Tuesday, August 6, 2013

နယ်ပယ်အလိုက်၊ လုပ်ငန်းအလိုက် အခြေခံ အလုပ်သမားများ၏ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ပေးမည်ဟု အလုပ်သမား ဒုဝန်ကြီး ပြောကြား

နယ်ပယ်အလိုက်၊ လုပ်ငန်းအမျိုးအစား အလိုက် အခြေခံ အလုပ်သမားများ၏ အနိမ့်ဆုံး လုပ်ခလစာအား သတ်မှတ်ပေးမည်ဟု အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးထင်အောင် က သြဂုတ် ၅ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

သြဂုတ် ၅ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဘားအံမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစေအွာ၏ မေးမြန်းချက်အပေါ် ပြန်လည် ဖြေကြားရာတွင် ဒုတိယ၀န်ကြီး ဦးထင်အောင်က ယခုကဲ့သို့ ထည့်သွင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဒေါ်နန်းစေအွာက လုပ်ခလစာနှင့် စားဝတ်နေရေးကို ဖြေရှင်းနေရသော အောက်ခြေ အလုပ်သမားများ အတွက် အနိမ့်ဆုံးလစာ သတ်မှတ်ပေးရန် အစီအစဉ် ရှိမရှိ မေးမြန်းခဲ့သည်။

လုပ်ခလစာ မညီမျှမှုများကြောင့် အလုပ်ရှင်နှင့် အလုပ်သမားများကြား ဖြေရှင်းနေရများလည်း ရှိနေကြောင်း၊ ထို့အတွက် အစိုးရအနေဖြင့် အနိမ့်ဆုံး လစာများအား တရားဝင် သတ်မှတ်ပေးရန် ရှိမရှိ မေးမြန်းရခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိုသို့ မေးမြန်းချက်အပေါ် ဒုတိယ၀န်ကြီး ဦးထင်အောင်က အနည်းဆုံး အခကြေးငွေ ဥပဒေကို ၂၀၁၃ ခုနှစ် ဇွန် ၄ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း၊ နည်းဥပဒေကို ဇူလိုင် ၁၂ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း၊ အနည်းဆုံး အခကြေးငွေ ဥပဒေပုဒ်မ ၃ နှင့် ၄ တို့အရ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီ ဖွဲ့စည်းရန် ဌာနဆိုင်ရာနှင့် အလုပ်ရှင်၊ အလုပ်သမား အဖွဲ့များမှ ကိုယ်စားလှယ်များ၊ ငွေကြေးသတ်မှတ်ခြင်းဆိုင်ရာ ကျွမ်းကျင်ပြီး အလုပ်ရှင်၊ အလုပ်သမားကြား မျှတစွာ ဆောင်ရွက်မည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းများ တောင်းခံထားကြောင်း ပြောကြားသည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီ ဖွဲ့စည်းပြီးပါက အမျိုးသား ကော်မတီသည် ပြည်ထောင်စု နယ်မြေကော်မတီ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်ကော်မတီများမှ တင်ပြလာသော အကြံပြုချက်များအား လေ့လာပြီး သတ်မှတ်သင့်သည့် အနည်းဆုံး အခကြေးငွေ နှုန်းထားများကို သတ်မှတ်ကာလအတွင်း အများပြည်သူ သိရှိစေရန် ကြေညာမည်ဖြစ်ကြောင်း၊ ကန့်ကွက်မှုများ မရှိခဲ့လျှင် အနည်းဆုံး အခကြေးငွေ နှုန်းထားကို ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် သတ်မှတ်ပြီး အများပြည်သူ သိရှိနိုင်ရန် အမိန့်ကြော်ငြာစာကို နိုင်ငံတော် ပြန်တမ်းနှင့် သတင်းစာတို့တွင် ထည့်သွင်း ကြေညာမည်ဟု ပြောကြားခဲ့ပါသည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရာတွင်လည်း ဒေသအလိုက်၊ လုပ်ငန်းအမျိုးအစားအလိုက် သတ်မှတ်ဆောင်ရွက် သွားမည် ဖြစ်ကြောင်းကိုလည်း ဒုတိယ၀န်ကြီးက ထပ်မံ ပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။