Monday, January 28, 2013

မြန်မာနိုင်ငံ ရထားရဲတပ်ဖွဲ့ ဖွဲ့စည်းပုံ တိုးချဲ့ရန် စီစဉ်

မြန်မာနိုင်ငံ ရထားရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံ တိုးချဲ့ဖွဲ့စည်းရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ရထားရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ရထားရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံ တိုးချဲ့ရန် အဆင့်ဆင့် ဆောင်ရွက်လျက်ရှိပြီး ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖွဲ့စည်းပုံ တိုးချဲ့ရန် စီစဉ်နေခြင်းနှင့် ပတ်သက်၍ ရထားရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှမိုးက "တစ်လပိုင်းက ရထားရဲတပ်ဖွဲ့ရဲ့ ဖွဲ့စည်းပုံ တိုးချဲ့ဖို့အတွက် ပြည်ထောင်စု အစိုးရအဖွဲ့ကို တင်ပြထားပါတယ်။ အဓိက ရထားရဲတပ်ဖွဲ့ရဲ့ အင်အားကို တိုးချဲ့သွားမယ်။ မြန်မာပြည်ရဲ့ အလယ်ပိုင်း၊ မြောက်ပိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း စတဲ့ ရထားလမ်း ဘူတာရုံတွေ လုံခြုံရေးကို တိုးချဲ့သွားမယ်။ စက်ခေါင်းရုံတွေ၊ စက်ရုံတွေရဲ့ လုံခြုံရေးကို တိုးမြှင့်သွားမယ်" ဟု ပြောသည်။

သင်္ကန်းကျွန်းမြို့နယ် င/ခ ရပ်ကွက်ရှိ ပရိဘောဂ ပစ္စည်းများ ပြုလုပ်ထားသိုသည့် ဂိုဒေါင်တွင် မီးလောင်မှု ဖြစ်ပွား


1.26.01

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ကန်းကျွန်းမြို့နယ်၊ င/ခ ရပ်ကွက်၊ သင်္ကန်းကျွန်း ဘူတာလမ်းပေါ်ရှိ ပရိဘောဂ ပစ္စည်းများ ပြုလုပ်ထားသိုသည့် ဂိုဒေါင်တစ်ခုတွင် မီးလောင်မှု ဇန်န၀ါရီလ ၂၆ ရက်နေ့ နံနက် ၃ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ မီးလောင်မှုသည် ဂိုဒေါင်တစ်ခုတည်းသို့ လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး မည်သည့် အကြောင်းရင်းကြောင့် မီးလောင်ကျွမ်းသည် ဆိုသည်ကိုမူ မသိရှိရသေးပေ။

"ပရိဘောဂ ပစ္စည်းတွေ ပြုလုပ်ထားသိုတဲ့ နေရာဆိုတော့ သစ်တွေရှိတယ်။ အဲဒီတော့ မီးလောင်လို့ ကောင်းသွားတာပါ။ နံနက် ၄ နာရီ လောက်မှာ မီးငြိမ်းအောင် ငြှိမ်းသတ်နိုင်ခဲ့ပါတယ်" ဟု မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

1.26.01

မီးလောင်မှု ဖြစ်ပွားရာနေရာသို့ မီးသတ်ယာဉ် ၃၀ စီး လာရောက် မီးငြိမ်းသတ်ခဲ့ကြောင်း၊ လူနေထူထပ်ပြီး အိမ်ခြေစိပ်သည့် နေရာတွင် မီးလောင်ခဲ့ခြင်းကြောင့် ပတ်ဝန်းကျင် နေထိုင်သူများ များစွာ စိုးရိမ်ပူပန်မှုများ ဖြစ်ခဲ့ရသည်။

1.26.01

"မီးက ၃ နာရီ မထိုးခင် လောက်ကတည်းက လောင်တယ်လို့ ယူဆပါတယ်။ လူတွေအိပ်ချိန်လည်း ဖြစ်တာကြောင့် မသိကြဘူး။ သိတဲ့အချိန်မှာ မီးက တော်တော်ကို လောင်နေပြီ။ မီးသတ်ကားကလည်း လာတာ တော်တော်ကို နောက်ကျပါတယ်။ ပြီးတော့ လောင်တဲ့နေရာကလည်း သစ်တွေ စုဆောင်းထားတဲ့ ဂိုဒေါင်ဖြစ်ပြီး ကျွန်တော်တို့ရပ်ကွက်က အိမ်ခြေစိပ်တဲ့အတွက် တော်တော်လေးကို စိုးရိမ်ခဲ့ရပါတယ်" ဟု မီးလောင်မှု အနီးပတ်ဝန်းကျင်တွင် နေထိုင်သူတစ်ဦးက ပြောပြခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းနှင့် ပြည်သာယာလမ်းထောင့်ရှိ စစ်တပ်မှ သိမ်းယူထားသော မြေနေရာအား ယခင်စစ်အစိုးရလက်ထက် အတင်းကျပ်ပြောင်းရွေ့ခံရသူများမှ ဆန္ဒထုတ်ဖော်

သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းနှင့်ြ1ပည်သာယာလမ်းထောင့်ရှိ စစ်တပ်မှသိမ်းယူထားသောမြေ ယခင်မိချောင်းကန်ရပ်ကွက် (၁၊၂၊၃) နေရာအား ယခင်စစ်အစိုးရလက်ထက် အင်အားသုံး၍ အတင်းကျပ် ပြောင်းရွေ့ခံရသူများမှ ဆန္ဒထုတ်ဖော်မူကို ဇန်န၀ါရီ ၂၇ ရက်နေ့ မနက် ၉ နာရီတွင် ပြုလုပ်ခဲ့သည်။

ထိုသို့ ဆန္ဒထုတ်ဖော်ရခြင်းမှာ ယခင်စစ်အစိုးရလက်ထက်တွင် စစ်အစိုးရမှ နိုင်ငံတော်အတွက် အမှန်တကယ် လိုအပ်သောနေရာ မဟုတ်ဘဲနဲ့ မိမိတို့အပေါ် နိုင်ငံရေးအမုန်းတရား ကြီးစွာဖြင့် ဒီရပ်ကွက်ကို ဖျက်ဆီးလုပ်ဆောင်ခြင်း၊ ပြည်သူများအပါ် အင်အားသုံးဖယ်ရှားမှုများကြောင့် မိမိတို့အနေနဲ့ ဆန္ဒထုတ်ဖော်မူများ ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

"ဇေယျာသိရီလမ်းဘက်မှာရှိတဲ့ လူတချို့တ၀က်ကို ဖျက်သိမ်းတာကို ကျေနပ်ပါတယ်ဆိုတဲ့ လှိုဝှက်ဆန္ဒမဲတွေ ကောက်တယ်၊ ဒါပေမဲ့ကျွန်တော်တို့ကို သင်းကွဲခွဲပြီးတော့ လှိုင်သာယာ၊ ရွှေပြည်သာ၊ အေးမြသာယာ၊ ဒဂုံတောင်၊ ဒဂုံမြောက် ခုနက ကျွန်တော်ပြောတဲ့နေရာတွေကို ပို့တဲ့အခါမှာ နောက်ဆုံးကျန်တဲ့သူတွေကို လျှို့ဝှက်ထားပြီးတော့ ကျွန်တော်တို့ရဲ့ ဟိုဘက်ရပ်ကွက် တဖက်စွန်းမှာရှိတဲ့ ဇ/တောင်ရပ်ကွက် တိုက်ခန်းတွေကို နစ်နာလျော်ကြေးအနေနဲ့ ပေးလိုက်ပါတယ်။ လူ့အခွင့်ရေးအနေနဲ့ ဆတူမရခဲ့ဘူး၊ ကျွန်တော်တို့အလှည့်ကျမှ ကျန်တဲ့သူတွေကို ပေးလိုက်တယ်၊ မယူတဲ့သူတွေကို ၁၉၉၁ ခုနှစ်လောက်က နစ်နာကြေးအနေနဲ့ ငွေငါးသိန်းပေးတယ် ကျွန်တော်တို့ကိုကျတော့ ငွေသွင်းခိုင်းတယ်။ ပေနှစ်ဆယ်ကို ကာလတန်ကြေး ၄၈၀၀ နဲ့ယူ၊ မယူနိုင်တဲ့သူတွေ မတတ်နိုင်ဘူး။ အဲ့ချိန်အဲခါက ငွေကြေးတွေရှားပါးတယ် ငွေကာလတန်ဖိုးကလည်း မြင့်မားတယ် မပေးနိုင်တဲ့သူတွေကျတော့ အေးသုခ၊ အေးမြသာယာ၊ ပဲခူးတိုင်း ဟိုးတောထဲမှာပို့ထားတယ် အဲ့ကိုရောက်တဲ့သူတွေက မြွေဆိုးတွေကိုက်၊ ငှက်ဖျားရောဂါတွေနဲပသေတဲ့သူက သေ၊ ပီလောပီနှံတွေ စိုက်စားနေခဲ့ရတာ ဒီလို နှစ်၂၀ ကျော်ခံစားလာခဲ့ရတာ အခုကျွန်တော်တို့ပြည်သူတွေ မခံစားနိုင်တော့ဘူး၊ ကျွန်တော်တို့ ဘိုးဘွားတွေလည်း ဒီလိုအဖြစ်ဆိုးတွေကြောင့် စိတ်ရောဂါရပြီး သေဆုံးသွားရပြီ နိုင်ငံတော်အတွက် အမှန်တကယ်လိုအပ်တဲ့ နေရာလည်းမဟုတ် အာဂတကြီးစွာနဲ့ ကျောင်းသားခေါင်းဆောင်ဟောင်း မိုးသီးဇွန်နေတဲ့ရပ်ကွက် ဖြစ်နေတာကြောင့် ဖျက်သိမ်းခိုင်းတယ်လို့ ကျွန်တော်တို့ ယူဆတယ်၊ အခုတော့ ဒီနေရာက ပန်းအလှ စိုက်ပျိုးတဲ့လူတွေကို မြေနေရာ ငှားစားတယ်၊ စိုက်ခင်းလုပ်တဲ့သူတွေကို ငှားစားတယ်၊ ယခင်မဖယ်တုန်းက ကျွန်တော်တို့ကို စစ်အစိုးရက ဘူဒိုဇာနဲ့ ထိုးပြီး ဖျက်သိမ်းတဲ့အပြင် ကျွန်တော်နဲ့ မိသားစုတွေကိုပါ ဖမ်းဆီးထိန်းသိမ်းတာတွေ ပြုလုပ်ခဲ့ပါတယ်" ဟု အဆိုပါ ဆန္ဒပြပွဲ ဦးဆောင်သူ ဦးစိန်သန်းက ပြောပြခဲ့သည်။

အဆိုပါ ရပ်ကွက်ဖျက်သိမ်းခံရခြင်းနှင့် ပတ်သက်၍ တရားဥပဒေစိုးမိုးရေး ကော်မတီ၊ ပွင့်လင်းလူ့အဖွဲ့အစည်း၊ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စသည့်အဖွဲ့အစည်းများထံသို့ လိပ်မူ၍ ရေးသားပေးပို့ထားကြောင်း သိရသည်။

မီးရထားခရီးစဉ်များတွင် လုယက်မှု၊ ခိုးမှုနှင့် မူးယစ်ဆေးဝါး သယ်ဆောင်သည့် ဖြစ်စဉ် အများဆုံး ဖြစ်ပွားနေသဖြင့် စုံစမ်းဖော်ထုတ် ဖမ်းဆီးရေး အထူးအဖွဲ့များ ဖွဲ့စည်းပြီး အရေးယူနေ

မြန်မာနိုင်ငံအတွင်း ပြေးဆွဲနေသော မီးရထားခရီးစဉ်များတွင် လုယက်မှု၊ ခိုးမှုများနှင့် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ သယ်ဆောင်သည့် ဖြစ်စဉ် အများဆုံး ဖြစ်ပွားနေသဖြင့် ထိရောက်စွာ အရေးယူနိုင်ရန် စုံစမ်းဖော်ထုတ် ဖမ်းဆီးရေး အထူးအဖွဲ့များ ဖွဲ့စည်းပြီး အရေးယူမှုများ ပြုလုပ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရထားရဲတပ်ဖွဲ့မှူး ရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီး လှမိုးက Eleven Media Group သို့ ပြောသည်။ 

ဘိန်းနှင့် ဆက်စပ်မူးယစ်ဆေးဝါးများ အများဆုံး သယ်ဆောင်နေသည့် မီးရထား ခရီးစဉ်များမှာ မန္တလေးမှ ကချင်ပြည်နယ် ခရီးစဉ်၊ လာရှိုးမှ မန္တလေး ခရီးစဉ်တို့ဖြစ်ပြီး ဆေးခြောက်နှင့်ဆိုင်ရာ မူးယစ်ဆေးဝါးများ အများဆုံး သယ်ဆောင်နေသည့် ခရီးစဉ်များမှာ မန္တလေး-ပဲခူး-ရန်ကုန် ခရီးစဉ်များဖြစ်ကြောင်း မီးရထား ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အလားတူ လုယက်မှုဖြစ်စဉ်နှင့် ခိုးမှုများကို မန္တလေး-ရန်ကုန် ခရီးစဉ်၊ ဖြူး-ပြွန်တန်ဆာ-ပဲခူး ခရီးစဉ်နှင့် မြို့ပတ်ရထား ခရီးစဉ်များတွင် အများဆုံးဖြစ်ပွားလျက် ရှိသည်။

ရထားရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှမိုးက "ပြည်တွင်းမှာ ပြေးဆွဲနေတဲ့ ရထားပေါ်တွေမှာ အများဆုံး ဖြစ်ပွားနေတဲ့ ဖြစ်စဉ်တွေက လုယက်တဲ့ ဖြစ်စဉ်တွေ၊ ခိုးတဲ့ဖြစ်စဉ်တွေ၊ မူးယစ်ဆေးဝါး သယ်ဆောင်တဲ့ ဖြစ်စဉ်တွေပဲ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်တွေကို ထိထိရောက်ရောက် ဖမ်းဆီးအရေးယူဖို့အတွက် မူးယစ်ဖမ်းဆီးရေး အထူးအဖွဲ့နဲ့ ဒုစရိုက်အမျိုးမျိုး ဖမ်းဆီးရေး အထူးအဖွဲ့ စတဲ့ စုံစမ်းဖမ်းဆီးရေး အထူးအဖွဲ့တွေကို နယ်မြေအလိုက် ဖွဲ့စည်းပြီး အရေးယူမှုတွေ ပြုလုပ်နေပါတယ်။ ရထားပေါ်မှာ ဒုစရိုက်မှု ဖြစ်ပွားခဲ့ပြီဆိုရင် ရထားရဲတပ်ဖွဲ့ကို အမြန်အကြောင်းကြားရမယ်။ ရထားပေါ်မှာဖြစ်တဲ့ ဖြစ်စဉ်တွေမှာ ကျူးလွန်သူတွေကို အချိန်တိုအတွင်း အမြန်ဆုံး ဖမ်းမိနိုင်ဖို့ အရေးကြီးပါတယ်" ဟု သုံးသပ်သည်။

ရထားခရီးစဉ်တွင် လုယက်မှုနှင့် ခိုးမှုဖြစ်စဉ်အများစုမှာ ခရီးသည် အိပ်ပျော်နေစဉ် ပိုက်ဆံအိတ်နှင့် လက်ဝတ်ရတနာများ ခိုးယူခြင်း၊ ခရီးဆောင်အိတ်များကို လုယက်ထွက်ပြေးခြင်းများ ဖြစ်သည်။

နိုင်ငံတော်ပိုင်ငွေများကို ထုတ်ယူအလွဲသုံးစား ပြုလုပ်မှုဖြင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ၀န်ထမ်းရှစ်ဦးအား အမှုဖွင့် အရေးယူ

နိုင်ငံတော်ပိုင် ငွေများကို ထုတ်ယူအလွဲသုံးစား ပြုလုပ်မှုဖြင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ၀န်ထမ်းရှစ်ဦးအား ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၈ ရက်နေ့ အမှုဖွင့် အရေးယူခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် မြန်မာနိုင်ငံအတွင်း မိုးဘိုင်းဆက်သွယ်ရေး စီမံကိန်း လုပ်ငန်းအတွက် လိုအပ်သော စက်ပစ္စည်းနှင့် အဆောက်အဦ စရိတ်အတွက် ဘဏ္ဍာငွေ တင်ပြတောင်းခံရာတွင် ပိုမိုတွက်ချက်တင်ပြ၍ ထုတ်ယူခြင်း၊ စက်ကိရိယာ ပစ္စည်းများ ၀ယ်ယူရာတွင်လည်း ဈေးလျော့ဝယ်ယူခြင်းဖြင့် နိုင်ငံပိုင်ငွေများကို ကိုယ်ကျိုးအလွဲသုံးစား ပြုလုပ်ခဲ့ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ နိုင်ငံပိုင်ငွေများကို ထုတ်ယူအလွဲသုံးစား ပြုလုပ်ရာတွင် ပါဝင်သူ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဝန်ထမ်းများအား ပအမှတ် ၆/၁၃၊ ပြစ်မှုပုဒ်မ ၄၀၉ ဖြင့် ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းရဲစခန်းမှ အမှုဖွင့်အရေးယူ တိုင်ကြားထားကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံ မိုဘိုင်းဆက်သွယ်ရေး စီမံကိန်းလုပ်ငန်း စက်ပစ္စည်းနှင့် အဆောက်အဦစရိတ် ဘဏ္ဍာငွေ ပိုမိုတွက်ချက် တင်ပြထုတ်ယူခြင်း၊ စက်ကိရိယာပစ္စည်းများ ဈေးလျော့ဝယ်ယူခြင်းဖြင့် နိုင်ငံပိုင်ငွေများကို ကိုယ်ကျိုးအလွဲသုံးစား ပြုလုပ်ခြင်းဖြင့် အမှုဖွင့် အရေးယူထားသော ရှစ်ဦးထဲမှ တစ်ဦးသည် မိမိကိုယ်မိမိ သေကြောင်းကြံစည်မှုမှာ မဟုတ်မမှန်ကြောင်း ၎င်းရဲစခန်းမှ စုံစမ်းသိရှိရသည်။

ရခိုင်တိုင်းရင်းသားအားလုံး ပါဝင်သော ညီလာခံတစ်ရပ် ကျင်းပနိုင်ရန် ရခိုင်အဖွဲ့အစည်း အသီးသီး ကြိုးပမ်းသွားမည်

ရခိုင်တိုင်းရင်းသားအား လုံးပါဝင်သော ညီလာခံတစ်ရပ် ကျင်းပနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းများထံမှ သိရှိရသည်။

လက်ရှိအချိန်တွင် ရခိုင်ပြည်နယ် အတွင်းရှိ ရခိုင်တိုင်းရင်းသား လူမျိုးများ ရင်ဆိုင်ကြုံတွေ့နေရသည့် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အခြေအနေများနှင့် ပတ်သက်၍ လည်းကောင်း ရခိုင်တိုင်းရင်းသား လူမျိုးများအကြား ညီညွတ်ရေး တည်ဆောက်ရေးနှင့် ပြည်နယ်တွင်းရှိ အဖွဲ့အစည်း အသီးသီး ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် ရည်ရွယ်၍ ကြိုးပမ်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ပါတီအနေနဲ့ လက်ရှိအချိန်မှာ ရခိုင်ပြည်နယ်အတွင်းက ရခိုင်ပြည်သူတွေ ခံစားနေရတဲ့ လက်ငင်းကြုံတွေ့နေရတဲ့ ပြဿနာတွေဖြစ်တဲ့ လယ်ယာမြေပြဿနာ၊ ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့ လူမျိုးစုများနဲ့ အတူယှဉ်တွဲ နေထိုင်နေရခြင်း ကိစ္စတွေ အစရှိတာတွေကို အဓိကထား လုပ်ဆောင်နေပါတယ်။ ရခိုင်တိုင်းရင်းသား အားလုံးပါဝင်တဲ့ ညီလာခံတစ်ရပ်ကို ကျင်းပနိုင်အောင်လည်း ကျွန်တော်တို့ ကြိုးပမ်းသွားပါမယ်" ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီအတွင်းရေးမှူး ဦးလှစောက ပြောကြားခဲ့သည်။

"တိုင်းရင်းသားလူမျိုး အဖွဲ့အစည်း အသီးသီးကလည်း သက်ဆိုင်ရာ တိုင်းရင်းသားညီလာခံတွေ ကျင်းပနိုင်အောင် ကြိုးပမ်းနေကြပါတယ်။ ရခိုင်တိုင်းရင်းသား အားလုံးပါဝင်သော ညီလာခံတစ်ရပ် ကျင်းပနိုင်မယ်ဆိုရင် တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့ ပင်လုံကဲ့သို့သော ညီလာခံကို အထောက်အကူ အများကြီးပြုမယ်လို့ မျှော်လင့်တယ်၊ ၂၀၁၅ မတိုင်မီမှာသာ ဒီလိုဖြစ်ခဲ့မယ်ဆိုရင် အများကြီး အကျိုးဖြစ်လာမယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်" ဟု ၎င်းက ဆက်ပြောပါသည်။

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်ကလည်း "ရခိုင်ပြည်နယ်မှာရှိတဲ့ နိုင်ငံရေး အင်အားစုတွေနဲ့ လက်နက်ကိုင် အင်အားစုတွေအားလုံး တွေ့ဆုံပြီး ပြည်နယ်ရဲ့ အမျိုးသားရေး မူဝါဒတစ်ရပ် ချမှတ်သွားနိုင်ဖို့အထိ ရည်ရွယ်ပါတယ်။ ရခိုင်တိုင်းရင်းသားများ အားလုံးပါဝင်တဲ့ ညီလာခံတစ်ရပ်ကို ကျင်းပနိုင်ဖို့ ကျွန်တော်တို့အနေနဲ့ ရခိုင်အဖွဲ့အစည်း အသီးသီးနဲ့ ပူးပေါင်းပြီး ကြိုးပမ်းလုပ်ဆောင်သွားမှာပါ" ဟု ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင် လက်ရှိအချိန်၌ ပြည်နယ်ကိုယ်စားပြု နိုင်ငံရေးပါတီ သုံးခုရှိပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်၊ အမျိုးသား အင်အားစုပါတီ (ပြည်ထောင်စု မြန်မာနိုင်ငံ) တို့ဖြစ်ကာ လက်နက်ကိုင် အဖွဲ့အစည်းနှစ်ခုမှာ ရခိုင်လွတ်မြောက်ရေး ပါတီ (ALP) နှင့် ရခိုင်တပ်မတော် (AA) တို့ဖြစ်ပြီး အရပ်ဖက် လူမှုအဖွဲ့အစည်းများစွာ ရှိကြောင်း သိရသည်။

၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူရာတွင် အမှန်ကန်ဆုံး ကောက်ယူနိုင်ရန် ကျေးရွာအဆင့်မှ ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့်အထိ အခြေခံ လိုအပ်ချက် စစ်တမ်းများနှင့် မြေပြင်စစ်တမ်းများ စတင်ကောက်ယူ

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် အမှန်ကန်ဆုံး ကောက်ယူနိုင်ရန် မြေပြင်စစ်တမ်းများနှင့် အခြေခံ အချက်အလက်များအား စတင်ကောက်ယူနေပြီ ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဋ္ဌာနမှ သိရှိရပါသည်။

လက်ရှိကာလတွင် ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့်အထိ လူဦးရေ၊ နေအိမ် အဆောက်အအုံများ စသည့် မြေပြင် အချက်အလက်များအား သက်ဆိုင်ရာ လူဝင်မှု ကြီးကြပ်ရေးရုံးများမှ တဆင့် ကောက်ခံနေကြောင်းလည်း သိရှိရပါသည်။

ထိုသို့ ကောက်ယူမှုအား လက်ရှိကာလမှစ၍ သန်းခေါင်စာရင်း မကောက်ယူမီ ၆ လ အလိုအထိ ကောက်ယူသွားမည် ဖြစ်ကြောင်းလည်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဋ္ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

"ကြိုတင် ပြင်ဆင်နေပါတယ်။ အခုလို ကောက်ခံတာက မြန်မာနိုင်ငံရဲ့ လူဦးရေနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေ အမှန်ကန်ဆုံး ကောက်ယူနိုင်ဖို့ပါ" ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဋ္ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ လစဉ်ကောက်ယူမှု များအပြင် ၂၀၁၃ ခုနှစ်တွင် စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရန် ပြည်နယ်နှင့် တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၀ တွင် ၂၀၁၃ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီ ၁၀ ရက်နေ့အထိ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူရန် သွားမည်ဖြစ်ကြောင်းလည်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဋ္ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားခဲ့ပါသည်။

၂၀၁၃ ခုနှစ်တွင် စမ်းသပ်သန်းခေါင်စာရင်း ကောက်ခံမှု ပြုလုပ်သွားမည့် မြို့နယ်များမှာ မြစ်ကြီးနား လွိုင်ကော်၊ မြ၀တီ၊ ဟားခါး၊ တမူး၊ ထားဝယ်၊ ရွှေကျင်၊ မကွေး၊ ချမ်းအေးသာဇံ၊ မိုးကုတ်၊ မော်လမြိုင်၊ ကျိုက်ထို၊ စစ်တွေ၊ ရွှေပြည်သာ၊ လမ်းမတော်၊ ညောင်ရွှေ၊ မူဆယ်၊ တာချီလိတ်၊ မြောင်းမြ၊ ငပုတော စသည့် ပြည်နယ်နှင့်တိုင်း ၁၄ ခုမှ မြို့နယ်များ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း သန်းခေါင်စာရင်း ကောက်ယူမှုအား လွတ်လပ်ရေးရပြီး ၁၉၇၃ ခုနှစ်တွင် တစ်ကြိမ်နှင့် ၁၉၈၃ ခုနှစ်တွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်သာ ပြုလုပ်ခဲ့ဖူးကြောင်းနှင့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှု မပြုလုပ်နိုင်သည်မှာ နှစ်ပေါင်း ၃၀ နီးပါး ရှိပြီဖြစ်ကြောင်းလည်း ဦးခင်ရီက ပြောကြားခဲ့သည်။

မြန်မာပြည် ငြိမ်းချမ်းသာယာရေး ၀ိုင်းဝန်းကူညီဖို့ ဒေါ်စုပန်ကြား