Wednesday, May 8, 2013

ရွှေ ဓါတ်ငွေ့ပိုက်လိုင်းကို ရှမ်းပြည်နယ် ဒေသခံများ စိုးရိမ်မှုမြင့်လာ

မေလထဲတွင် ရှမ်းပြည်နယ်မှ ရွှေဂက်စ် ဓါတ်ငွေ့ပိုက်လိုင်းဖြတ်သန်းသွားသော ဒေသများတွင် ဒေသခံပြည်သူတွေရဲ့ စိုးရိမ်ကြောင့်ကျ သံများ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာခဲ့သည်။

 

 

`ရွာသားတွေက ကြောက်ကြတယ်၊ ပေါက်ကွဲမှာ စိတ်ပူကြတယ်၊ ပိုင်းလိုင်းက အပေါက်တွေကိုလည်း သူတို့က သေချာမလုပ်ဘူး၊ အပေါက်တွေကို ရော်ဘာတွေနဲ့ဒီအတိုင်း ဖာကြတယ်၊ ပြီးတော့ ပိုက်လိုင်း ဆက်တဲ့နေရာတွေကလည်း ဂဟေ မမိတာတွေရှိတယ် ဓါတ်ငွေ့ ယိုစိမ့်မှာ စိတ်ပူနေကြတယ်` ဟု ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင်းက ဒေသခံပြည်သူ ကိုဝင်းမြင့်က ပြောသည်။

 

 

အသက် ၃၀ ကျော်အရွယ်၊ အခြေခံပညာ အထက်တန်းအထိ စာသင်ကြားခဲ့ဖူးသော ကိုဝင်းမြင့်သည် မကြာမီ ပြီးစီးတော့မည့် ဓါတ်ငွေ့နှင့်ရေနံတို့ စီးဆင်းတော့မည့် ပိုက်လိုင်းအနေဖြင့် တည်ဆောက်မှု ညံ့ဖျင်းခြင်း စံချိန်မမီခြင်းတို့ကြောင့် ဓါတ်ငွေ့များ ယိုစိမ့်ပေါက်ကွဲပြီး ဒေသခံပြည်သူတို့ထိခိုက်ပျက်ဆီးကြမည်ကို စိုးရိမ်ကြောင်း ပြောသည်။

 

 

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း ရှိ ပိုက်လိုင်းများ မြေမချမီ အပေါက်များရှိကြောင်း၊ ထိုအပေါက်များကို ကုမ္ပဏီမှ အလုပ်သမားများက ရော်ဘာများဖြင့် စက်ဘီး ဘီးပေါက်ဖာသကဲ့သို့ ဖာလေ့ရှိကြောင်း၊ ထို့ပြင် ပိုက်လိုင်း အဆက်များကို ဂဟေကောင်းစွာ မဆက်မိသောနေရာများ ရှိသည်ကို တွေ့ရမြင်ရကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသခံများက ပြောသည်။

 

 

`ပိုက်လိုင်းက ကျနော်တို့ ၇ွာမှာ မြှုပ်ထားတာဆိုရင် မမြှုပ်ဘူး၊ပေါ်နေတာ တွေ့ရတော့ နက်တဲ့ နေရာက နက်တယ်၊ တိမ်တဲ့ နေရာက တိမ်နေတယ်၊ အဲဒါကိုလည်း စိတ်ပူတယ်`ဟု ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်မှ ဦးမောင်မောင်ဦးက ပြောသည်။

လယ်သမားတို့ တောင်ယာမီးရှို့ချိန်တွင် ပိုက်လိုင်းများမှ ရေနံနှင့်သဘာဝဓါတ်ငွေဖြတ်သန်းပါက မီးအပူရှိန်တို့ကြောင့် ပေါက်ကွဲမည်ကို စိတ်ပူမိကြောင်း ပြောသည်။

 

 

ထို့ပြင် သီပေါဒေသဘော်ကြိုမြို့နယ်အတွင်းရှိ ဆားချက်လုပ်ငန်းများကြောင့် မြေအောက်ရှိ ဆားဓါတ်များကြောင့် ပိုက်လိုင်းများ ပေါက်ကွဲမည်ကိုလည်း စိုးရိမ်မိကြောင်း သီပေါမြို့က ဒေသခံ ပြည်သူတစ်ဦးက ပြောသည်။

 

 

အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိရန်နှင့် ၎င်းစီမံကိန်းအား  စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားရန်  လိုအပ်ကြောင်း ပိုက်လိုင်းဖြတ်သန်းသွားရာ နယ်မြေအသီးသီးမှ ဒေသခံများက ပြောဆိုကြသည်။

 

 

ထိုကျောက်ဖြူရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ သဘာဝဓါတ်ငွေ့များ တူးဖော်လျှက်ရှိပြီး ၎င်းသဘာဝဓါတ်ငွေ့ ပိုက်လိုင်းနှင့်အပြိုင် ရေနံပိုက်လိုင်းကို ယှဉ်တွဲဖောက်လုပ်လျှက်ရှိကြောင်း သိရသည်။

ထိုစီမံကိန်းကို ဆောင်ရွက်လျက်ရှိသော တရုတ်ကုမ္ပဏီအနေဖြင့် ပိုက်လိုင်းနှင့်ပတ်သက်ပြီး ဒေသခံပြည်သူတို့အပေါ် အသိပညာပေးခြင်း မရှိသလို၊ ဒေသခံပြည်သူတို့မှ ပိုက်လိုင်းအပေါက်များ ဆက်ကြောင်းများအကြောင်း ပြောလျှင်လည်း အရေးယူ တုန့်ပြန်ခြင်း မရှိဟု ဒေသခံပြည်သူတို့က ပြောသည်။

 

 

`ကုမ္ပဏီကို ပြောတာပဲ တာဝန်ခံလားဘာလားတော့ မသိဘူး၊ ပိုက်ပေါက်နေတယ် လို့ ပြောတော့ သူတို့က ဘာမှ မဖြစ်သလိုပဲ။ နောက်တော်တော်ကြာမှ ရော်ဘာနဲ့ လာပိတ်တယ်၊ ကျနော်တို့က စိတ်ပူပေမဲ့ သူတို့ကတော့ စိတ်မပူဘူးလို့ ကျနော်မြင်တယ်` ဟု  နမ်းခမ်းမြို့က ဒေသခံက ပြောသည်။

 

 

ထိုပိုက်လိုင်း၏ သုံးပုံတစ်ပုံသည် ရှမ်းပြည်နယ်ထဲ သို့ ဖြတ်သန်းသွားပြီး ဧက ၂၀၀၀(နှစ်ထောင်) ကျော် သစ်တောနဲ့ လယ်မြေတို့ကို ဖြတ်သန်းသွားကြကြောင်း သိရှိရသည်။

အဆိုပါ စီမံကိန်းစတင်စဉ်ကတည်းက လယ်မြေများ၊ဥယျာဉ်မြေများကို ဒေသခံများအနေဖြင့် ဆုံးရှုံးခဲ့ရသလို၊ နမ်းခမ်းတောင်ပိုင်းရှိ မိုင်းဝီးတွင် ပိုင်းလိုင်းကြောင့် ရေပေးရေး လမ်းကြောင်း ထိခိုက်သွားခဲ့ပြီး ဒေသခံများ ရေရရှိမှု အကြပ်အတည်းနှင့် ကြုံခဲ့ရကြောင်း သိရှိရသည်။

 

 

`ဒီပိုက်လိုင်းတွေနဲ့ပတ်သက်ပြီး ကျနော်တို့ရဲ့ ပေးဆပ်ရမှုကတော်တော်ကြီးပါတယ်၊ အဲဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ ဒီစီမံကိန်းကို ပြန်ပြီး စစ်ဆေးသုံးသပ်ပေးစေလိုပါတယ်။ ဒီစီမံကိန်းမှာ ရှိတဲ့ အားနည်းချက်တွေကိုလည်း ပြန်လည် စီစစ်ပေးဖို့နဲ့ ပိုက်လိုင်းဖြတ်သန်းရာတစ်လျှောက်လုံး ဒေသခံတွေ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စစ်ဆေးပေးဖို့ကို နိုင်ငံတော်အစိုးရကို မေတ္တာရပ်ခံချင်ပါတယ်`ဟု နောင်ချိုမြို့နယ်မှ ကိုဝင်းမြင့်က ပြောသည်။

 

 

မြန်မာနိုင်ငံအတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းနိုင်ရန်အတွက် လယ်ယာမြေ၊ အိုးအိမ်ဥယျာဉ်များကိုသာမက ကာကွယ်တောများ၊ ကြိုးဝိုင်းသစ်တောများကိုပါ ပယ်ဖျက်ပေးခဲ့ရပြီး ထိုသို့ပယ်ဖျက်မှုများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ရုံသာမက  ဒေသခံများအတွက် ရေနံပိုက်လိုင်းနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ ဖြစ်ပွားနိုင်သည့် ပေါက်ကွဲမှုဆိုင်ရာ အန္တရာယ်များအား အသိပညာပေးရန်နှင့် ရေနံယိုဖိတ်မှုဆိုင်ရာ ပြဿနာများအား ဖြေရှင်းနိုင်ရေးဆောင်ရွက်ထားမှုရှိမရျှိ သိရှိရန်လိုအပ်ကြောင်း  မြန်မာ-တရုတ် ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီမှ ပညာရှင်တစ်ဦးက ပြောသည်။

 

 

အဆိုပါ ကျောက်ဖြူရွှေသဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို တရုတ်နိုင်ငံ CNPC (China National Petroleum Corporation) (CNPC)ကုမ္ပဏီမှ အဓိကဆောက်လုပ်လျှက်ရှိပြီး ၂၀၀၉ ခုနှစ်မှစတင်ကာ  မြန်မာအစိုးရနှင့်  သဘောတူစာချုပ် ချုပ်ဆိုလုပ်ကိုင်ထားကြောင်းသိရသည်။

ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ဆက်သွယ်ထားသည့် အဆိုပါသဘာဝဓါတ်ငွေ့ပိုက်လိုင်းသည် ရခိုင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေး၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းကာ တရုတ်နိုင်ငံတွင်းသို့ ၀င်ရောက်သွားခြင်းဖြစ်သည်။

 

 

အဆိုပါ ရေနံပိုက်လိုင်း စီမံကိန်းတွင် တရုတ်နိုင်ငံ CNPC- SEAP မှ ၅၀  ဒသမ  ၉ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံ၊ စွမ်းအင်ဝန်ကြီးဌာနမှ ၄၉  ဒသမ ၁ ရာခိုင်နှုန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

 

မြန်မာနိုင်ငံအနေဖြင့်  ရေနံပိုက်လိုင်းဖြတ်သန်းခ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၀၉၅ သန်းနှင့် ရေနံတစ်စည်ဖြတ်သန်းခလျှင် အမေရိကန် တစ်ဒေါ်လာသာ ရရှိမည်ဖြစ်ကာ  တစ်နှစ် ရေနံစည် ၂၂ သန်း တင်ပို့မည်ဖြစ်သည့်အတွက်  နှစ်စဉ်ရေနံ တင်ပို့ခ ၂၂ သန်းရရှိမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရှိရသည်။

 

 

မြန်မာနိုင်ငံ၏ မြို့နယ်ပေါင်း ၂၁ မြို့နယ်အား ဖြတ်သန်းသွားသည့် ပိုက်လိုင်းအား မြေအောက်မြှုပ်နှံရာတွင် နိုင်ငံတကာစံနှုန်းဖြစ်သည့် ပိုက်လုံးအထက် ၅ မီတာရောက်အောင် မြေမြှုပ်ရန်မှာ  ကုန်ကျစရိတ်များပြားသည့်အတွက် ပိုက်လိုင်းအထက် ၁ ဒသမ ၂ မီတာအထိသာ  မြေမြှုပ်ခဲ့ပြီး အဆိုပါ ပမာဏမှာ လုံလောက်သည့် ပမာဏဖြစ်သည်ဟုလည်း မြန်မာနိုင်ငံ အခြေစိုက် CNPC ကုမ္ပဏီမှ စီမံကိန်းမန်နေဂျာ Mr.Cheng  Huan Lai က  မီဒီယာကို ပြောသည်။

 

 

သို့သော်လည်း အဆိုပါကုမ္ပဏီအနေဖြင့် EIA, SIA စစ်တမ်းများအား လိုက်နာမှုမရှိသဖြင့်  မြန်မာနိုင်ငံ အနေဖြင့်  နစ်နာမှုများစွာ ကြုံတွေ့ခဲ့ရကြောင်း ပြည်ပအခြေစိုက် Shwe Gas Movement က လက်ရှိအခြေအပေါ်တွင် မူတည်ပြီး သုံးသပ်လျက်ရှိသည်။


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။