Saturday, May 11, 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုဘ၀ မြှင့်တင်ရေး အခမ်းအနား တက်ရောက်ရန် မန္တလေးသို့ မေ ၁၁ ရက် သွားမည်

5.10.4

ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုဘ၀ မြှင့်တင်ရေး အခမ်းအနားအတွက် ပြင်ဆင်နေသည်ကို မေ ၁၀ ရက်က တွေ့ရစဉ်

မန္တလေးမြို့သို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မေ ၁၁ ရက်တွင် လာရောက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ယခုမန္တလေး ခရီးစဉ်မှာ နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရပြီး ပထမဆုံး လာရောက်သည့် ခရီးစဉ်ဖြစ်ကာ ပြင်ဦးလွင်သို့လည်း သွားရောက်မည် ဖြစ်သည်ဟု သတင်းရရှိသည်။

မေ ၁၂ ရက်တွင် မန္တလေးမြို့ အမျိုးသား ကဇာတ်ရုံတွင် ပြုလုပ်မည့် မန္တလေး တိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုဘ၀ မြှင့်တင်ရေး အခမ်းအနားသို့ တက်ရောက်မည် ဖြစ်ကြောင်းနှင့် မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ်၊ မြို့တော်ဝန်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နိုင်ငံတော်သမ္မတ၏ ပထမဆုံး မန္တလေး ခရီးစဉ်အတွက် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လုံခြုံရေးအင်အား တိုးမြှင့်ဆောင်ရွက်လျက်ရှိပြီး တာဝန်ရှိသူ တစ်ဦးက ''လေဆိပ်မှာ လုံခြုံရေးအင်အား၂၀၀ လောက်နဲ့ စစ်ဆေးမှုတွေကို အရင်ကထက်ပိုပြီး ဆောင်ရွက်နေတယ်။ သာမန်ကာလျံကာ စိစစ်တာမျိုး မဟုတ်ဘဲ အ၀င်အထွက်တွေ အားလုံးကို ကြပ်မတ်ထားတယ်'' ဟု ပြောသည်။

''လုံခြုံရေးအရ သမ္မတကြီး ဘယ်သွားမယ်၊ ဘာလုပ်မယ်ဆိုတာကို မပြောနိုင်ပါဘူး'' ဟု မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ခရီးစဉ်နှင့် ပတ်သက်၍ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။

သမ္မတလာရောက်မည် ဖြစ်သောကြောင့် မန္တလေးကျုံးမြို့ရိုး ပတ်လည်ရှိ ပလက်ဖောင်းများကို ဆေးအသစ်မွမ်းမံခြင်း၊ သန့်ရှင်းခြင်းများ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုဘ၀ မြှင့်တင်ရေး အခမ်းအနားအတွက် ပြင်ဆင်နေသည်ကို မေ ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-မင်းသန့်)

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။