Thursday, May 9, 2013

အာဆီယံ ၅ နိုင်ငံ မော်ဒဲလ်ရှိုး မြန်မာပြည် လာမည်


ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် မော်ဒယ်ရှိုး ပွဲတခုမြင်ကွင်း (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)အာဆီယံ ၅ နိုင်င်ငံ အမျိုးသမီး မော်ဒယ်ရှိုးပြိုင်ပွဲ ကို ၂၀၁၃ အောက်တိုဘာတွင် မြန်မာနိုင်ငံ၌ ကျင်းပမည်ဟု Myanmar Model Management မော်ဒယ်အေဂျင်စီမှ ဦးစီးသူ မော်ဒယ် ဦးဌေးမင်းထွန်းထံမှ သိရသည်။

ဂျပန်၊ ကိုရီးယား၊ တရုတ်၊ အိန္ဒိယ နှင့်မြန်မာ ၅ နိုင်ငံရှိ မော်ဒယ်များ၏ Miss Asian plus 5 မော်ဒဲလ်ပြိုင်ပွဲကို ၂၀၁၃ အောက်တိုဘာလတွင် ရန်ကုန်၊ နေပြည်တော်၊ ငွေဆောင်တို့တွင် ကျင်းပမည်ဟု သိရသည်။

" အဓိကက တိုင်းပြည်ရဲ့ ယဉ်ကျေးမှုကို ပြိုင်တာပါ။ ညနေခင်း ဂါလာ ဝတ်စုံနဲ့လည်း ပြိုင်မယ်။ နိုင်ငံတကာပြိုင်ပွဲ ဆိုပေမယ့် ဘီကနီနဲ့ ဝတ်ပြိုင်တာမျိုးတော့ မထည့်ဘူး၊ သူတို့က အသားအရေ ဆန်းစစ်ဖို့ ဝတ်ပြိုင်ရတာပါ။ ဒါကို ပုံတူကူးချဖို့မရှိဘူး။ စွပ်ကျယ်နဲ့ဘောင်းဘီနဲ့ပဲ ပြိုင်ဖို့ စီစဉ်ထားပါတယ်။ ကိုယ့်နိုင်ငံရဲ့ ရိုးရာဝတ်စုံတွေလည်း ဝတ်ပြိုင်ကြရမယ်" ဟု ဦးဌေးမင်းထွန်းက ဧရာဝတီသို့ပြောသည်။

ပြိုင်ပွဲကို မြန်မာနိုင်ငံ အားကစားဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမျိုးသမီး စွမ်းဆောင်ရှင်များအသင်း ၊မြန်မာနိုင်ငံ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) တို့နှင့် Myanmar Model Management တို့ ပူးပေါင်း တင်ဆက်ခြင်းဖြစ်ကြောင်း၊ မြန်မာ တနိုင်ငံလုံးရှိ မော်ဒယ်များကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပေးမည်ဖြစ်ပြီး တိုင်းပြည်ကိုယ်စားပြု မြန်မာမော်ဒယ်လ် ၂ ဦးကို နောက်ဆုံးရွေးချယ်ကာ ဗိုလ်လုပွဲ တက်ရောက်စေမည်ဖြစ်ကြောင်း၊ ဆုရရှိသူကိုလည်း ထိုက်ထိုက်တန်တန် ချီးမြှင့်မည်ဖြစ်ကြောင်း ဦးဌေးမင်းထွန်းက ပြောသည်။

" ဆုငွေတွေကို ကျပ်သိန်း ၅၀ နဲ့ ၁၀၀ ကြား သတ်မှတ်ထားပါတယ်။ ဒေါ်လာ ၅ ထောင်ကနေ ၁၀၀၀၀ ကြားပေါ့။ ဒီဆုငွေတွေအတွက်လည်း စပွန်ဆာကုမ္ပဏီတွေ ရပြီးသွားပါပြီ။ အသေးစိတ်ကို ထပ်ပြောပါမယ်" ဟုလည်း ပြောသည်။

ယဉ်ကျေးမှုဝန်ကြီးဌာနက" ကျနော်တို့ဆီကိုတော့ အတိအကျ စာတင်တာ မရှိသေးဘူး၊ ယဉ်ကျေးမှုကို ဖော်ထုတ်တာကတော့ ကောင်းပါတယ်" ဟု ပြောဆိုသည်။

"သူတို့တွေ အခုမှ စပြီးပြောနေတုန်း ဖြစ်မယ်။ အခုလို အချိန်မှာ ဒီလိုပွဲမျိုးတွေ ရှိကောင်းရှိမယ်၊ လုပ်လည်း လုပ်ကြလိမ့်မယ်။ ဒီအပေါ်မှာ ဘယ်လိုစည်းမျဉ်းတွေ ဘယ်လို ခွင့်ပြုချက်တွေ ရှိမလဲတော့ မပြောနိုင်သေးဘူး။ မြန်မာ့ယဉ်ကျေးမှုအတွက် ထိန်းသင့်တာထိန်းပြီး အလွန်အကျွံ မဖြစ်စေဖို့ပဲ လမ်းညွှန်မယ်" ဟု ယဉ်ကျေးမှုဌာန အထွေထွေမန်နေဂျာ ဦးရန်နိုင်ဦးက ဧရာဝတီသို့ ပြောသည်။

၎င်းပြိုင်ပွဲအတွက် အာဆီယံ ၄ နိုင်ငံမှ ကိုယ်စားလှယ်များ လာရောက်ကာ ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ ရိုးရာယဉ်ကျေးမှု ဖလှယ်နိုင်စေရန်  ယင်းသို့နိုင်ငံတကာ ပြိုင်ပွဲကို စီစဉ်ရခြင်းဖြစ်ကြောင်း ဦးဌေးမင်းထွန်းထံမှ သိရသည်။ Myanmar Model Management မော်ဒယ်အေဂျင်စီကို ၁၉၉၈ ခုနှစ်တွင် စတင်ခဲ့ပြီး မော်ဒယ်ခေတ်ဦးတွင် နာမည်ရခဲ့ကြသည့် မြရွှေဝါ၊ သန္တာလှိုင်၊ ပပဝင်း၊ စိုးမြတ်နန္ဒာတို့က ဦးစီးခဲ့ကြောင်း သိရသည်။

ရှော့ပင်းမောသို့ ဈေးဝယ်ရန် လာသူများ ကားပေါ်မှ တံခါးဖွင့်အဆင်း နောက်ကားမှ တိုက်မိရာ နှစ်ဦးဒဏ်ရာရ


caraccident-may9

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ အလုပ်သမား ဆေးရုံနှင့် United Living Mall Shopping Center အကြား ကျိုက္ကဆံလမ်းမပေါ်တွင် မေလ ၈ ရက်နေ့ ည ၇ နာရီ ၀န်းကျင်က ဈေးဝယ်စင်တာသို့ ဈေးဝယ်ရန် လာသူများ ကားပေါ်မှ တံခါးဖွင့်အဆင်း နောက်ကားမှ တိုက်မိရာ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယာဉ်အမှတ် ၈ဇ/၇၄၀၈ စူပါကာစတန် မော်တော်ယာဉ်ပေါ်မှ United Living Mall Shopping Center တွင်ဈေးဝယ်ရန် ကားပေါ်မှ ဆင်းလာသူနှစ်ဦးအား ကျောက်မြောင်းဈေးဘက်မှ ကန်တော်ကြီး မျှော်စင်ကျွန်းဘက်သို့ ကျိုက္ကဆံ လမ်းမအတိုင်း မောင်းနှင်လာသော ယာဉ်အမှတ် ၄ဃ/၄၉၅၇ ဟာရီယာမော်တော်ယာဉ်သည် နောက်မှဝင်တိုက်မိပြီး လမ်းလယ်ရှိ လျှပ်စစ်ဓာတ်တိုင်အား ၀င်တိုက်မိရာ ဓာတ်တိုင်ပြိုလဲမှု ဖြစ်ပွားခဲ့သည်။

caraccident2-may9

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စူပါကာစတန်ယာဉ် မောင်းနှင်သူ ကိုဇော်ဝင်းက "ကျွန်တော်တို့က ဈေးဝယ်ဖို့ အချက်ပြရပ်ထားပြီး ကားပေါ်က အဆင်းမှာ နောက်ကားက ၀င်တိုက်တာပါ။ တံခါးနဲ့ညပ်ပြီး ဆေးရုံပို့ထားသူ နှစ်ဦးလုံးရဲ့ အခြေအနေကိုတော့ မသိရသေးဘူး။ ကားကအရှိန်ပြင်းတော့ တံခါးရောလူရော လွင့်သွားတယ်" ဟု ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဟာရီယာယာဉ်မောင်းနှင်သူအား ထိန်းသိမ်းထားပြီး အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာမွေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမြင့်က ပြောသည်။

ယာဉ်တိုက်မှုကြောင့် ဓာတ်တိုင်ပြိုလဲခဲ့ရာ တာမွေမြို့နယ်ရှိ မအူကုန်း အရိုးကုန်း၊ နတ်မောက်စသည့် ရပ်ကွက်များ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ပြီး ညတွင်းချင်း ပြုပြင်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း တာမွေမြို့နယ် လျှပ်စစ်ဋ္ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သန်လျင်၊ ဒလ၊ တွံတေး၊ မှော်ဘီစသည့် မြို့နယ်ခြောက်ခုကို ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာအရ အဆင့်မြှင့်တင် တည်ဆောက်မည်

ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သန်လျင်၊ တွံတေး၊ ဒလ၊ မှော်ဘီ စသည့်မြို့စွန် ခြောက်မြို့နယ်၌ မြို့ပြဖွံ့ဖြိုးမှု တည်ဆောက်ရေး လုပ်ငန်းများကို ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာအရ အဆင့်မြှင့်တင် တည်ဆောက်သွားမည် ဖြစ်ကြောင်း မေ ၇ ရက်က ကုန်သည်ကြီးများဟိုတယ်တွင် ကျင်းပသည့် Urban Development Conference တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ခြောက်မြို့နယ်မှာ သန်လျင်၊ တွံတေး၊ ဒလ၊ မှော်ဘီ၊ ထန်းတပင်နှင့် လှည်းကူးမြို့နယ်တို့ဖြစ်ကြောင်းနှင့် ဗဟိုမြို့သစ် မြို့နယ်များအဖြစ် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

"ရန်ကုန်မြို့တော်ကို ဖွံ့ဖြိုးအောင် ဆောင်ရွက်ဖို့အတွက် ရန်ကုန်ရဲ့ မြို့စွန်မြို့နယ်တွေကို အခုလက်ရှိထက် ပိုမိုဖွံ့ဖြိုးလာစေဖို့ မြို့ပြတည်ဆောက်ရေး လုပ်ငန်းတွေကို မကြာမီ တည်ဆောက်တော့မှာ ဖြစ်ပါတယ်။ ဒါက Yangon City Concept Plan-2040 အရ ဆောင်ရွက်တာဖြစ်ပြီး မကြာမီမှာ အကောင်အထည်ဖော်တော့မှာ ဖြစ်ပါတယ်" ဟုလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှု ဌာနမှ ဒုတိယဌာနမှူး ဦးတိုးအောင်က ပြောကြားခဲ့သည်။

ထို့ပြင် အဆိုပါ Yangon City Concept Plan-2040 အရ ရန်ကုန်မြို့၏ ဒုတိယမြို့လယ် စီးပွားရေးဇုန်အဖြစ် မရမ်းကုန်းမြို့နယ်ရှိ မင်းဓမ္မပန်းကွင်းနေရာ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မင်းဓမ္မပန်းကွင်းကိုလည်း ဒေါပုံမြို့နယ် ယမုံနာလမ်းဘေးသို့ ပြောင်းရွှေ့ရန် ညွှန်ကြားထားကြောင်းလည်း သိရသည်။

အဆိုပါ ဒုတိယမြို့လယ် စီးပွားရေးဇုန်အတွင်း အဆင့်မြင့်ဟိုတယ်၊ ရှော့ပင်း Complex ရုပ်ရှင်ရုံနှင့် အီလက်ထရွန်းနစ် စင်တာတို့ ပါဝင်သော စီးပွားရေး အဆောက်အအုံများ ဆောက်လုပ်ရန် စီစဉ်ထားကြောင်း  သိရှိရသည်။

ရန်ကုန်မြို့တော်၏ လူဦးရေမှာ လာမည့် ၁၀ နှစ်အတွင်း ၁၀ သန်းအထိ တိုးတက်လာမည်ဖြစ်ကြောင်း ပညာရှင်များက ခန့်မှန်းထားရာ ယင်းနှင့်စပ်လျဉ်း၍ မြို့ပြစီမံကိန်းဆိုင်ရာ ပညာရှင်တစ်ဦးက "ရန်ကုန်ရဲ့ လူဦးရေဟာ တစ်နှစ်ထက်တစ်နှစ် တိုးလာတယ်။ လက်ရှိရှိနေတဲ့ လူတွေအတွက်တောင် အိမ်ရာလိုအပ်ချက်က မြင့်တက်နေတယ်။ ရန်ကုန်ကို ပြောင်းရွှေ့အခြေချ နေထိုင်လာတဲ့သူတွေ လာရောက်လုပ်လုပ်ကိုင်တဲ့ သူတွေ စီးပွားရေးအရ ပြောင်းရွှေ့လာတာတွေ စတဲ့အချက်တွေကြောင့် မြို့ပြကို ပြောင်းရွှေ့မှုကလည်း များပြားနေတယ်။ ဒီလူတွေကို ဘယ်နေရာမှာ နေရာချထားမလဲ။ အဲဒီအတွက် ရန်ကုန်က မဖြစ်မနေ ချဲ့ဖို့လိုအပ်နေတယ်။ မြို့ကို တိုးချဲ့ဖို့ဆိုရင် infrastructure တွေ အများကြီး လိုအပ်လာတယ်။ အခုလို မြို့စွန်က မြို့နယ်တွေကို လက်ရှိထက် ဖွံ့ဖြိုးလာအောင် ပြုလုပ်တာက ပိုကောင်းပါတယ်" ဟုလည်း သုံးသပ်ပြောကြားခဲ့သည်။

တပ်မတော် အရာရှိနှင့် အဖွဲ့က စိုက်ခင်းစောင့်သူနှင့် ကိုယ်ဝန်သည်ကို ကိုယ်ထိလက်ရောက် ကျူးလွန်သည်ဆိုခြင်းနှင့် ပတ်သက်၍ တပ်မတော် အရာရှိတစ်ဦးက ငြင်းဆို


halekuu-may9

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် တောင်ကုန်းမြိုင်ကျေးရွာရှိ အငြင်းပွားရာနေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)

တပ်ပိုင်မြေနှင့် ဘိုးဘွားပိုင်မြေဟု အငြင်းပွားမှု ဖြစ်ပွားနေသော နေရာတွင် တပ်မတော် အရာရှိတစ်ဦးနှင့် အဖွဲ့က မေ ၃ ရက်က စိုက်ခင်းစောင့်နေထိုင်သူနှင့် ကိုယ်ဝန်သည် ဇနီးကို ကိုယ်ထိလက်ရောက် ကျူးလွန်မှု ပြုလုပ်ခဲ့သည်ဟု ကျူးလွန်ခံရသူ ကိုစောဒါးလယ်ထံမှ သိရသည်။

အငြင်းပွားမှု ဖြစ်နေသော နေရာမှာ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် တောင်ကုန်းမြိုင်ကျေးရွာ ဖြစ်သည်။

လာရောက်နေထိုင်သူများမှာ ၁၉၉၉ ခုနှစ် တပ်မတော် အစိုးရလက်ထက်တွင် ထိုနေရာမှ ဖယ်ရှားခံရသူများ ဖြစ်ကြပြီး လက်ရှိအချိန်တွင် တပ်မတော်မှ အကြောင်းအမျိုးမျိုးကြောင့် သိမ်းယူထားသော လယ်မြေများအနက် အမှန်တကယ် မလိုအပ်သော လယ်မြေများကို မူလမြေပိုင်ရှင်များကို ပြန်လည်လုပ်ကိုင်ခွင့် ပေးမည်ဟု သတင်းဂျာနယ်များနှင့် ရေဒီယို ထုတ်ပြန်ချက်များတွင် သိရှိရ၍ လာရောက်နေထိုင်ကြခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

"ဒီနေရာလေးက ကျွန်နော်တို့ ဘိုးဘွားတွေနေတဲ့ နေရာလေးပါ။ အစ်မတွေနဲ့အတူ ပြန်လာနေတာ တစ်နှစ်လောက်တော့ ရှိပါတယ်။ ရော်ဘာပင်ပေါက်လေးတွေ စိုက်ထားတာ နှစ်ဧကလောက် ရှိတယ်။ မေ ၃ ရက်နေ့က လက်နက်ခဲရင်းတပ်က ဗိုလ်ကြီးဝေဖြိုးအောင်၊ လှည်းကူးမြို့နယ်ရှိ အရာခံ အကြပ်ကြီး သင်တန်းကျောင်းအုပ်ဖြစ်သူ ဗိုလ်ကြီးသန့်ဇင်တို့နှင့်အတူ စစ်သားခုနှစ်ယောက်လောက်က စစ်ကားတစ်စီးနှင့်လာပြီး အိမ်ထဲမှာရှိနေတဲ့ ကျွန်တော်နဲ့ မိန်းမကို ထွက်ခဲ့လို့ပြောတယ်။ ကျွန်တော်ထွက်ကြည့်တော့ အိမ်ကို စစ်သားတွေက သေနတ်တွေကိုင်ပြီး ၀ိုင်းထားတာ တွေ့တယ်။ ဗိုလ်ကြီးက ငါ့ဆီခေါ်ခဲ့ဆိုတော့ စစ်သားတွေက ကျွန်တော်ကို ခေါ်သွားတယ်။ မေးမြန်းပြီးတော့ ရိုက်နှက်ပါတယ်။ မင်းတို့ ဘယ်သူနေခိုင်းလို့လဲ အခုချက်ချင်း ထွက်သွား။ ကျွန်တော်က မိန်းမလစေ့နေလို့ပါ။ ဆိုင်ကယ်ကလည်း မကောင်းတော့ မိန်းမက ဆိုင်ကယ်စီးလို့ မရဘူး၊ လူကြီးတွေလဲ မရှိတော့ မသွားပါရစေနဲ့ဦးလို့ ပြန်ပြောတော့ သေနတ်ဒင်နဲ့ထုဖို့ လုပ်တယ်။ အဲ့ဒီအချိန် မိန်းမက မလုပ်ပါနဲ့ဆိုပြီး တားတော့ ကျွန်တော်ကို မထိလိုက်ဘူး။ မိန်းမဖြစ်သူကိုလည်း ဆောင့်တွန်းတာတွေ ပြုလုပ်ပါတယ်။ ဆက်နေရင် သေလိမ့်မယ်ဆိုတာသိလို့ ဆိုင်ကယ်မကောင်းဘဲနဲ့ မိန်းမကိုခေါ်ပြီး ထွက်သွားလိုက်ပါတယ်" ဟု ကိုစောဒါးလယ်က ပြောသည်။

ကိုယ်ဝန်သည်ဖြစ်သူ မအေးအေးငြိမ်းမှာ ဗိုက်အတွင်း နာကျင်မှုများကြောင့် လှည်းကူးဆေးရုံသို့ တင်ထားရကြောင်း သိရသည်။ ကိုယ်ထိလက်ရောက် ကျူးလွန်သူ ဗိုလ်ကြီးဝေဖြိုးအောင်နှင့် အဖွဲ့အား လာမည့်အပတ်တွင် လှည်းကူးရဲစခန်းတွင် အမှုဖွင့် တိုင်ကြားသွားမည်ဟု ကိုစောဒါးလယ်၏ ပြောပြချက်အရ သိရသည်။

အဆိုပါ ကိုယ်ထိလက်ရောက်မှုနှင့် ပတ်သက်၍ လှည်းကူးမြို့နယ်ရှိ အရာခံ အကြပ်ကြီးသင်တန်းကျောင်းအုပ်ဖြစ်သူ ဗိုလ်ကြီးသန့်ဇင်ကို မေးမြန်းခဲ့ရာ "ကျွန်တော့်အနေနဲ့ အဲ့ဒီနေရာကို ဗိုလ်ကြီးဝေဖြိုးအောင်ဆိုသူနဲ့ မသွားဖူးပါဘူး။ ဗိုလ်ကြီးဝေဖြိုးအောင်နဲ့ အရမ်းရင်းနှီးမှု မရှိဘူး။ တပ်ချင်းကလည်း မတူပါဘူး။ မည်သူ့ကိုမှ ကျွန်တော် ကိုယ်ထိလက်ရောက် ကျူးလွန်တာမျိုး မရှိပါဘူး။ ဒီကိစ္စမျိုးက အခုမှ သိရတာပါ" ဟု ပြန်လည်ဖြေကြားခဲ့သည်။

ရန်ကုန်မြို့ စက်မှုဇုန်များအား ၂၄ နာရီ မီးဖြတ်တောက်လိုက်ခြင်းမှာ လူနေရပ်ကွက်များကို ပုံမှန်မီးပေးနိုင်ရန်ဖြစ်ပြီး အလှည့်ကျ မီးပေးစနစ် စတင်မည်ဆိုပါက ကြိုတင်အသိပေးမည်

yangonelectric-may9

ရန်ကုန်မြို့လယ် ဗိုလ်ချုပ်လမ်းအနီး တစ်ဝိုက်အား မေလဆန်းပိုင်းက တွေ့ရစဉ်

ရန်ကုန်မြို့ စက်မှုဇုန်များအား မေ ၅ ရက်အထိ တစ်နေ့ငါးနာရီ မီးပေးနေရာမှ မေ ၆ ရက်မှစ၍ ၂၄ နာရီ မီးလုံးဝ ဖြတ်တောက်ထားခြင်းမှာ လူနေရပ်ကွက်များအား ပုံမှန်မီးပေးနိုင်ရန် ဖြစ်ကြောင်းနှင့် အလှည့်ကျ မီးပေးစနစ်ကိုမူ လက်ရှိပြုလုပ်မည် မဟုတ်ဘဲ ပြုလုပ်ပါက ကြိုတင် အသိပေး ကြေညာသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရေအားလျှပ်စစ် ရရှိမှုအပေါ် အဓိက အားကိုးနေရခြင်းဖြစ်ရာ ယခုကဲ့သို့ ရေအားလျှပ်စစ် ထုတ်လုပ်မှု လျှော့နည်းလာခြင်းကြောင့် လူနေရပ်ကွက်များတွင် မကြာခဏ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်းများ လက်ရှိတွင် ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်လျက် ရှိသည်။ ရေအားလျှပ်စစ် ထုတ်လုပ်မှု လျော့နည်းချိန်၌ အခြားနည်းလမ်းဖြင့် လျှပ်စစ်မီးပေးနိုင်ရန်အတွက် ဓာတ်ငွေ့သုံးစက်များ ပြည်ပမှ ရောက်ရှိပြီး ဖြစ်သော်လည်း ချက်ချင်းလည်ပတ်၍ မရနိုင်ကြောင်း သိရသည်။

"ပြည်သူတွေက Complain တက်ကြတယ်။ ပြည်ပကနေ ဂက်စ်တာဘိုင်တွေ ရောက်နေပေမယ့် ဘာလို့ မီးတွေပျက်နေသလဲပေါ့။ လျှပ်စစ်ဓာတ်အား ပေးဖို့အတွက် ပြည်ပကနေ ဂက်စ်တာဘိုင်တွေ ရောက်နေတယ် ဆိုပေမယ့် အိမ်သုံးမီးစက်တွေလို ချက်ချင်း ဓာတ်ဆီထည့်ပြီး မောင်းလို့ရတာ မဟုတ်ဘူး။ ဒီစက်တွေ လည်ပတ်ဖို့အတွက် တပ်ဆင်ရတဲ့ အစိတ်အပိုင်းတွေ၊ တည်ဆောက်ရတဲ့ အပိုင်းတွေ ရှိသေးတဲ့အတွက်   အချိန်အတိုင်းအတာ တစ်ခုအထိ စောင့်ရပါတယ်" ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိ ရန်ကုန်မြို့တော်တွင် လျှပ်စစ်မီးများ မကြာခဏ ပြတ်တောက်နေခြင်းကြောင့် ပြည်သူများမှ အလှည့်ကျ မီးပေးစနစ် စတင်နေပြီဟု ပြောနေကြရာ လက်ရှိတွင် အလှည့်ကျ မီးပေးစနစ် ပြုလုပ်ဦးမည် မဟုတ်ဘဲ ထိုသို့ပြုလုပ်မည် ဆိုပါကလည်း ပြည်သူသို့ ကြိုတင်အသိပေး ကြေညာသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယခုမေလအတွင်း ရန်ကုန်မြို့တော်၏ လျှပ်စစ်ဓာတ်အား ရရှိမှု အခြေအနေမှာ ရေအားလျှပ်စစ် ထုတ်လုပ်နိုင်မှုအပေါ် မူတည်နေပြီး လာမည့်လတွင်လည်း လျှပ်စစ်ဓာတ်အား ပုံမှန်ရနိုင်မှု၊ မရရှိနိုင်မှုမှာလည်း အတိအကျပြော၍ မရနိုင်သေးကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ သိရသည်။ စက်မှုဇုန်များတွင် ၂၄ နာရီပတ်လုံး မီးမဖြတ်တောက်မီက တစ်နေ့ငါးနာရီ မီးရရှိသော်လည်း ငါးနာရီ ကာလအပိုင်းအခြား၌ပင် မကြာခဏ မီးပြတ်နေကြောင်း၊ လက်ရှိတွင် မီးလုံးဝ ဖြတ်တောက်ထားခြင်းကြောင့် ကုန်ထုတ်လုပ်မှု အပိုင်း၌ အခက်အခဲများစွာ ရှိနေကြောင်း သိရသည်။

မေ ၉ ရက် နံနက်က သာကေတမြို့နယ် ငါးကွေ့မှတ်တိုင်တွင် ကွန်တိန်နာတင်ယာဉ်နှစ်စီး တိုက်မိရာ တစ်ဦးဒဏ်ရာရ


caraccidentcontainer-may9

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၊ ၅ ရပ်ကွက်၊ ၅ ကွေ့မှတ်တိုင်၊ ရှုခင်းသာ မြို့ပတ်လမ်းမပေါ်တွင် မေလ ၉ ရက်နံနက် ၄ နာရီ ၃၀ မိနစ် ၀န်းကျင်က ကွန်တိန်နာယာဉ်နှစ်စီး တိုက်မိမှု ဖြစ်ပွားရာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒေါပုံမြို့နယ်ဘက်မှ သန်လျင်တံတားဘက်သို့ ရှုခင်းသာ မြို့ပတ်လမ်းမကြီးအတိုင်း မောင်းနှင်လာသည့် ယာဉ်အမှတ် ၁စ/၂၃၇၆ ကွန်တိန်နာတင်ယာဉ်သည်  ရှုခင်းသာ အိမ်ယာရှေ့ရှိ ငါးကွေ့မှတ်တိုင် အရောက်တွင် မော်တော်ယာဉ်ငယ် တစ်စီးအား ရှောင်လိုက်ရာတွင် တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာသည့် ၂က/၂၁၅၂ ကွန်တိန်နာတင်ယာဉ်ဖြင့် တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။                

caraccidentcontainer2-may9

"လေးနာရီခွဲလောက်က ၀ုန်းကနဲ အသံကြားလို့ ထကြည့်တော့ အခုလို ယာဉ်နှစ်စီးတိုက်တာ တွေ့ရတယ်။ ခေါင်းကြေသွားတဲ့ မော်တော်ယာဉ်ပေါ်က သူတစ်ဦးတော့ ဒဏ်ရာရသွားလို့ ဆေးရုံကို တက္ကစီနဲ့ပို့တာ မြင်လိုက်ရတယ်။ လူသေတာတော့ မရှိပါဘူး" ဟု အနီးတွင် ကွမ်းယာရောင်းချသူ အမျိုးသား တစ်ဦးက ပြောသည်။

"ဘေးမှာရှိတဲ့ ကားငယ်ကို ရှောင်ရင်း ဟိုဘက်ကလာတဲ့ ကွန်တိန်နာနဲ့ တိုက်မိတာ။ မျက်နှာချင်းဆိုင် တိုက်တာမဟုတ်ဘူး။ ဟိုဘက်ကကားရဲ့ နောက်ကြည့်မှန်နဲ့ ကွန်တိန်နာပုံးကို တိုက်မိတာ" ဟု ဖြစ်စဉ်အနီးတွင်ရှိသည့် တက္ကစီယာဉ်မောင်း တစ်ဦးက ပြောသည်။

၁၁၅ မိုင် ယာဉ်ရပ်နားစခန်း၌ အရေးပေါ် ရှေးဦးပြုစုခြင်း စခန်းဖွင့်ထားပြီး ယာဉ်မတော်တဆမှုများအတွက် ၂၄ နာရီ အခမဲ့ ဆောင်ရွက်ပေးမည်


yangonmandalay-may9

ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းအား တွေ့ရစဉ်

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် စင်ကာပူ ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းတွင် အရေးပေါ် ကြက်ခြေနီ ရှေးဦးပြုစုခြင်းစခန်း တည်ဆောက်ထားပြီး ယာဉ်မတော်တဆမှုများအတွက် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများကို ၂၄ နာရီ အခမဲ့ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ဥက္ကဋ္ဌ ဒေါက်တာသာလှရွှေက ပြောသည်။

အရေးပေါ် ကြက်ခြေနီ ရှေးဦးပြုစုခြင်း စခန်းကို ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလမှစ၍ ဆောက်လုပ်ရေးဝန်ထမ်း အိမ်ရာဝင်းအတွင်း ယာယီအနေဖြင့် ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ပြီး ယခု ၂၀၁၃ ခုနှစ်၊ မတ်လအတွင်းက တရားဝင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ ယာဉ်မတော်တဆမှုပေါင်း ၆၉ မှု၊ သေဆုံးသူဦးရေ ၂၉ ဦး၊ လူဦးရေ ၂၂၄ ဦးအထိ အရေးပေါ် ရှေးဦးပြုစုခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အရေးပေါ် အကူအညီ တောင်းခံနိုင်ရန် ဖုန်း-၀၉၈ ၆၁၀၂၅၂၊ ၀၉၄၉၃၄၁၉၆၁ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

အဆိုပါ အရေးပေါ် ကြက်ခြေနီ ရှေးဦးပြုစုခြင်းစခန်း တည်ဆောက်ရန်နှင့် အခြားကိစ္စရပ်များအတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်းကို ဇူလိုင် ၁၁ ရက်က နေပြည်တော်၌ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါက်တာသာလှရွှေနှင့် စင်ကာပူ ကြက်ခြေနီအသင်းဥက္ကဋ္ဌ Mr.Tee Tua Ba တို့က လက်မှတ်ရေးထိုးခဲ့သည်။

ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှုများ ဖြစ်ပွားမှုများအတွက် အရေးပေါ် ရှေးဦးပြုစုခြင်း လုပ်ငန်းများနှင့် အရေးပေါ် လူနာတင်ယာဉ် လိုအပ်ပါက အချိန်မီ ကူညီဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ ယင်းစခန်းအား တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနားလည်မှု စာချွန်လွှာတွင် ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းတွင် အရေးပေါ် ကြက်ခြေနီ ရှေးဦးပြုစုခြင်းစခန်း တည်ဆောက်ခြင်း အပါအ၀င် အရေးပေါ်လူနာတင် ယာဉ်များ ၀ယ်ယူခြင်း၊ လပွတ္တာမြို့နယ် အိုင်မကျေးရွာတွင် လူ ၈၀၀ ဆံ့ မုန်တိုင်းဒဏ်ခံ နှစ်ထပ်အဆောက်အအုံ ဆောက်လုပ်ခြင်းနှင့် တန်ဖိုးနည်း နေအိမ်တည်ဆောက်ခြင်း၊ လပွတ္တာ၊ ဖျာပုံ၊ မြောင်းမြ၊ ၀ါးခယ်မ မြို့နယ်များတွင်ရှိသည့် ကြက်ခြေနီ အသင်းများတွင် အသေးစား သိုလှောင်ရုံများ ဆောက်လုပ်ခြင်းနှင့် ရှေးဦးသူနာပြုဆိုင်ရာ သင်တန်းဖွင့်လှစ်ခြင်း လုပ်ငန်းများ ပါဝင်သည်။

အဆိုပါ လုပ်ငန်းများကို ၂၀၁၂ ခုနှစ် အောက်တိုဘာမှ ၂၀၁၃ ခုနှစ် ဧပြီအထိ သတ်မှတ်ထားသည်။

ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးတွင် သုံးနှစ်အတွင်း ယာဉ်မတော်တဆမှု ၃၀၀ နီးပါး ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၄၇ ဦးနှင့် ဒဏ်ရာရသူ ၆၁၈ ဦးရှိခဲ့ကြောင်း ၂၀၁၂ ခုနှစ် မတ်လက ထုတ်ပြန်မှုများအရ သိရသည်။

ပြည်ထောင်စု မြေယာကော်မရှင် သမိုင်းတရားခံ မဖြစ်လိုဟု ကော်မရှင်ဥက္ကဋ္ဌ ဦးတင်ထွတ် ပြောကြား


farmcommitte-may9

ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်နှင့် ကော်မရှင်ဥက္ကဋ္ဌ ဦးတင်ထွတ်တို့အား ဒေသခံများနှင့် တွေ့ဆုံပွဲတွင် တွေ့ရစဉ်

မေ ၆ ရက်က ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဦးတင်ထွတ်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လယ်ယာမြေ သိမ်းဆည်းခံရသော ဒေသများအနက်မှ ချောင်းသာနှင့် ငွေဆောင်ဒေသ များရှိ ဒေသခံ တောင်သူများ တွေ့ဆုံစဉ်တွင် ပြည်ထောင်စုလွှတ်တော် မြေယာကော်မရှင်သည် မည်သည့်ဘက်မှ မလိုက်ဘဲ အမှန်တရားအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး သမိုင်းတရားခံအဖြစ် နာမည်ဆိုးဖြင့် မရပ်တည်လိုကြောင်း ပြောကြားခဲ့သည်။

"အသိမ်းခံရတဲ့ သူကလည်း အသိမ်းခံရလို့ ခံစားချက်တွေ ရှိတယ်။ ဒီလိုပဲ တစ်ဖက်လူကိုလည်း မေးသင့်မေးထိုက်တာတွေ မေးရဦးမယ်၊ ဒီလိုနှစ်ဖက်မေးပြီးရင်လည်း လုပ်ထုံးလုပ်နည်းတွေနဲ့ ညီမညီ၊ ဥပဒေတွေနဲ့ ကိုက်ညီမှု ရှိမရှိဆိုတာ စိစစ်ရမယ်၊ တစ်ဘက်ကိုဘဲမေးပြီး တဘက်သတ် ဆောင်ရွက်တာကတော့ မရဘူး၊ သမိုင်းမှာ နာမည်ပျက်ကြီးနဲ့ တင်ကျန်နေခဲ့မယ်၊ လွတ်လပ်ရေး ရပြီးတဲ့နောက် တိုင်းပြုပြည်ပြု လွှတ်တော် စတင်ဖွဲ့စည်းစဉ် ကတည်းက မှတ်တမ်းဟာ ယနေ့အထိ မော်ကွန်းတိုက်မှာ ရှိတယ်၊ ကျွန်တော်တို့ရဲ့ လုပ်ရပ်ပေါ် မူတည်ပြီးတော့ သမိုင်းမှာ တွင်မှာပါဘဲ၊ ဒါကြောင့် ကျွန်တော်တို့ကော်မရှင်ဟာ သမိုင်းမှာ တရားခံ အဖြစ်မခံနိုင်ဘူး" ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးတင်ထွတ်မှ အစည်းဝေး၌ တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

"ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသကြီး အတွင်းမှာ မြေယာသိမ်းဆည်းခံရမှုတွေဟာ တော်တော်များပါတယ်၊ ပြည်သူတွေက တင်ပြတာတွေလည်း တော်တော်များပါတယ်၊ ချောင်းသာ ငွေဆောင်ဆိုရင် ဖြေရှင်းဘို့ တင်ပြတဲ့ လူပေါင်း ၄၀၀ ကျော် ရှိပါတယ်၊ နိုင်ငံတော်က သိမ်းတဲ့မြေမှာလည်း မသုံးတဲ့ မြေတွေကို သူ့သက်ဆိုင်ရာ ပိုင်ရှင်ကို ပြန်ပေးခဲ့တယ်။ အဲဒီလိုပါပဲ လုပ်ငန်းရှင်တွေကသိမ်းပြီး လုပ်ငန်းလုပ်တဲ့ မြေတွေကိုတော့ ရှိစေတော့၊ မသုံးတဲ့ မြေတွေကိုတော့ ကျွန်တော်တို့ ပြန်သိမ်းမယ်။ မူလပိုင်ရှင်ရှိရင် ပြန်ပေးမယ်" လို့ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်က အဆိုပါ အစည်းအဝေး၌ ပြောကြားခဲ့သည်။

စစ်တပ်ကပဲ သိမ်းသိမ်း နိုင်ငံတော် စီမံကိန်းကပဲ သိမ်းသိမ်း၊ စက်မှုဇုန် စီမံကိန်းအတွက်ပဲ သိမ်းသိမ်း၊ စီးပွားရေး လုပ်ငန်းရှင်ကပဲ သိမ်းသိမ်း အဆောက်အအုံ မရှိရင် ပိုင်ရှင်ကို ပြန်ပေးဖို့နဲ့ အဆောက်အအုံရှိရင် သက်ဆိုင်ရာဒေသရဲ့ ကာလပေါက်ဈေးနဲ့ ပြန်ပေးဖို့ ဆွေးနွေးဖြစ်တယ်။ အဓိကကတော့ တရားမျှတမှုရှိအောင် ဆောင်ရွက်ကြဖို့ လိုတယ် . . . . .

ငွေဆောင်ကမ်းခြေ ဒေသတွင် သိမ်းဆည်းခံ မြေဧကပေါင်း ၁၂၅၈၉ ဒသမ ၅၁ ဧကကျော်ရှိပြီး သိမ်းဆည်းခံရသူပေါင်း ၆၀၀ ကျော် ရှိ၍၊ ချောင်းသာကမ်းခြေ ဒေသတွင် သိမ်းဆည်းခံ မြေဧကပေါင်း ၆၁၅ ဒသမ ၅၇ ဧကကျော်ရှိကာ သိမ်းဆည်းခံရသူပေါင်း ၇၀ ကျော်ရှိကြောင်း သိရသည်။

"သိမ်းထားတဲ့ မြေတွေကို ပြန်ပေးဖို့ ဆွေးနွေးကြတာ။ စစ်တပ်ကပဲ သိမ်းသိမ်း နိုင်ငံတော် စီမံကိန်းကပဲ သိမ်းသိမ်း၊ စက်မှုဇုန် စီမံကိန်းအတွက်ပဲ သိမ်းသိမ်း၊ စီးပွားရေး လုပ်ငန်းရှင်ကပဲ သိမ်းသိမ်း အဆောက်အအုံ မရှိရင် ပိုင်ရှင်ကို ပြန်ပေးဖို့နဲ့ အဆောက်အအုံရှိရင် သက်ဆိုင်ရာဒေသရဲ့ ကာလပေါက်ဈေးနဲ့ ပြန်ပေးဖို့ ဆွေးနွေးဖြစ်တယ်။ အဓိကကတော့ တရားမျှတမှုရှိအောင် ဆောင်ရွက်ကြဖို့ လိုတယ်" ဟု ပုသိမ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောသည်။

ငွေဆောင်နှင့် ချောင်းသာကမ်းခြေ ဒေသတွင် မြေယာစုံစမ်းစစ်ဆေးရေး ကော်မရှင်က လွန်ခဲ့သည့်နှစ် ၁၁ လပိုင်းတွင် ယင်းဒေသများသို့ သွားရောက်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီးနောက် ယခုကဲ့သို့ ဒေသခံ ပြည်သူများနှင့် ခေါ်ယူတွေ့ဆုံ ဆွေးနွေးခြင်းသည် ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

"ဒီဇွန်လလောက်မှာ ပြန်ပေးမယ်လို့ ပြောတယ်။ ဒါပေမဲ့ ကျေနပ်အားရဖို့ကောင်းတဲ့ အဆင့်မျိုးတော့ မဟုတ်သေးပါဘူး။ နိုင်ငံတော် အစိုးရက လုပ်ပိုင်ခွင့် ပေးထားတယ်၊ ဒါတွေကို လုပ်ပါဆိုပေမယ့် မလုပ်ဘဲ ထားတာတွေကလည်း အများကြီး တွေ့ရတယ်၊ ဒါကြောင့် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနဲ့ သွားရောက်တွေ့ဆုံတဲ့အခါ သူ့မှာ ဒီမြေယာ သိမ်းဆည်းမှုတွေအတွက် လုပ်ပိုင်ခွင့် မရှိဘူးလို့ ပြောတယ်၊ ဒါဆိုရင်တော့ မြေယာကော်မရှင်နဲ့ တွေ့ဆုံတဲ့အခါ သူတို့မှာ ဒီအခွင့်အာဏာ ရှိမယ်လို့ နားလည်ထားတာ ကော်မရှင်ဥက္ကဋ္ဌက သူ့မှာတော့ မရှိဘူး၊ တိုင်းဒေသကြီး အစိုးရမှာပဲ ဒီပြဿနာတွေကို ဖြေရှင်းပေးဖို့ လုပ်ပိုင်ခွင့် ရှိတယ်လို့ ပြောပြန်တယ်။ ဒါကြောင့် ဘယ်သူက ဖြေရှင်းပေးမှာလည်းဆိုတာ တိတိကျကျ မသိရတော့ ကျေနပ်မှုတွေ အပြည့်အ၀ မရှိဘူးလို့ဘဲ ပြောရမှာပဲ" ဟု သဇင်ကျေးရွာမှ ဦးမြင့်အောင်က ပြောသည်။

ယခုကဲ့သို့ ပြည်ထောင်စုလယ်ယာမြေ ကော်မရှင်ဥက္ကဋ္ဌ၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ မြေယာသိမ်းဆည်းထားသည့် ကုမ္ပဏီများ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် မြေယာသိမ်းဆည်းခံရသည့် ဒေသခံ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းသည် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပြီး ယင်းတွေ့ဆုံပွဲမှနေ၍ ဇွန်လမှစတင်ကာ သိမ်းဆည်းခံ မြေယာများအား အမြန်ဆုံးပြန်လည် ပေးအပ်သွားရန် စီစဉ်ထားရှိကြောင်း သိရသည်။

အင်တာနက် လူမှုကွန်ရက်များတွင် လှုံ့ဆော်ရေးသားသူများကို အစိုးရအနေဖြင့် အရေးယူသင့်ကြောင်း အမေရိကန်သံအမတ် ပြောကြား

အင်တာနက် လူမှုကွန်ရက်များတွင် လှုံ့ဆော်ရေးသားသူများကို အစိုးရအနေဖြင့် အရေးယူသင့်ကြောင်း အမေရိကန်စင်တာတွင် မေ ၈ ရက် ညနေက ကျင်းပသော လွတ်လပ်စွာ ထုတ်ဖော်ခွင့် (Freedom of Expression) ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် Derek Mitchell က ပြောသည်။

အဆိုပါ ဆွေးနွေးပွဲတွင် လွတ်လပ်စွာ ထုတ်ဖော်ခွင့်၏ သဘောသဘာဝ၊ မြန်မာနိုင်ငံရှိ လွတ်လပ်စွာ ထုတ်ဖော်ခွင့် အခြေအနေများ၊ မီဒီယာ လွတ်လပ်ခွင့်များ၊ ဆင်ဆာတည်းဖြတ်မှုများ၊ လူမှုကွန်ရက်များတွင် လွတ်လပ်စွာ ထုတ်ဖော်ခွင့်အပေါ် အလွဲသုံးစားပြုကာ ရေးသားနေမှုများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

စာရေးဆရာ ဖေမြင့်နှင့် ဘလော့ဂါ နေဘုန်းလတ်တို့ကမူ မြန်မာနိုင်ငံရှိ အချို့သော ဥပဒေများသည် လွတ်လပ်စွာ ထုတ်ဖော်ခွင့်အပေါ် ကန့်သတ်ချုပ်ချယ်နေသည်ဟု ပြောသည်။ ဆက်လက်၍ ဘလော့ဂါ Pandora မှလည်း လွတ်လပ်စွာ ထုတ်ဖော်မှုသာမက လုံခြုံစိတ်ချရမှုကိုလည်း ဖန်တီးပေးရန်၊ ဆင်ဆာတည်းဖြတ်မှု လျော့ပါးလာသည့်နောက် မဆင်မခြင် ရေးသားမှုများကို စောင့်ကြည့် အရေးယူရန်နှင့် မိမိရေးသားသည့်အပေါ် 
တာဝန်ယူစေရန် လိုအပ်ကြောင်း သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ရခိုင်ပဋိပက္ခနှင့် မိတ္ထီလာ ပဋိပက္ခများတွင် လူမှုကွန်ရက် စာမျက်နှာများမှတစ်ဆင့် ဘာသာနှစ်ခုအကြား လှုံ့ဆော်မှုများ ရှိခဲ့ပြီး အဆိုပါ လှုံ့ဆော်မှုများကြောင့် ပဋိပက္ခများ ပိုမိုဖြစ်ပွားကာ အသက်ပေါင်းများစွာ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာ ရခြင်းများ ဖြစ်ပေါ်ခဲ့ရသည် . . . . .

ထို့အပြင် အမေရိကန်သံရုံး၏ လူထုအကူအညီပေးရေး လက်ထောက်အရာရှိ Michael D. Quinlan က အမေရိကန်နိုင်ငံတွင်လည်း ၁၉၇၀ အစောပိုင်း နှစ်များအထိ ရုပ်ရှင်ဆင်ဆာစနစ် ကျင့်သုံးခဲ့ကြောင်း၊ သို့ရာတွင် ၁၉၇၀ နှောင်းပိုင်းနှစ်များတွင် ၄င်းအားဖျက်သိမ်း၍ လမ်းညွှန်မှုနှင့် ကန့်သတ်ချက် အချို့သာ ထားရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး၎င်းက ဆင်ဆာတည်းဖြတ်မည့်အစား တာဝန်ယူမှု မရှိသူများအား တရားစွဲဆိုသည့် နည်းလမ်းကိုသာ ကျင့်သုံးသင့်ကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။

"လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ဥပဒေကနေ သတ်မှတ်ပေးရမယ်။ ဒါပေမယ့် တရားစီရင်ရေး မဏ္ဍိုင်က ပြန်လည်စောင့်ကြည့် ထိန်းသိမ်းပေးရမယ်။ ဥပမာ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း ဖြစ်ပေါ်နိုင်တဲ့ ရေးသားပြောဆိုမှုမျိုးတွေ၊ ပုဂ္ဂိုလ်ရေး ပုတ်ခတ်မှုတွေ၊ အသရေဖျက်မှုတွေဆိုရင် လက်ခံလို့ မဖြစ်ပါဘူး" ဟု Michael D. Quinlan ကပြောသည်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် Derek Mitchell ကပင် မြန်မာနိုင်ငံတွင် လွတ်လပ်ပြီး တာဝန်သိသော သတင်းမီဒီယာများ ပေါ်ထွက်ရန် လိုအပ်ကြောင်း ပြောသည်။

"ကိုယ့်ရဲ့အမြင်ကို ထုတ်ဖော်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ အချို့က ပန်းချီနဲ့ ဖော်ပြတယ်။ အချို့က ကာတွန်းနဲ့ ဖော်ပြတယ်။ အချို့က စာရေးသားပြီး ဖော်ပြကြတယ်။ ဒီလိုဖော်ထုတ်ခွင့်တွေ မပျောက်ပျက်အောင် ကာကွယ်ရပါမယ်။ မြန်မာနိုင်ငံဟာ မိမိကိုယ်ပိုင် အမြင်ကို ဖော်ပြနိုင်တဲ့ ခေတ်သစ်တစ်ခုကို ရောက်ရှိလို့ နေပါပြီ။ ဒါဟာ ဒီမိုကရေစီရဲ့ ပြယုဂ်တစ်ခုပါပဲ" ဟု ၎င်းကပြောသည်။  

ဆွးနွေးပွဲသို့ စိတ်ဝင်စားသူ ကျောင်းသားဦးရေ ၃၀၀ ကျော်ခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူ လူငယ်များမှ လူမှုကွန်ရက်များတွင် မဆင်မခြင် ရေးသားမှုများ၊ ဘာသာရေး လူမျိုးရေး အဓိကရုဏ်း ဖြစ်စေရန် ရေးသားမှုများနှင့် ပတ်သက်၍ ဆွေးနွေးချက်များအား ပင်တိုင်ဆွေးနွေးသူများမှ ပြန်လည်ဆွေးနွေးခဲ့ကြသည်။

လူမှုကွန်ရက်များနှင့် ပတ်သက်၍ Derek Mitchell က "အင်တာနက်ပေါ်မှာ ကိုယ်ရေးအချက်အလက် အမှန်မဟုတ်ဘဲနဲ့ လိမ်လည်သုံးစွဲသူတွေဟာ တာဝန်ယူမှု ကင်းမဲ့ပြီး ပြဿနာတွေ ကြီးထွားအောင် လှုံ့ဆော်တတ်ကြတယ်။ အစိုးရအနေနဲ့ ဒီလိုလှုံ့ဆော်တဲ့ သူတွေကို အရေးယူဖို့ လိုအပ်တယ်" ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ရခိုင်ပဋိပက္ခနှင့် မိတ္ထီလာ ပဋိပက္ခများတွင် လူမှုကွန်ရက် စာမျက်နှာများမှတစ်ဆင့် ဘာသာနှစ်ခုအကြား လှုံ့ဆော်မှုများ ရှိခဲ့ပြီး အဆိုပါ လှုံ့ဆော်မှုများကြောင့် ပဋိပက္ခများ ပိုမိုဖြစ်ပွားကာ အသက်ပေါင်းများစွာ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာ ရခြင်းများ ဖြစ်ပေါ်ခဲ့ရသည်။ ထိုသို့ လှုံ့ဆော်မှုများထဲတွင် လူထုမောင်ကာဠု၊ Oppositeyes၊ Myanmar Express၊ We Love True၊ MMN နှင့် ပလေတိုဒီမိုတို့ ပါဝင်နေကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ် စက်ရုံပြိုကျမှု သေဆုံးသူ ၈၀၀ နီးပါးရှိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အထည်ချုပ်စက်ရုံတွေရှိရာ ကုန်တိုက်တခု ပြိုကျရာက သေဆုံးသူ အရေအတွက် တဖြေးဖြေးနဲ့ ၈၀၀ နီးပါးအထိ တိုးလာနေပါတယ်။ အပျက်အစီးတွေကို ဆက်လက် ရှင်းလင်းရာက ထပ်မံတွေ့ရှိရတဲ့ အလောင်းတွေနဲ့ပါဆိုရင် သေဆုံးသူ အရေအတွက်ဟာ ၇၈၂ ယောက်အထိ ရှိသွားပြီလို့ ဒီကနေ့ပဲ အစိုးရတာဝန်ရှိသူတွေက ကြေညာခဲ့ကြတာပါ။
 
ပြိုကျချိန်မှာတော့ အဆောက်အဦးထဲမှာ လူပေါင်း ၃ ထောင်လောက် ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဧပြီလ ၂၄ ရက်နေ့က အဆောက်အဦး ပြိုကျမှုအတွင်း သေဆုံးသူတွေဟာ ဘယ်သူဘယ်ဝါတွေ ဖြစ်တယ်ဆိုတာကို သိရဖို့လည်း ပိုပြီးခက်ခဲလာနေပြီလို့ အာဏာပိုင်တွေက ပြောခဲ့ကြတာပါ။
 
သေဆုံးသူတွေရဲ့ အလောင်းတွေမှာ တွေ့ရတဲ့ မှတ်ပုံတင် အထောက်အထားတွေ၊ လက်ကိုင်ဖုန်းတွေကို အားကိုးပြီး ဘယ်သူဘယ်ဝါတွေ ဖြစ်ကြတယ်ဆိုတာကို ဖော် ထုတ်နေရတယ်လို့လည်း ပြောပါတယ်။ အဆောက်အဦး ပြိုကျမှုနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေ အဖြစ်နဲ့တော့ အာဏာပိုင်တွေက လူ ၉ ယောက်ထက်မနည်း ကိုလည်း ဖမ်းဆီးထားတာပါ။
 
ဖမ်းဆီးခံထားရသူတွေထဲမှာတော့ အဆောက်အဦးပိုင်ရှင်၊ ကုန်တိုက်ထဲမှာ ရှိနေကြတဲ့ အထည်ချုပ်စက်ရုံ ပိုင်ရှင်တွေနဲ့ အဆောက်အဦးကို တည်ဆောက်ခဲ့ကြသူ အင်ဂျင်နီယာတွေလည်း ပါဝင်ကြပါတယ်။ လုပ်အားခ ဈေးသက်သာတဲ့အတွက် နိုင်ငံတကာက နာမည်ကျော် အမှတ်တံဆိပ်တွေ အပါအ၀င် အထည်ချုပ်လုပ်ငန်းတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပြည်ပပို့ကုန် လုပ်ငန်းရဲ့ ၈၀ ရာခိုင်နှုန်းနီးပါးရှိပြီး တန်ဖိုးအားဖြင့် ဒေါ်လာသန်းပေါင်း ၂ သောင်းလောက် ရှိပါတယ်။
 
ပြည်ပကုမ္ပဏီ တချို့ကတော့ သူတို့ရဲ့ လုပ်ငန်းတွေ လုပ်ကိုင်ရင်း သေဆုံးသူတွေရဲ့ ကျန်ရစ်သူမိသားစုတွေကို ထောက်ပံ့ကူညီဖို့လည်း ကတိပေးထားကြပါတယ်။

အင်ဒိုနီးရှားရဲနဲ့ ပစ်ခတ်မှုအတွင်း သံရုံးတိုက်ခိုက်ဖို့ ကြံစည်သူအဖြစ် သံသယရှိသူ ၃ ဦးသေဆုံး

အင်ဒိုနီးရှားနိုင်ငံမှာ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြိုးပမ်းသူတွေလို့ သံသယရှိသူတွေကို နောက်ထပ် လိုက်လံဖမ်းဆီးရင်း လုံခြုံရေး အာဏာပိုင်တွေနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားရာက စစ်သွေးကြွ ၃ ယောက် သေဆုံးသွားပြီး အနည်းဆုံး တဦးကို အရှင်ဖမ်းမိခဲ့ပါတယ်။

ဂျာဗားခရိုင်အနောက်ဖက် Cigondewah ကျေးရွာမှာ သံသယရှိသူတွေ ပုန်းအောင်းနေတဲ့ နေအိမ်တလုံးကို အင်ဒိုနီးရှား အကြမ်းဖက်မှု တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ဝင်တွေ နာရီအတော်ကြာ ၀ိုင်းဝန်းထားပြီးနောက် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာက သေဆုံးခဲ့တာလို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့ရဲ့ အကြီးအကဲ တီမူရာ ပရာဒိုပို (Timur Pradopo) က သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။ ၄ လကြာ ငှားရမ်းထားတဲ့ အိမ်ထဲမှာရှိနေကြတဲ့ လက်နက်ကိုင် စစ်သွေးကြွတွေဖက်က ခုခံမှုတွေ ရှိခဲ့ရာက လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အစောပိုင်းမှာ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့ကြောင်းလည်း အင်ဒိုနီးရှား တာဝန်ရှိသူတွေက ပြောပါတယ်။

အင်ဒိုနီးရှား ဒေသခံသတင်းတွေမှာတော့ လုံခြုံရေး အာဏာပိုင်တွေ ၀ိုင်းထားတဲ့ နေအိမ်ကနေ ထွက်ပြေးဖို့ ကြိုးပမ်းကြတဲ့ စစ်သွေးကြွတွေကို လိုက်လံဖမ်းဆီးရင်း ပစ်ခတ်ရာက သေဆုံးခဲ့တာလို့လည်း ဖော်ပြနေကြတာပါ။ အနည်းဆုံး နောက်ထပ်လူတဦးကို အရှင်ဖမ်းမိခဲ့သလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြံစည်သူတွေအဖြစ် သံသယရှိသူ ၂ ယောက်ကို အင်ဒိုနီးရှား လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဂျာကာတာမြို့တော်မှာ မော်တော်ဆိုင်ကယ် တစင်းနဲ့ သွားနေတုန်း ဖမ်းဆီးမိခဲ့တာပါ။ သူတို့ ၂ ဦးထံက လက်လုပ်ဗုံးတွေ အပါအ၀င် ဖောက်ခွဲရေး ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ပြီးတဲ့နောက် နောက်ဆက်တွဲ သံသယရှိသူတွေကို အာဏာပိုင်တွေက လိုက်လံရှာဖွေ ဖမ်းဆီးနေတာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် အင်ဒိုနီးရှား နိုင်ငံမှာ ဖျော်ဖြေဖို့စီစဉ်ထားတဲ့ နာမည်ကျော် AeroSmith အဖွဲ့ရဲ့ စင်တင်ဂီတပွဲကိုလည်း ဖျက်လိုက်တဲ့အကြောင်း ဒီသီတင်းပတ်ထဲမှာပဲ ကြေညာခဲ့တာပါ။

မြန်မာနိုင်ငံမှာ လူအများအပြား ထိခိုက်သေဆုံးမှုတွေ ကြုံခဲ့ရတဲ့ မကြာသေးခင်တုန်းက ပဋိပက္ခတွေအတွင်း မူဆလင်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတာကို လက်တုန့်ပြန်ဖို့ ရည်ရွယ်ပြီး အစွန်းရောက်သူတွေက တိုက်ခိုက်ဖို့ စီစဉ်ခဲ့တာလို့လည်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့ကပြောပါတယ်။ မကြာသေးခင်နှစ်တွေကစလို့ မြန်မာနိုင်ငံက ပဋိပက္ခတွေအပေါ် မကျေနပ်သူ အင်ဒိုနီးရှား မူဆလင်အစွန်းရောက်တွေက မြန်မာအစိုးရရဲ့ အကျိုးစီးပွားတွေကို ပစ်မှတ်ထားပြီး ဂျေဟတ် ဘာသာရေးစစ်ပွဲ ဆင်နွှဲဖို့ လှုံ့ဆော်တိုက်တွန်းမှုတွေလည်း ရှိနေခဲ့တာ ဖြစ်ပါတယ်။

အခုနောက်ဆုံး သေဆုံးသွားသူတွေနဲ့ ဖမ်းဆီးမိသူတွေဟာ သံရုံးကို တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ ဆက်နွယ်မှု ရှိမရှိ စစ်ဆေးသွားမှာ ဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။

မြောက်ကိုရီးယားခြိမ်းခြောက်မှု အောင်မြင်မည်မဟုတ် သမ္မတ Park ပြောကြား

နျူကလီးယားလက်နက် ကင်းရှင်းတဲ့ ကမ္ဘာကြီးဖြစ်ဖို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ရဲ့အမြင်ကို ကိုရီးယားကျွန်းဆွယ်ကနေ စရမယ်လို့ တောင် ကိုရီးယားသမ္မတ ပခ် ဂွန် ဟေဲး (Park Geun-hye) က ပြောလိုက်ပါတယ်။
 
ဝါရှင်တန်မြို့တော်က အမေရိကန်လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့က လုပ်ခဲ့တဲ့ လွှတ်တော် ၂ ရပ် အစည်းအဝေးမှာ တောင်ကိုရီးယား သမ္မတက မိန့်ခွန်းပြောခဲ့တာမှာ တောင်ကိုရီးယားနိုင်ငံဟာ မြောက် ကိုရီးယားရဲ့ နျူကလီးယားလက်နက်နဲ့ တိုက်ခိုက်တော့မလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ နေထိုင်နေကြရတယ်လို့ ပြောကြားခဲ့ပါတယ်။
 
တောင်ကိုရီးယားအပေါ် အမေရိကန်တွေရဲ့ ထောက်ခံမှုအတွက် လွှတ်တော်ကို ကျေးဇူးတင်ကြောင်းလည်း ပြောဆို ခဲ့သလို၊ စီးပွားရေး ပိုမို တိုးတက်ကောင်း မွန်အောင် လုပ်ဆောင်နေပြီး ကိုရီးယားကျွန်းဆွယ်မှာ ပြန်လည်သင့်မြတ်ရေးလမ်းကို ဖန်တီးနေတဲ့ အမေရိကန်နဲ့ တောင်ကိုရီးယား ၂ နိုင်ငံကြား ဆက်ဆံရေးဟာ ဘာနဲ့မှမတူအောင် ကောင်းမွန်တယ်လို့ တောင်ကိုရီးယားသမ္မတက ဆိုခဲ့ပါတယ်။
 
ငြိမ်းချမ်းရေးနဲ့ စည်းလုံးရေးဟာ ယုံကြည်မှုအပေါ်မှာ အခြေခံတယ်ဆိုတာကိုလည်း မိန့်ခွန်းထဲမှာ ပြောခဲ့သလို၊ မြောက်ကိုရီးယားမှာ ပြောကြသလို လက်ခုပ်ဆိုတာ
နှစ်ဘက်တီးမှ မြည်တယ်လို့လည်း ဥပမာ ပေးခဲ့ပါတယ်။ တောင်ကိုရီးယားသမ္မတ ပခ် ဂွန် ဟေဲး (Park Geun-hye) ဟာ အမေရိကန်ကို ၅ ရက်ကြာ ခရီးစဉ်အဖြစ် တနင်္လာနေ့ထဲက ရောက်ရှိနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို အတုယူဖို့ မြောက်ကိုရီးယားကို အိုဘားမား တိုက်တွန်း

မြောက်ကိုရီးယားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို အတုယူပြီး ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က မြောက်ကိုရီးယားကို တိုက်တွန်းပြောကြားပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦး တင်ပြထားပါတယ်။
 
အမေရိကန်ပြည်ထောင်စုကို ၅ ရက်ကြာခရီး ရောက်ရှိနေတဲ့ တောင် ကိုရီးယား သမ္မတ ပခ် ဂွန် ဟေဲး (Park Geun-hye) နဲ့ အင်္ဂါနေ့တုန်းက ပြုလုပ်တဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲအတွင်းမှာ သမ္မတ အိုဘားမားက ပြောကြားသွားတာပါ။
 
အမေရိကန်နဲ့ တောင်ကိုရီးယား ခေါင်းဆောင်နှစ်ဦး အင်္ဂါနေ့ကလုပ်တဲ့ အစည်းအဝေးမှာတော့ မြောက်ကိုရီးယားကိစ္စနဲ့ နျူကလီးယား ခြိမ်းခြောက်မှုတွေကို ဘယ်လို ကိုင်တွယ်ကြမလဲဆိုတာ အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ ယူဆရပါတယ်။
 
မြောက်ကိုရီးယားအနေနဲ့ မြန်မာကို ဥပမာယူပြီး နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံမှုတွေ လမ်းဖွင့်ဖို့ သမ္မတ အိုဘားမားက အင်္ဂါနေ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ ပြောသွား ပါတယ်။
 
"မြောက်ကိုရီးယားအနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာတဲ့ မြန်မာနိုင်ငံလို တိုင်းပြည်တွေက အဖြစ်အပျက် အခြေအနေတွေကို အတုယူသင့်တယ်ဆိုတာကို ကျနော်တို့ ဆွေးနွေး ခဲ့ကြပါတယ်။ မြန်မာနိုင်ငံဟာ အခုဆိုရင် အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံအပါအ၀င် နိုင်ငံတကာနဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု သံတမန်ရေး ဆက်ဆံမှုတွေ ပိုပြီး တိုးလုပ်လာနေပါပြီ။"
 
အမေရိကန် ခေါင်းဆောင်တွေအနေနဲ့ မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ မြန်မာကို အတုယူဖို့ ပြီးခဲ့တဲ့ကာလတွေတုန်းကလည်း မကြာမကြာ ပြောခဲ့ဖူးပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာပြီးနောက်ပိုင်းမှာ တောင်ကိုရီးယားနဲ့ ဆက်ဆံမှုတွေ ပိုတိုးလာသလို၊ အမေရိကန် ပြည်ထောင်စုနဲ့လည်း အရင်လို မဟုတ်ဘဲ ဆက်ဆံရေး အတော် အဆင်ပြေလာပါတယ်။
 
တောင်ကိုရီးယားဟာ အရင်တုန်းက မြန်မာစစ်အစိုးရနဲ့ ဆက်ဆံပြီး ကုန်သွယ်ရေး လုပ်ငန်းတွေ လုပ်တာ ရှိခဲ့ပေမဲ့၊ အခုနောက်ပိုင်း ဆက်ဆံမှုတွေ ပိုကျယ်ပြန့်လာပါတယ်။
 
တောင်ကိုရီးယား ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံမှာ ဆောက်လုပ်ရေး၊ သတ္ထုမိုင်း၊ စိုက်ပျိုးရေး၊ လျှပ်စစ်စွမ်းအင်၊ မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း၊ ဆက်သွယ်ရေး စတဲ့ လုပ်ငန်း အတော်များများမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေကြတယ်လို့ တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြီးခဲ့တဲ့နှစ်က ပြောခဲ့ဖူးပါတယ်။
 
၂၀၁၂ ခုနှစ် ဇန်န၀ါရီလ စာရင်းအရဆိုရင် တောင်ကိုရီးယား ရင်းနှီးမြှုပ်နှံမှုဟာ မြန်မာနိုင်ငံမှာ လုပ်ငန်း ၄၈ ခုရှိပြီး၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂ ဒဿမ ၉ ဘီလီယံ ရှိတယ်လို့ မြန်မာအစိုးရ ကိန်းဂဏန်းတွေမှာ ဖော်ပြခဲ့ပါတယ်။
 
အမေရိကန် ပြည်ထောင်စုကတော့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးသစ် ဖွင့်ပြီးတဲ့နောက် အရေးယူ ဒဏ်ခတ်မှုအချို့ကို ယာယီဆိုင်းငံ့လိုက်ပြီး၊ အမေရိကန် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ငွေကြေး ၀န်ဆောင်မှုလုပ်ငန်းတွေ မြန်မာနိုင်ငံမှာ လုပ်ကိုင်ခွင့် ပေးခဲ့ပါတယ်။
 
မကြာခင်ကဆိုရင်တော့ မြန်မာအစိုးရပိုင်း တာဝန်ရှိသူတွေနဲ့ သူတို့ မိသားစုဝင်တွေကို အမေရိကန် ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ထားတာတွေကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ ဒါပေမဲ့ အရေးယူမှု ဥပဒေ အတော်များများက ယာယီ ဆိုင်းငံ့ထားတဲ့ သဘောမှာရှိပြီး၊ အားလုံးဟာ ဥပဒေအရ တည်ရှိနေဆဲ ဖြစ်ပါတယ်။
 
အမေရိကန် ပြည်ထောင်စုအနေနဲ့ အခုလို အရေးယူမှုတွေကို ဥပဒေအတိုင်း ဆက်ထားတာဟာ၊ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ရှိတာကို အသိအမှတ်ပြုပေမဲ့ လုပ်ဆောင်စရာတွေ ရှိသေးတယ်ဆိုတာ ဖော်ပြချက်ဖြစ်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။
 
ဒီအထဲမှာတော့ မြန်မာနဲ့ မြောက်ကိုရီးယား စစ်ရေးဆက်ဆံမှုကိစ္စ သတိပေးချက်လည်း တစ်ခု အပါအ၀င်ဖြစ်ပါတယ်။

နိုင်/ကျဉ်းဟောင်းများ အတွက် ၄၀၁ ခြိမ်းခြောက်နေဟု AAPP သတိပေး

ချင်းမိုင်(မဇ္စျိမ)။   ။ ဦးနေမျိုးဇင် အား ထောင်ဒဏ် ၆ နှစ် ပြန်လည် ချမှတ်လိုက်ခြင်းမှာ နိုင်ငံရေး အကျဉ်းသား
ဟောင်းများအား ခြိမ်းခြောက်မှု ဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ
စောင့်ရှောင်ရေးအသင်း (AAPP)က ယနေ့ ပြောဆိုလိုက်သည်။

"သူက လယ်သမားတွေအတွက် ထဲထဲဝင်ဝင် လုပ်တယ်။ လူမှုရေးတွင် ပါဝင်နေတယ်။ အဲဒီလို ကိစ္စမျိုးတွေ
နိုင်ငံရေးကိစ္စမျိုးတွေမှာ ပါဝင်နေတယ်ဆိုရင် သူတို့နဲ့ အခန့်မသင့်တဲ့ အခြေအနေမျိုး ကျရင် အချိန်မရွေး
ပြန်ဖမ်းမယ်ဆိုတဲ့ ကိစ္စကို အသိပေးလိုက်တာပဲ။ ဒါက ပြင်းထန်စွာ အသိပေးလိုက်တာပဲ" ဟု AAPP အတွင်းရေးမှူး ကိုတိတ်နိုင် က မဇ္ဈိမကို ပြောသည်။

ထို့ပြင် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာပြီးဖြစ်သည့် နိုင်ငံရေး အကျဉ်းသားဟောင်း တဦးအား ဤသို့ပြုမူလိုက်ခြင်းမှာ သမ္မတ ဦးသိန်းစိန်အစိုးရ၏ နောက်ကြောင်း
ပြန်လှည့်သည့် လုပ်ဟန်ဖြစ်ကြောင်း "ဒီကနေ လက်ရှိ သမ္မတ ဦးသိန်းစိန်ကနေ ပုဒ်မ ၄၀၁ ကို ပြန်လည် အသက်သွင်းပြီးတော့ ပြန်ပြီး ဖမ်းဆီးနေတဲ့ ကိစ္စက နောက်ကြောင်းပြန် ဥပဒေတွေကို သက်ရောက်စေတဲ့ ကိစ္စ။ အဲဒီလို လုပ်ဆောင်နေတဲ့အပေါ်မှာ ကျနော်တို့က နောက်ကြောင်း ပြန်ဆုတ်နေပြီလားဆိုပြီး သံသယ ရှိပါတယ်" ဟု ကိုတိတ်နိုင် က ဝေဖန်သည်။

လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားပြန်လည် ရင်ကြေားစေရေး လုပ်ငန်းစဉ်များအား ကြီးများသော ဟန့်တားမှုတခု ဖြစ်သည့်အပြင် ယခုလုပ်ရပ်အပေါ် AAPP ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချလိုက်သည်။

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ် လယ်သမားများနှင့် တွေ့ဆုံပွဲတခုတွင် ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ရဲတပ်ဖွဲ့များ လဘ်စားသည် ဆိုသည့်စကား ပြောဆိုသည်ဟု ဆိုကာ ဒေါင့်ကြီးကျေးရွာ ရဲစခန်းမှူး ဦးထွန်းထွန်း က အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုချက်ကို ခရိုင်တရားရုံးမှ မေလ ၃ ရက်နေ့က
ထောင်ဒဏ် ၃ လနှင့် ငွေဒဏ် ၂ သောင်း ပေးဆောင်ရန် အမိန့် ချမှတ်လိုက်သည်။

နေမျိုးဇင်က ငွေဒဏ် ပေးဆောင်ဘဲ ငြင်းဆိုခဲ့သည့်အတွက် မအူပင်အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်။ ထိုဒဏ်ငွေများကို တောင်သူ ၁၀၀ ကျော်မှ မေလ ၇ ရက်နေ့က ပေးဆောင်ခဲ့သည်။ သို့သော် အစိုးရ
ပြည်ထဲရေးဝန်ကြီးဌာန အမိန့်အရ မအူပင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးသောင်း က မအူပင်အကျဉ်းထောင် တွင်း လာရောက်၍ ယခင် ပြစ်ဒဏ်ဟောင်းထဲမှ ထောင်ဒဏ် ၆ နှစ် ချခံရန် အမိန့်ချမှတ်ခဲ့သည်ဟု သိရသည်။

ကိုနေမျိုးဇင်သည် ၂၀၁၁ ခုနှစ်သြဂုတ်လက ဖမ်းဆီးခံရပြီး အီလက်ထရောနစ် ပုဒ်မ ၃၃ (က)ဖြင့်
ထောင်ဒဏ် ၁၀ နှစ် ထောင်ဒဏ်ချမှတ်ခံရကာ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ (၁) ဖြင့် ပြန်လည်လွတ်မြောက်လာ
ခြင်း ဖြစ်သည်။

ထိုပုဒ်မအရ နောင်တဖန် ပြစ်ဒဏ်တစုံတရာ ကျပါက ယခင် လက်ကျန် ပြစ်ဒဏ်များကိုပါ တပါတည်း ကျခံရမည်ဖြစ်သည်။

AAPP ကမူ ယခု ဦးနေမျိုးဇင်အား ထပ်မံ ထောင်ချလိုက်ခြင်းသည် ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသာ နိုင်ငံရေးအကျဉ်းသားများကို ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်ပြီး ၎င်းတို့အား
နိုင်ငံရေး၊ လူမှုရေး လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ခြင်း မရှိစေရန် ပြင်းထန်စွာ သတိပေးလိုက်ခြင်း
ဖြစ်သည်ဟု မှတ်ချက်ချထားသည်။

၎င်း ပုဒ်မ ၄၀၁ ဥပဒေနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆွေးနွေးတိုင်ပင်ခြင်း၊ အကြံပြုခြင်း များနှင့် တောင်းဆိုမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဟု ကိုတိတ်နိုင်က ပြောသည်။

ယခုကဲ့သို့ အစိုးရ၏ လုပ်ဆောင်ချက်အား ပြင်းထန်စွာ ရှုံ့ချကာ တိုင်းပြည်ဖွံ့ဖြိုးရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ဗိုလ်ကြီးဟောင်း နေမျိုးဇင်အား ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် AAPP က တောင်းဆိုလိုက်သည်။

လက်ရှိ မြန်မာနိုင်ငံ ထောင်အသီးသီးတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၂၀၀ ကျော် ကျန်ရှိနေသေးကာ အယောက် ၇၀ ကျော်မှာ အမှုရင်ဆိုင်နေရသည်ဟု AAPP က ဆိုသည်။

သံဃာတော် တပါး သေဆုံးစေခဲ့မှုဖြင့် အစ္စလာမ်ဘာသာဝင် ၆ ဦး သေဒဏ်ကျခံရဖွယ်ရှိ

ယခု လပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် ဘာသာရေးဆိုင်ရာ ပဋိပက္ခအတွင်း၌ ပျံလွန်တော်မူခဲ့ရသော သံဃာတော်၏ သေဆုံးမှုနှင့်ပတ်သက်၍ စစ်ဆေးခြင်းခံနေရသော အစ္စလာမ်ဘာသာဝင် ၆ ဦးမှာ ပြစ်မှု ထင်ရှားပါက သေဒဏ်ကျခံရနိုင်ဖွယ် ရှိကြောင်း အာဏာပိုင်များက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်ဟု AFP သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

မန္တလေးတိုင်း တရားသူကြီး ဦးရဲအောင်မြင့်၏ အဆိုအရ ၎င်းတို့အား စစ်ဆေးနေပြီး သောကြာနေ့တွင် အမိန့် ချမှတ်လိမ့်မည်ဟု ခန့်မှန်းထားသည်။ 

"လူသတ်မှုအတွက် ပြစ်မှုထင်ရှားရင်တော့ သေဒဏ် ချမှတ် ခံရမှာပါ" ဟု ဦးရဲအောင်မြင့် ၏ တယ်လီဖုန်းမှ တဆင့် ဖြေကြားချက်အား ကိုးကား၍ AFP သတင်းက ရေးသားသည်။

မတ်လ အတွင်းက မိထ္ထီလာမြို့ရှိ ရွှေဆိုင်၌ ခိုက်ရန် ဖြစ်ပွားမှု တခုမှ အစပြုပြန့်ပွားခဲ့သော အကြမ်းဖက်မှု ဂယက်များကြောင့် အနည်းဆုံး လူ ၄၃ ဦး သေဆုံးခဲ့ရပြီး လူပေါင်း ထောင်ချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

သံဃာတော် တပါး ပျံလွန်တော်မူစေခဲ့သည့် ကိစ္စ ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း နိုင်ငံတွင်းရှိ ဒေသ အများအပြား၌ ဆူပူအုံကြွမှုများ ဖြစ်ပေါ်ခဲ့ကာ ၎င်းအကြမ်းဖက်မှုများသည် အစ္စလာမ် ဘာသာဝင်များ ထံသို့ ဦးတည်လာခဲ့ သည်။ 

ပြဿနာ စတင်ဖြစ်ပွားခဲ့သည့် ရွှေဆိုင်ပိုင်ရှင်နှင့် အခြား အစ္စလာမ်ဘာသာဝင် နှစ်ဦးတို့အား ဈေးဝယ်သူကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုဖြင့် ဧပြီလအတွင်းက ထောင်ဒဏ် ၁၄ နှစ်စီ ချမှတ်လိုက်သည်။ 

ဖြစ်ပွားခဲ့သော ဆူပူအုံကြွမှုများနှင့် ပတ်သက်၍ ဗုဒ္ဓဘာသာဝင် တစ်ဦးမျှ ပြစ်ဒဏ်ကျ ခံခဲ့ရခြင်းမရှိကြောင်း AFP သတင်းက ဆိုသည်။ 

ခန့်မှန်းခြေအရ မြန်မာနိုင်ငံလူဦးရေ၏ ၄ ရာခိုင်နှုန်းခန့်ရှိသော အစ္စလာမ်ဘာသာဝင်များအား တိုက်ခိုက်ခဲ့ခြင်း သည် ယခု ကောင်းမွန်သောနိုင်ငံရေး အပြောင်းအလဲ ကာလဟု အမွှမ်းတင်ခြင်း ခံနေရမှုများကို အမှောင်ရိပ် ဖုံးစေခဲ့ပြီး စစ်အစိုးရ၏ အုပ်ချုပ်မှုကြောင့် ဆိုးရွားစွာ ဖြစ်နေခဲ့ရသည့် နိုင်ငံ၏ အက်ကြောင်းများကို သိသာ ထင်ရှားစေခဲ့သည်ဟု ဆိုသည်။ 


အဓိကရုဏ်း ဖြစ်ပွားရာတွင် သံဃာတော်အချို့ ပါဝင်ခဲ့ပြီး အချို့မှာ လူမျိုးရေး လှုံ့ဆော်မှုအဖြစ် အစ္စလာမ် ဘာသာဝင်များ ပိုင်ဆိုင်သော ဆိုင်များ၌ စီးပွားရေးအရ အဆက်အဆံ မလုပ်ရန် ဆော်သြမှုများ ပြုလုပ်ခဲ့ကြ သည်။

ယခု တရားခွင်တွင် စစ်ဆေးခြင်း ခံနေရသည့် ၆ ဦး အနက် သံဃာတော်အား သေစေခဲ့မှု၏ အဓိက တရားခံမှာ အသက် ၂၀ အရွယ်ရှိသူ ဖြစ်ပြီး ကျန် ၅ ဦးမှာလည်း လူသတ်မှု၌ ပါဝင် ပတ်သက်သူများအဖြစ် စွဲချက်တင်ခံ ထားရသည်။

၇ ယောက်မြောက် မသင်္ကာဖွယ်ဖြစ်သူအား သက်ငယ် တရားရုံး၌ စစ်ဆေးသွားမည်ဖြစ်ပြီး အမှုတွင် ပါဝင်ပတ်သက်သည်ဟု ယူဆရသော ကျန် ၄ ဦးကိုလည်း ဖမ်းဆီးနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ 

ယခင် သီတင်းပတ်က ရန်ကုန် မြို့၏တောင်ဘက် မိုင် ၆၀ အကွာရှိ ဥက္ကံမြို့တွင် ထပ်မံဖြစ်ပွားခဲ့သော အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး အဓိကရုဏ်းကြောင့် လူ ၁ ဦး သေဆုံးပြီး ဗလီနှင့် လူနေအိမ်များ ဖျက်ဆီးခံရကာ နိုင်ငံအတွင်း၌ ထိတ်လန့်တုန်လှုပ်မှုများ တဖန် ဖြစ်ပေါ်ခဲ့ရသည်။ 

၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဗုဒ္ဓဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင်များ အကြား ပဋိပက္ခများကြောင့် လူ ၂၀၀ ခန့် သေဆုံးခဲ့ရပြီး သေဆုံးသူ အများစုမှာ ရိုဟင်ဂျာ မူဆလင်များ ဖြစ်ကြသည်။

သမ္မတ ဦးသိန်းစိန် တနင်္လာနေ့က ပြောကြားခဲ့သော မိန့်ခွန်းတွင် ရခိုင်ပြည်နယ်ရှိ အစ္စလာမ် ဘာသာဝင်များ အတွက် အဓိကကျသော အခြေခံ အခွင့်အရေးများ ရရှိရန် ကတိပြုခဲ့ပြီး "ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်နိုင်ရန်"
နိုင်ငံတော်အနေဖြင့် ဦးတည်သင့်သည်ဟု ပါရှိသည်။

ရခိုင်လူမျိုးများ လူ့အခွင့်ရေးများ အပြည့်ဝရရှိရန် AHRDO ကူညီမည်

ရခိုင်ပြည်နယ်ရှိ ရခိုင်လူမျိုးများ၏ လူ့အခွင့်ရေးနှင့် ပါတ်သက်၍ Organisation ရခိုင်လူ့အခွင့်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (AHRDO) Arakan Human Rights and Development  မှ ကူညီထောက်ပံ့
ပေးသွားမည် ဖြစ်ကြောင်း ယင်းအဖွဲ့မှ အမှုဆောင် ဒါရိုက်တာ ဦးအောင်မင်းဦး က ပြောကြားသည်။

Rakhinese-Human-Right-2-sss

ပြည်တွင်းတွင် စတင်အခြေစိုက် လှုပ်ရှားမည့် ရခိုင်လူ့အခွင့်အရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (AHRDO)နှင့် ရခိုင်အမျိုးသားအင်အားစုများ တွေ့ဆုံပွဲကို ၂၀၁၃ ခုနှစ်၊ မေလ ၈ ရက်နေ့က ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်ရာ ဒါရိုက်တာ ဦးအောင်မင်းဦး က လုပ်ငန်းစဉ်များ ရှင်းပြစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ) ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်တို့ သဘာပတိ အဖြစ် တက်ရောက်ခဲ့သည်။


ရခိုင်ပြည်နယ်ရှိ လယ်သမားများ လယ်ယာမြေ သိမ်းဆည်းခံရခြင်း ၊ရွှေဓာတ်ငွေ့ ပိုက်လိုင်း ရပိုင်ခွင့်များနှင့် လူ့အခွင့်ရေး ချိုးဖောက်ခံရမှုများအား ရခိုင်ပြည်နယ်ရှိ နိုင်ငံရေးပါတီများ အစိုးရစီမံကိန်း တာဝန်ရှိသူများ
နှင့် ချိတ်ဆက်ပြီး ရသင့်သော အခွင့်ရေးများကို အပြည့်အ၀ ရရှိရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း HRDO ဒါရိုက်တာ ဦးအောင်မင်းဦး က မဇ္ဈိမသို့ ပြောကြားသည်။

၎င်းက " HRDO အနေနဲ့ လယ်မြေသိမ်းတာတွေ ကို အဓိကထားကူညီပေးသွားမှာပါ။ ရခိုင်ပြည်နယ်များ
မြေပေါ်မြေအောက် သယံဇာတ တွေပေါတယ် ။ နောက်ပြီးအစိုးရ စိမံကိန်းတွေအတွက် သုသေတန
ပြုလုပ်မှုတွေ ကွင်းဆင်းပြီး လုပ်ဆောင်ပေးသွားမှာပါ " ဟု ဆက်လက်ရှင်းပြသည်။

 HRDO မှ ရခိုင်လူမျိုးများ၏ အခွင့်ရေးများ ရရှိရန်အတွက် ရခိုင်အမျိုးသားဒိမိုကရေစီ အဖွဲ့ချူပ်နှင့် ချိတ်ဆက်ထားပြီ ဖြစ်သော်လည်း မည်ကဲ့သို့ လုပ်ကိုင်သွားမည်ကို မသိရှိရသေးကြောင်း ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဋ္ဌ ဦးအေးသာအောင် က ဆိုသည်။

ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဋ္ဌ ဦးအေးသာအောင် က " လူ့အခွင့်ရေး က ရခိုင်ပြည်မှာတင် မဟုတ်ပါဘူး ။ မြန်မာပြည် အနှံ့မှာခံစားနေရကြတာ။ ချွတ်ခြုံကျနေတဲ့ ရခိုင်ပြည်နယ်အတွက် ဒိလို ကူညီပေးတာ ကောင်းပါတယ် " ဟု ရှင်းပြသည်။

ရခိုင်ပြည်နယ်တွင် လူ့အခွင့်ရေး နှင့် ပါတ်သက်ပြီး အပြည့်ဝ ရရှိရန်အတွက် ဥပဒေဘောင်ထဲမှ ဆောင်ရွက် သွားရန် လိုပြီး ပြည်နယ် တွင်နေထိုင်ကြသော ပြည်သူ ပြည်သားများ တူညီစွာ လက်တွဲဆောင်ရွက် ရန်လို အပ်ကြောင်း ရခိုင်ပြည်နယ် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင် က မှတ်ချက်ပြု ပြောကြားသည် ။

ရခိုင်လူ့အခွင့်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (AHRDO )ArakanHuman Rights and Development  Organisation ကို ရခိုင်ပြည်နယ်လုံးဆိုင်ရာ ကျောင်းသားများ နှင့် လူငယ်များဆိုင်ရာ အစည်းရုံးတို့မှ ဦးဆောင်၍
ထိုင်း-မြန်မာ နယ်စပ်တွင် ၂၀၁၁ အောက်တိုဘာလတွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း AHRDO ကြေငြာချက် အရသိရှိရသည်။

အခြေခံပညာကျောင်းများ၌ စိုက်ပျိုးရေးဘာသာရပ် ပူးတွဲသင်ကြားရတော့မည်

အစိုးရအခြေခံပညာကျောင်းများတွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှစတင်ကာ အခြေခံပညာမူလတန်းမှ အထက်တန်းအထိ သင်ရိုးညွန်းတမ်းများ၌ စိုက်ပျိုးရေးဘာသာရပ်အားတွဲဖက်သင်ရိုးအနေဖြင့် ထည့်သွင်း သင်ကြားတော့မည်ဖြစ်သည်။

 

"လာမယ့် ပညာသင်နှစ်ကနေစပြီး သင်ရိုးညွန်းတမ်းတွေထဲမှာ စိုက်ပျိုးရေးအသိပညာရအောင် တွဲဖက်ဘာသာ ရပ်အနေနဲ့ သင်မှာပါ။ စာမေးပွဲအနေနဲ့တော့ ဖြေရမှာမဟုတ်ပါဘူး"ဟု ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်း ခရိုင်ပညာရေးမှူး ဦးအုန်းသွင်က ပြောသည်။

 

အဆိုပါ စိုက်ပျိုးရေးဘာသာရပ်ကို ကျောင်းသားကျောင်းသူများအနေဖြင့် စိုက်ပျိုးရေးအသိ ပညာရစေရန် အဓိကရည်ရွယ်၍ သင်ကြားရခြင်းဖြစ်ကြောင်း၊ သင်ကြားပေးမည့် ဆရာ၊ ဆရာမများအား သီးသန့်ခန့်အပ် ထားခြင်းမျိုး မရှိသေးကြောင်း ၄င်းက ဆက်ပြောသည်။

 

လာမည့် ပညာသင်နှစ်တွင် စိုက်ပျိုးရေးဘာသာရပ်ထည့်သွင်းသင်ကြားနိုင်ရန် ပြီးခဲ့သည့် ပညာသင်နှစ်များက သက်ဆိုင်ရာ အတန်းပညာအလိုက် သင်ရိုးရေးဆွဲထုတ်ဝေခဲ့ပြီး အခြေခံပညာမူလတန်းများတွင် တစ်ပတ် (၂)ကြိမ်နှင့် အလယ်တန်း၊ အထက်တန်းများတွင် တစ်ပတ်(၁)ကြိမ် အဆိုပါ ဘာသာရပ်သင်ကြားပို့ချပေး သွားမည်ဟု သိရသည်။

 

စိုက်ပျိုးရေးဘာသာရပ်အား ကျောင်းသားကျောင်းသူများကို ဗဟုသုတအနေနှင့် ထည့်သွင်းသင်ကြားပေးခြင်း ဖြင့် လယ်ယာမြေကဏ္ဍဖွံဖြိုးတိုးတက်မှုအတွက် အထိုက်အလျောက်ကောင်းမွန်လာနိုင်သည်ဟု လယ်ယာ မြေကဏ္ဍ ဆောင်ရွက်ပေးနေသူများထံက သိရသည်။

 

 "စိုက်ပျိုးရေးဘာသာရပ်ကို ဗဟုသုတအနေနှင့်သင်ကြားပေးတော့ ကောင်းတာပေါ့။ လယ်ယာမြေကဏ္ဍဖွံဖြိုး တိုးတက်ဖို့ကိုလည်း မနည်းနဲ့အများ ကောင်းလာစေမှာပါ။ စာအုပ်ထဲမှာပဲသင်တာမဟုတ်ပဲ လက်တွေ့စိုက်ပျိုးမှု တွေတော့ လုပ်သင့်တယ်။" ဟု မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေ ကပြောသည်။

 

စိုက်ပျိုးရေးဘာသာရပ်အား သင်ကြားပေးရန် ကျွမ်းကျင်သောဆရာ၊ ဆရာမများခန့်ထားပေးရန် လိုအပ် ကြောင်း၊ ထိုသို့ခန့်အပ်ထားနိုင်ခြင်း မပြုလုပ်နိုင်သေးပါက သင်ကြားပေးရမည့် ဆရာ၊ ဆရာမများအား ၎င်းဘာသာရပ်အတွက် သင်တန်းပေးရန် လိုအပ်ကြောင်း ဆရာ၊ ဆရာမများက ပြောဆိုသည်။

 

"ပညာရေးကောလိပ်တွေမှာတော့ မသိဘူး BEd ဆရာအတတ်သင်မှာတော့ မသင်ခဲ့ရဘူး။ ဒါကြောင့် ဒီဘာသာ ရပ်ကို သင်ကြားမယ်ဆိုရင် ကျွမ်းကျင်တဲ့ဆရာကို ခန့်ရင် ပိုအဆင်ပြေလိမ့်မယ်။ ဒါမှမဟုတ်ရင်လည်း ဒီက ဆရာ၊ ဆရာမတွေကို ဒီဘာသာရပ်အတွက် သင်တန်းပေးမှ အဆင်ပြေလိမ့်မယ်။ အခုထိတော့ ဘာသင်တန်းမှ မပေး သေးဘူး။" ဟု အလယ်တန်းပြဆရာမတစ်ဦးက ဆိုသည်။

 

စိုက်ပျိုးရေးဘာသာရပ်အပြင် ကွန်ပျူတာ ICT ဘာသာရပ်ကိုလည်း အလယ်တန်းနှင့် အထက်တန်းများတွင် သင်ရိုးညွန်းတန်းရေးဆွဲ၍တွဲဖက်ဘာသာရပ်အနေဖြင့် သင်ကြားပို့ချနိုင်ရန် ဆောက်ရွက်လျက်ရှိသည်ဟု သိရသည်။

အသက်အာမခံအတွက် သုတေသနပြုလုပ်ရန်လိုဟု ဘဏ္ဍာအခွန်ဒု-၀န်ကြီးဆို

မြန်မာနိုင်ငံတွင် ကျန်းမာရေးအာမခံနှင့်အသက်အာမခံဆိုင်ရာကဏ္ဍတိုးတက်လာရန်အတွက်

နှစ်ပတ်သင်တန်းသင်ကြားပေးရခြင်းဖြစ်သည်ဟု ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက သင်တန်းဖွင့်ပွဲ၌ ပြောကြားခဲ့သည်။   

 

မြန်မာနိုင်ငံတွင် လူဦးရေသန်း(၆၀)ခန့်ရှိရာ အသက်အာမခံပေါ်လစီသည် (၃)သိန်းခန့်သာရှိကြောင်း၊ ထိုသို့တွင်ကျယ်မှုနည်းရခြင်းမှာ အသက်အာမခံအရည်အသွေးဆွဲဆောင်မှုနည်း၍သော်လည်း ကောင်း၊

 

ဖြန့်ချီမှုလျော့နည်း၍သော်လည်းကောင်းဖြစ်နိုင်သည့်အတွက် ပြည်သူတို့စိတ်ဝင်စားမှုရှိမည့် အသက်အာမခံ ပေါ်လစီမျိုးတီထွင်၍ ထိရောက်သော ဖြန့်ချီမှုပြုလုပ်နိုင်ရန် သုတေသနပြုလုပ်ရမည် ဖြစ်ကြောင်း၊ statistical Modelling မျိုးလုပ်ကြည့်ရန် လိုအပ်ကြောင်းကိုလည်း ဒေါက်တာမောင်မောင် သိမ်းက ဆိုသည်။

 

"ကျန်းမာရေးအာမခံဟာ ပြည်သူတွေအတွက် အမှန်တကယ်လိုအပ်နေသော အာမခံအမျိုး အစား ဖြစ်ပါတယ်။ သို့သော် နည်းပညာလိုအပ်ချက်က မြင့်မားနေတယ်။ အဲ့ဒီကနေ လာသင် လိုက်တဲ့ အတွက် တစ်ချိန်ထဲ၊ တစ်ပြိုင်တည်းမှာ ပညာဗဟုသုတတွေ တိုးပွားလာမယ်။ ဒါက အာမခံပညာ တိုးပွားရေးအတွက် ဆောင်ရွက်တဲ့နည်းလမ်းပါ  " ဟု ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။   

 

ကျန်းမာရေးအာမခံနှင့်အသက်အာမခံဆိုင်ရာသင်တန်းဖွင့်ပွဲအား ၂၀၁၃ခုနှစ်၊ မေလ(၆)ရက် နံနက်(၉)နာရီတွင် မြန်မာ့အာမခံလုပ်ငန်းရုံးချုပ်၌ ကျင်းပခဲ့သည်။

 

မြန်မာ့အာမခံလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မြန်မာ့အာမခံလုပ်ငန်းနှင့်

ဟောင်ကောင်အခြေစိုက် AIAအသက်အာမခံကုမ္ပဏီတို့ ပူးပေါင်း၍ အဆိုပါသင်တန်းအား ကျင်းပခဲ့ခြင်းဖြစ်သည်ဟု သိရသည်။     

 

"ကျွန်တော်တို့နိုင်ငံရဲ့အာမခံလုပ်ငန်းမှာဆိုရင် အသက်အာမခံထားရှိမှုဟာ အရမ်းနည်းနေတယ်။ အာမခံနဲ့ ပတ်သတ်ပြီးတော့ အသိပညာပေးတာတွေကို ကျောင်းတွေမှာလည်း ဟောပြောမှု ရှိရမယ်။ဒီသင်တန်းကနေ အာမခံနဲ့ပတ်သတ်တဲ့ နည်းပညာတွေ၊ ဗဟုသုတတွေရရှိဖို့ ရည်ရွယ်ပါတယ် " ဟု မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိမ်းက ပြောသည်။        

 

အဆိုပါသင်တန်းအား မေလ(၆)ရက်နေ့မှ စတင်သင်ကြားပေးကာ ရက်သတ္တ(၂)ပတ် သင်တန်း ဖြစ်ကြောင်း၊  ၄င်းသင်တန်းသည် မြန်မာ့မြေပေါ်တွင် နိုင်ငံခြားအာမခံကုမ္ပဏီတစ်ခုမှ ဖွင့်လှစ်သော သင်တန်းများအနက် အချိန်အကြာဆုံးဖွင့်လှစ်သော သင်တန်းဖြစ်ကြောင်း၊ ယင်းသင်တန်းသို့ မြန်မာ့အာမခံဝန်ထမ်းများသာမက ပုဂ္ဂလိက အာမခံဝန်ထမ်းများ(၄၀)ဦး တက်ရောက်ခွင့်ပေးခဲ့သည်။

 

မြန်မာနိုင်ငံတွင် အာမခံလုပ်ငန်းတည်ရှိခဲ့သည်မှာ နှစ်ပေါင်း(၆၃)နှစ်ရှိပြီဖြစ်ကြောင်း ယခင် မြန်မာ့ အာမခံလုပ်ငန်းတစ်ခုတည်းသာရှိခဲ့သော်လည်း ယခုအခါ ပုဂ္ဂလိက ကုမ္ပဏီ(၁၂)ခုအား လုပ်ပိုင်ခွင့် ပေးခဲ့ရာမှ လက်ရှိအချိန်တွင် မြန်မာအာမခံလုပ်ငန်းအပါအ၀င် အာမခံကုမ္ပဏီပေါင်း(၁၃)ခုရှိပြီး အဆိုပါအာမခံကုမ္ပဏီများ၌ မီးအာမခံထားရှိမှု အများဆုံးဖြစ်သည်ဟု သိရသည်

ထမင်းစားချိန်(၂၅)မိနစ်သာရ၍ စက်ရုံလုပ်သား တစ်ထောင်ကျော် ဆန္ဒထုတ်ဖော်

မရမ်းကုန်းမြို့နယ်ရှိ NIVINA (SS Burma) ကိုရီးယားအထည်ချုပ်စက်ရုံမှ အလုပ်သမားတစ်ထောင်ကျော်က  တောင်းဆိုချက်(၃)ရပ်ရရှိရေး မေလ(၈)ရက်နေ့ နံနက်ပိုင်းက စက်ရုံဝန်းအတွင်း၌ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

 

 "အားလုံးတိုင်ပင်ပြီးတော့ အချက်(၃)ချက်ထဲ တောင်းဆိုတာပါ။ အဲဒီသုံးချက်ကလည်း ဘာမှ များများစားကြီး မဟုတ်ပါဘူး"ဟု အဆိုပါ စက်ရုံမှအလုပ်သမားတစ်ဦးက ပြောသည်။

 

အဆိုပါ ဆန္ဒထုတ်ဖော်မှုကို မရမ်းမြို့နယ်၊ မင်းကျောင်းလမ်း၊ ခြံအမှတ်(၁)ရှိ NIVINA (SS Burma) ကိုရီးယား အထည်ချုပ်စက်ရုံရှိ အလုပ်သမားမှ အချိန်ပိုကြေး၊ ထမင်းစားချိန် တိုးမြှင့်ပေးရန်နှင့် အလုပ်ချိန် တိကျစွာ သတ်မှတ်ပေးရေး တောင်းဆိုခဲ့ခြင်းဖြစ်သည်။

 

 "အလုပ်ချိန်က မနက်ကနေ ညနေအထိ ၁၂ နာရီ လုပ်ရတယ်။ အဲဒါတောင်မကဘူး ည ၉နာရီလောက်အထိ လုပ်ရတယ်။ အချိန်ပိုးကြေးကလည်း နည်းတယ်။ အဲဒါတွေ ညှိနှိုင်းပေးဖို့ တောင်းဆိုတာပါ"ဟု စက်ရုံအလုပ် သမားတစ်ဦးက ပြောသည်။

 

စက်ရုံမှ လုပ်ငန်းချိန် နံနက် ၇နာရီ ၄၅ မိနစ်မှ ည ၄ နာရီ ၄၅ မိနစ် သတ်မှတ်ထားသော်လည်း အလုပ်ချိန် ည ၇နာရီ ၄၅ မိနစ်အထိဆင်းရသည့်နေ့များ ရှိလာသဖြင့် လုပ်ငန်းဆင်းချိန် တိကျစွာ သတ်မှတ်ပေးရန်၊ ထမင်း စားချိန် ၂၅ မိနစ်မှ  မိနစ်၄၀အထိ တိုးမြှင့်ပေးရန်နှင့် အချိန်ပိုကြေး (O.T ကြေး)ကို တစ်နာရီ ကျပ် ၃၀၀ သို့ တိုးမြှင့်ပေးရန် အလုပ်သမားများက တောင်းဆိုခြင်းသည်။

 

အဆိုပါကိစ္စနှင့်ပတ်သက်၍ အထည်ချုပ်စက်ရုံသို့ စုံစမ်းမေးမြန်းခဲ့သော်လည်း တာဝန်ယူဖြေကြားခဲ့ခြင်း မရှိ ပေ။

 

လက်ရှိအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် အလုပ်သမားဆက်ဆံရေးရုံးမှ တာဝန်ရှိ သူများမှ လာရောက်ဖြေရှင်းပေးလျက်ရှိသည်ဟု သိရသည်။


ကျည်တောက်ပေါက် ရွှေလုပ်ကွက်အင်းပေါက်မှု လျှော်ကြေးပေးစရာမလိုပဲ ပြေလည်မှုရ

စဉ့်ကူးမြို့နယ် ရှောက်ပင်ရိုးကျေးရွာအုပ်စု ကျည်တောက်ပေါက်ကျေးရွာအနီးပတ်ဝန်းကျင်၌ ဖြစ်ပွားခဲ့သည့် အင်းပေါက်သည့်ပြသာနာမှာ လျော်ကြေးတစုံတရာ မပေးရပဲ ပြေလည်မှုရရှိခဲ့ပြီဖြစ်သည်ဟု ပြည်သာနိုင် ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက ဆိုသည်။

 

ပြီးခဲ့သည့် ဧပြီလအတွင်းဖြစ်ပွားခဲ့သည့် ပြည်သာနိုင်ကုမ္ပဏီလေလံရအင်းပိုင်ရှင် ဦးဖိုးဇော်အင်းနှင့် ထက်ရည်လင်းကုမ္ပဏီလေလံရ ဦးသိန်းဟန်တူးဖော်နေသည့် ရွှေလုပ်ကွက်အင်းမှာ အင်းပေါက်မှု ဖြစ်ပွား ခဲ့သဖြင့် အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊မြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ရာမှ ပြေလည်မှုရရှိခဲ့ခြင်းဖြစ်သည်။

 

"အင်းပေါက်ရင် အင်းပိုင်ရှင်က တာဝန်ယူဖြေရှင်းရတယ်၊ အင်းပိုင်ကလျော်ရမယ်ဆိုရင်လည်း အင်းပိုင်က တစ်ယောက်ထဲဖြစ်နေတော့ ဒီကိစ္စပြေလည်သွားတယ်၊ ကျွန်တော်တို့ကုမ္ပဏီဘက်က ၁၈ပေနောက်ဆုတ်ပေး လိုက်ရတယ်"ဟု ပြည်သာနိုင်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

အင်းပိုင်ရှင်နှင့် ကုမ္ပဏီအကြားချုပ်ဆိုထားသည့်စာချုပ်၌ အင်းပေါက်ပါက အင်းပိုင်မှ တာဝန်ယူဖြေရှင်းရမည်ဟု ပါရှိကြောင်း၊ ယခုကိစ္စမှာ အင်းပိုင်က ပထမအင်းအောင်၍ အင်းဟောင်းကို ကိုယ်စားထားခဲ့ရာမှ အင်းပေါက်ခဲ့ ခြင်းဖြစ်ပြီး အင်းပိုင်ရှင်နာမည်တစ်ဦးတည်းဖြစ်သည့်အတွက် အလျော်အစားမရှိကြောင်း၊ ထက်ရည်လင်း ကုမ္ပဏီပိုင် အင်းဘက်ကလည်း တောင်းဆိုမှု တစုံတရာမရှိဟု  ၄င်းက ဆက်ပြောသည်။

 

အင်းပေါက်စဉ်က အင်းပိုင်ရှင်ဘက်ကမှ ပြည်သာနိုင်ကုမ္ပဏီအပေါ် ကျေနပ်မှုမရှိဟု အသံများထွက်ခဲ့သော် လည်း လက်ရှိတွင်ပြေလည်သွားပြီဖြစ်သည်ဟု အင်းပိုင်ရှင်ကိုဖိုးဇော်ဘက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

"သတ္တုတွင်းစည်းမျဉ်းအရ ပေးတိုင်းပြီး ဆုတ်ပေးလိုက်ရတာပါ"ဟု အင်းပိုင်ရှင်ကိုဖိုးဇော်ဘက်မှ တာဝန်ခံက ဆိုသည်။

 

အဆိုပါဒေသ၌ အောင်ကိုသူ၊ ထက်ရည်လင်း၊ မြောက်ကျွန်းသူမမ၊ ၁၆၈နှင့် အခြားရွှေသတ္တုတူး ဖော်ထုတ် လုပ်ခွင့်ရ ကုမ္ပဏီများမှာ ဒေသခံရင်းနှီးမြုတ်နှံလိုသူအင်းပိုင်းရှင်များနှင့် ပူးပေါင်း၍ ရွှေသတ္တုအား သုံးပုံတစ်ပုံစီ ဝေစုယူ၍ တူးဖော်လုပ်ကိုင်လျက်ရှိသည်။ အဆိုပါလေလံရကုမ္ပဏီများမှာ လုပ်ကွက်ရရှိရန် ဧက(၂၀)အတွက် တစ်နှစ်လျှင် နိုင်ငံတော်သို့ ရွှေစင်(၂၄)ကျပ်သား ပေးသွင်းရသည်ဟု သိရသည်။

ထိုဒေသ၌ ရွှေလုပ်ကွက်အင်းတစ်လုံးလျှင် ယခင်က အတောင် ၅၀ ၀န်းကျင်မြေအောက်သို့ တုဖော်၍ ရွှေရ သော်လည်း ယခုအခါ အတောင် ၂၀၀မှ ၃၀၀အထိ တူးဖော်နိုင်မှာ ရွှေရနိုင်မည်ဖြစ်ပြီး တစ်တောင်တူးဖော်လျှင် ကျပ်တစ်သိန်းဝန်းကျင် ရင်းနှီးရသည်ဟု ငါးပြားပေးကျေးရွာမှအင်းပိုင်ရှင် ကိုကျော်မိုးဝင်းက ဆိုသည်။

 

လက်ရှိရွှေတော၌ ဖြစ်ပွားလေ့ရှိသည့် အလုပ်ရှင်အလုပ်သမားပဋိပက္ခများအပါအ၀င် လေလံရကုမ္ပဏီ များအကြား ကြားဝင်ညှိနှိုင်းရန်အတွက် ရွှေတံခွန်၊ ပိတောက်ချပ် အလုပ်သမားသမ္ဂထူထောင်နိုင်ရန် အလုပ်သမားများက ဦးဆောင်ကြိုးပမ်းနေသည်ဟု အင်းလုပ်သားတို့က ဆိုသည်။