Saturday, April 13, 2013

မြန်မာနိုင်ငံနှစ်သစ်မှာ ငြိမ်းချမ်းဖို့ အမေရိကန်ဆုတောင်း

မြန်မာပြည်သူတွေအတွက် ပျော်ရွှင်စရာကောင်းတဲ့ နှစ်သစ်ကူး သင်္ကြန်အခါ သမယ ဖြစ်ပါစေလို့ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားနဲ့ အမေရိကန် ပြည်သူတွေ ကိုယ်စား နိုင်ငံခြားရေးဝန်ကြီး John Kerry က နှစ်သစ်ကူး ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

အခုလို နှစ်သစ်ကူးအချိန်အခါသမယမှာ မိသားစုတွေနဲ့အတူ မြန်မာပြည်သူတွေ အားလုံး ငြိမ်းချမ်၊ လုံခြုံမှုရှိပြီး၊  ပျော်ရွှင်စရာကောင်းတဲ့ နှစ်သစ်ကူးဖြစ်ပါစေလို့ အမေရိကန်ပြည်သူတွေက ဆုမွန်ကောင်းတောင်းတဲ့အကြောင်း နိုင်ငံခြားရေး ၀န်ကြီး ကယ်ရီက ပြောကြားလိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဖြစ်ခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်တဲ့ အကြမ်းဖက်မှုတွေကြောင့် လူအတော်များများက သင်္ကြန်အတွင်း လုံခြုံရေးအပေါ်စိုးရိမ်မှုတွေဖြစ်ပေါ်နေတာပါ။

ဒီကနေ့ကနေ စတင်တဲ့ သင်္ကြန်ပွဲတော်ကာလအတွင်း ရန်ကုန်နဲ့ တခြား မြို့တွေ မှာ လုံခြုံရေးကို အထူး တင်းကြပ်ထားတယ်လို့ မြန်မာ အာဏာပိုင်တွေက ပြော ပါတယ်။ ဒါ့အပြင် ဘေးကင်းလုံခြုံဖို့အတွက် ပြည်သူတဦးချင်းစီမှာလည်း လုံခြုံရေး အသိရှိဖို့ကလည်း အရေးကြီးတယ်လို့ ဆိုပါတယ်။

ရန်ကုန် နဲ့ မန္တလေးမြို့တွေမှာ ရဲတပ်ဖွဲ့ဝင်အင်အားကို ပြီးခဲ့တဲ့နှစ်တွေကထက် ၂ ဆ တိုးချဲ့ထားပြီး သင်္ကြန်အတွင်း တုတ်၊ ဒါးလက်နက် ကိုင်ဆောင်တာတွေ ကို တွေ့ရင်လည်း အရေးယူသွားမယ်လို့ မြန်မာအစိုးရ တာဝန်ရှိသူတွေက ဆိုထားပါတယ်။

တင်းမာမှုထိန်းဖို့ အမေရိကန်နဲ့ရုရှား မြောက်ကိုရီးယားကိုတိုက်တွန်း

ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ နောက်ထပ်တိုးလာအောင် မလုပ်ဖို့ အမေရိကန် နဲ့ ရုရှားနိုင်ငံတို့က မြောက်ကိုရီးယားနိုင်ငံကို တိုက်တွန်းလိုက် ပါတယ်။

မြောက်ကိုရီးယားအနေနဲ့ သူတို့ခြိမ်းခြောက်နေသလိုမျိုး နောက်ထပ် ဒုံးကျည် စမ်းသပ်မှု လုပ်မယ်ဆိုရင် အကြီးအကျယ်မှားယွင်းမှုဖြစ်မယ်လို့ အမေရိကန် နိုင် ငံခြားရေးဝန်ကြီး John Kerry က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကို ရောက် ရှိနေစဉ် သောကြာနေ့က ပြောလိုက်တာဖြစ်ပါတယ်။

မြောက်ကိုရီးယားအနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေ ကို လေ့လာပြီး၊ သူတို့ရဲ့ နျူးကလီးယားစီမံကိန်းနဲ့ ပတ်သက်ပြီး ဆွေးနွေးနေတဲ့ ၆ နိုင်ငံဆွေးနွေးပွဲကို ပြန်လည်စတင်ဖို့ ရုရှား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Igor Morgulov က မော်စကိုမြို့မှာ ပြောကြားလိုက်ပါတယ်။

ဒု-နိုင်ငံခြာရေးဝန်ကြီး မော်ဂူလော့ဗ်ဟာ ရုရှားနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီးနဲ့ တွေ့ဆုံစဉ် အဲဒီလို ပြောကြားခဲ့တာ ဖြစ်ပါ တယ်။ မြောက် ကိုရီးယားက အမေရိကန်နိုင်ငံ ပင်မကုန်းမြေ အပါအ၀င် ဒေသ တွင်းမှာရှိတဲ့ အမေရိကန်စစ်စခန်းတွေကို နျူးကလီးယားနဲ့ တိုက်ခိုက်သွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ မြောက်ကိုရီးယား က နောက်ထပ် ဒုံးကျည် စမ်းသပ်မှုတခု လုပ်ဖို့ နောက်ဆုံး အဆင့်ကို ရောက်နေပြီလို့ သတိပေးထား ပါတယ်။

အဲဒီ ဒုံးကျည်စမ်းသပ်မှုဟာ အချိန်မရွေးဖြစ်လာနိုင်တယ်လို့ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။ မြောက်ကိုရီးယား သူတို့ရဲ့ ခေါင်း ဆောင်ဟောင်း ကင်အီဆွန်းရဲ့ မွေးနေ့ဖြစ်တဲ့ တနင်္လာနေ့လောက်မှာ ဒုံးကျည်စမ်းသပ်တာတွေ ကို လုပ်လာနိုင်တယ်လို့ တောင်ကိုရီးယားက ပြောပါတယ်ခင်ဗျာ။

မိတ္ထီလာမြို့၌ ပဋိပက္ခ စတင်ဖြစ်ပွားရာ ရွှေဆိုင်မှ ရွှေဆိုင်ပိုင်ရှင်နှင့် ဆိုင်လုပ်သားတို့ကို တစ်ဦးလျှင် ထောင်ဒဏ် ၁၄ နှစ်စီ ကျခံစေရန် ဧပြီလ ၁၁ ရက်နေ့က အမိန့် ချမှတ်

မိတ္ထီလာမြို့၌ ပဋိပက္ခ စတင်ဖြစ်ပွားရာ ရွှေဆိုင်မှ ရွှေဆိုင်ပိုင်ရှင်နှင့် ဆိုင်လုပ်သားတို့ကို တစ်ဦးလျှင် ထောင်ဒဏ် ၁၄ နှစ်စီ ကျခံစေရန် မိတ္ထီလာမြို့နယ် တရားရုံးမှ ဧပြီ ၁၁ ရက်နေ့ ညနေပိုင်းက အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့ မြို့မဈေးအရှေ့ပြင်ရပ် နယူးဝိန့်စိန် ရွှေဆိုင်ပိုင်ရှင်နှင့် ဆိုင်လုပ်သားတို့အား မတ်လ ၅ ရက်နေ့ က မိတ္ထီလာမြို့ တရားရုံး၌ စတင် တရားစွဲဆိုခဲ့ကာ ဧပြီ ၁၁ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်အကျဉ်းမှာ မတ်လ ၂၀ ရက်နေ့ မနက်ပိုင်းတွင် အရှေ့ပြင်ဈေးရပ်ရှိ နယူးဝိန့်စိန် ရွှေဆိုင်သို့ မိတ္ထီလာမြို့နယ် ပြွန်ကောက်ကျေးရွာ သို့ ခေတ္ထ အလည် ရောက်ရှိနေသူ ဦးခင်မောင်ဝင်း ဇနီး မအေးနိုင်နှင့် မညိုသန်းတို့ သုံးဦးက ရွှေဆံကုတ် တစ်ခုအားသွားရောက် ရောင်းချခဲ့ကြောင်း ၊ ရွေဆိုင်ပိုင်ရှင် ဦးထွန်းထွန်းဦး နှင့်ဇနိးတို့က ရွှေဆံကုတ်အား ငွေကျပ် ၁၀၅၀ဝ၀ ပေးမည် ဟု သဘောတူခဲ့ပြီး ရွှေဆံကုတ်အား ဈေးအတွင်း ယူဆောင် မှတ်ကျောက်တင်ခဲ့ရာမှ ရွှေဆံကုတ်မှာ ပဲ့နေသဖြင့် ရွှေဆိုင်ပိုင်ရှင်က ကျပ် ၅၀ဝ၀ဝ သာပေးတော့မည် ဟု ပြန်ပြင် ပြောဆိုရာမှ စကားများခဲ့ပါသည်။ ထို့နောက် ရွှေဆိုင်ရှင်နှင့် ဇနိး၊ အလုပ်သမားတို့က ရွှေဆံကုတ်ရောင်းချသူ ဦးခင်မောင်ဝင်းအား ကိုယ်ထိလက်ရောက် ရိုက်နှက်သဖြင့် ရောင်းချသူ ဥိးခင်မောင်ဝင်းမှာ ပေါက်ပြဲဒဏ်ရာ၊ဖူးရောင်ဒဏ်ရာများ ရရှိခဲ့သဖြင့် မိတ္ထီလာမြို့ အမှတ် (၂) ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့ကြောင်း ကနဦး ရဲစခန်းတိုင်ချက်များအရ သိရှိရသည်။

အဆိုပါ အမှုကို မိတ္ထီလာမြို့နယ် တရားရုံးမှ ပြစ်မှုကြီး အမှုအမှတ် ၁၁၇၈/၂၀၁၃ ဖြင့် လက်ခံပြီး မိတ္ထီလာမြို့နယ် တရားသူကြီး ဒေါ်ခင်စန်းဝင်းမှ ကြားနာ စစ်ဆေးခဲ့ကာ ဧပြီ ၁၁ ရက်နေ့တွင် ထွန်းထွန်းဦး (ခ)အာရှစ် အသက် (၂၃)နှစ်အား ပုဒ်မ ၃၈၂ အရ အလုပ်နှင့် ထောင်ဒဏ် ခုနှစ်နှစ်၊ ပုဒ်မ ၃၂၅ အရ အလုပ်နှင့် ထောင်ဒဏ် ငါးနှစ်၊ ပုဒ်မ ၃၂၄ အရ အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ် စုစုပေါင်း ထောင်ဒဏ် (၁၄)နှစ် သီးခြား စီကျခံစေရန် ဟုလည်းကောင်း၊ ညီညီ(ခ)မင်းအောင် အသက် (၂၁)နှစ် အား ပုဒ်မ ၃၈၂ အရ အလုပ်နှင့် ထောင်ဒဏ် ခုနှစ်နှစ်၊ ပုဒ်မ ၃၂၅ အရ အလုပ်နှင့် ထောင်ဒဏ် ငါးနှစ် ၊ ပုဒ်မ ၃၂၄ အရအလုပ်နှင့်ထောင်ဒဏ် နှစ်နှစ် စုစုပေါင်း ထောင်ဒဏ် (၁၄)နှစ် သိးခြားစိကျခံစေရန် ဟု လည်းကောင်း၊ မမြင့်မြင့်အေး အသက် ၂၄ နှစ် အား ပုဒ်မ ၃၈၂ အရ အလုပ်နှင့် ထောင်ဒဏ်ခုနှစ်နှစ်၊ပုဒ်မ ၃၂၅/၁၁၄ အရ အလုပ်နှင့် ထောင်ဒဏ် ငါးနှစ်၊ ပုဒ်မ ၃၂၄/၁၁၄ အရအလုပ်နှင့်ထောင်ဒဏ် နှစ်နှစ် စုစုပေါင်းအလုပ်နှင့် ထောင်ဒဏ် (၁၄)နှစ်သီးခြားစီကျခံရန် လည်းကောင်း အသီးသီး အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။ အမှုတွဲတွင် ပါဝင်ခဲ့သော ဆိုင်လုပ်သား တစ်ဦးဖြစ်သူ ကိုကျော်စိန်မြင့်မှာ ထွက်ပြေး တိမ်းရှောင်နေသဖြင့် တရားခံပြေးအဖြစ် တရားစွဲဆိုထားကြောင်း သိရသည်။

အဆိုပါ ရွှေဆိုင်အရောင်းအဝယ်မှ စတင်သော ပဠိပက္ခကြောင့် မိတ္ထီလာမြို့တွင် မတ်လ ၂၀ ရက်နေ့ နေ့ခင်းပိုင်းမှ စတင်ပြီး သုံးရက်ကြာ ဆူပူ အကြမ်းဖက်မှု ဖြစ်ပွားခဲ့ရာ လူ ၄၂ ဦးသေဆုံးခဲ့ပြီး အိမ်ခြေပေါင်း ၁၅၉၄ လုံး မီးလောင် ပျက်ဆီးခဲ့ရကာ ရမည်းသင်း၊ လယ်ဝေး၊ တပ်ကုန်း စသည့် မြို့နယ်များနှင့် ဇီးကုန်း၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ နတ္တလင်း စသည့် ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း မြို့နယ်များတွင် အကြမ်းဖက်သူများ၏ လှုံ့ဆော်မှုများကြောင့် ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

နိုင်ငံတကာ ဖုန်းကုမ္ပဏီ ၁၂ ခု ဈေးပြိုင်စနစ်နဲ့ လက်ခံမည်

မြန်မာနိုင်ငံတွင်း မိုဘိုင်းလက်ကိုင်ဖုန်း ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ရဖို့ အတွက် ကမ္ဘာ့တ၀ှမ်းက မိုဘိုင်းဆက်သွယ်ရေး ကုမ္ပဏီတွေ ကြိုးစားနေကြတာမှာ အခုနောက်ဆုံး ကုမ္ပဏီကြီး ၁၂ ခုကို မြန်မာအစိုးရ က ဈေးပြိုင်ခေါ်ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ ဒီကုမ္ပဏီ ၁၂ ခုထဲကမှ ၂ ခုကိုပဲ မြန်မာအစိုးရက လုပ်ငန်းလိုင်စင် ထုတ်ပေးမှာ ဖြစ်ပါတယ်။ အခု ပထမအဆင့် စိစစ်ပြီး ဈေးပြိုင်ခေါ်ခွင့်ပြုလိုက်တဲ့ ကုမ္ပဏီတွေထဲမှာ ဘယ်ကုမ္ပဏီတွေ ပါဝင်လဲ။ ဒီကုမ္ပဏီတွေထဲက နှစ်ခုကို ဘယ်အချိန်မှာ လိုင်စင်ခွင့်ပြုချက် ထုတ်ပေးမှာပါလဲဆိုတာကို ကြည့်ရအောင်ပါ။

လက်ရှိမြန်မာနိုင်ငံတွင်းက ပြည်တွင်းဆက်သွယ်ရေးလုပ်ငန်း နှစ်ခုနဲ့အတူ မိုဘိုင်း ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းတွေ လက်တွဲ လုပ်ကိုင်နိုင်ဖို့ အတွက် ပြည်တွင်းပြည်ပကုမ္ပဏီတွေ ပထမအဆင့် လျှောက်လွှာတွေ တင်ခဲ့ကြပြီးတဲ့နောက် အခုအခါ ကုမ္ပဏီ ၁၂ခုကို မြန်မာအစိုးရ က ဈေးပြိုင်ခေါ်ခွင့် ပြု လိုက်တာဖြစ်ပါတယ်။

ဒီအထဲမှာတော့ အိန္ဒိယ Bharti Airtel Ltd, China Mobile, Japan's KDDI Corp, Africa's MTN, Singapore Telecommunications Ltd, Norway's Telenor SA and Digicel ကုမ္ပဏီတွေ ပါဝင်ပါတယ်။ ဒီကုမ္ပဏီတွေအနေနဲ့ ဇွန်လ ၃ ရက်နေ့ နောက်ဆုံးထားပြီး သူတို့ရဲ့ လျှောက်လွှာတွေကို တင်ရမှာဖြစ်တဲ့ အကြောင်း တယ်လီဖုန်း ဆက်သွယ်ရေး ဈေးပြိုင် ကမ်းလှမ်းမှုတွေကို သုံးသပ် ရွေးချယ်မယ့် ကော်မတီရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံထဲမှာ မိုဘိုင်းတယ်လီဖုန်း ဆက်သွယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ရဖို့ အတွက် နိုင်ငံခြားကုမ္ပဏီတွေ ဈေးပြိုင်ကမ်းလှမ်း နေကြရာမှာ China Mobile ကုမ္ပဏီက Vodafone နဲ့ ပူးတွဲ လျှောက်လွှာ တင်ထားသလို ပြင်သစ် Telecom-Orange ကလည်း Murabeni ကုမ္ပဏီနဲ့ ပူးတွဲ လျှောက်လွှာ တင်ထားတာဖြစ်ပါတယ်။ အာဖရိကရဲ့ အကြီးဆုံး မိုဘိုင်းကုမ္ပဏီကြီးဖြစ်တဲ့ တောင်အာဖရိက MTN ကုမ္ပဏီ ကတော့ M1 Telecom and Amara Communications ကုမ္ပဏီနဲ့ ပူးပေါင်းပြီး လုပ်ငန်းလုပ်ကိုင်ခွင့် လျှောက်ထားတာဖြစ်ပါတယ်။

MTN ကုမ္ပဏီအနေနဲ့ ဒုတိယအဆင့် ဈေးပြိုင် လျှောက်လွှာ တင်သွင်းခွင့် ရထားပြီးဖြစ်ကြောင်း MTN အကြီးအကဲ Sifiso Dabengwa က ပြောပါတယ်။

 "လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုတွေနဲ့ပတ်သက်လို့ ရရှိလာမယ့် အကျိုးအမြတ်၊ အခွင့်အလမ်းတွေကို ကျနော်တို့ စူးစမ်းနေပါတယ်။ ကျနော်တို့အနေနဲ့ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် ရဖို့ စိတ်အားထက်သန်နေတဲ့ ဒေသတချို့ ရှိပါတယ်။ မြန်မာနိုင်ငံမှာ အခုကစလို့ ဇွန်လ အတွင်း လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်နှစ်ခု ချပေးဖို့ လုပ်ဆောင်နေတဲ့အပေါ်မှာ ကျနော်တို့ လျှောက်လွှာ တင်ထားပါတယ်။ အာဖရိကမြောက်ပိုင်း နိုင်ငံတချို့မှာ လုပ်ငန်းချဲ့ထွင်ဖို့လည်း ကျနော်တို့ စိတ်ဝင်စားနေတာရှိသလို ကျနော်တို့အတွက် အကျိုးအမြတ် အခွင့်အလမ်းကောင်းတွေ ရနိုင်မယ့် တခြား နိုင်ငံတွေမှာလည်း လုပ်ငန်းတွေ လုပ်သွားချင်ပါတယ်။"

တောင်အာဖရိကနိုင်ငံ Johannesburg မြို့အခြေစိုက် MTN ကုမ္ပဏီဟာ အာဖရိကနဲ့ အရှေ့အလယ်ပိုင်း ဒေသသတွေက နိုင်ငံပေါင်း ၂၂ ခုမှာ ဒေါ်လာ ၃၄ ဘီလျံတန်ဖိုး ရင်းနှီးမြှုပ်နှံနေတဲ့ အာဖရိကရဲ့ အကြီးဆုံး တယ်လီဖုန်း ဆက်သွယ်ရေး ကုမ္ပဏီကြီး ဖြစ်ပါတယ်။ အခု မြန်မာနိုင်ငံ မှာ မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် ရဖို့ အပြိုင် လျှောက်လွှာ တင်ထားကြတဲ့ ကုမ္ပဏီ ၁၂ ခုထဲက ၂ ခုကိုပဲ မြန်မာအစိုးရက လုပ်ငန်းလိုင်စင် ထုတ်ပေးမှာဖြစ်ပါတယ်။ ဘယ်ကုမ္ပဏီတွေ လုပ်ငန်းလုပ်ကိုင်ခွင့်ရမလဲ ဆိုတာကို ဇွန်လထဲမှာ ကြေညာနိုင်လိမ့်မယ်လို့ စိစစ် ရွေးချယ်ရေးကော်မတီက ခန့်မှန်းထားတယ်လို့လည်း သိရပါတယ်။

မြန်မာ့အိမ်နီးချင်း အာရှနိုင်ငံတွေမှာတောင် လူတိုင်းနီးပါး လက်ကိုင်ဖုန်းတွေ အသုံးပြုနေကြချိန်မှာ မြန်မာနိုင်ငံမှာတော့ လူဦးရေ သန်း ၆၀ ရှိတဲ့အထဲ စုစုပေါင်း လူဦးရေရဲ့ ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းလောက်သာ မိုဘိုင်းလက်ကိုင်ဖုန်းတွေကို အသုံးပြုနိုင်သေးတာဖြစ်ပါတယ်။ ဒါကြောင့် မိုဘိုင်းဆက်သွယ်ရေး ဈေးကွက် အခွင့်အလမ်းတွေ အများအပြား ရှိနေတဲ့ မြန်မာနိုင်ငံမှာ လုပ်ငန်း လုပ်ကိုင်ခွင့်ရဖို့ ကမ္ဘာ့ဆက်သွယ်ရေး ကုမ္ပဏီကြီးတွေ အကြီးအကျယ် ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။ 

မိုဘိုင်းဆင်းကဒ်တွေ ဈေးကြီးလှတဲ့ မြန်မာနိုင်ငံမှာ လာမယ့် ၃ နှစ်အတွင်း လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းလောက် မိုဘိုင်းလက်ကိုင်ဖုန်း အသုံးပြုလာနိုင်တဲ့အထိ တိုးချဲ့လာနိုင်ဖို့လည်း မျှော်လင့်နေကြတာဖြစ်ပါတယ်။ မြန်မာအစိုးရကလည်း သိပ်မကြာခင်တုန်းကပဲ မြန်မာနိုင်ငံမှာ တန်ဖိုးနည်းလက်ကိုင်ဖုန်းတွေနဲ့ ကျပ် ထောင်ဂဏန်းသာပေးရမယ့် ဆင်းကဒ်တွေ ရောင်းချပေးမယ်လို့ ကတိပေး ပြောဆိုထားတာဖြစ်ပါတယ်။

မန္တလေးမြို့၊ ချမ်းမြသာစည် မြို့နယ်၊ တမ္ပ၀တီရပ်၊ ချီပါအရှေ့ဘက်တွင် ဧပြီလ ၁၂ ရက်နေ့ နံနက်ပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၁၂၀ ခန့် ပျက်ဆီးဆုံးရှုံး၊ ပြည်ကြီးတံခွန် မြို့နယ်၌လည်း မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၉ လုံးခန့် ပျက်ဆီး

w1-12-4-1

ချီပါရပ်ကွက် မီးလောင်ကျွမ်းမှု မြင်ကွင်းများ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပ၀တီရပ်၊ ချီပါ ရပ်ကွက် အရှေ့ဘက်တွင် ဧပြီလ ၁၂ ရက်နေ့ နံနက် ၂ နာရီ ၅ မိနစ်အချိန်ခန့်မှ စတင်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရပါသည်။

ထို့အတူ ပြည်ကြီးတံခွန်မြို့နယ် သမန်းကုန်း မြို့သစ်ရပ်ကွက် ၅၁×၅၂ လမ်းကြားတွင်လည်း ဧပြီလ ၁၂ ရက်နေ့ နံနက် ၅နာရီ ၄၅ မိနစ် အချိန်က မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့ပြီး နံနက် ၆ နာရီ ၁၅ မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကာ နေအိမ် ၉ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ချီပါရပ်ကွက် မီးလောင်ကျွမ်းမှုသည် နံနက် ၄ နာရီခန့်အချိန်တွင် မီးညွှန့် ကျိုးသွားခဲ့သော်လည်း မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ နေရာမှာ အိမ်ခြေစိတ်ပြီး လူနေထူထပ်သဖြင့် ပျက်စီးဆုံးရှုံးမှုများနိုင်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရပါသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ တရားဝင် Facebook စာမျက်နှာဖြစ်သော ရဲဇာနည် Facebook စာမျက်နှာတွင် ဧပြီလ ၁၂ ရက်နေ့ နံနက် ၇ နာရီ မိနစ် ၃၀ အချိန့်က ဖော်ပြထားချက်အရ ချီပါရပ်ကွက် မီးလောင်မှုတွင် အိမ်ခြေ ၁၂၀ ခန့် ပျက်ဆီးခဲ့ပြီး လူသေဆုံးမှု မရှိခဲ့ကြောင်း သိရသည်။

"မီး မီး ဆိုပြီး အော်လိုက်တဲ့ အသံကြားလို့ အိမ်တံခါးကို ဖွင့်ကြည့်တဲ့ အချိန်မှာ မီးက အရမ်းနီးနေပြီး မီးတောက်က တော်တော်ကြီးနေလို့ ဘာပစ္စည်းမှ မယူနိုင်ဘဲ ကလေးတွေကို ခေါ်ပြီး ဘေးလွတ်ရာကို ထွက်လာခဲ့ရတယ်"ဟု
ချီပါ ရပ်ကွက်အတွင်း နေထိုင်သူ အမျိုးသမီးတစ်ဦးက ဧပြီလ ၁၂ ရက်နေ့ နံနက် ၃ နာရီခန့်အချိန်တွင် Eleven Media Group သို့ ပြောကြားခဲ့ပါသည်။

w1-12-4-2

ချီပါရပ်ကွက် မီးလောင်ကျွမ်းမှု မြင်ကွင်းများ

မီးလောင်ကျွမ်းမှုအရ အိမ်ခြေ ၂၀၀ ၀န်းကျင်ခန့် ဆုံးရှုံးနိုင်ကြောင်း အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိနေသော Eleven Media Group သတင်းထောက်က ဒေသခံများ၏ ပြောကြားချက်ကို ကိုးကားပြီး ဧပြီလ ၁၂ ရက်နေ့ နံနက် ၃ နာရီ အချိန်က ပြောကြားပါသည်။

မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့သော ချီပါရပ်ကွက် အရှေ့ဘက်သည် မန္တလေးမြို့၏ အနောက်တောင်ဘက်ခြင်း၊ မန္တလေး-စစ်ကိုင်းအထွက်လမ်း အရှေ့ဘက်တွင် တည်ရှိကြောင်း သိရပါသည်။ မီးလောင်ကျွမ်းသည့် ချီပါရပ်ကွက်တွင် ပန်းပုလုပ်ငန်း လုပ်ကိုင်သူများ
နေထိုင်လျက်ရှိနေပြီး ပျဉ်ထောင်အိမ်နှင့်ကပ်မိုးထရံကာ နေအိမ် အများစုရှိနေကာ အိမ်ခြေတစ်ခုနှင့်တစ်ခု နီးကပ်လွန်းခြင်း၊ မီးသတ်ကားဝ င်ရာက်ရန် အခက်အခဲရှိခြင်းနှင့် မီးလောင်ကျွမ်းချိန်တွင် လေတိုက်ခတ်မှုရှိနေခြင်း အစရှိသည်တို့ကြောင့် မီးကူးစက်လောင်ကျွမ်းမှု မြန်ဆန်ခဲ့ကာ ထိန်းချုပ်ရန် ခက်ခဲခဲ့ကြောင်း သိရသည်။

w1-12-4-3

ချီပါရပ်ကွက် မီးလောင်ကျွမ်းမှု မြင်ကွင်းများ

"ဒေသခံတွေရဲ့ ပြောကြားချက်အရတော့ တစ်ရပ်ကွက်လုံးနီးပါး လောင်တယ်လို့ ပြောပါတယ်။ မန္တလေးနဲ့ စစ်ကိုင်းမှာ ရှိနေတဲ့ မီးသတ်ယာဉ်တွေအပြင် ပြင်ဦးလွင်က မီးသတ်ယာဉ်တွေပါ ဆင်းပြီး မီးငြိမ်းသတ်ခဲ့ကြပါတယ်။ မီးလောင်ကျွမ်းမှုက တော်တော်များတယ်လို့ ပြောနိုင်ပါတယ်"ဟု Eleven Media Group သတင်းထောက်က ပြောပါသည်။

မီးလောင်ကျွမ်း ပျက်စီးခဲ့သော နေရာမှာ ၇ ဧကခန့် ရှိကြောင်းနှင့် လမ်းအ၀င်အထွက် မကောင်းခြင်းက မီးငြိမ်းသတ်ရန် လာသော မီးသတ်ယာဉ်များအတွက် အခက်အခဲ ဖြစ်စေခဲ့ကြောင်းနှင့် ယခုကဲ့သို့ ကြီးမားမီးလောင်မှုမျိုးကို မြင်တွေ့ခဲ့ရဖူးခြင်း မရှိကြောင်း မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ နေရာအနီးတွင် နေထိုင်နေသော မြန်မာမှု ဗိသုကာ ပညာရှင် တမ္ပ၀တီ ဦးဝင်းမောင်က Eleven Media Group သို့ ပြောပါသည်။

ထို့အပြင် မီးလောင်းကျွမ်းမှု ဖြစ်ပွားရာ နေရာသို့ အစောဆုံးရောက်ရှိခဲ့သော အောင်ပင်လယ် မီးသတ်စခန်းမှ မီးသတ်သမား တစ်ဦးကလည်း လမ်းအခက်အခဲကြောင့် မီးသတ်ယာဉ်များ အခက်တွေ့ခဲ့ရကြောင်း၊ ပထမဦးဆုံး ရောက်ရှိလာသော မီးသတ်ယာဉ်အချို့မှာ လမ်းကျွံကျမှု ဖြစ်ခဲ့သဖြင့် နောက်ပိုင်း ရောက်လာသော မီးသတ်ယာဉ်များ လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ခြင်းများ ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

w1-12-4-4

ချီပါရပ်ကွက် မီးလောင်ကျွမ်းမှု မြင်ကွင်းများ

မီးလောင်ကျွမ်းမှု စတင်ဖြစ်ပေါ် ရခြင်း အကြောင်းနှင့် ပျက်စီး ဆုံးရှုံးမှု ပမာဏာကို ဧပြီလ ၁၂ ရက်နေ့ နံနက် ၄ နာရီ မိနစ် ၃၀ အချိန်အထိ သက်ဆိုင်ရာ၏ အတည်ပြုချက် မရရှိခဲ့ပေ။ 

လက်ရှိအချိန်တွင် မီးဘေး သင့်သူများကို မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ နေရာအနီးရှိ မှန်ကင်း ကျောင်းတိုက် အတွင်းတွင် ယာယီ နေထိုင်ခွင့် ပြုထားကြောင်း သိရှိရပါသည်။

w1-12-4-5

 ချီပါရပ်ကွက် မီးလောင်ကျွမ်းမှု မြင်ကွင်းများ

ချီပါရပ်ကွက် မီးဘေးသင့် ပြည်သူများအား တွေ့ရစဉ်

w1-12-4-6

ချီပါရပ်ကွက် မီးဘေးသင့် ပြည်သူများကို တွေ့ရစဉ်

w1-12-4-7

ချီပါရပ်ကွက် မီးဘေးသင့် ပြည်သူများကို တွေ့ရစဉ်

w1-12-4-8

ချီပါရပ်ကွက် မီးဘေးသင့် ပြည်သူများကို တွေ့ရစဉ်

w1-12-4-9

ချီပါရပ်ကွက် မီးဘေးသင့် ပြည်သူများကို တွေ့ရစဉ်

ထို့အတူ မန္တလေးတိုင်း ဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ သမန်းကုန်း မြို့သစ်ကွက် ၅၁ x ၅၂ လမ်းကြားတွင် ဧပြီလ ၁၂ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ် နာရီခန့် အချိန်တွင် မီးလောင် ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး နံနက် ၆ နာရီ ၁၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

သမန်းကုန်း ရပ်ကွက် မီးလောင်မှုတွင် နေအိမ် ၉ လုံးခန့် ပျက်ဆီး ဆုံးရှုံးခဲ့ ကြောင်း ဒေသခံများက ပြောပါသည်။ ထိုမီးလောင်မှုသည် ယနေ့ နံနက်ပိုင်းက ချမ်းမြ သာစည်မြို့နယ်၊ တမ္ပ၀တီရပ်၊ ချီပါ ရပ်ကွက် အရှေ့ဘက်တွင် မီးလောင် ကျွမ်းမှု ဖြစ်ခဲ့ပြီးနောက် တစ်နေ့တည်း၌ ဒုတိယ အကြိမ် ဖြစ်ပွားသော မီးလောင်ကျွမ်းမှု ဖြစ်ပါသည်။

မန္တလေးတိုင်း ဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ တမ္မ၀တီရပ်၊ ချီပါ အရှေ့ဘက်တွင် ဧပြီလ ၁၂ ရက်နေ့ နံနက် ၂ နာရီ ၅ မိနစ်ခန့် အချိန်က ဖြစ်ပွားခဲ့သော မီးလောင်မှုတွင် စုစုပေါင်း အိမ်ခြေ ၁၂၀ ခန့် မီးလောင်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးနှင့် မီးစတင် လောင်ကျွမ်းရခြင်း အကြောင်း တို့ကို မီးသတ် ဦးစီးဌာနမှ စုံစမ်းနေဆဲ ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ တရားဝင် Facebook စာမျက်နှာ ဖြစ်သည့် ရဲဇာနည် Facebook စာမျက်နှာ၌ ဧပြီလ ၁၂ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ် အချိန်တွင် ဖော်ပြထားပါသည်။

အဆိုပါ ဖြစ်စဉ်တွင် လူသေဆုံးမှု မရှိဘဲ မီးလောင်ကျွမ်းမှုကြောင့် နံရံကပ်တိုက် ၂၃ လုံး၊ အာစီတိုက် ၂ လုံး၊ တစ်ထပ်တိုက် ၅ လုံး၊ ထရံကာ/သွပ်မိုးနေအိမ် ၉၀ လုံး စုစုပေါင်း အိမ်ခြေ ၁၂၀ ခန့် မီးလောင်ခဲ့ခြင်း ဖြစ်သည်ဟု သိရှိရပါသည်။

မန္တလေးတိုင်း ဒေသကြီး ဗဟိုမီးသတ် ဦးစီးဌာနသို့ ဧပြီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်က ဆက်သွယ် မေးမြန်းမှုအရ မန္တလေးတိုင်း ဒေသကြီး၊ ချမ်းမြသာစည် မြို့နယ်၊ တမ္ပ၀တီရပ်၊ ချီပါရပ်ကွက် အရှေ့ဘက် မီးလောင်မှုသည် ဧပြီ ၁၂ ရက် နံနက် ၂ နာရီတွင် စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး နံနက် ၄ နာရီ ၂၅ မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်း၊ ထိုမီးလောင်မှု သည် ရေပေါ်စာ ပေါ်တွင် ခြင်ဆေး ထွန်းထားရာမှ စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး အိမ်ခြေ ၁၂၀ ခန့် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။ ထို့အတူ ပြည်ကြီးတံခွန်မြို့နယ် သမန်းကုန်း မြို့သစ်ရပ်ကွက် ၅၁×၅၂ လမ်းကြား မီးလောင်မှုမှာ နံနက် ၆ နာရီအချိန်တွင် စတင်ခဲ့ခြင်း ဖြစ်ပြီး နံနက် ၆ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း၊ မီးဖို မီးကြွင်းမီးကျန်မှ စတင်လောင်ကျွမ်းခဲ့သော ထိုမီးလောင်မှုတွင် အိမ်ခြေ ၁၀ လုံးခန့် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

မန္တလေးတိုင်း ဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ သမန်းကုန်း မြို့သစ်ကွက် ၅၁ x ၅၂ လမ်းကြား မီးလောင်မှု မြင်ကွင်းများ

 

w1-12-4-10

w1-12-4-11

w1-12-4-12

w1-12-4-13


သင်္ကြန်ရက် နီးလာ၍ ရွှေဈေးကွက် ခပ်ပါးပါးသာရှိနေ

ရန်ကုန် (မဇ္ဈိမ)။   ။ သင်္ကြန်ရက် နီးကပ်လာပြီ ဖြစ်၍ အခေါက်ရွှေ ဈေးကွက် ခပ်ပါးပါးသာ အရောင်းအဝယ် ရှိခဲ့ကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း မှတဆင့် သိရသည်။

"ရွှေကုန်သည်အချို့ ဧပြီ ၈ ရက်၊ ၉ ရက်ကစပြီး ပြည်ပ ခရီးသွားကြသူတွေ များတယ်။ ရှိတဲ့သူတွေလောက် ကပဲ အနည်းအကျဉ်း ရောင်းကြ၊ ဝယ်ကြသဘောရှိကြတယ်" ဟု ရွှေကုန်သည် ဦးအေး က ပြောသည်။

ဧပြီလ ၈ ရက်နေ့ ကမ္ဘာ့ရွှေဈေး ၁ အောင်စလျှင် ၁,၅၇၈ ဒေါ်လာဖြင့် ဈေးဖွင့်ခဲ့ပြီး ညနေတွင် ၁,၅၇၀
ဒေါ်လာဖြင့် ရှိခဲ့သည်။ ထိုနေ့ ပြည်တွင်း အခေါက်ရွှေဈေးမှာ ၁ ကျပ်သားလျှင် ၇၄၁,၈၀၀ ကျပ်ဖြင့်
ဈေးဖွင့်ခဲ့ပြီး ညနေတွင် ကျပ် ၇၃၇,၈၀၀ ဖြင့် ဈေးပိတ်ခဲ့သည်။ ဧပြီလ ၉ ရက်နေ့တွင် ကမ္ဘာ့ရွှေဈေး ၁ အောင်စလျှင် ၁,၅၇၃ ဒေါ်လာဖြင့် ဈေးဖွင့်ခဲ့ပြီး ညနေတွင် ၁,၅၈၅ ဒေါ်လာဖြင့် ပိတ်ခဲ့သည်။ ထိုနေ့ ပြည်တွင်း အခေါက်ရွှေဈေးမှာ ၁ ကျပ်သားလျှင် ၇၃၈,၂၀၀ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး ၇၄၁,၅၀၀ ကျပ်ဖြင့် ဈေးပိတ်ခဲ့သည်။

"ဧပြီ ၈ ရက်ကနေ ၁၁ ရက်အတွင်း ရွှေဈေး ကျသင့်သလောက် မကျခဲ့ဘူး။ ဘာကြောင့်လဲဆိုရင် ငွေဈေးက ထိန်းထားတဲ့ အနေအထား ရှိတယ်။ ဒီရက်ထဲမှာ ပြည်တွင်းက လူတွေ ပြည်ပကို ခရီးသွားကြတာ များတယ်။ လူတယောက်ကို အနည်းဆုံး ဒေါ်လာ ၁,၀၀၀ ဖိုး၊ ၂,၀၀၀ ဖိုးစီ ဝယ်ကြတယ်။ ဒါကြောင့် ငွေဈေးက ထိန်းထားသလို ဖြစ်ပြီး အခေါက်ရွှေဈေးက ကျသင့်သလောက် မကျဘူး" ဟု ရွှေကုန်သည် ဦးစံမြင့် က သုံးသပ်သည်။

ဧပြီလ ၁၀ ရက်နေ့ ကမ္ဘာ့ရွှေဈေး ၁ အောင်စလျှင် ၁,၅၈၆ ဒေါ်လာဖြင့် ဈေးဖွင့်ခဲ့ပြီး ညနေတွင် ၁,၅၈၀
ဒေါ်လာဖြင့် ရှိခဲ့သည်။ ထိုနေ့ ပြည်တွင်းရွှေဈေးမှာ ၁ ကျပ်သားလျှင် ၇၄၁,၅၀၀ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး ၇၄၀,၀၀၀ ကျပ်ဖြင့် ဈေးပိတ်ခဲ့သည်။

ဧပြီလ ၁၁ ရက်တွင် ကမ္ဘာ့ရွှေဈေးမှာ ၁ အောင်စလျှင် ၁,၅၅၅ ဒေါ်လာဖြင့် ဈေးဖွင့်ခဲ့ပြီး ညနေပိုင်းတွင် ၁,၅၅၅-၁,၅၅၆ ဒေါ်လာဖြင့် ရှိနေသည်။ ထိုနေ့ ပြည်တွင်း အခေါက်ရွှေဈေးမှာ ကျပ် ၇၃၇,၀၀၀ ဖြင့်
ဈေးဖွင့်ခဲ့ပြီး ကျပ် ၇၃၈,၅၀၀ ဖြင့် ဈေးပိတ်ခဲ့သည်။

ရခိုင်ရိုးရာ နံ့သာသွေး ပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနား ကျင်းပ


rakhinethingyin1-april12

ရခိုင်လှပျိုဖြူများ နံ့သာသွေးပြိုင်ပွဲ ယှဉ်ပြိုင်နေစဉ်

ရခိုင်ရိုးရာ နံ့သာသွေးပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ဧပြီလ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်ရှိ ရခိုင်အသင်း ဓမ္မာရုံ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

rakhinethingyin2-april12

ရခိုင်လှပျိုဖြူများ နံ့သာသွေးပြိုင်ပွဲ ယှဉ်ပြိုင်နေစဉ်

အဆိုပါ နံ့သာသွေးပြိုင်ပွဲတွင် မြောက်ဦးမြို့နယ် အသင်း၊ ရသေ့တောင်မြို့နယ် အသင်း၊ ကျောက်တော်မြို့နယ် အသင်း၊ ဘူးသီးတောင်မြို့နယ် အသင်း၊ ရခိုင်မောင်မယ် အသင်း၊ ရခိုင်အမျိုးသမီး အသင်း၊ လေးဝတီကုလရက္ခိတ အသင်း၊ ပုဏ္ဏကျွန်းမြို့နယ် အသင်း၊ ကျောက်ဖြူမြို့နယ် အသင်းနှင့် သင်္ကြန်ကျင်းပရေး ဗဟိုမှ လှပျိုဖြူအသင်းတို့ ပါဝင် ယှဉ်ပြိုင်ခဲ့သည်။

rakhinethingyin3-april12

ရခိုင်လှပျိုဖြူများ နံ့သာသွေးပြိုင်ပွဲ ယှဉ်ပြိုင်နေစဉ်

အဆိုပါ နံ့သာသွေး ပြိုင်ပွဲတွင် ရခိုင်မောင်မယ် အသင်းမှ ပထမဆုကို လည်းကောင်း၊ လေးဝတီကုလရက္ခိတ အသင်းမှ ဒုတိယဆုကို လည်းကောင်း၊ ကျောက်တော်မြို့နယ် အသင်းမှ တတိယဆုကို လည်းကောင်း၊ မြောက်ဦးမြို့နယ် အသင်းမှ စတုတ္ထဆုကို လည်းကောင်း အသီးသီး ရရှိခဲ့ကြသည်။

rakhinethingyin4-april12

ရခိုင်မောင်မယ်များ ရခိုင်ရိုးရာ အကဖြင့် ကပြဖြေဖျော်စဉ်

၎င်းနံ့သာသွေး ပြိုင်ပွဲမှာ ဒသမအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ဧပြီလ ၁၃ ရက်နေ့ ၁၀ နာရီခန့်တွင် ဘုရားရေသပ္ပယ်မည်ဖြစ်ကာ နေ့လည် ၂ နာရီခန့်တွင် သုဝဏ္ဏ အားကစားကွင်း၌ ရေလောင်းမဏ္ဍပ် ဖွင့်ပွဲကို ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

နှစ်စဉ် ကျင်းပမြဲဖြစ်သော ဗိုလ်ချုပ်ဈေးသင်္ကြန်ကို ယခုနှစ်တွင်လည်း စည်ကားစွာကျင်းပ


w1-12-4-14

သင်္ကြန်အကြိုနေ့မတိုင်ခင် နှစ်စဉ် ကျင်းပမြဲဖြစ်သော ဗိုလ်ချုပ်ဈေးသင်္ကြန်ကို ယခုနှစ်တွင်လည်း စည်ကားစွာ ကျင်းပခဲ့သည်။

ဗိုလ်ချုပ်ဈေးသင်္ကြန်ကို ဧပြီ ၁၂ ရက် နံနက် ၁၁ နာရီခွဲမှ ညနေ ၃နာရီခွဲဝန်းကျင်ထိ ဗိုလ်ချုပ်ဈေးအတွင်းရှိ ဈေးသူ၊ဈေးသားများ အပါအ၀င် လာရောက် လည်ပတ်ကြသည့် ကမ္ဘာလှည့်ခရီးသည်များကလည်း ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြသည်။

''ကျွန်မတို့က ဆိုင်ကပစ္စည်းတွေကို မနက်ကတည်းကသိမ်းပြီး  ရေပက်ကြတယ်။စတုဒီသာလည်း ကျွေးတယ်။ပျော်ဖို့ကောင်းပါတယ် ဒီနှစ်သင်္ကြန်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ဖြတ်သန်းချင်ပါတယ်'' ဟု ဗိုလ်ချုပ်ဈေးအတွင်း အထည်ဆိုင်ဖွင့်ထားသူတစ်ဦးက ပြောသည်။

w1-12-4-15

ဗိုလ်ချုပ်ဈေးသင်္ကြန်သို့ လာရောက်လည်ပတ်သူ လူငယ်တစ်ဦးကလည်း''ခုလို သင်္ကြန်အကြိုမတိုင်ခင်မှာ ဒီလိုမျိုး ရေကစားနေတာတွေကို တွေ့ရတော့ စိတ်ထဲမှာ အရမ်းပျော်မိတယ်။သင်္ကြန်ဆိုတာ ကျွန်တော့်အတွက်တော့ ဘယ်တော့မှ မရိုးနိုင်ပါဘူး။အရမ်းပျော်ပါတယ်'' ဟု ဆိုသည်။

လှည်းတန်း ခုံးကျော်တံတားပေါ်တွင် ယာဉ်များ စတင်ဖြတ်သန်း အသုံးပြုခဲ့ပြီး ဖြတ်သန်းသွားလာသည့် ယာဉ်များကို စစ်တမ်း ကောက်ယူသွားမည်ဖြစ်ကြောင်း သိရ


heldanbridge-april10

လှည်းတန်း ခုံးကျော်တံတားပေါ်တွင် ဖြတ်သန်းသွားလာနေသော ယာဉ်များကို ဧပြီ ၁၀ ရက် နံနက် ၆ နာရီ ၁၅ မိနစ်ခန့်က မြင်တွေ့ရစဉ်

လှည်းတန်း ခုံးကျော်တံတားအား ဧပြီ ၁၀ ရက်နေ့ နံနက် ၆ နာရီ အချိန်မှ စတင်ပြီး ယာဉ်များ စတင်ဖြတ်သန်း အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ တံတားပေါ်သို့ တန် ၆၀ အထိ ယာဉ်များကို ဖြတ်သန်းခွင့် ပြုထားကြောင်း၊ ရန်ကုန်-ပြည်လမ်းပေါ် ဖြတ်သန်းမည့် ယာဉ်များအားလုံး တံတားပေါ်မှ ဖြတ်သန်းသွားလာမည် ဖြစ်သောကြောင့် တံတားအဆင်း နာနတ်တော မီးပွိုင့်တွင် ယာဉ်ကြောပိတ်ဆို့မှုများ မရှိစေရေး အတွက်လည်း နာနတ်တောမီးပွိုင့်ကို ဧပြီလ ၁၀ ရက်နေ့မှ စတင်ကာ ဖြုတ်သိမ်းသွားမည်ဖြစ်ကြောင်းနှင့် တံတားအတက်အဆင်းတွင် ယာဉ်ကြောရှုပ်ထွေးမှု မရှိစေရန်အတွက် ယာဉ်ထိန်းရဲ ၃ ဦးစီအား တံတားထိပ် နှစ်ဘက်တွင် ချထားမည် ဖြစ်ကြောင်းလည်း ရန်ကုန်တိုင်းဒေသကြီး၊ ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့မှ ရဲမှူးသာဌေးက ဧပြီလ ၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် လှည်တန်းခုံးကျော်တံတားနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တံတားပေါ်တွင် ဖြတ်သန်းသွားလာခဲ့သည့် အငှားယာဉ်မောင်း တစ်ဦးဖြစ်သူ ကိုကျော်ထွဋ်က "ဒီခုံးကျော်တံတားကို ခုလိုမျိုး ဖြတ်သန်းခွင့် ပြုလိုက်တဲ့အတွက် လမ်းမှာပွိုင့်မိတာတို့ ယာဉ်ကြောကြပ်တာတို့ မဖြစ်တော့လို့  ခရီးသွား ပြည်သူတွေ အနေနဲ့လည်း လမ်းခရီး ကြာချိန်ကို လျှော့ချနိုင်ပြီး သွားရေးလာရေး ပိုမြန်ဆန်သွားတာပေါ့" ဟု သုံးသပ်ပြောကြားခဲ့သည်။

heldanbridge2-april10

လှည်းတန်း ခုံးကျော်တံတားပေါ်တွင် ဖြတ်သန်းသွားလာနေသော ယာဉ်များကို ဧပြီ ၁၀ ရက် နံနက် ၆ နာရီ ၁၅ မိနစ်ခန့်က မြင်တွေ့ရစဉ်

လှည်းတန်း ခုံကျော်တံတားပေါ်တွင် နံနက်ခင်း လမ်းလျှောက်နေသူ တစ်ဦးကလည်း "အခုလို လှည်းတန်းခုံးကျော်တံတားပေါ် ကားတွေဖြတ်သန်းခွင့် ပြုလိုက်တာ အားလုံးအတွက် အကျိုးရှိပါတယ်။ ကျွန်တော့်လို အနီးနားမှာ နေတဲ့သူတွေဆို ကိုယ်အိမ့်ပြန်ဖို့ကို နီးလျက်နဲ့ဝေး နာရီဝက် တစ်နာရီလောက် စောင့်ခဲ့ရတယ်။ အခုတော့ မစောင့်ရတော့ဘူး ကောင်းပါတယ်။ ဒါပေမယ့် လူသွားလမ်း ပလက်ဖောင်းက တော်တော်ကျဉ်းနေတယ် တစ်ပေခွဲလောက် အကျယ်မှာ လူနှစ်ယောက်ယှဉ်ပြီးတော့ လျှောက်ဖို့ မဖြစ်နိုင်ဘူး" ဟု ပြောကြားခဲ့သည်။

လှည်းတန်း ခုံးကျော်တံတားပေါ်တွင် ဖြတ်သန်းသွားလာ အသုံးပြုသည့် ယာဉ်များကိုလည်း စတင်ဖြတ်သန်းခွင့်ပြုသည့် ဧပြီ ၁၀ ရက်နေ့မှစပြီး စစ်တမ်းကောက်ယူသွားမည် ဖြစ်ကြောင်းလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လမ်းတံတားဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ လှည်းတန်း ခုံးကျော်တံတားသည် သံမဏိယက်မနှင့် သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ပြီး ယာဉ်သွားလမ်းအကျယ်-၄၄ ပေ ၈ လက်မ၊ ပလက်ဖောင်းအကျယ် - တစ်ဘက်လျှင် ၁ ပေ ၆ လက်မ၊ တံတားအကျယ် ၅၀ ပေ ၈ လက်မ၊ တံတားအောက် ကင်းလွတ်အမြင့်-၁၈ ပေ၊ ယာဉ်တစ်စီးချင်း ခွင့်ပြုတန်ချိန်- တန် ၆၀ နှင့် ယာဉ်သွားလမ်းအကျယ် စုစုပေါင်း ၉၈ ပေ ၈ လက်မရှိပြီး တံတားအတွက် ကုန်ကျစရိတ် စုစုပေါင်း ကုန်ကျစရိတ်မှာ ပဏာမ တွက်ချက်မှုများအရ ကျပ် ၁၄ ဒသမ ၄၈၇ ဘီလျံ ရှိကြောင်းလည်း သိရှိရသည်။

ကွန်ဒိုမီနီယံဥပဒေ ပြဋ္ဌာန်းပြီးပါက ကွန်ဒိုတိုက်ခန်းများအား ဘဏ်များမှ အပေါင်ခံ ငွေထုတ်ချေးမည်

ကွန်ဒိုမီနီယံဥပဒေ ပြဋ္ဌာန်းပြီးပါက ကွန်ဒိုတိုက်ခန်းများအား ဘဏ်များမှ အပေါင်ခံကာ ချေးငွေ ထုတ်ချေးပေးမည်ဟု အခွန်ဆိုင်ရာဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲမှ သတင်းရရှိပါသည်။ဧပြီလ ၉ ရက်နေ့က ရန်ကုန် မြို့ရှိ UMFCCI အသင်းချုပ်ရုံးတွင် ကျင်းပခဲ့သည့် အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ ကွန်ဒိုမီနီယံ ဥပဒေကြမ်းအား ရေးဆွဲထားပြီး ယခုအခါ စိစစ်လျက်ရှိကြောင်းနှင့် လွှတ်တော်တွင် ပြဋ္ဌာန်းရန် ပြင်ဆင်နေကြောင်း ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက''Condominium Law ကို ကျွမ်းကျင်တဲ့သူတွေနဲ့ ရှေ့နေတွေ ပေါင်းစပ်ပြီး ရေးဆွဲတင်ပြထားတာတော့ ရှိပါတယ်။ လွှတ်တော်က ဥပဒေရေးရာ အပိုင်းကလည်း စိစစ်နေပါတယ်။ ပြီးရင်တော့ လွှတ်တော်မှာ ဆွေးနွေးပြဋ္ဌာန်းနိုင်မှာပါ''ဟု ပြောကြားခဲ့သည်။

ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများက မြန်မာနိုင်ငံတွင် ကွန်ဒိုတိုက်ခန်းများအား ဘဏ်များတွင် ပေါင်နှံ၍ မရသည့်အပေါ် မေးခွန်းများ မေးမြန်းခဲ့ခြင်း ဖြစ်သည်။ ယင်းဆွေးနွေးပွဲသို့ ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ်များမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ပြီး အကယ်၍ ကွန်ဒိုမီနီယံ ဥပဒေပြဋ္ဌာန်း ပြီးပါက ကွန်ဒိုတိုက်ခန်းများအား အပေါင်ခံကာ ချေးငွေ ထုတ်ချေးပေးမည်ဟု ဘဏ်တာဝန်ရှိသူများမှလည်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိအနေအထားရ ဗဟိုဘဏ်၏ သတ်မှတ်ချက်အရ ဘဏ်များမှ ကွန်ဒိုတိုက်ခန်းများအား အ ပေါင်အဖြစ် လက်ခံ၍ မရခြင်းဖြစ်ကြောင်း၊ ကွန်ဒိုမီနီယံ ဥပဒေပြဋ္ဌာန်းပြီးမှသာ အဆိုပါ ဥပဒေပါ အချက်များအတိုင်း ဘဏ်များမှ အပေါင်အဖြစ် လက်ခံနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းခဲ့ကြသည်။

အခွန်နှင့် ပတ်သက်၍လည်း တက်ရောက်လာသည့် လုပ်ငန်းရှင်များမှ အခွန်ကင်းလွတ်ခွင့်အား လုပ်ငန်းရှင်အချို့သို့ သီးသန့်ပေးထားကာ ခွင့်ပြုပေးထားမှု ရှိမရှိ မေးမြန်းပြီး အခွန်ကင်းလွတ်ခွင့် ရနေသူများနှင့် အခွန်ဆောင်သူများကြား များစွာ ကွာဟကာ လုပ်ကိုင်နေရကြောင်း၊  အခွန်ဆောင်သူများ နစ်နာရကြောင်းကိုလည်း တင်ပြခဲ့သည်။

ထိုသို့ တင်ပြချက်အပေါ် ပြည်တွင်းအခွန်ဦးစီးဌာန တာဝန်ရှိသူများက သီးသန့်အခွန်ကင်းလွတ်ဖြင့် တင်သွင်းဖြန့်ဖြူးမှု ပေးမထားကြောင်း  ဖြေကြားခဲ့သော်လည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ အကယ်၍ အခွန်ကင်းလွတ်ခွင့်များဖြင့် လုပ်ကိုင်နေမှုများအား တိကျစွာ တင်ပြမည်ဆိုပါက လွှတ်တော်အနေဖြင့် ပြန်လည်သုံးသပ် လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

၁၈ လအတွင်း ကားအစီးရေ ၁၅၃၀၀၀ ကျော် တင်သွင်းထားပြီး အကောက်ခွန်နှင့် ကုန်သွယ်ခွန် ကျပ် ၅၀၀ ဘီလျံနီးပါးရရှိ

တင်သွင်းထားသည့် အစီးရေ ၁၅၃၀၀၀ ကျော်အပေါ်တွင် အခွန်ကောက်ခံရာ၌ အကောက်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် စုစုပေါင်း ကျပ် ၅၀၀ ဘီလျံနီးပါး ရရှိခဲ့သည်ဟု သိရသည်။ အကောက်ခွန်ကျပ် ၂၃၉ ဘီလျံကျော်နှင့် ကုန်သွယ်လုပ်ငန်းခွန် ၂၄၆ ဘီလျံကျော် ရရှိခဲ့သည်ဟု သိရှိရသည်။
    
၁၈ လအတွင်း လူစီးယာဉ် ၁၃၅၄၀၃ စီး၊ ဘတ်စ်ကား ၂၃၄၃ စီး၊ ကုန်တင်ယာဉ် ၁၅၇၅၂ စီး စုစုပေါင်း ၁၅၃၄၉၈ စီး တင်သွင်းခဲ့ကြောင်း သိရသည်။ အများစုမှာ အိမ်စီးကားများကိုသာ တင်သွင်းခဲ့ခြင်းဖြစ်ပြီး တင်သွင်းခဲ့သည့် ပမာဏစုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းနီးပါးမှာ အိမ်စီးကားများ တင်သွင်းခဲ့ကြခြင်းဖြစ်သည်။ 
    
အများပြည်သူ သယ်ယူပို့ဆောင်ရေး၊ ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းများနှင့် သက်ဆိုင်သည့် ဘတ်စ်ကားနှင့် ကုန်ကားတင်သွင်းမှုမှာ များစွာနည်းပါးကြောင်း သိရသည်။ ဘတ်စ်ကားတင်သွင်းမှုမှာ စုစုပေါင်းပမာဏ၏ ၁ ဒသမ ၅ ရာခိုင်နှုန်းသာရှိပြီး ကုန်ကားတင်သွင်းမှုမှာ စုစုပေါင်း ပမာဏ၏ ၁၀ ရာခိုင်နှုန်း ၀န်းကျင်သာရှိသည်။
    
ကညနမှ ယာဉ်မှတ်ပုံတင်ကြေး ကောက်ခံရရှိမှုမှာလည်း စတင် တင်သွင်းသည်မှ ၂၀၁၂ ခုနှစ် ဇွန်လ ၁၄ ရက်နေ့အထိ တင်သွင်းခဲ့သည့် အစီးရေ ၂၇၉၇၁ စီးအပေါ် ကောက်ခံမှုမှ အမေရိကန်ဒေါ်လာ ၉၇ ဒသမ ၃၅ သန်း ရရှိခဲ့ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။
    
အစီးရေ ၂၇၉၇၁ စီးအပေါ် ကောက်ခံမှုပင် ယင်းပမာဏ ရရှိသည်ဆိုသော် ယခုတင်သွင်းပြီးဖြစ်သည့် အစီးရေ ၁၅၃၀၀၀ ကျော်ဆိုပါက အမေရိကန်ဒေါ်လာ သန်း ၄၀၀ မှ ၅၀၀ ကြားပမာဏပင် ရရှိနိုင်သည်ဟု တွက်ချက်ထားကြသည်။
    
ထို့အတွက် မော်တော်ယာဉ် စီမံချက်ချမှတ်ပြီးနောက် တင်သွင်းသည့် ယာဉ်အစီးရေ ၁၅၃၀၀၀ ကျော်မှ အခွန်အရပ်ရပ် ရရှိမှုမှာ ကျပ် ငွေဖြင့် တွက်ချက်ပါက ကျပ်ဘီလျံ  ၈၅၀ နှင့်အထက် ပမာဏအထိ ရှိမည်ဖြစ်ကြောင်း ကားအရောင်းပြခန်း လုပ်ငန်းရှင်များက ခန့်မှန်းတွက်ချက် ထားသည်။

ရထားပို့ဆောင်ရေး ၀န်ကြီးဌာနအနေဖြင့် ရရှိသည့် ယာဉ်မှတ်ပုံတင်ကြေးအား ရန်ကုန်မြို့ရှိ ခုံးကျော်တံတားများ တည်ဆောက်ရာတွင် အသုံးပြုလျက်ရှိကြောင်း သိရသည်။

ခုနှစ် ပမာဏ
၂၀၀၆-၂၀၀၇ ၃၂၂၀၅ .၉
၂၀၀၇-၂၀၀၈ ၃၇၂၇၇ .၉
၂၀၀၈-၂၀၀၉ ၈၅၁၃၁ .၇
၂၀၀၉-၂၀၁၀ ၄၅၅၆၄ .၉
၂၀၁၀-၂၀၁၁ ၅၄၁၆၉ .၁
၂၀၁၁-၂၀၁၂ ၁၂၉၈၃၉ .၂
၂၀၁၂-၂၀၁၃ ၂၃၀၀၀ နှင့်အထက်

ဒေါ်အောင်ဆန်းစုကြည် ခုနစ်ရက်တာ ကြာမြင့်မည့် ဂျပန်ခရီးစဉ် စတင်ထွက်ခွာ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ခုနစ်ရက်တာ ကြာမြင့်မည့် ဂျပန်ခရီးစဉ်အတွက် ဧပြီလ ၁၂ ရက် ည ၇ နာရီ ၄၅ မိနစ်က TG-306 လေယာဉ်ဖြင့် ထိုင်းနိုင်ငံသို့ စတင်ထွက်ခွာခဲ့သည်။

ဂျပန်ခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ဆဋ္ဌမမြောက် ပြည်ပခရီးစဉ်ဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွက်မူ ဒုတိယမြောက် ပြည်ပခရီးစဉ် ဖြစ်လာမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ခရီးစဉ်အတွင်း ဂျပန်နိုင်ငံဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံသွားမည်ဖြစ်ကာ ဂျပန်တက္ကသိုလ်သုံးခုတွင် မိန့်ခွန်း ပြောသွားမည်ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလ၁၅ ရက်တွင် သူမ ဧည့်ပညာရှင်အဖြစ် တစ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် ကျိုတိုတက္ကသိုလ်နှင့် Ryukoku တက္ကသိုလ်တို့တွင် မိန့်ခွန်းပြောသွားမည်ဖြစ်ကာ ဧပြီလ၁၇ ရက်တွင် တိုကျိုတက္ကသိုလ်၌ မိန့်ခွန်းပြောသွားမည် ဖြစ်သည်။

ဧပြီလ ၁၆ ရက်တွင် ဂျပန် အထက်လွှတ်တော် ဥက္ကဋ္ဌ၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး ဧပြီလ၁၈ ရက်တွင် အောက်လွှတ်တော်ဥက္ကဋ္ဌ၊ ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်သည်။

ဧပြီလ၁၃ ရက်နှင့် ၁၅ ရက်နေ့များတွင် ဂျပန်ရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံသွားရန်ရှိပြီး ဧပြီလ ၁၄ ရက်တွင် ကျိုတိုမြို့ရှိ အသေးစား ရေအားလျှပ်စစ်စီမံကိန်းတစ်ခုကိုလည်း သွားရောက်လေ့လာမည်ဖြစ်သည်။ ဧပြီလ၁၉ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။

ဂျပန်ခရီးစဉ်သို့ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ကိုယ်ရေးအရာရှိ ဒေါက်တာတင်မာအောင်၊ ကိုမိုးဇော်ဦးနှင့် ကိုဘန်နီတို့ လိုက်ပါသွားခဲ့ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၅ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်တွင် ဧည့်ပညာရှင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်သွားရောက် လည်ပတ်ခြင်းဖြစ်ကြောင်း သိရသည်။

နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ ၂၀၁၂ ခုနှစ် မေ ၂၉ ရက်မှစကာ ၆ ရက်ကြာ သွားရောက်ခဲ့ပြီး ဒုတိယမြောက် ပြည်ပခရီးစဉ်အဖြစ် ဇွန်လ၁၃ ရက်မှ ၂၉ ရက်အထိ ဥရောပနိုင်ငံများ ဖြစ်သည့် ဆွစ်ဇာလန်၊ နော်ဝေ၊ အိုင်ယာလန်၊ ဗြိတိန်၊ ပြင်သစ် နိုင်ငံများသို့ သွားရောက်ခဲ့သည်။

ထို့နောက် အမေရိကန် ပြည်ထောင်စုသို့ စက်တင်ဘာလ ၁၆ ရက်နေ့မှ အောက်တိုဘာလ ၄ ရက်နေ့အထိ သွားရောက်ခဲ့ကာ နိုဝင်ဘာလ၁၄ ရက်မှ ၁၈ ရက်အထိ အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့သည်။၂၀၁၃ ခုနှစ်အတွက် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ဇန်န၀ါရီ ၂၆ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိ အမေရိကန် ဟာဝိုင်ယီကျွန်းနှင့် တောင်ကိုရီးယားနိုင်ငံများသို့ ရှစ်ရက်ကြာ သွားရောက်ခဲ့သည်။

သင်္ကြန်တွင်း ရန်ကုန်တွင် ယာဉ်ထိန်းရဲ ၄၀၀ တာဝန်ယူမည်

သင်္ကြန်တွင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေးအတွက် ရန်ကုန်မြို့အတွင် ယာဉ်ထိန်းရဲ ၄၀၀ ကျော်တို့က စည်းကမ်း ထိန်းသိမ်းရေး တာဝန်များကို ၂၄ နာရီ တာဝန်ယူကြမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီမှ တာဝန်ခံအရာရှိတဦးက ပြောသည်။

"လမ်းဆုံလမ်းခွတွေမှာ အားလုံးကို နေရာချထားတယ်။ အရေးပေါ် ကားမတော်တဆမှု ဖြစ်ရင်လည်း မြို့နယ် ယာဉ်မှုစစ်တွေက အသင့်အနေအထားနဲ့ ၂၄ နာရီ အသင့်ရှိနေမှာပါ" ဟု အဆိုပါ တာဝန်ခံ အရာရှိက ပြောသည်။

ယာဉ်သွားလာရေးနှင့် ပတ်သတ်ပြီး ရန်ကုန်မြို့တွင်းရှိ ဆရာစံလမ်း၊ စက်မှု (၁) လမ်းနှင့် ကန်ပတ်လမ်းစသည့် လမ်း ၃ လမ်းကိုသာ တလမ်းမောင်းစနစ်ဖြင့် ကျင့်သုံးသွားရန် ရှိကြောင်း၊ ကျန်လမ်းများမှာ မူလ သတ်မှတ်ထားသည့် အတိုင်းသာ မောင်းနှင်ရမည် ဖြစ်ကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။

"ဆရာစံ လမ်းကျတော့ ကမ္ဘာအေးစေတီလမ်းဆုံ ပုလဲကွန်ဒို ကနေ စက်မှု ၁ လမ်းဆုံ ရန်ကင်းစင်တာ အထိကို အနောက် ကနေ အရှေ့တလမ်းမောင်း လုပ်ပေးထားတယ်။ ဆရာစံလမ်းဆုံ ရန်ကင်းစင်တာကနေ ကမ္ဘာအေး စေတီလမ်းဆုံ ဆီဒိုးနားဟိုတယ် အထိကိုကျတော့ အရှေ့ကနေ အနောက် တလမ်းမောင်း လုပ်ထားတယ်။ နောက် ကန်ပတ်လမ်း ကျတော့ သူ့ဆီဝင်မယ့် ကားတိုင်းကို ညာကွေ့လက်ဝဲရစ်ပဲ သွားဖို့ ခွင့်ပြုထားတယ်။ အထက်ပန်းဆိုးတန်းက လာမယ့်ကားတွေ ကန်ပတ်လမ်းထဲ ၀င်မယ်ဆိုရင် ဒေါ်သိန်းတင် မီးပွိုင့်ကလာနိုင်တယ်။ သိမ်ဖြူကနေဆို သိမ်ဖြူ ၅ ခွဆုံ လမ်းလွှဲကနေ ၀င်နိုင်တယ်။ နောက်ဗဟန်းအ၀ိုင်း၊ ကန်ရိပ်သာတို့ကနေ ၀င်နိုင်တယ်။ အထွက်ကတော့ နတ်မောက်လမ်းကနေ ကမ္ဘာအေး ဘုရားလမ်းဆုံအထိ ထွက်နိုင်တယ်။ နောက် အဲဒီမှာ မနက် ၆ ကနေ ညနေ ၆ နာရီအထိ ယာဉ်ရပ်နားခွင့် မပေးထားဘူး" ဟု ၎င်းက ရှင်းပြသည်။

"ယာဉ်တွေနဲ့ ပတ်သတ်ပြီး လိုက်နာရမယ့် စည်းကမ်းတွေ ထုတ်ထားတယ်။ အရင်တုန်းက ထုတ်ပြန်ထားတဲ့ အတိုင်းပါပဲ။ ဒီနှစ် မီးပွိုင့်တွေမှာ တပ်ဆင်ထားတဲ့ ကင်မရာတွေကနေ တဆင့် ကြည့်ပြီး သတ်မှတ် စည်းကမ်းလိုက်နာမှု မရှိတဲ့ ဓာတ်ပုံ ရိုက်ယူမယ်။ အဲဒီကနေလည်း အရေး ယူသွားမှာပါ" ဟု တာဝန်ခံ အရာရှိက ပြောသည်။

သင်္ကြန်ကာလအတွင်း ယာဉ်တိုက်မှုနှင့် ထိခိုက်ဒဏ်ရာများ ရှိပါက ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနတွင် အရေးပေါ်အတွက် ဆရာဝန်၊ ဆရာမများကို ၂၄ နာရီ အသင့်အနေအထားဖြင့် ထားရှိကြောင်း၊ ထို့အပြင် လူနာတင်ယာဉ်များနှင့် ပတ်သတ်၍ လည်း ဆေးရုံကြီးတွင် လည်းကောင်း၊ ဆရာဝန်အသင်းတွင် လည်းကောင်း အသင့်ထားရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ကျန်းမာရေး ၀န်ကြီးဌာနမှ ၀န်ကြီးဒေါက်တာမြင့်သိန်းထံမှ သိရသည်။

"ကျန်းမာရေး အတွက် လိုလေသေး မရှိအောင် ထားထားတယ်။ ယာဉ်ထိခိုက် အတွက်ကတော့ ယာဉ်ထိန်းရဲနဲ့ ပေါင်းပြီး လုပ်ထားတဲ့ လူနာတင်ယာဉ် ၂ စီးထားတယ်။ အရေးပေါ် အတွက်လည်း သီးသန့်ထားထားတာ ရှိတယ်။ နောက် လူမှုရေး အသင်းတွေဖြစ်တဲ့ နာရေးကလည်း ကူညီဖို့ ရှိတယ်" ဟု ဒေါက်တာမြင့်သိန်းက ပြောသည်။

အရေးပေါ် ပြဿနာ တစုံတခု ဖြစ်ပွားလာပါကလည်း ကျန်းမာရေး စောင့်ရှောက်မှုအတွက် ရန်ကုန် ဆေးရုံကြီး အရေးပေါ်ဌာန အပြင် ဂျပန်ဆေးရုံကြီးတွင်ပါ စောင့်ရှောက် ပေးမည်ဖြစ်ကြောင်း သိရသည်။

"ဒါက စီစဉ်ထားတာပါ။ ဖြစ်မှာမို့ လုပ်ထားတာ မဟုတ်ဘူး။ ပြည်သူလူထု ကျန်းမာရေး၊ လုံခြုံရေးအတွက် ပြည့်ဝစွာ ဆောင်ရွက်နိုင်ဖို့ စီစဉ်ထားတာ" ဟု ဒေါက်တာမြင့်သိန်းက ပြောသည်။

ထိခိုက်မှု တစုံတရာ ဖြစ်ပေါ်လာလျှင် လည်းကောင်း၊ ဆေးရုံကား အရေးပေါ် ခေါ်ယူလိုလျှင်လည်းကောင်း ဖုန်းနံပါတ် ၀၁ – ၅၀၀၀၀၅၊ ၀၁ – ၂၉၁၂၈၄၊ ၀၁ – ၂၉၁၂၈၅၊ ၀၁ – ၂၉၆၄၅၄ တို့သို့ ၂၄ နာရီ ဆက်သွယ်နိုင်ကြောင်း သိရသည်။

မီးပေးမည့် အစိုးရအစီအစဉ် ရခိုင်ဒေသခံများ မယုံကြည်

ရခိုင်ပြည်နယ်သို့ နိုင်ငံတော် ဓာတ်အားစနစ်မှ ၂၄ နာရီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးသွားမည်ဟူသော အစိုးရ၏ ကြေညာချက်ကို ဒေသခံများက ယုံကြည်မှု မရှိသေးဘဲ ရွှေသဘာဝ ဓာတ်ငွေ့ဖြင့် လျှပ်စစ်မီး ရရှိရေးကိစ္စ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

မဟာဓာတ်အားလိုင်းမှ တဆင့် ရခိုင်ပြည်နယ် အတွင်းသို့ လျှပ်စစ်မီး ၂၄ နာရီ ပေးနိုင်ရန် ပင်မ ဓာတ်အားခွဲ စက်ရုံများ တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ ဓာတ်အားခွဲ စက်ရုံများ တည်ဆောက်ရန် လိုအပ်သည့် ပစ္စည်းများကိုလည်း အိန္ဒိယ နိုင်ငံမှ တင်သွင်းနေကြောင်း၊ ပဲခူးတိုင်းအတွင်းရှိ မဟာဓာတ်အား လိုင်းမှတဆင့် ရခိုင်ဒေသတွင်းသို့ သွယ်တန်း ဖြန့်ဝေနိုင်ရန် စီမံကိန်းများချမှတ် လုပ်ဆောင်သွားမည်ဟု ဧပြီလ ၁၁ ရက်နေ့ထုတ် အစိုးရ သတင်းစာများက ရေးသားထားခြင်း အပေါ်ရခိုင် ဒေသခံများက တုံ့ပြန်ပြောဆို ခြင်းဖြစ်သည်။

"ရခိုင်ဒေသကို အစိုးရ သတင်းစာတွေက မီးတွေပေးနေတာ ကြာပါပြီ။ လွှတ်တော်မှာလည်း ဒီကိစ္စတွေက ဖြေဆိုထားပြီးသား ကိစ္စတွေပါ။ လက်တွေ့လုပ်ဖို့ပဲ လိုပါတယ်။ ရန်ကုန်မြို့တောင် မီးမမှန်သေးဘူး" ဟု ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ဧရာဝတီသို့ ပြောသည်။

အစိုးရအနေဖြင့် ရခိုင်ဒေသသို့ လျှပ်စစ်မီး ရရှိရေး ဆောင်ရွက်ပေးမည်ဆိုပါက ကျောက်ဖြူမြို့၌ တည်ဆောက်နေ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ ရရှိမည့် သဘာဝ ဓာတ်ငွေ့ဖြင့်သာ ပေးစေလိုကြောင်း၊ ရွှေသဘာဝ ဓာတ်ငွေ့ဖြင့် လျှပ်စစ်မီး ရရှိရေးအတွက်လည်း ရခိုင်ပြည်သူ တရပ်လုံးက ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ရခိုင်ဒေသခံများက ပြောသည်။

"ရွှေဂက်စ်တွေကို တရုတ်နိုင်ငံကို စရောင်းပြီဆိုရင် ကျနော်တို့ ရခိုင်ဒေသတွေကိုလည်း ဒီဒေသက ထွက်တဲ့ ဂက်စ်နဲ့ပဲ မီးပေးဖို့ လိုပါမယ်။ ကျနော်တို့ ဒေသခံတွေ အားလုံးကလည်းပဲ ဒီ ဂက်စ်နဲ့ပဲ မီးရဖို့အတွက် ရာနှုန်းပြည့် မျှော်လင့်နေကြတယ်" ဟု ကျောက်ဖြူ ဒေသခံများအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးလှမျိုးကျော်က ဆိုသည်။

ရွှေဂက်စ် စီမံကိန်းသည် မကြာမီ ပြီးစီးတော့မည်ဖြစ်၍ လာမည့် မေလတွင် ရခိုင်ပြည်နယ်မှ ဂက်စ်များကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ပို့လွှတ်နိုင်မည် ဖြစ်ကြောင်း၊ ဂက်စ်ပိုက်လိုင်း စီမံကိန်းကို ဦးဆောင် တည်ဆောက်နေသည့် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (China National Petroleum Corporation – CNPC) ကုမ္ပဏီမှ ပြောဆိုထားသည်။ မြန်မာအစိုးရသည် ထိုစီမံကိန်းမှ တနှစ်လျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံကို နှစ်စဉ် ရရှိမည်ဟု သိရသည်။

ရခိုင်ပြည်နယ် အတွင်း၌ အစိုးရ လျှပ်စစ်ဝန်ကြီးဌာနက ပေးထားသော လျှပ်စစ်ဓာတ်အား ရှိကြောင်း၊ သို့သော် ထိုလျှပ်စစ်ကို သက်ဆိုင်ရာ မြို့နယ် ဌာနဆိုင်ရာများက ဖွဲ့စည်းထားသော မီးလင်းရေး ကော်မတီများက တယူနစ်လျှင် ကျပ် ၅၀၀ ပေးသွင်း ရကြောင်း၊ ပုဂ္ဂလိက လုပ်ငန်းများမှ ရခိုင်ပြည်နယ် တ၀ှန်းပေးနေသော လျှပ်စစ်မှာလည်း တယူနစ်လျှင် ကျပ် ၅၅၀ မှ ကျပ် ၈၀၀ အထိ ပေးဆောင်နေရကြောင်း လျှပ်စစ်ဝန်ကြီးဌာန၏ ၀န်ထမ်းဟောင်း တဦးဖြစ်သူ ရခိုင်ဒေသခံ ဦးသန်းမောင်က ပြောသည်။

"ရခိုင်ဒေသကို မီး ၂၄ နာရီ ပေးမယ်ဆိုတာကို ဘယ်သူမှ မယုံပါဘူး။ အရင် အစိုးရ အဆက်ဆက်ကလည်း ရခိုင်ဒေသ မီးလင်းရေးအတွက် စိုင်းဒင် ရေအားလျှပ်စစ် စီမံကိန်း လုပ်ပေးမယ်၊ အမ်းချောင်း၊ သူဌေးချောင်း၊ လေးမြို့မြစ် စတဲ့ ရေအား လျှပ်စစ် စီမံကိန်းတွေ တည်ဆောက်ပေးမယ်လို့ ပြောခဲ့ပေါင်း များပါပြီ။ ဒီနေ့အထိ ဘာစီမံကိန်းမှ လုပ်တာ မတွေ့ရသေးဘူး"ဟု ၎င်းက ဆိုသည်။

ရွှေဂက်စ် စီမံကိန်း အပါအ၀င် ရခိုင်ဒေသတွင်း၌ တည်ဆောက်နေသော အစိုးရ စီမံကိန်းများသည် ဒေသခံ ပြည်သူများ အတွက် အကျိုးမပြုဘဲ ဆိုးကျိုးများကိုသာ ခံစားနေကြရသည့် အတွက် ကန့်ကွက် ပြောဆိုမှုများ၊ ဆန္ဒပြ ထုတ်ဖော်မှုများ ဖြစ်ပေါ်နေကြောင်း၊ ရွှေဂက်စ်ဖြင့် လျှပ်စစ်မီး ရရှိရေး လှုပ်ရှားမှုများကိုလည်း ဆက်လက် လုပ်ဆောင်မည်ဟု

ပြောဆိုနေကြသည့် အချိန်တွင် ရခိုင်ဒေသ ၂၄ နာရီ လျှပ်စစ်မီးပေးရေး လုပ်ဆောင်မည်ဟု အစိုးရ သတင်းစာများက ရေးသားခြင်းသည် ရခိုင်ပြည်သူများအား နှစ်သိမ့်လိုသည့် သဘောသာ ဖြစ်ကြောင်း ဦးသန်းမောင်က ပြောသည်။

လျှပ်စစ်စွမ်းအား ရခိုင်ပြည်နယ် တခုလုံး ၂၄ နာရီ လျှပ်စစ်မီး ရရှိရေးအတွက် အိန္ဒိယမှ ၀ယ်ယူထားသော (၂၃၀/၁၃၂/၁၁) ကေဗီ (၃၃ ဒသမ ၃၃) အမ်ဗီအေ 1 – Phase Power Transformer ၁၂ လုံးနှင့် ဆက်စပ်ပစ္စည်းများ ရန်ကုန်မြို့သို့ ရောက်ရှိနေပြီး ၂၀၁၄-၂၀၁၅ တွင် လျှပ်စစ်မီး ပေးနိုင်မည်ဖြစ်ကြောင်း အစိုးရ သတင်းစာများက ဆိုသည်။

ရခိုင်ဒေသတွင်းရှိ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ မြောက်ဦး၊ တောင်ကုတ် စသည် မြို့တချို့တွင် အစိုးရဌာနမှ လက်ရှိပေးနေသော လျှပ်စစ်မီးသည် တရက်လျှင် ၂ နာမှ ၃ နာရီ ၀န်းကျင်သာ ရရှိသည်။ ရခိုင်ပြည်နယ် တခုလုံး၌ မီတာ တယူနစ်လျှင် အနည်းဆုံး ကျပ် ၄၅၀ မှ ကျပ် ၈၀၀ အထိ ရှိကြောင်း ရခိုင်ဒေသခံများက ပြောသည်။