Thursday, April 4, 2013

ဂျော်ဒန်နိုင်ငံတွင် ကျန်ရှိနေသည့် မြန်မာအလုပ်သမား ၉၀၀ ကျော်မှာ နိုင်ငံသို့ ပြန်လာလိုသော်လည်း အခက်အခဲ အမျိုးမျိုးကြောင့် အလုပ် ဆက်လက်လုပ်ကိုင်နေရ


jordanworkerexplain-april4

ဂျော်ဒန်နိုင်ငံမှ ပြန်ရောက်လာသော အလုပ်သမားများမှ ရှင်းလင်းပွဲ ပြုလုပ်နေသည်ကို တွေ့ရစဉ်

ဂျော်ဒန်နိုင်ငံတွင် ကျန်ရှိနေသည့် အလုပ်သမား ၉၀၀ ကျော်မှာ မြန်မာနိုင်ငံသို့ ပြန်လာချင်သော်လည်း အခက်အခဲ အမျိုးမျိုးကြောင့် အလုပ် ဆက်လက်လုပ်ကိုင်နေရကြောင်း အလုပ်သမားခေါင်းဆောင် မအိအိအောင်က ပြောပါသည်။

မတ်လ ၃၁ ရက်နေ့က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ၈၈ မျိုးဆက် ကျောင်းသားများ ရုံးခန်းတွင် ပြုလုပ်သည့် ဂျော်ဒန်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် အလုပ်သမားများ၏ ရှင်းလင်းပွဲ၌ မအိအိအောင်က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

"အလုပ်သမား ၁၃၀၀ ကျော်ရှိတဲ့ အထဲမှာ ၂၀၀ ကျော်က ပြန်ရောက်နေပါပြီ။ ကျန်တဲ့ ၉၀၀ ကတော့ သွားတုန်းက လယ်ပေါင်၊ အိမ်ပေါင်ပြီး သွားခဲ့ရတာဆိုတော့ အကြွေးတွေ မကျေသေးတဲ့အတွက် အိမ်ပြန်ဖို့ အဆင်မပြေတာရယ်၊ တချို့က စာချုပ်သက်တမ်း ကုန်တော့မို့ လျော်ကြေးမပေးချင်လို့ သက်တမ်းကုန်တဲ့အထိ ကြိတ်မှိတ်လုပ်နေတာမျိုး ရှိတယ်။ မြန်မာပြည်က လူကြီးတွေ ကူညီဖြေရှင်းပေးဖို့ အရမ်းမျှော်လင့်နေပါတယ်" ဟု မအိအိအောင်က ပြောသည်။

ဂျော်ဒန်နိုင်ငံ စီအမ်ဂျေအထည် ချုပ်စက်ရုံမှ မြန်မာအလုပ်သမားများသည် အလုပ်ရှင်မှကျွေးသော ထမင်းဟင်းကို စားသောက်ပြီး ၀မ်းပျက်ဝမ်းလျှော ဖြစ်ပွားခဲ့ရာမှ ဆန္ဒပြမှုများ စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အခြေခံလစာကို အမေရိကန်ဒေါ်လာ ၂၀၀ ရရှိရေး၊ လူမျိုးရေး မခွဲခြားရေးနှင့် ကျန်းမာရေးနှင့် ညီညွတ်ပြီး မြန်မာလူမျိုးနှင့် ကိုက်ညီသည့် အစားအသောက်များ ချက်ပြုတ်ကျွေးမွေးရေး စသည့်အချက်များကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ မတ်လ ၂၅ ရက်နေ့အထိ အလုပ်မလုပ်ဘဲ ငြိမ်းချမ်းစွာ တောင်းဆိုခဲ့သော်လည်း အလုပ်ရှင်မှ လိုက်လျောခြင်း မရှိခဲ့ပေ။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနသည် ဂျော်ဒန်နိုင်ငံသို့ အလုပ်သမား တရားဝင်စေလွှတ်ခွင့် မပြုထား၍ ယခုကဲ့သို့ အလုပ်သမား တရားမ၀င်စေလွှတ်ခဲ့သည့် New Convenant အေဂျင်စီအား ဥပဒေအရ အရေးယူမှုများ ပြုလုပ်မည်ဟု သိရသည်။

ဂျော်ဒန်နိုင်ငံ အထည်ချုပ်စက်ရုံ ခြောက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၃၂၀၀ ကျော်ရှိကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။