Tuesday, July 30, 2013

ကြေးနီစီမံကိန်း အကောင်အထည်ဖော်ရာ လက်ပံတောင်းတောင် ဒေသတွင် ပုဒ်မ ၁၄၄ ကို ဆက်လက်ထုတ်ပြန်ထားမည်

ကြေးနီစီမံကိန်း အကောင်အထည်ဖော်ရာ လက်ပံတောင်းတောင် ဒေသတွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ကို ဆက်လက်ထုတ်ပြန် ထားမည်ဟု သမ္မတရုံး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ပြောကြားသည်။

လက်ရှိအချိန်တွင် ကြေးနီစီမံကိန်း တည်ရှိရာ လက်ပံတောင်းတောင် ဒေသများတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားကြောင်း၊ ထိုသို့ထုတ်ပြန်ထားရခြင်းမှာ ကြေးနီစီမံကိန်း အကောင်အထည် ဖော်ရာတွင် နှောင့်နှေးကြန့်ကြာမှုများ မရှိရန်နှင့် ပြည်သူများ မလိုလားဘဲ ထိခိုက်မှုများ မရှိစေရန် ထုတ်ပြန်ထားရခြင်းဖြစ်ကြောင်း ဦးလှထွန်းက ပြောကြားသည်။

သမ္မတရုံး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက "ပုဒ်မ ၁၄၄ ဆိုတာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ဖြစ်ပါတယ်။ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ငြိမ်ဝပ်ပိပြားရေး ကိစ္စတွေကို လုပ်ကိုင်နိုင်ဖို့ ထုတ်ပြန်ထားတဲ့ အမိန့်ဖြစ်ပါတယ်။ ဒီဒေသမှာ လုပ်ငန်းတွေ ဆောင်ရွက်တဲ့ နေရာမှာ ကျေးရွာမှာရှိတဲ့ လူထုမလိုလားအပ်ဘဲ ထိခိုက်မှုတွေ မဖြစ်အောင်၊ လုပ်ငန်းစီမံကိန်းတွေကိုလည်း အကောင်အထည် ဖော်တဲ့နေရာမှာ နှောင့်နှေးကြန့်ကြာမှုတွေ မရှိအောင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ ၁၄၄ ကို ရုပ်သိမ်းလိုက်မယ်ဆိုရင်တော့ လုပ်ငန်းဆောင်ရွက်တဲ့ နေရာမှာရော ပြည်သူလူထု ထိခိုက်မှုတွေရော ရှိလာနိုင်တယ်။ ဒါ့ကြောင့် လက်ရှိအားဖြင့်တော့ ပုဒ်မ ၁၄၄ ကို ဆက်လက်ထုတ်ပြန် ထားရမယ့် အနေအထား ဖြစ်ပါတယ်" ဟု ပြောကြားသည်။

လက်ပံတောင်းတောင် ဒေသတွင် လက်ရှိအချိန်ထိ ဥပဒေကို ဖောက်ဖျက်ကျူးလွန်မှု (၄၉) ကြိမ်အထိ ဖြစ်ပွားခဲ့ကြောင်း၊ ယင်းကဲ့သို့ ဖြစ်ပွားခဲ့ရခြင်းများတွင် နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်မှုများ ရှိနေကြောင်း၊ ယင်းအချက်များကြောင့် ပုဒ်မ ၁၄၄ ကို ဆက်လက်ထားရှိရခြင်း ဖြစ်ကြောင်းလည်း ၎င်းကပြောကြားသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မတီ အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီ၏ ထုတ်ပြန်ချက်အရ လက်ရှိအချိန်ထိ ဥပဒေကို ဖောက်ဖျက်ကျူးလွန် မှုများတွင် ပုဒ်မ ၁၄၄ ထုတ်ထားသည့် စီမံကိန်း ဧရိယာအတွင်းသို့ ၀င်ရောက်ထွန်ယက်ခြင်း နှစ်ကြိမ်၊ မုံရွာအကျဉ်းထောင်ရှေ့ လူစုလူဝေးဖြင့် လာရောက်မှုတစ်ကြိမ်၊ ခွင့်ပြုချက် မရယူဘဲ လူစုလူဝေးဖြင့် ဆန္ဒပြမှု ငါးကြိမ်၊ တားမြစ်နယ်မြေအတွင်း လူစုလူဝေးဖြင့် ၀င်ရောက်ခြင်းနှင့် တာဝန်ထမ်းဆောင်နေသော ပြည်သူ့ဝန်ထမ်းများအား အပြင်းအထန် နာကျင်စေခြင်းနှစ်ကြိမ် ရှိခဲ့ကြောင်း သမ္မတရုံးဝန်ကြီးက ပြောကြားသည်။

ထို့ပြင် ယာဉ်ယန္တရားများကို တားဆီးဟန့်တား ပိတ်ဆို့မှုနှစ်ကြိမ်၊ ကန့်သတ်နယ်မြေအတွင်း ၀င်ရောက်အခြေပြုမှုနှင့် ဆူပူမှု ခုနစ်ကြိမ်၊ လုပ်ငန်းဆောင်ရွက်နေသော ၀န်ထမ်းများအား ခြိမ်းခြောက် ဟန့်တားမှု နှစ်ကြိမ်၊ ၀မ်ပေါင်ကုမ္ပဏီမှ ပညာရှင်များအား တားဆီးထိန်းချုပ်မှု တစ်ကြိမ်၊ တရားရုံးသို့ လူစုလူဝေးဖြင့် လာရောက်ခြင်း သုံးကြိမ်၊ စက္ကူရုပ်များ ပြုလုပ်၍ မီးရှို့ခြင်း တစ်ကြိမ်၊ ဆားလင်းကြီး ထွေ/အုပ်ရုံးသို့ လာရောက်တင်ပြမှု နှစ်ကြိမ်၊ ပြင်ပအဖွဲ့အစည်းများ၏ စည်းရုံးသိမ်းသွင်းခြင်းနှင့် တွေ့ဆုံဆွေးနွေးမှုများ ၁၀ ကြိမ်၊ ဆန္ဒပြ ဆိုင်းဘုတ်စိုက်ထူခင်း ငါးကြိမ်ပြုလုပ်ခဲ့ကြောင်း သမ္မတရုံးဝန်ကြီး ဦးလှထွန်းက ပြောကြားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။