Saturday, April 27, 2013

မြောက်ကိုရီးယား ဒုံးကျည် ဧပြီလ မကုန်မီ ပစ်လွှတ်ဖွယ်ရှိ

ap north korea missilesလွန်ခဲ့သော နှစ်ပတ်ခန့်က တောင်ကိုရီးယားနှင့် အမေရိကန် တပ်များအား စစ်ရေး ပြင်ဆင်ရန် အနေအထားသို့ ရောက်ရှိ ခဲ့ရသော မြောက် ကိုရီးယားနိုင်ငံ ဒုံးကျဉ် စမ်းသပ် ပစ်လွှတ်မည့် အစီအစဉ်အား ဇူလှိုင်လသို့ ရွှေ့ပြောင်းလိုက်ဖွယ် ရှိကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောကြား သွားခဲ့သည်ဟု အေအက်ပီ သတင်းဌာနက သတင်း ဖော်ပြခဲ့သည်။

ကိုရီးယား ကျွန်းဆွယ် တင်းမာမှုများ မြင့်မားလာစေသည့် မြောက်ကိုရီးယား နိုင်ငံ၏ တာဝေးပစ် ဒုံးကျည်များအား ရွှေ့ပြောင်းထားလိုက်ပြီ ဖြစ်ကြောင်း၊ တောင်ကိုရီးယား ထောက်လှမ်းရေး အဖွဲ့မှ ပြောကြားသွားခဲ့သည်။ မြောက်ကိုရီးယား နိုင်ငံအား တည်ထောင်ခဲ့သူ ကင်အီးဆွန်း၏ မွေးနေ့ ဧပြီ ၁၅ ရက်နေ့တွင် ဒုံးကျည် စမ်းသပ်မှုများ ပြုလုပ် ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများမှ ကြိုတင်ခန်းမှန်း ခဲ့ကြသော်လည်း စမ်းသပ်မှု ဖြစ်မလာခဲ့ပေ။ သို့သော်လည်း မြောက်ကိုရီးယားတပ် တည်ထောင်သည့် နှစ်ပတ်လည် ဧပြီ ၃၀ ရက်နေ့တွင် ဒုံးကျည်စမ်းသပ် ပစ်လွှတ် ဖွယ်ရှိကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ကင်မင်ဆော့မ်မှ ပြောကြား ခဲ့သည်။

လက်ပံတောင်းတောင်တွင် ရဲနှင့် ဒေသခံများ ထိပ်တိုက်တွေ့ ၁၈ ဦး ဒဏ်ရာရ

လက်ပံတောင်းတောင်တွင် ရဲတပ်ဖွဲ့ဝင်များနှင့်ဒေသခံများ ထိပ်တိုက်တွေ့ ၁၈ ဦးဒဏ်ရာရပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေအတွင်း ဧပြီလ ၂၄ ရက် နံနက်ပိုင်းက လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ကွန်ရက် တစ်ခုမှ အဖွဲ့ဝင်အချို့ ပါဝင်သော ဒေသခံများ ပဋိပက္ခဖြစ်ပွားခဲ့ရာ ရဲအရာရှိများ အပါအ၀င် ၁၈ ဦးခန့် ဒဏ်ရာ ရရှိခဲ့ပြီး ဒေသခံအချို့ကို ထိန်းသိမ်း ထားကြောင်း သတင်းရရှိသည်။ ဆားလင်းကြီးမြို့နယ်၊ ဆည်တည်းရွာအနီးရှိ ပုဒ်မ ၁၄၄ ထုတ် ပြန်ထားသော လယ်မြေအတွင်း ကြေးနီစီမံကိန်း ကန့်ကွက် သူများနှင့် ထိပ်တိုက်တွေ့ဆုံပြီးနောက် နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။

 

"ပထမအယောက် ၇၀ လောက်ရှိတယ်။ တားမြစ်နယ်မြေထဲ မလုပ် ဖို့ပြောတယ်။ သူတို့ရန်ပြုဖို့ ကြိုးစား ကြတော့ ဒိုင်းတွေနဲ့ အသံပေးလှန့် လိုက်တော့ ပြန်သွားကြတယ်။ ပြီးမှလူစုပြီး ပြန်လာတာ အယောက် ၂၀၀ လောက်ရှိတယ်" "ကျွန်တော်တို့က ဦးဆောင်တဲ့ကွန်ရက်အဖွဲ့ဝင်တစ်ယောက်ကို ဖမ်းဆီးဖို့လုပ်တော့ ဖြစ်ကြတာ။ သူတို့က ခဲတွေ၊ စက်ဘီး ကုံးသီးတွေနဲ့ ပစ်တယ်။ တုတ်နဲ့ဝင်ရိုက်တယ်။ ကျွန်တော်တို့က ပထမနောက်ကို ဆုတ်တယ်။ လူစုခွဲဖို့ ပြောလို့မရတော့မှ မိုးပေါ်ကိုခြောက်လှန့်ပြီး ပစ်တာပါ" ဟု မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးတင်ထွန်းက ပြောသည်။

ထိပ်တိုက်တွေ့ဆုံမှုကြောင့် ၎င်းနှင့် စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူး၊ မြို့နယ်မှူးအပါအ၀င် လုံခြုံရေးတပ် ဖွဲ့ဝင် ၁၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ဒေသခံများမှ သုံးဦးဒဏ်ရာရရှိခဲ့ရာ တစ်ဦးမှာ လက်မောင်းတွင် သေနတ်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်ကဆက်လက်ပြောသည်။ ထိပ်တိုက်တွေ့ဆုံမှုတွင် ဒေသခံများက ပုလင်းထဲ ဓာတ်ဆီထည့် ပြုလုပ်သော လက်လုပ်မီးလောင်ဗုံးများကို အသုံးပြုခဲ့သည်ဟု ရဲတပ်ဖွဲ့က စွပ်စွဲပြောဆိုခဲ့ပြီး ဒေသခံများကမူ လုံခြုံရေးတပ်ဖွဲ့ဝင်များ အင်အားသုံးမှုကြောင့်ဟု တုံ့ပြန်ပြောဆိုကြသည်။

"ကိုယ့်လယ်ကိုယ် ပြန်ထွန်ဖို့ ကြိုးစားတာ။ သက်ဆိုင်ရာက တားလို့ဖြစ်ရတာ" ဟု မိုးကြိုးပြင်(မြောက်) ရွာသားတစ်ဦးက ပြောသည်။ ဒဏ်ရာရရှိသော ဒေသခံ သုံး ဦးကို မုံရွာပြည်သူ့ဆေးရုံကြီးသို့ ပို့ ဆောင်ထားပြီး စိုးရိမ်စရာအခြေအ နေမရှိဟု ဒေသခံလူမှုရေး အဖွဲ့အစည်းများထံမှ သတင်းရရှိသည်။ ကွန်ရက်အဖွဲ့တစ်ခုမှ အဖွဲ့ ၀င်တစ်ဦးနှင့် ဒေသခံနှစ်ဦးကို ထိန်း သိမ်းထားကြောင်း မုံရွာခရိုင်ရဲတပ် ဖွဲ့မှ ဆက်လက်သတင်းရရှိသည်။

"အားလုံးကို ဥပဒေနဲ့အညီ ထိန်းထိန်းသိမ်းသိမ်းဖြစ်စေချင်ပါတယ်။ တရားဥပဒေကို ချိုးဖောက် ရင်တော့ တာဝန်အတိုင်း ဆောင်ရွက်ရပါတယ်"ဟု စစ်ကိုင်းတိုင်း ရဲ တပ်ဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။ အဆိုပါ ဖြစ်စဉ်များတွင် ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန် ရက်မှ ကိုအောင်စိုး၊ ကိုထက်၊ ရန်ကုန်ဝိဇ္ဇာ/သိပံ္ပ ကျောင်းသား သမဂအဖွဲ့မှ ကိုသောင်းထိုက်ဦးတို့ ပါဝင်ပြီး ယင်းကွန်ရက်အဖွဲ့ဝင်များ ၏ သွေးထိုးလှုံ့ဆော် မှုများကြောင့် ဒေသခံရွာသား များက လက်လုပ် မီးလောင်ဗုံးဖြင့် ပစ်ခတ်ခြင်းအပါ အ၀င် အကြမ်းဖက် လုပ်ရပ်များကို ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံတော်ပိုင်ရုပ်သံဌာနများမှတစ်ဆင့် ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

တာဝန်ရှိသူများ အနေဖြင့် လက်ပံတောင်းတောင် စုံစမ်းစစ် ဆေးရေး ကော်မရှင် အစီရင်ခံစာနှင့် အညီ ဆောင်ရွက်ပေးနေပြီး ဥပဒေနှင့်အညီ ဆောင်ရွက်ကြရန် သတိ ပေးခဲ့သော်လည်း ဆူပူအကြမ်းဖက်မှုများ ဆိုးရွားလာခဲ့သဖြင့် သတိပေးခြောက်လှန့်ပစ်ခတ်မှုများကို ဆောင်ရွက်ရခြင်းဖြစ်ကာ မင်းမဲ့စရိုက်ဆန်ဆန် လုပ်ဆောင်မှုကြောင့် ဖမ်းဆီး ရမိသူများအား ထိရောက်စွာအရေး ယူဆောင်ရွက်သွားမည့်အပြင် ပြစ်မှုကျူးလွန်သူများကိုလည်း ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

"အခုပါတဲ့သူတွေက လျော်ကြေးမယူကြတဲ့သူများပါတယ်။ ဘာပဲပြောပြော ခဏခဏ ဒီလိုဆူပူတာတွေက မကောင်းဘူး။ အေးအေးချမ်းချမ်းပဲ ပြီးစေချင်တယ်"ဟု ၀က်မှေးကျေးရွာသားတစ်ဦးက ပြောသည်။ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ကလည်း အခင်းဖြစ်ပွားပြီး နောက် ယနေ့နေ့ခင်းပိုင်းတွင် ပြည်သူတို့၏ ငြိမ်းချမ်းစွာ လှုပ်ရှားမှုများအား အကြမ်းဖက် နှိမ်နှင်းခြင်းကို လုံးဝလက်မခံနိုင်ကြောင်း၊ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့်မြေကို အခြေပြု လုပ်ကိုင် စားသောက်နေရသော လယ်သမားများကို မည်သည့် အာမခံချက် ပေးနိုင်မည်ကို အစိုးရက ညှိနှိုင်း အဖြေရှာရန် လိုအပ်ကြောင်း သဘောထားထုတ်ပြန်ခဲ့သည်။

၂၀၁၀ ပြည့်နှစ်အတွင်း စတင်ခဲ့ သော လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းကို ဒေသခံများက ဆက်တိုက်ကန့်ကွက်ခဲ့ကြရာ ယမန်နှစ် နိုဝင်ဘာ ၂၉ ရက်တွင် အထွေထွေ သပိတ်စခန်းများကို အင်အားသုံး ဖြိုခွဲခံရပြီး သံဃာတော်အများစု အပါအ၀င် ဒေသခံများ ဒဏ်ရာပြင်း ထန်စွာရရှိခဲ့၍ ဝေဖန်မှုများစွာရှိ သည်။ ထို့အပြင် ကော်မရှင်ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်ဆန္ဒပြသည်အထိ ဖြစ်ပွားခဲ့ပြီး ဆနပြမှုများ နောက်ကွယ်တွင် ကြိုးကိုင်လှုပ်ရှား သူများ ရှိနေကြောင်းလည်း ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်လာခဲ့ သည်။

ယနေ့ဖြစ်စဉ်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ၁၅ ဦး ဆူပူအကြမ်းဖက်သူ သုံးဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် အမှတ် (၁၆) ရဲတပ်ရင်းတို့က လုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

ရွှေလီဓာတ်အားပေးစက်ရုံပြင်နေ၍ လျှပ်စစ်မီးတစ်နာရီကျော် ဖြတ်မည်

ရွှေလီဓာတ်အားပေးစက်ရုံပြင်နေ၍ လျှပ်စစ်မီးတစ်နာရီကျော် ဖြတ်မည်ရွှေလီ ဓာတ်အားပေး စက်ရုံ ကြံ့ခိုင်မှုပိုင်းကို ပြုပြင် ထိန်းသိမ်းမှုများ ပြုလုပ်နေ၍  ရန်ကုန်မြို့ အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် လျှပ်စစ်မီးပေး ဝေမှုကို လျှော့ချမည်ဖြစ်ရာ ယခုလကုန် အထိ မီးပြတ်တောက်မှုများ ရှိမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်လျှပ် စစ်ဓာတ်အားပေးရေး အဖွဲ့မှ အင်ဂျင်နီယာ ဦးထွန်းကြွယ်က ဧပြီ ၂၅ ရက်တွင် ပြောကြားသည်။

"ဓာတ်အားပေး စက်ရုံ ကြံ့ခိုင်ရေး လုပ်နေလို့ ဓာတ်အား ထုတ်လုပ်မှု နည်းသွားတာကြောင့် ရန်ကုန်ရော ပြည်နယ်နဲ့ တိုင်းတွေပါ မီးပျက် မယ်။ ရန်ကုန်က နေ့ပိုင်းတွေမှာ တစ်ရက်ကို တစ်နာရီကျော်ထိ ပြတ်တောက်မှုတွေ ရှိနိုင်တယ်"ဟု အထက်ပါ အင်ဂျင်နီယာက ပြောသည်။ ရန်ကုန်မြို့တွင် နံနက်ငါးနာရီနှင့် ညခုနစ်နာရီအတွင်း ပြတ်တောက်မှုများ ရှိမည်ဖြစ်ပြီး တစ်နာရီကျော်ကြာ ပြတ်တောက်နိုင်ကြောင်း ၎င်းကဆိုသည်။ ရွှေလီ ဓာတ်အားပေး စက်ရုံ ပြုပြင်မှုကို ဧပြီ၂၃ရက်မှ စတင်ပြုလုပ်နေပြီး မီးစတင် ဖြတ်နေပြီ ဖြစ်သည်။စက်ရုံပြုပြင်မှုမှာ လကုန်ပိုင်းတွင် အပြီးသတ်မည် ဖြစ်ရာ လျှပ်စစ်မီး ဖြတ်တောက်မှုသည် ဧပြီလကုန်ထိသာ ရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရွှေလီ ဓာတ်အားပေး စက်ရုံသည် ယခင်က မဂ္ဂါဝပ် ၃၀၀ ကျော် ဓာတ်အားပေး ထုတ်လုပ်ပေး နေရာမှ ဧပြီ ၂၄ ရက်တွင် မဂ္ဂါဝပ် ၁၂၀ သာ ပေးပို့ နိုင်တော့ကြောင်း ဦးထွန်းကြွယ်က ပြောသည်။ "သတ်မှတ် ချက်နဲ့ ပျက်ရင်တော့ ပိုအဆင်ပြေမယ်။ မကြာခဏ ပျက်တာ မဟုတ်ဘဲ မီးကတစ်ရက်လုံးမှ တစ်နာရီပျက်တာဆိုတော့ အရင်နှစ်တွေ မီးပျက်တာထက်စာရင် နည်းတယ်လို့ ပြောရမယ်။ ဒါပေမဲ့ဘယ်အချိန်ပျက်မယ်မှန်း မသိတော့ အဆင်မပြေဘူး"ဟု ကမာရွတ်လှည်းတန်းတွင် နေထိုင်သောအိမ်ရှင်မတစ်ဦးက ပြောသည်။ မီးဖြတ်တောက်မှုကို အများပြည်သူအတွက် ပေးသော အချိန်များထဲမှ လျှော့ချ သွားမည်ဖြစ်ပြီး မီးဖြတ်တောက်မှု များခဲ့သော စက်မှုဇုန်များကို လျှော့ချခြင်း မရှိသေးဘဲ အုပ်စုနှစ်စုခွဲကာ တစ်ရက်လျှင် ငါးနာရီနှုန်းဖြင့် ဆက်လက်ပေးမည်ဖြစ် ကြောင်း သတင်းရရှိသည်။ 

မော်လမြိုင်တွင် ရဲကို ဝိုင်းရိုက်သူများအား ဖမ်းဆီးစစ်ဆေးနေ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် ရိုးဂိုးကျေးရွာစုအနီးတွင် သင်္ကြန်ကာလက ရဲအရာရှိတဦးကို အုပ်စုလိုက် ထိုးကြိတ် ရိုက်နှက်ခဲ့သည့် လူငယ်များထဲမှ တချို့အား ဖမ်းဆီးရမိပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

သင်္ကြန်အကြတ်နေ့က ရိုးဂိုးကျေးရွာစု အတာသင်္ကြန်မဏ္ဍပ်ရှေ့တွင် ရေကစားနေကြသော လူငယ်တစု ကိုင်ဆောင်လာသည့် အလံအား လုံခြုံရေးယူပေးနေသော ရဲဝန်ထမ်းများက ယူဆောင်မသွားရန် တားမြစ်သိမ်းဆည်းရာမှ ရဲအရာရှိတဦးအား လူငယ်များက ထိုးကြိတ်ရိုက်နှက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"အကုန်လုံး မမိသေးဘူး၊ အခု လောလောဆယ်တော့ ၃-၄ ယောက် မိထားပါတယ်။ သူတို့ကို စစ်ဆေးမေးမြန်းမှုတွေတော့ လုပ်နေပါတယ်။ ပြီးရင်တော့ ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွားမှာပါ" ဟု မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မျိုးသန့်က ဧရာဝတီသို့ ပြောသည်။

ပဋိပက္ခ ဖြစ်ပွားစဉ်အတွင်း ရဲအရာရှိထံမှ ပျောက်ဆုံးသွားခဲ့သော ခြောက်လုံးပြူး သေနတ်တလက်လည်း ပြန်လည်ရရှိ သကဲ့သို့ ဒဏ်ရာရရှိသူ ရဲဝန်ထမ်းမှာလည်း သက်သာ ကောင်းမွန်လာပြီ ဖြစ်ကြောင်း မော်လမြိုင်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးက ဧရာဝတီသို့ ပြောဆိုသည်။

ဖမ်းဆီးရမိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေသကဲ့သို့ လွတ်မြောက်နေသူများကိုလည်း ဆက်လက် ဖော်ထုတ်ရန် ရဲတပ်ဖွဲ့အနေဖြင့် ကြိုးစားနေကြောင်း၊ အခင်းဖြစ်ပွားစဉ်တွင် ရဲဝန်ထမ်းကို ဝိုင်းဝန်းထိုးကြိတ်သူများမှာ ၁၀ ဦးထက်မက ရှိသော်လည်း ကျန်လူများကို စုံစမ်းဖော်ထုတ်ရာတွင် အခက်အခဲများ ရှိနေသည်ဟု ဆိုသည်။

"သူတို့တွေကတော့ ကျိုက်မရောက အဖွဲ့တွေပါ။ ပါလာတဲ့လူတွေ အကုန်လုံး အဖြေထုတ်လို့ မရသေးတာ ဝိုင်းထိုးတဲ့လူတွေက သူတို့အချင်းချင်းတောင် မသိတဲ့လူတွေပါတယ်၊ အဲဒါကြောင့်" ဟု ဒုရဲမှူးကြီး မျိုးသန့်က ပြောသည်။

အခင်းဖြစ်ပွားစဉ်တွင် သင်္ကြန်ရေကစားရန် လည်ပတ်သည့် လူငယ်တစုက မွန်အမျိုးသား အလံကို ကိုင်ဆောင်လာကြောင်း၊ ယင်းအလံကို ကိုင်ဆောင်၍ မလည်ပတ်ရန် ရဲဝန်ထမ်းမှ တားမြစ်ပြီး ဆုတ်ဖြဲခဲ့ရာမှ အဆိုပါ လူငယ်တစုက မကျေမနပ်ဖြစ်ကာ ရဲဝန်ထမ်းအား ဝိုင်းဝန်း ထိုးကြိတ်ခဲ့ခြင်း ဖြစ်ကြောင်း မော်လမြိုင်ဒေသခံများက ဆိုသည်။

"ဒီမှာကတော့ သင်္ကြန်ကို ၅ ရက်လုံး ကစားတယ်။ အကြိုနေ့ကနေပြီး နှစ်ဆန်း ၁ ရက်နေ့အထိ ရှိတယ်။ အဲဒီနေ့မှာ ရိုးဂိုး ဘုရားပွဲ လာကြတယ်။ ဘုရားပွဲကို အရင်နှစ်တွေကလို မွန်အမျိုးသား အလံထူပြီး လာတာပေါ့။ အဲဒီမှာ ရဲက မကိုင်ရဘူးဆိုပြီး ဆုတ်ဖြဲလိုက်လို့ အခုလို ဖြစ်သွားတာ။ သိမ်းဆည်းရုံသက်သက်ဆိုရင် ဒီလောက်ဖြစ်မှာ မဟုတ်ဘူး၊ တာဝန်ကျ ရဲကိုယ်တိုင်က မူးနေလားဆိုတာတော့ မပြောတတ်ဘူး" ဟု ဒေသခံတဦးက ပြောသည်။

အဆိုပါ ပဋိပက္ခတွင် ပါဝင်ခဲ့သည့် လူငယ်များမှာ ကျိုက်မရော ဒေသခံများဖြစ်ပြီး သင်္ကြန်ကာလတွင် စုဖွဲ့လည်ပတ်ကြသည့် သာမန် အရပ်သားများဖြစ်ကြောင်း၊ အဆိုပါ လူငယ်စုများထဲမှ တချို့မှာ ယခုအခါ ရဲတပ်ဖွဲ့ဝင်များ၏ လိုက်လံ ဖမ်းဆီးမှုကြောင့် ထွက်ပြေးပုန်းရှောင်မှုများ ရှိနေကြောင်း သိရသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး သတင်းမီဒီယာသို့ အသေးစိတ် အချက်အလက်များ ပြောဆိုလိုခြင်း မရှိသေးသော်လည်း ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှ သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်သွားမည်ဖြစ်ကြောင်း ဒုရဲမှူးကြီး မျိုးသန့်က ပြောသည်။

သင်္ကြန်အကျနေ့က ပဲခူးတိုင်း၊ ပြည်မြို့နယ် ဝက်ထီးကန် ကျေးရွာစု၌ ရေကစားနေသော အသက် ၈ နှစ်နှင့် ၇ နှစ် အရွယ် ကလေး ၂ ဦးအား ရဲဝန်ထမ်းတဦး မောင်းနှင်လာသော တီအီးကားနှင့် တိုက်မိပြီး နေရာတွင်ပင် သေဆုံးခဲ့မှု ဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း ရဲဝန်ထမ်းအား လူသေမှု၊ ယဉ်မဆင်မခြင်မောင်းနှင်မှုဖြင့် ဖမ်းဆီးအရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လုံခြုံရေးနှင့် ထောက်လှမ်းရေးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒု ရဲမှူးကြီး မင်းအောင်က ပြောသည်။

မြန်မာ့ရိုးရာ အတာသင်္ကြန်ကာလ နိုင်ငံတဝန်းလုံးတွင် အကြိုနေ့မှ အတက်နေ့အထိ ၄ ရက်အတွင်း အမှု စုစုပေါင်း ၁၉၈ မှု ဖြစ်ပွားခဲ့ပြီး ၂၆ ဦး သေဆုံးကာ ၁၈၅ ဦး ဒဏ်ရာ ရရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းဌာနက သတင်း ထုတ်ပြန်ထားသည်။

ထုတ်ပြန်ထားချက်အရ မှုခင်းဖြစ်ပွားမှု၊ သေဆုံးမှုနှင့် ဒဏ်ရာရရှိမှု အများဆုံးမှာ သင်္ကြန် အတက်နေ့တွင် အများဆုံး ဖြစ်ကြောင်း သိရပြီး လူသေဆုံးမှုမှာ ယာဉ်တိုက်ကြောင့် ၁၁ ဦး၊ သေမှုသေခင်းများတွင် ၁၂ ဦးနှင့် လူသတ်မှုကြောင့် ၃ ဦးတို့ ဖြစ်ကြောင်း သိရသည်။

 

မြန်မာပြည်အနှံ့အပြား သောက်သုံးရေ ပြတ်လပ်မှု ပိုမိုကြုံတွေ့နေ

မိုးရွာသွန်းမှုနည်းလာပြီး အပူချိန် တနှစ်ထက် တနှစ် မြင့်တက်လာမှုကြောင့် မြန်မာပြည်အနှံ့ သောက်သုံးရေ ပြတ်လပ်မှုများ ယခုနှစ်တွင် ပိုမို ကြုံတွေ့နေရသည်ဟု ကြားသိရသည်။

ဆည်များကို အားထားနေရသော မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းသည့် ဒေသများတွင် မိုးရွာသွန်းမှု လျော့နည်း လာသည့်အတွက် မိုးရေ သိုလှောင် မထားနိုင်တော့သဖြင့် သောက်သုံးရေနှင့် စိုက်ပျိုးရန် ရေအတွက် အခက်အခဲ ကြုံတွေ့နေရကြောင်း မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ကန်စွန်းမာ ကျေးရွာတွင် နေထိုင်သည့် မမိုးမိုးက ဧရာဝတီသို့ ပြောသည်။

"သောက်သုံးရေ ရဖို့အတွက် ၃ မိုင်လောက်ရှိတဲ့ ရွာမှာ သွားသယ်ရတယ်။ တိုက်နယ် ဆေးရုံမှာဆိုရင် ရေမရှိလို့ အခက်ကြုံနေရတယ်။ အရင်ကဆိုရင် မိုးရေကို လှောင်ပြီး သုံးရတယ်။ မိုးမရွာတော့ သောက်ရေ တစက်မှ မရှိတော့ဘူး" ဟု မမိုးမိုးက ဆိုသည်။

သောက်သုံးရေ ရှားပါးပြတ်လပ်မှုသည် ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် တနှစ်ထက်တနှစ် ပိုမိုဆိုးရွားလာရာ ယခုနှစ်တွင် အဆိုးဆုံး ကြုံတွေ့နေရကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။

"အရင်နှစ်က ဒီလောက်မဆိုးဘူး။ ဒီနှစ်က ကန်ရေ လုံးဝပြတ်သွားတာ။ ပြောရမယ်ဆိုရင် ၂၀၁၀ ကတည်းက ရေခန်းစ ပြုနေပါပြီ။ အရင်က မိုးရာသီမှာ စုထားတဲ့ရေက နွေရာသီအတွက် လုံလောက်မှုရှိတယ်။ အခု မိုးလည်းမရွာတော့ ပိုဆိုးတာပေါ့" ဟု မကွေးမြို့နယ်မှ ဒေသခံ တဦးက ဧရာဝတီသို့ ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် စည်ပင်သာယာမှ ဖြန့်ဝေသည့် ရေကန် ၂၀ အတွင်း ရေမရှိတော့သဖြင့် ၂၀၁၂ ခုနစ် ဒီဇင်ဘာလမှစ၍ သောက်သုံးရေကို စည်ပင်မှ ဖြန့်ဝေခြင်း မရှိတော့ကြောင်း လားရှိုးဒေသခံများထံမှ သိရသည်။

"အရင်ကဆိုရင် ရေကပြတ်တော့ ပြတ်တယ်။ အခုတော့ စည်ပင်က လုံးဝ မပေးတော့ဘူး။ စက်ရေတွင်းရှိတဲ့သူ ဆီကနေ ၀ယ်သုံးနေရတာ။ တစည်ကို ကျပ် ၉ ထောင်လောက် ပေးရပါတယ်။ ကန်ရေတွေ ခန်းတော့လည်း ဘာမှ လုပ်လို့မှမရတာ" ဟု လားရှိုးမြို့ခံ ကိုဇော်ဦးက ဧရာဝတီသို့ ပြောသည်။

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် အတွင်းတွင်လည်း မြစ်ချောင်းရေများ ခန်းခြောက်မှုကြောင့် စိုက်ပျိုးရေးအတွက် ရေလုံလောက်မှုမရှိသဖြင့် တောင်သူများ အရှုံးပေါ်နေကြောင်း၊ ဧရာဝတီမြစ်ရေ ခန်းခြောက်နေမှုကြောင့် မြစ်အရှေ့နှင့် အနောက်ကို လမ်းလျှောက်၍ ဖြတ်ကူးရနေကြောင်း၊ တွင်းရေမှာလည်း အားလုံးနီးပါး ခန်းခြောက်နေကြောင်း ရေနံချောင်းမြို့နယ်တွင် နေထိုင်သည့် ဦးသန်းအောင်က ဆိုသည်။

"စိုက်ပျိုးရေးမှာ ရေရဖို့အတွက် မြစ်ချောင်းကနေ ရေမော်တာနဲ့ ရေတင်ရတယ်။ လိုသလောက် မရဘူး။ အဲဒါကြောင့် စက်သုံးဆီဖိုး ပိုကုန်တာပေါ့။ ရေကို လိုသလောက် မပေးနိုင်တော့ သီးနှံထွက်နှုန်း နည်းလာပြီး တောင်သူတွေ စီးပွား ကျလာတယ်" ဟု ဦးသန်းအောင်က ဆက်ပြောသည်။

ရန်ကုန်မြို့ ဆင်ခြေဖုံး ရပ်ကွက်များတွင်လည်း နွေရာသီရောက်တိုင်း သောက်သုံးရေ ပြတ်လပ်မှုကြုံတွေ့နေရကြောင်း သိရသည်။

အလားတူ ချင်းပြည်နယ်တွင်လည်း သစ်တောများ ပြုန်းတီးမှုကြောင့် ရေရှားပါးလာပြီး စည်ပင်မှ ဖြန့်ဝေသည့် ရေမှာ သုံးစွဲမှု မလုံလောက်သဖြင့် ၀ယ်ယူ သုံးစွဲနေရသည်ဟု ချင်းပြည်နယ် ကန်ပတ်လတ်မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်သူ တဦးက ပြောသည်။

"သစ်တောတွေ ပြုန်းတီးလာမှုကြောင့် ရေတွေ ရှားလာတယ်။ ရေရှားတဲ့အတွက်ကြောင့် ကျန်းမာရေး ထိခိုက်မှုရှိလာတာပေါ့။ကျနော်တို့ ချင်းတောင်က တွင်းရေလည်း တူးလို့မရဘူးလေ" ဟု ၎င်းက ဆိုသည်။

မြန်မာပြည်အနေဖြင့် လက်ရှိကြုံတွေ့နေရသည့် ရာသီဥတု ဖောက်ပြန်မှုများကြောင့် မိုးခေါင်သဖြင့် ရေလုံလောက်မှု မရှိရာ စိုက်ပျိုးရေး အတွက် တောင်သူများ အခက်ကြုံနေသကဲ့သို့ သောက်သုံးရေ ပြတ်လပ်မှု များစွာ ရှေ့ဆက်ကြုံတွေ့နိုင်ကြောင်း၊ ကျန်းမာရေး အတွက် အထူး ဂရုပြုသင့်ကြောင်း၊ ထို့အပြင် ရေကြောင်း သွားလာမှုများ အတွက်လည်း အန္တရာယ် များစွာ ရှိနိုင်ကြောင်း မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်က ဧရာဝတီသို့ ပြောသည်။

 

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး ဖွဲ့စည်းပုံပြင်မည်ဟု ဦးအောင်မင်း ပြော

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ ရွေးကောက်ပွဲ၌ သမ္မတ အဖြစ် ပါဝင်အရွေးခံနိုင် ရန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်နိုင်ရေး ကြိုးပမ်းနေကြောင်း သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း က ပြောဆိုသည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ မြန်မာနိုင်ငံသားများနှင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တွေ့ဆုံစဉ် ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ပတ် သက်ပြီး မေးမြန်းကြရာ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ပြင်ဆင်ရန် ကြိုးပမ်းနေကြောင်း၊ သို့သော် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး၊ မဖြစ်ရေးသည် ပြည်သူများ အပေါ် မူတည်သည်ဟု ဦးအောင်မင်းက ပြောဆိုသွားကြောင်း လွတ်လပ်သည့် အာရှအသံ (RFA) မြန်မာပိုင်းတွင် ထုတ်လွှင့်သွားသည်။

NLD ပါတီ၏ နာယက ဦးဝင်းတင်က ဒေါ်အောင်ဆန်းစုကြည် သမ္မတ အဖြစ် ပါဝင် အရွေးခံနိုင်ရန် အချက်တချို့ကို ပြင်ဆင်ပေးနိုင် ဖွယ် ရှိကြောင်း၊ ပြင်ဆင်သော်လည်း စစ်တပ်၏အခန်းကဏ္ဍသည် နိုင်ငံရေးမှပျောက်သွားမည် မဟုတ်ကြောင်း၊ ပြည်ထောင်စု ကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေး ပါတီ)အနေဖြင့်လည်း ၎င်းတို့၏ အာဏာခိုင်မြဲရေး ကြိုးပမ်းမည်ဖြစ်ကြောင်း ဧရာဝတီ ကို ပြော သည်။

"ဒေါ်အောင်ဆန်းစုကြည် သမ္မတ အဖြစ်အရွေးခံ မယ်ဆိုရင် ဖွဲ့စည်းပုံ ပြင်မှရမယ်၊ ဖွဲ့စည်းပုံကို ပြင်ဆင်ပေးရင်တောင် ဒေါ်စု က သမ္မတဖြစ်လာနိုင်ခြေ အင်မတန် နည်းပါးတယ်၊ အင်မတန် ခက်မယ်၊ သမ္မတ မဖြစ်အောင်လည်း တခြားအုပ်စုက ကြိုး ပမ်းကြမှာသေ ချာတယ်၊ လွှတ်တော် ၂ ရပ်လုံးက ထောက်ခံမှုများမှ သမ္မတ ဖြစ်မယ်၊ ဒု သမ္မတတော့ ဖြစ်ရင် ဖြစ်မယ်"ဟု ၎င်းက ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၃ ၌ နိုင်ငံတော် သမ္မတ တာဝန် ထမ်းဆောင်မည့် ပုဂ္ဂိုလ်၏ ဇနီး၊ ခင်ပွန်း၊ သားသမီး တဦးဦး သည် ပြည်ပနိုင်ငံ အစိုးရ၏ ကျေးဇူး သစ္စာစောင့်သိသူ၊ အခွင့်အရေးများနှင့် ကျေးဇူးခံစားသူများ မဖြစ်စေရဟု ဖော်ပြထားသည်။

အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒု ဥက္ကဋ္ဌ ဦးဌေးဦး ကမူ ၎င်းတို့ပါတီ အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် မည့်သည့် အစီအစဉ်မှ မရှိသေးကြောင်း ဧရာဝတီ ကို ပြောသည်။

"ကျနော်တို့ပါတီ အနေနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စကို ဘာမှ မစဉ်းစားသေးပါဘူး၊ ပြင်ချင်တိုင်းလည်း ပြင်လို့မရပါဘူး၊ ပြင်မယ် ဆိုရင်လည်း အားလုံးကို ကြိုတင် အသိပေးမှာပါ"ဟု ကြံ့ခိုင်ရေးပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးလည်း ဖြစ်သူ ဦး ဌေးဦး က ဆိုသည်။

ကြံ့ခိုင်ရေးပါတီ၏ ဗဟိုအလုပ် အမှုဆောင်တဦးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းကမူ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဒု သမ္မတ တဦးကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က အဆိုပြုတင်သွင်းခြင်း အချက်ကို ပယ်ဖျက် လိုကြောင်း မီဒီယာများကို ပြောဆိုသည်ဟု ပြည်တွင်းထုတ် Messenger News Journal တွင် ရေးသားသည်။

ဦးအောင်သိန်းလင်းက "ကာကွယ်ရေးဦးစီးချုပ်က အဆိုတင်သွင်းတဲ့သူသာ သမ္မတ ဖြစ်သွားမယ်ဆိုရင် သမ္မတကို တပ်မတော်က ရွေးတဲ့သဘောမျိုး ဖြစ်သွားမယ်။ ဒါကြောင့် အဲဒီ အချက်ကို ပြင်ဆင်ချင်တယ်"ဟု ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေ အရ ဒု သမ္မတ ၃ ဦးရွေးချယ်ရာတွင် ပြည်သူ့လွှတ်တော်မှ ၁ ဦး၊ အမျိုးသားလွှတ်တော်မှ ၁ ဦးစီနှင့် တပ် မတော် ကာကွယ်ရေး ဦးစီးချုပ်က အဆိုပြုသူ ၁ ဦးဖြစ်ပြီး ထို ၃ ဦးမှ ၁ ဦးကို နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ရခြင်း ဖြစ်သည်။

ဦးအောင်သိန်းလင်း၏ ပြောဆိုမှုသည် ပါတီနှင့်မသက်ဆိုင်ကြောင်း၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စနှင့်ပတ်သက်၍လည်း ပါတီ အနေဖြင့် မည်သည့် အစည်းအဝေးမှ မလုပ်ဆောင်ရသေးကြောင်း ဦးဌေးဦးက ပြောသည်။

ဖွဲ့စည်းပုံ ပြင်ဆင်မည် ဆိုပါကလည်း လူပုဂ္ဂိုလ်၊ ပါတီတခု၏ လုပ်ဆောင် ပြောဆိုခြင်းမျိုး မဟုတ်ဘဲ ကော်မတီ၊ ကော်မရှင် များ၏ စဉ်းစားသုံးသပ်မှုသည် ကောင်းမွန်မည်ဟု ယူဆ၍ ဖွဲ့စည်းပုံ ပြင်ဆင်ရေး သုံးသပ်မည့် ကော်မတီ၊ ကော်မရှင် ဖွဲ့စည်း
၏ရန် ပြည် ထောင်စု လွှတ်တော် က သဘောတူ အတည်ပြုပေးခဲ့ကြောင်းလည်း ၎င်းက ရှင်းပြသည်။

ဦးဌေးဦးက"ဖွဲ့စည်းပုံကို ဘယ်ပါတီ၊ ဘယ်အဖွဲ့ကပဲ ပြင်ပြင်၊ ပြင်ချင်တယ်ဆိုရင် ကော်မတီ၊ ကော်မတီရှင်က စဉ်းစားတာဟာ အ ကောင်းဆုံးပါ"ဟု ဆိုသည်။

"၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ၊ ကော်မရှင်များ ဖွဲ့စည်းရေး"အဆို တခုကို  ကြံ့ခိုင်ရေးပါတီ ၏ ဒု ဥက္ကဋ္ဌ နှင့်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရ ဦးအေးမြင့် က မတ်လအတွင်း ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ တင်သွင်းရာ ကြံ့ခိုင်ရေးပါတီ ၏ ဗဟိုအလုပ်အမှုဆောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော် က ထောက်ခံ ဆွေးနွေးခဲ့သည်။

ထိုအဆိုကို ပြည်ထောင်စုလွှတ်တော် ကလည်း သဘောတူ အတည်ပြုပေးခဲ့သည်။ အဆိုပါ ကော်မတီ၊ ကော်မရှင်များကို ဇူလိုင်လ တွင် ပြန်စမည့် လွှတ်တော် အစည်းအဝေးများ၌ ဖွဲ့စည်းမည်ဟု ကိုယ်စားလှယ်များက ပြောသည်။

ယင်းသို့ ဖွဲ့စည်းခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်လိုသူများကို လက်ဦးမှု ရယူလိုက်ပြီး ကန့်သတ်မှုများ လုပ်ဆောင်လာနိုင်ကြောင်း နိုင်ငံရေး အကဲခတ်များ က ပြောဆိုကြသည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် တိုင်းရင်းသား ပါတီ တချို့နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) တို့က ကြိုးပမ်းဆောင်ရွက် နေ ချိန်တွင် "ဖွဲ့စည်းပုံလေ့လာ သုံးသပ်ရေး ကော်မတီ၊ ကော်မရှင် ဖွဲ့စည်းရေး" အဆိုတင်ခြင်းသည် ကန့်သတ်လိုသည့် သဘော ဟုတ် မဟုတ် စောင့်ကြည့်ရဦးမည် ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် က လည်း ဧရာဝတီ ကို ပြောသည်။

ဖွဲ့စည်းပုံ၌ ဒီမိုကရေစီ မကျသည့် အချက်များနှင့် တိုင်းရင်းသား အရေးနှင့်ပတ်သက်သော စာပိုဒ်တချို့ ပြင်ဆင်နိုင်ရန် ကြိုး ပမ်းနေ ကြောင်း၊ တနိုင်ငံလုံးရှိ တိုင်းရင်းသား ပြည်သူများအတွက် စေတနာ အပြည့်အ၀ဖြင့် အားလုံးက ၀ိုင်းဝန်း ပြင်ဆင်သင့်ကြောင်း၊ ကြံ့ ခိုင်ရေး အနေဖြင့်လည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေး လေ့လာမည့်အဖွဲ့ ဖွဲ့စည်းရေး အဆိုကို ကြိုဆိုကြောင်းလည်း ၎င်းက ဆိုသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ဖွဲ့စည်းပုံ ပြင်ဆင်ရေးသည် ကြံ့ခိုင်ရေးပါတီနှင့် စစ်တပ် ကိုယ်စားလှယ် များ၏ ထောက်ခံမှု ရရှိရေးအပေါ် မူတည်ကြောင်း၊ လွှတ်တော်၌ စစ်တပ်က ပါဝင်နေသည့် အတွက် နိုင်ငံရေး နောက်ပြန်လှည့်နိုင် ခြေ နည်းပါးကြောင်း ဧရာဝတီ ကို ပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ၏ အချက် တခုခုကို ပြင်ဆင်လိုပါက ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်း၏ ထောက် ခံ မှုဖြင့် အဆို တင်သွင်းရမည် ဖြစ်ကြောင်း၊ အခန်း တခုခု၏ ပြဌာန်းချက်ကို ပြင်ဆင်လိုပါကလည်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် သဘောတူညီမှုရှိရမည် ဖြစ်ပြီး ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲကျင်းပ၍ ယင်းဆန္ဒမဲ အရသာ ပြင်ဆင်နိုင်မည်ဖြစ်ကြောင်း ၂၀၀၈ အခြေခံ ဥပဒေ အခန်း ၁၂ တွင် ဖော်ပြထားသည်။

လွှတ်တော်ထဲ၌ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရှိနေပြီး အရပ်ဘက် ကိုယ်စားလှယ် အများစုမှာလည်း ကြံ့ခိုင်ရေးပါတီ ၏ ကိုယ်စားလှယ်များ ဖြစ်သည်။

 

သျှမ်း/မြောက်တွင် ရွှေဂက်စ်ပိုက်ပေါက်၊ လယ်သမားများစိုးရိမ်နေ

သျှမ်းပြည်မြောက်ပိုင်းတွင် တရုတ်ပြည်သို့ သွယ်တန်းသည့် ဂက်စ်နှင့် ရေနံစိမ်း ပိုက်လိုင်းအလွှတ်များတွင် အပေါက် တွေ့နေရသဖြင့် ဒေသခံလူထုတို့ စိုးရိမ်နေကြကြောင်း နမ့်ခမ်းမြို့ခံများကပြောသည်။

" မြို့နဲ့နီးတဲ့ နေရာမှာတောင်မှ ပိုက်လိုင်းတွေကို လက်လွတ်စပယ်၊ ပြီးစလွယ်ဘဲ မြှုပ်နှံသွားတယ်။  တောတောင်တွေထဲမှာ   ဆို ဘယ်လောက်တောင်မှ ယိုစိမ့် ပေါက်ပြဲမလဲ၊ အလွန်စိုးရိမ်နေရတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က နမ့်ခမ်းမြို့က သျှမ်းပါတီ ၂ ခုရယ်၊ လူထုတချို့ရယ် ပိုက်ပေါက်နေတဲ့ နေရာ သွားကြည့်တယ်။ အဲတာ တရုတ်ပြည်သွားတဲ့ ကျားဖြူပါတီကိုယ်စားလှယ် ၂ ယောက်ကိုလဲ ဒီအကြောင်း တရုတ်အရာရှိတွေဆီမှာဆွေးနွေးတင်ပြပေးဖို့ပြောသွားတယ်" ဟု ကျားဖြူပါတီဝင်လူငယ် တဦးကပြောသည်။

နမ့်ခမ်းမြို့နယ် ကွန်လုံကျေးရွာအနီး နမ့်ခမ်း ဗန်းမော် ကားလမ်းဘေးတလျှောက် မြှုပ်နှံသော ပိုက်လိုင်း များ အပေါက်ဖြစ် နေသဖြင့်  လာမည့်လ၌ ဂက်စ်လွှတ်ပေး ပါက ပေါက်ကွဲမည်ကို ဒေသခံများစိုးရိမ်နေကြခြင်းဖြစ် သည်။

ထို့ကြောင့် ယခုလဆန်းက သျှမ်းပြည်နယ်ဝန်ကြီးချုပ်ထံတင်ပြထားသော လယ်သမားများ၏ နစ်နာမှု အဆိုပြုလွှာနှင့် ပတ်သက်၍ အကြောင်းပြန်မှုမရမချင်း ဂက်စ်နှင့်ရေနံစိမ်းများလုံးဝ မပို့လွှတ်သေးရန် ဆန္ဒပြ တောင်းဆိုသွားမည်ဖြစ်ကြောင်း  နမ့်ခမ်းမြို့မှ လယ်သမား စိုင်းအေးကလည်း ပြောသည်။

"ဝန်ကြီးချုပ်ဆီတင်တဲ့စာမှာလဲ ဒီပိုက်လိုင်းပေါက် ကွဲရင် ထိခိုက်နစ်နာမယ့် ဒေသခံတွေလယ်သမားတွေကို ဘယ်သူက တာဝန်ယူမလဲ၊ ကုမ္မဏီကလား၊ အစိုးရလား၊ ဝန်ကြီး ချုပ်ကလား တိတိကျကျသိရအောင် မေးထားတယ်။ ဒါကြောင့် ကျနော်တို့ ဒီ မြောက်ပိုင်းက လယ် သမားတွေအနေနဲ့ တခု တောင်းဆိုချင်တယ်။ ဝန်ကြီးချုပ်ဆီက အကြောင်းပြန်မှု မရှိသေးသရွေ့ မေနဲ့ ဂျွန်လထဲမှာ ဂက်စ်နဲ့ရေနံ လုံးဝ မလွှတ်ပေး သေးဖို့ပေါ့နော်။ သို့မဟုတ်ရင်တော့ ဆန္ဒပြ တောင်းဆိုရလိမ့်မယ် " ဟု စိုင်းအေးက ပြောသည်။

သို့သော် ပြီးခဲ့သည့်လက ထိုင်းနိုင်ငံချင်းမိုင်မြို့၌ သျှမ်းပြည်မြောက်ပိုင်း လယ်သမားများ၏ဆန္ဒ (ပိုက်လိုင်း ကြောင့်နစ်နာမှု) နှင့်ပတ်သက်၍ သျှမ်းလူမှုအဖွဲ့အစည်းက ကြေငြာချက်တစောင်ထုတ်ပြန်ရာချင်းမိုင်မြို့ တရုတ်ကောင်စစ်ဝန် ရုံးသို့ သွားရောက်ပေးအပ်ခဲ့ပါသေးသည်။

 

အာဆီယံအသိုင်း အဝိုင်း ဖော်ဆောင်ရေး ခရီးရောက်

အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်တဲ့ အာဆီယံအဖွဲ့ကြီးကို EU ဥရောပသမဂ္ဂလို စီးပွားရေး အသိုင်းအဝိုင်းကြီးဖြစ်အောင်ဖန်တီးဖို့ ဆောင်ရွက်နေမှုဟာ အားရစရာ အခြေအနေဖြစ်နေပြီလို့ အာဆီယံနိုင်ငံခေါင်းဆောင်တွေက ပြောလိုက်ပါတယ်၊ အာဆီယံစီးပွားရေး အသိုင်းအဝိုင်းကြီးဖော်ဆောင်ရေး အားထုတ်မှု အပြင် ဒေသတွင်း နဲ့ နိုင်ငံတကာ က ဘုံ စိုးရိမ်စရာကိစ္စတွေကိုဆွေးနွေးခဲ့ကြတဲ့ အာဆီယံ ထိပ်သီး စည်းဝေးပွဲအပြီးမှာ ခေါင်းဆောင်တွေက အဖွဲ့ဝင်နိုင်ငံတွေ ရဲ့အားထုတ်မှု ကို ကျေနပ်တဲ့အကြောင်း ကြေညာချက် ထုတ်ပြန်လိုက် တာဖြစ်ပါတယ်၊ အပြည့်အစုံကို မစုမြတ်မွန်က ဆက်လက်တင်ပြပါမယ်၊

ဗုဒ္ဓဟူးနဲ့ ကြာသပတေး ၂ ရက်ကျင်းပခဲ့တဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးစည်းဝေးပွဲအပြီး ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ AEC အာဆီယံစီးပွားရေး အသိုင်းအဝိုင်းကြီးဖြစ်လာအောင်လုပ်ဖို့လိုတဲ့ အသေးစိတ် အစီအစဉ်တွေရဲ့ ၇၅ ရာခိုင်နှုန်း လုပ်ပြီးသွားပြီလို့ ဖော်ပြထားပါတယ်။

၂၀၁၅ ခုနှစ်မကုန်ခင်မှာ လူပေါင်း သန်း ၆၀၀ ကျော်ရှိတဲ့ အာဆီယံ နိုင်ငံတွေကြား တခု တည်းသော အသိုင်းအဝိုင်းကြီးဖြစ်အောင် ဖော်ဆောင်ရေး အတွက် လိုအပ်တဲ့ ဆောင်ရွက်မှုပေါင်း ၂၅၉ ခုကို အကောင်အထည်ဖော်ပြီး သွားပြီလို့ ဆိုပါတယ်၊ ဒေသတွင်းမှာ အားလုံးပါဝင်နိုင်တဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုပြီး မြန်မြန် ဆန်ဆန်ဖြစ်အောင် လုပ်နိုင်မယ်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Sihasak Phuangketkeow က မျှော်လင့်ပါတယ်၊

ကျွန်တော်တို့ရဲ့ စီးပွားရေးအားလုံး တသားထဲဖြစ်သွားရေးအတွက်ကို ကျွန်တော်တို့ဆက်ပြီး ဆောင်ရွက်နေကြပါတယ်၊ 2015 ခုနှစ်မကုန်ခင်မှာ အာဆီယံစီးပွားရေးအသိုင်းအဝိုင်းကြီးကို ဖော်ဆောင်နိုင်မယ်လို့လဲ မျှော်လင့်ပါတယ်၊ အာဆီယံနိုင်ငံတွေထဲမှာတင်မဟုတ်ဘဲ၊ အရှေ့အာရှဒေသဖက်မှာ လွတ်လပ်တဲ့ ကုန်သွယ်မှုကို ဘယ်လို မြှင့်တင်နိုင်မလဲဆိုတာကိုလဲ ကျွန်တော်တို့ ဆွေးနွေးနေပါတယ်၊ RCEP လို့ခေါ်တဲ့ အာဆီယံနိုင်ငံတွေနဲ့ အာဆီယံ ဆွေးနွေးဖက် နိုင်ငံ ၆ နိုင်ငံကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးကိုလည်း လုပ်နေပါတယ်၊ ဒါကြောင့် ဒေသတွင်းမှာ အားလုံးပါဝင်နိုင်မဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ပါတ်သက်လို့ ဆက်ပြီး ညှိုနှိုင်းသွားနိုင်လိမ့်မယ်၊ အမြန်ဆုံး အကောင်အထည်ဖော်သွားနိုင်လိမ့်မယ်လို့လဲ ထင်ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြောခွင့်ရ ပြောသွားတာဖြစ်ပါတယ်၊ အာဆီယံရဲ့ တခုတည်းသောဈေးကွက်ကြီးဖြစ်အောင် နဲ့ တခုတည်းသော ကုန်ထုတ်လုပ် တဲ့နေရာကြီးဖြစ်အောင်ရည်ရွယ်တဲ့ အာဆီယံစီးပွားရေး အသိုင်းအဝိုင်းကြီးဖော်ဆောင် နိုင်ရေးအတွက် အဖွဲ့ဝင်နိုင်ငံတွေလုပ်ရမဲ့ အသေးစိတ်အစီအစဉ်တွေကို 2007 ခုနှစ်ထဲက သဘောတူဆောင် ရွက်နေကြတာဖြစ်ပါတယ်၊ အာဆီယံနိုင်ငံတွေမှာ ကုန်သွယ်ခွန်တွေ အများအပြားကို လျှော့ချပေးခဲ့ပေမဲ့ လွတ်လပ်တဲ့ ကုန်စီးဆင်းမှု၊ ဝန်ဆောင်မှုနဲ့ လုပ်အား စီးဆင်းမှုတွေအတွက် အာဆီယံဒေသအနေနဲ့ အဆင်သင့်ဖြစ်ပါ့မ လားလို့ ပညာရှင်တချို့က မေးခွန်းထုတ်နေကြပါတယ်။

ဗုဒ္ဓဟူး၊ ကြာသပတေး ၂ ရက်လုပ်ခဲ့တဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးစည်းဝေးပွဲမှာ အာဆီယံအဖွဲ့ရဲ့ ယဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်တဲ့အနေနဲ့ ကုန်သွယ်ရေး နဲ့ ရင်းနှီးမြှပ်နှံမှုတွေ လုပ်လာနိုင်အောင် ပိုပြီးလမ်းတွေ ဖွင့်ပေးဖို့ကိုလဲ သဘောတူခဲ့ကြပါတယ်၊ ဒါ့အပြင် ဒေသတွင်းမှာ ပိုပြီး လွယ်လွယ်ကူကူ စီးပွားရေးလုပ်နိုင်မဲ့နည်းလမ်းတွေ ပေါ်ပေါက်လာဖို့နဲ့ ရင်းနှီးမြှုပ်နှံမှုမှာ အဟန့်အတားဖြစ်နေတာတွေကို ဖြေရှင်းနိုင်ဖို့ လမ်းပြမြေပုံတခုရေးဆွဲဖို့ကိုလည်း အာဆီယံခေါင်းဆောင်တွေက အကြံပြုခဲ့ကြပါတယ်။

တရားဝင် ကိန်းဂဏန်းတွေအရ အာဆီယံ ၁၀ နိုင်ငံရဲ့ စုစုပေါင်း ကုန်သွယ်မှုတန်ဖိုးဟာ ၂၀၁၁ ခုနှစ်မှာ ၁၇ ရာခိုင်နှုန်းအထိ တိုးတက်လာတာ တွေ့ရပါတယ်၊ အာဆီယံနိုင်ငံတွေ အချင်းချင်းကြား ကုန်သွယ်မှုတန်ဖိုးကလဲ တနှစ် တနှစ်ကို ၁၅ ရာခိုင်နှုန်းတိုးလာနေပါတယ်၊ ဒါ့အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုသစ်တွေကိုလဲ အာဆီယံနိုင်ငံတွေက ဆက်ပြီး စွဲဆောင်နေပါတယ်၊ 2011 ခုနှစ်က အာဆီယံဒေသတွင်း နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှပ်နှံမှု တန်ဖိုးက ဒေါ်လာ 114 ဘီလျံရှိပါတယ်။

ကမ္ဘာ့စီးပွားရေး တိုးတက်နှုန်း နှေးကွေးနေချိန်မှာ အရှေ့တောင် အာရှနိုင်ငံတွေရဲ့ စီးပွားရေးတိုးတက်မှုက စံချိန်တင်လောက်အောင် ခိုင်မာနေပါတယ်၊ ဒါပေမဲ့ အာဆီယံအဖွဲ့တွင်း Singapore မလေးရှား Brunei တို့လို ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံမျိုးတွေနဲ့ နိုင်ငံတကာနဲ့ ကုန်သွယ်မှု ရင်းနှီးမြှပ်နှံမှုတွေကို အခုမှ စတင်ဖွင့်ပေးနေတဲ့ မြန်မာနဲ့ Laos လိုနိုင်ငံတွေမျိုးတွေက တခုတည်းသော စီးပွားရေးအသိုင်းအဝိုင်းကြီးထဲကို အခက်အခဲ မရှိ တသားထဲ ဝင်ရောက်နိုင်မှာလား ဆိုတာကိုလဲ လေ့လာသူတွေ က မေးခွန်းထုတ်နေကြပါတယ်။

ရခိုင်ဒုက္ခသည်တွေအတွက် ကုလကနောက်ထပ် ဒေါ်လာ ၅ သန်းလှူ

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ဆူပူမှုတွေကနေ ထွက်ပြေး တိမ်းရှောင်နေကြတဲ့ လက်ကျန် ဒုက္ခသည် ၆ သောင်း ၉ ထောင် အတွက် ကုလသမဂ္ဂ အရေးပေါ်ကယ်ဆယ်ရေး ရန်ပုံငွေဌာနက CREF က အမေရိကန်ဒေါ်လာ ၅ သန်း ထပ်မံ လှူဒါန်းလိုက်ပါတယ်။

ဒါဟာ အရေးပေါ်ကယ်ဆယ်ရေးဌာန ပူးပေါင်းဆောင်ရွက်ရေးမှူး Valerie Amos အနေနဲ့ မနှစ်က လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေကနေ ထွက်ပြေး တိမ်းရှောင်နေကြရတဲ့ ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်တွေအတွက် တတိယအကြိမ်မြောက် အကူအညီ ပေးပို့တာလည်း ဖြစ်ပါတယ်။  အဲဒီ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးတမ်းရှောင်ခဲ့ရတဲ့ ဒုက္ခသည် ၁ သိန်း ၄ သောင်းလောက် ရှိတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားတာပါ။

၂၀၁၂ ခုနှစ်အတွင်း အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးနောက်ပိုင်း CREF ဌာနအနေနဲ့ ခုချိန်ထိ အမေရိကန်ဒေါ်လာ ၁၅ သန်း ကူညီ ပံ့ပိုးပေးပြီး ဖြစ်ပါတယ်။

အခု နောက်ဆုံးပေးတဲ့ ဒေါ်လာ ၅ သန်းထဲက တချို့ကိုတော့ ရခိုင်ပြည် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့က တင်ပြထားတဲ့ လိုအပ်ချက်တွေနဲ့ အညီ ပေးပို့ သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။အခုအခါ မိုးရာသီနီးလာပြီဖြစ်တာကြောင့် စစ်တွေ၊ ပေါက်တောနဲ့ မြေပုံမြို့နယ် အတွင်းမှာ ရှိနေကြတဲ့ ဒုက္ခသည်တွေ အရေးပေါ် အကူအညီတွေ လိုအပ်နေတာ ဖြစ်ပါတယ်။ ကျန်တချို့ကိုတော့ လိုအပ်နေတဲ့ တခြား လူသားချင်းစာနာတဲ့ အကူအညီ ပေးရေးအတွက် အသုံးပြု သွားမှာဖြစ်တယ်လို့ ကုလသမဂ္ဂ က ပြောပါတယ်။

၂၀၀၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ CERF ဌာနအနေနဲ့ ငွေကြေး အကူအညီ လိုအပ်နေတဲ့ မြန်မာနိုင်ငံက အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းတွေ အတွက် အမေရိကန်ဒေါ်လာ ၇၆ သန်း ကူညီ ပံ့ပိုးပေး ခဲ့ပြီး အဲဒီ အထဲက ၃၇ သန်းဟာ ရခိုင်ပြည် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် ပေးခဲ့တာ ဖြစ်တယ် လို့ ဆိုပါတယ်။

တောင်တရုတ်ပင်လယ် အငြင်းပွားမှု အာဆီယံမူကို မြန်မာလက်ခံ

တောင်တရုတ်ပင်လယ်ပြင်တွင်း နယ်မြေပိုင်ဆိုင်မှုအတွက် တရုတ်နိုင်ငံနဲ့ အငြင်း ပွားမှုတွေမှာ အရှေ့တောင်အာရှ နိုင်ငံများ အသင်း (Asean) နဲ့ တသားတည်း ရပ်တည်သွားမှာ ဖြစ်တဲ့အကြောင်း ဘရူနိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ ထိပ်သီး အစည်းအဝေး အတွင်း သမ္မတဦးသိန်းစိန် ကပြောလိုက်ပါတယ်။ ဒါဟာဆိုရင် တရုတ်နိုင်ငံနဲ့ အာဆီယံအသင်းဝင် နိုင်ငံတချို့ကြား မပြေမလည် ဖြစ်နေရတဲ့ ကိစ္စမှာ မြန်မာအစိုးရက သူ့ရဲ့ရပ်တည်ချက်ကို သိသိသာသာ ပြောဆို လိုက်တာ လည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦးက ပြောပြပေးမှာ ဖြစ် ပါတယ်။

မြန်မာနိုင်ငံလည်း အသင်းဝင်ဖြစ်တဲ့ အာဆီယံရဲ့ ထိပ်သီးအစည်းအဝေးပွဲ အတွင်း ဒေသတွင်းတင်းမာမှုတွေ ကြုံနေရတဲ့ တောင်တရုတ် ပင်လယ်ပြင်က နယ်မြေပိုင်ဆိုင်မှုအတွက် အငြင်းပွားမှုကို အဓိက ကိစ္စရပ်တခုအဖြစ် အမြန် ဆုံး ပြေလည်အောင် ဖြေရှင်းနိုင်ရေး ဆွေးနွေးခဲ့ကြပါတယ်။ တရုတ်နိုင်ငံက လိုလားနေသလို တနိုင်ငံချင်းအနေနဲ့ မဟုတ်ဘဲ အာဆီယံအသင်းအနေနဲ့ တညီတညွတ်တည်း ရပ်တည်ရေး အတွက်ကိုလည်း အသင်းဝင်နိုင်ငံတွေ က ခေါင်းဆောင်တွေ လက်ခံခဲ့ကြတာပါ။ ဘရူနိုင်း နိုင်ငံက အစည်းအဝေးပွဲကို တက်ရောက်ခဲ့တဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ကလည်း တရုတ်နိုင်ငံနဲ့ အချေ အတင် ဖြစ်နေတဲ့ ကိစ္စတွေကို ပြေလည်အောင် ဖြေရှင်းမယ့် အာဆီယံအသင်း ရဲ့အစီအစဉ်ကို ထောက်ခံဆွေးနွေးခဲ့တဲ့အကြောင်း သမ္မတရဲ့ ပြောခွင့်ရ သူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

"သမ္မတကြီးက ဘရူနိုင်းမှာရှိတဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးကို သွားတက် ပါတယ်။ သမ္မတကြီးအနေနဲ့ ဆွေးနွေးတဲ့ အခါမှာတော့ တောင်တရုတ် ပင်လယ် ကိစ္စနဲ့ ပတ်သက်ရင် မြန်မာနိုင်ငံအနေနဲ့ တောင်တရုတ်ပင်လယ်အတွင်း အငြင်း ပွားမှု ကိစ္စမှာ တိုက်ရိုက်ပါဝင် ပတ်သက်တဲ့နိုင်ငံ မဟုတ်သော်လည်း အာဆီယံ အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံအနေနဲ့ အဲဒီကိစ္စကို အလေးအနက် ထားပါတယ်။

အဲဒီပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မယ့် နည်းလမ်းမှန်သမျှကို လည်း မြန်မာနိုင်ငံအနေနဲ့ အစဉ်တစိုက် ထောက်ခံ အားပေးခဲ့တယ် လို့ ပြောပါတယ်။ နောက်တခါ ကျနော်တို့က တောင်တရုတ်ပင်လယ်ကိစ္စမှာ အာဆီယံ တူညီတဲ့ သဘောတူညီချက် ထွက်ပေါ်ရေး ကြိုးပမ်းတဲ့နေရာမှာလည်း အာဆီယံနဲ့ တူညီတဲ့ဆန္ဒနဲ့ တသားတည်းရှိမယ်ဆိုတာကိုလည်း ဆွေးနွေးခဲ့ ပါတယ်။"

နယ်မြေပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ ဒေသတွင်း သက်ဆိုင်ရာနိုင်ငံတွေ လိုက်နာဆောင်ရွက်ရမယ့် လုပ်ထုံးလုပ်နည်းတရပ် ချမှတ်နိုင်ရေး ကြိုးပမ်းမှုတွေ ကိုလည်း ထောက်ခံတဲ့အကြောင်း မြန်မာအစိုးရက ပြောဆိုခဲ့တာပါ။ တောင်တရုတ်ပင်လယ်ပြင်တွင်း လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းတရပ် ရေးဆွဲနိုင်ဖို့ ပြီးခဲ့ တဲ့နှစ်ထဲ ကမ္ဘောဒီးယား နိုင်ငံမှာ ကျင်းပခဲ့တဲ့ အစည်းအဝေးပွဲ အတွင်းမှာ လည်း ဆွေးနွေးဖို့ ရည်ရွယ်ခဲ့ကြပေမဲ့ တရုတ်အစိုးရက သြဇာညောင်းတယ်လို့ အများကမြင်ကြတဲ့ အိမ်ရှင်နိုင်ငံက ထောက်ခံမှု မရှိခဲ့တဲ့အတွက် အထမမြောက် ခဲ့ကြပါဘူး။

၂၂ ကြိမ်မြောက် အရှေ့တောင်အာရှထိပ်သီး ညီလာခံတက်ရောက်လာကြသော နိုင်ငံ့ခေါင်းဆောင်များ။၂၂ ကြိမ်မြောက် အရှေ့တောင်အာရှထိပ်သီး ညီလာခံတက်ရောက်လာကြသော နိုင်ငံ့ခေါင်းဆောင်များ။

ဒီနှစ်အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ဘရူနိုင်းစော်ဘွားကတော့ အခုနောက်ဆုံး ဆွေးနွေးမှုတွေမှာ တိုးတက်မှုတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။

"ခေါင်းဆောင်တွေကြား အကျေအလည်ဆွေးနွေး နိုင်ခဲ့ကြပါတယ်။ အရင်နှစ်က စလို့ တိုးတက်မှုတချို့လည်း ရှိခဲ့ပါတယ်။ ကျနော်တို့ သဘောတူညီမှု ရခဲ့တဲ့ အထဲမှာ အဆင့် ၂ ဆင့်ပါတယ်လို့ ကျနော်ကတော့ မြင်ပါတယ်။ ပထမတခု ကတော့ ပိုင်ဆိုင် ကြောင်း အပြန်အလှန် ပြောဆိုနေကြတဲ့ တိုင်းပြည်တွေ အချင်းချင်းကြား ဖြေရှင်းကြဖို့ဖြစ်ပြီး ဒုတိယအနေနဲ့ကတော့ အာဆီယံ ရော တရုတ်နိုင်ငံကပါ တည်ငြိမ်အေးချမ်းတဲ့ အခြေအနေတရပ်ဖြစ်အောင် ကြိုးပမ်းပြီး လုပ်ထုံးလုပ်နည်းတရပ် ထွက်ပေါ်ရေး အရေးတကြီး ဆောင်ရွက်ကြဖို့ ဖြစ် ပါတယ်။"

တောင်တရုတ် ပင်လယ်ပြင်တွင်းက အရင်းအမြစ်တွေ ကြွယ်ဝတယ်လို့ ယုံကြည်နေကြတဲ့ နယ်မြေတွေကို ပိုင်ဆိုင်မှုအတွက် အာဆီယံ အသင်းဝင် ၄ နိုင်ငံ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်တို့နဲ့သာမက တခြား အာရှ တိုင်းပြည်တချို့နဲ့ပါ တရုတ် နိုင်ငံက အငြင်းပွားနေတာပါ။ ပြဿနာကို ကုလ သမဂ္ဂမှာ ဖြေရှင်းဖို့အထိ တောင်းဆိုနေတဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့သမ္မတ Benigno Aquino ကတော့ ဒီတကြိမ်ဆွေးနွေးမှုတွေ အထမြောက်ခဲ့တာဟာ အောင်မြင်မှု တခုလို့ ပြောလိုက်ပါတယ်။

"အာဆီယံတခုလုံးက ဒီကိစ္စကို ဘေးဖယ်မထားဘဲ ဆွေးနွေးဖို့ ဆန္ဒရှိကြတဲ့ အတွက် ကျနော်တို့အနေနဲ့ တကယ်ပဲ ကျေးဇူးတင်ကြ ရမှာ ဖြစ်ပါတယ်။ အကျိုး လည်း ရှိတယ်လို့ ကျနော်ထင်ပါတယ်။ ဦးစားပေး ကိစ္စတခုအဖြစ်နဲ့ ဘယ်သူက မှလည်း ကန့်ကွက်တာမျိုး မရှိကြပါဘူး။ အကုန်လုံးက နားထောင် ကြ၊ ဆွေးနွေးကြနဲ့ဆိုတော့ ဒါဟာ လမ်းကြောင်းမှန်ပေါ်ကို စရောက် လာပြီလို့လည်း ယူဆပါတယ်။"

ဒီနှစ်နှောင်းပိုင်း တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ ဒီကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေး ဖို့ ရှိနေချိန်မှာပဲ အာဆီယံအသင်းဝင် နိုင်ငံတွေ အနေနဲ့ ဘုံရပ်တည်ချက်တခု ရရှိရေးအတွက် ထိုင်းနိုင်ငံက ထိပ်သီးအစည်းအဝေး တက်လာကြတဲ့ ကျန်နိုင်ငံခြားရေး ဝန်ကြီးတွေကို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ မြန်မာ အစိုးရ ကတော့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ တောင်တရုတ် ပင်လယ်ပြင် ဆိုင်ရာ အခြေခံမူ (၆) ချက် နဲ့ တရုတ်နိုင်ငံနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေကို ထောက် ခံခဲ့တာပါ။ တရုတ်နိုင်ငံနဲ့ ထိပ်တိုက်ရင်ဆိုင်နေရတဲ့အရေးမှာ မြန်မာအစိုးရက အခုလို သူ့ရဲ့ရပ်တည်ချက်ကို အထင်အရှားပြသလာကြတဲ့အတွက်လည်း ဆန်းစစ်သူတွေကတော့ ထူးခြားချက်တစ်ခုလို မြင်ကြပါတယ်။

ကြာသပတေးနေ့က ထိပ်သီးအစည်းအဝေးပွဲအပြီး အာဆီယံရဲ့ ထုတ်ပြန်ချက် မှာတော့ တောင်တရုတ် ပင်လယ်ပြင်ဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့ ပတ်သက်လို့ ထူးထူးခြားခြား ထည့်သွင်းဖော်ပြတာမျိုးတော့ မရှိခဲ့ပါဘူး။ ဒါပေမဲ့လည်း အာဆီယံရဲ့ အဆိုပြုချက်အပေါ် သဘောတူညီမှု ရရှိနိုင်ရေး နိုင်ငံခြားရေး ဝန်ကြီးတွေက တရုတ်နိုင်ငံနဲ့ ကြိုးပမ်းညှိနှိုင်းနေတယ်လို့ ပြောပါတယ်။ တချိန်တည်းမှာပဲ တရုတ်နိုင်ငံတို့ကြား စီးပွားရေးမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားဖို့ ရည်ရွယ်ထားတဲ့ အကြောင်းကိုလည်း အာဆီယံရဲ့ ကြေညာချက် က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

လက်ပံတောင်းဇာတ်လမ်း ပြန်စပြီလား၊ မုံရွာခရိုင် ဆားလင်းကြီး မြို့နယ် လက်ပံတောင်းတောင် စီမံကိန်း ဧရိယာအတွင်း ထွန်ယက် စိုက်ပျိုးရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွား၍ လူတစ်ဦး သေနတ်ဒဏ်ရာရကာ လူအများအပြား ဒဏ်ရာရရှိခဲ့

4.26.3

ဧပြီလ ၂၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ် အတွင်းမှ ရဲဝန်ထမ်းများ

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်စီမံကိန်း ဧရိယာအတွင်း ထွန်ယက်စိုက်ပျိုးရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ကာ လူတစ်ဦး သေနတ်ဒဏ်ရာရကာ လူအများ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဧပြီ ၂၃ ရက်နေ့ကစ၍ လက်ပံတောင်းတောင် စီမံကိန်း ဧရိယာအတွင်း ထွန်ယက်စိုက်ပျိုးရာမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များနှင့် တောင်သူများ ပြဿနာဖြစ်ပွားမှုများ ရှိခဲ့ကြောင်း သိရသည်။


ယာထဲကို နွားချေးလာချရင်းရုန်း ရင်းဆန်ခတ် ဖြစ်တယ်ကြားလို့ ကျွန်တော့်မိဘတွေ အတွက် စိတ်ပူပြီး လိုက်သွားရာကနေ ကျွန်တော့်ကို အရိုက်ခံလိုက်ရတာ...


''ဧပြီ ၂၃ ရက် နံနက် ၇ နာရီဝန်းကျင် ကတည်းက ဆည်တဲရွာနဲ့ မိုးကြိုးပြင်ရွာတွေက တောင်သူတွေ ထွန်ယက်စိုက်ပျိုးတယ်ကြားလို့ ဆားလင်းကြီးမြို့နယ် မြို့ နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကျော် ဦးစီးပြီးတော့ လာရောက် တားမြစ်ခဲ့တယ်။ ရွာသူရွာသားတွေက လျော်ကြေးယူ မထားတဲ့ ယာတွေဖြစ်လို့ ထွန်ယက်ခြင်း ဖြစ်ကြောင်း ပြောခဲ့ကြတယ်။ ယူထားတဲ့ လျော်ကြေးကလည်း သုံးနှစ်စာ သီးနှံလျော်ကြေးဖြစ်လို့ သုံးနှစ်စာ ပြည့်ပြီဖြစ်ကြောင်း ပြောခဲ့ကြတယ်။ ရွာသား ၇၀ လောက်က မိုးကြိုးပြင်ရွာမှာ ထွန်အရှင်း ၃၀၊ နွားလှည်း ၁၀ စီးလောက်နဲ့ ဧပြီ ၂၃ ရက်ကတည်းက ပြဿနာတွေ ကြားထဲကနေ ထွန်ယက်ခဲ့ကြတယ်။ ဆည်တဲရွာမှာလည်း အဲ့ဒီနေ့ကပဲ ရွာသား ၁၀၀ လောက် ထွန်အရှင်း ၁၅ ရှင်း၊ နွားလှည်း ငါးစီးတို့နဲ့ ထွန်ယက်ခဲ့ကြတယ်။ ဧပြီ ၂၄ ရက်ကလည်း ဒီလိုပဲ ထွန်ယက်ခဲ့ကြတယ်။ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေက လာရောက်တားမြစ်တာတွေ၊ နွားနဖားကြိုးကိုဆွဲပြီး မထွန်ဖို့ တားမြစ်တာတွေလည်း ရှိခဲ့တယ်။ ဒီနေ့မနက် ၈ နာရီလောက်မှာ ယာထွန်ရင်းနဲ့ ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ရက်က ကိုအောင်စိုး၊ ကိုစိုးသူ၊ ကိုအောင်ဆန်းတို့ သုံးယောက် အဖမ်းခံရတယ် ကြားလို့ ရွာသူရွာသားတွေ လိုက်သွားရာကနေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြတယ်'' ဟု မိုးကြိုးပြင်ရွာမှ တောင်သူတစ်ဦးက ပြောပြခဲ့သည်။

4.26.3

လက်ပံတောင်းတောင် စီမံကိန်းအတွင်း ဒဏ်ရာရရှိခဲ့သူ တစ်ဦးအား ဧပြီလ ၂၃ ရက်က တွေ့ရစဉ်

''မနက် ၈ နာရီလောက်မှာ ဆည်တဲရွာက ကိုခင်ငြိမ်း ပိုင်တဲ့ယာကို ထွန်ရင်း သုံးယောက် အဖမ်းခံရတယ်လို့ ရွာကိုဖုန်းဝင်လာလို့ အဖမ်းခံရတဲ့ သူတွေကို သွားထုတ်ဖို့ တောင်းဆိုဖို့ အခင်းဖြစ်တဲ့ ကိုခင်ငြိမ်းရဲ့ ယာဘက်ကို သွားခဲ့ကြတယ်။ ရဲကလည်း ထုတ်မပေးနိုင်ကြောင်း နှစ်ဦးနှစ်ဖက် အပြန်အလှန် ပြောဆိုရင်း ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြတယ်။ ရွာသူ၊ ရွာသား ၄၀၀ လောက်နဲ့ ရဲအင်အား ၁၀၀၀ ကျော်လောက်တော့ ရှိလောက်တယ်။ အခင်းဖြစ်နေရာက မြေနီတောင်နဲ့ကျောက်ကြီးတောင် ကြားမှာ ဖြစ်တာဖြစ်တယ်။ လိပ်ခွံတောင်ရဲ့ အရှေ့မြောက်ဘက်မှာ ရှိတာပါ။ မနက် ၉ နာရီ ၀န်းကျင်မှာ တစ်ကြိမ် ၁၀ နာရီဝန်းကျင်မှာ တစ်ကြိမ် နှစ်ကြိမ်ဖြစ်တယ်။ ရုန်းရင်းဆန်ခတ် ဖြစ်ရာကနေ ရိုက်လို့ ရွာသူရွာသားတွေ ရွာဘက်ကို ပြေးကြတယ်။ သေနတ်နဲ့လည်း ၁၀ ချက်အထက် ပစ်တယ်။ မပစ်ခင် မြင်တာကတော့ ရိုင်ဖယ် အရှည်ဆိုတာကိုတော့ သိတယ်။ ကျွန်တော်လည်း ရောပြေးရင်းနဲ့ ယာဘက်လက်မောင်းကို အပစ်ခံရတာ ကျည်ဆန်က တိုးလျို ပေါက်ထွက်သွားတယ်။ သေနတ်မှန်လို့ ဟန်ချက်ပျက်ပြီး လဲအကျမှာ ချိုင်းအောက်ကို တစ်ခါ ပစ်ခံရတယ်။ ကျွန်တော်ပြေးနေတဲ့ နေရာနဲ့ ခပ်လှမ်းလှမ်းက လုံခြုံရေးကားတွေ လှမ်းပစ်တယ်လို့ ထင်တာပဲ'' ဟု ဒဏ်ရာဖြင့် ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသော တုံရွာသစ်မှ အသက် ၄၂ နှစ်ရှိ ကိုတင်ဇော်က ပြောပြခဲ့သည်။

''နံပါတ်တုတ်နဲ့ အရိုက်ခံရတဲ့သူတွေ များတယ်၊ လူစုခွဲဖို့ ဟန်းစပီကာနဲ့ လိုက်အော် တယ်လို့တော့ ကြားတာပဲ၊ ကျွန်တော်ကတော့ မကြားမိဘူး၊ ကွန်ရက်ကလည်း ရိုက်ခံရတဲ့သူတွေ များတယ်၊ ထွန်ယက်ရာမှာ ခေါင်းဆောင် ပါဝင်တယ်လို့ နာမည်ထွက်သူတွေလဲ ရိုက်ခံရတယ်လို့ကြားတယ်။ ဒဏ်ရာရတဲ့ သူတွေကို ကနဦးမှာ ဖောင်းကတာ လူမှုကူညီရေး အသင်းက ဇီဝသုခယာဉ်နဲ့ မုံရွာဆေးရုံကို ၁၁ နာရီဝန်းကျင်မှာ ပို့နိုင်ခဲ့တယ်။ မုံရွာက နာရေးကူညီမှု အသင်းကားတွေ နောက်ပိုင်းမှာ ရောက်လာတာကို တွေ့ရတယ်။ မိုးကြိုးပြင်၊ ဆည်တဲနဲ့ တုံရွာက အရိုက်ခံရတဲ့ သူတွေများတယ်'' ဟု တုံရွာသားတစ်ဦးက ပြောသည်။

''ဒီနေ့မနက် ယာထဲကို နွားချေးလာချရင်းရုန်း ရင်းဆန်ခတ် ဖြစ်တယ်ကြားလို့ ကျွန်တော့်မိဘတွေ အတွက် စိတ်ပူပြီး လိုက်သွားရာကနေ ကျွန်တော့်ကို အရိုက်ခံလိုက်ရတာ။ ရွာသူ၊ ရွာသားတွေကတော့ ဒီဘက်ကို ပြေးလာခဲ့ဖို့ လှမ်းအော်ကြတယ်။ ကျွန်တော်ပြေးရင်း ညာဘက်ပေါင်ကို ရဲတပ်ဖွဲ့ဝင် သုံးယောက်လောက်က ၀ိုင်းရိုက်တာကို ခံလိုက်ရတယ်။ လောလောဆယ် ဆည်တဲရွာဟောင်းက နိုင်မင်းထွန်းရယ်၊ ကျွန်တော်ရယ်၊ တုံရွာက ကိုတင်ဇော်ရယ် သုံးယောက် မုံရွာဆေးရုံကို ကနဦး ရောက်လာကြတာပဲ'' ဟု ဆည်တဲရွာဟောင်းမှ အသက် ၂၁ နှစ်ရှိ ကိုဇော်မင်းကြည်က ပြောသည်။ မုံရွာ ပြည်သူ့ဆေးရုံသို့ တုံရွာသစ်မှ ကိုတင်ဇော် (လက်မောင်းသေနတ်ဒဏ်ရာ)၊ ဆည်တဲရွာဟောင်းမှ ကိုဇော်မင်းကြည် (ညာဘက်ပေါင် ရိုက်နှက်ဒဏ်ရာ)၊ ကိုနိုင်မင်းထွန်း(၂၁)နှစ် (ဦးခေါင်းနောက်စေ့ဒဏ်ရာ) တို့ဖြင့် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

 

ဧပြီ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း သေနတ်ပစ်ဖောက် ဟန့်တားခဲ့သည့် ပဋိပက္ခနှင့် ပတ်သတ်၍ ပြည်ထဲရေး ၀န်ကြီးဌာန သတင်းထုတ်ပြန်

ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း သေနတ်ပစ်ဖောက် ဟန့်တားခဲ့သည့် ပဋိပက္ခနှင့် ပတ်သတ်၍ ပြည်ထဲရေး ၀န်ကြီးဌာနက ဧပြီလ ၂၅ ရက်နေ့ ညပိုင်းတွင် နိုင်ငံပိုင် မီဒီယာမှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာ လုပ်ကွက်အမှတ် ၈ MCC ၏ မြောက်ဘက်ရှိ ယာခင်းတွင် အောင်စိုး၊ ကိုထက် (ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ရက်) သောင်းထက်ဦး (ရန်ကုန်ဝိဇ္ဇာ-သိပ္ပံ ကျောင်းသားသမဂ္ဂအဖွဲ့)၊ မိုးကြိုး ပြင်အလယ်ရွာနေ ဇော်နိုင်နှင့် ၀င်းကျော်တို့ ဦးဆောင်ပြီး ဇီးကုန်းရွာနှင့် မိုးကြိုးပြင်ရွာတို့မှ ရွာသူရွားသား ၃၀ ဦးခန့်သည် နွားလှည်းငါးစီး၊ ထွန်လေးရှဉ်းဖြင့် ၀င်ရောက်ထွန်ယက်ခဲ့ရာ ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ ဆာလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့တို့က သွားရောက်တားမြစ်ခဲ့ကြောင်း၊ နံနက် ၁၀ နာရီခန့်မှာ ရွာသူရွာသား ၇၀ နှင့် နွားကိုးရှဉ်းခန့်ရောက်ရှိလာပြီး ထွန်ယက်နေသူများအား တားမြစ်နေသည့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့တို့အား ထွန်ယက်နေသူများက ၀ိုင်းဝန်တားသဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့မှ ပြန်လည် ကယ်ထုတ်ခဲ့ရသည်ဟု ပြန်ထဲရေး ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ နံနက် ၈ နာရီ မိနစ် ၄၀ ခန့်တွင်လည်း ကြေးနီးစီမံကိန်း ဧရိယာ လုပ်ကွက် အမှတ် ၈၊ MCC ၏ အရှေ့ဘက်ရှိ ဆည်းတဲရွာမှ ကိုခင်ငြိမ်းနှင့် မယဉ်ယဉ်ဝင်းတို့၏ ယာထဲသို့ ရန်ကုန် ပြည်သူ့ အကျိုးဆောင် ကွန်ရက်မှ အဖွဲ့အ၀င်အချို့ အပါအ၀င် ရွာသူရွာသား ၇၀ ဦးခန့်တို့သည် စုဝေးခဲ့ရာ အဆိုပါ လူစုလူဝေးအား မုံရွာခရိုင် ရဲတပ်ဖွဲ့မှူးမှ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ် မ ၁၄၄ ထုတ်ပြန်ထားသည့် ဧရိယာဖြစ်၍ ၀င်ရောက်ထွန်ယက်ခြင်း မပြုရန်၊ ဥပဒေနှင့် ဆန့်ကျင်သော လူစုလူဝေးအား ချက်ချင်းဖယ်ရှားရန် သုံးကြိမ် သတိပေး ကြေညာခဲ့ကြောင်း သိရသည်။ သို့ရာတွင် လူစုကွဲမသွားဘဲ ရန်ကုန်ပြည်သူ အကျိုးဆောင် ကွန်ရက်အဖွဲ့မှ အဖွဲ့ဝင်တစ်ချို့၏ မြှောက်ပင့်ပေးမှုကြောင့် ရွာသူရွာသား များမှ ရဲတပ်ဖွဲ့ဝင်များအား ခဲများဖြင့် ပစ်ပေါက်ခဲ့သည့် အတွက် လိုက်လံဖမ်းဆီးခဲ့ရာ သုံးဦးအား ဖမ်းဆီးရမိခဲ့ကြောင်း၊ လူစုလူဝေးမှာ ဆက်လက်ပြီး ခဲများဖြင့် ပစ်ပေါက်ခဲ့သည့်အတွက် လူစုခွဲရန် ကြေညာခဲ့ပြီး သေနတ်ဖြင့် သုံးချက်ခန့် မိုးပေါ်ထောင်ဖောက်ခဲ့ရာ ရွာသူရွာသားများသည် ဆုတ်ခွာသွားပြီး ယင်းဖြစ်စဉ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင် ၁၀ ဦး မစိုးရိမ်ရသည့် ဒဏ်ရာများ ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ထို့ပြင် ၉ နာရီ ၁၅ မိနစ်ခန့်တွင် လုပ်ကွက်အမှတ် ၈ MCC ၏ အနောက်ဘက် မိုးကြိုးပြင် အလယ်ရွာနေ ရန်ကုန်ဝိဇ္ဇာ-သိပ္ပံ ကျောင်းသားသမဂ္ဂအဖွဲ့မှ အဖွဲ့ဝင်အချို့ အပါအ၀င် ရွာသူရွာသား ၂၀ ဦးခန့်သည် နွားလှည်းနှစ်စီးဖြင့် ရောက်ရှိလာခဲ့ပြီး ၄င်းတို့၏ လယ်ယာမြေအတွင်း ထွန်ယက်ခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် သက်ဆိုင်ရာတို့မှ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး ဆောင်ရွက်ခဲ့ရာ ၄င်းတို့မှ ရန်လိုသည့် အပြုအမှုဖြင့် တုံ့ပြန်လာသည့်အတွက် ၄င်းတို့အား မြို့နယ်ရဲတပ်ဖွဲ့မှူးမှ ဖမ်းဆီးစဉ် ရွာသူရွာသားများမှ ၀ိုင်းဝန်းရိုက်နှက်ခဲ့မှုကြောင့် ရဲတပ်ဖွဲ့ဝင် ငါးဦး မစိုးရိမ်းရ ဒဏ်ရာအသီးသီး ရရှိခဲကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နံနက် ၁၀ နာရီ ၀န်းကျင်တွင် ရွာသူရွာသားများမှ ဖမ်းဆီးထားသူများအား ပြန်လည်လုယူရန်အတွက် လုပ်ကွက်အမှတ် ၈ MCC ၏ အရှေ့ဘက် နေရာသို့ ဆည်းတဲရွာဟောင်းမှ ရွာသူရွာသား နှစ်ရာဦးခန့်သည် တုတ်၊ ဓား၊ ကျောက်ခဲ၊ လေးခွများ ကိုင်ဆောင်ပြီး ထပ်မံစုဝေး ရောက်ရှိလာသည့်အတွက် ခရိုင်ရဲတပ်ဖွဲ့မှူးက လူစုကွဲ ထွက်ခွာရန် ကြေညာခဲ့သော်လည်း ရွာသူရွာသူများက ရဲတပ်ဖွဲ့ဝင်များ အနီးသို့ရောက်ရှိလာခဲ့ပြီး ရွာသားတစ်ဦးက ဓားဖြင့် ၀င်ခုတ်ခဲ့သည့် အပြင်၊ အမျိုးသမီး တစ်ဦးက ထန်းလျက်တုတ်ဖြင့် ၀င်ရိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့ လုပ်ဆောင်မှုကြောင့် ရဲတပ်ဖွဲ့ဝင်များက သတိပေး ကြေညာကာ ရိုင်ဖယ်သေနတ်ဖြင့် မိုးပေါ်သို့ ၆ ချက် ခြောက်လှန့် ပစ်ခတ်ခဲ့ကြောင်း ၊ရွာသူရွာသားများက ရဲတပ်ဖွဲ့ဝင်များအား ခဲများ လေးခွများဖြင့် ဆက်၍ ပစ်ခတ်သည့် အပြင် ရှေ့သို့တက်လာကာ ပလက်စတစ် ရေသန့်ဗူးအတွင်း ဓာတ်ဆီထည့်ကာ ကြိုးဖြင့် မီးစာ ပြုလုပ်ထားသည့် မီးလောင်ဗုံးဖြင့် ရဲတပ်ဖွဲ့ဝင်များ ဟန့်တားသည့်နေရာသို့ပစ်ပေါက် အန္တရာယ်ပြုလာပြီး ခဲများဖြင့် အင်အားသုံး ပစ်ပေါက် ရှေ့သို့တိုးလာမှုကြောင့် ရိုင်ဖယ်သေနတ်ဖြင့် မိုးပေါ်သို့ ၁၂ ချက် ထပ်မံပြီး ခြောက်လှန့်ပစ်ခတ် ခဲ့ရကြောင်း၊ ရွာသားသုံးဦးက ရဲတပ်ဖွဲ့ဝင် တစ်ဦးအား ဖမ်းဆီးချုပ်နှောင်ပြီး ထရွတ်တိုက် ဆွဲခေါ်သွားမှုကြောင့် သေနတ်လေးချက် ပစ်ဖောက်ပြီး ပြန်လည်ဆွဲထုတ်ခဲ့ရသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

ရွာသူရွာသားများ ဘက်မှ ပလက်စတစ် ရေသန့်ဗူးအတွင်း ဓာတ်ဆီထည့်ကာ ကြိုးဖြင့်မီးစာ ပြုလုပ်ထားသည့် မီးလောင်ဗုံးများဖြင့် ဆက်လက်ပစ်ခတ် လုံးထွေး တိုက်ခတ်လာ၍ ရာဘာကျည်ဖြင့် သုံးချက် ပစ်ခတ်ခဲ့ရာ ရွာသားများ နောက်ဆုတ်သွားပြီး ၁၀ နာရီ ၄၀မိနစ်တွင် လူစုကွဲသွား ခဲ့သည်ဟု သတင်းထုတ်ပြန်ခဲသည်။

ယင်းသို့ ဒေသခံ လယ်သမားများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်ကြောင့် ရွာသားသုံးဦး ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အထက်ပါ ဖြစ်စဉ်များတွင် မင်းမဲ့စရိုက်ဆန်ဆန် လုပ်ဆောင်မှုကြောင့် ဖမ်းဆီးရမိသူများအား ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည့်အပြင် ပြစ်မှုကျူးလွန် သူများကိုလည်း ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်သည်ဟု ပြည်ထဲရေး ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

လူဦးရေ စာရင်းကောက်သူများနှင့် ရိုဟင်ဂျာခံယူ လိုသူများကြား ရုန်းရင်း ဆန်ခတ်ဖြစ်ပွား

စစ်တွေ(မဇ္ဈိမ)။       ။  စစ်တွေမြို့၊ သက္ကေပြင်ကျေးရွာ၌ ဧပြီလ ၂၆ ရက်နေ့ နေ့လည် ၁၁နာရီက လူဦးရေ စာရင်း ကောက်ယူစဉ် ရိုဟင်ဂျာအမည်ခံလိုသူများနှင့် စာရင်းကောက်အဖွဲ့တို့ကြား ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့
ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အစိုးရ စီစဉ်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ လူဦးရေစာရင်း
ကောက်ယူရေး စီမံချက်ကို ဧပြီ ၂၆ မှ မေလ ၁၅ ရက်နေ့ထိ အဖွဲ့ ၆၃ ဖွဲ့ဖြင့် ကွင်းဆင်း ဆောင်ရွက်ရာ ဗွေဆော်ဦး စစ်ဆေးသည့် ကျေးရွာ၌ ယခုလို ကြုံတွေ့ရခြင်းဖြစ်သည်။

"ကျနော်တို့ ပထမအိမ်ထောင်စုကို ဝင်စစ်တဲ့အခါ ဘာပြဿနာမှမဖြစ်ခဲ့ဘူး။ ဒုတိယ အိမ်ထောင်စုကို စစ်တဲ့အခါ အမျိုးသမီးတဦးက ရိုဟင်ဂျာအမည် မရရင် အစစ်မခံနိုင်ဘူး လို့အော်တယ်။ အဲသလိုလဲ အော်လိုက်ရော ကျန်တဲ့ အိမ်တွေကပါ လူတွေထွက်လာပြီးတော့ ကျနော်တို့အဖွဲ့ကို ရွာထဲက ထွက်သွားဖို့ ဆူပူ အော်ဟစ်ကြတယ်။ ပါလာတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက လူအုပ်ကို ထိန်းပေး ထားပြီးတော့ ကျနော်တို့ အဖွဲ့ ထိုးဖောက် ပြန်ထွက် လာခဲ့ကြရတယ်" ဟု လူဦးရေ စာရင်းကောက် အဖွဲ့မှ လ၀က တဦးကရှင်းပြသည်။

စစ်တေမြို့နယ် စာရင်းကောက်ယူရေးအဖွဲ့ ၂၁ ဖွဲ့ရှိပြီး၊ ၎င်းတို့အဖွဲ့မှာ အဖွဲ့အမှတ် ၁၈ ဖြစ်ကြောင်း အဆိုပါ လဝက ဝန်ထမ်းကပြောသည်။

ရိုဟင်ဂျာအမည် အသိအမှတ်ပြုရေး တောင်းဆို ဆူပူဆန္ဒပြကြသဖြင့် ခြောက်လှန့်ပစ်ဖောက် လူစုခွဲခဲ့ရသည်ဟု လည်း  ဒေသခံက ဆိုသည်။

အခင်းဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင် သုံးဦး ဒဏ်ရာရရှိသွားသည်ဟုကြားသိရပြီးဖြစ်သော်လည်း အတည်မပြုနိုင်သေးဟု စစ်တွေ အမှတ် (၁) ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တဦးက ပြောသည်။

စစ်တွေမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က "၁၉၈၂နိုင်ငံသား ဖြစ်မှုဥပဒေကို သူတို့စိုးရိမ်
နေတယ်။ ပြည်ထောင်စုဖွား တိုင်းရင်းသား ၁၃၅မျိုးမှာ ရိုဟင်ဂျာ မပါတဲ့ အတွက်လည်း ဖြစ်တယ်။ ဒါကြောင့် ဥပဒေ နဲ့အညီ အစစ်မခံဝံ့တော့ဘဲ ဒီလို ရုန်းရင်းဆန်ခတ်မှု တွေနဲ့တုန့်ပြန်တာ ဖြစ်တယ်" ဟု မှတ်ချက်ပြုသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူတဦးက ယနေ့ဖြစ်ပျက်မှုအား သိရှိပြီးဖြစ်ကြောင်းနှင့် လူဦးရေစာရင်း
ကောက်ယူကိုမူ သတ်မှတ်ရက်အတွင်း ပြီးပြတ်အောင် ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ပြောသည်။

ယခုအခါ လူဦးရေစာရင်းကောက်ယူမှု လုပ်ငန်းစဉ်အား ရပ်နားထားရပြီး၊ ရုန်းရင်း ဆန်ခတ် ဖြစ်ပွားရာ ဒေသသို့ သက်ဆိုင်ရာလုံးခြုံရေးတပ်ဖွဲ့များက သွားရောက် ထိန်းသိမ်းလျက် ရှိကြောင်းသိရသည်။

ဒုက္ခသည်များအတွက် KOICA မှ ယာယီတဲ ၆၄၀ လုံး ကူညီထောက်ပံ့ ပေးမည်

ရန်ကုန် (မဇ္ဈိမ)။        ။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် ဒုက္ခသည် စခန်းများသို့
ရောက်ရှိနေကြသော  ဒုက္ခသည် များအတွက် ကိုရီးယားနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကူညီထောက်ပံရေး အေဂျင်စီမှ ယာယီတဲ ၆၄၀ လုံးကို ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း KOIC ( Korea International Cooperation Agency )  မှ စီမံကိန်းဒါရိုက်တာ ဒေါ်ကေသီခိုင် က ပြောကြားသည်။

Donated-by-the-Republic-of-Korea-2-ss

တဲအိမ်များတွင် စောင်နှင့်အိုးခွက်ပန်းကန်များ Jerrycans များ kitchen sets များပါ ပူးတွဲပါဝင်ပြီး တဲအိမ်အရေအတွက် အလုံး ၆၄၀၊ တန်ဖိုးအားဖြင့် USဒေါ်လာ (U$ 260,000) ရှိ ပစ္စည်းများကို လှူဒါန်း မည်ဖြစ်သည်။ (ဓာတ်ပုံ-ဘိုဘို၊ မဇ္ဈိမ)

ဒေါ်ကေသီခိုင် က "မိသားစု တစုကို ယာယီ ရွက်ဖျင်တဲ တလုံးစီ ပေးသွားမှာပါ။ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့
ကျောက်ဖြူ ၊ စစ်တွေ ၊ မြေပုံ အစရှိသော မြို့နယ်များတွင် မေလ ၁ ရက်နေ့မှာ သွားရောက် ကူညီထောက်ပံ
ပေးသွားမှာပါ ။ ဒီယာယီတဲတွေ က ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် တော့ လိုအပ်တဲ့ အရာတွေ ဖြစ်မှာပါ " ဟု ဆက်လက် ပြောကြားသည် ။

ယခုကူညီမှုသည် ကိုရီးယားနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကူညီထောက်ပံရေး အေဂျင်စီ (KOIC ) က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR ) မှတဆင့် လှူဒါန်းခြင်း ဖြစ်ပြီး တန်ဘိုးအားဖြင့် အမေရိကန်
ဒေါ်လာ  ၂သိန်း ၆သောင်း ရှိကြောင်း  ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ (မြန်မာ) မှ Mr.Johannes G.ten Feld ကရှင်းပြသည် ။

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများတွင် ယာယီတဲငယ်များ နှင့်နေထိုင်ရသဖြင့် မိုးရာသီတွင် ကျမ်းမာရေး ချို့ယွင်းချက်များ ၊ နေထိုင်မှု အခက်အခဲများ ရှိလာနိုင်ကြောင်း ကျောက်ဖြူမြို့ဒေသခံ ဦးစိုးဝင်း က ဆိုသည်။

"မိုးရာသီမှာ ဆိုရင် လေဒဏ်၊ မိုးဒဏ် ခံရတယ်။ ယာယီတဲထဲ ရေဝင်တာတို့ လေတိုက်တာတို့တွေ ခံကြရတယ်။ ရာသီဥတုဒဏ် ခံရတဲ့အတွက် ဒုက္ခသည်တွေရဲ့ ကျန်းမာရေးကလည်း စိုးရိမ်ရတယ်" ဟု ကျောက်ဖြူဒေသခံ တဦးက ပြောပြသည်။

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များ ယာယီတဲများ ဖြင့်နေရမှု အပေါ်မည်သို့ ဖြစ်လာနိုင်ကြောင်း ကို နယ်စပ်ရေးရာ နှင့် တိုင်းရင်းသားဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှုး ဦးလှသိန်း က မဇ္ဈိမ၏
မေးမြန်းမှုကို အောက်ပါအတိုင်း ဖြေကြားခဲ့သည် ။

ဦးလှသိန်းက "ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် ကူညီထောက်ပံ့ရေး အဖွဲ့တွေက ဒီပစ္စည်းက ဒီနေရာ ဒီဒေသနဲ့ သင့်တော်တယ် ဆိုတာကို ကွင်းဆင်းလေ့လာပြီးမှ လှူဒါန်းကြတာပါ။ ကျန်းမာရေး ချို့ယွင်းချက်တွေ ရှိရင်လည်း ဒုက္ခသည်စခန်းတွေမှာ မြန်မာနိုင်ငံ ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့အစည်းတွေ ထားရှိပေးထား ပါတယ်" ဟု ဆိုသည်။

 ကိုရီးယားနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကူညီထောက်ပံရေးအေဂျင်စီ KOICA မှ ပြီးခဲ့သော နှစ် ဇူလိုင်လအတွင်း ရခိုင်ပြည်နယ် ဒုက္ခသည်များထံသို့ ရွက်ဖျင်တဲများ နှင့် တာပေါ်လင်များ ပထမအကိမ်လှူဒါန်းပေးခဲ့ပြီး ယခုတစ်ကြိမ်နှင့် စုစုပေါင်း တန်ဘိုးငွေ အမေရိကန်ဒေါ်လာ ၅ သိန်းတစ်သောင်းကျော် ရှိပြီဖြစ်ကြောင်း KOIC မှ ထုတ်ပြန်ချက်များ အရသိရှိရသည် ။

စီတန်းလှည့်လည်ခွင့် မတင်သောကြောင့် လက်ပံတောင်းဒေသခံများကို တရားစွဲမည်ဟု ခရိုင်ရဲမှူးကြီးပြော

ရန်ကုန် (မဇ္ဈိမ)။     ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အတွင်းရှိ လယ်ယာမြေများကို ဝင်ရောက်ထွန်ယက်ရာမှ ဖမ်းဆီးခံထားရသူ ၃ ဦးအား ပြန်လွတ်ပေးရန် တောင်းဆိုသော ဒေသခံများမှာ စီတန်း လှည့်လည်ခွင့် မတင်သောကြောင့် ဥပဒေအရ တရားစွဲသွားမည်ဟု မုံရွာခရိုင်ရဲမှူးကြီး ဦးတင်ထွန်းက မဇ္ဈိမကို ပြောဆိုသည်။

latpadaung-1

လက်ပံတောင်း ကြေးနီစီမံကိန်းနယ်မြေအတွင်းရှိ လယ်မြေများအားဒေသခံများမှ ဝင်ရောက်ထွန်ယက်ရာမှ လုံခြံရေးများနှင့် အထိကရုဏ်း ဖြစ်ပွားပြီး အဖမ်းခဲ့ရသူ ၃ ဦးအားပြန်လည်လွှတ်ပေးရေးအတွက် တောင်းဆိုဆန္ဒပြရန် ဆာလင်းကြီမြို့နယ် ညောင်ပင်ကြီး ရဲစခန်းအားသွားသောလမ်းတွင် ရဲအင်အား ၃၀၀ ကျော်တို့က စည်း ၃ စည်းချ၍ ထားမြစ်ထားစဉ်။(ဓာတ်ပုံ - မဇ္ဈိမ)

ခရိုင်ရဲမှူးကြီးက"ပြည်သူတွေအားလုံးက တရားဥပဒေကိုတော့ လေးစားလိုက်နာ သင့်တာပေါ့။ အခုက စီတန်း လှည့်လည်ခွင့် မတင်ဘူးဗျ။ အကြိမ်ကြိမ် ခွင့်လွှတ်ရပေါင်းလည်း များနေပြီ။ ဒီတစ်ခါတော့ ဥပဒေအရ တရားစွဲဆို သွားမှာပါ" ဟု ပြောသည်။

ရွာသားများ လယ်ထွန်ခြင်းမှာ ၂၃ ရက်နေ့က စတင်ပြုလုပ်ခဲ့ပြီး သုံးရက်မြောက် နေ့တွင် ရဲတပ်ဖွဲ့၏ တားဆီးမှု
ကြောင့် အဓိကရုဏ်းများ ဖြစ်ပေါ်ခဲ့ပြီး ယနေ့တွင် ဖမ်းဆီးခံရသူ ၃ ဦးအား ပြန်လည် လွှတ်ပေးရန်ရွာ ၁၃ ရွာမှ ဒေသခံများက ညောင်ပင်ကြီးရဲစခန်းသို့် တောင်းဆို ဆန္ဒပြ ခဲ့ကြခြင်းဖြစ်သည်။

သို့သော် တောင်းဆိုဆန္ဒပြသူများမှာ ညောင်ပင်ကြီး ရဲစခန်းသို့ မရောက်ရှိဘဲ ဝက်မှေးရွာသစ် အနီးတွင် လုံခြုံရေး အင်အား ၃၀၀ကျော်က လုံထိန်းကား ဆယ်စီးဖြင့် စည်း ၃ စည်း ခြားထားပြီး တတိယစည်းကို ကျော်ပါက ပစ်ခတ်မည်ဟု ပိုစတာထောင် ထားသောကြောင့် လှည့်ပြန်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

တုံရွာမှဒေသခံ ကိုလတ်က "ကျွန်တော်တို့ ၁၂ နာရီခွဲလောက်စထွက်တယ်။ ဝက်မှေးကန်တော ရွာသစ်ရှေ့
ကနေပြီးတော့ ကားဆယ်စီးနဲ့ လက်နက်အင်အားအပြည့်အစုံနဲ့ လုံထိန်းအင်အား သုံးရာကျော် လေးရာပါးနီး
လောက်က ကားပေါ်ကနေချက်ချင်းဝုန်းဝုန်းဆင်းပြီးတော့ စပီကာတွေ စည်းတွေ ဆိုင်းပုတ်တွေကိုင်ပြီးတော့ ပထမစည်းမကျော်ရ၊ ဒုတိယစည်းမကျော်ရ၊ တတိယစည်းမကျော်ရဆိုပြီးတော့ ချက်ချင်းပိတ်လိုက်ပါတယ်" ဟု မဇ္ဈိမကို ပြောသည်။

ယမန်နေ့က ဖြစ်ပေါ်ခဲ့သော အဓိကရုဏ်းတွင် ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ကိုအောင်စိုးအပါအဝင်   ဆည်တည်ရွာမှ ကိုစိုးသူနှင့် ကိုဆန်းတို့မှာ ဖမ်းဆီးခြင်းခံထားရပြီး ဒေသခံ ၃ ဦးနှင့် လုံခြုံရေးရဲ ၁၅ ဦးတို့ ဒဏ်ရာရရှိခဲ့သည်။

ဖမ်းဆီးခံ ထားရသူများ ပြန်လွှတ်ပေးရန် ချီတက် တောင်းဆိုကြသည့် ကျေးရွာ ၁၃ ရွာမှ ဒေသခံတို့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး၊ အကြမ်းဖက် ဖြိုခွင်းမှု တရားခံများကို ဖေါ်ထုတ်ပေးရေး၊ ကိုယ့်လယ် ကိုယ်ပြန်လုပ်ခွင့်ရရှိရေး၊ ပုဒ်မ ၁၄၄ ပြန်လည်ရုပ်သိမ်းပေးရေး၊ ဖမ်းဆီးထားတဲ့ ကိုအောင်စိုး၊ ကိုစိုးသူ၊ ကိုဆန်းတို့ကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရေး တို့ကို ကြွေးကြော် ခဲ့ကြကြောင်း တုံရွာမှ ကိုလတ်က ပြောသည်။

"ကျွန်တော်တို့ဘက်ကနေပြီးတော့ ဆက်လက်ပြီးတော့ ကိုယ့်လယ်ကိုယ် ပြန်လုပ်ကိုင်ရရှိရေးနဲ့ ပုဒ်မ ၁၄၄ ရုပ်သိမ်းပေးရေး ဖမ်းဆီးထားတဲ့ သူတွေချက်ချင်း ပြန်လွှတ်ပေးရေး ဆိုတာကိုတော့ တောင်းဆိုပြီးတော့ တိုက်ပွဲဝင်နေဦးမှာပါပဲ" ဟု သူကဆိုသည်။

ကားတိမ်းမှောက်သော မြန်မာရွှေ့ပြောင်း အလုပ်သမားများကို အလုပ်သမားဝန်ကြီးဌာနက ကူညီထောက်ပံ့

ချင်းမိုင်(မဇ္စျိမ)။      ။ ထိုင်းနိုင်ငံ သို့ဝင်ရောက်စဉ် ကားတိမ်းမှောက်မှုတွင် သေဆုံးသူများနှင့် ဒဏ်ရာရသူများကို
မြန်မာအစိုးရ အလုပ်သမား ဝန်ကြီးဌာနမှ လူသားချင်းစာနာမှု ကူညီထောက်ပံ့ပေးခဲ့သည်ဟု မြန်မာအလုပ်သမား သံအရာရှိ ဦးကျော်ကျော်လွင် ပြောသည်။

သူက "ဒီနေ့တော့ ဘတ် ၇၆၀၀၀ ထောက်ပံ့ခဲ့တယ်။ ထောက်ပံ့နေတာတော့ ကြာပါပြီ။ အစိုးရ သစ်တက်လာက တည်းက အစိုးရပေါ်လစီဘဲလေ။ ပြည်ပအလုပ် သမားကြီးကြပ်ရေး ကော်မတီ ပေါ်ပေါက်လာ ကတည်းက ဒါတွေကို ဘယ်လိုကူညီရမယ်ဆိုတာ သတ်မှတ် ထားပြီးတာ။ ခုလည်း ဆက်ကူညီနေတာဘဲ"ဟု ပြောသည်။

ဦးကျော်ကျော်လွင်က ပြည်ပရောက် အလုပ်သမားများအား မိမိနိုင်ငံသားများဟူ၍ ကူညီရန် တာဝန်ရှိသည်ဟု ခံယူကာ ဆောင်ရွက်ပေးလျက်ရှိသည်ဟု ဆိုသည်။

ယခုလို ကူညီထောက်ပံ့မှုမှာ မြန်မာအစိုးရဘက်မှ အရေးပေါ် ထောက်ပံ့မှု သာဖြစ်ပြီး ရွှေ့ပြောင်း အလုပ်သမား များအတွက် နစ်နာကြေးများ ရရှိရေးအတွက် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဦးကျော်ကျော်လွင်မှ မဇ္ဈိမကို ရှင်းပြသည်။

ယခုလ ၂၃ရက်နေ့ ညပိုင်းက မဲဆောက်မှ ဘန်ကောက်သို့ အထွက် တာခ့် မြို့နယ်အတွင်း ကားတိမ်းမှောက်ခဲ့ရာ လိုက်ပါလာသူ မြန်မာနိုင်ငံသား ၆၀ယောက်နှင့် ကလေး နှစ်ဦးတို့ အနက် သုံးဦးသေဆုံးခဲ့သည်။  

မြန်မာနိုင်ငံ အလုပ်သမား ဝန်ကြီးဌာန ကိုယ်စား ပြည်ပအလုပ်သမားကြီးကြပ်ရေး ကော်မတီမှ ကွင်းဆင်း၍
သေဆုံးသူ တဦးလျှင် ဘတ်ငွေ ၁၀,၀၀၀ ဆီပေးပြီး အခြား ဒဏ်ရာရမှုအပေါ် မူတည်၍ ဘတ် ၅,၀၀၀ မှ ၁၀,၀၀၀ ထိ ပေးခဲ့သည်။

ထို့ကြောင့် စုစုပေါင်း ပေးအပ် လှူဒါန်းသည့် ဘတ်ငွေ မှာ ၇၆,၀၀၀ ဖြစ်သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ
ပြည်သား အရေးပူးတွဲ လှုပ်ရှားမှု ကော်မတီ (JACBA)မှ တာဝန်ခံ ကိုမိုးကြိုးကပြောသည်။

နောက်နောင် ယခုကဲ့သို့ မြန်မာအစိုးရအနေဖြင့် တတ်နိုင်သမျှ တစုံတရာ အကူအညီပေးမည် ဆိုသည့်အကြောင်း သတင်းကောင်း ရရှိသဖြင့် ဝမ်းသာကြောင်း သူက ဆက်ပြောသည်။

ကိုမိုးကြိုးက  "မြန်မာအလုပ်သမားတွေကို မြန်မာနိုင်ငံအစိုးရ ဝန်ကြီးဌာနတရပ်က လာပြီးတော့ စောင့်ရှောက်တယ် ဆိုတော့ ကံယံကံရှင် အလုပ်သမားတွေ အနေနဲ့ အားရဝမ်းသာရှိကြတယ်။ ဒီလို ဒုက္ခရောက်နေတဲ့အချိန်မှာ လာကူညီတယ် ဆိုတော့ ကိုယ့်အစိုးရက သူတို့ကို ပစ်ပယ်မထားဘူးဆိုတဲ့ စိတ်ထားမျိုး ရသွားတာပေါ့" ဟု ပြောသည်။

မြန်မာပြည်သား အရေးပူးတွဲ လှုပ်ရှားမှု ကော်မတီ (JACBA)  က ယနေ့ တာခ့်ဆေးရုံကြီးသို့ အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၁၅ ဦးနှင့် ကလေး တဦးတို့အား သွားရောက် ကြည့်ရှုခဲ့ရာ နှစ်ဦးမှာ ဒဏ်ရာပြင်းပြင်း ရရှိထားသည်ဟု ဆိုသည်။

၎င်းတို့သည် သင်္ကြန်ကာလပိတ်ရက်အတွင်း မြန်မာပြည်သို့ ပြန်သွားပြီး ဘန်ကောက်မြို့ရှိ မိမိတို့ လုပ်ငန်းခွင် သို့ ပြန်ဝင်ရန် ရောက်ရှိလာသူများ ဖြစ်ပြီး အများအားဖြင့် မွန်လူမျိုး အများဆုံး ပါဝင်သည်ဟု သိရသည်။

ကားမောင်းသူအား ထိုင်းလုပ်ထုံးလုပ်နည်းအတိုင်း အမှုဖွင့်တိုင်ကြားထားသည်ဟု ကိုမိုးကြိုးက ပြောသည်။

TELENOR GROUP မိုဘိုင်းမှ ဘဏ်စနစ်ရရန် ကြိုးပမ်းမည်

ရန်ကုန်(မဇ္ဈိမ)။     ။ မြန်မာ့ဆက်သွယ်ရေး ဝန်ကြီးဌာနမှ တင်ဒါဝင်ရောက် ယှဉ်ပြိုင်ထားသည့် TELENOR GROUP  အနေဖြင့် အော်ပရေတာ တင်ဒါ အောင်ပါက မိုဘိုင်းစနစ်နှင့် ဘဏ်စနစ် ချိတ်ဆက်မှု ရရှိရန် ကြိုးပမ်းသွား မည် ဖြစ်ကြောင်း ယနေ့မနက် ၁၁ နာရီ တွင် TRADER HOTEL ၌ပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံပွဲတွင် TELENOR GROUP မှ HEAD OF ASIA OPERATION MR.Sigve Brekke ကပြောသည်။

Phone-2

နိုင်ငံတကာတွင် တယ်လီဖုန်း၊ သတင်းအချက်အလက်၊ မီဒီယာဆက်သွယ်ရေးဝန်ဆောင်မှုပေးနေသော Telenor Group နှင့် မီဒီယာတွေ့ဆုံပွဲကို ၂၀၁၃ခုနှစ်၊ ဧပြီလ ၂၆ ရက် နံနက် ၁၁ နာရီအချိန်က ရန်ကုန်မြို့ Traders Hotel တွင် ပြုလုပ်ကျင်းပစဉ်။ (ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ) မြန်မာ့ဆက်သွယ်ရေးလိုင်စင် တင်ဒါအောင်မည်ဆိုပါက သင့်လျော်တဲ့ ဈေးနှုန်းတွေနဲ့ ဖုန်းသုံးစွဲသူတိုင်းနေရာတိုင်းမှာ အင်တာနက်အသုံးပြုနိုင်အောင် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း Telenor Group ၏ အာရှဒေသလုပ်ငန်းများဆိုင်ရာအကြီးအကဲ Sigve Brekke (ဆာဗေး ဘာကေး) က မီဒီယာတွေ့ဆုံပွဲတွင် ပြောခဲ့သည်။

MR.Sigve Brekke  က "ဘဏ်နဲ့ ပူးပေါင်းရင် အေဂျင်စီအနေနဲ့ ပူးပေါင်းမှာပါ။ ဖုန်းဆင်းကဒ် တခုက ဘဏ် အကောင့်တခု ဖြစ်အောင် ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်" ဟု ရည်ရွယ်ချက်ကို ရှင်းပြသည်။

ထိုသို့ မိုဘိုင်းဘဏ်စနစ် အသုံးပြုရာတွင် ဖုန်းများမှာ ကျေးရွာအဆင့်အထိ အသုံးပြု နိုင်မည်ဖြစ်သဖြင့် ဘဏ် မရှိသော ဒေသများတွင် ဖုန်းဖြင့် အလွယ်တကူ ငွေလွှဲ ငွေယူ အသုံးပြုနိုင်မည် ဖြစ်ကြောင်း MR.Sigve Brekke ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ TELENOR GROUP Mobile Communications AS သည် မြန်မာ့ဆက်သွယ်ရေးက ယခုနှစ် လေးလပိုင်း တွင် ပုဂ္ဂလိက မိုဘိုင်း အော်ပရေတာ ပြုလုပ်ရန် ဇကာတင် ရွေးချယ်ထားသည့် ပြည်တွင်းပြည်ပ ကုမ္ပဏီ ၁၂ ခုထဲမှ တခုဖြစ်ပြီး နော်ဝေးနိုင်ငံပိုင် ကုမ္ပဏီ တခုဖြစ်ကာ အိမ်နီးချင်း နိုင်ငံများတွင် မိုဘိုင်း အော်ပရေတာ လုပ်ငန်း လုပ်ကိုင်နေသည့် ကုမ္ပဏီကြီး တခုဖြစ်သည်။

ဘဏ်စနစ်နှင့် မိုဘိုင်းစနစ်ဖြင့် တွဲလုပ်ခြင်းမှာ အာဖရိက နိုင်ငံများနှင့် အခြားနိုင်ငံ အချို့တွင် အများဆုံး အသုံးပြုကြ
ကြောင်း၊ မိုဘိုင်းဘဏ်ကင်း စနစ်မှာလည်း မြန်မာနိုင်ငံတွင် ပြည်တွင်းပြည်ပမှ ပုဂ္ဂလိက အော်ပရေတာ လုပ်ငန်းများ ပေါ်ပေါက်လာပါက ဖြစ်လာနိုင်ကြောင်း သို့သော် အချိန်အနည်းငယ် လိုမည်ဟု ဘဏ်လုပ်ငန်း ပညာရှင် ဦးသန်းလွင်က ပြောသည်။

၎င်းက "မြန်မာနိုင်ငံမှာ မိုဘိုင်းသုံးတာ ၁၀ရာခိုင်နှုန်းပဲ ရှိသေးတယ်။ သူများနိုင်ငံတွေမှာ ၇၀ ရာခိုင်နှုန်းလောက် ရှိတယ်။ အချို့တိုးတက်တဲ့ နိုင်ငံတွေမှာ ၁၀၀ ရာခိုင်နှုန်းလောက် ရှိတယ်။ ဒီလို ကိစ္စတွေ အသုံးပြုဖို့ ဆိုတာမိုဘိုင်း သုံးစွဲသူများပြားဖို့ နောင် နှစ်နှစ် သုံးနှစ်လောက် လိုသေးတယ်" ဟု ရှင်းပြခဲ့သည်။

မိုဘိုင်းဘဏ်ကင်း စနစ်အသုံးပြုရန် အိုင်တီကဏ္ဍတွင် အဆင်မြင့်  ရန်လိုကြောင်း အရေးလည်းပါကြောင်းနှင့် ယခုဘဏ် စနစ်တွင်လည်း ကမ္ဘာ နံပါတ်တစ် အိုင်တီအဖွဲ့ အစည်းများဖြင့် ပုံစံရေးဆွဲနေပြီ ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။

ကုမ္ပဏီ ၁၂ ခုအနေဖြင့် တတိယနှင့် နောက်ဆုံးအဆင့် ရွေးချယ်မှုအတွက် ဇွန်လ ၃ ရက်နေ့က နောက်ဆုံးထားကာ ဆက်လက် လျှောက်ထားရမည်ဖြစ်သည်။

 နောက်ဆုံး ရွေးချယ် ခံရသည့် ကုမ္ပဏီနှစ်ခု အမည်ကို ဇွန်လ ၂၇ ရက် နေ့တွင် ထုတ်ပြန် ကြေညာနိုင်ရန်
မျှော်မှန်းထားကြောင်း မြန်မာ့ဆက်သွယ်ရေး စိစစ်ရေးနှင့်ရွေးချယ်မှု ကော်မတီက သတင်းထုတ်ပြန် ထားသည်။

အဆိုပါ တင်ဒါအောင်မြင်သည့် ကုမ္ပဏီနှစ်ခုအနေဖြင့် ၎င်းတို့ အော်ပရေတာ လုပ်ငန်းလုပ်ကိုင်နေသည့် ထိုင်း၊ မလေးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန် နိုင်ငံများကဲ့သို့ ဆင်းကဒ်များ အလကားပေးကာ ဖုန်းခေါ် ဆိုခများ ဈေးနှုန်းသက်သာစွာ  ပြုလုပ်သွားမည်ဟု ယနေ့ တွေ့ဆုံပွဲမှ သိရသည်။

နော်ဝေနိုင်ငံတွင် ရုံးချုပ်တည်ရှိသည့် TELENOR GROUPသည် အာရှနှင့် ဥရောပနိုင်ငံများတွင် မိုဘိုင်း
အော်ပရေတာ ဈေးကွက် ၁၁ ခုရှိသည်။ ၂၀၁၂ ခုနှစ် အစောပိုင်းအထိ ဖုန်းအသုံးပြုသူ ၁၄၈သန်း ရှိပြီး ၂၀၁၂အတွက် လုပ်ငန်းအတွင်း တည်ရှိငွေမှာ နော်ဝေငွေ ၁၀၂ ဘီလီယံ ရှိကြောင်း GROUP တွင် တရားဝင်
ကြေညာထားသည်။

အိန္ဒိယတွင် ဆေးရံပြိုကျရာ အပျက်အစီးများထဲတွင် လူ ၁၅ ဦး ပိတ်မိခဲ့

အိန္ဒိယ နိုင်ငံ အလယ်ပိုင်းရှိ ဆေးရုံ အဆောက်အဦး တခု သောကြာနေ့က ပြိုကျရာ အပျက်အစီးများ ကြားထဲတွင် လူ ၁၅ ဦးအထိ ပိတ်မိနေခဲ့သည်ဟု အိန္ဒိယနိုင်ငံ တာဝန်ရှိသူ တဦးက ဆိုသည်။

အိန္ဒိယနိုင်ငံ မာဒဲပရာဒေ့ရှ် ပြည်နယ်၏ မြို့တော် ဖြစ်သည့် ဘိုပါး ရှိ Kasturba Gandhi ဆေးရုံ၏ အဆောက်အဦး အစိတ်အပိုင်းတခု ပြိုကျရာ အပျက်အစီးများ ကြားထဲတွင် ပိတ်မိနေသည့် လူ ၁၅ ဦးခန့်ကို ကယ်ဆယ်ခဲ့ကြောင်း
မြို့တော်ဝန် Krishan Gaur က ပြောကြားခဲ့သည်။

အိန္ဒိယ ရဲအရာရှိ Upendra Jain က ပြောကြားရာတွင် ထိုဆေးရုံ၏ အမျိုးသမီး လူနာဆောင် ပထမထပ် ၏ မျက်နှာကြက် ပြိုကျခဲ့ချိန်တွင် ထိုပထမထပ်၌ လူ ၂၅ ဦးမှ ၃၀ ဦးခန့် အထိ ရှိနေခဲ့ဖွယ် ရှိကြောင်း ဆိုခဲ့သည်။
ပြိုကျခဲ့ရသည့် အကြောင်းရင်းကိုမူ မသိရှိရသေးပေ။

အပျက်အစီးများ ကြားထဲမှ ကယ်ဆယ်ရရှိခဲ့သူများထဲတွင် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိသူ တဦးမျှ မပါဝင်ဟု ရဲအရာရှိ Jain က ဆိုသည်။ ဘိုပါး မြို့မှာ နယူးဒေလီမြို့၏ တောင်ဘက် ၄၆၅ မိုင် (၇၅၀ ကီလိုမီတာ) ခန့် အကွာတွင် တည်ရှိသည်။

အိန္ဒိယ နိုင်ငံတွင် အချို့ အဆောက်အဦး ဆောက်လုပ်သူများသည် ဈေးပေါ၍ စံချိန်မမီသည့် ပစ္စည်းများကို အသုံးပြု၍ ဆောက်လုပ်ကြလေ့ ရှိသလို အထပ်မြင့် အဆောက်အဦးများ ဆောက်လုပ် ရာတွင်လည်း သေချာစွာ ကြီးကြပ်ကွပ်ကဲလေ့ မရှိကြသဖြင့် အဆောက်အဦးများ မကြာခဏ ပြိုကျလေ့ ရှိသည်။

အိန္ဒိယ နိုင်ငံ၏ မြို့များတွင် အဆောက်အဦးများ များစွာလိုအပ်နေကာ အကျင့်ပျက် ခြစားမှုများလည်း ရှိနေသဖြင့် အဆောက်အဦး ဆောက်လုပ်သူများသည် ခွင့်ပြုချက် မရဘဲ ဆောက်လုပ်ကြသလို ခွင့်ပြုထားသည့် အထပ် အရေအတွက်ထက် ပိုကာ အထပ်ပိုများကိုလည်း ဆောက်လုပ်လေ့ ရှိသည်။

ယခုလ အစောပိုင်းကလည်း အိန္ဒိယနိုင်ငံ၏ ဘဏ္ဍာရေး မြို့တော် မွမ်ဘိုင်းမြို့ ဆင်ခြေဖုံး တခုတွင် တရားမဝင်
ဆောက်လုပ်ထားသည့် ရှစ်ထပ် အဆောက်အဦး တလုံး ပြိုကျခဲ့ရာ အနည်းဆုံး လူ ၇၂ ဦး သေဆုံးခဲ့ပြီး ဆယ်စုနှစ်များအတွင်း အိန္ဒိယနိုင်ငံ၏ အဆိုးဝါးဆုံး အဆောက်အဦး ပြိုကျမှု အဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။

ဧပြီလ ၄ ရက်နေ့က မွမ်ဘိုင်းမြို့ ဆင်ခြေဖုံး တခုတွင် ထိုအဆောက်အဦး ပြိုကျခဲ့ခြင်းဖြစ်ပြီး အခြားလူ ၇၀ ဦး ဒဏ်ရာရရှိခဲ့သည်။

ပုသိမ်ခရိုင်သစ်ခိုးထုတ်မှုတွင် အစိုးရ၀န်ထမ်းများ ပါဝင်နေ

ပုသိမ်ခရိုင်အတွင်း၌ဖြစ်ပေါ်နေသောသစ်ခိုးထုတ်မှုများတွင်ရဲတပ်ဖွဲ့၊အစိုးရ၀န်ထမ်းအချို့ပါဝင်ပတ်သတ်မှုများရှိနေကြောင်း ကြားသိရသည်။

 

ယခုလ(၁၅)ရက်နေ့ညပိုင်းကရေကြည်မြို့နယ်အတွင်းသစ်ခိုးထုတ်နေသောကားတစ်စီးကိုဖမ်းဆီးရာတွင် ဧရာဝတီတိုင်းအတွင်းရှိ ရဲတပ်သားတစ်ဦးမှာအဆိုကားပေါ်တွင် လိုက်ပါလာပြီးရေကြည်သစ်တောမှ ဖမ်းဆီးစဉ်ရဲတပ်သားမှာ ကားပေါ်မှ ထွက်ပြေးလွတ်မြောက်ခဲ့ပြီးယခုအချိန်ထိသက်ဆိုင်ရာ ရဲတပ်ဖွဲ့မှဖမ်းဆီးနိုင်ခြင်းမရှိကြောင်း ၊ ထိုသစ်ခိုးထုတ်မှုများတွင် အစိုးရ၀န်ထမ်းအချို့လည်း ပါဝင်ပတ်သတ်မှုများရှိနေကြောင်းပြောဆိုမှုများ ထွက်ပေါ်လာခဲ့သည်။

 

"ဥပမာဗျာ သစ်ခိုးကားတွေမီးသွေးကားတွေဆိုရင် အစိုးရက ကောက်ခိုင်းတဲ့ သဘောမျိုးနဲ့ လိုင်းကြေးသဘော မျိုးကောက်တဲ့နေရာတွေ လည်းရှိတယ်။ဥပမာ-ပုသိမ်ကြိုးတံတားနား သံပါတ်ခွါလမ်းကအိမ်လေးတစ်အိမ်ဆိုရင် သစ်တင်တဲ့ကားတွေကအထာသိနေသလိုပဲ ၀င်ပေးနေကြရတယ်။ ပုသိမ်တံတားပေါ်ဖြတ်ရင်လည်းတံတားခတွေပေးရတဲ့အပြင် တံတားစောင့်ရဲကင်းကိုလည်းအပိုပေးရတာတွေရှိနေတယ်"ဟုပုသိမ်အနောက်ဘက်ကမ်းခြေဒေသမှ သစ်ကားများမောင်းနှင်နေသူတစ်ဦး ကပြောသည်။

 

ပုသိမ်အနောက်ဘက်ကမ်းခြေဒေသများဖြစ်သောသလပ်ခွါ၊သာပေါင်း၊ချောင်းသာ၊ငွေဆောင်နှင့် ငရုတ်ကောင်းမြို.နယ်ခွဲများအတွင်းမှခိုးထုတ်သူများသည်ပုသိမ်မြို.ကြိုးတံတားမှ ၀င်ရောက်နေကာကြိုးတံတားစောင့်ရဲကင်းအပြင်သစ်တောဌာနနှင့်အခြားဌာနများ မှကောက်ခံနေသောဂိတ်များကိုငွေကြေးပေးကာဖြတ်ကျော်ဝင်ရောက်နေကြောင်း သစ်လုပ်ငန်းရှင်အသိုင်းအ၀ိုင်းမှတဆင့်သိရသည်။

 

"သစ်ခိုးထုတ်မှုတွေဖြစ်နေတာမှာတချို့ထုတ်လုပ်တဲ့အဖွဲ့အစည်းတွေဆိုရဲဝန်ထမ်းတွေကပြဿနာ အတတ်ခံပြီးမရှင်းရဲတဲ့နောက်ခံအဖွဲ့အစည်းတွေဖြစ်နေတယ်။အဲ့တော့သူတို့ကလည်း ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာအနေအထားတွေပဲလုပ်နိုင်ကြတာတွေရှိနေသေးတယ်" ဟုပုသိမ်ခရိုင်မှုခင်းသတင်းတပ်ဖွဲ့မှရဲအရာရှိတစ်ဦးကဆိုသည်။

 

ပြီးခဲ့သည့်ဖေဖေါ်ဝါရီလအတွင်းကလည်းရေကြည်မြို့နယ်သစ်တောမှသစ်ခိုးထုတ်နေသာစက်လှေတစ်စီးကို လိုက်လံဖမ်းဆီးရာနစ်မြုပ်သွားခဲ.သည်ကိုကျေနပ်မှုမရှိသောငြိမ်းချမ်းရေးရယူထားသည့် ကရင်လက်နက်ကိုင်အဖွဲ.အစည်းတစ်ခုက အင်အား(၁၉)ဦးနှင့် ယူနီဖောင်းနှင့်လက်နက်အပြည့်အစုံ ကိုင်ဆောင်ကာ ပုသိမ်မြို့သို့ရောက်ရှိပြီးပြဿနာများဖြစ်ပွါးခဲ့ ကာအပြန်ခရီးတွင်လည်း ကန်ကြီးဒေါင့်မြို့အ၀င်မှာရှိနေသော ရဲဘော်တစ်ဦးနှင့်ကန်ကြီးဒေါင့်ရဲတပ်ဖွဲ့မှရဲဘော်တစ်ဦးကို ဓါးစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်ခဲ့မှုများဖြစ်ပွါးခဲ့ကြောင်း သိရှိရသည်။

 

တရားမ၀င်သစ်ခိုးထုတ်ခြင်းနှင့်သဘာဝပါတ်ဝန်းကျင်ပြုန်းတီးမှုတို့အတွက်နိုင်ငံတော်၏အစီအမံ များကိုနိုင်ငံတော်ကိုယ်စားဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ.မှလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျင်းပပြီးစီးခဲ့သည့် တိုင်းလွှတ်တော်တွင်တိုင်းဒေသကြီး၏လုံခြုံရေးနှင့်နယ်စပ်ရေးရာ ၀န်ကြီးဗိုလ်မှုးကြီးမောင်မောင်ဝင်း မှပြောဆိုခဲ့ပြီးနောက်ပုသိမ်ကြိုးတံတားအနီးရှိထင်းပုံဆိပ်မှသစ်ခွဲစက်များတွင်မတ်လအတွင်းကတန်(၇၀)ကျော်ဖမ်းဆီးမိခဲ့သည်။

 

"ဖမ်းဆီးမှုတွေလုပ်ခဲ့ပေမယ့်သစ်လုပ်ငန်းရှင်ဆိုတာတော့သိတဲ့အတိုင်းပဲငွေနဲရှင်း ရင်ပြီးသွား သလိုဖြစ်နေတော့နောက်ပိုင်းမှာလည်းပုသိမ်ကြိုးတံတားကနေမှောင်ခိုသစ်ဝင်ရောက်မှု.တွေက ဂိတ်ကြေးတွေပေးပြီးဖြတ်နေတာတွေရှိနေတယ်"ဟုပုသိမ်မြို့မှသစ်လုပ်ငန်းရှင်တစ်ဦးကဆိုသည်။

 

ပုသိမ်ခရိုင်အတွင်းသစ်တောမြေ(၄၂၂၁၄၂)ဧကရှိရာအစိုးရနှင့်ပုဂ္ဂလိကတို့မှသစ်တော အစားထိုးစိုက်ခင်း(၁၃၀၃၃)သာရှိသေးရာစုစုပေါင်းစိုက်ပျိုးမြေဧက၏(၂၄.၇၁%)ခန့်သာ အစားထိုးစိုက်ပျိုးနိုင်သေးသောကြောင့်ပုသိမ်ခရိုင်တစ်ခုလုံး၏သစ်တောပြုန်းတီးမှု.မှာ(၇၅%)နှုန်းကျော် ရှိနေကြောင်းသစ်တောဦးစီးဌာန၏ထုတ်ပြန်ချက်များအရသိရသည်။

http://www.myitmakhamediagroup.com/administratorpanel/image/DSC01140.JPG