Saturday, June 1, 2013

မန္တလေးမြို့သို့ အလုပ်အကိုင်ဗီဇာနှင့် လာရောက်သူ တရုတ်နိုင်ငံသားများအား အိမ်ငှားရမ်းခွင့် မပြုထား

မန္တလေးမြို့သို့ အလုပ်အကိုင်ဗီဇာနှင့် လာရောက်သူ တရုတ်နိုင်ငံသားများအား အိမ်ငှားရမ်းနေထိုင်ခွင့် ပြုမထားကြောင်းနှင့် ယင်းသို့ ငှားရမ်းနေထိုင်မှုများကို စိစစ်တွေ့ရှိပါက ဗီဇာစည်းကမ်း ဖောက်ဖျက်မှုဖြင့် သတိပေး အရေးယူကာ ပြည်နှင်ဒဏ် ပေးခြင်းနှင့် အိမ်ရှင်ဖြစ်သူအား လ၀က အက်ဥပဒေဖြင့် ထောင်ဒဏ်တစ်နှစ်ခွဲ ချမှတ်နိုင်ကြောင်း သိရသည်။

လုပ်ငန်းဗီဇာဖြင့် ၀င်ရောက်ခွင့်ပြုထား သူများအား သက်ဆိုင်ရာ ၀န်ကြီးဌာန၏ ထောက်ခံချက်အရ နေခွင့်(stay)တိုးမြှင့်ပေးခြင်း၊ လုပ်ငန်းတည်ရှိရာ စက်ရုံ၊ အလုပ်ရုံနှင့် ကုမ္ပဏီမှ တာဝန်ခံ ငှားရမ်းပေးသည့် အဆောက်အအုံတို့တွင် တည်းခိုနေထိုင်ခွင့်ပြုထားပြီး အိမ်ငှားရမ်း နေထိုင်ခွင့် မရှိပေ။

မန္တလေးသို့ business visa ဖြင့် လာရောက် အလုပ်လုပ်ကိုင်သော နိုင်ငံခြားသား ဦးရေမှာ လစဉ် ၅၀၀ ခန့် ရှိသည့်အနက် ၅၀ ရာခိုင်နှုန်းခန့်မှာ တရုတ်နိုင်ငံသားများ ဖြစ်ပြီး ရေနံပိုက်လိုင်း၊ ပညာရေး၊ ဆောက်လုပ်ရေး စသည့် ကဏ္ဍများတွင် အများဆုံး လုပ်ကိုင်လျက်ရှိရာ ယင်းသို့ ဗီဇာဖြင့် လာရောက်နေထိုင်သော နိုင်ငံခြားသားများ အနေဖြင့် overstay မဖြစ်စေရန်၊ တားမြစ်နေရာများ မသွားစေရန်နှင့် visa စည်းကမ်းများ မဖောက်ဖျက်စေရန် သက်ဆိုင်ရာ ကုမ္ပဏီများကို လစဉ်ခေါ်ယူ အသိပေး ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ သတင်းရရှိသည်။

''ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်လူမျိုးနှစ်ဦး အိမ်ငှားချင်လို့ဆိုပြီး ကျွန်တော်တို့ရုံးကို ရောက်လာတယ်။ မြန်မာစကားကို ပီပီသသ ပြောနိုင်တယ်။ ဟောင်ကောင်ကလာတဲ့ တရုတ်နိုင်ငံသား စစ်စစ်တွေဆိုတာ သူတို့ကိုင်လာတဲ့ ပတ်စပို့စာအုပ်ကို တွေ့တော့မှ အိမ်ငှားရမ်းနေထိုင်ခွင့် မရှိကြောင်းနဲ့ ဟိုတယ်မှာပဲ တည်းခိုခွင့်ရှိကြောင်း ပြောလိုက်ရတယ်။ တရုတ်နိုင်ငံသားတွေက မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်နွယ်ဖွား လူမျိုးတွေနဲ့ ရုပ်ချင်းခွဲမရတာကြောင့် ဗီဇာစည်းကမ်းနဲ့ မညီညွတ်တာမျိုးကို စိစစ်အရေးယူဖို့ ခက်ပါတယ်'' ဟု မန္တလေးတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဦးသောင်းဇော်ကဆိုသည်။

မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ လာရောက်လည်ပတ်ရာတွင် တရုတ်နိုင်ငံသည် ဒုတိယအများဆုံး ၀င်ရောက်သော နိုင်ငံဖြစ်ကြောင်း သိရပြီး လည်ပတ်လေ့လာခြင်းထက် ရက်ရှည်နေထိုင်ကာ လုပ်ငန်းလုပ်ကိုင်မှု များပြားကြောင်း သိရသည်။

''ကျောက်ဝိုင်းမှာ လာပြီး အရောင်းအ၀ယ်လုပ်တဲ့ တရုတ်ကုန်သည်တွေက အိမ်ငှားပြီး ရက်ရှည်နေထိုင်ကြတယ်။ ဟိုတယ်မှာ လချီဘယ်သူမှ မနေဘူး'' ဟု မန္တလေးမြို့မှ ကျောက်ပုတီး ကုန်သည်တစ်ဦးက ဆိုသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။