Wednesday, May 8, 2013

တာလတ်ပစ်ဒုံး မြောက်ကိုရီးယားဖယ်ရှား

မြောက်ကိုရီးယားနိုင်ငံက ကိုရီးယားကျွန်းဆွယ် ဒေသအတွင်း တင်းမာမှုတွေ ဖြစ်ပွားနေတာကို လျှော့ပါးသွားစေလိုတဲ့ သဘောနဲ့ တာလတ်ပစ် မစ်ဇိုင်းဒုံးပျံ ၂ ခုကို ပစ်လွှတ်ဖို့ အဆင်သင့် ပြင်ဆင်ထားတဲ့ အနေအထားကနေ ပြောင်းရွှေ့ထားလိုက်တယ်လို့ ယုံကြည်ရတဲ့အကြောင်း အမေရိကန် အရာရှိတွေက ပြောပါတယ်။
 
မြောက်ကိုရီးယားအစိုးရဟာ နိုင်ငံရဲ့ အရှေ့ဘက် ကမ်းရိုးတန်းမှာရှိတဲ့ ဒုံးပျံပစ်လွှတ်တဲ့ စခန်းကနေ Musudan မစ်ဇိုင်း ဒုံးပျံ ၂ စင်းကို မကြာခင်က ပြောင်းရွှေ့လိုက်ကြောင်း ၀ါရှင်တန်မှာရှိတဲ့ အမည်မဖော်လိုတဲ့ ကာကွယ်ရေး ၀န်ကြီးဌာန အရာရှိတစ်ယောက် က ပြောဆိုပါတယ်။ ဒီအကြောင်းကို တောင်ကိုရီးယားနိုင်ငံက မီဒီယာတွေမှာလည်း ဖော်ပြကြ တာကို တွေ့ရပါတယ်။
 
မြောက်ကိုရီးယားနိုင်ငံအနေနဲ့ မိုင် ၂ ထောင်ကျော် အကွာအဝေးကို ပစ်ခတ်နိုင်တဲ့ မစမ်းသပ်ရသေးတဲ့ Musudan မစ်ဇိုင်း ဒုံးပျံတွေကို ပစ်လွှတ်နိုင်ကြောင်း ဒီဒုံးပျံ ပစ်လွှတ်နိုင်တဲ့ အကွာအဝေးဟာ ဒေသတွင်းမှာရှိတဲ့ အမေရိကန် ပစ်မှတ်တွေကို လက်လှမ်းမှီတာကြောင့် သတိထားဖို့ အမေရိကန်အစိုးရက ရက်သီတင်းပတ် တော်တော်ကြာ သတိပေးချက် ထုတ်ပြန်ထားခဲ့တာပါ။
 
အခုလို မြောက်ကိုရီးယားက ဒုံးပျံတွေ ရွှေ့ပြောင်းလိုက်တယ်ဆိုတဲ့ သတင်းဟာ သတင်းကောင်း ဖြစ်ပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားအနေနဲ့ ဒုံးပျံတွေ စမ်းသပ်ပစ်လွှတ်မှု မလုပ်တော့ဘူးလို့တော့ အမေရိကန်ဘက်က တထစ်ချ မယူဆတဲ့အကြောင်း သမ္မတ အိမ်ဖြူတော် အာရှရေးရာဆိုင်ရာ အကြီးတန်း ညွှန်ကြားရေးမှူး ဒယ်နီယယ် ရတ်ဆယ်လ် (Daniel Russel) က ပြောပါတယ်။

တရုတ်ငှက်တုပ်ကွေး နောက်ထပ် ၄ ဦးသေ

တရုတ်နိုင်ငံမှာ H7N9 ငှက်တုပ်ကွေး ရောဂါပိုးသစ်ကြောင့် နောက်ထပ် ၄ ဦး ထပ်သေဆုံးခဲ့ရတာမို့ အခုဆိုရင် စုစုပေါင်း ဒီရောဂါကြောင့် သေဆုံးရသူ ၃၁ ဦး ရှိသွားပြီလို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။
 
တရုတ်နိုင်ငံ အရှေ့ပိုင်းက Jiangsu ခရိုင်မှာ  ဒီငှက်တုပ်ကွေးရောဂါနဲ့ တနင်္လာနေ့ ညနေက ၂ ဦး သေဆုံးသွားခဲ့တယ်လို့ တရုတ် ဗဟို ကျန်းမာရေးဌာနက ပြောပါ တယ်။ နောက်သေဆုံးတဲ့သူ ၂ ဦးက Anhui နဲ့ Zhejiang ခရိုင်တွေက ဖြစ်ပါတယ်။
 
တရုတ်နိုင်ငံမှာ မတ်လထဲကစပြီး H7N9 ငှက်တုပ်ကွေး ရောဂါပိုးသစ် တွေ့လာ ခဲ့ပြီးတဲ့ နောက်မှာ အခုချိန်အထိ ဒီရောဂါပိုး အကူးစက် ခံရသူပေါင်း  ၁၂၉ ဦး ရှိသွားပြီ ဖြစ်ပါတယ်။ အများစုဟာ တရုတ်နိုင်ငံ အရှေ့ခြမ်းဒေသတွေက ဖြစ်ပါ တယ်။ 
 
တရုတ်နိုင်ငံ ပြင်ပမှာတော့ တိုင်ဝမ်မှာ ဒီရောဂါပိုးရှိသူ တစ်ဦး တွေ့ခဲ့ရပေမဲ့ သူဟာ တရုတ်နိုင်ငံကနေ ပြန်လာသူမို့ တရုတ်နိုင်ငံမှာပဲ အကူးစက်ခံရတာ ဖြစ်ပါတယ်။
 
H7N9 ငှက်တုပ်ကွေးရောဂါဟာ သေဆုံးမှု အများဆုံး ရောဂါတမျိုးဖြစ်ကြောင်း  WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောကြားခဲ့ပါတယ်။  ဒီတုပ်ကွေးရောဂါဟာ အရင် တုပ်ကွေးရောဂါတွေလို  ချောင်းဆိုးပြီး အသက်ရှုလမ်းကြောင်းမှာ ဒုက္ခပေးတာမျိုး မဟုတ်ဘဲ   အဆုပ်အောက်ပိုင်းမှာ ထိခိုက်စေသလို အဖျားကြီးပြီး နမိုးနီးယား အဆုပ်အအေးမိတဲ့ ရောဂါလက္ခဏာတွေကို ပြသပါတယ်။

ဘင်္ဂလားဒေ့ရှ် အဆောက်အဦးပြိုကျမှု သေဆုံးသူ ၇၀၀ ကျော်ပြီ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အထည်ချုပ်စက်ရုံ အဆောက်အဦး ပြိုကျမှုမှာ သေဆုံးသူအရေအတွက် ၇၀၀ ကျော်သွားပြီဖြစ်ပြီး၊ ကယ်ဆယ်ရေး လုပ်သားတွေကတော့ အပြိုအပျက်ပုံတွေအောက်က လူသေအလောင်းတွေကို ဆက်ပြီး ရှာဖွေနေဆဲ ဖြစ်ပါတယ်။
 
အင်္ဂါနေ့မှာလည်း အပြိုအပျက်ပုံတွေအောက်က လူသေအလောင်းတွေ ထပ်ရှာတွေ့ခဲ့တယ်လို့ ရဲကပြောပြီး သေဆုံးရသူအရေအတွက် ၇၀၅  ဦးလို့ အတည်ပြုခဲ့ပါတယ်။
 
ဧပြီလ ၂၄ ရက်နေ့က အဲ့ဒီဖြစ်ရပ်ကြောင့် သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာပြောဖို့ ပိုပြီး ခက်လာတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အများအားဖြင့် သေဆုံးသူတွေရဲ့ အိတ်တွေထဲမှာတွေ့ရတဲ့ မှတ်ပုံတင်တွေ လက်ကိုင်ဖုံးတွေကိုကြည့်ပြီးပဲ ဘယ်သူဘယ်ဝါဆိုတာ ပြောနေရတယ်လို့ ဆိုပါတယ်။
 
အဲ့ဒီ အထည်ချုပ်စက်ရုံ ပြိုကျမှုဟာ သိပ်ပြီးစိုးရိမ်မရာ မရှိပါဘူး။ ဒါဟာ မတော်တဆ ထိခိုက်မှုပါလို့ ဘင်္ဂလားဒေ့ရှ် ဘဏ္ဍာရေးဝန်ကြီးက အရင်တစ်ပတ်ကပဲ ပြောသွားပါ တယ်။ အဲ့ဒီဖြစ်ရပ်ကြောင့် နိုင်ငံခြားအထည်ချုပ်ကုမ္ပဏီတွေ ပြန်ထွက်သွားမှာ မစိုးရိမ်ပါဘူး၊ ဒီလို ဖြစ်ရပ်မျိုးက နေရာတိုင်းမှာ ဖြစ်တာပါလို့ သူက ပြောပါတယ်။
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဒေါ်လာသန်း ၂ သောင်းဖိုးရှိတဲ့ အထည်ချုပ်လုပ်ငန်းဟာ နိုင်ငံ
ပြည်ပပို့ကုန် ပမာဏရဲ့ ၈၀ ရာခိုင်နှုန်း ရှိပါတယ်။ နိုင်ငံခြား အဝတ်အထည် ကုမ္ပဏီ အများအပြားကလည်း သေဆုံးသူတွေရဲ့ မိသားစုတွေကို ထောက်ပံ့ပါမယ်လို့ ကတိပြုထားပါတယ်။
 
ဒီဖြစ်ရပ်ကြောင့် လူအနည်းဆုံး ၉ ဦးကို ဖမ်းဆီးထားပါတယ်။ အဲ့ဒီထဲမှာ ပြိုကျတဲ့ အဆောက်အဦးပိုင်ရှင်၊ အဲ့ဒီ အဆောက်အဦးမှာရှိတဲ့ စက်ရုံတွေရဲ့ ပိုင်ရှင်တွေနဲ့ အဲ့ဒီ အဆောက်အဦး တည်ဆောက်မှုအတွက် တာဝန်ရှိတဲ့ အင်ဂျင်နီယာတွေ ပါဝင်ပါတယ်။

အိုဘားမားနဲ့ တောင်ကိုရီးယားသမ္မတ မြောက်ကိုရီးယားအရေး ရပ်တည်ချက်တူ

သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဟာ တောင်ကိုရီးယား သမ္မတ ပခ့် ဂွန် ဟဲး (Park Geun-Hye) ကို သမ္မတ အိမ်ဖြူတော်မှာ ဧည့်ခံတွေ့ဆုံခဲ့ပြီး၊ မြောက်ကိုရီးယား အရေးနဲ့ နျူကလီးယား ခြိမ်းခြောက်မှု ကိစ္စရပ်တွေကို အလေးပေး ဆွေးနွေးခဲ့တယ်လို့ မျှော်လင့်ရပါတယ်။
 
အမေရိကန် ပြည်ထောင်စုအနေနဲ့ တောင်ကိုရီးယားနိုင်ငံ ကာကွယ်ရေးအတွက် ထပ်မံ ကတိပေး ပြောဆိုခဲ့တဲ့ဆွေးနွေး ပွဲဖြစ်တယ်လို့ သမ္မတ အိမ်ဖြူတော် အရာရှိတွေက ပြောပါတယ်။
 
တောင်ကိုရီးယားသမ္မတ ပခ့် ဂွန် ဟဲး (Park Geun-Hye) ဟာ အမေရိကန်ပြည်ထောင်စုကို ၅ ရက်ကြာခရီး ရောက်ရှိနေတာဖြစ်ပြီး၊ တနင်္လာနေ့တုန်းကတော့ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) နဲ့ တွေ့ဆုံပါတယ်။
 
မြောက်ကိုရီးယားရဲ့ ရန်စမှုတွေကို တုံ့ပြန်ရာမှာ အလေးအနက်ရှိပြီး အတိုင်းအတာ ဆောင်တယ်လို့ တောင်ကိုရီးယား သမ္မတကို အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ချီးကျူးခဲ့ပါတယ်။ မြောက်ကိုရီးယားဘက်ကတော့ အခုအခါမှာ ရန်စပြောဆိုတာတွေ တဖြေးဖြေးနဲ့ လျော့လာပါတယ်။
 
ဒီ့မတိုင်ခင် ရက်သီတင်းပတ် အတော်များများမှာတော့ အမေရိကန်ပြည်ထောင်စု နဲ့ တောင်ကိုရီးယားတို့ကို နျူကလီးယားနဲ့ မြေပြင်တိုက်ခိုက်မှုတွေ လုပ်မယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုမှုတွေ လုပ်ခဲ့တာပါ။
 
မြောက်ကိုရီးယားဟာ သူတို့ရဲ့ တာလတ်ပစ် ဒုံးကျည်နှစ်စင်းကို မူလ တင်းမာမှု အနေအထားကနေ အခု နေရာပြောင်းလိုက်ပြီလို့ ယုံကြည်ရတဲ့အကြောင်း အမေရိကန် တာဝန်ရှိသူတွေက ပြော ပါတယ်။ ဒါကြောင့် ကိုရီးယားကျွန်းဆွယ် တင်းမာမှုဟာ ပြေလျော့လာမယ့်ပုံတော့ ရှိလာပါတယ်။

စစ်တွေမြို့နယ်အပြင် အခြားရခိုင် တိုင်းရင်းသား ကျေးရွာများရှိ ရခိုင်ဒုက္ခသည်များ စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေရ

rakhineminpyar-may8

မင်းပြားမြို့နယ်ရှိ  မီးရှို့ခံ တိုင်းရင်းသားများ နေထိုင်သော ယာယီတဲများအား တွေ့ရစဉ်

ရခိုင်ပြည်နယ် အတွင်းရှိ စစ်တွေမြို့နယ်အပြင် အခြားမြို့နယ်များရှိ တိုင်းရင်းသား ဒုက္ခသည်များ အနေဖြင့်လည်း နေအိမ်များ မရရှိသေးသကဲ့သို့ စားဝတ်နေရေးမှာလည်း လွန်စွာအခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။

ပြည်နယ်အစိုးရ အနေဖြင့် နှစ်ဘက်ဒုက္ခသည်များကို မိုးမကျမီ နေအိမ်များ ဆောက်လုပ်ပေးရန် ပြင်ဆင်နေကြသော်လည်း တစ်ချို့သော နေအိမ်စွန့်ခွာလာခဲ့ရသည့် ဒေသခံ တိုင်းရင်းသားများသည် လုံခြုံရေးအတွက် စိုးရိမ်မှုများ ရှိနေဆဲ ဖြစ်သည့်အတွက် အိမ်မပြန်ရဲသည့်ပြင် သားငါးများ ရှာဖွေစားသောက်ရာတွင်လည်း အခက်အခဲများ ကြုံနေရကြောင်း သိရသည်။


မောင်တောဘက်တွင်လည်း နေအိမ်မရသေးသော မိသားစုများ ရှိနေသေးကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုလှုံလာကြသော မိသားစုများမှာလည်း နေအိမ်မရသေးဘဲ ဖြစ်နေကြကြောင်းနှင့် လတ်တလောတွင် ဘုန်းကြီးကျောင်းနှင့် အခြားနေရာများတွင် အဆင်ပြေသလို နေထိုင်လျက်ရှိ . . . . .

ယင်းနှင့်ပတ်သက်ပြီး မင်းပြားမြို့နယ် စက်ရုံမော်ကျေးရွာမှ သေကံကျေးရွာသို့ ပြောင်းရွှေ့လာခဲ့သော အိမ်ထောင်စု ၃၁ စု မှ လူဦးရေ ၁၄၉ ဦးတို့သည် အခက်အခဲများစွာကို ရင်ဆိုင်နေရကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်ပြီး ရွာသားဦးမောင်ကျော်စိန်က "မနေ့က မိသားစုဆယ်စု စက်ရုံမော်ရွာကို ပြန်ပြောင်းတယ်။ ဖြစ်ကြောင်း သံသရာပေါ့ဗျာ။ လုံခြုံရေးရှိလို့ လာရတာပါ။ တကယ်တော့ ကျွန်တော့်တို့ ဒီဘက်ရွာမှာပဲ နေချင်တယ်။ အစိုးရက ပြောင်းမပေးလို့ ရွာပြန်နေတာပါ။ စားဝတ်နေရေးလည်း သိပ်အဆင်မပြေဘူး။ တချို့ကတော့ သေကံမှာ ကျန်ခဲ့တယ်။ သူတို့တွေပြောင်းလာ မလာတော့ မသိဘူး။ နေရာချထားပေးမယ်ဆိုရင် ဒီဘက်မှာ အိမ်ဆောက်ပြီး နေချင်တယ်။ ဘင်္ဂါလီရွာနဲ့ ခြံစည်းရိုးသာခြားတဲ့ နေရာမှာတော့ မနေချင်ဘူး။ သူတို့ပြန်ပြီး ပြဿနာရှာမှာကို စိုးရိမ်တယ်" ဟု ပြောဆိုခဲ့ပါသည်။

သို့သော်လည်း မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူးမှ "သူတို့ဟာ ဒုက္ခသည် မဟုတ်တဲ့အတွက် အစိုးရအဖွဲ့က အခါအားလျော်စွာ ထောက်ပံ့ပေးနေပါတယ်။ သူတို့ကို နေရပ်ပြန်ပို့ပေးဖို့ ပြင်ဆင်နေပါတယ်။ မိသားစု ခြောက်စုလောက်တော့ ပြန်ရောက်သွားပြီ။ ဘင်္ဂါလီရွာနဲ့ ကပ်ရပ်ဖြစ်တဲ့အတွက် လုံခြုံရေးတွေလည်း ချထားပေးပါတယ်။ သူတို့ဟာ လက်လုပ်လက်စားတွေ ဖြစ်တဲ့အတွက် ရှာစားဖွေစားလို့ ရပါတယ်။ ဘာမှအခက်အခဲမှ မရှိပါဘူး။ နောက်တစ်ခုက ခြိတ်တောင်ရွာက ရခိုင်မိသားစု လေးစုကိုလည်း နေအိမ်တွေ ဆောက်လုပ်ပေးဖို့ ပြင်ဆင်နေပါတယ်။ ဆန်ထိုးတန်းရွာနဲ့ ကပ်ရပ်မှာ ရှိတာပါ။ အခုတော့ ရွက်ဖျင်တဲမှာပဲ နေနေကြပါတယ်။ မိုးမကျခင် အိမ်ဆောက်ပေးသွားမှာပါ" ဟု ပြောကြားခဲ့ပါသည်။ စစ်တွေမြို့နယ်အတွင်း နေအိမ်မရသေးသော မိသားစုများ ရှိနေသကဲ့သို့ မောင်တောဘက်တွင်လည်း နေအိမ်မရသေးသော မိသားစုများ ရှိနေသေးကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုလှုံလာကြသော မိသားစုများမှာလည်း နေအိမ်မရသေးဘဲ ဖြစ်နေကြကြောင်းနှင့် လတ်တလောတွင် ဘုန်းကြီးကျောင်းနှင့် အခြားနေရာများတွင် အဆင်ပြေသလို နေထိုင်လျက်ရှိကြောင်း သိရသည်။

နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ ဗုဒ္ဓခြေတော်ရာ ပျောက်ဆုံးမှု စုံစမ်းဆောင်ရွက်နေဆဲဖြစ်


buddishfoot-may8

ခိုးယူသွားသော ခြေတော်ရာအနီး အောက်ခြေခုံများ ပျက်စီးနေသော နိဗ္ဗာန်ရွာရှိ မတ်ရပ်ဘုရား

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ နိဗ္ဗာန်ကျေးရွာအုပ်စု၊ ရွှေသာလျောင်းရွာ၊ ဘုရားတန်ဆောင်းတွင် ကိုးကွယ်ထားရှိသော နှစ်ပေါင်း ၁၀၀ ခန့် သက်တမ်းရှိ ဗုဒ္ဓခြေတော်ရာ ပျောက်ဆုံးမှုမှာ မေ ၆ ရက်တွင် တစ်လခန့် ကြာမြင့်ခဲ့ပြီဖြစ်ပြီး စုံစမ်းဆောင်ရွက်နေဆဲဖြစ်ကြောင်း နိဗ္ဗာန်ရဲစခန်းမှ စုံစမ်း သိရှိရပါသည်။

ဧပြီ ၆ ရက်နေ့က တရားစခန်းရက်နား နီးလို့ ဘုရားပန်း လှူခိုင်းရာကနေ ခြေတော်ရာ ပျောက်ဆုံးနေတာကို သိခဲ့ရတာ ဖြစ်ပါတယ်။ သိတဲ့နေ့မှာပဲ နိဗ္ဗာန်ခေတ္တစခန်းမှူးကို ခေါ်ပြီး ပြခဲ့ပါတယ်။ ဧပြီ ၁၉ ရက်နေ့ကတော့ အမှုဖွင့် တိုင်ကြားခဲ့ပါတယ်" ဟု ဂေါပကအဖွဲ့မှ ဦးမြင့်သိန်းက ပြောကြားခဲ့သည်။


ခြေတော်ရာရဲ့ ဘေးမှာရှိတဲ့ ဘုရားဆင်းတုမှာက ၁၂၄၉ ခုနှစ်က တည်ခဲ့တယ်လို့ ကမ္မည်းပါရှိတဲ့အတွက် ခြေတော်ရာဟာလည်း နှစ်ပေါင်း ၁၀၀ ခန့် ရှိမယ်လို့ ခန့်မှန်းပါတယ်။ ခြေတော်ရာ ခိုးယူခံရတာကို သိတဲ့နေ့က စကျင်မတ်ရပ် ဘုရားတစ်ဆူမှာလည်း အောက်ခြေခုံတွေ ပျက်စီးနေတာ တွေ့ရ . . . . .

"ခြေတော်ရာရဲ့ ဘေးမှာရှိတဲ့ ဘုရားဆင်းတုမှာက ၁၂၄၉ ခုနှစ်က တည်ခဲ့တယ်လို့ ကမ္မည်းပါရှိတဲ့အတွက် ခြေတော်ရာဟာလည်း နှစ်ပေါင်း ၁၀၀ ခန့် ရှိမယ်လို့ ခန့်မှန်းပါတယ်။ ခြေတော်ရာ ခိုးယူခံရတာကို သိတဲ့နေ့က စကျင်မတ်ရပ် ဘုရားတစ်ဆူမှာလည်း အောက်ခြေခုံတွေ ပျက်စီးနေတာ တွေ့ရပြီး မတ်ရပ်ဘုရားကိုတော့ မသယ်နိုင်လို့ ချန်ထားခဲ့ပုံ ရပါတယ်။ အခြေပျက်စီးပြီးနောက် ကျောကဘုရားတစ်ဆူကို မှီလျက်ကျန်ခဲ့တဲ့ စကျင်မတ်ရပ် ဘုရားကိုတော့ ဘုန်းကြီးကျောင်းပေါ်ကို ပြောင်းရွှေ့ထားပါတယ်" ဟု ဦးမြင့်သိန်းက ဆက်လက်ပြောကြားခဲ့သည်။

ပျောက်ဆုံးသွားခဲ့သော နှစ်ပေါင်း ၁၀၀ ခန့် သက်တမ်းရှိ ခြေတော်ရာမှာ ကြေးဖြင့်ပြုလုပ် ပူဇော်ထားခြင်းဖြစ်ပြီး အလျား ၅ ပေခွဲ၊ အနံ ၃ ပေ၊ အချိန် ၈ ပိဿာခန့်ရှိကြောင်း သိရပါသည်။

အဆိုပါ အမှုအား ဧပြီ ၁၉ ရက်က နိဗ္ဗာန်စခန်းတွင် အမှုဖွင့်ခဲ့ကာ (ပ)၂၄။ ၂၀၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀၊ ၂၉၅ ဖြင့် လုပ်ထုံလုပ်နည်းနှင့်အညီ ဆက်လက်စုံစမ်း ဆောင်ရွက်ဆဲဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အသက်အာမခံထားသူ သုံးသိန်းခန့်သာရှိ

မြန်မာနိုင်ငံရှိ လူဦးရေ သန်းခြောက်ဆယ်တွင် အသက်အာမခံ ထားရှိသူမှာ သုံးသိန်းခန့်သာရှိကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက မေ ၅ ရက်တွင် ပြုလုပ်သည့် ကျန်းမာရေးနှင့် အသက်အာမခံဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။

ထိုသို့ အသက်အာမခံ ထားရှိမှု မရခြင်းမှာ အသက်အာမခံ၏ အရည်အသွေး ဆွဲဆောင်မှု နည်း၍သော်လည်းကောင်း၊ ဖြန့်ချိမှုချို့ယွင်း၍သော် လည်းကောင်း၊ နှစ်မျိုးလုံးကြောင့်သော် လည်းကောင်း၊ အသက်အာမခံ ထားရှိမှု နည်းပါးခြင်းဖြစ်ကြောင်း ၎င်းက ထောက်ပြပြောကြားခဲ့သည်။

ထို့ကြောင့် ပြည်သူများ စိတ်ဝင်စားမှုရှိမည့် အသက်အာမခံ ပေါ်လစီမျိုးကို တီထွင်၍ ထိရောက်သော ဖြန့်ချိမှု ပြုနိုင်ရန် သုတေသန ပြုလုပ်ရမည်ဖြစ်ကြောင်း၊ Statistical Modelling မျိုး လုပ်ကြည့်ရန် လိုအပ်ကြောင်း ၎င်းက အကြံပြု ပြောကြားခဲ့သည်။      

"အသက်အာမခံ လုပ်ငန်းကို တိုးတက်အောင် ဆောင်ရွက်သွားဖို့ ရှိပါတယ်။ နိုင်ငံခြားမှာဆို မွေးကတည်းက အသက်အာမခံ ထားကြတယ်။ ဒီမှာက အခြေခံကို မသိတာ မဟုတ်ဘူး။ သိတယ်။ မထားကြတာ။ အဲဒါကြောင့် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် ပြည်သူတွေ စိတ်ဝင်စားမှု ရှိလာအောင် ကျောင်းတွေမှာ ဟောပြောပွဲတွေ လုပ်မယ်။ အသက်အာမခံကြေးကိုလည်း အာမခံထားတဲ့ လူတွေက မူရင်းအာမခံကြေးထက် ပိုရအောင် ပေးနိုင်ဖို့ဆိုတဲ့ နည်းနဲ့ ဆွဲဆောင်ဖို့ စဉ်းစားထားပါတယ်" ဟု မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ပြောသည်။

ပင်စင်စား၏ လုပ်သက်ပေါ် မူတည်၍ အနိမ့်ဆုံး ကျပ် ၃၀၀၀ နီးပါးမှ အမြင့်ဆုံး ကျပ် ၁၂၀၀၀ ခန့်အထိ ပင်စင်လစာများတိုး


pinsinsar-may8

ပင်စင်လစာ လာရောက်ထုတ်ယူ နေသူများအား တွေ့ရစဉ်   

အစိုးရ ၀န်ထမ်းများ လစာတိုးမြှင့်မှုနှင့်အတူ ပင်စင်စားများ၏ လစာများလည်း ဧပြီလကုန်တွင် ထပ်တိုးခဲ့ကြောင်း နေပြည်တော် ပင်စင်ဦးစီးဌာနမှ သိရှိရသည်။

ဧပြီလကုန်မှ စတင်၍ ပင်စင်လစာများ ထပ်တိုးရာတွင် အစိုးရ ၀န်ထမ်းများ လစာတိုးသည့် ငွေကျပ် ၂၀၀၀၀ ပေါ် မူတည်၍ တွက်ချက်တိုးမြှင့်ခြင်း ဖြစ်သည်ဟု သိရသည်။ ယင်းသို့ ပင်စင်လစာ ထပ်တိုးခြင်းအား သက်ဆိုင်ရာ ပင်စင်စားများထံသို့ အကြောင်းကြားထားပြီးဖြစ်ကြောင်း သိရသည်။


ဧပြီလကုန်မှ ထပ်တိုးခဲ့သည့် ပင်စင်လစာငွေအတွက် ၅၄ ရာခိုင်နှုန်းကျော်ကို တွက်ချက်ကာ ဘဏ်များသို့ ပေးပို့ပြီးဖြစ်ပြီး ၎င်းတို့အနေဖြင့် ဧပြီလကုန်တွင် ခံစားခွင့် ရရှိခဲ့ပြီ ဖြစ်သည်။ ကျန်ရှိသည့် ၄၂ ရာခိုင်နှုန်းခန့်မှာမူ တွက်ချက်နေဆဲဖြစ် . . . . .

"အခု ပင်စင်လစာ ထပ်တိုးတာက အစိုးရ ၀န်ထမ်းတွေတိုးတဲ့ ငွေကျပ် ၂၀၀၀၀ ပေါ် မူတည်ပြီး တွက်ချက်တာ ဖြစ်ပါတယ်။ အရပ်ဘက် ၀န်ထမ်းလုပ်ခဲ့တဲ့ ပင်စင်စားတစ်ဦးရဲ့ လုပ်သက်ကို ငွေကျပ် ၂၀၀၀၀ နဲ့ မြှောက်ပြီး ၇၀ နဲ့ ပြန်စားပြီး တွက်ချက်လို့ရလာတဲ့ ငွေကို တိုးမြှင့်တာပါ။ အဲဒီအတွက် လုပ်သက်ပေါ်မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ ထပ်တိုးပင်စင်လစာကို ဧပြီလကုန်မှ စတင်ခံစားရမှာ ဖြစ်ပါတယ်" ဟု နေပြည်တော် ပင်စင်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယင်းသို့ တွက်ချက်မှုအရ ပင်စင်စားတစ်ဦးလျှင် ပျမ်းမျှအနိမ့်ဆုံး တစ်ဦးလျှင် ကျပ် ၃၀၀၀ နီးပါးမှ အမြင့်ဆုံးကျပ် ၁၂၀၀၀ တိုးခြင်းဖြစ်သည်ဟု သိရသည်။ အစိုးရ၀န်ထမ်း လုပ်သက် ၁၀ နှစ်ရှိသည့် ပင်စင်စား တစ်ဦးသည် ပင်စင်လစာသည် ဧပြီလကုန်တွင် ပင်စင်လစာ ၂၈၅၇ ကျပ် တိုးမြှင့်မည်ဖြစ်သည်။

ြ့မန်မာတစ်နိုင်ငံလုံးတွင် ပင်စင်စားဝန်ထမ်းဦးရေ ခုနစ်သိန်းကျော်ရှိပြီး ငါးသိန်းကျော်မှာ အရပ်ဘက် ပင်စင်စားဝန်ထမ်းများ ဖြစ်ပြီး ကျန်ရှိသည့် သူများမှာ ကာကွယ်ရေးဝန်ကြီးဌာနမှ ပင်စင်စားများ ဖြစ်သည်ဟု သိရသည်။ ယခုအခါ ဧပြီလကုန်မှ ထပ်တိုးခဲ့သည့် ပင်စင်လစာငွေအတွက် ၅၄ ရာခိုင်နှုန်းကျော်ကို တွက်ချက်ကာ ဘဏ်များသို့ ပေးပို့ပြီးဖြစ်ပြီး ၎င်းတို့အနေဖြင့် ဧပြီလကုန်တွင် ခံစားခွင့် ရရှိခဲ့ပြီ ဖြစ်သည်။ ကျန်ရှိသည့် ၄၂ ရာခိုင်နှုန်းခန့်မှာမူ တွက်ချက်နေဆဲဖြစ်ပြီး ၎င်းတို့အား ယခုမေလအတွင်း အပြီးတွက်ချက်ပေးမည်ဖြစ်ကာ မေလကုန်တွင် ဧပြီလနှင့် မေလနှစ်လပေါင်းကာ ခံစားခွင့် ရရှိမည်ဖြစ်သည်။

၁၉၉၃ ခုနှစ် ဧပြီ ၁ ရက်တွင် ပင်စင်လစာအပေါ်၌ ၂၅ ရာခိုင်နှုန်း တိုးမြှင့်ပေးခဲ့ပြီး ၂၀၀၀ ပြည့်နှစ် ဧပြီ ၁ ရက်တွင်မူ ထုတ်ယူခံစားလျက်ရှိသော ပင်စင်လစာ၏နှစ်ဆ တိုးမြှင့်ပေးခဲ့ကြောင်း ပင်စင်ဦးစီးဌာနမှ သိရပြီး ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဇွန်လကုန်တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ၀န်ကြီးရုံးမှ အမိန့်ကြော်ငြာစာ အမှတ် ၁၀၆/၂၀၁၁ ဖြင့် ပင်စင်လစာကို နောက်ဆုံး တိုးမြှင့်ပေးခဲ့ကြောင်းနှင့် ယင်းအချိန်တွင် ပင်စင်စား ၀န်ထမ်းများ၏ လစာမှာ အနည်းဆုံး ကျပ် ၂၀၀၀၀ မှ အများဆုံးကျပ် ၁၁၀၀၀၀ အထိ ခံစားခွင့်ရခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို အသစ်ပြန်ဖွဲ့ရာတွင် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနှင့် ဦးအောင်မင်းတို့ ပြန်လည်ပါဝင်ခြင်း မရှိ

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို အသစ်ပြင်ဆင် ဖွဲ့စည်းလိုက်ကြောင်း၊ အသစ်ပြင်ဆင် ဖွဲ့စည်းသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တွင် လက်ရှိနိုင်ငံတော်သမ္မတရုံးမှ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ နှစ်ဦးစလုံး ပြန်လည်ပါဝင်လာခြင်း မရှိတော့ကြောင်း သတင်းရရှိပါသည်။

နိုင်ငံတော် သမ္မတရုံး မေ ၃ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၄၂/၂၀၁၃ အရ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ကို ပြင်ဆင်ဖွဲ့စည်းခြင်းဖြစ်ကြောင်း၊ အဆိုပါ အမိန့်စာတွင် နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၈၂/၂၀၁၁၊ ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၃ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၇၀/၂၀၁၂ နှင့် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂၄/၂၀၁၃ တို့ဖြင့် ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ယခုအမိန့်ကြော်ငြာစာဖြင့် အသစ်ပြင်ဆင် ဖွဲ့စည်းခြင်းဖြစ်သည်။

နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းမှာ ယခင်က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး ယခုအခါ ကော်မရှင်ဥက္ကဋ္ဌ နေရာအား ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းအစား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်ဖြင့် အစားထိုး ပြောင်းလဲခဲ့သည်ကို တွေ့ရသည်။

ယင်းအပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တွင် အဖွဲ့ဝင်အဖြစ် တာဝန်ယူ ဆောင်ရွက်နေသော လက်ရှိနိုင်ငံတော် သမ္မတရုံး၏ ပြည်ထောင်စုဝန်ကြီး တစ်ဦးဖြစ်သူ ဦးအောင်မင်းအစား ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်ဖြင့် အစားထိုးပြင်ဆင် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

ုပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းမှ MIC ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်စဉ်က အရက်ဘီယာ စီးကရက်စက်ရုံများ ခွင့်ပြုခဲ့ခြင်း၊ ရင်းနှီးမြှုပ်နှံမှု ပမာဏထက်ကျော်၍ အခွန်အရပ်ရပ် ကင်းလွတ်ခွင့်ဖြင့် ကုန်ပစ္စည်းများ တင်သွင်းခွင့် ပြုခဲ့ခြင်း၊ စည်းမျဉ်းများဖြင့် ညီညွတ်ခြင်း ရှိ၊ မရှိ မသိရသော်လည်း တစ်နှစ်အတွင်း ကျပ်သန်းပေါင်း ၃,၀၀၀,၀၀၀ ၀န်းကျင်ဖိုးအထိ အခွန်ကင်းလွတ်ခွင့်ဖြင့် ကုန်ပစ္စည်း တင်သွင်းခွင့် ပြုခဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သစ်
စဉ် အမည် ရာထူး
၁။ ဦးဝင်းရှိန် ဥက္ကဋ္ဌ
၂။ ဦးဝင်းထွန်း အဖွဲ့ဝင်
၃။ ဦးဇေယျာအောင် အဖွဲ့ဝင်
၎။ ဒေါက်တာထွန်းရှင် အဖွဲ့ဝင်
၅။ ဒေါက်တာအောင်ထွန်းသက် အဖွဲ့ဝင်
၆။ ဦးညွန့်တင် အဖွဲ့ဝင်
၇။ ဦးဝင်းခိုင် အဖွဲ့ဝင်
၈။ ဒေါ်မြသူဇာ အဖွဲ့ဝင်
၉။ ဒေါ်ခိုင်ခိုင်နွယ် အဖွဲ့ဝင်
၁၀။ ဒေါက်တာကံဇော် အတွင်းရေးမှူး
၁၁။ သူရဦးသောင်းလွင် တွဲဖက်အတွင်းရေးမှူး

ကျောင်းလခ ၃၅ ရာခိုင်နှုန်း ထပ်မံတိုးမြှင့်မည်ကို ကျေနပ်မှု မရှိ၍ ISM နိုင်ငံခြားကျောင်းရှေ့တွင် ကျောင်းသားမိဘ ၃၀၀ ခန့် စုဝေးမှုဖြစ်ပွား


ismincreasecost-may8

မေ ၇ ရက်က ISM ကျောင်းရှေ့တွင် စုဝေးလျက်ရှိသည့် ကျောင်းသားမိဘများအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရဲကို)

အတန်းများအားလုံး၏ ကျောင်းလခအား ၃၅ ရာခိုင်နှုန်း ထပ်မံတိုးမြှင့်မည်ကို မကျေနပ်၍ International School of Myanmar (ISM) နိုင်ငံခြားကျောင်းရှေ့တွင် ကျောင်းသားမိဘ ၃၀၀ ခန့် စုဝေးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါကျောင်းမှာ နှစ်စဉ်ကျောင်းလခ တိုးမြှင့်နေသော်လည်း ယခု ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် တိုးမြှင့်မည့် ကျောင်းလခမှာ ၄၀ ရာခိုင်နှုန်းအထိ ဖြစ်နေကြောင်း၊ ထို့အတွက် ISM ကျောင်းသား မိဘများနှင့် မေ ၇ ရက်က ညှိနှိုင်းခဲ့ရာ ထပ်မံတိုးမြှင့်မည့် ရာခိုင်နှုန်းထဲမှ ၄ ရာခိုင်နှုန်းသာ လျှော့ချပေးနိုင်မည် ဆိုခြင်းကြောင့် ယခုလို စုဝေးမှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

၎င်းအပြင် ကျောင်းသားမိဘများအား ယခုလို ကျောင်းလခ တိုးမြှင့်မည်ကို ကြိုတင်အသိမပေးခြင်းနှင့် ISM နိုင်ငံခြားကျောင်းသည် စီးပွားရေးသဖွယ် လုပ်ကိုင်လာဟန်ရှိကြောင်း ကျောင်းသားမိဘများက ဝေဖန်သုံးသပ်နေကြသည်။

ISM နိုင်ငံခြားကျောင်းရှိ မူလတန်း ကျောင်းသားတစ်ဦး၏ ဖခင် ကိုရန်နိုင်က "အခုက ပညာရေးဘက်ကို မရောက်တော့ဘူး။ စီးပွားရေးဘက်ကို ပြောင်းနေသလို ဖြစ်နေတယ်။ ပုံမှန်က နှစ်စဉ် ၇ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းကြားပဲ တက်တာ။ အခု ၃၅ ရာခိုင်နှုန်းကို လျှော့ချပေးဖို့ ကျောင်းသားမိဘတွေ စုပေါင်းပြီး ဆက်လက်ညှိနှိုင်း သွားပါမယ်" ဟု ပြောသည်။

ISM နိုင်ငံခြားကျောင်းမှ ယခုလို ၃၅ ရာခိုင်နှုန်းခန့်အထိ ထပ်မံတိုးမြှင့်ရခြင်းအပေါ် တရားဝင် ထုတ်ပြန်ပြောကြားခြင်း မရှိသေးသော်လည်း ISM နိုင်ငံခြားကျောင်းတွင် စာသင်ကြားပေးနေသူ နိုင်ငံခြားသားဆရာ၊ ဆရာမများအတွက် နေစရိတ်၊ စားစရိတ် ပိုမိုမြင့်တက်လာသည့်အတွက် ဖြစ်ကြောင်း ကျောင်းသားမိဘ အသိုင်းအ၀န်းများမှ ပြောကြားနေကြသည်။

ISM နိုင်ငံခြားကျောင်းရှိ ကျောင်းသားတစ်ဦး၏ မိခင်ဒေါ်မာလာက "အဲဒီကျောင်းမှာလည်း နိုင်ငံခြားသား ဆရာ/ဆရာမ ၆၀ လောက်ရှိတဲ့ အတွက်ကြောင့် ဟိုတယ်မှာ ထားရတယ် ပြောတယ်။ ကျောင်းလခကို ၃၅ ရာခိုင်နှုန်းထိ တိုးမြှင့်တယ်လို့ သိရပါတယ်" ဟု ပြောသည်။

ယင်းဖြစ်စဉ်နှင့် စပ်လျဉ်း၍ ISM နိုင်ငံခြားကျောင်းမှ တာဝန်ရှိသူများအား မေးမြန်းရန် တွေ့ဆုံခွင့် တောင်းခဲ့သော်လည်း ပြန်လည်ရှင်းလင်းခြင်း မရှိခဲ့ကြောင်း သတင်းရရှိသည်။
လက်ရှိ ISM နိုင်ငံခြားကျောင်းတွင် အမေရိကန်ဒေါ်လာဖြင့် ကျောင်းလခကို ကောက်ခံပြီး Pre-K 3 ၃၆၀၀၊ Pre-K 4 ၅၆၀၀၊ KG ၆၁၀၀၊ Grade 1 မှ Grade 5 ထိ ၈၄၀၀၊ Grade 6 မှ Grade 8 ထိ ၉၇၀၀၊ Grade 9  မှ Grade 11 ထိ ၁၀၆၀၀၊ Grade 12 ၁၁၅၀၀ ထိ လက်ရှိ ၂၀၁၂-၂၀၁၃ ပညာရေးနှစ်တွင် ကောက်ခံလျက်ရှိကြောင်း သိရသည်။

၎င်းအပြင် International School of Myanmar (ISM) ကျောင်းသည် ကျောင်းလခကို ၂၀၀၉-၂၀၁၀ ပညာသင်နှစ်တွင် ကျောင်းလခ ၅ ရာခိုင်နှုန်း၊ ၂၀၁၁-၁၂ ပညာသင်နှစ်တွင် ၇ ရာခိုင်နှုန်း၊၂၀၁၃-၁၄ ပညာသင်နှစ်တွင် ၁၅ ရာခိုင်နှုန်းဖြင့် ကျောင်းလခများ တိုးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းသည် International ကျောင်းဖြစ်သည့် အားလျော်စွာ English 4 skill အပြင် သင်ရိုးညွှန်းတမ်းအတိုင်း အမေရိကန် course ဖြင့် သင်ကြားပေးနေပြီး အသက်သုံးနှစ်အရွယ်မှစ၍ မူလတန်း (Elementary School)၊ အလယ်တန်း (Middle School)၊ အထက်တန်း (High School) Grade 12 အထိ သင်ကြားပေးလျက်ရှိပြီး အမေရိကန်နိုင်ငံရှိ နာမည်ကျော် တက္ကသိုလ်များ ကောလိပ်များနှင့် ချိတ်ဆက်ထားကြောင်း သိရသည်။

(ISM) ကျောင်းအား ၁၉၉၀ ခုနှစ်နောက်ပိုင်းမှ စတင်ဖွင့်လှစ်ခဲ့ပြီး ယင်းကျောင်းတွင် နိုင်ငံခြားသား အများစုကိုသာ သင်ကြားပေးခဲ့သော ကျောင်းဖြစ်သည်။

၂၀၁၃ ဖေဖော်ဝါရီလ အတွင်းကလည်း Horizon International School တွင် ကျောင်းလခ တိုးမြှင့်ကောက်ခဲ့မှုနှင့် စပ်လျဉ်း၍ ယခုဖြစ်စဉ်ကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့၌ ဖွင့်လှစ်ထားသော အဆိုပါ နိုင်ငံခြားပညာသင် ကျောင်းများသည် ပညာရေးဝန်ကြီးဌာနတွင် တရားဝင် မှတ်ပုံတင်ထားခြင်း ရှိ-မရှိ မသိရချေ။

အချိန်မီ မိုးရွာသွန်းခြင်း မရှိပါက နိုင်ငံအနှံ့ ရေရှားပါးမှုပြဿနာ ပိုမိုဆိုးရွားလာနိုင်

lackofwater-may8

မေ ၇ ရက်နေ့က ဒလမြို့နယ်အတွင်း ရေအလှူရှင်များကို စောင့်မျှော်နေကြသူများအား မြင်တွေ့ရစဉ်

အစောပိုင်း ကာလများက မြန်မာနိုင်ငံသို့ အယ်လ်နီညို ၀င်ရောက်နိုင်ခြင်း မရှိဟု ဆိုထားသော်လည်း မေလဆန်းပိုင်းထိ မုတ်သုံလေ ၀င်ရောက်မှု နောက်ကျနေခြင်းကြောင့် မြန်မာနိုင်ငံအ၀ှမ်း နေ့အပူချိန် သိသိသာသာ မြင့်မားနေသဖြင့် ၂၀၁၀ နွေရာသီ ကာလမျိုး တကျော့ပြန် ကြုံတွေ့နေရပြီလားဟု လယ်သမားများမှာ စိုးရိမ်စိတ်များ ရှိနေကြသည်။

တစ်နှစ်ထက်တစ်နှစ် မိုးရွာသွန်းမှု လျော့ကျလာခြင်းနှင့်အတူ မြေအောက်ရေ ကျဆင်းလာမှုကြောင့် မြန်မာနိုင်ငံ အထက်ပိုင်းဒေသရှိ စမ်းတွင်းအချို့နှင့် ရေတွင်းအချို့မှာ ခန်းခြောက်မှု ရှိလာခဲ့သည်။ မြန်မာနိုင်ငံ အထက်ပိုင်းဒေသ တစ်ခုဖြစ်သည့် မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်တွင်းရှိ လှည်းကျိုးကျေးရွာတွင်လည်း နွေရာသီတိုင်း နှစ်စဉ်အားထားနေရသည့် သဘာဝစမ်းတွင်း ရေထွက်ရှိမှု နည်းပါးသောကြောင့် ရေတစ်ပုံးနှင့် တစ်ပုံးကြား နာရီဝက်ခန့် စောင့်ဆိုင်း၍ ခပ်နေရသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

ယခုကဲ့သို့ ဖြစ်ပေါ်နေမှုများသည် မြန်မာနိုင်ငံ တ၀ှမ်းရှိ ယခင်က ပေါများစွာ ရှိခဲ့သည့် သဘာဝ သစ်တောများအား စစ်အစိုးရလက်ထက် အဆက်ဆက် ၎င်းတို့နှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင်များ၏ အပြောင်ရှင်း စနစ်ဖြင့် သစ်ခုတ်ခြင်းကို မတားဆီးနိုင်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် သာမကဘဲ အထက်ပိုင်း ဒေသများတွင်ပါ သဲကန္တာရဆန်သည့် ရာသီဥတုမျိုး ခံစားနေခြင်းဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းလေ့လာရေး ပညာရှင်များက မှတ်ချက်ပြုခဲ့သည်။


ရေရှားတာ ဒီနှစ်ပါနဲ့ဆို လေးနှစ်လောက် ရှိပါပြီ။ သုံးရေအတွက်က ခန်းလုဆဲဆဲ ကန်တွေဆီကနေ ခပ်ယူလို့ ရနိုင်ပေမယ့် သောက်ရေအတွက်ကတော့ ရေလာလှူတဲ့ လူတွေဆီက ရေကိုပဲ အဓိက အားထားနေရတာပေါ့။ လှူတဲ့လူ မရှိရင် ညီမတို့အတွက် တော်တော်ခက်ခဲသွားမှာပါ . . . . .

ယခုနှစ် အစောပိုင်း ကာလမှစ၍ နေ့အပူချိန်ကြောင့် ကန်ရေခမ်းခြောက်မှု ဒေသအနှံ့အပြား ဖြစ်ပေါ်ခဲ့ပြီး မကွေးတိုင်း ပေါက်မြို့နယ်ရှိ ရေထွက်ကျေးရွာနှင့် ရှားဇင်းကျေးရွာတို့တွင် ရေပြတ်လပ်မှု ဆိုးရွားစွာ ကြုံတွေ့နေရကာ မိသားစုတစ်စုလျှင် ရေဆယ်ဂါလံအား ခုနှစ်ရက် တစ်ပတ်စာ လုံလောက်အောင် သုံးစွဲနေရသည်။

"ရေပြတ်လပ်မှုတွေက မကွေးတိုင်းထဲတင် မဟုတ်ဘဲ မြန်မာနိုင်ငံ အလယ်ပိုင်း တိုင်းဒေသကြီး အများစုမှာ ကြုံတွေ့နေကြရတာပါ။ အခု ရေပြတ်လပ်တယ်လို့ သိရတာတွေက ကျွန်တော်တို့ သတင်းရနိုင်တဲ့ နေရာတွေပဲ ရှိပါတယ်။ အဆယ်အသွယ်ပြတ်တဲ့ နေရာတွေလည်း ရှိနိုင်ပါတယ်။ အဲဒီနေရာတွေကို လူမှုရေး အသင်းအဖွဲ့တွေက သွားရောက်ကူညီနေတယ် ဆိုပေမယ့် ဆေးမြီးတိုနဲ့ ကုတဲ့သဘောဘဲ ဖြစ်နေမှာပါ။ ရေရှားပါးရတဲ့ အကြောင်းအရင်းတွေကို စုံစမ်းပြီး နိုင်ငံတော်အဆင့် အနေနဲ့ စီမံချက်တွေ ဖော်ဆောင်မှ အမှန်တကယ် ထိရောက်မှာပါ။ ကမ္ဘာ့ဘဏ်ကနေ ကျေးလက်ဖွံ့ဖြိုးရေးအတွက် လှူဒါန်းခဲ့တဲ့ ငွေတွေကို အခုရေပြတ်လပ်မှု ကြုံနေရတဲ့ ဒေသတွေအတွက် ပထမဦးစားပေး အသုံးပြုသင့်ပါတယ်" ဟု မကွေးမြို့ ဖြစ်ကွေ့ဧရာ လူမှုကွန်ယက်မှ ကိုအောင်ကျော်ကျော်က ပြောသည်။

မန္တလေးမြို့ရှိ မြို့နယ်အချို့တွင် ရေရရှိရန် ခက်ခဲနေသဖြင့် မန္တလေး စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့နယ်များ အားလုံးတွင် ကိုယ်အားကိုယ်ကိုး တနိုင်အ၀ီစိရေတွင်း သုံးစွဲမှု များပြားနေကြောင်း သိရသည်။ "မိုးနဲ့ဆောင်းမှာ သိပ်မသိသာပေမယ့် နွေရာသီမှာ ရေလိုအပ်ချက် ပိုများလာတာနဲ့အမျှ ရေတွင်းတွေက ရေအထွက် နည်းလာတယ်" ဟု မန္တလေးမြို့ ဒေသခံတစ်ဦးက ဆိုသည်။

ယခင်နှစ် မိုးရာသီတွင် မိုးရွာသွန်းမှု နည်းပါးခဲ့သည့်အတွက် ယခုနှစ်နွေရာသီ မတ်လဆန်းမှစ၍ ရေတွင်းများတွင် ရေခမ်းခြောက်မှုများ ဖြစ်ပေါ်လျက် ရှိသည့်အတွက် ပုဂ္ဂလိက ရေအလှူရှင်များ ရေဖြန့်ဖြူး လှူဒါန်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ "ရေပြတ်တာကတော့ မတ်လကတည်းက စပြတ်တာ အခုလောက်သာ ဆိုးရွားမှု မရှိတာ။ အခုဆိုရင် ရေတွင်းတွေမှာ ရေကလုံးဝ မရတော့ဘူး" ဟု ရွာကောက်ရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

အလားတူပင် မြန်မာပြည်အောက်ပိုင်း ဒေသများတွင်လည်း အပူချိန် မြင့်မားလာခြင်းနှင့် နွေရာသီကာလ တာရှည်လာခြင်းကြောင့် ရေခမ်းခြောက်မှုနှင့် ချောင်းရေ နည်းပါးလာခြင်းတို့ကြောင့် ရေရှားပါး ပြတ်လပ်မှုများ ဖြစ်ပေါ်ကာ လူနှင့် တိရိစ္ဆာန်များအတွက် သောက်သုံးရေ ခက်ခဲမှုများ ဖြစ်ပွားလျက် ရှိသည်။ ရန်ကုန်မြို့လယ်နှင့် အနီးဆုံးဖြစ်သော ဒလမြို့တွင် နှစ်စဉ်ဖြစ်မြဲ ဖြစ်နေသော သောက်သုံးရေ ရှားပါးမှုဒဏ်ကို ယခုနှစ် ဧပြီလ ကတည်းက စ၍ ခံစားနေရသည်။

"ရေရှားတာ ဒီနှစ်ပါနဲ့ဆို လေးနှစ်လောက် ရှိပါပြီ။ သုံးရေအတွက်က ခန်းလုဆဲဆဲ ကန်တွေဆီကနေ ခပ်ယူလို့ ရနိုင်ပေမယ့် သောက်ရေအတွက်ကတော့ ရေလာလှူတဲ့ လူတွေဆီက ရေကိုပဲ အဓိက အားထားနေရတာပေါ့။ လှူတဲ့လူ မရှိရင် ညီမတို့အတွက် တော်တော်ခက်ခဲသွားမှာပါ။ နှစ်တိုင်းကြုံတွေ့နေရတဲ့ ဒီရေအခက်အခဲလေး ပြေလည်အောင်လို့ ရပ်ကွက်၊ ကျေးရွာတိုင်းမှာ သောက်ရေ၊ သုံးရေအတွက် ရေတုံကင်လေးတွေ လုပ်ပေးရင်တော့ ကောင်းမှာပဲ" ဟု ဒလမြို့နယ်၊ ကျောင်းစုကျေးရွာမှ ရေအလှူရှင်ကို လာရောက်စောင့်ဆိုင်းနေသော မတင်မိုးခိုင်က ပြောသည်။

ရေအခက်ခဲ ဖြစ်သောကြောင့် အစိုးရ တာဝန်ရှိသူနှင့် အရပ်ဖက် အဖွဲ့အစည်းများမှ ရေတုံကင်များ လာရောက်လှူဒါန်းပေးမှု ရှိသော်လည်း လူဦးရေ ထူထပ်သော ရပ်ကွက်များတွင် ရေပေးဝေရာ၌ လုံလောက်မှု မရှိကြောင်း၊ ရပ်ကွက်၊ ကျေးရွာအများစုတွင် တစ်ရက်လျှင် နှစ်နာရီခန့်၊ တစ်ပတ်လျှင် သုံးရက်ခန့်သာ ပေးဝေနေ၍ ရေအခက်အခဲမှာ ဆက်လက်ဖြစ်ပေါ်သည်ဟုလည်း သိရသည်။

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်နှင့် ရေတာရှည်မြို့နယ်အတွင်း စစ်တောင်းမြစ် အရှေ့ဘက်ကမ်း တစ်လျှောက် ကျေးရွာအချို့ရှိ ရေတွင်းရေကန် ခမ်းခြောက်ခြင်း ချောင်းရေနည်းပါးခြင်းများကြောင့် ရေရှားပါး ပြတ်လပ်မှုများ ဖြစ်ပေါ်ကာ လူနှင့် တိရစ္ဆာန်များအတွက် သောက်သုံးရေ အခက်အခဲများ ဖြစ်ပေါ်လျက် ရှိသည်။

"အိမ်ခြေ ၁၀၀ လောက်မှာ ရေတွင်းက ၁၀ တွင်းလောက်ပဲ ရှိတယ်။ အကုန်လုံး ရေခမ်းနေတယ်။ ရေတုံကင်လည်း တူးလို့မရဘူး။ အောက်ခံမြေသားတွေက ကျောက်သားတွေ ဖြစ်နေလို့ သောက်သုံးရေ ရဖို့အတွက် ရှိတဲ့ရေတွင်းက ရေစိမ့်ထွက်တဲ့ ရေလောက်ကိုပဲ လူနဲ့ တိရစ္ဆာန် မျှသုံးနေရတာ။ ကျွဲနွား တိရစ္ဆာန်တွေတော့ ၀မ်းပျက်ဝမ်းလျှောရောဂါတွေ မကြာခဏ ဖြစ်တယ်" ဟု တောင်ငူမြို့နယ် သဲတာကျေးရွာမှ ဒေသခံများက ပြောသည်။

မြန်မာနိုင်ငံတွင်း မုတ်သုံလေ ၀င်ရောက်မှု နောက်ကျခြင်းနဲ့အတူ မိုးရွာသွန်းမှု ယခင်နှစ်များကထက် ပို၍နောက်ကျခဲ့ပါက မြန်မာနိုင်ငံ ဒေသတ၀ှမ်းတွင် ရေရှားပါး ပြတ်လပ်မှုနှင့်အတူ တခြားသော ကျန်းမာရေး ပြဿနာများ၊ လူမှုရေး ပြဿနာများပါ နောက်ဆက်တွဲ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ရသည်။ ရာသီဥတု ပြောင်းလဲမှုအား မည်သို့မျှ ကာကွယ်ရန် မဖြစ်နိုင်ဟု လွယ်လွယ်နှင့် ဆိုကြသော်လည်း အမှန်တကယ်အားဖြင့် ယခင်ဆယ်စုနှစ်များ ကျော်ကျော် ကာလက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုအပေါ် ဂရုတစိုက် အားထုတ်ခဲ့လျှင် ယခုကဲ့သို့ ရာသီဥတု ဆိုးဝါးမှုဒဏ်၊ သဘာဝ ဘေးအန္တရာယ် ကျရောက်မှု ရှိလိမ့်မည် မဟုတ်ဟု အများစုက ယူဆထားကြသည်။

"ရေအသက် တစ်မနက်" ဟု ဆိုသည်။ ဤကဲ့သို့သာ အချိန်မှီ မိုးရွာသွန်းခြင်း မရှိပါက နိုင်ငံတ၀ှမ်း ရေရှားပါးမှုကြောင့် ဖြစ်လာမည့် နောက်ဆက်တွဲ ပြဿနာများအပေါ် သက်ဆိုင်ရာ အစိုးရအနေဖြင့် မည်မျှကြိုတင် ပြင်ဆင်ထားသည်ကို မကြာမီ တွေ့ရတော့မည် ဖြစ်ပေသည်။

မိုးသက်လေပြင်းကြောင့် တရုတ်နယ်စပ် ဒုက္ခသည် စခန်းများမှ အိမ်ခြေ ၄၀၀ ခန့် ပျက်စီး

ချင်းမိုင်(မဇ္စျိမ)။   ။ မိုးနှင့် လေပြင်းမုန်တိုင်း တိုက်ခတ်ခြင်းကြောင့် တရုတ်နယ်စပ်၊ မိုင်ဂျာယန်အတွင်းရှိ စစ်ပြေးဒုက္ခသည်စခန်း ၄ ခုမှ အိမ် အလုံး ၄၀၀ ခန့် ပျက်ဆီးခဲ့သဖြင့် ပြန်လည် ပြုပြင်ရန် အကူအညီ လိုအပ်နေသည်ဟု ဒုက္ခသည်စခန်း တာဝန်ရှိသူနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ပြောသည်။

မေလ ၃ ရက်နေ့က ညနေပိုင်းက မိုင်ဂျာယန်အနီးရှိ လနာ့ဇွပ်၊ အင်ခေါင်းပါ၊ ဘွမ်ဇစ်ပါ၊ ခခရန်းဇွပ်စခန်းများရှိ လူဦးရေ ၅,၅၀၀ ကျော်၏ နေအိမ်နှင့် အိမ်သာများ ပျက်ဆီးခဲ့၍ ပြုပြင်ရန် သစ်၊ ဝါးနှင့် သွပ်များ လိုအပ်နေ သည်ဟု လနာ့ဇွပ် ဒုက္ခသည်စခန်း တာဝန်ခံ ဦးတူးလွမ်း က ပြောသည်။

"ခုလောလောဆယ် ၉ ထပ်သားနဲ့ ၅ ထပ်သားတွေ လိုနေတယ်။ ဝါးလည်း အလုံး ၁,၅၀၀ လောက် လိုနေတယ်။ ကျနော်တို့လည်း ၅၀၀ လောက်တော့ ဝယ်တယ်။ ဒါပေမယ့် မလောက်သေးဘူး။ သွပ်က အနည်းဆုံး ၁၅၀ ချပ်လောက် လိုနေတယ်" ဟု မဇ္စျိမကို ပြောသည်။

ထိုစခန်းများ ပြန်လည် ပြုပြင်ရန်အတွက် KIO မှ တရုတ်ယွမ်ငွေ ၃၀,၀၀၀ ကူညီထောက်ပံ့သော်လည်း လုံလောက်မှု မရှိသေး၍ အကူအညီများ ထပ်မံလိုအပ်နေသည်ဟု သူက ဆက်ပြောသည်။

"ရေလောင်းအိမ်သာ ပိုက်ကလည်း ကွဲသွားပြီ။ အဲဒါလည်း လိုနေတယ်။ အိမ်သာ ၃၅ လုံး ပျက်စီးသွားတယ်။ ၂၀ လောက်တော့ ပြန်ထူနိုင်ပြီ။ ၁၅ လုံးလောက်က ပိုက်တွေ တပိုင်းတစ ဖြစ်သွားတယ်" ဟု ဆိုသည်။

စခန်း ၄ ခုမှ နေအိမ် အလုံး ၃၈၀၊ အိမ်သာ ၃၀ ကျော် အပါအဝင် အခြား မီးဖိုချောင် ၆ လုံး၊ မီးတိုင် ၂ လုံး၊
ဆေးပေးခန်း ၁ ခု၊ ဂူဒေါင် ၁ လုံး၊ ဘုရားကျောင်း ၁ ခု၊ မူကြိုကျောင်း ၂ ခု၊ စာသင်ကျောင်းဆောင် ၁ ခု ပျက်စီးသွား၍ ပြုပြင်ရန်လိုအပ်နေသည်ဟု KIO ၏ ဒုက္ခသည် ကူညီစောင့်ရှောင်ရေးအဖွဲ့မှ အတွင်ရေးမှူး ဗိုလ်မှူးကြီး ဇော်ရော် က ပြောသည်။

"တတ်နိုင်တလောက်တော့ ပြင်လို့ ရတာ ပြင်နေကြတယ်။ ပစ္စည်းတွေလည်း လိုအပ်နေတယ်၊ KIO ရဲ့ အရှေ့ပိုင်းတိုင်း ဌာနချုပ် စစ်ပြေးဒုက္ခသည် ကူညီစောင့်ရှောင်ရေးအဖွဲ့က ပြန်ပြင်ပေးဖို့ စီစဉ်နေတယ်" ဟု မဇ္စျိမကို ပြောသည်။

အခြား ဒုက္ခသည်စခန်းများတွင် ပျက်စီးမှု အနည်းငယ်သာ ရှိသည်ဟု သိရသည်။

အစိုးရတပ်နှင့် တိုက်ပွဲများကြောင့် KIO ထိန်းချုပ်နယ်မြေအတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေသော ဒုက္ခသည်
ပေါင်း ၇၀,၀၀၀ ခန့်ရှိနေသည်။

KIO နှင့် အစိုးရ ပြန်တွေ့နိုင်ရန် ညှိနေကြဆဲ

ချင်းမိုင်(မဇ္စျိမ)။     ။ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင်လွတ်လပ်ရေး အဖွဲ့ KIO တို့ မြစ်ကြီးနားမြို့တွင် တွေ့ဆုံရန် နှစ်ဖက် ညှိနှိုင်းနေသဖြင့် ယခုရက်ပိုင်းအတွင်း တွေ့ဆုံရန် မဖြစ်နိုင်သေးကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ က ပြောသည်။

ဧပြီလကုန်ပိုင်းတွင် ဝန်ကြီး ဦးအောင်မင်း က မေလ ပထမပတ်တွင် တွေ့ဆုံရန် ကမ်းလှမ်းခဲ့ပြီးနောက် အပြန်အလှန် စာများ ပေးပို့ခဲ့၍ ညှိနှိုင်းနေသည်ဟု ဆိုသည်။

"စာနဲ့တော့ ညှိနှိုင်းနေကြတုန်းပါပဲ။ ကျနော်တို့ဘက်က ဒီဆွေးနွေးပွဲကို မြစ်ကြီးနားမှာ လုပ်ချင်တယ်။ KIO ဘက်က သူတို့ရဲ့ အဖွဲ့အစည်းနဲ့ လုပ်ရတာ ဖြစ်တော့ ဆွေးနွေးပွဲကို လာဖို့အတွက် လိုအပ်ချက်တွေ ဝန်ကြီးဘက်ကို သဘောထား တောင်းတာတို့ ရှိပါတယ်။ လိုအပ်ချက်တွေကို ဟိုဘက် ဒီဘက် ညှိနှိုင်းနေ တယ်" ဟု ဦးလှမောင်ရွှေ က မဇ္စျိမကို ပြောသည်။

မည်သည့် အချက်များ ညှိနှိုင်းနေမှု အသေးစိတ်အား ပြောဆိုရန် သူက ငြင်းဆိုသည်။ သို့သော် KIO ဘက်မှ တင်ပြသော နိုင်ငံတကာ လေ့လာသူများကို အစိုးရဘက်မှ မူအားဖြင့် လက်ခံထားကြောင်း ဦးလှမောင်ရွှေ က ပြောသည်။

တွေ့ဆုံ ဆွေးနွေးပွဲတွင် နိုင်ငံတကာ လေ့လာသူများအဖြစ် ကုလသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်၊ တရုတ်
နိုင်ငံများနှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများကောင်စီ UNFC ကိုယ်စားလှယ်များ တက်ရောက် ပါဝင်ရန် KIO က တင်ပြထားသည်ဟု ကချင်ငြိမ်းချမ်ရေး အကျိုးဆောင် ဦးဆန့်အောင် က ပြောသည်။

"ညှိနေတုန်း။ KIO ဘက်က ဒီရက်ပိုင်းမှာပဲ လေ့လာသူတွေကို အစိုးရဘက်ကလည်း ဖိတ်ထားမှု ရှိမရှိ၊ တရုတ်နိုင်ငံက လေ့လာသူကို အစိုးရဘက်ကလည်း ဖိတ်မဖိတ် မေးထားတယ်။ အမြန်ဆုံး တွေ့ဆုံ
ဆွေးနွေးကြရအောင် ဆိုတဲ့စာ ပို့ထားတယ်" ဟု မဇ္စျိမကို ပြောသည်။

နိုင်ငံတကာ လေ့လာသူများ ပါဝင်ရေးနှင့် ပတ်သက်၍ တရုတ်အစိုးရက ကန့်ကွက်ခဲ့သည့်အပေါ် KIO က ဝန်ကြီး ဦးအောင်မင်းထံ မေးမြန်းထားသည်ဟု သူက ပြောသည်။

ကချင်ပြည်နယ်အတွင်းရှိ အစိုးရစစ်တပ်အင်အား လျော့နည်းသွားခြင်း မရှိသလို၊ ရှမ်းပြည်နယ် မြောက်ပိုင်း လည်း လှုပ်ရှားမှုများ ရှိနေသည်ဟု သိရသဖြင့် အစိုးရအနေဖြင့် ယုံကြည်မှု တည်ဆောက်ရန်အတွက် အပြုသဘောဆောင်ရန် လိုအပ်နေသည်ဟု ဦးဆန့်အောင်က ပြောသည်။

"တဖက်က အပြုသဘောဆောင်နေရင် တဖက်ကလည်း အပြုသဘောဆောင်တာတွေ ပြသင့်တယ်။ ဒီလို ထိုးစစ်ဆင်တာတွေ ရပ်တာ မကလို့ နောက်ဆုတ်ထားသင့်တယ်။ KIO က နောက်ဆုတ်၊ အစိုးရက ထပ်တိုးလာ တဖက်သတ်ဖြစ်ရင် တရက်တော့ ပေါက်ကွဲလာရင် အရမ်းခက်မယ်။ ဒါကြောင့် နှစ်ဖက်လုံး အပြုသဘောဆောင်တာ အကောင်းဆုံးပဲ" ဟု သူက ပြောသည်။

မတ်လ ၁၁ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့တွင် နှစ်ဖက် နောက်ဆုံးတွေ့ဆုံဖြစ်ခဲ့သည်

ဖမ်းထားသည့် လူငယ်များ ပြန်လွှတ်ပေးရန် မွန်လူငယ်ဖိုရမ် တောင်းဆို

မော်လမြိုင် (မဇ္ဈိမ)။   ။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ရိုးဂိုးကျေးရွာတွင် သင်္ကြန်ကာလက ဖြစ်ပွားခဲ့သည့် မွန်လူငယ်များနှင့် ရဲဝန်ထမ်း ရိုက်နှက်မှုကြောင့် ဖမ်းဆီးထားသည့် လူငယ်များကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်
မွန်လူငယ်ဖိုရမ်က တောင်းဆိုလိုက်သည်။

ပြဿနာ ဖြစ်ရခြင်းအကြောင်းမှန်ကို ဖော်ထုတ်ခြင်းမရှိဘဲ လူငယ်များကို မတရား ပုဒ်မ တပ်ကာ ဖမ်းဆီးထား ကာ ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်နေသည်ဟု မွန်လူငယ်ဖိုရမ် တာဝန်ခံ မင်းဉာဏ်သိုက်ရာမာန် က
ပြောသည်။

"စွပ်စွဲထားတာ သတင်းတွေ ထုတ်ထားတွေတာက အမှန်တွေ မဟုတ်ဘူး။ အစိုးရဝန်ထမ်းကို ကိုယ်ထိလက်ရောက်
စော်ကားတယ်ဆိုပြီး စွပ်စွဲထားတာ အမှန်ကို မထုတ်ဖော်ဘူး။ ပြဿနာ စတာက ရဲက အလံကို ဆုတ်တာက စတာ။ ဒါကို မပြောဘဲနဲ့ လူငယ်တွေ ရဲကို ဝင်ရိုက်တယ်ဆိုပြီး ပြောတယ်။ စစ်ဆေးတဲ့ အခါမှာလည်း ညှင်းပန်းနှိပ်စက်မှု
တွေ ရှိတယ်" ဟု မဇ္ဈိမကို က ပြောသည်။

ဖမ်းဆီးခံထားရသည့် လူငယ် ၁၁ ယောက်ထဲတွင် အသက်ပြည့်သူ ၃ ဦးသာ ပါဝင်ပြီး အများစုမှာ အသက် ၁၅ နှစ်နှင့် ၁၇ ကြား ကျောင်းနေရွယ် လူငယ်များ ဖြစ်သည်ဟုလည်း သူက ပြောသည်။

လူမျိုး ဂုဏ်သိက္ခာကျဆင်းစေသည့်အပြင် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ထိခိုက်စေနိုင်သည့် အပြော အဆို အပြုအမူများနှင့် အလံသိမ်းဆည်းဆုတ်ဖြဲမှု ပြုလုပ်သူ၊ ပဋိပက္ခဖန်တီးသူ ရဲအုပ်မြင့်နိုင် ကိုလည်း တရားဥပဒေအရ ထိရောက်သည့် အပြစ်ဒဏ်ဖြင့် အရေးယူပေးရန်လည်း မွန်လူငယ်ဖိုရမ်က ကြေညာချက် ထုတ်ပြီး တောင်းဆိုထားသည်။

သို့သော် အလံကို စုတ်ဖြဲခြင်း၊ လူငယ်များကို မတရား ဖမ်းဆီးခြင်း မဟုတ်ဘဲ ဗီဒီယိုမှတ်တမ်းအရ ဖမ်းဆီး အရေးယူရခြင်းဖြစ်ကြောင်း ဒုပြည်နယ်ရဲတပ်ဖွဲ့မှူး ဝင်းဗိုလ် က ပြောသည်။

"လောလောဆယ် ဗီဒီယိုမှတ်တမ်းအရ ပါတဲ့လူတွေကို စစ်ဆေးတယ်။ မပါတဲ့ လူတွေကို ပြန်လွှတ်ပေးတယ်။ ပါတဲ့လူကိုတော့ သက်ဆိုင်ရာကနေ ဥပဒေအရ အရေးယူဆောင်ရွက်မှာပေါ့။ အလံဆုတ်ဖြဲတာ၊ ရဲက စရိုက်တယ်ဆိုတာက မဟုတ်ပါဘူး။ ကျနော်တို့မှာ မှတ်တမ်းတွေ ရှိပါတယ်" ဟု ပြောသည်။

ထိုလူငယ်များကို လက်နက်လုယက်မှုနှင့် တာဝန်ယူနေသည့် ရဲတပ်ဖွဲ့ကို လုပ်ငန်း အနှောင့်အယှက်
ပေးပြီး ပြင်းထန်စွာ နာကျင်စေအောင် ဟန့်တားစေမှုနှင့် အရေးယူထားသည် ဟုလည်း သူက ပြောသည်။

သင်္ကြန် ရေကစားရန်အတွက် မွန်အမျိုးသားအလံကို ကိုင်ဆောင်လာသည့် လူငယ်တစုကို လုံခြုံရေးယူ
ပေးနေတဲ့ ရဲဝန်ထမ်းက အလံကိုင်ဆောင်ပြီး မသွားရန် တားမြစ်ကာ အလံကို ဆုတ်ဖြဲရာမှ လူငယ်များ မကျေနပ်ဖြစ်ရာ ရဲဝန်ထမ်းနှင့် ထိုးကြိတ်ခဲ့ကြသည်ဟုလည်း မျက်မြင်သက်သေတဦးက ပြောသည်။

ရွှေ ဓါတ်ငွေ့ပိုက်လိုင်းကို ရှမ်းပြည်နယ် ဒေသခံများ စိုးရိမ်မှုမြင့်လာ

မေလထဲတွင် ရှမ်းပြည်နယ်မှ ရွှေဂက်စ် ဓါတ်ငွေ့ပိုက်လိုင်းဖြတ်သန်းသွားသော ဒေသများတွင် ဒေသခံပြည်သူတွေရဲ့ စိုးရိမ်ကြောင့်ကျ သံများ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာခဲ့သည်။

 

 

`ရွာသားတွေက ကြောက်ကြတယ်၊ ပေါက်ကွဲမှာ စိတ်ပူကြတယ်၊ ပိုင်းလိုင်းက အပေါက်တွေကိုလည်း သူတို့က သေချာမလုပ်ဘူး၊ အပေါက်တွေကို ရော်ဘာတွေနဲ့ဒီအတိုင်း ဖာကြတယ်၊ ပြီးတော့ ပိုက်လိုင်း ဆက်တဲ့နေရာတွေကလည်း ဂဟေ မမိတာတွေရှိတယ် ဓါတ်ငွေ့ ယိုစိမ့်မှာ စိတ်ပူနေကြတယ်` ဟု ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင်းက ဒေသခံပြည်သူ ကိုဝင်းမြင့်က ပြောသည်။

 

 

အသက် ၃၀ ကျော်အရွယ်၊ အခြေခံပညာ အထက်တန်းအထိ စာသင်ကြားခဲ့ဖူးသော ကိုဝင်းမြင့်သည် မကြာမီ ပြီးစီးတော့မည့် ဓါတ်ငွေ့နှင့်ရေနံတို့ စီးဆင်းတော့မည့် ပိုက်လိုင်းအနေဖြင့် တည်ဆောက်မှု ညံ့ဖျင်းခြင်း စံချိန်မမီခြင်းတို့ကြောင့် ဓါတ်ငွေ့များ ယိုစိမ့်ပေါက်ကွဲပြီး ဒေသခံပြည်သူတို့ထိခိုက်ပျက်ဆီးကြမည်ကို စိုးရိမ်ကြောင်း ပြောသည်။

 

 

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း ရှိ ပိုက်လိုင်းများ မြေမချမီ အပေါက်များရှိကြောင်း၊ ထိုအပေါက်များကို ကုမ္ပဏီမှ အလုပ်သမားများက ရော်ဘာများဖြင့် စက်ဘီး ဘီးပေါက်ဖာသကဲ့သို့ ဖာလေ့ရှိကြောင်း၊ ထို့ပြင် ပိုက်လိုင်း အဆက်များကို ဂဟေကောင်းစွာ မဆက်မိသောနေရာများ ရှိသည်ကို တွေ့ရမြင်ရကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသခံများက ပြောသည်။

 

 

`ပိုက်လိုင်းက ကျနော်တို့ ၇ွာမှာ မြှုပ်ထားတာဆိုရင် မမြှုပ်ဘူး၊ပေါ်နေတာ တွေ့ရတော့ နက်တဲ့ နေရာက နက်တယ်၊ တိမ်တဲ့ နေရာက တိမ်နေတယ်၊ အဲဒါကိုလည်း စိတ်ပူတယ်`ဟု ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်မှ ဦးမောင်မောင်ဦးက ပြောသည်။

လယ်သမားတို့ တောင်ယာမီးရှို့ချိန်တွင် ပိုက်လိုင်းများမှ ရေနံနှင့်သဘာဝဓါတ်ငွေဖြတ်သန်းပါက မီးအပူရှိန်တို့ကြောင့် ပေါက်ကွဲမည်ကို စိတ်ပူမိကြောင်း ပြောသည်။

 

 

ထို့ပြင် သီပေါဒေသဘော်ကြိုမြို့နယ်အတွင်းရှိ ဆားချက်လုပ်ငန်းများကြောင့် မြေအောက်ရှိ ဆားဓါတ်များကြောင့် ပိုက်လိုင်းများ ပေါက်ကွဲမည်ကိုလည်း စိုးရိမ်မိကြောင်း သီပေါမြို့က ဒေသခံ ပြည်သူတစ်ဦးက ပြောသည်။

 

 

အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိရန်နှင့် ၎င်းစီမံကိန်းအား  စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားရန်  လိုအပ်ကြောင်း ပိုက်လိုင်းဖြတ်သန်းသွားရာ နယ်မြေအသီးသီးမှ ဒေသခံများက ပြောဆိုကြသည်။

 

 

ထိုကျောက်ဖြူရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ သဘာဝဓါတ်ငွေ့များ တူးဖော်လျှက်ရှိပြီး ၎င်းသဘာဝဓါတ်ငွေ့ ပိုက်လိုင်းနှင့်အပြိုင် ရေနံပိုက်လိုင်းကို ယှဉ်တွဲဖောက်လုပ်လျှက်ရှိကြောင်း သိရသည်။

ထိုစီမံကိန်းကို ဆောင်ရွက်လျက်ရှိသော တရုတ်ကုမ္ပဏီအနေဖြင့် ပိုက်လိုင်းနှင့်ပတ်သက်ပြီး ဒေသခံပြည်သူတို့အပေါ် အသိပညာပေးခြင်း မရှိသလို၊ ဒေသခံပြည်သူတို့မှ ပိုက်လိုင်းအပေါက်များ ဆက်ကြောင်းများအကြောင်း ပြောလျှင်လည်း အရေးယူ တုန့်ပြန်ခြင်း မရှိဟု ဒေသခံပြည်သူတို့က ပြောသည်။

 

 

`ကုမ္ပဏီကို ပြောတာပဲ တာဝန်ခံလားဘာလားတော့ မသိဘူး၊ ပိုက်ပေါက်နေတယ် လို့ ပြောတော့ သူတို့က ဘာမှ မဖြစ်သလိုပဲ။ နောက်တော်တော်ကြာမှ ရော်ဘာနဲ့ လာပိတ်တယ်၊ ကျနော်တို့က စိတ်ပူပေမဲ့ သူတို့ကတော့ စိတ်မပူဘူးလို့ ကျနော်မြင်တယ်` ဟု  နမ်းခမ်းမြို့က ဒေသခံက ပြောသည်။

 

 

ထိုပိုက်လိုင်း၏ သုံးပုံတစ်ပုံသည် ရှမ်းပြည်နယ်ထဲ သို့ ဖြတ်သန်းသွားပြီး ဧက ၂၀၀၀(နှစ်ထောင်) ကျော် သစ်တောနဲ့ လယ်မြေတို့ကို ဖြတ်သန်းသွားကြကြောင်း သိရှိရသည်။

အဆိုပါ စီမံကိန်းစတင်စဉ်ကတည်းက လယ်မြေများ၊ဥယျာဉ်မြေများကို ဒေသခံများအနေဖြင့် ဆုံးရှုံးခဲ့ရသလို၊ နမ်းခမ်းတောင်ပိုင်းရှိ မိုင်းဝီးတွင် ပိုင်းလိုင်းကြောင့် ရေပေးရေး လမ်းကြောင်း ထိခိုက်သွားခဲ့ပြီး ဒေသခံများ ရေရရှိမှု အကြပ်အတည်းနှင့် ကြုံခဲ့ရကြောင်း သိရှိရသည်။

 

 

`ဒီပိုက်လိုင်းတွေနဲ့ပတ်သက်ပြီး ကျနော်တို့ရဲ့ ပေးဆပ်ရမှုကတော်တော်ကြီးပါတယ်၊ အဲဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ ဒီစီမံကိန်းကို ပြန်ပြီး စစ်ဆေးသုံးသပ်ပေးစေလိုပါတယ်။ ဒီစီမံကိန်းမှာ ရှိတဲ့ အားနည်းချက်တွေကိုလည်း ပြန်လည် စီစစ်ပေးဖို့နဲ့ ပိုက်လိုင်းဖြတ်သန်းရာတစ်လျှောက်လုံး ဒေသခံတွေ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စစ်ဆေးပေးဖို့ကို နိုင်ငံတော်အစိုးရကို မေတ္တာရပ်ခံချင်ပါတယ်`ဟု နောင်ချိုမြို့နယ်မှ ကိုဝင်းမြင့်က ပြောသည်။

 

 

မြန်မာနိုင်ငံအတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းနိုင်ရန်အတွက် လယ်ယာမြေ၊ အိုးအိမ်ဥယျာဉ်များကိုသာမက ကာကွယ်တောများ၊ ကြိုးဝိုင်းသစ်တောများကိုပါ ပယ်ဖျက်ပေးခဲ့ရပြီး ထိုသို့ပယ်ဖျက်မှုများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ရုံသာမက  ဒေသခံများအတွက် ရေနံပိုက်လိုင်းနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ ဖြစ်ပွားနိုင်သည့် ပေါက်ကွဲမှုဆိုင်ရာ အန္တရာယ်များအား အသိပညာပေးရန်နှင့် ရေနံယိုဖိတ်မှုဆိုင်ရာ ပြဿနာများအား ဖြေရှင်းနိုင်ရေးဆောင်ရွက်ထားမှုရှိမရျှိ သိရှိရန်လိုအပ်ကြောင်း  မြန်မာ-တရုတ် ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီမှ ပညာရှင်တစ်ဦးက ပြောသည်။

 

 

အဆိုပါ ကျောက်ဖြူရွှေသဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို တရုတ်နိုင်ငံ CNPC (China National Petroleum Corporation) (CNPC)ကုမ္ပဏီမှ အဓိကဆောက်လုပ်လျှက်ရှိပြီး ၂၀၀၉ ခုနှစ်မှစတင်ကာ  မြန်မာအစိုးရနှင့်  သဘောတူစာချုပ် ချုပ်ဆိုလုပ်ကိုင်ထားကြောင်းသိရသည်။

ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ဆက်သွယ်ထားသည့် အဆိုပါသဘာဝဓါတ်ငွေ့ပိုက်လိုင်းသည် ရခိုင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေး၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းကာ တရုတ်နိုင်ငံတွင်းသို့ ၀င်ရောက်သွားခြင်းဖြစ်သည်။

 

 

အဆိုပါ ရေနံပိုက်လိုင်း စီမံကိန်းတွင် တရုတ်နိုင်ငံ CNPC- SEAP မှ ၅၀  ဒသမ  ၉ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံ၊ စွမ်းအင်ဝန်ကြီးဌာနမှ ၄၉  ဒသမ ၁ ရာခိုင်နှုန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

 

မြန်မာနိုင်ငံအနေဖြင့်  ရေနံပိုက်လိုင်းဖြတ်သန်းခ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၀၉၅ သန်းနှင့် ရေနံတစ်စည်ဖြတ်သန်းခလျှင် အမေရိကန် တစ်ဒေါ်လာသာ ရရှိမည်ဖြစ်ကာ  တစ်နှစ် ရေနံစည် ၂၂ သန်း တင်ပို့မည်ဖြစ်သည့်အတွက်  နှစ်စဉ်ရေနံ တင်ပို့ခ ၂၂ သန်းရရှိမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရှိရသည်။

 

 

မြန်မာနိုင်ငံ၏ မြို့နယ်ပေါင်း ၂၁ မြို့နယ်အား ဖြတ်သန်းသွားသည့် ပိုက်လိုင်းအား မြေအောက်မြှုပ်နှံရာတွင် နိုင်ငံတကာစံနှုန်းဖြစ်သည့် ပိုက်လုံးအထက် ၅ မီတာရောက်အောင် မြေမြှုပ်ရန်မှာ  ကုန်ကျစရိတ်များပြားသည့်အတွက် ပိုက်လိုင်းအထက် ၁ ဒသမ ၂ မီတာအထိသာ  မြေမြှုပ်ခဲ့ပြီး အဆိုပါ ပမာဏမှာ လုံလောက်သည့် ပမာဏဖြစ်သည်ဟုလည်း မြန်မာနိုင်ငံ အခြေစိုက် CNPC ကုမ္ပဏီမှ စီမံကိန်းမန်နေဂျာ Mr.Cheng  Huan Lai က  မီဒီယာကို ပြောသည်။

 

 

သို့သော်လည်း အဆိုပါကုမ္ပဏီအနေဖြင့် EIA, SIA စစ်တမ်းများအား လိုက်နာမှုမရှိသဖြင့်  မြန်မာနိုင်ငံ အနေဖြင့်  နစ်နာမှုများစွာ ကြုံတွေ့ခဲ့ရကြောင်း ပြည်ပအခြေစိုက် Shwe Gas Movement က လက်ရှိအခြေအပေါ်တွင် မူတည်ပြီး သုံးသပ်လျက်ရှိသည်။