Thursday, May 16, 2013

စံနှုန်းကိုက်ညီမှုမရှိသည့် CNG ဆလင်ဒါအိုးများ ဖျက်သိမ်းရမည်

သဘာဝဓာတ်ငွေ့(CNG)သုံး မော်တော်ယာဉ်များမှ CNG ဆလင်ဒါအိုးများကို သတ်မှတ်ချက်များ အတိုင်းစစ်ဆေးရမည်ဖြစ်ပြီး Hydrotest  မအောင်မြင်သော CNG ဆလင်ဒါအိုးများကို ဖျက်သိမ်း မည်ဟု မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (M.O. G.E) မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ ဌာနမှ ထုတ်ပြန်ကြေညာသည်။

 

"CNG အိုးတွေက အရမ်းအန္တရယ်များတယ်။ နည်းနည်းလေးစိမ့်ထွက်နေပြီး အပြင်က အပူတွေ ဘာတွေနဲ့ ထိမိမယ်ဆိုရင် ပေါက်ကွဲမှု မီးလောင်မှုတွေဖြစ်ပွားနိုင်တယ်။ ကြံ့ခိုင်မှုစစ်ဆေးပေးတာ ကောင်းပါ တယ်။ ဒါပေမယ့် လိုက်နာမှုမရှိတဲ့ ကားပိုင်ရှင်တွေကို တိကျတဲ့ အရေးယူမှုတွေ လုပ်ဖို့ တော့ လိုတယ်" ဟု ကြည်မြင်တိုင်မြို့နယ်မှ TAXIယာဉ်မောင်းတစ်ဦးက ပြောသည်။

 

လက်ရှိ မော်တော်ယာဉ်များ၌ တပ်ဆင်အသုံးပြုနေသော သဘာဝဓာတ်ငွေ့ (CNG)ဆလင်ဒါအိုး များ၏ ကြံ့ခိုင်မှုကို ကိုးရီးယားနိုင်ငံ အဆင့်မြင့် နည်းပညာသုံး Hydrotest စက်ပစ္စည်းများဖြင့် ၂၀၁၃ ခုနှစ် ဇွန်လ (၁)ရက်နေ့တွင် စတင်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

တက္ကစီနှင့် မြို့တွင်းပြေးဆွဲသော ခရီးသည်တင်ယာဉ်များတွင် သဘာဝဓာတ်ငွေ့ (CNG) ပြောင်းလဲ တပ်ဆင်အသုံးပြုမှုကို  ( ၂၀၀၄-၂၀၀၅  ) ခုနှစ်မှ စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။

 

အဆိုပါ Hydrotest စက်ပစ္စည်းများဖြင့် CNG အိုးများ၏ ဖိအားခံနိုင်ရည်ကို စမ်းသပ်စစ်ဆေးနိုင်မည် ဖြစ်ကြောင်း၊ လက်ရှိတွင် ၄င်းစက်ပစ္စည်းကို သာကေတ M.O.G.E အခြေစိုက်စခန်းတွင် တပ်ဆင်ထား ပြီးဖြစ်ကြောင်း သိရှိရသည်။

 

"လိုင်းကားတွေက ပိုအရေးကြီးတယ် ထင်မယ်။ သူတို့ တွေကို အရင်ဆုံး စစ်ဆေးပေးသင့်တယ်။ ကား ကြံ့ခိုင်မှုအားနည်းတဲ့ CNGအိုးတွေဆို တစ်ခါထည်း ဖြုတ်လဲခိုင်းတာ ကောင်းတယ်။ ပိုက်ဆံပေးပြီး လဘ်တိုးပြီး အဟောင်းကိုပဲ မှိန်းတက်ထားတာတွေကိုလဲ ရှောင်ကြည်သင့်တယ်"ဟု ကမာရွက် မြို့နယ်မှဟင်းသီးဟင်းရွက်ရောင်းချနေသူ ဦးထွန်းဝေက ပြောသည်။

 

ဒီဇယ်၊ ဓာတ်ဆီသုံးကားများမှ သဘာဝဓာတ်ငွေ့ (CNG)သို့ ပြောင်းလဲတပ်ဆင်အသုံးပြုသော နေ့မှစ၍ ပထမဆုံး အကြိမ်အနေဖြင့် (၅)နှစ်ကြာတွင် စစ်ဆေးရမည်ဖြစ်ပြီး နောက်နှစ်များတွင် အဆိုပါ CNG အိုးများမှာ ကြံ့ခိုင်မှုလျှော့နည်းလာနိုင်ခြင်းကြောင့် ဒုတိယအကြိမ်စစ်ဆေးခြင်းအား (၃)နှစ်တွင်း ပြု လုပ်ရမည်ဖြစ်ကာ တတိယအကြိမ်အနေဖြင့် (၂)နှစ်အတွင်း စစ်ဆေးမှုအသီးသီး ပြုလုပ်ကြရမည် ဖြစ်သည်ဟု သိရသည်။


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။