှု အပေါ် စစ်ဗျူဟာမှူးက မမှန်မကန် လိမ်လည်ရေးသား စွပ်စွဲသည်ဟု ဆိုကာ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၂၁၁ ဖြင့် ပြန်လည်တရားစွဲ ခဲ့ရာ ရှေ့နေဌားခွင့်ပြုရန် တရားစွဲခံရသူ ဦးဘရန်ရှောင်က ယနေ့ရုံးချိန်းတွင် လျှောက်ထားခဲ့သည်။

"ဒီနေ့က အမှုစစ်ဆေးခြင်း မရှိသေးဘူး၊ ဦးဘရန်ရှောင်က ရှေ့နေငှားဖို့ ရက်ချိန်းပေးဖို့ တောင်းဆိုတယ်"ဟုလ ဦးဘရန်ရှောင်၏ အမှုကူညီ ဆောင်ရွက်ပေးနေသူ ကချင်လူထုကော်မတီမှ လူငယ်တာဝန်ခံ ကိုလရိမ်က
ပြောသည်။

၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့က ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက် အုပ်စု (၁) ဆွတ်ငိုင်ယန် ကျေးရွာမှ အသက် ၁၄ နှစ်အရွယ် နဝမတန်း ကျောင်းသူ မဂျာဆိုင်အိန်အား ပစ်ခတ်ခဲ့သော တပ်ဖွဲ့အား စုံစမ်း စစ်ဆေး အရေးယူပေးရန်
သမ္မတ ဦးသိန်းစိန်၊ တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းတည်ငြိမ်ရေးကော်မရှင် ဥက္ကဌလဒေါ်အောင်ဆန်းစုကြည်၊နှင့်
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် တို့ထံ ဖခင်ဖြစ်သူက ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၁ ရက်နေ့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

တိုင်ကြားစာတွင် အင်အား ၈၀ ခန့်ပါဝင်သော ခလရ ၃၈၉ စစ်ကြောင်းသည် အခင်းဖြစ်ပွားသည့်နေ့က
မှော်ဝမ်းရပ်ကွက်တွင် နားနေခဲ့ပြီး ညနေပိုင်း ၄ နာရီခန့်တွင် ရွာပြင်ထွက်ရန် ပြင်ဆင်နေစဉ် ပေါက်ကွဲသံ ကြားသဖြင့် KIO တပ်များဟု ထင်မှတ်ကာ ယင်းရွာအတွင်း ပရမ်းပတာ ပစ်ခတ်ခဲ့သည်ဟု ဦးဘရန်ရှောင်၏ တိုင်ကြားစာတွင် ပါရှိသည်။

ထိုသို့ တိုင်ကြားမှုအပေါ် မတ်လ ၁၁ ရက်နေ့က ဒုတိယတန်း စစ်ဆင်ရေးမှူး ဗိုလ်မှူး ဇာနည်လင်းပိုက်မှ မမှန်မကန် တိုင်ကြားမှုဖြင့် ဦးဘရန်ရှောင်ကို စတင်တရားစွဲဆိုခဲ့ပြီး ဧပြီလ ၈ ရက်နေ့တွင် ဦးဘရန်ရှောင်အား ဖားကန့်မြို့နယ် တရားရုံးက ကျပ်ငွေ ၆ သိန်းဖြင့် အာမခံ ပေးခဲ့သည်။  

အခင်းဖြစ်ပွားသည့်နေ့က မဂျာဆိုင်းအိမ်နှင့်အတူ ဆရာမ ဒေါ်နန်ဆန့် အပါအဝင် ကျောင်းသူ လေးဦးတို့က
ကျောင်းအပြန်တွင် ပစ်ခတ်သံများကြောင့် လမ်းဘေးတနေရာတွင် ပုန်းအောင်းနေစဉ် အားလုံးထွက်လာရန်
ခြိမ်းခြောက်သဖြင့် ထွက်လာစဉ် မဂျာဆိုင်အိန်၏ နောက်တင်ပါးအောက်တွင် ကျည်ဆံထိမှန် သေဆုံးခဲ့ခြင်း
ဖြစ်သည်ဟု ဦးဘရန်ရှောင်က ယခင်က မဇ္စျိမကို ပြောဆိုခဲ့သည်။

ထိုတိုင်ကြားစာကို ကော်မရှင်က လက်ခံရရှိသဖြင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများသို့ တင်ပြပေးခဲ့ပြီး
ဖြစ်သော်လည်း ယနေ့ထိ မည်သည့် တုံ့ပြန်မှုမှ မရှိသေးကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး
ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က ပြောသည်။

 "ဒီကျောင်းသူသေတာနဲ့ ပတ်သက်လို့ အန်ကယ်တို့ကတော့ refer (လွဲပြောင်းပေး) ဆက်လုပ်တဲ့ အပိုင်းဘဲရှိတယ်။ အန်ကယ်တို့က လိုအပ်သလို အရေးယူဆောင်ရွက်ပေးဖို့ဘဲ၊ လုပ်ငန်းစဉ် (procedure)အတိုင်းသွားရတယ်။ အဲဒါနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အဖွဲ့အစည်း ဌာနဆိုင်ရာတွေက အန်ကယ်တို့ဆီကို reply မရသေးဘူး။ ရတော့ ရခဲတယ်"ဟု သူက မဇ္စျိမကို ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ကော်မရှင်၏ ကချင်ပြည်နယ် ခရီးစဉ်တွင် ၄င်းကိစ္စ သွားရောက် စုံစမ်းရန် ဖားကန့်မြို့သို့ လူ့အခွင့်အရေး အခြေအနေများ သွားရောက်စုံစမ်းလိုသော်လည်း လုံခြုံရေး စိုးရိမ်ရသဖြင့် မသွားနိုင်ခဲ့ကြောင်း သူက ဆိုသည်။

ကံယံကံရှင် ဦးဘရန်ရှောင် တဦးတည်း အမှု မရင်ဆိုင်နိုင်သဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD၊ ရိုမန်ကက်သလစ်၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC၊ ကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့ စသည့်တို့မှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသော ကချင်လူထုကော်မတီကို ပြီးခဲ့သည့် မတ်လာက ဖွဲ့စည်း၍ ကူညီဆောင်ရွက်ပေးနေသည်ဟု တာဝန်ခံ ကိုလရိန်က ပြောသည်။

"ဒီကိစ္စက သူ့မိသားစုအရေးဘဲ မဟုတ်ဘူး။ လူထုနဲ့ သက်ဆိုင်တဲ့အတွက် ကျနော်တို့က ခုလို လူထုနဲ့ သက်ဆိုင်တဲ့ အတွက် လူထုနဲ့ ဖြေရှင်းရင် ပိုသင့်တော်တယ်ဆိုပြီး ကျနော်တို့ ကော်မတီဖွဲ့ပြီး ကူညီနေတာပါ"ဟု သူက မဇ္စျိမကို ပြောသည်။

လာမည့် မေလ ၆ ရက်နေ့မှာ ရုံးချိန်းထပ်မံ ပေးထားသည်ဟု သိရသည်။

ရှမ်းမြောက်ပိုင်း အစိုးရတပ် လတ်တလော လူ့အခွင့်အရေး ချိုးဖောက်မှုများ ထုတ်ဖော်

စံခလပူရီ (မဇ္ဈိမ)။   ။ သင်္ကြန်ကာလအတွင်း ရေကစားထွက်သည့် လူငယ်များကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အစိုးရတပ်က အသုံးပြုခဲ့ကြောင်း ရှမ်း လူ့အခွင့်အရေး မဏ္ဍိုင် (SHRF) က ဆိုသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းမြို့နယ်၊ မိုင်းကောင် မှ နမ့်ပန်ချောင်းကျေးရွာသို့ မော်တော်ဆိုင်ကယ်ဖြင့်
ရေကစားထွက်သည့် အမျိုးသမီး/သား လူငယ် ၅၀ ခန့်ကို ထိုဒေသတွင် လှုပ်ရှားနေသည့် စစ်ကြောင်းက ဖမ်းဆီးကာ ၎င်းတို့၏ လုံခြုံရေးအတွက် ဝမ့်မူးဆေး မှ နမ့်လောင်း ကျေးရွာထိ စစ်ကြောင်း ရှေ့ နောက်တွင် လျှောက်စေကာ လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သည်ဟု ဆိုသည်။

"ရေကစားဖို့ ဆိုပြီးတော့ ဆိုင်ကယ်လေးတွေနဲ့ သွားကြတာပေါ့ဗျာ။ အဲဒီမှာ စစ်ကြောင်း တကြောင်းက အဲဒီသွားတဲ့ လူငယ်တွေကို ရပ်ပြီးတော့မှ သူတို့ဆိုင်ကယ်ကို လမ်းဘေးရပ်ခိုင်းပြီး ဖမ်းထားတာပေါ့။ လူပေါင်း ငါးဆယ်လောက် ရတဲ့အခါကျမှ သူတို့ သွားလိုတဲ့နေရာကို သူတို့နဲ့အတူ လမ်းလျှောက်ခိုင်းပြီး သွားတာ။ ရှမ်းတပ်က သူတို့ကို ဝင်မပစ်အောင်ပေါ့ဗျာ။ သွားချင်တဲ့နေရာ ရောက်ပြီး ဆိုတဲ့အခါကျမှ ပြန်လာပြီးမှ အဲဒီလူငယ်တွေကို ဖမ်းတဲ့နေရာမှာပဲ
ပြန်လွှတ်တယ်" ဟု SHRF မှ ဦးခမ်းဟန်ဖ က ပြောသည်။

သင်္ကြန်အကြတ်နှင့် အတက်နေ့ (ဧပြီလ ၁၅ နှင့် ၁၆ ရက်နေ့) များတွင် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA/SSPP) နှင့် အစိုးရတပ်ကြား တန့်ယန်းမြို့နယ်အတွင်း မိနစ်ပိုင်းမျှ ကြာသည့် တိုက်ပွဲများ သုံးကြိမ်ထက်မနည်း
ဖြစ်ပွားခဲ့ပြီးနောက် အစိုးရတပ်ဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်ရာမှ ကလေး နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကာ စာသင်ကျောင်းနှင့် လူနေအချို့လည်း ပျက်စီးခဲ့သည်ဟု SHRF က တနင်္လာနေ့တွင် ထုတ်ပြန်ကြေညာသည်။

၎င်းပြင် ကလေးငယ်အချို့ ပါဝင်သည့် ရွာပေါင်း ၉ ရွာမှ လူထုများအား ဖမ်းဆီးရိုက်နှက်မှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြပြီး ရွာသားများ ထွက်ပြေးရန် အသုံးပြုသည့် ယာဉ်များကို အစိုးရတပ်မှ မီးရှို့ဖျက်ဆီးကာ တိုက်ပွဲ
ဖြစ်ပွားရာအနီးရှိ ကျေးရွာများကိုလည်း မီးရှို့ဖျက်ဆီးမည် ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့သည်ဟု ကြေညာချက်က ဆိုသည်။

"တချို့ရွာသားတွေက ထွက်ပြေးဖို့ ရွာကနေ ထွက်ကြတော့ စစ်ကြောင်းနဲ့ တွေ့ပြီးတော့ ဘယ်သွားဖို့လဲ ဘာညာ
မေးတော့ ကြောက်လို့ တခြားနေရာကို ထွက်ပြေးမယ် ပြောတော့ မသွားရဘူး ဆိုပြီးတော့မှ သူတို့ရဲ့ ဆိုင်ကယ်၊ သူတို့ရဲ့ ယာဉ်တွေကို ယူပြီးတော့မှ မီးရှို့ပစ်တယ်" ဟု ဦးခမ်းဟန်ဖ က ပြောသည်။

မတ်လ နှောင်းပိုင်းတွင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်ရှိ လွယ်လန်းနှင့် လွယ်စေး ဒေသ တဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ရွာပေါင်း ၁၆ ရွာမှ လူဦးရေ ၁,၀၀၀ ကျော် တန့်ယန်းမြို့ပေါ်သို့ ထွက်ပြေး ခိုလှုံခဲ့ကြရာမှ သင်္ကြန်ကာလ နောက်ပိုင်းတွင် တိမ်းရှောင်သူပေါင်း ခန့်မှန်းခြေ ၂,၀၀၀ ခန့် ရှိလာခဲ့သည်ဟု SHRF မှ မယိင်းဟာန်ဖ က ပြောသည်။

"အစတုန်းက တထောင်ကျော်ကျော်ပဲ ရှိတယ်ရှင့်။ နောက်တော့ သင်္ကြန်အချိန်မှာ တိုက်ပွဲ ထပ်ဖြစ်လို့ ထပ်ပြေးလာ
ကြတော့ နှစ်ထောင်လောက် ရှိပြီရှင့်" ဟု မဇ္ဈိမကို ပြောသည်။

မြို့နယ် အုပ်ချူပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ဧပြီလ ၁၁ ရက်နေ့တွင် ဒုက္ခသည် ၃၀ ခန့် နေရပ် ပြန်သွားကြသော်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်းကြောင့် တန့်ယန်းမြို့သို့ ဒုက္ခသည်များ ထပ်မံရောက်ရှိလာကြကာ ပြန်သွားသည့် ဒုက္ခသည်အချို့လည်း ပြန်လည် ရောက်ရှိလာကြသည်ဟု ကယ်ဆယ်ရေးစခန်း ကော်မတီဝင် ကိုစိုင်းလူ က ပြောသည်။

ဒုက္ခသည်များ၏ စားဝတ်နေရေးအတွက် လားရှိုးနှင့် တန့်ယန်းမြို့နယ်အတွင်းရှိ သံဃာတော်များ၊ လူငယ် အဖွဲ့အစည်းများ၊ လူမှု ကူညီရေးအသင်းများ၊ နိုင်ငံရေး ပါတီများနှင့် မြို့နယ် အာဏာပိုင် အဖွဲ့အစည်းများက အကူအညီများ ပေးလျက် ရှိသည်ဟု ဆိုသည်။ 

ဧပြီလ ၃ ရက်နေ့က အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) ရှိ ရွှေလီ ရိပ်သာတွင် အစိုးရ လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးဝင်းမြင့်တို့နှင့် တွေ့ဆုံစဉ် ဒုက္ခသည်များအား
နေရပ်တွင် ပြန်လည်နေထိုင် လုပ်ကိုင်စားသောက်နိုင်ရန်အတွက် တိုက်ပွဲများ ထပ်မံမဖြစ်ပွားရန် SSA/SSPP ဘက်က တောင်းဆိုတင်ပြထားသော်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့ကာ၊ ယနေ့တွင်လည်း တန့်ယန်းမြို့နယ်၊ လွယ်ကျေး ကျေးရွာဘက်တွင် တိုက်ပွဲငယ် ဖြစ်ပွားခဲ့သည်ဟု SSA/SSPP မှ ဗိုလ်မှူးကြီး ဖိန်ဖ က ပြောသည်။

ဆက်သွယ်ရေး အခက်အခဲကြောင့် မည်သည့်တပ်ရင်းနှင့် ဖြစ်ပွားခဲ့ခြင်းနှင့် ထိခိုက်မှု အခြေအနေကို မသိရှိရ
သေးကြောင်း သူက ပြောသည်။

ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA/SSPP) သည် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပြီးနောက် အစိုးရတပ်နှင့် အကြိမ် ၁၀၀ ထက် မနည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဗိုလ်မှူးကြီး ဖိန်ဖ က ပြောသည်။

၁၅၀၀တန် ဆင်းကဒ်များ မဲနှိုက်စနစ်ဖြင့်ရောင်း ၊ ကိုယ်တိုင် မနှိုက်ရ

တန်ဖိုးနည်း ၁၅၀၀တန် ဆင်းကဒ်များကို မဲနှိုက်စနစ်ဖြင့် ရောင်းချသော်လည်း ပြည်သူများ အနေဖြင့် မဲလိပ်များအား ကိုယ်တိုင်နှိုက်ခွင့်မရကြောင်း ယနေ့ရောင်းချခဲ့သည့် နယ်မြေများမှ ရပ်ကွက် အုပ်ချူပ်ရေးမှူးရုံးများမှ စုံစမ်းသိရှိရသည်။

CDMA-Phone-ss" မဲက ကိုယ်တိုင် မနှိုက်ရဘူး။ လူရှုပ်မှာဆိုးလို့ ကော်မတီအဖွဲ့က သူ့နာမည်စာရင်းနဲ့ သူနှိုက်ပေးတာ။ အဲဒီ ကော်မတီကိုလဲ ရပ်ကွက်က လူကြီးတွေနဲ့ ဖွဲ့စည်းထားတာ၊ ပေါက်တယ် မပေါက်ဘူးဆိုတာ ချက်ချင်း သိရတယ်။ လုပ်ပုံလုပ်နည်းမတူ။
နောက်လုပ်မဲ့ အခေါက်တွေမှာ ဒီအခေါက် ရသွားတဲ့ သူတွေ မပါတော့ဘူး" ဟု မြောက်ဥက္ကလာပမြို့နယ် (၁) ရပ်ကွက် အုပ်ချူပ်ရေးမှူးရုံးမှ အုပ်ချူပ်ရေးမှူး ကိုသန်းမြင့်က မဇ္ဈိမကို ပြောသည်။

တလမ်းလျှင် ခြောက်လုံးနှုန်း မဲနှိုက်ပေးကာ ဧပြီလ ၂၄ရက်နေ့ ညနေ၄နာရီ ဖုန်းကဒ်များကို အိမ်အရောက် ပို့ပေးမည်
ဖြစ်ကြောင်း၊ ဖုန်းပေါက်သည့် မဲစာရင်းများကို ဧပြီ ၂၂ရက် ယနေ့တွင် မြို့နယ်ရုံးသို့ အပြီးတင်ပေးရမည်ဟု
မြောက်ဥက္ကလာပမြို့နယ် (၁)ရပ်ကွက် အုပ်ချူပ်ရေးမှူးက ရှင်းပြသည်။

မဲနှိုက်ရောင်းချမှုအား မြောက်ဥက္ကလာ မြို့နယ်နယ်နှင့် အခြားမြို့နယ် အချို့တွင် ယနေ့၈နာရီမှ စတင်ကာ နေ့လည် ၁နာရီအထိ ရောင်းချမှုများ ပြုလုပ်ခဲ့ပြီး ရောင်းချသည့် ဖုန်းအရေအတွက်မှာ တရပ်ကွက်နှင့် တရပ်ကွက် မတူညီကြောင်း ရပ်ကွက်သားများထံမှ သတင်းရရှိသည်။

မြောက်ဥက္ကလာပမြို့နယ် ၂ရပ်ကွက် အုပ်ချူပ်ရေးမှူးရုံးမှ အုပ်ချူပ်ရေးမှူး ဦးလှထွန်းက " မနက် ၈နာရီခွဲလောက်ကနေ ၁၂နာရီလောက်မှာ အကုန်ပြီးစီးသွားတယ်။ ရပ်မိရပ်ဖရယ် ဆရာမရယ် သူတို့တွေပဲ နှိုက်တာ။ ဘုန်းကြီးတွေ အတွက်ကော မယ်သီလရှင်တွေအတွက်ကော အကုန်ပါတယ်" ဟုဆိုသည်။

ယခုလို မြန်ဆန်စွာ မဲနှိုက်ရခြင်းမှာ ဖုန်းကဒ်မဲပေါက်သူ စာရင်းများအား ယနေ့၎နာရီတွင် မြို့နယ်ရုံးသို့ အပြီးပေးရမည် ဟု ထုတ်ပြန်ထားသည့်အတွက် ဖြစ်ကြောင်း ဦးလှထွန်းက ရှင်းပြသည်။

မြောက်ဥက္ကလာပ (၁)ရပ်ကွက်ရှိ ကွမ်းယာရောင်းသူ အမျိုးသမီးက"ကျွန်မတို့ အခုဆင်းကဒ်ရောင်းတဲ့ စနစ်ကို သိပ်စိတ်အလိုမကျဘူး။ သမာသမတ် မကျဘူးလို့ ပြောတာမဟုတ်ပါဘူး ဒါပေမဲ့ ကိုယ်တိုင်လဲ မနှိုက်ရဘူး။ ရောင်းတဲ့ အရေအတွက် ကလည်း အရမ်းနည်းတယ်။ အမှန်ဆို တအိမ်တယောက် ဆိုလည်း အားလုံးထုတ်ပြီး ရောင်းလိုက် အဲဒါရှင်းတယ်။ " သူမ၏ အမြင်ကိုပြောသည်။

၎င်း ၁,၅၀၀ တန် ဆင်းကဒ် ဝယ်ယူပြီးသည့် ၁၅ ရက်အတွင်း အနည်းဆုံး ကျပ် ၅,၀၀၀ ငွေပြည့်သွင်းရန် လိုအပ်မည်
ဖြစ်ကာ အကယ်၍ မဖြည့်သွင်းနိုင်ပါက ဖုန်းကဒ်သည် အလိုအလျောက် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း  ဧပြီလ ၃ ရက်နေ့က နိုင်ငံပိုင် ရုပ်သံသတင်းတွင် ကြေညာခဲ့သည်။

တနိုင်ငံလုံး အတိုင်းအတာဖြင့် ဖုန်းဆင်းကဒ်များကို တလလျှင် သုံးသိန်းခွဲ ရောင်းချပေးမည်ဖြစ်ပြီး ရန်ကုန်တိုင်း
ဒေသကြီးတွင် ဆင်းကဒ် တသိန်း နှစ်သောင်းခန့် ရောင်းချပေးသွားမည်ဟု အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ရပ်ကွက်နှင့် မြို့နယ်အပေါ်မူတည်၍ ရောင်းချမည့် ဆင်းကဒ် အရေအတွက် အနည်းအများကွာခြားသည်။

ကျပ် ၁၅၀၀ တန်ဖုန်းများအတွက် သီးသန့်ငွေဖြည့်ကဒ် ရောင်းချပေးမည်

မြန်မာ့ဆက်သွယ်ရေးမှ ရောင်းချပေးတော့မည့် တန်ဖိုးနည်း ကျပ် ၁၅၀၀တန်ဖုန်းများ ၀ယ်ယူအသုံးပြုသူ များအတွက် ငွေဖြည့်ကဒ်များကို သီးသန့်ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။

 

"ဒီငွေဖြည့်ကတ်ကို  သီးသန့်ရောင်းချပေးတဲ့ ဆိုင်တွေမှာပဲ ၀ယ်လို့ရမယ်"ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာချုပ်တစ်ဦးကပြောသည်။

 

ဧပြီ ၂၄ ရက်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စတင်ရောင်းချပေးတော့မည် ကျပ် ၁၅၀၀ တန် CDMA-800 MHz  တန်ဖိုးနည်းဖုန်းများ ငွေဖြည့်ကတ်ထည့်သွင်းအသုံးပြုရာတွင် MECTel စာတန်းပါ ငွေဖြည့်ကတ်ကိုသာ ထည့်သွင်းအသုံးပြုရမည်ဖြစ်ကြောင်း သိရှိရသည်။

 

၁၅၀၀ ဖုန်းများသည် ယခင်ဖုန်းများကဲ့သို့ မည်သည့် ငွေဖြည့်ကတ်မဆိုထည့်သွင်းအသုံးပြုနိုင်ခြင်း မရှိဘဲ သတ်မှတ်ထားသည့် ငွေဖြည့်ကတ်ကိုသာ ထည့်သွင်းအသုံးပြုရမည်ဖြစ်ကြောင်းသိရှိရသည်။

 

"ဒီလိုတော့ မကောင်းပါဘူး အသုံးပြုသူတွေအတွက် အခက်တွေ့မှာပေါ့၊ ၀ယ်လို့မရတဲ့ နေရာရောက်နေတဲ့သူဆိုရင် ဘယ်လို လုပ်မှာလဲ"ဟုလည်းတန်းတွင်ငွေဖြည့်ကတ်ရောင်းချပေးနေသူ ကိုထိန်ကပြောသည်။

 

အဆိုပါတန်ဖိုးနည်းဖုန်းအသုးံပြုသူများအတွက် ငွေဖြည့်ကတ်ဝယ်ယူရရှိနိုင်သောဆိုင်များမှာ TMHC-ZK  ကမာရွတ်မြို့နယ်၊ MTS စမ်းချောင်မြို့နယ်၊ Best One လသာမြို့နယ်၊ Mobile လသာမြို့နယ၊် MTC မင်္ဂလာတောင်ညွန့်မြို့နယ်၊ 09 မရန်ကုန်းမြို့နယ် ၊လူကြီးမင်း သင်္ဃန်းကျွန်းမြို့နယ၊် Mobile King တာမွေမြို့နယ၊် Mobile Bank ကြည့်မြင်တိုင်မြို့နယ် ၊ISN Netအင်းစိန်ုမြို့နယ်၊ Missed-Call ဒေါပုံမြို့နယ်တို့တွင် သာ ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

 

လက်ရှိအချိန်တွင် ၄င်းငွေဖြည့်ကတ်များအား ရန်ကုန်မြို့တွင်  ၁၂ ဆိုင်သာဝယ်ယူအသုံးပြု   ငွေဖြည့်နိုင်မည်ဖြစ်ကြောင်း သိရ သည်။

 

"ကျွန်တော်တို့အတွက်တော့ လုံးဝအခက်အခဲပ၊ဲ အရင်ဖုန်းတွေဆိုရင် ငွေကုန်တာနဲ့ ငွေဖြည့်ကတ်ရောင်းတဲ့ ဆိုင် ဘယ်ဆိုင်မဆို ၀ယ်လို့ရတယ်။ ၁၅၀၀ တန်ဖုန်းကို ခုလိုကန့်သတ်လိုက်တော့ ကျွန်မဆိုရင် မ၀ယ်တော့ဘူးလို့ စဉ်းစားလိုက်တယ်"ဟု လက်ကိုင်ဖုန်းရောင်းချနေသူ ဒေါ်ခင်ဌေးက ပြောသည်။

 

၁၅၀၀ တန်ဖုန်းများကို သက်ဆိုင်ရာတိုင်းဒေသကြီးအသီးသီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ရောင်းချမည်ဖြစ်ပြီး လာရောက် လျှောက်ထားမှုနည်းပါးလျက်ရှိကြောင်း လှည်းတန်း (၇) လမ်းရှိအုပ်ချုပ်ရေးမှူးရုံးမှ သိရှိရသည်။

 

အဆိုပါ လျှောက်ထားမှုများကို ဧပြီလ ၂၂ရက်နေ့ ည ၁၀ နာရီ နောက်ဆုံးထားကာ သက်ဆိုင်ရာ မြို့နယ်နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် လျှောက်ထားနိုင်ကြောင်းသိရှိရသည်။

 

ငွေကျပ် ၁၅၀၀ တန် တန်ဖိုးနည်း စီဒီအမ်အေ ဆင်းမ်ကတ်များအား အမည်စာရင်းပေးသွင်းထားသူများကို မဲဖောက်ကာ မဲပေါက်သူကိုသာ ရောင်းချပေးသွားမည်ဖြစ်သည်။

 

ဆင်းမ်ကတ်များကို ဧပြီလ ၂၄ ရက်နေ့ ညနေပိုင်းတွင် လိုင်းဖွင့်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

 


EU ဆုံးဖြတ်မည့်နေ့ BBC သတင်း နဲ့ Human Rights Watch အစီရင်ခံစာ အချိန်ကိုက်ထွက်လာသလား

ယနေ့ ဧပြီလ (၂၂) ရက်နေ့၊ ဥရောပသမဂ္ဂမှ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု (Sanction)နှင့်ပတ်သက်သော အရေးကြီး ဆုံးဖြတ်ချက် ချမည့်နေ့တွင် နိုင်ငံတကာရုပ်သံလိုင်းတစ်ခုဖြစ်သည့် ဘီဘီစီသတင်းဋ္ဌာနက မိထ္ထီလာတွင် မတ်လ ၂၀ ရက်ဝန်းကျင်က  ဖြစ်ပွားခဲ့သည့် ဗမာ-မွတ်ဆလင်ပဋိပက္ခ ကိစ္စရပ်များကို နေ့တွင် ထုတ်လွှင့်ပြသနေခြင်းက မြန်မာပြည်ကို ထိခိုက်စေနိုင်ကြောင်း ဝေဖန်သုံးသပ်မှုများ ထွက်ပေါ်လျက်ရှိသည်။

 

ထို့ပြင် ဧပြီလ ၂၂ ရက်နေ့၊ ဥရောပသမဂ္ဂမှ အစည်းအဝေးပြုလုပ်၍ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများကို ပြန်လည်ရုပ်သိမ်းပေးရန် အဆုံးအဖြတ်ပေးမည့်နေ့တွင် Human Rights Watch မှလည်း ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်သည့် အစီရင်ခံစာထွက်ရှိခဲ့သည်။

 

 "တိုက်တိုက်ဆိုင်ဆိုင် ဥရောပသမဂ္ဂကနေ မြန်မာနိုင်ငံကို စီပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ကို ပြန်လည် သုံးသပ်မယ့်နေ့မှာ ဘီဘီစီကနေ အခုလို မိထ္ထီလာဖြစ်ပွားမှုကို ထပ်ကာတလဲလဲ လွှင့်နေတာတွေ၊ Human Rights Watch က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခများနဲ့ ပတ်သက်တဲ့အစီရင်ခံစာကို ဒီနေ့မှာ ထုတ်ပြန်ခဲ့တာတွေ က ပိတ်ဆို့မှုတွေရုပ်သိမ်းဖို့ကို ထိခိုက်အောင်လုပ်နေတယ်လို့ ထင်တယ်။ တစ်ခုခုအပေး အယူလုပ်ချင်လို့ ဒီလို အချိန်ကိုက်လုပ်နေတယ်လို့ မြင်တယ်။" တရားလွှတ်တော်ရှေ့နေ ဦးဌေးဦး(စိန်ပေါ) ကသုံးသပ်သည်။

 

ခုလို ဘီဘီစီသတင်းနှင့် Human Rights Watch က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခများနဲ့ ပတ်သက်တဲ့အစီရင်ခံစာထွက်ပေါ်လာခြင်းကလည်း မြန်မာပြည်အပေါ်  ထိခိုက်စေနိုင်ကြောင်း တရားလွှတ်တော် ရှေ့နေ ဦးဌေးဦး(စိန်ပေါ) ကသုံးသပ်ပြောဆိုသည်။

 

 "တကယ်တမ်းကျတော့ ရခိုင်တို့ မိထ္ထီလာတို့မှာ ဖြစ်ပွားခဲ့တဲ့ကိစ္စတွေက မြန်မာနိုင်ငံရဲ့ပုံရိပ်နဲ့ လုံးဝမဆိုင်ဘူးလို့ ထင်တယ်။ ဒါပေမယ့် OIC ကတော့ မဆိုင်ဆိုင်အောင်လုပ်နေတယ်လို့ ထင်တယ်။ မဆိုင်ဆိုင်အောင်လုပ်ပြီး ဒါကို ပုံကြီးချဲ့ပြီးတော့ သူတို့ ဘာသာဝင်တွေ ဒီနိုင်ငံမှာ အထူးအခွင့်အရေးတွေရအောင် သူတို့ ကြိုးစားနေတယ် လို့မြင်တယ်။" ဟု တရားလွှတ်တော်ရှေ့နေ ဦးဌေးဦး(စိန်ပေါ)က ပြောသည်။

 

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့်ပတ်သက်၍ စုံစမ်းရေးကော်မရှင်တစ်ရပ်ကို  ပညာရှင်များ၊ လူမှုအသိုင်းအဝိုင်းနှစ်ခုလုံးမှ လေးစားရသောပုဂ္ဂိုလ်များဖြင့် နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးခဲ့ကာ ၄င်းအဖွဲ့မှ တွေ့ရှိချက်များ၊ အကြံပြုချက်များ နှင့် အစီရင်ခံစာအပေါ်မူတည်၍ အလေးထားအကောင်အထည် ဖော်သွားဖြစ်ကြောင်း   နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ၄င်း၏ လူမှုကွန်ယက်ဝက်ဆိုဒ်တွင် ဖော်ပြထားသည်။

 

"Human Rights Watch ရဲ့အစီရင်ခံစာဟာ တစ်ဘက်သတ်ရရှိတဲ့ သတင်းများကိုသာ အခြေခံရေး သားထားတာ ဖြစ်တဲ့အပြင် အစီရင်ခံစာမှာပါတဲ့ စကားလုံးအသုံးအနှုန်းများဟာလည်း လက်ခံနိုင်ဖွယ် မရှိပါဘူး။ နိုင်ငံတော်အနေနဲ့ ဒီလိုတစ်ဘက် သတ်ရေးသားတဲ့ အစီရင်ခံစာအပေါ် အလေးထားမှာ မဟုတ်ဘဲ တရားဝင် ဖွဲ့စည်းထားတဲ့ စုံစမ်းရေးကော်မရှင်ရဲ့ တွေ့ရှိချက်များ၊ အကြံပြုချက်များအပေါ်မှာပဲ အလေးထား အကောင်အထည် ဖော်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများကို ပြန်လည်သုံးသပ်မယ့် ဥရောပသမဂ္ဂရဲ့ အစည်းအဝေး နဲ့ ချိန်ကိုက်ပြီး ထုတ်ပြန်ခဲ့တဲ့ Human Rights Watch ရဲ့ လုပ်ဆောင်ချက်ဟာလည်း မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။" ဟု ဦးရဲထွဋ်က  facebook တွင် ရေးသားထားခြင်းဖြစ်သည်။

 

ယခုလို တိုက်ဆိုင်နေရခြင်းမှာ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်နေခြင်းဖြစ်နိုင်ကြောင်း၊ သို့သော် သမ္မတကြီး ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ သဘောထားပေါ်တွင်သာ မှုတည်နေသောကြောင့် စီးပွားရေးပိတ့်ဆို့မှုကိုရုပ်သိမ်းပေးမည့် ကိစ္စပေါ်တွင် အကျိုးသက်ရောက်မှု မရှိနိုင်ကြောင်း ပြည်သူတစ်ဦးကလည်း သုံးသပ်ပြောဆိုသည်။

 

"ဘီဘီစီရုပ်သံကနေ  အဲ့ဒီလို မိတ္ထီလာအရေးအခင်းကိစ္စကို လွှင့်နေတာက ရည်ရွယ်ချက်ရှိရှိ လုပ်တာတော့လုပ်တာပဲ။ ဒါပေမယ့် ဆန်ရှင်ရုပ်သိမ်းပေးဖို့ကိုတော့ မထိခိုက်နိုင်ဘူး။ ဘာကြောင့်လည်းဆိုတော့ ဦးသိန်းစိန်နဲ့ အန်တီတို့ရဲ့ သဘောထားကလည်း ရုပ်သိမ်းပေးစေချင်နေတယ် အဲ့ဒီအပေါ်မှာ မှုတည်နေတာရယ် သူတို့ကိုနိုင်ငံတကာကလည်း အသိအမှတ်ပြုတာရယ်ကြောင့်ပါ။" ဟု ပြည်သူတစ်ဦးဖြစ်သူ ကိုချိုကြီးက သုံးသပ်သည်။

 

စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့သည် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများနှင့် ပတ်သက်၍ အပြီးသတ် အစီရင်ခံစာကို ဧပြီလ၂၃ ရက် နေ့တွင် နိုင်ငံတော်သမ္မတထံသို့ စာတင်မည်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင်ထံမှ သိရှိရသည်။

 


ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပြီး ရွေးကောက်ပွဲအတွက်ဆွေးနွေးမည်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး ၊ EUမှ  Roundtable ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများ နှင့်   နိုင်ငံရေးပါတီအချို့ ဧပြီလ(၂၆)ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံကာ ၂၀၁၅ ရွေးကောက်ပွဲအတွက် အချက်(၅)ချက်ကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါ အချက်(၅)ချက်မှာ မဲဆန္ဒရှင်များ မှတ်ပုံတင်ရေး ၊ မဲဆန္ဒရှင်များကို ပညာပေးရေး ၊ နိုင်ငံရေးပါတီများကို ငွေကြေးထောက်ပံ့ရေး ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍ နှင့် နိုင်ငံရေးပါတီတွေ စောင့်ထိန်းရမည့် ကျင့်ဝတ်များကို ဆွေးနွေးကြမည်ဖြစ်ကြောင်း ဗေဒါအခမဲ့စာသင်ကျောင်း တည်ထောင်သူ မျိုးရန်နောင်သိန်းက ဆိုသည်။

 

"အီးယူကလုပ်တာပါ သူဦးဆောင်ပြီး အရပ်ဖက်လူမှုအဖွဲ့အစည်း (၈)ခုရယ် ၊ နိုင်ငံရေးပါတီအချို့ရယ်ပေါ့ နေပြည်တော်မှာ   တွေ့မယ် တွေ့ပြီး မဲဆန္ဒရှင်တွေကို ပညာပေးရေး ကိစ္စတွေ ၊ နိုင်ငံရေးပါတီတွေကို ငွေကြေးထောက်ပံ့ပေးရေး အဲ့ဒါတွေကို ဆွေးနွေးကြမယ် ၊ ၈၈မျိုးဆက်ကျောင်းသားအဖွဲ့လည်းပါတယ် ၊ ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့လည်း ပါမယ်"  ဟု ကိုမျိုးရန်နောင်သိန်းက ပြောသည်။

 

၂၀၁၀ ရွေးကောက်ပွဲ နှင့် ၂၀၁၂ခုနှစ်တွင် ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲများ မကျင်းပမီကာလတွင် ကြိုတင်ပြင်ဆင်ခြင်းများ ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခြင်းမျိုးမရှိခဲ့ခြင်းကြောင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲသည် တရားမျှတနိုင်သည်ဟု ၄င်းက သုံးသပ်ပြောဆိုသည်။

 

ရွေးကောက်ပွဲကော်မရှင်၏ ပြင်ဆင်ချက်ဆွေးနွေးပွဲများအရ ၂၀၁၅ ရွေးကောက်ပွဲသည် ယမန်နှစ်များတွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲများထက် ပို၍ လွတ်လပ်ပြီးတရားမျှတနိုင်သည်ဟု ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဌ ဒေါ်စူစန်နာလှလှစိုးက ဆိုသည်။

 

" ၂၀၁၀ ရွေးကောက်ပွဲတုန်းက အားမရဘူး ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကတော့ မဆိုးပါဘူး ၊ ဒါပေမယ့် အခု ၂၀၁၅ ရွေးကောက်ပွဲကတော့ ပိုပြီးလွတ်လပ်ပြီးတရားမျှတမယ်ထင်တယ် ဘာလို့လဲဆိုတော့ အခု အရပ်ဖက်အဖွဲ့အစည်းတွေလည်း များလာပြီ အစိုးရပိုင်းကလဲခေါ်ပြီး ပြင်ဆင်မှုတွေ လုပ်နေပြီ" ဟု ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဌ ဒေါ်စူစန်နာလှလှစိုးက ပြောသည်။

 

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှလည်း လာမည့် ၂၀၁၅ ရွေးကောက်ပွဲကျင်းပရေးအတွက် မဲလိမ်မှုများ မဖြစ်ပေါ်ရေး ၊ ပဋိပက္ခမဖြစ်အောင် ပြုပြင်ရေး နှင့် အစိုးရမှ အရပ်ဖက်အဖွဲ့အစည်းများ နိုင်ငံရေးပါတီများနှင့် စုစည်းပြီး ပူးပေါင်းလုပ်ဆောင်သင့်သည်ဟု ၄င်းက အကြံပြုပြောဆိုသည်။

 

နိုင်ငံရေးပါတီအချို့မှလည်း လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေပြီး တိုင်းရင်းသားပါတီအချို့မှလည်း ကိုယ်တိုင် ရွေးကောက်တင်မြှောက်သည့် အစိုးရတစ်ရပ် ပေါ်ထွက်လာရေးအတွက် အစီအစဉ်ဆွဲ ဆွေးနွေး ဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း တိုင်းရင်းသားပါတီအချို့ထံက သိရှိရသည်။