Sunday, August 25, 2013

ကလေးတွင် ရေဘေးသင့်သူ ၁၂၀၀ ကျော်ရှိ

ကလေး၊ သြဂုတ် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် သြဂုတ်လ တတိယပတ်အတွင်း မိုးရွာသွန်းမှုများကြောင့် တောင်ကျချောင်းရေနှင့် မြစ်သာမြစ်၊ နေရဉ္စရာမြစ်ရေ များ တိုးလာပြီး မြို့စွန်ရပ်ကွက်နှင့် ကျေးရွာ အချို့သို့ ရေဝင်ရောက်မှုကြောင့် ရေဘေးသင့် လူဦးရေ ၁၂၈၀ ဦး ရှိနေကြောင်း မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းထွန်းက The Voice သို့ ပြောကြားသည်။

ဖောင်ကူးရွာသစ်နှင့် တောင်ဦ-ပြင်သာကျေးရွာတို့မှ ဒေသခံအိမ်ထောင်စု ၂၆၇ စု ရေဘေးသင့်ခံရခြင်းဖြစ်ပြီး ၎င်းတို့ကို အောင်မြေမာန် (အောင်မင်္ဂလာဇာတ်ရုံ)၊ အောင်မင်္ဂလာ (စကားလှဘုရားဓမ္မာရုံ)၊ ညောင်ပင်သာ (အမက-၁၅) တို့တွင် ကယ်ဆယ်ရေး စခန်းသုံးခု ဖွင့်လှစ်ကာ ကူညီစောင့်ရှောက်ထားကြောင်း ၎င်းကပြောကြားသည်။

"ခုလက်ရှိ ဆန်အိတ်အလှူရှင်တွေဆီကနေ အိတ် ၇၀ ကျော် စာရင်းလက်ခံထားပြီးပါပြီ။ ထပ်ပြီးလှူမယ့်သူတွေလည်း ရှိပါတယ်။ ရေကျသွားလို့ နေအိမ်ပြန်သွားရင်လည်း စားသောက်ဖို့ မပူပင်ရအောင် စီစဉ်ပေးပါမယ်" ဟု ဦးသန်းထွန်းက ဆိုသည်။

ကလေးတောင်ပိုင်းရှိ ဇင်းကလင်းကျေးရွာတွင် သြဂုတ်လ ၂၂ ရက်နေ့က တောင်ကျချောင်းရေကြောင့် ကလေး-ဂန့်ဂေါသွား လမ်းမကြီးပေါ်သို့ ရေများရောက်ရှိလာခဲ့ပြီး အိမ်ထောင်စု ၁၅၀ ခန့် ရေဘေးလွတ်ရာ ရွှေ့ပြောင်းနေရကြောင်း အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကိုဝင်းက ပြောကြားသည်။

ရေဘေးကြောင့် ကလေးမြို့နယ်အတွင်းရှိ စိုက်ပျိုးပြီး လယ်ဧက ၄၃၃၀ မှာ ရေဖုံးလွှမ်းခံရပြီး စာသင်ကျောင်း ၁၀ ကျောင်းကိုလည်း ယာယီပိတ်ထားရကြောင်း မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုအဖွဲ့ထံမှ သိရသည်။

လက်ရှိသြဂုတ်လ ၂၃ ရက်နေ့တွင် မိုးရွာသွန်းမှုမရှိဘဲ မြစ်သာမြစ်ရေမှာ ၁၁၃၅ စင်တီမီတာသို့ ပြန်လည် ကျသွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။

မြတ် (ကလေး)

The Voice Weekly

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။