Saturday, April 13, 2013

လှည်းတန်း ခုံးကျော်တံတားပေါ်တွင် ယာဉ်များ စတင်ဖြတ်သန်း အသုံးပြုခဲ့ပြီး ဖြတ်သန်းသွားလာသည့် ယာဉ်များကို စစ်တမ်း ကောက်ယူသွားမည်ဖြစ်ကြောင်း သိရ


heldanbridge-april10

လှည်းတန်း ခုံးကျော်တံတားပေါ်တွင် ဖြတ်သန်းသွားလာနေသော ယာဉ်များကို ဧပြီ ၁၀ ရက် နံနက် ၆ နာရီ ၁၅ မိနစ်ခန့်က မြင်တွေ့ရစဉ်

လှည်းတန်း ခုံးကျော်တံတားအား ဧပြီ ၁၀ ရက်နေ့ နံနက် ၆ နာရီ အချိန်မှ စတင်ပြီး ယာဉ်များ စတင်ဖြတ်သန်း အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ တံတားပေါ်သို့ တန် ၆၀ အထိ ယာဉ်များကို ဖြတ်သန်းခွင့် ပြုထားကြောင်း၊ ရန်ကုန်-ပြည်လမ်းပေါ် ဖြတ်သန်းမည့် ယာဉ်များအားလုံး တံတားပေါ်မှ ဖြတ်သန်းသွားလာမည် ဖြစ်သောကြောင့် တံတားအဆင်း နာနတ်တော မီးပွိုင့်တွင် ယာဉ်ကြောပိတ်ဆို့မှုများ မရှိစေရေး အတွက်လည်း နာနတ်တောမီးပွိုင့်ကို ဧပြီလ ၁၀ ရက်နေ့မှ စတင်ကာ ဖြုတ်သိမ်းသွားမည်ဖြစ်ကြောင်းနှင့် တံတားအတက်အဆင်းတွင် ယာဉ်ကြောရှုပ်ထွေးမှု မရှိစေရန်အတွက် ယာဉ်ထိန်းရဲ ၃ ဦးစီအား တံတားထိပ် နှစ်ဘက်တွင် ချထားမည် ဖြစ်ကြောင်းလည်း ရန်ကုန်တိုင်းဒေသကြီး၊ ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့မှ ရဲမှူးသာဌေးက ဧပြီလ ၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် လှည်တန်းခုံးကျော်တံတားနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တံတားပေါ်တွင် ဖြတ်သန်းသွားလာခဲ့သည့် အငှားယာဉ်မောင်း တစ်ဦးဖြစ်သူ ကိုကျော်ထွဋ်က "ဒီခုံးကျော်တံတားကို ခုလိုမျိုး ဖြတ်သန်းခွင့် ပြုလိုက်တဲ့အတွက် လမ်းမှာပွိုင့်မိတာတို့ ယာဉ်ကြောကြပ်တာတို့ မဖြစ်တော့လို့  ခရီးသွား ပြည်သူတွေ အနေနဲ့လည်း လမ်းခရီး ကြာချိန်ကို လျှော့ချနိုင်ပြီး သွားရေးလာရေး ပိုမြန်ဆန်သွားတာပေါ့" ဟု သုံးသပ်ပြောကြားခဲ့သည်။

heldanbridge2-april10

လှည်းတန်း ခုံးကျော်တံတားပေါ်တွင် ဖြတ်သန်းသွားလာနေသော ယာဉ်များကို ဧပြီ ၁၀ ရက် နံနက် ၆ နာရီ ၁၅ မိနစ်ခန့်က မြင်တွေ့ရစဉ်

လှည်းတန်း ခုံကျော်တံတားပေါ်တွင် နံနက်ခင်း လမ်းလျှောက်နေသူ တစ်ဦးကလည်း "အခုလို လှည်းတန်းခုံးကျော်တံတားပေါ် ကားတွေဖြတ်သန်းခွင့် ပြုလိုက်တာ အားလုံးအတွက် အကျိုးရှိပါတယ်။ ကျွန်တော့်လို အနီးနားမှာ နေတဲ့သူတွေဆို ကိုယ်အိမ့်ပြန်ဖို့ကို နီးလျက်နဲ့ဝေး နာရီဝက် တစ်နာရီလောက် စောင့်ခဲ့ရတယ်။ အခုတော့ မစောင့်ရတော့ဘူး ကောင်းပါတယ်။ ဒါပေမယ့် လူသွားလမ်း ပလက်ဖောင်းက တော်တော်ကျဉ်းနေတယ် တစ်ပေခွဲလောက် အကျယ်မှာ လူနှစ်ယောက်ယှဉ်ပြီးတော့ လျှောက်ဖို့ မဖြစ်နိုင်ဘူး" ဟု ပြောကြားခဲ့သည်။

လှည်းတန်း ခုံးကျော်တံတားပေါ်တွင် ဖြတ်သန်းသွားလာ အသုံးပြုသည့် ယာဉ်များကိုလည်း စတင်ဖြတ်သန်းခွင့်ပြုသည့် ဧပြီ ၁၀ ရက်နေ့မှစပြီး စစ်တမ်းကောက်ယူသွားမည် ဖြစ်ကြောင်းလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လမ်းတံတားဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ လှည်းတန်း ခုံးကျော်တံတားသည် သံမဏိယက်မနှင့် သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ပြီး ယာဉ်သွားလမ်းအကျယ်-၄၄ ပေ ၈ လက်မ၊ ပလက်ဖောင်းအကျယ် - တစ်ဘက်လျှင် ၁ ပေ ၆ လက်မ၊ တံတားအကျယ် ၅၀ ပေ ၈ လက်မ၊ တံတားအောက် ကင်းလွတ်အမြင့်-၁၈ ပေ၊ ယာဉ်တစ်စီးချင်း ခွင့်ပြုတန်ချိန်- တန် ၆၀ နှင့် ယာဉ်သွားလမ်းအကျယ် စုစုပေါင်း ၉၈ ပေ ၈ လက်မရှိပြီး တံတားအတွက် ကုန်ကျစရိတ် စုစုပေါင်း ကုန်ကျစရိတ်မှာ ပဏာမ တွက်ချက်မှုများအရ ကျပ် ၁၄ ဒသမ ၄၈၇ ဘီလျံ ရှိကြောင်းလည်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။