Wednesday, May 8, 2013

မြန်မာနိုင်ငံတွင် အသက်အာမခံထားသူ သုံးသိန်းခန့်သာရှိ

မြန်မာနိုင်ငံရှိ လူဦးရေ သန်းခြောက်ဆယ်တွင် အသက်အာမခံ ထားရှိသူမှာ သုံးသိန်းခန့်သာရှိကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက မေ ၅ ရက်တွင် ပြုလုပ်သည့် ကျန်းမာရေးနှင့် အသက်အာမခံဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။

ထိုသို့ အသက်အာမခံ ထားရှိမှု မရခြင်းမှာ အသက်အာမခံ၏ အရည်အသွေး ဆွဲဆောင်မှု နည်း၍သော်လည်းကောင်း၊ ဖြန့်ချိမှုချို့ယွင်း၍သော် လည်းကောင်း၊ နှစ်မျိုးလုံးကြောင့်သော် လည်းကောင်း၊ အသက်အာမခံ ထားရှိမှု နည်းပါးခြင်းဖြစ်ကြောင်း ၎င်းက ထောက်ပြပြောကြားခဲ့သည်။

ထို့ကြောင့် ပြည်သူများ စိတ်ဝင်စားမှုရှိမည့် အသက်အာမခံ ပေါ်လစီမျိုးကို တီထွင်၍ ထိရောက်သော ဖြန့်ချိမှု ပြုနိုင်ရန် သုတေသန ပြုလုပ်ရမည်ဖြစ်ကြောင်း၊ Statistical Modelling မျိုး လုပ်ကြည့်ရန် လိုအပ်ကြောင်း ၎င်းက အကြံပြု ပြောကြားခဲ့သည်။      

"အသက်အာမခံ လုပ်ငန်းကို တိုးတက်အောင် ဆောင်ရွက်သွားဖို့ ရှိပါတယ်။ နိုင်ငံခြားမှာဆို မွေးကတည်းက အသက်အာမခံ ထားကြတယ်။ ဒီမှာက အခြေခံကို မသိတာ မဟုတ်ဘူး။ သိတယ်။ မထားကြတာ။ အဲဒါကြောင့် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် ပြည်သူတွေ စိတ်ဝင်စားမှု ရှိလာအောင် ကျောင်းတွေမှာ ဟောပြောပွဲတွေ လုပ်မယ်။ အသက်အာမခံကြေးကိုလည်း အာမခံထားတဲ့ လူတွေက မူရင်းအာမခံကြေးထက် ပိုရအောင် ပေးနိုင်ဖို့ဆိုတဲ့ နည်းနဲ့ ဆွဲဆောင်ဖို့ စဉ်းစားထားပါတယ်" ဟု မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ပြောသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။