Saturday, May 11, 2013

ဈေးပေါသော်လည်း ကျပ် ၁၅၀၀ တန်ဖုန်း ကိုင်ဆောင်သူများ ဒုက္ခရောက်


5.9.4

ကျပ် ၁၅၀၀ တန်ဖုန်း ၀ယ်ယူခွင့်ရရန် အမည်စာရင်း ကြည့်ရှုနေသည်ကို တွေ့ရစဉ်

ဧပြီ ၂၄ ရက်တွင် သက်ဆိုင်ရာ ရပ်ကွက်ရုံးများ၌ မဲနှိုက်စနစ်ဖြင့် ရောင်းချပေးခဲ့သည့် ကျပ် ၁၅၀၀ တန်ဆင်းကတ်များမှာ ယခင် ရောင်းချပေးခဲ့သည့် ဆင်းကတ်များနှင့် နှိုင်းယှဉ်ပါက ဈေးသက်သာသော်လည်း အသုံးပြုသူများ အနေဖြင့် သုံးစွဲရာ၊ ၀ယ်ယူရာတွင် အခက်အခဲများစွာရှိကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ ကျပ် ၁၅၀၀ တန် ဆင်းကတ်များကို ကိုင်ဆောင်အသုံးပြုလိုသူများ အနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်ရုံးများတွင် သန်းခေါင်စာရင်းမိတ္တူ၊ မှတ်ပုံတင်မိတ္တူနှင့် သွားရောက်လျှောက်ထားရပြီး ရပ်ကွက်အတွင်းရှိ လူဦးရေပေါ် မူတည်၍ ကတ်အရေအတွက် ရောင်းချပေးခဲ့ကြောင်း သိရသည်။ ၀ယ်ယူသူများ အနေဖြင့် ယင်း ၁၅၀၀ တန် ဆင်းကတ်များကို ၀ယ်ယူရာတွင် ဖုန်းဆင်းကတ်များကို လိုသလောက် ရောင်းချပေးနိုင်မှု မရှိခြင်း၊ သုံးစွဲနိုင်သော ဧရိယာ အကန့်အသတ် ရှိနေခြင်း၊ အသုံးပြုနိုင်သော ဟန်းဆက် အမျိုးအစား ကွာခြားခြင်း၊ အသုံးပြုသူများအပေါ် သတ်မှတ်ချက် ကွာခြားခြင်းတို့ကြောင့် ကိုင်ဆောင်သူများ အနေဖြင့် အခက်တွေ့လျက်ရှိကြောင်း သိရသည်။

ဧပြီ ၂၄ ရက်တွင် ရောင်းချပေးခဲ့သည့် ငွေကျပ် ၁၅၀၀ တန် စီဒီအမ်အေ ၈၀၀ ဆင်းကတ်များမှာ ဟန်းဆက်ရွေးခြင်း၊ အသုံးပြုနိုင်သည့် နေရာဒေသ အကန့်အသတ်ရှိခြင်းတို့အပြင် ကတ်ရပြီး အသုံးမပြုပါက ဖုန်းလိုင်းပိတ်မည်။ ထို့အပြင် နှစ်လလျှင် ငွေကျပ် ၅၀၀၀ အနည်းဆုံး အသုံးပြုရမည် စသော သတ်မှတ်ချက်များ ရှိနေခြင်း၊ ယခင် ရောင်းချပေးခဲ့သည့် စီဒီအမ်အေ ၈၀၀ ဆင်းကတ်များကဲ့သို့ စီဒီအမ်အေ ၄၅၀ ကွန်ရက်အတွင်း၌ အသုံးပြုနိုင်မှု မရှိခြင်း စသည့် အချက်များကြောင့် သုံးစွဲသူအချို့မှာ ကြိုက်နှစ်သက်ခြင်း မရှိကြောင်း သိရသည်။

''ကျွန်တော်က ဖုန်းဝယ်ဖို့ အစီအစဉ်ရှိပြီး မဲလည်းမပေါက်တော့ အပြင်မှာ လိုက်စုံစမ်းတာ ကျပ် ၁၅၀၀ တန် စီဒီအမ်အေ ၈၀၀ ကတ်က ကျပ် ၇ သောင်းလောက် ပေါက်ဈေးရှိနေတယ်။ ဒါနဲ့ ဂျီအက်စ်အမ်ကတ်ပဲ ၀ယ်ဖို့စိတ်ကူးမိတယ်။ တန်ဖိုးနည်း ဂျီအက်စ်အမ်ကတ်တွေ ချပေးမယ့်အချိန်ကို မစောင့်နိုင်တော့လို့ပါ'' ဟု ကမာရွတ်မြို့နယ်မှ ကိုထွန်းနိုင်ဝင်းက ပြောပြသည်။

''အခု ဒီဖုန်းထွက်လာပြီးနောက်မှာ အရင်ချပေးခဲ့တဲ့ ၀၉၇၃၀ နဲ့စတဲ့ စီဒီအမ်အေ ၈၀၀ ဖုန်းတွေတောင် ကျပ်နှစ်သိန်းခွဲလောက် ပြန်ဖြစ်နေတယ်။ ၀ယ်ဖို့လာကမ်းလှမ်းတဲ့ သူတွေရှိပေမယ့် နံပါတ်က အသားကျနေပြီးသား ဖြစ်လို့ မရောင်းဖြစ်ပါဘူး'' ဟု ၀၉၇၃၀ ဖြင့်စသော စီဒီအမ်အေဖုန်း ကိုင်ဆောင်သူ တစ်ဦးက ပြောပြသည်။

သာကေတမြို့နယ်တွင် နေထိုင်သူ ကိုတင်မောင်လတ်က ''ကျွန်တော်အရင်တုန်းက နှစ်သိန်းတန်ဖုန်းကိုင်တာ။ ဒါပေမဲ့ ဒီ ၁၅၀၀ တန်ဖုန်းတွေရောင်းပေးခါနီးမှာ ဈေးကောင်းရလို့ ပြန်ရောင်းလိုက်တယ်။ ၁၅၀၀ တန် ဆင်းကတ်တွေ ရောင်းပေးမယ်ဆိုတော့ ၀မ်းသာမိတယ်။ ဒါပေမဲ့ တစ်ကယ်လည်း ရောင်းပေးတော့ အဆင်မပြေဘူး။ မဲနှိုက်စနစ်နဲ့ ရောင်းပေးတယ်။ ပြီးတော့ သန်းခေါင်စာရင်းလိုတယ်။ ကျွန်တော်တို့မှာ သန်းခေါင်စာရင်းက ယာယီသန်းခေါင်စာရင်းပဲရှိတယ်။ အဲဒီတော့ ၀င်လျောက်လို့ မရခဲ့ဘူး။ အခုဒီဖုန်းက နှစ်လကို တစ်ကတ်ကုန်အောင် သုံးရမယ်ဆိုတော့ ကိုယ့်ဖုန်းပဲ၊ ကိုယ်ပြောချင်လည်းပြောမယ်။ မပြောချင်လည်း မပြောဘူးပေါ့။ မသုံးလည်းဖြတ်မှာ ဆိုတော့ သိပ်အဆင်မပြေဘူး။ ဒါကြောင့် နှစ်သိန်းတန်ဖုန်းပဲ ဈေးကြီးပေးပြီး ပြန်ဝယ်လိုက်တယ်'' ဟု ပြောသည်။

ဆင်းကတ်တန်ဖိုး နည်းသော်လည်း အများပြည်သူ ကိုင်ဆောင်အသုံးပြုနိုင် လောက်သည့် ဖုန်းကတ်ပမာဏ လုံလောက်စွာ မရောင်းချနိုင်ခြင်းတို့ကြောင့် ပြည်သူများမှာ ကိုင်ဆောင်ချင်သော်လည်း ရောင်းချသည့် စနစ်ကြောင့် အခက်အခဲများဖြင့် ကြုံတွေ့နေရကြောင်း သိရသည်။

လက်ရှိတွင် ကျပ် ၁၅၀၀ တန် စီဒီအမ်အေ ၈၀၀ ဖုန်းများအတွက် မြန်မာနိုင်ငံ တစ်ဝန်းတွင် ရေဒီယို စခန်းပေါင်း၂၈၂ စခန်း ရှိပြီး ထပ်မံတိုးချဲ့ တည်ဆောက်လျက် ရှိကြောင်းလည်း သိရသည်။

ကမ္ဘာ့ဘဏ်အုပ်စုနှင့် မြန်မာနိုင်ငံ အစိုးရတို့အကြား ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့် လုပ်ဆောင်သွားမည်


ကမ္ဘာ့ဘဏ်အုပ်စုနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရတို့ကြား ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင် လုပ်ဆောင်သွားမည်ဟု ၂၀၁၃ ခုနှစ် မေ ၉ ရက် နေပြည်တော် သင်္ဂဟဟိုတယ်တွင် ပြုလုပ် ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲတွင် သိရသည်။

မြန်မာနိုင်ငံ အစိုးရနှင့် ကမ္ဘာ့ဘဏ်အုပ်စု၏ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများအနက် တစ်ခုဖြစ်သည့် အလုပ်ရုံဆွေးနွေးပွဲသည် မြန်မာနိုင်ငံအတွင်း ဆောင်ရွက်သွားမည့် ကမ္ဘာ့ဘဏ်၏ စီမံကိန်းများနှင့် စပ်လျဉ်းပြီး အရည်အသွေးနှင့် ရလဒ်ကောင်းများ ထွက်ပေါ်လာစေရန်နှင့် ကမ္ဘာ့ဘဏ်အုပ်စု၏ အဖွဲ့အစည်း တစ်ခုဖြစ်သည့် ဖွံ့ဖြိုးမှုနောက်ကျသည့် နိုင်ငံများသို့ အတိုးမဲ့ချေးငွေများနှင့် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (International Development Association) ၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ငွေကြေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ ရလဒ်ကောင်းများ ထွက်ပေါ်စေရန် စီမံဆောင်ရွက်ခြင်းနှင့် ကမ္ဘာ့ဘဏ် စီမံကိန်းများ လုပ်ငန်းလည်ပတ်မှုဖြစ်စဉ် စသည်တို့ ပါဝင်သည်။


ကမ္ဘာ့ဘဏ်အုပ်စုအနေနဲ့ မြန်မာနိုင်ငံ အစိုးရရဲ့ လက်ရှိဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဖြစ်တဲ့ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာရေး၊ အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ဖန်တီးပေးနိုင်ရေးနဲ့...

သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ''ယခုကဲ့သို့ အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပနိုင်ခဲ့တဲ့အတွက် ၀မ်းမြောက်မိပါတယ်။ မြန်မာနိုင်ငံနဲ့ ကမ္ဘာ့ဘဏ်တို့ အုပ်စုကြား လုပ်ငန်းစဉ်များနဲ့ လုပ်ထုံးလုပ်နည်းတွေကို အပြန်အလှန် ပိုမိုသိရှိ နားလည်လာတာကြောင့် ကမ္ဘာ့ဘဏ် အုပ်စုရဲ့ စီမံကိန်းတွေကို ပိုမိုထိရောက်စွာ အကောက်အထည် ဖော်နိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံသားတွေအတွက် ပိုမိုအကျိုးရှိလာစေမှာ ဖြစ်ပါတယ်''ဟု ပြောသည်။

''ကမ္ဘာ့ဘဏ်အုပ်စုအနေနဲ့ မြန်မာနိုင်ငံ အစိုးရရဲ့ လက်ရှိဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဖြစ်တဲ့ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာရေး၊ အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ဖန်တီးပေးနိုင်ရေးနဲ့ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး စတဲ့လုပ်ငန်းစဉ်တွေမှာ ကူညီဆောင်ရွက်သွားဖို့ ကတိက၀တ်ပြုထားပြီး ဖြစ်ပါတယ်။ ယနေ့ကျင်းပတဲ့ အလုပ်ရုံ ဆွေးနွေးပွဲဟာ မြန်မာနိုင်ငံနဲ့ ကမ္ဘာ့ဘဏ် အုပ်စုတို့အကြား ပူးပေါင်းဆောင်ရွက်မူများကို ပိုမိုအားကောင်း ခိုင်မာလာအောင်တည် ဆောက်လာနိုင်မယ်လို့ ယုံကြည်ပါတယ်'' ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ မစ္စတာခန်သန်ရှင်ကာက ပြောသည်။

ကမ္ဘာတစ်ဝန်းတွင် ကမ္ဘာ့ဘဏ်အုပ်စု အနေနှင့် အဓိကရည်မှန်းချက် နှစ်ခုနှင့် စီမံကိန်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ရည်မှန်းချက် နှစ်ခုဖြစ်သော အလွန်အမင်း ဆင်းရဲနွမ်းပါးမှုကို ၂၀၃၀ ခုနှစ် မတိုင်ခင် အဆုံးသတ် တိုက်ဖျက်နိုင်ဖို့နှင့် ကမ္ဘာပေါ်မှဖွံ့ဖြိုးမှုနိမ့်ကျသော တိုင်းပြည်များ၏ ၄၀ ရာခိုင်နှုန်းဖြစ်သော လူဦးရေ၏ ၀င်ငွေတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာ့ဘဏ်အုပ်စု အနေဖြင့် မြန်မာနိုင်ငံနှင့် အပြည့်အ၀ ပြန်လည်ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံသားများ၏ အကျိုးဖြစ်ထွန်းနိုင်စေဖို့ ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုများကို ပေးအပ်လျက်ရှိကြောင်း သိရသည်။

 

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုဘ၀ မြှင့်တင်ရေး အခမ်းအနား တက်ရောက်ရန် မန္တလေးသို့ မေ ၁၁ ရက် သွားမည်

5.10.4

ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုဘ၀ မြှင့်တင်ရေး အခမ်းအနားအတွက် ပြင်ဆင်နေသည်ကို မေ ၁၀ ရက်က တွေ့ရစဉ်

မန္တလေးမြို့သို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မေ ၁၁ ရက်တွင် လာရောက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ယခုမန္တလေး ခရီးစဉ်မှာ နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရပြီး ပထမဆုံး လာရောက်သည့် ခရီးစဉ်ဖြစ်ကာ ပြင်ဦးလွင်သို့လည်း သွားရောက်မည် ဖြစ်သည်ဟု သတင်းရရှိသည်။

မေ ၁၂ ရက်တွင် မန္တလေးမြို့ အမျိုးသား ကဇာတ်ရုံတွင် ပြုလုပ်မည့် မန္တလေး တိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုဘ၀ မြှင့်တင်ရေး အခမ်းအနားသို့ တက်ရောက်မည် ဖြစ်ကြောင်းနှင့် မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ်၊ မြို့တော်ဝန်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နိုင်ငံတော်သမ္မတ၏ ပထမဆုံး မန္တလေး ခရီးစဉ်အတွက် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လုံခြုံရေးအင်အား တိုးမြှင့်ဆောင်ရွက်လျက်ရှိပြီး တာဝန်ရှိသူ တစ်ဦးက ''လေဆိပ်မှာ လုံခြုံရေးအင်အား၂၀၀ လောက်နဲ့ စစ်ဆေးမှုတွေကို အရင်ကထက်ပိုပြီး ဆောင်ရွက်နေတယ်။ သာမန်ကာလျံကာ စိစစ်တာမျိုး မဟုတ်ဘဲ အ၀င်အထွက်တွေ အားလုံးကို ကြပ်မတ်ထားတယ်'' ဟု ပြောသည်။

''လုံခြုံရေးအရ သမ္မတကြီး ဘယ်သွားမယ်၊ ဘာလုပ်မယ်ဆိုတာကို မပြောနိုင်ပါဘူး'' ဟု မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ခရီးစဉ်နှင့် ပတ်သက်၍ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။

သမ္မတလာရောက်မည် ဖြစ်သောကြောင့် မန္တလေးကျုံးမြို့ရိုး ပတ်လည်ရှိ ပလက်ဖောင်းများကို ဆေးအသစ်မွမ်းမံခြင်း၊ သန့်ရှင်းခြင်းများ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုဘ၀ မြှင့်တင်ရေး အခမ်းအနားအတွက် ပြင်ဆင်နေသည်ကို မေ ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-မင်းသန့်)

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း မေလကုန်တွင် စတင်ပေးပို့ရန် အသင့်ဖြစ်နေ

ရွှေစီမံကိန်းများမှ ထွက်ရှိသော သဘာဝ ဓာတ်ငွေ့များ တင်ပို့ရောင်းချမည့် မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် မေလကုန်တွင် စတင်ပေးပို့ရန် အသင့်ဖြစ်နေ ပြီဖြစ်ကြောင်း အဆိုပါ ပိုက်လိုင်းစီမံကိန်းကို လုပ်ဆောင်နေသည့် SEAGP နှင့် SEAOP ဒုတိယဥက္ကဋ္ဌ Li Zilin က မေလ ၁၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

''ဓာတ်ငွေ့ပိုက်လိုင်းနဲ့ ရေနံပိုက်လိုင်းကို တစ်ပြိုင်နက်တည်း သွယ်တန်းတာပါ။ ဓာတ်ငွေ့ပိုက်လိုင်းက သတ်မှတ်ချိန်အတိုင်း မေလကုန်မှာ ပေးပို့ဖို့ အဆင်သင့်ဖြစ်နေပြီ။ ပေးပို့မယ့်ရက် အတိအကျတော့ မသိသေးဘူး'' ဟု Li Zilin က ပြောသည်။

မြန်မာ-တရုတ် ဓာတ်ငွေ့ပိုက်လိုင်းသည် ၇၉၃ ကီလိုမီတာ ရှည်လျားပြီး ရေနံပိုက်လိုင်းသည် ၇၇၁ ကီလိုမီတာ ရှည်လျားသည်။ ဓာတ်ငွေ့ပိုက်လိုင်းသည် ကနဦးကာလတွင် တစ်နှစ်လျှင် ဓာတ်ငွေ့ကုဗပေ ၅ ဒသမ ၂ ဘီလျံ တင်ပို့နိုင်ပြီး နောက်ပိုင်းတွင် ကုဗမီတာ ၁၂ ဘီလျံအထိ ပေးပို့နိုင်မည်ဖြစ်သည်။

ရေနံစိမ်းပိုက်လိုင်းသည် တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ၂၂ သန်း ပေးပို့နိုင်မည်ဖြစ်ပြီး အဆိုပါ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းမှ မြန်မာနိုင်ငံအတွက် တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ၂ သန်းနှင့် ဓာတ်ငွေ့ကုဗမီတာ ၂ ဘီလျံကို ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းခအဖြစ် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၈၁ သန်း ရရှိမည်ဖြစ်ပြီး နိုင်ငံတော် အခွန်အနေနှင့် ပို့လွှတ်မည့် ရေနံတစ်တန်လျှင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာနှုန်း ရရှိမည်ဖြစ်သည်။

ရွှေစီမံကိန်းသည် မြန်မာနိုင်ငံ၏ တတိယမြောက် ပြည်ပသို့ တင်ပို့ရောင်းချမည့် သဘာဝဓာတ်ငွေ့သိုက် တစ်ခုဖြစ်ပြီး နိုင်ငံအနေဖြင့် သက်ဆိုင်ရာ ရပိုင်ခွင့်များဖြစ်သော ခိုင်ကြေး (Royalty)၊ အစုရှယ်ယာ၊ ဓာတ်ငွေ့သယ်ဆောင်ခရငွေ၊ ပိုက်လိုင်းဖြတ်သန်းခငွေနှင့် ၀င်ငွေခွန်များ ရရှိမည်ဖြစ်သည်။

မြန်မာနိုင်ငံမှ ဓာတ်ငွေ့တင်ပို့ ရောင်းချလျက်ရှိသည့် ရတနာနှင့် ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အထိ အမေရိကန်ဒေါ်လာ ၁၉ ဘီလျံကျော် မြန်မာဘက်မှ ၀င်ငွေရရှိခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါ ရတနာနှင့် ရဲတံခွန် စီမံကိန်းများသည် ဓာတ်ငွေ့ထုတ်လုပ်နိုင်သည့် အချိန်မှစ၍ ၅ နှစ်မှ ၇ နှစ်ကြားတွင် အရင်းကြေခဲ့ကြောင်း သိရသည်။ စီမံကိန်းဝင်ငွေ ရပိုင်ခွင့် ခွဲဝေရာတွင် အရင်းမကြေမီ ကာလနှင့် အရင်းကြေပြီး ကာလအကြား ကွာဟချက်များရှိကြောင်း သိရသည်။

ရတနာနှင့် ရဲတံခွန် စီမံကိန်းအရင်း မကြေမီကာလတွင် မြန်မာဘက်မှ ၄၀ မှ ၅၀ ရာခိုင်နှုန်းကြား ရရှိပြီး အရင်းကြေပြီး ကာလများတွင် ၆၇ ရာခိုင်နှုန်းဝန်းကျင် ရရှိကြောင်း သိရသည်။

ယခုတရုတ်နိုင်ငံသို့ မကြာမီရောင်းချတော့မည့် ရွှေစီမံကိန်းနှင့် ယခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ ရောင်းချမည့် ဇောတိကစီမံကိန်းများမှ ရရှိသောဝင်ငွေ၏ ၆၀ ရာခိုင်နှုန်းကို မြန်မာဘက်မှ ရရှိမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းကို Daewoo မှ ၈၅ ရာခိုင်နှုန်း၊ OVL မှ ၁၇ ရာခိုင်နှုန်း၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ ၁၅ ရာခိုင်နှုန်း၊ GAIL မှ ၈ ဒသမ ၅ ရာခိုင်နှုန်း၊ KOGAS မှ ၈ ဒသမ ၅ ရာခိုင်နှုန်း အသီးသီး ပိုင်ဆိုင်သည်။

မြန်မာ့သယံဇာတဖြစ်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကို ပြည်ပတင်ပို့ရောင်းချမှုနှင့် ပတ်သက်၍ ယခင်က ပြည်တွင်း သဘာဝဓာတ်ငွေ့ လိုအပ်ချက် မရှိခဲ့ခြင်းနှင့် နိုင်ငံနှင့် ပြည်သူလူထု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် အခြေခံ အဆောက်အဦများ တည်ဆောက်ရန် နိုင်ငံခြားငွေ လိုအပ်ချက်များကြောင့် ရောင်းချခဲ့ရခြင်းဖြစ်ကြောင်း၊ ယခုနောက်ပိုင်း တွေ့ရှိသမျှ ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ပြည်တွင်း သုံးစွဲရန် ဦးစားပေးသွားမည် ဖြစ်ခြင်းကြောင့် ပြည်ပသို့ ရောင်းချတော့မည် မဟုတ်ကြောင်းနှင့် ထွက်ရှိသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့များ ပြည်တွင်းသုံးစွဲရန် ဖူလုံပြည့်စုံနေပါက တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ယခင်နှစ် နှစ်လယ်ပိုင်းတွင် ထုတ်ပြန် ကြေညာထားသည်။

မိုး/ဇလ၏ မုန်တိုင်းသတင်း ထုတ်ပြန်ချက် နိုင်ငံတကာ မိုးလေ၀သခန့်မှန်းချက်များနှင့် လွဲချော်နေ အိန္ဒိယသမုဒ္ဒရာနှင့် ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းနှစ်လုံး ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံသို့ ၀င်ရောက်နိုင်ခြေအပေါ် အနီးကပ် စောင့်ကြည့်ရန်လို


5.10.13

ဘင်္ဂလားပင်လယ်အော်၌ အပူပိုင်းမုန်တိုင်း ဖြစ်ပေါ်နေမှုနှင့် ခန့်မှန်းသက်ရောက်ရာ လမ်းကြောင်းအား မြန်မာစံတော်ချိန် မေ ၁၁ ရက် နံနက် ၁ နာရီခန့်က www.wunderground.com တွင်ဖော်ပြထားစဉ်

အိန္ဒိယသမုဒ္ဒရာနှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုန်တိုင်းနှစ်လုံး ဖြစ်ပေါ်နေသည်။ အိန္ဒိယသမုဒ္ဒရာ အတွင်းရှိ မုန်တိုင်းကို ဂျမာလာဟု အမည်ပေးထားပြီး ဘင်္ဂလားပင်လယ်အော် အတွင်းရှိ မုန်တိုင်းကိုမူ Tro-pical Cyclone 01B ( One-13) ဟုသာဖော်ပြပြီး အမည်ပေးထားခြင်း မရှိသေးပါ။

ဂျမာလာမုန်တိုင်းသည် သီရိလင်္ကာ နိုင်ငံသို့ သက်ရောက်နိုင်ခြေ ရှိနေသည်ဟု ခန့်မှန်းချက်များ ရှိနေသည်။ wunder-ground.com တွင် ခန့်မှန်းချက်အရ Tropical Cyclone 01B ( One-13) မှာ လတ်တလောတွင် Category အဆင့် သတ်မှတ်ချက် မရှိသေးဘဲ မေ ၁၁ ရက်တွင် အပူပိုင်း မုန်တိုင်းအဆင့်၊ မေ ၁၂ ရက်တွင် အပူပိုင်းမုန်တိုင်း အဆင့်မှ category 1 သို့ ကူးပြောင်းနိုင်ပြီး မေ ၁၃ ရက်ခန့်တွင် ကုန်းတွင်းသို့ ၀င်ရောက်နိုင်သည်ဟု ခန့်မှန်းထားသည်။ (ဖော်ပြပါပုံ)

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် မေ ၂ ရက် နှင့် ၃ ရက်နေ့များက မြစ်ဝကျွန်းပေါ်ဒေသကို တိုက်ခတ်ခဲ့သော ဘင်္ဂလားပင်လယ်အော်မှ အစပြုဖြစ်ပေါ်ခဲ့သည့် နာဂစ်မုန်တိုင်းသည် မေ ၁ ရက်၌ category 2 အဆင့်ဖြစ်ပြီး မြန်မာနိုင်ငံသို့ မေ ၂ ရက်၊ ၃ ရက်နေ့များတွင် ၀င်ရောက်တိုက်ခတ်ချိန်တွင်မူ အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းကြီးအဖြစ် category 4 အဆင့်ဖြင့် တစ်နာရီ လေတိုက်နှုန်း မိုင် ၁၃၀ ၀န်းကျင် တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။ နာဂစ်မုန်တိုင်းသည် ကမ္ဘာတွင် ပျက်စီးဆုံးရှုံးမှု အများဆုံး နံပါတ် (၈) နေရာတွင် ရှိခဲ့သည်။


 

အိန္ဒိယသမုဒ္ဒရာနှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုန်တိုင်းနှစ်လုံး ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံသို့ ၀င်ရောက်နိုင်ခြေအပေါ် အနီးကပ်စောင့်ကြည့်ရန် လိုအပ်မည်ဖြစ်သည်။

အိန္ဒိယသမုဒ္ဒရာတွင် ဖြစ်ပေါ်နေသော မုန်တိုင်းသည် အမည်ပေးသည့် အဆင့်သို့ ရောက်ရှိနေသည့် ဂျမာလာမုန်တိုင်းဖြစ်ပြီး သက်ရောက်နိုင်ခြေ အတွက်ကိုမူ သီရိလင်္ကာ ဖြစ်သည်ဟု လတ်တလောတွင် နိုင်ငံတကာမှ ခန့်မှန်းထားကြသည်။

ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် Tropical Cyclone 01B အပူပိုင်း မုန်တိုင်းနှင့် ပတ်သက်၍လည်း နိုင်ငံတကာမှ မိုးလေ၀သခန့်မှန်းရေးဆိုင်ရာ ၀က်ဘ်ဆိုက်အချို့တွင် ခန့်မှန်းမှုများကို ထုတ်ပြန်ခဲ့ကြသည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ် သည့် Tropical Cyclone 01B (www.gdacs.com တွင် One-13 ဟု လတ်တလော ဖော်ပြထား) နှင့်ပတ်သက်၍ Tropical Storm Risk(TSR) က ခန့်မှန်းချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး အဆိုပါ မုန်တိုင်းသည် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) အဆင့်ဖြင့် မြန်မာနိုင်ငံ ကမ်းခြေကို မေလ ၁၄ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၁ နာရီခွဲတွင် ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားခြင်းဖြစ်သည်။

TSR ၏ ခန့်မှန်းချက်အရ မေလ ၁၁ ရက်နေ့တွင် အပူပိုင်း မုန်တိုင်းအဆင့်၊ မေလ ၁၂ ရက်နေ့တွင် category 1 ၊ မေလ ၁၃ ရက်နေ့တွင် category 1 ၊ မေလ ၁၄ ရက် နေ့တွင် category 2 အဆင့်သို့ ရောက်ရှိနိုင်သည်ဟုလည်း သိရှိရသည်။

Joint Typhoon Warning Center (JTWC) ၏ ခန့်မှန်းဂရပ် ဖော်ပြမှုတွင်မူ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းနှင့် နီးကပ်လာမည့်ရက်ကို မေလ ၁၄ ရက်နေ့ဟု ဖော်ပြထားသည်။

ကမ္ဘာတစ်ဝန်း သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်မှုများကို ထုတ်ပြန်ပေးနေသည့် Global Disaster Alert and Coordination System က အပူပိုင်း မုန်တိုင်းသည် သက်ရောက်မည့် ဒေသ၏ လူဦးရေ၊ ၎င်းတို့၏ သက်ရောက်လွယ်နိုင်ခြေနှင့် လေတိုက်နှုန်း ပြင်းထန်မှု စသည်တို့ပေါ်တွင် မူတည်ကာ လူမှုရေးဆိုင်ရာ ထိခိုက်မှုများ ဖြစ်ပေါ်နိုင်သည်ဟုလည်း ဆိုထားသည်။


မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိလာခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်း ဘန်ဒါအာချေးမြို့၏ အနောက်ဘက် မိုင် ၁၅၀ ခန့်အကွာ မြန်မာနိုင်ငံ ကော့သောင်းမြို့၏ အနောက်တောင်ဘက် မိုင် ၄၂၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ...

ယခုဖြစ်ပေါ်နေသော အပူပိုင်း မုန်တိုင်းသည် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့သို့ သက်ရောက်နိုင်ခြေရှိကြောင်း accuweather.com တွင် ခန့်မှန်းဖော်ပြထားသည်။

အဆိုပါ အပူပိုင်းမုန်တိုင်းသည် မေလ ၉ ရက်နေ့တွင် လေဖိအားနည်း ရပ်ဝန်းအဖြစ် ဆက်လက် တည်ရှိပြီးနောက် မေလ ၁၀ ရက်နေ့တွင် ပိုမိုအားကောင်းလာကာ အပူပိုင်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိခဲ့သည်။

၂၀၁၃ ခုနှစ် မေလ ၁၀ ရက်နေ့ မွန်း လွဲ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိလာခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်း ဘန်ဒါအာချေးမြို့၏ အနောက်ဘက် မိုင် ၁၅၀ ခန့်အကွာ မြန်မာနိုင်ငံ ကော့သောင်းမြို့၏ အနောက်တောင်ဘက် မိုင် ၄၂၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

အဆိုပါ မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းထားပြီး မုန်တိုင်းငယ်အား အ၀ါရောင်အဆင့်ဟု သတ်မှတ်ထားကာ လက်ရှိ အခြေအနေအရ မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိဟု သတ်မှတ်ထားကြောင်းလည်း မေလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် မိုး/ဇလမှ ပြောကြားချက်အရ သိရှိရသည်။

''မုန်တိုင်းကို ဆက်လက်စောင့်ကြည့် နေပါတယ်။ သတင်းထုတ်ပြန်ချက် တွေကိုလည်း အချိန်နဲ့ တစ်ပြေးညီ ထုတ်ပြန်မှာ ဖြစ်ပါတယ်'' ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက မေလ ၁၀ ရက်နေ့ ညနေပိုင်းက ပြောကြားသည်။

ထို့ပြင် မေလ ၁၀ ရက်နေ့ ည ၇ နာရီ အချိန် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ကော့သောင်းမြို့၏ အနောက်တောင်ဘက် မိုင် ၄၉၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုကြောင်း၊ မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းထားကာ အ၀ါရောင်အဆင့်သာ ဖြစ်ပြီး မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိဟု သတ်မှတ်ထားကြောင်း နိုင်ငံပိုင် မီဒီယာမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်မှုသည် ဘင်္ဂလား ပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသော မုန်တိုင်းနှင့် ပတ်သက်၍ နိုင်ငံတကာ မိုးလေ၀သနှင့် ပတ်သက်သော ၀က်ဘ်ဆိုက်များတွင် ဖော်ပြထားချက်များနှင့် လွဲချော်နေကြောင်း တွေ့ရှိရသည်။

5.10.2

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း သက်ရောက်နိုင်သည့် ခန့်မှန်းလမ်းကြောင်းပြ မြေပုံကို ည၁၂ နာရီ  www.gdacs.org တွင်ဖော်ပြထားစဉ်

ဘင်္ဂလားပင်လယ်အော် အတွင်းရှိ အမည်မသတ်မှတ်ရသေးသော မုန်တိုင်းနှင့် ပတ်သက်၍ မေလ ၁၀ ရက်နေ့ည ၁၂ နာရီအချိန် ဆက်သွယ်မေးမြန်းချက်အရလည်း အဆိုပါ ထုတ်ပြန်ချက်မှာ အပြောင်းအလဲ မရှိဘဲ နောက်ရက်များတွင် အပြောင်းအလဲရှိပါက ဆက်လက် ထုတ်ပြန်သွားမည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဖြေကြားခဲ့သည်။

လက်ရှိကာလသည် ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်ပါက သက်ရောက်မှုကို မြန်မာနိုင်ငံ အနေဖြင့် သတိပြုရလေ့ရှိသည့် မိုးကြိုကာလလည်း ဖြစ်သည်။ အထူးသဖြင့် မေလအတွင်း မုန်တိုင်းဖြစ်ပေါ်ပါက ပိုမိုသတိပြုရလေ့ရှိသည်။

၁၈၇၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ၁၃၅ နှစ်တာ ကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်း ၁၃၁၂ ကြိမ်ဖြစ်ပေါ်ခဲ့ကာ မြန်မာနိုင်ငံသို့ မုန်တိုင်း ၈၅ ကြိမ် ၀င်ရောက်ခဲ့ကြောင်း၊ ယင်းအနက် ၅၁ ရာခိုင်နှုန်းသည် မိုးကြိုကာလတွင် ၀င်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်း ဖြစ်ပေါ်မှုများ ယခုနောက်ပိုင်း နှစ်များတွင် လျော့နည်းလာပြီး ယင်းသို့ လျော့နည်းလာခြင်းသည် မြန်မာနိုင်ငံသို့ မုန်တိုင်းဝင်ရောက်ခြင်း မရှိသော မိုးရာသီတွင်သာ လျော့နည်းလာခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ အနေဖြင့် မုန်တိုင်းကို သတိပြုရသော ကာလများသည် မိုးကြိုကာလဖြစ်သော ဧပြီနှင့် မေ၊ မိုးလွန်ကာလ ဖြစ်သော အောက်တိုဘာနှင့် နိုဝင်ဘာလတို့ဖြစ်ပြီး မုတ်သုံအ၀င် နောက်ကျမှုနှင့် အထွက်စောမှုတို့က မုန်တိုင်းရာသီကို ပိုမိုရှည်လျား လာစေခဲ့သည်ဟု သိရှိရသည်။

မြန်မာနိုင်ငံသည် ၂၀၀၆ ခုနှစ်မှစ၍ မုန်တိုင်း ငါးနှစ်ဆက်တိုက် သက်ရောက်သော နိုင်ငံဖြစ်လာခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် မာလာ၊ ၂၀၀၇ ခုနှစ်တွင် အကာ့ရှ်၊ ၂၀၀၈ ခုနှစ်တွင် နာဂစ်၊ ၂၀၀၉ ခုနှစ်တွင် ဘစ်ဂ်ျလီ၊ ၂၀၁၀ ပြည့်နှစ်တွင် ဂီရိတို့ဖြစ်သည်။

ယင်းအနက် နာဂစ်မုန်တိုင်းသည် မြန်မာနိုင်ငံ၏ သမိုင်းတွင် အသေအပျောက် အများဆုံးနှင့် ပျက်စီးရှုံးမှု အများဆုံးဖြစ်ကာ ကမ္ဘာပေါ်တွင် ဆုံးရှုံးမှု အများဆုံးဖြစ်ခဲ့သော သဘာဝဘေးအန္တရာယ် ဖြစ်စဉ်များတွင်လည်း ပါဝင်လာခဲ့သည်။

၂၀၀၈ ခုနှစ် မေလ ၂ ရက်နှင့် ၃ ရက်နေ့များက မြစ်ဝကျွန်းပေါ်ဒေသကို တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းသည် မေလ ၁ ရက်နေ့တွင် category 2 အဆင့်ဖြစ်ပြီး ၀င်ရောက်တိုက်ခတ်ချိန်တွင်မူ အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းကြီးအဖြစ် category 4 အဆင့်ဖြင့် တစ်နာရီ လေတိုက်နှုန်း မိုင် ၁၃၀ ၀န်းကျင် တိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။

နာဂစ်မုန်တိုင်းကြောင့် သေဆုံးသူဦးရေ ၈၄၀၀၀ ၀န်းကျင်၊ ပျောက်ဆုံးသူ ၅၄၀၀၀ ၀န်းကျင်၊ ထိခိုက်သူ ၁၁ သန်းခန့်၊ အဆောက်အအုံ ပျက်စီးဆုံးရှုံးမှု ၇၄၅၇၆၄ ခု၊ အစိုးရပိုင် ပျက်စီးဆုံးရှုံးမှု ကျပ် ၃ ဒသမ ၃၅၄၇ ထရီလီယံ၊ ပုဂ္ဂလိကပိုင်ဆုံးရှုံးမှု ကျပ် ၈ ဒသမ ၃၈၀၀ ထရီလီယံရှိခဲ့ကာ ကမ္ဘာတွင် ပျက်စီးဆုံးရှုံးမှု၊ သေကြေမှု အမြင့်မားဆုံး နံပါတ်(၈)အဆင့် ဖြစ်ခဲ့သည်။

အဆိုပါ နာဂစ်မုန်တိုင်းကြောင့် ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးတို့သို့ အဓိက သက်ရောက်ခဲ့ပြီး ဧရာဝတီတိုင်း ဒေသကြီးတွင် ပျက်စီးဆုံးရှုံးမှု ပိုမိုခဲ့သည်။

5.10.8


မြန်မာ့လက်ရွေးစင် ရွက်လှေအဖွဲ့ နယ်သာလန်နှင့် အီတလီနိုင်ငံသို့ ထွက်ခွာ

နိုင်ငံတကာ ရွက်လှေပြိုင်ပွဲများတွင် ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင် ရွက်လှေအဖွဲ့သည် နယ်သာလန်နှင့် အီတလီနိုင်ငံများသို့ မေလ ၉ ရက်နေ့က စတင်ထွက်ခွာသွားခဲ့သည်။

အားကစားသမားများအဖြစ် ဒေါက်တာစုမြတ်စိုး၊ နန်းခမ်းစေး၊ အောင်မြင်သူ၊ နိုင်လတ်ထွန်းတို့ လိုက်ပါသွားကြသည့် လက်ရွေးစင် ရွက်လှေအဖွဲ့သည် နယ်သာလန်နိုင်ငံ၌ မေ ၂၁ ရက်မှ ၂၅ ရက်ထိ ကျင်းပမည့် Delta Lloyd Regatia 2013 ရွက်လှေပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး ထိုမှတစ်ဆင့် ဇွန်လ ၈ ရက်မှ ၁၅ ရက်ထိ အီတလီနိုင်ငံ၌ ကျင်းပမည့် 470 Class Open European Championship ရွက်လှေပြိုင်ပွဲသို့ ဆက်လက် ယှဉ်ပြိုင်မည် ဖြစ်သည်။

ဒီဇင်ဘာလတွင် ကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) မတိုင်မီ အတွေ့အကြုံကောင်းများ ရရှိစေရန် ယခုကဲ့သို့ နိုင်ငံတကာ ပြိုင်ပွဲများသို့ သွားရောက် ယှဉ်ပြိုင်ခြင်း ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ရွက်လှေအဖွဲ့မှာ ဇွန် ၁၇ ရက်တွင် ဥရောပမှ ရန်ကုန်မြိုသို့ ပြန်လည် ရောက်ရှိမည်
ဖြစ်သည်။

ဆီးဂိမ်း၌ ရွက်လှေပြိုင်ပွဲများကို ငွေဆောင်ကမ်းခြေတွင် ကျင်းပမည် ဖြစ်သည်။

ဈေးကွက်အတွင်းရှိ ဆေးဝါးအချို့ သတိပြု သုံးစွဲရန် ဝါရင့်ဆေးပညာရှင်များ အကြံပြု

နိုင်ငံရပ်ခြား ဆေးကုမ္ပဏီတချို့မှ တင်သွင်းလာသည့် ဆေးဝါးများနှင့် ပါတ်သတ်ပြီး အစားအစာနှင့် ဆေးဝါး ကွပ်ကဲရေးအဖွဲ့ FDA ၏ ထောက်ခံချက် မပါရှိပါက သောက်သုံးရန် မသင့်ကြောင်း ဝါရင့် ဆေးပညာရှင် များထံမှ သိရှိရသည်။

အငြိမ်းစား တပ်မတော် ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြသိန်းဟန် က "လူတွေ သိသင့် တာက ဒီဆေးတွေက ဘာအာနိသင်ရှိလဲ၊ ဒီဆေးတွေက လူကိုဘယ်လို ဒုက္ခ ပေးနိုင်လဲ။ တုံ့ပြန်မှုက ဘာတွေရှိလဲ။ ဒီဆေးတွေ အချင်းချင်းက တုံ့ပြန်မှုတွေ ဘယ်လိုရှိသလဲ။ မသိဘဲနဲ့ အရမ်း ကောင်းတယ်ဆိုပြီး မသောက်သင့် ပါဘူး။ ဒီတော့ အစားအစာနဲ့ဆေးဝါးကွပ်ကဲရေး FDA ကထောက်ခံချက်ပါမှ စိတ်ချရတယ်" ဟု အကြံပေး
ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ကျန်းမာရေး ၀န်ကြီးဌာနတွင် မှတ်ပုံတင်ထားခြင်း မရှိသလို အရည်အသွေး အာမခံ ချက် မရှိကြောင်း တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံထုတ် ဆေးဝါး ၆ မျိုးကို ဧပြီ ၂၄ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာ တွင် ဖော်ပြထားသည်။

ဆေးဝါးများသည် ထိုင်း၊ တရုတ် ဆေးကုမ္ပဏီများသာမက  မြန်မာနိုင်ငံသို့ အခြားနိုင်ငံများမှလည်း ဆေးဝါးများ ဝင်ရောက်လာနေကြောင်း သိရသည်။

အချို့ဆေးဝါးများသည် ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သောက်သုံးသင့်ပြီး ဆေးကုမ္ပဏီများက ဆေးဝါးတင် သွင်းရာတွင် ပြည်သူလူထု အန္တရာယ်ကင်းရှင်းစေရေးအတွက် ဆေး အာနိသင် အမှန်တကယ်ပါဝင်မှု ရှိ၊ မရှိ FDA ၏ စစ်ဆေးမှုကို ခံယူရမည်ဖြစ်ပြီး စစ်ဆေး မှုခံယူနေချိန်အတွင်း ပြင်ပတွင် မရောင်းချသင့်ကြောင်း ၎င်း က ဆက်လက် အကြံပြု ပြောဆို သည်။

ပြည်သူလူထု အန္တရာယ် ကင်းရှင်းရေးအတွက် နိုင်ငံခြား တိုင်ပြည်အချို့တွင် ဈေးကွက်အတွင်း ရောက်ရှိနေ သည့် ဆေးဝါးများအား စနစ်တကျ စစ်ဆေးလေ့ရှိကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံတွင် ဆေးဝါးတင်သွင်း
ခြင်းနှင့် ပါတ်သက်ပြီး စည်းမျဉ်းစည်းကမ်းများရှိသော်လည်း လိုက်နာမှု အားနည်းနေပြီး စစ်ဆေးနိုင်သည့် အပိုင်း တွင်လည်း အားနည်းချက်များ ရှိသည်ဟု ဒေါက်တာမြသိန်းဟန် မှ နှိုင်းယှဉ်ထောက်ပြခဲ့သည်။

ဂျပန် အစိုးရထံ တင်ပြတောင်းခံမည့် အကူအညီများအတွက် UNFC ညှိနှိုင်းနေ

စံခလပူရီ (မဇ္ဈိမ)။   ။ ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်နှင့် အဖွဲ့ဝင် မဟုတ်သည့် တိုင်းရင်းသားအဖွဲ့များ၏ ဒေသများအား အကူအညီများ ပေးရန် သဘောတူထားသည့် အပေါ် နိပွန်ဖောင်ဒေးရှင်းမှတဆင့် ဂျပန်အစိုးရထံသို့ စီမံချက် အဆိုပြုလွှာ (Project Proposal)များ ရေးသား တင်ပြနိုင်ရန် ညှိနှိုင်းအစည်းအဝေး တရပ်ကို မေလ ၉ ရက်နေ့တွင် ကျင်းပခဲ့ကြသည်။

ထိုသို့ ဂျပန်အစိုးရထံမှ ပင်လယ်ရပ်ခြား ဖွံ့ဖြိုးရေး အကူအညီ (ODA) ရရှိရန် အချို့ အဖွဲ့အစည်းများမှာ အဆိုပြုလွှာများ ရေးသားပြီးစီးကြပြီဖြစ်သော်လည်း ဂျပန် အစိုးရ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိစေရန်
ပြန်လည်ပြင်ဆင် ရေးဆွဲလျက်ရှိကြကြောင်း ထိုင်းနိုင်ငံ၊ ချင်းမိုင် မြို့၌ ပြုလုပ်ခဲ့သော ၎င်းအစည်းအဝေး တက်ရောက်ခဲ့သည့် မွန် လူမှုကယ်ဆယ်ရေးနှင့် ဖွံဖြိုးရေးအဖွဲ့၏ ဒါရိုက်တာ တဦးဖြစ်သူ နိုင်ရော့ဒ်ဂကောင်း က ပြောသည်။

"အချို့ Project Proposal တွေက ရေးပြီး နေကြပီ။ ဒါပေမယ့် အဲဒီ ပုံစံတွေက သူတို့ (ဂျပန်အစိုးရ) ဘက်က လိုချင်တဲ့ စည်းမျဉ်း ဘောင်တွေ၊ အချက်အလက်တွေနဲ့ ကိုက်ညီမှုမရှိ ဖြစ်နေတယ်။ အဲဒါကို ပြန်ပြင်ရဖို့ ရှိတယ်" ဟု ပြောသည်။

စစ်ဘေးဒဏ်သင့် တိုင်းရင်းသားဒေသများအတွက် နိပွန်ဖောင်ဒေးရှင်းမှ အကူအညီများကို ဒေသခံ အဖွဲ့များမှနေ၍ အဆင့်ဆင့် တင်ပြရပုံကိုလည်း "နောက် တင်တဲ့အခါမှာလည်း သက်ဆိုင်ရာ တိုင်းရင်းသား အဖွဲ့အစည်းတွေရဲ့ အောက်ခြေအဖွဲ့တွေဆီကနေ နိပွန် ဖောင်ဒေးရှင်းကို တိုက်ရိုက်တင်တာ မဟုတ်ဘဲ၊ တိုင်းရင်းသား အဖွဲ့တွေဆီက တဆင့်မှ UNFC ဆီကို တင်မယ်။ နောက်မှ နိပွန်ဆီကို တင်မယ်။ အဲဒီနောက် နိပွန်က ဂျပန် သံရုံးကို တင်ပြရမယ်။ သံရုံးက နိုင်ငံခြားရေး ဝန်ကြီး ဌာနဆီကို တင်မယ်။ အဲဒီ နောက်မှ အကူအညီကို ဂျပန်အစိုးရက ပေးမယ်" ဟု နိုင်ရော့ဒ်ဂကောင်း က မဇ္ဈိမကို ရှင်းပြသည်။

ထူးခြားချက်မှာ ယခု ထပ်မံပေးအပ်ရန် ရှိသည့် ODA အကူအညီများထဲ၌ ပထမ အသုတ် နိပွန် ဖောင်ဒေးရှင်း မှတဆင့် ပေးခဲ့သည့် လူသားချင်း စာနာမှု အကူအညီများအပြင် ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အကူအညီ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အကူအညီ အစီအစဉ်များလည်း ပါဝင်သည်။ စီမံချက် တခုအား အမေရိကန်
ဒေါ်လာ ၁ သိန်းအထိ တင်ပြ ရေးဆွဲနိုင်ကြောင်း သိရသည်။

ဂျပန် ဝန်ကြီး ချုပ်ဟောင်း နိုတိုခန် (Naoto Kan) လက်ထက်၌ မြန်မာ တိုင်းရင်းသား စစ်ဒဏ်သင့် ဒေသများ သို့ လူသားချင်း စာနာမှု အကူအညီအဖြစ် အမေရိကန် ဒေါ်လာ ၃ သန်းတန် ရရှိခဲ့ပြီးဖြစ်ကာ စားနပ်ရိက္ခာ၊ ဆေးဝါးအကူအညီ အဖြစ် ပေးအပ်ခဲ့ပြီး မတ်လ ၃၁ ရက်နေ့၌ ထိုအကူအညီ သက်တမ်း ကုန်ဆုံးခဲ့ပြီး ဖြစ်သည်။

ယခု ထပ်မံ ရရှိမည့် ODA အကူအညီများ၏ ငွေကြေး ပမာဏမှာ များပြားမည်ဟု ခန့်မှန်းနိုင်မည် ဖြစ်ပြီး ပမာဏ အတိအကျကိုမူ မေလကုန် နောက်ဆုံး ထား၍ UNFC အဖွဲ့ထံသို့ တိုင်းရင်းသား အဖွဲ့အသီးသီးမှ တင်ပြလာမည့် စီမံချက် အဆိုပြုလွှာများ ရရှိမှသာ အတည်ပြု ပြောကြားနိုင်မည် ဖြစ်သည်ဟု
နိုင်ရော့ဒ်ဂကောင်း ကပြောသည်။ UNFC မှ နိပွန် ဖောင်ဒေးရှင်းထံသို့ ဇွန်လ ပထမပတ် အမီ တင်ပြနိုင်ရန် ရည်ရွယ်ထားသည်။

ထို စီမံချက် အဆိုပြုလွှာများ ကိုင်တွယ်စီစစ်နိုင်ရန် ရေးရာကော်မတီတရပ်ကိုလည်း UNFC မှ ဖွဲ့စည်းသွားမည်
ဖြစ်သည်။

အကူအညီများ ခွဲဝေပေးအပ်မည့် အပိုင်းတွင် မြန်မာ့ ငြိမ်းချမ်းရေး စင်တာ (MPC) အား ဖြတ်သန်းသွားရသည့် လုပ်စဉ်ကို တိုင်းရင်းသားများမှ လက်မခံနိုင်သည့် အနေအထား ရှိကြောင်း အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်ဟု နိုင်ရော့ဒ်ဂကောင်း က ဆက်ပြောသည်။

"MPC နဲ့ ညှိနှိုင်းရတာကို ကျနော်တို့ လက်ခံပါတယ်။ ပြည်နယ်အစိုးရတွေနဲ့ ညှိနှိုင်းရမှာကိုလည်း လက်ခံပါတယ်။ ဒါပေမယ့် သူ့ဆီကနေ တဆင့် ဖြတ်သန်းပြီးမှ ကျနော်တို့ဆီကို ရောက်ရမှာကိုတော့ လက်မခံနိုင်ပါဘူး။ ကျနော်တို့ တိုင်းရင်းသား ခေါင်းဆောင်တွေ အားလုံး တရားဝင် သွားလာခွင့် ရအောင် ဥပေဒအရ အာမခံချက်က မရှိသေးဘူး။ ဒီကိစ္စကိုလည်း ဆက်လက် ညှိနှိုင်းသွားရဖို့ ရှိပါသေးတယ်" ဟု ပြောသည်။

ပြီးခဲ့သည့် ပထမ အရစ်အဖြစ် နိပွန်ဖောင်ဒေးရှင်း၏ ဒေါ်လာ ၃ သန်းတန် လူသားချင်း စာနာမှု အကူအညီများ ရရှိခဲ့စဉ် တိုင်းရင်းသား ဒေသများသို့ ဖြန့်ဝေ ပေးအပ်ခဲ့ရာ၌လည်း ငြိမ်းချမ်းရေး စင်တာနှင့် ပြည်နယ် အစိုးရတို့အကြား ချိတ်ဆက် လုပ်ဆောင်မှု အားနည်း ခဲ့ခြင်းကြောင့် ချင်းပြည်နယ် အနောက်ပိုင်း
ဒေသများနှင့် ရခိုင်ပြည်နယ် ဒေသများသို့ အကူအညီများ ရောက်ရှိရန် နှောင့်နှေးခဲ့ကြောင်း အမည်မဖော်လို သည့် တိုင်းရင်းသား ခေါင်းဆောင် တဦးက ပြောသည်။

၎င်းကိစ္စအား လမ်းပန်း ဆက်သွယ်ရေး ခက်ခဲခြင်းနှင့် ဒေသ လုံခြုံမှု မရှိသည့် အနေအထား များကြောင့် ကြန့်ကြာရခြင်း ဖြစ်သည်ဟု အစိုးရဘက်မှ အကြောင်းပြချက် ပေးထားကြောင်း သိရသည်။

ယခု ညှိနှိုင်းအစည်းအဝေးသို့ UNFC အဖွဲ့ဝင် အားလုံးမှ ကိုယ်စားလှယ်များနှင့် အဖွဲ့ဝင် မဟုတ်သည့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA မှ ကိုယ်စားလှယ်များ အပါအဝင် ၂၀)ဦးခန့် တက်ရောက်ခဲ့ကြ သည်ဟု UNFC ပြန်ကြားရေးဌာနမှတဆင့် သိရသည်။

မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၇ ရက်နေ့အထိ UNFC နှင့် အခြား တိုင်းရင်းသားအဖွဲ့များမှ ကိုယ်စားလှယ် ၂၃ ဦးတို့ တိုကျိုမြို့သို့ သွားရောက်ကာ ဂျပန် ဝန်ကြီးချုပ် အပါအဝင် ဂျပန် အစိုးရ အဆင့်မြင့် အရာရှိများနှင့်
တွေ့ဆုံခဲ့စဉ်ကလည်း ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများအား တွေ့ဆုံဆွေးနွေး၍ ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေး၊ ဆင်းရဲမွဲတေမှု ပပျောက်ရေး၊ လူနေမှုဘဝ မြင့်မားရေး ကဏ္ဍများတွင် ဆက်လက်ကူညီသွားရန် ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး က ကတိပြုပြောကြားခဲ့ပြီး ဖြစ်သည်။

UNFC အဖွဲ့အား ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်အတွက် အစိုးရ အဆက်ဆက်အား လက်နက်ကိုင် တိုက်ပွဲဆင်နေသည့် တိုင်းရင်းသား အဖွဲ့ ၆ ဖွဲ့၊ မဟာမိတ် ၆ ဖွဲ့တို့ဖြင့် ၂ဝ၁၁ ခုနှစ်၊ ဖေဖေါ်ဝါရီလက စတင် ဖွဲ့စည်းခဲ့ကာ ချင်းအမျိုးသား တပ်ဦး (CNF)၊ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ (MNSP)၊ ပအို့ အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF)၊ ရခိုင်ပြည် အမျိုးသား ကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ် သမဂ္ဂ (LDU)၊ ဝအမျိုးသား အဖွဲ့ချုပ် (WNO)နှင့် ကချင် အမျိုးသား အစည်းအရုံး (KNO)တို့ အဖွဲ့ဝင် အဖြစ် ပါဝင်ကြသည်။

စုံစမ်းရေး ကော်မရှင်နှင့် ကော်မတီများတွင် ပါဝင်သူများကို လုပ်ပိုင်ခွင့် ပိုပေးဖို့လို ဟု ကော်မတီဝင်များပြော

အစိုးရမှ ဖွဲ့စည်းသည့် ကော်မတီများတွင် အရပ်ဘက် ပုဂ္ဂိုလ်များ၊ ပညာရှင်များ ပါဝင်လာမှုအပေါ် ကြိုဆိုကြသော်လည်း လုပ်ပိုင်ခွင့် ပိုမိုပေးသင့်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်မှ ဦးညိုထွန်း က ပြောသည်။

၎င်းက "အရပ်ဘက်က ပညာရှင်တွေပါတာ ကျနော်တို့ ၀မ်းပန်းတသာ ကြိုဆိုတာပေါ့ခင်ဗျာ။ တချို့ဟာတွေ မှာတော့ ပွင့်လင်းမြင်သာမှု ရှိဖို့တော့ လိုတယ်။ ကော်မရှင်မှာ ပါဝင်တဲ့သူတွေကို လုပ်ပိုင်ခွင့်လေးတွေ ပိုပြီးတော့ ပေးရင် ပိုပြီးတော့ ကောင်းမယ်" ဟု မဇ္စျိမ ကို ပြောသည်။

နိုင်ငံရေးအကျဉ်းသားများအား လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်ပေးနိုင်ရေးအတွက် စီစစ်ဆောင်ရွက် ရန် လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စီစစ်ရေးကော်မတီ ကို အစိုးရမှ တိုးချဲ့ ဖွဲ့စည်းရာတွင် ဦးညိုထွန်းသည်လည်း အဖွဲ့ဝင်တဦးအဖြစ် ပါဝင်လာသည်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက် မြန်မာနိုင်ငံတွင် စုံစမ်းရေးကော်မရှင်များနှင့် စိစစ်ရေးကော်မတီများ အများအပြား ဖွဲ့စည်းခဲ့ရာတွင် အဖွဲ့ဝင် များအဖြစ် အရပ်ဘက်နှင့် အစိုးရ၀န်ထမ်းမဟုတ်သည့်  ပညာရှင်များပါ ပါဝင်လာသော်လည်း လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲ တချို့ရှိနေကြောင်းလည်း အဖွဲ့ဝင်များက ဆိုသည်။

"၀န်ထမ်းတွေနဲ့ ပူးတွဲပြီး အလုပ်လုပ်တဲ့ အခါကျတော့ သူတို့က ပွင့်လင်းမြင်သာမှု အားနည်းတယ်ပေါ့ဗျာ။ သူတို့က အလုပ်ကို ရာထူးကိုထိခိုက်မှာကို စိုးရိမ်တဲ့ဟာကို တွေ့ရတယ်ပေါ့ဗျာ။ အရင်အစိုးရခေတ်က ကျန်ခဲ့တဲ့ အမွေဆိုးကြီးပဲ။ ၀န်ထမ်းတွေထဲမှာ မပျောက်သေးဘူး။ ဒါကို ပြုပြင်စေချင်ပါတယ်" ဟု ဦးညိုထွန်း က ရှင်းပြသည်။

ယခင် အစိုးရများ လက်ထက်တွင် ပြဿနာရပ်များကိုစုပေါင်း ဖြေရှင်းမှု အားနည်းခဲ့ပြီး အတွေ့အကြုံ ရှိသူများစုပေါင်း ဖြေရှင်းခြင်းဖြင့် ရလဒ်ကောင်းများ ရရှိအောင် ကြိုးပမ်းသင့်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် မှ ဒေါက်တာမောင်မောင်လေး က ပြောသည်။

"ကောင်းတဲ့အဖြေ ရလဒ်ကို ရလို့၊ ရအောင်လို့ ကြိုးစားပြီးတော့ လုပ်သွား ကြတာပါ။ အခက်အခဲကတော့
တွေ့ရစမြဲပါ။ တခါတလေကျတော့လည်း အများရဲ့ interest (အကျိုး) ကို လျှောက်ရတဲ့ လမ်းမှာ ရှဥ့်လည်းစွဲသာ ပျားလည်းစွဲတာ၊ နိုင်ငံတကာစံချိန်ရယ်၊ ဒေသစံချိန်အတိုင်းကို မီအောင်လို့သွားရတဲ့ အပိုင်းလေး တွေ ရှိပါတယ်။ ကျနော်တို့ဟာ နိုင်ငံတကာနဲ့လည်းမတူ၊ ဒေသနဲ့လည်းမတူ တမူ ထူးတာလေး
တွေ ရှိတာလည်းရှိပါတယ်။ ပြန်ပြီးတည့်မတ်အောင် လုပ်ရတာ ဒီနေရာမှာ အခက်အခဲလေးတွေ ရှိပါတယ်။ ဒါဟာစိန်ခေါ်မှုတွေပါ" ဟု  လက်ရှိအခြေအနေအပေါ် မှတ်ချက်ပြု ပြောကြားသည်။

ပြဿနာရပ်များဖြေရှင်းရာတွင် ဝေဖန်စရာများ ပေါ်ထွက်လာတတ်သည်ကို လက်ခံကာ ပြုပြင်သင့်သည် များ ကို ပြုပြင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတကာ စံချိန်မီဖြေရှင်းဆောင်ရွက်မှုမျိုး ဖြစ်လာမည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောသည်။

"ပွင့်ပွင့်လင်းလင်းနဲ့ တိုင်ပင်ဆွေးနွေး စုံစမ်းပြီးတော့ လုပ်ကြတာပါပဲ။ လူတိုင်းကို ၀မ်းသာအောင်၊
ကျေနပ်အောင် လုပ်ဖို့တော့ အတော်လေးခဲယဉ်းပါတယ်။ ကောင်းတဲ့ အလားအလာနဲ့၊ ကောင်းတဲ့ လမ်းကြောင်းပေါ်သွားနေတယ်လို့ သတိထားမိပါ တယ်။ ကောင်းတဲ့အဖြေ ရလဒ်လေးတွေ၊ နောက်ပြီး တော့ ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်" ဟု ဆက်ရှင်းပြသည်။

အရပ်ဘက် ပုဂ္ဂိုလ်များ ပါဝင်လာခြင်းအပေါ် အကောင်းမြင်သော်လည်း ကော်မတီများ၏ စုံစမ်းတွေ့ရှိချက် ကို အစိုးရက အရေးယူ ဆောင်ရွက်ရမည် ဟု ရခိုင်အမျိုးသားတိုးတက်ရေးပါတီ ကျောက်ဖြူ လွှတ်တော် အမတ် ဦးဘရှင် က ပြောသည်။   

"နိုင်ငံရေးအကျဉ်းသား ပြန်လည်စိစစ်ရေးကော်မရှင်မှာလို နိုင်ငံရေး အကျဉ်းသားဟောင်းပါလာတာ
ကောင်းတာပေါ့၊ နိုင်ငံရေးအကျဉ်းသားဆိုတာက ကိုယ့်အတွက် အလုပ်လုပ်တာမှ မဟုတ်ဘဲ၊ ယုံကြည်ချက် အတွက် အလုပ်လုပ်တာကို၊ အဲလိုလူတွေ ပါလာတော့ ကောင်းတာပေါ၊့ လယ်ယာမြေ ကော်မရှင်မှာ ကျနော်ပါတယ်။ လယ်သမားဆိုတဲ့သဘာဝ၊ လယ်သမားတွေရဲ့ လယ်ယာ မြေကို သိမ်းယူတဲ့ လုပ်ငန်းရှင် ရဲ့ သဘာဝ၊ နိုင်ငံတော် အစိုးရက ချမှတ်တဲ့ စီမံကိန်းတွေရဲ့ သဘာဝ၊ မြေယာတွေကို အာဏာနဲ့ရထား တယ်ဆိုရင် အဲဒီအာဏာဟာ တရားနည်းလမ်းကျရဲ့လား" ဟု ၎င်း က ထောက်ပြသည်။

အစီရင်ခံစာ တွေ့ရှိချက်များကို အစိုးရက ထိန်ချန်ဖော်ပြခြင်းမရှိသော်လည်း အကောင်အထည်ဖော်
ဆောင်ရွက်မည့် ကဏ္ဍအား စောင့်ကြည့်လျှက်ရှိကြောင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် အစီရင်ခံစာနှင့်ပတ်သက်၍ စုံစမ်းရေးကော်မရှင် အဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ်
ဒေါ်ခင်စန်းလှိုင်က ပြောဆိုရာတွင်  "ကျမတို့ တွေ့ရှိချက်တွေ အားလုံးတော့ အစီရင်ခံစာထဲမှာ ပါလာပါတယ်။ ထိမ်ချန်ထားတာတို့၊ အစီရင်ခံစာထဲ ထည့်မပေးတာတို့ မရှိပါဘူး။ ကော်မရှင်ရဲ့ အစီရင်ခံစာကို အကောင် အထည်ဖော်မယ့် ကော်မတီရဲ့ အပေါ်မှာပဲပေါ့နော်၊ အစီရင်ခံစာ မှာပါတဲ့ အချက်တွေကို ဘယ်လောက်အထိ
ဆောင်ရွက်ပေးမလဲ၊ ဘယ်လောက်အထိ ယုံကြည်လက်ခံပြီး ဘယ်လောက်အထိ လိုက်လျောမလဲ ဆိုတာကို ကျမတို့ကလည်း စောင့်ကြည့်နေတဲ့ အနေအထားပါ" ဟု မဇ္စျိမ ကို ပြောဆိုသွားသည်။

အိမ်အကူများမကြာခဏ နှိပ်စက်ခံရမှု များပြားလာသဖြင့် ထိရောက်သော အကာအကွယ်လိုအပ်

ရန်ကုန် (မဇ္ဈိမ)။       ။ ရန်ကုန်မြို့ရှိ လူနေအိမ်များအတွင် အိမ်ဖော်အဖြစ်လုပ်ကိုင်နေကြသော အိမ်အကူများအား အိမ်ရှင်များ၏ ညှင်းပန်းနှိပ်စက်မှုများ မကြာခဏဖြစ်ပွားလာသဖြင့် ထိရောက်သော အကာအကွယ် ပေးရန် လိုအပ်လာကြောင်း ဥပဒေကျွမ်းကျင်သူနှင့် နိုင်ငံ့အရေး လုပ်ဆောင်နေသူ အချို့က ပြောကြားလိုက်သည်။

အထက်လွှတ်တော်အမတ်ဖြစ်သူ ဦးဖုန်းမြင့်အောင် က  "ဒီကိစ္စတွေက ဥပဒေနဲ့ ဖြေရှင်းဖို့ ခက်ပါတယ်။ ဥပဒေအရ လက်လှမ်းမမီတဲ့ ကိစ္စတွေဖြစ်နေတာပါ။ အခုလို လူသားချင်းစာနာစိတ်မရှိတဲ့ ကိစ္စတွေကြတော့ ပိုးစိုးပက်စက် ဖြစ်သွားပြီးမှ လိုက်ရှင်းရတာတွေဖြစ် နေတာပါ။ အဓိကတော့ လူသားဆန်တဲ့ စိတ်ဓါတ်တွေရှိဖို့ လိုပါတယ်" ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အိမ်အကူ အဖွဲ့အစည်းများ ဖွဲ့စည်းရန် အားနည်းချက်များရှိနေသဖြင့် ယင်းတို့အား ကာကွယ် စောင့်ရှောက်နိုင်ရန် လူမှုရေးအသင်းအဖွဲ့များ ရှိသင့်ကြောင်းနှင့် အိမ်အကူ အများစုမှာ အမျိုးသမီးများသာ ဖြစ်သည့်အတွက် အမျိုးသမီးရေးရာအဖွဲ့အစည်းများအနေဖြင့်လည်း ယင်းတို့အား အလုပ်သမားအခွင့်အရေးများ၊ အမျိုးသမီးအခွင့်ရေး စသည်တို့နှင့်ဆိုင်သော အသိပညာပေးခြင်းများ၊ ကာကွယ်စောင့်ရှောက်ပေးခြင်းများ ပြုလုပ်ပေးရန် လိုအပ်ကြောင်း ၄င်းက ဆက်လက်ပြောခဲ့သည်။

ရွှေထည်ပစ္စည်းများ ပျောက်ဆုံးမှုကြောင့် အိမ်အကူအမျိုးသမီးငယ်တစ်ဦးအား စွပ်စွဲပြစ်တင်ပြီး ညင်းပ
နှိပ်စက်မှု ပြုလုပ်ခဲ့သည့် အိမ်ရှင်အမျိုးသမီးကြီးတစ်ဦး အမှုဖွင့် အရေးယူ ခံရမှုတစ်ခု တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက်ရှိ လူနေတိုက်ခန်း တစ်ခုတွင် မေလ ၃ရက်နေ့ ညနေ ၆ နာရီခွဲအချိန်က ဖြစ်ပွားခဲ့
ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့စခန်း၏ မှုခင်းမှတ်တမ်းအရ သိရသည်။

ယင်းဖြစ်စဉ်တွင် အိမ်ရှင်အမျိုးသမီးက အိမ်အကူအား ကျပ်လုံးခန့်ရှိ တစ်တောင်ကျော်သော ၀ါးလုံးတုတ်နှင့် ခန္ဒာကိုယ်အား ရိုက်နှက်ခြင်း၊ လည်မျို/ ရင်ဘက်တို့အား ခြေဖြင့်နင်းခြင်း၊ မိန်းမကိုယ် အင်္ဂါစပ်အား
ဆေးလိမ်မီးဖြင့်ထိုးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မတင်တင်ထွေးတွင် ယာဘက်မျက်လုံးဖူးရောင်(ညိုမဲဖွင့်မရ ဒဏ်ရာ)၊ ၀ဲဘက်မျက်လုံးဖူး ရောင်၊
နှုတ်ခမ်းပေါက်ပြဲဒဏ်ရာ၊ ၀ဲယာလက် ဖူးရောင်ဒဏ်ရာ၊၀ဲဘက်ညှပ်ရိုးအပေါ် ပေါက်ပြဲသွေးထွက်ဒဏ်ရာ၊ ယာလက်ခုံ၊ ယာဂျိုစောင်း စုတ်ပြဲဒဏ်ရာ၊ မိန်းမကိုယ်အင်္ဂါ နီမြန်းဒဏ်ရာ၊ ဆီးခုံ၊ ရင်ဘက်အောင် ဒဏ်ရာများ ရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တင်ပို့ ကုသခဲ့ရသည်။

ရှေ့နေ ဦးခင်ဇော်(မရမ်းကုန်း) က "အိမ်အကူဆိုတာ စက်ရုံအလုပ်ရုံအလုပ်သမားမဟုတ်ပါဘူး။ ကိုယ့်အိမ်မှာပဲနေပြီး အိမ်ရဲ့ ဝေယျာဝစ္စ အကုန်လုပ်ပေးရတဲ့အတွက် အိမ်သားလိုပဲ သဘောထားသင့် ပါတယ်။ သူတို့ဟာလည်း လူသားတွေပါပဲ။ ဒါကြောင့် လူပေါ်လူချင်း ကိုယ်ချင်းစာတရား ထားဖို့ လိုပါတယ်။" ဟု ပြောသည်။     

လက်ရှိပြဌာန်းပေးထားသော အလုပ်သမားအဖွဲ့အစည်းများ ဥပဒေတွင် အိမ်အကူ လုပ်သားများ အတွက် ပါ အကျုံးဝင်သော်လည်း ယင်းဥပဒေမှာ လက်တွေ့နယ်ပယ်တွင် အသက်ဝင်မှု နည်းပါးခြင်းတို့ကြောင့် အိမ်အကူ အလုပ်သမားများ အနေဖြင့်လည်း အကာအကွယ်မဲ့နေရခြင်းများ ရှိနေသေးကြောင်း ဥပဒေရေးရာ ကျွမ်းကျင်သူအချို့က သုံးသပ်ပြောကြသည်။

"စင်္ကာပူမှာဆိုရင် အိမ်အကူတွေမှာ တစ်ပက်တစ်ခါလောက် ပိတ်ရက်ရှိတယ်။ အဲဒီရက်မှာ အိမ်ဖော်တွေက စုရပ်တစ်ခုမှာ စုံပြီး အခက်အခဲတွေကို တွေ့ဆုံပြောကြားညှိနိုင်းတာတွေ ရှိတယ်။ အဲဒီတော့ အိမ်ရှင်တွေက ထင်တိုင်းမလုပ်ရဲကြတော့ဘူး။ မြန်မာပြည်မှာတော့ ဒီလို အလေ့အထမရှိတာ အားနည်းချက် တစ်ခုပဲ" ဟု အထက်လွှတ်တော်အမတ်ဖြစ်သူ ဦးဖုန်းမြင့်အောင်က ပြောပြသည်။

လက်ရှိမြန်မာနိုင်ငံတွင် ပြဌာန်းပေးထားသော အလုပ်သမားဥပဒေမှာလည်း ILO ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာအစိုးရက ပြဌာန်းရေးဆွဲထားသော ဥပဒေတစ်ရပ်ဖြစ်ပြီး လက်တွေ့နယ်ပယ်တွင် လုပ်ဆောင်နေသူတို့၏ ဆန္ဒခံယူမှုနှင့် အကြုံပြုချက်များ မပါဝင်သည့်အတွက် အားနည်းချက်များ
တွေ့ကြုံနေရခြင်း ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောခဲ့သည်။

မြန်မာနိုင်ငံရှိ ရန်ကုန်မြို့တွင် အိမ်ရှင်များမှ အိမ်အကူများအား ညင်းပန်းနှိပ်စက်မှု ပြုခဲ့ရတွင် ၂၀၁၂ ခုနှစ် အတွင်း ရုပ်သံဇာတ်လမ်းတစ်ခုအတွက် သရုပ်ဆောင်ရန် ရွေးချယ်ခံထားရသူ မင်းသမီးတစ်ဦးက ညင်းပန်းနှိက်စက်မှုကြောင့် အိမ်အကူတစ်ဦးသေဆုံးခဲ့ရမှုနှင့် အဆိုတစ်ဦးမှ အိမ်အကူယောက်ျားလေးတစ်ဦး အား ထိုးကြိတ်ရာမှ အပြန်အလှန်အမှုဖွင့်မှုများ ဖြစ်ပွားခဲ့သည်။

ထို့ပြင် လွန်ခဲ့သော နှစ်များအတွင်းကလည်း နိုင်ငံခြားသားအိမ်ရှင်တစ်ဦးက မြန်မာနိုင်ငံသား အိမ်အကူ အမျိုးသမီးတစ်ဦးအား ခါးပတ်ဖြင့်ရိုက်ခြင်း၊ ရင်သားများအား ဆေးလိပ်မီးဖြင့် ထိုးခြင်းများအပြင် သားမယား အဖြစ် ပြုကျင့်ခဲ့သဖြင့် ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားမှုများ ရှိခဲ့သည်။

10.5.2013 မှ 16.5.2013 ထိ ၇ ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

စိတ်လေနေမည်။ ရည်ရွယ်ချက်တွေများပြီး တကယ်တမ်း လက်တွေ့အကောင်အထည်မဖော် နိုင်ဖြစ်နေမည်။  သို့ပေမဲ့ လုပ်ငန်း တစ်ခု (သို့) သင်တန်းတစ်ခု ဖြင့်ခရီးသွားခြင်း ခေတ္တ ပြောင်းရွှေ့နေထိုင်ခြင်းတို့ဖြစ်မည်။ ကိုယ်ရေးကိုယ်တာ ကိစ္စ များ ခေတ္တ ဆိုင်းငံ့နေရတတ်သည်။ လူယုံထားပြီး ငွေကြေးပစ္စည်းများ အပ်နှံမှု့တို့မပြုလုပ်သင့်ပါ။ စက်ပစ္စည်းများ ၊ ချို့ယွင်းတတ်သည်။ အချစ်ရေးမှာ ခေတ္တနှောင့်နှေးမှု့ ဖြစ်မည်။ အထင်မြင်လွဲမှားမှု့ ဖြစ်မည်။ ပြန်ပြေလည်မည်။

အကျိုးပေးဂဏန်း - ၀ ၊ ၁ ၊ ၂။

အထူးဟော - သတိတော့ထားသင့်သည်။

ယတြာ - အိုးတစ်လုံး အသစ်တစ်ခု ၀ယ်ပြီး ရေအေးရေသန့်ထည့်ကာ အိမ်ဘုရားကို လှူဒါန်းပြီးလိုရာဆိုတောင်းပါ။

 

တနင်္လာ

          သင့်ကံဇာတာ ကောင်းပြီ။ မြင့်ပြီ။ တိုးတက်ပြီ။ လူချစ်လူခင် များမည်။ အကြီးအကဲ ၏ စောင့်ရှောက်မှု့ရမည်။ လုပ်ငန်းကောင်း မည်။ ငွေဝင်မည်။ အချစ်ရေး အိမ်ထောင်ရေး တို့ အဆင်ပြေမည်။ အတိုက်အခံတွေ ကျော်လွှားအောင်မြင်မည်။ လုပ်ကိုင်ထားသော စီးပွားရေးတို့ ရပ်တန့်ပြီးမှ ပြန်ကောင်းမည်။ ဖြေဆိုထားသော စာမေးပွဲ အမှတ်ကောင်းကောင်းဖြင့်အောင်မြင်မည်။ အလုပ်သစ်ရမည်။ ခြေတစ်ဖက်နာကျင် (သို့မဟုတ်) ခိုက်မိမှု့ဖြစ်မည်။ ဆွေမျိုးသားချင်း အတွက် စိတ်ရှုပ်ရတတ်သည်။ ခရီးဝေးတစ်ခု သွားဖြစ်မည်။ အဆင်ပြေမည်။   

အကျိုးပေးဂဏန်း - ၆ ၊ ၄ ၊ ၈။

အထူးဟော - ကံကောင်းမည်။

ယတြာ - တနင်္လာနေ့ နံနက် (၈) နာရီတွင် အိမ်ဘုရားကို ကန်စွန်းညွန့် ((၁၅) ညွန့် ကပ်လှူပြီး ဆုတောင်းပါ။ အညွန့်ဝေ လေ သင်ကံကောင်းလေဖြစ်သည်။  

 

အင်္ဂါ

          ငါသိငါတတ် ငါဆရာလုပ်ခြင်းများ လိုတာထက် ပို၍ မလုပ်ပါနှင့်။ လူယုံမထားနှင့်။ သင့်အိမ်ထောင်ဖက်နှင့် သင့်သားချင်းဆွေမျိုးတို့ က သင့်အပေါ်အထင်မြင်မှားခြင်း များဖြစ်လာမည်။ စွန့်စားမှု့ နှင့် လွတ်လပ်မှု့ တို့ကို ဆင်ခြင်ပါ။ ကိုယ့် အကြောင်းတွေ ဘယ်သူမှ မသိအောင် လျို့ဝှက်သော်လည်း ဗူးပေါ်သလို ပေါ်မည်။ နေရာသစ်မှာ သင့်စီးပွားရေး အောင်မြင်မည်။ ရှယ်ယာလုပ်ငန်းတွေ အောင်မြင်မည်။ အမွေရစရာပေါ်မည်။      

အကျိုးပေးဂဏန်း - ၃ ၊ ၆ ၊ ၉။

အထူးဟော - အတိုက်အခံ ဖြစ်ပြီးမှ အောင်မြင်မည်။

ယတြာ - အင်္ဂါနေ့တွင် အိမ်ဘုရားကို အုန်းဆွမ်း နှင့်အကြော်တစ်ခုကပ်ပါ။

 

ဗုဒ္ဓဟူး

          တယူဿန်    တဇွတ်ထိုး လုပ်၍ မကောင်းပါ။ ဆန္ဒစော၍ စကားပြော လောဘမကြီးသင့်ပါ။ လူယုံထားပြီး ပုံမအပ်သင့်ပါ။ ကိုယ်ကကျူး ကိုယ်ဒူးတောင် မယုံသင့်ပါ။ ပညာရေးကောင်းမည်။ အချစ်ရေးကောင်းမည်။ သို့သော်အထင်လွဲခံရမည်။ သင့်မှာ သူချစ်ကိုယ်ချစ် တစ်ဦး၊ မောင်နှမလို ခင်ရာမှ စွဲလန်းသူ တစ်ဦး ၊ ကိုယ်က မချစ်နိုင်ဘဲ ဇွတ်ကပ်လာသူ တစ်ဦးတို့ နှင့် ကြုံမည်။ သူချစ်ကိုယ်ချစ် နှင့် ရမည်။ သို့သော် မိဘတို့က သဘောမတူတတ်ပါ။ အလုပ်ကိစ္စပြောင်းလဲမှုဖြစ်မည်။ ကောင်းသည်။

အကျိုးပေးဂဏန်း - ၄ ၊ ၉ ၊ ၆။

အထူးဟော - ကံကောင်းပါတယ်။

ယတြာ - ဗုဒ္ဓဟူးနေ့တွင် အိမ်ဘုရားကို ရေသက်စေ့ ရေသပ္ပါယ်ပါ။   

 

ကြာသပတေး

          ပွင့်လင်းပြတ်သားမှု ၊ လူရွေးပေါင်းမှု့ ၊ မဟုတ်မခံ စိတ်ကြောင့် လူခင်ခြင်း စိတ်ဝမ်းကွဲမည်။ ၀မ်းဗိုက် အစာအိမ်ဂရုစိုက်ပါ။ ကား ၊ ဆိုင်ကယ် ဂရုစိုက်မောင်းပါ။ ရုတ်တရက် ခိုက်မိကိန်းရှိသည်။ လက်ဆောင်ရမည်။ ချစ်သူ နှင့် လက်ထပ်ဖြစ်မည်။ အပျော်ခရီး တစ်ခု ထွက်ဖြစ်မည်။ ကတိ လက်မလွန်သင့်ပါ။    

အကျိုးပေးဂဏန်း - ၃ ၊ ၉ ၊ ၆။

အထူးဟော - ငွေရကိန်းရှိသည်။

ယတြာ - အောင်သပြေ ၁၉ ညွန့် ကို အိမ်ဘုရားအား ကြာသပတေး နေ့နံနက် တွင် ကပ်ပါ။   

 

သောကြာ

          ရည်ရွယ်ချက်တွေ အကော်အထည်ဖော်ဖြစ်မည်။ အချစ်ရေးမှာ အဆင်ပြေမည်။ အချစ်ရေးမှာ လုသူပေါ်မည်။ ချစ်သူ နှင့် စကားများရတတ်သည်။ မရောက်ဘူးသော ခရီး ရောက်မည်။ ကျန်းမာရေး ဂရုစိုက်ပါ။ ချူချာတတ်သည်။ စက်ပစ္စည်း ၀င်ထွက်ဖြစ်မည်။ လူပေါင်းမှားတတ်သည်။ စကားပြောဆင်ခြင်ပါ။ စကားရန်မြင်သည်။ သူတစ်ပါး အရှုပ် ကိုယ့်အရှုပ်ဖြစ်မည်။ စာမေးပွဲ ဖြေဆိုမှု့ အောင်မြင်မည်။ သင်တန်းတက်ရတတ်သည်။     

အကျိုးပေးဂဏန်း - ၆ ၊ ၁ ၊ ၈။

အထူးဟော - ကံကောင်းမည်။

ယတြာ - သောကြာနေ့နံနက်တွင် ဘုရားကို သစ်သီး (၉) မျိုး ကပ်လှူပါ။  

 

စနေ

          ရည်ရွယ်ချက်များနေမည်။ အတွေးများနေမည်။ တကယ်လက်တွေ့ အကောင်အထည်ဖော်မှု့ နည်းတတ်သေးသည်။ သို့သော် အောင်မြင်မှု့ ရပါမည်။ ခြေ ၊ လက် အဖျားပိုင်းများ ခိုက်မိတတ်၍ ဂရုစိုက်ပါ။ မမျှော်လင့်သော ခရီးတစ်ခု သွားဖြစ်မည်။ ကိုယ်ရေးကိုယ်တာ ထက်အပေါင်း အသင်းအတွက် မိသားစု အတွက် လုပ်ဆောင်ပေးရခြင်း များပိုများနေမည်။ စီးပွားရေး လုပ်ငန်းများ အကောင်အထည်ဖော်ဖြစ်မည်။ ရွှေ ၊ စက်ပစ္စည်း ၀င်ထွက် မည်။ မြေ ၀င်ထွက်ဖြစ်မည်။ သင့်လုပ်ဆောင်ချက်တွေ အောင်မြင်မည်။ ငွေစုလိုက် ၀င်ကိန်း ရှိသည်။ ကံကောင်းမည်။ အကူအညီပေးသူတွေ ပေါ်မည်။ စက် ၊ ယာဉ်ကား တို့ အပြောင်းအလဲ ဖြစ်မည်။      

အကျိုးပေးဂဏန်း - ၇ ၊ ၂ ၊ ၀။

အထူးဟော - သင်ကံကောင်းပြီ။

 

ယတြာ - စနေနေ့နံနက် တွင် ထီးနီ (၉) လက်  အိမ်ဘုရားကို ကပ်ပါ။  


ရခိုင်ပြည်နယ်ပြန်၍ အနောက်တံခါးကို ကာကွယ်သင့်ဟု ၀န်ကြီးပြောကြား

နေရာအနှံ့၌ ပြန်ကျဲစွာနေထိုင်ကြသည့် ရခိုင်လူမျိုးများအနေဖြင့် ရခိုင်ပြည်နယ်၌ ပြန်လည်နေထိုင်ကာ အနောက်တံခါးအား ကာကွယ်သင့်သည်ဟု ရခိုင်တိုင်းရင်သားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောကြား သည်။

 

မေလ(၈)ရက်နေ့ ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်ခဲ့သော ရခိုင်လူအခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AHRDO)နှင့် ရခိုင်အင်အားစုများတွေ့ဆုံပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

 

"ရခိုင်တွေက မိမိတို့ အသိစိတ်ဓါတ်နဲ့ အနောက်တံခါးကို ကာကွယ်နေကြတယ်။ အနောက်တံခါးကြီးက မပြိုသေးဘူး ယိုင်နဲ့ရုံပဲ ရှိသေးတယ်။ အဲဒီတံခါးကြီးယိုင်နဲ့သွားရင် ရခိုင်ပြည်နယ်ပါ မကဘူး။ ပြည်ထောင်စုပါ ထိခိုက်နိုင်တယ်။ ရခိုင်တွေ အားလုံးပြန်လာနေပြီးတော့ ရခိုင်ပြည်နယ်မှာပြန်နေပါ။ ရခိုင်ပြည်နယ်ကို ကာကွယ် ပါ စောင့်ရှောက်ပါ" ဟု ရခိုင် တိုင်းရင်သားရေးရာဝန်ကြီး ဦးဇော်အေးမောင်က တိုက်တွန်းပြောကြားလိုက်သည်။ 

 

ရခိုင်ပြည်နယ်၌ လက်ရှိနေထိုင်သူ အများစုမှာ ရခိုင်လူမျိုးခေတ်ပညာတတ် လူငယ်များနည်းပါကြောင်း တုတ်ကောက်ကိုင်သည့် လူကြီးနှင့် နို့စို့အရွယ်ကလေးများသာ ရှိကြောင်း၊ ရခိုင်လူမျိုးများအနေဖြင့် အခြားနိုင်ငံ အခြားမြို့ရွာများသို့ ပျံ့နှံ့နေထိုင်ရောက်ရှိနေသည့်အတွက် ရခိုင်ပြည်နယ်တွင် ပြန်လည်နေထိုင်ကာ အနောက် တံခါးကို ကာကွယ်သင့်သည်ဟု ဆက်ပြောသည်။

 

ရခိုင်ပြည်နယ်၌ ရခိုင်လူမျိုးအရေအတွက်မှာ နည်းပါးလျက်ရှိပြီး လူဦးရေထူထပ်များပြားသည့် အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် နယ်မြေခြင်းထိစပ်လျက်ရှိနေသောကြောင့် တရားမ၀င်ခိုးဝင်သူများ ရှိနေကြောင်းကို လည်း သိရှိရသည်။

 

"အဲဒီမှာရှိတဲ့ပြည်သူလူထုပေါ့ ရခိုင်အပါအ၀င် တခြားလူမျိုးတွေရှိတယ်လေ အားလုံးကာကွယ်မှပဲ တခြားနိုင်ငံ က ခိုးဝင်လာတဲ့ လူတွေကို တာဆီးနိုင်မယ်။ လုံခြုံရေးအရလည်း ကိုယ့်ပြည်သူလူထုကို ပြည့်ပြည့်၀၀ အကာ အကွယ်ပေးနိုင်မယ်ပေါ့နော်၊ အဲဒီမှာရှိတဲ့ ဒေသခံတွေနဲ့ ဒေသအာဏာပိုင်တွေနဲ့ ပေါင်းပြီးတော့ လုပ်ဆောင် သွားလို့ရှိရင်တော့ အစိုးရအနေနဲ့လည်း ထိထိရောက်ရောက် လုပ်နိုင်မယ်လို့ ထင်တယ်ပေါ့နော်" ဟု ပြည်ပမှ ပြန်လည်ဝင်ရောက်လာသော ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AHRDO)မှ ဦးဇော်မင်းဦးက ပြောသည်။

 

ပြည်ပမှ ပြန်လည်ဝင်ရောက်လာသော ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AHRDO) ကိုလည်း ၀န်ကြီးမှ ကြိုဆိုကြောင်း ရခိုင်လူမျိုးများသည် တိုင်းရင်သားလူမျိုးများထဲတွင် အဖွဲ့အများဆုံးရှိသော လူမျိုး ဖြစ်ကြောင်း ၀န်ကြီးက သုံးသပ်ပြောဆိုသည်။

 

"ရခိုင်တွေဟာ အဲဒီတံခါးကိုဘယ်သူမှ မခိုင်းစေပဲနဲ့ ကိုယ်ဟာကိုယ် ကာကွယ်နေကြတယ်။ အဲလိုသာ မကာကွယ်ဘူးဆိုရင် ရွှေတိဂုံဘုရားကြီးက ပြတိုက်ဖြစ်သွားလိမ့်မယ်ဆိုတာကို ၀န်ကြီးအမြဲတမ်းပြောတဲ့ စကားလေးပါ၊ အမျိုးဘာသာသာသနာ ဗုဒ္ဓဘာသာတရားတော်ရဲ့ ငါးပါးသီလနဲ့ အညီနေသွားမယ် ဆိုလို့ရှိရင် မည်သည့်လူမျိုး၊ နိုင်ငံ၊ အဖွဲ့အစည်းပဲ ဖြစ်ဖြစ် အားလုံးအတူနေထိုင်သွားကြမယ်ဆိုရင် အဆင်ပြေမယ်လို့ ထင်ပါတယ်။ စည်းကမ်းတကျနဲ့ သပ်သပ်ရပ်ရပ်နေကြရမယ်" ရခိုင်လူငယ်များအဖွဲ့ ကိုဖိုးသားက ပြောသည်။

 

ရခိုင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ လူမျိုးတစ်စုနှင့် တစ်စု ပဋိပက္ခများဖြစ်ပေါ်လျက်ရှိပြီး လက်ရှိ တွင်  ဒေသတွင်း၌ အိမ်ထောင်စုသန်ကောင်းစာရင်းများ ကောက်ယူလျက်ရှိသည်။


မန်း၌ မိုးသီးမိုးရွာ

မန္တလေးမြို့အနှံ့အပြား၌ မေလ(၉)ရက်နေ့ နေ့လည် (၂း၀၀)နာရီဝန်းကျင်က မိုးရွာသွန်းရာ၌ မိုးသီးမိုး ၁၀ မိနစ်ခန့် ရွာချခဲ့သည်။

 

ပရုပ်လုံးခန့်ရှိသော မိုးသီးလုံးများဖြစ်ပြီး မိုးသီးရွာချမှုကြောင့် ပျက်စီးဆုံးရှုံးမှုတစ်စုံတရာမရှိဟု စုံစမ်းသိရသည်။

 

၂၀၁၃ ခုနှစ်တွင်အတွင်း မန္တလေး၌ ပထမဆုံးအကြိမ် မိုးသီးရွာခြင်းဖြစ်ပြီး ၂၀၁၂ခုနှစ်ကလည်း နှစ်ကြိမ်ခန့်
မိုးသီးများရွာချခဲ့သည်ဟု မြို့ခံတို့က ဆိုသည်။

 

မိုးသီးရွာခြင်းကြောင့် အပူချိန်မြင့်တက်လာနိုင်သည်ဟု သဘာဝပတ်ဝန်းကျင်နားလည်သူတစ်ဦးက ခန့်မှန်း သည်။