
Thursday, September 5, 2013
သင်္ဃန်းကျွန်းမြို့နယ်တွင် ရှို့မီးသဖွယ် ဖြစ်ပွားခဲ့သော အစ္စလာမ် စာသင်ကျောင်းမှ တာဝန်ရှိသူများနှင့် ပတ်ဝန်းကျင် နေထိုင်သူများကို ရဲတပ်ဖွဲ့က စစ်ဆေးနေ

ရဲစခန်းများတွင် ပြစ်မှုကျူးလွန်သူဟု သံသယရှိသူနှင့် တရားခံများကို စစ်ဆေးရာ၌ မိသားစုဝင်များ လာရောက်ကြည့်ရှုခွင့်ပြု
မြန်မာနိုင်ငံ အတွင်းရှိ ရဲစခန်းများတွင် ပြစ်မှုကျူးလွန်သူဟု သံသယရှိသူများနှင့် တရားခံများကို စစ်ဆေးရာ၌ မိသားစုဝင်များနှင့် စိတ်ပါဝင်စားသူများကို လာရောက်ကြည့်ရှုခွင့်ပြုရန် ညွှန်ကြားထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ လုံခြုံရေးဌာနမှ ဒုတိယရဲမှူးကြီး မင်းအောင်က ပြောကြားသည်။
ယင်းကဲ့သို့ ပြစ်မှုကျူးလွန်သူဟု သံသယရှိသူများနှင့် တရားခံများကို အမှုစစ်ဆေးရာ၌ လာရောက်ကြည့်ရှုခွင့် ပြုရခြင်းမှာ ပွင့်လင်းမြင်သာမှု ရှိကြောင်းကို အများပြည်သူသိရှိရန် ရည်ရွယ်ကြောင်း သိရသည်။
အမှုစစ်အရာရှိ၏ အမှုစစ်ဆေးမှုကို CCTV မှတစ်ဆင့် တိုက်ရိုက်မှတ်တမ်းတင် ရိုက်ကူးထားရာ ရဲစခန်းအတွင်း ထားရှိသည့် တီဗွီသို့မဟုတ် ကွန်ပျူတာ ပရင်တာမှတစ်ဆင့် ကြည့်ရှုနိုင်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ "အခု တစ်နိုင်ငံလုံးမှာရှိတဲ့ ရဲစခန်းတွေမှာ အမှုစစ်တဲ့ အခန်းနဲ့ လာရောက်တိုင်ကြားတဲ့ နေရာတွေကို CCTV ကင်မရာတွေ တပ်ဆင်ရမယ်လို့ ညွှန်ကြားထားတယ်။ တပ်ဆင်မှု အပိုင်းကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်က ဦးစီးပြီး ဆောင်ရွက်နေတယ်။ အချို့အမှုသည်တွေ၊ ပြစ်မှုကျူးလွန်တဲ့ သူတွေက တိုင်ကြားမှုတွေ ရှိနေတဲ့အတွက် CCTV ကင်မရာတွေကို တပ်ဆင်ရခြင်း ဖြစ်တယ်။ အဓိကကတော့ ပွင့်လင်းမြင်သာမှု ရှိတယ်ဆိုတာကို ပြသခြင်း ဖြစ်တယ်။ အမှုစစ်ဆေးနေတဲ့ အပိုင်းတွေကို မိသားစုဝင်တွေနဲ့ စိတ်ဝင်စားသူတွေက ရဲစခန်းမှာ CCTV ကင်မရာကနေတစ်ဆင့် ရိုက်ကူးထားတာကို အမှုစစ်ဆေးနေတဲ့ အချိန်နဲ့ တစ်ပြေးညီ လာရောက်ကြည့်လို့ ရပါတယ်" ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ လုံခြုံရေးဌာနမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး မင်းအောင်က စက်တင်ဘာ ၃ ရက်နေ့ နံနက်က ပြောကြားသည်။
ပြည်သူများက အမှုလာရောက် တိုင်ကြားသည့် ဖြစ်စဉ်အချို့တွင် ရဲတပ်ဖွဲ့မှ အမှုမဖွင့်ပေးခြင်းနှင့် ကျူးလွန်သူဟု ယူဆရသူနှင့် တရားခံများကို ရဲတပ်ဖွဲ့က စစ်ဆေးရာ၌ ညှဉ်းပန်းနှိပ်စက်မှုများ ရှိနေသည်ဟု ပြည်သူအချို့က သက်ဆိုင်ရာ အသီးသီးသို့ တိုင်ကြားပြီးနောက် ရဲစခန်း အားလုံးတွင် CCTV ကင်မရာများ တပ်ဆင်ရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။
မလေးရှားနိုင်ငံတွင် အဖမ်းခံရသည့် မြန်မာများကို မြန်မာသံရုံးမှ စစ်ဆေးပြီး ပြည်တွင်းသို့ ပြန်လည်ခေါ်ယူရန် စီစဉ်
မလေးရှားနိုင်ငံတွင် တရားမ၀င် အလုပ်သမားများကို အထူးစီမံချက်ဖြင့် နိုင်ငံအနှံ့ ပိုက်စိပ်တိုက် ဖမ်းဆီးနေမှုကြောင့် တရားမ၀င် သွားရောက်အလုပ် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံနေရသဖြင့် မလေးရှားနိုင်ငံရှိ မြန်မာသံရုံးမှ စစ်ဆေးကာ ပြည်တွင်းသို့ ပြန်လည်ခေါ်ဆောင်ရန် စီစဉ်နေကြောင်း စက်တင်ဘာ ၄ ရက်နံနက်က နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသာအောင်ညွန့်က The Daily Eleven သို့ ပြောကြားသည်။
ယင်းကဲ့သို့ မလေးရှားနိုင်ငံအတွင်း တရားမ၀င် အလုပ်သမားများကို အထူးစီမံချက်ဖြင့် ဖမ်းဆီးနေမှုကြောင့် မြန်မာနိုင်ငံသားများ အပါအ၀င် အင်ဒိုနီးရှား၊ ဘင်္ဂလားဒေရှ့်၊ နီပေါ၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ နိုင်ဂျီးရီးယား စသည့်နိုင်ငံများမှ တရားမ၀င် အလုပ်သမားများ ဖမ်းဆီးခံနေရကြောင်း သတင်းရရှိသည်။
မလေးရှားနိုင်ငံတွင် တရားမ၀င် အလုပ်လုပ်ကိုင် နေမှုများကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားဦးရေ ၅၅၀ ၀န်းကျင်ခန့် ရှိနေသည်ဟု သတင်းရရှိထားသော်လည်း ယခုအချိန်အထိ (စက်တင်ဘာ ၄ ရက် နံနက် ၁၁ နာရီ) မလေးရှားနိုင်ငံရှိ မြန်မာသံရုံးသို့ မလေးရှားနိုင်ငံ သက်ဆိုင်ရာဌာနမှ တရားဝင် အကြောင်းကြားမှု မရှိသေးကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သိရသည်။
"အခု မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ အများအပြား အဖမ်းခံရနေတယ် ဆိုတာကို သတင်းရရှိထားတယ်။ အချို့ အဖမ်းခံရတဲ့ နိုင်ငံခြားသားတွေကလည်း မြန်မာနိုင်ငံသား ဖြစ်တယ်ဆိုပြီး လိမ်ညာပြောဆိုမှုတွေ ရှိနေတဲ့အတွက် အဖမ်းခံနေရတဲ့ မြန်မာတွေအားလုံးက မြန်မာနိုင်ငံသားတွေ ဟုတ်မဟုတ်ဆိုတာကို မလေးရှားနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကနေတစ်ဆင့် စစ်ဆေးသွားမယ်။ တချို့ကိစ္စတွေမှာလည်း ကိုယ့်လိုအင်ဆန္ဒအတိုင်း အားလုံးမပြည့်နိုင်ဘူး။ သူတို့နိုင်ငံမှာလည်း သူတို့ဥပဒေတွေ၊ စည်းကမ်းချက်တွေ ရှိတယ်။ သူတို့ဥပဒေအတိုင်း စည်းကမ်းဖောက်ဖျက်တဲ့ သူတွေက ခံယူပြီးရင်တော့ မြန်မာနိုင်ငံကို ပြန်လာချင်တဲ့ မြန်မာနိုင်ငံသားတိုင်း အဆင်ပြေစွာ အခမဲ့ ပြန်လာနိုင်ဖို့ကို စီစဉ်နေပါတယ်" ဟု စက်တင်ဘာ ၄ ရက် နံနက်က နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသာအောင်ညွန့်က ဆိုသည်။
ယင်းကဲ့သို့ စီစဉ်နေမှုကို နိုင်ငံခြားရေး ၀န်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများ ပါဝင်ကြောင်း သတင်းရရှိသည်။
"သမီးဖြစ်တဲ့သူက အရင်တစ်ခေါက်တည်းက ပြန်လာချင်နေပေမယ့် အလုပ်ရှင်နဲ့ ချုပ်ထားတဲ့ စာချုပ်သက်တမ်းက မပြည့်သေးလို့ဆိုပြီး ပြန်မလာခဲ့ရဘူး၊ အခု မလေးမှာ ဖမ်းဆီးမှုတွေ ရှိနေတယ်ဆိုတဲ့ အခါကျတော့ သမီးမှာ ထွက်ပြေးနေရတယ်။ အခု အဖမ်းခံရတဲ့ သူတွေကို ကြိမ်ဒဏ်တွေ ပေးနေတယ်လို့ သတင်းကြားနေရတယ်။ မိန်းကလေးဆိုတော့ အရမ်းကို စိတ်ပူမိတယ်။ ဖြစ်နိုင်ရင် သမီးကို မြန်မာနိုင်ငံဆီ အမြန်ဆုံး ပြန်ရောက်ချင်နေပါပြီ" ဟု မလေးရှားနိုင်ငံ ကပုန်းမြို့တွင် အလုပ်လုပ်နေသည့် အမျိုးသမီးတစ်ဦး၏ အမေဖြစ်သူ ဒေါ်မြင့်မြင့်သိန်းက ပြောပြသည်။
မြန်မာနိုင်ငံတွင် Mobile Banking စနစ် စက်တင်ဘာလအတွင်း စတင်အသုံးပြုနိုင်မည်
မိုဘိုင်းဖုန်းမှတစ်ဆင့် ငွေပေးချေနိုင်သည့် Mobile Banking စနစ်အား မြန်မာနိုင်ငံရှိ ပြည်တွင်းပုဂ္ဂလိက ဘဏ်များ၌ စက်တင်ဘာလအတွင်း စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သိရသည်။
အဆိုပါ မိုဘိုင်းဖုန်းမှတစ်ဆင့် ငွေပေးချေနိုင်သည့် Mobile Banking စနစ်အား ပြည်တွင်း၌ အသုံးပြုနိုင်ရန်အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် အဆင့်ဆင့် ဆောင်ရွက်ချက်များဖြင့် လုပ်ကိုင်ဆောင်ရွက်ခဲ့ပြီး စီးပွားရေးရာ ကော်မတီသို့ တင်ပြထားပြီး စီးပွားရေးရာ ကော်မတီမှတစ်ဆင့် နောက်ဆုံးအဆင့် အနေဖြင့် Cabinet အဖွဲ့သို့ တင်ပြထားကာ အဆိုပါအဖွဲ့မှ ခွင့်ပြုချက် ရသည့်အခါ ပြည်တွင်းပုဂ္ဂလိက ဘဏ်များအနေဖြင့် စတင်လုပ်ကိုင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
"ဆရာတို့အနေနဲ့ ဒီစနစ်ကို လုပ်ကိုင်နိုင်ဖို့အတွက် အဆင့်ဆင့် တင်ပြထားပြီးပါပြီ။ နောက်ဆုံးအဆင့် အနေနဲ့ Cabinet အဖွဲ့ကို တင်ပြထားပါတယ်။ ဒီစက်တင်ဘာလ အတွင်းမှာပဲ အသုံးပြုနိုင်အောင် စီစဉ်ဆောင်ရွက် နေပါတယ်" ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မိုဘိုင်းဖုန်းမှတစ်ဆင့် ငွေပေးချေနိုင်သည့် စနစ်အား လုပ်ကိုင်နိုင်ရန်အတွက် ပြည်တွင်းပုဂ္ဂလိက ဘဏ်များအနေဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ တင်ပြထားပြီး တင်ပြထားသည့် ဘဏ်များမှာ ပထမပုဂ္ဂလိကဘဏ် လီမီတက်၊ သမ၀ါယမဘဏ် လီမိတက်၊ အင်းဝဘဏ် လီမီတက်နှင့် မြ၀တီဘဏ်တို့ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် Mobile Banking လုပ်ငန်း လုပ်ဆောင်နိုင်ရန်အတွက် မိုဘိုင်းဘဏ် လုပ်ငန်းဆိုင်ရာ ညွှန်ကြားချက် ဒုတိယမူကြမ်းကို ဘဏ်များသို့ (၂၄.၁၂.၂၀၁၂) တွင် ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ရာတွင် မိုဘိုင်းဘဏ်လုပ်ငန်း ဆောင်ရွက်ရန် အသင့်ဖြစ်နေသည့်ဘဏ်မှာ အနည်းငယ်သာရှိပြီး ယင်းဘဏ်များကိုလည်း မိုဘိုင်းဘဏ်လုပ်ငန်း ဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အကြောင်းကြားထားကြောင်း သိရသည်။
ထို့ပြင် Mobile Banking လုပ်ကိုင်ဆောင်ရွက်ပါက မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ Network ကို သုံးစွဲသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် နည်းပညာပိုင်းဆိုင်ရာ ကွန်ရက်ချိတ်ဆက်နိုင်ရန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခြင်းများအပြင် Software နှင့် Hardware တို့ကို ကိုင်တွယ်အသုံးပြုနိုင်ရန်အတွက် ဘဏ်ဝန်ထမ်းများအား လေ့ကျင့်သင်ကြားပေးခြင်း၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်မည့် Partner များအား Agent သင်တန်းများ လေ့ကျင့်ပေးလျက် ရှိသည်။
ဆီးရီးယားကို တိုက်ခိုက်မယ့်အစီအစဉ် အမေရိကန်လူထုသဘောမတူ
Washington Post သတင်းစာနဲ့ ABC News ရုပ်သံဌာနတို့ရဲ့ လူထုစစ်တမ်း မှာတော့ ဆီးရီးယား အစိုးရကို မစ်ဇိုင်းဒုံးပျံတွေနဲ့ တိုက်ခိုက်မယ့် အစီအစဉ်ကို ဆန့်ကျင်သူ ၅၉ ရာခိုင်နှုန်းနဲ့ ထောက်ခံသူက ၃၆ ရာခိုင်နှုန်းသာ ရှိနေတာကို
တွေ့ခဲ့ရတာပါ။
ဗြိတိန်နဲ့ ပြင်သစ်တို့လို တခြားမဟာမိတ် နိုင်ငံတွေနဲ့အတူ လေကြောင်း ထိုးစစ်ဆင်မယ် ဆိုရင်တော့ ထောက်ခံသူက ၄၆ ရာခိုင်နှုန်း ရှိပါတယ်။ ထင်ရှားတဲ့ Pew သုတေသနဌာနရဲ့ စစ်တမ်းမှာတော့ လေကြောင်းက တိုက်ခိုက်မှုကို ကန့်ကွက်သူ ၄၈ ရာခိုင်နှုန်းနဲ့ ထောက်ခံသူ ၂၉ ရာခိုင်နှုန်းသာ ရှိနေတာပါ။
စစ်တမ်းကောက်ခံမှုရဲ့ ၇၄ ရာခိုင်နှုန်းကတော့ လေကြောင်း ထိုးစစ်တွေကြောင့် အမေရိကန် ဆန့်ကျင်တဲ့အမြင်တွေ ပေါ်ပေါက်နိုင်တယ်လို့ မြင်ကြသလို၊ ၆၁ ရာခိုင်နှုန်းကတော့ အမေရိကန်အနေနဲ့ စစ်ပွဲမှာ ရေရှည်ပါဝင်သွားရမယ့် အခြေအနေမျိုး ဖြစ်လာနိုင်တယ်လို့ ယူဆကြပါတယ်။
စစ်တမ်း ၂ ခုစလုံးကိုတော့ စစ်ရေးအရ အရေးယူမယ့် အစီအစဉ်တွေကို ထောက်ခံမှုရအောင် သမ္မတ အိုဘားမားနဲ့ ထိပ်တန်း အစိုးရအရာရှိတွေ နောက်ဆုံးအကြိမ် ကြိုးပမ်းခဲ့တဲ့ အချိန်မတိုင်မီ သြဂုတ်လ ၂၉ ရက်နေ့ကနေ စက်တင်ဘာလ ၁ ရက်နေ့အတွင်း လူပေါင်း ၁ ထောင်ကျော်ရဲ့ သဘောထားတွေကို အခြေခံစစ်တမ်း ကောက်ယူထားတာ ဖြစ်ပါတယ်။
ဆီးရီးယားကိုအရေးယူဖို့ အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီဆုံးဖြတ်
အရပ်သားတွေကို ဓာတုလက်နက်သုံး တိုက်ခိုက်ခဲ့တဲ့ ဆီးရီးယားအစိုးရကို စစ်ရေးအရ အရေးယူဖို့အတွက် ထောက်ခံမဲ ၁၀ မဲ၊ ကန့်ကွက်မဲ ၇ မဲနဲ့ ဗုဒ္ဓဟူးနေ့မှာ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကို လုပ်ပိုင်ခွင့် ပေးခဲ့တာဖြစ်ပါတယ်။
အရေးယူတဲ့ကာလကို ရက်ပေါင်း ၉၀ ထက် မပိုရဆိုတဲ့ သတ်မှတ်ချက်ထားဖို့ အထက်လွှတ်တော်က ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန် ကြည်းတပ်သားတွေကို ဆီးရီးယားမှာ ချမထားဖို့ သတ်မှတ်လိုက်ပြီး အမေရိကန် ပြည်ထောင်စုကို နောက်ထပ် စစ်ပွဲတပွဲ ထပ်ပြီး မနွှဲစေချင်တဲ့ လွှတ်တော်အမတ်တွေကို အာမခံချက်ပေးခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်အတွက် အထက်လွှတ်တော်မှာ မဲခွဲမှာဖြစ်သလို အောက် လွှတ်တော်မှာလည်း မဲခွဲဆုံးဖြတ်ချက် ရယူမှာဖြစ်ပါတယ်။ အထက်လွှတ်တော် မှာ ပါတီ ၂ ရပ်စလုံးက အမြန် ဆုံးဖြတ်လုပ်ဆောင်ကြဖို့ သမ္မတအိမ်ဖြူက
ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပြီး အခုလို ဆီးရီးယားကို အရေးယူဖို့ ဆုံးဖြတ်ချက် ချတာဟာ အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေး တိုးမြင့် ခိုင်မာစေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ဆီးရီးယားကိစ္စအတွက် ဘောင်သတ်မှတ်မှုကို သမ္မတ အိုဘားမားက ချမှတ်လုပ်ဆောင်တာမဟုတ်ဘဲ၊ ပထမကမ္ဘာစစ်ကြီးအပြီး အဆိပ်ဓာတ်ငွေ့ သုံးစွဲမှုကို တားမြစ်ခဲ့တာဟာ တကမ္ဘာလုံးအတိုင်းအတာနဲ့ လုပ်ဆောင်ခဲ့တာ သာဖြစ်ကြောင်း သမ္မတ အိုဘားမား က လွှတ်တော်မှာ မဲခွဲ မဆုံးဖြတ်ခင်မှာပဲ
ပြောကြားခဲ့ပါတယ်။
အလုပ်ချိန် ၈ နာရီထက် ပိုမိုခိုင်းစေခံရလျှင် တိုင်ကြားနိုင်သည် ဟုဆို
အလုပ်ချိန် ၈ နာရီနှင့် အချိန်ပို ၃ နာရီထက် ပိုခိုင်းသည့် စက်ရုံ၊ အလုပ်ရုံနှင့် ကုမ္ပဏီများကို တိုင်ကြားပါက ဝန်ကြီးဌာနက စစ်ဆေးကာ တရားစွဲသွားမည် ဖြစ်ကြောင်း သိရသည်။
မည်သည့် အလုပ်သမားမဆို သတ်မှတ် အလုပ်ချိန်ထက် ကျော်လွန်အောင် ခိုင်းစေခြင်းခံရပါက အလုပ်သမား ဝန်ကြီးဌာနသို့ တိုင်ကြားနိုင်ကြောင်း၊ အဆိုပါ တိုင်ကြားချက်ကို မူတည်ကာ စစ်ဆေးမည်ဖြစ်ပြီး အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးနှစ်ဘက် ညှိနှိုင်းပေးမည် ဖြစ်သော်လည်း မရပါက အလုပ်ရှင်ကို တရားစွဲမည်ဟု အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ဒု ညွှန်ကြားရေး မှူးချုပ် ဦးစောနိုင်က ပြောသည်။
"ပုဂ္ဂလိကဖြစ်ဖြစ်၊ အစိုးရဖြစ်ဖြစ် ဘယ်အလုပ်သမားမဆို ဝန်ကြီးဌာနကို တိုင်မယ်ဆိုရင် ဖြေရှင်းပေးမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အလုပ်သမား အခွင့်အရေးအရ အိမ်ဖော် ဆိုရင်တောင် ၈ နာရီထက် ပိုလုပ်ရရင် တိုင်လို့ရတယ်၊ ဖြေရှင်းလို့ မရရင်တော့ အလုပ်ရှင်ကို တရားစွဲမှာပါ" ဟု ဒု ညွှန်ကြားရေးမှူးချုပ် ဦးစောနိုင်က ဧရာဝတီသို့ ပြောသည်။
ဝန်ကြီးဌာနသို့ တိုင်ကြားနိုင်သည့် အစီအစဉ်ကို စတင် ဆောင်ရွက်နေပြီ ဖြစ်ပြီး သာမန် တိုင်ကြားမှုမျိုးနှင့် ပစ်စာများအတွက် တိုင်ကြားသူ၏ အမည်ကို လျှို့ဝှက်ပေးထားမည် ဖြစ်ကြောင်း၊ ဝန်ထမ်း နစ်နာမှု တိုင်ကြားခြင်း အတွက်သာ အမည်ဖော်ပြပြီး ဖြေရှင်းသွားမည် ဖြစ်ကြောင်း သိရသည်။
"ဝန်ထမ်းတွေ ဘက်က တိုင်ဖို့ဆိုတာ ခက်တယ်၊ စက်ရုံ အလုပ်ရုံတွေက အချိန်ပိုခိုင်းတယ် ဆိုတာကို ဌာနက ဝင်စစ်ပေါ့၊ အလုပ်သမားတွေ ဘက်က အချိန်ပို ဆင်းတယ်ဆိုတာ ဖိစီးမှု သိပ်ကိုကြီးတယ်လေ။ တိုင်ရင် အရေးယူပါမယ် ဆိုတာကတော့ ၁၀ စုနှစ် တခုလောက် ပြောလာတာပဲ၊ လက်တွေ့ကျကျ ကွင်းဆင်း ကျပ်မတ်ဖို့တော့ လိုတာပေါ့။ တိုင်တဲ့ အလုပ်သမားကို
ဥပဒေအရ ဘယ်လို အကာအကွယ် ပေးမလဲဆိုတာလည်း လိုသေးတယ်။ ဝန်ထမ်းကို တိုင်လို့ မဖြုတ်ပစ်ပေမယ့် နည်း အမျိုးမျိုး သုံးပြီး ဖြုတ်ချင်ရင် ရတာပဲလေ" ဟု အလုပ်သမား၊ အလုပ်ရှင် အငြင်းပွားမှုဆိုင်ရာ ဖြေရှင်းရေး ခုံသမာဓိ ကောင်စီဝင် ဦးရဲနိုင်ဝင်းက ပြောသည်။
စက်ရုံ၊ အလုပ်ရုံများတွင် အချိန်ပိုနှင့် All Night (တညလုံး အလုပ်ချိန်ပို ဆင်းရခြင်း) များ ရှိခဲ့သည်မှာ ဆယ်စုနှစ် တစုပင် ကျော်ခဲ့ပြီဖြစ်ကြောင်း သူက ဆိုသည်။
"ကျမတို့က အလုပ်ချိန်ပို ဆင်းခိုင်းလို့ တိုင်ရမယ် ဆိုတာတော့ ခက်တယ်။ နာမည် မဖော်ဘူးပဲ ပြောပြော၊ တဆင့်စကားနဲ့ တိုင်တယ်ဆိုတာ ပေါ်သွားရင် ပြဿနာ ဖြစ်နိုင်တယ်လေ။ အော်ဒါထည် ပါးတဲ့ အချိန်တွေ ဆိုရင်တော့ အချိန်ပို သိပ် မဆင်းရဘူး၊ အထည်တွေပုံ လာပြီ ဆိုရင်တော့ တပတ်၊ နှစ်ပတ် ဆက်တိုက် ညလုံးပေါက် ဆင်းခိုင်းတာတွေ ရှိတယ်" ဟု မင်္ဂလာဒုံ စက်မှုဇုန်အတွင်းရှိ အထည်ချုပ် စက်ရုံတရုံမှ အလုပ်သမ မသဲစုမွန်က ပြောပြသည်။
မင်္ဂလာဒုံ စက်မှုဇုန်နှင့် အနီးတဝိုက်ရှိ အထည်ချုပ် စက်ရုံအများစုတွင် အလုပ်ချိန်ကို မနက် ၈ နာရီမှ ည ၉ နာရီအထိ ပျှမ်းမျှ သတ်မှတ်လေ့ရှိပြီး အလုပ်များသည့်အပေါ် မူတည်ကာ ည ၁၂ နာရီ အထိလည်းကောင်း၊ မနက် ၆ နာရီ အထိလည်းကောင်း ထပ်မံ အချိန်ပို ဆင်းရလေ့ရှိကြောင်း သိရသည်။
အချိန်ပိုကြေးကိုမူ တနာရီလျှင် ကျပ် ၃၀၀ မှ ၈၀၀ ကျပ် အကြား တွက်ကာ ပေးကြောင်း၊ ညလုံးပေါက် အလုပ် ဆင်းရသူများ ကို ညစာစားရန် အတွက် မုန့်ဖိုး ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ် အကြား ပေးကြောင်း အလုပ်သများများက ပြောကြသည်။
စက်ရုံ အလုပ်ရုံများအပြင်၊ ပုဂ္ဂလိက ကုမ္ပဏီတချို့တွင်လည်း အလုပ်ချိန် ပိုဆင်းရသော်လည်း အချိန်ပိုကြေး မရသည့် ပြဿနာများ ရှိကြောင်း၊ တခါတရံတွင် ဝန်ထမ်းလစာကို သတ်မှတ်ရက်ထက် တပတ်၊ ၂ ပတ် နောက်ကျပြီးမှ ထုတ်ပေးခြင်း၊ အလုပ်တက်ချိန် နောက်ကျသည်နှင့် နောက်ကျကြေးဟု ဆိုကာ ကျပ် ၁၀၀၀ မှ ၂၀၀၀ ကျပ် အထိ လစာငွေထဲမှ ဖြတ်ယူခြင်း၊ နေထိုင်မကောင်း၍ ခွင့်ယူပါကလည်း တရက်စာ ပျက်ရက်ကြေး အဖြစ် လစာဖြတ်ခြင်းများ ရှိကြောင်း သိရသည်။
ဆယ်တန်းကျောင်းသား သေဆုံးမှုအတွက် စွပ်စွဲခံရသည့်ရဲကို တရားရုံးကအမိန့်ချတော့မည်
ဒု-တပ်ကြပ် သဲမောင်မောင်၏ အမှုကို လာမည့်စက်တင်ဘာ ၁၀ ရက်တွင် ရွှေတောင်မြို့နယ်တရားရုံးက အမိန့် ချတော့မည်ဟု အဆိုပါတရားရုံးမှ စုံစမ်းရရှိသည်။
သာမန်အတိုင်းဆိုလျှင် စက်တင်ဘာ ၃ ရက်က ထိုအမှုကိုအမိန့်ချမှတ်ရမည်ဖြစ်သော်လည်း ဒု-တပ်ကြပ် သဲမောင်မောင်သည် နှလုံးသွေးကြောကျဉ်းရောဂါရှိနေကြောင်း ဆရာဝန်ကထောက်ခံသဖြင့် တရားသူကြီးက ခွင့်ပေးခဲ့ကြောင်းလည်း စုံစမ်းရရှိသည်။
အမှု၏တရားလိုဖြစ်သည့် သေဆုံးသူကျောင်းသား၏ ဖခင်ဦးအေးဟုန်ကမူ ဒု- တပ်ကြပ်က ထိုသို့တရားရုံးကို ခွင့်တိုင်ကြားခြင်းသည် အချိန်ဆွဲနေခြင်းဖြစ်သည်ဟု စွပ်စွဲပြောဆိုသည်။ သို့သော် သူက "တရားသူ ကြီးကတော့ ဒါနောက်ဆုံးအကြိမ်လို့ ပြောတယ်" ဟုလည်းရှင်းပြသည်။
ယခုတရားစွဲဆိုထားသော အမှုသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ဇန်န၀ါရီ ၃ ရက်က ပြည်မြို့၊ စည်တော်မင်္ဂလာ ရပ်ကွက်တွင် ဖြစ်ပွားခဲ့သော ကျောင်းသားတစ်ဦး သေဆုံးပြီး၊ ကျန်လူငယ်တစ်ဦး အပြင်းအထန် ဒဏ်ရာ ရသွားသည့်ကိစ္စဖြစ်သည်။
သေဆုံးသူ မောင်ကောင်းဆက်ပိုင်နှင့် ဒဏ်ရာရရှိသွားသူ ကိုဇော်လင်းဦးတို့သည် ထိုနေ့က ဆိုင်ကယ်စီးနင်း သွားလာနေစဉ် ဒု-တပ်ကြပ် သဲမောင်မောင်က ဆိုင်ကယ်ဖြင့်လိုက်လာပြီး နောက်မှထိုင်စီးသူ ကိုဇော်လင်းဦး ကို ဆွဲချခဲ့သလို၊ ဆိုင်ကယ်မောင်းနေသူ မောင်ကောင်းဆက်ပိုင်ကိုလည်း ခြေထောက်ဖြင့် ကန်လိုက်သည်ဟု တရားလိုဘက်က တရားရုံးတွင် စွပ်စွဲထွက်ဆိုထားသည်။
ထို့ကြောင့် ကိုဇော်လင်းဦးမှာ ဆိုင်ကယ်ပေါ်မှပြုတ်ကြကာ ဒဏ်ရာအပြင်းအထန်ရခဲ့သလို၊
မောင်ကောင်းဆက်ပိုင် သည်လည်း ဆိုင်ကယ်အရှိန်မထိန်းနိုင်ဘဲ လဲကျသွားကာ ဓာတ်တိုင်၊ အုတ်ခုံတို့နှင့်
ဆောင့်မိခဲ့ရာ ပြည်မြို့ ဆေးရုံကြီးသို့ ပို့ဆောင်စဉ်လမ်းတွင်ပင် သေဆုံးခဲ့ရသည်ဟုလည်း တရားလိုဘက်က ဆိုထားသည်။
ဒု-တပ်ကြပ် သဲမောင်မောင်ကမူ ခိုက်ရန်ဖြစ်ပွားမှုတစ်ခုတွင် မျက်မြင်သက်သေဖြစ်သော
မောင်ကောင်းဆက်ပိုင် ကို ရဲစခန်း၌သက်သေထွက်ဆိုရန် လိုက်လံရှာဖွေစဉ် လှမ်းတွေ့လိုက်သဖြင့် နောက်မှ လိုက်လံ တားဆီးခဲ့ခြင်းဖြစ်ကြောင်း၊ သူဆိုင်ကယ်နှင့် နောက်မှလိုက်ခဲ့သည်မှာ မှန်ကန်သော်လည်း ၎င်း ဆိုင်ကယ် အနီးသို့ အရောက်တွင် မောင်ကောင်းဆက်ပိုင်တို့စီးလာသည့် ဆိုင်ကယ်မှာ တိမ်းမှောက်ပြီ
ဖြစ်ကြောင်း၊ ဆိုင်ကယ်မှောက်သည်မှာလည်း အနီးရှိသစ်ပင်နှင့်ချိတ်မိ၍ မှောက်ခြင်းဖြစ်နိုင်ကြောင်း တရားရုံးတွင် ခုခံချေပထားသည်။
မောင်ကောင်းဆက်ပိုင် သေဆုံးမှုနှင့် ပတ်သက်၍ မှုခင်းဆရာဝန် ဒေါက်တာ သန်းဝင်းက စစ်ဆေးခဲ့ရာ ဦးခေါင်းခွံနှင့် နံရိုးများကျိုးပဲ့ပြီး ဦးနှောက်အတွင်း သွေး ထွက်လွန်ကာ သေဆုံးခြင်းဖြစ်ကြောင်း၊ သေဆုံး သူသည် အရက်သေစာ သောက်စားထား ခြင်းမရှိကြောင်း မှုခင်းမှတ်တမ်းတွင် မှတ်ချက်ပြုထားသည်။ ကိုဇော်လင်းဦးသည်လည်း အဆုတ်ပေါက်ထွက်ပြီး အဆုတ်အတွင်းသို့ သွေးများ ၀င်ရောက်သဖြင့် ပြည်
ဆေးရုံကြီး တွင် ခွဲစိတ်ကုသခဲ့ရသည်ဟု တရားလိုဘက်မှပြောသည်။
ထိုအမှုကို ပြည်မြို့ရှိ မြို့မရဲစခန်းသို့ တိုင်ကြားသော်လည်း အမှုဖွင့်မပေးသဖြင့် ခရိုင်ရဲမှူးနှင့် တိုင်းရဲမှူးတို့ထံ တိုင်စာရေး သားပေးပို့ခဲ့ကာ မြို့နယ်တရားရုံး၌ ဦးတိုက်လျှောက်ထားခဲ့ရကြောင်း ဦးအေးဟုန်က ပြောသည်။
သေဆုံးသူ၏မိခင် ဒေါ်ကြည်ကြည်မြင့်ကလည်း "စခန်းမှာ အမှုသွားဖွင့်တော့လည်း လက်မခံခဲ့ဘူး။ ခရိုင် ဥပဒေရုံးကို ဦးတိုက်လျှောက်တော့ ခရိုင်ရဲမှူးက အမှုဖွင့်ပေးလိမ့်မယ်ဆိုပြီး တစ်ပတ်စောင့်ခိုင်းတယ်" ဟု ထိုစဉ်က ကြုံတွေ့ခဲ့သည်ကို ပြန်ပြောပြသည်။
ထိုအမှုသည် ရုံးချိန်းပေါင်း ၆၀ ကြိမ်ခန့် တရားရင်ဆိုင်ခဲ့ရပြီး အချိန်နှစ်နှစ်နီးပါးပင် ကြာမြင်ခဲ့ကြောင်း တရားလိုများက ဆိုသည်။
စွပ်စွဲခံထားရသူ ဒု-တပ်ကြပ်သည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄ (က) ပေါ့လျော့မှုကြောင့် လူသေမှု၊ ပုဒ်မ ၃၃၈ အပြင်းအထန် နာကျင်စေမှုတို့ဖြင့် တရားစွဲခံထားရခြင်းဖြစ်ပြီး သူသည် ရဲလုပ်သက် ၁၂ နှစ်
ကျော်ရှိပြီဖြစ်သည်။
ကလေးအဖေတစ်ဦး ကြိုးဆွဲချ၍ မိမိကိုယ်ကို အဆုံးစီရင်
အဆိုပါကြိုးဆွဲချသေဆုံးမှုမှာ သုံးခွမြို့နယ် မဟာမိတ်ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းနေ့မွန်းလွဲ ၁ နာရီ အချိန်တွင် မြို့နယ်ရဲစခန်း တာဝန်ရှိသူများက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြသည်ဟု ရဲဌာန၏ မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။
သေဆုံးသူအမျိုးသားမှာ အသက် ၂၆ နှစ်ရှိပြီဖြစ်ပြီး ၎င်းသည်နေအိမ်အတွင်း ခြောက်ပေခန့်မြင့်သည့် ထုတ်တန်းတွင် ကလေးပုခက်ကြိုးဖြင့်ကြိုးဆွဲချ သေဆုံးနေခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က မှတ်တမ်းတင် ထားသည်။
ထိုအမှုနှင့်ပတ်သက်၍ သေဆုံးသူ၏ ဇနီးဖြစ်သူနှင့် မိသားစုဝင်များ၏ ပြောပြချက်အရ ၎င်းသည် အရက် အလွန်အကျွံ သောက်ပြီး စိတ်ပိုင်းဆိုင်ရာ ဝေဒနာခံစားနေရကြောင်း ကနဦးစစ်ဆေးချက်များအရ သိရှိထားရသည်ဟုလည်း ရဲကဆိုထားသည်။
ရဲများက ၎င်းကိစ္စနှင့်ပတ်သက်၍ အမှန်တကယ် ကြိုးဆွဲချ၍သေဆုံးခြင်း ဟုတ်မဟုတ် ဆက်လက်စစ်ဆေးရန် အလောင်းကို သုံးခွဆေးရုံသို့ ပို့ဆောင်ထားကြောင်း၊ ရဲစခန်းကလည်း သေမှုသေခင်းအမှတ်စဉ် ၂၃/ ၂၀၁၃ဖြင့် အမှုဖွင့်ထားကြောင်း တိုင်းရဲဌာနကသတင်းထုတ်ပြန်ထားသည်။
ဇော်ဇော်ထွေး
Mizzima - News in Burmese
ဘူးသီးတောင် အထကခွဲ (၂) ခြိမ်းခြောက်ခံနေရ
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ အစိုးရ အထက်တန်းကျောင်းခွဲ (၂) မှ ဆရာ ဆရာမများကို အမည်မသိ ဆူပူ သောင်းကျန်းလိုသူ အချို့မှ ခြိမ်းခြောက်မူများ ရှိနေသည်ဟု သတင်း ရရှိသည်။
၎င်း အထကခွဲ (၂) သည် ဘူးသီးတောင်မြို့ အနောက်ကွင်းခေါ် အမှတ်(၁)ရပ်ကွက်တွင် တည်ရှိပြီး ဘင်္ဂလီ ကျောင်းသား အများစု သင်ကြားနေသော ကျောင်း ဖြစ်သည်ဟု သိရသည်။
လွန်ခဲ့သောလ သြဂတ်စ်လ ၂၁ ရက်နေ့က ၎င်းအခြေခံပညာအထက်တန်းကျောင်းခွဲ(၂) တွင် စစ်ဝတ် ပြောက်ကျား ဂျာကင်(၁) ထည်၊ စစ်ဖိနပ်(၁) ရံ၊ တောဆောင်း စစ်ဦးထုပ် (၁)လုံး၊ ခြေအိတ်(၁) စုံ နှင့် စွပ်ကျယ်(၁)ထည်ကို ကျောင်းဝင်းရှေ့ အုတ်ထရံအနီးတွင် အမည်မသိသူများက လာရောက်ချထားခဲ့သည်ဟု ဆိုသည်။
၎င်းစစ်အသုံးအဆောင် ပစ္စည်းများကို ကျောင်းဝင်းရှေ့တွင် လာရောက် ချထားခြင်းမှာ ဆရာ ဆရာမများကို ခြိမ်းခြောက်လို၍ ဖြစ်ကြောင်း အမည်မဖေါ်လိုသူ ဆရာ တစ်ဦးက ပြောသည်။
၎င်းစစ်အသုံးအဆောင် ပစ္စည်းများကို ရဲတပ်ဖွဲ့က လာရောက် စစ်ဆေးပြီး သိမ်းယူသွားခဲ့သည်ဟု ဆိုသည်။
ယင်းမတိုင်မှီ အစွန်းရောက် အစ္စလာမ်မစ် အဖွဲ့ တစ်ခုမှ ဘူးသီးတောင်တွင် ဗုံးခွဲမည်ဆို၍ အဆိုပါ ကျောင်းအား (၂) ကြိမ်တိုင်တိုင် စစ်တပ်မှ လာရောက် စစ်ဆေးခဲ့သည်ဟု ၎င်းဆရာက ပြောသည်။
ဆရာ ဆရာမများ အနေဖြင့် လုံခြုံရေး စိုးရိမ်ရသဖြင့် ကျောင်းသို့ သွားရောက် စာပြရန်မှာ ၀န်လေး နေကြပြီး အချို့ ဆရာ ဆရာမများမှာ ကျောင်းသို့ မသွားရဲဘဲ ဖြစ်နေကြသည်ဟု ဆိုသည်။
၎င်းနောက်ပိုင်း လုံခြုံရေးကြောင့် ကျောင်းပျက်ကွက်သော ဆရာ ဆရာမများအား ဒေသခံ ဘင်္ဂလီ ကျောင်းသားမိဖများက အထက်သို့ တိုင်ကြားမူများ ရှိလာသဖြင့် ဆရာ ဆရာမများ အနေဖြင့် အခက်ကြုံနေကြရသည်ဟု ဆိုသည်။
အချို့ ဆရာ ဆရာမများမှာ အလုပ်ထွက်ရန်ထိ စဉ်းစားနေကြပြီး အချို့မှာ ခြိမ်းခြောက်မူများရှိနေသော်လည်း ၀မ်းရေး အတွက် သွားရောက် စာပြနေကြသည်ဟု ဆိုသည်။
သက်ဆိုင်ရာ ပညာရေးဌာနမှ အထက်အာဏာပိုင်များ အနေဖြင့် အထက ခွဲ(၂) တွင် ဖြစ်ပေါ်နေသော ခြိမ်းခြောက်ခံ ပြဿနာအား အမြန်ဆုံး ဖြေရှင်းပေးရန်ကို ဆရာ ဆရာမများက အထူး လိုလားနေကြသည်ဟု အဆိုပါ ဆရာက ပြောသည်။
သြဂတ်စ် ၁၈နှင့် ၁၉ ရက် နေ့များတွင် ဘူးသီးတောင်တွင် ဗုံးဖေါက်ခွဲမည့် သတင်းများကြောင့် အထက်တန်းကျောင်းများ အပါအဝင် မြို့ပေါ်ကျောင်းများတွင် လုံခြုံရေး တင်းကျပ်စွာ ချထားခဲ့ရသည်ဟု သိရသည်။
(နိရဉ္စရာ- ၄ စက်တင်္ဘာ ၂၀၁၃)
ရှေ့ကားကို ကျော်တက်သည့်ကားက ကျောင်းသားနှစ်ဦးကို ၀င်တိုက်မိ
သမိုင်းဘူတာရုံလမ်းမှ သမိုင်းခုံးတံတားအနီး အတက်တွင် နံနက် ၆ နာရီအချိန်၌ ထိုယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒိုင်နာယာဉ်မောင်းမှာ မင်္ဂလာဒုံမြို့နယ်တွင် နေထိုင်သည့် အသက် ၃၆ နှစ်အရွယ် ကိုမင်းမင်းထွန်း ဆိုသူဖြစ်ကြောင်း ရဲဌာနက အတည်ပြုထားသည်။
ထိုကားသည် ၁၂၁ ယာဉ်လိုင်းမှ ခရီးသည်တင်ကားဖြစ်ပြီး ကားတိုက်ခံရသည့် ကလေးများမှာ န၀မတန်းကျောင်းသား များဖြစ်ကြပြီး နှစ်ဦးလုံး အသက် ၁၄ နှစ်အရွယ်သာရှိသေးကြောင်း ရဲဌာန၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။
ကလေးနှစ်ဦးသည် ကားတိုက်ခံရမှုကြောင့် တံတောင်ဆစ်၊ နှုတ်ခမ်း၊ နားထင် နှင့် ပုခုံးတို့တွင် အသီးသီးဒဏ်ရာ ရရှိခဲ့ကြပြီး အင်းစိန်ဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသခံနေရာ ဒဏ်ရာများမှာ မစိုးရိမ်ရကြောင်း ရဲဌာနက သတင်းထုတ်ပြန်ထားသည်။
ထို့ပြင် ကားပေါ်တွင်လိုက်ပါလာသော အသက် ၁၀ နှစ်အရွယ် သီလရှင်လေးတစ်ပါးလည်းပါးနှင့် ဒူးပွန်းပဲ့ ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသထားသည်ဟုလည်း ရဲမှတ်တမ်းတွင်တွေ့ရသည်။
ယခုကိစ္စကြောင့် ယာဉ်မောင်း ကိုမင်းမင်းထွန်းကို ယာဉ်မဆင်မခြင်မောင်းနှင်သူအဖြစ် ယာဉ်ထိန်းရဲအုပ် င်းဌေးက စွပ်စွဲတိုင်တန်းသဖြင့် မြို့နယ်ရဲစခန်းတွင် အမှုအမှတ်(ပ) ၃၃/၂၀၁၃ဖြင့် အမှုဖွင့်ထားကြောင်း၊ ၎င်းကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၇၉/၃၃၇/ ၃၃၈ တို့ဖြင့် တရားစွဲမည်ဖြစ်ကြောင်း တိုင်းရဲဌာနက သတင်းထုတ်ပြန်သည်။
ဇော်ဇော်ထွေး
Mizzima - News in Burmese
တစ်ဖက်နိုင်ငံသို့လူကုန်ကူးမည့်အမျိုးသမီးနှစ်ဦးအား ဖမ်းမိ
တံခွန်တိုင်ရပ်ကွက်အုပ်ချုပ် ရေးမှူး ဦးအောင်ကျော်စိုးသည် ၎င်း၏နယ်မြေအတွင်း တရုတ် နိုင်ငံ ကျယ်ဂေါင်မှ အမျိုးသမီး တစ်ဦးရောက်ရှိပြီး အမျိုးသမီး ငယ်များအား စည်းရုံးခေါ်ဆောင် နေကြောင်းသတင်းအရ လူကုန် ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ် ဖွဲ့(မန္တလေး)မှ ရဲအုပ်ထင်အောင် ရဲမြင့်နှင့် ရဲတပ်ကြပ်ကြီး ညီညီ မြင့်မောင်တို့ကစုံစမ်းခဲ့ရာ မစန္ဒာ (ခ)မငယ်လေးသည် တရုတ်နိုင်ငံ ကျယ်ဂေါင်တွင်နေထိုင်ပြီး အနှိပ် ခန်းဖွင့်လှစ်ထားကြောင်း၊ မိန်း ကလေးငယ်များကို စုဆောင်း ခေါ်ဆောင်ပြီး အနှိပ်ခန်းတွင် အလုပ်လုပ်ခိုင်းကာ ရောင်းစား ကြောင်း အသက်ငယ်ငယ်အမျိုး သမီးသုံးဦးခန့် ခေါ်ယူလိုကြောင်း သိရသည်။
လူကုန်ကူးမှုတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့ဝင်များသည် တံ ခွန်တိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အမျိုးသမီးရေးရာအဖွဲ့ တို့နှင့်ညှိနှိုင်းကာ မိမိ၏အမာခံ ဖြစ်သော မ-----အား အသွင် ယူပြီး ဩဂုတ်၃ဝရက် မွန်းလွဲ၁ နာရီခန့်တွင် မစန္ဒာ(ခ)မငယ်လေး ရောက်ရှိနေသောအိမ်သို့ စေလွှတ် ကာ မွန်းလွဲ၂နာရီတွင် ရဲတပ်ဖွဲ့ ဝင်များ၊ အသိသက်သေများနှင့် စောင့်ဆိုင်းနေစဉ် ၎င်းတို့ငှားရမ်း သုံးစွဲနေသော ၉က/----ခဲရောင် ဗင်ကားအားတားဆီးပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ယူစစ် ဆေးခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့ ကျယ်ဂေါင် (၅)လမ်းနေသူများ ဖြစ်သည့် မစန္ဒာ(ခ)မငယ်လေး နှင့် မဇင်မျိုးခိုင်တို့၏ ထွက်ဆို ချက်အရ ကျယ်ဂေါင်တွင် ထူးကဲ အမည်ဖြင့် အနှိပ်ခန်းဖွင့်လှစ်ထား ကြောင်း၊ အဆိုပါအနှိပ်ခန်းအ တွက် မန္တလေးသို့ မိန်းကလေးများ လာရောက်ခေါ်ယူ စုဆောင်းခြင်း နှင့် ရောင်းစားရန်အတွက်ဖြစ် ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ သဖြင့် မစန္ဒာ(ခ)မငယ်လေးနှင့် မဇင်မျိုးခိုင်တို့အား လူကုန်ကူး မှု တားဆီးကာကွယ်ရေးဥပဒေ အရ အရေးယူပေးပါရန် ရဲအုပ် ထင်အောင်ရဲမြင့်က တရားလိုပြု လုပ်တိုင်တန်းခဲ့ရာ ပြည်ကြီးတံခွန် မြို့မရဲစခန်းမှ (ပ)၄၄၇/၂၀၁၃ လူကုန်ကူးမှုပုဒ်မ ၂၄/၃၂အရ အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။
မန်းကိုကို ၊ မန္တလေး ၊စက်တင်ဘာ(၃)
Yangon Media Group
မလေးရှားက မြန်မာတွေကို ဟုတ်မှန်ကြောင်း စိစစ်ပြီးမှ အစိုးရပြန်ခေါ်မယ်
မလေးရှားနိုင်ငံမှာ စက်တင်ဘာ ၁ ရက်နေ့ကစပြီး တရားမ၀င်နေထိုင် အလုပ်လုပ်ကိုင်နေသူများကို စီမံချက်နဲ့လူပေါင်း ၈၁၀၀ ကို ဖမ်းစီးခဲ့ပြီး အဲဒီထဲက တရားဝင် အလုပ်လုပ်ခွင့် အထောက်အထား မ ရှိသူ အယောက် ၂၄၀၀ ကို သက်ဆိုင်ရာ ဌါနေ နိုင်ငံတွေ ကို ပြန် ပို့ဖို့ စီစဉ်သွားမယ်လို့ သိရပါတယ်။
အဲဒီ ထိန်းသိမ်းထားတဲ့အထဲက မြန်မာနိုင်ငံ ၅၅၅ အင်ဒိုနီးရှားနိုင်ငံသား ၇၁၇ ယောက်ဘင်္ဂလားဒေ့ရှ်နိုင်င ၃၈၇ ယောက်၊ နီပေါနိုင်ငံ က ၂၂၉ ယောက် နဲ့ ကျန် တဲ့ လူတွေက ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ တရုတ်၊ နိုင်ဂျီးရီးယားနိုင်ငံ ကဖြစ် ကြတယ်လို့ ပါရှိ ပါတယ်။
မြန်မာနိုင်ငံက အဖမ်းခံရတဲ့အထဲက အများစုဟာ ချင်း တိုင်းရင်းသားတွေ ဖြစ်ကြတယ်လို့ လဲ သိ ရ ပါတယ်။ အခုလို တရားမဝင် အလုပ်လုပ်ကိုင်နေသူတွေ မလေးရှားမှာ ၇ သိန်းလောက် ရောက် ရှိ နေ တဲ့ အတွက်၊ ၃လ ကြာ စီမံကိန်း နဲ့ အယောက် ၅သိန်းကို ဖမ်းစီး ပြန်ပို့မှာဖြစ်တယ်လို့ သိ ရ ပါတယ်။
ABC Radio Australia