Thursday, April 4, 2013

CDMA-800 Sim Card များကို ငွေ ၁၅၀၀ ကျပ်ဖြင့် တစ်လလျှင် အလုံးရေ ၃၅၀၀၀၀ အား တစ်နိုင်ငံလုံး၌ ဧပြီလ ၂၄ ရက်နေ့တွင် စရောင်းမည်

ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့များမှတစ်ဆင့် CDMA-800 ဖုန်းများကို ငွေကျပ် ၁၅၀၀ ဖြင့် ဧပြီလ ၂၄ ရက်မှ စတင်ရောင်းချမည် ဖြစ်ပြီး အဆိုပါဖုန်းများမှာ နိုင်ငံရပ်ခြားသို့ပါ ဆက်သွယ် အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

မိုဘိုင်းဆက်သွယ်ရေး အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက "ကျွန်တော်တို့ ဆက်သွယ်ရေးလုပ်ငန်းက ရောင်းပေးမှာ မဟုတ်ပါဘူး။ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ တစ်ဆင့်ပဲ ရောင်းမှာပါ။ အစိုးရ အဖွဲ့က တစ်ဆင့် ရောင်းမှာဖြစ်တဲ့အတွက် ဘာတွေလိုမလဲဆိုတာ အတိအကျ မပြောတတ်ဘူး။ အဲဒီဖုန်းတွေ ၀ယ်ယူနိုင်ဖို့ မှတ်ပုံတင်ရယ်၊ သန်းခေါင်စာရင်း မိတ္တူရယ် လိုမယ်လို့ ထင်ပါတယ်။ နိုင်ငံတော်သမ္မတကြီး ပြောထားတဲ့ တစ်လကို အလုံး ၃၅၀၀၀၀ နှုန်းနဲ့ ပြည်နယ်နဲ့တိုင်းအလိုက် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်" ဟု ဧပြီလ ၃ ရက်နေ့တွင် ပြောကြားခဲ့သည်။

CDMA-800 စနစ် တပ်ဆင်ထားခြင်း မရှိသော ဒေသများအတွက် WCDMA ဖုန်း (GSM အမျိုးအစား) များကို နှုန်းထားတူဖြစ်သည့် ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရှိရသည်။

ဖုန်းကတ်ဝယ်ယူထားသည့် နေ့မှ ၁၅ ရက်အတွင်း အနည်းဆုံး ၅၀၀၀ ကျပ်တန် ကြိုတင်ငွေဖြည့်ကတ်ဖြင့် ငွေဖြည့်အသုံးပြုရမည် ဖြစ်သည်။ လက်ဆင့်ကမ်းရောင်းချခြင်းမှ ကာကွယ်ရန် ၁၅ ရက်အတွင်း အသုံးပြုခြင်း မရှိပါက အလိုအလျောက် လိုင်းပိတ်သိမ်းမည် ဖြစ်သည်။

လစဉ်ပြောဆိုခ ကျပ် ၂၅၀၀ ကို အနည်းဆုံး သုံးစွဲရန် သတ်မှတ်ထားပြီး နှစ်လပြည့်သော်လည်း ကြိုတင်ငွေဖြည့်ကတ်မှ ၅၀၀၀ ကျပ်ကို အပြည့်မသုံးစွဲပါက အဆိုပါ ၅၀၀၀ ကျပ်မှာ အလိုအလျောက် ပြတ်တောက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ တယ်လီဖုန်း Sim Card တွင် ဖြည့်သွင်းထားသော ငွေကုန်ဆုံးပြီးနောက် ၁၅ ရက်အတွင်း ငွေထပ်မံဖြည့်သွင်းခြင်း မရှိပါက အဆိုပါ ဖုန်းကတ်သည်  အလိုအလျောက် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ယခုချထားပေးမည့် CDMA-800 ဖုန်းများအား ယခင်က မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ကျပ်ငါးသိန်းနှုန်းဖြင့် ရောင်းချခဲ့သော နံပတ် ၀၉-၇၃. . .ဖြင့်စသော ဖုန်းများ ဖြစ်သည်။

ယခုချထားပေးမည့် မိုဘိုင်းဖုန်းများတွင် အထွက်ခေါ်ဆိုခများအား မိုဘိုင်းဖုန်းများ အားလုံးကဲ့သို့ပင် တစ်မိနစ်လျှင် ကျပ် ၅၀ သတ်မှတ်ထားပြီး အ၀င်ခေါ်ဆိုမှုအတွက် ပေးဆောင်စရာ မလိုကြောင်း သိရှိရသည်။

ကံထူးဖုန်းဆိုင်မှ ဦးကံထူးက "တစ်နိုင်ငံလုံးကို တစ်လသုံးသိန်းခွဲနှုန်း ဖြန့်ဖြူးပေးမယ်လို့ သိရတယ်။ ဒါ့ကြောင့် ပြည်နယ်နဲ့ တိုင်းတစ်ခုစီမှာ တစ်လကို Sim Card ၂၅၀၀၀ နှုန်း လောက်ရမယ်။ ဥပမာ-ရန်ကုန်ဆိုရင် တစ်လကို ဖုန်းအလုံး ၂၅၀၀၀ လောက် ရောင်းချခွင့်ရမယ်။ ရန်ကုန်မှာ အကြမ်းဖျင်း မြို့နယ် ၃၃ မြို့နယ်လောက် ရှိတယ်။ ရတဲ့ ၂၅၀၀၀ ကို ၃၃ မြို့နယ်နဲ့ စားရင်မြို့နယ် တစ်မြို့နယ်အတွက် တစ်လကို ဖုန်းအလုံးရေ ၇၅၀ လောက် ရောင်းခွင့်ရမယ်။ တစ်လကို ၇၅၀ နှုန်း ရောင်းခွင့်ရတဲ့အတွက် တစ်ရက်ကို တစ်မြို့နယ်မှာ အလုံးရေ ၂၅ လုံးလောက် ရောင်းခွင့်ရမယ်။ ဒါကို အစိုးရအဖွဲ့ ရုံးတွေမှာ သွားဝယ်ရမယ်။ လုံးဝ မလွယ်ကူတဲ့ ကိစ္စပဲ။ မှောင်ခိုဈေးကွက်ကတော့ ပေါ်လာမှာ အသေချာပဲ" ဟု ပြောကြားခဲ့သည်။

ယခု ကြေညာချက်ထုတ်ပြန်သည့် ဧပြီလ ၃ ရက်နေ့သည် ကမ္ဘာပေါ်တွင် မိုဘိုင်းဖုန်း စတင်သုံးစွဲသည့် နှစ် ၄၀  ပြည့်သည့် နေ့တစ်နေ့လည်း ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။