Wednesday, July 31, 2013

တာလီဘန်တွေ ပါကစ္စတန်ထောင်စီးနင်း အကျဉ်းသားရာနဲ့ချီလွတ်

ပါကစ္စတန် ရဲတပ်ဖွဲ့ဝတ်စုံ ၀တ်ဆင်ထားသူတချို့ပါတဲ့  တာလီဘန် စစ်သွေးကြွတွေဟာ စက်သေနတ်တွေ၊ လက်ပစ်ဗုံးတွေ သုံးပြီး နိုင်ငံအနောက်မြောက်ပိုင်းက အကျဉ်းထောင်တခုကို တိုက်ခိုက်ခဲ့တဲ့အတွက် အကြမ်းဖက်သမား ၂၅ ယောက် အပါအ၀င် စုစုပေါင်း အကျဉ်းသား ၂၄၀ လွတ်မြောက်သွားပါတယ်။
 
၃ နာရီလောက်ကြာတဲ့ တိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့ဝင် ၄ ယောက် အပါအ၀င် လူ ၁၂ ယောက် သေဆုံးခဲ့ပါတယ်။  Khyber Pakhtunkhwa  ခရိုင်က Dera Ismail Khan မြို့မှာရှိတဲ့ အကျဉ်းထောင် တိုက်ခိုက်မှုမှာ ရဲတပ်ဖွဲ့ဝင် ရ ဦး ဒဏ်ရာရခဲ့ပါတယ်။
 
Khyber Pakhtunkhwa  ဒေသဟာ တာလီဘန်နဲ့ al Qaida ဆက်နွယ်တဲ့ သောင်းကျန်းသူတွေ လှုပ်ရှားနေတဲ့ အာဖဂန်နယ်စပ်က မျိုးနွယ်စုတွေ ဒေသဖြစ်ပြီး တရားဥပဒေ စိုးမိုးမှု မရှိတဲ့ ဒေသတခုလို ဖြစ်နေတာပါ။ ထွက်ပြေးသွားတဲ့ အကျဉ်းသားတွေထဲက ၆ ယောက် ပြန်ဖမ်းမိတယ်လို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။
 
စစ်တပ်ဖွဲ့ဝင်တွေကိုလည်း အင်အားဖြည့်ဆည်းထားပြီး Dera Ismail Khan မြို့မှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။ အဲဒီဒေသတ၀ိုက်ကို ရဲနဲ့ စစ်တပ်က ၀န်းရံပြီး လုံခြုံရေး ယူထားပါတယ်။ အကျဉ်းထောင် တိုက်ခိုက်မှုမှာ အသေခံ ဗုံးခွဲသမားတွေ အပါအ၀င် စစ်သွေးကြွ ၁၅၀ လောက် ပါဝင်တိုက်ခိုက်ခဲ့ပြီး ဒါဟာ သူတို့လက်ချက် ဖြစ်တယ်လို့ ပါကစ္စတန် တာလီဘန် ပြောခွင့်ရသူက ပြောဆိုပါတယ်။ အကျဉ်းထောင် တိုက်ခိုက်မှုဟာ သူတို့အတွက် အောင်မြင်မှု ဖြစ်တယ်လို့လည်း တာလီဘန် ပြောခွင့်ရသူက ပြောဆိုခဲ့ပါတယ်။

အိန္ဒိယ အကူအညီ မြန်မာရေတပ် တောင်းခံ

အိန္ဒိယ ရေတပ် ဖရီးဂိတ် စစ်သင်္ဘောများ

အိန္ဒိယသမုဒ္ဒရာ ဒေသတွင်း ပထ၀ီနိုင်ငံရေးကို မြန်မာနိုင်ငံသည် မဟာဗျူဟာကျစွာ ကစားနေကြောင်း ပြသသည့်အနေဖြင့် တရုတ်နိုင်ငံသို့ ဓာတ်ငွေ့ စတင်ပို့လွှတ်လိုက်ချိန်တွင် အိန္ဒိယနိုင်ငံ၏ ရေတပ် အကူအညီကို တောင်းခံလိုက်သည်။

၎ရက်ကြာ အလည်အပတ်ခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံသို့ ယမန်နေ့က စတင်ရောက်ရှိနေသော မြန်မာရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးသက်ဆွေက အိန္ဒိယရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဒီကီဂျိုရှီနှင့် တွေ့ဆုံခဲ့ပြီး "စစ်ဆင်ရေးတွင် ရေတပ်ချင်း ပူးပေါင်းဆောင်ရွက်ရန်၊ လေ့ကျင့်ရေး၊ ပစ္စည်းထောက်ပံ့ရေးနှင့် တည်ရှိနေသော ဆက်ဆံရေးကို စွမ်းဆောင်ရည် တည်ဆောက်မှုနှင့် စွမ်းအားမြှင့်တင်မှုဖြင့် ညီညီမျှမျှဖော်ဆောင်နိုင်သည့် အဆင့်အထိ တိုးမြှင့်သွားနိုင်ရန်" ဟု တရားဝင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

"မြန်မာဟာ ကျနော်တို့ရဲ့ အနီးစပ်ဆုံး အိမ်နီးချင်းတွေထဲက တနိုင်ငံဖြစ်ပါတယ်။ ကျနော်တို့ မြေပြင်မှာရော ရေပြင်မှာပါ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ နှစ်နိုင်ငံရေတပ် အနေနဲ့ ပြောရရင်လည်း အလွန်ကို လှိုက်လှဲနွေးထွေးတဲ့ ဆက်ဆံရေး ရှိပါတယ်" ဟု အိန္ဒိယ အနောက်ဖက်ကမ်း ဆိပ်ကမ်းမြို့ ကိုချီတွင် အခြေစိုက်သော တောင်ပိုင်းရေတပ်ဌာနချုပ်သို့ ယနေ့ ရောက်ရှိလာသော ဒုတိယ ဗိုလ်ချုပ်ကြီး သက်ဆွေ ကို ကြိုဆိုရင်း အိန္ဒိယရေတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဒီကီဂျိုရှီကပြောကြောင်း အိန္ဒိယ သတင်းစာများအဆိုအရ သိရသည်။

မြန်မာ ရေတပ် ဦးစီးချုပ်သည် အိန္ဒိယ တောင်ပိုင်း ရေတပ်ဌာနချုပ်တွင်ရှိသော လေ့ကျင့်ရေးသင်တန်းကျောင်းများနှင့် အခြားသော ရေတပ်ဆိုင်ရာ အသုံး အဆောင်များကို ကြည့်ရှု့လေ့လာပြီး မနက်ဖြန်တွင် အရှေ့ပိုင်းရေတပ်ဌာနချုပ်သို့ သွားရောက်ဦးမည် ဖြစ်သည်။

အိန္ဒိယရေတပ်အကြီးအကဲနှင့် တွေ့ဆုံစဉ် ဒုတိယဗိုလ်ချုပ်ကြီး သက်ဆွေက ကမ်းလွန်ကင်းလှည့်ရေယာဉ်များ တည်ဆောက်ရေး အကူအညီပေးရန် တောင်းခံခဲ့ပြီး မြန်မာနိုင်ငံတွင် အသုံးပြုရန် လိုအပ်သည့် ရေတပ်ဆိုင်ရာ ပစ္စည်းစာရင်းကို ပေးအပ်ခဲ့ကြောင်း အိန္ဒိယသတင်းစာများက ဖော်ပြခဲ့ကြသည်။ အဆိုပါစာရင်းထဲတွင် အိန္ဒိယနိုင်ငံတွင် ထုတ်လုပ်သည့်  ရေဒါအပါအဝင် ပင်လယ်ရေကြောင်းသုံး ပစ္စည်းများလည်း ပါဝင်ကြောင်း သိရသည်။

မြန်မာဖက်က တောင်းဆိုခဲ့သော ကမ်းလွန်ကင်းလှည့်ရေယာဉ်များ တည်ဆောက်ရေး အကူအညီပေးရန်ကိစ္စကို အိန္ဒိယဖက်မှ မူအားဖြင့် သဘောတူညီကြောင်း The Times of India သတင်းစာတွင် ဖော်ပြခဲ့သည်။ အဆိုပါ ရေယာဉ် များကို အိန္ဒိယ နိုင်ငံမှ သင်္ဘောလွန်းကျင်းတခုတွင် တည်ဆောက်ဖွယ် ရှိပြီး အိန္ဒိယနိုင်ငံတွင် လာရောက် သင်တန်းတက်နေကြသည့် မြန်မာရေတပ် အရာရှိနှင့် သင်္ဘောသား ၅၀ ခန့်ကိုလည်း နှစ်ဆ တိုးမြှင့်ဖွယ် ရှိသည်ဟု သိရသည်။

ကြည်းတပ်နှင့် လေတပ်မှ စစ်သည်များအတွက်လည်း အလားတူ အကောင်အထည်ဖော်ရန်ရှိနေရာ  ရုရှားနိုင်ငံလုပ် Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို မောင်းနှင်မည့် မြန်မာလေယာဉ်မှူးများကို လေ့ကျင့်ပေးရန် စီစဉ်နေခြင်းသည်လည်း "စွမ်းဆောင်ရည် တည်ဆောက်ခြင်းနှင့် မြှင့်တင်ခြင်း" အစီအစဉ်၏ အစိတ်အပိုင်းတခု ဖြစ်လာနိုင်ကြောင်းလည်း ရေးသားဖော်ပြထားသည်။

လွန်ခဲ့သည့်နှစ် ၂၀ အတွင်း အိန္ဒိယက မြန်မာသို့ ရေတပ်သုံး ကင်းလှည့် လေယာဉ်ငယ် ၄ စီး၊ အမြောက်သင်္ဘောများတွင် အသုံးပြုရန် ၁၀၅ မီလီမီတာ အပေါ့စား အမြောက်များ၊ မော်တာများ၊ လောင်ချာများ နှင့် ရိုင်ဖယ်သေနတ်များ ကဲ့သို့သော ပစ္စည်းများနှင့် ဆော့ဖ်ဝဲများ ထောက်ပံ့ပေးခဲ့သည်။ ယခုအခါ မြန်မာဖက်က ရေဒါများ၊ အာရုံခံ ပစ္စည်းများ၊ ဖရီးဂိတ် သင်္ဘောများနှင့် အသုံးပြု အသံလှိုင်း အာရုံခံ ကရိယာများကိုပါ ထပ်မံတောင်းဆိုခဲ့ခြင်းသည် မြန်မာရေတပ်က အိန္ဒိယသမုဒ္ဒရာ ကာကွယ်ရေးတည်ဆောက်ရာတွင် ၎င်း၏ အစဉ်အလာ မဟာမိတ် တရုတ်ထက် အိန္ဒိယကို ပို၍ အားထားကြောင်း ပြသလိုက်ခြင်းပင်။

အိန္ဒိယနိုင်ငံသည် ၁၉၈၈ ဒီမိုကရေစီရေး လူထုအုံကြွမှု ကာလအတွင်း မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုများကို နှစ်ပေါင်းများစွာကူညီထောက်ပံ့ပေးနေခဲ့ပြီးမှ ၁၉၉၀ နှစ်များနှောင်းပိုင်းရောက်ချိန်တွင် ၎င်းတို့၏ မူဝါဒကို ရည်ရွယ်ချက်ရှိရှိဖြင့် ဂငယ်ကွေ့ ပြန်ချိုးပစ်လိုက်သည်။ အကြောင်းမှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံအတွင်းတွင် လမ်းများဖောက်လုပ်ခြင်း၊ ဆိပ်ကမ်းများတည်ဆောက်ခြင်းနှင့် မြန်မာစစ်တပ်ကို လေ့ကျင့်သင်တန်းပေး ခြင်း၊ စစ်လက်နက် ပစ္စည်းများ ရောင်းချခြင်းကြောင့် ဖြစ်သည်။

မြန်မာ့မြေပေါ်တွင် အခြေစိုက်ပြီး တော်လှန်နေသည့် အဖွဲ့များ၏ ထောက်ပို့လမ်းကို ထိန်းချုပ်ရေး မျှော်လင့်ချက်ဖြင့် စစ်ဖက်ဆိုင်ရာ နှစ်နိုင်ငံဆက်ဆံရေး တည်ဆောက်မှုကို တည်ဆောက်တိုးချဲ့ခဲ့ခြင်းလည်း ဖြစ်သည်။

တချိန်တည်းတွင်ပင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကို ဖြတ်ကျော်သွယ်တန်းထားသော ၈၀၀ ကီလိုမီတာရှည်သည့် ပိုက်လိုင်း စီမံကိန်းမှ တဆင့် သဘာဝဓာတ်ငွေ့များ စတင်ရရှိနေပြီဖြစ်သည်။ ထိုပိုက်လိုင်းကို ယခုလ ၂၈ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး တရုတ်သတင်းမီဒီယာများက တရုတ်နိုင်ငံ၏ စွမ်းအင်ထောက်ပံ့ရေး လမ်းကြောင်းအတွက် "အထင်ကရခြေလှမ်း" တခုဟု ဖော်ပြခဲ့ကြသည်။

ထိုဓာတ်ငွေ့ ပိုက်လိုင်းသည် တနှစ်လျှင် ဓာတ်ငွေ့ ကုဗမီတာ ၁၂ သန်း သယ်ဆောင်ပေးနိုင်မည်ဖြစ်ပြီး ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ မြန်မာနယ်စပ်ရှိ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ခရိုင်ကို ဆက်သွယ်ထားသည်။ တရုတ်နိုင်ငံသည် ရေနံပိုက်လိုင်း တခုကိုလည်း တည်ဆောက်နေပြီး ပြီးစီးသွားပါက နှစ်စဉ် ရေနံတန်ပေါင်း ၂၂ သန်း သယ်ဆောင်ပေးနိုင်မည် ဖြစ်သည်။

ဓာတ်ငွေ့ပိုက်လိုင်း ဖွင့်လှစ်လိုက်ခြင်းသည် "တရုတ်နိုင်ငံကို ရေနံတင်သွင်းမှု ၈၀ ရာခိုင်နှုန်း မလက္ကာနဲ့ စင်္ကာပူရေလက်ကြားကို ဖြတ်သန်းပြီး အမေရိကန်ရေတပ် ဦးဆောင်သော ကင်းလှည့်တပ်ဖွဲ့ အစောင့်အရှောက်ဖြင့် သွားနေရသည့် ပင်လယ်လမ်းကြောင်း အပေါ်" မှီခိုနေရခြင်းမှ လျော့နည်းသက်သာစေသည့် အတွက် တရုတ်နိုင်ငံ၏ စွမ်းအင်ထောက်ပံ့ရေး လမ်းကြောင်းများ၏ ဗျူဟာမြောက် မြေပုံကို များစွာပြောင်းလဲစေခဲ့သည်ဟု တရုတ်အစိုးရ သတင်းဌာန ဆင်ဟွာက ဖော်ပြခဲ့သည်။

ထို့ပြင် ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့တွင် အမေရိကန် ဒေါ်လာ ၃.၆ ဘီလီယံ တန်သည့် မြစ်ဆုံဆည် စီမံကိန်းကို ၅ နှစ်ရွှေ့ဆိုင်းလိုက်ကြောင်း မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်က  ကြေညာပြီး တရုတ်နိုင်ငံကို အံ့သြတုန်လှုပ်စေခဲ့သည့် နောက်ပိုင်း မှုန်ဝါးသွားခဲ့သည့် တရုတ်-မြန်မာ နှစ်နိုင်ငံ၏ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ပြန်လည်ကောင်းမွန်စေနိုင်မည့် အစပျိုးမှုတခုလည်း ဖြစ်နိုင်သည်။

ဆီးဂိမ်း မွေထိုင်းလက်ဝှေ့တွင် ထိုင်းက ဝင်ပြိုင်ရန် မသေချာတော့

မြန်မာနိုင်ငံတွင် ကျင်းပမည့် ၁၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ထည့်သွင်းထားသော ထိုင်းရိုးရာ မွေထိုင်း လက်ဝှေ့ပြိုင်ပွဲကို ထိုင်းနိုင်ငံဘက်မှ ဝင်ရောက် ယှဉ်ပြိုင်ရန်မှာ မသေချာတော့ကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။

အရှေ့တောင်အာရှ မွေထိုင်း ဖက်ဒရေးရှင်း (Southeast Asia Muay Federation) က ချမှတ်ထားသော စည်းကမ်းများကိုသာ မြန်မာနိုင်ငံက လက်ခံကျင့်သုံးရန် စီစဉ်ထားပြီး ယင်းကို ထိုင်းနိုင်ငံ အပျော်တမ်း မွေထိုင်းအသင်း (Amateur Muaythai Association Thiland – AMAT) က သဘောမတူသောကြောင့် ဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာဖော်ပြချက်အရ သိရသည်။

"ထိုင်းမှာ အဖွဲ့က နှစ်ခုဖြစ်နေတယ်။ တဖွဲ့က ထိုင်းဘက်က ဖွဲ့စည်းထားတာတခု၊ နောက်တခုက လာအိုမှာတုန်းက မွေထိုင်း တာဝန်ယူထားတဲ့ အာရှမွေထိုင်းကတခု။ နှစ်ခုလုံးကတော့ ကမ္ဘာ့မွေထိုင်း အဖွဲ့အောက်မှာ ရှိပါတယ်။ ကျနော်တို့က လာအိုမှာတုန်းက တာဝန်ယူလုပ်သွားတဲ့ အာရှမွေထိုင်းနဲ့ လုပ်တာ။ အဲဒီမှာ ထိုင်းဘက်က အပျော်တမ်းအဖွဲ့က သူတို့နဲ့ပဲ လုပ်ဖို့ပြောတယ်။ ဒီမှာတော့ ကျနော်တို့ဘက်ကို ဘာမှ မပြောသေးဘူး။ သက်ဆိုင်ရာနိုင်ငံ အိုလံပစ်ကော်မတီတွေ လာတက်တဲ့ အစည်းအဝေးမှာတော့ မူလ ဆက်သွယ်ဆောင်ရွက်တဲ့ အဖွဲ့နဲ့ပဲ လုပ်ဖို့ပြောထားပါတယ်။ အဆင်ပြေအောင် ညိနှိုင်း လုပ်ဆောင်သွားဖို့တော့ ရှိပါတယ်" ဟု ဆီးဂိမ်းကျင်းပရေးကော်မတီ၊ ယှဉ်ပြိုင်လေ့ကျင့်ဌာနမှ ညွှန်ကြားရေးမှူး ဦးသက်လွင်က ပြောသည်။

မြန်မာဆီးဂိမ်းတွင် ပါဝင်မည့် မွေထိုင်း အားကစားနည်း စနစ်နှင့် စည်းမျဉ်း စည်းကမ်းများကို နိုင်ငံတကာ မွေထိုင်းအဖွဲ့ချူပ် (International Federation of Muaythai Amateur – IFMA) မှ တာဝန်ယူစေချင်ကြောင်း အပျော်တမ်းမွေ့ထိုင်း အသင်း AMAT က ၎င်းတို့ သဘောထားကို ဘန်ကောက်ပို့စ် သတင်းစာသို့ ပြောထားသည်။

မွေထိုင်း အားကစားနည်းမှာ ထိုင်းရိုးရာ အားကစားနည်းတခု ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အကောင်းဆုံး ညှိနှိုင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ညှိနှိုင်းသော်လည်း ထိုင်းဘက်မှ လာရောက် ယှဉ်ပြိုင်ခြင်း မပြုပါက အဆိုပါ အားကစားနည်းကို  ပယ်ဖျက်ရန် အစီစဉ်မရှိကြောင်း ညွှန်ကြားရေးမှူး ဦးသက်လွင်က ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ကျင်းပမည့် ဆီးဂိမ်း အားကစားနည်းတွင် အားကစားနည်း ရွေးချယ်မှု၊ အားကစားစည်းမျဉ်း ချမှတ်မှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံအပါအဝင် ဖိလစ်ပိုင်နိုင်ငံကပါ ထောက်ပြပြောဆိုမှုများ ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ယခုနှစ် ဆီးဂိမ်းပြိုင်ပွဲတွင် ကစားကွင်း မပြည့်စုံမှုနှင့် အားကစားနည်းစနစ် အားနည်းမှုတို့ကြောင့် တင်းနစ်၊ ဘတ်စကက်ဘော စသည့် အားကစားနည်းများကို ချန်လှပ်ထားခဲ့ခြင်းကြောင့် ဝေဖန်မှုများ ထွက်ပေါ်နေခြင်း ဖြစ်သည်။

ယခုနှစ် မေ ၃၁ ရက် AFP သတင်းဌာနမှ ဖော်ပြချက်အရ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ အားကစားရေးရာ ကော်မတီဥက္ကဌ ရစ်ချီ ဂါစီယာ( Richie Garcia) က မြန်မာနိုင်ငံတွင် ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲမှာ မျှတမှု မရှိဟု ပြောဆိုကြောင်း သိရသည်။

အားကစားနည်းများနှင့် ပတ်သက်၍ ရွေးချယ်မှုတွင် ဝေဖန်နေမှုများ ရှိသည့်အပေါ် ဦးသက်လွင်က "ရှင်းပါတယ်။ ကျင်းပတဲ့ အားကစားနည်းတွေမှာ တခြားနိုင်ငံမှာ မပါတာဆိုလို့ မြန်မာ့ခြင်းလုံး၊ မြန်မာ့စစ်တုရင်တို့ပဲ ပါပါတယ်။ ကျန်တဲ့ဟာတွေကတော့ အရင် ကစားနည်းတွေပါပဲ။ ဘာကြောင့် ဒီလိုပြောတာလဲတော့ မသိဘူး။ ထည့်ထားတဲ့ စစ်တုရင်ဆိုလည်း ထိုးနေကျ စစ်တုရင်နဲ့ သိပ်ကွာခြားမှု မရှိပါဘူး။ ဒါကြောင့် ထည့်ထားတာပါ။ ဒီကစားနည်းတွေက တခြား အားကစားနည်းတွေနဲ့ ဆက်စပ်မှုလည်း ရှိတယ်။ အသစ်ကြီး တခုအနေနဲ့ မဟုတ်ဘူး" ဟုပြောသည်။

ဝါရင့် အားကစား ကလောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား) က "ဖိလစ်ပိုင်ဘက်ကနေ ပြောတာတွေ ကြားရပါတယ်။ သိတာက အခုသူတို့ စာရင်းသွင်းထားတာတော့ ၄၀၀ ဦး ထက် မနည်းပါဘူး။ ပထမတော့ ၅၀ ပဲ လွှတ်မယ်ပြောတာ ရှိတယ်။ ဒီစာရင်းတွေက နီးမှ အတိအကျ ထွက်တာပါ။ နောက် ထိုင်းဘက်ကလည်း သူတို့ဖာသာဖြစ်တာပေါ့။ မွေထိုင်းက အမှန်က ထိုင်းကစားနည်းပါ။ ဒီဘက်က ပြင်ဆင်မှုတွေမှာလည်း သံသယ ရှိစရာတွေ ရှိနေလို့လည်းပါတယ်။ နိုင်ငံကိုယ်စားပြု လုပ်တာဆိုတော့ နိုင်ငံတိုင်း ယုံကြည်စွာ ပါဝင်ဖို့ လုပ်ရမှာပေါ့။ ရွှေရဖို့ လုပ်နေတာတော့ မကောင်းဘူးပေါ့။ နိုင်ငံတော်တော်များများ အားကစားထက် ရွှေရဖို့ လုပ်နေတာ များတယ်။ ဒီထဲမှာ မြန်မာ မပါဖို့တော့လိုတယ်" ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲတွင် အားကစားနည်း ၃၃ မျိုး ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ မြန်မာ့ ခြင်းလုံး အားကစားနည်းမှာ ယခုဆီးဂိမ်းပွဲတော်တွင် သရုပ်ပြအဖြစ်သာ ပါဝင်မည် ဖြစ်ကြောင်းနှင့် နောင် အားကစား ပြိုင်ပွဲများကျမှသာ တရားဝင် ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဆီးဂိမ်း ပြိုင်ပွဲဝင်ရန် စာရင်းပေးထားသော နိုင်ငံများမှာ မြန်မာနိုင်ငံအပါအဝင် အာဆီယံ ၁၀ နိုင်ငံမှ ကစာသမား ၅၇၂၇ ဦးရှိကြောင်း သိရသည်။

၄၉ လမ်းထောင့် တိုက်ခေါင်မိုးထပ်က ပြည့်တန်ဆာလုပ်ငန်း ရဲဝင်ဖမ်းလိုက်ပြီ

ရန်ကုန်မြို့ ဗိုလ်တစ်ထောင်မြို့နယ် မဟာဗန္ဓုလမ်းနှင့် ၄၉ လမ်းထောင့်ရှိ တိုက်ခေါင်မိုးထပ်မှ ပြည့်တန်ဆာလုပ်ငန်း
ကို ဇူလိုင် ၂၈ ရက် ညနေက ရဲများဝင်ဖမ်းလိုက်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ရဲများက ထိုတိုက်ခန်းတွင် အနှိပ်ခန်းအမည်ခံကာ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေကြောင်း သတင်းရရှိသဖြင့် ၀င်ရောက်ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်ဟုလည်း ရဲဌာနကဆိုသည်။

ထိုတိုက်ခန်းတွင် ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်ရန် ရောက်ရှိနေသည့် အမျိုးသမီး ၁၃ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ပြီး ဆိုင်တာဝန်ခံကိုလည်း ရဲများကဖမ်းဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ယခုကဲ့သို့ ၀င်ရောက်မဖမ်းဆီးမီ ရဲများက အသွင်ယူသက်သေနှစ်ဦးကို ကြိုတင်နံပါတ် မှတ်သားထားသော ငါးထောင်ကျပ်တန် စက္ကူနှစ်ရွက်ပေး၍ ထိုအနှိပ်ခန်းကိုသွားရောက်ပြီး ပျော်ပါးလိုသူအဖြစ် ဟန်ဆောင်ကာ
ဝင်ရောက်စေခဲ့သည်ဟုလည်း ရဲဌာနက ဆိုသည်။

ရဲများ ၀င်ဖမ်းချိန်တွင် အသွင်ယူသက်သေများနှင့်အတူ မိန်းကလေးနှစ်ဦးကို အခန်းအတွင်း၌ ဖမ်းမိခဲ့သည်ဟုလည်း ရဲမှတ်တမ်းတွင် တွေ့ရသည်။

ယခုအမှုတွင် ပြည့်တန်ဆာလုပ်ကိုင်သည့် အမျိုးသမီး ၁၃ ဦးကို ဗိုလ်တစ်ထောင် ရဲစခန်းတွင် အမှုအမှတ် (ပ)၁၄၀/၁၃ဖြင့် အမှုဖွင့်ထားပြီး ၎င်းတို့ကို ပြည့်တန်ဆာပပျောက်ရေးဥပဒေ ၃(က)/(ခ)တို့ဖြင့် တရားစွဲမည်ဖြစ်ပြီး၊ ထိုလုပ်ငန်းကို ကြီးကြပ်လုပ်ကိုင်သူကို အမှုအမှတ်(ပ)၁၄၁/၁၃ဖြင့် အမှုဖွင့်ကာ ပြည့်တန်ဆာပပျောက်ရေးဥပဒေ ပုဒ်မ ၅(၁)ဖြင့် တရားစွဲမည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ပြည့်တန်ဆာလုပ်ငန်းသည် တရားဝင်လုပ်ကိုင်ခွင့် မရှိသည့်ကိစ္စဖြစ်ပြီး ရဲများက သတင်းရရှိသည်နှင့် ၀င်ဖမ်းလေ့ရှိသည်။

သို့သော် ဥပဒေကို လက်တစ်လုံးကြားလုပ်ကာ အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးနေသည့် အာဏာပိုင်အဖွဲ့အစည်း
အချို့ကြောင့် ပြည့်တန်ဆာများ နစ်နာမှုများရှိနေသည်ဟု NLD အမတ် ဒေါ်စန္ဒာမင်းက ဇူလိုင် ၉ ရက်က ပြုလုပ်
သည့် အောက်လွှတ်တော်တွင် ပြောကြားခဲ့ဖူးသည်။

မကွေးနည်းပညာတက္ကသိုလ် ကထိကလေးဦးက ရွာသားငါးဦးကို အမှုဖွင့်

မကွေးမြို့နည်းပညာတက္ကသိုလ်မှ ကထိကလေးဦးက ရွာသားငါးဦးသည် ၎င်းတို့ကို ဆဲရေးတိုင်းထွာပြီး ထိုးကြိတ်သည်ဟု စွပ်စွဲကာမကွေးနယ်မြေ ရဲစခန်း၌ ဇူလိုင် ၂၈ ရက် နေ့လည်က လာရောက်တိုင်ကြားသဖြင့် အမှုဖွင့်ထားသည်ဟု ထိုရဲစခန်းက သတင်းထုတ်ပြန်သည်။

ယခုကိစ္စကို တိုင်ကြားသည့် ကထိကလေးဦးမှာ ဦးအောင်ကိုကိုကျော်၊ ဦးဟန်ထွန်းအောင်၊ ဦးအောင်ဇင်မြင့်နှင့် ဦးအေးငြိမ်းအောင်တို့ဖြစ်သည်ဟု ရဲစခန်းကအတည်ပြုထားသည်။

ကထိကလေးဦးသည် ဇူလိုင် ၁၆ ရက်က ဂိမ်းဆိုင်မှ နည်းပညာတက္ကသိုလ်သို့ ပြန်လာကြစဉ် ဘော်ဒါဆောင်တစ်ခု အနီးအရောက်တွင် လမ်းမပေါ်တွင် ဂစ်တာနှင့် ဘီယာပုလင်းများကို ဆောင်လာကြသော ကျောင်းအနီးရှိ ကန်ပြား
အရှေ့ရွာမှ ရွာသားငါးဦးနှင့် ဆုံခဲ့ကြသည်ဟု ဆိုသည်။

ထိုသို့တွေ့ဆုံစဉ် ရွာသားများက ကထိကများကို "What is your name"ဟု အော်ဟစ်မေးမြန်းကြောင်း၊ ထို့ကြောင် ကထိကများက "မင်းတို့ ကျောင်းသားတွေလား" ဟု ပြန်မေးမိစဉ် ရွာသားများက မချေမငံဆဲ ရေးတိုင်းထွာမှုများ
ပြုလုပ်ကြောင်းကထိကများက ရဲကို ထွက်ဆိုသည်။

ထို့နောက် ကထိကများကကျောင်းသို့ ပြန်လာစဉ် တက္ကသိုလ်အ၀အထိ ရွာသားများကနောက်မှ လိုက်လာပြီး ဆဲရေးတိုင်းထွာကာ ကထိကတစ်ဦးဖြစ်သည့် ဦးအောင်ကိုကိုကျော်၏ နောက်ကျောကို ဘီယာပုလင်းဖြင့် ပစ်ပေါက်
သည်ဟုလည်း ကာယကံရှင်က ရဲကိုတိုင်တန်းထားသည်။

ထို့ပြင် အခြားကထိကတစ်ဦးဖြစ်သည့် ဦးဟန်ထွန်းအောင်ကိုလည်း ရွာသားများက လက်သီးများဖြင့် ချိန်ရွယ်ကာ "သတ်ပစ်ရင်တော့ မင်းတို့သေတော့မယ်"ဟု နှုတ်မှပြောကြောင်းလည်း သူတို့ကရဲဌာနတွင် ပြောကြားခဲ့သည်။

ထို့ကြောင့် ယခုကိစ္စနှင့် ပတ်သက်၍ ကထိကများက အသက် ၂၄ နှစ်အရွယ် ကိုအောင်စိုးမိုး၊ အသက် ၂၅ နှစ်
အရွယ် ကိုအောင်ကိုမြင့်၊ အသက် ၂၇နှစ်အရွယ် ကိုအောင်လွင်၊ အသက် ၂၇ နှစ်အရွယ် ကိုအောင်ဆန်းမိုးနှင့် အသက်၂၅ နှစ်အရွယ် ကိုရန်နောင်စိုးတို့ ငါးဦးကို ဆဲရေးမှု၊ ထိုးကြိတ်မှုတို့ဖြင့် ရဲဌာန တွင်စွပ်စွဲတိုင်ကြားထားသည်။

မကွေးနယ်မြေ ရဲစခန်းကလည်း ကထိကများ၏ တိုင်ကြားမှုကို အမှုအမှတ်(ပ)၁၄၂/ ၂၀၁၃ ဖြင့် အမှုဖွင့်ထားပြီး စွပ်စွဲခံရသည့် ရွာသားငါးဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၁၄ ပြစ်မှုကျူးလွန်ရန် အားပေးကူညီမှု၊ ပုဒ်မ ၂၉၄ ဆဲရေးမှု၊ ပုဒ်မ ၃၂၃ နာကျင်စေမှု၊ ပုဒ်မ ၅၀၆ ရာဇ၀တ် မကင်းသောချောက်လှန့်မှုတို့ဖြင့် တရားစွဲဆိုရန် ဆောင်ရွက်
မည်ဟု သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ ပွဲစဉ်ဇယားထွက်ပေါ်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်၂၀၁၃ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုခွဲဝေမှုနှင့် ပွဲစဉ်ဇယား ပေါ်ထွက်လာပြီ ဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင် အာဆီယံဒေသတွင်း နိုင်ငံများအပြင် သြစတြေးလျ၊
ဂျော်ဒန်နှင့် ဂျပန်ယူ-၂၃ အသင်း တို့ကိုလည်း ဧည့်သည်အသင်းများအဖြစ် ဖိတ်ခေါ်ထားသည်။ 

အုပ်စုခွဲဝေမှုအရ အုပ်စု (က) တွင် သြစတြေးလျ၊ ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ ဂျော်ဒန် အသင်းများပါဝင်ပြီး အုပ်စု (ခ)တွင် အိမ်ရှင်မြန်မာ၊ ဂျပန်ယူ-၂၃၊ လာအို၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားအသင်းတို့ ပါဝင်သည်။

အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ နှင့်ပတ်သတ်၍ နည်းပြကုမာဒါက "အာဆီယံ ပြိုင်ပွဲမှာ အောင်မြင်မှုရမယ်လို့ ယုံကြည်ပါတယ်။ ဂျပန်ကပြန်လာပြီးကတည်းက အသင်းအနေအထားကို ကျေနပ်အားရပါတယ်။ ဆီးဂိမ်းအကြို
ပြိုင်ပွဲဖြစ်သလို အာရှထိပ်သီး ဂျပန်၊ သြစတြေးလျအသင်းတွေနဲ့ ကစားခွင့်ရမှာ ဖြစ်လို့ အတွေ့အကြုံကောင်းတွေ ရစေမှာပါ။ ဆီးဂိမ်းကအရေးကြီးသလို အာဆီယံ ပြိုင်ပွဲကလည်း အရေး ကြီးပါတယ်။ ကျွန်တော့်အနေနဲ့ ကတော့ ပြိုင်ပွဲတစ်ခုချင်းစီကို အာရုံစိုက်ပြီး အောင်မြင်မှုရအောင် ကြိုးပမ်းမှာပါ"ဟု မဇ္ဈိမသို့ ပြောသည်။

၂၀၁၃ အာဆီယံ အမျိုးသမီးချန်ပီယံရှစ် ပြိုင်ပွဲကို မူလကမန္တလေးမြို့တွင် ကျင်းပရန် စီစဉ်ခဲ့သော်လည်း ကွင်းသစ်
ဆောက်လုပ်မှု အချိန်မီမပြီးစီးနိုင်သဖြင့် ရန်ကုန်မြို့တွင်သာ ပြောင်းလဲကျင်းပရန် စီစဉ်ထားသည်။ 

အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို ၂၀၀၄ ခုနှစ်က စတင်ကျင်းပခဲ့ပြီး မြန်မာ၊ ဗီယက်နမ်နှင့် သြစတြေးလျတို့က
နှစ်ကြိမ်စီ ဗိုလ်စွဲထားသည်။

ကျောက်ဖြူတွင် တစ်နေ့ သဘာဝ ဓါတ်ငွေ့ ကုဗပေ သန်း ၂၀ သုံးစွဲမည်ဟု ဆို

ရခိုင်ဒေသခံများသည် သဘာဓါတ်ငွေ့ အချို့တ၀က်ကို ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးတွင် အသုံးပြုရန် လိုလားလျှက် ရှိကြသည်။

ရခိုင်ကမ်းလွန်ပြင်မှ ထွက်သော သဘာဝ ဓါတ်ငွေ့ကို တစ်နေ့ ဓါတ်ငွေ့ ကုဗပေ သန်း ၅၀၀ ပို့လွှတ်မည် ဖြစ်ရာ ထိုအထဲမှ ကုဗပေ သန်း ၂၀ ကို ကျောက်ဖြူတွင် သုံးစွဲမည် ဖြစ်ကြောင်း ယမန်နေ့ထုတ် ကြေးမုံသတင်းစာက ဖေါ်ပြသည်။

global-day-of-action-burma-1-march

တစ်နေ့ကို စုစုပေါင်း ဓါတ်ငွေ့ကုဗပေ သန်း ၅၀၀ ပို့လွှတ်မည် ဖြစ်ကြောင်း၊ ထိုအထဲမှ ကုဗပေ သန်း ၄၀၀ ကို တရုတ်ပြည်သို့ နေ့စဉ် ပို့လွှတ်မည် ဖြစ်ကြောင်း၊ ပြည်တွင်း အတွက် ကုဗပေ သန်း ၁၀၀ အသုံးပြုရန် စီမံချက် ချထားကြောင်း၊ အဆိုပါ ပြည်တွင်းတွင် အသုံးပြုရန် ကုဗပေ သန်း ၁၀၀ ထဲမှ မြန်မာပြည် အလယ်ပိုင်း တောင်သာတွင် ကုဗပေ ၅၇ သန်း သုံးစွဲမည် ဖြစ်ပြီး ရေနံချောင်းတွင် ကုဗပေ ၂၃ သန်း အသုံးပြုမည်ဟု ဆိုသည်။

ယခုအခါ ရခိုင်မှ နေပြီး တရုတ်နိုင်ငံသို့ အရှည် ၇၉၃ ကီလိုမီတာနှင့် အချင်းလက်မ ၄၀ ရှိသော ပိုက်လုံးမှ တဆင့်  ဓါတ်ငွေ့ စတင် ပို့လွှတ်နေပြီး တစ်နေ့လျှင်  သဘာဝဓါတ်ငွေ့ ကုဗပေသန်း ၁၀၀ နှုန်းဖြင့် လိုင်းဖြည့်လျက်ရှိသည်ဟု ဆိုသည်။   

ဇူလိုင်လ ၂၉ ရက်နေ့က သဘာဝ ဓါတ်ငွေ့ကို စတင်ပို့လွှတ်သည့် အခမ်းအနားကို မန္တလေးမြို့ အမရပူရမြို့နယ်ရှိ Control Station ခန်းမ၌ ကျင်းပရာ နိုင်ငံတော် ဒုတိယသမ္မတ ဦးညဏ်ထွန်းနှင့် အဖွဲ့ တက်ရောက်ခဲ့သည်။

၎င်းပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားစွမ်းအင်ဗျုရိုမှ ဒုတိယ၀န်ကြီး Mr.Zhang Yunqing၊ ကိုးရီးယား နိုင်ငံကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး Mr.Jin Hyun Han၊ Darwoo ကုမ္ပဏီ၊ ONGC ကုမ္ပဏီ၊ GAIL ကုမ္ပဏီ၊ POSCO ကုမ္ပဏီ၊ SEAGP ကုမ္ပဏီတို့မှ ဥက္ကဋ္ဌများ၊ အမှုဆောင် အရာရှိ ချုပ်များလည်း တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားအား ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင်လည်း ကျင်းပရန် စီစဉ်ထားရာ ရာသီဥတုဆိုးဝါးမူကြောင့် ဒု သမ္မတ ဦးဥာဏ်ထွန်း မလာရောက်နိုင်သဖြင့် အခမ်းအနား အစီအစဉ်ကို ဖျက်သိမ်းခဲ့ရသည်။

ဒု သမ္မတ ရောက်ရှိလာခြင်း မရှိသဖြင့် ဒေသအတွင်းမှ ကျေးရွာပေါင်း ၂၃ ရွာမှ ဒေသခံ ပြည်သူများမှ ရွှေသဘာဝဓါတ်ငွေ့ဖြင့် ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီး ရရှိရေးအတွက် တောင်းဆို ဆန္ဒပြရန် စီစဉ်ထားသည့် အစီအစဉ်ကိုလည်း ရပ်ဆိုင်းခဲ့ရသည်ဟု သိရသည်။

မြန်မာ အစိုးရသည် ရွှေသဘောဓါတ်ငွေ့ကို တရုတ်ပြည်သို့ တင်ပို့ရောင်းချခြင်းဖြင့် အမေရိကန် ဒေါ်လာ ၂၄ ဘီလီယံ ရရှိမည် ဖြစ်ပြီး နှစ်ပေါင်း ၂၀ တင်ပို့မည်ဖြစ်သည်။

မြဝတီမြို့ရေဘေး အနည်းဆုံး ၆ ဦးသေ၊ ၃ ဦး ပျောက်ဆုံးနေဆဲ

ကရင်ပြည်နယ် မြဝတီမြို့မှာ မနေ့မနက်အစောပိုင်းကစပြီး ရေကြီးနေတဲ့အတွက် လူ ၆ ဦးထက်မနည်း သေဆုံးပြီး၊ တချို့ရပ်ကွက်တွေမှာ ပိတ်မိနေသူတွေရှိတယ်လို့ သတင်းရရှိပါတယ်။

မြဝတီမြို့ဘေးက သောင်ရင်းမြစ်ရေ ၁၄ ပေလောက်ထိတက်တဲ့အတွက် မြစ်နဲ့နီးတဲ့ရပ်ကွက်က အိမ်ငယ်လေးတွေ အိမ်ခေါင်ထိရေမြုပ်သလို၊ ကုန်ပစ္စည်းသိုလှောင်ထားတဲ့ ဂိုဒေါင်တွေ၊ ဈေးတွေလဲရေမြုပ်ပြီး ပစ္စည်းဆုံးရှုံးမှုလည်းများတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ မြဝတီမြို့က ကုန်သည်တစ်ဦးက RFA ကို အခုလိုပြောပါတယ်။

ဒီကနေ့မနက် ၁၁ နာရီလောက်ကလဲ မြဝတီမြို့ထဲမှာ စက်လှေမှောက်ပြီး အမျိုးသမီး ၃ ဦး ပျောက်ဆုံးနေကြောင်းနဲ့ ကယ်ဆယ်ရေးအတွက် စက်လှေလုံလောက်မှု မရှိတဲ့အကြောင်း ရေဘေးဒုက္ခသည်တွေကို အကူညီပေးနေတဲ့ စေတနာဝန်ထမ်း လူငယ်တစ်ဦးက အခုလိုပြောပြပါတယ်။

ရေးဘေးဒုက္ခသည်တွေကို မြို့နယ်မှူးအပါအဝင် ရဲဝန်ထမ်းတွေ ရပ်မိရပ်ဖတွေနဲ့ ဖွဲ့စည်းထားတဲ့ စည်ပင်သာယာအဖွဲ့၊ မြဝတီမြို့ နာရေးကူညီမှုအသင်းစတဲ့ အဖွဲ့အစည်းတွေကကူညီနေပြီး မိကျောင်းကုန်း၊ တောရကျောင်း၊ အဓိဌာန်အောင်ဘုရားဓမ္မာရုံ၊ တောင်တန်းကျောင်း၊ ဓမ္မာရန်အောင်အနီးက စာသင်ကျောင်း၊ ကျောက်လုံးကြီး ဓမ္မရိပ်သာနဲ့ ဖားခြောက်ကောင်ဘုန်းကြီးကျောင်း စတဲ့နေရာတွေမှာ နေချထားတယ်လို့ သိရပါတယ်။

RFA Burmese

နေပြည်တော် လေဆိပ်အား ၀န်ဆောင်မှု ကင်းလွတ်ခွင့်ပြုခြင်း လေးလခန့် ကြာပြီဖြစ်သော်လည်း ဆင်းသက်မည့် လေကြောင်းလိုင်း မရှိသေး

နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ၂၀၁၃ ခုနှစ်၊ ဧပြီ ၁ ရက်မှ စတင်ကာ ခြောက်လခန့် ၀န်ဆောင်မှုကင်းလွတ်ခွင့် ပြုထားသည့်အနက် လေးလခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း လက်ရှိအချိန်ထိ ဆင်းသက်မည့်လေကြောင်းလိုင်း မရှိသေးကြောင်း သတင်းရရှိသည်။

နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ဧပြီ ၁ ရက်မှ စတင်ကာ ဆင်းသက်အသုံးပြုမည့် လေကြောင်းလိုင်းများအတွက် ခြောက်လအတွင်း ကင်းလွတ်ခွင့်များ ခွင့်ပြုပေးထားသည်။

အဆိုပါ ကင်းလွတ်ခွင့်များမှာ နိုင်ငံတကာနှင့် ပြည်တွင်းလေကြောင်း ခရီးသည်များအတွက် ခရီးသည်ဝန်ဆောင်မှုစရိတ် ကင်းလွတ်ခွင့်၊ မြေပြင်ဆင်းသက်မှု အခနှင့် လေယာဉ်ရပ်နားခွန် ၅၀ ရာခိုင်နှုန်း ကင်းလွတ်ခွင့်၊ ဝေဟင်ပျံတက်ရန် ကိရိယာများ သုံးစွဲမှုစရိတ် ၅၀ ရာခိုင်နှုန်း ကင်းလွတ်ခွင့်၊ ခရီးသည်များ ထွက်ခွာရာ ဂိတ်အသုံးစရိတ် ရာခိုင်နှုန်း ၅၀ ကင်းလွတ်ခွင့်နှင့် ခရီးသည်လေယာဉ် ထွက်ခွာဝင်ရောက်ခြင်း ၀န်ဆောင်မှု အခွန်ကင်းလွတ်ခွင့်၊ အငှားယာဉ်ခများနှင့် ဟိုတယ်ခများ ၅၀ ရာခိုင်နှုန်း ကင်းလွတ်ခွင့်များကို ခွင့်ပြုပေးထားသည်။

"အခုလက်ရှိတော့ ဆင်းသက်နေတဲ့ လေကြောင်းလိုင်း မရှိသေးပါဘူး။ ဒါပေမဲ့ နေပြည်တော်လေဆိပ်ကို ဆင်းသက်ဖို့ ကမ်းလှမ်းထားတဲ့ လေကြောင်းလိုင်းတွေတော့ ရှိပါတယ်။ အဲဒီလေကြောင်းလိုင်းတွေက Thai Air Asia, TG, Silk Air လေကြောင်းလိုင်းတွေပဲ ဖြစ်ပါတယ်" ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး မြို့တော်ဖြစ်သည့် နေပြည်တော်တွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးအား တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ Buyers Credit (၀ယ်သူချေးငွေစနစ်)ဖြင့် မြန်မာအစိုးရနှင့် Export Import Bank of China တို့မှ Loan Aggrement  ကို လက်မှတ်ရေးထိုးပြီး စီမံကိန်း လုပ်ငန်းအဆင့် (၁) အား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

လေဆိပ်အဆောက်အုံ (ပြေးလမ်းတန်ဖိုးမပါ) အား အမေရိကန်ဒေါ်လာ ၂၃၅ ဒသမ ၁၈၁ သန်း အကုန်အကျခံ တည်ဆောက်ခဲ့ပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကာ မြေပြင်ဝန်ဆောင်မှု လုပ်ငန်းများကို Pioneer Aerodrome Services Co.ltd မှ တာဝန်ယူ ဆောင်ရွက်နေခြင်း ဖြစ်သည်။

နေပြည်တော်လေဆိပ်သို့ ပြည်တွင်းရှိ ပုဂ္ဂလိက လေကြောင်းလိုင်းများမှ ပုံမှန်ခရီးစဉ် ပျံသန်းခြင်း မရှိဘဲ နိုင်ငံပိုင် လေကြောင်းလိုင်းဖြစ်သည့် မြန်မာ့လေကြောင်းမှသာ ပုံမှန်ခရီးစ ဉ်ပျံသန်းလျက် ရှိသည်။

တရုတ်နိုင်ငံသားတစ်ဦးအား သေနတ်(၁)လက်နှင့်ဖမ်းဆီးရမိ

၂၉-၇-၂၀၁၃ ရက်နေ့ ၁၁၃၀ အချိန် ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးစခန်း၊ ငွေဆင်ဂိတ်လုံခြုံရေးတာဝန်ကျတပ်ဖွဲ့ဝင်များသည် မြန်မာနိုင်ငံမှတရုတ်နိုင်ငံသို့ သွားရောက်မည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရွှေလီမြို့၊ လောင်ခမ်းရွာနေ အိုက်ဟွမ်(၃၃)နှစ် မောင်းနှင် လာသည့် တရုတ်နံပါတ် NA-၆၉၇၈ ပါ အနက်ရောင်ဆလွန်းယာဉ်အား မသင်္ကာသဖြင့် သက်သေများ ရှေ့တွင်ရှာဖွေစစ်ဆေးခဲ့သည်။

ထိုသို့ရှာဖွေစစ်ဆေးရာ ကျည်ဘောက်မပါသည့် အရှည်(၁၃.၅) လက်မခန့်ရှိ အနက်ရောင် တရုတ်နိုင်ငံလုပ် JD-၀၀၇၈၅ တံဆိပ်ပါ ကိုယ်ထည်အမှတ် ၂-၁၃၅၂၉၈ ၊ ဘောစေ့ဖြင့်ပစ်ရသောသေနတ် ၁ လက်၊ တစ်ဗူးလျှင် ၉၀ တောင့်ပါ ရွှေရောင်ကျည်ဆံ(Power loads )တံဆိပ်ပါ ၃ ဗူး၊ ဘောစေ့ ၂၂ လုံးပါ ဘောအိမ် ၁ ခု၊ နံပါတ် ၅၃၃၁၀၂၁၉၇၇၀၁၃၀၂၁၃ X ပါ တရုတ်နိုင်ငံသားကဒ်(၁)ခု၊ VIN ၀၀၀၉၂၁၆ Engine ၀၆၁၃၄၅၁ ပါ လိုင်စင်ကဒ် ၁ ခု၊ နံပါတ် F ၀၁၀၄၄၅၀၁ စိုင်းအောင်အမည်ပါ နိုင်ငံကူးလက်မှတ်အညိုရောင် ၁ ခု၊ ICBC စာတန်းပါ ၆၂၁၂၂၆၂၅၁၁၀၀၀၁၄၆၀၂၃ နံပါတ်ပါရှိသော ဘဏ်ကဒ်အပြာရောင် ၁ ခု၊ICBC စာတန်းပါ ၆၂၈၂၈၈၀၀၁၂၉၀၁၀၂၀ နံပါတ်ပါရှိသော ဘဏ်ကဒ်အပြာရောင် ၁ ခု၊POLO တံဆိပ်ပါ အညိုရောင်ပိုက်ဆံအိတ် ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့သဖြင့် အိုက်ဟွမ်အား မူဆယ်မြု့မရဲစခန်း (ပ)၁၆၀/၂၀၁၃၊ ရှမ်းလက်နက်ဥပဒေ ၁၂(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

မိန်းကလေး စိတ်ပေါက်နေသူနှင့် ခုနစ်နှစ်ကြာ ချစ်ကြိုက်ခဲ့ပြီးမှ မိန်းမယူသွား၍ လူသတ်မိသူ ထောင်ဒဏ် ခုနစ်နှစ်ချမှတ်

ရေတာရှည်    ဇူလိုင်      ၃ဝ

ရေတာရှည်မြို့နယ်  ဆွာချောင်းရေလှောင်တမံရေပြင်  ဝံဂဲတဲစုတွင်  မိန်းကလေးစိတ်ပေါက်နေသူနှင့် ခုနစ်နှစ်ကြာ အတူ နေထိုင်လာသူက အိမ်ထောင်ပြုသွားသည်ကို မကျေနပ်၍ သတ်လိုက်သူကို ဇူလိုင် ၁၇ ရက်က အလုပ်နှင့် ထောင်ဒဏ် ခုနစ်နှစ်ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေ ၃ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ဆွာချောင်းရေလှောင်တမံရေပြင်အတွင်းရှိ ဝံဂဲတဲစုနေ ဝင်းဇော်ဦး(၃ဝ)နှစ်  ၄င်း၏တဲပေါ်တွင် ရင်ဝ၌ထိုးသွင်းဓားဒဏ်ရာတစ်ချက်ရရှိကာ သေဆုံးနေကြောင်း သတင်းအရ ဆွာနယ်မြေ ရဲစခန်းမှ  စခန်းမှူး ရဲအုပ်သောင်းစံ  ဦးစီးရဲတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်သည့် မိန်းကလေးစိတ်ပေါက်နေသူ မော့လေး(ခ)ချစ်ထွေး(၂၂)နှစ်ကို ကျွန်းပင်ဆိပ်ကျေးရွာတွင် ဖမ်းဆီးရမိခဲ့သည်။ 

ဆွာချောင်း ဆည်ရေပြင် အတွင်း ငါးရှာသည့်အလုပ်လုပ်ကိုင်သော ဝင်းဇော်ဦးက မော့လေး(ခ)ချစ်ထွေးကို ဝင်ငွေကောင်းသော ငါးရှာခြင်းအလုပ်ကို လုပ်ကိုင်ရန် ပြောဆိုပြီး ဝင်းဇော်ဦးတို့နေထိုင်သော ဝံဂဲတဲစုတွင် အတူနေထိုင်ကာ ငါးရှာသည့် အလုပ်ကို ဝင်းဇော်ဦးနှင့် အတူ လုပ်ကိုင် ခဲ့ပြီး ဝင်းဇော်ဦးနှင့် မိန်းကလေးစိတ်ပေါက်နေသူ မော့လေး(ခ)ချစ်ထွေးတို့ ချစ်သူအဖြစ် ခုနစ်နှစ်ကြာ အတူနေထိုင်လာ ခဲ့ကြောင်း ယခုနှစ်သင်္ကြန်အပြီး ဝင်းဇော်ဦးက တစ်တဲစုတည်းနေ မိန်းကလေးနှင့်ချစ်ကြိုက်ကာ ခိုးယူထွက်ပြေးသွားသည် ကို မော့လေး(ခ) ချစ်ထွေးက မကျေနပ်၍ မေ ၃ ရက် မွန်းလွဲပိုင်းက ငါးဖိုးစာရင်း ရှင်းကြရင်း စကားများရာမှ ဓားဖြင့် ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်းသိရ၍ ဆွာ နယ်မြေ ရဲစခန်းက ပြစ်မှုကျူးလွန်သူ မော့လေး(ခ)ချစ်ထွေးအား (ပ)၇၄/၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်ပြီး စွဲချက်အမှတ် ၉၁/၂ဝ၁၃ ဖြင့် တောင်ငူခရိုင် တရားသူကြီးရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ရာ (ဒု)ခရိုင်တရားသူကြီးရုံးမှ ရာကြီး ၃၁/၂ဝ၁၃ ဖြင့် လက်ခံကြားနာစစ်ဆေးကာ ပြစ်မှုထင်ရှား၍ ပြစ်မှုပုဒ်မ ၃ဝ၂ (၂)အရ အလုပ်နှင့်ထောင်ဒဏ် ခုနစ်နှစ်ကျခံစေရန် ဇူလိုင် ၁၇ ရက်က အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။    

မြန်မာ့အလင်း

မြန်မာမိုဘိုင်းဖုန်းကွန်ရက် တည်ဆောက်ခွင့် အင်ဒိုနီးရှား အခြေစိုက် PT Telkom ရရှိ


L-31-7

အင်ဒိုနီးရှားနိုင်ငံရှိ Telkom ရုံးတစ်ရုံးကို တွေ့ရစဉ် (ဓာတ်ပုံ - projectingindonesia.com)

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး မိုဘိုင်းဖုန်းကွန်ရက် တည်ဆောက်ရန်အတွက် တင်ဒါခေါ်ယူရာတွင် အင်ဒိုနီးရှား အခြေစိုက် PT Telkom (Telco) ဆက်သွယ်ရေး ကုမ္ပဏီက ရရှိခဲ့ကြောင်း အဆိုပါ ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ရန် ဆက်သွယ်ရေး အော်ပရေတာများအဖြစ် နော်ဝေအခြေစိုက် Telenor နှင့် ကာတာအခြေစိုက် Ooredoo တို့ကို ဇွန်လကုန်ပိုင်းက ခွင့်ပြုပေးခဲ့ပြီး ဖြစ်သည်။

PT Telkom သည် အဆိုပါကုမ္ပဏီ နှစ်ခုအနက် ကုမ္ပဏီတစ်ခု၏ မိုဘိုင်းကွန်ရက် တည်ဆောက်ရေး လုပ်ငန်းများကို လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်ပြီး မည်သည့်ကုမ္ပဏီ၏ ကွန်ရက်ဖြစ်ကြောင်း ထုတ်ပြန်ခြင်း မပြုသော်လည်း Ooredoo ၏ မိုဘိုင်းကွန်ရက် ဖြစ်ဖွယ်ရှိကြောင်း ဆက်သွယ်ရေး အသိုင်းအ၀ိုင်းက ဆိုသည်။

"သဘောတူညီမှုအရ Telkom အနေနဲ့ နိုင်ငံတကာ မိုဘိုင်းလုပ်ငန်းတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်နိုင်တယ် ဆိုတာကို ပြသနိုင်ခဲ့တာပါ" ဟု Telco အမှုဆောင်အရာရှိချုပ် Arief Yahya က ပြောကြားသည်။

PT Telkom သည် မြန်မာနိုင်ငံ၏ မိုဘိုင်းဆက်သွယ်ရေး လိုင်စင်နှစ်ခုအတွက် တင်ဒါခေါ်ယူရာတွင်လည်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပဏာမ ကုမ္ပဏီစာရင်းတွင် မပါရှိခဲ့သော်လည်း မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ပြီးဖြစ်သည်။

Telkom သည် အင်ဒိုနီးရှားနိုင်ငံ၏ အကြီးဆုံး ဆက်သွယ်ရေး ကုမ္ပဏီဖြစ်ပြီး အင်ဒိုနီးရှားအစိုးရမှ အစုရှယ်ယာများကို ပိုင်ဆိုင်သည်။ ၁၈၅၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော Telkom သည် Telecommunications၊ Media၊ Property၊ Financial နယ်ပယ်များ၌ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး Fixed Line၊ Mobile Telephony၊ internet Services၊ Digital Television၊ Property and Construction နှင့် IT Services တို့ကို ၀န်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

Telkom သည် အင်ဒိုနီးရှား၊ ဟောင်ကောင်၊ အရှေ့တီမော၊ သြစတြေးလျ၊  မလေးရှားနှင့် စင်ကာပူနိုင်ငံတို့တွင် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အာရှနှင့် အရှေ့အလယ်ပိုင်း ဒေသများတွင် လုပ်ငန်းချဲ့ထွင်ရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ် ပဋိပက္ခနှင့် အကြမ်းဖက်မှု စစ်တမ်း ထုတ်ပြန်မည်

ရန်ကုန်၊ ဇူလိုင် ၃၀

လူပေါင်း ၂၀၀ နီးပါး သေဆုံးခဲ့ပြီး လူတစ်သိန်းကျော် ဒုက္ခရောက်ခဲ့သည့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် အကြမ်းဖက်မှုများ ဖြစ်ပေါ် ရသည့် အကြောင်းအရင်း လေ့လာ ဆန်းစစ်ထားသည့် စစ်တမ်း တစ်စောင် ကို ထုတ်ပြန်မည် ဖြစ်ကြောင်း ရခိုင် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အဖွဲ့ (AHRDO) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ပဋိပက္ခများ ဖြစ်ပွားရသည့် အကြောင်းအရင်းနှင့် မည်သို့ ဆောင်ရွက်သွားရ မည် စသည့် လေ့လာ သုံးသပ်ချက်များ ပါဝင်သည့် ယင်းစစ်တမ်းကို သြဂုတ်လ ၁ ရက်နေ့တွင် ရန်ကုန်မြို့တော်ရှိ စင်ထရယ် ဟိုတယ်၌ မီဒီယာ များကို ရှင်းလင်းကာ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း AHRDO က ထုတ်ပြန် ထားသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများမှာ လွဲမှားစွာ ပုံဖော်ခြင်း ခံခဲ့ရ၍ အများစုက အမှန်တိုင်း နားလည် လက်ခံခြင်းမရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြသည်။

ပဋိပက္ခများ၏ နောက်ကွယ်ရှိ အကြောင်းတရားများနှင့် ကုလသမဂ္ဂ၊ OIC စသည့် နိုင်ငံတကာ အဖွဲ့အစည်းများ မြန်မာနိုင်ငံ အစိုးရ အဆက်ဆက် ပါဝင် ပတ်သက်ခဲ့မှုများကို အဆိုပါ စစ်တမ်းတွင် ထုတ်ဖော် တင်ပြ ထားကြောင်း AHRDO အဖွဲ့က ဆိုသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် လူပေါင်း ၁၉၂ ဦး သေဆုံးပြီး လူပေါင်း တစ်သိန်းကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်များ၊ သမိုင်းနောက်ခံ အကြောင်းအရာများ အပါအဝင် ဒုက္ခသည်များ ရင်ဆိုင်နေရသည့် အခက်အခဲများကို ဖြေရှင်းရန်၊ ၁၉၈၂ခုနှစ် နိုင်ငံသား ဥပဒေအတိုင်း အမြန်ဆုံး အကောင်အထည်ဖော်ရန်၊ ငြိမ်းချမ်းစွာ အတူနေထိုင်ရေး၊ တရား ဥပဒေ စိုးမိုးရေး၊ လုံခြုံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ဘာသာရေး၊ သားဖွားနှုန်း၊ သတင်း ထုတ်ပြန်ရေး ကိစ္စများအတွက် အကြံပြုချက်များ ပါဝင်သည့် အစီရင်ခံစာကို ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်း စစ်ဆေးရေး ကော်မရှင်က ဧပြီလ ၂၂ ရက်နေ့တွင် နိုင်ငံတော် သမ္မတထံသို့ တင်ပြခဲ့ပြီး ၂၉ ရက်နေ့တွင် ပြည်သူလူထုကို ထုတ်ပြန်ခဲ့သည်။

The Voice Weekly

တရားရုံးက စီရင်လိုက်သည့်အမှုများကို ဝေဖန်နိုင်ပြီ

လွန်ခဲ့သော နှစ်ကိုးဆယ်နီးပါးက ပြဌာန်းထားသည့် ဥပဒေဟောင်းကို ဖျက်သိမ်းပြီး ဇူလိုင် ၂၉ ရက်တွင် အသစ်ပြဌာန်းလိုက်သည့် တရားရုံး မထီမဲ့မြင်ပြုမှုဥပဒေသစ်တွင် တရားသူကြီးက အမိန့်ချမှတ်ပြီးသည့် အမှုကို ဝေဖန်နိုင်ကြောင်း ထည့်သွင်းပြဌာန်းထားသည်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ယင်းပြဌာန်းချက်သည် " စီရင်ချက် ချလိုက်လို့ အဲ့ဒီ စီရင်ချက်ကြီးက မမှန်ကန်ဘူး၊ မမျှတဘူး၊ တစ်ဖက်ဖက်ကို ဘက်လိုက်တဲ့အကြောင်း ရှိနေတယ်၊ ဘာညာ သုံးသပ်မယ်ဆိုရင် သုံးသပ်လို့ ရသွားပြီပေါ့ဗျာ။ အင်မတန် ကောင်းတဲ့အချက်ပါပဲ"ဟု မှတ်ချက်ပြုသည်။

အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို ကိုလိုနီ ပြုလုပ်ထားသည့်အချိန် ၁၉၂၆ ခုနှစ်က ပြဌာန်းထားသည့် တရားရုံး မထီမဲ့မြင်ပြုမှုဥပဒေကို ပယ်ဖျက်ပြီး အသစ်ပြဌာန်းသည့် ယင်းဥပဒေ၏ ပုဒ်မ ၈ တွင် ထိုသို့ ပြဌာန်းထားခြင်းဖြစ်သည်။

စီရင်ချက်ချပြီးသည့် အမှုအပေါ် ဝေဖန်မှု၊ သုံးသပ်မှုများကိုလည်း ပုံနှိပ်ထုတ်ဝေခြင်း၊ ဖြန့်ချိခြင်းများလည်း လုပ်ဆောင်နိုင်ပြီး ထိုသို့ ပြုလုပ်မှုသည် တရားရုံးကို မထီမဲ့မြင် လုပ်မှုမမြောက်ကြောင်း ထိုပုဒ်မတွင်ထည့် သွင်းထားသေးသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ အထက်လွတ်တော်အမတ် ဦးအောင်ကြည်ညွန့်က ထိုအချက်သည် တရားစီရင်ရေး၏ အလားအလာကောင်း ဖြစ်သည်ဟုလည်း သုံးသပ် ပြောဆိုသည်။

ထို့ပြင် တရားစီရင်နေဆဲ ကာလတွင်လည်း အမှုနှင့်ပတ်သက်၍ မှန်ကန်တိကျ ခိုင်လုံသော အကြောင်းအရာ တစ်ရပ်ရပ်ကို နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ထုတ်ဖော်ကြေငြာခြင်း၊ သတင်းအဖြစ် ရေးသားခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်းနှင့် ဖြန့်ချိခြင်းသည် တရားရုံးကို မထီမဲ့မြင်ပြုမှု မမြောက်စေရဟုလည်း အဆိုပါဥပဒေ၏ ပုဒ်မ ၇ တွင် ပြဌာန်းထားသည်။

တရားခွင်ကို အများပြည်သူ ၀င်ရောက်ခွင့်မရှိဘဲ သီးသန့် စစ်ဆေးသည့် အမှုများကိုပင်လျှင် ဥပဒေမချိုးဖောက်ဘဲ ရေးသားလျှင် လည်းကောင်း၊ တရားရုံးက အတိအလင်း ပိတ်ပင်မထားလျှင် လည်းကောင်း၊ တရားစီရင်ရေးတွင် အငြင်းပွားဆဲ လျှို့ဝှက်ကိစ္စ မဟုတ်လျှင်လည်းကောင်း ပုံနှိပ်ထုတ်ဝေ ဖြန့်ချိနိုင်သည်ဟုပင် ထိုဥပဒေက ကင်းလွတ်ခွင့်ပေးထားသည်ကိုလည်း လေ့လာတွေ့ရှိရသည်။

သို့သော် တရားရုံးကို မထီမဲ့မြင်လုပ်မှု မြောက်စေသော လုပ်ရပ်များကို ပြုလျှင်မူ အများဆုံး ငွေဒဏ် တစ်သိန်းနှင့် ထောင်တစ်နှစ် ချမှတ်နိုင်ပြီး၊ တရားမဆိုင်ရာ မထီမဲ့မြင်မှု ဖြစ်လျှင် ငွေဒဏ်တစ်သိန်းနှင့် ထောင်သုံးလ ချနိုင်ကြောင်းလည်း ဥပဒေတွင် ထည့်သွင်း ပြဌာန်းထားသည်။

ကမာရွတ်မြို့နယ်တွင် ဆိုင်ကယ်နှစ်စီးဖြင့် အုပ်စုဖွဲ့၍ မင်းမဲ့စရိုက်ဆန်သော ၀ိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွား


DD-31-7

ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော အရေးပေါ်ဌာနတွင် ဆေးကုသမှုခံနေသာ အရိုက်ခံရသူကို ဇူလိုင် ၃၀ ရက် နံနက်ပိုင်းတွင် တွေ့ရစဉ်

ကမာရွတ်မြို့နယ်၌ ဇူလိုင် ၂၉ ရက် မွန်းလွဲပိုင်းက မင်းမဲ့စရိုက်ဆန်စွာ ဆိုင်ကယ်နှစ်စီးဖြင့် အုပ်စုဖွဲ့ ရိုက်နှက်မှုကြောင့် အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၂၉ ရက်၌ ကမာရွတ်မြို့နယ်၊ ၃ ရပ်ကွက်၊ ၀င်းသော်တာလမ်းတွင် နေထိုင်သူ ကိုအောင်ကျော်ဦးသည် အိမ်သို့ ဆိုက်ကားဖြင့် ပြန်လာစဉ် ၀င်းသော်တာလမ်းပေါ်၌ ဆိုင်ကယ်နှစ်စီး၊ အမျိုးသားလေးဦးနှင့် အမျိုးသမီးနှစ်ဦးတို့ စောင့်နေစဉ် ယင်းတို့အနက် အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦးတို့မှ ၎င်းအား တုတ်၊ အုတ်ခဲများဖြင့် အုတ်စုဖွဲ့ ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း အရိုက်ခံရသူ ကိုအောင်ကျော်ဦး၏ ဦးလေးဖြစ်သူ ဦးလှထွန်းက ပြောကြားသည်။

အရိုက်ခံရသူ ကိုအောင်ကျော်ဦးမှာ လက်ကျိုးပြီး ဦးခေါင်းတွင် ဒဏ်ရာများ ရရှိမှုကြောင့် ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော အရေးပေါ်ဌာနသို့ ပို့ဆောင်၍ အတွင်းလူနာ (စိုးရိမ်ရ) အနေဖြင့် ခွဲစိတ်ကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

ထိုသို့ ရိုက်နှက်သူ တစ်ဦးဖြစ်သည့် ကမာရွတ်မြို့နယ်၊ ၁ ရပ်ကွက်တွင် နေထိုင်သူ အောင်ကျော်မိုးနှင့် အရိုက်ခံရသူ အောင်ကျော်ဦးတို့မှာ ဇူလိုင် ၂၇ ရက်က အနည်းငယ် စကားများခဲ့ရာ အရိုက်ခံရသူနှင့်အတူ ပါလာသူ အမည်မသိ အမျိုးသားတစ်ဦးမှ အောင်ကျော်မိုးအား ဆဲဆို၍ ပါးကိုလက်ဖြင့် ရိုက်ခဲ့ကြောင်း သိရသည်။

"ရိုက်နှက်မှု မဖြစ်မီ နံနက်ပိုင်းက ၁ ရပ်ကွက်နေ အောင်ကျော်မိုးနဲ့အတူ လူတစ်ဦးက အိမ်ကိုလာပြီး ကျွန်တော့်တူ ဘယ်မှာလဲ။ ပါးရိုက်ခဲ့တဲ့အတွက် ဘယ်လိုရှင်းမှာလဲဆိုပြီး မေးတယ်။ အဲဒါ တူဖြစ်သူ မရှိဘူး။ သူလည်းပါးရိုက်တာလည်း မဟုတ်ဘူး ဖြေလိုက်တယ်။ တကယ်က သူ့သူငယ်ချင်း ရိုက်တာ။ ခဏနေတော့ သူတို့ပြန်သွားတယ်။ မွန်းလွဲပိုင်း တူဖြစ်သူ အိမ်ကိုပြန်လာတဲ့အခါ ဒီလိုအုပ်စုဖွဲ့ ၀ိုင်းရိုက်တော့တာပဲ။ ရဲစခန်းကတော့ ကျူးလွန်သူ တစ်ဦးလို့ပဲ ဖော်ပြထားတယ်" ဟု ဇူလိုင် ၃၀ ရက်တွင် ပြောကြားသည်။

အဆိုပါ အုပ်စုဖွဲ့ ရိုက်နှက်မှုနှင့် ပတ်သက်၍ ကမာရွတ်မြို့နယ် ရဲစခန်းမှ အမှုစစ် ဒုရဲအုပ် ထွန်းမင်းအောင်က "လက်ရှိစစ်ဆေးနေတဲ့ အချိန်မှာတော့ အုပ်စုဖွဲ့ရိုက်နှက်တာမျိုး မဟုတ်ဘဲ တစ်ဦးထက် ပိုတယ်။ တစ်ဦးချင်းဖြစ်တယ်ဆိုတာ မပြောနိုင်သေးပါဘူး။ လက်ရှိစစ်ဆေးနေဆဲ ကာလဖြစ်လို့ ဒီလောက်ပဲ ပြောပြနိုင်ပါမယ်" ဟု ပြောကြားသည်။

ထိုသို့ အုပ်စုဖွဲ့ အရိုက်ခံရမှုကြောင့် ဦးလေးဖြစ်သူ ဦးလှထွန်းမှ ရိုက်နှက်သူ အောင်ကျော်မိုးအား အရေးယူပေးပါရန် တိုင်ကြားသဖြင့် ကမာရွတ် မြို့မရဲစခန်းမှ (ပ)၃၄၃/၁၃ ပြစ်မှုပုဒ်မ-၂၃၅ ဖြင့် အမှုဖွင့်ထားပြီး၊ အောင်ကျော်မိုးမှလည်း ဇူလိုင် ၂၇ ရက်တွင် ၎င်းအားပါးရိုက်မှုနှင့် ပတ်သက်၍ အောင်ကျော်ဦးပါ သုံးဦးအား အရေးယူပါပေးရန် တိုင်ကြားထားသဖြင့် ကမာရွတ် မြို့မရဲစခန်းမှ (ပ)၃၄၄/၁၃၊ ပြစ်မှုပုဒ်မ-၂၉၄/ ၃၂၃/၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

လပြည့်ဝန်းပလာဇာ အပေါ်ထပ်၌ မီးလောင်ကျွမ်းမှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်၊အလံပြဘုရားလမ်းရှိ လပြည့်ဝန်းပလာဇာ အပေါ်ထပ် (၇)လွှာဇူလိုင်လ(၃၀)ရက်နေ့ နေ့လည်(၁၂း၀၇)နာရီဝန်းကျင်က  လူမနေသည့် အခန်းတစ်ခု၌ ၀ါယာကြိုးရှောခ်ဖြစ်ကာ မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွား ခဲ့ သည်။

"မီးက ၀ါယာလျှော့ဖြစ်ပြီး မတော်တဆလောင်တာပါ။ လူမနေတဲ့ အခန်းတစ်ခုလည်း ဖြစ်တဲ့အတွက် ထိခိုက် ဒဏ်ရာရသူ လည်းမရှိပါဘူး။" ဟု မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

 

အဆိုပါ မီးလောင်ကျွမ်းမှုမှာ လူမရှိသည့်အခန်းတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၀ါယာကြိုးရှောခ့်ဖြစ်ရာမှတဆင့်  အခန်းအတွင်းရှိ လုပ်ငန်းသုံး ပိုက်ကွန်များကို ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ သိရှိရသည်။

"လုံခြုံရေးဝန်ထမ်းတစ်ဦးက မီးလောင်ကျွမ်းနေတယ်လို့ပြောမှ မီးလောင်နေမှန်းသိရတာ။ တက်ကြည့်တော့ အဲ့ဒီအခန်းက လူမနေဘူး။ ပစ္စည်းအဟောင်းတွေ ထားရှိတဲ့အခန်းဖြစ်နေတယ်။ လူမနေတဲ့ အတွက်တော့ ထိခိုက်ဒဏ်ရာရတာတွေ ဘာတွေတော့ မရှိဘူး။" ဟု လပြည့်ဝန်းပလာဇာမှ တာဝန်ကျလုံခြုံရေးဝန်ထမ်း တစ်ဦးက ပြောသည်။

အဆိုပါ မီးကူးစက်လောင်ကျွမ်းသည့် အခန်း၏ အကျယ်အ၀န်းမှာ ပေ(၆၀)ပတ်လည်ရှိသည့်အခန်းဖြစ်ပြီး လောင်ကျွမ်းမှုမှာ (၈)ပေ ပတ်လည်ခန့် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မီးလာရောက်ငြှိမ်းသတ်သည့် မီးသတ်တပ်ဖွဲ့ဝင်များထံမှ သိရသည်။

မီးလောင်ကျွမ်းမှုအား မီးသတ်ယာဉ် (၁၁)စီး အုပ်ချုပ်မှုယာဉ် (၅)စီး  အထောက်အကူပြုယာဉ် (၅)စီး စုစုပေါင်း (၂၁)စီးဖြင့် လာရောက် ငြှိမ်းသတ်ခဲ့ပြီး (၁၂း၃၁)နာရီတွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

အဆိုပါ လပြည့်ဝန်းပလာဇာမှာ ယခင်အချိန်များတွင် မီး(၃-၄)ကြိမ်ခန့် လောင်ကျွမ်းမှုဖြစ်ပွားခဲ့ဘူးကြောင်း ပတ်ဝန်းကျင်နေ ပြည်သူတို့က ဆိုသည်။


မြန်မာ့အင်တာနက်လိုင်း နဂိုမြန်နှုန်း ပြည်လည်ရရှိ

ပင်လယ်ရေအောက်ဖိုင်ဘာဆက်ကြောင်းတစ်ခုဖြစ်သည့် SE- ME-WE 3 ဆက်ကြောင်းမှာ ဇူလိုင် ၃၀ ရက်နေ့ ညနေ့ပိုင်းက ပြင်ဆင်မှုပြီးစီးသွားပြီဖြစ်သဖြင့် ယခင်အင်တာနက်မြန်နှုန်းအတိုင်း ပြန်လည်အသုံးပြုနိုင်တော့မည်ဖြစ်သည်ဟု မြန်မာဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။

 ဇူလိုင်လ ၂၂ ရက်ညနေ ၅နာရီအချိန်က ချို့ယွင်းမှုဖြစ်ပေါ်ခဲ့သည့် အဆိုပါဆက်ကြောင်းမှာ ပြုပြင်ဆဲကာလအတွင်း အင်တာနက် မြန်နှုန်း 5.5 GBPS ကိုသာ အသုံးပြုလို့ရခဲ့ပြီး အခုအချိန်တွင် ယခင်မြန်နှုန်း 11.5GBPS ကို ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်ဟု အင်တာနက်ဆိုင်များမှ သိရှိရသည်။

"မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ အပြည်ပြည်ဆိုင်ရာဆက်ကြောင်းတွေနဲ့ အဓိကချိတ်ဆက်ထားတဲ့ ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ်လ် SE-ME-WE 3 ဆက်ကြောင်းက ပြုပြင်ပြီးစီးသွားပါပြီ'' ဟု မြန်မာ့ဆက်သွယ်ရေးလုပ် SE- ME-WE 3 ပြည်ပကေဘယ်လ်စတေရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖျာပုံမြို့မှ ၂ မိုင်၊ တစ်ဖာလုံးနှင့် နှစ်မိုင်ခြောက်ဖာလုံအကြားရှိ ကုန်းတွင်းပိုင်း မြေအောက် Power Cable ကြိုး ပေါက်ပြဲပြီး ပါဝါ ယိုစိမ့်မှုဖြစ်သည့်အပေါ်တွင် Power Cable ကြိုး မီတာအရှည် ၅၀၀မီတာကို အစားထိုးပြုပြင်ခဲ့ခြင်းဖြစ်သည်ဟု ၄င်းက ဆက် ပြောသည်။

"အင်တာနက်လိုင်းက ညနေ ၅း၀၀ ကျော်လောက်မှာကောင်လာတယ်၊ ဆက်သွယ်ရေးကပြောတော့ပြီး သွားပြီးလို့ပြောတယ်၊ ဆိုင်မှာက အရင်နေ့တွေဆို လူကိုမရှိဘူ၊ဒီနေည လိုင်းကောင်းလာလို့ လူတွေရှိတာ " ဟု ကမာရွတ်မြို့နယ်မှ အင်တာနက်ဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။

အင်တာနက်ဆက်ကြောင်း ချို့ယွင်းမှုကြောင့် အင်တာနက်လိုင်း နှေးကွေးမှုများ ဖြစ်ပေါ်နေပြီး အင်တာနက် အဓိကထား အသုံး ပြုနေသည့် အိုင်တီကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းအတွက်လည်း အခက်အခဲများဖြစ်ပေါ်ခဲ့သည်။

ရေအောက်ကေဘယ် SEA-ME-WE 3 သည် မြန်မာနိုင်ငံအပါအ၀င် အာရှနှင့် ဥရောပရှိ နိုင်ငံပေါင်း ၃၄ နိုင်ငံနှင့် အဖွဲ့အစည်း စုစုပေါင်း ၆၄ ခုက စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄၃၄ သန်း ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံက အမေရိ ကန်ဒေါ်လာ သန်း ၃၀ ခန့် ပါဝင်ထားပြီး မြန်မာနိုင်ငံ ဖျာပုံမြို့မှ အကွာအဝေး ၁၁၄၃ ကီလိုမီတာတွင် ရေအောက်ကေဘယ်ဖြင့် ဆက်သွယ်ထားသည့် ဆက်ကြောင်း ဖြစ်သည်။


Tuesday, July 30, 2013

ချစ်တင်းနှောအပြီး အမျိုးသားတစ်ဦး သတိလစ်သေဆုံး

တည်းခိုခန်းတွင် ချစ်သူနှင့် ချစ်တင်းနှောအပြီးတွင် အမျိုးသားတစ်ဦး သတိလစ်သေဆုံးခဲ့မှုတစ်ခု ဇူလိုင် ၂၈ ရက်က မြောက်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့ရာ ထိုကိစ္စကို မြို့နယ်ရဲစခန်းက အမှုဖွင့်ကာ စုံစမ်း စစ်ဆေးနေကြောင်း ရန်ကုန်တိုင်းရဲစခန်းက သတင်းထုတ်ပြန်သည်။

ရဲများက ယင်းနေ့ မွန်းလွဲ ၂ နာရီတွင် မြောက်ဥက္ကလာပ ဆေးရုံကြီးသို့ အမျိုးသားတစ်ဦး သေဆုံးပြီး ရောက်ရှိနေကြောင်း သတင်းရသဖြင့် သွားရောက်ကြည့်ရှုခဲ့ရာမှ ထိုကိစ္စစတင်ပေါ်ပေါက်ခြင်းဖြစ်သည် ဟုထုတ်ပြန်ချက်တွင် ပါရှိသည်။

သေဆုံးသူသည် အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်ပြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး သူသည် မြောက်ဥက္ကလာပမြိှု့နယ် ဃ-ရပ်ကွက်ရှိ တည်ခိုခန်းတွင်သူ နှင့်အသက်အရွယ်တူ ချစ်သူနှင့် အတူ ဇူလိုင် ၂၈ ရက် မွန်းလွဲ ၁ နာရီကျော်အချိန်တွင် တည်းခိုနေထိုင်ခဲ့သည်ဟုလည်း ရဲများကအတည် ပြုထားသည်။

သေဆုံးသူသည် ချစ်သူမိန်းကလေးနှင့် နှစ်ကြိမ်ခန့် ချစ်တင်းနှောအပြီးတွင် သတိလစ်မေ့မြောသွားသဖြင့် ဆေးရုံသို့ ပို့ဆောင်ရာလမ်းတွင်ပင် သေဆုံးသွားခဲ့သည်ဟု ရဲများ၏စုံစမ်းစစ်ဆေးမှုရလဒ်များကို သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလောင်းတွင်ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရသဖြင့် ၎င်းအမျိုးသားသေဆုံးရသည့် အကြောင်းအရင်း မှန်ကိုသေချာစွာစစ်ဆေးရန် မြောက်ဥက္ကလာပဆေးရုံကြီးကို အပ်နှံထားကြောင်း ရဲဌာနကဆိုသည်။

ယခုအမှုကို မြောက်ဥက္ကလာပရဲစခန်းမှ ဒုရဲအုပ်ဇော်မင်းခက်က တရားလိုပြုလုပ်တိုင်တန်းထားပြီး ရဲစခန်း ကလည်း အမှုအမှတ်(ပ)၂၉/၁၃ဖြင့် အမှုဖွင့်ထားပြီး ဆက်လက်စစ်ဆေးဆောင်ရွက်မည်ဟု ရဲစခန်းက ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ရန်ကုန်မြို့တွင်း အမြန်ဘတ်စ်ကား လိုင်းစနစ် ပြေးဆွဲခြင်းကို ယခုနှစ်အတွင်း စတင်မည်

ရန်ကုန်မြို့တွင်း အမြန်ဘတ်စ်ကား လိုင်းစနစ် ပြေးဆွဲခြင်းကို ယခုနှစ်အတွင်း စတင်မည်ဖြစ်ပြီး လုပ်ကိုင်လိုသည့် ကုမ္ပဏီများကို တင်ဒါခေါ်ယူ သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်၏ ပြောကြားချက်အရ သိရသည်။

ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှု များကြောင့် ခရီးသည်များ ဘတ်စ်ကားများ စီးနင်းရာတွင် အချိန်ကြာမြင့်စွာ စီးနင်းနေရပြီး လမ်းပေါ်တွင်သာ အချိန်များစွာ ကုန်ဆုံးနေရကြောင်း၊ ထို့အတွက် ခရီးသည်များ အချိန်ကုန် သက်သာစေရန် ရည်ရွယ်၍ အမြန်ဘတ်စ်ကားလိုင်း စနစ်ကို အကောင်အထည်ဖော်ရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အမြန်ဘတ်စ်ကားလိုင်း စနစ်ပြေးဆွဲရန်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အကောင်အထည် ဖော်မည်ဖြစ်ပြီး အဆိုပါ စနစ်အတွက် နည်းပညာ အထောက်အကူပြု အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ဖြစ်ကြောင်းနှင့် ယင်းအဖွဲ့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် မ.ထ.သ (ဗဟို)စသည့် အဖွဲ့အစည်းများ ပါဝင်ကြောင်း သိရသည်။

''အမြန်ဘတ်စ်ကားလိုင်း စနစ်အတွက် ဒီမှာ အဆင့်မြင့် ကားကြီးတွေရှိတယ်။ အမြန်ဘတ်စ်ကားလိုင်း စနစ်မှာ ခရီးသည်တွေ သက်သောင့်သက်သာ ဖြစ်အောင် လုပ်ပေးထားတဲ့အပြင် Aircon လည်း ပါမှာဖြစ်ပါတယ်။ ယာဉ်စီးခကိုလည်း ခရီးသွားပြည်သူ ၀န်ထိုးဝန်ပိုး မဖြစ်စေမယ့် ကားခနှုန်းထားကို သတ်မှတ်ပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီလို ကားခနှုန်းထား ဖြစ်အောင်လို့လည်း အဲဒီကားတွေအတွက် CNG ရအောင် လုပ်ပေးမယ်လို့ ပြောထားတယ်။ အဲဒီစနစ်ကို လုပ်ချင်တဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေကိုလည်း တင်ဒါခေါ်မယ်။ သင့်တော်တဲ့ ကုမ္ပဏီရှိရင် လုပ်ကိုင်ခွင့် ပြုသွားမယ်။ အစိုးရ အဖွဲ့ကတော့ ကြီးကြပ်ညွှန်ကြားမှုပဲ လုပ်သွားမယ်။ ဒီနှစ်အတွင်းမှာ ဒီစနစ်ကို စတင်နိုင်အောင်လို့ လုပ်သွားမှာ ဖြစ်ပါတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဦးအောင်ခင်က ပြောကြားခဲ့သည်။

အမြန်ဘတ်စ်ကားလိုင်း စနစ်အတွက် မှတ်တိုင်များ သီးခြားသတ်မှတ်ခြင်း၊ မီးပွိုင့်များ ပြင်ဆင်ခြင်းတို့ကို ပြုလုပ်သွားရမည်ဖြစ်ပြီး အမြန်ဘတ်စ်ကားလိုင်းမှာ သုံးမိနစ်ခြား တစ်စီး ပြေးဆွဲမည် ဖြစ်ကြောင်း၊ လမ်းကြောင်းအနေဖြင့် ပြည်လမ်းအား ပဏာမ ရွေးချယ်အားပြီး ခရေပင်လမ်းခွဲမှ မြို့ထဲအထိ စတင်ပြေးဆွဲရန် စီစဉ်လျက် ရှိသည်ဟု သိရသည်။

''အမြန်ဘတ်စ်ကားလိုင်း စနစ်အတွက် ပြည်လမ်းကို ပဏာမရွေးထားတယ်။ ပြည်လမ်းက နည်းနည်ကျယ်တော့ လမ်းဘေးဝဲယာက ပလက်ဖောင်းတွေ အိမ်တွေ ထိခိုက်မှု မရှိနိုင်ဘူး။ အခြားလမ်းတွေ ဆိုရင်တော့ လမ်းဘေး ပလက်ဖောင်းတွေ၊ အိမ်တွေနဲ့ နီးတော့ ထိခိုက်မှု ရှိနိုင်တယ်။ စဆွဲမယ့် အတွေ့အကြုံပေါ် မူတည်ပြီး နောက်ပိုင်း ဆက်လုပ်သွားမှာ ဖြစ်ပါတယ်'' ဟု ဦးအောင်ခင်က ဆက်လက် ပြောကြားသည်။

ကြေးနီစီမံကိန်း အကောင်အထည်ဖော်ရာ လက်ပံတောင်းတောင် ဒေသတွင် ပုဒ်မ ၁၄၄ ကို ဆက်လက်ထုတ်ပြန်ထားမည်

ကြေးနီစီမံကိန်း အကောင်အထည်ဖော်ရာ လက်ပံတောင်းတောင် ဒေသတွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ကို ဆက်လက်ထုတ်ပြန် ထားမည်ဟု သမ္မတရုံး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ပြောကြားသည်။

လက်ရှိအချိန်တွင် ကြေးနီစီမံကိန်း တည်ရှိရာ လက်ပံတောင်းတောင် ဒေသများတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားကြောင်း၊ ထိုသို့ထုတ်ပြန်ထားရခြင်းမှာ ကြေးနီစီမံကိန်း အကောင်အထည် ဖော်ရာတွင် နှောင့်နှေးကြန့်ကြာမှုများ မရှိရန်နှင့် ပြည်သူများ မလိုလားဘဲ ထိခိုက်မှုများ မရှိစေရန် ထုတ်ပြန်ထားရခြင်းဖြစ်ကြောင်း ဦးလှထွန်းက ပြောကြားသည်။

သမ္မတရုံး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက "ပုဒ်မ ၁၄၄ ဆိုတာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ဖြစ်ပါတယ်။ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ငြိမ်ဝပ်ပိပြားရေး ကိစ္စတွေကို လုပ်ကိုင်နိုင်ဖို့ ထုတ်ပြန်ထားတဲ့ အမိန့်ဖြစ်ပါတယ်။ ဒီဒေသမှာ လုပ်ငန်းတွေ ဆောင်ရွက်တဲ့ နေရာမှာ ကျေးရွာမှာရှိတဲ့ လူထုမလိုလားအပ်ဘဲ ထိခိုက်မှုတွေ မဖြစ်အောင်၊ လုပ်ငန်းစီမံကိန်းတွေကိုလည်း အကောင်အထည် ဖော်တဲ့နေရာမှာ နှောင့်နှေးကြန့်ကြာမှုတွေ မရှိအောင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ ၁၄၄ ကို ရုပ်သိမ်းလိုက်မယ်ဆိုရင်တော့ လုပ်ငန်းဆောင်ရွက်တဲ့ နေရာမှာရော ပြည်သူလူထု ထိခိုက်မှုတွေရော ရှိလာနိုင်တယ်။ ဒါ့ကြောင့် လက်ရှိအားဖြင့်တော့ ပုဒ်မ ၁၄၄ ကို ဆက်လက်ထုတ်ပြန် ထားရမယ့် အနေအထား ဖြစ်ပါတယ်" ဟု ပြောကြားသည်။

လက်ပံတောင်းတောင် ဒေသတွင် လက်ရှိအချိန်ထိ ဥပဒေကို ဖောက်ဖျက်ကျူးလွန်မှု (၄၉) ကြိမ်အထိ ဖြစ်ပွားခဲ့ကြောင်း၊ ယင်းကဲ့သို့ ဖြစ်ပွားခဲ့ရခြင်းများတွင် နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်မှုများ ရှိနေကြောင်း၊ ယင်းအချက်များကြောင့် ပုဒ်မ ၁၄၄ ကို ဆက်လက်ထားရှိရခြင်း ဖြစ်ကြောင်းလည်း ၎င်းကပြောကြားသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မတီ အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီ၏ ထုတ်ပြန်ချက်အရ လက်ရှိအချိန်ထိ ဥပဒေကို ဖောက်ဖျက်ကျူးလွန် မှုများတွင် ပုဒ်မ ၁၄၄ ထုတ်ထားသည့် စီမံကိန်း ဧရိယာအတွင်းသို့ ၀င်ရောက်ထွန်ယက်ခြင်း နှစ်ကြိမ်၊ မုံရွာအကျဉ်းထောင်ရှေ့ လူစုလူဝေးဖြင့် လာရောက်မှုတစ်ကြိမ်၊ ခွင့်ပြုချက် မရယူဘဲ လူစုလူဝေးဖြင့် ဆန္ဒပြမှု ငါးကြိမ်၊ တားမြစ်နယ်မြေအတွင်း လူစုလူဝေးဖြင့် ၀င်ရောက်ခြင်းနှင့် တာဝန်ထမ်းဆောင်နေသော ပြည်သူ့ဝန်ထမ်းများအား အပြင်းအထန် နာကျင်စေခြင်းနှစ်ကြိမ် ရှိခဲ့ကြောင်း သမ္မတရုံးဝန်ကြီးက ပြောကြားသည်။

ထို့ပြင် ယာဉ်ယန္တရားများကို တားဆီးဟန့်တား ပိတ်ဆို့မှုနှစ်ကြိမ်၊ ကန့်သတ်နယ်မြေအတွင်း ၀င်ရောက်အခြေပြုမှုနှင့် ဆူပူမှု ခုနစ်ကြိမ်၊ လုပ်ငန်းဆောင်ရွက်နေသော ၀န်ထမ်းများအား ခြိမ်းခြောက် ဟန့်တားမှု နှစ်ကြိမ်၊ ၀မ်ပေါင်ကုမ္ပဏီမှ ပညာရှင်များအား တားဆီးထိန်းချုပ်မှု တစ်ကြိမ်၊ တရားရုံးသို့ လူစုလူဝေးဖြင့် လာရောက်ခြင်း သုံးကြိမ်၊ စက္ကူရုပ်များ ပြုလုပ်၍ မီးရှို့ခြင်း တစ်ကြိမ်၊ ဆားလင်းကြီး ထွေ/အုပ်ရုံးသို့ လာရောက်တင်ပြမှု နှစ်ကြိမ်၊ ပြင်ပအဖွဲ့အစည်းများ၏ စည်းရုံးသိမ်းသွင်းခြင်းနှင့် တွေ့ဆုံဆွေးနွေးမှုများ ၁၀ ကြိမ်၊ ဆန္ဒပြ ဆိုင်းဘုတ်စိုက်ထူခင်း ငါးကြိမ်ပြုလုပ်ခဲ့ကြောင်း သမ္မတရုံးဝန်ကြီး ဦးလှထွန်းက ပြောကြားသည်။

မန္တလေးမြို့ရှိ ကုန်းဘောင်ခေတ် နှောင်းပိုင်းလက်ရာ ရှေးဟောင်းဘုန်းတော်ကြီး ကျောင်းအချို့ ပျက်စီးယိုယွင်းမှု များပြားလာသောကြောင့် ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းရန် လိုအပ်လာ


7.28.15

မင်းတုန်းမင်း၏ နန်းမတော် မိဖုရားခေါင်ကြီး ကုသိုလ်တော်ဖြစ်သည့် မဟာစိတြာရာမ သစ်သား ကျောင်းတိုက်ကြီးအား တွေ့မြင်ရစဉ်

မန္တလေးမြို့ရှိ ကုန်းဘောင်ခေတ် နှောင်းပိုင်းလက်ရာ ရှေးဟောင်း ဘုန်းတော်ကြီးကျောင်း အချို့မှာ ပျက်စီးယိုယွင်းမှု များလာခြင်းကြောင့် ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းရန် လိုအပ်လျက်ရှိကြောင်း သိရသည်။

ရတနာပုံခေတ် နှောင်းပိုင်းလက်ရာများဖြင့် တည်ဆောက်ထားပြီး နှစ်သက်တမ်းအားဖြင့် ၂၀၀ ၀န်းကျင်ခန့် ရှိနေပြီဖြစ်သည့် ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းများမှာ ယခုအချိန်တွင် နှစ်ကာလ ကြာမြင့်လာပြီဖြစ်ပြီး ခေတ်အဆက်ဆက် ပြုပြင်ထိန်းသိမ်းမှု အားနည်းခဲ့ခြင်းတို့ကြောင့် ယခုကဲ့သို့ ပျက်စီးယိုယွင်းမှု များလာရခြင်းလည်း ဖြစ်သည်။

မန္တလေးမြို့ရှိ ရှေးဟောင်းမြန်မာ ဘုန်းတော်ကြီးကျောင်း အချို့အား ရှေးဟောင်း သုတေသနဌာနမှ ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းမှုများ ရှိနေသော်လည်း အချို့သော ဘုန်းတော်ကြီး ကျောင်းများမှာ ပြုပြင်ထိန်းသိမ်းရန် အတွက် အလှူရှင်များ လိုအပ်လျက် ရှိနေကြောင်းလည်း သိရသည်။

''မြန်မာမှု လက်ရာတွေနဲ့ တည်ဆောက်ထားတဲ့ ရှေးဟောင်းမြန်မာ ဘုန်းတော်ကြီးကျောင်းတွေကို ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်ဆောင်ဖို့ အတွက် မှတ်တမ်းယူထားပါတယ်။ ပြုပြင်ထိန်းသိမ်းပြီးတဲ့ ကျောင်းတွေလည်း ရှိပါတယ်။ တချို့ကျောင်းတွေကတော့ ဆရာတော်တွေကပဲ ဆက်လက် ထိန်းသိမ်းထားတာ တွေလည်း ရှိပါတယ်'' ဟု ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောခဲ့သည်။

မန္တလေးမြို့ရှိ ကုန်းဘောင်ခေတ်နှောင်းပိုင်း လက်ရာများဖြစ်ပြီး နှစ်သက်တမ်း ၂၀၀ ၀န်းကျင်ရှိ နေပြီဖြစ်သည့် ရွှေအင်ပင်ကျောင်းတိုက်၊ သင်္ဂဇာကျောင်းတိုက်၊ တံခွန်တိုင်ပြည်ကျောင်းတိုက်၊ ကင်းဝန်မင်းကြီးကျောင်းတိုက်၊ မဟာမင်းထင်ကျောင်းတိုက်၊ စီးတော်မြင်းဝန်တိုက်၊ ဗန်းမော်ကျောင်းတိုက်၊ ရွှေကျင်ကျောင်းတိုက် အစရှိသည့် ကျောင်းတိုက်များကို ရှေးဟောင်း သုတေသန ဌာနမှ ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ထားပြီး ရွှေနန်းတော်ကျောင်းကို အမေရိကန် အစိုးရ၏ နည်းပညာ အကူအညီများ ရယူကာ ပြုပြင်သွားမည်ဖြစ်သည်။

ထို့အပြင် မန္တလေးမြို့ရှိ ကင်းဝန်မင်းကြီးကျောင်းတိုက်၊ သင်္ဂဇာကျောင်းတိုက် အစရှိသည့် ကျောင်းတိုက်များကို အမေရိကန်၊ ဂျာမနီ စသည့် နိုင်ငံများမှလည်း ပြုပြင်ထိန်းသိမ်းရန် အတွက် စိတ်ဝင်စားလျက် ရှိကြောင်း သိရသည်။

ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းများတွင် အုတ်ကျောင်း၊ သစ်သားကျောင်းတို့ဖြင့် မြန်မာမှု အနုပညာလက်ရာ ပြောင်မြောက်စွာဖြင့် တည်ဆောက်ထားခဲ့ကြပြီး အချို့သော ရှေးဟောင်းဘုန်းတော်ကြီး ကျောင်းများမှာ ဒုတိယ ကမ္ဘာစစ်အတွင်းက မီးလောင်ပျက်စီး ခဲ့မှုများကြောင့် ယဉ်ကျေးမှု အမွေအနှစ်များနှင့် သမိုင်းမှတ်တမ်းများ ပျောက်ကွယ်သွားခဲ့ ရသည်ဟု သမိုင်းမှတ်တမ်း ရေးသားသူများက ဆိုသည်။

''ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းဆိုတာ ပြုပြင်မယ်ဆိုရင် ယဉ်ကျေးမှု အဆင့်အတန်းမီအောင် ပြုပြင်ထိန်းသိမ်းနိုင်ဖို့ လိုပါတယ်။ တကယ်လို့ ရှေးဟောင်း အဆောက်အအုံကို မဖြစ်မနေ ဖျက်ပစ်တော့မယ် ဆိုရင်လည်း သမိုင်းမှတ်တမ်းလေး ကျန်ခဲ့အောင် ဓာတ်ပုံမှတ်တမ်းလေးတော့ ယူထားစေချင်ပါတယ်'' ဟု မြန်မာမှု ဗိသုကာပညာရှင် ဦးဝင်းမောင် (တမ္ပ၀တီ)က ပြောကြားသည်။

မော်လမြိုင်-ဘီလူးကျွန်း တံတားစီမံကိန်း ၂၀၁၄-၂၀၁၅ စီမံကိန်းနှစ်တွင် စတင်မည်

မွန်ပြည်နယ် အတွင်းရှိ သံလွင်မြစ် ခြားနေသော မော်လမြိုင်-မုပွန်ရပ်ကွက်နှင့် ဘီလူးကျွန်း ချောင်းဆုံ မြို့နယ် ကညှော်ကျေးရွာတို့ကို မြစ်ကူးတံတား တည်ဆောက်ရေး အတွက် လမ်းအူကြောင်း တိုင်းထွာမှုများ ပြုလုပ်ပြီးဖြစ်၍ လာမည့် (၂၀၁၄-၂၀၁၅) စီမံကိန်းနှစ်တွင် စတင်နိုင်မည် ဖြစ်ကြောင်း၊ ဦးစောမြင့်ကြည် (ဒုအင်ဂျင်နီယာမှူးကြီး-တံတားအထူးအဖွဲ့ ၆)က ပြောကြားသည်။

''ဇွန် ၂၂ ရက်က မော်လမြိုင် မုပွန်ဘက်အခြမ်း တံတားတည်ဆောက်ရေး တိုင်းထွာမှုတွေကို ပြည်ထောင်စုဝန်ကြီး စစ်ဆေးသွားပါပြီ။ တံတားကကြီးတော့ ကုန်ကျငွေ များပါတယ်။

ပြည်နယ်ဘက်ဂျက်နဲ့ မလုပ်နိုင်တော့ ပြည်ထောင်စု ၀န်ကြီးဌာန ဘက်ဂျက်နဲ့ သွားဖို့ရှိပါတယ်။ ခန့်မှန်းရတာက (၂၀၁၄-၁၅) စီမံကိန်း နှစ်လောက်မှ စနိုင်မယ်'' ဟု မွန်ပြည်နယ် ဘဏ္ဍာ၊ အခွန်ဝန်ကြီး ဒေါက်တာခင်မောင်သွင်က ပြောပါသည်။

သံလွင်မြစ်ကူး မော်လမြိုင်-ဘီလူးကျွန်းတံတား တည်ဆောက်ရေး အတွက် ၂၀၀၆ ခုနှစ်တွင် မော်လမြိုင်၊ မုပွန်နှင့် ဘီလူးကျွန်း-ကညှော်ရွာ မြစ်ကြောင်းတိုင်းတာမှုကို တစ်ကြိမ်ပြုလုပ်ခဲ့ပြီး ပေါင်၊ မုတ္တမနှင့် ဘီလူးကျွန်း ကလွီဖက်ခြမ်းကိုလည်း တိုင်းတွာမှုများ ပြုလုပ်ခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်အတွင်း မော်လမြိုင်၊ မုပွန်နှင့် ဘီလူးကျွန်း-ကညှော်ကျေးရွာ၊ တိုင်းတာမှုကို နောက်ဆုံးပြုလုပ်ခဲ့သည်ဟု ဦးစောမြင့်ကြည်က ပြောပါသည်။

အကြိုတိုင်းထွာ ချက်များအရ BANK TO BANK သံလွင်မြစ် ကညှော်ဘက်ကမ်းမှ မုပွန်ဘက်ကမ်းအထိ ပင်မတံတားအရှည် (၄၃၉၄ ဒသမ ၈၆) ပေ၊ ကညှော်ချောင်းကူး တံတားအရှည် (၁၀၀) ပေ၊ ပေါင်း-(၄၅၀၄ ဒသမ၈၆) ရှိပြီး ချဉ်းကပ်လမ်း အနေဖြင့် ကညှော်ဘက် (၃၈၆၀ ဒသမ ၅၅)ပေ၊ မုပွန်ဘက် (၆၄၇ ဒသမ ၀၆) ပေ၊ ချဉ်းကမ်းလမ်း အရှည်ပေါင်း (၄၅၃၄ ဒသမ ၆၁) ရှိသည်ဟု သိရသည်။

မွန်ပြည်နယ် ဘီလူးကျွန်း ချောင်းဆုံမြို့နယ်သည် မော်လမြိုင် ခရိုင်အတွင်း တည်ရှိပြီး စတုရန်းမိုင် (၂၅၄ ဒသမ ၀၉၈) ကျယ်ဝန်းကာ လူဦးရေ သုံးသိန်းဝန်းကျင်ရှိ၍ ရေလုပ်ငန်း၊ လယ်ယာလုပ်ငန်း၊ ကျောက်သင်ပုန်းလုပ်ငန်း၊ လက်မှုပညာ လုပ်ငန်းများ လုပ်ကိုင်ကြပြီး တစ်ချိန်က လက်မှုစက်မှု လုပ်ငန်းများ ထွန်းကားခဲ့ကာ (မိတ်အင်ယလွတ်) ဟူသော ဆေးတန်လုပ်ငန်းဖြင့် ထင်ရှားခဲ့သည်။

ကရင်ပြည်နယ် လှိုင်းဘွဲမြို့တွင် မြစ်ရေကြီးမှုကြောင့် ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်

7.30.13

လှိုင်းဘွဲမြို့ရှိ ရပ်ကွက်တစ်ခုအတွင်း ရေနစ်မြုပ်နေစဉ်

ကရင်ပြည်နယ်အတွင်း မိုးဆက်တိုက် ရွာသွန်းနေမှုကြောင့် ဒေါနတောင်ကျရေ အရှိန်ဖြင့် လှိုင်းဘွဲချောင်းရေ မြင့်တက်လာကာ လှိုင်းဘွဲ့မြို့ပေါ် ရပ်ကွက်များ၌ ဇူလိုင် ၂၈ ရက် မွန်းလွဲပိုင်းမှ စတင်ကာ ရေကြီးရေလွှမ်းမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

''ကယ်ဆယ်ရေး စခန်းတွေကို အချိန်နဲ့ တစ်ပြေးညီ ဖွင့်လှစ်ပေးထားတယ်။ လိုအပ်တဲ့ ဆန်၊ ဆီ၊ ဆား အပါအ၀င် စောင်၊ ခြင်ထောင်၊ အ၀တ်အထည် တွေကိုလည်း ထောက်ပံ့ပေးပြီး ဆေးခန်းတွေလည်း ဖွင့်လှစ်ပေးထားတယ်။ ရေဘေးဒုက္ခသည်တွေ ရွှေ့ပြောင်းစ အနေအထားမို့ အိမ်ထောင်စုစာရင်း အတိအကျ မသိရသေးဘူး'' ဟု လှိုင်းဘွဲမြို့ ရေဘေးကယ်ဆယ်ရေး တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက Daily Eleven သို့ ပြောကြားသည်။

လှိုင်းဘွဲချောင်း၏ စိုးရိမ်ရေမှတ်မှာ စင်တီမီတာ ၇၀၀ ရှိပြီး ဒေါနတောင်ကျရေ အရှိန်ဖြင့် ချောင်းရေ မြင့်တက်လာကာ လှိုင်းဘွဲမြို့ပေါ်ရှိ စည်ပင်သာယာရေးဈေး အပါအ၀င် က၊ ခ ၊ ဂ ၊ ဃ ရပ်ကွက်များ ရေကြီးရေလျံမှုများ ဖြစ်ပေါ်နေခြင်းကြောင့် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်း အပါအ၀င် ရေဘေးကယ်ဆယ်ရေး အဖွဲ့ဝင်များ၊ လူမှုကူညီရေး အဖွဲ့ဝင်များက လှိုင်းဘွဲမြို့သို့ သွားရောက်ကာ လိုအပ်သော အကူအညီများကို သွားရောက် ကူညီဖြည့်ဆည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။