Thursday, April 4, 2013

ရှမ်းပြည်နယ်(မြောက်) ၌ KIA တပ်အား အစိုးရတပ်ဆက်လက် ထိုးစစ်ဆင်နေ

အစိုးရတပ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နယ်မြေသို့ ဆက်လက်၍ အင်အားတိုးချဲ့ကာ ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

kachin-army

ယမန်နေ့ နံနက် ၉ နာရီခွဲမှ ၁၁ ခွဲထိ   KIAနှင့် တအောင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ ပူးပေါင်းပါဝင်သည့် တပ်ပေါင်းစုများတို့က မုန်းဝီး Mung Wi လှုပ်ရှားနေသော အစိုးရတပ်စစ်ကြောင်း (အင်အား ၆၀ ခန့်) တို့ နှင့် ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု KIA ပြောသည်။

"ကျနော်တို့နယ်မြေမှာ အစိုးရတပ်က အင်အားဖြည့်Operation လုပ်လာသလို နေရာတိုင်းမှာ လှုပ်ရှားလာ တယ်။  အင်အားက အဖွဲ့ ၁ ဖွဲ့မှာ ၅၀၊ ၆၀ နဲ့ စစ်ကြောင်းများစွာနဲ့ လှုပ်ရှားနေတယ်" ဟု တပ်မဟာ (၄) အရာရှိတဦးက KNG ကချင်သတင်းဌာန သို့ပြောသည်။

ယမန်နေ့ ရှမ်းပြည်မြောက်ပိုင်း KIA တပ်ရင်း ၈ ဒေသရှိ တရုတ်ရွာ တာဘန်ကုန်း (Tabang Kung)နှင့် ရှောင်ဘန်ကုန်း (Shaubang Kung) နေရာတွင် အစိုးရတပ်နှင့် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲတွင် နှစ်ဘက်တပ် ထိခိုက်သေဆုံးမှု မသိရှိရပါ။  KIA တပ်ရင်း (၈) နှင့် တပ်ရင်း (၃၄) နယ်မြေတွင် TNLA  နှင့် KIA တပ်ပေါင်းစုတို့ ပူးတွဲလှုပ်ရှားသည့် နယ်မြေဖြစ်သည်။

ထို့ပြင် အစိုးရတပ်များနှင့် KIA တပ်မဟာ (၄) နယ်မြေ နမ်တောင်းဒေသ နမ်ဂတ် (Nam Gat) ရွာအပြန် ဘက်တွင်လည်း မတ်လ၂၉ ရက်နေ့ ညနေ ၅ ခွဲချိန်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယခုစစ်အင်အားများ ဆက်လက်တိုးချထားကြောင်း သိရသည်။

KIA ၏ ပြည်သူ့စစ် MHH (Mungshawa Hpyen Hpung) တပ်ဖွဲ့ (၅) ထိန်းချုပ်နယ်မြေအတွင်း အင်အား ၇၀ ခန့်ရှိသော အစိုးရတပ်က မုန်ဘော်ပြည်သူ့စစ်တပ်ဖွဲ့ ၊ ပန်းဆေး ပြည်သူ့စစ်တပ်ဖွဲ့တို့နှင့် ပူးပေါင်းလှုပ်ရှား နေသည်ဟုသိရသည်။ အစိုးရ၏ ပူးပေါင်းတပ်များသည် နမ်တောင်းဒေသ ရှဘွတ်ကောင်းခရားတွင် အယောက် ၄၀၊  ပန်းခါးတွင် ၅၀ ယောက်၊ နမ်ဂတ်တွင် အယောက် ၅၀၊ မော်တောင်းဘက်တွင် အယောက် ၅၀ စသဖြင့် အုပ်စုခွဲပြီးလှုပ်ရှားနေသည်ဟု ဆိုသည်။  

"လူအင်အားစုပြီး ရှေ့တန်းမှာ နည်းနည်းစီဖြည့်နေတယ်။ ရှေ့မှာရှိနေတဲ့သူတွေကိုလည်း ကျန်နေတဲ့သူတွေ ကို ပြန်စောင့်ပြီးနေတယ်။ တဆင့်ပြီးတဆင့် တိုးတိုးလာလို့ ကျနော်တို့နဲ့အနီးကပ်ဆုံးနေရာမှာ ရှိနေပြီ" ဟု MHH ပြည်သူ့စစ်အရာရှိ တဦးက KNG ကချင်သတင်းဌာန သို့ပြောသည်။

ထို့အပြင် လားရှိုးဘက်မှ အစိုးရတပ် စစ်အင်အား ၂၀၀ ကျော်ကလည်း ဂစ်ပိုက်လိုင်းလုံခြုံရေးအတွက် နယ်မြေရှင်းလင်းရန် ကေအိုင်အေ နယ်မြေသို့ အင်အားထပ်ဖြည့် လာခြင်းဖြစ်သည်ဟု အဆိုပါ MHH အရာရှိက ပြောသည်။

အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြား ယခုလ ဧပြီ ၁၀ ရက်မတိုင်မီ ထပ်မံတွေ့ဆုံရန် ပြောဆိုထားသော်လည်း ယခုချိန်ထိ ရက်သတ်မှတ်ခြင်းမရှိသေးပေ။ တိုက်ပွဲလျှော့ချရေးအတွက်အင်အား တိုးချဲ့မှု ထိုးစစ်ဆင်မှုမပြုလုပ်ရန် အစိုးရထံ ကေအိုင်အို ပေးစာပေးပို့ထားကြောင်း၊ အဆိုပါတွေ့ဆုံမည့် ကိစ္စအတွက်လည်း အကြို ညှိနှိုင်းမှုများလိုအပ်နေသေးကြောင်း ဒု-အထွေထွေအတွင်း ရေးမှူး-၂ လာနန် ပြောသည်။

ဖားအံမြို့နယ်အတွင်း ဘိလပ်မြေစက်ရုံသစ်များတည်ဆောက်ရေး ဒေသခံများမလိုလား

ကရင်ပြည်နယ်၊ဖားအံမြို့နယ်အတွင်း ဘိလပ်မြေ စက်ရုံသစ်များ တည်ဆောက်လာပါက ဒေသခံများ အတွက် စားဝတ်နေရေးအပြင် သဘာဝပတ်ဝန်းကျင် များကို ပါထိခိုက်လာနိုင်သဖြင့် ထပ်မဆောက်လုပ် ကြရန် ဒေသခံများ အနေဖြင့်သက်ဆိုင်ရာဌာနများသို့ တင်ပြမည်ဟု ဒေသခံများ၏ပြောပြချက်အရ သိရသည်။

"အစိုးရဘက်ပိုင်းကတာဝန်ရှိတဲ့သက်ဆိုင်ရာ ဌာနအသီးသီးကိုတင်ပြမှာပါ။ KNU ဘက်ကိုလည်းအကူအညီ တောင်းဖို့အတွက် စီစဉ်ထားပါတယ်။ ရှိပြီးသားဘိလပ်မြေစက်ရုံတွေကို ရပ်ဆိုင်းဖို့မဟုတ်ပါဘူး။ ဆက်လုပ်ကြပါ။ ဒါပေမယ့်စက်ရုံသစ်တွေတော့ ဆက်မဆောက်စေချင်တော့ပါဘူး။"ဟုဘားအံမြို့နယ် ပရင်းကုန်းကျေးရွာ ကျောင်းထိုင် ဆရာတော် ဦးဝီရိယ က ကေအိုင်စီကို မိန့်ကြားသည်။

စိုးနိုင်ထွန်းကုမ္ပဏီကတန်ချိန်၁၀၀၀၀ခန့် ထုတ်နိုင်မည့်ဘိလပ်မြေစက်ရုံသစ် တည်ဆောက်ရန်အတွက် ဘားအံမြို့နယ်အတွင်းရှိလေထီးတောင်နှင့် လှိုင်းတွန့်တောင်များကိုကုန်ကြမ်းအဖြစ် အသုံးပြုရန်လျာ ထားပြီးအဆိုပါ တောင်များ၏အနီးတဝိုက်တွင် ပရင်းကုန်း၊ နတ်ကုန်း၊ ရသေ့ပျံ၊ ကော့ရင်း၊ ပန်းကုန်း စသည့်ကျေးရွာများ တည်ရှိရာရွာသူရွာသားအများစုသည် တောင်နှင့်တောင်ခြေရှိ လယ်မြေများကို အဓိကမှီခို လုပ်ကိုင် အသက်မွေးဝမ်းကြောင်းပြုကြသည်ဟု သိရသည်။

"ဒေသခံရွာသားတွေဟာ ဒီတောင်တွေစားကျက်မြေတွေလယ်မြေတွေနဲ့ စားဝတ်နေရေးအတွက်မှီခို နေကြရတာဖြစ်တယ်။ စက်ရုံတွေလာဆောက်မယ်ဆိုရင် တောင်တွေပျောက်မယ်။ လယ်တွေရှုံးမယ်။ ဒေသခံတွေစားဝတ်နေရေး ခက်ခဲပြီးဒုက္ခရောက်နိုင်ပါတယ်။"ဟုအဆိုပါဆရာတော်ကဆက်လက်မိန့်ကြား သည်။

စက်ရုံဟောင်းဖြစ်သောအမှတ် (၂) မြိုင်ကလေးဘိလပ်မြေစက်ရုံ တည်ဆောက်စဉ်ကလည်းကျေးရွာပိုင် စားကျက်မြေများဆုံးရှုံးခဲ့ရသည့်အပြင် စက်ရုံအနီးရှိလှာကာရွာမှ အိမ်များထဲတွင်လည်းဖုန်မှုန့်များ နေ့စဉ်ဝင်ရောက်နေသဖြင့် ရွာသူရွာသားအချို့တွင်အသက်ရှူလမ်းကြောင်းနှင့် ဆိုင်သည့်ရောဂါမျိုးဖြစ်နေသည်ကို တွေ့ရှိရကြောင်းဘားအံမြို့သူ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မှ ဦးဆောင်သူနော်လော်သုလော်သာက ဆိုသည်။

"လှာကာရွာကလူတွေဆိုရင်လည်း အသက်ရှုလမ်းကြောင်းလိုရောဂါမျိုးတွေ တွေ့နေရပါတယ်။ ရေမြောင်းတစ်ခု တူးထားတာရှိပါသေးတယ်။ စစချင်းတူးတုန်းက ၁၀ပေကျော်လောက်ဘဲရှိပါတယ်။ အခုဆိုပေ၄၀နီးပါးရှိနေပါတယ်။ ဒီမြောင်းထဲကိုဘယ်လိုရေတွေစွန့်ပစ်သလဲတော့မသိပါဘူး။ မြောင်းရေနဲ့ထိမိရင်ယားပြီးအဖုတွေ ထွက်လာပါတယ်။ ပညာရှင်တွေ လာရောက်စစ်ဆေးပေးရင်ကောင်း မယ်။" ဟုသူမက ရှင်းပြသွားသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU)ဗဟိုအလုပ်အမှုဆောင်ဝင် တစ်ဦးဖြစ်သော စောသမိန်ထွန်းကထိုကဲ့သို့ ဒေသခံများ၏ ထိခိုက်နစ်နာမှုများနှင့် ပက်သက်၍ KNU ဆက်ဆံရေးရုံးများသို့ တင်ပြအကူအညီတောင်း ခံနိုင်ကြောင်း မိမိတို့ဘက်မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆိုသည်။

ဘိလပ်မြေစက်ရုံသစ် တည်ဆောက်ရန်ကိစ္စနှင့် ပတ်သက်၍စိုးနိုင်ထွန်းကုမ္မဏီသို့ ဆက်သွယ်မေးမြန်းရာ လက်ထောက်မန်နေဂျာ ဒေါ်ကေသွယ်အောင်မှ အထက်လူကြီးများအား မေးမြန်းပြီးမှသာပြန်လည်ဖြေကြား မည်ဟု ဆိုသည်။

သျှမ်းပါတီ ၂ ခုပူးပေါင်းရေးအတွက် ကျားဖြူပါတီမှ ကော်မတီဖွဲ့စည်း

သျှမ်းပါတီပေါင်းစည်းရေးအတွက် ကျားဖြူပါတီမှ ကော်မတီဖွဲ့စည်း ထားပြီးဖြစ်ကြောင်း၊ မည်သူက ဘာတာဝန်ဆိုတာကိုလည်း ခွဲဝေထားပြီးဖြစ်ကြောင်း ယမန်နေ့ ပြည်နယ်လွှတ်တော်အစည်းအဝေးအပြီး ကျားဖြူပါတီဝင်များတွေ့ဆုံစဉ် ပါတီဥက္ကဌဖြစ်သူ စိုင်းအိုက်ပေါင်း က ပြောသည်ဟုသိရပါသည်။

တာချီလိတ် ကျားဖြူပါတီ နှစ်ပတ်လည်ညီလာခံ

တာချီလိတ် ကျားဖြူပါတီ နှစ်ပတ်လည်ညီလာခံ

"ဧပြီ ၂ ရက်မနေ့ကလုပ်တဲ့ အစည်းအဝေးမှာ စိုင်းအိုက်ပေါင်းက ညီနောင်တိုင်းရင်းသားပါတီ ၇ ပါတီ ၁၀ ပါတီ နဲ့ပူးပေါင်းပြီးအကောင်းဆုံးဖြစ်အောင်လုပ်သွားဖို့ ပြောတယ်။ အဲဒီမှာ မိုင်းပန်က အမတ် ဦးမိုးကြည်က ထမေးတယ်။ သျှမ်းမှာက ၂ ပါတီ ၃ ပါတီဘဲရှိတယ် ဘာလို့ မပေါင်း နိုင်သေး တာလဲ - ဆိုတော့ ဥက္ကဌကြီးက လဲချားက အမတ် စိုင်းတင်ကိုကော ပါလေရော။ ဘယ်လိုလဲ ခင်ဗျားကို တာဝန် ပေးထားတာခုထိမလုပ်ရ သေး ဘူးလား ဘာညာပေါ့။ အဲတာနဲ့ စိုင်းတင်က - တာဝန်ပေးတယ်ဘဲပြောတာ။ ညွှန်ကြားမှု မှမပေးတာ- လို့ပြန်ဖြေတယ်။  ဂျန္နဝါရီလ တာချီလိတ်အစည်းအဝေးတုန်းက ကော်မတီ ၅ ဦးဖွဲ့ ထားတယ်လေ။ ကျားဖြူနဲ့ကျားခေါင်းပေါင်းစည်းရေး အတွက်ပေါ့နော်။ ကျနော်တို့ ကျားဖြူ ဒု-ဥက္ကဌ စိုင်းဆောင်ဆီက အဲ့ဒီမှာ ဥက္ကဌပေါ့" ဟု  ကျားဖြူပါတီ၏ မိုင်းတုံမြို့နယ်အမတ် စိုင်းဝင်းမြတ်ဦးကပြောသည်။

ယမန်နေ့ ဧပြီလ ၂ ရက် ညနေ ၄ နာရီကကျင်းပသော ကျားဖြူပါတီ တွေ့ဆုံဆွေးနွေးပွဲ၌ ထိုကဲ့သို့ပြောဆိုမှုရှိ ခဲ့ခြင်းဖြစ် သည်။

နှစ်ဦးပိုင်းက တာချီလိတ်၌ကျင်းပသော ကျားဖြူပါတီ နှစ်ပတ်လည်အစည်းအဝေး၌ သျှမ်းပါတီများပူးပေါင်း ရေးအတွက် လှုပ်ရှားမှု ကော်မတီ ၅ ဦးကိုဖွဲ့စည်းလိုက်သည်။ ဦးစိုင်းဆောင်ဆီက ဥက္ကဌဖြစ်ပြီး အဖွဲ့ဝင်များ မှာ လဲချားပြည်သူ့လွှတ်တော်အမတ် စိုင်းမောင်တင်၊ စဝ်ယွန်းပိုင်၊ မိုင်းကိုင်မြို့ပြည်နယ်လွှတ်တော်အမတ် စိုင်းပန်နှင့် အမျိုးသားလွှတ်တော်အမတ် ဦးကျော်ဇောသန်းတို့ဖြစ်ကြောင်း စိုင်းဝင်းမြတ်ဦးကပြောပါသည်။

အဆိုပါ ကော်မတီ မဖွဲ့မီကလည်း ကျားဖြူပါတီစတင်တည်ထောင်ရာတွင်ပါဝင်သော စဝ်ဆိုင်မိန်းပါဝင် သည့်ကော်မတီ ၆ ဦးအဖွဲ့လည်း ဖွဲ့စည်းခဲ့ဖူးကြောင်း ဆိုပါသည်။ သို့သော် တာချီလိတ်နှစ်ပတ်လည် အစည်းအဝေးတွင် စဝ်ဆိုင်မိန်း တက်ရောက်ခြင်းမရှိသဖြင့် ကော်မတီ ပြန်လည်  ဖွဲ့စည်းရာတွင်စဝ်ဆိုင်မိန်း ပါဝင်ခြင်းမရှိခဲ့ကြောင်း ယမန်နေ့အစည်း အဝေး တက်ရောက်သူများက သျှမ်းသံတော်ဆင့်အားပြောပြသည်။

တောင်သူလယ်သမား အကာအကွယ်ပေးရေး ဥပဒေရေးဆွဲ ပြဋ္ဌာန်းမည်

မြန်မာနိုင်ငံတွင် တောင်သူလယ်သမားများကို အကာအကွယ်ပေးသည့် ဥပဒေတရပ်ကို ရေးဆွဲသွားမည်ဖြစ်ပြီး ယင်းဥပဒေတွင် တောင်သူ လယ်သမာများကြုံတွေ့နေရသည့် အကြွေးပြသနာ၊ ဆင်းရဲမွဲတေမှုများကို လျော့ချနိုင်မည့် ပြဋ္ဌာန်းချက်များထည့်သွင်းရေးဆွဲမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်မှာ ကျေးလက်နေပြည်သူများဖြစ်ပြီး တောင်သူလယ်သမား လူတန်းစား အများစုပါဝင်နေကြောင်း၊ လက်ရှိတွင် တောင်သူလယ်သမားများသည် အကြွေး သံသရာလည်နေပြီး ဆင်းရဲမွဲတေမှုများကို ရင်ဆိုင်နေရကြောင်း၊ တောင်သူလယ်သမားများကို အကာအကွယ် ပေးမည့်ဥပဒေတရပ်ကို လွှတ်တော်က ရေးဆွဲ ပြဋ္ဌာန်းရန် စီစဉ်နေပြီး ယင်းဥပဒေတွင် တောင်သူလယ်သမား များ ကြုံတွေ့ရသည့် ပြသနာများကို လျော့ပေါ့ပေးနိုင်မည့် ပြဋ္ဌာန်းချက်များ ပါဝင်မည်ဖြစ်ကြောင်း ဧပြီလ ၁ ရက်နေ့ နေပြည်တော်၊ ပြည်သူ့လွှတ်တော်အဆောက်အအုံတွင် ကျင်းပခဲ့သော တောင်သူလယ်သမားအကာအကွယ်ပေးရေးဥပဒေဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက် ခဲ့သူ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌဦးချစ်ခိုင်က ပြောသည်။

"လယ်သမားတွေရဲ့အကြွေးတွေလျော့ပြီးဆင်းရဲမှုလျော့ချနိုင်ဖို့အတွက်ဥပဒေထဲမှာထည့်သွင်းရေးဆွဲသွားမှာပါ။ စိုက်ပျိုးရေးသီးနှံတွေနဲ့ပတ်သက်လို့ သူတို့ဝင်ငွေကောင်းလာဖို့ တွက်ခြေကိုက်မယ့် ဈေးနှုန်း တွေဖြစ်ဖို့ကိုလည်း ဥပဒေထဲမှာထည့်သွားမှာပါ"ဟု ဦးချစ်ခိုင်က ဆိုသည်။

အစိုးရခေတ်အဆက်ဆက်တွင် တောင်သူလယ်သမားများသည်  စိုက်ပျိုးရေးစီမံချက်များအရ အစိုးရက စေခိုင်းသော စိုက်ပျိုးရေးသီးနှံများကို ရာသီအလိုက်စိုက်ပျိုးရခြင်း၊ ပွင့်လင်းမြင်သာသော ဈေးကွက် စီးပွားရေးစနစ် ဖြစ်ထွန်းလာမှု မရှိခြင်း၊ လယ်ယာမြေပိုင်ဆိုင်ခွင့်မရှိခဲ့ခြင်း အပါအ၀င် ပြသနာများစွာ ကြောင့် ခေတ်အဆက်ဆက် ဆင်းရဲနိမ့်ကျခဲ့ပြီး ဆင်းရဲမှုနှုန်းမြင့်တက်နေကြောင်း လယ်သမားများ၏ အရေး ဆောင်ရွက်ပေးနေသူ ရှေ့နေဦးမြင့်သွင်က ပြောသည်။

"အစိုးရက စပါးစိုက်ရမယ်၊ ငရုတ်စိုက်ရမယ် ဆိုပြီး ရာသီအလိုက် စိုက်ပျိုးခိုင်းတဲ့သီးနှံတွေကို တောင်သူက စိုက်ရတယ်။ အစိုးရစနစ်ကကြိုးကိုင်တဲ့ အပေါ်မူတည်ပြီး  စိုက်ပျိုးရေး လုပ်နေရတယ်။ တကယ်ဆိုရင် ဈေးကွက်တွက်ခြေ ကိုက်တဲ့သီးနှံကို တောင်သူတွေရဲ့ လွတ်လပ်တဲ့ ဆန္ဒအရ စိုက်ပျိုးခွင့်၊ရောင်းချခွင့်တွေပေးရမယ်"ဟု ၎င်းက ဆိုသည်။

အစိုးရ၏ မြန်မာ့စိုက်ပျိုးရေးဘဏ်က တောင်သူများကို ချေးငွေများ ထုတ်ချေးသော်လည်း ဆင်းရဲမွဲတေမှုနှင့် အကြွေးသံသရာလည်မှုကို မဖြေရှင်းနိုင်ကြောင်း၊ တောင်သူများ တွက်ခြေကိုက်မည့် ဆန်စပါးအခြေခံဈေးနှုန်းကိုသတ်မှတ်ပေးမှသာလျှင် တောင်သူလယ်သမားများ ပိုမိုအဆင်ပြေနိုင် တွံ့တေးမြို့နယ်၊သ၀န်းတောကျေးရွာမှ တောင်သူဦးဌေးကြွယ် က ပြောသည်။

"စိုက်ဘဏ်ကချေးငွေက စိုက်ပျိုးစရိတ်အတွက်  မသုံးရဘူး။ အပြင်ကအကြွေးတွေ ကိုရှင်းနေရတာ။ အခုက လယ်သမားတိုင်းအဆင်မပြေကြ ဘူး။ တရုတ်နိုင်ငံကလည်း ဓာတ်မြေသြဇာသုံးတာများ လို့ဆိုပြီး ဒီကဆန်စပါးကို မ၀ယ်ဘူး။ ၀ယ်လိုအားနည်းပြီး ရောင်းလိုအားများနေတော့ အခြေခံဈေးနှုန်း မသတ်မှတ်ရင် ဘယ်လိုမှ အဆင်မပြေဘူး။ ဘယ်လိုမှတွက်ခြေ မကိုက်ဘူး"ဟု တောင်သူဦးဌေးကြွယ်က ဆိုသည်။

မြန်မာနိုင်ငံတောင်သူလယ်သမားအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကမူ တောင်သူလယ်သမားများ၏ ဆင်းရဲမှုနှုန်း လျှော့ချရေးအတွက်နှစ်ရှည်ချေးငွေများ ကိုအတိုးနှုန်းသက်သာစွာ ထုတ်ချေးရန် လိုအပ်ပြီး ၊စိုက်ပျိုးသီးနှံများ ရာသီဥတုကြောင့်ပျက်စီးဆုံးရူံးမှု အတွက်အာမခံသည့် စနစ် အကောင်အထည်ဖော်ခြင်း အပါအ၀င် လယ်သမားများ၏ဘ၀ သက်သာချောင်ချိရေးကို ဦးတည်သော ပြဋ္ဌာန်းချက်များ ဥပဒေတွင် ပါဝင်သည့်ဟု အကြံပြုသည်။

တောင်သူလယ်သမားများ၏ဆင်းရဲနွမ်းပါးမှုနှုန်း ကို လျှော့ချရန် အစိုးရတခုတည်းဖြင့် မလုပ်ဆောင်နိုင်ဘဲ အရပ်ဖက်အဖွဲ့အစည်းများနှင့်  တရားဝင်ပူးပေါင်းဆောင်ရွက်ရန်  အလွန်အရေးကြီးသည်ဟု ရှေ့နေ ဦးမြင့်သွင်က ဆိုသည်။

"ဆင်းရဲနွမ်းပါးမှုလျှော့ချဖို့အစိုးရက အကုန်လိုက် လိုက်မလုပ်ပေးနိုင်ဘူး ။ ဟိုးအောက်ခြေထိ ဆင်းနိုင်ဖို့ဆိုရင်၊ အောက်ခြေက အခြေအနေတွေကို သိနိုင်ဖို့ဆိုရင်  အစိုးရမဟုတ်တဲ့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်" ဟု ဦးမြင့်သွင်က ရှင်းပြသည်။

နေပြည်တော်တွင် ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့သော တောင်သူလယ်သမားအကာအကွယ်ပေးရေး ဥပဒေ ရေးဆွဲရေး ညှိုနှိုင်း ဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့အပါအ၀င် အစိုးရဌာနဆိုင်ရာများ၊ တောင်သူ လယ်သမားနှင့် ဆန်စပါးအသင်းများ၊ တောင်သူလယ်သမားများတက်ရောက်ခဲ့ကြပြီး ဒေါ်အောင်ဆန်း စုကြည်က လည်း  ဥပဒေရေးဆွဲရေးအတွက် တက်တက်ကြွကြွ ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ရခိုင်ရိုးရာသင်္ကြန်ပွဲ သုဝဏ္ဏကွင်းတွင် ပြောင်းရွှေ့ ကျင်းပမည်

ရန်ကုန်မြို့ သိမ်ဖြူအားကစားကွင်း၌ နှစ်စဉ် ကျင်းပလေ့ရှိသော ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်အား ယခုနှစ်တွင် သုဝဏ္ဏ အားကစားကွင်းသို့ ပြောင်းရွှေ့ ကျင်းပသွားမည်ဟု သိရသည်။

ယခုနှစ် ကျင်းပမည့် ရခိုင်သင်္ကြန်ပွဲတော်သည် ၁၀ ကြိမ်မြောက်ဖြစ်ပြီး ၁၉၉၄ ခုနှစ်မှစ၍ ရန်ကုန်မြို့၌ ရခိုင်ပြည်နယ်တခုလုံး ကိုယ်စားပြု၍ အစဉ်လာအတိုင်း ကျင်းပခဲ့သည်။ ၂၀၁၃ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် နံ့သာသွေးပွဲ၊ ဧပြီလ ၁၃ ရက်နေ့ နံနက် ၉ နာရီတွင် ဘုရား ရေသပ္ပာယ် ပွဲတို့ကို ကျင်ပးမည်ဖြစ်ကာ သင်္ကြန်ပွဲတော်ဖွင့်ပွဲကို သုဝဏ္ဏ အားကစားကွင်း၌ ၁၄ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

နံ့သာသွေးပွဲနှင့် ဘုရား ရေသပ္ပာယ်ပွဲကို ရွှေတိဂုံစေတီတော် ရင်ပြင်တော်ရှိ ရခိုင်ပြည်နယ် ဓမ္မာရုံတွင် ကျင်းပမည် ဖြစ်ကြောင်း၊ ထိုအခမ်းအနားသို့ ရန်ကုန်တိုင်း ၀န်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ လူမှုအဖွဲ့များမှ ဧည့်သည်တော်များကိုလည်း ဖိတ်ကြားထားသည့်အတွက် လုံခြုံရေးအရ ဓမ္မာရုံသို့ ပြောင်းရွှေ့ ကျင်းပရခြင်းဖြစ်ကြောင်း ရခိုင်ရိုးရာ သင်္ကြန်ပွဲတော် ဖြစ်မြောက်ရေး ကော်မတီ နာယက ဒေါ်စောခင်တင့်က ဧရာဝတီသို့ ပြောသည်။

"လက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် လုံခြုံရေးအရ တခုခုဖြစ်ရင် အခမ်းအနားကို ထိခိုက်မှာ စိုးရိမ်တဲ့အတွက် နံ့သာသွေးပွဲနဲ့ ဘုရား ရေသပ္ပာယ်ပွဲကို ဓမ္မာရုံမှာပဲ ကျင်းပဖို့ စီစဉ်တာပါ။ တခြား အစီအစဉ်တွေတော့ နှစ်တိုင်းလိုပဲ ကွင်းထဲမှာ ရိုးရာ အစဉ်အလာမပျက် ကျင်းပသွားမှာပါ" ဟု ၎င်းက ဆိုသည်။

လုံခြုံရေးအတွက် CCTV ကင်မရာများ တပ်ဆင်၍ မိမိတို့ အစီအစဉ်ဖြင့်လည်း လုံခြုံရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သုဝဏ္ဏကွင်းကိုလည်း ရန်ကုန်တိုင်း အစိုးရအဖွဲ့က ကူညီဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း ဒေါ်စောခင်တင့်က ပြောသည်။

သိမ်ဖြူ အားကစားကွင်းအား နိုင်ငံတကာအဆင့် အားကစားပွဲတော်များ ကျင်းပနိုင်ရန် ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်နေခြင်းကြောင့် သုဝဏ္ဏကွင်းသို့ ပြောင်းရွှေ့ ကျင်းပရခြင်း ဖြစ်ကြောင်း၊ နေရာပြောင်းသွားသည့်တိုင် အစီအစဉ်များ အားလုံးကို  အပြောင်းအလဲ မရှိဘဲ ကျင်းပသွားမည်ဖြစ်ပြီး လာမည့်နှစ်တွင်မူ သုဝဏ္ဏကွင်း၌ပင် အစအဆုံး ခမ်းနားစွာ ကျင်းပသွားမည်ဟု သိရသည်။

သို့သော် ပွဲတော်အတွင်း ရောင်းရမည့် ရခိုင်ရိုးရာ အစားအစာများ၊ မြန်မာ အစားအစာများနှင့် တခြား အစားအစာများ ရောင်းချမည့် ဆိုင်ခန်း အရေအတွက်သည် ယခင်နှစ်များတွင် ၅၀ ၀န်းကျင်အထိ ရှိခဲ့သော်လည်း ယခုနှစ်တွင် ဆိုင်ခန်း ၃၀ သာရှိမည်ဟု ဖြစ်မြောက်ရေး ကော်မတီအဖွဲ့က ဆိုသည်။ ယခုနှစ် သင်္ကြန်ပွဲတော်အား ရန်ကုန်တိုင်း အစိုးရ၊ ရခိုင် တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနက ဦးဆောင် ကျင်းပမည် ဖြစ်သည်။

ရခိုင်သင်္ကြန်ဖွင့်ပွဲရက်နှင့် တခြားရက်များတွင် ရခိုင်အဆိုတော်များ၊ ရခိုင်အနုပညာရှင်များ၊ လေးဝတီအဖွဲ့၊ ရခိုင်ယဉ်ကျေးမှု အဖွဲ့များ စသည့် အနုပညာရှင်များကလည်း ပါဝင်ဖျော်ဖြေကြမည် ဖြစ်သည်။ ရခိုင်သင်္ကြန်ပွဲတော်သို့ ပါဝင်ဆင်နွဲလိုကြသည့် သူများကို ၀င်ကြေးအဖြစ် တဦးလျှင် ၅၀၀ ကျပ် သတ်မှတ်ထားသော်လည်း အခက်အခဲရှိသူများကိုမူ အခမဲ့ ပါဝင်ဆင်နွှဲနိုင်ရန် စီစဉ်ပေးထားသည်။

ရခိုင်သင်္ကြန်ပွဲတော်တွင် ရခိုင်ပြည်နယ်မှ မြို့နယ်အလိုက် ကိုယ်စားပြုသည့် ရေလောင်းမဏ္ဍာပ်များ ပါဝင်မည်ဖြစ်ကာ  မဏ္ဍာပ်တိုင်း၌ ရခိုင်ရိုးရာအတိုင်း လောင်းလှေများတွင် ရေထည့်ပြီး ရေလောင်းပွဲ ကျင်းပမည်ဖြစ်သည်။

ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်အား ရခိုင်တပြည်လုံး၌ တပြိုင်တည်း ကျင်းပလေ့ရှိပြီး ရန်ကုန်မြို့၌ သိမ်ဖြူကွင်း၌လည်း ရခိုင် ပြည်နယ်တခုလုံး ကိုယ်စားပြုကျင်းပလေ့ ရှိသည်။ ရန်ကုန်မြို့တွင်းနှင့် အလှမ်းဝေးကွာသော လှိုင်သာယာ၊ သံလျင်၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ စသည့် မြို့နယ်များတွင်လည်း ရခိုင်သင်္ကြန်မဏ္ဍပ်များ တည်ဆောက်၍ ရိုးရာအစဉ်အလာအတိုင်း စည်ကားစွာ ကျင်းပလေ့ရှိသည်။

ထို့အတူ ထိုင်းနိုင်ငံ၊ မလေးရှား၊ စင်ကာပူ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်ရောက် ရခိုင်လူမျိုးများကလည်း မိမိတို့နေထိုင်ရာ မြို့များ၌ ရခိုင်ရိုးရာ အတိုင်းကျင်းပလေ့ရှိပြီး၊ အမေရိကန်၊ ဥပေရောပ နိုင်ငံတချို့တွင်လည်း ၎င်းတို့နိုင်ငံ၏ ရာသီဥတု အပေါ်မူတည်၍ ကျင်းပလေ့ရှိကြသည်။

ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်သည် ဓည၀တီပြည့်ရှင် ဘုရင် စန္ဒာသူရိယမင်းကြီးက မဟာမုနိ ဗုဒ္ဓရုပ်ရှင်တော်မြတ်အား အမွှေးနံ့သာရည် ပက်ဖျန်း၍ မျက်နှာတော် ဖွင့်ပေးခဲ့ရာမှ စတင်ကာ နှစ်စဉ် ကျင်းပလာခဲ့ကြောင်း ရခိုင်သမိုင်း မှတ်တမ်းများအရ သိရသည်။ ရခိုင်ရိုးရာ သင်္ကြန်သည် ဗုဒ္ဓဘုရားအား ပထမဦးစွာ အမွှေးနံ့သာရည်ဖြင့် ရေသပ္ပာယ်ပြီးမှသာ လူအချင်းချင်း ရေပက်ကစားရသည့် ဓလေ့ရှိသည်။

ငွေကျပ် ၁၅၀၀ တန် ဖုန်းကတ် အကန့်အသတ်ဖြင့်သာ ရောင်းမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဧပြီလ ၂၄ ရက်နေ့မှစတင်ပြီး ငွေကျပ် ၁၅၀၀ တန် မိုဘိုင်းလ် ဖုန်းကတ်များ ကိုရောင်းချပေးမည်ဖြစ်သော်လည်း စတင်ရောင်းချချိန်တွင် ပြည်နယ်နှင့် တိုင်းအားလုံးသို့ ဖုန်းကတ် အရေအတွက် အကန့်အသတ်ဖြင့်သာ ရောင်းချပေးမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

လတ်တလောအနေအထားတွင် တနိုင်ငံလုံးလွှမ်းခြုံနိုင်သော ဆက်သွယ်ရေးကွန်ရက်၊စက်ပစ္စည်းနှင့် ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများ အပြည့်အ၀ တပ်ဆင် နိုင်ခြင်း မရှိသေး သည့်အတွက် ဖုန်းကတ်အရေအတွက်ကို အကန့်အသတ်ဖြင့်သာ ချထား ပေးနိုင် ခြင်းဖြစ်ပြီး တလလျှင် CDMA 800 MHZ  နှင့် WCDMA 3 G စနစ်သုံး ဖုန်းကတ် အရေအတွက် ၃၅၀၀၀၀ ကတ်သာ ချထားပေးမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရှိရသည်။

"တနိုင်ငံလုံးကို တလ ဖုန်းကတ် ၃ သိန်းခွဲ ထုတ်ရောင်းမယ်။ပြည်နယ်နဲ့တိုင်းတခုချင်းစီ အလိုက် သူ့ အချိုးအစား တခု ရလိမ့်မယ်။ ဥပမာ- ရန်ကုန်တိုင်းတခုလုံးအတွက် တလကို ဖုန်းကတ် ၅ သောင်းလောက် ရရင်လည်း ရမှာပေါ့ဗျာ။

လစဉ်လတိုင်းအထိ အရေအတွက် ကတော့ အကန့်အသတ်ရှိမယ်"ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းလ် အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ဧရာဝတီသို့ ပြောသည်။

ဖုန်းကတ်များကို ရောင်းချရာတွင်  ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များက တိုက်ရိုက် ကွပ်ကဲ စီစဉ်ရောင်းချမည်ဖြစ်ကြောင်း အင်ဂျင်နီယာချုပ်ဦးဋ္ဌေးဝင်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးက ဖုန်းကတ်များကို တိုင်းဒေသကြီးအစိုးရက စီမံကွပ်ကဲရောင်းချမည်မှာ မှန်ကန်သော်လည်း မည်သို့မည်ပုံ ရောင်းချရမည်ကို ညွှန်ကြားချက်တစုံတရာမရရှိသေးကြောင်း ဧရာဝတီသို့ ရှင်းပြသည်။

အစိုးရက မိုဘိုင်းလ်ဖုန်းကတ်များကို ငွေကျပ် ၁၅၀၀ ဖြင့် ရောင်းချမည်ဟု ကြေညာလိုက်သည့်အပေါ် ပြည်သူများက ကြိုဆိုလိုက်ကြသော်လည်း ဖုန်းကတ်အရေအတွက်အကန့်အသတ်ရှိသည့်အတွက် ဖုန်းကတ် ၀ယ်ယူမရမည်ကို စိုးရိမ်လျက်ရှိကြသည်။

"ဖုန်းကတ်ဈေးက ၁၅၀၀ ပေမယ့် အရေအတွက် အကန့်အသတ်ရှိတော့ ဘယ်လိုလုပ်မလဲ။ ကိုယ်ဝယ်တဲ့အချိန်မှာ ရပါ့မလား။ မှောင်ခိုဈေးကွက် ကတော့ ဖြစ်လာဦးမယ်လို့ထင်တယ်။ ရန်ကုန်လူဦးရေ ခြောက်သန်းရှိတယ်။ အဲဒီခြောက်သန်းလုံးအတွက် ဘယ်လိုလုံလုံလောက်လောက်ရနိုင်မလဲ။ မှောင်ခိုဈေးကွက်နဲ့ ဖုန်းကတ်ဈေးကြီးပေးဝယ်ရတာတွေတော့ လောလောဆယ် ဖြစ်နေဦးမယ်ထင်တယ်" ဟု ရန်ကုန်မြို့ခံတဦးက ဆိုသည်။

ငွေကျပ် ၁၅၀၀ ဖြင့် ရောင်းချမည့် ဖုန်းကတ် များကြောင့် ဖုန်းဟန်းဆက်ဈေးကွက် သိသိသာသာ လှုပ်ရှား မည်ဖြစ်ပြီး ဈေးနှုန်းများ မြင့်တက်ဖွယ်ရှိသည်ဟု ရန်ကုန်မြို့အပါအ၀င် နိုင်ငံတ၀န်း ဟန်းဆက် အရောင်းဆိုင်များဖွင့်လှစ်ထားသော  လူကြီးမင်း မိုဘိုင်းဖုန်းဆိုင်မှမန်နေဂျာ ဦးကိုကိုအောင်က ပြောသည်။

"ဟန်းဆက်က ဈေးကွက် မာလာလိမ့်မယ်။ဆိုင်တော်တော် များများက ကတ်ထွက်လာရင် ရောင်းဖို့ ဆိုပြီး တော့ GSM တွေ ၀ယ်ထားကြတာ။အခုက CDMA 800 ဖုန်းကတ်တွေ ရောင်းမှာဆိုတော့ အဲဒီ ဟန်းဆက် ကို ပြန်လိုက်ဝယ်တဲ့ သဘော ဖြစ်တာပေါ့။ဈေးနှုန်းတွေကတော့တသိန်းအောက်လည်း ရှိမယ်။ တသိန်းအထက်လည်း ရှိမယ်"ဟု ဦးကိုကိုအောင်က  ဆိုသည်။

အစိုးရက ရောင်းချမည့် ဖုန်းကတ်များသည် ဖုန်းခေါ်ဆိုခ တမိနစ်လျှင် ငွေကျပ် ၅၀ သတ်မှတ်ထားပြီး ဖုန်းအ၀င်အတွက် ငွေကြေးကုန်ကျမည်မဟုတ်ကြောင်း၊ နယ်ဒေသများတွင် ချထားပေးမည့် WCDMA 3G များတွင် အင်တာနက်လိုင်းပါး တပါတည်း ပါဝင်မည်ဖြစ်ကြောင်း အင်ဂျင်နီယာချုပ်ဦးဌေးဝင်း၏အဆိုအရ သိရှိရသည်။

အစိုးရက မိုဘိုင်းလ်ဖုန်းစီမံချက်အသစ်ကို ထပ်မံရေးဆွဲလိုက်ပြီး ၂၀၁၃-၂၀၁၄ ခုနှစ်တွင် မိုဘိုင်းလ်ဖုန်း လိုင်း ၈ သန်း၊ ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ၁၈ သန်းတိုးချဲ့မည်ဖြစ်ပြီး အစိုးရသက်တမ်းကုန်ဆုံးသည့်အချိန်အထိ မိုဘိုင်းလ်ဖုန်း လိုင်း ၂၆ သန်းချထားပေးမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းထံမှ သိရှိရသည်။

မြို့မ တေးဂီတ ရန်ကုန်တွင် ဖျော်ဖြေမည်


၂၀၁၂ သင်္ကြန်က မန္တလေးတွင် လိုက်လံဖျော်ဖြေခဲ့သော မြို့မ တေးဂီတဝိုင်း (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီအတာတေးနဲ့ မြို့မ သင်္ကြန်သံစုံ ဂီတဖျော်ဖြေပွဲကို မန္တလေးမြို့မ တေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ ဧပြီ ၆ (စနေ) ညနေ ၆ နာရီတွင် ရန်ကုန် မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံတွင် ဖျော်ဖြေမည်ဟု ၎င်းအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာလှခိုင် ထံမှ သိရသည်။

ဖျော်ဖြေပွဲကို JBL (Galaxy Pro Rent) ကုမ္ပဏီမှ ဦးစီးကျင်းပခြင်းဖြစ်ပြီး စင်ကာပူနည်းပညာရှင်များနှင့် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း မြို့မတေးဂီတ မန်နေဂျာ ဦးဇော်ဝင်းသန်းက ပြောသည်။

"ခေါင်းစဉ်ကတော့ JBL စက်တွေကို ပရိုမိုးရှင်း လုပ်တဲ့သဘောပါပဲ။ မြို့မတေးဂီတအဖွဲ့က အပုဒ်ရေ ၂၀ ကျော်လောက် တီးကြမယ်။ ဧည့်သည်တီးဝိုင်း ဖိတ်ထားတာတော့မရှိသေးပါဘူး" ဟု မန်နေဂျာ ဦးဇော်ဝင်းသန်းက ဆိုသည်။

ဖျော်ဖြေပွဲတွင် တေးသံရှင် တက္ကသိုလ်မင်းနောင်၊ ကိုသိန်းဝင်း၊ သန်းမြတ်စိုး၊ ရန်ပိုင်စိုး၊ မန္တလေးသိန်းဇော်၊ ဖိုးသောကြာ၊ ဇေယျာပြည့်ဖြိုး၊ ချစ်ကောင်း၊ စည်သူလွင်၊ ဘိုဘို၊ ထား၊ တင်တင်မြ၊ ရီရီသန့်၊ ညွန့်ညွန့်သိန်း၊ စိုးစန္ဒာထွန်း၊ အိအိချွန်၊ ပန်းအိဖြူ၊ ရတနာဦး စသည့် တေးသံရှင်များက ဖျော်ဖြေကြမည်ဖြစ်ပြီး မြန်မာသံတေးများ၊ သင်္ကြန်တေးအကများ ဖြင့်လည်း တင်ဆက် ဖျော်ဖြေမည်ဖြစ်သည်။

"ဧပြီ ၆ ရက်နေ့မှာ ကိုမင်းနောင်နဲ့ ကိုသိန်းဝင်းတို့ကတော့ ကိုယ်ပိုင်သီချင်းတွေနဲ့ အစပိုင်းမှာ ဖျော်ဖြေမယ်။ သင်္ကြန် သီချင်းတွေ မြို့မဧည့်ခံ သီချင်းတွေကို အများဆုံးဆိုကြမှာပါ။ မြို့မ တေးဂီတအနေနဲ့ ဘယ်သီချင်းဖြစ်ဖြစ် တီးနိုင်တယ် ဆိုတာလည်း ပြချင်ပါတယ်" ဟု မန်နေဂျာ ဦးဇော်ဝင်းသန်းက ပြောသည်။

မြို့မ တေးဂီတအဖွဲ့နှင့် ပါဝင်သီဆိုမည့် တေးသံရှင် စည်သူလွင်က "ဖိုးညိုမြနဲ့ ရှာပုံတော် မင်းသားကြီး သီချင်းနှစ်ပုဒ် ဖျော်ဖြေဖို့ စဉ်းစားထားပါတယ်။ သင်္ကြန် သီချင်းတွေအနေနဲ့ ဒီပွဲက မြို့မနဲ့ ဖျော်ဖြေတာ ပထမဆုံးပွဲပါ။တခြား သီချင်းတွေကိုတော့ မန္တလေးမှာမြို့မနဲ့ တခါ ဖျော်ဖြေဖူးတယ်။ မြို့မနဲ့ မန္တလေး၊ မြို့မနဲ့ သင်္ကြန်ဆိုတာ အစဉ်အလာရှိခဲ့ပါတယ်။ အခုလို ၀င်ရောက် သီဆိုရတဲ့အတွက် အရမ်းဝမ်းသာတယ်" ဟု ပြောသည်။

လက်မှတ်များကို ကျပ် ၁၀၀၀၀၊ ၂၀၀၀၀ သတ်မှတ်ထားကြောင်း၊ ယခုပွဲသည် JBL (Galaxy Pro Rent) ၏ ဒုတိယမြောက် ပွဲဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် ပထမဆုံး ပွဲအဖြစ် ဇော်ဝင်းထွဋ်နှင့် S.I.R ပွဲကို ကျင်းပခဲ့ကြောင်း JBL(Galaxy Pro Rent) ကုမ္ပဏီမှ တာဝန်ရှိသူ ဦးဇော်က ပြောသည်။

မြို့မတေးဂီတ၏ ဧပြီ ၆ ရက်နေ့ ဖျော်ဖြေပွဲသည် ရန်ကုန်တွင် ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်သည် ၂၀၀၉ တွင် ရန်ကုန် မျှော်စင်ကျွန်းတွင် ဖျော်ဖြေခဲ့ကြောင်း သိရသည်။

မြို့မ တေးဂီတသည် မတ် ၂၉ တွင် မန္တလေး အမျိုးသား ကဇာတ်ရုံတွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မပပျောက်ရေး ရည်ရွယ်ချက်ဖြင့် မန္တလေးနှင့် မြို့မဟူသော ဖျော်ဖြေပွဲတပွဲ ကျင်းပရန်ရှိသေးသည်။

မန္တလေး မြို့မတေးဂီတသည် ၁၉၂၅ တွင် စတင်ခဲ့ပြီး အလင်္ကာကျော်စွာ ဆရာမြို့မငြိမ်း (ဦးကျော်ငြိမ်း) က တည်ထောင်ခဲ့ သူများထဲတွင် တဦးအပါအ၀င် ဖြစ်သည်။ မြို့မငြိမ်းသည် မြန်မာ့တေးဂီတ သမိုင်းတွင် ကျန်ရစ်စေသော မြန်မာသီချင်း (Modern Classicisms) များကို သီကုံးခဲ့၍ ပန်းချီပန်းပု ပညာရပ်များကိုလည်း တတ်မြောက်ခဲ့သူဖြစ်သည်။

၁၉၂၈ ခုနှစ်တွင် မန္တလေး မြို့မတူရိယာအဖွဲ့ကို ဦးကော်လုံဆိုသူက တည်ထောင်ခဲ့ရာ ဦးကျော်ငြိမ်းလည်း ပါဝင်ခဲ့သည်။ ဦးကျော်ငြိမ်းသည် မြို့မ အဖွဲ့သားအဖြစ် အနောက်တိုင်း တူရိယာ တီးနည်းနှင့် တူရိယာ သင်္ကေတ ပညာတို့ကို သင်ယူခဲ့သည်ပြီး ၁၉၃၁ မှစ၍ သီချင်းများကို ရေးစပ်ခဲ့ရာ မြို့မငြိမ်း ဟူသော ဂီတစာဆိုအမည်ကို ခံယူခဲ့သည်။

မြို့မငြိမ်း ရေးသားခဲ့သော သီချင်းပေါင်း ၂၀၀ ခန့် ရှိသည်ဟု မြန်မာ့စွယ်စုံကျမ်းတွင် ပါရှိသည်။ မြန်မာသင်္ကြန်၏ ပြယုဂ်ဖြစ်သော မန်းတောင်ရိပ်ခို သီချင်းကိုလည်း ၎င်းက ရေးစပ်ခဲ့သည်။ မြို့မငြိမ်း၏ သီချင်းများအနက် ပထမဦးဆုံး တတိုင်းပြည်လုံး ကျော်ကြားခဲ့သော သီချင်းမှာ "ချစ်တာပဓာန" သီချင်း ဖြစ်သည်။ သီချင်းရေး သက်တမ်း ၂၄ နှစ်အတွင်း ကျော်ကြားခဲ့သော သီချင်းများမှာ ခင့်အိပ်မက်၊ တစ်ချစ်ထဲ ချစ်၊ မြင်းခင်းတော်၊ နတ်သျှင်နောင်၊ မေ့ပါနိုင်၊ ပျို့မှာတမ်း၊ သက်ဝေ၊ ပါရမီတော်၊ ချစ်ရဲဘော်၊ မင်္ဂလာမောင်မယ်၊ ငွေဇင်ယော်၊ ပြုံးတဲ့မေ၊ လေချိုသွေး စသော သီချင်းများ ဖြစ်ကြသည်။ မြို့မငြိမ်း သီချင်း စတင်ရေးသားခဲ့သော အချိန်၌ အနောက်တိုင်း တေးသွားများကို ပုံတူကူး၍ မြန်မာစကားလုံး သွင်းကာ စပ်ဆိုသော အလေ့အကျင့် ခေတ်စားနေသော အချိန်ဖြစ်သည်။ သို့သော် မြို့မငြိမ်းသည် အနောက်တိုင်း ဂီတမှ သီချင်း စပ်နည်းကို မီငြမ်းသော်လည်း တေးသွားကို ခိုးချခြင်း မပြုဘဲ သူ၏ ပင်ကိုယ်ဂီတဉာဏ်ဖြင့်သာ ကိုယ်ပိုင် တေးသွားများ ရေးစပ်ခဲ့ကြောင်း www.Shwesu.web.com တွင် ဖော်ပြထားသည်။

KIO နှင့် အစိုးရ မြစ်ကြီးနားမှာ တွေ့ကြမည်

ချင်းမိုင်(မဇ္စျိမ)။   ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရ ငြိမ်းချမ်းရေးအဖွဲ့တို့ ဧပြီလ ၆ ရက်နေ့တွင်
မြစ်ကြီးနားမြို့၌ တွေ့ဆုံမည်ဟု ကချင် ငြိမ်းချမ်းရေးအကျိုးဆောင် PCG မှ ဦးအင်စင်းဆန်အောင် က ပြောသည်။ 

စီတာပူရပ်ကွက်ရှိ ကချင်မနောကွင်း မဂျွယ် (Ma Joi) ခန်းမတွင် တွေ့ဆုံရန် သဘောတူထားသည်ဟု သိရသည်။  

"နှစ်ဖက်စလုံး အဲဒီနေ့တွေ့ဖို့ စာကတော့ ထုတ်ပြန်ပြီ။ ၅ ရက်နေ့ KIO ကို သွားခေါ်မယ်။ တွေ့ဖို့ ရာခိုင်နှုန်း များတယ်။ ယုံကြည်မှု တည်ဆောက်တဲ့အနေနဲ့ အတိုင်းအတာ တခုထိတော့ ရောက်လာပြီ။ သဘောတူ လက်မှတ်ထိုးရေး ရောက်ဖို့က ဆွေးနွေးတဲ့အပေါ်မှာ မူတည်တယ်" ဟု ဦးအင်စင်းဆန်အောင် က ပြောသည်။ 

ဧပြီ ၅ ရက်နေ့တွင် KIO ကိုယ်စားလှယ်များအား PCG ကိုယ်စားလှယ်များနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် ဗီဂျေး နမ်ဘီးယား၏ လက်ထောက် တဦးတို့ ပါဝင်၍ လိုင်ဇာမြို့သို့ သွားရောက် ကြိုဆိုမည်ဟု ဆိုသည်။

ထိုတွေ့ဆုံပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် တနှစ်ကျော်ကြာ ချိတ်ပိတ်ထားသော KIO ဆက်ဆံရေးရုံးနှင့် မနောကွင်း ပတ်ဝန်းကျင်အား ယမန်နေ့မှ စတင်၍ ပေါင်းမြက်များ ရှင်းလင်းနေသည်ဟု မြစ်ကြီးနားမြို့ခံ ဦးအင်စင်းဆန်အောင် က ပြောသည်။ 

ထိုသို့ တွေ့ဆုံရန် သဘောတူညီမှု ရထားသော်လည်း KIO ကိုယ်စားလှယ်များ၏ လုံခြုံရေးအတွက် အစိုးရဘက်မှ မည်မျှ တာဝန်ယူပေးမည်ကို တင်ပြထားဆဲ ဖြစ်၍ ၎င်းအပေါ်မှာ မူတည်၍ တွေ့ဆုံမည် ဖြစ်ကြောင်း KIO ၏ အရပ်ဘက်အရာရှိ ဦးဒွဲပီဆား က ပြောသည်။ 

"မြစ်ကြီးနားမှာ ပြန်တွေ့ဖို့ စီစဉ်နေတာတော့ ရှိတယ်။ ဒါပေမယ့် တခြားလုံခြုံရေးနဲ့ ပတ်သက်လို့ ညှိနှိုင်းစရာတွေ နည်းနည်း ရှိသေးတယ် ထင်တယ်။ လုံခြုံရေးနဲ့ ပတ်သက်လို့ သူတို့ ဘယ်လောက် အတိုင်းအတာထိ တာဝန်ယူ
ပေးနိုင်မလဲ၊ ဘယ်လို လက်တွေ့လုပ်မလဲဆိုတာ တင်ပြထားတာရှိတယ်။ အဲဒါအပေါ် မူတည်တယ်" ဟု မဇ္စျိမကို ပြောသည်။ 

မတ်လ ၁၁ ရက်နေ့က တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် နှစ်ဖက် တွေ့ဆုံစဉ် စစ်မှန်သော နိုင်ငံရေးဆွေးနွေးမှုများ တနိုင်ငံလုံး အတိုင်းအတာ ကျင်းပနိုင်ရန်အတွက် တဆင့်ပြီးတဆင့် ညှိနှိုင်းဆောင်ရွက်ရေးနှင့် နှစ်ဖက် ပိုမိုနီးကပ်စွာ ညှိနှိုင်းဆောင်ရွက်နိုင်ရန်၊ စောင့်ကြပ်ရေး ရုံးများကို လိုအပ်သလို ထားရှိသွားရန်တို့ အပါအဝင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။ 

ကချင်နှင့် ရှမ်းပြည်နယ်အတွင်း အစိုးရတပ် လှုပ်ရှားမှုများရှိလာကာ ရှမ်းပြည်နယ်မြောက်ပိုင်း KIO ၏ တပ်မဟာ ၄ နယ်မြေနှင့် တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၅ နယ်မြေများတွင် ပြီးခဲ့သည့် ရက်ပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့သည် ဟု သိရသည်။

ယမန်နေ့က မြစ်ကြီးနားနှင့် မိုးကောင်း ကားလမ်းအတိုင်း အစိုးရ စစ်ယာဉ်တန်း ကားစီးရေ ၄၀ ကျော်ဖြင့် ဖားကန့်မြို့သို့ စစ်သားအင်အား ၅၀၀ ကျော်ခန့် ရောက်ရှိလာသည်ဟု KIO ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ရင်းမှူး ဒု-ဗိုလ်မှူး ဇော်ဒွဲက ပြောသည်။ 

"သူတို့တာက တပ်အပြောင်းအရွှေ့လုပ်တယ်လို့ ပြောတယ်။ ဒါပေမယ့် ဒီကတပ်တွေ ပြန်ဆင်းသွားတာက မတွေ့ရဘူး။ ကျနော်တို့ ဒီလမှာ ပြန်ဆွေးနွေးမယ်လို့ ပြောနေတဲ့ အချိန် တပ်ပြောင်းတာ မဟုတ်ဘဲ ထပ်တိုးလာတာက မကောင်းဘူး။ တပ်တိုးတယ် ဆိုရင်တော့ တိုက်ပွဲက ပြန်ဖြစ်မယ် ဆိုတဲ့ သဘောပဲ" ဟု မဇ္စျိမကို ပြောသည်။ 

အစိုးရ၏ တပ်မ ၁၀၁ လက်အောက်ခံ တပ်ဖွဲ့များက နေ့စဉ် ဖားကန့် မှော်စီဆာဘက်မှ ရေမဆေးကျောက်ရှာသူများ ခိုလှုံနေသော တဲများ၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် ခြိန်းခြောက်မှုများ ပြုလုပ်နေသည်ဟု ၎င်းက ပြောသည်။

KIO နှင့် အစိုးရ မြစ်ကြီးနားမှာ တွေ့ကြမည်

ချင်းမိုင်(မဇ္စျိမ)။   ။ ပြည်ထောင်စုအဆင့် နှစ်ဖက်သဘောတူညီချက်အရ အခြေစိုက်နေထိုင်နေခြင်း ဖြစ်၍ အစိုးရ စစ်တပ်က ရှမ်းပြည်မြောက်ပိုင်းတပ်မတော် SSA-N တပ်စခန်းများကို ဆုတ်ခွာပေးရန် ပြောဆိုမှု လက်ခံမည် မဟုတ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလှက ပြောသည်။ 

ဧပြီလ ၃ ရက်နေ့က အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(ရမခ)ရှိ ရွှေလီရိပ်သာတွင် အစိုးရ ဝန်ကြီးနှစ်ဦးနှင့်
တွေ့ဆုံစဉ် ပြောဆိုခဲ့ကြောင်း မဇ္ဈိမကို ပြောသည်။

"စာချုပ်အတိုင်း ကျနော်တို့ ရောက်ရှိတဲ့နေရာမှာ အခြေချ နေထိုင်ထားတယ်။ ကျနော်တို့က ကားလမ်း တလျှောက်မှာ ဝင်ပြီး တိုက်တာလည်း မရှိဘူး။ ကျနော်တို့ စပြီးတိုက်တာ မဟုတ်ဘူး။ သူတို့က ကျနော်တို့ ရှိတဲ့နေရာကို ဝင်ရှင်းတယ်။ ဖယ်ခိုင်းတာမျိုးတွေ လုပ်တော့ ပစ်ခတ်မှုတွေ ဖြစ်တယ်။ အခု တိုက်ပွဲဖြစ်တိုင်း တပ်မတော်က စပြီး ဝင်တိုက်တာမျိုး ဖြစ်နေတယ်။ အဲဒါ စဉ်းစားပေးဖို့ တင်ပြတယ်" ဟု ဗိုလ်မှူးစိုင်းလှ က ပြောသည်။ 

SSA-N အတွင်းရေးမှူး ဦးခွန်စိုင်း အပါအဝင် လေးဦး နှင့် အစိုးရ လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးဝင်းမြင့်တို့ တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

မတ်လ ၂၅ ရက်နေ့က ရမခ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်တိုး က ရမခနှင့် ရလခ တိုင်းဌာနချုပ် ဆက်သွယ်သည့် လားရှိုး-တန့်ယန်း-မိုင်းရှုး ကားလမ်းလုံခြုံရေးအတွက် နယ်မြေ ရှင်းလင်းမည် ဖြစ်၍ ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းနှင့် လားရှိုးမြို့နယ်အတွင်းရှိ SSA-N ယာယီ တပ်စခန်းမှ ဆုတ်ခွာပေးရန် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

"ဖယ်ပေးမယ်ဆိုရင်လည်း နေရာ မရှိတော့ဘူး။ ဆုတ်ပေးလို့လည်း မရဘူး။ ကျနော်တို့က ဘယ်နေရာမှ မရွှေ့နိုင်ဘူး။ ဒီနေရာမှာပဲ နေထိုင်ခဲ့တာ။ နောက် လက်နက်ကြီးနဲ့ ပစ်တော့ ရွာသားတွေ မနေရဲဘူး။ သူတို့ ရွာပြန်နေထိုင်ပေးဖို့၊ အဓိက စီစဉ်ပေးဖို့ သူတို့ အစိုးရတပ်တွေကို ထိန်းပေးဖို့၊ ထာဝရငြိမ်းချမ်းရေးကို လိုလားရင်တော့ သူတို့ အဲဒီနေရာကို ကွက်ပြီး စစ်ဆင်ရေး လုပ်စရာ မလိုဘူး" ဟု SSA-N ပြောခွင့်ရသူက
ပြောသည်။

ဆုတ်ခွာခိုင်းသော နေရာသည် SSA-N နှင့် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA တို့၏ နှစ်ဖက် မဟာမိတ် ဆက်ဆံရေးလမ်းကြောင်း ဖြစ်နေပြီး ထိုလမ်းကြောင်းမှ ဒေသထွက်ကုန်ပစ္စည်းများကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့သော အရေးကြီး ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်သည်ဟု ဆိုသည်။

"အရင်ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေလည်း သူတို့ နယ်မြေရှင်းတာတို့၊ ဟိုလုံခြုံရေး၊ ဒီလုံခြုံရေး အကြောင်းပြပြီးတော့ ကျနော်တို့ကို ဆုတ်ခိုင်းခဲ့တာလည်း များပြီ။ ခုလည်း အဲဒီနယ်မြေကို စိုးမိုးချင်တဲ့ သဘောမျိုး။ အဲဒီနေရာက ကျနော်တို့ တလျှောက်လုံးနေခဲ့တဲ့ နယ်မြေတွေပဲ။ ကျနော်တို့လည်း မရွှေ့ပါဘူး" ဟု ဗိုလ်မှူး စိုင်းလ က ဆိုသည်။

၂၀၁၂ ခုနှစ်၊ ဇူလှိုင်လဆန်းပိုင်းက SSPP က တန့်ယန်းမြို့နယ် ၇ မိုင်စခန်းနှင့် မိုင်းရှူးမြို့နယ် လွိုင်ဖာဖိန့်ရှိ တပ်စခန်း နှစ်ခုကို ပြောင်းရွှေ့ပေးလိုက်ပြီး ၎င်းနေရာများတွင် အစိုးရ စစ်တပ်က အခိုင်အမာ တပ်စွဲထားလိုက်သည် ဟု ဆိုသည်။

ယမန်နေ့ တွေ့ဆုံပွဲသို့ ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း တက်ရောက်မည်ဟု ဆိုထားသော်လည်း လာရောက်လာခြင်း မရှိခဲ့ကြောင်း ဗိုလ်မှူးစိုင်းလ က ပြောသည်။

တိုက်ပွဲများကြောင့် တိမ်းရှောင်နေရသူ ဒေသခံ ရွာသားများနှင့် ပတ်သက်၍လည်း ယမန်နေ့ တွေ့ဆုံရာတွင်
ဆွေးနွေးတင်ပြခဲ့သည်။

တန့်ယန်းမြို့နယ်အရှေ့ဘက် ၁၀ မိုင်အကွာရှိ လွယ်စေးဒေသတွင် မတ်လအတွင်း နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားခဲ့၍ ထိုဒေသအတွင်း ရွာပေါင်း ၁၄ ရွာမှ လူဦးရေ ၁,၀၀၀ ကျော်မှာ တန့်ယန်းမြို့ရှိ ဘုန်းကြီးကျောင်းများသို့ ထွက်ပြေး ခိုလှုံနေရသဖြင့် လုံခြုံရေး စီစဉ်ပေးရန် တင်ပြခဲ့သည်ဟု သူက ဆက်ပြောသည်။ 

လွယ်စေးဒေသ အခြေစိုက် ခလရ တပ်ရင်း ၂၉၁ နှင့် ၃၃ တပ်ဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ရွာသားများ ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဆိုသည်။

ဆွေးနွေးပွဲတွင် SSA-N ကိုယ်စားလှယ်များ၏ တင်ပြချက်များကို သက်ဆိုင်ရာ တိုင်းဌာနချုပ်များနှင့် သမ္မတ ဦးသိန်းစိန်တို့ထံ တင်ပြပေးမည်ဟု ဝန်ကြီး ဦးခင်မောင်စိုးတို့က ပြောဆိုခဲ့ကြောင်း ဗိုလ်မှူးစိုင်းလှက ပြောသည်။ 

တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကင်းထောက်လူငယ်များနှင့် ဘက်စုံပညာ ထူးချွန်ကျောင်းသားများ နေပြည်တော်တွင် တွေ့ဆုံပွဲ ကျင်းပမည်

တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကင်းထောက်လူငယ်များနှင့် ဘက်စုံပညာ ထူးချွန်ကျောင်းသားများ ၂၀၁၃ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် နေပြည်တော်ရှိ MICC အစည်းအဝေးခန်းမတွင် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ကင်းထောက်လူငယ် စုစုပေါင်း ၄၈၀ ဦးနှင့် ဘက်စုံပညာ ထူးချွန်ကျောင်းသား ၅၁၀ ဦး တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတ တက်ရောက်မည်ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး (အငြိမ်းစား) ဦးတင်လှိုင်ထံမှ သိရသည်။

မြန်မာနိုင်ငံတွင် အမျိုးသမီး ကင်းထောက်လူငယ်အဖွဲ့ကို ၁၉၁၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အမျိုးသား ကင်းထောက်အဖွဲ့အား ၁၉၂၀ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ ၁၉၅၀ ခုနှစ်တွင် ကမ္ဘာ့ကင်းထောက် အဖွဲ့အစည်းမှ အသိအမှတ်ပြုခြင်း ခံခဲ့ရကာ ၁၉၆၂ ခုနှစ်တွင် နိုင်ငံရေး အပြောင်းအလဲကြောင့် မှေးမှိန်ခဲ့ရကြောင်း ၂၀၁၃ ခုနှစ်တွင် အာရှပစ္စပိတ် ဒေသဆိုင်ရာ ကင်းထောက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ပြီး ကမ္ဘာ့ကင်းထောက် အဖွဲ့အစည်းနှင့် ဆက်သွယ်ကာ ပြန်လည်ပါဝင်နိုင်အောင် ကြိုးစားလျက်ရှိကြောင်း သိရှိရသည်။

"ကင်းထောက်အဖွဲ့ဟာ စစ်သဘောတရား မပါ နိုင်ငံရေး ၀င်ရောက်မစွက်ဘက်ပဲ လူမှုဝန်ထမ်းသက်သက်သာ ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ ကင်းထောက်အဖွဲ့ဟာ အများအကျိုးအတွက် အဆင်သင့်ဖြစ်တဲ့ အဖွဲ့အစည်း ဖြစ်တယ်။ ဒီကနေ့ လူငယ်တိုင်းဟာ ကင်းထောက်စိတ်ဓာတ်တွေ ရှိနေမယ်ဆိုရင် အနာဂတ်မှာ နိုင်ငံတော်အတွက် အများကြီး ကောင်းလာမှာပါ" ဟု ညွှန်ကြားရေးမှူး (အငြိမ်းစား) ဦးတင်လှိုင်မှ ဆက်လက်ပြောကြားခဲ့သည်။

စစ်တွေရှိ ဘင်္ဂါလီ ဒုက္ခသည် စခန်းများတွင် လူဦးရေ အဆမတန် များပြားလာသောကြောင့် တာဝန်ရှိသူများနှင့် ဒေသခံများ စိုးရိမ်နေ


bingalicamp-april4

စစ်တွေမြို့ရှိ ဘင်္ဂါလီ ဒုက္ခသည်စခန်း တစ်ခုသို့ သက်ဆိုင်ရာ တာဝန်ရှိသူများ ဇန်န၀ါရီလအတွင်း သွားရောက်ခဲ့စဉ်

စစ်တွေမြို့နယ်တွင် ရှိနေသော ဘင်္ဂါလီ ဒုက္ခသည် စခန်းသုံးခုဖြစ်သည့် သက်ကယ်၊ သဲချောင်းနှင့် အခြားစခန်း တစ်ခုတွင် ဘင်္ဂါလီ ဒုက္ခသည်ဦးရေ အဆမတန် များပြားလာသောကြောင့် တာဝန်ရှိသူများနှင့် ဒေသခံများ စိုးရိမ်နေကြောင်း ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ဥက္ကဌ ဦးအေးသာအောင်က ပြောသည်။

လက်ရှိ ဘင်္ဂါလီဒုက္ခသည် စခန်းရှိ လူဦးရေမှာ ယခင်ကထက် အဆမတန် များလာပြီး စစ်တွေမြို့ပေါ်နေ လူဦးရေထက် များပြားလာခြင်းဖြစ်ကြောင်း၊ ထို့သို့မြို့ပေါ်နေ လူဦးရေထက် များပြားနေခြင်းကြောင့် ပြဿနာ တစ်စုံတစ်ရာ ဖြစ်လာပါက ဖြေရှင်းရန် ခက်ခဲလာနိုင်ပြီး နှစ်ဦးနှစ်ဖက် ထိခိုက်နစ်နာမှု များပြားမည်ကို တာဝန်ရှိသူများနှင့် ဒေသခံများက စိုးရိမ်နေကြခြင်းဖြစ်ကြောင်း ဦးအေးသာအောင်က ဆိုပါသည်။

"အခု ဘင်္ဂါလီ ဒုက္ခသည်စခန်းမှာ လူတော်တော်များလာတယ်၊ တကယ်လို့ ပြဿနာ တစ်စုံတစ်ရာ ဖြစ်လာရင် ဖြေရှင်းရ ခက်သွားနိုင်တယ်၊ စစ်တွေမြို့ပေါ်နေ လူဦးရေက သိပ်မရှိဘူး၊ ဘင်္ဂါလီ ဒုက္ခသည်စခန်းမှာ ဒုက္ခသည်ဦးရေ တဖြည်းဖြည်း တိုးလာနေတော့ အကုန်လုံးက စိုးရိမ်နေကြတယ်၊ ဒီအချက်ကို ကျွန်တော်တို့ အစီရင်ခံစာမှာ ထည့်သွင်းသွားဖို့ ဆွေးနွေးနေကြတယ်၊ ဒါက တကယ့်ကို စိုးရိမ်စရာ အခြေအနေပါ" ဟု ရခိုင်မျိုးသား ဒီမိုကရေစီ အဖွဲ့ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောသည်။

ထိုဘင်္ဂါလီများမှာ ဒေသအတွင်း ရှိနေသူများဖြစ်ကြပြီး ပဋိပက္ခအတွင်း မပါဝင်သူများလည်း ရောက်ရှိလာပြီး တူရကီနိုင်ငံက လုံးချင်းအိမ်ဆောက်လုပ်ပေးရန် လာရောက်ကမ်းလှမ်းပြီး နောက်ပိုင်း သိသိသာသာ တိုးလာကြောင်း ဦးအေးသာအောင်က ပြောပါသည်။ "ကျွန်တော် သိရသလောက်တော့ အရင်က ဘင်္ဂါလီ ဒုက္ခသည်စခန်းမှာ ၇၅၀၀၀ လောက်ဘဲ ရှိတယ်၊ အခု တစ်သိန်းခွဲလောက် ဖြစ်နေပြီ အနယ်နယ် အရပ်ရပ်က ဘာမှဒုက္ခမရောက်ကြတဲ့ လူတွေလည်း ရောက်လာကြတယ်၊ ဘယ်လို ရောက်လာကြတယ် ဆိုတာတော့ အတိအကျ မသိဘူး။ တအားကို တိုးသွားတာ၊ လုံးချင်းအိမ်တော့ မဆောက်တော့ပါဘူး၊ ဒါပေမယ်လို့ ဒုက္ခသည် စခန်းတွေမှာ နေစရာ စားစရာကအစ ဘာမှမပူရဘူး၊ အဲဒီတော့ အလုပ်မလုပ်ချင်တဲ့ လူတွေက ဒုက္ခသည်စခန်းကို ရောက်လာကြတယ်" ဟု ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောပါသည်။

ဘင်္ဂလီများအား တူရကီမှ လုံးချင်းအိမ်များ ဆောက်လုပ်ပေးရန် အစီအစဉ်နှင့် ပတ်သက်ပြီး ဒေသခံများက သဘောမတူသောကြောင့် မတ်လ ၇ ရက်နေ့က စစ်တွေ၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာတို့တွင် ဆန္ဒထုတ်ဖော်မှုများ ရှိခဲ့ကြောင်း သိရသည်။

လက်ရှိ စစ်တွေဘင်္ဂါလီ ဒုက္ခသည်စခန်း သုံးခုကို ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လူရည်ချွန် မောင်မယ်များ တောင်ကြီးမြို့၊ ငွေဆောင်ပတ်ဝန်းကျင် ကျေးရွာများနှင့် ချောက်ရေနံမြေသို့ သွားရောက်လေ့လာ


LuYeChonvisitplaces-apirl4

စလေရုပ်စုံကျောင်းအား လေ့လာနေသည့် လူရည်ချွန် မောင်မယ်များကို တွေ့ရစဉ် (ဓာတ်ပုံ - ကိုနော်(ပုဂံ))

လူရည်ချွန် မောင်မယ်များသည် ဧပြီလ ၃ ရက်နေ့တွင် တောင်ကြီးမြို့၊ ငွေဆောင်ပတ်ဝန်းကျင် ကျေးရွာများနှင့် ချောက်ရေနံမြေသို့ သွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။

ဘက်စုံထူးချွန် အပန်းဖြေစခန်း (ပုဂံ) မှ လူရည်ချွန် မောင်မယ်များသည် ဧပြီလ ၃ ရက်နေ့တွင် ပုဂံအပန်းဖြေစခန်းမှ တစ်ဆင့် ချောက်ရေနံမြေရှိ အမှတ် (၂) ရေနံချက်စက်ရုံနှင့် စလေမြို့ရှိ ရုပ်စုံကျောင်း၊ ဓာတ်မြေသြဇာစက်ရုံတို့အား သွားရောက်လေ့လာခဲ့ကြောင်း ကျောင်းသား၊ ကျောင်းသူလေးများသည် နံနက် ၈ နာရီတွင် လေ့လာရေးခရီး စတင်ထွက်ခွာခဲ့ပြီး ညနေပိုင်းတွင် စခန်းသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

အလားတူ ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်ကမ်းခြေစခန်းရှိ ဘက်စုံထူးချွန် လူငယ်များသည် ပုသိမ်မြို့၊ ကန်ကြီးထောင့်မြို့နှင့် ငွေဆောင်ပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ ဧပြီလ ၂ ရက်နေ့နှင့် ၃ ရက်နေ့များတွင် ပြည်သူ့ဘ၀ လေ့လာရေး ခရီးစဉ်များအဖြစ် သွားရောက်ခဲ့ကြောင်း၊ လူငယ်များသည် ဧပြီလ ၂ ရက်နေ့တွင် ကန်ကြီးထောင့်မြို့နယ်ရှိ ဓာတ်မြေသြဇာစက်ရုံ၊ ပုသိမ်မြို့နယ်ရှိ အထပ်သားစက်ရုံ၊ ပုသိမ်ထီးလုပ်ငန်း၊ ပုသိမ်ဟာလ၀ါ လုပ်ငန်းများအား အသုတ်လိုက် အလှည့်ကျ လေ့လာခဲ့ကြပြီးနောက် ပုသိမ်မြို့ နောက်ခံသမိုင်းအား ပုသိမ်မြို့ မြို့တော်ခန်းမတွင် ပရိုဂျက်တာဖြင့် ရှင်းလင်းခဲ့သည်ကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဧပြီလ ၄ ရက်နေ့တွင် ငွေဆောင်ဟိုတယ်ဇုန်ရှိ ဟိုတယ်ကြီးလေးခုအား သွားရောက်လေ့လာမည်ဖြစ်ပြီး ငွေဆောင်ကမ်းခြေတွင် ကျင်းပမည့် အကြိုဆီးဂိမ်းပြိုင်ပွဲကိုလည်း သွားရောက်လေ့လာမည်ဖြစ်ကာ ဧပြီလ ၅ ရက်နေ့တွင် ငွေဆောင်စခန်းမှ ပြန်လည်ထွက်ခွာ၍ နေပြည်တော်တွင် စခန်းသုံးခုမှ ထူးချွန်လူငယ်များ စုပေါင်းတွေ့ဆုံပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ အင်းလေးအပန်းဖြေစခန်းမှ လူရည်ချွန် လူငယ်များသည် အပန်းဖြေစခန်းမှတစ်ဆင့် တောင်ကြီးမြို့ အ.ထ.က(၁) တည်းခိုစခန်းသို့ ဧပြီလ ၂ ရက်နေ့ ညနေတွင် ရောက်ရှိခဲ့ကြောင်း သိရသည်။

ဧပြီလ ၃ ရက်နေ့တွင် ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟိုပုန်းမြို့နယ်တွင် တည်ရှိသော ထမ့်စမ်းလှိုင်ဂူတော်၊ တောင်ကြီးမြို့ စူဠာမုနိဘုရား၊ တောင်ကြီးမြို့မဈေးများသို့ သွားရောက်လေ့လာခဲ့ကြောင်း၊ ညနေပိုင်းတွင် ညောင်ရွှေစခန်းသို့ ပြန်ရောက်ခဲ့ကြောင်း သိရသည်။ ဧပြီလ ၅ ရက်နေ့ နေ့လည်ပိုင်းတွင် နေပြည်တော်သို့ ဆက်လက်ထွက်ခွာမည်ဖြစ်ပြီး လူရည်ချွန်များထဲတွင် အဋ္ဌမတန်း၊ န၀မတန်းနှင့် တက္ကသိုလ်ဝင်တန်းအရွယ်များ ပါဝင်ကြောင်း သိရသည်။

အင်းလျားကန်အနီး လူသတ်၍ ထွက်ပြေးသူ ကိုယ်တိုင် လာရောက်အဖမ်းခံ

အင်းလျား ကန်ဘောင် အနီး လူသတ်၍ ပြိုင်ကား မောင်းပြီး ထွက်ပြေး သွားသူဟု ရဲက သံသယ ရှိသူမှာ ၄င်းကိုယ်တိုင် လာရောက် အဖမ်းခံ လိုက်ကြောင်း သတင်း ရရှိသည်။ ဧပြီ ၁ ရက် နံနက် ၁၁ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံး၌ ၄င်းကိုယ်တိုင် လာရောက် အဖမ်းခံခြင်း ဖြစ်ကြောင်း လှိုင်မြို့နယ် ရဲစခန်းမှူးက ပြောသည်။ မတ် ၁၇ရက် ည ၈နာရီ ၅ မိနစ် ခန့်တွင် အေဒီမီးပွိုင့်မှ လှည်းတန်းသို့ မောင်းလာသော ယာဉ်အမှတ်(၇ဂ/---) ငွေမင်ရောင် ပြိုင်ကားသည် အင်းလျား ကန်ဘေးရှိ အိအိုင်ဘီစီရှေ့အရောက်တွင် ရပ်ပြီး ကားပေါ်မှ ထိုးသွင်း ဒဏ်ရာဖြင့် အမျိုးသား တစ်ဦး ဆင်းလာကာ လဲကျသွား၍ လုံခြုံရေး တာဝန်ကျက သွားရောက် ကြည့်ရှုစဉ် အဆိုပါ ပြိုင်ကားမှာ လာရာလမ်း အတိုင်း မောင်းနှင် ထွက်ပြေးသွား ခဲ့သည်။ ရဲများက ဒဏ်ရာ ရရှိသူအား ရန်ကုန် ဆေးရုံကြီးသို့ ပို့ပြီး ဆေးကုသမှု ခံယူနေစဉ် သေဆုံး သွားခဲ့သည်။

''သတ်ရတဲ့ အကြောင်း အရင်းကတော့ သေဆုံးသူက ရင့်ရင့် သီးသီး ပြောလို့ တစ်ယောက် တစ်ခွန်း စကားများရာ ကနေ အသင့်ပါလာတဲ့ ဓားနဲ့ ထိုးလိုက် တယ်လို့ ထွက်ချက် ရထားတယ်''ဟု စခန်းမှူးက ပြောသည်။ ယင်းသို့ ကားမောင်း ပြေးသွား ပြီးနောက် တာဝန်ရှိ သူများက ပြိုင်ကားကို ဝိုင်းဝန် ရှာဖွေကြရာ ည ၁၁ နာရီအချိန်၌ တောင်ဒဂုံ မြို့နယ်အတွင်း တွေ့ရှိခဲ့သည်။ ထို့နောက် တရားခံဟု သံသယရှိ သူ ကိုခိုင် နေထိုင်သော ရွှေပြည်သာရှိ ၄င်း၏ နေအိမ်သို့ သွားရောက်ရှာ ဖွေခဲ့ရာ ခရီးထွက်နေ သည်ဟု သိရှိ ရကြောင်း ၄င်းကပြောသည်။

ကိုကျော်မင်းခိုင် (ခ) ကိုခိုင်၏ မိသားစု များက အကူအညီ ပေးသဖြင့် ၄င်းမှာ တောင်ကြီး ရောက်နေကြောင်း သိရှိရပြီး ရဲတပ်ဖွဲ့ဝင်များ နှင့် မိသားစု ဝင်များ၏ တိုက်တွန်း စည်းရုံး မှုကြောင့် ၄င်းမှာ ရန်ကုန် သို့ပြန်လာကာ အဖမ်းခံ ခဲ့ခြင်း ဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။ ''တိုင်းတပ်ဖွဲ့ မှူးရုံးမှာ လ အဖမ်းခံတော့ တိုင်းရုံးကနေ ကျွန်တော်တို့ဆီ ပြန်လွှဲပေး လိုက်တာ။ ဒီနေ့တော့ သူ့ကို ရုံးထုတ်ပြီး ရမန်ယူ ထားတယ်''ဟု စခန်းမှူးက ပြောသည်။ ထိုအမှုနှင့် ပတ်သက်၍ လှိုင် ရဲစခန်းမှ (ပ) ၉၈/၁၃၊ ပုဒ်မ ၃ဝ၂ နှင့် မူးယစ် (ပ) ၁/၁၃၊ ပုဒ်မ ၁၉/(ဂ)၂ဝ(က) ဖြင့် အမှုဖွင့် ထားသည်။  

၄၈ လမ်း မီးလောင်မှုမှ လွတ်မြောက်လာသူအချို့ ဘာပြောကြသလဲ

ယခု ကျောင်းသား သုံးဦးမှာ ဧပြီ ၂ ရက် နံနက် သုံးနာရီက ဗိုလ်တထောင် မြို့နယ် ၄၈ လမ်းတွင် မီးလောင် ရာ၌ ရှိနေခဲ့ သူများ ဖြစ်သည်။ ဧပြီ ၂ ရက် ညနေ ၅ နာရီ ကျော်တွင် မီဒီယာ အချို့နှင့် တွေ့ဆုံခွင့် ရခဲ့သည်။ မီးလောင်မှု ဖြစ်စဉ်အတွင်း သူတို့ကြုံတွေ့ ခဲ့ရမှုများအား ကျွန်တော် တို့ကို ပြောပြခဲ့သည်။ ထို့ပြင် ဗလီ ဥက္ကဋ္ဌ ဦးဘနီနှင့် ကျောင်းဆရာ ဦးဆာအိ တို့က သတင်းစဉ်သို့ ပြောကြားချက် များကိုလည်း ပေါ်ပြူလာနယူးစ် ပရိသတ်များ သိရှိနိုင်ပါရန် စုစည်း တင်ဆက် လိုက်ပါသည်။

မောင်ဝေယံသူ(၁၄ နှစ်)

အဲဒီမှာ နေတာတော့ တစ်နှစ်ကျော် လောက်ရှိပြီ။ ကျွန်တော်က အောက်ထပ်မှာ အိပ်တယ်။ မီးလောင်နေတော့ ကျွန်တော်တို့ ထမင်းစား ခန်းထဲ ဝင်ပြေး ကြတယ်။ မီးသတ် တွေလာမှ ကျွန်တော်တို့ ထွက်လာ ကြတယ်။ သူတို့ကလည်း ကျောင်းသား လေးတွေ ထွက်လာလို့ ရပြီလို့ ပြောတယ်။ အဲဒီမှာ ထွက်လာ ကြတာ။ ကိုယ့်ဘာသာ လွတ်အောင် ပြေးလာတော့ တခြားသူတွေ ကိုလည်း ဂရုမစိုက် ဖြစ်ဘူး။ ဘေးအိမ်ကို အကူအညီ အော်တောင်းတော့ ဘေးအိမ်က မီးတော့ လင်းလာတယ်။ ဒါပေမဲ့ လူတစ်ယောက်မှ မတွေ့ဘူး။ မောင်ဇော်ဇော်ထက်(၁၈ နှစ်) လှေကား အရင်းက စလောင်တာ တွေ့တယ်။ ကျွန်တော်လည်း အောက်ထပ် မှာပဲ အိပ်တယ်။ အထပ်ခိုးမှာက ကလေးတွေပဲ ထားတာ။ ကလေးတွေ ဆိုတော့ ကြောက်နေကြ တာပေါ့။ ၁၃ နှစ်အရွယ် တချို့ကလေး တွေက လှေကားမှာ မီးစွဲ နေတော့ အပေါ်ကနေ ခုန်ချကြ တယ်။ ဆရာက ပြောတယ်။ မီးလောင် နေပြီ၊ မင်းတို့ ပြေးကြတော့၊ လွတ်ရာကို သွားလို့ ပြောတယ်။ ကျွန်တော် တို့လည်း မီးက အရမ်းပူတော့ စောင်တွေ ကာပြီး ထမင်းစား ခန်းထဲ ဝင်ပြေးကြတယ်။ ဓာတ်ကြိုး တွေကလည်း ထပေါက်တဲ့ ဟာက ထပေါက်တယ်။ နောက် မီးသတ် တွေလာလို့ရပြီ ပြောမှ ကျွန်တော်တို့ ဓာတ်ကြိုး အောက်ကနေပြီး လာရတယ်။

မောင်မင်းခန့်ဇော်(၁၇ နှစ်)

ကျွန်တော်တို့ ကြီးတဲ့ ကလေးတွေကို အောက်မှာ ပေးအိပ် ထားတယ်။ လှေကား နားမှာ အိပ်တဲ့ သူတွေလည်း ဘာမှမဖြစ်ဘူး။ အပေါ်က ကလေးတွေပဲ ဖြစ်သွားတာ။ ကျွန်တော် တို့လည်း အော်ပြီးအကူအညီ တောင်းကြတယ်။ ဒါပေမဲ့ ဘယ်သူမှ မသိကြဘူး။ ဗလီ ဥက္ကဋ္ဌနှင့် ကျောင်းဥက္ကဋ္ဌ ဖြစ်သူ ဦးဘနီက သတင်းစဉ် (ပြည်တွင်း)သို့ ပြောကြားချက် ကျွန်တော်လည်း သတင်း ကြားကြားချင်း ရောက်လာတာပါ။ ကျောင်းက ပိတ်ထား ရာကနေ ပြန်ဖွင့်တာ နှစ်ရက်ပဲ ရှိပါသေးတယ်။ လမ်းထဲက ရပ်ကွက်သူ ရပ်ကွက်သား တွေကလည်း အတော် စောင့် ရှောက်ကြပါတယ်။ ဒါကြောင့် ဒီရက်ပိုင်း အရင် ကျောင်းပိတ်ထားရာကနေ ပြန်ဖွင့်လိုက်တာပါ။ ဒီကလေးတွေကို ရပ်ကွက်က ကိစ္စတစ်ခုခု ရှိရင် ခေါ်ခိုင်းတာတွေ ရှိပါတယ်။ ပြီးတော့ လိုအပ်တာတွေကို ရပ်ကွက်က ဝိုင်းပံ့ပိုးကြပါတယ်။ ဒီရပ်ကွက်ကို ကျွန်တော်တို့ သိပ်စိတ်ချပါတယ်။ ကလေးတွေက ဒီလမ်း ထဲမှာပဲ အားလပ်ရင် ဆော့ကစားတယ်။ ဒီလမ်းက သိပ် စိတ်ချရတယ်။ ဒါကြောင့် ကျောင်း ပိတ်ရက်မှာ ကလေးတွေ စာတွေ မေ့သွားမယ်ဆိုပြီး ပြန်ဖွင့်တာ။ အခုမှ နှစ်ရက် ပဲ ရှိပါသေးတယ်။ အခုဖြစ်တော့ တံခါးတွေကပိတ်ထားတော့ ကလေးတွေ မီးခိုးတွေမွှန်ပြီး သေရတာပါ။ အောက်ထပ်က စာသင်တဲ့အဆောင်ပါ။ ရှေ့ဘက်မှာ ဝတ်ပြုဆောင်ရှိပါတယ်။ မီးလောင်စရာတော့ ကြီးကြီးမားမား ပစ္စည်းမရှိပါဘူး။ သစ်သားကြမ်းခင်းနဲ့ စီလင်ကလည်း သစ်သားပါ။ ဒါလောက်ပဲရှိတာပါ။ အခုတော့ မီး လောင်တာနဲ့ ပတ်သက်ပြီး အသေးစိတ်စစ်ဆေးနေတယ်လို့ပြောပါ တယ်။ မီးလောင်ချိန်ကတော့ သိပ်မကြာလိုက်ဘူး။ ကျောင်းက ကျောင်းသား ၇ဝ ကျော်လောက် ရှိတာမှာ အပေါ်ထပ်မှာနေတဲ့ ၁၃ ယောက်သေသွားတယ်။ ကျန်တဲ့ ကလေးတွေကိုတော့ မင်္ဂလာ တောင်ညွန့်မြို့နယ်မှာရှိတဲ့ ဗလီကို ရွှေ့ပြောင်းပေးထားပါတယ်။ အခု ဒီကျောင်းမှာ တက်နေတဲ့ အချို့က မိဘရှိသူလည်း ရှိပါတယ်။ အချို့ ကတော့ နယ်ဘက်က မိဘမဲ့တွေ ဖြစ်ပါတယ်။ မိဘမဲ့တချို့ကိုတော့ မင်္ဂလာတောင်ညွန့်ဗလီမှာ ဆက် လက်ထိန်းသိမ်းစောင့်ရှောက်ထား ပါတယ်။ တချို့ကိုတော့ သူတို့မိဘ တွေ လာခေါ်သွားတယ်လို့ သိရပါ တယ်။

ကျောင်းဆရာ ဦးဆာအိက သတင်းစဉ် (ပြည်တွင်း)သို့ ပြော ကြားချက်

ဒီမှာအိပ်တာက ဘော်ဒါဆရာ နှစ်ယောက်နဲ့ ကျောင်းသား ၇ဝ ကျော်ရှိပါတယ်။ ကျွန်တော်တို့က တော့ စာသင်ပြီး ပြန်တာပါ။ ကလေးငယ်တွေကို အပေါ်ထပ်မှာ သိပ်ပါတယ်။ ကလေး အလတ်တွေ နဲ့ ဆရာတွေကတော့ အောက်ထပ် မှာ အိပ်ပါတယ်။ မီးလောင်တာကို သူတို့ ငြှိမ်းသတ်ကြတယ်။ နောက် တော့ လှေကားတွေ မျက်နှာကြက် တွေ မီးလောင်ပြီး အပေါ်ထပ်က ကလေးတွေ ဆုံးသွားတာပါ။ မသင်္ကာစရာလူစိမ်း လုံးဝမတွေ့ခဲ့ ပါဘူး" ဟု ပြောခဲ့သည်။

ထိုကဲ့သို့ အမှားမခံနိုင်သည့် အခြေအနေကြောင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ယင်းနေ့ (ဧပြီ ၂ ရက်) မနက် ၁၁ နာရီ တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးခန်းမ ၃ တွင် သတင်းစာရှင်း လင်းပွဲတစ်ခု ချက်ခြင်းပြုလုပ်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်ဦးမြင့်ဆွေက အဆိုပါ ရှင်းလင်းပွဲ၌ "ဒီစာသင်ကျောင်းရဲ့ အားနည်းချက်က တံခါးတွေအလုံကြီး ပိတ်ထားတယ်။ ဖြစ်တဲ့အချိန်တုန်းက ဆိုရင် သော့နှစ်ထပ်ခတ်ထားတယ်။ သူ့ရဲ့ ပတ်ပတ်လည်ပြတင်းပေါက်နဲ့ မြေညီထပ်က တံခါးတွေ အကုန်လုံးမှာ သံတိုင်တွေ၊ သံဆန်ခါတွေ အထပ်ထပ်ခတ်ထားတယ်။ တော်ရုံ တန်ရုံဖွင့်လို့မရဘူး။ မီးလောင်တော့ ကလေးတွေက အပြင်မထွက်နိုင်ဘူး။ မထွက်နိုင်တဲ့အတွက် ဆင်းရမှာလည်း ဒီတစ်ပေါက်တည်း။ အောက် ထဲကို ဆင်းရမှာ၊ လောင်တာကလည်း ဒါပဲဆိုတော့ ကလေးတွေ အပြင် အချိန်မီ မရောက်တဲ့အတွက် မီးခိုး ငွေ့တွေထိပြီး အသက်ရှုကျပ်သေဆုံး ကြရတာပါ"ဟု ဖြစ်ပွားပုံကို ပြောခဲ့ သည်။

ထို့ပြင် "အဲဒါက တစ်စုံတစ် ယောက်က လုပ်တာမဖြစ်နိုင်ဘူးလို့ အကြမ်းဖျင်းတော့ ကျွန်တော်တို့ သုံးသပ်ပါတယ်။ သို့သော်လည်းပဲ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး တိတိကျကျ အဖြေပေါ်အောင်လုပ်မယ်။ မနေ့ကအထိတော့ ကျွန်တော် တို့ကင်းအဖွဲ့တွေ အကြမ်းဖျင်းစစ် ဆေးတော့ ဘာမှမသင်္ကာစရာမတွေ့ ဘူး။ အားလုံးလည်း သိကြတဲ့အတိုင်း ပုဒ်မ ၁၈၈ ထုတ်ပြန်ထားတော့ ည ကျရင် ၉နာရီ တော်ရုံ မထွက်ကြ တော့ဘူး။ ဒီလိုမျိုး မနက်ဆို ပိုပြီး တော့ ကင်းချထားတယ်" ဟု ၄င်း က ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ကိုရဲနောင်သိန်းကလည်း "ဒီနေ့ မနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် က အစ္စလာမ်ဘာသာကြီး ၅ ဖွဲ့ကို ခေါ်ပြီး အစည်းအဝေးလုပ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ လောလောဆယ် ချို့ယွင်းချက်အနေနဲ့မြင်တာ မီးအားမြှင့်စက်ပေါ့။ မီးအားမြှင့်စက်က မီးမြင့်ပြီး အပူဒဏ်မခံ နိုင်လို့ လောင်တယ်လို့ယူဆပါတယ်။ အဲလိုယူဆတဲ့ နေရာမှာတစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ ကျွန်တော်တို့ ရန်ကုန်မြို့ကို စိုးရိမ် နေတာက လုပ်ကြံဖန်တီးမှုတစ်ခုလို့ ယူဆနေတာကြောင့် ကျွန်တော်တို့ အနေနဲ့ လုပ်ကြံဖန်တီးမှုလား အမှန်တကယ် မီးအားမြှင့်စက်ကြောင့်လားဆိုတာကို အဖြစ်မှန်စစ်ဆေး ဖော်ထုတ်ဖို့အတွက် တောင်းဆို ပါတယ်။ ဝန်ကြီးချုပ်ကလည်းအမြန်ဆုံးကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ ကော်မတီဖွဲ့ပြီးအမြန်ဆုံး အမှန်ဆုံး ဖော်ထုတ်ပေးမယ်လို့ပြောပါတယ်" ဟု ဆိုခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး လျှပ် စစ်ဓာတ်အားဖြန့်ဖြူးရေး ဒုတိယ အင်ဂျင်နီယာချုပ် ဦးထွန်းကြွယ်က "စစ်ဆေးတွေ့ရှိချက်အရ မီးအား အလွန်အကျွံမြင့်တက်လို့ မဟုတ်ဘဲ မီးအားမြှင့်စက်ကြောင့် ဖြစ်တာတွေ့ရတယ်။ မီးအားမြှင့်စက်မှာ ဗို့အားကို Regulator သုံးထား တယ်။ ပြီးတော့ သူက Manual ဖြစ်နေတယ်။ ညဘက်ကျတော့ မူလထဲကတင်ထားတဲ့အားကို ပြန်မချတော့အပူလွန်ကဲ ပြီးစလောင်တာ။ လျှပ်စစ်ဓာတ်အား မြင့်တာနဲ့ မဆိုင်ဘူး"ဟု ရှင်းလင်းခဲ့ သည်။ ယင်းအချိန်ကာလတွင် အင်တာနက်စာမျက်နှာ အချို့၌ ဆူပူမှု ဖြစ်စေနိုင်သော သွေးထိုးလှုံ့ဆော်မှုများဖြင့် လှုပ်ခတ်နေခဲ့သော်လည်း အများစုအနေဖြင့်မျှတစွာရှုမြင်ကြ ပြီး အဓိကအားဖြင့် သေဆုံးခဲ့ကြသော ကလေးများအတွက် ဝမ်းနည်းမှုဖြင့် စိတ်ထိခိုက်ခံစားမှုများကို ရေးသား ဖော်ပြခဲ့ကြသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ မော် လဝီအဖွဲ့ချုပ် အထွေထွေအတွင်း ရေးမှူး ဦးကျော်စိုးကလည်း "ဘယ် လိုပုံစံနဲ့ ဖြစ်တယ်ဆိုတာကိုသိဖို့က အစည်းအဝေးထိုင်ပြီး ဖြစ်ရပ်မှန်ကို ကော်မရှင်ဖွဲ့လုပ်နေတယ်လို့သိရတယ်။ ထွက်လာတဲ့အဖြေပေါ် ကြည့်ပြီးတော့မှ ပြောလို့ရမယ်။ အခုဟာက မမြင်တွေ့ရဘဲသုံးသပ်မှု မပြုနိုင်ဘူး။ ဒါက လတ်တလော ဖြစ်ပေါ်နေတဲ့ ကိစ္စရပ်၊ ဒါကို ဥပဒေအတိုင်း စုံစမ်းဖော်ထုတ်မယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ပြောထားတာပဲ။ ဒီကိစ္စကြောင့်တော့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ဖြစ်ဖို့မရှိဘူး။ ရန်ကုန် တိုင်းအစိုးရအဖွဲ့ကလည်း ဒါကို အဖြစ်မခံပါဘူး"ဟု သုံးသပ်သည်။

ယင်းမီးလောင်မှုမှာ လတ်တလော စစ်ဆေးမှုများအရ မီးအားမြှင့်စက် အပူလွန်ကဲရာမှ ဖြစ်ပွားခြင်းဟုသိရပြီး အဓိကတာဝန်ရှိသည့် ဗလီတာဝန်ခံနှစ်ဦးအား အမှုဖွင့် အရေးယူထားသည်ဟု သိရသည်။ နံနက် ၁၁နာရီတွင် ပြုလုပ်ခဲ့ သည့် သတင်းစာရှင်းလင်းပွဲ၌ ရန် ကုန်တိုင်းရဲမှူးကြီးဝင်းနိုင်က "ဗလီ တာဝန်ခံနှစ်ယောက်ကို အမှုဖွင့် အရေးယူထားတယ်။ အခုသေဆုံး သွားတဲ့သူတွေက မီးခိုးမွှန်ပြီး သေဆုံးတယ်ဆိုတဲ့ ဆရာဝန်ရဲ့ ဆေးစစ်ချက်အရသိရတယ်။ ဒီဖြစ်စဉ်က ဝါယာရှော့ဖြစ်တာ။ ဒါကို ဖုံးချင်ဇောနဲ့ မသမာမှုတွေလို့ လျှောက် ပြောနေတယ်။ လမ်းတိုင်းလမ်းတိုင်းမှာ အလှည့်ကျကင်းလှည့် စနစ်ထားပါတယ်။ ဘယ်လူစိမ်းမှ အဝင်မရှိဘူး။ အပြင်ပယောဂမပါတဲ့အတွင်းက ဖြစ်စဉ်ကြောင့် ဖြစ်တယ်။ ဒီဝါယာရှော့ ဖြစ်တယ်ဆိုတာက လျှပ်စစ်ကျွမ်းကျင်သူရော၊ မီးသတ်ရော ဒီပုဂ္ဂိုလ်တွေရဲ့ သုံးသပ်ချက်တွေပါ။ ဒီမီးလောင်မှုမှာ ဗလီတာဝန်ရှိသူတွေ တာဝန်ပေါ့လျော့ တယ်။ မီးလောင်နေ တာသိရက်နဲ့သော့ကိုင်သူက တံခါး ဖွင့်မပေးဘူး" ဟု ဆိုခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေကလည်း "အမှန်ဆိုရင် သူတို့လေးတွေ မသေသင့်ဘဲ သေသွားတာပါ။ ဗလီဆရာတွေရဲ့ မှားယွင်းစွာ ဆုံးဖြတ်မိလို့ပါ။ သူတို့ သာသော့ဖွင့်ပေးမယ်ဆိုရင် ကလေးတွေကို ကယ်တင်နိုင်မှာပါ။ တာ ဝန်ခံဖြစ်တဲ့နှစ်ဦးကို အရေး ယူပါ မယ်"ဟု ပြောခဲ့သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ကိုရဲနောင်သိန်းကလည်း ထပ်မံ၍ "ကလေးတွေရဲ့ မျက်မြင်ကိုယ်တွေ့ ဖြစ်စဉ်တွေလည်း ကျွန်တော်တို့ မေးမြန်းထား ပါတယ်။

ဒါတွေကတော့ အခုရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ကော်မရှင်ဖွဲ့ပြီး စုံစမ်းမှာဖြစ်တဲ့အတွက် ကော်မရှင် အဖြေလေး စောင့်စေချင်ပါတယ်။ ကော်မရှင် ကတော့ကျွန်တော် တို့လည်း မေတ္တာရပ်ခံတယ်။ ဝန်ကြီး ချုပ်ကလည်း ပြတ်ပြတ်သားသား ပြောပါတယ်။ အမှန်ဆုံးဖြစ်အောင် လုပ်ပေးမှာပါ။ ဒီကော်မရှင်က တကယ် ကျွမ်းကျင်တဲ့ ပညာရှင်တွေ နဲ့ဖွဲ့စည်းပြီး အမှန်ဆုံးဖော်ထုတ်မှာပါ။ ဘာကြောင့်လဲဆိုတော့ ရန်ကုန်မြို့က မြန်မာနိုင်ငံ မွတ်ဆလင် အများစု စိတ်ဝင်စားတဲ့နေရာ ဖြစ် တယ်လေ။ ဒီနေရာမှာ အမှားအယွင်း တစ်စုံတစ်ခုဖြစ်ခဲ့ရင် တစ်နိုင်ငံလုံး ပြန့်သွားဖို့အချိန်က မဆိုင်းတော့ဘူး။ အဲဒါကြောင့် ဒီနေရာမှာ အမြန်ဆုံး အမှန်ဆုံးဖော် ထုတ်မယ်ဆိုရင် တစ်နိုင်ငံလုံးရဲ့ဂယက်ကလည်း အေးချမ်းသွားမှာပါ။ အဲဒီအတွက်ကြောင့် အမြန်ဆုံးနဲ့ အမှန်ဆုံး ဖော်ထုတ်ပေး မယ်လို့ ဝန်ကြီးချုပ်ကကတိပေးပါ တယ်" ဟုဆိုခဲ့ပြီး

ယခုအခြေအနေ အရကြောက်ရွံ့မှုခံစားရခြင်းနှင့် ပတ်သက်၍မူ "ကျွန်တော်တို့က အမှန်တရားပဲလိုချင်တာ။ အမှန်တရား ပေါ်ပေါက်ဖို့ ကျွန်တော်တို့ ကြားတာ မြင်တာတွေ့တာကိုလည်း သက်ဆိုင် ရာကို တင်ပြပြောဆိုထားပါတယ်။ မီဒီယာကိုလည်း တရားဝင် ဗျုးထားပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ ထိန်ချန်တာ လျှို့ဝှက် တာဘာမှမရှိပါဘူး"ဟု ဆိုခဲ့သည်။ မီးလောင်မှုကို မျက်မြင်ကြုံ တွေ့ခဲ့ရပြီးအသက်ဘေးမှ လွတ် မြောက်ခဲ့သော ကလေးများနှင့်ပတ် သက်၍ ¤င်းက "လောလောဆယ် မှာ ကလေးတွေကို လုံခြုံတဲ့နေရာ မှာ အေးအေးချမ်းချမ်းနား နေခွင့်ပေး ထားတာပါ။ မိဘရပ်ထံကို ကျွန်တော် တို့ပြန်မပို့သေးပါဘူး။ ဒီကိစ္စက မမျှော်လင့်ဘဲ ကြီးကြီးမားမားဖြစ် တယ်ဆိုတော့ ဒီကိစ္စကို လောလော ဆယ်မှာ ကျွန်တော်တို့ အပြင်ကို မထုတ်သေးပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်ရမှာဆို တော့ တိုင်းဒေသ ကြီးအစိုးရအဖွဲ့က လုံလောက်အောင် ပြည့်စုံအောင်မှာ ကြားထားတာမို့ တိုင်းဒေသကြီး အစိုးရနဲ့ ပူးပေါင်းပြီး အမှန်တရား ပေါ်ပေါက်ဖို့ဆောင်ရွက်သွားမှာပါ"ဟု ထပ်လောင်းပြောခဲ့သည်။ မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းကြားရပြီးနောက် မင်္ဂလာတောင်ညွန့်၁ဝ၁ လမ်းထိပ်မှ M.M ယောင်နက်အစ္စလာမ်ဗလီတွင် လာရောက်၍ ကူညီပေးခဲ့သော သုဝဏ္ဏ ဘက်တွင် ကိုယ်ပိုင်ဆေးခန်းဖွင့်ထားသည့် အစ္စလာမ်ဘာသာဝင် ဆရာဝန်(အမည်မပြော)က "တစ်ယောက်က လက်က ဒီလိုခေါက်သွားတာပေါ့ (လက်ဖမိုး နေရာကို ကွေးပြရင်း) လက်က ကျိုးသွားတာလား ခေါက်သွားတာလား မသိဘူး။

ဒါပေမဲ့ ကျွန်တော် ဘန်ဒေ့စည်းပေးလိုက်တယ်။ နောက်တစ်ယောက်ကျတော့ ခြေသန်းကွဲ သွားတယ်။ သူ့ကိုတော့ မေးခိုင်ကာကွယ်ဆေးထိုး ပေးလိုက်တယ်။ အနာကိုဆေး ထည့်ပေးလိုက်တယ်။ နောက်တစ်ယောက်ကကျတော့ ဒူးနည်းနည်းနာသွားတယ်။ ဒီလောက်ပဲ ။ ဟိုမှာတော့ ဘယ်လောက်သေလည်း ကျွန်တော်မသိဘူး။ ကျန်တဲ့အပိုင်းကတော့ ကလေးတွေ အေးဆေးပဲလား အေးဆေးပါပဲ။ ဆရာတစ်ယောက်ကတော့ လက်မောင်းမှာ မီးဟပ်ထားတဲ့ ဒဏ်ရာလေးရှိတယ် ။ အရေပြားတော့ ဘာမှမဖြစ်ဘူး။ ပူတယ်လို့ပဲသူပြောတယ်။ အရေပြားနည်းနည်း နီနေ တယ်။ ဒါပဲ" ဟု ပြောပြသည်။

မည်သို့ပင်ဆိုစေ မီးလောင်မှုအရ ဗလီမှ မီးအားမြှင့်စက်တစ်လုံး၊ အဆောက်အအုံလှေကားနှင့် ကြမ်းခင်းများအပါအဝင် ဆုံးရှုံးမှုငွေကျပ် တန်ဖိုးအားဖြင့် ကျပ် ရှစ်သိန်းငါး သောင်းနှင့် အသက် ၁၂ နှစ်မှ ၁၆ နှစ်ထိ ပါဝင်သော ကလေးကျား ၁၃ ဦး သေဆုံးခဲ့ရသည်။ လက်ရှိ အခြေအနေအရ အရပ်သားအစိုးရတက်လာပြီး အတန်အ သင့်ပွင့်လင်းလွတ်လပ်သည့် ကာလ တစ်ခုသို့ရောက်ချိန် နိုင်ငံအနေဖြင့် ရှေ့သို့သာသွားရမည့်အစား မလို လားအပ်သော လူမျိုးရေးနှင့်ဘာသာ ရေးပဋိပက္ခကို ဦးတည်သည့်အကြမ်း ဖက် လှုံ့ဆော်မှုများကတော့ အခွင့် ကောင်းကို ချောင်းနေပြီဖြစ်သည်။

ယင်းအခြေအနေတွင် လှုံ့ဆော် မှုကို မရည်ရွယ်ဘဲ အားပေးမိလျက် သားဖြစ်နိုင်သည့် အခြေအနေများကို သတိထားရှောင်လွှဲရမည်ဖြစ်ပြီး သြ ဇာသက်ရောက်မှုရှိသည့် အင်တာ နက်ကဲ့သို့ လူမှုဝက်ဘ်ဆိုက်များအနေ ဖြင့်လည်း အမုန်းတရားများ မပြန့် ပွားရန် သတိထားသင့်ကြောင်း နိုင်ငံ ရေး လေ့လာသူများက သုံးသပ်သည်။ ၄င်းအပြင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်ကလည်း ၄င်း၏ ဖေ့စ်ဘွတ်ခ်တွင် ကောလာဟလများကို လွယ်လွယ်ကူကူ မယုံကြည်ကြရန်နှင့် မီဒီယာများအနေ ဖြင့်လည်း သတင်းမှန်ဖြစ် စဉ် အမှန်ကို ထုတ်ပြန်ပေးကြရန် အရေးကြီးကြောင်း သုံးသပ်ရေးသား ထားသည်။ ဒီမိုကရေစီလမ်းပေါ် စတင် လျှောက်လှမ်းခွင့်ရချိန် ဤကာလ တွင်မှ ယင်းကဲ့သို့ ပဋိပက္ခများ ပိုမို များပြားလာခြင်းသည် တိုင်းပြည်ကို အရောင် မထွက်စေလိုသူများ ကြောင့်လော၊ ပြောင်းလဲတိုးတက် မှုကို မမြင်လို၍ အာဏာနှင့်နေရာ အသက်ဆက်ချင်သူများကြောင့် လော။ သို့တည်းမဟုတ် ဖြစ်နိုင် ခြေများကတော့ ဖြစ်နိုင်သည်သာ ချည်းပင်။

သို့သော် အခွင့်အခါကောင်း ခေတ်စနစ်ပြောင်းချိန်ကျမှ ဤကဲ့သို့ အခြေအနေများ အသက်ဝင်လာခြင်းကတော့ တိုင်းပြည်နှင့် ပြည်သူအတွက် ရတက်မအေး စရာပင် ဖြစ်သည်။ ရန်ကုန်သည် ယခင်ပျော်ရွှင် ဖွယ် ကောင်းသော မြို့ပြဆန်မှုများ ဖြင့် ရန်ကုန်သာ ဖြစ်စေလိုပါသည်။ ရန်ကုန်သာမက မြန်မာတစ်နိုင်ငံလုံး ရှိသမျှ နေရာဌာနတိုင်းတွင်လည်း ကြောက်ရွံ့မှု၊ ထိတ်လန့်မှု၊ အကာ အကွယ်နှင့်လုံခြုံမှုမဲ့သည့် နေ့ည အချိန်များမရှိစေလိုပါ။ စိတ်ချလက် ချအိပ်စက်နိုင်သော ညများနှင့်အတူ စားဝတ်နေရေးအတွက် နေ့ည အချိန်မရွေး လုံခြုံသော လူမှုပတ် ဝန်းကျင်ထဲ အားလုံးရှင်သန်နေချင် ကြပါသည်။

ဤနေရာတွင် လူတိုင်းမလို လားသော အကြမ်းဖက်မှုများရှိနေ သည်ဟု ယူဆပါက စကားဟောင်း ဖြစ်သည့် အစိုးရနှင့်ပြည်သူ လက် တွဲ၍ တိုင်းပြည်ကို ထူရမည့်အချိန် ရောက်လာပြီဟုဆိုရမည် ဖြစ်သည်။ အယူအဆမတူကြသော်လည်း ငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲနေ ထိုင်နိုင်ရေးသည် တိုင်းပြည်အတွက် အရေးပါသော မူဝါဒဖြစ်ပြီးမည် သည့် အရာတစ် ခုကမှ ပြာသာဒ်ကို မီးလောင်စေမည့် အမှိုက်များမဖြစ်စေ လိုသည်ကတော့ အားလုံး၏ဆန္ဒ ပင်ဖြစ်ပါမည်။ လက်ရှိဖြစ်ရပ်အတွက် သက် ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် လည်း လျှပ်စစ်၊ မီးသတ်၊ တိုင်းသာသနာရေး၊ တိုင်းရဲတပ်ဖွဲ့နှင့် အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များ ပါဝင်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ကာ ဖြစ်စဉ်နှင့်ပတ်သက် ၍ အမှန်တရားပေါ်အောင် ဆောင် ရွက်မည်ဟုလည်း တရားဝင် ထုတ် ပြန်ထားပြီး ဖြစ်သည်။

ထို့အတွက် အမုန်းတရားကို အခြေခံသောအတ္တနှင့်ဆန္ဒကို အသီး သီးထိန်းကာ ငြိမ်းချမ်းရေးအတွက် အတူယှဉ်တွဲ၍ အကြမ်းဖက်မှုမပါ သော တိုးတက်ပြောင်းလဲမှုကို တည် ဆောက်ရမည်ဟု ယုံကြည်ပါသည်။ ၂ဝ၁၃ ကတော့ မြန်မာနိုင်ငံအတွက် အမှားမခံသော စိန်ခေါ်မှုများနှင့် စောင့်နေပြီဖြစ်သည်။ ရခိုင်၊ မိတ္ထီလာ၊ ပဲခူး စသဖြင့် စသဖြင့် မည့် သည့်အရပ်ဒေသတွင်မှ အမုန်း တရား မရှိစေရ။ မည်သည့်အကြောင်းရင်းကြောင့်ဖြစ်ဖြစ် အပြစ်မဲ့သူများ အ သက်မဆုံးစေရ။ လောကပါလတရားများနှင့် အတူ ပြည်သူကတော့ ငြိမ်းချမ်းပျော် ရွှင်ဖွယ်ကောင်းသော ရန်ကုန်ညတွေ အမြန်ပြန် လာနိုင်ပါစေဟူသောဆု တောင်းသံများရင်ထဲတွင် ညံနေကြ ပြီ ဖြစ်ပါသည်။