Thursday, May 9, 2013

သန်လျင်၊ ဒလ၊ တွံတေး၊ မှော်ဘီစသည့် မြို့နယ်ခြောက်ခုကို ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာအရ အဆင့်မြှင့်တင် တည်ဆောက်မည်

ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သန်လျင်၊ တွံတေး၊ ဒလ၊ မှော်ဘီ စသည့်မြို့စွန် ခြောက်မြို့နယ်၌ မြို့ပြဖွံ့ဖြိုးမှု တည်ဆောက်ရေး လုပ်ငန်းများကို ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာအရ အဆင့်မြှင့်တင် တည်ဆောက်သွားမည် ဖြစ်ကြောင်း မေ ၇ ရက်က ကုန်သည်ကြီးများဟိုတယ်တွင် ကျင်းပသည့် Urban Development Conference တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ခြောက်မြို့နယ်မှာ သန်လျင်၊ တွံတေး၊ ဒလ၊ မှော်ဘီ၊ ထန်းတပင်နှင့် လှည်းကူးမြို့နယ်တို့ဖြစ်ကြောင်းနှင့် ဗဟိုမြို့သစ် မြို့နယ်များအဖြစ် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

"ရန်ကုန်မြို့တော်ကို ဖွံ့ဖြိုးအောင် ဆောင်ရွက်ဖို့အတွက် ရန်ကုန်ရဲ့ မြို့စွန်မြို့နယ်တွေကို အခုလက်ရှိထက် ပိုမိုဖွံ့ဖြိုးလာစေဖို့ မြို့ပြတည်ဆောက်ရေး လုပ်ငန်းတွေကို မကြာမီ တည်ဆောက်တော့မှာ ဖြစ်ပါတယ်။ ဒါက Yangon City Concept Plan-2040 အရ ဆောင်ရွက်တာဖြစ်ပြီး မကြာမီမှာ အကောင်အထည်ဖော်တော့မှာ ဖြစ်ပါတယ်" ဟုလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှု ဌာနမှ ဒုတိယဌာနမှူး ဦးတိုးအောင်က ပြောကြားခဲ့သည်။

ထို့ပြင် အဆိုပါ Yangon City Concept Plan-2040 အရ ရန်ကုန်မြို့၏ ဒုတိယမြို့လယ် စီးပွားရေးဇုန်အဖြစ် မရမ်းကုန်းမြို့နယ်ရှိ မင်းဓမ္မပန်းကွင်းနေရာ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မင်းဓမ္မပန်းကွင်းကိုလည်း ဒေါပုံမြို့နယ် ယမုံနာလမ်းဘေးသို့ ပြောင်းရွှေ့ရန် ညွှန်ကြားထားကြောင်းလည်း သိရသည်။

အဆိုပါ ဒုတိယမြို့လယ် စီးပွားရေးဇုန်အတွင်း အဆင့်မြင့်ဟိုတယ်၊ ရှော့ပင်း Complex ရုပ်ရှင်ရုံနှင့် အီလက်ထရွန်းနစ် စင်တာတို့ ပါဝင်သော စီးပွားရေး အဆောက်အအုံများ ဆောက်လုပ်ရန် စီစဉ်ထားကြောင်း  သိရှိရသည်။

ရန်ကုန်မြို့တော်၏ လူဦးရေမှာ လာမည့် ၁၀ နှစ်အတွင်း ၁၀ သန်းအထိ တိုးတက်လာမည်ဖြစ်ကြောင်း ပညာရှင်များက ခန့်မှန်းထားရာ ယင်းနှင့်စပ်လျဉ်း၍ မြို့ပြစီမံကိန်းဆိုင်ရာ ပညာရှင်တစ်ဦးက "ရန်ကုန်ရဲ့ လူဦးရေဟာ တစ်နှစ်ထက်တစ်နှစ် တိုးလာတယ်။ လက်ရှိရှိနေတဲ့ လူတွေအတွက်တောင် အိမ်ရာလိုအပ်ချက်က မြင့်တက်နေတယ်။ ရန်ကုန်ကို ပြောင်းရွှေ့အခြေချ နေထိုင်လာတဲ့သူတွေ လာရောက်လုပ်လုပ်ကိုင်တဲ့ သူတွေ စီးပွားရေးအရ ပြောင်းရွှေ့လာတာတွေ စတဲ့အချက်တွေကြောင့် မြို့ပြကို ပြောင်းရွှေ့မှုကလည်း များပြားနေတယ်။ ဒီလူတွေကို ဘယ်နေရာမှာ နေရာချထားမလဲ။ အဲဒီအတွက် ရန်ကုန်က မဖြစ်မနေ ချဲ့ဖို့လိုအပ်နေတယ်။ မြို့ကို တိုးချဲ့ဖို့ဆိုရင် infrastructure တွေ အများကြီး လိုအပ်လာတယ်။ အခုလို မြို့စွန်က မြို့နယ်တွေကို လက်ရှိထက် ဖွံ့ဖြိုးလာအောင် ပြုလုပ်တာက ပိုကောင်းပါတယ်" ဟုလည်း သုံးသပ်ပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။