Saturday, May 11, 2013

ဈေးပေါသော်လည်း ကျပ် ၁၅၀၀ တန်ဖုန်း ကိုင်ဆောင်သူများ ဒုက္ခရောက်


5.9.4

ကျပ် ၁၅၀၀ တန်ဖုန်း ၀ယ်ယူခွင့်ရရန် အမည်စာရင်း ကြည့်ရှုနေသည်ကို တွေ့ရစဉ်

ဧပြီ ၂၄ ရက်တွင် သက်ဆိုင်ရာ ရပ်ကွက်ရုံးများ၌ မဲနှိုက်စနစ်ဖြင့် ရောင်းချပေးခဲ့သည့် ကျပ် ၁၅၀၀ တန်ဆင်းကတ်များမှာ ယခင် ရောင်းချပေးခဲ့သည့် ဆင်းကတ်များနှင့် နှိုင်းယှဉ်ပါက ဈေးသက်သာသော်လည်း အသုံးပြုသူများ အနေဖြင့် သုံးစွဲရာ၊ ၀ယ်ယူရာတွင် အခက်အခဲများစွာရှိကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ ကျပ် ၁၅၀၀ တန် ဆင်းကတ်များကို ကိုင်ဆောင်အသုံးပြုလိုသူများ အနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်ရုံးများတွင် သန်းခေါင်စာရင်းမိတ္တူ၊ မှတ်ပုံတင်မိတ္တူနှင့် သွားရောက်လျှောက်ထားရပြီး ရပ်ကွက်အတွင်းရှိ လူဦးရေပေါ် မူတည်၍ ကတ်အရေအတွက် ရောင်းချပေးခဲ့ကြောင်း သိရသည်။ ၀ယ်ယူသူများ အနေဖြင့် ယင်း ၁၅၀၀ တန် ဆင်းကတ်များကို ၀ယ်ယူရာတွင် ဖုန်းဆင်းကတ်များကို လိုသလောက် ရောင်းချပေးနိုင်မှု မရှိခြင်း၊ သုံးစွဲနိုင်သော ဧရိယာ အကန့်အသတ် ရှိနေခြင်း၊ အသုံးပြုနိုင်သော ဟန်းဆက် အမျိုးအစား ကွာခြားခြင်း၊ အသုံးပြုသူများအပေါ် သတ်မှတ်ချက် ကွာခြားခြင်းတို့ကြောင့် ကိုင်ဆောင်သူများ အနေဖြင့် အခက်တွေ့လျက်ရှိကြောင်း သိရသည်။

ဧပြီ ၂၄ ရက်တွင် ရောင်းချပေးခဲ့သည့် ငွေကျပ် ၁၅၀၀ တန် စီဒီအမ်အေ ၈၀၀ ဆင်းကတ်များမှာ ဟန်းဆက်ရွေးခြင်း၊ အသုံးပြုနိုင်သည့် နေရာဒေသ အကန့်အသတ်ရှိခြင်းတို့အပြင် ကတ်ရပြီး အသုံးမပြုပါက ဖုန်းလိုင်းပိတ်မည်။ ထို့အပြင် နှစ်လလျှင် ငွေကျပ် ၅၀၀၀ အနည်းဆုံး အသုံးပြုရမည် စသော သတ်မှတ်ချက်များ ရှိနေခြင်း၊ ယခင် ရောင်းချပေးခဲ့သည့် စီဒီအမ်အေ ၈၀၀ ဆင်းကတ်များကဲ့သို့ စီဒီအမ်အေ ၄၅၀ ကွန်ရက်အတွင်း၌ အသုံးပြုနိုင်မှု မရှိခြင်း စသည့် အချက်များကြောင့် သုံးစွဲသူအချို့မှာ ကြိုက်နှစ်သက်ခြင်း မရှိကြောင်း သိရသည်။

''ကျွန်တော်က ဖုန်းဝယ်ဖို့ အစီအစဉ်ရှိပြီး မဲလည်းမပေါက်တော့ အပြင်မှာ လိုက်စုံစမ်းတာ ကျပ် ၁၅၀၀ တန် စီဒီအမ်အေ ၈၀၀ ကတ်က ကျပ် ၇ သောင်းလောက် ပေါက်ဈေးရှိနေတယ်။ ဒါနဲ့ ဂျီအက်စ်အမ်ကတ်ပဲ ၀ယ်ဖို့စိတ်ကူးမိတယ်။ တန်ဖိုးနည်း ဂျီအက်စ်အမ်ကတ်တွေ ချပေးမယ့်အချိန်ကို မစောင့်နိုင်တော့လို့ပါ'' ဟု ကမာရွတ်မြို့နယ်မှ ကိုထွန်းနိုင်ဝင်းက ပြောပြသည်။

''အခု ဒီဖုန်းထွက်လာပြီးနောက်မှာ အရင်ချပေးခဲ့တဲ့ ၀၉၇၃၀ နဲ့စတဲ့ စီဒီအမ်အေ ၈၀၀ ဖုန်းတွေတောင် ကျပ်နှစ်သိန်းခွဲလောက် ပြန်ဖြစ်နေတယ်။ ၀ယ်ဖို့လာကမ်းလှမ်းတဲ့ သူတွေရှိပေမယ့် နံပါတ်က အသားကျနေပြီးသား ဖြစ်လို့ မရောင်းဖြစ်ပါဘူး'' ဟု ၀၉၇၃၀ ဖြင့်စသော စီဒီအမ်အေဖုန်း ကိုင်ဆောင်သူ တစ်ဦးက ပြောပြသည်။

သာကေတမြို့နယ်တွင် နေထိုင်သူ ကိုတင်မောင်လတ်က ''ကျွန်တော်အရင်တုန်းက နှစ်သိန်းတန်ဖုန်းကိုင်တာ။ ဒါပေမဲ့ ဒီ ၁၅၀၀ တန်ဖုန်းတွေရောင်းပေးခါနီးမှာ ဈေးကောင်းရလို့ ပြန်ရောင်းလိုက်တယ်။ ၁၅၀၀ တန် ဆင်းကတ်တွေ ရောင်းပေးမယ်ဆိုတော့ ၀မ်းသာမိတယ်။ ဒါပေမဲ့ တစ်ကယ်လည်း ရောင်းပေးတော့ အဆင်မပြေဘူး။ မဲနှိုက်စနစ်နဲ့ ရောင်းပေးတယ်။ ပြီးတော့ သန်းခေါင်စာရင်းလိုတယ်။ ကျွန်တော်တို့မှာ သန်းခေါင်စာရင်းက ယာယီသန်းခေါင်စာရင်းပဲရှိတယ်။ အဲဒီတော့ ၀င်လျောက်လို့ မရခဲ့ဘူး။ အခုဒီဖုန်းက နှစ်လကို တစ်ကတ်ကုန်အောင် သုံးရမယ်ဆိုတော့ ကိုယ့်ဖုန်းပဲ၊ ကိုယ်ပြောချင်လည်းပြောမယ်။ မပြောချင်လည်း မပြောဘူးပေါ့။ မသုံးလည်းဖြတ်မှာ ဆိုတော့ သိပ်အဆင်မပြေဘူး။ ဒါကြောင့် နှစ်သိန်းတန်ဖုန်းပဲ ဈေးကြီးပေးပြီး ပြန်ဝယ်လိုက်တယ်'' ဟု ပြောသည်။

ဆင်းကတ်တန်ဖိုး နည်းသော်လည်း အများပြည်သူ ကိုင်ဆောင်အသုံးပြုနိုင် လောက်သည့် ဖုန်းကတ်ပမာဏ လုံလောက်စွာ မရောင်းချနိုင်ခြင်းတို့ကြောင့် ပြည်သူများမှာ ကိုင်ဆောင်ချင်သော်လည်း ရောင်းချသည့် စနစ်ကြောင့် အခက်အခဲများဖြင့် ကြုံတွေ့နေရကြောင်း သိရသည်။

လက်ရှိတွင် ကျပ် ၁၅၀၀ တန် စီဒီအမ်အေ ၈၀၀ ဖုန်းများအတွက် မြန်မာနိုင်ငံ တစ်ဝန်းတွင် ရေဒီယို စခန်းပေါင်း၂၈၂ စခန်း ရှိပြီး ထပ်မံတိုးချဲ့ တည်ဆောက်လျက် ရှိကြောင်းလည်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။