Sunday, August 25, 2013

၂၃-၀၈-၁၃ မှ ၂၉-၀၈-၁၃ ထိ ၇ရက်ဟောစာတမ်း

တနင်္ဂနွေ

စိတ်လေနေမည်။ ရည်ရွယ်ချက်များနေမည် ရည်ရွယ်ချက်အတိုင်းဖြစ်မလာသေး၍ စိတ်တိုင်းမကျ ဖြစ်နေတတ်သည်။ အချစ်ရေးမှာ လည်း မတင်မကျ၊ အလုပ်လုပ်ရာတွင်လည်း အပြီးမသတ် တစ်ပိုင်းတစ်စတွေဖြစ်နေမည်။ ဆန္ဒစောလျှင်လည်း အပြစ်တင်ခြင်းခံရလိမ့်မည်။ ကဲ ဒီတပတ်တော့ အရာရာဟာ စိတ်တိုင်းမကျဖြစ်နေမည်။ သို့သော် တစ်ခု ပြီးမှ တစ်ခု လုပ်ပါ။ မုချအောင်မြင်မည်။

အကျိုးပေးဂဏန်းမှာ - ၁၊ ၀၊ ၉။

အထူးဟော - သတိမလွတ်နှင့်။

ယတြာ     - သက်ကြီးရွယ်အို တွေ ခေါင်းလျှော်ရည်ပေးလှူပါ။

 တနလာၤ

ပြောတော့ လှေသူကြီး ညားတော့ လှေထိုးသားဖြစ်တတ်သည်။ အလုပ်တစ်ခြား အပြောတစ်ခြားတွေဖြစ်နေမည်။ ခရီးဝေးတွေသွားဖြစ်ပါမည်။ သွားပါဘာမှအန္တရာယ်မရှိပါ။ သူများအပြောနှင့်ဘာမှမယုံနှင့်။ မလုပ်နှင့်။ ကိုယ်တိုင်တွေ့မှယုံပါ။ အတိုက်အခံတွေရှိနေမည်။ စာမေးပွဲတွေဖြေဆိုမှုအောင်မြင်မှုသေချာပေါက်ရမည်။ အချစ်ရေးမှာ ထင်သလိုဖြစ်မလာနိုင်ဘူး။ နေရာပြောင်းရွှေ့ခြင်း အိမ်ပြင်ခြင်း မြေ၀င်မြေထွက် ဖြစ်မည်။ ကျန်းမာရေးကောင်းနေမည်။ ထီထိုးပါ။ ပေါက်ကိန်းရှိပါသည်။ စပ်တူရှယ်ယာမလုပ်နှင့်။ လူယုံမထားနှင့်။

အကျိုးပေးဂဏန်း - ၅၊ ၆၊ ၁။

အထူးဟော     - အဆင်ပြေမည်။

ယတြာ     - အရှေ့အရပ်က ရေမြောင်းဆယ်ပါ။

အဂါၤ

ခြိမ်းလွန်းတဲ့မိုး အရည်မပါ ဆိုသလို အပြောကြီးသလောက် တကယ်တမ်းထင်သလို ဖြစ်မလာခြင်းများ ဖြစ်တတ်၏။ မပြီးပြတ်သောလုပ်ငန်းများ ပြီးပြတ်အောင်လုပ်သော်လည်း မပြီးနိုင်ဖြစ်နေမည်။ ထိုနည်းတူပင် အချစ်ရေးမှာ ပြီးပြတ်သည်ဟုထင်သော်လည်း အမျှင်မပြတ်ဖြစ်နေမည်။ သံယောဇဉ်တွေ အမျှင်တန်းနေမည်။ သံယောဇဉ်အသစ်တွေလည်း ထပ်ကြုံနေမည်။ မမျှော်လင့် သော ငွေဝင်ခြင်းများ ဖြစ်လာမည်။ မထင်မှတ်သော ခရီးဝေးများရောက်နေမည်။ ကြီးသူနှင့် ငယ်သူ ၂ ဦးစလုံး အတွက် စိတ်ရှုပ်ရတတ်သည်။ အလုပ်ကိစ္စအတွက် စိတ်ရှုပ်ရမည်။

အကျိုးပေးဂဏန်း - ၆၊ ၉၊ ၃

အထူးဟော - သတိတရားထားပေးပါ။

ယတြာ - တောင်အရပ်ကို လမ်းသန့်ရှင်းရေးလေးလုပ်လိုက်ပါ။

ဗုဒ္ဒဟူး

ပြောတော့တစ်မျိုး လုပ်တော့တစ်မျိုး စဉ်းစားရခက်တာမျိုးများ ကြုံနေမည်။ တကယ်တော့ အားနာစရာတွေ ကြောင့် ဖြစ်နေမည်။ အားနာလို့ မပြီးပါ။ မပြောမပြီး မတီးမမြည် ဆိုသလို ဤတစ်ပတ်မှာတော့ ပြောစရာများပြောပါလုပ်စရာများလုပ်ဖြစ်အောင် လုပ်လိုက်ပါ။ ဒါမှ သင်လည်းကောင်းမည်။ သူတို့ကလည်းကျေးဇူးတင်မည်။ သင်၏ ကူညီမှု့ က သူတစ်ပါး အတွက် အောင်မြင်မှု့ တစ်ခုဘဲ ဖြစ်နေမည်။ သင်ကိုယ်ပိုင်ကြိုးစားမှု့တွေလည်း အောင်မြင်မည်။ အားလုံးအဆင်ပြေကံကောင်းမှု့တွေ ဖြစ်နေမည်။ တစ်ခုတော့ ရှိတယ် သင့်ချစ်သူကတော့ စိတ်ဆိုးတတ်သည်။

အကျိုးပေးဂဏန်း - ၂၊ ၈၊ ၎

အထူးဟော - အဆင်ပြေပါတယ်။

ယတြာ - ဗုဒ္ဓဟူးနေ့နံနက်တွင် အိမ်ဘုရားကို ရေအေး သက်စေ့ ရေသပ္ပာယ်ပါ။

ကြာသပတေး

သင်၏ ပွင့်လင်းပြတ်သားမှု့ နှင့် ငါသိငါတတ် ငါဆရာလုပ်တတ်မှု့ ကြောင့် လူခင်ခြင်း စိတ်ဝမ်းကွဲ မည်။ ရှယ်ယာ လုပ်ငန်းများလည်း ကွဲတတ်သည်။ နေရာသစ် ၊ ခရီးသစ် ၊ လုပ်ငန်းသစ်တွေ လုပ်ဖြစ်မည်။ ထီပေါက်ခြင်း ကြောင့် ၎င်း ၊ မြေအိမ်ရောင်းခြင်းကြောင့်၎င်း ၊ အမွေရ၍ ၎င်း ၊ ငွေစုလိုက် ၀င်မည်။ ရည်ရွယ်ချက်များနေသည်။ တစ်ခုပြီးမှ တစ်ခု လုပ်ပါ။အောင်မြင်မည်။ ဆွေမျိုးသားချင်း အတွက် စိတ်ရှုပ် ၊ အလုပ်ရှုပ်ရမည်။ စက် ၊ ယာဉ်တို့ ၀င်မည်။ ထွက်မည်။ ရာထူးတက်မည်။ စာမေးပွဲ အောင်မြင်မည်။ နေရာဒေသပြောင်းရမည်။ အချစ်ရေး ပြန်အဆင်ပြေမည်။

အကျိုးပေးဂဏန်း   ၅၊၀၊၇

အထူးဟော- အတိုက်အခံ ဖြစ်ပြီးမှ အောင်မြင်မည်။

ယတြာ- ချစ်သူကို လက်ဆောင် တစ်ခုပေးလိုက်ပါ။

သောကြာ

တယူဿန် တဇွတ်ထိုး လုပ်မှု့တွေကြောင့် မှားတတ်သည်။ စွန့်စားမှု့များ လုပ်သမျှ အဆင်မပြေ နိုင်သေးပါ။ လွတ်လပ်မှုလိုလားသော်လည်း ချုပ်ချယ်သူများနေမည်။ အချစ်ရေးမှာ အဆင်မပြေသလို ဖြစ်လာမည်။ ချစ်သူ နှင့် ခွဲခွာခြင်း ၊ ကွဲကွာခြင်း တွေဖြစ်လာမည်။ ရုတ်တရက် ခိုက်မိတတ်၍ ဂရုစိုက်ပါ။ ငွေ ၊ ရွှေ ၊ စက်တို့ ထွက်ခြင်း ၊ ပျောက်ခြင်း တို့ဖြစ်မည်။ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများအဆင်ပြေမည်။ ပညာရေးအောင်မြင်မည်။ အလုပ်လျှောက်ပါက အင်တာဗျူးအောင်မြင်မည်။ ခရီးဝေးသွားရမည်။ ရာထူးတက်မည်။ လက်ဆောင်ရမည်။

အကျိုးပေးဂဏန်း ၂၊၄၊၆။

အထူးဟော- အောင်မြင်မည်။

ယတြာ- ဘုရားကို ရွှေသင်္ကန်းကပ်ပါ။

စနေ

လိမ္မာပါးနပ်မှု့ ဖြင့် အနိုင်ယူရသောကာလဖြစ်ပါသည်။ ရန်သူမှ မိတ်ဆွေဖြစ်လာမည်။ ကြိုးစားမှု့ဖြင့် တိုးတက်မှု့တွေဖြစ်လာမည်။ ဖြေဆိုသော စာမေးပွဲ များအောင်မြင်မည်။ လူလိမ် ၊ ငွေလိမ် ခံရကိန်းရှိ၍ ဂရုစိုက်ပါ။ ခရီးယာယီတွေသွားရမည်။ စက် ၊ မြေ တို့ ၀င်ထွက်မည်။ အချစ်ရေး ၊ အိမ်ထောင်ရေး စီးပွားရေးကံကောင်းနေမည်။ ထီပေါက်ခြင်း ၊ ငွေအစုလိုက်ငွေဝင်ခြင်း တွေရမည်။ ကိုယ်ပိုင်အလုပ်ရှယ်ယာအလုပ်များ အောင်မြင်မည်။

အကျိုးပေးဂဏန်း - ၄၊ ၆၊ ၂။

အထူးဟော - တိုးတက်မှုရမည်။

ယတြာ - ဘုရားကို ထီးလှူပါ

ထန်းကုန်းတွင် ယနေ့မနက်အခြေအနေ တည်ငြိမ်လျက်ရှိ

ကန့်ဘလူမြို့နှင့် ၁၀ မိုင်ခန့်အကွာမှာ ရှိသော ထန်းကုန်းတွင် ယမန်နေ့ည ၂၄-၈-၁၃ က ဖြစ်ရပ်မှာ ဇီးပင်သာရွာသူ ဆံပင်စီသောအလုပ်ဖြင့် အသက်မွေးသူ မလပြည့်(အသက်၁၉နှစ်ခန့်)အား လူ ၃ ဦးက အဓမ္မပြုကျင့်ခဲ့သည်ဟု သိရပြီး ထို၃ဦးအနက် ၂ဦးကိုသာ ဖမ်းမိထားသည်ဟု သိရသဖြင့် ရဲစခန်းတွင် ဖမ်းမိထားသူများအား ထုတ်ပေးရန် ထန်းကုန်းအနီးတ၀ိုက်ရှိ ဇီးပင်သာ၊ ၀က်တိုး၊ ရေကြည်၊ အုတ်ဖိုကျေးရွာများမှ လူအုပ်အပါအ၀င် မြို့ခံလူအုပ်ကြီးက ၀ိုင်းဝန်းရာမှ စတင်ကာ အကြမ်းဖက်မှုများ ပေါ်ပေါက်ခဲ့ရသည်ဟု ဆိုသည်။

ည ၇ နာရီခန့်တွင် လူစုလူဝေးများပြုလုပ်သည်ဟု ကြားသိရသည်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာမြင့်နိုင်က နေပြည်တော်တွင် လွှတ်တော်တက်နေခိုက်မှာပင် စစ်ကိုင်းတိုင်းရွှေဘိုခရိုင်အက်စ်ဘီဦးဘိုအေး၊ စရဖဗိုလ်ကြီးဖုန်းဖြိုးဝေတို့ထ့ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားကာ အခြေအနေပိုဆိုးမလာအောင် ထိန်းသိမ်းပေးနိုင်ရန် ကြိုးစားခဲ့သည်ဟု ယင်းက ပဲ့တင်သံဂျာနယ်သို့ ပြောကြားသည်။

သို့ရာတွင် ထန်းကုန်းသို့ အခင်းဖြစ်စဉ်က ရောက်ရှိနေသော လူငယ်တစ်ဦး၏ ပြောကြားချက်အရ လူစုလူဝေးမှာ ယမန်နေ့ည ၈ နာရီခန့်က စတင်ကာ ပိုမိုကြီးမားလာပြီး အစ္စလမ်ဘာသာဝင်များ၏ ဗလီအဆောက်အဦးအား မီးရှို့ဖျက်ဆီးခြင်း၊ အစ္စလာမ်ဘာသာဝင်များ ပိုင်ဆိုင်သော ဆန်စက်၊ လက်ဘက်ရည်ဆိုင်နှင့် အိမ်များအား မီးရှို့ဖျက်ဆီးခြင်းများကို ပြုလုပ်လာခဲ့ကာ ဗလီနှင့် ဘူတာရုံအပါအ၀င်အခြားနေရာများတွင် အုပ်စုဖွဲ့ ဖျက်ဆီးမှုများ ပေါ်ခဲ့ပြီး လူအုပ်မှာ ရွာနီးချုပ်စပ်မှလူများကြောင့် ၁၀၀၀ ဦးခန့်ထိ များပြားလာခဲ့ကြောင်း၊ လူတိုင်းတွင် ရရာလက်နက်များ ကိုင်စွဲထားပြီး အသက် ၂၀နှင့်၄၀ကြား အမျိုးသားများဖြစ်ကာ လူအုပ်၏ အနည်းဆုံးထက်ဝက်မှာ မူးနေသူများဖြစ်ကြောင်း၊ လူအုပ်သည် ဦးတည်ရာမဲ့ ဖျက်ဆီးမှုများကို ပြုလုပ်နေကြကြောင်း၊ ရဲများက ဖျက်ဆီးမည့်သူများကို ရပ်ကြည့်ကာ တောင်းပန်မှုကိုသာ ပြုလုပ်ပြီး ထိန်းသိမ်းအေ၇းယူမှုများ မပြုခဲ့သဖြင့် နားလည်ရခက်နေကြောင်း၊ မီးသတ်ရန် ကြိုးစားသည့် မီးသတ်သမားများကိုလည်း လူအုပ်က မိးသတ်ခွင့် မပေးဘဲ ရန်ရှာခဲ့ကြောင်း၊ သို့သော် ဘုန်းတော်ကြီးအချို့က မီးမရှို့ရန် ၀ိုင်းဝန်းတားဆီးခဲ့ကြောင်း၊ နေအိမ် ၂၀ ခန့်နှင့် ဆန်စက်ကြီးတစ်လုံး၊ အခြားလက်ဘက်ရည်ဆိုင်ကဲ့သို့ အစ္စလမ်ဘာသာဝင်လူများပိုင်ဆိုင်သည့် အဆောက်အဦများ မီးလောင်ပျက်စီးပြီးနောက်တွင် ညသန်းခေါင်ကျော် တစ်နာရီခွဲခန့်မှာ လူအုပ်သူ့ဘာသာသူ ပြိုကွဲသွားကြောင်း ပဲ့တင်သံသို့ ပြောပြသည်။

ယင်းနောက် ၂၅.၈.၁၃ ယနေ့မနက်တွင် အခြေအနေမှာ တည်ငြိမ်နေပြီး ပုံမှန်အတိုင်း သွားလာမှုများ ရှိနေကြသော်လည်း ညမှောင်လာသည့်အခါ အကြမ်းဖက်မှုများ ထပ်မံဖြစ်လာနိုင်သည်ဟု စိုးရိမ်မှုများ ရှိနေကြောင်း ယင်းလူငယ်ကပင် ဆက်လက်ပြောကြားခဲ့သည်။ ယင်းအနေဖြင့် အကြမ်းဖက်အဓိကရုဏ်းကို ယခုမှ ပထမအကြိမ် မျက်မြင်တွေ့မြင်ဖူးခဲ့ခြင်းဖြစ်ကာ ထိုစဉ်တွင် မီးရှို့ဖျက်ဆီးမှုသာမက လိုချင်သည့်ပစ္စည်းများအား လုယက်ယူငင်မှုများကိုလည်း မြင်တွေ့ရသည်မှာ စိတ်မကောင်းစရာဖြစ်ကြောင်း၊ လူ၂၀၀-၃၀၀ ခန့် စုဝေးစတွင် အုပ်ချုပ်ရေးမှ တာဝန်ရှိသူများက ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်သည့်အနေအထားတွင် ရှိခဲ့သောလည်း ရဲများက အချို့လူများအား မလုပ်ပါနှင့်ဟု ပြောကြားမှုသာ ရှိခဲ့ပြီး ၀င်ရောက်ထိန်းသိမ်းမှု အလျဉ်းမလုပ်ခဲ့သည်ကိုလည်း နားလည်မရနိုင်ဘဲ စိတ်မကောင်းဖြစ်ရကြောင်းလည်း သူ၏အမြင်ကို ပဲ့တင်သံသို့ ပြောကြားခဲ့ပါသည်။

by Pae Tin Tharn News

လုံခြုံရေးတိုးမြှင့်ပြီးနောက် မြိတ်၌ အကြမ်းဖက်သမား ၃ဦး ဖမ်းမိ

Thai-3


မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ပဋိပက္ခများအား အကြောင်းပြု၍ ပြည်ပနိုင်ငံများရှိ အကြမ်းဖက်အဖွဲ့ အစည်းများမှ နိုင်ငံတွင်းအဖျက်အမှောက်လုပ်ငန်းများ လုပ်ဆောင်ရန် အကြမ်းဖက် သမားများ စေလွှတ်ထားသည့်သတင်းများရရှိ၍ နိုင်ငံတစ်ဝှမ်း လုံခြုံရေးအထူးမြှင့်တင်ဆောင်ရွက်ထားရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၌ အကြမ်းဖက်သမား ၃ ဦးအား ဖမ်းဆီးရမိခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး နယ်စပ်ဝင်ပေါက်များ၊ ရေလမ်းကြောင်းများမှ တဆင့်အကြမ်းဖက်သမားများ ၀င်ရောက်လာမည့် သတင်းကို ကြိုတင်သိရှိထား၍ ဖောက်ခွဲရေးသမားများ၏ အမည်နှင့် ဓါတ်ပုံများအား တိုင်းဒေသကြီးအတွင်းရှိ လုံခြုံရေးအဖွဲ့များထံပေးပို့ထားရာ သြဂုတ်လ ၂၂ ရက်နေ့က မြိတ်ကျွန်းစုရှိ တံငါရွာတစ်ရွာနေရာ၌ ထိုလူများအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

 ဖမ်းဆီးရမိသူများမှာ ထိုင်းနိုင်ငံတွင် တရားမ၀င်အလုပ်သွားလုပ်ပြီး မိမိနိုင်ငံသို့ ပြန်လာသည့် မြန်မာလူမျိုးများနှင့် ရော၍ ရေလမ်းကြောင်းမှတဆင့် ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါသုံးဦးအနက်နှစ်ဦးမှာ မြန်မာနိုင်ငံဖွား ထိုင်းနိုင်ငံသားများဖြစ်ပြီး ကျန်တစ်ဦးမှာ အင်ဒိုနီးရှားနိုင်ငံဖွား ထိုင်းနိုင်ငံသားဖြစ်သည်။ အဆိုပါ အကြမ်းဖက်သမား(၃)ဦးစလုံးမှာ မြန်မာလူမျိုးများကဲ့သို့ မြန်မာစကားကို ကျွမ်းကျင်စွာပြောဆိုနိုင်သူများဖြစ်သည်။

"အကြမ်းဖက်သမား သုံးယောက် ဖမ်းမိထားတယ်လို့တော့ ကြားတယ်။ ဘယ်ရွာမှာ မိလဲတော့ အတိအကျ မသိဘူးဗျ၊ ကျွန်တော်တို့ တနသာင်္ရီတိုင်းက ထိုင်းနိုင်ငံနဲ့ နယ်မြေ ဆက်စပ်နေတော့ ကုန်းကြောင်းရော ရေကြောင်းကပါ ၀င်လာနိုင်တယ်။ လုံခြုံရေးကိုတော့ အရင်ကထက် တိုးပြီးချထားတာ တွေ့ရတယ်။ ပြည်သူတွေအနေနဲ့လည်း ကိုယ့်ပတ်ဝန်းကျင်မှာ သတင်း ရရချင်း သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းတွေကို ချက်ချင်းသတင်းပို့သင့်တယ်။"ဟု ကျွန်းစုမြို့နယ်မှ ဒေသခံ ရေလုပ်သား တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံအတွင်းသို့ ဖောက်ခွဲရေးသမားများ ၀င်ရောက်လာမည့် သတင်းများကြိုတင်ရရှိထားသဖြင့် နိုင်ငံတစ်ဝှမ်း လုံခြုံရေး တိုးမြှင့်ချထားရာ မြိတ်မြို့နယ်တွင် အကြမ်းဖက်သမားများ ဖမ်းဆီးရမိခြင်းမှာ ပထမဦးဆုံးအကြိမ်ဖြစ်သည်

စစ်ကွင်း အမှတ်(၁၅)မူလတန်းကျောင်းကလေးကို ပြုပြင်ပေးစေလို

No-15  basic education primary 1

ဟင်္သာတမြို့နယ်စစ်ကွင်းကျေးရွာရှိ ကျောင်းသား၁၀၀ ကျော်ပညာသင်ယူနေသည့် အမှတ်(၁၅) အခြေခံပညာမူလတန်း ကျောင်းရှိ ပင်မကျောင်းဆောင်မှာ ကြမ်းခင်းနှင့်ဘေးကာများ ပျက်စီးနေပြီး အောက်ခံဆင့်တန်းများ ဆွေးမြေ့နေသည်ဟု  ဒေသခံများထံမှ သိရှိရသည်။

၁၉၅ဝ ခုနှစ် ဇွန်လ(၁)ရက်နေ့က စတင်တည်ဆောက်ခဲ့သည့် အဆိုပါကျောင်း၌ ၂ဝ၁၂-၂ဝ၁၃ ပညာသင်နှစ်အတွက် ကျောင်းသား ၁၂ဝ ဦးခန့် တက်ရောက်ပညာသင်ကြားလျှက်ရှိရာ အဆိုပါကျောင်းသားများအနေဖြင့် ပညာသင်ကြားရာ၌ အခက်အခဲနှင့် အန္တရာယ်ကြုံတွေ့နိုင်ဖွယ်ရှိနေခြင်းဖြစ်သည်။

  "ဒီရွာမှာက ပြေလည်တဲ့သူနည်းတယ်လေ။ ရွာကလည်း ရွာငယ်လေးပါ။ ရှိတဲ့ ငွေအင်အားနဲ့က ကျောင်းအသစ်ပြန်ဆောက်ဖို့ မဖြစ်နိုင်ဘူး။ ပျက်စီးတာကလည်း (၃)နှစ်လောက် ရှိပါပြီ။ ကျောင်းရဲ့ သက်တမ်းက နှစ်ခြောက်ဆယ်ကျော်ကြာခဲ့ပါပြီ။ စေတနာရှင်တွေ တာဝန်ရှိသူတွေအနေနဲ့ အကူအညီပေးနိုင်ရင် ကူညီပေးစေချင်ပါတယ်"ဟု ယင်းစာသင်ကျောင်းအနီး၌ သီတင်းသုံး နေသော တိုက်အုပ်ဆရာတော် ဦးသုန္ဒရက မိန့်ကြားသည်။

အဆိုပါ အမက (၁၅) စာသင်ကျောင်းသည် သက်တမ်းနှစ် ခြောက်ဆယ်ကျော် ကြာမြင့်ပြီဖြစ်၍ ပြုပြင်ရန်လိုအပ်မှုများရှိနေရာ နိုင်ငံတော်အပါအ၀င် အလှူရှင်အချို့၏ ပံ့ပိုးကူညီမှုများအား ဒေသခံတို့မှ မျှော်လင့်နေကြသည်။

 "ကြာလာရင် ကလေးတွေလည်း အန္တရာယ် ဖြစ်မှာ စိုးရပါတယ် ကျောင်းလေးက ကြမ်းတွေက အပေါက်တွေပဲ။ လူနည်းနည်းဝ တဲ့သူဆိုရင် အပေါက်ကျွံကျနိုင်တယ်။ အကာတွေကလည်း ပေါက်ပြီး သွပ်ပြားစုတ်တွေနဲ့ ဖာထေးထားရတာ။ မြင်မကောင်းပါဘူးဗျာ။ ကျောင်းသားကလည်း များတယ်။ ကျောင်းကပင်မဆောင် တစ်ခုတည်း ရှိတာပါ။ ဒီစာသင်နှစ်မှာ ပြင်ပေးနိုင်ရင် အကောင်းဆုံးပါဘဲ။ ပြုပြင်မယ့်စာသင်ကျောင်း စာရင်းတွေ ကောက်ခံနေတာ ကြားမိပါတယ်။ ပြုပြင်ပေးသင့်တဲ့ ပုံစံအနေအထား ဖြစ်နေတော့ အလှူရှင်တွေလည်း တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံ လိုပါတယ် "ဟု အဆိုပါကျောင်းမှ ကျောင်းသားမိဘတစ်ဦးက ပြောသည်

ဆန်တင်ကုန်ကားတိုက်၍ လူနှစ်ဦးသေဆုံး

ပဲခူးမြို့၊ ရွှေမောဓော် ဘုရားတောင်ဘက်မုခ်အနီး၊သနပ္ပင်လမ်း သပြုသား၊ သံ၊ သတ္တုရောင်းဝယ်ရေး ဆိုင်ရှေ့တွင်(၂၄.၈.၂၀၁၃)နေ့ ည(၈း၀၀)အချိန်ခန့် ကယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည်။

ဖြစ်ပွားပုံမှာ သနပ္ပင်ဘက်မှ ပဲခူးဘက်သို့ ယာဉ်မောင်းသန်းစိုး၊ အသက်(၄၅)နှစ် အလင်းရောင်(၆)လမ်း၊ နန်းတော်ရာ ရပ်ကွက်နေသူ မောင်းနှင်လာသော ၁ခ/………စိမ်းပြာရောင်(FUSO) Heinoခြောက်ဘီး ဆန်တင်ကားသည် သပြုသား ဆိုင်ရှေ့အရောက် ၄င်းဆိုင်ရှေ့တွင်ရပ်ထားသော ဆိုက္ကားအမှတ်…….အား ၀င်တိုက်မိရာ ဆိုက္ကားပေါ်ရှိ အောင်မြင့်မြတ် (ခ)မွန်ကုလား၊ အသက်(၂၅)နှစ်၊(ဘ)ဦးမောင်မြင့်၊အေးချမ်း သာယာရပ်၊နန်းတော်ရာ ရပ်ကွက်နေသူနှင့် နိုင်ရဲထွန်း၊ အသက်(၂၃)နှစ် (ဘ)ဦးအောင်ဝင်း၊ ရွှေအောင်ရွေး(၂)လမ်း၊ နန်းတော်ရာ ရပ်ကွက်နေသူ(၂) ဦး ထိုနေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့သဖြင့် ပဲခူးယာဉ်ထိန်းတပ်ဖွဲ့မှ ရဲအုပ်ဆွေမောင်မောင် က တရားလို ပြုလုပ်လျှက် ပဲခူးမြို့မစခန်းတွင် ယာဉ်(ပ)၃၃/၂၀၁၃ အရအမှု ဖွင့်ထားကြောင်းနှင့် တရာခံ အမြန်ဖမ်းဆီးရမိ ရေးအတွက် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

Ko Thant Zin

by Myanmar News Now

ရန်ကုန်တိုင်းဒေသကြီးတွင် မွန်တိုင်းရင်းသားလူဦးရေစာရင်းကောက်ခံနေ

ရန်ကုန်တိုင်းဒေသကြီးအတွင်း မွန်တိုင်းရင်းသားလူဦးရေ အတိအကျသိရှိနိုင်ရန် စာရင်းဆက်လက်ကောက်ခံနေ သည်ဟု သိရသည်။

အလုပ်အမှုဆောင်ကော်မတီ ၁၁ ဦးဖြင့်ဖွဲ့စည်းထားသော မွန်လူဦးရေစာရင်းအမှန်ရရှိရေး ကော်မတီရုံးကို ရန်ကုန်မြို့ ၊ ရွှေတိဂုံတောင်ဘက်မုခ်ရှိ မွန်ဓမ္မာရုံ၌ ဖွင့်လှစ်ထားရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် နေထိုင်လျှက်ရှိ သည့် မွန်မိသားစုဝင်စာရင်းကောက်ခံသွားမည်ဟု မွန်လူဦးရေစာရင်းမှန်ရရှိုရေး ဦးဆောင်ကော်မတီဝင် မိခင်လေးမြင့်က ပြောသည်။

မိခင်လေးမြင့်က "မျိုးချစ်စိတ်ရှိဖို့လိုတယ်။ မွန်လူမျိုးဖြစ်တဲ့အကြောင်းကို ဖော်ထုတ်ရဲရမယ်။ မွန်လူမျိုးဖြစ် ကြောင်းကို ပြောရမှာ ကြောက်နေတဲ့မွန်တွေ၊ ရှက်နေတဲ့လူတွေကို ပြန်ရှာရမယ်၊ မိဘနှစ်ပါးထဲက အဖေမွန်ဆိုရင် သားသမီးကမွန်လို့သတ်မှတ်ရတာပဲ"ဟုပြောသည်။

ရန်ကုန်တိုင်းဒေသအတွင်းရှိ မွန်လူမျိုးအများစုသည် မွန်မိဘနှစ်ပါးမှမွေးဖွားသူဖြစ်ကြသော်ငြား နိုင်ငံသားစိစစ် ရေးကဒ်ပြားတွင် လူမျိုး-မွန်၊ဗမာဟု သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးဌာနက သတ်မှတ်ဖော်ပြခံထားရသည် ဟုလည်း သူမက ဆက်ပြောသည်။

မွန်လူဦးရေစာရင်းကောက်ခံနေသူ မင်းဖေသန်းက "ဒီလ ၁၃ ရက်နေ့က စပြီးကောက်တယ်၊ ရန်ကုန်မြို့က မွန်ဘုန်းတော်ကြီးကျောင်းများမှာ စာရင်းအရင်စုဆောင်းတယ်။ အဲဒီကတဆင့်မွန်တွေရှိတဲ့နေရပ်လိပ်စာကို သိရပြီးနောက် စာရင်းသွားရောက်ကောက်ခံမယ်"ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် မွန်လူဦးရေစုစုပေါင်း ၂ သိန်းဝန်းကျင်ခန့်မှန်းထားပြီး ယင်းကဲ့သို့စာရင်းကောက်ခံနိုင် ရေး အတွက် ငွေကျပ်သိန်း ၃၀ဝ ခန့်မှန်းကုန်ကျနိုင်ကြောင်း လျာထားချက်အရ သိရသည်။

ရန်ကုန်၊ ပဲခူးနှင့် တနင်္သာရီတိုင်းဒေသကြီးအသီးသီး၌ မွန်တိုင်းရင်းသားဦးရေ ၆ သောင်းမပြည့်ဟု ဆိုကာ ၂၀၁၀ ရွေးကောက်ပွဲတွင် မွန်တိုင်းရင်းသားရေးရာအမတ်နေရာ ရွေးချယ်ခွင့်မရခဲ့ပေ။

လာမည့်ရွေးကောက်ပွဲများတွင် မွန်တိုင်းရင်းသားများ နေထိုင်လျှက်ရှိသောတိုင်းဒေသကြီးများအတွင်း မွန်တိုင်းရင်းသားလွှတ်တော်အမတ်နေရာရရှိရန်အတွက် လွဲမှားနေသော အိမ်ထောင်စုစာရင်းပါ အချက်အလက်ကိုပြန်လည်စိစစ်ပြီး လူဦးရေစာရင်းအမှန် တရားဝင်ပြုစုနိုင်ရန် ရည်ရွယ်သည်ဟု သိရသည်။

သံလွင်၊ စစ်တောင်းနှင့် င၀န်မြစ်ရေ နှစ်ရက်မှ သုံးရက်အတွင်း စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်

သံလွင်မြစ်၊ စစ်တောင်းမြစ်နှင့် င၀န်မြစ်တို့တွင် မြစ်ရေသည် စိုးရိမ်ရေမှတ် အထက်တွင် နှစ်ရက်မှ သုံးရက်အတွင်း ဆက်လက်တည်ရှိနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

သြဂုတ် ၂၀ ရက်မှ စတင်ကာ ဘားအံမြို့၌ စိုးရိမ်ရေမှတ် ကျော်လွန်ခဲ့သော သံလွင်မြစ်ရေသည် သြဂုတ် ၂၄ ရက် မွန်းလွဲပိုင်းတွင် ၈၃၁ စင်တီမီတာသို့ ရောက်ရှိနေပြီး ဘားအံမြို့၏ စိုးရိမ်ရေမှတ်ဖြစ်သော ၇၅၀ စင်တီမီတာကို နှစ်ပေခွဲကျော်အထိ ကျော်လွန်နေသည်ဟု သိရသည်။

သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ် အထက်၌ နောက် ၄၈ နာရီ (သြဂုတ် ၂၆ ရက်) အတွင်း ဆက်လက်တည်ရှိ နိုင်သည်ဟု ထုတ်ပြန်ထားသည်။

စိုးရိမ်ရေမှတ် ကျော်လွန်မှုအတွက် မြစ်ရေကြီးမှု သတိပေးချက် မကြာခဏ ထုတ်ပြန်ခဲ့ရသော င၀န်မြစ်သည်လည်း ငါးသိုင်းချောင်းမြို့၌ သြဂုတ် ၂၄ ရက်တွင် စိုးရိမ်ရေမှတ်အထက် ကျော်လွန်ကာ ၁၁၈၆ စင်တီမီတာ၌ တည်ရှိနေပြီး နောက်သုံးရက်အတွင်း စိုးရိမ်ရေမှတ် အထက်တွင်ပင် ရှိနေမည်ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ခန့်မှန်းထားသည်။

ယခုနှစ် မိုးရာသီ၌ သံလွင်မြစ်နှင့် င၀န်မြစ်တို့သည် စိုးရိမ်ရေမှတ် ကျော်လွန်မှုကို ထပ်မံကြုံတွေ့ရခြင်းဖြစ်ပြီး စစ်တောင်းမြစ်မှာမူ ပထမအကြိမ် ရေကြီးမှု ဖြစ်ပေါ်ခြင်းဖြစ်သည်။

စစ်တောင်းမြစ်တွင် သြဂုတ် ၂၄ ရက်၌ မဒေါက်မြို့တွင် ၁၁၂၇ စင်တီမီတာသို့ ရောက်ရှိနေကာ မဒေါက်မြို့၏ စိုးရိမ်ရေမှတ်မှာ ၁၀၇၀ စင်တီမီတာ ဖြစ်သည်။ အဆိုပါ မြစ်ရေသည် နောက် ၄၈ နာရီ(သြဂုတ် ၂၆ ရက်)အတွင်း စိုးရိမ်ရေမှတ် အထက်၌ပင် ဆက်လက်တည်ရှိနိုင်သည်ဟု သိရသည်။

အဆိုပါမြစ်များ၌ စိုးရိမ်ရေမှတ် ကျော်လွန်နေသည့်နည်းတူ ရွှေကျင်မြစ်တွင်လည်း ရွှေကျင်မြို့၌ နောက် ၂၄ နာရီ(သြဂုတ် ၂၅ ရက်)အတွင်း စိုးရိမ်ရေမှတ် ကျော်လွန်နိုင်သည်ဟု ထုတ်ပြန်ထားသည်။

မြန်မာ့ရုပ်ရှင် သမိုင်းတစ်လျှောက် ပထမဆုံး အကြိမ်အဖြစ် ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ လူမင်းနှင့် အမှုဆောင် အဖွဲ့အား နုတ်ထွက်ပေးရန် တရားဝင် ဆန္ဒထုတ်ဖော်


W-25-8

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌနှင့် အမှုဆောင် အဖွဲ့ဝင်များအား နုတ်ထွက်ပေးရန် ဆန္ဒထုတ်ဖော်ခြင်းအား သြဂုတ် ၂၄ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ - ဥာဏ်ဝင်းရှိန်)

မြန်မာ့ရုပ်ရှင် သမိုင်းတစ်လျှောက် ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ လူမင်းနှင့် အမှုဆောင် အဖွဲ့ဝင်များအား နုတ်ထွက်ပေးရန် တရားဝင် ဆန္ဒထုတ်ဖော်ခြင်းကို သြဂုတ် ၂၄ ရက် နံနက် ၁၁ နာရီ အချိန်က ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံလမ်းတွင် ပြုလုပ်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြုလုပ်ခဲ့သော အဆိုပါ ဆန္ဒထုတ်ဖော်ပွဲသည် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ အာဏာရှင်ဆန်ဆန် အုပ်ချုပ်ပုံများကို မကျေနပ်သဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရပြီး ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်သူ၊ ဗီဒီယို အခြေခံအဖွဲ့အချို့ ဗီဒီယိုခွေ အငှားလုပ်ငန်း လုပ်ကိုင်နေသူများ အပါအ၀င် လူဦးရေ ၁၀၀ ၀န်းကျင်ခန့်က ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ပါသည်။

ဆန္ဒထုတ်ဖော်သူများက "အုပ်စုဖွဲ့၊ ဂိုဏ်းဖွဲ့အိတ်ထဲထည့် ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဗီဒီယို အခြေခံဖွဲ့(ဗဟို) ဥက္ကဋ္ဌ အလိုမရှိ"၊ "ပြောတော့ NGO လုပ်တော့ အာဏာရှင် အုပ်စုဖွဲ့ ရုပ်ရှင်အစည်းအရုံး အလိုမရှိ"၊ "အလုပ်မလုပ် တရားမဲ့ ချုပ်ချယ်တဲ့ ဗီဒီယို (ဗဟို) အလိုမရှိ"၊ "ကိုယ့်အခွေကိုယ်ရောင်း လာဘ်စားတဲ့ ဗီဒီယို (ဗဟို)" အလိုမရှိ" အစရှိသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး "မြန်မာ့ရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ အလိုမရှိ"၊ "ဗီဒီယို အခြေခံအဖွဲ့ (ဗဟို)နှင့် အဖွဲ့ထွက်ပေး" စာတမ်းပါ တီရှပ်များ ၀တ်ဆင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

"အခုလို ဆန္ဒဖော်ထုတ်ရတာ ကျွန်တော်တို့ ထုတ်လုပ်သူတွေ အနေနဲ့ အလုပ်လုပ်ရတာ အဆင်မပြေတော့ဘူး။ ကိုလူမင်းရဲ့ အုပ်ချုပ်မှု၊ လမ်းညွှန်မှုအောက်မှာ လုပ်ကိုင်ရတာ အဆင်မပြေတော့ဘူး။ NGO အဖွဲ့တစ်ခုရဲ့ ဥက္ကဋ္ဌတစ်ယောက် အနေနဲ့ အသက် ၅၀ မပြည့်ဘဲ လုပ်ခွင့်မရှိဘူးဆိုတာ လွှတ်တော်မှာလည်း သတ်မှတ်ထားတယ်။ ကျွန်တော်တို့က ဥက္ကဋ္ဌကို ရင့်ကျက်ပြည့်ဝတဲ့ အတွေ့အကြုံရှိတဲ့သူ ဖြစ်စေချင်တယ်။ အဲဒီလို အတွေ့အကြုံရှိတဲ့သူမျိုး လိုအပ်တယ်။ ကိုလူမင်းက သရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့အတွက် အတ္တရှိနိုင်တယ်။ ကျွန်တော်နဲ့ ကိုလူမင်းနဲ့ ရန်သူလည်း မဟုတ်ဘူး။ ထုတ်လုပ်သူတွေ အဆင်ပြေစေချင်လို့ ကိုလူမင်းဆင်းပေးပါ။ အခုဆိုရင် ဖြန့်ချိရေးပိုင်း တော်တော်လေး ဒုက္ခရောက်နေတယ်။ အခြား NGO တွေက အများကောင်းကျိုးရှိအောင် လုပ်ကြတာ။ အခု ရုပ်ရှင်အစည်းအရုံးကတော့ အာဏာလိုချင်လို့ လုပ်သလို ဖြစ်နေတယ်။ ကျွန်တော်တို့က ညှိနှိုင်းဆောင်ရွက်မှုကို လိုချင်တာ။ အာဏာရှင် ဆန်တာကို မလိုချင်ပါဘူး" ဟု ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ခဲ့သည့် မဟော်ဂနီ ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေးမှ ကိုဂျမန်းက ပြောကြားပါသည်။

"ဆန္ဒဖော်ထုတ်ရတဲ့ အဓိက အကြောင်းရင်းကတော့ ရုပ်ရှင်အစည်းအရုံးရဲ့ အာဏာရှင်ဆန်ဆန် လုပ်ဆောင်မှုကို လောကသားတွေ လက်မခံနိုင်ဘူး ဆိုတာကို နိုင်ငံတော် အကြီးအကဲတွေရော၊ သက်ဆိုင်ရာ အဖွဲ့တွေပါ သိစေချင်တာကြောင့်ပါ။ လိုအပ်ချက်ကတော့ ရှိနေတဲ့ အဖွဲ့တွေ ဆင်းပေးဖို့ပါပဲ။ ရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ် ကာလအတွင်းမှာ ကျွန်တော်တို့ လုပ်ငန်းတွေ ကျဆင်းသွားတယ်။ အဲဒီအတွက် အစည်းအရုံးရဲ့ လုပ်ရပ်က မအောင်မြင်ဘူးလို့ ပြောလို့ရတယ်။ ပြန်လည်ရွေးချယ် တင်မြှောက်ဖို့လိုတယ်။ ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်သွားဖို့ လိုအပ်ပါတယ်။ ရက်ပိုင်းအတွင်း ဖြစ်သွားတဲ့ ဦးညီညီအောင် ကိစ္စဆိုလည်း ဆုံးဖြတ်ချက် မှားတယ်လို့ ပြောရမယ်" ဟု မာန်ထက်ချီ ဗီဒီယိုထုတ်လုပ်ရေးမှ ဦးဝင်းကိုက ပြောကြားသည်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်ကို အနုပညာလုပ်ငန်း သုံးလရပ်ဆိုင်းခဲ့သည့်အပြင် ထိုဖြစ်ရပ်မတိုင်မီ အချိန်ကလည်း ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းအချို့ကို ပိတ်ခဲ့ခြင်းများ ရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် မြောက်ဥက္ကလာပ ဗီဒီယိုအခြေခံအဖွဲ့ ဥက္ကဋ္ဌကို အဖွဲ့အစည်း ဆုံးဖြတ်ချက်ဖြင့် ထုတ်ပယ်ခဲ့သည့်အတွက် ထိုကိစ္စရပ်နှင့် ဆက်စပ်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက ၎င်းကို ရန်ကုန်တိုင်း ဗီဒီယို အခြေခံအဖွဲ့ ဥက္ကဋ္ဌရာထူးမှ ရပ်ဆိုင်းမှု ပြုလုပ်ခဲ့ကြောင်း ဒေါ်စန်းစန်းမော်က ဆိုသည်။

သရုပ်ဆောင် လူမင်း၏ ဥက္ကဋ္ဌသက်တမ်း ကာလအတွင်း ရန်ကုန်တိုင်း ဗီဒီယိုအခြေခံအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန်းစန်းမော်အား ထုတ်ပယ်ခဲ့ခြင်း၊ ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်ကို ရုပ်ရှင်ရိုက်ကူးခွင့် သုံးလပိတ်ပင်ခဲ့ခြင်းများ ဖြစ်ပွားပြီးနောက် ယခုကဲ့သို့ မြန်မာ့ရုပ်ရှင် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် တရားဝင် ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်လာခြင်း ဖြစ်သည် . . . . .

"မြောက်ဥက္ကလာပ ဗီဒီယို အခြေခံအဖွဲ့ ဥက္ကဋ္ဌကို ထုတ်ပယ်ခဲ့တာက ကျွန်မတစ်ယောက်တည်းရဲ့ သဘောဆန္ဒ မဟုတ်ဘူး။ အဖွဲ့အစည်းရဲ့ ဆန္ဒနဲ့ ဆုံးဖြတ်ခဲ့တာပါ။ သူ့ရဲ့လုပ်ဆောင်ချက် မှားယွင်းမှုတွေကိုလည်း ကျွန်မမှာ တင်ပြစရာ ရှိပါတယ်။ အဝေးပြေး ကားကွင်းတွေကနေ နယ်တွေကို ခိုးကူးခွေတွေ ပျံ့နှံ့နေတဲ့အတွက် ဖမ်းဆီးဖို့ ကျွန်မမြောက်ဥက္ကလာ ဗီဒီယို အခြေခံအဖွဲ့ ဥက္ကဋ္ဌကို အကြောင်းကြားပါတယ်။ ကိုယ်တိုင်လည်း သွားရောက်ခဲ့ပါတယ်။ သူက နောက်နေ့ဖမ်းပါမယ်ပြောပြီး တစ်ပတ်ဆယ်ရက် ကြာတဲ့အထိ မဖမ်းခဲ့ပါဘူး။ အဲဒါကြောင့် သြဂုတ် ၆ ရက်မှာ သူ့ကိုထုတ်ပယ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ၇ ရက်မှာ မြောက်ဥက္ကလာ ဗီဒီယိုအခြေခံအဖွဲ့ ဥက္ကဋ္ဌနဲ့ အပေါင်းအပါ ၂၀ လောက် အစည်းအရုံးကို လာတိုင်တယ်။ ကျွန်မတို့က ဖြေရှင်းဖို့ စောင့်နေပါတယ်။ ကျွန်မကို လုံးဝမခေါ်ပါဘူး။ ၈ ရက်မှာ မြောက်ဥက္ကလာပ ဥက္ကဋ္ဌကို ပြန်ခန့်ဖို့ ရုပ်ရှင်အစည်းအရုံး အတွင်းရေးမှူးက စာထုတ်ခဲ့ပါတယ်။ ကျွန်မကို မေးမြန်းခြင်းမရှိဘဲ ဦးလူမင်းက ၉ ရက်မှာ ကျွန်မကို ရာထူးက ရပ်ဆိုင်းလိုက်ကြောင်း စာထုတ်ပြန်ပါတယ်။ ဘယ်လောက်အာဏာရှင်ဆန်တဲ့ လုပ်ရပ်ပါလဲ။ နောက်ရက်မှာ ကျွန်မကို အပုပ်ချထားတဲ့ ၁၂ မျက်နှာပါတဲ့စာကို အခြေခံအဖွဲ့ ဥက္ကဋ္ဌတွေကို ဝေတယ်။ ရုပ်ရှင်အစည်းအရုံး ၀က်ဘ်ဆိုက်မှာ တင်ထားပါတယ်။ ၁၂ ရက်မှာ ကျွန်မရုံးသွားတဲ့အခါ ရုံးမှာရှိတဲ့ ဖိုင်တွေအကုန်လုံးကို ဗီဒီယို အခြေခံအဖွဲ့ (ဗဟို)ရုံးခန်းဘက်ကို ရွှေ့ထားတယ်။ ဒါက အာဏာရှင် မဆန်ဘူးလား။ ၁၂ ရက်ညမှာ ဗဟန်းမြို့နယ် ရဲစခန်းကို ၈/၂၀၂ နဲ့ အမှုဖွင့်ထားပါတယ်။ ၁၃ ရက်မှာ ဦးတိုက်လျှောက်ထားပါတယ်" ဟု ရန်ကုန်တိုင်း ဗီဒီယို အခြေခံအဖွဲ့ (ဥက္ကဋ္ဌ) ဟောင်း ဒေါ်စန်းစန်းမော်က ပြောကြားသည်။

X-25-8

သြဂုတ် ၂၄ ရက်က ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံလမ်းတွင် ဆန္ဒဖော်ထုတ် နေကြသူများကို တွေ့ရစဉ် (ဓာတ်ပုံ - ဥာဏ်ဝင်းရှိန်)

"တကယ်ဆို အနုပညာ သမားတွေရော ပြည်သူတွေရော အများကရော ပြောနေတာတွေက ဒီမိုကရေစီ အရေးပါ။ အများပြည်သူရဲ့ ဆန္ဒဆိုတာကို ပြောနေတဲ့ အချိန်ပါ။ လူ့အခွင့်အရေးဆိုတာ လေးစားရမယ် ဆိုတာကို ကျွန်တော်တို့ အနုပညာ သမားတွေက လမ်းပြနေရမယ်။ စာတွေရေးသားတယ်။ ရုပ်ရှင်တွေ ရိုက်ကြတယ်။ ဒီလို အခြေအနေမျိုးမှာ ကျွန်တော်တို့ အနုပညာ သမားတွေကို ဦးဆောင်နေတဲ့ ရုပ်ရှင်အစည်းအရုံးနဲ့ ဗီဒီယို (ဗဟို)က ဒီလိုမျိုး လုပ်တယ်။ မွန်ပြည်နယ်မှာ လာရောက်ပြုလုပ်သွားတဲ့ ဗီဒီယိုအခြေခံအဖွဲ့ ပြန်လည်ဖွဲ့စည်းတာကလည်း လုံးဝတရားမျှတခြင်း မရှိပါဘူး။ မဲပေးခွင့်မရတဲ့ မြို့နယ်တွေလည်း အများကြီးပါပဲ" ဟု မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှ ကိုဇော်ဝင်းကလည်း ပြောဆိုခဲ့သည်။

ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ လူမင်းနှင့် အမှုဆောင်အဖွဲ့များ နုတ်ထွက်ပေးရန် ရုပ်ရှင်ထုတ်လုပ်သူများ အပါအ၀င် လောကသားများက ပထမဆုံးအကြိမ် ဆန္ဒဖော်ထုတ် တင်ပြခဲ့ခြင်း ဖြစ်သည်။

သြဂုတ် ၂၅ ရက်က ပြုလုပ်ခဲ့သော ဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်၍ ဒါရိုက်တာဝိုင်းက "သူတို့က ရာထူးကထုတ်ပယ် ခံရတဲ့အတွက် ဆန္ဒဖော်ထုတ်တာပါ။ သူတို့က တော်တော်ကို စည်းကမ်းပျက်တဲ့အတွက် အစည်းအရုံးကလည်း ထုတ်ပယ်ခဲ့တာလို့ ထင်ပါတယ်" ဟု ပြောကြားခဲ့သည်။

"အခု ဆန္ဒဖော်ထုတ်တဲ့ အထဲမှာ ထုတ်လုပ်သူတွေ ပါတာပေါ့လေ။ အနုပညာသည်တွေကို ကိုယ်စားပြုတာတော့ မဟုတ်ပါဘူး။ လူနည်းစုလေး ဆိုတာကို သိစေချင်ပါတယ်" ဟု ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)က ရှင်းပြခဲ့သည်။

ရုပ်ရှင်နှင့် ဗီဒီယိုလောကသား အချို့၏ ဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ထုတ်ပြန်ချက်တစ်ရပ်ကို ယခုရက်ပိုင်းအတွင်း ထုတ်ပြန်သွားရန် အစီအစဉ်ရှိကြောင်း သိရသည်။          

"ဒီနေ့ ဆန္ဒဖော်ထုတ်ခဲ့တာကို ပြန်လည်သုံးသပ်ပြီးတော့ ရုပ်ရှင်အစည်းအရုံး ကိုယ်စားပြုအနေနဲ့ ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်သွားမှာပါ။ ဒီလို ဆန္ဒဖော်ထုတ်မှုကို အပြစ်မမြင်ပါဘူး။ နိုင်ငံသား တစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်ရပိုင်ခွင့် တစ်ခုအနေနဲ့ ဆန္ဒဖော်ထုတ် ကြတာပါ။ ဒီအတွက် အပြစ်မမြင်ပါဘူး။ ရုပ်ရှင်အစည်းအရုံးရဲ့ တကယ်လိုအပ်ချက်တွေကို ထောက်ပြနိုင်ရင် ကျေးဇူးတင်ရမှာပါ" ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ လူမင်းက ပြောကြားသည်။

ရုပ်ရှင်အစည်းအရုံး အမှုဆောင်အဖွဲ့သစ်ကို ၂၀၁၂ ခုနှစ်မတ်လတွင် ရွေးကောက်ပြီးနောက် ဧပြီလအတွင်း လုပ်ငန်းတာဝန်များ စတင်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ မူလက ဥက္ကဋ္ဌအဖြစ် သရုပ်ဆောင် အကယ်ဒမီ ဇင်ဝိုင်းက ဆောင်ရွက်ခဲ့သော်လည်း ၂၀၁၂ ခုနှစ် ဇွန်လအတွင်း ဥက္ကဋ္ဌဦးဇင်ဝိုင်း၏ ကျန်းမာရေး အခြေအနေအရ ဒုတိယဥက္ကဋ္ဌ (၁)ဖြစ်သည့် သရုပ်ဆောင်လူမင်းက လွှဲပြောင်းဆောင်ရွက်နေခြင်း ဖြစ်သည်။ သရုပ်ဆောင် လူမင်း၏ ဥက္ကဋ္ဌသက်တမ်း ကာလအတွင်း ရန်ကုန်တိုင်း ဗီဒီယိုအခြေခံအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန်းစန်းမော်အား ထုတ်ပယ်ခဲ့ခြင်း၊ ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်ကို ရုပ်ရှင်ရိုက်ကူးခွင့် သုံးလပိတ်ပင်ခဲ့ခြင်းများ ဖြစ်ပွားပြီးနောက် ယခုကဲ့သို့ မြန်မာ့ရုပ်ရှင် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် တရားဝင် ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်လာခြင်း ဖြစ်သည်။

မြေဈေးနှုန်းများ မြင့်မားမှုကြောင့် ရန်ကုန်-ဒလ တံတားစီမံကိန်း ရပ်နားလိုက်ရ

တောင်ကိုရီးယားနိုင်ငံက တည်ဆောက်ပေးမည့် ရန်ကုန်-ဒလ တံတား စီမံကိန်းကို ယခုအစိုးရ သက်တမ်းအတွင်း တည်ဆောက်တော့မည် မဟုတ်ကြောင်း၊ လက်ရှိ အစိုးရသက်တမ်း ကုန်ဆုံးမည့် ၂၀၁၅ခုနှစ်အတွင်း ယင်းစီမံကိန်းကို ရပ်နားလိုက်ခြင်းသည် စီမံကိန်းကြောင့် ဖြစ်ပေါ်လာသည့် မြေဈေးနှုန်းမြင့်မားမှုများကြောင့် ဖြစ်ကြောင်း၊ နိုင်ငံတော် သမ္မတရုံး၊ ပြည်ထောင်စု ဝန်ကြီးဦးစိုးသိန်းက သြဂုတ် ၂၃ရက်နေ့က ပြုလုပ်သည့် နေပြည်တော် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်ဟု သိရသည်။
"စီမံကိန်းတစ်ခုလုပ်တော့မယ်ဆိုရင် မြန်မာ့မြေဈေးက မြင့်ပြီ။ ဒါကြောင့်မို့ ၂၀၁၅ခုနှစ်အထိ ယခုအစိုးရသက်တမ်းအတွင်း ဒလတံတား စီမံကိန်းကို ရပ်နားထားမယ်"ဟု ဦးစိုးသိန်းက ပြောသည်။

အဆိုပါ တံတား စီမံကိန်းကို ဇွန်လအတွင်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် တောင်ကိုရီးယား ဘဏ္ဍာရေးဝန်ကြီးနှင့် မြန်မာနိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးတို့အကြား နေပြည်တော်၌ တွေ့ဆုံစဉ် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု အပါအဝင် ယခုတံတား စီမံကိန်း ပြုလုပ်ပေးရန်အတွက် စီစဉ်ခဲ့ခြင်း ဖြစ်ပြီး တောင်ကိုရီးယား ဘဏ္ဍာရေး ဝန်ကြီး ကိုယ်တိုင် ဒလမြို့နယ်သို့ သွားရောက် လေ့လာပြီး ခြောက်လအတွင်း ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ် တည်ဆောက်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ယင်းတောင်ကိုရီးယား-မြန်မာ ချစ်ကြည်ရေး တံတားထိုးမည်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့သည့် နောက်ပိုင်း ဒလမြေဈေးသည် တစ်ရှိန်ထိုး မြင့်တက်ခဲ့ပြီး ယင်းတံတားထိုးမည့် စီမံကိန်းသည် ဒလမြို့နယ် ဒေသခံတို့၏ အိပ်မက်တစ်ခု ဖြစ်ခဲ့ကြောင်း ယင်းမြို့နယ်အတွင်းမှ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းများက ပြောကြားသည်။

"အခုလို အစိုးရဘက်က တရားဝင် ပြောလိုက်ရင် ဒေသခံတွေတော့ အများကြီး နစ်နာပြီ။ မြေသာရှိပြီး သူတို့က တောင့်မခံနိုင်ဘူး။ ၂၀၁၅အထိဆိုရင် ကြာဦးမှာလေ။ စီမံကိန်းကတော့ ဖြစ်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဒီပြောကြားမှုကြောင့် မြေဈေးတွေ ထိုးကျပြီး မြေဝယ်စုသူတွေ အကြိုက်ဖြစ်သွားမယ်"ဟု အိမ်ခြံမြေ လုပ်သက်နှစ် ၂၀ခန့်ရှိသူ မချိုက ပြောသည်။

လက်ရှိတွင် ယင်းတံတား စီမံကိန်းကြောင့် အခြေခံမြေဈေးနှုန်းသည် မြေတစ်ကွက်လျှင် သိန်း ၃၅၀အထိ ဈေးရှိသော်လည်း ဝယ်မည့်သူမရှိပဲ စီမံကိန်းရပ်နားသည့် သတင်းကြောင့် ပေ ၅၀ပတ်လည် မြေကွက်ဈေးနှုန်းများ သိန်း ၁၅၀အောက် ထိုးကျသွားနိုင်ကြောင်း၊ ဒလအိမ်ခြံမြေ အကျိုးဆောင် အသိုင်းအဝိုင်းက ခန့်မှန်းသည်။

ဒလမြို့နယ်၊ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက "ရပ်နားမယ်ဆိုတာ မကြားသေးဘူး။ သြဂုတ်လ ၂၁ရက်ကတောင် ဆာဗေးအဖွဲ့တွေ ကျွန်တော့်ဆီကို လာခဲ့သေးတယ်"ဟု ပြောသည်။ ကျန်စစ်သား ရပ်ကွက်မှ ဦးထွန်းလှကလည်း "ဦးလေးတို့က သမ္ဗာန်စီးရတဲ့ ဒုက္ခက မလွတ်သေး ဘူးပေါ့"ဟု သူ၏ အမြင်ကို ပြောပြသည်။ ]

ယခုဆိုင်းငံ့လိုက်သည့် တောင်ကိုရီးယား - မြန်မာ ချစ်ကြည်ရေး ရန်ကုန်မြစ်ဖြတ် ဒလတံတားသည် တံတားစီမံကိန်းအပြင် ဒလမြို့နယ် ဘက်ခြမ်း၌ တောင်ကိုရီးယား စက်မှုဇုန်တစ်ခုလည်း ပါဝင်မည့် အစီအစဉ်ဖြစ်ကြောင်း တောင်ကိုရီးယား ဘဏ္ဍာရေးဝန်ကြီး မြန်မာနိုင်ငံ ရောက်ရှိနေစဉ် အချိန်၌ ကိုရီးယားနိုင်ငံ သတင်းစာများတွင် ဖော်ပြခဲ့သည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း သိရပါသည်။

Myanmar ICT

ပန်းဘဲတန်းမြို့နယ်တွင် ပုပ်ပွနေသော အမျိုးသားအလောင်းတွေ့

ရန်ကုန်၊ သြဂုတ် ၂၃

ပန်းဘဲတန်းမြို့နယ် အနော်ရထာလမ်း ဟိန္ဒူဘုရားကျောင်းအနီး ရှစ်ထပ်တိုက် တိုက်ခန်းတစ်ခုတွင် ကြိုးဆွဲချသေဆုံးပြီး ပုပ်ပွနေသော အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦး၏ အလောင်း...ကို သြဂုတ်လ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅ မိနစ်က တွေ့ရှိခဲ့ကြောင်း ပန်းဘဲတန်းမြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

သေဆုံးသူမှာ ဂေါ်ရခါးလူမျိုး ကိုကစ္စနား ဖြစ်ပြီး မိုးကုတ်မြို့ဇာတိ ကျောက်အရောင်းအဝယ် လုပ်ကိုင်သူတစ်ဦး ဖြစ်ကြောင်း၊ ရန်ကုန်နှင့် ဇာတိမြေမိုးကုတ်သို့ မကြာခဏ သွားရောက်လေ ရှိကြောင်း၊ အဆိုပါ တိုက်ခန်းတွင် တစ်ဦးတည်း နေထိုင်သည်မှာ လေးနှစ်ခန့် ရှိပြီဖြစ်ပြီး လွန်ခဲ့သော လေးရက်ခန့်မှစ၍ မိုးကုတ်တွင် နေထိုင်သူ မိသားစုဝင်တစ်ဦးက သေဆုံးသူကို ဖုန်းဆက်သွယ်၍ မရတော့ဟု ဆိုကြောင်း အဆိုပါတိုက်၏ မြေညီထပ်တွင် ထောပတ်ဆိုင် ဖွင့်လှစ်ရောင်းချသူထံမှ သိရှိရသည်။

သေဆုံးသူတွင် မောင်နှမသုံးဦးရှိပြီး ၎င်းသည် နိုင်ငံခြားသို့သွားရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း သွားခွင့်မရကြောင်း သိရသည်ဟု မိသားစုဝင်တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ အမှုစစ် ရဲအရာရှိက ပြောကြားသည်။

သေဆုံးသူမှာ ဧည့်ခန်းမျက်နှာကြက်မှ သံချိတ်ငယ်တွင် ကြိုးချည်ကာ ကြိုးဆွဲချ သေဆုံးခြင်းဖြစ်ပြီး လွန်ခဲ့သော လေးရက်ခန့်က သေဆုံးခြင်း ဖြစ်နိုင်ကြောင်း အဆိုပါအမှုကို စစ်ဆေးသည့် ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

"အချို့နေရာတွေမှာ အသားတွေပဲ့ပြီး တစ်ကိုယ်လုံးမှာ လောက်ကောင်တွေ ရှိနေတယ်။ နံတာလည်း အရမ်းပဲ" ဟု စစ်ဆေးသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

"သုံးလေးရက်လောက်ရှိပြီ။ နံနေတယ်ဆိုပြီး တိုက်မှာနေသူတွေ ပြောတာတော့ ကြားတယ်။ ကြွက်သေပုပ်လို့ပဲ ထင်နေတာ၊ ဖြစ်တဲ့အခန်းက မီးထွန်းထားတယ်ဆိုတော့ လူရှိနေတယ်လို့ပဲ ထင်နေ တာ" ဟု အဆိုပါတိုက်အနီးရှိ ဟိန္ဒူဘုရားကျောင်းမှ လက်ထောက်ရုံးတာဝန်ခံ ဦးဉာဏ်လင်းက ပြောကြားသည်။

The Voice Weekly

ရေမြုပ်အိမ် ၃၀၀ အတွက် ထမင်းထုပ်ဝေ

ရွှေပြည်သာ၊ သြဂုတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ဇီးကုန်းကျေးရွာအုပ်စု အင်းပေါက်ကျေးရွာတွင် သြဂုတ်လ ၂၃ ရက် နံနက် ၆ နာရီခန့်တွင် အိမ်ခြေ ၃၀၀ ကျော် ရေမြုပ်ခဲ့ပြီး ညနေ ၄နာရီတွင် ထမင်းထုပ်ဝေနေရကြောင်း ဇီးကုန်းရွာ တောင်ပိုင်းမှ ဒေါ်စိုးထွဋ်စန္ဒာမှ ပြောကြားသည်။

ညဦးပိုင်းကတည်းက စတင်ရွာသောမိုးကြောင့် အရုဏ်တက်ချိန်တွင် တစ်အိမ်လုံး ရေစမြှုပ်ခဲ့ပြီး မနက်ပိုင်းတွင် အလုပ်မဆင်းနိုင်တော့ကြောင်း၊ လျှပ်စစ်မီးလည်း ပြတ်တောက်နေပြီး ထင်း၊ မီးသွေးများ ရေစိုကုန်သဖြင့် ချက်ပြုတ်စားရန် မဖြစ်နိုင်ကြောင်း ဦးသိန်စိုးက ဆိုသည်။

ရေဆက်တက်လျှင် အိမ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမည် ဖြစ်သကဲ့သို့ မိသားစုဝင်များကိုလည်း ရေဘေး လွတ်ရာသို့ ရွှေ့ပြောင်းရမည် ဖြစ်ကြောင်း လက်ရှိရေမြုပ်နေသည်မှာ ဆင့်ပေါ် ရေဖုံးသည်အထိ (သုံးပေခန့်) မြုပ်ကြောင်း နှစ်ထပ်အိမ်များ အပေါ်တက်နေနိုင်သော်လည်း တစ်ထပ်အိမ်များအတွက် အခက်အခဲ ရှိကြောင်း နေအိမ်ရေနစ်မြုပ် နေသူ ဒေါ်စိန်ရီက ပြောကြားသည်။

နာဂစ်မုန်တိုင်း မတိုင်ခင်က နှစ်စဉ်ရေကြီးလေ့ ရှိကြောင်း နောက်ပိုင်းနှစ်များတွင် ရေမကြီးသည်မှာ ကြာပြီ ဖြစ်ကြောင်း ယင်းရွာတွင် အိမ်ခြေ ၁၅၀၀ ကျော်ခန့် ရှိကြောင်း ရွာသားများထံမှ သိရှိရသည်။

(ဝမ်းတစ်)

The Voice Weekly

မုံးထဆေးရုံ ဆရာဝန်မရှိ၍ လူနာသေဆုံးမှုမြင့်တက်

မိုင်းတုံ၊ သြဂုတ် ၂၃

လမ်းပန်းဆက်သွယ်ရေး ခက်ခဲကြမ်းတမ်းသည့် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ် မုံးထမြို့နယ်ခွဲတွင် ဆေးရုံရှိသော်လည်း ဆရာဝန် မရှိသဖြင့် လူနာများမှာ သေဆုံးလျက် ရှိကြောင်း မိုင်းတုံမြို့နယ် ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်ထွန်းက ပြောကြားသည်။

ငှက်ဖျားဖြစ်နေသော ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးကို မြို့နယ်ခွဲဆေးရုံကို ပို့ဆောင်ခ...ဲ့ပြီး ဆရာဝန်မရှိ၍ သေသေချာချာ မကုသနိုင်ဘဲ မြို့နယ်ဆေးရုံကိုပို့ရာ လမ်း၌ပင် သေဆုံးခဲ့ရကြောင်း၊ စုစုပေါင်း လူနာငါးဦးခန့် သေဆုံးခဲ့ရပြီ ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

"တာဝန်ကျဆရာဝန် တောင်းထားပေမယ့် ခုထိရောက်မလာဘူး။ ငှက်ဖျားပေါတဲ့နေရာဖြစ်လို့ လူနာတွေ၊ ဝန်ထမ်းတွေက ဖျားနာမှာ စိုးရိမ်နေကြတယ်။ အရေးပေါ်ဖြစ်လည်း မလွယ်ဘူး" ဟု ၎င်းကဆိုသည်။

မုံးထမြို့နယ်ခွဲတွင် ၁၆ ခုတင်ဆံ့ ဆေးရုံရှိသော်လည်း ဆရာဝန်လုံးဝမရှိ၊ လူနာခုတင်မရှိ ဖြစ်နေပြီး သူနာပြုဆရာမ လေးဦးသာ ရှိသဖြင့် ဖျားနာမှုတစ်စုံတစ်ရာ ဖြစ်မည်ကို စိုးရိမ်နေကြရကြောင်း မုံးထ တာဝန်ကျဝန်ထမ်းများက ဆိုသည်။

"လစာနှစ်ထပ်ရပေမယ့် အစစအရာရာ ဝေးလံရှားပါးပြီး ဘာမှဆက်သွယ် မရတာကြောင့် ပြန်ပြောင်းရဖို့ပဲ ကြိုးစားနေရတယ်" ဟု မုံးထတာဝန်ကျ ဝန်ထမ်းတစ်ဦးက ဆိုသည်။

မုံးထမြို့နယ်ခွဲ စတင်ဖွင့်စဉ်က ဆရာဝန်ရှိသော်လည်း အစစအရာရာ ရှားပါးခက်ခဲသဖြင့် မည်သည့်ဆရာဝန်မျှ ရောက်မလာခြင်းကြောင့် ဆုံးပါးရသည့် လူနာများ တဖြည်းဖြည်း တိုးလာကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။

"ဒေသခံတွေကတော့ ဆေးမရှိလို့၊ ရရာဆေးဝါးတွေ၊ အနည်းငယ်တတ်တဲ့ လူတွေနဲ့ပဲ ကုနေရတယ်။ တတ်ကျွမ်းတဲ့ ဆရာဝန်ရောက်လာဖို့ပဲ ဆုတောင်းနေရတယ်" ဟု ဒေသခံဦးကျတဲက ဆိုသည်။

မုံးထမြို့နယ်ခွဲသည် မိုင်းတုံမှ ၆၇ မိုင်ဝေးကွာသည့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်နေရာတွင် တည်ရှိပြီး အနီးဆုံး ကားလမ်းပေါက်သည့် နားကောင်းမူး ကျေးရွာနှင့် ၂၅ မိုင်ခန့် ကွာဝေးကြောင်း စုံစမ်းသိရှိရသည်။

မုံးထဆေးရုံအတွက် ဆေးဝါးများကို လေးလတစ်ကြိမ် ထောက်ပံ့ပို့ဆောင်ပေးလျက် ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

ရထားမရပ်မီ ခုန်ချသဖြင့် ခြေချော်ကာ ရထားတိုက်မိသေဆုံး

ရန်ကုန်၊ သြဂုတ် ၂၄

၂၃.၈.၂၀၁၃ ရက်နေ့ ၁၆၅၀ အချိန် သန်လျင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သန်လျင်မြို့နယ်၊ မြို့ဟောင်းအရှေ့ရပ်ကွက်၊ အောင်သုခ ဘူတာအနီး၊ မိုင်တိုင်အမှတ် (၁၄/၇-၈)ရှေ့တွင် ကားရထားပေါ်မှလူတစ်ဦး ပြုတ်ကျသေဆုံး နေကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ မြ၀င်း၊၄၁ နှစ် ၊မြို့ဟောင်းအရှေ့ ရပ်ကွက်၊ သန်လျင်မြို့နေသူဖြစ်ပြီး ဦးခေါင်း နောက်စေ့ ကွဲဒဏ်ရာ၊ ၀ဲ/ယာလက်ဖ၀ါး ပြတ်ရှဒဏ်ရာနှင့် လက်ဖျံရိုးကျိုးပဲ့၊ သွေးထွက်ပေါက်ပြဲ ဒဏ်ရာတို့ဖြင့် သေဆုံးနေသည် ကိုစစ်ဆေးတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် သန်လျင်အုတ်ဖိုစုဘူတာမှ အောင်သုခ ဘူတာသို့ ကားရထား၏ ဒုတိယတွဲမှ လိုက်ပါစီးနင်းခဲ့ရာ အောင်သုခ ဘူတာအနီး အရောက်တွင် ရထား မရပ်မီ အောက်သို့
ခုန်ဆင်းစဉ် ခြေချော်ကျပြီး ကားရထားနှင့် တိုက်မိကာ သေဆုံးခဲ့ခြင်း ဖြစ် ကြောင်း စုံစမ်းသိရှိရသဖြင့် သန်လျင်မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၂၁/၂၀၁၃ ဖြင့် ရေးဖွင့်ကာ စုံစမ်းဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိုပါသည်။

Yangon Police

ကလေးတွင် ရေဘေးသင့်သူ ၁၂၀၀ ကျော်ရှိ

ကလေး၊ သြဂုတ် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် သြဂုတ်လ တတိယပတ်အတွင်း မိုးရွာသွန်းမှုများကြောင့် တောင်ကျချောင်းရေနှင့် မြစ်သာမြစ်၊ နေရဉ္စရာမြစ်ရေ များ တိုးလာပြီး မြို့စွန်ရပ်ကွက်နှင့် ကျေးရွာ အချို့သို့ ရေဝင်ရောက်မှုကြောင့် ရေဘေးသင့် လူဦးရေ ၁၂၈၀ ဦး ရှိနေကြောင်း မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းထွန်းက The Voice သို့ ပြောကြားသည်။

ဖောင်ကူးရွာသစ်နှင့် တောင်ဦ-ပြင်သာကျေးရွာတို့မှ ဒေသခံအိမ်ထောင်စု ၂၆၇ စု ရေဘေးသင့်ခံရခြင်းဖြစ်ပြီး ၎င်းတို့ကို အောင်မြေမာန် (အောင်မင်္ဂလာဇာတ်ရုံ)၊ အောင်မင်္ဂလာ (စကားလှဘုရားဓမ္မာရုံ)၊ ညောင်ပင်သာ (အမက-၁၅) တို့တွင် ကယ်ဆယ်ရေး စခန်းသုံးခု ဖွင့်လှစ်ကာ ကူညီစောင့်ရှောက်ထားကြောင်း ၎င်းကပြောကြားသည်။

"ခုလက်ရှိ ဆန်အိတ်အလှူရှင်တွေဆီကနေ အိတ် ၇၀ ကျော် စာရင်းလက်ခံထားပြီးပါပြီ။ ထပ်ပြီးလှူမယ့်သူတွေလည်း ရှိပါတယ်။ ရေကျသွားလို့ နေအိမ်ပြန်သွားရင်လည်း စားသောက်ဖို့ မပူပင်ရအောင် စီစဉ်ပေးပါမယ်" ဟု ဦးသန်းထွန်းက ဆိုသည်။

ကလေးတောင်ပိုင်းရှိ ဇင်းကလင်းကျေးရွာတွင် သြဂုတ်လ ၂၂ ရက်နေ့က တောင်ကျချောင်းရေကြောင့် ကလေး-ဂန့်ဂေါသွား လမ်းမကြီးပေါ်သို့ ရေများရောက်ရှိလာခဲ့ပြီး အိမ်ထောင်စု ၁၅၀ ခန့် ရေဘေးလွတ်ရာ ရွှေ့ပြောင်းနေရကြောင်း အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကိုဝင်းက ပြောကြားသည်။

ရေဘေးကြောင့် ကလေးမြို့နယ်အတွင်းရှိ စိုက်ပျိုးပြီး လယ်ဧက ၄၃၃၀ မှာ ရေဖုံးလွှမ်းခံရပြီး စာသင်ကျောင်း ၁၀ ကျောင်းကိုလည်း ယာယီပိတ်ထားရကြောင်း မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုအဖွဲ့ထံမှ သိရသည်။

လက်ရှိသြဂုတ်လ ၂၃ ရက်နေ့တွင် မိုးရွာသွန်းမှုမရှိဘဲ မြစ်သာမြစ်ရေမှာ ၁၁၃၅ စင်တီမီတာသို့ ပြန်လည် ကျသွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။

မြတ် (ကလေး)

The Voice Weekly

ကင်ဆာတိုက်ဖျက်မယ့်ဆေး ရှာတွေ့ပြီ

ကင်ဆာရောဂါကို ခုခံတိုက်ဖျက် နိုင်မယ့် ဆေးကို အမေရိကန်မှာ ဆေး ပညာရှင်တို့ ရှာတွေ့ ပြီ ဖြစ်ပါ တယ်။ ဆေးကြီးသက်သက် ရရှိတာ မဟုတ်ပဲ တိရစ္ဆာန်မျိုးစိတ်တစ်ခု သွားတွေ့ခြင်း ဖြစ်ပါတယ်။

Naked Mole Rat လို့ခေါ်တဲ့ မွေးပြောင်ကြွက်မျိုး ဖြစ်ပါတယ်။ အာဖရိက အရှေ့ ပိုင်းက အပူပိုင်းဒေသမှာ နေထိုင်တဲ့ မွေးပြောင် ကြွက်တစ်မျိုး ဖြစ်ပြီး သူ့ရဲ့  ထူးခြားချက်ကတော့ ကင်ဆာရောဂါကို ခုခံနိုင်ခြင်း ဖြစ်ပါတယ်။ သူ့မှာ နောက်ထပ်ထူးခြားချက်က နာကျင်မှုကို မခံစားနိုင်ခြင်း ဖြစ်ပါတယ်။ သူတို့ရဲ့  ဦးနှောက်နဲ့ အာရုံကြောဆီကို ခန္ဓာကိုယ် က နာကျင်မှု ဝေဒနာ မပို့လွတ်ပေးပါဘူး။ ဒါကြောင့် နာကျင်မှုလည်း မသိပါဘူး။ အဓိက တွေ့ရှိ ချက် ကတော့ ကင်ဆာ ရောဂါ တိုက်ဖျက်နိုင်မယ့် အာနိသင် တစ်ခုပါ။

၂၀၀၉ ခုနှစ်ကစလို့ မွေးပြောင် ကြွက် အကောင် ၉၀ ကို မွေးဖွားပြီး ကင်ဆာ ဓာတ်ကြွယ်တဲ့ ဆေးတွေ ထိုးခဲ့ ပါတယ်။ ကိုယ်တွင်းမှာ ရှိတဲ့ ကင်ဆာဓာတ် ကို သူ့ကိုယ်တွင်းက ထုတ်တဲ့ သကြားဓာတ် တစ်မျိုး (HA) မော်လီကျူး များက တန်ပြန်ခုံခံပြီး ပုံမှန်အတိုင်း သက်တမ်း ၃၀ အထိ နေနိုင်တာ ကို တွေ့ရှိခဲ့ပါတယ်။ သူ့ကိုယ်တွင်းက ထုတ်တဲ့ HA သာ သာမန်လူတစ်ဦး ထက် ငါးဆ မက ပိုလွန်ပြီး ကင်ဆာဆဲလ်တွေ ကို ချေမှုန်းတဲ့ နေရာမှာ အင်မတန် မြန်ဆန်ကြောင်း တွေ့ရှိခဲ့ပါတယ်။

ဒါကြောင့် ကင်ဆာရောဂါ တိုက်ဖျက်မယ့် ဆေး စစ်ဆေးစမ်းသပ်ဖော် ထုတ်မှုကို Naked Mole Rat မှ စတင်ရမှာ ဖြစ်ပါတယ်။ ၎င်းတို့ ခန္ဓာကိုယ် တွင်းမှာ ရှိတဲ့ HA မော်လီကျူးဓာတ်ကို အခြေခံလို့ ဆေးတစ်မျိုးဖန်တီးရင် ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်ခြင်း၊ ဖြစ်နေရင်လည်း တိုက်ဖျက်ခြင်း တို့ကို အလွယ်တကူ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန် ကင်ဆာရောဂါ ဆေးသုတီများဟာ မကြာမီ နှစ်များအတွင်း ကင်ဆာရောဂါ တိုက်ဖျက်နိုင်မယ့် ဆေးဝါးများ ဖန်တီးဖော်ထုတ်နိုင်မယ်လို့ ကြေညာ ခဲ့ကြောင်း သိရပါတယ်။
.
Ref: nature.com
Aung Kham (International news for myanmar)

ဘင်္ဂလားဒေ့ရှ်က ထပ်မံထွက်ပြေးလာသည့် ဒုက္ခသည်များ အရေးပေါ်အကူအညီလိုအပ်

မောင်တော၊ သြဂုတ် ၂၁

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက အကြမ်းဖက်ခံရမှုများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ရခိုင်မျိုးနွယ်စုဝင် ဒုက္ခသည်မိသားစု ၁၈ စု (လူ...ဦးရေ ၉၀ကျော်) အတွက် အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများ လိုအပ်နေကြောင်း လူမှုကူညီ စောင့်ရှောက်ရေးအသင်း (တောင်ပြိုလက်ဝဲ) ၏ ပြင်ပ ဆက်သွယ်ရေး တာဝန်ခံ ဦးထွန်းထွန်းဝင်းက ပြောကြားသည်။

မောင်တောခရိုင် မြောက်ပိုင်း တောင်ပြို လက်ဝဲမြို့နယ်ခွဲသို့ သြဂုတ်လ ၂၁ ရက်နေ့က ထွက်ပြေး တိမ်းရှောင်လာသည့် အဆိုပါ ဒုက္ခသည် များကို မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးရုံး အစီအစဉ်ဖြင့် နေရာ ချထားပေးထားပြီး ဆန်၊ ဆီ၊ ဆား စသည့်ရိက္ခာ များကို ထောက်ပံ့ပေးထားကြောင်း၊ လတ်တလောတွင် အိုး၊ ခွက်၊ ပန်းကန်၊ အဝတ်အထည်စသည့် အရေးပေါ် အထောက်အပံ့များ အခက်အခဲ ဖြစ်ပေါ်နေကြောင်း ၎င်းကဆိုသည်။

အဆိုပါ ဒုက္ခသည်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်း တောင်တန်းဒေသ၊ ဘန်ဒရိုဘန်ခရိုင်၊ အလယ်ခေါင်တောင် မြို့နယ်တွင်းရှိ ဘောရိဝ၊ စွန်ချောင်း၊ တာလဘိန်ညာ၊ ချိန်နာရီ စသည့်ရွာများမှ ထွက်ပြေးလာသူများ ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တိုက်ခိုက်ခံရခြင်း၊ လယ်မြေလုခံရခြင်း၊ မုဒိမ်းကျင့်ခံရခြင်းစသည် အကြမ်းဖက်မှုများ ဖြစ်ပေါ်နေကြောင်း အဆိုပါ ဒုက္ခသည်များ၏ ပြောဆိုချက်အရ သိရှိရသည်။

၂၀၁၂ ခုနှစ်မှ စက်တင်ဘာလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထွက်ပြေးလာသည့် ရခိုင်မျိုးနွယ်စုဝင် ၁၄၀၀ ကျော်ရှိပြီး ၎င်းတို့ကို မောင်တောမြို့နယ်တွင် ဒုက္ခသည်များအဖြစ် သတ်မှတ်ကာ လက်ခံထားသည်။

ခင်မောင်အေး

The Voice Weekly

ကန့်ဘလူမြို့နယ်တွင်းမှာ မီးရှို့မှုဖြစ်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာမှာ စနေနေ့ညက ဘာသာရေးလူမျိုးရေး ဆက်နွယ်တယ်လို့ ယူဆရတဲ့ ပဋိပက္ခတစ်ခု ဖြစ်ပြီးနောက် အိမ်တခိျု့ မီးရှို့ဖျက်ဆီး ခံရတယ်လို့ သိရပါတယ်။

ညနေပိုင်းကနေ လူရာနဲ့ချီ စုဝေးခဲ့ကြပြီး ညနက်ပိုင်းထိ တင်းမာမှုတွေ ရှိနေခဲ့တယ်လို့ သိရပါတယ်။

ထန်းကုန်းရွာက အပြန်မှာ မြန်မာ အမျိုးသမီးငယ်တစ်ဦးကို မွတ်ဆလင် လူငယ်တစ်ဦးက ဖက်ဖို့ ကြိုးစားရာမှာ မိန်းကလေးက ထွက်ပြေးခဲ့ပြီးနောက် ပဋိပက္ခစဖြစ်တာလို့ ကန့်ဘလူ ရဲစခန်းက တာဝန်ကျ ရဲအရာရှိတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အဲဒီလူငယ်ကို ဖမ်းဆီး စစ်ဆေးနေပြီး ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းနေဆဲလို့ ရဲအရာရှိက ပြောပါတယ်။ မနက်ပိုင်းမှာတော့ အခြေအနေ တည်ငြိမ်နေတယ်လို့လည်း သူက ဆိုပါတယ်။

ကန့်ဘလူ မီးသတ် ဌာနကလည်း ထန်းကုန်းကို မီးသတ်ကား အတော်များများ သွားပြီး မီးငြိမ်းသတ် နေရတဲ့အကြောင်း အတည်ပြု ပြောပေမယ့် အိမ်ဘယ်နှစ်လုံး လောင်ကျွမ်းတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)