Friday, May 17, 2013

မန္တလေးတွင် အများပြည်သူ အခမဲ့ အပန်းဖြေ အနားယူရန် ဥယျာဉ်မရှိ

5.17.1

မန္တလေးမြို့ခံများ လာရောက်အပန်းဖြေရာ နေရာတစ်ခုဖြစ်သည့် ကျူံးနံဘေးအား မေလ ၁၆ ရက်နေ့က   တွေ့ရစဉ်

မန္တလေးတွင် အများပြည်သူ အပန်းဖြေ အနားယူရန် အခမဲ့ဥယျာဉ်များ မရှိကြောင်း သိရသည်။ မြို့ပြအင်္ဂါရပ်နှင့်အညီ လူထုအပန်းဖြေ ဥယျာဉ်များ ယခင်က ရှိခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ဥယျာဉ်ဝင်ကြေးနှင့် တည်ရှိရာနေရာ အနေအထားကြောင့် လူထုအပန်းဖြေဥယျာဉ် မရှိကြောင်း မြို့ခံများက သုံးသပ်ကြသည်။

၁၉၅၉ ခုနှစ်က တည်ထောင်ခဲ့သည့် ၂၆ ဘီလမ်း၊ ၇၃ လမ်းနှင့် ၈၀ လမ်းကြားရှိ မန်းသီတာ ဥယျာဉ်သည် စားသောက်ဆိုင် တစ်ဆိုင်သာ ထားရှိကာ သဘာဝပတ်ဝန်းကျင် ဦးစားပေးသစ်ပင်၊ စမ်းချောင်း၊ လျှိုမြောင်များ၊ မြက်ခင်းပြင်၊ ကလေးကစားကွင်း အပါအ၀င် နဂိုသက်တမ်းရင့် အပင်များနှင့် မိုးပျံလှေကား၊ စာကြည့်တိုက် စသည်တို့ဖြင့် လူထုအပန်းဖြေ ဥယျာဉ်တစ်ခု ဖြစ်ခဲ့သည်။ ယင်းဥယျာဉ်မှာ ၁၉၉၃ ခုနှစ် ကျုံးပြန်လည် တူးဖော်ရေး စီမံကိန်းနှင့်အတူ ဖျက်သိမ်းခဲ့သည်။

''အပန်းဖြေဥယျာဉ်တွေမှာ ၀င်ကြေးပေးရတဲ့အတွက် အများပြည်သူ အပန်းမဖြေနိုင်ကြတော့ဘူး။ ရတနာပုံ တိရစ္ဆာန်ဥယျာဉ်မှာ တစ်ယောက်ကို ၀င်ကြေးကျပ်တစ်ထောင် ဆိုတော့ ဆယ်ယောက်အုပ်စု ပျော်ပွဲစားထွက်ရင် ငွေတစ်သောင်းလောက်ကျတယ်။ ဆင်းရဲချမ်းသာ လူတန်းစားမရွေး အပန်းဖြေနိုင်မယ့် ဥယျာဉ်စစ်စစ် လိုအပ်တာပါ'' ဟု မန္တလေးမြို့ခံလူကြီး တစ်ဦးက ဆိုသည်။

မန္တလေးမြို့ အနောက်တောင်ဘက်ရှိ တက်သေးအင်းကိုလည်း ကန်တော်ကြီး အပန်းဖြေ ဥယျာဉ်အဖြစ် ပြောင်းခဲ့သော်လည်း အင်းအတွင်း ငါးမွေးမြူရေး စီမံကိန်း ပြုလုပ်ခြင်း၊ စားသောက်ဆိုင်၊ စင်တင်တေးဂီတများကို ငှားရမ်းခြင်း၊ လေညှင်းခံသည့် ရေပေါ်စင် ဧရိယာကိုလည်း ကော်ဖီဆိုင်အဖြစ် ပြောင်းလဲသွားခြင်းများသည် မြို့နေလူထုအတွက် ယင်းဆိုင်များတွင် စားသောက်စရိတ် ကုန်ကျနိုင်မှ အပန်းဖြေနိုင်မည့် အခြေအနေဖြစ်သည်။

၆၂ လမ်း၊ လမ်း ၄၀နှင့် ၃၇ လမ်းကြားရှိ မနော်ရမ္မံ ဥယျာဉ်သည်လည်း မင်းတုန်းမင်း လက်ထက်က တည်ထားခဲ့သည့် ဥယျာဉ်ပေါင်း ၂၀ ထဲမှ တစ်ခုအပါအ၀င် ဖြစ်ခဲ့ရာ ယင်းနေရာသည်လည်း မန္တလေးမြို့သစ် ဧရိယာနှင့် မြို့လယ်ဧရိယာ ဆက်စပ်သည့်နေရာ ဖြစ်သဖြင့် ၀င်ကြေးအခမဲ့ လူထုအပန်းဖြေ ဥယျာဉ်စစ်စစ်ဖြစ်ရန် မြို့နေလူထုက မျှော်လင့်ခဲ့သော်လည်း လက်ရှိကာလတွင် အခပေး ဂိမ်းကစားကွင်းအဖြစ် ပြောင်းလဲခဲ့သည်။

မန္တလေးရှိ ရတနာပုံ တိရစ္ဆာန်ဥယျာဉ်၊ မြို့တော်ဥယျာဉ်၊ မနော်ရမ္မံဥယျာဉ် စသည့်တို့မှာ ၀င်ကြေးပေးဆောင်ရကြောင်း သိရှိရသည်။

တောင်ကျချောင်းရေ စီးဆင်းလာမှုကြောင့် ပခုက္ကူနှင့် ပေါက်မြို့သို့ ပြေးဆွဲနေသော ကားလိုင်းအချို့ ပြေးဆွဲခြင်းမရှိဘဲ ရပ်နားပြီး ဈေးဆိုင်များလည်း စောစီးစွာ ပိတ်ထားကြောင်း သိရ

5.17.4

မေလ ၁၅ ရက်နေ့က တောင်ကျချောင်းစီးဆင်းမှုကြောင့် ပိတ်ထားသော ဈေးဆိုင်ခန်းများကို တွေ့ရစဉ်

ပခုက္ကူနှင့် ပေါက်မြို့သို့သွားရာ ကားလမ်းတစ်လျောက်ရှိ ယောချောင်းနှင့် ကျောချောင်းတွင် တောင်ကျရေများ ကျဆင်းလာသည့်အတွက် မော်တော်ကားလိုင်းအချို့ ပြေးဆွဲခြင်းမရှိဘဲ ယာယီရပ်နားထားပြီး ပခုက္ကူမြို့တွင်လည်း ချောင်းရေကြီးမှု၊ မြေပြိုမှုများနှင့် ပတ်သက်ပြီး သတိပေးမှုများ ပြုလုပ်ခဲ့သည့်အတွက် ပခုက္ကူမြို့မဈေးနှင့် ပေါက်မြို့ဈေးတို့ရှိ ဈေးဆိုင်များ စောစီးစွာ ပိတ်သိမ်းသွားကြောင်း သတင်းရရှိသည်။

''ယောချောင်းရော ကျောချောင်းမှာပါ တောင်ကျရေ ကျနေတော့ ကားတွေက သိပ်မကူးရဲကြဘူး။ ကားကြီးတွေတောင် ရေအတက်ကျကြည့်ပြီး ကူးနေကြတယ်။ တချို့ခရီးသည်တင် ကားလိုင်းတွေကတော့ ပိတ်ထားကြတယ်။ လက်ရှိချောင်းရေ အနေအထားကလည်း ကားလေးသွားလို့ မရတော့ဘူး။ တောင်ပေါ်မိုး များရင်များသလို ချောင်းရေကကျတာဆိုတော့ သိပ်မကူးရဲကြဘူး'' ဟု ပေါက်မြို့နှင့် ပခုက္ကူမြို့သို့ မောင်းနှင်နေသော ယာဉ်မောင်း ကိုမောင်တာက ပြောကြားခဲ့သည်။

''မနေ့ညကတည်းက မိုးကရွာနေတော့ တောင်ကျရေလည်း များလာတယ်။ ခုလည်း မိုးက ဆက်ရွာနေတော့ ခရီးသွားလည်း သိပ်မရှိဘူး။ ရွာအတော်များများကလည်း ယောချောင်းကျောချောင်း ဘေးကဆိုတော့ ကိုယ့်ရွာတွေဘဲ ဂရုစိုက်နေရတယ်။ မြို့ထဲမှာလည်း မုန်တိုင်းနဲ့ပတ်သက်ပြီး သတိပေးချက်တွေ ထုပ်ပြန်ထားတော့ ဈေးဝယ်လည်း မရှိဘူး။ ဈေးဆိုင်တွေလည်း အစောကြီး ပိတ်သွားကြတယ်''ဟု ပေါက်မြို့ဒေသခံ ကိုရဲထွန်းဝင်းက ပြောကြားသည်။

''မုန်တိုင်းသတိပေးချက် ထုတ်ပြန်ထားတော့ တောသူတောင်သားက ဈေးဝယ်မလားဘူး။ အထူးသဖြင့် ယောချောင်း ကျောချောင်းဘက်က ရွာတွေက လုံးဝမလာဘူး။ တောင်ကျရေလည်း ကျနေတယ်ပြောတယ်။ မိုးကလည်း ရွာလိုက်တော့ ဈေးမှာလူအတော် ရှင်းသွားတယ်။ နေ့လယ်ပိုင်းကတည်းက ပိတ်ပြန်နေကြပြီ။ အုပ်ချုပ်ရေးပိုင်းကလည်း မြို့ပတ်ပြီး ချောင်းရေကြီးနိုင်ကြောင်း၊ မြေပြိုမှုတွေလည်း ဖြစ်နိုင်ကြောင်း ကြေညာထားတော့ ဈေးသည်တွေလည်း အစောကြီး ပြန်ကုန်ကြတာ'' ဟု ပခုက္ကူမြို့မဈေး အတွင်းရှိ ဈေးသည်တစ်ဦးက ဆိုသည်။

ပခုက္ကူမြို့တွင် ၂၀၁၁ ခုနှစ် အောက်တိုဘာလအတွင်း ဖြစ်ပေါ်ခဲ့သော ရွှေချောင်း ချောင်းရေကြီးမှုတွင် လူတစ်ရာကျော် ချောင်းရေနှင့်အတူ မျောပါသေဆုံးခဲ့ပြီး ပေါက်မြို့အရှေ့ဘက်တွင် စီးဆင်းနေသော ယောချောင်းအတွင်းတွင် ၂၀၁၂ ခုနှစ် စက်တင်ဘာ ၄ ရက်၌ ခရီးသည် ၄၁ ဦး တင်ဆောင်လာသော လှေမှာ တောင်ကျချောင်း ရေစီးဆင်းလာမှုကြောင့် တိမ်းမှောက်သွားပြီး ခရီးသည် ၁၃ ဦးချောင်းရေနှင့်အတူ မျောပါ သေဆုံးခဲ့ကြောင်း သိရသည်။

မြန်မာ့လေကြောင်းမှ တရုတ်နိုင်ငံထုတ် MA 60 လေယာဉ်မိုင်းဆတ် လေဆိပ်အဆင်း၌ ပြေးလမ်းချော်မှုဖြစ်ပွား


5.17.2

မြန်မာ့လေကြောင်းမှ ရန်ကုန်-ဟဲဟိုး-မိုင်းဆတ်-ရန်ကုန် ခရီးစဉ်ပျံသန်းသော တရုတ်နိုင်ငံထုတ် MA 60 လေယာဉ်သည် မိုင်းဆတ်လေဆိပ်၌ ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၃ ခုနှစ် မေ ၁၆ ရက် နံနက် ၁၁ နာရီ မိနစ် ၅၀ ခန့်က မြန်မာ့လေကြောင်းမှ ခရီးစဉ်အမှတ် XY-AIQ လေယာဉ်သည် ဟဲဟိုးလေဆိပ်မှ မိုင်းဆတ်မြို့သို့ ဆင်းသက်စဉ် ဘရိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် အရှိန်လွန်၍ လေယာဉ်ပြေးလမ်းကိုကျော်ပြီး ကိုက်၂၀၀ ခန့်အကွာ ရှိခြံစည်းရိုးတွင် ရပ်တန့်သွားခဲ့ပြီး လေယာဉ်၏ ၀ဲဘက်တောင်ပံနှင့် ၀ဲဘက်ဘီးများ ပျက်စီးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ လေယာဉ်တွင် ခရီးသည် ၅၁ ဦးနှင့် လေယာဉ်အမှုထမ်း လေးဦးလိုက်ပါလာခဲ့ပြီး လေယာဉ်ပြေးလမ်း ချော်မှုကြောင့် လေယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည် အမျိုးသမီးနှစ်ဦး လက်ကျိုးပြီး ထိခိုက် ဏ်ရာ ရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူများအား မိုင်းဆတ်မြို့ရှိ ခုတင် ၁၀၀ တပ်မတော် ဆေးရုံသို့ ပို့ဆောင်ကုသပေးလျက် ရှိကြောင်း သတင်းရရှိသည်။ ''မိုင်းဆတ်လေဆိပ်ကို ဆင်းတဲ့အချိန်မှာ Break system error ဖြစ်ပြီး ပြေးလမ်းချော်သွားတာပါ။ လေယာဉ်ပေါ်ပါလာတဲ့ ခရီးသည်တွေ ဆိုးဆိုးရွားရွား ထိခိုက်မှု ဘာမှမရှိပါဘူး'' ဟု မြန်မာ့လေကြောင်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းထွန်းက ပြောကြားသည်။

အဆိုပါ လေယာဉ်ပြေးလမ်းချော်မှု ဖြစ်ပွားသည့် အကြောင်းရင်းအား စုံစမ်းစစ်ဆေးနိုင်ရန် ပို့ဆောင်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် မြန်မာ့လေကြောင်းမှ တာဝန်ရှိသူများ ပါဝင်သည့် ခုံရုံးအား ဖွဲ့စည်းထားပြီး အဆိုပါခုံရုံး အဖွဲ့ဝင်များသည် ယင်းနေ့မွန်းလွဲက မိုင်းဆတ်မြို့သို့ သွားရောက်ခဲ့သည်ဟု သိရသည်။

''လေယာဉ်က ဆင်းတဲ့အချိန်မှာ ပုံမှန်မဟုတ်ဘူး။ တစ်ခြမ်းစောင်းဆင်းလာပြီး ပြေးလမ်းကနေ ပေ ၂၀၀ လောက် ကျော်ထွက်သွားပြီး မြောင်းထဲကျသွားတယ်။ မြေကြီးနဲ့ထိပြီး လေယာဉ်ရဲ့ ဘယ်ဘက်ပိုင်း တော်တော်ထိသွားတယ်'' ဟု မိုင်းဆတ်လေဆိပ်မှ မျက်မြင်သက်သေတစ်ဦးက ပြောကြားသည်။

ယခုနှစ်ပိုင်းအတွင်း လေယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များအနက် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်က ရန်ကုန်-မန္တလေး-ဟဲဟိုး-ရန်ကုန် ခရီးစဉ်ပျံသန်းသော Air Bagan လေကြောင်းလိုင်းမှ ခရီးစဉ်အမှတ် W9-011 လေယာဉ် အမှတ် XY-AGC သည် မန္တလေးလေဆိပ်မှ ဟဲဟိုးလေဆိပ်သို့ ဆင်းသက်စဉ်တွင် ပျက်ကျမှု ဖြစ်ပွားခဲ့ပြီး အဆိုပါ လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ပေါ်ပါ ခရီးသည် ၆၅ ဦးအနက် အသက် ၃၇ နှစ်အရွယ်ရှိ ဧည့်လမ်းညွှန် အမျိုးသမီး သေဆုံးခဲ့ကာ ခရီးသည် ခုနစ်ဦးနှင့် လေယာဉ်မှူးနှစ်ဦး အပါအ၀င် စုစုပေါင်း ကိုးဦးဒဏ်ရာ ရရှိခဲ့သည်။

မြန်မာနိုင်ငံ၏ တစ်ခုတည်းသော နိုင်ငံပိုင် လေကြောင်းလိုင်းဖြစ်သည့် မြန်မာ့လေကြောင်းသည် လက်ရှိတွင် Fokker F 28 နှစ်စီး၊ ATR-72 နှစ်စီး၊ ATR-42 တစ်စီး၊ MA-60 သုံးစီး၊ Beech 1900D နှစ်စီး၊ Embraer 190 နှစ်စီး စုစုပေါင်း လေယာဉ်အမျိုးအစား ခြောက်မျိုး၊ လေယာဉ်စီးရေ ၁၂ စီးဖြင့် အခြားပုဂ္ဂလိက လေကြောင်းလိုင်းများ ပျံသန်းခြင်းမရှိသည့် မြို့ပေါင်း ၂၆ မြို့သို့ လေကြောင်းခရီးစဉ်များ ပျံသန်းလျက်ရှိသည်။

ယခုလေယာဉ် ပြေးလမ်းချော်မှု ဖြစ်ပွားသည့် မိုင်းဆတ်မြို့သည် သွားလာရခက်ခဲပြီး အခြားပြည်တွင်း လေကြောင်းလိုင်းများ ပျံသန်းခြင်းမရှိဘဲ မြန်မာ့လေကြောင်း တစ်ခုတည်းမှသာ ခရီးသည်များအား ပို့ဆောင်ပေးနေသည့် မြို့တစ်ခု ဖြစ်သည်။

၁၉၈၈ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လေယာဉ်မတော်တဆမှု 
ဖြစ်စဉ်များ

နေ့စွဲ             လေယာဉ်အမျိုးအစား    လေကြောင်းလိုင်း    လေဆိပ်          သေဆုံးသူဦးရေ

၁၆.၆.၁၉၈၈         Fokker F-27     မြန်မာ့လေကြောင်း    ပူတာအို           ၎

၃.၂.၁၉၈၉           Fokker F-27    မြန်မာ့လေကြောင်း    မင်္ဂလာဒုံ          ၂၆

၆.၁၀.၁၉၉၃         Fokker F-27    မြန်မာ့လေကြောင်း     ကော့သောင်း    မရှိ

၂၄.၇.၁၉၉၆         Fokker F-27    မြန်မာ့လေကြောင်း     မြိတ်               ၈

၂၇.၁.၁၉၉၈         Fokker F-27    မြန်မာ့လေကြောင်း     သံတွဲ             ၁၆

၂၄.၈.၁၉၉၈         Fokker F-27     မြန်မာ့လေကြောင်း    တာချီလိတ်       ၃၆

၂.၇.၁၉၉၉           Fokker F-27    မြန်မာ့လေကြောင်း    စစ်တွေ            ၈

၁၃.၈.၁၉၉၉         Fokker F-28     မြန်မာ့လေကြောင်း    မင်္ဂလာဒုံ          မရှိ

၂၉.၈.၂၀၀၇         Fokker F-28    မြန်မာ့လေကြောင်း     ထားဝယ်          မရှိ

၁၉.၂.၂၀၀၈         ATR-72            AirBagan           ပူတာအို           မရှိ

၆.၆.၂၀၀၉          Fokker F-28     မြန်မာ့လေကြောင်း     စစ်တွေ           မရှိ

၁၇.၂.၂၀၁၂        ATR-72             Air KBZ             သံတွဲ             မရှိ

၂၅.၁၂.၂၀၁၂      Fokker-100       AirBagan            ဟဲဟိုး           ၁+၁

၁၆.၅.၂၀၁၃        MA-60              မြန်မာ့လေကြောင်း    မိုင်းဆတ်         မရှိ

အခြေခံပညာ ကျောင်းများတွင် စိုက်ပျိုးရေး ဘာသာရပ်အား တွဲဖက်သင်ရိုးဝင် ဘာသာရပ်အဖြစ် ၂၀၁၃-၁၄ ပညာသင်နှစ်မှစ၍ သင်ကြားရန်စီစဉ်


ယခုလာမည့် ၂၀၁၃-၁၄ ပညာသင်နှစ်မှ စတင်ကာ အခြေခံပညာ ကျောင်းများတွင် စိုက်ပျိုးရေး ဘာသာရပ်အား တွဲဖက်သင်ရိုးဝင် ဘာသာရပ်အဖြစ် သင်ကြားပေးနိုင်ရန် စီစဉ်ထားကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ဘာသာရပ်အား မူလတန်းမှ စတင်ကာ အလယ်တန်း၊ အထက်တန်း အဆင့်များအထိ သင်ရိုးညွှန်းတမ်းများတွင် တွဲဖက်သင်ရိုးဝင် ဘာသာရပ်များအဖြစ် ထည့်သွင်းသင်ကြား ပေးသွားမည်ဖြစ်ပြီး မူလတန်းအဆင့်တွင် တစ်ပတ်လျှင်နှစ်ကြိမ်၊ အလယ်တန်းနှင့် အထက်တန်းအဆင့်တွင် တစ်ပတ်လျှင် တစ်ကြိမ်စီ သင်ကြားမည်ဖြစ်သည်။

''စိုက်ပျိုးရေး ဘာသာရပ်ကို မူလတန်းကနေ အထက်တန်းထိ ထည့်သွင်းသင်ကြား ပေးမှာဖြစ်ပါတယ်။ စိုက်ပျိုးရေးနဲ့ သက်ဆိုင်တဲ့ သင်ရိုးတွေကို သင်ကြားပေးသွားမှာ ဖြစ်ပါတယ်'' ဟု အမှတ်(၃)၊ အခြေခံပညာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီက ပြောကြားသည်။

ထို့ပြင် တစ်နိုင်ငံလုံး အတိုင်းအတာအရ အခြေခံ ပညာကျောင်းများတွင် ကွန်ပျူတာအိုင်စီတီ ဘာသာရပ်များ၊ လူ့အခွင့်အရေးနှင့် သက်ဆိုင်သည့် ဘာသာရပ်များအား တွဲဖက်သင်ရိုးဝင် ဘာသာရပ်များအဖြစ် သင်ကြားပေးနိုင်ရန် စီစဉ်လျက်ရှိနေကြောင်း သိရသည်။ အခြေခံပညာကဏ္ဍ၌ တွဲဖက်သင်ရိုးဝင် ဘာသာရပ်များအဖြစ် မူလတန်းအဆင့်တွင် ကာယပညာ၊ ရသပညာနှင့် ကျောင်းလုပ်ငန်းဆောင်ရွက်မှု၊ အလယ်တန်းအဆင့်တွင် စာရိတ္တနှင့် လောကနီတိ၊ ဘ၀တွက်တာ ကျွမ်းကျင်စရာ၊ ကာယပညာ၊ အိမ်တွင်းမှု၊ ရသပညာ၊ ကျောင်းလုပ်ငန်း ဆောင်ရွက်မှုနှင့် သက်မွေးပညာ စသည်တို့ကို သင်ကြားရန် ပြဋ္ဌာန်းထားသည်။

လူကုန်ကူးမှု တိုက်ဖျက်ရေး အတွက် တရုတ်မြန်မာ နှစ်နိုင်ငံ အရှိန်မြှင့်ဆောင်ရွက်

တရုတ် မြန်မာ နှစ်နိုင်ငံ အနေဖြင့် နယ်စပ်ဒေသတွင် လူကုန်ကူးမှု ကာကွယ်တားဆီးရေးအတွက် ရုံး တခုကို ဗုဒ္ဓဟူးနေ့က တည်ထောင်ဖွင့်လှစ်ခဲ့သည်ဟု နှစ်နိုင်ငံစလုံးက ကြေညာခဲ့သည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် နှင့် မြန်မာနိုင်ငံ မြောက်ပိုင်း ကိုးကန့် ဒေသ တို့အကြား နမ့်ဆန်-လောက်ကိုင်
ဒေသတွင် ထိုရုံးအား ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။ လူကုန်ကူးမှု ကာကွယ်တားဆီးရေးအတွက် နှစ်နိုင်ငံ ဆက်ဆံရေး ရုံးများကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှိ ရွှေလီနှင့် Longchuan တို့တွင် ၂၀၀၇ ခုနှစ် နှင့် ၂၀၀၈ ခုနှစ်က ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။

၂၀၀၉ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် လူကုန်ကူးမှု နှင့် ကျွန်သဖွယ် မတရား ခိုင်းစေမှု ကိစ္စရပ်များအား ကိုင်တွယ် ဖြေရှင်းနိုင်ရေးအတွက် နားလည်မှု စာချွန်လွှာ တရပ်ကို လက်မှတ်ရေးထိုး ခဲ့ကြသည်။

မြန်မာနိုင်ငံမှ လူကုန်ကူးခံရသူများ၏ ၈၀ ရာခိုင်နှုန်းခန့်မှာ တရုတ်နိုင်ငံသို့ ရောင်းစားခံရခြင်း ဖြစ်ပြီး၊ လူကုန်ကူးခံရသူ အများစုမှာ အမျိုးသမီးများ ဖြစ်ကြပြီး အတင်းအဓမ္မ လက်ထပ်ပေးခြင်း သို့မဟုတ် လိင်မှု ဖျော်ဖြေရေး လုပ်ငန်းများတွင် အတင်းအကြပ် ခိုင်းစေခြင်းတို့ကို ပြုလုပ်လေ့ ရှိကြသည်။

"မြန်မာနိုင်ငံက လာတဲ့ အမျိုးသမီး ၂၅၇ ဦးနဲ့ ကလေး ၄၂ ဦးကို ၂၀၀၉ ခုနှစ် ဧပြီလက ယူနန်ပြည်နယ်မှာ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံရဲ့ အထူး စစ်ဆင်ရေး တခုမှာ ကယ်တင်ပေးနိုင်ခဲ့ပါတယ်" ဟု မြန်မာနိုင်ငံရှိ တရုတ်သံရုံးက၊ ဆက်ဆံရေးရုံး အသစ်ဖွင့်လှစ်ကြောင်း ထုတ်ပြန်ခဲ့သည့် ကြေညာချက် ထဲတွင် ပါရှိသည်။  

၂၀၁၁ ခုနှစ်ထဲတွင် အမျိုးသား ၁၄ ဦး အပါအဝင် လူကုန်ကူး ခံရသူ စုစုပေါင်း ၁၇၇ ယောက် ရှိကြောင်း
မြန်မာ အစိုးရ အရာရှိများက အတည်ပြုခဲ့သည်ဟု အမေရိကန်က ထုတ်ပြန်ခဲ့သော လူကုန်ကူးမှု ဆိုင်ရာ အစီရင်ခံစာ (၂၀၁၂) တွင် ဖော်ပြထားသည်။

လူကုန်ကူးခြင်း ခံရသူများ၏ ၆၉ ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်ကြပြီး ၊ အများအပြားမှာ တရုတ်နိုင်ငံတွင် အတင်းအကြပ် လက်ထပ်ရန် ဖိအားပေးခြင်း ခံရသည်ဟု ဆိုသည်။ 

ရခိုင်ဒေသ မုန်တိုင်းအန္တရာယ် ကင်းရှင်း၊ အစိမ်းရောင်အဆင့် သတ်မှတ်လိုက်ပြီ

ရန်ကုန် (မဇ္ဈိမ)။   ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ရခိုင်ကမ်းရိုးတန်းဒေသများသို့ ဖြတ်ကျော် ဝင်ရောက်ကာ အန္တရာယ်ပေးနိုင်သည့် အဆင့် အနီရောင်ရှိသည်ဟု သတိပေးမှုများ ပြုလုပ်ခဲ့ရသည့် မဟာဆန် မုန်တိုင်းသည် ယခုအခါ အန္တရာယ်မရှိသည့် အဆင့်သတ်မှတ်မှု အစိမ်းရောင်သို့ ပြောင်းလဲသွားပြီး ရခိုင်ကမ်းရိုးတန်းတွင် မုန်တိုင်းအန္တရာယ် ကင်းရှင်းသွားပြီဟု မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက မေလ ၁၆ ရက် ည ၈း၃၀ အချိန်တွင် ထုတ်ပြန်လိုက်သည်။

"မုန်တိုင်းကတော့ အန္တရာယ်ကင်းရှင်းသွားပါပြီ။ အစိမ်းရောင် အခြေအနေကို ရောက်ရှိသွားပါပြီ။ အဲဒါကို ည ၈ နာရီခွဲမှာ ထုတ်ပြန်ထားပါတယ်" ဟု မိုး/ဇလ မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးချစ်ကျော် က မဇ္ဈိမသို့ အတည်ပြု
ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ကုန်းတွင်း မုန်တိုင်းငယ်သည် အရှေ့မြောက် ဘက်သို့ ဆက်လက်ရွေ့လျားလျက် လေဖိအားနည်း ရပ်ဝန်းအဖြစ်သို့ တဖြည်းဖြည်း အားပျော့ ပျက်ပြယ်သွား မည်ဟု ခန့်မှန်းကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ထိုမုန်တိုင်းသည် မေလ ၁၇ တွင်  အားပျော့ ပျက်ပြယ်သွားမည်ဖြစ်ပြီး စိုးရိမ်စရာ မရှိတော့ကြောင်းလည်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်ကလည်း မဇ္ဈိမသို့ပြောသည်။

"မုန်တိုင်းက သုံးနာရီခွဲမှာ စစ်တကောင်းရဲ့မြောက်ဘက်အတွင်းဘက် မောင်တောနဲ့ပိုဝေးတဲ့ ဘက်က ဝင်တယ်။ ဝင်ပြီးဒီညမှာ ကုန်းတွင်းပိုင်း ရောက်မယ်။ မနက်ဆိုရင် ပျောက်သွားမယ်လို့ မှန်းထားပါတယ်။ အထွေအထူး စိုးရိမ်စရာမရှိဘူး" ဟု ဆိုသည်။

တိုက်ခတ်သွားသည့် မုန်တိုင်းကြောင့် အသက်အန္တရာယ် ကြုံတွေ့ရသည့် အခြေအနေမရှိခဲ့ဘဲ အန္တရာယ် မရှိတော့ဟုလည်း ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် က ၎င်း၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် ရေးသားထားသည်။

မုန်တိုင်း မတိုင်မီ ရက်များအတွင်း အန္တရာယ်ရှိသည်ဟု ယူဆရာသည့် ဒေသတွင်းရှိ ဒုက္ခသည်များ ဘေး လွတ်ရာသို့ ပြောင်းရွှေ့ခြင်း၊ စားနပ်ရိက္ခာများ ပြင်ဆင်ကာ ကူညီရန်လည်း ပြင်ဆင်နေခဲ့ကြသည်။ အစိုးရကလည်း ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း ဦးစီး၍ မုန်တိုင်းကြောင့် ဒုက္ခရောက်မည့်သူများကို ကူညီရန် ပြင်ဆင်ခဲ့ကြသည်။

ကော့မှူးတွင် ရွေ့လျားစာကြည့်တိုက်များ ထားရန် ပြန်/ဆက်နှင့် ပူးပေါင်း၍ ဒေါ်စု စီစဉ်နေ

ရန်ကုန် (မဇ္ဈိမ)။   ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ မဲဆန္ဒနယ်ဖြစ်သော
ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်အတွင်း ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးကော်မတီနှင့် ပူးပေါင်းကာ
ရွေ့လျား စာကြည့်တိုက်များ (Mobile Libraries) ထားရှိပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

မေလ ၁၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်သို့ သွားရောက်စဉ် ထိုကိစ္စနှင့်ပတ်သက်၍ မြို့နယ်ပြန်/ဆက်ရုံးမှ ဝန်ထမ်းများနှင့် ဆွေးနွေးခဲ့ကြောင်း ပြန်/ဆက် ဦးစီးမှူး ဒေါ်မြင့်မြင့်ရွှေ က ပြောသည်။

"ဒေါ်ခင်ကြည် ဖောင်ဒေးရှင်နဲ့ ပူးပေါင်းပြီးတော့ ရွှေ့လျား စာကြည့်တိုက်လုပ်ငန်း လုပ်ဖို့အတွက် လာပြီးတော့ ညှိနှိုင်းတာပါ။  သူလုပ်မယ့် လုပ်ငန်းနဲ့ လုပ်ကွက်ကို လာကြည့်တာ။ အဓိက လုပ်မှာကတော့ ရွေ့လျား စာကြည့်တိုက်ဆိုပြီးတော့ mobile library ကားနှစ်စီးကို ဒီမှာ ထားမယ်။ ကျေးရွာတွေကို နယ်လှည့်မယ်" ဟု မဇ္ဈိမကို ပြောသည်။

ညှိနှိုင်းမှုတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကားနှစ်စီးနှင့် စာအုပ်များကို ပြန်/ဆက် ဝန်ထမ်းများက တပတ်လျှင် တနင်္လာနေ့မှ သောကြာနေ့အထိ ကျေးရွာများသို့ လိုက်လံငှားရမ်းရန် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

"သူတို့ စုဆောင်းထားတဲ့ စာအုပ် တသောင်းခွဲလောက်ကို ဒီမှာ store (ထားရှိ)လုပ်ပြီးတော့ အဲဒီ တသောင်းခွဲလောက်နဲ့ စပြီးတော့ လည်ပတ်မှာပေါ့နော်။ စာအုပ် အမျိုးအစားကတော့ ကလေးသူငယ် စာပေတို့၊ နောက်ပြီးတော့ ကျေးရွာလူထုနဲ့ သက်ဆိုင်တဲ့ စာအုပ် စာစောင်တွေလို့ ပြောတယ်" ဟု ဒေါ်မြင့်မြင့်ရွှေ က ပြောသည်။

သို့သော် စတင်လုပ်ဆောင်မည့်နေ့ရက်ကို ပြောဆိုသွားခြင်းမရှိပေ။

"Mobile Library ဆိုတာ ကားပေါ်မှာ စာအုပ်တွေ တင်ပြီးတော့ တရွာဝင် တရွာထွက် စာအုပ်တွေ လိုက်ငှားတဲ့စနစ်ပေါ့။ အဲဒါ အစပျိုးဖို့အတွက် ပြန်ဆက်ကို ဝင်တာ။ ပြန်ဆက်မှာ ကားထားမယ်။ ပြန်ဆက်နဲ့ ပူးပေါင်းမယ်" ဟု NLD ပြန်ကြားရေးတာဝန်ခံ ဦးကြည်တိုးက ဆိုသည်။

ယခု ကော့မှူးမြို့နယ် စာကြည့်တိုက်ကိုလည်း စံပြစာကြည့်တိုက်အဖြစ် လုပ်ဆောင်ရန် ဒေါ်အောင်ဆန်းစုကြည်က
ပြောဆိုသွားသည်။

လက်ရှိတွင် ကော့မှူးမြို့နယ်အတွင်း လူဦးရေ ၁၂၇,၄၀၂ ဦးဖြင့် ကျေးရွာအုပ်စုပေါင်း ၅၅ ခုရှိကာ
ကျေးရွာစာကြည့်တိုက် ၂၈ ခုသာ ရှိသေးသည့် ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး မြို့နယ်တခု ဖြစ်သည်။

မိခင် ဒေါ်ခင်ကြည်၏ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို ဒေါ်အောင်ဆန်းစုကြည် က ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့က ထူထောင်ခဲ့သည်။

ဦးသိန်းစိန်နှင့် အိုဘားမား တွေ့ဆုံ ဆွေးနွေးမည့်အပေါ် သုံးသပ်ချက်အမြင်အချို့

ရန်ကုန် (မဇ္ဈိမ)။   ။ သမ္မတဦးသိန်းစိန်သည် မကြာမီ ရက်ပိုင်းအတွင်း အမေရိကန် သမ္မတ အိုဘားမား၏ ဖိတ်ကြားချက်အရ အမေရိကန် ပြည်ထောင်စုသို့ သွားရောက်မည် ဖြစ်သည်။

ဦးသိန်းစိန်နှင့် အိုဘားမားတို့သည် ကမ္ဘောဒီးယားနိုင်ငံတွင် တကြိမ်၊ အင်ဒိုနီးရှားနိုင်ငံတွင် တကြိမ်၊ မြန်မာနိုင်ငံ
တွင်တကြိမ် စုစုပေါင်း သုံးကြိမ်တိုင် တွေ့ဆုံခဲ့ကြဖူးပြီး ဖြစ်သည်။

ယခုတကြိမ် နှစ်နိုင်ငံ သမ္မတများ တွေ့ဆုံမှုနှင့် ပတ်သက်၍ မြန်မာ့ နိုင်ငံရေး လှုပ်ရှားနေသူများနှင့် စီးပွားရေး လုပ်ငန်းရှင်များ၏ ထင်မြင်ယူဆချက်များကို မဇ္စျိမက မေးမြန်း ဖော်ပြပေးထားသည်။

မင်းကိုနိုင် (၈၈ မျိုးဆက် ကျောင်းသား)

min-ko-naing-88-students-leader"အကျိုးသက်ရောက်မှုက အင်မတန် များပါတယ်။ ကျနော်တို့ တိုင်းပြည် အတွက်ဆိုရင် အရေးယူ ပိတ်ဆို့မှုတွေ ကျန်ရှိနေသေးပမယ့် ဒီမှာ ထိရောက်တဲ့ အကူအညီတွေကို ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရးတွေမှာ အမေရိကန်လို နိုင်ငံမျိုးကဘယ်လောက် ကူညီနိုင်မလဲဆိုတာ ပြည်သူတွေက လက်တွေ့ကျကျ တုန့်ပြန်ထားတယ်။

ကျန်တဲ့ နိုင်ငံရေး အတိုးအဆုတ်တွေ၊ ဗျုဟာတွေကို ပြည်သူတွေက အားလုံး သဘောပေါက်နိုင်မှာ မဟုတ်ဘူး။တယောက်တမျိုး ဖြစ်နေကြတယ်။
နိုင်ငံရေးနဲ့ သိပ်ရင်းနှီးတဲ့သူ၊ စိတ်ဝင်စားတဲ့သူတွေကတော့ နိုင်ငံရေးဗျုဟာ
တွေ၊ အတက်အကျတွေကို စိတ်ဝင်စားကြတာ။ ပြည်သူတွေကတော့ လက်ငင်း တိုင်းပြည် ထင်သာမြင်သာ ဘာအကျိုး ခံစားရလဲဆိုတာ တိုင်းတာကြပါတယ်။

ကျနော်တို့က မျှော်လင့်ချက်နဲ့ အလုပ်လုပ်တာမျိုး မဟုတ်ဘူး။ ယုံကြည်ချက်နဲ့ ချီတက်ရတဲ့ လူတွေပါ။ လောကကြီး မှာ မှန်မှန်ကန်ကန် ပြောင်းလဲတယ်ဆိုရင် ဒီလူတွေကို လက်တွေ့ ကူညီရမယ်။ အပေါ်ယံ ဗန်းပြပြီတော့ ပြောင်းလဲ
ရေးပုံစံပြပြီး တကယ်အနှစ်သာရမှာ နှိပ်ကွပ်ဖိနှိပ်မယ် ဆိုရင်တော့ ကျနော်တို့ သဘောတူလို့ မရဘူး။ အားပေးလို့လည်း ရမှာ မဟုတ်ဘူး"  

ဟံသာဝတီ ဦးဝင်းတင်

u-win-tin-nld-leader"ဗမာပြည်မှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပြဿနာပေါင်း
သောင်းခြောက်ထောင် ဖြစ်နေတယ်။ အစိုးရက နေပြီးတော့ ဘယ်လောက်ပဲ ဖုံးဖိ ဒါတွေက ရှေ့ဖုံးနောက်ဖိ ဖြစ်နေတယ်။ နိုင်ငံရေးမှာ အခြေခံဥပဒေ
ပြင်ဆင်ရေးကိစ္စ၊ တိုင်းရင်းသားအရေးလို ကိစ္စတွေဟာ ဒီနေ့ ဗမာပြည်မှာ အကြီးအကျယ် ဖြစ်ပေါ်နေတဲ့ပြဿနာတွေ ဖြစ်တယ်။ ဖုံးဖိထားလို့ မရဘူး။ ပြောသင့်သလာက် ပြောရလိမ့်မယ်။ အမေရိကန်ကို ဒီနေ့ မပြောဘဲနေရင် ဆက်စပ်ပြီးတော့ သိလာမှာပဲ။ သူတို့သံအမတ်တို့ ဘာတို့ဆို မြန်မာနိုင်ငံအရေးမှာ ထဲထဲဝင်ဝင်ကို ပါနေတယ်။  ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပက်သက်ပြီး စပ်ဆက်ထိတွေ့တာတွေ ပါနေတယ်။ ဒါတွေကို ဖုံးဖိထားလို့ မရဘူး။ ရင်ဆိုင်ရမှာပဲ။

ရေရှည်အကျိုးသက်ရောက်မှု ရှိအောင် လုပ်သွားရမှာပဲလို့ ကျနော် ယူဆတယ်။ ဦးသိန်းစိန်အစိုးရအနေနဲ့ အမေရိကန်တို့နဲ့ ဆက်စပ်ပြောဆိုတဲ့အခါ ဒီအချက်တွေ ပါဖို့ လိုအပ်တယ်လို့ ယူဆပါတယ်"

ဦးမြတ်သင်းအောင် (လှိုင်သာယာ စက်မှုဇုန် ဥက္ကဋ္ဌ)

U-Myat-Thin-Aung-s"အမေရိကန်က အခွန်တွေ လျှော့ချပေးလို့တာကိုလည်း သူတို့ လွှတ်တော်က အတည်ပြုပေးဖို့ လိုပါတယ်။ တကယ်တမ်း ပို့ကြမယ်၊ အခွန်လျှော့မယ်ဆိုရင် လုပ်ငန်းရှင်တွေ ပိုမြတ်တာပေါ့။ အခု နိုင်ငံမှာ စက်မှုဇုန်တွေမှာ မီး
မပေးနိုင်ဘူး။ လျှပ်စစ်ကတော်တော် လိုအပ်နေပြီ။ အမေရိကန်လို
နိုင်ငံကသာ ရင်းနှီးမြုပ်နှံမှုတွေ လုပ်မယ်ဆိုရင် ဒီမှာ အလုပ်သမားတွေ အလုပ်အကိုင်တွေ ရလာမှာ။ အခုက အမေရိကန်က အရောင်းအဝယ် အခွန်တွေ လျှော့ချပေးလိုက်ပေမယ့် အားလုံးက အဆက်အသွယ်တွေ
ပြတ်တောက်နေတယ်။ Sanction (စီးပွားရေး ပိတ်ဆို့မှု) အကြာကြီး ပိတ်ထား လိုက်တဲ့အတွက်ပါ။ ခေါင်းဆောင် ထိပ်သီးချင်း ဆွေးနွေးမယ်ဆိုတော့ ပိုပြီးထိရောက်တာပေါ့။ ဝန်ကြီးအဆင့်ဆို ပိုအချိန်ယူနေရတယ်"

ဦးဘိုဘိုကျော်ငြိမ်း (နိုင်ငံရေး လေ့လာသူ)

"အမေရိကန်နဲ့ မြန်မာက သံသယတွေ ရှိခဲ့ကြတယ်။ ဆက်ဆံရေးတွေ ကောင်းဖို့အတွက် ပြည်သူတွေက
မျှော်လင့်ချက်တွေ အများကြီး ရှိနေကြတယ်။ သမ္မတ နှစ်ယောက် နားလည်မှုရရင် အောက်မှာရှိတဲ့
ပေါ်လစီတွေကို ဖော်ဆောင်တဲ့ နေရာမှာ ပိုပြီး အောင်မြင်လာမှာပါ။ ပထမ သံသယပျောက်ပြီး ပူးတွဲ
ဆောင်ရွက်တဲ့အဆင့် ရောက်သွားရင် ဒါ ကောင်းတဲ့အချက်လို့ မြင်ပါတယ်။

အမေရိကန်က ဖိအားပေးတဲ့အခါ ကျနော်တို့ တရုတ်ကို အားကိုးနေရတော့ တရုတ်ဘက် ရောက်သွားတာပေါ့။ တရုတ်က လွှမ်းမိုးနေတယ်လို့ ဒီအချိန်မှာ ယူဆနေကြချိန်မှာ အမေရိကန်က ပွင့်ပွင့်လင်းလင်း ပြောလာတဲ့ အချိန်ကို လူတိုင်းက မျှော်လင့်ချက်တွေ ရှိနေတယ်။ အားလုံးက အလယ် ကြားမှာ နေပြီး နိုင်ငံတိုင်းက ကိုယ်အကျိုးအတွက် ကိုယ်လုပ်ရမှာပဲ။ မြန်မာနိုင်ငံ အခင်းအကျင်းထဲက စီးပွားရေးတွေမှာ တရုတ်ကိုပဲ အားကိုးနေမယ်ဆိုရင် မကောင်း ဘူး။ ဒီကြားထဲမှာ မြန်မာနိုင်ငံရဲ့Foreign policy (နိုင်ငံခြားရေး မူဝါဒ) ကို သုံးပြီး မြန်မာနိုင်ငံ အကျိုးအတွက် ကို ဆောင်ရွက်ရမှာပါ"

KNU နှင့် အစိုးရ တပ်များ အပစ်ရပ် ကျင့်ဝတ်ဆိုင်ရာ ဆွေးနွေးရန် ရန်ကုန်မှာ တွေ့ဆုံမည်

ရန်ကုန် (မဇ္ဈိမ)။   ။ ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ အပစ်အခတ်ရပ်စဲစဉ် ကာလအတွင်း လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်း (Code of Conduct) များအတွက် အကြိုဆွေးနွေးပွဲကို မေလနှောင်းပိုင်းတွင် ရန်ကုန်မြို့၌ တွေ့ဆုံမည်ဟု KNU ပြန်ကြားရေးနှင့် စည်းရုံးရေး တာဝန်ခံ ဖဒိုစောလှထွန်း က မီဒီယာများကို ပြောဆိုလိုက်သည်။

ထိုဆွေးနွေးပွဲတွင် နှစ်ဘက်တပ်များ လိုက်နာရမည့်စည်းကမ်း၊ တပ်နေရာချထားရေး၊ နှစ်ဘက်တပ် သွားလာရမည့် လမ်းကြောင်းများကို အဓိက ဆွေးနွေးမည်ဟု ဖဒိုစောလှထွန်းက အင်္ဂါနေ့က ပြောသည်။

ထို့အပြင် ခိုင်မာသော အပစ်အခတ် ရပ်စဲရေး ရရှိရန်၊ ဒေသခံများ၏ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုနှင့် ဘဝရပ်တည်ရေး ကိစ္စရပ်များအတွက်လည်း ဆွေးနွေးမည်ဟု ဖဒိုစောလှထွန်း က ထပ်လောင်းပြောကြား သည်။ 

တိုင်းရင်းသားအားလုံး အပစ်အခတ် ရပ်စဲမှသာ ခိုင်မာတဲ့ နိုင်ငံရေးအရဆွေးနွေးမှု ဖြစ်နိုင်မည်ဟု ၎င်းက ပြောသည်။

"KNU ရဲ့ နိုင်ငံရေးအရ ခိုင်မာမှု၊ မခိုင်မာမှုဟာ တဖက်မှာ တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ အပစ်အခတ် ရပ်စဲရေး၊ တနိုင်ငံလုံးနဲ့ဆိုင်တဲ့ တိုင်းရင်းသားတွေရဲ့ သွားရမယ့် နိုင်ငံရေး Process (လုပ်ငန်းစဉ်) ပေါ်မှာလည်း မူတည်တယ်ဗျ" ဟု ဖဒိုစောလှထွန်း က ပြောသည်။ 

KNU က အဖွဲ့ဝင်အဖြစ် ပါဝင်သော UNFC နှင့် အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီတို့ နိုင်ငံရေး အရ ဆွေးနွေးနိုင်ရေးကိစ္စ ဆက်လက်ဆွေးနွေးရန် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က သဘောတူခဲ့ကြသည်။

၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်တွင် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များနှင့် KNU တို့ ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေးဆွေးနွေးခဲ့ပြီး ထိုနှစ် ဧပြီလ ၆ ရက်တွင် ရန်ကုန်မြို့၌ ပြည်ထောင်စုအဆင့် လက်မှတ်
ရေးထိုးခဲ့သည်။ စက်တင်ဘာလ ၃ ရက်နေ့တွင် ဘားအံမြို့၌ တတိယအကြိမ် တွေ့ဆုံကာ အပစ်အခပ် ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် ငါးချက်ကို လက်မှတ်ရေးထိုးခဲ့သည်။

မတရားအသင်း ဆက်သွယ်မှုဖြင့် ဖမ်းဆီးခံရသူ ဒုဗိုလ် တဦး ပြန်လွတ်လာ

ချင်းမိုင်(မဇ္စျိမ)။   ။ မတရားအသင်း ပုဒ်မ ၁၇(၁) ဖြင့် ဖမ်းဆီးခံရသူ ဒုဗိုလ်ညီညီ (ခေါ်) ကိုအောင်ညီလွင် အား မြစ်ကြီးနားမြို့နယ် တရားရုံးမှ ကြာသပတေးနေ့က ပြန်လွှတ်ပေးခဲ့ပြီး ၎င်းအမှုတွဲ ဒဿမတန်း ကျောင်းသား
မောင်ဇော်ဆိုင်းအောင် ကိုမူ ခြောက်လှန့် တောင်းယူမှု ပုဒ်မ ၃၈၄ ဖြင့် ထပ်မံတရားစွဲထားကြောင်း ၎င်း၏ ရှေ့နေ ဦးဂျီမာခါး က ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ စာ သွားပေးရာမှ ဖမ်းဆီးခံရသူ မောင်ဇော်ဆိုင်းအောင်ကို ဆက်လက် ထိန်းသိမ်း ထားပြီး စာပို့ရာမှာ လိုက်ခဲ့သူ အမှုတွဲ ကိုကို၏ အမွှာညီ ဖြစ်သူ အစိုးရ သစ်တောဌာနမှ ဒုဗိုလ်ညီညီအား ၅ လကြာ ရုံးထုတ် စစ်ဆေးပြီးနောက် ယမန်နေ့က လွတ်မြောက်လာခြင်း ဖြစ်သည်။

"အမှု ၅ လကျော် တရာလိုဘက်ကို စစ်ဆေးပြီးတော့ ကျနော်တို့ဘက်က လျှောက်လဲချက် ပေးတာ စွဲချက်မတင်ဘဲ တရားရှင်လွတ်ပေးတဲ့ သဘောပဲ။ ဇော်ဆိုင်းအောင်ကိုတော့ ဆက်စွဲထားတယ်။ သူက အဲဒီစာမှာ ဘာစာလဲဆိုတာ တကယ်မသိဘူး။ အဲဒါကို သူမသိတာကို လုပ်မိလို့ အပစ်မရှိဘူးဆိုတာ လုပ်ပေးရမယ်" ဟု ရှေ့နေ ဦးဂျီမာခါးက
ပြောသည်။  

မောင်ဇော်ဆိုင်းအောင်အား မူရင်း စွဲဆိုထားသည့် ပုဒ်မ ၁၇(၁) ဖြင့် တရားသေ လွှတ်ပေးလိုက်သော်လည်း ယမန်နေ့က တရားလိုအဖြစ် မြစ်ကြီးနားမြို့ အမှတ် (၁) ရဲစခန်းမှူး ရဲအုပ် ရဲလွင်က ပုဒ်မ ၃၈၄ ဖြင့် ထပ်မံစွဲဆိုထား ကာ မြစ်ကြီးနားထောင်တွင် ချုပ်နှောင်ထားသည်သည်။

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့က မြစ်ကြီးနားမြို့ မြို့မရပ်ကွက်ရှိ ရိုမီးနှင့် ညီအစ်ကိုများ စက်ပစ္စည်းအရောင်း ဆိုင်သို့ မောင်ဇော်ဆိုင်းက KIO ၏စာ သွားပေးစဉ် ဆိုင်ရှင်များက သူခိုးဟု စွပ်စွဲ၍ ရဲတပ်ဖွဲ့သို့ အပ်နှံခဲ့ရာမှ သူနှင့်အတူ ကိုကို၏ညီ ဒုဗိုလ် ညီညီတို့ကို ဖမ်းဆီး၍ ဒီဇင်ဘာလ ၅ ရက်နေ့က မောင်ဇော်ဆိုင်း ၁၇(၁) ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ဇော်ဆိုင်းနှင့်အတူ လိုက်ပါခဲ့သူ KIO ဝန်ထမ်း ကိုကိုမှာ ထွက်ပြေးလွတ်မြောက်ခဲ့သည်။

KIO ၏ စာတွင် မည်သည့်အကြောင်းအရာများ ရေးသားထားသည်ကို မောင်ဇော်ဆိုင်အောင်က အမှန်တကယ် မသိရဘဲ သွားရောက် ပေးပို့ခဲ့ခြင်း ဖြစ်၍ အပြစ်မရှိကြောင်းကို ကချင်တရားရေးဆိုင်ရာ အထောက်အကူပြု ကွန်ယက်အဖွဲ့က ဆက်လက် အကျိုးဆောင်ပေးသွားမည် ဖြစ်သည်။

မြစ်ကြီးနားမြို့နယ်အတွင်း မတရားအသင်း ပုဒ်မဖြင့် တရားရင်ဆိုင်ရသူပေါင်း အနည်းဆုံး ၁၀ ဦး ရှိနေပြီး ယင်းအမှုဖြင့် ထောင်ကျခံထားရပြီူသူ ၂၁ ဦး ရှိနေသည်ဟု သိရသည်။

မြန်မာနိုင်ငံ အကျဉ်းထောင်အချို့မှ နိုင်ငံရေးအကျဉ်းသားအချို့ ယနေ့ သောကြာနေ့တွင် လွတ်မြောက်လာကြ
သော်လည်း မြစ်ကြီးနားထောင်မှမူ တယောက်မှ လွတ်မြောက်လာခြင်း မရှိသေးကြောင်း ရှေ့နေ ဦးဂျီမာခါးက
ပြောသည်။

17.5.2013 မှ 23.5.2013 ထိ ၇ ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

 

စိတ်မြန်၏။ ဇွဲကောင်း၏။ လွတ်လပ်မှု့ကို လိုလား၏။ ရည်ရွယ်ချက်များနေ သည်။ စိတ်လေနေသည်။ အကောင်းမထင် အပြစ်တင်ခံရမည်။ အထင်လွဲခံရမည်။ ငွေ ၊ ပစ္စည်း တစ်စုံတစ်ရာ ဖြင့် စကားပြောရတတ်သည်။ ရစရာငွေတို့ မရနိုင်သေးပါ။ အချစ်ရေး ပြန်၍ အဆင်ပြေမည်။ မိဘသားချင်း တို့ က သင့်အချစ်ရေး ကို ဖျက်လိမ့်မည်။ အလုပ်ကိစ္စ အဆင်ပြေမည်။  

အကျိုးပေးဂဏန်း - ၀ ၊ ၅ ၊ ၃။

အထူးဟော - အတိုက်အခံရှိသည်။

ယတြာ - အိမ်ဘုရားကို တနင်္ဂနွေ နေ့တွင် အုန်းဆွမ်းကပ်ပါ။

 

တနင်္လာ

          စိတ်လေမည်။ တခါတရံ တယူသန် စိတ်ရှိသည်။ တခါတလေ စိတ်ကောက်တတ်သည်။ စိတ်မြန်ကိုယ်မြန် ဆောင်ရွက်မှု့များ ဤ တစ်ပတ်အတွင်း ဆင်ခြင်ပါ။ ထိမိခိုက်မိ များ ၊ မှားယွင်းမှု့များ ၊ အလွဲလွဲ အချော်ချော် များ ဖြစ်တတ်သည်။ ပစ္စည်း ရတနာ ငွေကြေးတို့ ကို လူယုံထားပြီး မအပ်နှင့် ပြန်မရ ဖြစ်တတ်သည်။ အဒေါ် ၊ ဦးလေး ၊ သားချင်းတို့ နှင့် အတိုက်အခံ စကားပြောရတတ်သည်။ သင့်စေတနာကို သူများက သိလျက် နှင့် နားမလည်သလို လုပ်တတ်သည်။ ငွေဝင်လာမည်။ မရည်ရွယ်ဘဲ ခရီးထွက်ရမည်။ စာမေးပွဲအောင်မည်။ ထူးချွန်မည်။ အလုပ်ကိစ္စ အဆင်ပြေတယ်။    

အကျိုးပေးဂဏန်း - ၂ ၊ ၅ ၊ ၀။

အထူးဟော - ဆန္ဒမစောနှင့်။

ယတြာ - တနင်္လာနေ့ တွင် ငွေ (၁၀၀) ကျပ်ကို ပံ့သာကူပြုပါ။  

 

အင်္ဂါ

          တစ်ခါတစ်လေမှာ စိတ်လိုက်မာန်ပါ လုပ်ချင်ပြီး တစ်ခါတစ်လေမှာ စိတ်တိုင်းမကျ၍ စိတ်ပျက်စွာဖြင့် ဆက်မလုပ်ချင်ဖြစ်လာမည်။ မိသားစု ရဲ့ ယုံကြည် အားကိုးခံရသည့် ဖြစ်ရပ်မှ အပြစ်တင် အပုပ်ချခံရခြင်း သို့ရောက်ကိန်းရှိနေတယ်။ မိသားစု က သင့်အပေါ် အထင်မြင်သေးလာတတ်တယ်။ ပစ္စည်းငွေကြေး ကိစ္စ ရှုပ်မည်။ အချစ်ရေး ရှုပ်ထွေးမည်။ မရောက်ဘူးသော ခရီး  ၊ မလုပ်ဘူးသော အလုပ် ၊ မပေါင်းဘူးသော မိတ်ဆွေ တွေကြုံလာမည်။ ယခင်က လုပ်ငန်းမဟုတ်ဘဲ လုပ်ငန်းသစ်များ ဖြင့် အကောင်အထည် ဖော်ဖြစ်မည်။      

အကျိုးပေးဂဏန်း - ၃ ၊ ၆ ၊ ၉။

အထူးဟော - အတိုက်အခံ ကျော်မည်။

ယတြာ - အင်္ဂါနေ့တွင် အောင်သပြေ လှူပါ။  

 

ဗုဒ္ဓဟူး

          လူမအား ၊ စိတ်မအား ဗျားများနေရတတ်သည်။ ကြိုးစားမှုများလည်း အောင်မြင်မှုရမည်။ အရာရာ မပြီးပြတ်မှု့ တွေဖြစ်တတ်သည်။ ချစ်သူရဲ့ အပြစ်တင်မှု့ များဖြစ်မည်။ အဝေးမှ လက်ဆောင်ပစ္စည်းရမည်။ ကား ၊ ဆိုင်ကယ် အမြန်မမောင်း နှင့် ခိုက်မိတတ်သည်။ ထီပေါက်ခြင်း (သို့မဟုတ်) ငွေစုလိုက် ၀င်ခြင်း တစ်ခုခု ဖြစ်မည်။ ကား ၊ စက် ၀င်ခြင်း ၊ မြေ ၊ အိမ် ပြောင်းရွှေ့ ခြင်း ပြုပြင်ခြင်း ဖြစ်မည်။ အိမ်ထောင်ကျကိန်းရှိသည်။ သင်၏ စွန့်စားမှု့များ အောင်မြင်မည်။  

အကျိုးပေးဂဏန်း - ၄ ၊ ၉ ၊ ၆။

အထူးဟော - အောင်မြင်မည်။

ယတြာ - မြတ်စွာဘုရားကို ရွှေသင်္ကန်းကပ်ပါ။    

 

ကြာသပတေး

          ငါလုပ်တာ ငါပြောတာ မှန်တယ်လို့ ယူဆပြီး ငြင်းခုံမှု့ မပြုသင့်ပါ။ တစ်ချို့ ကိစ္စတွေမှာ တဖက်လူရဲ့ ဆန္ဒတွေကို အလိုက်သင့် လိုက်လျောမှု့ များပြုပါမှ အဆင်ပြေမှု့ရလိမ့်မည်။ သို့သော်ရှယ်ယာ လုပ်ငန်းတွေ မလုပ်သင့်ပါ။ လူယုံမထားသင့်ပါ။ ငွေဝင်မည်။ စက်ပြောင်းလဲမှု့ ဖြစ်မည်။ ငယ်ရွယ်သူတို့ အတွက် စိတ်ရှုပ်ရမည်။ အလုပ်ပြောင်းလဲမှု့ ဖြစ်မည်။ လုပ်ငန်းသစ်များ အောင်မြင်မည်။ အချစ်ရေး တွေဝေမနေဘဲ ဆုံးဖြတ်ပါမှ အဆင်ပြေမည်။ အိမ်ထောင်ရေးမှာ အတိုက်အခံ ကြုံမည်။     

အကျိုးပေးဂဏန်း - ၅ ၊ ၂ ၊ ၆။

အထူးဟော - စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။  

ယတြာ - ကြာသပတေး နေ့နံနက် တွင် အိမ်ဘုရားကို ပန်း (၅) မျိုး ကပ်၍ ဆုတောင်းပါ။   

 

သောကြာ

          ရည်ရွယ်ချက်တွေ အကောင်အထည်ဖော် မည်ကာလဖြစ်ပါသည်။ မပြတ်သားနေသော အချစ်ရေး ၊ အိမ်ထောင်ရေး အလုပ်အကိုင်တွေကို ပြတ်သားစွာ ဆောင်ရွက် ပါမှ သင်စိတ်ချမ်းသာ မှု့ရမည်။ ရှေ့ဆက်လုပ်ရမည်။ နေရာ အသစ် ၊ လုပ်ငန်းသစ် ဆောင်ရွက် ရန် အသစ် တွေ သင့်မှာ ပေါ်လာမည်။ ခရီးဝေး ယာယီတွေရောက်မည်။ ရှယ်ယာလုပ်ငန်းများအောင်မြင်မည်။ စွန့်စားမှု့ များအောင်မြင်မည်။ ဆန္ဒမစောပါနှင့်။ ကြီးသူတစ်ဦး ချုချာမည်။ ဖြေဆိုသော စာမေးပွဲများ ၊ အင်တာဗျူးများအောင်မြင်မည်။      

အကျိုးပေးဂဏန်း - ၆ ၊ ၃ ၊ ၉။

အထူးဟော - အကောင်းဆုံးက မှန်တယ်ထင်လျှင် စွန့်စားပါ။

ယတြာ - သောကြာနေ့နံနက်တွင် ဘုရားကို သောက်တော်ရေ (၅) ခွက် ကပ်လှူပါ။  

 

စနေ

          အရာရာမှာ သင့်ဘက်က အကောင်းမြင် ၀ါဒ ကို လက်ကိုင်ထားနေပါလိမ့်မည်။ မိသားစုအရေး၊ အလုပ်အကိုင်အရေး ၊ စီးပွားရေး ဆောင်ရွက်မှု့တွေ နှင့် တဖက်က အချစ်ရေး ၊ အိမ်ထောင်ရေး တွေကြောင့် အတွေးများ မည့် ကာလပင်ဖြစ်ပါသည်။ အတွေးများနှင့် တည်ဆောက်နေရတတ်ပြီး လက်တွေ့ အကောင်အထည်ဖော်နိုင်ရန် ခဲယဉ်းသော ကာလများပင်ဖြစ်ပါသည်။ လေထဲတိုက်အိမ်ဆောက် ဆိုသကဲ့သို့ ဖြစ်နေမည်။ ယာယီ ခရီးများ သွားရမည်။ ရှယ်ယာလုပ်ငန်းများ ပျက်ပြယ်မည်။ ကိုယ်ပိုင်လုပ်ငန်းတို့ အကောင်အထည်ဖော်ဖြစ်မည်။ အချစ်ရေး ၊ အိမ်ထောင်ရေး ကို မိသားစု ၊ မိဘ ရဲ့ ဆန္ဒ ကို လိုက်လျောလိမ့်မည်။ စီးပွားရေး ကံကောင်းလာမည်။       

အကျိုးပေးဂဏန်း - ၇ ၊ ၂ ၊ ၉။

အထူးဟော - သင်ဆန္ဒအတိုင်း မုချ အောင်မြင်မည် ။

ယတြာ - စနေနေ့ တွင် လမ်းသန့်ရှင်းရေးတစ်ခုလုပ်လိုက်ပါ။  

နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်

မြန်မာနိုင်ငံအနှံ့အပြားရှိ အကျဉ်းဦးစီးဋ္ဌာန(၉)ခုမှ နိုင်ငံရေးအကျဉ်းသား(၂၃)ဦး လွတ်မြောက်ခဲ့သည်ဟု နိုင်/စစ် အဖွဲ့ဝင် ဦးထွန်းကြည်က ဆိုသည်။

 

"နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ခေါင်းစဉ်အောက်ကလေ လွှတ်ပေးတာ ကျေးဇူးတင်ပါတယ်၊ ၄၀၁ ခေါင်းစဉ်တပ် လွှတ်ပေးတာမဟုတ်ပဲနဲ့ လွတ်လွတ်လပ်လပ်လွှတ်ပေးသင့်တယ်"ဟု နိုင်/စစ်(နိုင်ငံရေးအကျဉ်းသား စီစစ်ရေးကော်မတီ)မှ ဦးထွန်းကြည်က ပြောသည်။

 

နိုင်ငံရေးအကျဉ်းသား(၃၂)ဦးအား နိုင်ငံတော်အစိုးရမှ မေလ(၁၇) ရက်နေ့၌  လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ် ပေးမည်ဟု ထွက်ပေါ်နေသည့်သတင်းများအရ သိရှိရသည်။

 

အင်းစိန်ထောင်မှ (၁၀)ဦး၊ ပုသိမ်ထောင်မှ(၁)ဦး၊ မအူပင်(၁)ဦး၊ မန္တလေး(၁)ဦး၊ လားရှိုး(၁)ဦး၊ တောင်ငူ(၂)ဦး၊ တောင်ကြီး(၁)ဦး၊ သာယာဝတီထောင်မှ (၅)ဦး လွှတ်မြောက်လာခြင်းဖြစ်သည်။

 

တောင်ငူထောင်မှ လွတ် မြောက်ခဲ့သူ စောဂျက်တာမှာ ပုဒ်မ-၁၇(၁) ဖောက်ခွဲမှုအပါအ၀င် အမှု(၄)ခုဖြင့် ၂၀၀၈ခုနှစ် ထောင်ဒဏ် (၂၄)နှစ် ကျခံခဲ့ရသူ ဖြစ်သည်။

 

သာယာဝတီထောင်မှ မစမ်းစမ်းမော်၊ ကိုဇော်လွင်၊ ကိုအေးမင်းနိုင်၊ ကိုကျော်ဇင်ဦး၊ ကိုထက်ကိုလွင်တို့ လွတ်မြောက်ခြင်းဖြစ်ကြောင်း သိရသည်။ မအူပင်ထောင်မှ ဗိုလ်ကြီးဟောင်း နေမျိုးဇင် လွတ်မြောက်လာခြင်း ဖြစ်သည်ဟု သတင်းများအရ သိရသည်။

 

ယနေ့ လွတ်မြောက်လာသူများနှင့် မီဒီယာသမားများ မြေနီကုန်း၌ မေလ(၁၇)ရက်နေ့ ညနေပိုင်း၌ တွေ့ဆုံမည် ဟု သိရသည်။

 

လက်ရှိ လွတ်မြောက်ရန်ကျန်ရှိသည့် နိုင်/ကျဉ်သား (၁၈၀)ကျော် ကျန်ရှိနေသေးကြောင်း နိုင်/စစ်မှ သိရသည်။ 


ကျောင်းမတတ်နိုင်သူ များပြားနေသည့် လှိုင်မြစ်တစ်ဘက်ကမ်းရှိ ကျေးရွာများ

၂၀၁၃-၁၄ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်း မသင်မနေရ ကျင့်သုံးခြင်းသည် အခြေခံလူတန်းစားများ အတွက် အဆင်မပြေနိုင်ပဲ အခက်အခဲများစွာရှိနေသည်ဟု အခြေခံလူတန်းစားများက ဆိုသည်။

 

"ဒေါ်ကြီးတို့မှာ မြေးလေးနှစ်ယောက်ရှိတယ်။ သူတို့မိဘတွေကမရှိတော့ဘူး။ ဒေါ်ကြီးတို့လည်း မပြေလည်တဲ့ ကြားက ဒီ ဘ.က ကျောင်းလေးမှာထားပေးရတာ။ သူဖိုးအေဆို တစ်ရက် ၁၀၀၀-၁၅၀၀ လောက်ပဲ ၀င်ငွေ ရှိတာ။ မြေးလေး တစ်ယောက်လုပ်စာပဲ ရှိရတာ။ ဒီဖက်မှာ ကျောင်းထားဖို့မပြောနဲ့ နေစရာတောင်မရှိကြတဲ့ မိသားစုတွေ ရှိတယ်။ဟု ကြည်မြင့်တိုင်တစ်ဖက်ကမ်းနေဒေါ်အုံးကြည်က ဆိုသည်။

 

၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် အခြေခံပညာမှုလတန်း မသင်မနေရ ပညာသင်စနစ်အား စမ်းသပ်ကာလ အဖြစ် မြို့နယ် ၃ မြို့နယ်တွင်စတင်ကျင့်သုံးမည်ဖြစ်ကြောင်း ပညာရေးမှူးများထံမှ သိရသည်။

 

"ဒီနှစ်ကစပြီး ရန်ကုန်မှာဆို ဆိပ်ကြီး ခနောင်တို့မှာ မသင်မနေရပညာရေးစနစ်ကို စမ်းသပ်ကာလအဖြစ် စတင် ကျင့်သုံးမယ်။ အောင်လည်းအောင်မြင်မယ် ဘက်ဂျက်ကလည်းလုံလောက်မယ်ဆို ရှေ့ဆက်အကောင်အထည် ဖော်သွားဖို့ အစီအစဉ်တွေရှိပါတယ်။ဟု ခရိုင်ပညာရေးမှူး ဦးအုန်လွင်ကဆိုသည်။

 

ကျောင်းဖွင့်စအချိန်များတွင် ကျောင်းတက်မှန်ကြသော်လည်း မိသားစုစီးပွားရေးအစဉ်မပြေမှုများကြောင့် ကျောင်းပျက်ရက်များလာ၍

ကျောင်းဆက်မတတ်နိုင်သူများခြင်းဖြစ်သည်ဟု ကြည့်မြင်တိုင်တစ်ဖက်ကမ်း ၀ါးရုံဆိပ်ကျေးရွာမှ သန္တိသုခဘုန်းတော်ကြီးသင်ပညာရေးကျောင်း၏ ကျောင်းအုပ်ဆရာတော် ဦးပညာသာမိက မိန့်ကြားသည်။

 

"စုံစမ်းတော့ မိဘတွေ အလုပ်သွားလုပ်နေတဲ့အချိန် ကျန်ခဲ့တဲ့သူ့အောက်က ကလေးအငယ်လေးတွေကို ထိန်းနေရတာတို့၊ မိသားစုစီးပွားရေးအတွက် ကျောင်းဖျက်ပြီး ဈေးဗန်းရွက်နေရတာတို့ ပြန်သိရတယ်။ဟု ဆရာတော် ဦးပညာသာမိက မိန့်ကြားသည်။

 

မိသားစုစီးပွားရေးမပြေလည်မှု မိဘများ၏ပညာရေးအပေါ် အားပေးမှုလျော့နည်းခြင်းကြောင့် ကျောင်းသား ဦးရေများ လျော့နည်းလာပြီး ကျောင်းပျက်ရက်များ များပြားလာသောကြောင့် ကျောင်းဆက်မတက်ကြတော့ ကြောင်း သူငယ်တန်းပြဆရာမ ဒေါ်နှင်းမာထွေးက ဆိုသည်။

 

"သူငယ်တန်းမှာ အစကကျောင်းသား ၆၀ လောက်ရှိပြီး နောက်ပိုင်းအယောက် ၂၀ လောက်လျော့သွားတယ်။ စီးပွားရေးကြောင့်လည်းပါတယ်။ သူတို့ မိဘတွေကြောင့်လည်းပါတယ်။ ကလေးထိန်းရမယ်တို့ ဈေးရောင်းပေး ရမယ်တို့ အဲ့ဒါတွေကြောင့်ပါ။ ကျောင်းပျက်ရက်တွေများလာတော့ ကျောင်းလာမတက်ရဲကြတော့ဘူး။ဟု ဆရာမ ဒေါ်နှင်းမာထွေးက ပြောသည်။

 

"သမီးကတော့ ကျောင်းဆက်တက်ချင်တယ်။ သမီးသူငယ်ချင်းတွေထဲမှာ ကျောင်းမနေနိုင်တဲ့ ကလေးတွေ ရှိတယ်။ အမေက အလုပ်မရှိဘူး အဖေက လယ်ထဲမှာဆိုတော့ ကျောင်းမတက်နိုင်ကြဘူး။ဟု ၄ တန်းအောင် ကျောင်းသူ မနွယ်လေးက ပြောသည်။

 

အခြေခံပညာမူလတန်း မသင်မနေရပညာရေးစနစ်အား စမ်းသပ်ကာလအဖြစ် ပထမဆုံးပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကျောင်းအပ်နှံမည့်ကျောင်းသားများကို စာအုပ် ခဲတံအပြင် ကျပ်ငွေ ၁၀၀၀ ကိုပါ ထောက်ပံပေးသွားမည် ဖြစ်ကြောင်းသိရသည်။

 

ထို့အပြင် မူလတန်းအဆင့်အောင်မြင်ပြီး အလယ်တန်းကျောင်း ဆက်လက်တက်ရောက်နိုင်ရန်နှင့် အလယ်တန်းအဆင့်မှ ကျောင်းထွက်သွားသောကျောင်းသားများ

ကျောင်းဆက်တက်နိုင်ရေးအတွက်ပါ ကြိုးစားနေချိန်ဖြစ်သည်ဟု သိရသည်။.

"ဘာကြေးမှမကောက်ပဲ အခမဲ့သင်ပေးတဲ့ ဘ.က ကျောင်းကိုတောင် မှန်အောင် မတက်နိုင်ကြဘူး။ မိဘတွေကို ခေါ်ယူစည်းရုံးပြီးတော့ အသိပညာပေး ဟောပြောပွဲလေးတွေ လုပ်ဖို့လိုအပ်သလို နေ့စဉ်ပုံမှန်ထမင်းတစ်နပ် စားရဖို့ ရုန်းကန်ရှာနေရတဲ့ မိသားစုတွေရဲ့ စီပွားရေးပြေလည်ဖို့အတွက် ၀ိုင်းပြီးဖြေရှင်းဖို့လိုတယ်။ဟု ဆရာတော် ဦးပညာသာမိက သုံးသပ်သည်။

 


မဟာစင် နောက်ဆက်တွဲအနေဖြင့် မုတ်သုံအ၀င်နောက်ကျနိုင်

မြန်မာနိုင်ငံတွင် မဟာစင်မုန်တိုင်းအပြီး၌  မုတ်သုန်အ၀င် နောက်ကျနိုင်ကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က ဆိုသည်။

 

မြန်မာပြည်အောက်ပိုင်းဒေသများတွင် မဟာစင်မုန်တိုင်း၏ နောက်ဆက်တွဲ အကျိုးဆက်အနေဖြင့် မိုး အနည်းငယ်နှင့်နေရာကွက်ကြား  ရွာသွန်းနိုင်ကြောင်း  ဒေါက်တာထွန်းလွင်က ခန့်မှန်းသည်။

 

`"မိုးကတော့ မုန်တိုင်းအရှိန်နဲ့ နည်းနည်းရွာနေမှာပဲဒါပေမဲ့ မိုးမကောင်းနိုင်သေးဘူး၊ မိုးပြန် ပြတ် သွားနိုင်သေးတယ်`" ဟု ဒေါက်တာထွန်းလွင်က ပြောသည်။

 

မြန်မာပြည် အလယ်ပိုင်းဒေသများတွင်  ယခုအခါမိုးရွာ သွန်းလျက်ရှိသော်လည်း မိုးပြတ်သွားနိုင်ကြောင်း၊ မေ ၂၀ ရက်နေ့ နောက်ပိုင်းမှသာ မုတ်သုန်မိုးရွာနိုင်မည်ဖြစ်ကြောင်းး မြန်မာပြည်အောက်ပိုင်းဒေသများ၌ မေလ ကုန်ပိုင်းမှသာ မုတ်သုန်မိုးရွာသွန်းနိုင်သည်ဟု ဆက်ပြောသည်။

 

မြန်မာပြည် တပြည်လုံးအနေနှင့် မုတ်သုန်အ၀င် နောက်ကျမည် ဆိုသော်လည်း မိုးဦးကျတွင်ဖြစ်ပေါ်သော မိုးတိမ်တောင်ထူထပ်ခြင်း၊ မိုးခြိမ်းခြင်း လေပြင်းတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်းတို့ကို အနည်းငယ် ကြုံတွေ့နိုင် ကြောင်း သိရှိရသည်။