Thursday, May 16, 2013

ပြည်ထောင်စုလွှတ်တော် အလုပ်သမားရေးရာ ကော်မတီက အလုပ်သမား အခွင့်အရေးများကို ထိရောက်စွာ ကာကွယ်ပေးရန် အလုပ်သမားအရေး ဆောင်ရွက်သူများ လိုလား


wokerchance-may15

လှိုင်သာယာ ဟုတ်စိန် ပီနံအိတ်စက်ရုံရှေ့တွင် အလုပ်သမား အခွင့်အရေးနှင့် ပတ်သက်၍ အလုပ်သမားများ စုပေါင်းတောင်းဆိုစဉ် (ဓာတ်ပုံ-ဥမ္မာအောင်)

မကြာမီ ဖွဲ့စည်းမည့် ပြည်ထောင်စုလွှတ်တော် အလုပ်သမားရေးရာ ကော်မတီ အနေနှင့် အလုပ်သမား အခွင့်အရေးများကို ထိရောက်စွာ ကာကွယ်ပေးနိုင်ရန် လိုလားလျက်ရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောကြားသည်။

အဆိုပါ ပြည်ထောင်စုလွှတ်တော် အလုပ်သမားရေးရာ ကော်မတီတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ အလုပ်သမား သမဂ္ဂများ၊ အလုပ်ရှင်များနှင့် ၀န်ကြီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်းဖွဲ့စည်းသွားမည်ဟု သိရသည်။
ထိုကော်မတီမှ အလုပ်သမားအရေး ကိစ္စရပ်များကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ခေတ်စနစ်နှင့် မလျော်ညီသော အလုပ်သမားရေးဆိုင်ရာ ဥပဒေများကို ပြင်ဆင်သွားမည်ဟု သိရသည်။

"ခေတ်နဲ့မလျော်ညီတဲ့ ဥပဒေတွေကို ပြင်ဆင်မယ်ဆိုတဲ့ နေရာမှာလဲ အခြေခံ လုပ်ခလစာကို မူတည်ပြီး တခြားအကျိုးခံစားခွင့်တွေကို တွက်ချက်တာ ဖြစ်တဲ့အတွက် အခြေခံ လုပ်ခလစာကို တိတိကျကျ ပြဋ္ဌာန်းပေးဖို့ လိုပါတယ်။ လွှတ်တော်အနေနဲ့ ဒီထက်ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်ဖို့ လိုပါတယ်" ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ အလုပ်သမားအရေး ဆောင်ရွက်သူ မသက်သက်အောင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် အနည်းဆုံး အခကြေးငွေ ဥပဒေကို ပြီးခဲ့သည့် မတ် ၂၂ ရက်တွင် သတ်မှတ်ပြဋ္ဌာန်း လိုက်သော်လည်း အနည်းဆုံးလုပ်ခ သတ်မှတ်ချက်ကို ထည့်သွင်းဖော်ပြထားခြင်း မရှိသေးကြောင်း တွေ့ ရသည်။

"ကော်မတီအနေနဲ့ အလုပ်သမား အခွင့်အရေးတွေကို ထိထိရောက်ရောက် အကာအကွယ်ပေးဖို့ လိုပါတယ်။ နောက်ပြီး လုပ်ငန်းခွင် ပြဿနာတွေ ဥပမာ လုပ်ခလစာနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ကော်မတီအနေနဲ့ စာရင်းပြုစုပြီး အကောင်အထည် ဖော်သင့်ပါတယ်။ အလုပ်သမား အဖွဲ့အစည်းတွေကို လွတ်လပ်စွာ ဖွဲ့စည်းခွင့် ပေးထားပေမယ့် စည်းရုံးခွင့် မပေးထားဘူး။ အလုပ်သမား ဥပဒေကလည်း ခိုင်မာမှု မရှိဘူး" ဟု အလုပ်သမားအရေး ဆောင်ရွက်သူ ရှေ့နေကိုဖိုးဖြူက ပြောကြားသည်။

အနည်းဆုံး အခကြေးငွေ ဥပဒေ၏ နောက်ဆက်တွဲ နည်းဥပဒေကို သုံးလအတွင်း ထုတ်ပြန်ရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အနည်းဆုံး အခကြေးငွေ ဥပဒေ၏ နောက်ဆက်တွဲ နည်းဥပဒေ ထွက်ပြီးမှသာ အလုပ်ရှင်၊ အလုပ်သမား၊ ပညာရှင်များ ပါဝင်သည့် ကော်မတီတစ်ရပ် ဖွဲ့စည်းကာ အဆိုပါ ကော်မတီမှ အနိမ့်ဆုံး လုပ်ခလစာကို သတ်မှတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။