Monday, February 25, 2013

အများပိုင် ဘဏ်အဖြစ် ပြောင်းလဲခွင့် ရရှိထားသည့် AGD ဘဏ်၏ အစုရှယ်ယာ ရောင်းချမှုအား ၆ လအတွင်း ရောင်းချပေးမည်ဖြစ်ပြီး လက်ရှိ လည်ပတ်ငွေများသည် လက်နက်၊ မူးယစ်ဆေးဝါး ရောင်းဝယ်သည့်ငွေများ မပါရှိဟုဆို

အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (Asia Green Development Bank) အား အများပိုင် ဘဏ်အဖြစ် ပြောင်းလဲဖွဲ့စည်းရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဋ္ဌာနမှ ဖေဖော်ဝါ ရီလ ၁၈ ရက်နေ့တွင် ခွင့်ပြုလိုက်ပြီး နောက်သုံးလမှ ခြောက်လအတွင်း အများပြည်သူများထံ အစုရှယ်ယာများ ရောင်းချပေးသွားမည် ဖြစ်ကြောင်း အဆိုပါဘဏ်မှ ဥက္ကဋ္ဌဦးသန်းရီက ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။

ယင်း၏ ထုတ်ပြန်ချက်တွင် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်အား မတည် တည်ထောင်ခဲ့သည့် ထူးကုမ္ပဏီများ အုပ်စုသည် လက်နက်ရောင်းဝယ်ရေး၊ မူးယစ်ဆေးဝါး ရောင်းဝယ်ရေး စသည့်လုပ်ငန်းများနှင့် ဆက်စပ်သည့် ၀င်ငွေမရှိဘဲ ဗဟိုဘဏ်မှ ချမှတ်ထားသည့် အချက်များနှင့် ကိုက်ညီကာ နိုင်ငံတကာ ချမှတ်ထားသည့် ဘဏ်စံနှုန်းများနှင့် ကိုက်ညီသဖြင့် အမေရိကန်နိုင်ငံမှ စီးပွားရေး ပိတ်ဆို့မှုများပင် လျှော့ချပေးခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် အပါအ၀င် ထူးကုမ္ပဏီများ အုပ်စု၏ လုပ်ငန်းများအား အမေရိကန စီးပွားရေး ပိတ်ဆို့မှုများ လျော့ကျစေရန် ထောက်ခံပေးခဲ့သည့် နိုင်ငံတော် အကြီးအကဲများ၊ ၀န်ကြီးများ၊ နိုင်ငံတကာ သံတမန်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ထောက်ခံမှုများ ပြုလုပ်ပေးခဲ့ကြောင်း ဘဏ်ဥက္ကဋ္ဌ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အများပိုင်အဖြစ် ပြောင်းလဲရန် စီစဉ်နေသည့် ဘဏ်ရှယ်ယာများကိုလည်း Valuation ကုမ္ပဏီများ၊ Law Firm များ၊ Audit Firm များနှင့် တိုင်ပင်၍ သုံးလမှ ခြောက်လအတွင်း ရောင်းချ ပေးမည်ဖြစ်ပြီး နိုင်ငံ့အကျိုးနှင့် ပြည်သူများ အကျိုးအတွက်သာ ဆောင်ရွက်သွားမည်ဟု သိရသည်။

အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်အား အများပိုင်ဘဏ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဋ္ဌာနမှ ကုမ္ပဏီ မှတ်ပုံတင်အမှတ် ၄၉၂၉/၂၀၁၂-၂၀၁၃ ဖြင့် ဖေဖော်ဝါရီလ ၁၈ ရက်က ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံရှိ ငွေကြေးအဖွဲ့ အစည်းများနှင့် မြန်မာနိုင်ငံရှိ ဘဏ်များ ငွေကြေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်၊ ဧရာဝတီဘဏ်နှင့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်တို့အား စီးပွားရေး ပိတ်ဆို့မှု ဖြေလျော့သည့် အနေဖြင့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က လုပ်ငန်းလုပ်ပိုင်ခွင့် လိုင်စင်များအား တရားဝင် ထုတ်ပေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။