Monday, January 28, 2013
Burma ဟု အမေရိကန်သံရုံးမှ ထပ်မသုံးရန် မြန်မာအစိုးရ မျှော်လင့်
ကချင်ပြည်နယ်တွင်ဖြစ်ပွားလျှက်ရှိသော လက်နက်ကိုင်ပဋိပက္ခများနှင့်ပတ်သက်၍ အမေရိကန်သံရုံးမှ ထုတ်ပြန်ခဲ့သည့်ကြေညာချက်တွင်  Burma ဟု ပါရှိသည့်အတွက် ယင်းကဲ့သို့ အသုံးအနှုန်းမျိုး ထပ်မံမပြုလုပ်ရန် မျှော်လင့်ကြောင်း အမေရိကန်သံရုံးအား  မြန်မာ အစိုးရ ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ကမ္ဘာ့ကုလသမဂ္ဂ၊ နိုင်ငံတကာအသိုင်းအ၀ိုင်းတို့အပြင် အမေရိကန်သမ္မတ ကိုယ်တိုင်ပင် မြန်မာနိုင်ငံအား Myanmar ဟုသုံးစွဲလျှက် ရှိသော်လည်း အမေရိကန်သံရုံး၏ ကြေညာချက်တွင် Burma, Burmese Government, Burmese Military ဟု သုံးစွဲခဲ့သည်ကို ပြင်းထန်စွာ ကန့်ကွက်ခဲ့ပြီး ပြန်လည်တည်ဆောက်ထားသည့် နှစ်နိုင်ငံအပြန်အလှန် နားလည်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ဖြစ်ပေါ်တိုးတက်နေစဉ် အတွင်း ယင်းကဲ့သို့ အသုံးအနှုန်းမျိုး ထပ်မံမပြုလုပ်ရန် မျှော်လင့်ကြောင်း အဆိုပါ ကြေညာချက်၌ ထည့်သွင်းဖေါ်ပြခဲ့သည်။
  ဇန်န၀ါရီလ(၂၄)ရက်နေ့က ကချင်ပြည်နယ်တွင်ဖြစ်ပွားလျှက်ရှိသော လက်နက်ကိုင်ပဋိပက္ခများနှင့် ပတ်သက်၍ အမေရိကန် သံရုံးမှ ကြေညာချက်ထုတ်ပြန်ခဲ့ရာ မြန်မာအစိုးရမှ  အမေရိကန်သံရုံး၏ ကြေညာချက်အပေါ်တွင် ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။
အစိုးရအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့ကို ဦးထိပ်ထား၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆောင်ရွက်နိုင်ရန် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျှက်ရှိရာ KIO/KIA အဖွဲ့မှလွဲ၍ ကျန်အဖွဲ့များနှင့် သဘောတူညီမှုအဆင့် ဆင့်ရရှိခဲ့ပြီး KIOအဖွဲ့နှင့်လည်းဆက်လက် ဆွေးနွေးနိုင်ရန် နိုင်ငံတော်သမ္မတအမိန့်ဖြင့် ဇန်န၀ါရီ လ(၁၈) ရက်နေ့မှစ၍ ကချင်ပြည်နယ်အတွင်း စစ်ဆင်ရေးတာဝန်များ ရပ်ဆိုင်းထားကြောင်း ကြေညာချက်တွင် ထည့်သွင်းဖေါ်ပြခဲ့သည်။
 စစ်ရေးဆောင်ရွက်မှုများ ရပ်ဆိုင်းထားရန် သမ္မတညွှန်ကြားချက်ထွက်ပေါ်လာပြီး ရက်ပိုင်းအတွင်း KIA အဖွဲ့မှ လွယ်ဂျယ်မြို့နယ်၊ ဂျာမိုင်ကျေးရွာအနီးရှိ တပ်မတော်စစ်ကြောင်းများအား  လာရောက် တိုက်ခိုက်ခြင်း၊ ဖားကန့်ရှိ နယ်မြေခံတပ်စခန်းများအား ပစ်ခတ် တိုက်ခိုက်ခြင်း၊ ကာမိုင်းရဲစခန်းအား ၀င်ရောက် စီးနင်းတိုက်ခိုက်ခြင်း၊ ဖားကန့်မြို့နယ်ရှိ ကျောက်မျက်ကုပ္မဏီ နှစ်ခုအား မီးရှို့ဖျက်စီးခြင်း၊ အပြစ်မဲ့အရပ်သားများအားပြန်ပေးဆွဲခြင်း၊ မူဆယ်-လားရှိုးလမ်းမပေါ်ရှိ နမ့်အွန်ရွာအနီး မိုင်းထောင် ဖေါက်ခွဲခြင်းစသည့် အကြမ်းဖက်လုပ်ရပ်ရပ်များ ကျူးလွန်လာကြောင်း ဖေါ်ပြခဲ့သည်။
 KIA အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ရပ်ရွာအေးချမ်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် တပ်မတော်မှ စစ်ရေးအရ ကာကွယ်ဆောင်ရွက်ခဲ့ခြင်းသာရှိပြီးဖြစ်စဉ်အားလုံးကို အများ ပြည်သူသိရှိနိုင်ရန် အစိုးရသတင်းထုတ်ပြန်မှုများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်လျှက် ရှိကြောင်း ကြေညာခဲ့သည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။