Tuesday, June 11, 2013

RCSS/SSA အဖွဲ့ နိုင်ငံတော်သမ္မတကို ငြိမ်းချမ်းရေး ဗုဒ္ဓရုပ်ပွားတော် လက်ဆောင်ပေး

ငြိမ်းချမ်းရေး အတွက် အဖြေရှာရန် နိုင်ငံတော် သမ္မတကို လာရောက် တွေ့ဆုံသည်ဟု ဆိုသော ရှမ်းပြည်တောင်ပိုင်း တပ်မတော် RCSS/SSA အဖွဲ့သည် ငြိမ်းချမ်းရေး အဓွန့်ရှည်စေရန် ရည်ရွယ်ချက် ဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ဗုဒ္ဓ ရုပ်ပွားတော်တစ်ဆူ လက်ဆောင် ပေးခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးနှင့် နီးစပ်သူများက The Voice သို့ ပြောကြားသည်။ ဇွန်လ ၁၀ ရက်နေ့က နေပြည်တော်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် RCSS/SSA အဖွဲ့၏ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်တို့ တွေ့ဆုံစဉ် ဗုဒ္ဓရုပ်ပွားတော်ကို ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။RCSS/SSA အဖွဲ့ နိုင်ငံတော်သမ္မတကို ငြိမ်းချမ်းရေး ဗုဒ္ဓရုပ်ပွားတော် လက်ဆောင်ပေး

အဆိုပါ ဗုဒ္ဓရုပ်ပွားတော်ကို နေပြည်တော်တွင် တည်ဆောက်မည့် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ ပုံစံတူ သတ္တသတ္တာဟ စေတီတော်တွင် ငြိမ်းချမ်းရေး အထိမ်းအမှတ်ဖြင့် တည်ထား ကိုးကွယ်သွားမည် ဖြစ်ကြောင်း ယင်းတွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက ပြောကြားသည်။ မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေး အဓွန့်ရှည်ရန်နှင့် ဗုဒ္ဓ၏ တရားတော်အတိုင်း တိုင်းရင်းသား အချင်းချင်း မေတ္တာတရားဖြင့် တုံ့ပြန့်ရန် တိုက်တွန်းလိုသဖြင့် ဆင်းတုတော် လက်ဆောင်ပေးရခြင်း ဖြစ်သည်ဟု ဒုတိယ ဗိုလ်ချုပ်ကြီးရွက်ဆစ်က အဆိုပါ ဗုဒ္ဓရုပ်ပွားတော်ကို နိုင်ငံတော် သမ္မတအား ပေးအပ်စဉ် ပြောကြားသွားကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အဆိုပါ ဗုဒ္ဓရုပ်ပွားတော် လက်ဆောင်ပေးသည့် ဓလေ့သည် ရှမ်းတိုင်းရင်းသားများ ခင်မင် ရင်းနှီးသည့် မိသားစု အချင်းချင်း ပေးအပ်လေ့ ရှိကြောင်း ပင်လောင်းမြို့ဇာတိ အသက် ၃၀ ကျော် အရွယ်ရှိ ပအို့ဝ် တိုင်းရင်းသား တစ်ဦးက ရှင်းပြသည်။ အပစ်အခတ် ရပ်စဲရေး သဘောတူခဲ့သည့် နောက်တစ်နှစ်ကျော် ကာလအတွင်း တပ်မတော်နှင့် SSA တို့ အကြား တိုက်ပွဲပေါင်း ၇၀ ခန့် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲတိုင်းတွင် တပ်မတော်က အပစ်အခတ် ရပ်စဲရေး စာချုပ်ပါ သဘောတူညီချက်များကို လိုက်နာခြင်း မရှိကြောင်း RCSS/SSA က ထုတ်ပြန်ထားသည်။ 

ရွှေမြန်မာများကို ကူညီပါ

အားလုံးလိုလို ငြိမ်သက် နေကြချိန်မှာ - မိတ်ဆွေကြီး ဆရာကျောင်းနဲ့ ကိုဇော်တို့က လေယာဉ်အခမဲ့စီးပြီး အထုတ်အပိုးနဲ့ ပြန်လာ နိုင်ဖို့၊ ဒိုင်းဆို စစီစဉ်ပေးလိုက်တော့ မလေးရှားရောက်ရွှေမြန်မာများ နတ်ရေကန်ထဲကျသွား သလို ပျော်ရွှင်ကြရပါတယ်တဲ့။ ကျနော်လည်း တညလုံး KL ကရွှေမြန်မာများ mail ပို့တာ Fb ကမေးတာပြန်ကြားနေရတာနဲ့ အပျော်တွေကူးဆက်ပြီး မအိပ်လိုက်ရပါဘူး….။

ဒီမှာ … ပျော်ရ ပြန်ရတော့မယ်ဆိုမှ အခက်အခဲကြီး တစ်ခုက ရှိနေပြန်သေးတယ်လို့ ပြောလာကြပါတယ်။ ပတ်စ်ပို့ကိစ္စပါ။ ကွာလာလမ်ပူရောက် မြန်မာလုပ်သား အများစုကပတ်စ်ပို့ကိစ္စ အ၀၀ကို Agent နဲ့ဘဲ ဆောင်ရွက် လေ့ရှိပါတယ်။ ဘာကြောင့် သံရုံးကိုအားမပြုရတာလည်းဆိုတာတော့ အားလုံးသိပြီးသားမို့ ရှင်းပြမနေ တော့ပါဘူး။ အခုဖြစ်နေတာက မလေးရှားရောက် ရွှေမြန်မာအများစု ပြန်လာခွင့်ရပြီဆိုရင်တောင် Pass Port Inhand မရှိလို့ KLအပြင် မထွက်ရဲဘဲ တံခါးပိတ်ပြီး ခေါင်းမြီးခြုံအိပ်နေရတဲ့ ဘ၀ရောက်နေ ကြတာပါ……..

KL က ရဲနဲ့လ၀ကတွေက အခု ကတွတ်ပေါက်က ဗျိုင်းစောင့်သလို ဗမာမြင်ရင် ရစ်ဖို့၊ လှီးဖို့ ၊ စောင့်နေ၊ ရှာနေ ဖမ်းနေကြလေရဲ့။ သူတို့ ရဲနဲ့ လဝကတွေ ရစ်ပုံကအကြမ်းသား၊ ကျနော်ကိုယ်တိုင် KL က မကြာခင်ကမှ ပြန်လာတာမို့ ကောင်းကောင်းသိနေတယ်။ မလေးရှားမှာကလည်း မြန်မာအချင်းချင်း ဖျံကျသူတစ်ချို့ရှိလို့နေပြန်တယ်။

KL မှာ ရုတ်ရုတ်သဲသဲ ဖြစ်တယ်လည်းကြားရော။ Agent ဆိုတဲ့မောင်တွေက ပတ်စ်ပို့ကိစ္စ ဘာမှမရှင်း၊ ဘာမှ တာဝန်မယူတော့ဘဲ အစောဆုံး ပြန်လစ်လာကြတယ်။ ကျန်ခဲ့တဲ့ ရွှေမြန်မာများခမျာ PP မရှိ၊ ထောက်ခံစာမဲ့ လာကတည်းက ခိုးကြောင်ခိုးဝှက် နေထိုင်ရုန်းကန်ရင်း ငွေရှာနေကြရသူတွေဆိုတော့ ''မြန်မာမြင် ရိုက်ချင်ပါစေ'' ဖြစ်အောင် ဖန်တီးထားတဲ့ ဒီလိုကာလမှာ အကုန်လုံးငုတ်တုတ်မေ့ ရပါလေ ရော။ ကျနော့်ကို ဆက်သွယ်လာတဲ့ မလေးရှားရောက်မြန်မာ လူမှုရေးအသင်းက ညီငယ်ပြောတဲ့ အတိုင်းဆိုရင် " သူတို့တွေကို နေ့ရောညပါ Watch အလုပ်ခံနေရတယ်၊ စနစ်တကျ လုယက်သတ်ဖြတ်နေတယ်၊ သူတို့အတွက် ဂွင်တွေကြီးဘဲ'' လို့ဆိုတယ်။

နဂိုကမှ ပုန်းလျှိုးကွယ်လျှိုးနေထိုင်ရုန်းကန်နေကြရတဲ့အထဲ ပတ်စ်ပို့တွေယူပြေးခံရပြီဆိုတော့ ရွှေမြန်မာတွေဘ၀က " သူတို့လက်ထဲက ရေလုံးလုံးဖြစ်သွားရရှာပါပြီ" အသတ်ခံရတဲ့အလောင်းတွေ သံရုံး Certificate မရလို့ မသဂြိုလ်နိုင်သေး၊ လက်ထဲမှာ အထောက်အထားဘာမှမရှိလို့ အပြင်လဲမထွက်ရဲ၊ အလုပ်မလုပ်ကြရတော့လို့ စားဖို့၊ သောက်ဖို့ငွေ ကလည်းမရှိတော့ ဒီလိုအခြေအနေဆိုးမျိုး မှာ အခမဲ့လေယာဉ်ကြီးတွေ KL လေဆိပ်မှာထိုးထား ဦးတော့ သူတို့ မဆင်းရဲ၊ မစီးရဲတော့ဘူးဖြစ်နေရပါတယ်။ ဒီ မနက်ရတဲ့သတင်းတွေအရ လက်ကျန်ပွဲစား အချို့က ပြန်ချင်ရင် Immigration နဲ့ညှိပေးမယ်။ လက်ဗွေနှိပ်ပြီးပြန်ရမယ်။ တစ်ယောက်ကို ရင်းဂစ် ၁၆၅၀ ဗြောင်တောင်းနေကြတယ်လို့ ဆိုပါတယ်။ ဗူးလေးရာဖရုံဆင့်ပါဘဲ…..။

KL မှာ Master တန်းတက်နေတဲ့ အင်ဂျင်နီယာကျောင်းသူတစ်ဦးက " သမီးဆီကို ညပိုင်း ဘယ် ကမှန်းမသိတဲ့ ဖုန်းတွေနဲ့ Threat လုပ်နေပါတယ်။ မြန်မာတွေ နံပါတ်ပေးလိုက်တာလည်း ဖြစ်နိုင်တယ်၊ ဒီကမြန်မာမိန်းကလေးအများစုက တစ်ယောက်တည်း၊ နှစ်ယောက်တည်း အခန်းငှားနေရတာ သိပ်အန္တရာယ်များနေပါတယ်" လို့လှမ်းပြောလို့ နောင်တော် စစ်သံမှူးထံ ညတွင်းချင်း ကယ်ပါယူပါလို့ လှမ်းအကူအညီတောင်းလိုက်ရပါတယ်။ ဒီိလိုအခြေအနေဆိုးတွေပြည့်နှက်နေချိန်မှာ မိတ်ဆွေကြီးများအနေနဲ့ ငွေကူတာ၊ လေယာဉ်ကူ တာတွေအပြင် အလိုအပ်ဆုံးတစ်ခုကတော့ ပိတ်ထားတဲ့ တံခါးပေါက်တွေဖွင့်ပေးဖို့၊ အမှောင်ခန်းတွေ လင်းပေးဖို့အတွက် ကြားဝင်စေ့စပ်၊ ညှိနှိုင်း၊ ဆွဲထုတ်ပေးမဲ့ "တတိယအဖွဲ့အစည်းတစ်ခု" လိုအပ်လာ ခြင်းပါဘဲ။

ဟိုမှာ ငရဲခန်းလို ဖြစ်နေရရှာသူ တချို့ ပြန်ဆွဲထုတ်လာပေးဖို့အရေးကြီးတာပါ။ ဒီရောက်မှ ပတ်စ်ပို့မပါလို့ အရေးယူခံရတာက တစ်ပိုင်းဖြစ်ပါတယ်။ ဒါလည်း ပတ်စ်ပို့ကိစ္စ၊ လ၀ကကိစ္စတွေမှာ လူသားချင်းစာနာမှုအပြည့်နဲ့ ကူညီပေးလေ့ရှိတဲ့ ၀န်ကြီးများရှိနေတာမို့ စာနာကူညီကြမှာပါလို့ ကျနော် ကတော့ ညီ၊ ညီမငယ်တွေကို ဖြောင်းဖျထားပါတယ်။ တကယ်လည်း တာဝန်ရှိလူကြီးများမှ ၀ိုင်းဝန်း ကူညီကြမှာကို ၀မ်းမြောက်ဝမ်းသာဖွယ်ကြားသိနေရပါပြီ …..။ အချိန်သိပ်မရှိတော့ပါ….. မြန်မြန်လေးဝိုင်းဝန်းကူညီကြရအောင်လားဗျာ…။ 

ပြည်သူ့ရင်ပြင်တွင် ရေကစားနေသူကို ရဲက ဓားဖြင့်ထိုး

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင် အပန်းဖြေ ဥယျာဉ် အတွင်းရှိ  ရေလွှာ လျှောစီး ကစားကွင်းတွင် ဇွန်လ ၉ ရက်ညနေ ၅ နာရီခန့်က ရေကစားနေသူ တစ်ဦးကို ရဲတပ်သားတစ်ဦးက ဓားဖြင့် ထိုးမှု ဖြစ်ပွား ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။ 

ပြည်သူ့ရင်ပြင် ရေလွှာလျှောစီး ကစားကွင်းတွင် မအေးထူး (ခ) မဂျူးဝေနှင့် သူငယ်ချင်း ခုနစ်ဦး ရေကစားနေစဉ် ၂၄ နှစ်အရွယ် ရဲတပ်သား ဇင်မင်းသူက မအေးထူး (ခ) မဂျူးဝေကို ရေဖြင့်ပက်၍ စနောက်ရာ မအေးထူးနှင့် အတူ လိုက်ပါလာသည့် သူငယ်ချင်းများနှင့် စကားများ ရန်ဖြစ်စဉ် ရဲတပ်သားက အသင့်ယူလာသည့် ဓားဖြင့် သူငယ်ချင်း တစ်ဦးဖြစ်သူ အသက် ၂၈ နှစ် အရွယ် ကိုမျိုးမင်းဇော်၏ ဝမ်းဗိုက်ကို ထိုးခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူး ရုံး၏ ထုတ်ပြန်ချက် အရ သိရှိရသည်။

ဓားဖြင့်ထိုးသူ ရဲတပ်သားသည် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ တိုင်းအကူ တပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ (၁) တွင် တာဝန်ကျ နေသူ ဖြစ်ပြီး မိမိ၏ သဘော ဆန္ဒဖြင့် တာဝန်ချ ထားသည့် နေရာမှ ထွက်ခွာကာ ပြည်သူ ရင်ပြင်တွင် သွားရောက် ရေကစားနေခြင်း ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။ ဓားဖြင့် ထိုးခံရသူကို ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ ကုသလျက် ရှိပြီး ရဲတပ်သားကို (ပ) ၁၉၂/၁၃၊ ပုဒ်မ-၃၂၆ ဖြင့် အမှုဖွင့် အရေးယူ ထားကာ ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေနှင့်ပါ ထပ်မံ အရေးယူသွားမည် ဖြစ်ကြောင်း ဒဂုံမြို့နယ် ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။ 

 

မြန်မာနှင့် ဂျပန်၊ သြစတြေးလျ၊ ထိုင်းကုမ္ပဏီတို့ ပူးပေါင်းကာ ကမ္ဘာအေးဘုရား လမ်းပေါ်တွင် ၂၇ ထပ်ရှိ ကားပါကင်၊ ဈေးဝယ်စင်တာများ ပါဝင်သော အထပ်မြင့် အဆောက်အအုံတစ်ခု ဆောက်မည်


6.10.4

KABAR AYE EXECUTIVE RESIDENCE ၏ ပုံစံငယ်အား တွေ့ရစဉ်

မြန်မာနှင့် ဂျပန်၊ သြစတြေးလျ၊ ထိုင်း ကုမ္ပဏီတို့ ပူးပေါင်းကာ ကမ္ဘာအေးဘုရား လမ်းပေါ်တွင် ၂၇ ထပ်ရှိ အထပ်အမြင့် အဆောက်အအုံတစ်ခု တည်ဆောက်မည် ဖြစ်ကြောင်း အကျိုးတူ ဆောက်လုပ်မည့် Living Square Co.,Ltd ထံမှ သိရသည်။

အမှတ်(၆၅) မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရား လမ်းပေါ်တွင် အဆိုပါ ၂၇ ထပ်ရှိ အဆင့်မြင့် အဆောက်အအုံကို တည်ဆောက်မည်ဖြစ်ပြီး ကားပါကင်အဖြစ် မြေအောက်ထပ် သုံးထပ်နှင့် အထပ်ငါးမှ ခုနစ်အထိ သုံးထပ် စုစုပေါင်း ခြောက်ထပ်၊ ဈေးဝယ်စင်တာအဖြစ် မြေညီထပ်မှ လေးထပ်အထိ စုစုပေါင်း ငါးထပ်နှင့် ရှစ်ထပ်မှ စတင်ကာ ၁၉ ထပ်အထိ အဆင့်မြင့် အခန်းရှစ်ခန်းစီ ပါဝင်သော အဆောက်အအုံ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အထပ် ၂၀ မှစ၍ ၂၇ ထပ်အထိ ကျန်အထပ်များတွင် Fitness Centre, Coffee Bar နှင့် မိုးမျှော် တိုက်ခန်းများအဖြစ် ထည့်သွင်း ဆောက်လုပ်ထားကာ Architectual Design ကို ဂျပန်မှ MS Group, Structural and M&E Design ကို သြစတြေးလျ Meinhardt တို့မှ မြန်မာနိုင်ငံရှိ Living Square Co.,Ltd. နှင့် ပူးပေါင်းဆောက်လုပ်မည် ဖြစ်ကြောင်း သိရသည်။

''အချိန်အားဖြင့်တော့ နှစ်နှစ်ကျော်လောက် ကြာမယ်။ အခုကတော့ Soil Test တွေစလုပ်နေပါပြီ''ဟု Living Square Co.,Ltd. မှ Technical Manager တစ်ဦးက ဆိုသည်။

အဆိုပါ အဆောက်အအုံတွင် မီးဘေးအန္တရာယ် ကာကွယ်မှုစနစ်၊ အမှိုက်တိုက်ရိုက် စွန့်ပစ်စနစ်နှင့် အရစ်ကျ ၀ယ်ယူစေခြင်းများ၊ အခန်းတိုင်းတွင် ပရိဘောဂ အပြည့်အစုံ ပါရှိခြင်းအပြင် အပေါ်ဆုံးထပ်တွင် အရေးပေါ် ကိစ္စများအတွက် ရဟတ်ယာဉ်တစ်စင်းစာ ဆင်းနိုင်သော ကွင်းအထိ ပြုလုပ်ပေးထားကြောင်းလည်း သိရသည်။

ယင်းလူနေအိမ်ခန်းများသည် အနည်းဆုံး စတုရန်းပေ ၁၁၀၀ မှ အများဆုံး ၃၀၀၀ ကျော်အထိ ကျယ်ဝန်းမည်ဖြစ်ကာ အကြမ်းဖျင်းဈေးနှုန်းမှာ အနည်းဆုံး သိန်း ၃၀၀၀ ကျော်မှ အများဆုံး သိန်း ၇၅၀၀ ကျော်အထိ ကျသင့်မည်ဟု ခန့်မှန်းတွက်ချက်ထားကြပြီး KABAR AYE EXECUTIVE RESIDENCE ဟု အမည်ရှိ ယင်းအဆောက်အအုံကို ယခုနှစ် ဇွန်လမှစတင်ကာ ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အစိုးရတွင် ဘတ်ဂျက် မလုံလောက်သဖြင့် မြေနီကုန်းနှင့် မရမ်းကုန်း ရှစ်မိုင်တွင် ခုံးကျော်တံတား တည်ဆောက်ရန် အစီအစဉ် ရပ်ဆိုင်းထား


6.10.7

ခုံးကျာ်တံတား တည်ဆောက်ရန် စီစဉ်ခဲ့သည့် နေရာတစ်ခုဖြစ်သော မရမ်းကုန်း ရှစ်မိုင်လမ်းဆုံအား ဇွန် ၁၀ ရက် ညနေပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စမ်းချောင်းမြို့နယ် မြေနီကုန်းလမ်းဆုံနှင့် မရမ်းကုန်းမြို့နယ် ရှစ်မိုင်လမ်းဆုံတို့တွင် ခုံးကျော်တံတား တည်ဆောက်ရန် အစီအစဉ် ရှိသော်လည်း ယခုအချိန်တွင် တည်ဆောက်ရန် အစီအစဉ်အား ရပ်ဆိုင်းထားကြောင်း The Daily Eleven News သို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးလှမြင့်က ပြောကြားခဲ့သည်။

အဆိုပါ ခုံးကျော်တံတားနှစ်စင်း တည်ဆောက်ရန် အစီအစဉ် ရပ်ဆိုင်းထားရသည့် အဓိက အကြောင်းရင်းမှာ ကုန်ကျနိုင်မည့် ငွေကြေးပမာဏသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဌာနတွင် လုံလောက်စွာ မရှိခြင်းကြောင့်ဟု မြို့တော်ဝန်ထံမှ သိရှိရသည်။


ကုန်ကျမယ့် စရိတ်က အရမ်းကို များပါတယ်။ ကုန်ကျမယ့် ပမာဏက ကျွန်တော်တို့ စည်ပင်ဌာနနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့မှာ ဘတ်ဂျက်မရှိဘူး။ ဒါပေမဲ့ ငွေကြေးစိုက်ထုတ်ပြီးတော့ ဆောက်မယ့် ကုမ္ပဏီရှိရင် စိစစ်ပြီးတော့ လက်ခံသွားပါမယ်။ အခုအချိန်မှာတော့ တည်ဆောက်မှုကို ခေတ္တရပ်ဆိုင်းထား...


 

အစီအစဉ် ရပ်ဆိုင်းထားရခြင်းနှင့် ပတ်သက်၍ ရန်ကုန်မြို့တော်ဝန် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးလှမြင့်က ''တံတားတည်ဆောက်တဲ့ အခါမှာ ကုန်ကျမယ့် စရိတ်က အရမ်းကို များပါတယ်။ ကုန်ကျမယ့် ပမာဏက ကျွန်တော်တို့ စည်ပင်ဌာနနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့မှာ ဘတ်ဂျက်မရှိဘူး။ ဒါပေမဲ့ ငွေကြေးစိုက်ထုတ်ပြီးတော့ ဆောက်မယ့် ကုမ္ပဏီရှိရင် စိစစ်ပြီးတော့ လက်ခံသွားပါမယ်။ အခုအချိန်မှာတော့ တည်ဆောက်မှုကို ခေတ္တရပ်ဆိုင်းထားတယ်။ ဒါပေမဲ့ အကြာကြီးတော့ မဟုတ်ဘူး။ ပြည်ထောင်စု အဆင့်က ဘတ်ဂျက်ရရင်လည်း တည်ဆောက်ဖို့ စီစဉ်ထားပါတယ်''ဟု ပြောကြားခဲ့သည်။

ယခုအချိန်တွင် မြေနီကုန်းနှင့် မရမ်းကုန်းတို့၌ ခုံးကျော်တံတား တည်ဆောက်မှု ရပ်ဆိုင်းထားသော်လည်း တရုတ်ကုမ္ပဏီတစ်ခုနှင့် ပြည်တွင်းမှ ကုမ္ပဏီတစ်ခုတို့ ပူးပေါင်းပြီး ဆာဗေးဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း တည်ဆောက်နေသည့် ရွှေဂုံတိုင် ခုံးကျော်တံတားမှာ ပတ်ဝန်းကျင်ရှိ အဆောက်အအုံများနှင့် ငြိစွန်းမှုများ ဖြစ်ပေါ်နေမှုကြောင့် မကြာခဏ ဒီဇိုင်းများ ပြန်လည်ရေးဆွဲ နေရသဖြင့် အချိန်ကြန့်ကြာ နေရသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးလှမြင့်က ပြောကြားခဲ့သည်။

ရွှေဂုံတိုင် ခုံးကျော်တံတား တည်ဆောက်မှုကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း အပြီးတည်ဆောက်ရန် စီစဉ်ထားသော်လည်း ၂၀၁၃ ခုနှစ် နှစ်ဝက်ပိုင်းအထိ တည်ဆောက်မှုမှာ ရာခိုင်နှုန်း အနည်းငယ်သာ ပြီးစီးနေသေးကြောင်း သိရသည်။

7.6.2013 မှ 13.6.2013 ထိ ၇ ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

ဆန္ဒမစောသင့်ပါ။ အသွားမတော် တလှမ်း အစားမတော်တလုတ် အပြောမတော် တစ်ခွန်းဆိုသကဲ့သို့ ဖြစ်ကိန်းရှိတယ်။ စေတနာနှင့်ပြောဆိုခြင်းများ သည် ဝေဒနာ ဖြစ်တတ်သည်။ စိတ်ရှည်သည်းခံခြင်းဖြင့် အောင်မြင်မှု့ ရမည်။ စပ်တူရှယ်ယာလုပ်ငန်း မကောင်းနိုင်သေးပါ။ အလုပ်ကိစ္စ ၊ ပညာရေးကိစ္စ ဖြေဆိုမှု့ များ မုချအောင်မြင်မည်။ လုပ်ငန်းပြောင်းလဲမှု့ ရာထူးတက်မှု နေရာရွှေ့ပြောင်းမှု့ ဖြစ်မည်။ မင်္ဂလာလက်ထပ်ပွဲ အောင်မြင်စွာ နွှဲဖြစ်မည်။ မိသားစု စိတ်ဝမ်းကွဲ မည်။

အကျိုးပေးဂဏန်း - ၄ ၊ ၅ ၊ ၃။

အထူးဟော - အတိုက်အခံရှိသည်။

ယတြာ - ခိုများ ငှက်များအစာကျွေးလိုက်ပါ။

 

တနင်္လာ

          ရည်ရွယ် ၊ ရည်မှန်းချက်များ စိတ်ကူးဆန္ဒများ အကောင်အထည်ဖော်အောင်မြင်မည်။ အလုပ်ကိစ္စ စာမေးပွဲ ၊ ပညာရေး ဖြေဆိုမှု့ များမုချအောင်မြင်မည်။ ခရီးယာယီ ၊ ခရီးဝေးသွားရလိမ့်မည်။ အလုပ်နေရာ ပြောင်းရွှေ့ဖြစ်မည်။ ပြောင်းရသော နေရာကောင်းသည်။ ကား ၊ စက် တို့ဝင်မည်။ မရောက်ဘူးသောခရီး မတွေ့ဘူးသော အပေါင်းအသင်း တွေ့ကြုံမည်။ လူယုံထား၍ ငွေမချေးရ။ ပြန်မရနိုင်ပါ။ ကိုယ်ပိုင် စီးပွားရေး အောင်မြင်မည်။ ရှယ်ယာမလုပ်သင့်ပါ။ မြေ၀င် ၊ အိမ်ဆောက်၊ အိမ်ပြောင်းရမည်။ ကောင်းသည်။    

အကျိုးပေးဂဏန်း - ၂ ၊ ၄ ၊ ၈။

အထူးဟော - ၀င်ငွေကောင်းလာမည်။

ယတြာ - ငါးကလေးတွေ ရေများသော နေရာ လွှတ်ပါ။   

 

အင်္ဂါ

          စွန့်စားမှု ၊ စူးစမ်းမှု့ လွတ်လပ်စွာ လုပ်ကိုင်မှု့ များပြုလုပ်ခြင်း အောင်မြင်မှု့များရမည်။ လုပ်ငန်းဟောင်းအပြင် လုပ်ငန်းသစ် လုပ်ရမည်။ အချစ်ဟောင်း အပြင် အချစ်သစ်တွေ့မည်။ အချစ်ဟောင်း ၏ ရန်တွေ့ခြင်းခံရမည်။ ခရီးဝေးယာယီ များရောက်မည်။ ရုတ်တရက် ထိခိုက်အနာတရ ကြုံမည်။ စက် ၊ ယာဉ်တို့ပြောင်းလဲ ၀င် ၊ ထွက် မည်။ အိမ်ပြင် ၊ အိမ်ဆောက် ဖြစ်မည်။ စာမေးပွဲ မုချအောင်မြင်မည်။ ချစ်သူထံ မှ လက်ဆောင်ရမည်။ မောင်နှမလို ခင်ရာမှ ချစ်ရေးဆိုခြင်းခံရမည်။ အနောက်အရပ်ခရီးရှောင်ပါ။ ညခရီး သတိထားသွားပါ။       

အကျိုးပေးဂဏန်း - ၃ ၊ ၆ ၊ ၈။

အထူးဟော - ကံကောင်းမည်။

ယတြာ - အင်္ဂါနေ့တွင် ငွေ ၁၀၀ ကျပ် ပံ့သကူပြု၍ လိုရာဆုတောင်းပါ။   

 

ဗုဒ္ဓဟူး

          ထင်ပေါ်ကျော်ကြား မှု့ ၊ လူသိရှင်ကြား ကျော်ဇော်မှု့ လူသိများမှု့ တွေ ဖြစ်လာမည်။ ချစ်သူတွေ လည်းများလာမည်။ အိမ်ထောင်ကျကိန်းရှိသည်။ စာမေးပွဲအောင်မည်။ စက် ၊ ယာဉ် တို့ ၀င်မည်။ စပ်တူရှယ်ယာမလုပ်သင့်ပါ။ မရောက်ဘူးသော ခရီးတွေရောက်မည်။ လက်ဆောင်ရမည်။ ကိုယ်ပိုင်လုပ်ငန်း ဖြင့် ချမ်းသာမည်။ လုပ်ငန်းသစ် လုပ်ရမည်။ ဆွေမျိုး သားချင်းအတွက် စိတ်ရှုပ်ရတတ်သည်။ ငွေဝင်မည်။  

အကျိုးပေးဂဏန်း - ၄ ၊ ၉ ၊ ၆။

အထူးဟော - အောင်မြင်မည်။

ယတြာ - အိမ်ဘုရားကို ရေသက်စေ့ ရေသပ္ပါယ်ပါ။     

 

ကြာသပတေး

          သူများ အရှုပ် ကိုယ့်အရှုပ် ဖြစ်မည်။ လူခင်ခြင်း စိတ်ဝမ်းကွဲ မည်။ ခရီးဝေးယာယီ ရောက်မည်။ လုပ်ငန်းရှယ်ယာ လုပ်ရတတ်သည်။ လူလိမ် ငွေလိမ်ခံရမည်။ ငယ်ရွယ်သူ အတွက် စိတ်ရှုပ်ရမည်။ အချစ်ရေး အဆင်မပြေ တတ်ပါ။ အပေါင်းအသင်း မှားမည်။ ကွက်ကျော်မြင် အကဲခတ်ကောင်းသော်လည်း စိတ်တိုင်းမကျဖြစ်တတ်သည်။ အိမ်ထောင်ကျမည်။ ကြီးသူ ၁ ဦး ချူချာမည်။ မြေစကားပြောရတတ်သည်။ ၀င်ငွေ ၊ ထွက်ငွေ ကြမ်းမည်။ ရည်ရွယ်ချက်များနေမည်။ တစ်ခု ပြီး မှ တစ်ခု လုပ်ပါ။ အောင်မြင်မည်။ ပညာရေး ၊ စာမေးပွဲ အောင်မြင်မည်။

အကျိုးပေးဂဏန်း - ၅ ၊ ၀ ၊ ၃။

အထူးဟော - အဆင်ပြေမည်။  

ယတြာ - အိမ်ဘုရားကို အောင်သပြေ လှူပါ။    

 

သောကြာ

          စိတ်လေနေတယ်။စိတ်မြန်တယ်။ ရည်ရွယ်ချက် များတယ်။ တစ်ခု ပြီး မှ တစ်ခု လုပ်ပါ။ အောင်မြင်မည်။ တယူဿန် ၊ တဇွတ်ထိုး လုပ်ပါက မှားတတ်သည်။ လွတ်လပ်မှု့ လိုလားသည်။ ကွက်ကျော်မြင်တတ်၍ အောင်မြင်မည်။ ခရီးများနေမည်။ အချစ်ရေးမှာ အတင်းအကြပ် တောင်းဆိုမှု့ တွေ ဖြစ်မည်။ အထင်လွဲ စွပ်စွဲခြင်းများခံရမည်။ ရှယ်ယာ မလုပ်သင့်ပါ။ စကားပြောဆင်ခြင်ပါ။ လူယုံမထားရ။ လူပေါင်းမှားမည်။ ခြေ ၊ လက် တို့ ခိုက်မိမည်။ ရည်ရွယ်ချက် မရှိဘဲ ရုတ်တရက် အိမ်ထောင်ကျ မည်။ အလုပ်မှာ အတိုက်အခံ ရှိတယ်။ မလိုသူရှိသည်။ အလုပ်ရာထူး တက်မည်။ စာမေးပွဲအောင်မြင်မည်။       

အကျိုးပေးဂဏန်း - ၆ ၊ ၁ ၊ ၈။

အထူးဟော - ကံကောင်းမည်။

ယတြာ - သောကြာနေ့နံနက်တွင် အိမ်ဘုရားကို သစ်သီး (၉) မျိုး ကပ်လှူပါ။  

 

စနေ

          လုံ့လ ၀ီရိယ ဇွဲကြိုးစား မှု့များ နှင့် အပေါင်းအသင်း ကူညီ မှု့ တို့ အရ သင့်လုပ်ငန်း ၊ သင့်ပညာရေး ၊သင့်စီးပွားရေး အောင်မြင်မည်။ စာမေးပွဲ အောင်မြင်မည်။ ငွေဝင် ၊ ထွက်ကြမ်းမည်။ စက် ၊ ယာဉ် တို့ ၀င်ထွက်မည်။ အလုပ်အကိုင် အဆင်ပြေလာမည်။ အဝေးမိတ် ၊ အနီးမိတ်များလာမည်။ ရှယ်ယာ ကိုယ်ပိုင် လုပ်ငန်း များ လုပ်ဖြစ်မည်။ အောင်မြင်မည်။ မင်္ဂလာလက်ထပ်ပွဲ ရက်ရွှေ့ ရတတ်သည်။ အချစ်ရေး ၊ မင်္ဂလာရေးကောင်းပါသည်။ စီးပွားရေး  ၊ ကျန်းမာရေးကောင်းသည်။ ခြေလက်အနာရတတ်သည်။ ဂရုစိုက်ပါ။ မိသားစုလည်းကောင်းသည်။ လက်ဆောင်တွေရမည်။ ခရီးဝေးရောက်မည်။        

အကျိုးပေးဂဏန်း - ၇ ၊ ၂ ၊ ၀။

အထူးဟော - ထူးချွန်စွာ အောင်မြင်မည် ။

ယတြာ - စနေနေ့ တွင် စနေနေ့ နံနက်တွင် ထီးနီ (၇) လက်လှူပါ။    


မြန်မာနိုင်ငံသို့ ပြန်လာလိုသူများအတွက် မက်စ်မြန်မာဥက္ကဋ္ဌက လေယာဉ်လက်မှတ်ခ ဦးရေ ၁၀၀၀ စာ အခမဲ့ လှူဒါန်းမည်၊ လိုအပ်သည်များ ကူညီရန် ဧရာဝတီ ဖောင်ဒေးရှင်းမှ အမှုဆောင်များ မလေးရှားနိုင်ငံသို့ ယနေ့သွားရောက်မည်

မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာလိုသူ မြန်မာအလုပ်သမားများအတွက် မက်စ်မြန်မာ ကုမ္ပဏီဥက္ကဋ္ဌ ဦးဇော်ဇော်က လေယာဉ်လက်မှတ်ခ လူဦးရေ ၁၀၀၀ စာ အခမဲ့ လှူဒါန်းမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် လက်တလော၌ မလေးရှားတွင် အကြမ်းဖက် တိုက်ခိုက်ခံရမှုများကြောင့် အပါအ၀င် အခက်အခဲ ကြုံနေရသော မြန်မာနိုင်ငံသားများအတွက် လိုအပ်သည်များ ကူညီပေးနိုင်ရန် ဧရာဝတီ ဖောင်ဒေးရှင်းမှ အမှုဆောင်များ ပါဝင်သော အဖွဲ့တစ်ဖွဲ့သည် ယနေ့ (ဇွန် ၁၁ ရက်) တွင် မလေးရှားနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိ၍ ဆေးရုံတက်ရောက် ကုသမှု ခံနေရသူများ အတွက် မက်စ်မြန်မာဥက္ကဋ္ဌက အမေရိကန်ဒေါ်လာ နှစ်သောင်းကို ဇွန် ၁၁ ရက်တွင် မလေးရှားနိုင်ငံရှိ ကပုန်းနာရေး ကူညီမှုအသင်းသို့ Eleven Media Group မှတစ်ဆင့် လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

မလေးရှားတွင် အကြမ်းဖက် တိုက်ခိုက်ခံရ၍ ဆေးရုံတက်နေရသူများနှင့် အခက်အခဲ ကြုံတွေ့နေရသော မြန်မာနိုင်ငံသားများအတွက် ကမ္ဘောဇဘဏ်ဥက္ကဋ္ဌက အမေရိကန်ဒေါ်လာ ငါးသောင်း ကနဦး လှူဒါန်းမည်

မလေးရှားနိုင်ငံတွင် မေ ၃၀ ရက်မှစ၍ ဖြစ်ပွားလျက်ရှိသော မလေးရှားရောက် မြန်မာအလုပ်သမားများ အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်ခံရမှုတွင် ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံတက်ရောက်နေသူများနှင့် အခက်အခဲ တွေ့နေသူများအတွက် ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက ကနဦးအနေဖြင့် အမေရိကန်ဒေါ်လာ ငါးသောင်းအား မလေးရှား နိုင်ငံရှိ ကပုန်း နာရေးကူညီမှုအသင်းသို့ Eleven Media Group မှတစ်ဆင့် ဇွန် ၁၁ ရက်နေ့တွင် လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ငွေသားလှူဒါန်းမှုများအပြင် MAI လေကြောင်းလိုင်း အနေဖြင့်လည်း မြန်မာနိုင်ငံသို့ ပြန်လာလိုသူ မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားများအား ဇွန် ၁၂ ရက်မှစ၍ တစ်လတိတိကို လေယာဉ်လက်မှတ်ခ ရာခိုင်နှုန်း ၅၀ လျော့ချပေးမည် ဖြစ်ကြောင်း သိရသည်။

ယခု လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ငါးသောင်းမှာ ကနဦး လှူဒါန်းခြင်းသာ ဖြစ်ကြောင်းနှင့် လိုအပ်ပါက ဆက်လက်လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ အနေဖြင့် အခက်အခဲများ ကြုံတွေ့ပါက မလေးရှားနိုင်ငံရှိ ကပုန်းနာရေး ကူညီမှုအသင်းဥက္ကဋ္ဌ ဦးစန်းဝင်း၊ ဖုန်း- + ၆၀၁၆၆ ၅၇၇ ၉၀၃၊ + ၆၀၁ ၉၃၉၉ ၃၇၆၃ များသို့ ဆက်သွယ် အကူအညီ တောင်းခံနိုင်ပါသည်။

တရုတ်မှ ၀ယ်ယူခဲ့သော မြန်မာ့လေကြောင်းပိုင် MA 60 လေယာဉ် ကော့သောင်းမြို့တွင် ပြေးလမ်းချော်၊ ပြည်တွင်းလေကြောင်း ခရီးစဉ်များတွင် လေယာဉ် မတော်တဆမှု ဖြစ်စဉ်များ ပိုမိုများပြားလာ


6.10.12

ဇွန် ၁၀ ရက် မွန်းလွဲ ၁ နာရီခန့်က မြန်မာ့လေကြောင်းမှ ခရီးစဉ်အမှတ် XY-AIP သည် ကော့သောင်းလေဆိပ်သို့ ဆင်းသက်စဉ် လေယာဉ်ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့ပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ- ရဲမြင့်ဝင်း(ကော့သောင်း))

မြန်မာ့လေကြောင်းမှ ရန်ကုန်-မော်လမြိုင်-ကော့သောင်း-မော်လမြိုင်-ရန် ကုန်ခရီးစဉ်ပျံသန်းသော တရုတ်နိုင်ငံထုတ် MA 60 လေယာဉ်သည် ဇွန် ၁၀ ရက်က ကော့သောင်းလေဆိပ်၌ ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့ပြီး ယခုနှစ်ပိုင်းအတွင်းပြည်တွင်း လေကြောင်းခရီးစဉ်များတွင် မတော်တဆမှု ဖြစ်စဉ်များ ပိုမိုများပြားလာကြောင်း သိရ သည်။

၂၀၁၃ ခုနှစ် ဇွန် ၁၀ ရက် မွန်းလွဲ ၁ နာရီ ၅ မိနစ်ခန့်က မြန်မာ့လေကြောင်းမှ ခရီးစဉ်အမှတ် XY-AIP သည် ကော့သောင်း လေဆိပ်သို့ဆင်းသက်စဉ် လေယာဉ်ပြေးလမ်း၏ အနောက်ဘက် ပေ ၂၀၀ ခန့်အကွာသို့ ရောက်ရှိသွားခဲ့ပြီး ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

''ကော့သောင်းလေဆိပ်ကိုဆင်းတဲ့အချိန် မှာ ဟိုက်ဒရောလစ်စနစ် ချို့ယွင်းကြောင်း အချက်ပြတဲ့ သတိပေးမှုလာလို့ လေဆိပ်ကို သတိထားပြီးဆင်းသက်ခဲ့တယ်။ ပြေးလမ်း နဲ့ လေယာဉ်ဘီးထိပြီး ပြေးလမ်းခြံစည်းရိုးကို ပေ ၂၀၀ လောက်ကျော်သွားတာဖြစ်ပါတယ်။ ခရီးသည်တွေ ထိခိုက်ဒဏ်ရာရရှိမှု တစ်ခုမှ မရှိပါဘူး'' ဟု မြန်မာ့လေကြောင်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းထွန်းက ပြောကြားခဲ့သည်။ အဆိုပါ လေယာဉ် ပြေးလမ်းချော်မှုကြောင့် လေယာဉ်ပေါ်တွင် လိုက်ပါလာသော လေယာဉ် အမှုထမ်းများနှင့် ခရီးသည်တစ်ဦးမှ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ လေယာဉ်တောင်ပံနှစ်ဖက်ရှိ ပန်ကာများ ကျိုးပဲ့ ပျက်စီးသွားကြောင်း သတင်းရရှိပါသည်။ ယင်းလေယာဉ်တွင် လေယာဉ် အမှုထမ်း လေးဦးနှင့် ခရီးသည် ၅၅ ဦး၊ ရင်ခွင်ပိုက် ကလေးငယ် ငါးဦးတို့ လိုက်ပါလာကြောင်း သိရသည်။

လေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသူ ခရီးသည် တစ်ဦးက ''လေယာဉ်က ရန်ကုန်ကနေ စထွက်ပြီး သိပ်မကြာဘူး စက်ချို့ယွင်းတယ်ဆိုပြီး ရန်ကုန်ကို ပြန်ဆင်းတယ်။ ရန်ကုန်ကနေ မော်လမြိုင်ရောက်တဲ့အထိ ဘာမှမဖြစ်ဘူး။ ကော့သောင်းကိုရောက်မှ အခုလို ဖြစ်တာ။ အဲဒီအချိန်မှာ ခရီးသည်တွေအားလုံး ဖရိုဖရဲဖြစ်ပြီး ရင်ခွင်ပိုက်ကလေးတစ်ယောက် ခုံအောက်ကို ကျသွားတယ်'' ဟု ဆိုသည်။

တရုတ်နိုင်ငံမှ ၀ယ်ယူသော MA 60 လေယာဉ်ပြေးလမ်းချော်မှု ဖြစ်ပွားခြင်းသည် နှစ်လတာ ကာလအတွင်း ဒုတိယအကြိမ်မြောက် ဖြစ်ပွားခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်၊ မေ ၁၆ ရက်က မြန်မာ့လေကြောင်းမှ ရန်ကုန်-ဟဲဟိုး -မိုင်းဆတ်-ရန်ကုန် ခရီးစဉ် ပျံသန်းသော တရုတ်နိုင်ငံထုတ် MA 60 လေယာဉ်သည် မိုင်းဆတ်လေဆိပ်၌ ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့သည်။

ယခုနှစ်ပိုင်းအတွင်း လေယာဉ် မတော်တဆမှု ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များအနက် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်က Air Bagan လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးသည် မန္တလေးလေဆိပ်မှ ဟဲဟိုးလေဆိပ်သို့ ဆင်းသက်စဉ်တွင် ပျက်ကျမှု ဖြစ်ပွားခဲ့ပြီး အဆိုပါ လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ပေါ်ပါ ခရီးသည် ၆၅ ဦးအနက် အသက် ၃၇ နှစ်အရွယ်ရှိ ဧည့်လမ်းညွှန် အမျိုးသမီး သေဆုံးခဲ့ကာ ခရီးသည် ခုနစ်ဦးနှင့် လေယာဉ်မှူးနှစ်ဦး အပါအ၀င် စုစုပေါင်း ကိုးဦး ဒဏ်ရာရရှိခဲ့သည်။

6.10.13

တရုတ်နိုင်ငံမှ ၀ယ်ယူထားသော MA 60 လေယာဉ်သည် ကော့သောင်းလေဆိပ်သို့ ဆင်းသက်စဉ် ပြေးလမ်းချော်မှု ဖြစ်ပွားသွားပြီးနောက် တွေ့ရစဉ်

ဇွန် ၇ ရက် ညနေပိုင်းကလည်း ပုဂံညောင်ဦး လေဆိပ်မှ ရန်ကုန်သို့ ထွက်ခွာမည့် Air Bagan လေယာဉ် စက်ချွတ်ယွင်းမှုကြောင့် ညောင်ဦးလေဆိပ်တွင် ရပ်နားပြင်ဆင်ခဲ့ရသည်။

လက်ရှိ ငါးနှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော လေယာဉ်မတော်တဆမှုများမှာ နိုင်ငံတကာတွင် ဖြစ်ပွားခဲ့သော လေယာဉ်မတော်တဆမှုများထက် ပိုမိုများပြားခဲ့သည်။ အပြည်ပြည်ဆိုင်ရာ လေကြောင်းအဖွဲ့ချုပ်မှ နှစ်အလိုက် လေယာဉ်မတော်တဆမှု ဖြစ်စဉ်များကို ထုတ်ပြန်ခဲ့ရာ ၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ငါးနှစ်တာ ကာလအတွင်း နိုင်ငံတကာ၌ လေယာဉ်မတော်တဆမှု ဖြစ်ပွားမှုနှုန်းမှာ ၄ ဒသမ ၁၇ ရာခိုင်နှုန်းရှိပြီး မြန်မာနိုင်ငံ၌ ၁၆ ဒသမ ၆၁ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။

၂၀၁၀ ခုနှစ်မှ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ အစိုးရ၊ နိုင်ငံသားပိုင်နှင့် Joint Venture လေကြောင်းလိုင်းများ၏ မတော်တဆ ဖြစ်ခဲ့မှု များသည် ၂၀၁၀ ခုနှစ်တွင် ၃၃ မှု၊ ၂၀၁၁ ခုနှစ်တွင် ၄၆ မှုနှင့်၂၀၁၂ ခုနှစ်တွင် ၅၇ မှုအထိ ရှိခဲ့ကြောင်း သိရသည်။ ယင်းသို့ မတော်တဆမှုများ တစ်နှစ်ထက် တစ်နှစ် ပိုမို များပြားလာရခြင်းမှာ လေကြောင်းလိုင်းများတွင် လေယာဉ်အစီးရေ ပိုမိုများပြားလာခြင်းနှင့် ပျံသန်းချိန် ပိုမိုများပြားလာရခြင်းတို့ကြောင့် ဖြစ်ကြောင်း မြန်မာ့လေကြောင်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးသန်းထွန်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ယခုကဲ့သို့ လေယာဉ် မတော်တဆမှုများ မကြာခဏ ဖြစ်ပွားနေခြင်းကြောင့် လေကြောင်းဆိုင်ရာ ဘေးအန္တရာယ် ကင်းရှင်းရေး အစည်းဝေးအား ၂၀၁၃ ခုနှစ် မေ ၂၇ ရက်က ပို့ဆောင်ရေး ၀န်ကြီးဌာန၊ ၀န်ကြီးရုံးတွင် ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းဝေးတွင် လေကြောင်းလိုင်းများ လိုက်နာဆောင်ရွက်ရမည့် လေကြောင်းဆိုင်ရာ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ပတ်သက်သည့် အချက်ခြောက်ချက်အား ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် ပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးက လေယာဉ်အဟောင်းများအား အသစ်ဖြင့် အစားထိုးရန် လိုအပ်ကြောင်း၊ အသစ်ဝယ်ယူ နိုင်ခြင်းမရှိလျှင် ငှားရမ်းသုံးစွဲရန် လိုကြောင်းနှင့် လေယာဉ်မောင်းနှင်သူ လေယာဉ်မှူးများ၏ ကျွမ်းကျင်မှုအား မကြာခဏ စစ်ဆေးရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ အချက်များမှာ Accident Prevention အတွက် Aviation Safety အား ဂရုစိုက် လုပ်ဆောင်သွားရန်၊ လေကြောင်းလိုင်းများအလိုက် Safety Management System အား ပီပြင်စွာ လုပ်ဆောင်သွားရန်၊ ICAO ၏ Standard and Recommended Practice များအတိုင်း လိုက်နာကျင့်သုံးသွားရန်၊ Information နှင့် Knowledge sharing လုပ်ဆောင်သွားရန်၊ ဖြစ်ပွားခဲ့သော မတော်တဆမှုများအပေါ် ပြန်လည်သုံးသပ်၍ နောက်မဖြစ်ပွားစေရန် တားဆီးကာကွယ် လုပ်ဆောင်သွားရန်နှင့် လေသူရဲများမှ Adjustment နှင့် Decision မမှားရန် Emegency Procedure များ လေ့ကျင့်သွားရန်တို့ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ တစ်ခုတည်းသော နိုင်ငံပိုင် လေကြောင်းလိုင်းဖြစ်သည့် မြန်မာ့လေကြောင်းသည် လက်ရှိတွင် Fokker F 28 နှစ်စီး၊ ATR-72 နှစ်စီး၊ ATR-42 တစ်စီး၊ MA-60 သုံးစီး၊ Beech 1900D နှစ်စီး၊ Embraer 190 နှစ်စီး စုစုပေါင်း လေယာဉ်အမျိုးအစား ခြောက်မျိုး၊ လေယာဉ်စီးရေ ၁၂ စီးဖြင့် အခြားပုဂ္ဂလိက လေကြောင်းလိုင်းများ ပျံသန်းခြင်း မရှိသည့် မြို့ပေါင်း ၂၆ မြို့သို့ပျံသန်းလျက်ရှိသည်။

6.10.14

ဗဟိုဘဏ် သီးခြားလွတ်လပ်စွာ ရပ်တည်တော့မည်

နိုင်ငံတော်ဗဟိုဘဏ် ဥပဒေသစ်ကို လာမည့်လွှတ်တော် အစည်းအဝေး မတိုင်မီ နိုင်ငံတော် သမ္မတဦးသိန်းစိန် လက်မှတ်ထိုးတော့မည်ဖြစ်ပြီး ဗဟိုဘဏ်သည် မကြာမီအချိန် အတောအတွင်း သီးခြားလွတ်လပ်စွာ ရပ်တည်တော့မည် ဖြစ်ကြောင်း ဗဟိုဘဏ် ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ခင်စောဦး၏ ပြောကြားချက်ကို ကိုးကားပြီး The Wall Street Journal က သတင်းဖော်ပြထားသည်။

လက်ရှိ ဗဟိုဘဏ်ဥပဒေ နေရာတွင် အစားထိုးမည့် ဗဟိုဘဏ် ဥပဒေသစ်သည် လက်ရှိအစိုးရ လက်ထက်တွင် အချိန်အယူရဆုံး ဥပဒေတစ်ခုဖြစ်ပြီး လွှတ်တော်နှစ်ရပ်နှင့် အစိုးရအဖွဲ့ကြား ပြင်ဆင်ညှိနှိုင်းချက် ၂၀၀ ကျော်ရှိခဲ့သည့် ဥပဒေဖြစ်သည်။ ဥပဒေသစ် အတည်ပြုလက်မှတ် ရေးထိုးပြီးပါက ဗဟိုဘဏ်သည် သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်လာမည်ဖြစ်သည်။

<pလက်ရှိ အစိုးရလက်ထက်တွင် ဗဟိုဘဏ်၏ အထင်ရှားဆုံး ပြောင်းလဲမှုမှာ နိုင်ငံခြားငွေလဲနှုန်းကို ထိန်းကျောင်းမှုရှိသော ငွေလဲနှုန်းစနစ်သို့ ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ် ဧပြီ ၂ ရက်က စတင်ခဲ့သော အဆိုပါစနစ်သည် ဈေးကွက်အပြောင်းအလဲ များစွာ ဖြစ်ပေါ်ခဲ့သည်။ ၂၀၁၂ ဧပြီ ၂ ရက်တွင် ဗဟိုဘဏ်ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းကို ၈၁၈ ကျပ်ဖြင့် ဈေးသတ်မှတ်ခဲ့ပြီး တစ်နှစ်ကျော်အကြာ ၂၀၁၃ ခုနှစ် ဇွန် ၁၀ ရက်တွင် ၉၄၆ ကျပ်အထိ သတ်မှတ်ခဲ့သည်။


ဗဟိုဘဏ် ဥပဒေသစ်သည် လက်ရှိအစိုးရ လက်ထက်တွင် အချိန်အယူရဆုံး ဥပဒေတစ်ခုဖြစ်ပြီး လွှတ်တော်နှစ်ရပ်နှင့် အစိုးရအဖွဲ့ကြား ပြင်ဆင်ညှိနှိုင်းချက် ၂၀၀ ကျော်ရှိခဲ့သည့် ဥပဒေဖြစ်သည်။ ဥပဒေသစ် အတည်ပြုလက်မှတ် ရေးထိုးပြီးပါက ဗဟိုဘဏ်သည် သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်လာမည်...

မကြာမီ အသစ်ဖွဲ့စည်းမည့် နိုင်ငံတော် ဗဟိုဘဏ်သည် မြန်မာနိုင်ငံ၏ ငွေလဲနှုန်း ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို ဆက်လက် လုပ်ကိုင်ရမည်ဖြစ်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုရှိရန် စိန်ခေါ်ချက်များ ရှိနေဆဲဖြစ်သည်။

ငွေလဲနှုန်းထား အမျိုးမျိုးကို တစ်မျိုးတည်း ပေါင်းစည်းရန် ရည်မှန်းထားသော်လည်း လက်ရှိအချိန်ထိ ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း၊ သိမ်ဖြူ ငွေလဲကောင်တာ ဈေးနှုန်း၊ ဘဏ်ငွေလဲကောင်တာ ဈေးနှုန်း၊ ပြင်ပဈေးနှုန်းများအကြား ကွာဟချက်များ ရှိနေဆဲ ဖြစ်သည်။

ဗဟိုဘဏ်၏ ရည်မှန်းချက်မှာ ပြည်တွင်းပြည်ပတွင် မြန်မာကျပ်ငွေတန်ဖိုး တည်တံ့ခိုင်မြဲစေရန် ဖြစ်သည်။ ထိုသို့ ဆောင်ရွက်နိုင်ရန် ဗဟိုဘဏ်သည် ထိရောက်သော ငွေပေးချေမှု စနစ်များ၊ ငွေကြေးလွယ်ကူမှု၊ ကြွေးမြီ ပေးဆပ်နိုင်မှုတို့ ကောင်းမွန်ပြီး ခိုင်မာသော ငွေရေးကြေးရေး စနစ်တစ်ရပ်ဖြင့် ဆောင်ရွက်ရန် ရည်မှန်းထားကာ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် ငွေကြေး၊ ချေးငွေနှင့် ငွေရေးကြေးရေး အခြေအနေများကို ကြိုးပမ်းဆောင်ရွက်မည် ဖြစ်သည်ဟု ဗဟိုဘဏ်က မူဝါဒ ချမှတ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် မကြာမီ ကမ္ဘာ့ငွေကြေး ဈေးကွက်နှင့် ပိုမိုချိတ်ဆက်လာမည် ဖြစ်ခြင်းကြောင့် နိုင်ငံတကာငွေကြေး ဈေးကွက်ရှိ ဖြစ်ပေါ်ပြောင်းလဲမှုများကို စောင့်ကြည့် သတိပြုသင့်ကြောင်း၊ နိုင်ငံအတွင်း ရင်းနှီးငွေ စီးဝင်မှုများကို စိစစ်ပြီး ကာလရှည် ရင်းနှီးမှုနှင့် ကာလတို ရင်းနှီးမှု တို့ကို ခွဲခြားစိစစ်နိုင်မှသာ ဗဟိုဘဏ်အနေဖြင့် မှန်ကန်သင့်လျော်သော မူဝါဒများဖြင့် စီးပွားရေးနှင့် ဘဏ္ဍာရေး တည်ငြိမ်မှု ရရှိစေရန် စွမ်းဆောင်နိုင်မည် ဖြစ်ကြောင်း စီးပွားရေး ပညာရှင်များက သုံးသပ်ထားသည်။

မလေးရှားရောက် မြန်မာများပြန်လာရန် MAI လေယာဉ်လက်မှတ်ခ ထက်ဝက်လျှော့ပေးမည်

မလေးရှားသို့ရောက်ရှိနေသော မြန်မာနိုင်ငံသားများပြန်လာရေး အဆင်ပြေစေရန် ရည်ရွယ်ပြီး MAI
လေကြောင်းလိုင်းက ဇွန် ၁၂ ရက်မှစပြီး တစ်လတိတိ လေယာဉ်လက်မှတ်ခ ထက်ဝက်လျှော့ချသွားမည်
ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်း၏ ဈေးကွက်မန်နေဂျာ ဒေါ်အေးမရသာက မဇ္ဈိမကို ပြောသည်။

''အဓိကရည်ရွယ်တာကတော့ မလေးရှားမှာ ဒုက္ခရောက်နေတဲ့ အလုပ်သမားတွေ အတွက်ပါ။ သူတို့အတွက် ရည်ရွယ်ပြီး အခုလို လက်မှတ်ဈေးနှုန်းကို ထက်ဝက်လျှော့ချရတာပါ'' ဟု သူကဆိုသည်။

MAI လေကြောင်းလိုင်း၏ မြန်မာမလေးရှား လေယာဉ်လက်မှတ်ခမှာ တစ်ဦးလျှင် ရင်းဂစ် ၃၁ဝ ဖြစ်၍
မြန်မာကျပ်ငွေနှင့် ဆိုလျှင် ၉၃,ဝဝဝ ကျော်ကျသင့်မည်ဖြစ်ကာ ဇွန် ၁၂ ရက်မှစပြီး ထက်ဝက်လျှော့ချ မည် ဖြစ်သောကြောင့် မြန်မာငွေ ၄၅,ဝဝဝ ကျော်သာ ကျသင့်တော့မည် ဖြစ်သည်။

မလေးရှားနိုင်ငံတွင် မေလကုန်ပိုင်းမှ စတင်၍ လူတစ်စု၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အနည်းဆုံး
မြန်မာခြောက်ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ ၁ဝ ဦးရှိကာ ၎င်းတို့အနက် သုံးဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း မလေးရှားအခြေစိုက် ကပုန်းနာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောကြားထားသည်။

မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမားပေါင်း လေးသိန်းကျော်ရှိပြီး တရားဝင်အလုပ်သမား သုံးသိန်း၊ တရားမဝင် သွားရောက်လုပ်ကိုင်နေသူ လေးသောင်းနှင့် ဒုက္ခသည်အမည်ခံ ကိုးသောင်းရှိကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးတင်လတ်က ယခုလဆန်းပိုင်းက နိုင်ငံပိုင်ရုပ်သံနှင့် အင်တာဗျူးတွင် ပြောခဲ့သည်။

မလေးရှားရောက် မြန်မာများ ဆက်လက် အကြမ်းဖက်ခံနေရဆဲဟုဆို

စံခလပူရီ (မဇ္ဈိမ) ။   ။ မလေးရှား နိုင်ငံရောက် မြန်မာ နိုင်ငံသားများ ဆက်လက် အကြမ်းဖက် ခံနေရဆဲ ဖြစ်ကြောင်း မလေးရှားရောက် မြန်မာနိုင်ငံသားများက ပြောသည်။

အကြမ်းဖက်မှုကြောင့် အလုပ်ပိတ်ရက်ဖြစ်သည့် တနင်္ဂနွေနေ့တွင် ၇ ဦး ထပ်မံသေဆုံးခဲ့ရကြောင်း အထွေထွေ သပိတ် ကော်မီတီ (၈၈)မှ ကိုအောင်ကြီးက မဇ္ဈိမကို ပြောသည်။

"ကလန်းမှာ မိန်းကလေး နှစ်ယောက်ကို မုဒိမ်းကျင့်ပြီး သတ်သွားတယ်။ နောက် ညပိုင်းမှာ ဂျိုကိုး ပါတူး မှာ
ယောက်ကျားလေး နှစ်ဦး အသတ်ခံရတယ်။ မနက်မိုးလင်းမှ အလောင်း ရတယ်။ နောက်တော့ မာလကာ ပတ်စတန်း ဝင်းထဲမှာ ယောက်ကျားလေး ၃ ယောက် အသတ်ခံလိုက်ရပါတယ်" ဟု ပြောသည်။

ထို သေဆုံးမှုများနှင့်ပတ်သက်၍ မဇ္ဈိမက သီးခြားအတည်ပြုချက် မရယူနိုင်သေးပေ။

သောကြာနေ့ကလည်း မလေးရှားနိုင်ငံ ကပုန်းရှိ ဆူပန်း၌ ထီးစက်ရုံ၌ အလုပ်လုပ်နေသည့် ရခိုင် လူမျိုး လေးဦးနှင့်
မြန်မာလူမျိုး တဦး ထပ်မံ အကြမ်းဖက်ခံရကာ ရခိုင် လူမျိုး ကိုခင်မောင်ဝင်းမှာ ခုတ်လာသည့် ဒါးအား ကာကွယ် လိုက်ရာ လက်ဝါး၌ ဒဏ်ရာ ကြီးစွာရခဲ့ပြီး ဆေးရုံ တက်ရောက် ကုသမှု ခံယူနေရဆဲ ဖြစ်သည်ဟု မြန်မာ့ လူမှုကူညီမှု အသင်း မလေးရှား၏ တာဝန်ခံတဦးက ပြောသည်။

"အဲဒီနေ့ မနက် (၃) နာရီခွဲပေါ့ အိပ်နေတဲ့ အချိန်ကြီး သူတို့ သစ်သား အိမ်က အပေါက်လေးကို အနံ့ပြင်းတဲ့ Spray
တွေ ဖြန်းတာ။ အဲဒီ အနံ့ကို မခံနိုင်လို့ အိမ်တံခါး မကြီးကို အလုအယက် ဖွင့်တာ အဲဒီမှာ ဓါးနဲ့ခုတ်တာ။ အဲဒါ ကိုခင်မောင်ဝင်းက လက်ဝါးမှာ အကြော ပြတ်ပြီး အပြင်းအထန် ဒဏ်ရာ ရသွားတယ်။ ကွာလလမ်ပူ ဆေးရုံမှာ အတွင်းလူနာအဖြစ် တက်ရောက် ကုသမှူ ခံယူနေတယ်" ဟု ပြောသည်။

ထိုသို့ အကြမ်းဖက်မှုများ ဆက်တိုက် ဖြစ်ပွားနေသော်လည်း ကွာလာလမ်ပူရှိ မြန်မာ သံရုံးမှ ကူညီ လုပ်ဆောင်ပေး မှုများကို မမြင်တွေ့ရသေးကြောင်း ၎င်းက ဆိုသည်။

"မြန်မာ သံရုံးက ဘာမှ မလုပ်ပေးဘူး။ ရေငုံ နှုတ်ပိတ် နေတာပဲ ရှိတယ်။ သံရုံး ပြောသလို မူးရှူးလို့ ဖြစ်ကြတာမှ မဟုတ်တာ။ သွားတဲ့ လူတိုင်း အခုတ်ခံ နေရတာ။ မလေးရှား ဒေသ တော်တော်များများ ဖြစ်နေတယ်။ ပျံ့နေပြီ။ မြန်မာ နိုင်ငံသားတွေ အတွက်တော့ မလေးရှားက လုံခြုံမှု အနေအထား သိပ်မကောင်းတော့ဘူး" ဟု ပြောသည်။

ဇွန် ၆ ရက်နေ့တွင် ကွာလာလမ်ပူရှိ မြန်မာ သံရုံးရှေ့၌ မလေး အစိုးရ ခွင့်ပြုချက်ဖြင့် တရားဝင် ဆန္ဒပြခဲ့သူ ငါးဦးမှာလည်း လုံခြုံရေး အခြေအနေ စိုးရိမ်နေရကာ ပုန်းလျိုးနေထိုင် နေကြရလျက် ရှိသည်ဟု ဆိုသည်။

မြန်မာ အများစု နေထိုင်ရာ ကွာလာလမ်ပူ၊ အန်ဘန်း၊ ဂျရတ်၊ ဆာလာရန်း ဒေသများ၌ မလေးရှား အာဏာပိုင် များမှ အော်ပရာစီခေါ် ဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်နေလျက်ရှိပြီး မြန်မာ နိုင်ငံသား ၉၀၀ ကျော်အား ဖမ်းဆီးပြီး စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။

ထိုဖမ်းဆီးမှုများအတွင်း နိုင်ငံကူး လက်မှတ်နှင့် အခြား တရားဝင် အထောက်အထား ရှိသည့် မြန်မာနိုင်ငံသား များကို ပြန်လည် လွှတ်ပေးမည်ဟုလည်း မလေးရှား နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်မှ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားနှင့် တယ်လီဖုန်း အင်တာဗျူး၌ ပြောကြားခဲ့သည်။

"ဇွန် ၅ ရက်နေ့မှာ ကျတော့ မလေးရှား နိုင်ငံခြားရေး ဌာန ဝန်ကြီးက နေပြီးတော့ ကျနော် အပါအဝင် သံအမတ် ၆ ယောက် ညနေပိုင်း ၃ နာရီခွဲမှာ တွေ့ဆုံ ဆွေးနွေး ခဲ့ပါတယ်။ လိုအပ်တဲ့ ဟာတွေကို တင်ပြဆွေးနွေးပါ ပြောတဲ့အပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အပိုင်းကို ကျနော် ဝန်ကြီးကို တင်ပြခဲ့တယ်။ မြန်မာနိုင်ငံသားတွေကို ကာကွယ် စောင့်ရှောက် ပေးဖို့။ တရားမျှတစွာ ဆောင်ရွက် လုပ်ဆောင် ပေးဖို့ တင်ပြခဲ့ပါတယ်" ဟု သံအမတ်ကြီး ဦးတင်လတ် က ဖြေကြားခဲ့သည်။

မဇ္ဈိမ သတင်း ဌာနမှ ဖြစ်စဉ် အကြောင်းအရာများနှင့် မြန်မာ နိုင်ငံသားများအား သံရုံးမှ ကူညီ လုပ်ဆောင် ပေးနေမှု အနေအထားများနှင့် ပတ်သက်၍ သီးခြား ဆက်သွယ်ရန် ကြိုးစား ခဲ့သော်လည်း သံရုံးမှ တယ်လီဖုန်းများအား လက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

မလေးရှား နိုင်ငံရှိ မြန်မာနိုင်ငံသားများ လုံခြုံရေးနှင့် ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်ရန် အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့တဖွဲ့ကို မလေးရှားနိုင်ငံသို့ စေလွှတ်မှာ ဖြစ်ကြောင်း နှင့် ခရီးစဉ်နှင့် ပတ်သက်ပြီး နှစ်ဘက် ညှိနှိုင်းဆဲဖြစ်သည် ဟု သမ္မတ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ် က ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။

အကြမ်းဖက် သတ်ဖြတ်မှု ဖြစ်စဉ် များကြောင့် ဒဏ်ရာရသူများ ဆေးရုံ တက်ရောက် ကုသမှုကို ထောက်ပံ့ပေး
နိုင်ရန် မြန်မာ လူမှု ကူညီရေး အသင်း မလေးရှားမှ စေတနာရှင်များထံမှ အလှူငွေများ လိုက်လံ ကောက်ခံလျက် ရှိပြီး မလေးရှား ရင်းဂစ် ၃,၀၀၀ ကျော် ကောက်ယူ ရရှိပြီး ဖြစ်ကြောင်းနှင့် ဆက်လက် လှူဒါန်း ကြမည့် အလှူရှင်များ လည်း ရှိနေကြောင်း အသင်း တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

ထိုသို့ အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပွားနေ၍ မလေးရှားရောက် မြန်မာနိုင်ငံသား အများစုမှာ အမိနိုင်ငံသို့
ပြန်ကြရန် ဆန္ဒရှိနေကြကြောင်း သိရှိရသည်။

၉၆၉ အသုံးပြုမှု ညောင်ရွှေအာဏာပိုင်တို့ မနှစ်သက်

ရှမ်းပြည်နယ် ရွှေညောင်မြို့ တာယောကျောင်းတိုက်တွင် ကျင်းပရန် စီစဉ်ထားသည့်တရားပွဲတစ်ခုကို ၉၆၉ အထူးတရားပွဲဟု အမည်ပေးကာ ကြော်ငြာဆိုင်းဘုတ်များ တင်ထားရာ ဆိုင်းဘုတ်များတွင်ပါရှိသည့် ၉၆၉ ဂဏန်းများကို အဖြူရောင်စတစ်ကာဖြင့်ကပ်ကာ ဖုံးအုပ်စေခဲ့သည်ဟု တရားပွဲဖြစ်မြောက်ရေး နာယက ဦးဇော်ဇော်က မဇ္ဈိမကို ပြောသည်။

969

၉၆၉ အထူးတရားပွဲဟု အမည်ပေးထားသည့် တရားပွဲပိုစတာများတွင် ၉၆၉ ဂဏန်းကို ဒေသခံအာဏာပိုင်တို့က အဖြူရောင်စတစ်ကာဖြင့် ဖုံးအုပ်ခဲ့ရာ တရားပွဲဖြစ်မြောက်ရေးကော်မတီက ပြန်လည်ခွာပစ်ခဲ့သည် (ဓာတ်ပုံ - ဂျွန်ချစ်ငြိမ်း၊ မဇ္ဈိမ)


၉၆၉ ဂဏန်းများ ပါရှိနေခြင်းသည် ရွှေညောင်စခန်းမှူး၊ တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူးတို့က ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်မည်ကိုစိုးရိမ်ပြီး အဆိုပါဂဏန်းပါရှိနေခြင်းမှာ မသင့်လျော်ဟုဆိုကာ တားမြစ်ခြင်းဟု
ညောင်ရွှေမြို့ မင်္ဂလာအောင်မြေ ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်းဖြစ်သူ ဦးဇော်ဇော်က ဆိုသည်။

''ဒီ ၉၆၉ စာတန်းကြီးပါနေတာ မသင့်တော်ပါဘူးဆိုပြီးတော့၊ ပြဿနာ တစ်စုံတစ် ရာပေါ်ပေါက်မှာစိုးလို့ ကျွန်တော် ကနေတစ်ဆင့် အများအထင်အမြင်လွဲမှားမှု မရှိအောင် တားမြစ်ရခြင်းဖြစ်ပါတယ်။ တရားပွဲကို တားမြစ်တာမဟုတ်ပါ ဘူး။ ၉၆၉ တံဆိပ်ကို ဖယ်ခိုင်းတာပါ။ ကျွန်တော်တို့ ဘာပဲဖြစ်ဖြစ် အထက်ကခိုင်းရင် အမိန့်ကို နာခံရပါတယ်'' ဟု ဦးဇော်ဇော် က ပြောသည်။

တရားပွဲကို ဇွန်လ ၁၃ ရက်တွင် ပြုလုပ်ရန်ရှိပြီး ဆိုင်းဘုတ်များကို ဇွန်လ ၈ ရက်က စတင်ထောင်ရာ နောက်နေ့နံနက် ၉ နာရီ အချိန်တွင် ၉၆၉ ဂဏန်းများပေါ်တွင် အဖြူ ရောင်စတစ်ကာဖြင့် ဖုံးအုပ်စေခြင်းဖြစ်သည်။

အဆိုပါအခြေအနေများ ဖြစ်ပေါ်လာပြီးနောက် တရားပွဲဖြစ်မြောက်ရေး ကော်မတီနှင့် ညောင်ရွှေအုပ်ချုပ်ရေးမှူး၊ မင်္ဂလာအောင်မြေရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်တို့ ပါဝင်သော အစည်းအဝေးကို ဇွန်လ ၁ဝ ရက်၊ မွန်းလွဲ ၁ နာရီတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးအပြီး ကော်မတီဝင်များ၏ ဆုံးဖြတ်ချက်အရ ဖုံးအုပ်ထားသည့် ၉၆၉ ဂဏန်းများကို ညနေ ၅ နာရီတွင် ပြန်လည်ခွာပစ်ခဲ့ကြသည်။ ''အားလုံး ပြေလည်သွားပါပြီ၊ ကျွန်တော်တို့နဲ့ တရားပွဲဖြစ်မြောက်ရေး
ကော်မတီဝင်တွေနဲ့လည်း တွေ့ပြီးပြီ ၉၆၉ ကို ပြန်ခွာတာကတော့ သူတို့သဘောပါပဲ။ ကျွန်တော်တို့ မကန့်ကွက် ပါဘူး'' ဟု ဦးဇော်ဇော်က မဇ္ဈိမကို ပြောသည်။

တရားပွဲကို မြစေတီ ပရိယတ္တိစာသင်တိုက်မှ အရှင်ဝိဇာနန္ဒ၊ မြနန်းစေတီ နန်းဦးပရယတ္တိစာသင်တိုက်မှ အရှင်သဒ္ဓမ္မ၊
မြစေတီရဲကျောင်းပရိယတ္တိစာသင်တိုက်မှ အရှင်ဂန္ဓသာရတို့က ဇွန်လ ၁၃ ရက်နှင့် ၁၄ ရက်များတွင် ဟောကြားမည်
ဖြစ်သည်။ တရားပွဲကို ဖြစ်မြောက်အောင် ကြိုးပမ်းသွားမည်ဖြစ်ပြီး အေးအေးချမ်းချမ်းဖြစ်အောင်လည်း
ဆောင်ရွက်သွားမည်ဟု တရားပွဲဖြစ်မြောက်ရေးကော်မတီဝင် ကိုဇော်မင်းထူးက မဇ္ဈိမကို ပြောသည်။

သမ္မတနှင့် RCSS/SSA တို့ စစ်ပြေးဒုက္ခသည်များ နေရာချထားရန် ဆွေးနွေး

ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်း (RCSS/SSA) နှင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်တို့ နေပြည်တော်တွင် တွေ့ဆုံကာ တခြားနိုင်ငံများတွင် ရောက်ရှိနေသော စစ်ပြေးဒုက္ခသည်များအား
ပြန်လည်ခေါ်ယူ နေရာချထားမှုများ လုပ်ပေးရန် တောင်းဆိုခဲ့ကြောင်း RCSS/SSA ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ ဗဟိုကော်မတီဝင် ဦးစိုင်းလှက ပြောသည်။

President-Thein-Sein

(ဓာတ်ပုံ - နိုင်ငံတော်သမ္မတရုံး ဝက်ဘ်ဆိုဒ်)

၎င်းက ''ပြန်လည်ထူထောင်ရေးပိုင်းတွေမှာ တဖြည်းဖြည်းနဲ့ အကောင်အထည်ဖော်ပေးသွားမယ်လို့ သမ္မတကြီးကလည်း
ပြောပါတယ်။ စစ်ဘေးဒုက္ခသည်အဖြစ် တခြားနိုင်ငံမှာ
ရွှေ့ပြောင်းလုပ်သားအဖြစ် ရွာလုံးကျွတ်ရောက်ရှိနေ သူတွေကို ပြန်လည်နေရာချထားရေး၊ ရွှေ့ပြောင်းလုပ်သား
တွေအတွက် သန်းခေါင်စာရင်း၊ မှတ်ပုံတင်ပြုလုပ်ပေးရေး တို့ကို ထပ်မံဆွေးနွေးဖို့ သမ္မတက ပြောကြားသွားပါတယ်'' ဟု ပြောသည်။

ထပ်မံတွေ့ဆုံရန်အတွက်မူ ရက်အတိအကျ ချိန်းဆိုမှု
မရှိသေးကြောင်း ၎င်းက ထပ်မံပြောကြားသည်။ ရှမ်းပြည်
တောင်ပိုင်းမှ စစ်ဘေးဒဏ်ကြောင့် အခြားနိုင်ငံများတွင် ရွှေ့ပြောင်းလုပ်သားများအဖြစ် သွားရောက်နေထိုင်သူ ငါးသိန်းခန့်ရှိနေပြီး ပြည်တွင်း IDP (စစ်ဘေးရှောင်သူ) တစ်သောင်းကျော် ရှိကြောင်းလည်း ၎င်းက ဆိုသည်။

ထို့အပြင် သမ္မတဦးသိန်းစိန်နှင့် RCSS/SSA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ် တို့တွေ့ဆုံပြီး ငြိမ်းချမ်းရေး အတွက် ယုံကြည်မှုတည်ဆောက်ရန်၊ RCSS/SSA အား စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုပေးရန်၊ မူးယစ်
ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေးကိစ္စများ ဆွေးနွေးခဲ့ပြီး ရှမ်းပြည်နယ်တွင် စစ်ပွဲများ ပြန်လည်ဖြစ်ပွားနေမှုကြောင့် ''ငြိမ်းချမ်းရေးပူးတွဲဖော်ဆောင်ရေးကော်မတီ'' တစ်ရပ်ဖွဲ့ပေးရန် တောင်းဆိုမှုခဲ့ရာ ယင်းကို သမ္မတက လက်ခံခဲ့ သည်။

RCSS/SSA တပ်အား မတရားအသင်းမှ ပယ်ဖျက်ပေးရန်ကိစ္စကိုလည်း ထပ်မံတောင်းဆိုခဲ့ပြီး သမ္မတဦးသိန်းစိန်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ထိုးပြီးမှသာ ထိုကိစ္စအား အကောင်အထည်ဖော် မည်ဟု ပြောခဲ့ကြောင်းလည်း ဦးစိုင်းလှ က ပြောသည်။

ရှမ်းပြည်(တောင်ပိုင်း) တပ်မတော်အား မတရားအသင်းမှ ဖျက်သိမ်းပေးရန် ၂ဝ၁၂ ခုနှစ် မေလ ၁၉ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျိုင်းတုံမြို့တွင် ဒုတိယအကြိမ် အစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွင်လည်း တောင်းဆိုခဲ့ခြင်းဖြစ်ရာ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကလည်း ဖျက်သိမ်းပေးမည်ဟု ကတိပြုခဲ့ဖူးသည်။

သမ္မတဦးသိန်းစိန်နှင့် RCSS/SSA တို့ ဇွန်လ ၁ဝ ရက်က နေပြည်တော်ရှိ ရတနာသိင်္ဃဟိုတယ်တွင် တွေ့ဆုံခဲ့ကြပြီး အစိုးရဘက်မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ ဝန်ကြီးဦးအောင်မင်းနှင့် အစိုးရအဖွဲ့ဝန်ကြီး၊ ဒုဝန်ကြီးများ တက်ရောက်ခဲ့သည်။ ရှမ်းပြည် ပြည်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်ဘက်မှ ဒုဗိုလ်မှူးကြီး ယွက်စစ်နှင့် အတိုင်ပင်ခံ ဦးခွန်စိုင်း၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဗိုလ်မှူးချုပ်အောင်ထွေး၊ ဆက်ဆံရေးရုံး တာဝန်ခံမှူး၊ ဗဟိုကော်မတီဝင်များ တက်ရောက်ခဲ့သည်။

အစိုးရငြိမ်းချမ်းရေးအဖွဲ့နှင့် RCSS/SSA တို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို ၂ဝ၁၁ခုနှစ် ဒီဇင်ဘာလ ၂ရက်ကလက်မှတ်ရေးထိုးခဲ့ပြီး ယခုအကြိမ် သမ္မတနှင့် တွေ့ဆုံမှုသည် ခုနစ်ကြိမ်မြောက်ဖြစ်သည်။

RCSS/SSA နှင့် အစိုးရငြိမ်းချမ်းမှုဖော်ဆောင်ရေးအဖွဲ့တို့ အပစ်အခတ် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ရှမ်းပြည်တောင်ပိုင်းဒေသတွင် စစ်ပွဲ ၇ဝ ကျော်ခန့်ဖြစ်ပွားပြီး ဖြစ်ကြောင်း ဦးစိုင်းလှကပြောသည်။

နိုင်ငံသားများလုံခြုံရေးအတွက် မြန်မာအစိုးရက မလေးရှားသို့ ကိုယ်စားလှယ်အဖွဲ့လွှတ်မည်

မေလကုန်ပိုင်းမှ စတင်ဖြစ်ပေါ်ခဲ့သည့် မလေးရှားရောက် မြန်မာများအပေါ် အကြမ်းဖက်ခံရမှုများကြောင့်
မြန်မာနိုင်ငံသားများ၏ လုံခြုံရေးအတွက် နှစ်ဖက်အစိုးရဆွေးနွေးရန် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ကို မလေးရှားနိုင်ငံသို့စေလွှတ်ရန် စတင်ညှိနှိုင်းနေပြီဟု သတင်းထုတ်ပြန်သည်။

သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ္ဋ်၏ အင်တာနက်လူမှုကွန်ရက် စာမျက်နှာမှ တစ်ဆင့် ဇွန် ၁ဝရက်က ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ဒုဝန်ကြီးဦးရဲထွဋ်က ကိုယ်စားလှယ်များစေလွှတ်ရန်မှာ သံတမန်ရေးရာကိစ္စဖြစ်၍ စေလွှတ်မည့် ရက်ကို
ပြောဆိုရန် ခက်ခဲသော်လည်း မလေးရှားရောက် မြန်မာနိုင်ငံသားများကို အစိုးရအနေဖြင့် လုံးဝမေ့ထားမည် မဟုတ်ကြောင်း ဒီမိုကရက်တစ်မြန်မာ့အသံ၏မေးမြန်းချက်ကို ယင်းနေ့၌ပင် ဖြေကြားထားသည်။

ယခုကဲ့သို့ ကိုယ်စားလှယ်များစေလွှတ်ရန် သတင်းထုတ်ပြန်ခြင်းမှာ အကြမ်းဖက်မှုများဖြစ်ပွားပြီးနောက် ဆယ့်နှစ်ရက်ခန့် အကြာတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ မြန်မာများကို အကြမ်းဖက်သည့် တရားခံများကို ယခုအချိန်ထိ ဖော်ထုတ်အရေးယူနိုင်ခြင်းလည်း မရှိသေးပေ။ မလေးရှာနိုင်ငံ ဆလာရန်းမြို့နယ်တွင် လူတစ်စု၏အကြမ်းဖက်တိုက်ခိုက်မှုကြောင့် မြန်မာခုနှစ်ဦးခန့်အသက်ဆုံးရှုံးခဲ့ရပြီး၊ ၁၅ ဦးခန့် ဒဏ်ရာ ရရှိခဲ့ကြပြီး ၎င်းတို့အနက် ရှစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ကွာလာလမ်ပူမြို့နေ ကိုအောင်ကြီးက ဇွန်လ ၆ ရက်တွင် မဇ္ဈိမကိုပြောကြားထားသည်။

ထို့ပြင် ဇွန်လ ၅ ရက်တွင် မြန်မာနိုင်ငံသား ၉ဝဝ ကျော်အား မလေးရှား ရဲများက ဖမ်းဆီးခဲ့ကြောင်း
အေအက်ဖ်ပီ သတင်းဌာနက ဖော်ပြခဲ့ပြီး ယခုကဲ့သို့ဖမ်းဆီးခြင်းမှာ မလေးရှားနိုင်ငံ၏ လဝက ဥပဒေအရ တရား မဝင်နေထိုင်လုပ်ကိုင်နေသူများကို တည်ဆဲ ဥပဒေအရ အရေးယူနိုင်ကြောင်း မြန်မာ သမ္မတရုံး ၏ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနအနေဖြင့်လည်း မလေးရှားရောက် မြန်မာနိုင်ငံသား များကိစ္စကို အစိုးရချင်း ညှိနှိုင်း၍လည်းကောင်း၊ သံရုံးနှင့် ပူးပေါင်း ဆောင်ရွက်၍လည်းကောင်း လုပ်ဆောင်နေကြောင်းလည်း ဦးဇော်ဌေးက ရေးသားထားသည်။

လက်ရှိ၌ မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများသည် အကြမ်းဖက်မှုနှင့် ဖမ်းဆီးမှုများအန္တရာယ်ကြောင့် အိမ်ခန်းတွင်း၌ တံခါးပိတ်နေကြခြင်း၊ ဆူပူမှုလျော့ပါးသည့် နေရာများသို့ ပြောင်းရွှေ့နေထိုင်ကြခြင်း၊
မြန်မာဘုန်းတော်ကြီးကျောင်းများ၌ ပြောင်းရွှေ့နေထိုင်ခြင်းများရှိနေသည်။ မလေးရှားနိုင်ငံမှ မြန်မာ အလုပ်သမားအချို့မှာ မိခင်နိုင်ငံသို့ပြန်ရန် ပြင်ဆင်နေကြသည်။

အကြမ်းဖက်မှုများ ဖြစ်ပေါ်နေခြင်းကြောင့် မလေးရှားရှိမြန်မာနိုင်ငံသားများ၏ လုံခြုံရေးနှင့်အေးချမ်းစွာ
နေထိုင်လုပ်ကိုင်နိုင်ရေးတို့အတွက် နှစ်ဖက်အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်နေပြီဖြစ်ကြောင်းလည်း ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုဂျင်မီက မဇ္ဈိမကို ပြောကြားထားသည်။

ဇွန်လ ၄ ရက်က မြန်မာနိုင်ငံခြားရေး ဒုဝန်ကြီး ဦးဇင်ယော်က မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံအမတ် မစ္စတာ အာမတ်ဖိုင်ဆဲလ် ဘင်မိုဟာမက်ကို မလေးရှားရောက် မြန်မာများ အကြမ်းဖက်ခံရပြီး အသက် ဆုံးရှုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုများနှင့် ပတ်သက်၍ ခေါ်ယူသတိပေးခဲ့သည်။