Tuesday, August 6, 2013

ရဲလေးဦးကို လူသတ်မှုဖြင့် စခန်းမှူးက ပြန်တရားစွဲ

ပဲခူးတိုင်း ဖြူးမြို့နယ် ရဲစခန်းမှ ရဲလေးဦးကို လူသတ်မှုဖြင့် အဆိုပါ ရဲစခန်း၏ စခန်းမှူး အုန်းကျော်က တောင်ငူခရိုင် တရားရုံးတွင် တရားစွဲ ဆိုထားရာ သြဂုတ် ၂ ရက်တွင် ယင်းအမှုကို တရားသူကြီးက စွဲချက်တင်  လိုက်ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် စက်တင်ဘာလ အတွင်းက အရက်သေစာ သောက်စား ထားသည့် ဖြူးမြို့မှ လူငယ်တစ်ဦးကို ရဲလေးဦးက ရဲစခန်းသို့ ခေါ်ဆောင်ထိန်းသိမ်းစဉ် သေဆုံးသွားမှုနှင့် ပတ်သက်ပြီး ၎င်းတို့ကို စွပ်စွဲကာ ယခုလို တရားစွဲဆို ထားခြင်း ဖြစ်သည်။

ရဲလေးဦးက စခန်းတွင်ခေါ်ဆောင် ထိန်းသိမ်းစဉ် သေဆုံးသွားခဲ့သူမှာ အသက် ၂၄ နှစ် အရွယ် ကိုလင်းလင်းထက် ဆိုသူဖြစ်ပြီး သူသည် သေဆုံးချိန်အထိပြစ်မှုကြောင်းအရ တစ်စုံတစ်ရာ အမှုဖွင့်ခံထားရခြင်းပင် မရှိသေးကြောင်း သေဆုံးသူ၏ အမဖြစ်သူက မဇ္ဈိမကိုပြောသည်။

ကိုလင်းလင်းထက် သေဆုံးသည့်အမှုနှင့်ပတ်သက်၍ စွပ်စွဲခံရသည့် ရဲလေးဦးကို ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ ကနဦး အရေးယူခဲ့ရာ ဒုရဲအုပ်တစ်ဦးက ထောင်တစ်နှစ် ချမှတ်ခံခဲ့ရပြီး ကျန် ဒုရဲအုပ်တစ်ဦး၊ တပ်ကြပ်ကြီး တစ်ဦးနှင့် ရဲတပ်သားတစ်ဦးတို့ကိုမူ ရာထူးလျှော့ချသည့် ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း ကာယကံရှင် မိသားစုထံမှ စုံစမ်းရရှိသည်။

ထိုသို့ ရဲဥပေဒအရ အရေးယူပြီးသည့်အပြင် အရပ်ဖက်တရားရုံး၌ လူသတ်မှုဖြင့် စခန်းမှူးက ထပ်မံ တရားစွဲဆိုထားခြင်းဖြစ်ပြီး တရားသူကြီး သြဂုတ် ၂ ရက်တွင် စွဲချက်တင်လိုက်ခြင်းဖြစ်သည်။

သို့သော် တောင်ငူခရိုင်တရားသူကြီး၏ စွဲချက်ကို ရဲများက "အပြစ်မရှိပါဘူး၊ သက်သေရှိပါတယ်" ဟု ခုခံခဲ့ကြောင်း တရားခွင်၌ သွားရောက်လေ့လာခဲ့သော သေဆုံးသူ၏ အမဖြစ်သူ မမြင့်ခက်ခက်မွန်က မဇ္ဈိမကို ပြောသည်။

ယခုအမှုကို သြဂုတ် ၁၄ ရက်တွင် ထပ်မံစစ်ဆေးရန် တရားသူကြီးက ချိန်းဆိုလိုက်ကြောင်း သေဆုံးသူ၏ ဖခင် ဦးလှမြင့်က ပြောသည်။

လူသတ်မှုဖြင့် တရားစွဲခံထားရသော ဖြူးမြို့နယ်ရဲစခန်းမှ ရဲများမှာ ဒုရဲအုပ် သူရိန်စန်း၊ ဒုရဲအုပ် ၀င်းတင့်၊ တပ်ကြပ်ကြီး ဖိုးစီ၊ တပ်သား မင်းကိုလတ်တို့ဖြစ်ကြကြောင်း သေဆုံးသူ ကိုလင်းလင်းထက်၏ မိသားစုဝင်များက အတည်ပြုပြောကြားသည်။

ဇော်ဇော်ထွေး
Mizzima 

သစ်တင်လှည်းကို အမြန်ရထား ၀င်တိုက်မိ

မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်ရှိ လက်တက်ကျေးရွာအနီးတွင် ရန်ကုန်-ပုဂံ လူစီးအမြန်ရထားသည် ရထားလမ်းကို ဖြတ်ကူးမောင်းနှင်သည့် လှည်းတစ်စီးနှင့် တိုက်မိကြောင်း အဆိုပါဒေသရှိ ရဲစခန်းမှ စုံစမ်း ရရှိသည်။

ရထားလမ်းကို ဖြတ်ကူးနေသည့် လှည်းနှစ်စီးအနက် ရှေ့လှည်းကို ရထားက တိုက်မိခြင်းဖြစ်ပြီး လှည်းမောင်းသူသည် ရထားတိုက်မိခါနီးတွင် လှည်းပေါ်မှ ခုန်ချထွက်ပြေးသွားသဖြင့် လွတ်မြောက်သွားခဲ့သော်လည်း လှည်းမှာမူ တုံးလုံးလဲသွားခဲ့သည်ဟုလည်း ရဲမှတ်တမ်းတွင် တွေ့ရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ တောင်တွင်းကြီးရှိ ရထားရဲတပ်ဖွဲ့မှ ဒုရဲအုပ်ဇော်လွင်ဦးက တရားလိုပြုလုပ် တိုင်တန်းသဖြင့် လှည်းသမားနှစ်ဦးကို ရထားဥပဒေဖြင့် တရားစွဲရန်အမှုဖွင့်ထားကြောင်း ဒေသရဲစခန်းက သတင်းထုတ်ပြန်သည်။

ထို့ပြင် ရထားတိုက်မိသဖြင့် ပိုင်ရှင်လှည်းသမားများ စွန့်ခွာထွက်ပြေးသွားသည့် ယင်းလှည်းများပေါ်တွင် တရားမ၀င် ကျွန်းသစ်များလည်း တင်ဆောင်လာခဲ့ကြောင်း ရဲများက ထပ်မံစစ်ဆေးတွေ့ရှိခဲ့သည်ဟု ရဲ ဌာနကဆိုသည်။

ထို့ကြောင့် အဆိုပါကျွန်းသစ်များကို သစ်တောဌာနသို့ အပ်နှံကာ လှည်းပိုင်ရှင်များကို တရားမ၀င်သစ်များ သယ်ဆောင်မှုဖြင့်လည်း ထပ်မံတရားစွဲရန်အမှုဖွင့်ထားသည်ဟု ရဲစခန်း၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

လှည်းပိုင်ရှင်များကိုမူ ယခုအချိန်အထိ မည်သူမည်ဝါဖြစ်သည်ကို ရဲများမသိရှိသေးဘဲ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟု စုံစမ်းရရှိသည်။

ဟင်္သာ(တောင်တွင်း)
Mizzima 

မလေးရှားတွင် ပျောက်ဆုံးနေသည့် မြန်မာအလုပ်သမား ကိုးဦးနှင့် ပတ်သက်၍ အလုပ်သမား ၀န်ကြီးဌာနသို့ အကူအညီတောင်းခံ

မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားကိုးဦး ပျောက်ဆုံးနေမှုအပေါ် အလုပ်ဝန်ကြီးဌာနသို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ စာပေးပို့ အကူအညီ တောင်းခံထားကြောင်း သိရသည်။

''စာတင်ထားတာနဲ့ ပတ်သက်လို့ အခုထိတော့ အစိုးရဆီကနေ အကြောင်းပြန်တာ မရှိသေးပါဘူး။ ကျွန်တော်တို့ ၈၈ အနေနဲ့လည်း ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မလေးရှားမှာရှိတဲ့ အန်ဂျီအို အဖွဲ့အစည်းတွေ ချိတ်ဆက်ပြီး အခြေအနေကို စောင့်ကြည့်နေပါတယ်'' ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းနှင့် ပွင်းလင်းလူ့ အဖွဲ့အစည်း၊ အလုပ်သမား ရေးရာဌာနမှ ကိုစိုးသီဟက ပြောကြားသည်။

''အလုပ်သမားတွေက မလေးရှားကို တရားဝင် သွားရောက် အလုပ်လုပ်ကိုင်တာ ဖြစ်တယ်။ အဲဒီအတွက် ဒီကိစ္စမှာ အစိုးရက တာဝန်အရှိဆုံးပဲ။ ဒါကြောင့် အစိုးရအနေနဲ့ တာဝန်ယူပြီး ဖြေရှင်းပေးသင့်တယ်။ အလုပ်သမားတွေ အနေနဲ့လည်း တရားဝင်ဆိုတာ တစ်ခုတည်းနဲ့ အာမခံချက် မရှိတဲ့ နေရာတွေ၊ ကျောထောက်နောက်ခံ မရှိတဲ့ နေရာတွေကို မသွားသင့်ပါဘူး'' ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ဇူလိုင် ၉ ရက်က မလေးရှားနိုင်ငံရှိ ICE SDN BHD စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် ကိုရန်သိန်း အပါအ၀င် အလုပ်သမား ၁၃ ဦးအား စက်ရုံပိုင်ရှင် CHING BOON LIAI ၏ ခိုင်းစေချက်အရ မလေးရှားနိုင်ငံသား ရဲတပ်ဖွဲ့ဝင် သုံးဦးနှင့် Immigration ရုံးမှ တာဝန်ရှိသူ တစ်ဦးတို့က ကားနှစ်စီးဖြင့် လူစုခွဲကာ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း၊ အလုပ်သမား ၁၃ ဦးအနက် ကိုရန်သိန်း၊ ကိုထိန်လင်းအောင်၊ ကိုစိုင်းသူထွန်း၊ ကိုရန်မျိုးအောင်တို့အား ဇူလိုင် ၉ ရက်ညက ထိုင်းလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့ကြောင်း၊ ကျန်အလုပ်သမား ကိုးဦးမှာ အဆက်အသွယ် မရဘဲ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သိရသည်။

ICE SDN BHD စက်ရုံတွင် ကျန်နေသည့် အလုပ်သမားများပိုင်သည့် ငွေသားနှင့် ပစ္စည်းပြန်ရရေး အတွက် ကူညီပေးရန် ၈၈ မျိုးဆက် ငြိမ်းချမ်းနေရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ တစ်ဆင့် ၀န်ကြီးဌာနသို့ ဇူလိုင် ၃၀ ရက်က စာပို့ အကူအညီ တောင်းခဲ့သည်။ မလေးရှားမှ ပြန်ရောက်သည့် အလုပ်သမား (၄) ဦးမှ အလုပ်သမား (၉)ဦး ကိစ္စ ကူညီပေးရန် ဇူလိုင် ၁၃ ရက်က ၈၈ မျိုးဆက် ငြိမ်းချိမ်းရေးနှင့် ပွင်းလင်းလူ့ အဖွဲ့အစည်းသို့ အကူအညီ တောင်းခဲ့ခြင်း ဖြစ်သည်။

ကျောက်စိမ်း အလွန်အကျွံ ဆက်၍တူးဖော် ထုတ်လုပ်နေလျှင် ဖားကန့်ဒေသရှိ မြို့ရွာများအားလုံး နှစ် ၃၀ မတိုင်မီ ပျောက်ကွယ်ဖွယ်ရှိကြောင်း ဒေသခံများဆို


8.5.1

ဖားကန့်ဒေသရှိ ကျောက်စိမ်းတူးဖော်သည့် လုပ်ကွက်များကို သြဂုတ်လဆန်းက တွေ့ရစဉ် (ဓာတ်ပုံ- ထွန်းလင်းအောင်)

ကမ္ဘာ့အဖိုးတန် ကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ်ရှိ ဖားကန့်မြို့ အပါအ၀င် ၎င်းမြို့အနီးရှိ ကျေးရွာအများစုမှာ လာမည့် နှစ် ၃၀ မတိုင်မီ ကျောက်စိမ်း အလွန်အကျွံ တူးဖော်ထုတ်လုပ်မှုကြောင့် ပျောက်ကွယ် ဆိတ်သုဉ်း တော့မည်ဟု ဒေသခံများက ပြောကြားခဲ့သည်။

NLD ပါတီ ဖားကန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှဆိုင်း (ဖားကန့်မြို့တွင် နှစ် ၄၀ ကြာ နေထိုင်ခဲ့သူ) က ''၂၀၀၉-၂၀၁၀ လိုသာ ဆက်လုပ်နေရင် နှစ် ၂၀ မကျော်နိုင်ဘူး။ အဲဒီအခြေအနေ ရောက်ရင် ကျောက်စိမ်းဟာ ရှားပါးပျောက်ကွယ် လာမယ်။ ကျောက်စိမ်းကို မှီခိုနေရတဲ့မြို့၊ ရွာတွေ ပျောက်ကွယ် ကုန်မှာပေါ့။ ဒီမှာ တူးခဲ့တာက တောင်တစ်တောင်က နှစ်လဆိုပျောက်ပြီ။ တောင်အလုံး ရေ ၅၀၊ ၆၀ ကျော်က ပျောက်သွားပြီ။ ကျောက်စိမ်း ထွက်နိုင်တဲ့ တောင်အစစ်က ၁၀ တောင်လောက်ပဲ ကျန်တော့တယ်။ ကချင်ပြည်နယ် တစ်ခုလုံးဟာ ကျောက်စိမ်းကို မှီပြီး နေကြတာ။ ကျောက်စိမ်းကုန်ရင် ပြည်နယ်တစ်ခုလုံး ဟန်ချက်ပျက်ပြီ။ ဒီလိုဖြစ်ကုန်တာ လုပ်ငန်းလုပ်ကြတဲ့ ဦးပိုင်ရော၊ အကျိုးတူရော လုံးဝထင်သာ မြင်သာမရှိလို့ ဒီလို ဖြစ်ကုန်တာ။ ဒီအချိန်မှာ မစဉ်းစားရင် မမီတော့ဘူး။ ခုလိုဖြစ်တာဟာ စစ်အုပ်ချုပ်ရေး ကာလမှာတော့ ဘယ်နိုင်ငံမဆို ဖြစ်နိုင်တယ်။ အခု အရပ်သား အစိုးရ ရောက်ပြီဆိုတော့ ဒေသခံကိုတော့ ဥပေက္ခာ မပြုသင့်ဘူး။ ၂၀၃၀ ခုနောက်ပိုင်းဆိုရင် ဖားကန့်မြို့ဟာ ပျောက်ကွယ်တော့မယ်လို့ မှန်းတယ်။ ငါနဲ့မဆိုင်ဘူး လို့ထင်နေရင် ကျွန်တော်တို့အားလုံး မှားမှာပေါ့'' ဟု ပြောကြားသည်။

''ဒီလိုသာ ဆက်လုပ်ကြရင် နောင်ငါးနှစ်လောက် ဆိုရင်ပဲ ကျောက်စိမ်းဟာ ရှားပါးပစ္စည်း ဖြစ်လာမယ်။ ကုမ္ပဏီတွေကလည်း စွန့်ပစ်မြေစာတွေ စနစ်တကျ မပစ်ဘဲ မြစ်ကမ်းနံဘေးတွေမှာ စွန့်ပစ်ကြတယ်။ ချောင်းတွေ မြစ်တွေ တိမ်ကောလာတယ်။ သဘာဝ ဘေးအန္တရာယ်တွေ ခံရတာပေါ့'' ဟု ဖားကန့်မြို့တွင် ၂၈ နှစ်ကြာ နေထိုင်ခဲ့သူ ကိုဂန္ဓီ (လူမှုရေး လုပ်ငန်းလုပ်ရှားသူ) က ဆိုသည်။

မြို့မရပ်ကွက် ဥရုချောင်းဘေးတွင် နေထိုင်သူ ကိုယောကြီးက ''ကျွန်တော့်အိမ်ဆိုရင် အပေါ်မြှောက်ရတာ သုံးခါရှိပြီ။ အနည်းဆုံး ၁၂ ပေကျော်ပြီ။ ဒါလည်း ရေမြုပ်တုန်းပဲ ဒီလိုသာ ဆက်လုပ်ကြရင် နှစ်၂၀ မကျော်ခင်မှာပဲ ကျောက်စိမ်းရှားပါးလာပြီး ဒီဒေသလည်း ပျောက်ကွယ်လာမှာပဲ။ တချို့ချောင်းတွေက တိုတိုလေးပဲ ကျန်တော့တယ်။ စပေါ့ချောင်း၊ မျောက်ဖြူချောင်း ပျောက်ကွယ်သွားတယ်။ ရှရော်ခမှော်၊ မှော်မှောင်းလျန်တွေက မှော်နာမည်ပဲ ကျန်တယ်။ ဘေးမှာ တူးစရာနေရာ မရှိတော့ဘူး။ အောက် မနမှော်၊ အထက် မနမှော်တွေက ပျောက်ကွယ်သွားပြီ'' ဟု ဆိုသည်။

ဖားကန့်မြို့နယ် သံဃမဟာနာယက ဥက္ကဋ္ဌ ဦးဝါယာမ (သက်တော် ၆၅၊ ၀ါတော် ၄၄) က ''ဘုန်းကြီးငယ်ငယ်က ကေအိုင်အေ မထသေးဘူး။ ခုနှစ်တွေကိုတော့ မမှတ်မိဘူး။ ဒီဥရုမြစ်ဘေးကရွာတွေ ဘယ်ရွာမှ ရေတွင်းမရှိဘူး။ ဒီချောင်းရေပဲ သောက်ကြတာကိုး။ အရင်က နွေရာသီမှာ စောင်မလွတ်ဘူး။ ဒီလိုသာ လုပ်နေရင် နောင်နှစ် ၂၀ ဆိုရင် ကျောက်စိမ်း တွေ့ဖို့မလွယ်။ ဘုန်းကြီးတို့ ငယ်ငယ်ကနဲ့စာရင် ရှားပါးလာမှာ။ နောင်ဆိုရင် မိုးကုတ်လို ဖြစ်လာမှာ။ ရတနာတွေ ရှားလာတော့မယ်။ လူတွေပြောင်းကုန် ကြမှာလေ။ ဘုန်းကြီးကတော့ စက်ယန္တရားကြီးတွေနဲ့ လုပ်တာကို ဘ၀င်မကျဘူး။ သယံဇာတဆိုတာ အိမ်တွင်းပစ္စည်းလို တဖြည်းဖြည်း လုပ်စားရမယ် လို့တော့မြင်တယ်။ နောင်နှစ် ၅၀ မှာ ကျောက်စိမ်းကို မြင်ဖူးချင်ရင် တရုတ်ပြည်ကို သွားကြည့်ရမယ် ဆိုတာ မှန်နိုင်တယ်။ ဘုန်းကြီးကတော့ နိုင်ငံတော် အနေနဲ့ ဒီကိစ္စတွေကို ထိန်းချုပ်စေချင်တယ်။ အခု အရမ်းပူလာပြီ။ ပန်ကာ တစ်နေ့လုံး ဖွင့်ထားရတယ်။ အရင်လိုတော့ မဖြစ်နိုင်တော့ဘူး။ ဘုန်းကြီး မပြောလိုတာတွေလည်း အများကြီး ရှိသေးတယ်'' ဟု မိန့်ကြားသည်။

8.5.1

ဖားကန့်ဒေသရှိ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင် တစ်နေရာအား သြဂုတ်လဆန်းပိုင်းက တွေ့ရစဉ်

''ဒီမှာ ရာသီဥတု ပြောင်းတာက သဘာဝတော ဘာမှ မကျန်တော့ဘူးလေ။ ၁၉၉၀ ၀န်းကျင် ဆောင်းရာသီမှာ မွန်းတည့် ၁၂ နာရီ ၀န်းကျင်အထိ နှင်းကျတုန်း။ ၁၉၉၇ နောက်ပိုင်းမှာ ရာသီဥတု ပြောင်းတာ သိသာလာပြီ။ အခုမိုးမလင်းခင် နေရောင်မြင်နေရပြီ။ မျက်စိရှေ့တင် ပျောက်သွားတဲ့ ရွာတွေ တောင်တွေလဲ အများကြီးပဲ။ တောင်ဖြိုမိုင်ခွဲတာလဲ အကန့်အသတ်မှ မရှိတာကိုး။ ပျောက်သွားတဲ့ တောင်တွေလဲ မရေနိုင်တော့ဘူး။ ဖားကန့်ရပ်ကွက် တစ်ခုဖြစ်တဲ့ အေးမြသာယာ ရပ်ကွက်ကို ကုမ္ပဏီတွေက ၀ယ်နေပြီ။ ဘုန်းကြီးက အလုပ်မခံဘူး။ အေးမြသာယာ ရပ်ကွက်ပျောက်ရင် သူ့ဘေးက မြို့မရပ်ကွက် ပျောက်လာမယ်။ မြို့မရပ်ကွက် ပျောက်ရင် ဖားကန့်မြို့ဆိုတာ ဘယ်နေရာကို လက်ညှိုးထိုးမလဲ။ အခုဖားကန့်ကြီး မရှိတော့ဘူး။ ဒီဒေသမှာ ဒီလိုရတနာတွေသာ အဆမတန် ထုတ်နေပေမယ့် စာသင်ကျောင်း၊ ဆေးရုံ၊ လမ်း၊ ဘာမှကောင်းတာ မရှိဘူး။ ဒီလိုလုပ်ရင် နှစ် ၃၀ မကြာနိုင်ပါဘူး'' ဟု ဖားကန့် သာသနာဝင် ကျမ်းပြုစုသူ ဦးက၀ိသာရ (ဖားကန့်မြိုနယ် သံဃမဟာနာယက အတွင်းရေးမှူး) က မိန့်ကြားသည်။

ဖားကန့်ဒေသတွင် ကျောက်စိမ်း တူးဖော်ခြင်း လုပ်ငန်းကို ရှေးမြန်မာမင်းများ လက်ထက်မှ စတင်၍ လုပ်ကိုင်ခဲ့ကြပြီး ကေအိုင်အိုနှင့် ငြိမ်ချမ်းရေးမယူမီ ၁၉၉၄ ခုနှစ်အထိ လက်မှုလုပ်ငန်း အဖြစ်သာ ရှိခဲ့ရာမှ ၁၉၉၄ ခုနှစ် နောက်ပိုင်းတွင် စက်ကိရိယာများဖြင့် လုပ်ကိုင်လာကြရာ ၂၀၀၅ ခုနှစ် နောက်ပိုင်းတွင် ကုမ္ပဏီ ၅၀၀ ကျော်က အကြီးစား စက်ယန္တရားပေါင်း များစွာဖြင့် နေ့ညမနား နှစ်လုံးပေါက် လုပ်လာခဲ့မှုကြောင့် သဘာဝ ပတ်ဝန်းကျင် အခြေအနေ ဆိုးဆိုးရွားရွား ပျက်စီးလာခဲ့ကာ ယခုကဲ့သို့ မြို့ရွာများ ပျောက်ကွယ်လုနီးပါး ဖြစ်လာရခြင်း ဖြစ်သည်ဟု ဆိုသည်။

ဖားကန့်ဒေသ အတွင်းရှိ သဘာဝတောင် အလုံး ၅၀ လုံးခန့်နှင့် ချောင်းများ၊ ချောက်များမှာ ထိုကဲ့သို့ အလွန်အကျွံ ကျောက်စိမ်း တူးဖော်မှုကြောင့် ပျောက်ကွယ်ခဲ့ပြီး အဆိုပါ ဒေသတစ်ဝိုက်မှာ ယခုအခါ ရေကြီးခြင်း၊ အပူချိန် မြင့်မားလာခြင်း စသည့် သဘာဝ ဘေးအန္တရာယ်များ နှစ်စဉ်ကြုံတွေ့ လာရသည်ဟု ဒေသခံများက ပြောကြားသည်။ ဖားကန့်ကျေးရွာသည် ၁၉၉၅ ခုနှစ်မှ စတင်၍ မြို့ဖြစ်လာခြင်း ဖြစ်သည်။

ဒေသဖွံ့ဖြိုးရေးလုပ်ပေးဖို့အစိုးရကိုကျောက်ဖြူ ဒေသခံများ တောင်းဆို

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ  ရွာပေါင်း ၂၃ ရွာနှင့် အဖွဲ့အစည်း ၃ ခုတို့မှ ဒေသခံ ဖွံ့ဖြိုးရေးကို လုပ်ဆောင်ပေးရန် သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများ ထံသို့ ယခုလ ၂ ရက်နေ့ က စာရေး တောင်းဆိုလိုက်သည်။

အဆိုပါ တောင်းဆိုချက်ကို ၁၅ ရက် အတွင်း အကြောင်းပြန်ကြားရန် စာထဲတွင် ဖေါ်ပြထားသည်ဟု ကျောက်ဖြူမှ လူမူရေး လူပ်ရှား ဆောင်ရွက်နေသူ ကိုထွန်းလွှင်က ပြောသည်။

" စာရေးတောင်းဆိုတဲ့ ရွာသားတွေက သူတို့ တောင်းဆိုတာကို ၁၅ ရက်အတွင်း အကြောင်း ပြန်ကြားရမယ်လို့ စာထဲမှာ ဖေါ်ပြထားပါတယ်။ အကြောင်းမပြန်ရင် ဘာလုပ်မလဲဆိုတာကတော့ အခုအချိန်မှာ မပြောနိုင်သေးဘူး။ စာမပြန်ရင်  ရွာသားတွေ အစည်းအဝေး လုပ်ကြပါလိမ့်မယ်။ အဲဒီနောက်ပိုင်းမှ သိရပါလိမ့်မယ်" ဟု ကိုထွန်းလွှင်က ပြောသည်။

ရွာသားများ အနေဖြင့် ယခု တောင်းဆိုစာကို မပို့မှီ ဒုသမ္မတ ဦးဥာဏ်ထွန်း ခရီးစဉ်တုန်းကလည်း ငြိမ်းချမ်းစွာ တောင်းဆို ဆန္ဒပြကြရန် စီစဉ်ခဲ့ကြသည်။

"  ဒေသခံ ရွာသားတွေ အနေနဲ့ ဒုသမ္မတ ဦးဥာဏ်ထွန်း ဇူလိုင်လ ၂၉ ရက်နေ့က ကျောက်ဖြူကို ဂတ်စ်ပိုက်လိုင်း ဖွင့်ပွဲကို တက်ရောက်မယ်ဆိုတဲ့ အတွက် သူတို့ လိုလားချက်တွေကို ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုဖို့ စီစဉ်ထားခဲ့ပါတယ်။ ရွာသားတွေ တော်တော်များများလည်း စုရုံးနေခဲ့ကြပါတယ်။ ရာသီ ဥတုဆိုးရွားတဲ့ အတွက် ဒုသမ္မတ ခရီးစဉ်ကို ကပ်ပြီးဖျက်လိုက်တဲ့ အတွက်သူတို့ လိုလားချက်တွေကို တောင်းဆိုဖို့ မရလိုက်ဘူး။ ဒါကြောင့် အခုတစ်ခါ စာရေးပြီး ဒေသ ဖွံ့ဖြိုးရေးကို တောင်းဆိုကြတာ ဖြစ်ပါတယ်" ဟု သူက ကျေးရွာသားများ စာရေး တောင်းဆိုရခြင်းနှင့် ပတ်သက်ပြီး ၎င်းက ပြောကြားသည်။

စာရေးတောင်းဆိုရာတွင် အဓိက အချက် (၄) ချက်ကို တောင်းဆိုကြသည်ဟု ၎င်းက ဆက် ဆိုသည်။

" ပိုက်လိုင်း တလျှောက်မှာ ရှိတဲ့ ရွာတွေ အနေနဲ့ ဂတ်စ်ပိုက်လိုင်း သွယ်တန်း ဖေါက်လုပ်မူကြောင့် လယ်မြေများ ပျက်စီးသွားတဲ့ အတွက် ရွာသားများမှာ နစ်နာ ဆုံးရှုံးမူတွေ ရှိတယ်။ ဒီလို နစ်နာမူများအတွက် မှန်မှန်ကန်ကန် ဖြေရှင်းပေးရေးတွက် သူတို့က တောင်းဆိုပါတယ်။ နောက်တစ်ခုက ကျောက်ဖြူမှာ ဂတ်စ်နဲ့ လည်ပတ်မယ့် အင်ဂျင်တစ်လုံးထိုင်ပြီး လျှပ်စစ်မီးပေးမယ်ဆိုပြီး လျှပ်စစ် မီးတိုင်တွေကို ထောင်နေတယ်။ ဒါပေမယ့် ဂတ်စ်ပိုက်လိုင်း တလျှောက်မှာ ရှိတဲ့  ရွာတွေ အတွက် မပါဝင်ဘူး။ ဒါကြောင့် ဂတ်စ်နဲ့ ကျေးလက်ဒေသ လျှပ်စစ်မီး ရရှိရေးကို သူတို့ တောင်းဆိုကြပါတယ်" ဟု ဆိုသည်။

၎င်းပြင် တစ်ခြား တောင်းဆိုကြသော အချက်များထဲတွင်  ရွာချင်းဆက် လမ်းများ ဖေါက်လုပ် ကူညီပေးရေး၊ ကျေးရွာများတွင် လိုအပ်နေသော စာသင်ကျောင်းများ၊ ဆေးခန်းများနှင့် ရေတွင်း ရေကန်တူးဖေါ်ပေးရေး စသည့် အချက်များ ပါဝင်သည်ဟု သိရသည်။၏

ရွာသားများ အနေဖြင့် တောင်းဆိုစာကို ယမန်နေ့က ခရိုင်၊ မြို့နယ် ဥက္ကဌများ၊ ဒေ၀ူး၊ တရုတ် ကုမ္ပဏီ CNPC၊ မြန်မာ ကုမ္ပဏီများဖြစ်ကြသော MOGE တို့သို့ သွားရောက် ပေးပို့ခဲ့ကြသည်။ ၎င်းပြင် မိတ္တူကို ဒေသအတွင်းရှိ ကြံ့ခိုင်ရေး၊ ရတပ၊ တစည အပါအ၀င်  နိုင်ငံရေး ပါတီများ အားလုံးသို့ ပေးပို့သည်ဟု ဆိုသည်။

ဒေ၀ူး၊ MOGE တို့မှ အဆိုပါ တောင်းဆိုချက်များမှာ ၎င်းတို့နှင့် သက်ဆိုင်မူ မရှိဟု ဆိုကာ စာကို လက်မခံဘဲ ငြင်းပယ်ခဲ့သည်ဟု ဆိုသည်။

စာရေး တောင်းဆိုရာတွင် ရမ်းဗြဲကျွန်းပေါ်က ရွာ ၂၀ ၊ မြိုချောင်းကျွန်းက ရွာ ၃ ရွာ၊  ကျောက်ဖြူမြို့ပေါ်မှ Kyauk Pru Social Network နှင့် Sky Youth လူမူ အဖွဲ့အစည်း ၂ ခုနှင့် မြဒေးကျွန်း ဖွံ့ဖြိုးရေး အဖွဲ့တစ်ခု အပါဝင် စုစုပေါင်း ၂၆ ဖွဲ့ ပါဝင်သည်ဟု သိရသည်။

ယခုအခါ ရမ်းဗြဲကျွန်းတွင် ဒေသ အရေးကိစ္စများကို လုပ်ဆောင်ရန် အတွက် ကျေးရွာသား၂၇ ယောက်ပါ ကော်မီတီတစ်ခုကို ဖွဲ့စည်းထားပြီး အဆိုပါ ၂၇ ဦးထဲမှ ၇ ဦးပါ အဆင့်မြင့် ကော်မီတီ တစ်ခုကိုလည်း ဖွဲ့စည်း တာဝန်ထားသည်ဟု ကိုထွန်းလွှင်က ပြောသည်။

ဇူလိုင်လ ၂၉ ရက်နေ့က စတင်ပြီး ရခိုင်မှ ဓါတ်ငွေ့ကို ပိုက်လိုင်းမှ တဆင့် တရုတ်နိုင်ငံသို့  ပို့လွှတ်ခဲ့ပြီး   မြန်မာ အစိုးရသည် ရခိုင်ရွှေသဘာဝ ဓါတ်ငွေ့ကို တရုတ်ကို တင်ပို့ခြင်းဖြင့်  တနှစ်ကို အမေရိကန် ဒေါ်လာ ၁ ဒဿမ ၄ ဘီလီယံနုန်းဖြင့် နှစ်ပေါင်း (၂၀) အတွင်း ဒေါ်လာ ၂၄ ဘီလီယံ ရရှိမည် ဖြစ်သည်။

ဖလမ်းမြို့အနီး ကားမှောက် ခရီးသည် ၅ ဦး သေ

စစ်ကိုင်းတိုင်း ကလေးမြို့ နှင့် ချင်းပြည်နယ်မြို့တော်အကြားပြေးဆွဲသည့် ခရီးသည် ၂၆ ဦးခန့် စီးလာသည့် ရွှေခြင်္သေ့ ခရီးသည်တင် လိုင်းကားယခုလ ၁  ရက်နေ့ညနေ့ ၆း၀၀ နာရီခန့် က ဖလမ်းမြို့အနီးတွင် တိမ်းမှောက်ရာ ခရီးသည် ၅ ဦး သေဆုံးကြောင်း သိရသည်။

ပွဲချင်းပြီး ခရီးသည် သုံးဦး သေဆုံးပြီး နှစ်ဦးသည် ဖလမ်းပြည်သူ့ဆေးရုံတွင်သေဆုံးကြောင်း ဒေသထုတ် ဟားခါး ပိုစ့်တွင် ဖော်ပြသည်။

သေဆုံးသူများမှာ (1) Rev. Kawl Khaw Lian (Kalay)၊ (2) Dar Za Tial (Varung)၊ (3) SuiLian Thang (Khampat)၊ (4) Hniar Tin Iang (Khampat), (5) Kyaw Shwe (Dawn) တို့ဖြစ်ကြသည်။

အဆိုပါ ကားတိမ်းမှောက်သည့် နေရာသည် မြေပြိုလေ့ရှိပြီး ကားစပယ်ယာများမှ ကားလမ်းကို မြေညှိပြုပြင်အပြီး ကားအဖြတ်မှာ ရှေ့ဘီးနှင့် နောက်ဘီး အကြားမြေနိမ့် ဆင်းသွားရာမှ ကားလမ်းအောက် ပေ ၄၀၀ ခန့် လိမ့်ဆင်း သွားခြင်း ဖြစ်သည်ဟု သိရသည်။

" ခရီးသည် အားလုံး အထိနာတယ်၊ တချို့ကိုတော့ ရန်ကုန်အထိ ဆေးကုရမည့်အခြေအနေဖြစ်နေတယ် "ဟု မျက်မြင် တဦးက ပြောသည်။

အဆိုပါလိုင်းကားသည့် ကလေးမြို့နေ အသွား သိုင်းငင်းရွာအနီးတွင် စက်ချွတ်ယွင်းသောကြောင့် ပြန်လည်ပြုပြင်ခဲ့ပြီှး ဆက်လက်ခရီးဆက်ရာမှ ယခုကဲ့သို့ တိမ်းမှောက် ခဲ့ခြင်းဖြစ်သည်။

ကားပိုင်ရှင်မှာ Pu Lian Bawk ( Falam)၊ ယာဉ် မောင်းမှာ Pu VunThang ဖြစ်သည်။

ရှစ်လေးလုံးဖွား ကျောင်းသားတပ်မတော် ငွေရတုသက်တမ်းတွင် အပစ်ရပ် လက်မှတ်ထိုး

နှစ်ဖက် အကြား ပြင်ဆင် ဆွေးနွေးမှု (၅) ကြိမ် ပြုလုပ် ခဲ့ပြီးနောက် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ် တပ်ဦး (ABSDF) နှင့် ပြည်ထောင်စု လုပ်ငန်း ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီ တို့အကြား ယနေ့၌ ပြည်နယ် အဆင့် အပစ် အခတ် ရပ်စဲရေးကို လက်မှတ် ရေးထိုး ခဲ့ကြသည်။

၂၀၁၃ ခုနှစ် သြဂုတ်လ ၅ ရက်နေ့ ABSDF နှင့် အစိုးရတို့ အပစ်ရပ် လက်မှတ် ရေးထိုးပွဲ ၂၀၁၃ ခုနှစ် သြဂုတ်လ ၅ ရက်နေ့ ABSDF နှင့် အစိုးရတို့ အပစ်ရပ် လက်မှတ် ရေးထိုးပွဲ ဓါတ်ပုံ - (ညိုအုန်းမြင့်)

သဘော တူညီချက် အချက်အလက် များအရ ကနဦး၌ မြဝတီမြို့၌ ဆက်ဆံရေးရုံး တစ်ရုံးအား ဦးစွာ ဖွင့်လှစ် သွားမည် ဖြစ်ကာ အခြားနေရာ များ၌ ထပ်မံ ဖွင့်လှစ် နိုင်ရေး အတွက် လာမည့် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲ၌ ဆက်လက် ဆွေးနွေး သွားကြမည် ဖြစ်သည်။

နှစ်ဖက် အကြား ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဆွေးနွေးရန် အတွက် ကိုယ်စားလှယ် အဖွဲ့ တရားဝင် ဖွဲ့စည်း ပေးရန် နှင့် ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၁၀) ရက်နေ့မှ စတင်၍ ပြည်ထောင်စု အဆင့် ဆွေးနွေး ပွဲကို စတင် ကျင်းပ သွားရန်လည်း နှစ်ဖက် သဘောတူ ခဲ့ကြသည်။

ABSDF တပ်ဖွဲ့ဝင်များ လက်ရှိ အခြေစိုက်ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း နယ်မြေများ ပြင်ပ အခြားသို့ သွားလာ လိုလျှင် လက်နက်မပါ ဥပဒေနှင့် အညီ သွားလာရန် ကိုလည်း အစိုးရ ကိုယ်စားလှယ် ဘက်မှ ဆွေးနွေးပွဲတွင် သဘော တူညီမှု ပေးခဲ့သည်။

ယခုကဲ့သို့ လက်မှတ် ရေးထိုး နိုင်ရန် အတွက် ကျောင်းသား တပ်မတော် အနောက်ပိုင်း (အန္ဒိယ)၊ မြောက်ပိုင်း (ကချင်)၊ ထိုင်းနိုင်ငံ မဲဆောက်နှင့် ချင်းမိုင် အခြေပြု လှုပ်ရှားနေသည့် အင်အားစု အားလုံး၏ ကိုယ်စားလှယ်များ ပါဝင်ကြောင်း ဥက္ကဋ္ဌ ရဲဘော် သံခဲက ခရီးစဉ် မစတင်မီ ရွှေဟင်္သာ သတင်းဌာနသို့ ပြောကြား ခဲ့သည်။

ကျောင်းသား တပ်မတော်၏ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးရေး ကိုယ်စားလှယ်ကို ဥက္ကဋ္ဌ ရဲဘော် သံခဲမှ ဦးဆောင်ကာ ဒု ဥက္ကဋ္ဌ ရဲဘော်မျိုးဝင်း၊ ရဲဘော် ကျော်ကို၊ ရဲဘော် မိဆူးပွင့်၊ ရဲဘော် ဆန်နီ၊ ရဲဘော် မောင်မောင်ဦး၊ ရဲဘော် သူရ၊ ရဲဘော်အောင်ဆွေဦး၊ ရဲဘော် မင်းဇော် တို့ ပါဝင် တက်ရောက် ခဲ့ကြသည်။

အစိုးရ ဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီမှ ဒုဥက္ကဋ္ဌ ဦးအောင်မင်း နှင့် ဦးသိန်းဇော်၊ ထပ်မံ၍ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးခင်ရီ၊ ဦးအုန်းမြင့်၊ ဦးဇေယျာအောင် တို့မှ အသီးသီး တက်ရောက် ခဲ့ကြသည်။

သဘော တူညီချက် အရ ယနေ့ သြဂုတ်လ (၅) ရက်နေ့မှ စကာ နှစ်ဖက် ပစ်ခတ် တိုက်ခိုက် မှုများ ရပ်စဲကြမည် ဖြစ်ပြီး အပစ်အခတ် ရပ်စဲ ထားသည့် ကာလတွင် ABSDF တပ်ဖွဲ့ဝင် များနှင့် တပ်မတော် တပ်ဖွဲ့များ အကြား ပဋိပက္ခ ဖြစ်ပွားခြင်း၊ တိုက်ပွဲများ မဖြစ်ပေါ် စေရန် ထိန်းသိမ်း ဆောင်ရွက် သွားရန် ကိုလည်း နှစ်ဖက် ကိုယ်စားလှယ်များ သဘောတူ ခဲ့ကြသည်။

ကျောင်းသား တပ်မတော် ကိုယ်စားလှယ် အဖွဲ့သည် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီက အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီနှင့် ငြိမ်းချမ်းရေး ဆွေးနွေး ပွဲများ စတင် ပြုလုပ် ခဲ့သည်။

မကဒတ ကိုယ်စားလှယ် များ၏ ပြည်တွင်း လေ့လာမှု ခရီးစဉ်ကို ၂၀၀၂ ခုနှစ် ဒီဇင်ဘာမှ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ အတွင်း တကြိမ် ပြုလုပ်ခဲ့သည်။

ထို့အပြင် တွေ့ဆုံ ညှိနှိုင်းရေး အလုပ် အဖွဲ့ဝင် များသည် ယခုနှစ် မေလ ကလည်း ငြိမ်းချမ်းရေး စင်တာ တာဝန် ရှိသူ များနှင့် ပထမ အကြိမ် သွားရောက် တွေ့ဆုံခဲ့သည်။

၁၉၈၈ ခုနှစ်တွင် ပေါ်ပေါက် ခဲ့သည့် အထွေထွေ သပိတ် နောက်ပိုင်း တောခိုကာ မြန်မာ အစိုးရ အဆက်ဆက်အား တော်လှန် တိုက်ပွဲဝင် ခဲ့သည့် ကျောင်းသား တပ်မတော် အနေဖြင့် (၂၅) နှစ် အကြာတွင် ပထမဆုံး အကြိမ် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး နိုင်ကြ ခြင်းလည်း ဖြစ်သည်။

ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးအတွင်း ရေကြီးမှုကြောင့် ခြောက်ဦးသေ၊ တစ်ဦးပျောက်ဆုံးပြီး အိမ်ထောင်စု ၈၀၀၀ ကျော်မှ လူဦးရေ ၄၀၀၀၀ ကျော် ရေဘေးဒုက္ခ ရောက်ခဲ့ကြောင်း အစိုးရ သတင်းထုတ်ပြန်


8.5.1

ရေနစ်မြုပ်ခဲ့သော မြ၀တီမြို့ အနီးဝန်းကျင် ကျေးရွာများသို့ အလှူရှင်များက သွားရောက် လှူဒါန်းကြစဉ် (ဓာတ်ပုံ- ကိုရွှေသိန်း၊ မြ၀တီ)

ဇူလိုင် ၂၇ ရက်မှ စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ရေကြီးမှုများ ဖြစ်ပေါ်ကာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးအတွင်း ရေကြီးမှုကြောင့် ခြောက်ဦးသေ၊ တစ်ဦးပျောက်ဆုံးပြီး အိမ်ထောင်စု ၈၄၆၈ အိမ်မှ လူဦးရေ ၄၁၃၅၉ ဦး ရေဘေးဒုက္ခ ရောက်ခဲ့ကြောင်း သြဂုတ် ၅ ရက် ညပိုင်းက အစိုးရ သတင်းထုတ်ပြန်ရေး အဖွဲ့၏ ရေဘေးသင့် ဒေသများ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက် အမှတ် ၁၂/၂၀၁၃ တွင် ဖော်ပြထားချက်အရ သိရသည်။

ရေကြီးမှုကြောင့် သေဆုံးသူ ခြောက်ဦးနှင့် ပျောက်ဆုံးသူ တစ်ဦးမှာ ကရင်ပြည်နယ်အတွင်း ရေလွှမ်းမိုး မှုကြောင့်ဖြစ်ပြီး ကရင်ပြည်နယ် အတွင်းရှိ ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြ၀တီ မြို့နယ်များနှင့် ကမမောင်းမြို့နယ်ခွဲအတွင်း ရေကြီးမှုကြောင့် အိမ်ထောင်စု ၆၇၃၃ စု၊ လူဦးရေ ၃၃၄၀၉ ဦး ရေဘေးဒုက္ခ ရောက်ခဲ့ကြရာ ကယ်ဆယ်ရေးစခန်း ၇၉ ခုဖွင့်လှစ် အကူအညီ ပေးခဲ့ကြောင်း၊ သြဂုတ် ၅ ရက်တွင် အိမ်ထောင်စု ၃၄၄၀ စုမှ လူဦးရေ ၁၆၅၇၉ ဦးသာ ကျန်ရှိ၍ ကယ်ဆယ်ရေးစခန်း ၄၇ ခုဖြင့် ကူညီဆောင်ရွက် ပေးနေသည်ဟု အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ကရင်ပြည်နယ်အတွင်း ရေကြီးမှုကြောင့် တံတားလေးစင်း ပျက်စီးခဲ့ပြီး အခြေခံပညာ စာသင်ကျောင်း ၃၆၇ ကျောင်း ခေတ္တပိတ်ထားရကာ စပါးစိုက်ဧက ၃၆၇၅ ဧက ရေနစ်မြုပ်ခဲ့သည်။

အလားတူ မွန်ပြည်နယ် အတွင်းရှိ ဘီးလင်း၊ ကျိုက်မရောနှင့် ရေးမြို့နယ်များတွင် ရေဘေးသင့် အိမ်ထောင်စုပေါင်း ၁၀၅၀ စု၊ လူဦးရေ ၄၆၈၀ ဦးတို့အား ကယ်ဆယ်ရေးစခန်း ၃၄ ခု ဖွင့်လှစ်ကူညီခဲ့ရာမှ မြစ်ရေ ပြန်လည်ကျဆင်း သွားသဖြင့် ဘီးလင်းမြို့ နယ်နှင့် ရေးမြို့နယ်ရှိ ရေဘေးသင့် ပြည်သူများမှာ ၎င်းတို့၏ နေအိမ်များသို့ ပြန်လည် ရောက်ရှိသွားပြီ ဖြစ်ကြောင်း၊ ကျိုက်မရော မြို့နယ်တွင် အိမ်ထောင်စု ၃၆၁ စု၊ လူဦးရေ ၁၆၀၀ ဦးအား ကယ်ဆယ်ရေး စခန်းသုံးခုဖြင့် ကူညီစောင့်ရှောက် ထားရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါဝင်သည်။

မြစ်ရေကြီးမှုကြောင့် မုဒုံမြို့နယ်တွင် တံတားတစ်စင်းနှင့် ပေါင်မြို့နယ်တွင် စာသင်ကျောင်းဆောင် တစ်ဆောင် ပျက်စီးခဲ့ကာ ကျိုက်မရောမြို့နယ်တွင် အခြေခံပညာ စာသင်ကျောင်း ၅၈ ကျောင်း ခေတ္တပိတ်ထား ရကြောင်း သိရသည်။

သြဂုတ် ၂ ရက်က တနင်္သာရီတိုင်း ဒေသကြီး တနင်္သာရီမြို့နယ် အတွင်းရေလွှမ်း မိုးမှုကြောင့် အိမ်ထောင်စု ၃၂၄ စု၊ လူဦးရေ ၁၆၇၀ ဦးအား ကယ်ဆယ်ရေးစခန်း သုံးခုဖွင့်လှစ်၍ ကူညီပေးလျက် ရှိကြောင်း သိရသည်။

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၏ ခရီးစဉ် အတွင်း၌လည်း ရေဘေးသင့် ပြည်သူများအတွက် စေတနာရှင်များမှ လှူဒါန်းသည့် ငွေကျပ် သိန်း၂၀၀၀ အား ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြ၀တီနှင့် ဖာပွန်မြို့နယ်များရှိ ရေဘေးသင့် အိမ်ထောင်စု ၇၁၈၁ စုအတွက် အိမ်ထောင်စု တစ်စုလျှင် ကျပ် ၁၅၀၀၀ နှုန်း ပေးအပ်ခဲ့ပြီး ဆန်၊ ဆေးဝါးနှင့် အရေးပေါ် ကယ်ဆယ်ရေးများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ ကရင်ပြည်နယ် အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရေဘေးသင့် ပြည်သူများအတွက် ငွေကျပ် ၈၈ သိန်း ၅ သောင်း၊ ဆန် ၃၃၇ အိတ်၊ ဆီ ၈၆ ပိဿာ၊ ကြက်ဥ ၈၃၆၄ လုံးနှင့် ခေါက်ဆွဲခြောက် ၁၃၄၇၈ ထုပ်တို့ကို ထောက်ပံ့ပေးအပ် ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်ထောင်စု အစိုးရအဖွဲ့၊ သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် လူမှုရေး အဖွဲ့အစည်းများ၊ တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဒေသခံပြည်သူတို့ ပူးပေါင်း၍ ရေကျသွားသော ဒေသများတွင် သန့်ရှင်းရေး၊ ကျန်းမာရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက် ပေးလျက်ရှိကြောင်း အစိုးရမှ သတင်းထုတ်ပြန် ထားသည်။

မူးယစ်ဆေးဝါးနှင့် တရားမ၀င် မော်တော်ယာဉ်ကိစ္စများတွင် ပါဝင်သည့် ရဲတပ်ဖွဲ့ဝင် ရှစ်ဦးကို အရေးယူထား

ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများနှင့် မလျော်ညီဘဲ မူးယစ်ဆေးဝါးကိစ္စ၊ တရားမ၀င် မော်တော်ယာဉ်များ ကိစ္စများတွင် ပါဝင်ပတ်သက်သည့် ရဲတပ်ဖွဲ့ဝင် ရှစ်ဦးအား ၀န်ထမ်းစည်းမျဉ်း စည်းကမ်းများအပြင် တရားဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က သြဂုတ် ၅ ရက်က ကျင်းပသည့် အမျိုးသား လွှတ်တော်တွင် ပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ် ဇွန် ၁၆ ရက်မှ ဇူလိုင် ၂ ရက်အထိ တမူးမြို့နှင့် ကလေးမြို့များတွင် ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ကလေးမြို့မှ မန္တလေးမြို့နှင့် လားရှိုးမြို့များသို့ ဆူဒိုအက်ဖီဒရင်းဆေးပြား သယ်ဆောင် ရောင်းဝယ်နေသည့် အဖွဲ့တစ်ဖွဲ့ကို ဖော်ထုတ် နိုင်ခဲ့ကြောင်း၊ မန္တလေးမြို့နှင့် လားရှိုးမြို့မှ တရားခံ ၁၈ ဦး ဖော်ထုတ် အရေးယူနိုင်ခဲ့ပြီး ခြောက်ဦးကို ဖမ်းဆီးနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း မန္တလေးမြို့တွင် အက်ဖီဒရင်း၊ ဆူဒိုအက်ဖီဒရင်းပါ ဆေးပြား၊ အမှုန့်စသည့် ပစ္စည်းများအပြင် မော်တော်ယာဉ်နှစ်စီး၊ ပစ္စတို၊ မိန်းမကိုင် ၅ လုံးပြူး သေနတ်တစ်လက်နှင့် ကျည် ၁၇ တောင့်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ဒုတိယ၀န်ကြီးက ဆိုသည်။

''ဆူဒိုအက်ဖီဒရင်း အဓိက ၀ယ်ယူနေတဲ့ လားရှိုးမြို့နေ စိုင်းလှထွန်း (ခ) အိုက်ကျိုင်းဟာ ရှမ်းပြည်နယ် မြောက်ပိုင်း မြန်မာ -တရုတ် နယ်စပ်မှာ တိမ်းရှောင်နေပါတယ်။ ၎င်းကို ဖမ်းဆီးနိုင်ဖို့ တစ်ဖက်နိုင်ငံနဲ့ ညှိနှိုင်းနေပါတယ်'' ဟု ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဆိုသည်။ ဆူဒိုအက်ဖီဒရင်း ဆေးရောင်းသူများသည် အိန္ဒိယနိုင်ငံ သားများဖြစ်၍ ကွင်းဆက် တရားခံများ ဖမ်းဆီးနိုင်ရေး နှစ်နိုင်ငံ ပူးပေါင်းဖော်ထုတ်နိုင်ရန် ညှိနှိုင်းနေကြောင်း သိရသည်

နယ်ပယ်အလိုက်၊ လုပ်ငန်းအလိုက် အခြေခံ အလုပ်သမားများ၏ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ပေးမည်ဟု အလုပ်သမား ဒုဝန်ကြီး ပြောကြား

နယ်ပယ်အလိုက်၊ လုပ်ငန်းအမျိုးအစား အလိုက် အခြေခံ အလုပ်သမားများ၏ အနိမ့်ဆုံး လုပ်ခလစာအား သတ်မှတ်ပေးမည်ဟု အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးထင်အောင် က သြဂုတ် ၅ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

သြဂုတ် ၅ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဘားအံမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစေအွာ၏ မေးမြန်းချက်အပေါ် ပြန်လည် ဖြေကြားရာတွင် ဒုတိယ၀န်ကြီး ဦးထင်အောင်က ယခုကဲ့သို့ ထည့်သွင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဒေါ်နန်းစေအွာက လုပ်ခလစာနှင့် စားဝတ်နေရေးကို ဖြေရှင်းနေရသော အောက်ခြေ အလုပ်သမားများ အတွက် အနိမ့်ဆုံးလစာ သတ်မှတ်ပေးရန် အစီအစဉ် ရှိမရှိ မေးမြန်းခဲ့သည်။

လုပ်ခလစာ မညီမျှမှုများကြောင့် အလုပ်ရှင်နှင့် အလုပ်သမားများကြား ဖြေရှင်းနေရများလည်း ရှိနေကြောင်း၊ ထို့အတွက် အစိုးရအနေဖြင့် အနိမ့်ဆုံး လစာများအား တရားဝင် သတ်မှတ်ပေးရန် ရှိမရှိ မေးမြန်းရခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိုသို့ မေးမြန်းချက်အပေါ် ဒုတိယ၀န်ကြီး ဦးထင်အောင်က အနည်းဆုံး အခကြေးငွေ ဥပဒေကို ၂၀၁၃ ခုနှစ် ဇွန် ၄ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း၊ နည်းဥပဒေကို ဇူလိုင် ၁၂ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း၊ အနည်းဆုံး အခကြေးငွေ ဥပဒေပုဒ်မ ၃ နှင့် ၄ တို့အရ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီ ဖွဲ့စည်းရန် ဌာနဆိုင်ရာနှင့် အလုပ်ရှင်၊ အလုပ်သမား အဖွဲ့များမှ ကိုယ်စားလှယ်များ၊ ငွေကြေးသတ်မှတ်ခြင်းဆိုင်ရာ ကျွမ်းကျင်ပြီး အလုပ်ရှင်၊ အလုပ်သမားကြား မျှတစွာ ဆောင်ရွက်မည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းများ တောင်းခံထားကြောင်း ပြောကြားသည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီ ဖွဲ့စည်းပြီးပါက အမျိုးသား ကော်မတီသည် ပြည်ထောင်စု နယ်မြေကော်မတီ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်ကော်မတီများမှ တင်ပြလာသော အကြံပြုချက်များအား လေ့လာပြီး သတ်မှတ်သင့်သည့် အနည်းဆုံး အခကြေးငွေ နှုန်းထားများကို သတ်မှတ်ကာလအတွင်း အများပြည်သူ သိရှိစေရန် ကြေညာမည်ဖြစ်ကြောင်း၊ ကန့်ကွက်မှုများ မရှိခဲ့လျှင် အနည်းဆုံး အခကြေးငွေ နှုန်းထားကို ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် သတ်မှတ်ပြီး အများပြည်သူ သိရှိနိုင်ရန် အမိန့်ကြော်ငြာစာကို နိုင်ငံတော် ပြန်တမ်းနှင့် သတင်းစာတို့တွင် ထည့်သွင်း ကြေညာမည်ဟု ပြောကြားခဲ့ပါသည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရာတွင်လည်း ဒေသအလိုက်၊ လုပ်ငန်းအမျိုးအစားအလိုက် သတ်မှတ်ဆောင်ရွက် သွားမည် ဖြစ်ကြောင်းကိုလည်း ဒုတိယ၀န်ကြီးက ထပ်မံ ပြောကြားခဲ့သည်။

အရောင်းစားခံ ရခိုင်လူမျိုး နောက်ထပ် ၃ ဦးကို ထိုင်းလှေပေါ်မှ ကယ်တင်

ထိုင်းနိုင်ငံတောင်ပိုင်း ပကျွတ်ခရိုင် ၊ ဖန်ဘူရီမြို့က ငါးဖမ်းလှေပေါ်မှာ လူပွဲစားတွေရောင်းစားတာ ခံထားရတဲ့ မြန်မာနိုင်ငံသား ၃ ဦးကို မနေ့ညနေပိုင်းမှာ ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးဌာန(DSI) အဖွဲ့နဲ့ မြန်မာနိုင်ငံသားများအသင်း (MAT) တို့ ပူးပေါင်းကယ်တင်နိုင်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

အရောင်းစားခံခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်တင်နိုင်ခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံသားများအသင်း MAT ရဲ့ ဒါရိုက်တာ ဦးကျော်သောင်းက အခုလိုပြောပါတယ်။

"ဖမ်းတဲ့လှေကလည်း မြို့နယ်မှူးအဆင့်ရှိတဲ့ ပုလိပ်လှေပေါ်မှာ၊ သုံးယောက်စလုံး ရခိုင်တွေပဲ၊ အောင်ထွန်းလင်း (၁၉) နှစ် အောင်ထွန်းဝင်း (၂၂) နှစ် ညီအစ်ကိုနှစ်ယောက် ပြီးတော့ မောင်စိုး (၃ဝ) မြောက်ဦးက၊ သူတို့တွေက ပတ်စပို့စ်ဖိုး ပိုက်ဆံပေးပြီးတော့ ထိုင်းထဲကိုဝင်လုပ်မယ်ဆိုပြီးတော့ ရောင်းစားပစ်လိုက်တာ (၄၇) ယောက်ထဲမှာ အပါအဝင်ပေါ့၊ တကွဲစီဖြစ်ကုန်ပြီ၊ ဒီထဲက (၂) ယောက်ရပြီ အရင်လက (၅) ယောက်၊ ရှစ်ယောက်ပဲရသေးတယ်"

သူတို့အပါအဝင် (၄၇) ယောက်ကို ပြီးခဲ့တဲ့မေလဆန်းပိုင်းက မြဝတီလူပွဲစားတွေကနေအဆင့်ဆင့် ငါးဖမ်းလှေမှာ ရောင်းစားတာခံခဲ့ရပြီး တကွဲတပြားစီဖြစ်ကာ ပိုက်ဆံမရဘဲ လှေလိုက်ကြရတာလို့ အခုလွတ်မြောက်လာတဲ့ မောင်အောင်ထွန်းလင်းက ပြောပါတယ်။

"မြဝတီပွဲစားက ငါးလပိုင်းလောက်ရှိလောက်တယ်။ အဲဒီတုန်းကခေါ်တာ သူတို့ကနေ ကျနော်တို့ကို တရားဝင်သွားမယ်ဆိုပြီးတော့ ပိုက်ဆံ ကျနော်တို့ကို တစ်ယောက်ကို သုံးသိန်းခွဲတောင်းပါတယ်၊ ပိုက်ဆံသုံးသိန်းခွဲပေးပြီးတော့
ကော့သောင်းရောက်မှ ပတ်စပို့စ်ထုတ်ရမယ်ဆိုပြီးတော့ ကျနော်တို့ကို ခေါ်လာပါတယ်၊ ကျနော်တို့ ထားဝယ်မှာ အဲဒီစခန်းက တင်ပေးလိုက်တယ်၊ တင်ပေးလိုက်တာနဲ့ မဲခေါင်ကိုရောက်တယ်၊ မဲခေါင်က ပွဲစားကမှတဆင့် ကျနော်တို့ ဒီလှေထဲကိုထည့်တာ၊ လှေမှာအလုပ်လုပ်တာပေါ့၊ ကျနော်တို့လုပ်ခ လခပိုက်ဆံကို အဲဒီပွဲစားက ထုတ်ပြီးသုံးတာ ကျနော်တို့တပြားမှမရပါဘူး။ ကျနော်တို့ လှေပေါ်မှာ တစ်လခွဲလောက်ရှိသွားပြီ"

အခုရောင်းစားခံရတဲ့ လှေပေါ်ကနေ လွှတ်မြောက်လာသူတွေဟာ ဝါးလတ်ကြီး ငါးဖမ်းလှေအမျိုးအစားမှာ အလုပ်လုပ်ကိုင်ရတာဖြစ်ပြီး ဆယ်ရက်ငါးဖမ်းထွက်ပြီး ကမ်းတစ်ခါကပ်တဲ့လှေလည်း ဖြစ်ပါတယ်။

RFA Burmese

အင်ဒို ဗုဒ္ဓဘုရားကျောင်း ဗုံးကွဲမှု မြန်မာပြည်နဲ့ဆက်နွယ်

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာရှိတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းဝင်း အတွင်း တနင်္ဂနွေနေ့က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အတွက် လူ ၃ ဦး ထိခိုက် ဒဏ်ရာ ရသွားခဲ့ပါတယ်။ ဒီဗုံးပေါက်ကွဲမှုဟာ မြန်မာနိုင်ငံအတွင်းက ရိုဟင်ဂျာ မူဆလင်တွေအပေါ် အကြမ်းဖက် ဖိနှိပ်မှုတွေကို လက်စားချေတဲ့အနေနဲ့ အခုလို ဗုံးပေါက်ခဲ့တာ ဖြစ်နိုင်ကြောင်း အင်ဒိုနီးရှား အရာရှိတွေက ပြောပါတယ်။

ဗုံးပေါက်ကွဲတဲ့နေရာမှာ "ရိုဟင်ဂျာတွေရဲ့ အော်ဟစ်သံကို ကျွန်ုပ်တို့ ကြားရပါတယ်" လို့ အဓိပ္ပါယ်ရတဲ့ စာရေးထားခဲ့တာကို တွေ့ရတယ်လို့ အင်ဒိုနီးရှား ဘာသာရေးဆိုင်ရာဝန်ကြီး ဆူရာဒါမာ အလီ (Suryadharma Ali) က ပြောပါတယ်။

အနောက် ဂျကာတာမှာရှိတဲ့ Ekayana ဘုန်းကြီးကျောင်းအတွင်း တနင်္ဂနွေနေ့ညက လူတွေ ဘုရားရှိခိုးနေတဲ့အချိန် သိပ်အင်အားမပြင်းလှတဲ့ ဗုံးတလုံး ပေါက်ကွဲခဲ့တာပါ။ နောက်တလုံးကတော့ မီးခိုးပဲထွက်ပြီး မပေါက်ကွဲခဲ့ဘူးလို့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ပြောပါတယ်။ မပေါက်ကွဲသေးတဲ့ တတိယ ဗုံးတလုံးကိုလဲ တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း မနှစ်က ဒေသခံ ရခိုင်လူမျိုးတွေနဲ့ ရိုဟင်ဂျာတွေအကြား အကြမ်းဖက် တိုက်ခိုက်မှုတွေ အပြန်အလှန် ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ထောင်နဲ့ ချီတဲ့ ရိုဟင်ဂျာတွေ အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ကြတာမှာ တချို့လည်း အင်ဒိုနီးရှားနိုင်ငံကို လှေနဲ့ ထွက်ပြေးသွားခဲ့ကြသူတွေလည်း ရှိနေတာပါ။

အဲဒီလို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်က ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေနဲ့ တခြား နိုင်ငံက ဒုက္ခသည်တွေဟာ သြစတေးလျနိုင်ငံမှာ ခိုလှုံခွင့်ရဖို့ အင်ဒိုနီးရှားနိုင်ငံကတဆင့် ခိုလှုံကြလေ့ ရှိပါတယ်။

ဗွီအိုအေ