Thursday, April 19, 2012

နေပြည်တော် တိုးချဲ့ရပ်ကွက်များရှိ အိမ်ခြံမြေဈေး ခပ်အေးအေး



နေပြည်တော်၊ ပျဉ်းမနားမြို့တိုးချဲ့ရပ်ကွက်များရှိ အိမ်ခြံမြေဈေးကွက်၌ ဈေးနူန်းစုံစမ်းခြင်းသာရှိပြီး အရောင်း အ၀ယ်ဖြစ်ပေါ်မူ မရှိသလောက် နည်းပါးနေကြောင်း နေပြည်တော် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများထံက သိရသည်။
 

“အခုမှ အခါပြီးခါစဆိုတော့ အရောင်းအ၀ယ်ကခန့်မှန်းလို့မရသေးပါဘူး။ အသွားအလာ၊ ရင်းနှီးမြှုပ်နှံမူတွေက လည်း မရှိသေးဘူးလေ။ အခုလောလောဆယ်တော့ အရောင်းအ၀ယ်မရှိသေးပါဘူး”ဟု နေပြည်တော်၊ရွှေက္ကိုလ် အိမ်ခြံမြေအကျိုးဆောင်က ဦးစန်းဌေးကပြောသည်။
ပျဉ်းမနားရှိရာဇာဌာနီလမ်းမကြီးဘေးဝဲယာ၊ ပေါင်းလောင်းတိုးချဲ့ရပ်ကွက်များတွင် ၂၀၁၂ခုနှစ် ဇန်န၀ါရီလ ပိုင်းတွင် ကျပ်သိန်း (၆၀၀)ကျော်ဝန်းကျင်ဖြင့် အရောင်းအ၀ယ်ဖြစ်ခဲ့သော် ပေ-၄၀×၆၀ မြေကွက်များသည် ကျပ်သိန်း ၅၀၀၀န်းကျင်သို့ဈေးနူန်းများကျဆင်းနေပြီးအရောင်းအ၀ယ်ဖြစ်ပေါ်မှုမရှိကြောင်း ပေါင်းလောင်း တိုးချဲ့(၁၄လမ်း)ရပ်ကွက်ရှိ ဒေသခံများကဆိုသည်။
“ကျွန်တော်တို့ ရပ်ကွက်ထဲမှာဆို နှစ်စလောက်က ပေ ၄၀×၆၀ကို ကျပ်သိန်း ၆၀၀ လောက်နဲ့ဝယ်ထား တဲ့သူတွေဆိုအခုပြန်ရောင်းဖို့ဈေးခေါ်ထားတာကိုက ကျပ်သိန်း (၅၀၀)လောက်ကို ၀ယ်လက်မရှိဘူး၊ အရင်က ဒီမှာဆို ၀ယ်လက်တွေအ၀ယ်လိုက်တဲ့နေရာက အခုဝယ်လက်မပြောနဲ့ လာကြည့်တဲ့သူတောင်မရှိဘူး” ဟု နေပြည်တော်၊ ရာဇဌာနီလမ်းမကြီးဘေး (ဘောဂသီရိ) ရပ်ကွက်နေ ဦးစိုးတင့် ကပြောသည်။
လက်ရှိတွင် နေပြည်တော်၊အိမ်ခြံမြေဈေးကွက်သည်အပြောင်းအလဲ ဖြစ်ပေါ်နိုင်မူအား ကြိုတင်ခန့်မှန်းရန် ခက်ခဲကြောင်း နေပြည်တော် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်များက သုံးသပ်သည်။
 
နေပြည်တော်၊အိမ်ခြံမြေဈေးကွက်သည် ကျောက်မျက်ရတနာပြပွဲကျင်းပပြီးချိန်နှင့် ကျင်းပမှုမတိုင်ခင် ဈေးနူန်းမြင့်တက်လာတက်ပြီး အရောင်းအ၀ယ်ကောင်းလျက်ရှိကြောင်း အကျိုးဆောင်များ ကဆိုသည်။
“ဈေးကွက်ကြိုတင်ခန့်မှန်းလို့မရဘူးဖြစ်နေတယ်။ ကျောက်မျက်ပြပွဲဖြစ်ချိန်ဆိုရင် (အိမ်၊ခြံ) မြေဈေးကနည်းနည်း လှုပ်တက်တယ်။ အခုက အဲလိုမဖြစ်ခဲ့ဘူး။ ကုန်သည်တွေကလည်း မြှုပ်နှံမှုအားနည်းလာတယ်၊ အဲဒါကြောင့် ဈေးကျတာတောင် ၀ယ်လက် မလိုက်တာပါ” ဟု အိမ်ခြံမြေအကျိုးဆောင်လုပ်ကိုင်နေသူ ဦးဝင်းလွင်က ပြော သည်။
နေပြည်တော်၊ ရာဇဌာနီလမ်းမကြီးဘေးဝဲယာရှိ မြေကွက်များသည် ၂၀၁၂ခုနှစ် ဇန်န၀ါရီလပိုင်းတွင် ကျပ်သိန်း ၁၅၀၀-၃၅၀၀ မြေကွက်များ အရောင်းအ၀ယ်ဖြစ်ပေါ်ခဲ့ကြောင်း၊ ပျဉ်းမနား၊တိုးချဲ့ရပ်ကွက်များရှိ မြေကွက် များသည် ကျပ်သိန်း ၄၀၀-၅၀၀ မြေကွက်များအရောင်းအ၀ယ်ဖြစ်ပေါ်ခဲ့ကြသော်လည်း လက်ရှိတွင် စုံစမ်းခြင်းအဆင့်ရှိပြီး ၀ယ်လက်မရှိကြောင်း ဈေးကွက်အတွင်းက သိရသည်။

by Myit Makha Mediagroup on 19 Apr, 2012

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။