Thursday, May 16, 2013

စံကောင်းပီနံအိတ် စက်ရုံမှ လုပ်သား ၄၉ ဦးကို အလုပ်ထုတ်ပစ်သောကြောင့် လုပ်သား ၁၀၀၀ ကျော်က အလုပ်သမားအခွင့်အရေး တောင်းဆိုမှုများ ဆက်လက်ပြုလုပ်နေ

sankaungagainst-may15

အလုပ်သမား အခွင့်အရေး ရရှိလိုမှုကြောင့် တောင်းဆိုနေသော စံကောင်း ပီနံအိတ်စက်ရုံ လုပ်သားများကို တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)

လှိုင်သာယာမြို့နယ်၊ ငွေပင်လယ်စက်မှုဇုန် စံကောင်းပီနံအိတ်စက်ရုံမှ အလုပ်သမား ၄၉ ဦးကို အလုပ်ထုတ်ပစ်သောကြောင့် လုပ်သား ၁၀၀၀ ကျော်က အဆိုပါ စက်ရုံသို့ အလုပ်သမား အခွင့်အရေးများကို တောင်းဆိုနေကြောင်း သိရသည်။

အဆိုပါ တောင်းဆိုမှုကို မေ ၁၁ ရက်မှ စတင်ပြုလုပ်ခြင်းဖြစ်ပြီး ၁၄ ရက် မွန်းလွဲပိုင်းအထိ ပြုလုပ်နေခြင်းဖြစ်ကာ အလုပ်ချိန်အတိုင်းဖြစ်သော နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ တောင်းဆိုမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း စံကောင်းပီနံအိတ် စက်ရုံ အခြေခံ အလုပ်သမား သမဂ္ဂမှ ဥက္ကဌကိုဝင်းထွန်းအောင်က ဆိုသည်။

"ကျွန်တော်တို့ အဓိက သုံးခုတောင်းဆိုမယ်။ အကြောင်းမဲ့ ထုတ်ပစ်လိုက်တဲ့ အလုပ်သမား ၄၉ ယောက်ကို မူလရာထူးနဲ့ ပြန်ခန့်အပ်ဖို့၊ အလုပ်သမား သမဂ္ဂ တရားဝင် ရှိနေတာကို အလုပ်သမား သာယာရေးဖွဲ့ပြီး မြူဆွယ်ခြိမ်းခြောက်တာတို့ ချက်ချင်းရပ်ဆိုင်းပေးဖို့၊ အလုပ်ရှင်တွေ အနေနဲ့ ကျွန်တော်တို့ သမဂ္ဂကို လိုလိုလားလားနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့တို့ ဖြစ်တယ်" ဟု ဆိုသည်။

စံကောင်းပီနံအိတ်စက်ရုံ ချုပ်/ထမ်း ဌာနမှ အလုပ်သမား ၄၉ ဦးသည် အခြားဌာနများထက် ပင်ပန်းစွာ လုပ်ဆောင်ရသောကြောင့် လက်ရှိရရှိနေသော လစာကို ကျပ် ၅၀၀၀ ထပ်မံတိုးပေးရန် ဧပြီ ၂၅ ရက်တွင် တောင်းဆိုခဲ့သည်။

ထိုသို့ တောင်းဆိုခဲ့သောကြောင့် ဧပြီ ၂၇ ရက်တွင် အလုပ်ထုတ်စာကို ထုတ်ပြန်ခဲ့ပြီး စက်ရုံတွင်း ဆူပူအောင်ပြုလုပ်ခြင်း ဥပဒေနှင့် မလျော်ကန် ပြုခြင်းတို့ကြောင့် ၄၉ ဦးကို ပုဒ်မ ၄၀ တပ်ကာ အလုပ်ထုတ်ခဲ့သည်။

အလုပ်သမားများသည် အလုပ်ဆင်းမှု ရပ်တန့်ပြီး စက်ရုံရှေ့တွင် လိုလားချက်များ မရမချင်း တောင်းဆိုမည်ဖြစ်ကြောင်း စက်ရုံတွင် အလုပ်သမား ၁၈၀၀ ခန့်ရှိကြောင်း သိရသည်။ စံကောင်းပီနံအိတ် စက်ရုံသို့  ဖုန်းဖြင့် ဆက်သွယ်မေးမြန်ခဲ့ရာ တာဝန်ယူ ဖြေမည့်သူ မရှိ၍ မဖြေနိုင်ကြောင်း ပြန်လည်ဖြေဆိုခဲ့သည်။

မုန်တိုင်းလွတ်ရာပြောင်းဖို့ ဒုက္ခသည်အချို့ စိုးရိမ်

ရခိုင်ပြည်နယ်ဘက်ကို မဟာစင် မုန်တိုင်း ဝင်ရောက် တိုက်ခတ်မယ်လို့ ခန့်မှန်းထားတဲ့အတွက် မုန်တိုင်းဒဏ်သင့်နိုင်တဲ့ နေရာတွေက လူတွေကို ဘေးကင်းရာကို တာဝန်ရှိသူတွေက ပြောင်းရွှေ့ပေးနေပေမဲ့ ဘေးလွတ်ရာ ခိုလှုံဖို့ စိုးရိမ်နေကြသူတွေလည်း ရှိနေပါတယ်။
 
ပြီးခဲ့တဲ့နှစ် ပဋိပက္ခတွေကြောင့် ယာယီတဲတွေနဲ့ ခိုလှုံနေကြရသူတချို့ဟာ သူတို့ အခု နေထိုင်နေတဲ့ နေရာတွေကို ပြန်မရမှာ စိုးရိမ်တဲ့အတွက် ဘေးကင်းရာကို မပြောင်းချင်ကြတာ ဖြစ်တယ်လို့ ကြိုတင် ကာကွယ်ရေး အစီအစဉ်တွေကို စောင့်ကြည့်နေတဲ့ ကုလသမဂ္ဂက ပြောပါတယ်။
 
မြန်မာအစိုးရဘက်ကတော့ မုန်တိုင်းပြီးသွားရင် မူလနေရာကို ပြန်ပြီး ရွှေ့ပေးပါမယ်လို့ အာမခံထားပါတယ်။ ဒီလိုဖြစ်နေတဲ့ အခြေအနေနဲ့ မုန်တိုင်း နောက်ဆုံး အခြေအနေတွေကို မစုမြတ်မွန် က တင်ပြထားပါတယ်။
 
မြန်မာနိုင်ငံ အနောက်မြောက်ဘက်ကို ဦးတည်လာနေတဲ့ မဟာစင် ဆိုင်ကလုန်း မုန်တိုင်းဟာ နာရီပိုင်းအတွင်းမှာပဲ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဘက်ကို ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ လေတိုက်နှုန်း တစ်နာရီ မိုင် ၆၀ ထက်မနည်းနဲ့ ဝင်လာနိုင်တဲ့ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ထဲက မုန်တိုင်းလမ်းကြောင်း သင့်တဲ့နေရာတွေမှာ နေထိုင်ကြသူတွေကို မြန်မာအစိုးရက ဘေးကင်းရာကို ပြောင်းရွှေ့ပေးနေပါတယ်။
 
မြေနိမ့်ပိုင်းမှာ ရောက်နေကြတဲ့အတွက် မုန်တိုင်းဒဏ်သင့်နိုင်ပေမဲ့ ဒုက္ခသည်တချို့ကတော့ စစ်တပ်အစီအစဉ်နဲ့ ပြောင်းရွှေ့ပေးမှုကို လက်မခံချင်ကြပါဘူး။
 
စစ်တွေမြို့ ခေါင်းတကာရွာမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းက ဒုက္ခသည် တစ်ယောက်ပြောသွားတာက သူ့တို့အနေနဲ့ နေရာ မပြောင်းချင်ပါဘူးတဲ့။ ဒါပေမဲ့ အတင်းအကြပ် ပြောင်းခိုင်းတယ်ဆိုရင်တော့ ပြောင်းရမှာပဲလို့ ပြောသွားတာ ဖြစ်ပါတယ်။
 
အစိုးရရဲ့ ကြိုတင် ကာကွယ်ရေး အစီအစဉ်တွေကို ကုလသမဂ္ဂအဖွဲ့တွေက စောင့်ကြည့်နေပါတယ်။ ပြီးခဲ့တဲ့နှစ် ရခိုင်ပြည်နယ်မှာ ဖြစ်ထားတဲ့ ပဋိပက္ခတွေကြောင့် ယာယီ ခိုလှုံနေကြသူ ၃ သောင်း ၆ ထောင်လောက်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ထားပြီလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ မာတင် နော့စကီး (Martin Nesirky) က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။
 
ဘာကြောင့် တချို့က ဘေးကင်းရာ ပြောင်းဖို့ တွန့်ဆုတ်နေကြသလဲဆိုတာနဲ့ ပတ်သက်လို့ သူက အခုလို ပြောသွားပါတယ်။
 
"အပြည့်အဝ နားမလည်ကြတာနဲ့ အခု သူတို့နေနေကြတဲ့ နေရာတွေဆီမှာ ပြန်လာပြီး မနေနိုင်မှာကို စိုးရိမ်နေကြတာကြောင့် တချို့က ဘေးကင်းတဲ့ နေရာတွေကို ပြောင်းဖို့ တွန့်ဆုတ်နေကြတာ ဖြစ်ပါတယ်။ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းရေးရုံးတို့အပါအဝင် ရခိုင်ပြည်နယ်ထဲမှာ ရှိနေတဲ့ အကူအညီပေးရေး အဖွဲ့တွေအနေနဲ့ အစိုးရရဲ့ ဘေးကင်းရာ ပြောင်းရွှေ့ရေး အစီအစဉ်ကို တတ်နိုင်သလောက် လေ့လာ စောင့်ကြည့်နေပါတယ်။
တချိန်တည်းမှာပဲ ဘေးကင်းရာ မပြောင်းချင်ကြတဲ့ သူတွေကို မုန်တိုင်းနဲ့ပတ်သက်လို့ သိသင့်တဲ့ သတင်း အချက်အလက်တွေ၊ လုံခြုံတဲ့ နေရာတွေကို ပြောင်းဖို့ လိုအပ်တဲ့ အကြောင်းတွေနဲ့ အစိုးရရဲ့ ကြိုတင် ပြင်ဆင်ရေး အစီအစဉ်တွေကိုလည်း ကုလသမဂ္ဂအဖွဲ့တွေက လိုက်ပြီး ပြောပြနေပါတယ်"
 
ဒုက္ခသည် စခန်းတချို့က လူတွေ မုန်တိုင်းလွတ်ရာကို မပြောင်းချင်ကြတဲ့ အခြေအနေကို မြန်မာအစိုးရကလည်း သိပါတယ်။ သမ္မတရုံးဝန်ကြီး တစ်ယောက်ဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒုက္ခသည်တွေရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး အခုလို အာမခံချက်ပေးပါတယ်။
 
"သူတို့ စိုးရိမ်ကြောင့်ကြစိတ်တွေ ရှိပါတယ်။ လုံခြုံမှု ရှိရဲ့လား။ နံပါတ်နှစ်အချက်က ဒီနေရာကို ပြန်ပြီးတော့ ပြန်မှရပါ့မလား ဆိုတဲ့ စိုးရိမ်ကြောင့်ကြမှုတွေ ရှိပါတယ်။ အဲ့တော့ သမ္မတကြီး အာမခံထားတဲ့အထဲမှာ တပ်က ရွှေ့ပေးမယ်။ လုံခြုံရေးတာဝန် လုံးဝ ယူပါတယ်။ နံပါတ်နှစ်ကတော့ စာသင်ကျောင်းတွေမှာ နေရာချထားပေး မှာ ဖြစ်ပါတယ်။ နံပါတ်သုံးကတော့ မုန်တိုင်းပြီးလို့ရှိရင် မူလနေရာကို ပြန်ရွှေ့ပေးမယ်ဆိုတဲ့ အာမခံချက် ပေးထားပြီးသား ဖြစ်ပါတယ်။"
 
လုံခြုံရေးအတွက် ဘေးလွတ်ရာကို ပြောင်းရွှေ့ဖို့ လိုအပ်တယ်ဆိုတာကို ရခိုင်လူမှုအသိုင်းအဝိုင်းက ခေါင်းဆောင်တွေရော ရိုဟင်ဂျာ အသိုင်းအဝိုင်း ခေါင်းဆောင်တွေကပါ ကူညီ ပြောပြဖို့ ရခိုင်ပြည်နယ် အစိုးရက ဆောင်ရွက်နေတယ်လို့လည်း ကုလသမဂ္ဂက ပြောပါတယ်။
 
မုန်တိုင်းဒဏ် ခံရနိုင်တဲ့ သူတွေရဲ့ လုံခြုံရေးနဲ့ သူတို့အတွက် အကာအကွယ်ပေးဖို့ဟာ အရေးကြီးတယ် ဆိုတာကို အစိုးရကိုရော နှစ်ဘက် လူမှု အသိုင်းအဝိုင်း ခေါင်းဆောင်တွေကို ကုလသမဂ္ဂက အလေးထား ပြောထားတယ် ဆိုတာကိုလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ မာတင် နော့စကီး (Martin Nesirky) က နယူးယောက်မြို့က သတင်းစာ ရှင်းလင်းပွဲမှာ ဗုဒ္ဓဟူးနေ့တုန်းက ပြောပြပါတယ်။ မုန်တိုင်းအန္တရာယ် ကယ်ဆယ် ကူညီရေးအတွက် ရခိုင်ပြည်နယ်မှာတင် မဟုတ်ဘဲ မြန်မာနိုင်ငံက တခြားနေရာတွေမှာလည်း ကုလသမဂ္ဂအဖွဲ့တွေ ပြင်ဆင်ထားတယ် ဆိုတာကိုလည်း အခုလို ပြောပါတယ်။
 
"ကုလသမဂ္ဂ ကလေးငယ်များ စောင့်ရှောက်ရေးအဖွဲ့ UNICEF က နောက်ထပ် ဝန်ထမ်းတွေကို ပြီးခဲ့တဲ့ ၂ ရက်အတွင်း ထပ်တိုးပြီး စေလွှတ်ထားပါတယ်။ ချင်းပြည်နယ် မန္တလေးတိုင်းဘက်နဲ့ အရင်ထဲက အကူအညီ လိုအပ်နေသူတွေရှိတဲ့ ကချင်ပြည်နယ်တွေမှာ မုန်တိုင်း ကြိုတင် ကာကွယ်ရေးတွေ တိုးလုပ်ဖို့ ပြင်ဆင်နေပါတယ်။"
 
ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံဘက်ကို ရွှေ့လျားနေတဲ့ လက်ရှိ မဟာစင် မုန်တိုင်းရဲ့ အခြေအနေကို အနီရောင် အရေးပေါ် အခြေအနေအဖြစ် မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနက သတ်မှတ်ထားပါတယ်။ မုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ မိုးသည်းထန်စွာ ရွာနိုင်ပြီး ရေကြီးမှု၊ မြေပြိုမှုတွေ ဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။

ဟောင်ကောင်မှာ မြန်မာရင်းနှီးမြှုပ်နှံမှု ညီလာခံ ကျင်းပ

မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံသူတွေ အတွက် အခုထက်ပိုပြီး ပွင့်လင်းမြင်သာမှု ရှိအောင် လုပ်ဖို့ ဟောင်ကောင်မှာ ကျင်းပခဲ့တဲ့ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ညီလာခံမှာ စီးပွါးရေး လုပ်ငန်းရှင်တွေက တောင်ဆိုခဲ့ကြပါတယ်။ ဒါပေမယ့် အခုလက်ရှိ အနေအထားမှာပဲ လာရောက်ပြီး ရင်းနှီးမြှုပ်နှံကြဖို့ ဆုံးဖြတ်နေကြသူတွေ ရှိနေပါတယ်။
 
အခုလို ပြည်ပကလာရောက်ပြီး ရင်းနှီးမြှုပ်နှံသူတွေနဲ့ ရင်ဘောင်တန်း လုပ်ဆောင်နိုင်ဖို့အတွက် ပြည်တွင်းက အလတ်စားနဲ့ အသေးစား စက်မှု လုပ်ငန်းရှင်တွေကို အမြန်ဆုံး တိုးတက်အောင် မြန်မာအစိုးရက အားပေးဖို့အပြင် ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းကဏ္ဍ အတွက် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ပါ လိုအပ်တယ်လို့လည်း ထောက်ပြကြပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။
 
Beacon စီးပွားရေးလုပ်ငန်းအဖွဲ့ကြီးနဲ့ ဟောင်ကောင်က မြန်မာကောင်စစ်ဝန်ချုပ်တို့ ကြီးမှူးပြီး မေလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ ကျင်းပတဲ့ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ညီလာခံကို တက်ရောက်လာကြတဲ့ လုပ်ငန်းရှင်ကြီးတွေက ပွင့်လင်းမြင်သာမှု အခုထက်ပိုပြီး ရှိဖို့အတွက် တောင်းဆိုခဲ့ကြပေမဲ့ လက်ရှိ အနေအထားမှာပဲ မြန်မာနိုင်ငံမှာ လာရောက်ပြီး ရင်းနှီးမြှုပ်နှံဖို့ အားသန်နေတယ်လို့ ညီလာခံကို တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံ ကုန်သည်ကြီးများအသင်းက တွဲဘက်အတွင်းရေးမှူး ဦးအေးလွင် က ပြောပါတယ်။
 
"Administration Reform ကို သူတို့ တအား ကြိုဆိုပါတယ်။ ဒီ့ထက်ပိုပြီးတော့ ပိုကောင်းမွန်တဲ့ မြင်သာထင်သာရှိအောင် တောင်းဆိုတာပဲရှိမယ်။ ကျနော့်အနေနဲ့ လောလောဆယ် ရင်းနှီးမြှုပ်နှံမှုကတော့ အားတက်သရော လာမှာပါ။ လက်ရှိ အနေအထားမှာရှိတဲ့ infrastructure အရ လုပ်နိုင်ကိုင်နိုင်တဲ့ လုပ်ငန်းတွေကိုလည်း သူတို့ တွေ့ထားတယ်။ တချို့လည်း တော်တော်များများ စလုပ်နေပြီ။ အထူးသဖြင့် ဂျပန်ပေါ့နော်။ ဂျပန်ဘက်ကပြောတဲ့ ပုဂ္ဂိုလ်ဆိုရင် ဂျပန် ၃ ယောက် လာပြောပါတယ် ဒီမှာ။ သူတို့တွေက မည်သည့်နည်းနဲ့မဆို မြန်မာနိုင်ငံမှာ သေးသေးပဲ ရင်းရရင်းရ၊ ကြီးကြီးပဲ ရင်းရရင်းရ စတင် ရင်းနှီးဖို့ သူတို့ဘက်က ဆုံးဖြတ်ပြီးပြီ။ အဲ့ဒီအတွက် သူတို့တွေက မြန်မာအစိုးရနဲ့ လိုအပ်နေတာတွေကို မြန်မာနိုင်ငံ အစိုးရက ဖြည့်ဆည်းပေးဖို့ ဒေါ်လာ သန်း ၈၀၀ တွေ၊ အတိုးတွေ လျှော့ပေးတာ၊ အကြွေးတွေ လျှော့ပေးတာ၊ ODA Loan တွေ ပေးမှာမျိုးတွေ ထပ်တလဲလဲ ပြောသွားပါတယ်။ အဲ့ဒါတွေအားလုံး ပြီးသွားမယ်ဆိုရင် တချို့ နိုင်ငံခြားသားတွေ ဝေဖန်တဲ့ လျှပ်စစ်မီး မလုံလောက်တဲ့ ကိစ္စတွေလည်း သည်းညည်းခံ စောင့်စားပေးဖို့ မြန်မာနိုင်ငံ ကိုယ်စားတောင်မှ သူတို့က အဓိက ဦးဆောင်ပြီး ဆွေးနွေးတာဖြစ်တဲ့အတွက် လက်ရှိ အနေအထားကို အားလုံး လက်ခံပါတယ်။"
 
မြန်မာနိုင်ငံ အမျိုးသား စီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန ၀န်ကြီး ဦးကံဇော်နဲ့ အကြံပေးအရာရှိ ဒေါ်မြသူဇာတို့ပါ တက်ရောက်ခဲ့တဲ့ ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံတွင်းက စိန်ခေါ်မှု ပြဿနာတွေကိုပါ နိုင်ငံရပ်ခြားက လာရောက် ရင်းနှီးမြှုပ်နှံလိုတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက ဆွေးနွေးခဲ့ကြတာပါ။
 
"လိုအပ်တဲ့ infrastructure အားနည်းချက်တွေ ရှိသေးကြောင်း နောက်ပြီးတော့ နိုင်ငံတကာနဲ့ ဆက်ဆံတဲ့အခါမှာ မြန်မာနိုင်ငံက လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကျော်ကတည်းက စီးပွားရေး ပိတ်ဆို့မှုဒဏ်ကို ခံရတယ်။ အဲ့ဒီအနှစ် ၂၀ အရှေ့ကနေ ဆိုရှယ်လစ်စနစ်အောက်မှာ ကိုယ့်ဟာကိုယ် စီးပွားရေးပိတ်ဆို့တာတစ်ခု၊ နိုင်ငံတကာက ပိတ်ဆို့တာတစ်ခု အဲ့ဒီနှစ်ခုကြားထဲမှာ လက်ရှိ ရုတ်ချည်းအပြောင်းအလဲမှာ နိုင်ငံတကာရဲ့ စံချိန်စံညွှန်းတွေ ကိုက်အောင်လို့ တိုင်းပြည်တွင်းမှာရှိတဲ့ လုပ်ငန်းရှင်တွေက လိုက်နိုင်အောင်လို့ တော်တော် ကြိုးစားဖို့ လိုပါသေးတယ်။ မြန်မာနိုင်ငံမှာ ကျွမ်းကျင်တဲ့ ပညာရှင်တွေ ပြန်လည် ဖြည့်တင်းဖို့ လိုအပ်နေသေးတဲ့ ဆိုတဲ့အကြောင်း လောလောဆယ် လတ်တလောဖြစ်ပေါ်နေတဲ့ ဘာသာရေး လူမျိုးရေး ပြဿနာတချို့ကိုလည်း investor တွေအနေနဲ့ ရှေ့လျှောက် ပိုပြီး ဂရုတစိုက်နဲ့ လုပ်ဖို့ လိုတယ်ဆိုတဲ့အကြောင်းပေါ့"
 
ဒါ့အပြင် ပြည်ပက လာရောက် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ မြန်မာနိုင်ငံမှာ အခုထိ မပြဌာန်းရသေးတဲ့ နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေနဲ့ပတ်သက်ပြီး အားမလို အားမရ ဖြစ်နေတယ်လို့လည်း ပြောပါတယ်။
 
"FDI Law ကလည်း ၂၀၁၂ ခု နိုဝင်ဘာ ၂ ရက်နေ့ကနေပြီးတော့ လွှတ်တော်က အတည်ပြုပြီး၊ ကြေညာပြီးပြီဆိုတာကိုလည်း သူတို့ နားလည်တယ်။ Rule and Regulation တွေကိုလည်း ကြေညာပြီးပြီဆိုတာကိုလည်း သူတို့ နားလည်တယ်။ သူတို့တွေဟာ မြန်မာနိုင်ငံမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေထက်တောင်မှ ဂရုစိုက် လေ့လာနေပါတယ်။ ဒါပေမဲ့ ခုနပြောသလိုပေါ့ နိုင်ငံတကာ စံနှုန်းနဲ့ နည်းနည်းလေး ဟနေတဲ့အတွက် ဒီဥပဒေတွေအပေါ်မှာ တချို့အပိုင်းတွေကိုတော့ အားမလို အားမရဖြစ်တဲ့ အချက်တွေကို သူတို့ ဆွေးနွေးတာရှိပါတယ်။ မြန်မာနိုင်ငံထဲမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ပြည်တွင်းက Partner တွေ ကောင်းကောင်းမရဘဲနဲ့ ရင်းနှီးမြှုပ်နှံဖို့ ခက်ခဲနိုင်တဲ့အကြောင်း သူတို့ ထပ်တလဲလဲ ပြောတာတွေ့ရပါတယ်။"
 
အခု ပြည်တွင်းမှာ လက်တွဲလုပ်ဆောင်နိုင်မယ့် စီးပွားရေးလုပ်ငန်းရှင်ကောင်းကောင်း ရှာမရတဲ့ ပြဿနာတွေနဲ့အတူ မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှုတွေ ရှိနေတာကို သိကြတဲ့ နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ မြန်မာနိုင်ငံမှာ ထဲထဲဝင်ဝင် ရင်းနှီးမြှုပ်နှံမှုမလုပ်ဘဲ ပွဲလန့်တုန်း ဖျာလာခင်းတဲ့ အနေအထားလို့ ဝေဖန်မှုတွေ ရှိနေတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။
 
"ဖျာလာခင်းတဲ့အဆင့်ထက် သူတို့သည် ရုံးခန်းတွေ လာဖွင့်ပြီးတော့ လုပ်နိုင်သမျှဘက်က စတင်လုပ်ဆောင်ဖို့ သူတို့ ပြင်ဆင်နေတာကိုတော့ တွေ့လည်း တွေ့နေရပါတယ်။ ဒီ့ထက်ပိုပြီးတော့ ကောင်းအောင်လို့ ကျနော်တို့ထဲက လူတွေက ၀ိုင်းလုပ်ပေးဖို့ပဲ လိုပါတယ်။ စောစောကပြောသလို ဖျာလာခင်းတဲ့သူတွေလည်း ရှိကောင်းရှိသလို၊ ဒီအပေါ်မှာ အခွင့်အရေးတရပ်အနေနဲ့ လာတဲ့ နိုင်ငံခြားသားဆိုတာလည်း ရှိမှာပဲ။ ဒါပေမဲ့ တကယ် ရင်းနှီးမြှုပ်နှံမှု သူတို့တွေရဲ့ Industry တွေပြောင်းလဲဖို့၊ တရုတ်ပြည်ကနေ ရှိနေတဲ့ စက်ရုံတွေ ဒီဘက်ရွှေ့ချင်တာတို့ ဒါတွေက ရာခိုင်နှုန်း ပိုများပါတယ်။ အဲ့တော့ ကျနော်တို့ တိုင်းရင်းသား လုပ်ငန်းရှင်တွေကလည်း International Practice တွေကို ကျင့်ရမှာပေါ့နော်။ တိုင်းရင်းသားတွေရှိတဲ့ စွမ်းအင်ဆိုင်ရာ Industry တွေ အမြန်ဆုံး တိုးတက်ဖို့တော့ ပြည်တွင်းမှာရှိတဲ့ လုပ်ငန်းရှင်တွေ အစိုးရကတော့ မြန်မြန်လေးကို အားပေးတဲ့အဆင့် လုပ်မှပဲ ကျနော်တို့တွေက သူတို့နဲ့ လိုက်နိုင်မယ်လို့ ကျနော် ယူဆပါတယ်။"
 
မြန်မာနိုင်ငံထဲ စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းတွေအတွက် ဥက္ကဌပေါင်းများစွာက နှစ်ပေါင်းများစွာ နေရာယူပြီး ကိုယ်ကျိုးရှာနေတာမျိုးတွေကို ပြန်လည် စိစစ်ဖို့အတွက် လိုအပ်နေသလို၊ Private Sector လို့ခေါ်တဲ့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးအတွက်ပါ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုအပ်နေပါတယ်လို့လည်း ထောက်ပြခဲ့ပါတယ်။

ထီးခီးနယ်စပ် ကုန်သွယ်ရေးစခန်းတွင် Border Pass (BP) များ ထုတ်ပေးမည်

bptbp-may15

ထီးခီးနယ်စပ် ကုန်သွယ်ရေးစခန်းတွင် ယာယီနယ်စပ် ဖြတ်ကျော်ခွင့် လက်မှတ်များ ထုတ်ပေးနေစဉ်

တနသာင်္ရီတိုင်းဒေသကြီး ထားဝယ်ခရိုင် မေတ္တာမြို့ နယ်ခွဲရှိ ထိုင်း-မြန်မာနယ်စပ် ထီးခီးကုန်သွယ်ရေး စခန်းကို မေ ၁၁ ရက်က ဖွင့်လှစ်ခဲ့ရာ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်မှုအတွက် ယာယီနယ်စပ် ဖြတ်သန်းခွင့် လက်မှတ်များကို one stop service စနစ်ဖြင့် ထုတ်ပေးလျက်ရှိကြောင်း နယ်စပ်ကုန်သွယ်ရေးစခန်း (လ.၀.က) တာဝန်ခံ ဦးအောင်မင်းဦးထံမှ စုံစမ်းသိရှိရသည်။

လက်ရှိအခြေအနေအရ ယာယီနယ်စပ် ဖြတ်သန်းခွင့်လက်မှတ် (Temporary Border Pass - TBP) ဖြင့် ဖြတ်သန်းခွင့် ပြုထားပြီး ဒေသခံများအတွက် နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် (Border Pass - BP) ဖြင့် လွတ်လပ်စွာ ၀င်ထွက်ခွင့်ပြုရန် ဆက်လက်ပြုလုပ်ပေးသွားမည်ဟု သိရှိရသည်။ "TBP ကို ဒီနေ့စပြီး လုပ်ပေးပါတယ်။ TBP က မြန်မာနိုင်ငံသား အားလုံးအတွက် နယ်စပ်ဖြတ်ခွင့် ပြုတဲ့လက်မှတ်ပါ။ လက်မှတ်ပြုလုပ်ဖို့အတွက် ကျပ်ငွေ ၁၀၀၀ ကျသင့်မှာဖြစ်ပြီး မှတ်ပုံတင် မူရင်းနဲ့ မိတ္တူယူလာဖို့ လိုပါတယ်။ လက်မှတ်သက်တမ်းကတော့ ၆ ညအိပ် ၇ ရက်ဖြစ်ပြီး တစ်ကြိမ်သာ အသုံးပြုခွင့် ရှိပါတယ်။ BP ကတော့ ဒေသခံထားဝယ်နဲ့ မေတ္တာမြို့နယ်ထဲမှာ နေထိုင်တဲ့သူတွေကို ထုတ်ပေးမှာ ဖြစ်ပါတယ်။ စာအုပ်လျှောက်ထားရာမှာ အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်တွေကို မူရင်း၊ မိတ္တူနဲ့ ဓာတ်ပုံသုံးပုံကို ယူလာပြီး ကိုယ်တိုင်လျှောက်ထားနိုင်ပါတယ်။ စာအုပ်သက်တမ်းကတော့ ၂ နှစ်ပါ။ တစ်ကြိမ်မှာ ၁၃ ညအိပ် ၁၄ ရက် နေထိုင်ခွင့် ပြုပါတယ်။ စာအုပ် ၂ မျိုးစလုံးမှာ (၁၂) နှစ်အောက် ကလေးတွေကို သီးခြားလက်မှတ် ထုတ်ပေးမှာ မဟုတ်ဘဲ မိဘအုပ်ထိန်းသူရဲ့ လက်မှတ်မှာ အမည်ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ စာအုပ်အတွက် ကျပ် ၅၀၀ နဲ့ တစ်ကြိမ်ဖြတ်သန်းတိုင်း ကျပ် ၃၀၀ ပေးရမှာ ဖြစ်ပါတယ်" ဟု ဦးအောင်မင်းဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသားများကို BP/TBP တို့ဖြင့် ထိုင်းနိုင်ငံသို့ ၀င်ရောက်ခွင့်ပြုပြီး ထိုင်းနိုင်ငံသားများကို BP/TBP/Pass Post များဖြင့်လည်းကောင်း၊ အခြားနိုင်ငံသားများကို PassPost ဖြင့် ၀င်ရောက်ခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရသည်။ ဖြတ်သန်းခများမှာ မြန်မာ BP (အထွက်) ကျပ် ၃၀၀ နှင့် TBP (အထွက်) ကျပ် ၅၀၀၊ ထိုင်း (BP/TBP) ဖြင့်အ၀င် ၃၀ ဘတ်၊ ကမ္ဘာလှည့်ဗီဇာ Tourist Visa ၂၀ ဒေါ်လာ၊ လုပ်ငန်းဗီဇာ Bussiness Visa ၃၆ ဒေါ်လာ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရှိရသည်။

ပေါက်တောမြို့နယ် အတွင်းရှိ ဘင်္ဂါလီ ဒုက္ခသည်များအား ရွှေ့ပြောင်းစဉ် စက်လှေတိမ်းမှောက်ကာ ၅၈ ဦး ပျောက်ဆုံးနေ

မုန်တိုင်းရန် ကာကွယ်ရေးအတွက် ပေါက်တောမြို့နယ်မှ ဘင်္ဂါလီ ဒုက္ခသည်များအား စက်လှေ ခုနစ်စီးဖြင့် ရွှေ့ပြောင်းစဉ် တစ်စီးတိမ်းမှောက်ကာ လှေပေါ်ပါ လူ ၅၈ ဦး ပျောက်ဆုံးနေကြောင်း နိုင်ငံပိုင်ရုပ်သံမှ မေ ၁၄ ရက် ည ၈ နာရီ သတင်းတွင် ကြေညာခဲ့သည်။

မေ ၁၃ ရက် ည ၁၀ နာရီခန့်က ပေါက်တောမြို့နယ် ငှက်ချောင်းဒုက္ခသည် စခန်းမှ ဘင်္ဂါလီများကို စက်လှေခုနစ်စီးဖြင့် ဆင်တပ်မော်ကျေးရွာသို့ ရွှေ့ပြောင်းစဉ် စက်လှေခြောက်စီးမှာ ဆင်တပ်မော် ကျေးရွာသို့ ရောက်ရှိခဲ့ကြောင်း၊ ကျန်စက်လှေ တစ်စီးမှာမူ ကုလားတန်မြစ်နှင့် ကျွဲကူးမြစ်ဆုံ မြစ်ဝအနီးတွင် ကျောက်ဆောင်နှင့် တိုက်မိပြီး တိမ်းမှောက်သွားခဲ့ကြောင်း၊ တိမ်းမှောက်သည့် စက်လှေပေါ် ပါရှိသူများအနက် ၄၂ ဦးအား ပေါက်တောမြို့နယ် အနောက်ရဲ ဒုက္ခသည်စခန်းတွင် ကယ်တင်ထားခဲ့ကြောင်း၊ ကျန် ၅၈ ဦးမှာ ပျောက်ဆုံးနေသောကြောင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းထုတ်ပြန်သည်။

မဟာစင်မုန်တိုင်း အန္တရာယ်ကြောင့် ရခိုင်ပြည်နယ် အတွင်းရှိ ဒုက္ခသည် စခန်းများကို ဘေးလွတ်ရာ ဒေသများသို့ ကြိုတင်ရွှေ့ပြောင်း ပေးနေခြင်းဖြစ်ပြီး မေ ၁၂ ရက် နံနက်ပိုင်းတွင် ပြည်နယ်လျှပ်စစ်နှင့် စက်မှုဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ UNHCR မှ တာဝန်ရှိသူများသည် ပေါက်တောမြို့ရှိ ဒုက္ခသည်များအား နေရာရွှေ့ပြောင်းပေးရန် သွားရောက်ခဲ့ကြောင်း မေ ၁၄ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

ယင်းနောက် မေ ၁၂ ရက် မွန်းလွဲပိုင်းက ကျောက်ဖြူမြို့နယ်၊ ဘုရားကြီးတောင်ကွင်းရှိ ဒုက္ခသည်စခန်းမှ ဒုက္ခသည်များနှင့် ကျောက်တစ်လုံး ကယ်ဆယ်ရေးစခန်းရှိ ဒုက္ခသည်များအား ကညင်တောကျေးရွာရှိ ယာယီတန်းလျားများသို့ လည်းကောင်း ပို့ဆောင်ထားကြောင်း သိရသည်။

မေ ၁၃ ရက်တွင် စစ်တွေမြို့နယ် ဒါးပိုင်နှင့် မှန်စီကြားရှိ ရွက်ဖျင်တဲဖြင့်နေသူ သံထော်လီမှ မိသားစုများအား သက္ကယ်ပြင် စာသင်ကျောင်းသို့ လည်းကောင်း၊ ပလင်ပြင်၊ ပိုက်ဆိပ်ရှိ မိသားစုများကို အာဂျိတ္တော်ကုန်းသို့ လည်းကောင်း၊ မိုးလေ၀သ ဒုက္ခသည် စခန်းရှိ မိသားစုများအား အထက (၄) သို့ လည်းကောင်း၊ သဲချောင်း ကယ်ဆယ်ရေး စခန်းရှိ အိမ်ထောင်စုများအား အုန်းတောချေ ကယ်ဆယ်ရေးစခန်းရှိ တန်းလျားများသို့ လည်းကောင်း ပို့ဆောင်ထားကြောင်း သိရသည်။

သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သည့် ရပ်ကွက်များမှ ဘေးဒုက္ခရောက်နေကြသော ဒေသခံ ပြည်သူများအား စစ်တွေမြို့ရှိ နယ်မြေခံ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ တပ်ရင်း အလုပ်ရုံနှင့် မဟာဇေယျသိဒ္ဓိ အဓိဋ္ဌာန်ကျောင်းတိုက်များသို့ တပ်မတော်မော်တော်ယာဉ်များဖြင့် ပြောင်းရွှေ့ပေးလျက်ရှိပြီး အခြားဘေးအန္တရာယ် ရှောင်ရှားနိုင်သည့် နေရာများသို့လည်း ရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော် အလုပ်သမားရေးရာ ကော်မတီက အလုပ်သမား အခွင့်အရေးများကို ထိရောက်စွာ ကာကွယ်ပေးရန် အလုပ်သမားအရေး ဆောင်ရွက်သူများ လိုလား


wokerchance-may15

လှိုင်သာယာ ဟုတ်စိန် ပီနံအိတ်စက်ရုံရှေ့တွင် အလုပ်သမား အခွင့်အရေးနှင့် ပတ်သက်၍ အလုပ်သမားများ စုပေါင်းတောင်းဆိုစဉ် (ဓာတ်ပုံ-ဥမ္မာအောင်)

မကြာမီ ဖွဲ့စည်းမည့် ပြည်ထောင်စုလွှတ်တော် အလုပ်သမားရေးရာ ကော်မတီ အနေနှင့် အလုပ်သမား အခွင့်အရေးများကို ထိရောက်စွာ ကာကွယ်ပေးနိုင်ရန် လိုလားလျက်ရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောကြားသည်။

အဆိုပါ ပြည်ထောင်စုလွှတ်တော် အလုပ်သမားရေးရာ ကော်မတီတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ အလုပ်သမား သမဂ္ဂများ၊ အလုပ်ရှင်များနှင့် ၀န်ကြီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်းဖွဲ့စည်းသွားမည်ဟု သိရသည်။
ထိုကော်မတီမှ အလုပ်သမားအရေး ကိစ္စရပ်များကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ခေတ်စနစ်နှင့် မလျော်ညီသော အလုပ်သမားရေးဆိုင်ရာ ဥပဒေများကို ပြင်ဆင်သွားမည်ဟု သိရသည်။

"ခေတ်နဲ့မလျော်ညီတဲ့ ဥပဒေတွေကို ပြင်ဆင်မယ်ဆိုတဲ့ နေရာမှာလဲ အခြေခံ လုပ်ခလစာကို မူတည်ပြီး တခြားအကျိုးခံစားခွင့်တွေကို တွက်ချက်တာ ဖြစ်တဲ့အတွက် အခြေခံ လုပ်ခလစာကို တိတိကျကျ ပြဋ္ဌာန်းပေးဖို့ လိုပါတယ်။ လွှတ်တော်အနေနဲ့ ဒီထက်ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်ဖို့ လိုပါတယ်" ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ အလုပ်သမားအရေး ဆောင်ရွက်သူ မသက်သက်အောင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် အနည်းဆုံး အခကြေးငွေ ဥပဒေကို ပြီးခဲ့သည့် မတ် ၂၂ ရက်တွင် သတ်မှတ်ပြဋ္ဌာန်း လိုက်သော်လည်း အနည်းဆုံးလုပ်ခ သတ်မှတ်ချက်ကို ထည့်သွင်းဖော်ပြထားခြင်း မရှိသေးကြောင်း တွေ့ ရသည်။

"ကော်မတီအနေနဲ့ အလုပ်သမား အခွင့်အရေးတွေကို ထိထိရောက်ရောက် အကာအကွယ်ပေးဖို့ လိုပါတယ်။ နောက်ပြီး လုပ်ငန်းခွင် ပြဿနာတွေ ဥပမာ လုပ်ခလစာနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ကော်မတီအနေနဲ့ စာရင်းပြုစုပြီး အကောင်အထည် ဖော်သင့်ပါတယ်။ အလုပ်သမား အဖွဲ့အစည်းတွေကို လွတ်လပ်စွာ ဖွဲ့စည်းခွင့် ပေးထားပေမယ့် စည်းရုံးခွင့် မပေးထားဘူး။ အလုပ်သမား ဥပဒေကလည်း ခိုင်မာမှု မရှိဘူး" ဟု အလုပ်သမားအရေး ဆောင်ရွက်သူ ရှေ့နေကိုဖိုးဖြူက ပြောကြားသည်။

အနည်းဆုံး အခကြေးငွေ ဥပဒေ၏ နောက်ဆက်တွဲ နည်းဥပဒေကို သုံးလအတွင်း ထုတ်ပြန်ရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အနည်းဆုံး အခကြေးငွေ ဥပဒေ၏ နောက်ဆက်တွဲ နည်းဥပဒေ ထွက်ပြီးမှသာ အလုပ်ရှင်၊ အလုပ်သမား၊ ပညာရှင်များ ပါဝင်သည့် ကော်မတီတစ်ရပ် ဖွဲ့စည်းကာ အဆိုပါ ကော်မတီမှ အနိမ့်ဆုံး လုပ်ခလစာကို သတ်မှတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

မိတ္ထီလာ အကြမ်းဖက်မှု၌ ကျူးလွန်သူဟု သံသယ ရှိသူများအား ဖမ်းဆီးထားမှု ၈၅ ဦးအထိ ရှိနေပြီး အမှုပေါင်း ၁၃ မှုဖြင့် ရုံးတင်ထား


matehtilarprisoner-may16

မိတ္ထီလာ ပဋိပက္ခတွင် သံဃာသတ်ဖြတ်မှု၌ ပါဝင်သူများအား ရုံးထုတ်လာသည်ကို မိတ္ထီလာ တရားရုံးရှေ့တွင် တွေ့ရစဉ် (ဓာတ်ပုံ-၀ဏ္ဏ)

မိတ္ထီလာမြို့ အကြမ်းဖက်မှု ဖြစ်စဉ်အတွင်း ကျူးလွန်သူဟု သံသယ ရှိသူများအား ဖမ်းဆီးထားရာ ၈၅ ဦးအထိ ရှိပြီး ၎င်းတို့အား အမှုပေါင်း ၁၃ မှုဖြင့် ရုံးတင်စစ်aဆးလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးရဲအောင်မြင့်က Eleven Media သို့ မေ ၁၅ ရက်က ပြောကြားခဲ့သည်။

လက်ရှိတွင် ကျူးလွန်သူဟု သံသယရှိသဖြင့် လက်ရှိအချိန်ထိ ဖမ်းဆီးထားသူ ၈၅ ဦးအား လူသတ်မှု၊ သွေးထိုးလှုံ့ဆော်မှု၊ မီးရှို့မှု၊ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု၊ လုယက်မှု၊ နာကျင်မှု၊ အကျိုးဖျက်ဆီးမှု၊ နာကျင်စေမှု အစရှိသည့် ပုဒ်မများနှင့် စပ်ဆက်ပုဒ်မ ၅ မှုတို့ဖြင့် မိတ္ထီလာခရိုင် တရားရုံးတွင် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးရဲအောင်မြင့်က "လက်ရှိထိတော့ သူတို့ကို စစ်ဆေးနေဆဲပါပဲ။ တရားလိုပြ အဆင့်တွေတော့ ပြီးခါနီးပါပြီ" ဟု ပြောကြားခဲ့သည်။

ယင်းအပြင် မိတ္ထီလာမြို့အတွင်း ဘုန်းကြီးတစ်ပါး အသတ်ခံမှု ဖြစ်စဉ်တွင် ပါဝင်ကျူးလွန်သူ ၁၁ ဦးကို ယခုလ ၂၁ ရက်နေ့တွင် အမိန့်ချသွားမည်ဟု သိရသည်။

မိတ္ထီလာမြို့မှာ လက်ရှိအချိန်တွင် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိလာပြီး ဖြစ်သဖြင့် ထုတ်ပြန်ထားသော ပုဒ်မ ၁၄၄ အား ယခုလအတွင်း ရုပ်သိမ်းသွားမည် ဖြစ်ကြောင်း ဦးရဲအောင်မြင့်က ဆိုသည်။

မတ် ၂၀ ရက် ဖြစ်ပွားခဲ့သော မိတ္ထီလာ ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးခဲ့သော ကော်မရှင်၏ ရလဒ်မှာ ပြီးစီးသွားပြီ ဖြစ်သော်လည်း မည်သည့် အဖွဲ့ အစည်း လုပ်ဆောင်သည်ကို အသိပေးကြေညာရန် မရှိသေးကြောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ မန္တလေးတိုင်း နယ်စပ်ရေးရာ ၀န်ကြီးဖြစ်သူ ဗိုလ်မှူးကြီး အောင်ကျော်မိုးထံမှ သိရသည်။

"ဖမ်းဆီးဖို့ ကျန်ရှိနေပါသေးတယ်။ အဲဒီအတွက်ကြောင့် ဘယ်အဖွဲ့အစည်းလည်း ဆိုတာ ထုတ်ပြောလို့ မရနိုင်သေးပါဘူး" ဟု ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြောကြားသည်။

ငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၉၃၀ အထိ ဆက်တိုက်ထိုးတက်၊ ကုန်ထုတ်လုပ်ငန်းရှင်၊ ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်ကြီးများ အကျိုးပိုရှိလာပြီး အခြေခံ လူတန်းစားများနှင့် လူများစု ပိုမို အထိနာမည်

အမေရိကန် ဒေါ်လာနှင့် မြန်မာငွေလဲနှုန်းတွင် ဒေါ်လာတန်ဖိုး ဆက်တိုက်ထိုး တက်နေပြီး မေ ၁၅ ရက်တွင် ပြင်ပဈေးကွက်၌ အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၉၃၀ အထိ ထိုးတက်သွားခဲ့သည်။

မေ ၂ ရက်က တစ်ဒေါ်လာလျှင် ၈၉၃ ကျပ်သာရှိပြီး မေ ၁၅ ရက်တွင် တစ်ဒေါ်လာ ကျပ် ၉၃၀ အထိ နှစ်ပတ်အတွင်း တစ်ဒေါ်လာ ၃၇ ကျပ်အထိ မြင့်တက်ခဲ့ရသည့် ဖြစ်ရပ်မှာ အစိုးရသစ် လက်ထက်အတွင်း ငွေလဲနှုန်း အတက်အကြမ်းဆုံး အခြေအနေ ဖြစ်သည်။

ဧပြီ သင်္ကြန်မတိုင်မီက တစ်ဒေါ်လာလျှင် ကျပ် ၈၉၀ ရှိနေရာမှ သင်္ကြန်ပြီး ကာလနောက်ပိုင်းတွင် ဆက်တိုက် ထိုးတက်ခဲ့သည်။

ဗဟိုဘဏ်မှ နေ့စဉ်ငွေလဲနှုန်း သတ်မှတ်ပေးရာတွင်လည်း မေ ၂ ရက်က တစ်ဒေါ်လာလျှင် ၈၉၁ ကျပ်သာ ရှိရာမှ မေ ၁၃ ရက်တွင် ဗဟိုဘဏ် သတ်မှတ်ဈေးမှာ ၉၀၄ ကျပ်အထိ ရှိလာခဲ့သည်။

မေ ၁၄ ရက်တွင်မူ ဗဟိုဘဏ်မှ သတ်မှတ်ဈေးမှာ တစ်ဒေါ်လာ ကျပ် ၉၁၀ အထိ ထပ်မံခုန်တက်ခဲ့ပြီး မေ ၁၃ ရက် ငွေလဲနှုန်းဖြင့် နှိုင်းယှဉ်လျှင် တစ်ရက်အတွင်း ခြောက်ကျပ်အထိ ဈေးထိုးတက်ခြင်းဖြစ်သည်။

ယင်းနောက် မေ ၁၅ ရက်တွင် ဗဟိုဘဏ် သတ်မှတ်ဈေးမှာ တစ်ဒေါ်လာလျှင် ၉၁၉ ကျပ်အထိ ထပ်မံတိုးတက်ခဲ့ရာ မေ ၁၄ ရက်ဈေးဖြင့် နှိုင်းယှဉ်ပါက တစ်ရက်အတွင်း တစ်ဒေါ်လာ ၉ ကျပ်အထိ ထပ်မံမြင့်တက်ခဲ့ ပြန်သည်။

ဒေါ်လာဈေးအမြင့်ဖြင့် အများပြည်သူအတွက် ပြည်ပမှ မဖြစ်မနေ တင်သွင်းရမည့် စားသုံးကုန် ပစ္စည်းများ၊ ဆေးဝါး၊ စက်သုံးဆီ၊ စားသုံးဆီ၊ တောင်သူများ အသုံးပြုရမည့် မြေသြဇာ အပါအ၀င် စိုက်ပျိုးရေးသုံး ပစ္စည်းများအတွက် အများပြည်သူမှ ပိုမိုကုန်ကျခံ သုံးစွဲရမည်ဖြစ်ပြီး ဒေါ်လာဈေးကျသော်လည်း အဆိုပါ အမြင့်ဈေးများမှာ ပြန်လည်ကျဆင်းမှု မရှိတော့ဘဲ . . . . .

ဗဟိုဘဏ် သတ်မှတ်ပေးသည့် နှုန်းသည်ပင် မေ ၁၃ ရက်မှ မေ ၁၅ ရက်အထိ သုံးရက်အတွင်း တစ်ဒေါ်လာလျှင် ၁၅ ကျပ် မြင့်တက်ခဲ့ခြင်းဖြစ်ရာ ပြင်ပဈေးကွက်တွင် အဆမတန် ဈေးထိုးတက်ခဲ့ရသည်။

ဗဟိုဘဏ် သတ်မှတ်နှုန်း မြင့်တက်လာသည့်အတွက် ပြင်ပဈေးကွက် ငွေလဲနှုန်းမှာလည်း မေ ၁၅ ရက်တွင် တစ်ဒေါ်လာ ကျပ် ၉၃၀ အထိ မြင့်တက်သွားခြင်းဖြစ်သည်။

အမေရိကန်ဒေါ်လာ ငွေလဲနှုန်း မြင့်တက်ရခြင်းမှာ လတ်တလော အခြေအနေအရ အကြောင်းအချက် များစွာ ရှိနေသည်ဟု ဗဟိုဘဏ် တာဝန်ရှိသူ၊ ပုဂ္ဂလိကဘဏ် တာဝန်ရှိသူများနှင့် ပြင်ပငွေဈေးကွက်တွင် လုပ်ကိုင်နေသူများက ပြောကြားခဲ့သည်။

ကုန်ပစ္စည်း တင်သွင်းမှု များပြားလာခြင်းကြောင့် ဒေါ်လာလိုအပ်ချက် မြင့်တက်ခြင်း၊ ပုဂ္ဂလိကဘဏ်များမှ ၀ယ်လိုအားပေါ် မူတည်၍ ဗဟိုဘဏ်တွင် နေ့စဉ်လေလံဆွဲသည့် ဈေးအား ဆက်တိုက်ဈေးမြှင့်ပေးပြီး လေလံဆွဲဝယ်ယူကာ ပြန်လည်ရောင်းချခြင်း၊ ဒေါ်လာကိုင်ထားသူများမှ တက်ဈေးထပ်မျှော်ကာ ထုတ်မရောင်းခြင်း၊ ဈေးထပ်တက်မည် စိုး၍ သွင်းကုန်လုပ်ငန်းရှင်များ ဆက်တိုက်လိုက်လံ ၀ယ်ယူခြင်း၊ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြည်ပမှ ကုန်ပစ္စည်း တင်သွင်းမည့်သူများ၏ ဒေါ်လာဝယ်လိုအားမြင့် တက်ခြင်းဟူသည့် အကြောင်းအချက် မျိုးစုံကြောင့်ဟု သုံးသပ်ထားကြသည်။

ပုဂ္ဂလိကဘဏ် တာဝန်ရှိသူများကမူ သွင်းကုန်အတွက် ဒေါ်လာသန်းဖြင့်ချီသည့် ပမာဏအထိ ဆက်တိုက်ဝယ်လိုအား မြင့်တက်မှုကြောင့် လည်းကောင်း၊ ဗဟိုဘဏ်တွင် လေလံတင်ရာ၌ ပြင်ပဈေးကွက်နှင့် ၀ယ်လိုအားကောင်းသည့်အပေါ် မူတည်၍ ဘဏ်များမှ ပေါက်ဈေးထက် ပိုပေးကာ လေလံဆွဲလာမှုကြောင့် လည်းကောင်း၊ အဓိက အချက်မှာ ပို့ကုန်လုပ်ငန်း အကျိုးရှိစေရန်အတွက် ဒေါ်လာဈေးအား ဆွဲတင်မည်ဟု မူဝါဒ ချမှတ်ခဲ့မှုများကြောင့် လည်းကောင်း မြင့်တက်လာခြင်းဟု သုံးသပ်ကြသည်။

ပုဂ္ဂလိကဘဏ် တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက "ဗဟိုဘဏ်မှာ အရင်တုန်းက တစ်ရက်ကို ၁ ကျပ် ၂ ကျပ်လောက်ပဲ ပုံမှန်တက်တဲ့ ဈေးနဲ့ လေလံအောင်တယ်။ အခု မနေ့ကနဲ့ ဒီနေ့ မေ ၁၅ ရက် တစ်ရက်အတွင်းမှာတောင် တစ်ဒေါ်လာကို ၉ ကျပ်အထိ မြှင့်ပေးရတယ်။ အပြင်ဝယ်လိုအားကို ကြည့်ပြီး တင်တာ။ ၀ယ်လိုအားကလည်း တကယ်ရှိနေတယ်။ ကမ္ဘာမှာလည်း ဒေါ်လာဈေးက မာလာတယ်၊ ရွှေဈေးကျတယ်။ ပြည်တွင်းမှာ အ၀ယ်လိုက်တယ်။ ဗဟိုဘဏ်ဈေးကလည်း မြင့်လာတယ် ဒါကြောင့်ဈေးတက်တာ။ ဒီအချက်တွေထက် ပိုပြီးပြောလို့ရတဲ့ အချက်ကတော့ ပို့ကုန် လုပ်ငန်းတွေအတွက် ဈေးဆွဲတင်နေတဲ့ အချက်ပဲ" ဟု ပြောပြခဲ့သည်။

ဒေါ်လာဈေး တက်ခြင်းသည် ကောင်းသည်ဆိုးသည် ဆိုခြင်းထက် အခြေခံ လူတန်းစားများနှင့် လူအများစုမှာမူ ပိုမိုနစ်နာမည်သာ ဖြစ်သည်ဟု ဆိုကြသည်။

ယခုကဲ့သို့ ပုံမှန်မဟုတ်ဘဲ အမေရိကန် ဒေါ်လာဈေး ခုန်တက်ခြင်းကြောင့် ပြည်တွင်းရှိ ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်ကြီးအချို့ ပိုင်ဆိုင်သည့် ငွေများပြည်ပမှ နည်းလမ်းအမျိုးမျိုးဖြင့် ၀င်ရောက်လာသည့်အခါ အကျိုးရှိခြင်း၊ ပို့ကုန်နှင့် ကုန်ထုတ်လုပ်ငန်းရှင်များ အကျိုးရှိခြင်းများ ရှိလာမည်ဟု သုံးသပ်ကြသည်။

"ပို့ကုန်လုပ်ငန်း ကောင်းမယ်၊ နိုင်ငံခြားငွေများများ ပိုင်ဆိုင်ထားတဲ့ ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်ကြီးတွေ ငွေတွေ နည်းလမ်းအမျိုးမျိုးနဲ့ ပြန်ဝင်လာပြီး အကျိုးရှိမယ်။ ဒါက လတ်တလောရမယ့် အကျိုး။ ရေရှည်မှာ တောင်သူတွေ၊ မွေးမြူသူတွေ အကျိုးရှိနိုင်တယ်။ ဒါပေမဲ့ အခုဒေါ်လာဈေး တက်တာက ပုံမှန်တက်တာ မဟုတ်ဘူး။ ခုန်တက်ထိုးကျနဲ့ ဖြစ်နေတာ။ အခုဈေးနဲ့သာ တောင်သူအကျိုးရှိမယ် ပြောတာ။ စပါးပေါ်တဲ့အချိန် ဒီငွေလဲနှုန်းအတိုင်း ရှိမယ် ဘယ်သူအာမခံမလဲ။ အခု ဒေါ်လာဈေး တက်တဲ့အတွက် တောင်သူတွေ ဓာတ်မြေသြဇာကို ဈေးပိုပေးပြီး ၀ယ်ရမယ်။ နွေကျ ဒေါ်လာဈေး ပြန်ထိုးကျရင် တောင်သူတွေ ပိုနာဦးမှာပေါ့။ အခုဒေါ်လာဈေးနဲ့ သွင်းထားတဲ့ ကုန်စည်တွေ ၀ယ်သုံးရမယ့် စားသုံးသူတွေကတော့ ခံရမယ်။ ဒေါ်လာဈေး ပြန်ကျလည်း တက်ပြီးသားဈေးက ပြန်မကျဘူး။ အဲဒီအတွက် အခြေခံ လူတန်းစားက တောက်လျှောက်ခံရမှာ။ ဆိုလိုချင်တာက တက်ရင်လည်းတက် ဒါပေမယ့် တည်တည်ငြိမ်ငြိမ်နဲ့ ပုံမှန်အတိုင်းတက်။ ကျလည်း၊ တည်တည်ငြိမ်ငြိမ်နဲ့ ကျတာကသာ သဘာဝကျတာ။ ဒါမှ အားလုံးအကျိုးရှိမှာပါ" ဟု မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းရှင်များ အသင်းဝင် ပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင် တစ်ဦးက ရှင်းပြသည်။

ဒေါ်လာဈေးအမြင့်ဖြင့် အများပြည်သူအတွက် ပြည်ပမှ မဖြစ်မနေ တင်သွင်းရမည့် စားသုံးကုန် ပစ္စည်းများ၊ ဆေးဝါး၊ စက်သုံးဆီ၊ စားသုံးဆီ၊ တောင်သူများ အသုံးပြုရမည့် မြေသြဇာ အပါအ၀င် စိုက်ပျိုးရေးသုံး ပစ္စည်းများအတွက် အများပြည်သူမှ ပိုမိုကုန်ကျခံ သုံးစွဲရမည်ဖြစ်ပြီး ဒေါ်လာဈေးကျသော်လည်း အဆိုပါ အမြင့်ဈေးများမှာ ပြန်လည်ကျဆင်းမှု မရှိတော့ဘဲ ဒေါ်လာဈေး မြင့်တက်ခြင်း၏ အကျိုးဆက်ကို အခြေခံ လူတန်းစားများသာ ကျခံပေးရဖွယ်သာ ရှိသည်။ "ငွေလဲနှုန်းက တန်းတစ်ခုမှာ တည်တည်ငြိမ်ငြိမ်နဲ့ရှိဖို့ လိုတယ်။ အရမ်းကြီး ဈေးဆွဲတင်တာမျိုးကြောင့် တက်နေတယ်ဆိုရင်တော့ မကောင်းဘူး။ ပို့ကုန် လုပ်ငန်းရှင်တွေ ကိုက်ဖို့လိုတယ်ဆိုတာလည်း မှန်ပါတယ်။ ဒါပေမဲ့ ဈေးတင်လိုဇောနဲ့ လုပ်တာထက် တည်တည်ငြိမ်ငြိမ်နဲ့ တက်အောင်လုပ်တာ ပိုကောင်းပါတယ်" ဟု ပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင် တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

မောင်တောခရိုင်အတွင်း ဘင်္ဂါလီ လူမျိုးများ အိမ်ထောင်ပြုခြင်းနှင့် ကလေးမွေးဖွားနှုန်း ကန့်သတ်သည့် ညွှန်ကြားချက်အား ဒေသန္တရအမိန့်ဖြင့် ထုတ်ပြန်

မောင်တောခရိုင်အတွင်း နေထိုင်သည့် ဘင်္ဂါလီလူမျိုးများ အိမ်ထောင်ပြုခြင်းနှင့် ကလေးမွေးဖွားမှုနှုန်း ကန့်သတ်ပြီး ထိန်းချုပ်သည့် ညွှန်ကြားချက်အား ဒေသန္တရအမိန့်ဖြင့် ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း မောင်တောခရိုင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မေ ၁၅ ရက်တွင် ပြောကြားသည်။

ဘင်္ဂါလီ လူမျိုးများ နေထိုင်သည့် ကျေးရွာများတွင် လူဦးရေ အဆမတန် တိုးပွားနေပြီး အိမ်ထောင်အများစုတွင် တစ်စုလျှင် အနည်းဆုံး လူဦးရေ ၃၀ မှ ၄၀ အတွင်းရှိပြီး တချို့အိမ်ထောင်တစ်စုတွင် လူဦးရေ ၅၀ မှ ၈၀ အတွင်း ရှိနေကြောင်း ခရိုင်ဦးစီးမှူးထံမှ သိရှိရသည်။ "ဘင်္ဂါလီ အမျိုးသားတစ်ဦးက ဇနီးတစ်ယောက်၊ ကလေးနှစ်ယောက်ပဲ ယူရမယ် ဆိုတာကို ဒေသန္တရအမိန့်နဲ့ ထုတ်ပြန်ထားတယ်။ ဒါ့အပြင် ထုတ်ပြန်ထားတဲ့ အမိန့်ကို လိုက်နာမှု ရှိစေဖို့ အမြဲတမ်း ရှောင်တခင် စစ်ဆေးမှုတွေ ပြုလုပ်နေတယ်။ အထူးသဖြင့် မိုးရာသီမှာ စစ်ဆေးမှုတွေ တိုးမြင့်ပြီး ဆောင်ရွက်သွားမယ်။ မိုးကုန်ရင် ဆွဲ၊ တင်၊ စစ်လုပ်ဦးမယ်။ ဆွဲတင်စစ်ဆိုတာက လူဦးရေစစ်မယ့် ရွာရဲ့မြေကြီး မြေပုံဆွဲမယ်၊ ရွာမှာရှိတဲ့ အိမ်ထောင်စုတွေကို ဓာတ်ပုံရိုက်ပြီး လူဦးရေ ဘယ်နှဦးရှိတယ် ဆိုတာကို မှတ်တမ်းတင်ထားမယ်။ ပြီးရင်ပြန်ပြီး ဒီဓာတ်ပုံနဲ့ အိမ်ထောင်စု တစ်စုချင်းစီပြန်ပြီး စစ်ဆေးတဲ့အခါမှာ အမျိုးသားတစ်ဦးက နောက်ထပ်မိန်းမတစ်ဦး ထပ်ယူထားတာ တွေ့ရှိရင် တရားမ၀င် ပေါင်းသင်းတဲ့ အမှုနဲ့ အရေးယူမယ်။ ကလေးတွေ တိုးလာရင် တိုးလာတဲ့ ကလေးတွေကို Black List သွင်းမယ်" ဟု ပြောကြားခဲ့သည်။

မောင်တောခရိုင်အတွင်း လူဦးရေ ၈၀၅၀၀၀ ကျော် နေထိုင်ပြီး ရခိုင်လူမျိုးဦးရေမှာ ၁၀ ရာခိုင်နှုန်းသာ နေထိုင်ကြောင်း စုံစမ်းသိရှိရသည်။  

မုန်တိုင်း အန္တရာယ်ရှိသည့် ဒေသခံများ ညွှန်ကြားချက် မလိုက်နာပါက အရေးယူမည်ဟုဆို

ရခိုင်ပြည်နယ်အတွင်းတိုက်ခတ်နိုင်သည် မဟာဆန် မုန်တိုင်းအန္တရယ်ရှိ ဒေသများတွင် ဘေးလွတ်ရာသို့
ပြောင်းရွေ့ရန် စီစဉ်ရာတွင် ဒေသခံ အာဏာပိုင်များနှင့် အစိုးရ၏ ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိသည့်
ဒေသခံများကို အရေးယူသွားမည်ဟု သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက မေလ ၁၅ ရက်နေ့တွင် ပြောကြား လိုက်သည်။

"မြေနိမ့်ပိုင်းမှာရှိတဲ့ တစ်ချို့တွေက ကိုယ့်အိမ်ကိုယ့်ရွာကို မစွန့်လွတ်ပဲနဲ့ ဒီအတိုင်းပဲ ဆက်နေကြတာရှိပါတယ်။ အဲတော့ သူတို့သေသွားတာကို ကျွန်တော်တို့ မကြည့်ရက်ပါဘူး။ အဲတော့ ဥပဒေအရပဲ ကျွန်တော်တို့ ပြောင်းရွှေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ညွှန်ကြားလို့မှ လိုက်မလုပ်ဘူးဆိုလို့ရှိရင် ပြစ်ဒဏ်တွေရှိပါတယ်။ မပြောင်းရင်တော့ ဒီဥပဒေအရပဲ အရေးယူသွားမယ်။"ပာု ဦးအောင်မင်းက ပြောသည်။

ရန်ကုန်မြို့ ငြိမ်းချမ်းရေးဂေဟာတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးအောင်မင်းက ပြောသွားခြင်း
ဖြစ်သည်။ အရေးယူနိုင်သည့် ဥပဒေမှာ "သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ" ဟု ဦးအောင်မင်းက ပြောကြားသွားပြီး ထိုဥပဒေ  အတည်ပြု ပြဋ္ဌာန်းနိုင်ရန် လွှတ်တော်သို့ ပေးပို့ထားပြီး
ဖြစ်သည်ဟုလည်းဆိုသည်။

သို့သော် လွှတ်တော်မှ အတည်ပြုခြင်းမရှိသေးသည့် ဥပဒေတစ်ရပ်ဖြင့် အရေးယူမည်ဆိုခြင်းကြောင့် အရေးယူ၍မရနိုင်ဟု ဥပဒေပညာရှင်များက သုံးသပ်ပြောဆိုသည်။

"ဒီဟာကို ဥပဒေလို့ ပြောလို့မရဘူး။ လွတ်တော်က အတည်မပြုရသေးပဲနဲ့ ဥပဒေဆိုတာ မထွက်နိုင်ဘူး။ အရေးပေါ်အခြေအနေအရလည်း ထုတ်ပြန်လို့မရဘူး။ သမ္မတ အမိန့်နဲ့လည်းထုတ်ပြန်လို့မရဘူး။ နည်း ဥပဒေဆိုတာကလည်း ဥပဒေထွက်ပြီးမှ ရေးဆွဲလို့ရတာ။ ဒါကြောင့်မဖြစ်နိုင်ဘူး။" ဟု တရားရုံးချုပ်
ရှေ့နေတစ်ဦးဖြစ်သူ ဦးအေးနိုင်က ပြောသည်။

လွှတ်တော်သို့ ပေးပို့ထားသည့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေတွင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအတွက် စီမံထားရှိမည့် အဆောက်အဦး သို့မဟုတ် သီးသန့်နေရာဒေသသို့ဖြစ်စေ၊ သဘာဝဘေးအန္တရာယ် ကျရောက်မည့် နယ်မြေနှင့် အနီးအနားလွင်ပြင်သို့ဖြစ်စေ၊ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်းမပြုရန် တားမြစ်ခြင်း၊ သို့ ယင်းအဆောက်အဦးနှင့် နေရာဒေသတို့မှ ထွက်ခွာ သွားရန်တို့ ပါဝင်သည်ဟုလည်း ဦးအောင်မင်းက ပြောသွားသည်။

မုန်တိုင်း ဝင်ရောက်ရန် နီးကပ်လာချိန်တွင် သမ္မတ ဦးသိန်းစိန်မှ အမျိုးသား သဘာဝဘေးအန္တရယ် ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီကို မေလ ၁၄ ရက်နေ့တွင် ဒုသမ္မတ ၂ အပါအဝင် ပြည်ထဲရေး၊ ကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးတို့ ပါဝင်သော စုစုပေါင်း အဖွဲ့ဝင် ၂၃ ဦးဖြင့် ဖွဲ့စည်းလိုက်သည်။

အဆိုပါကော်မတီသည် စီမံခန့်ခွဲမှုများ ပြုလုပ်ရာတွင် အခက်အခဲမရှိစေရန်၊ ကယ်ဆယ်ရေးပစ္စည်းများ အလွဲသုံးစားမှုပြုခြင်းမရှိရန်၊ ရပ်ရွာအေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်နိုင်သည်။

မုန်တိုင်းကြောင့် ရွှေ့ ပြောင်း ရသော နေရာမှ ရွှေ့ ပြောင်းသူများသည် မုန်တိုင်းပြီးသွားသည့်အခါ  မိမိနေရာ သို့  ပြန်လှည်ရရှိမည် ပာု ကတိပေးထားကြောင်းလည်း ဦးအောင်မင်းက ကတိပေးသွားသည်။ သို့သော်
ပြည်ပ မှ ဒုက္ခသည်များ ၀င်ရောက်ကာ ဒုက္ခသည် အဖြစ်ထပ်မံ ခိုလှုံပါက လ၀က ဥပဒေ အရ အရေးယူမည်
ဖြစ်ပြီး လာရာလမ်းအတိုင်း ပြည်နှင်ဒဏ်ပေးမည်ဖြစ်ကြောင်း ဦးအောင်မင်းက ဆက်လက်ဆိုသည်။

မပာာစင် မုန်တိုင်းကြောင့် ကုန်းပေါ်တွင် လေတိုက်နှုန်း တစ်နာရီ မိုင် ၈၀ မှ မိုင် ၁၀၀နှုန်းထိ ရှိသောလေ သည် မုန်တိုင်းဒီရေ ၃ ပေမှ ၅ ပေခန့်ထိသာတက်နိုင်ကြောင်းအကယ်၍ အမုန်တိုင်းအ၀င်မှာ အပြောင်းအလဲ ပါက လေတိုက်နှုန်းသည် ရုတ်တရက် တစ်နာရီ မိုင်(၁၂၀)အထိ ဖြစ်သွားပါက  မုန်တိုင်းဒီရေအမြင့်သည် (၁၂)ပေရှိနိုင်ကြောင်း မိုးလေ၀သ ပညာရှင် ဦးထွန်းလွင် ကယနေ့  ညနေ ၄ နာရီတွင် အင်တနက် စာမျက်နှာ တွင် အကြံပြု ပြောကြားထားသည်။

ယခုအခါ မုန်တိုင်းကယ်ဆယ်ရေး နှင့်ပတ်သက်ပြီး ဒုတိယသမ္မတ ဦးဥာဏ်ထွန်းဦးဆောင်ကာ  အမ်းမြို့မှ
နေ၍ သဘာဝဘေးအန္တရာယ်အား အဆင့်ဆင့် အနီးကပ် ကိုင်တွယ်နေသည်။

နမ့်ခမ်းမြို့နယ် ပစ်ခတ်မှုကြောင့် ဒေသခံ ဆုံးရှုံးမှုများကို လျော်ကြေး ပေးနိုင်ရန် စာရင်းကောက်

အစိုးရတပ်နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့ကြား ဖြစ်ပွား ခဲ့သည့် တိုက်ပွဲကြောင့် ဒေသခံ ပျက်ဆီး ဆုံးရှုံးမှုများကို  လျော်ကြေး ပေးနိုင်ရန် အတွက် အပျက် အဆီး အဆုံးအရှူံး စာရင်းများ မေလ (၁၅) ရက်နေ့တွင် စတင် ကောက်ယူ နေပြီ ဖြစ်ကြောင်း စာရင်း ကောက်ယူ ရာတွင် ပါဝင် ခဲ့သည့် ကျားဖြူ ပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်က ပြောသည်။

ယခုကောက်ယူခဲ့သည့် ကျေးရွာသုံးရွာမှာ နမ့်ခမ်းမြို့နယ်အတွင်းမှ နောင်ခမ်း၊ နောင်မနှင့် နမ့်ကွမ်ကျေးရွာ ၃ ရွာ ဖြစ်သည်။

 "ကျွန်တော်က ဒီနေ့ နောင့်ခမ်း ရွာမှာ ကောက်တဲ့ အဖွဲ့နဲ့ ပါသွားတယ်၊ ဆုံးရှုံး နေတယ် လေနော်၊
နောင်ခမ်း ရွာအတွက် ပျက်ဆီး ဆုံးရှုံး ပျောက်ပျက် စာရင်း ပေါင်းလိုက်ရင် စုစုပေါင်း မြန်မာငွေ တစ်ရာ ငါးဆယ့် ခုနှစ်သိန်း ငါးသောင်း တစ်ထောင် ခုနှစ်ရာ ငါးဆယ့် ရှစ်ကျပ် လို့ စားရင်း ကောက်ရ ထားပါတယ်၊ ကျန်ရွာ နှစ်ရွာရဲ့ ပမာဏ ကိုတော့ ကျွန်တော် မသိပါဘူး" ဟု ကျားဖြူ ပါတီ ပြည်သူ့လွှတ်တော် အမတ် ဦးစိုင်းကျော်အုန်းမှ မဇ္ဈိမ သတင်း ဌာနသို့ ပြောသည်။

ပျက်စီး ဆုံးရှုံး ပျောက်ပျက်မှုများ အနက် ကျပ် ၁၂ သိန်း ၆ သောင်းတန်ဖိုးရှိ ရွှေ၊ တရုတ် ငွေ ၃၄၁၄၅ ယွမ် (မြန်မာငွေ ငါးဆယ့် တစ်သိန်းကျော်) ၊ ပျောက်ဆုံးသွားသည့် မြန်မာငွေ ၉၃ သိန်း ခုနှစ်သောင်း တို့ဖြစ်ပြီး စုစုပေါင်း ကျပ် သိန်း တစ်ရာ ငါးဆယ့် ခုနှစ်သိန်းကျော် ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ် အာဏာပိုင် အဖွဲ့ အစည်းများနှင့်၊ နိုင်ငံရေး ပါတီများ ကျေးရွာ အုပ်ချုပ် ရေးမှူး အဖွဲ့များ ပူးပေါင်းကာ ယခု ကဲ့သို့ လိုက်လံ၍ စာရင်း ကောက်ယူနေပြီး ရှမ်းပြည်နယ် အစိုးရထံသို့ တင်ပြသွားမည် ဖြစ်၍ ယင်းနောက်ပိုင်းတွင် လျော်ကြေးများ ပေးဆောင် သွားမည် ဖြစ်သည်ဟု ဦးစိုင်းကျော်အုန်းမှ မဇ္ဈိမအား ဆက်လက်ပြောသည်။

ပြီးခဲ့သည့် မေလ (၉) ရက်နေ့တွင် အစိုးရ တပ်မတော်မှ နောင်မရွာ အခြေစိုက် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) (၇၀၁) တပ် စခန်းအား လာရောက် သိမ်းပိုက် ခဲ့ပြီး တိုက်ပွဲများ
ဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲကာလ အတွင်း အစိုးရတပ်မှ ရွာသားပိုင် ပစ္စည်းဥစ္စာ များအား ယူဆောင် သွားကြသည်ဟု ရှမ်းပြည် ပြည်လည် ထူထောင်ရေး ကောင်စီ တပ်မတော်မှ ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူး စိုင်းလောင်းဆိုင်မှ ပြောသည်။

"တပ်စွဲ ထားတဲ့ တပ်တွေက အိုးအိမ် တွင်းမှာ ရှိနေတဲ့ အဖိုးတန် အသုံးအဆောင် ပစ္စည်းတွေ၊ ငွေတွေ ပါမကျန် ယူသွား ကြကုန် ပါတယ်၊ တိုက်ပွဲ ဖြစ်တုန်းက တပ်တွေ ကတော့ ပြန်သွားပြီ၊ အခု တပ်အသစ် ပြောင်းပြီး တပ်စွဲ ထားပါတယ်၊ အဲဒီ အခု တပ်စွဲ ထားတဲ့ တပ်ကို ဒေသခံ ပြည်သူ လူထုတွေက ဆုံးရှုံးရတဲ့ ပစ္စည်းတွေ သွားတင် ပြတော့ သူတို့ကမသိ ပါဘူးလို့ ပြောတယ်" ဟု ဗိုလ်မှူး စိုင်းလောင်းဆိုင်မှ မဇ္ဈိမအား ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် နောင်မ၊ နောင်ခမ်းနှင့် နမ့်ကွမ် ရွာများမှ ပြည်သူထောင်ချီ၍ တရုတ် ပြည်နယ်မြေ ထဲသို့ တိမ်းရှောင် နေထိုင် ကြရကာ ယနေ့မှစတင်၍ ပြန်လာနေကြသည်ဟု သိရှိရသည်။ နမ့်ခမ်းမြို့နယ် အစိုးရအာဏာပိုင် များက နေရပ်ပြန်ရန် အာမခံချက်ပေးသည့်နောက် ဒေသခံများ ပြန်လာကြ ခြင်းလည်း ဖြစ်သည်။

ထိုသို့ ပြန်လာကြသည့် ဒေသခံ စစ်ပြေး ဒုက္ခသည် များအား အစိုးရတပ်မှ ဆန်များ ယူလာကာ နောင်မ၊
နောင်ခမ်း၊ နမ့်ကွမ် တို့၌ လိုက်လံ ဝေငှ ပေးလျက် ရှိကြောင်းလည်း ဦးစိုင်းကျော်အုန်းမှ ပြောသည်။

နှစ်ဖက် အကြား ဖြစ်ပွား နေသည့် တိုက်ပွဲ များကြောင့်လည်း ပြီးခဲ့သည့် မေလ (၁၃) ရက်နေ့၌ ဗိုလ်မှူး စိုင်းလောင်းဆိုင် ဦးဆောင်သည့် RCSS/SSA အဖွဲ့နှင့် မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှ ဝန်ကြီး ဦးအောင်မင်း တို့နှင့် အလွတ် သဘော တွေ့ဆုံ ဆွေးနွေး ခဲ့ပြီး အခြေအနေ များအားတင်ပြ ခဲ့ပြီး ဖြစ်သည်ဟု ဗိုလ်မှူး စိုင်းလောင်းဆိုင်မှ ဆိုပါသည်။

၎င်းတွေ့ဆုံခြင်းသည် အလွတ်သဘော တွေ့ဆုံခြင်းသာ ဖြစ်၍ ဆုံးဖြတ်ချက် ချမှတ် သဘောတူ နိုင်ခဲ့ခြင်း မရှိပဲ ထပ်မံ၍ တရားဝင် တွေ့ဆုံသွားကြမည် ဖြစ်ကာ နေ့ရက်၊ အချိန်အား သတ်မှတ် ရသေးခြင်း မရှိသေး ဟုလည်း ဆိုသည်။

၁၅၀၀တန် မပါဝင်ပဲ အွန်လိုင်းမှတဆင့် ကျန် ဖုန်းများ ငွေဖြည့်သွင်းနိုင်

အွန်လိုင်းမှတဆင့် မိုဘိုင်းဖုန်းသို့ တိုက်ရိုက်ငွေဖြည့်သွင်းနိုင်မည် ၀န်ဆောင်မှုအား www.topup.com.mm  သို့ ၀င်ရောက် အသုံးပြုကာ ငွေဖြည့်နိုင်ပြီဖြစ်သည်။

 

Topup.com.mmသည် မြန်မာနိုင်ငံတွင် အသုံးပြုနေသာ GSM, WCDMA, CDMA 800 Mhz, CDMA 450 Mhz ဖုန်းများ သို့ Online မှတဆင့် တိုက်ရိုက် ငွေဖြည့်သွင်းပေးသော Website တစ်ခုဖြစ်သည်။

 

 "လက်ရို ချထားပေးတဲ့ ၁၅၀၀ တန် MEC Tel CDMA 800 MHz မိုဘိုင်းဖုန်းတွေမှာရဦးမှာ မဟုတ်သေးဘူ"ဟု  အဆိုပါ ဝန်ဆောင်မှုနှင့် ပတ်သက်သည့် တာဝန်ရှိသူက ပြောသည်။

 

မကြာမီကာလများ၌ MECTel CDMA Network  ရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ၂၄နာရီဝန်ဆောင်မှု ပေးနိုင်မည်ဖြစ်သည်ဟု ၄င်းက ဆိုသည်။

 

 Mobile ဖုန်းလိုင်းများ လိုင်းကျပ်ခြင်း ဆက်သွယ်မှု ဧရိယာပြင်ပသို့ ရောက်ခြင်း စသည့်အချက်များကြောင့် Mobile ဖုန်းသို့ topup.com.mmm မှ တိုက်ရိုက် ငွေဖြည့်သွင်း၍ မရသည့်အခါများ၌ Website တွင် ဖော်ပြထားသော Email သို့ ရောက်ရှိ လာသော Top-up Card အချက်အလက်များအား ကိုယ်တိုင်အသုံးပြု၍ ငွေဖြည့်သွင်းနိုင်သည်ဟု သိရသည်။

 

လိုအပ်သော Mobile ဖုန်းငွေဖြည့်ကဒ် အမျိုးအစားအား ရွေးချယ်ပြီးနောက် မိမိဖုန်းနံပါတ်အား ထည့်သွင်းပေးရမည် ဖြစ်ကြောင်း Code +95 ထည့်သွင်းရန် မလိုကြောင်း ဖုန်းနံပါတ်များအကြား၌ Space ထည့်ရန် မလိုကြောင်းနှင့်  09 အပါအ၀င် ဖုန်းနံပါတ်အားလုံး အပြည်အစုံထည့်သွင်းပေးရမည်ဟု ၄င်း website ၌ဖော်ပြထားသည်။

 

Mobile ဖုန်းနံပါတ်အား ထည့်သွင်းပြီးပါက "Top Up Now" Button ကို နှိပ်ပေး၍ အဆိုပါ ဆောင်ရွက်ချက်များ ပြီးစီးပါက Top Up Now နေရာတွင် Click လုပ်ကာ ငွေဖြည့်သွင်းနိုင်မည်ဖြစ်သည်။

 

Topup.com.mm ၌ မြန်မာကျပ်ငွေဖြင့် Online မှတဆင့် ငွေပေးချေမှုအတွက် MyanPay Online Payment စနစ်ကို အသုံးပြုထားသည်။


သားငါးကဏ္ဍ ပုဂ္ဂလိကလုပ်ငန်းကော်မတီ (၁၃)ခု ဖွဲ့စည်းမည်

မြန်မာနိုင်ငံသားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုရှိလာစေရန်အတွက်

နိုင်ငံတော်အစိုးရ၏လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ပုဂ္ဂလိကလုပ်ငန်းကော်မတီများကို မကြာမီကာလအတွင်း ဖွဲ့စည်းဆောင်ရွက်သွားမည်ဟု မြန်မာ နိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။       

 

ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန် လုပ်ငန်းတစ်ခုချင်းစီအလိုက် စီမံဆောင်ရွက်ရန် လမ်းညွှန်ပေးမှုဖြင့် မြန်မာနိုင်ငံ သားငါးကဏ္ဍ ပုဂ္ဂလိကလုပ်ငန်းကော်မတီများအား ဖွဲ့စည်းသွားမည်ဖြစ်သည်။  

 

အဆိုပါလုပ်ငန်းကော်မတီများအနက် ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ငါးပုစွန်နှင့်ပတ်သက်သည့် လုပ်ငန်းကော်မတီ(၈)ခု နှင့်မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ အသားနှင့်ပတ်သက်သည့် လုပ်ငန်းကော်မတီ(၅)ခုတို့အား ရှေ့လုပ်ငန်းစဉ် များအနေဖြင့် အစီအစဉ်ရေးဆွဲထားသည်ဟု သိရသည်။  

 

"လောလောဆယ်မှာ မူကြမ်းကိုချပြီးတော့ အသေးစိတ်စီမံပြီး ဖွဲ့စည်းသွားမယ်။ ငါးလုပ်ငန်းမှာဖွဲ့မယ့် ဒီ(၈)ခုက ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ခြုံငြုံပြီး သုံးသပ်ထားတာဖြစ်ပါတယ်။ (၈)ခုရဲ့ဖွဲ့စည်းမှုနဲ့ လုပ်ငန်းဆောင် ရွက်မှုတွေကို မကြာခင် ရက်ပိုင်းအတွင်းမှာ နိုင်ငံတော်သမ္မတရုံးကို တင်ပြပြီးတော့ ဆောင်ရွက်သွားမှာပါ" ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။  

 

ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဖွဲ့စည်းမည့် ပုဂ္ဂလိက လုပ်ငန်းကော်မတီ(၈)ခုမှာ ဘာသာရေးလုပ်ငန်းကော်မတီ၊ ငါးပုစွန် မွေးမြူရေးလုပ်ငန်းကော်မတီ၊ ဖွံ့ဖြိုးရေးနှင့်သုတေသနလုပ်ငန်းကော်မတီ၊ ဈေးကွက်ပိုင်းဆိုင်ရာလုပ်ငန်း

ကော်မတီ၊ ရေထွက်ကုန်ဘေးအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းကော်မတီ၊ ငါးဖမ်းလုပ်ငန်းများဆိုင်ရာလုပ်ငန်း ကော်မတီ၊ ငါးပုစွန် အစာထုတ်လုပ်ရေးဆိုင်ရာလုပ်ငန်းကော်မတီနှင့် ငါးပုစွန်ပြုပြင်ထုတ်လုပ်ရေးဆိုင်ရာ လုပ်ငန်း ကော်မတီတို့ ဖြစ်သည်ဟု သိရှိရသည်။  

 

မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ ဖွဲ့စည်းမည့် ပုဂ္ဂလိကလုပ်ငန်း ကော်မတီ(၅)ခုမှာ အသားစား၊နို့စား၊ သိုး၊ ဆိတ်မွေး မြူရေးလုပ်ငန်းကော်မတီ၊ ၀က်မွေးမြူရေးလုပ်ငန်းကော်မတီ၊ ကြက်ဘဲမွေးမြူရေးလုပ်ငန်း ကော်မတီ၊ အစာ ထုတ်လုပ်မှု ဆိုင်ရာ လုပ်ငန်းကော်မတီ၊ ကြက်မွေးမြူရေးလုပ်ငန်းကော်မတီတို့ဖြစ်ကြောင်း သိရသည်။  

 

"ဒီလုပ်ငန်းကော်မတီ(၅)ခုကို လက်ကားကုန်စည်ပိုင်း ဖွံ့ဖြိုးတိုးတက်ဖို့ အသေးစားအလတ်စား လုပ်ငန်းတွေ အတွက် လျှပ်စစ်ဓါတ်အားမြှင့်တင်ဆောင်ရွက်ဖို့၊ ငွေရေးကြေးရေးအသေးစား

ချေးငွေလုပ်ငန်းအားပေးမြှင့် တင်ဖို့၊ လမ်းပန်းဆက် သွယ်ရေး အခြေခံအဆောက်အအုံစီမံရေးဆွဲပေးဖို့ လုပ်ငန်းစဉ်တွေနဲ့ ဆောင်ရွက်သွားဖို့ ရှိပါတယ်" ဟု မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဌ ဦးဝင်းစိန်က ပြောသည်။

 

အဆိုပါ လုပ်ငန်းကော်မတီများ အကောင်အထည်ဖော်နိုင်ရန်အတွက် အမျိုးသားစီမံကိန်းမှ တဆင့်နိုင်ငံတော် စီမံကိန်းသို့ တင်ပြထားကြောင်း အကောင်အထည်ဖော်နိုင်ပါက နိုင်ငံခြားရင်းနှီးမြုပ်နှံမှုသားငါးဆိုင်ရာကဏ္ဍများ တိုးတက်လာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများပေါများလာခြင်းနှင့် ဆင်းရဲမွဲတေမှုများ လျော့ကျလာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိလာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ကြသည်။

 

သားငါးကဏ္ဍအပြင် စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍများတွင်လည်း နိုင်ငံတော်အစိုးရမှ ကဏ္ဍအသီးသီးအလိုက် ပုဂ္ဂလိကလုပ်ငန်းကော်မတီများ ဖွဲ့စည်း၍ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက်

ဆောင်ရွက်မှုတစ်ခုလည်း ဖြစ်သည်။


စံနှုန်းကိုက်ညီမှုမရှိသည့် CNG ဆလင်ဒါအိုးများ ဖျက်သိမ်းရမည်

သဘာဝဓာတ်ငွေ့(CNG)သုံး မော်တော်ယာဉ်များမှ CNG ဆလင်ဒါအိုးများကို သတ်မှတ်ချက်များ အတိုင်းစစ်ဆေးရမည်ဖြစ်ပြီး Hydrotest  မအောင်မြင်သော CNG ဆလင်ဒါအိုးများကို ဖျက်သိမ်း မည်ဟု မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (M.O. G.E) မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ ဌာနမှ ထုတ်ပြန်ကြေညာသည်။

 

"CNG အိုးတွေက အရမ်းအန္တရယ်များတယ်။ နည်းနည်းလေးစိမ့်ထွက်နေပြီး အပြင်က အပူတွေ ဘာတွေနဲ့ ထိမိမယ်ဆိုရင် ပေါက်ကွဲမှု မီးလောင်မှုတွေဖြစ်ပွားနိုင်တယ်။ ကြံ့ခိုင်မှုစစ်ဆေးပေးတာ ကောင်းပါ တယ်။ ဒါပေမယ့် လိုက်နာမှုမရှိတဲ့ ကားပိုင်ရှင်တွေကို တိကျတဲ့ အရေးယူမှုတွေ လုပ်ဖို့ တော့ လိုတယ်" ဟု ကြည်မြင်တိုင်မြို့နယ်မှ TAXIယာဉ်မောင်းတစ်ဦးက ပြောသည်။

 

လက်ရှိ မော်တော်ယာဉ်များ၌ တပ်ဆင်အသုံးပြုနေသော သဘာဝဓာတ်ငွေ့ (CNG)ဆလင်ဒါအိုး များ၏ ကြံ့ခိုင်မှုကို ကိုးရီးယားနိုင်ငံ အဆင့်မြင့် နည်းပညာသုံး Hydrotest စက်ပစ္စည်းများဖြင့် ၂၀၁၃ ခုနှစ် ဇွန်လ (၁)ရက်နေ့တွင် စတင်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

တက္ကစီနှင့် မြို့တွင်းပြေးဆွဲသော ခရီးသည်တင်ယာဉ်များတွင် သဘာဝဓာတ်ငွေ့ (CNG) ပြောင်းလဲ တပ်ဆင်အသုံးပြုမှုကို  ( ၂၀၀၄-၂၀၀၅  ) ခုနှစ်မှ စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။

 

အဆိုပါ Hydrotest စက်ပစ္စည်းများဖြင့် CNG အိုးများ၏ ဖိအားခံနိုင်ရည်ကို စမ်းသပ်စစ်ဆေးနိုင်မည် ဖြစ်ကြောင်း၊ လက်ရှိတွင် ၄င်းစက်ပစ္စည်းကို သာကေတ M.O.G.E အခြေစိုက်စခန်းတွင် တပ်ဆင်ထား ပြီးဖြစ်ကြောင်း သိရှိရသည်။

 

"လိုင်းကားတွေက ပိုအရေးကြီးတယ် ထင်မယ်။ သူတို့ တွေကို အရင်ဆုံး စစ်ဆေးပေးသင့်တယ်။ ကား ကြံ့ခိုင်မှုအားနည်းတဲ့ CNGအိုးတွေဆို တစ်ခါထည်း ဖြုတ်လဲခိုင်းတာ ကောင်းတယ်။ ပိုက်ဆံပေးပြီး လဘ်တိုးပြီး အဟောင်းကိုပဲ မှိန်းတက်ထားတာတွေကိုလဲ ရှောင်ကြည်သင့်တယ်"ဟု ကမာရွက် မြို့နယ်မှဟင်းသီးဟင်းရွက်ရောင်းချနေသူ ဦးထွန်းဝေက ပြောသည်။

 

ဒီဇယ်၊ ဓာတ်ဆီသုံးကားများမှ သဘာဝဓာတ်ငွေ့ (CNG)သို့ ပြောင်းလဲတပ်ဆင်အသုံးပြုသော နေ့မှစ၍ ပထမဆုံး အကြိမ်အနေဖြင့် (၅)နှစ်ကြာတွင် စစ်ဆေးရမည်ဖြစ်ပြီး နောက်နှစ်များတွင် အဆိုပါ CNG အိုးများမှာ ကြံ့ခိုင်မှုလျှော့နည်းလာနိုင်ခြင်းကြောင့် ဒုတိယအကြိမ်စစ်ဆေးခြင်းအား (၃)နှစ်တွင်း ပြု လုပ်ရမည်ဖြစ်ကာ တတိယအကြိမ်အနေဖြင့် (၂)နှစ်အတွင်း စစ်ဆေးမှုအသီးသီး ပြုလုပ်ကြရမည် ဖြစ်သည်ဟု သိရသည်။


ဒဂုံအရှေ့ပိုင်း၌ PLHIV Care Centre ဖွင့်လှစ်ရန် စီစဉ်

PLHIV များအတွက် သုံးထပ်အဆောက်အဦးဂေဟာသစ်(N.H.A.P.C.C) ခုခံအားကျဆင်းမှုကူးစက် ရောဂါကာကွယ်ရေးနှင့်ပြုစုစောင့်ရှောက်ရေး ဂေဟာသစ် တစ်ခုကို ဒဂုံအရှေ့ပိုင်း ခါတော်မီ(၂)လမ်း၌ တည်ဆောက်သွားရန် စီစဉ်နေသည်ဟု သိရသည်။

 

ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်ဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မဖြူဖြူသင်းဦးဆောင်ကာ ဖွင့်လှစ်ထားသော ဂေဟာ(၃)ခုရှိ အိတ်ခ်ျအိုင်ဗွီပိုးနှင့်အသက်ရှင်နေထိုင်သူများ (People Living with HIV) အနက် ထပ်မံရောက်ရှိလာသည့် ဝေဒနာရှင်များမှာ ယခင်လထက် (၁၀၀)ဦးရေခန့် ပိုမိုတိုးလာ ခြင်းကြောင့် သုံးထပ်အဆောက်အဦးကို ဆောက်လုပ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။

 

အဆိုပါအဆောက်အဦးသစ်ကို ဒဂုံအရှေ့ပိုင်း ခါတော်မီ(၂)လမ်းရှိ အမှတ်(၄၄၉/၅၀၀/၅၀၁/၅၀၂) မြေတည် နေရာပေါ်တွင် ဆောက်လုပ်မည်ဖြစ်ပြီး အလှူရှင်ရရှိမှုအပေါ်မူတည်၍ လာမည့် ၂၀၁၄ခုနှစ်တွင် အပြီးဆောက် လုပ်ရန် ခန့်မှန်းထားကြောင်း ဂေဟာသစ်ဖြစ်မြောက်ရေးကော်မတီ တာဝန်ခံ ဦးရာဇာက ဆိုသည်။

 

"လက်ရှိတော့ ရေတွင်းလောက်ပဲ တူးရသေးတယ်။ အဆောက်အဦးကတော့ စပြီး ပြင်ဆင်နေပါပြီ၊ ဒါပေမယ့် ဘယ်တော့လောက် အပြီးဆောက်နိုင်မလဲဆိုတာတော့ အလှူရှင်တွေအပေါ်မှာမူတည်ပါတယ်။ ခန့်မှန်းခြေ တော့ လာမယ့် ၂၀၁၄လောက်ကို အပြီးဆောက်ချင်တယ်" ဟု တာဝန်ခံ ဦးရာဇာက ပြောသည်။

 

အဆိုပါအဆောက်အဦးသစ် ဆောက်လုပ်ပြီးစီးနိုင်ရန်အတွက် ငွေကျပ် သိန်း(၃၀၀၀)မှ (၄၀၀၀)ကျပ်အထိ ကုန်ကျမည်ဟု ခန့်မှန်းထားသော်လည်း လက်ရှိတွင် ပြည်တွင်းအလှူရှင်အချို့မှ လှူဒါန်းထားငွေကျပ် သိန်း (၃၀၀)သာ ရရှိသေးကြောင်း ပြည်ပမှ အလှူရှင်များထံ ပြောဆိုထားခြင်း မရှိသေးကြောင်းနှင့် လှူဒါန်းနိုင် ကြောင်းကိုလည်း ဂေဟာဖြစ်မြောက်ရေးတာဝန်ခံ ဦးရာဇာက ဆိုသည်။

 

ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ဝေဒနာရှင်များ တိုးလာခြင်းကြောင့် ဝေဒနာရှင်များအနေဖြင့် နေရာ၊ထိုင်ခင်း အခက်အခဲရှိလာကြသည်ဟု သိရှိရသည်။

 

"ကျွန်မက မြောင်းမြမှာနေပါတယ်။ ကလေးတစ်ယောက်ရှိတယ် ၊ အိမ်ထောင်ဦးစီးဆုံးတော့ ကျွန်မမှာ ဒီရောဂါ ရှိတယ်ဆိုပေမယ့် ကလေးမှာရောဂါမရှိဘူး ဒါကြောင့် ကလေးကို ကျွန်မမိဘတွေနဲ့ ထားခဲ့ရတယ်။ ကျွန်မနဲ့ နေရာ ဒီမှာက အိတ်အိုင်ဗွီဝေဒနာရှင်တွေက များများလာတယ်လေ နောက်ပြီး စီပိုးရှိသူတွေနဲ့နေရတာဆိုတော့ ကလေးကို ကူးမှာစိုးလို့ပါ။ နေရတာက လူများလာတော့ အိပ်ရတာတို့ အဆင်မပြေဘူး နည်းနည်းကြပ်တည်း တယ်။ ဆေးသောက်ရတာတို့ စားသောက်ရတာက အဆင်ပြေပါတယ်။ ဒီဂေဟာမှာနေရတာက ကျွန်မ နယ် အိမ်မှာ နေရတာထပ် ပိုလွတ်လပ်တယ်။ သူများ အရိပ်အကဲ ကြည့်စရာမလိုဘဲ ပိုပြီး အဓိပ္ပာယ်ရှိတယ်" ဟု မြောင်းမြမြို့နေ အသက်(၂၅)နှစ်ဝန်းကျင်ရှိ ဝေဒနာရှင်တစ်ဦးက ပြောသည်။

 

ဒဂုံမြို့သစ်တောင်ပိုင်း ဂေဟာရှိ PLHIV အချို့သည် အဆိုပါ ဂေဟာတွင် စက်ချုပ်ခြင်း ၊ ထပ်မံ ရောက်ရှိ လာသည့် လူနာများကို ပြန်လည်ပြုစုစောင့်ရှောက်ပေးခြင်းဖြင့် တစ်နေ့တာကို ဖြတ်သန်းကြသည်ဟု အသက်(၃၇)နှစ်အရွယ်ရှိ ဝေဒနာသည်တစ်ဦးက ဆိုသည်။

 

"ကျွန်တော်က ၂၀၀၈ခုနှစ် ပြည်ထောင်စုနေ့ကတည်းက ဆေးစသောက်ရတာပါ အခုတော့ CD Count က ရှစ်ရာဖြစ်နေတော့ ကျန်းကျန်းမာမာဖြစ်လာနေပြီ ဒီမှာက လူနာတွေက တစ်နေ့ထက်တစ်နေ့ များလာတယ်။ ဒါကြောင့် ကျွန်တော်က အဲ့ဒီလူနာတွေကို ပြန်ပြီး ပြုစုစောင့်ရှောက်ပေးပါတယ်။ ဒီမှာနေရတာ အဆင်ပြေ ပါတယ်။ " ဟု ကွမ်းခြံကုန်းမြို့ဒေသခံ အသက်(၃၅)နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

 

PLHIV တိုးလာခြင်းသည် လက်ရှိဝေဒနာသည်တို့၏ နေရာထိုင်ခင်း အခက်အခဲ ဖြစ်ပေါ်လာခြင်းကြောင့် သုံးထပ်အဆောက်အဦးကို ဆောက်လုပ်ရခြင်းဖြစ်ကြောင်းနှင့် ဂေဟာသုံးခုကို တစ်စုတစ်ဝေးတည်း ဖြစ်စေရန် အတွက်ဖြစ်သည်ဟု  တောင်ဒဂုံမြို့နယ်ရှိ PLHIV ဝေဒနာရှင်များနေထိုင်သည့် ဂေဟာတွင် ၂၄နာရီ တာဝန် ထမ်းဆောင်နေသူတစ်ဦးက ဆိုသည်။

 

"မဖြူဖြူသင်းနေအိမ်ဘေးနားက ဆေးခန်းမှာလည်း ဝေဒနာသည်တွေ ရှိတာပေါ့ ၊ တောင်ဒဂုံ ရယ် ဒဂုံအရှေ့ အားလုံးပေါင်း (၃)နေရာပေါ့ ဝေဒနာသည်တွေက ကွဲနေတယ် ဒါတွေကို တစ်စုတစ်ဝေးတည်း ရှိစေချင်တာ ကြောင့်နဲ့ ဝေဒနာသည်တွေ များများလာတာရယ်ကြောင့် ထပ်ချဲ့တဲ့သဘောမျိုးပါ။ တစ်လနဲ့တစ်လက လူ(၁၀၀)လောက် တိုးလာတယ်" ဟု တောင်ဒဂုံဂေဟာတွင် အဖက်ဖက်မှ ကူညီဆောင်ရွက်ပေးနေသူ ဦးသိန်းဌေးက ပြောသည်။

 

၂၀၁၃ခုနှစ် ဧပြီလပိုင်းတွင် တောင်ဒဂုံမြို့နယ်ရှိ ဂေဟာတွင် PLHIV ဝေဒနာသည် (၁၀၀)ဦးရေခန့် ရှိခဲ့သော်လည်း မေလပိုင်းတွင် (၁၇၈)ဦးခန့်ရှိခဲ့ကြောင်း ဒဂုံအရှေ့ပိုင်းတွင်လည်း PLHIV ဝေဒနာသည် ယခင်လထက် (၃၀)ဦးရေခန့် တိုးလာကြောင်း မဖြူဖြူသင်းနေထိုင်ရာနေအိမ်အနီးရှိ ဆေးခန်းတွင်လည်း ဝေဒနာသည် (၂၀)၀န်းကျင်ခန့် တိုးလာသည်ဟု ၄င်းက ဆက်ပြောသည်။

 

ဂေဟာ(၃)ခုရှိ PLHIV ဝေဒနာသည်များအတွက် နေထိုင်စားသောက်စရိတ်သည် တစ်လလျှင် ငွေကျပ် (၁၇၅)သိန်းကျော် ကုန်ကျလျက်ရှိကြောင်း၊  အဆိုပါဂေဟာများအတွက် မဖြူဖြူသင်းမှ ထောက်ပံ့ပေးလျက် ရှိကြောင်းနှင့် အချို့နေ့ရက်များ၌ အလှူရှင်များက လာရောက် လှူဒါန်းပေးလျက်ရှိကြောင်း သိရှိရသည်။

 

၂၀၀၂ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုကြောင့် လူငယ်(၁၉)ဦးသည် HIV/AIDS ပညာပေး သင်တန်းကို တက်ရောက်ခဲ့ကာ ၂၀၀၄ခုနှစ်တွင် ဝေဒနာသည်များအတွက် ဒေါပုံ ၊ သာကေတ ၊ လှိုင်သာယာ နှင့် ယုဇနဥယျဉ်မြို့တော်တို့၌ နေအိမ်ငှားရမ်းပေးကာ ပြုစုစောင့်ရှောက်ပေးခဲ့သည်။

 

နေအိမ်ငှားရမ်းခြင်းများ ပြုလုပ်ပေးခဲ့သော်လည်း အာဏာပိုင်အချို့၏ နှောက်ယှက်ခြင်းကြောင့် အဆိုပါ နေရာများမှ မဖြူဖြူသင်း၏ နေအိမ်သို့ ၂၀၀၅ခုနှစ်တွင် ပြောင်းရွှေ့ကာ ဂေဟာတစ်ခုအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၂ခုနှစ်တွင် ဒဂုံအရှေ့မြို့နယ်နှင့် တောင်ဒဂုံမြို့နယ်များ၌ ဂေဟာအသစ်များထပ်မံ ဖွင့်လှစ်ခဲ့သည်ဟု သိရှိရသည်။

 

အဆိုပါ(N.H.A.P.C.C)NLD HIV AIDS Prevention And Care Centre နှင့်ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို လာမည့်မေလကုန်ပိုင်း၌ ပြုလုပ်ကျင်းပဖွယ်ရှိသည်ဟု သိရသည်။


တက္ကသိုလ်နောက်ဆုံးနှစ် အောင်မြင်မည့်သူများ ထပ်တိုးပညာသင်နှစ် အကျုံး မ၀င်ဟု သိရ

၂၀၁၃-၂၀၁၄ပညာသင်နှစ်မှစ၍ ဝိဇ္ဇာ၊သိပ္ပံတက္ကသိုလ် ကျောင်းသား/ကျောင်းသူများ၏ ပညာသင်နှစ် ထပ်မံ တိုးမြှင့်သော်လည်း နောက်ဆုံးနှစ်တက်ရောက်အောင်မြင်သူများအနေဖြင့် ထပ်မံတိုးမြှင့်သည့်နှစ်အတွက် ဆက်လက်တက်ရောက်ရန် မလိုဟုရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ကထိက တစ်ဦးက ဆိုသည်။

 

"ဝိဇ္ဇာ၊သိပ္ပံ ကျောင်းသား/ကျောင်းသူတွေ နောက်ဆုံးနှစ်တက်နေရာကနေ ကျရှုံးမယ်ဆိုရင်တော့ ထပ်တိုးတဲ့ စနစ်မှာ ထပ်တက်ရမှာပါ၊ အောင်တဲ့သူကတော့ ဘွဲ့ရဖြစ်သွားမှာပါ သုံးနှစ်သမားတွေ လေးနှစ်တိုးတဲ့အခါ ထပ်တက် စရာမလိုတော့ပါဘူး " ဟု ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေသော ကထိက တစ်ဦး ပြောသည်။

 

၂၀၁၃/၁၄ ပညာသင်နှစ်တွင် မြန်မာနိုင်ငံရှိ တက္ကသိုလ်များသည် ပထမနှစ်မှစ၍ ဘွဲ့ရအထိ လေးနှစ် တက် ရောက်ရမည်ဖြစ်ပြီး ဥပဒေမေဂျာများသည် (၅)နှစ်တက်ရောက်ရမည်ဖြစ်ကြောင်း သိရှိရသည်။

 

သင်ရိုးညွှန်းတန်းများကိုလည်း ပညာသင်နှစ် စတင်တိုးမြှင့်သည့် နှစ်မှစ၍ ဘာသာရပ်များကို ပြောင်းလဲ သင်ကြား သွားမည်ဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။

 

"ပထမနှစ်နဲ့ ဒုတိယနှစ် ကတော့ သင်ရိုးအသစ်နဲ့ စသင်နေပါပြီ၊ သင်ရိုးက နည်းနည်း ပဲပြောင်းတာပါ၊"ဟု ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်သည့် ကထိကတစ်ဦးက ပြောသည်။

 

သင်ရိုးညွှန်းတန်းများကို ပြောင်းလဲသင်ကြားခြင်းဖြင့် ကျောင်းသား၊သူများအနေဖြင့် အခွင့်အရေးပိုမို ရရှိနိုင်ကြောင်းနှင့် အသိပညာများကို ပိုမိုရရှိနိုင်သောကြောင့် ကောင်းမွန်သော ပညာရေးပြောင်းလဲမှု့ ဖြစ်ကြောင်းကို ပါမောက္ခ ဒေါက်တာဒေါ်စိန်စိန်သိန်း ဌာနမူး(ငြိမ်း)က ဆိုသည်။

 

"သင်ရိုးတိုးတော့ မာတိကာ တိုးတယ်၊ သင်ရိုးကို ခေတ်နဲ့အညီ  ပြောင်းလဲပြီး သင်ကြားရင် အရင်က မရဖူးတဲ့ အခွင့်အရေးတွေ ရလာမှာပါ၊ ဆရာဆိုတာ တပည့်ကို ကိုယ့်ထက်သာ စေချင်တာပါ၊ အရင်က (၃)နှစ်ပဲ သင်ရတာ အားမရဘူး၊ အခု(၄)နှစ် ဆိုတော့ ပညာရေးပြောင်းလဲလာတာပဲ ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆို ရမှာပါ"ဟု ပါမောက္ခ ဒေါက်တာဒေါ်စိန်စိန်သိန်း ဌာနမူး(ငြိမ်း)က ပြောသည်။

 

နိုင်ငံတကာ တက္ကသိုလ်များရှိ သင်ကြားမှုစနစ် နှင့် ရင်ဘောင်တန်းနိုင်ရန်အတွက် မြန်မာနိုင်ငံရှိ တက္ကသိုလ် ကျောင်းများ၏ သင်ကြားမှုပုံစံပြောင်းလဲရာ၌ ပညာသင်ချိန်မှာ အရေးပါမှုတစ်ခုဖြစ်ကြောင်း ၊စာသင်ချိန်များ အပြင် သုတေသနလုပ်ခြင်း၊ စားတမ်းပြုစုခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းတို့ ပါဝင်မှာ သာ ပြည့်စုံသော ပညာရေးစနစ်ဖြစ်နိုင်ကြောင်း အငြိမ်းစားပါမောက္ခကြီးများက အကြံပြုထားသည်။

 

"တခြားလူတွေတုန်းက သုံးနှစ်နဲ့ ကျောင်းပြီးပေမယ့်၊ ကျွန်တော်တို့မှ လေးနှစ်ဖြစ်သွားတယ်၊ လူကြီးတွေ ကတော့ ကောင်းတယ်ပြောကြတယ်၊ လေးနှစ်ဆိုတော့ အသက်တစ်နှစ်ပိုကြီးသွားတာပေါ့၊ သင်ရိုးပြောင်း မပြောင်းတော့ မသိဘူး"ဟု ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ပထမနှစ်ကျောင်းသူတစ်ဦးက ပြောသည်။

၂၀၁၃/၁၄ ပညာသင်နှစ်ကို တိုးမြှင့်ပြီး သင်ရိုးညွှန်းတန်းများကို ပြောင်းလဲရာ၌ မြန်မာနိုင်ငံရှိ တက္ကသိုလ်များမှ ပါမောက္ခကြီးများ နှင့် တွေ့ဆုံပြီး ကမ္ဘာ့အဆင့်မီစေရန် သင်ရိုးညွှန်းတန်းများကို ရေးဆွဲပြီး ၊ Asia University Rankings List ဝင်ရောက်နိုင်ရန်အတွက် Criteria စံနှုန်းများကို အသေးစိတ် လေ့လာပြီး တက္ကသိုလ်အဆင့် မြှင့်တင်သွားရမည် ဖြစ်ကြောင်းကို မေလ (၅)ရက်နေ့တွင် နေပြည်တော် MICC ခန်းမကျင်းပသော တက္ကသိုလ်များ ဗဟိုကောင်စီ အစည်းအဝေး၌ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြအေး က ပြောကြားထားခြင်းဖြစ်သည်။