Tuesday, February 26, 2013

KIO က အစိုးရ ငြိမ်းအဖွဲ့နှင့် ပြန်လည်တွေ့ဆုံရန် အဆင်သင့် မဖြစ်သေး

ချင်းမိုင်(မဇ္စျိမ)။   ။ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ဖေဖော်ဝါရီ လကုန်တွင် ပြန်လည်တွေ့ဆုံရန် မဖြစ်နိုင်သေးကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဘက်မှ တုံ့ပြန်ခဲ့သည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ က ပြောသည်။ 

တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် သဘောတူထားချက်အရ အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဝန်ကြီး ဦးအောင်မင်း က ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ပြန်လည် တွေ့ဆုံရန် ကမ်းလှမ်းခဲ့သော်လည်း KIO ဘက်မှ ၎င်းတို့ဗဟိုတွင် ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်၍ အဆင်သင့် မဖြစ်သေးကြောင်း တနင်္ဂနွေနေ့က အကြောင်း
ပြန်ကြားခဲ့သည်ဟု ဆိုသည်။ 

"သူတို့ဆီကနေ မနေ့က အကြောင်းပြန်ပါတယ်။ အဲဒါကတော့ ဗဟိုမှာ ညှိနှိုင်းနေတဲ့အတွက် အချိန် အနည်းငယ် လိုပါလိမ့်မယ်။ အဲတော့ လဆန်းပိုင်းလောက်မှာ ဖြစ်ဖို့ များပါတယ်လို့ မနေ့က ဦးအောင်မင်းဆီ တိုက်ရိုက် တရားဝင် အကြောင်းပြန်ပါတယ်" ဟု ဦးလှမောင်ရွှေ က ပြောသည်။ 

KIO အနေဖြင့် လူထုသဘောထား ရယူရန်နောက် ဗဟိုဆွေးနွေးမှုများ ရှိနေသေး၍ အစိုးရ ငြိမ်းချမ်းရေး အဖွဲ့နှင့် တွေ့ဆုံရန် အချိန်အနည်းငယ် လိုအပ်နေသည်ဟု KIO ဗဟိုကော်မတီဝင် တဦးက ပြောသည်။ 

"အစိုးရနဲ့ တွေ့ဖို့ မဖြစ်သေးဘူး။ ခုတလောပဲ လူထုကနေ အကြံတောင်းယူတာ။ ကျနော်တို့က အလုပ် မပြီးသေးဘူး။ ကျနော်တို့ ဆွေးနွေးပြီးတော့ ပြန်တွေ့မယ်" ဟု မဇ္ဈိမကို ပြောသည်။  

လူထုက KIO ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ထောက်ခံပြီး တခြားနိုင်ငံကြီးများမှ ကြားဝင်ဆောင်ရွက်
ပေးရန် အကြံပေးခဲ့သည်ဟု ဆိုသည်။  

KIO က အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးသည့် လုပ်ငန်းစဉ်များတွင် ထည့်သွင်း ဆွေးနွေးနိုင်ရေးအတွက်
ဖေဖော်ဝါရီလ ၂၂ ရက်နှင့် ၂၃ ရက်နေ့များက ၎င်းတို့၏ လိုင်ဇာ ဌာနချုပ်တွင် လူထု ကိုယ်စားလှယ် ၁၀၀ ကျော်၏ သဘောထားများကို တောင်းယူနေခဲ့ဟု အဆိုပါ KIO အရာရှိက မဇ္စျိမကို ပြောသည်။ 

"ကချင်လူထုရှေ့ရေး ဘယ်လို ဆက်သွားမလဲဆိုတာ ဆွေးနွေးတယ်။ လူထုက အများကြီး အကြံပေးကြတယ်။ KIO ဦးဆောင်မှုမှာ တိုင်းရင်းသားအခွင့်အရေးကို အခြေခံထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက် သွားဖို့ သဘောတူကြတယ်" ဟု ဆိုသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့က တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် နှစ်ဖက်တွေ့ဆုံမှုအပြီး စစ်ရေး တင်းမာမှုများ
လျှော့ချနိုင်ရေးအပြင် ဖေဖော်ဝါရီ လမကုန်မီ နိုင်ငံရေးဆွေးနွေးပွဲများကို ဆက်လက် ကျင်းပသွားရန် သဘောတူခဲ့သည်။

အောင်တော်မူအလှူခံပုံးဖောက်သူများမှာ တောင်းရမ်းသူများဖြစ်ကြောင်းသိရ

အောင်တော်မူစေတီတော်မှ အလှူခံပုံးဖောက်ခဲ့သူများအား ဖောက်သွားပြီးနောက် (၁၀)ရက်အတွင်း   ညောင်ဦးရဲစခန်းမှ ဖော်ထုတ်နိုင်ခဲ့သည်။

 

"အခုဖောက်တဲ့သူတွေက လမ်းဘေးမှာ တောင်းရမ်းစားသောက်တဲ့သူတွေ။ သူတို့တွေက အောင်တော်မူစေတီတော်မှာ အိပ်တာချမ်းလို့ဆိုပြီး ခြုံဖို့တပ်ထားတဲ့ လိပ်ကာကိုယူရင်းနဲ့ အလှူခံပုံးကို ဖောက်သွားတာ။ ပထမတုန်းကတော့ ချမ်းလို့ခြုံဖို့ ယူလိုက်တာ။ ပြီးတော့ အလှူခံပုံးကိုဖောက်ပြီး တော့ လမ်းစရိတ်သုံးဖို့ယူသွားတာ။ ပြစ်မှုကျူးလွန်တဲ့သူတွေက ပခုက္ကူက လူတွေ။"ဟု ညောင်ဦးရဲစခန်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၀)ရက်နေ့တွင် ပုဂံညောင်ဦးဒေသရှိစေတီနှစ်ဆူဖြစ်သော အောင်တော်မူ စေတီတော်နှင့်ရွှေ ဘုန်းသာစေတီတော်မှ အလှူခံပုံး အဖောက်ခံခဲ့ရခြင်းဖြစ်ပြီး အောင်တော်မူ စေတီတော်မှအလှူခံပုံးဖောက်ယူသူ များအား ညောင်ဦးရဲစခန်းမှ ဖေဖေါ်ဝါရီ(၂၁) ရက်နေ့တွင် ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

 

အောင်တော်မူစေတီတော်မှာ ပုဂံညောင်ဦးရှိရပ်ကွက်အတွင်း တည်ရှိသောစေတီတော်တစ်ဆူဖြစ်ပြီး ဖောက်ထွင်းခံရစဉ် အလှူငွေသုံးသောင်းကျော်ဝန်းကျင်ပါသွားကြောင်း သိရသည်။

 

"ဒီစေတီတော်က ရပ်ကွက်ထဲမှာ တည်ထားတာ လူတွေကသိပ်မသိဘူး။ ပြီးတော့သိပ်မထင်ရှားတော့ အလှူငွေသိပ်မရဘူး။ အလှူခံပုံးထဲကို လှူကြ တာကစေတီတော်မှာ ယောဂီအဖွဲ့က လူတွေက တစ်ပါတ် တစ်ခါလာရင် သူတို့တတ်နိုင်သလောက် (၅၀)- (၁၀၀) လှူသွားကြတာ။ အဲ့ဒါကြောင့် အလှူငွေက သိပ်မပါဘူး။"ဟု စေတီတော်၏ ၀န်းကျင်တွင် နေထိုင်သည့်   ယောဂီတစ်ဦးက ပြောသည်။

 

ဖေဖော်ဝါရီ (၁၀) ရက်နေ့ မနက်ပိုင်းတွင် အောင်တော်မူစေတီတော်မှာ အလှူခံပုံးအဖောက်ခံရပြီး ညနေပိုင်း၌ ရွှေဘုန်းသာစေတီတော်မှ အလှူခံပုံး အဖောက်ခံခဲ့ရခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။

 

အလှူခံပုံးများ အဖောက်ခံရခြင်းကြောင့် အောင်တော်မူစေတီတော်မှအလှူငွေ သုံးသောင်းကျော် ၀န်းကျင်ခန့် အဖောက်ခံရပြီး ရွှေဘုန်းသာစေတီတော်မှ အလှူငွေသုံးသိန်းကျော် ၀န်းကျင်ခန့် အဖောက်ခံခဲ့ရခြင်းဖြစ်သည်။

 

ယင်း စေတီနှစ်ဆူတွင် ရွှေဘုန်းသာစေတီတော်မှာ ရှေးဟောင်း သမိုင်းဝင်ဘုရားတစ်ဆူဖြစ်ပြီး ဂါပကအဖွဲ့အဆို အရစေတီတော် တည်ထားပုံကိုကြည့်ပါက ပုဂံခေတ်က တည်ထားကိုးကွယ်သော ဘုရားတစ်ဆူဖြစ်နိုင်သည်ဟု သိရသည်။

 

ယင်းဘုရားနှစ်ဆူမှ အလှူခံပုံးများမှာ ယခင်က အဖောက်ခံရဖူးခြင်းမရှိဘဲ ပထမဦးဆုံးအကြိမ် အဖောက်ခံရခြင်းဖြစ်သည်။

 

နိုင်ငံ့ဝန်ထမ်းများ လစာ၊ စရိတ် တိုးမြှင့်ပေးရန်နှင့် ဆင်းရဲမွဲတေမှု လျှော့ချရေး၊ အလုပ်လက်မဲ့ ပပျောက်ရေးအပါအ၀င် အမှန်တကယ် သုံးရန် လိုအပ်သည့် ကဏ္ဍများတွင် ဘတ်ဂျက် ဖြတ်တောက်ခြင်း၊ လျှော့ချခြင်း လုံးဝမပြုလုပ်ရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ပြောကြား

နိုင်ငံ့ဝန်ထမ်းများ ကိုယ့်ဂုဏ်သိက္ခာနှင့် နေထိုင်စားသောက် လုပ်ကိုင်နိုင်ရေးအတွက် သာမန်သုံးငွေ ခေါင်းစဉ်အောက်က အချို့သော အတိုင်းအတာအထိ ပြောင်းလဲပြီး နိုင်ငံ့ဝန်ထမ်းများ၏ လစာ၊ စရိတ်ကို သင့်တင့်မျှတစွာ ဖြည့်ဆည်းပေးရေး၊ ထိုသို့ဆောင်ရွက်ရာတွင် သာမန်သုံး ငွေများကို ထပ်တောင်းရန် မလိုဘဲနှင့် ဆောင်ရွက်ပေးရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဖေဖော်ဝါရီလ ၂၅ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးရာတွင် သူရဦးရွှေမန်းက ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်ပြီး၊ ပြည်ထောင်စုအစိုးရက တင်ပြလာသည့် ဘဏ္ဍာနှစ်အတွက် အသုံးပြုမည့်ငွေများကို အမှန်တကယ် လိုအပ်သည့် ကဏ္ဍများ၊ စီမံကိန်းများနှင့် လုပ်ငန်းများတွင် ဘတ်ဂျက်ဖြတ်တောက်ခြင်း၊ လျှော့ချခြင်း လုံးဝမပြုလုပ်ရန်လည်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအား တိုက်တွန်းပြောကြားသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံ့ဝန်ထမ်းများ၏ လစာ၊ စရိတ်ကို ဖြည့်ဆည်းပေးရေး၊ ဆင်းရဲမှု လျှော့ချရန် စီမံကိန်းအသွင်ဖြင့် တောင်သူလယ်သမား၊ မွေးမြူရေးသမား၊ အလုပ်သမားများအတွက် အကာအကွယ်ပေး ဥပဒေပြဋ္ဌာန်းပြီး လက်တွေ့ကျကျ ထိထိရောက်ရောက် ဆောင်ရွက်ပေးရေး၊ အလုပ်လက်မဲ့ ပပျောက်ရေးအတွက်လည်း စီမံကိန်းများ ချမှန်ရန်၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး ဆောင်ရွက်ရာတွင် လိုအပ်ပါက ဥပဒေပြုရေးနှင့် ငွေကြေးသုံးစွဲခွင့် ခိုင်မာစွာရှိရန် ဆုံးဖြတ်ပေးရေး ဆောင်ရွက်ရန် ပြောကြားသည်။

"မနှစ်က ဒီလိုဘတ်ဂျက် အစည်းအဝေးကာလမှ ဆွေးနွေးခဲ့ကြတဲ့အတွက် နိုင်ငံ့ဝန်ထမ်းများအား ထောက်ပံ့ငွေ ကျပ်သုံးသောင်းကို ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့နှစ်က ရခဲ့တဲ့ ထောက်ပံ့ငွေကို လစာငွေအဖြစ်လည်း၊ ထပ်၍ သာမန်အသုံးငွေများ စိစစ်၍ စိစစ်ပြီးရရှိလာသောငွေကို ထောက်ပံ့ငွေအဖြစ် လည်းကောင်း ဆောင်ရွက်ပေးနိုင်ပါက ပြည်ထောင်စုလွှတ်တော်က ပြည်ထောင်စုအစိုးရနှင့် အစိုးရ၀န်ထမ်းများ၊ နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားနှင့် လိုအင်ဆန္ဒများအပေါ် အလေးထားပါကြောင်း၊ ကတိစကားများလည်း တည်ကြည်စေမှု ပြုနိုင်ပါကြောင်းကို ပြသဖော်ဆောင်နိုင်မည် ဖြစ်ပါတယ်။ ဒါကြောင့် နောက်ဘဏ္ဍာနှစ်မှာ လစာတိုးပေးမည်ဆိုသော ကတိစကားကို လွှတ်တော်ကိုယ်စားလှယ်များ မှတ်သားပြီး ယခုလွှတ်တော်အတွင်းမှာ ဆွေးနွေးတောင်းဆိုပေးမှုများဟာလည်း အစိုးရအပေါ်နှင့် နိုင်ငံဝန်ထမ်းများအပေါ် စေတနာထားခြင်းဖြစ်သလို နိုင်ငံကောင်းအောင် ဆွေးနွေးတာင်းဆိုခြင်းပဲလို့ မှတ်ယူလက်ခံပြီး ကျေးဇူးလည်း တင်ရမှာ ဖြစ်ပါတယ်" ဟု သူရဦးရွှေမန်းက ပြောကြားသည်။

ထို့အတူ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း ပြည်သူလူထုထံမှ ကောက်ခံမည့် အခွန်ဥပဒေများဖြစ်သည့် သက်ဆိုင်ရာဌာန အသီးသီးက ထုတ်ပြန်ထားသော ဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များကို ပြည်ထောင်စုလွှတ်တော်သို့ ရသုံးမှန်းခြေ ငွေစာရင်းနှင့်အတူ တင်ပြစေပြီး ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ဖြင့် ဥပဒေပြုရေး၊ နိုင်ငံအနှံ့တွင် ရှိနေသော တွဲဖက်ကျောင်း၊ မူလွန်ကျောင်း၊ ကိုယ့်အားကိုယ်ကိုးကျောင်း၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်းများမှ ဆရာဆရာမများအား စိစစ်အတည်ပြုပြီး ထိုက်သင့်သော ထောက်ပံ့မှုနှင့် ချီးမြှင့်မှုကို လာမည့်ဘဏ္ဍာနှစ်အစမှာ ပေးအပ်ရေး၊ ကျေးလက်နှင့်မြို့ပြ ကျန်းမာရေး စောင့်ရှောက်မှု မကွာဟရေးအတွက် ဆေးရုံဆေးခန်း အဆင့်ဆင့် တိုးချဲ့ရေးနှင့် ဆရာဝန်၊ သူနာပြု ခန့်အပ်ပေးနိုင်ရန် လွှတ်တော်မှ နည်းလမ်းတစ်ခုခုနှင့် ချမှတ်ပြီး ဆောင်ရွက်ပေးရေးတို့ကိုလည်း ဆောင်ရွက်ရန် ပြောကြားခဲ့သည်။

 

ဘိန်းစိမ်းဖမ်းဆီးရာမှ ခုခံပစ်ခတ်မှု ရဲအရာရှိတဦး ဒဏ်ရာရ

ဘိန်းစိမ်းများ ဝယ်ယူသိုလှောင်ထားသည်ဟူသော သတင်းအရ တောင်ကြီး မူးယစ် အထူးအဖွဲ့နှင့် ဖယ်ခုံမြို့နယ် ရဲတပ်ဖွဲ့ဝင်များက ၀င်ရောက်ဖမ်းဆီးရာ နေအိမ်အတွင်းမှ သေနတ်ဖြင့် ခုခံပစ်ခတ်သဖြင့် ရဲအရာရှိတဦး ဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောဆိုသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) ဖယ်ခုံမြို့နယ်၊ မိုးဗြဲဆည် အရှေ့ဘက်ကမ်းရှိ ကရင်ကျေးရွာအုပ်စု၊ နန်းဟူးကျေးရွာရှိ နေအိမ်တအိမ်တွင် ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ပြီး ပြန်လည်ပစ်ခတ်ခဲ့သူ အမျိုးသားမှာ မော်တော်ကားဖြင့် မောင်းနှင်ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရသည်။

အသက် (၂၅) နှစ်ခန့်ရှိ ဆန်းနိုင်ဆိုသူ၏ နေအိမ်သို့ တောင်ကြီးမူးယစ်အဖွဲ့နှင့် ဖယ်ခုံမြို့နယ် ရဲတပ်ဖွဲ့ဝင် အင်အား (၁၃) ဦးက သတင်းအရ ၀င်ရောက် ရှာဖွေရန် သွားရောက်စဉ် ပြန်လည် ပစ်ခတ်ခဲ့ခြင်းကြောင့် တောင်ကြီး မူးယစ်အထူး အဖွဲ့မှ ရဲအုပ် သန်းဇော်ဝင်း၏ ၀ဲဖက် တင်ပါးတွင် ထိမှန်ခဲ့ခြင်း ဖြစ်သည်။

နံနက် (၉) နာရီ အချိန်ခန့်တွင် ဖယ်ခုံမြို့နယ် ရဲတပ်ဖွဲ့ဝင် အင်အား (၁၂) ဦးခန့် ပြန်လည် ရောက်ရှိခဲ့ရာ ဆန်းနိုင်မှ ဆပ်(ဖ်) ကားအနက်ရောင်ဖြင့် မောင်းနှင်ထွက်ပြေးခဲ့ ကြောင်းနှင့် ရဲတပ်ဖွဲ့က လိုက်လံပစ်ခတ်သော်လည်း လွတ်မြောက်သွားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတဦးက  အခုလို ပြောဆိုသည်။

"ဆန်းနိုင်ရဲ့ နေအိမ်က နှစ်ထပ်တိုက်အိမ်ပါ။ မြေအောက်ခန်းလည်းရှိပါတယ်။ မြေအောက် ခန်းထဲမှာ ဘိန်းစိမ်းအနှံ့တွေလည်း ရပါတယ်။ ဘိန်းစိမ်း အကြွင်းအကျန် တွေကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်းသွားပါတယ်။ များများစားစားတော့ မတွေ့ရ တော့ပါဘူး။ ဆန်းနိုင်က မော်တော်ကားပေါ်ကို အထုပ်ငါးထုပ်လောက် ပစ်တင်သွားတာကို ပတ်ဝန်းကျင် အိမ်တွေက လှမ်းမြင်ရတယ်လို့ပြောပါတယ်။ ပစ္စည်းတွေက ကားပေါ်မှာ ပါသွားတယ်ထင်ပါတယ်။" လို့ နီးစပ်သူက ပြောဆိုသည်။

ဆန်းနိုင်အား ဖမ်းဆီးရမိခြင်း မရှိသေးသော်လည်း ၎င်းမောင်းနှင်ခဲ့သည့် မော်တော်ကားကို လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု အတွင်းရှိ ခဲတောင်အနီးတွင် သေနတ်ဒဏ်ရာ ခုနှစ်ချက်ခန့်နှင့် အတူ တွေ့ရှိခဲ့ကြောင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူတဦးထံမှ သိရသည်။

အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ ဖေဖေါ်ဝါရီလ ၂၄ ရက်က မိုးဗြဲရဲစခန်းသို့ သွားရောက်၍ သော်လည်းကောင်း ၊ ဖုန်းဖြင့် သော်လည်းကောင်း ဆက်သွယ်မေးမြန်းရာ အတည်ပြု ပြောဆိုခြင်း မရှိသော်လည်း ဖယ်ခုံရဲစခန်းမှ တပ်ဖွဲ့ဝင်တဦးကမူ "ဒီဖြစ်ရပ်ဖြစ်ပွားခဲ့တာ မှန်ပါတယ်။ အသေးစိပ်ကိုတော့ အထက်လူကြီးတွေမှ သိမှာပါ" ဖြေကြားသည်။

ယခုအခင်း ဖြစ်ပွားရာနေရာ အနီးဝန်းကျင်ရှိ ဒေသများတွင် ရေ၊ မြေ ကောင်းမွန်ပြီး စပါးနှင့် အခြားသီးနှံများစိုက်ပျိုးပါက ဖြစ်ထွန်းအောင်မြင်သော်လည်း ဘိန်းစိုက်ပျိုးသူ များပြားနေပြီး ယခုနှစ်တွင် ဘိန်းစိမ်းတပိဿာလျှင် ကျပ်ခုနှစ်သိန်း ပေါက်ဈေးရှိကြောင်း သိရသည်။

အလုပ်သမား ဥပဒေ ခိုင်မာအားကောင်းရန် လိုအပ်နေဟုဆို

မြန်မာနိုင်ငံတွင် အလုပ်သမား နစ်နာမှုများကို အကာကွယ်ပေးနိုင်သော ခိုင်မာ အားကောင်းသည့် ဥပဒေများ အားနည်း နေသောကြောင့် ပြည်တွင်းတွင် တရားဝင် ဖွဲ့စည်းထားသည့် အလုပ်သမားအဖွဲ့အစည်းများ နည်းပါးနေရခြင်း ဖြစ်ကြောင်း အလုပ်သမားရေးရာ ကျွမ်းကျင်သူများက ပြောသည်။

လက်ရှိ ထွက်ပေါ်လာသော ဥပဒေများကိုသာ အလုပ်သမားများနှင့် အလုပ်ရှင်များက နားလည် လက်ခံမည်ဆိုလျှင် နေရာတိုင်းတွင် အလုပ်သမားအဖွဲ့ များစွာ ပေါ်ပေါက်လာမည် ဖြစ်ကြောင်း အလုပ်သမားများအား ကူညီပေးနေသည့် Labour Rights Action အဖွဲ့မှ ကိုချစ်ဝင်းမောင်က ဆိုသည်။

"အလုပ်သမားဥပဒေက အလုပ်သမားတွေ အတွက် ကြောက်စရာ မကောင်းရဘူး။ ချစ်စရာ ဖြစ်နေရမှာ။ အဲဒီလို ဖြစ်လာမယ့် ဥပဒေမျိုး လိုအပ်နေသေးတာ။ အခု အလုပ်သမားဖွဲ့စည်းခွင့် ဥပဒေမှာ ဆိုရင် အဖွဲ့ဖွဲ့ခွင့်တော့ ပေးတယ်။ စည်းရုံးခွင့်ကို ပေးမထားဘူး" ဟု ၎င်းက ပြောသည်။

လက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်သားများမှအပ ကျန် အားလုံးသည် အလုပ်သမားများသာ ဖြစ်ကြောင်း အလုပ်သမား ဥပဒေတွင် ဖွင့်ဆိုထားပြီး လက်ရှိ မြန်မာနိုင်ငံ တ၀န်းလုံးတွင် အခြေခံ အလုပ်သမား အဖွဲ့အစည်းပေါင်း ၄၀၄ ဖွဲ့ကို တရားဝင် ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း၊ အလုပ်သမား အဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ နည်းဥပဒေ အရ ဆောင်ရွက်လျှက်ရှိသော အလုပ်သမားအဖွဲ့ ၅ ဖွဲ့၊ အလုပ်သမား အဖွဲ့ချုပ် ၁ ဖွဲ့၊ အခြေခံ အလုပ်ရှင်အဖွဲ့ ၁၇ ဖွဲ့တို့ကိုလည်း တရားဝင်ဖွဲ့စည်း ထားကြောင်း သိရသည်။

သို့ရာတွင် တရားဝင်မှတ်ပုံတင်ထားသော အလုပ်သမား အဖွဲ့များ စာရင်းတွင် ပညာရေး ၀န်ထမ်း တချို့ပါဝင်သည့် အလုပ်သမားအဖွဲ့ အနည်းငယ်သာ ရှိပြီး အစိုးရ၀န်ထမ်းများ နှင့်သက်ဆိုင်သည့် အလုပ်သမား အဖွဲ့အစည်း အရေအတွက်မှာ အလွန်နည်းပါး နေသေးကြောင်း သိရသည်။

"မြန်မာနိုင်ငံမှာက စက်ရုံ၊ အလုပ်ရုံတွေ သောင်းနဲ့ချီ ရှိပါတယ်။ ဒါပေမယ့် အခု တကယ်တရားဝင် ဖွဲ့စည်းထားတဲ့ အဖွဲ့ အရေအတွက်နဲ့ နှိုင်းယှဉ်ရင် အလွန်ကို နည်းပါသေးတယ်။ ကျနော်တို့အနေနဲ့ကတော့ အလုပ်ရှင်ရော အလုပ်သမား ကိုပါ အတူတကွ လက်တွဲပြီးလုပ်ဆောင်ဖို့ အားပေးတယ်" ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားများ အဖွဲ့ (ILO – ရန်ကုန်) တာဝန်ခံ ကိုမိုးမင်းသော်က ဧရာဝတီကို ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် အလုပ်သမား ၀န်ကြီးဌာနနှင့် အကျုံးဝင်သော ဥပဒေ ၁၇ ခုရှိသော်လည်း ခေတ်နှင့် လျော်ညီစွာ ပြန်လည် ပြင်ဆင်နိုင်သော ဥပဒေ ၃ ခုသာလျှင် ရှိနေသေးသည့် အတွက် ကျန်ရှိနေသော ဥပဒေများကို ခေတ်နှင့် အညီ ပြင်ဆင်နိုင်ရန် ဆွေးနွေး ညှိနှိုင်း တင်ပြထားကြောင်း အလုပ်သမား ၀န်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးမင်းက ဆိုသည်။

လက်ရှိ ပြင်ဆင်ပြီးသား ဥပဒေများမှ အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းခြင်းဥပဒေ၊ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ၊ လူမှုဖူလုံရေး ဥပဒေများ ဖြစ်ကြောင်း၊ အလုပ် လုပ်နေကြသော ကလေးသူငယ်များနှင့်ပက်သက်ပြီး ဥပဒေ အမျိုးမျိုး ရှိနေခြင်း ကြောင့် ကွဲပြားနေခြင်းများကို ပြန်လည် ပြင်ဆင်နိုင်ရန် ညှိနှိုင်းလျက် ရှိကြောင်း ၎င်းက ဆိုသည်။

ထိုသို့ ဖြစ်ရခြင်းမှာ ခေတ်နှင့်လျော်ညီစွာ ပြင်ဆင်ထားသော ဥပဒေများကလည်း အလွန် နုနယ်နေသေးသည့် အခြေအနေတွင် ရှိနေသောကြောင့် ဖြစ်ကြောင်း၊ ဥပဒေကို အလုပ်သမားနှင့် အလုပ်ရှင် နှစ်ဘက်စလုံးမှ သေချာစွာ နားလည် သဘောပေါက်ပြီး အချင်းချင်း ညှိနှိုင်းလာမည့် အနေအထားသို့ ရောက်ရှိလာရန်မှာလည်း အချိန်ယူ ဆောင်ရွက်ရမည့် ကိစ္စဖြစ်ကြောင်း ILO (ရန်ကုန်) ၏ နည်းပညာဆိုင်ရာ အကြံပေး အရာရှိချုပ် မစ္စတာ ရော့ဝီလဆင်က ပြောသည်။

ယနေ့ အချိန်တွင် အလုပ်ရှင်ဘက်မှ အလုပ်သမားများ အပေါ် အလုပ်ထုတ်လိုက်သည့် ကိစ္စရပ်များ ရှိနေသေး ကြောင်း၊ အလုပ်သမားများ အနေဖြင့် ဥပဒေကို ဆက်လက်လေ့ကျင့်ရန် လိုအပ်ကြောင်း၊ ဥပဒေ၏ အကာအကွယ် ပေးမှုကို သိမြင်ရန် လိုကြောင်း ၎င်းက ဆက်ပြောသည်။

"ဒါမှ ဥပဒေက တဖြည်းဖြည်း ရင့်ကျက်လာပြီးတော့ နှစ်ဦး နှစ်ဘက်ကြားမှာ ပိုပြီးတော့ အဆင်ပြေချောမွေ့မှုတွေ ရရှိ လာမှာပါ။ အလုပ်သမားတွေ ကို ပိုပြီးတော့ ပညာတွေ ပေးပြီးတော့ ခိုင်မာလာအောင် လုပ်မယ်၊ သန်မာလာအောင် လုပ်မယ်။ သူတို့အချင်းချင်းလည်း နားလည် သဘောပေါက် ပြီးတော့ နှစ်ဦးနှစ်ဘက်ကြားမှာ သဘော တူညီချက်တွေ ရှိလာမယ်" ဟု ၎င်းက ဆက်ပြောသည်။

သို့ရာတွင် အလုပ်သမားများကို ဥပဒေ အများအပြားဖြင့် ထုတ်ပြန်နေခြင်းထက် တိကျခိုင်မာသော၊ အဓိပ္ပာယ် ဖွင့်ဆိုချက် ပြည့်စုံကောင်းမွန်သော ဥပဒေ အနည်းငယ်ရှိလျှင် လုံလောက်ကြောင်း၊ အလုပ်သမားများအနေဖြင့် ပညာရေး အားနည်းချက်များရှိနေသည့်အထဲမှ ထိုဥပဒေများကိုသာ ထပ်မံလေ့လာရမည်ဆိုလျှင် မနိုင်ဝန်ကို ထမ်းနေရမည့် သဘောသို့ သက်ရောက်သွားမည် ဖြစ်ကြောင်း ကိုချစ်ဝင်းမောင်က ရှင်းပြသည်။

"ကိုယ့် လခလေးရဖို့ အတွက် အစာငတ်ခံ ဆန္ဒပြရတာနဲ့ အရမ်း ပင်ပန်းနေကြပြီ။ သူတို့က တည်ဆဲဥပဒေကို သူတို့ မယုံကြည်လို့သာ အခြားနည်းလမ်းတွေ ကို သူတို့သုံးနေကြရတာ" ဟု ၎င်းက ပြောသည်။

အလုပ်သမား အခွင့်အရေးနှင့် အလုပ်သမား ကိစ္စများကို အများလေးစားမှု ရရှိရန်မှာ ကျောင်းသင် ပညာရေး စနစ်တွင်ပင် ပြုလုပ်၍ ရနိုင်မည်ဟု ထင်မြင်မိ ကြောင်း၊ ထို့အပြင် စက်ရုံတွင်း၊ လုပ်ငန်းခွင် အတွင်း အလုပ်ရှင် -အလုပ်သမား ဆက်ဆံရေး ကောင်းမွန်လာအောင် တည်ဆောက်နိုင်မည် ဆိုလျှင် ပဋိပက္ခ ဖြစ်စဉ်များ လျော့ပါး ပပျောက်သွားမည့် အပြင် ပြဿနာ ဖြစ်လာပါကလည်း လွယ်လွယ်ကူကူဖြင့် ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်နေ့က ကျင်းပခဲ့သော အလုပ်သမားများ အခွင့်အရေးနှင့် လွတ်လပ်စွာ အသင်း ဖွဲ့စည်းခွင့် ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် အလုပ်သမား အဖွဲ့အစည်းများ၊ ပြည်တွင်း NGO များ၊ ILO မှပုဂ္ဂိုလ်များနှင့် အစိုးရ အလုပ်သမား ရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ အလုပ်သမားများ အဖွဲ့ ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

အဓမ္မ ပြုကျင့်ခံရသည့် ကလေးကို ခိုးမှုဖြင့် ပြန်ဖမ်းဆီး

အသက် ၁၅ နှစ်အရွယ် မိန်းကလေးကို ခြိမ်းခြောက် အဓမ္မ ကျင့်ခဲ့သည်ဟု စွပ်စွဲခံထားရသော စားသောက်ဆိုင်ပိုင်ရှင် အမျိုးသား၏ ဇနီးသည်က ၎င်း မိန်းကလေးကို ခိုးမှုဖြင့် ပြန်လည် အမှုဖွင့် ဖမ်းဆီးထားသည်ဟု သိရသည်။

အဆိုပါ မိန်းကလေးသည် အတန်းပညာကို မသင်ဘူးခဲ့ကြောင်း၊ ရန်ကုန် မြောက်ဥက္ကလာပရှိ ချယ်ရီ စားသောက်ဆိုင်တွင် ၂၀၁၀ ပြည့်နှစ်က လုပ်အားခ တလ ကျပ် ၁ သောင်းခွဲဖြင့် အလုပ်လုပ်ရန် မိဘများက အပ်နှံခဲ့ကြောင်း၊ ၎င်းကို ဆိုင်ရှင် အမျိုးသားက ၆ ကြိမ်တိုင်တိုင် အဓမ္မ ပြုကျင့်ခဲ့ပြီး ဆိုင်ရှင်၏ ဇနီး သိရှိသွားသည့် နောက်ပိုင်းတွင် ပြဿနာ တစုံတရာ ဖြစ်လာမည်ကို စိုးရိမ်သဖြင့် ဆိုင်ရှင်အမျိုးသား၏ အစ်မအိမ်သို့ တလခန့် ပို့ထားခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် မြောက်ဥက္ကလာပ ရောင်ခြည်သစ် လ္ဘက်ရည်ဆိုင်သို့ ပို့ထားခဲ့ပြီး ၎င်းနေရာတွင် မလုံခြုံဟု ဆိုကာ လာရောက်ခေါ်ယူ၍ အောင်မင်္ဂလာ ကားကွင်းရှိ သန့်စင်ခန်းတွင် ၃ လခန့် သွားရောက် ကူညီလုပ်ကိုင်ခဲ့ရကြောင်း၊ ယင်းနေရာတွင် မကြာခဏ လာရောက် ခြိမ်းခြောက်ကြကြောင်း၊ ၎င်းနောက်တွင်မှ နေအိမ်သို့ ဆက်သွယ်ရန် ဖုန်းနံပါတ်ကို ရှာတွေ့ကာ ဆက်သွယ်ခဲ့ရကြောင်း မိန်းကလေးက ၎င်း အဖမ်းမခံရမီ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ဧရာဝတီကို ရှင်းပြခဲ့သည်။

"သမီးကို အဓမ္မကျင့်ပြီးတော့ အဖြူရောင် ဆေးတလုံး တိုက်တယ်။ ဘယ်သူ့ကိုမှ မပြောနဲ့၊ နင်ပြောရင် နင့်ကို သတ်မယ် လို့လည်း ခြိမ်းခြောက်တယ်" ဟု သူက ပြောဆိုခဲ့သည်။

အဓမ္မမှုဖြင့် ချုပ်နှောင် ခံထားရသူ စားသောက်ဆိုင် ပိုင်ရှင် ဦးမြင့်အောင်၏ ဇနီးက ဖေဖော်ဝါရီ ၂၃ ရက်နေ့ ညနေပိုင်းတွင် အဆိုပါ မိန်းကလေးသည် ကျပ် ၃ သိန်းတန် လက်ပတ်နာရီနှင့် ပိုက်ဆံ ကျပ် ၂ သောင်း ခိုးယူခဲ့ကြောင်း ရန်ကုန် မြောက်ဥက္ကလာပ ရဲစခန်းသို့ တိုင်ကြားခဲ့သောကြောင့် ရန်ကုန် နတ်မောက်လမ်းရှိ အမျိုးသမီးကလေးသူငယ် စောင့်ရှောက်ရေး ကျောင်းသို့ ၂၄ ရက်နေ့က ပို့လိုက်သည်ဟု စခန်းမှူး ဦးညီညီလွင်က ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။

"ကလေးမကိုတော့ ခိုးမှုနဲ့ ဖမ်းထားပါတယ်။ (ပ) နံပါတ် ၁၀၄၊ ၁၃ ပုဒ်မ ၃၈၁ နဲ့ စွဲထားတယ်။ သူ့ကိုတော့ အမျိုးသမီး ကျောင်းမှာ နောက်လ ၈ ရက်နေ့ အထိ ထားသွားမှာပါ။ ဒီကြားထဲ တရားရုံးက ခေါ်မှ သွားထုတ်ပေးမယ်" ဟု စခန်းမှူးက
ဆိုသည်။

မိန်းကလေး၏ မိဘများ ရဲစခန်းတွင် အမှုသွားဖွင့်စဉ် ကတည်းက ဆိုင်ရှင်၏ ဇနီးဖြစ်သူသည် ၎င်းနေအိမ်မှ ပစ္စည်းများ ပျောက်သွားခဲ့ သောကြောင့် မိန်းကလေးကို ခိုးမှုဖြင့် အမှုဖွင့်တိုင်ကြားမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

မိန်းကလေးအား စားသောက်ဆိုင်ပိုင်ရှင်များက တခြားအရပ်သို့ ပို့ဆောင်ခဲ့ချိန်တွင် အ၀တ် ၁၀ ထည်ခန့်သာ ယူသွားပြီး မည်သည့် ပစ္စည်းမှ ခိုးယူခဲ့ခြင်း မရှိကြောင်း အဆိုပါ မိန်းကလေးက အဖမ်းမခံရမီ ဧရာဝတီသို့ ပြောပြခဲ့သည်။

"သမီးကို သူတို့ အိမ်ကနေ တခြားနေရာ ပြောင်းခိုင်းတုန်းက ၀တ်စရာကလွဲပြီး ဘာမှ မယူဘူး။ သူတို့ရဲ့ တန်ဖိုးကြီးတဲ့ နာရီ တွေ၊ ပိုက်ဆံတွေလည်း မခိုးပါဘူး။ ပြောင်းဖို့ ခေါ်သွားတဲ့နေရာ သွားတဲ့ အချိန်တောင် ပိုက်ဆံ တပြားမှမရှိဘူး" ဟု သူက ဆိုသည်။

ဤအမှုကို မိန်းကလေးဘက်မှ လိုက်ပါဆောင်ရွက်ပေးမည့် ရှေ့နေများကွန်ယက်မှ ရှေ့နေ တဦးက မိန်းကလေးငယ်၏ လက်ထဲတွင် ခိုးရာပါ ပစ္စည်း မတွေ့ရဖြင့် ခိုးမှုမမြောက်ကြောင်း၊ လည်ဆည်တိုင်ကြား ခြင်းသာ ဖြစ်နိုင်ကြောင်း၊ တရားရုံးတွင် ရုံးတင်စစ်ဆေးသည့် အခါ အဆိုပါအမှုကို တရားမျှတမှု ရှိမရှိ စောင့်ကြည့်ကာ လိုအပ်သည်များကို ကူညီ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရှင်းပြသည်။

မိန်းကလေးကို ပစ္စည်းခိုးသည်ဟု တိုင်ကြားခြင်းမှာ လုပ်ဇာတ်သာဖြစ်ပြီး မိန်းကလေးကို တခြားနေရာသို့ ပို့သည့် အချိန်တွင် ဇာတ်လမ်း စဉ်ထားပြီး ဖြစ်ကြောင်း၊ ထိုသို့ ပြုလုပ်ခြင်းသည် အလွန်ပင် ရုပ်ဆိုးသည့် ဖြစ်ရပ်ဖြစ်ကြောင်း မိန်းကလေးကို လိုက်လံ ကူညီပေးနေသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကလေးသူငယ် ကူညီ စောင့်ရှောက်ရေး အဖွဲ့ မှ ဒေါ်လေးလေးက ဧရာဝတီသို့ ပြောသည်။

အသက်မပြည့်ဘဲ အဓမ္မပြုကျင့် ခံရသူ၊ ချုပ်နှောင်ခံခဲ့ရသူ မိန်းကလေး၏ အမှုတွင် ကျူးလွန်သူကို ချုပ်နှောင် ထားသော်လည်း အမှုငယ်စေရန် ကြံစည်မှုများ ရှိနေကြောင်း၊ မိန်းကလေးဘက်မှ အပြီးတိုင် ဆောင်ရွက် ကူညီ ပေးသွားမည် ဖြစ်ကြောင်း၊ သူက ဆိုသည်။

ဆိုင်ရှင် အမျိုးသား ဦးမြင့်အောင်ကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ် ရဲစခန်းတွင် ချုပ်ထားကာ (ပ) နံပါတ် ၃၅/ ၁၃/ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၆ နှင့် အမှုဖွင့်ထားပြီး တိုင်ကြားစွဲဆိုခဲ့သည့် တခြား အမှုတမှု ဖြစ်သော လူကုန်ကူးမှုကိုမူ အမှုမမြောက်သဖြင့် သက်ဆိုင်ရာက လက်မခံကြောင်း စခန်းမှူး ဦးညီညီလွင်က အတည်ပြု ပြောဆိုသည်။

၎င်းက "ဒီလ ၂၇ ရက်နေ့မှာ ဦးမြင့်အောင်ကို အမှုစစ်ဖို့ ရုံးချိန်း ခေါ်ထားပါတယ်" ဟု ဆိုသည်။

ချယ်ရီ စားသောက်ဆိုင်ပိုင်ရှင် အမျိုးသမီးကို ဧရာဝတီက ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍မရပေ။

"သမီးကတော့ အဲဒီပိုင်ရှင် နှစ်ဦးစလုံး ထောင်ကျစေချင်တယ်။ ပြီးတော့ နောက်ထပ် ညအိပ်ပြီး အလုပ်လုပ်ရမယ်ဆိုရင်လည်း မလုပ်ရဲတော့ဘူး။ သမီးလို အရွယ်ရှိတဲ့ သူတွေအားလုံးလည်း ညအိပ်ပြီး အိမ်ဖော်လုပ်ရမယ်ဆိုရင် မလုပ်ဖို့ ပြောချင်ပါတယ်" ဟု မထက်ထက်က ပြောသည်။

မိန်းကလေးငယ် အဓမ္မ ပြုကျင့်ခံရသည်နှင့် ပတ်သက်၍ ကူညီချင်သော်လည်း ရဲမှုခင်းဖြစ်သောကြောင့် ရဲဌာနကိုသာ လွှဲပြောင်းပေးခဲ့ရကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ (ILO) မှ တာဝန်ရှိသူ တဦးက ဆိုသည်။

ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်ကို ကမ္ဘာ့နိုင်ငံ အသီးသီးမှ ၁၉၈၉ ခုနှစ်တွင် စတင် လက်မှတ် ရေးထိုးချုပ်ဆို ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ၁၉၉၉ ခုနှစ် ရောက်မှသာလျှင် လက်မှတ် ရေးထိုးခဲ့ကြောင်း၊ စာချုပ် တွင်အချက်ပေါင်း ၅၄ ချက်ပါဝင်ပြီး အချက် ၄၀ အထိ ကလေး အခွင့်အရေး ဖော်ပြထားကာ၊ ကျန် ၁၄ ချက်သည် အစိုးရများ ဘက်မှ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အပိုင်းကို ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း သိရသည်။

ကလေးသူငယ်၏ အသက် အပိုင်းအခြားကို နိုင်ငံတကာတွင် ၁၈ နှစ်အရွယ်အထိ သက်မှတ်ထားပြီး မြန်မာနိုင်ငံတွင်မူ အသက် ၁၆ နှစ်အထိသာ ကလေးအဖြစ် သတ်မှတ်၍ အသက် ၁၆ နှစ်မှ ၁၈ နှစ်ကို လူငယ်ဟု သတ်မှတ်ထားသည်။

သွေးဖိုး၊ သွေးအိတ်ဖိုး မတတ်နိုင်သူ လူနာများစွာရှိ

အစိုးရ ဆေးရုံများတွင် တက်ရောက်ကုသနေသည့် လူနာအများစုသည် သွေးသွင်းရန် လိုအပ်ပါက သွေးအိတ်ဝယ်ယူနိုင်ရန် ငွေကြေးအခက်အခဲ များစွာ ရှိနေကြောင်း မြတ်မေတ္တာသွေးအဖွဲ့မှ ကိုရဲထွန်းစိုးက ဧရာဝတီသို့ ပြောသည်။

"သွေးလိုအပ်လို့ အကူအညီ တောင်းတဲ့သူ အများစုက သွေးဝယ်ဖို့မပြောနဲ့၊ သွေးအိတ်ဖိုးတောင် ပေးစရာ မရှိတာတွေ အများကြီးပဲ။ သွေးလွန်တုပ်ကွေး ဖြစ်တဲ့ ကလေးတွေက သွေးလိုအပ်တာ ပိုများတယ်" ဟု သူက ဆိုသည်။

သွေးအလှူရှင် ရှိလျှင်ပင် သွေးစစ်ခနှင့် သွေးအိတ်ခွံအတွက် ကျပ် ၇၅၀၀ ပေးရသည့်အတွက် ယင်းငွေကြေးကိုပင် ဆေးရုံသို့ ပေးသွင်းရန် ခက်ခဲနေကြောင်း၊ ကုမ္ပဏီများ၊ ပရဟိတ အဖွဲ့အစည်းများက အစုအဖွဲ့လိုက် အမျိုးသား သွေးလှူဘဏ်သို့ တိုက်ရိုက် သွေးလှူဒါန်းကြသော်လည်း လူနာများအတွက် လှူဒါန်းသည့် နေ့တွင်သာ အခမဲ့ သွေးအိတ်ရရှိကြောင်း၊ ၎င်း သွေးလှူ အဖွဲ့၏ အတွေ့အကြုံအရ လူနာအတွက် လိုအပ်သည့် သွေးကို ဆေးရုံမှ ခေတ္တယူသုံးသည်ဟု ဆိုကာ အစားပြန် ပေးရန် သွေးအလှူခံသူများလည်း ရှိနေကြောင်း သိရသည်။

"ဆေးရုံတွေမှာ သွေးလိုအပ်တဲ့သူတွေအတွက် သွေးကိစ္စကို ဆေးရုံကပဲ တိုက်ရိုက်ကိုင်တွယ်တယ်၊ သွေးလှူဘဏ်နဲ့ မဆိုင်ဘူး" ဟု အမျိုးသားသွေးလှူဘဏ်မှ တာဝန်ရှိသူက ဧရာဝတီသို့ ပြောသည်။

သွေးအများဆုံးလိုအပ်သည့် ဆေးရုံများမှာ ကလေးဆေးရုံနှင့် အမျိုးသမီး ဆေးရုံတို့ ဖြစ်ပြီး ကလေးဆေးရုံရှေ့တွင် သွေးပွဲစား များလည်း ရှိနေကြောင်းသိရသည်။

ကလေးဆေးရုံကြီး ရှေ့တွင် အဆင်သင့် စောင့်ဆိုင်းနေသည့် သွေးပွဲစားတဦးက "အရင်တုန်းကတော့ အလုပ်အရမ်းဖြစ်တယ်၊ တနေ့ကို ဝင်ငွေ ကျပ် ၁ သောင်း၊ ၁ သောင်းခွဲ လောက်အထိ ရကြတယ်။ အခုနောက်ပိုင်းတော့ သွေးလှူ အသင်းတွေလည်း များလာတော့ တနေ့မှ ၅၀၀၀ နဲ့ ၇၀၀၀ ကျပ် ဝန်းကျင်လောက်ပဲ ရတော့တယ်" ဟု ဧရာဝတီသို့ ပြောသည်။

အခမဲ့သွေးလှူဒါန်းမှု ပြုလုပ်သည့် အဖွဲ့အစည်းများကိုပင် ဆေးရုံတချို့က မချေမငံ ဆက်ဆံမှု ရှိနေသည့်အတွက် သွေးလှူသူ အများစုမှာ ကလေးဆေးရုံနှင့်သာ ဆက်သွယ် လှူဒါန်းကြကြောင်း သိရသည်။

"အမျိုးသမီး ဆေးရုံဆိုရင် ဆက်ဆံရေး အရမ်းဆိုးတယ်ဗျ။ ကျနော်တို့ ကုသိုလ်ကနေ အကုသိုလ်မဖြစ်ချင် ဘူးလေ၊ ကလေးဆေးရုံကတော့ နွေးနွေးထွေးထွေးရှိတော့ အဲဒီမှာပဲ လှူဖြစ်တော့တယ်" ဟု ကိုရဲထွန်းက ဆိုသည်။

ရန်ကုန် ကလေးဆေးရုံကြီးမှ သွေးလွန်တုပ်ကွေး ဝေဒနာရှင်တဦး၏ မိခင်ဖြစ်သူ ဒေါ်စောကြည်က သူ၏ ကလေးမှာ အခြေအနေ စိုးရိမ်ရသည့် ရောဂါအဆင့် ၃ ဖြစ်သည့်အတွက် သွေးသွင်းရသည့် ပမာဏများပြားနေကြောင်း၊ ငွေကြေး မတတ်နိုင်သဖြင့် သွေးအလှူရှင် နေ့စဉ် ရှာနေရကြောင်း၊ သွေးအလှူရှင် မရပါက ဆေးရုံမှ ဝယ်ယူ သုံးနေရသဖြင့် ငွေကြေး ကုန်ကျမှု အလွန်များနေကြောင်း ပြောပြသည်။

"ဆေးရုံကသာ သွေးအိတ် အလကား ပေးမယ်ဆိုရင် တော်တော် အဆင်ပြေကြမှာပါ။ ကိုယ့်ကလေးက ရောဂါ ခံစားနေရတာ မကြည့်ရက်တော့ ငွေကြေးမရှိပေမယ့်လည်း ရသလို ချေးငှားပြီး ကုနေရတာပေါ့။ သွေးအလှူရှင်တွေဆီက သွေးမရတဲ့ နေ့မျိုး တွေဆို တော်တော်ဒုက္ခရောက်တယ်" ဟု ဒေါ်စောကြည်က ဆိုသည်။

ဆေးရုံများ၏ ပြင်ပတွင် သွေးဝယ်ရောင်း ပြုလုပ်နေသည့် ပွဲစား တချို့ထံမှ အရေးပေါ် သွေးလိုသူများ၊ သွေးအလှူရှင် ရှာမရ သူများက သွားရောက် ဝယ်ယူတတ်ကြောင်း၊ တခါတရံတွင် သွေးလှူ အသင်းနှင့် မှားယွင်းကာ မေးမြန်းခြင်းလည်း ရှိကြောင်း သွေးပွဲစားများထံမှ သိရသည်။

"အရေးပေါ်သွေးလိုတော့ ဆေးရုံမှာက သွေးမရှိဘူး၊ အပြင်ကနေ သွေးဝယ်တော့ သွေးပေးမယ်၊ ငွေဘယ်လောက်ပေး မလဲ ဆိုတာမျိုးတွေ ကြုံရတယ်၊ ကျနော်က အပြင်ကသွေးတော့ မသွင်းဘူး၊ စိတ်မချရဘူးလို့ ထင်လို့ပါ" ဟု အစာအိမ် သွေးကြော ပေါက်သဖြင့် အရေးပေါ် ခွဲစိတ်ခဲ့ရသူ ကိုညီညီထွန်းက သူ၏ အတွေ့အကြုံကို ပြောပြသည်။

ယခုလက်ရှိကာလတွင် မိုးရာသီထက် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု များပြားနေသောကြောင့် သွေးလိုအပ်မှုလည်း မြင့်တက်နေကြောင်း ရန်ကင်းကလေးဆေးရုံကြီးမှ ဆရာဝန်တဦးက ပြောဆိုသည်။

သွေးလိုအပ်ပါက သွေးတအိတ်လျှင် ကျပ် ၁ သောင်းခွဲခန့် ပေးရကြောင်း၊ သွေးလှူရှင်များထံမှ သွေးရရှိပါက သွေးတအိတ် အတွက် ဆေးစစ်ခနှင့် သွေးထည့်မည့်အိတ်ဖိုး ၇၅၀၀ ကျပ်ကို လူနာရှင်က ဆေးရုံသို့ ပေးသွင်းရပြီး သွေးကိုမူ အခမဲ့ ရရှိနိုင် ကြောင်း၊ သွေးပွဲစားများထံမှ သွေးဝယ်ယူရပါက သွေးတအိတ်လျှင် ကျပ် ၁ သောင်းမှ ၁၂၀၀၀ ကျပ်အကြား ပေးရကြောင်း သိရသည်။


တိုက်ပွဲရပ်ရန် သမ္မတ ညွှန်ကြားသော်လည်း SSPP/SSA နယ်မြေ၌ တိုက်ပွဲဆက်ဖြစ်နေဆဲ

သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် SSPP/ SSA နှင့် မြန်မာအစိုးရတပ်မတော်အကြား တိုက်ပွဲများရပ်တန့်ရန် စနေနေ့ကသမ္မတက ထပ်မံညွှန်ကြားသော်လည်း တိုက်ပွဲ ကြိုကြားဖြစ်နေသေး ကြောင်း သျှမ်းပြည်တပ်မတော် သတင်းရပ်ကွက်ကဆိုသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တပ်မတော်သားများ

သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တပ်မတော်သားများ

ဖေဖော်ဝါရီလ ၂၃ ရက် နေ့က သမ္မတကြီးထံ SSPP/SSA မှ အချက် ၆ ချက်ပါ စာတစောင်ပေးပို့လိုက်ပြီး နောက် မြန်မာအစိုးရ တပ်များ တပ်ဆုတ်မည့်ဟန်ဖြင့် လှုပ်ရှားနေသော်လည်း တကယ်တပ်ဆုတ်မည့်ဟန် မဟုတ်ဘဲ စစ်ရေးဗျူဟာအရ မျက်လှည့်ပြနေခြင်းဖြစ်နိုင်ကြောင်း သျှမ်းပြည်တိုးတက်ရေးပါတီမှအကြီး အကဲတဦးကပြောသည်။

"သောကြာနေ့က သမ္မတကြီးဆီစာပို့ပြီးတဲ့နောက်ပိုင်း ရမခ တိုင်းမှူးက သူတို့လူ အလောင်း တွေကိုပြန် ကောက် မှာမို့လို့  ခြုံခိုတိုက်ခိုက်ခြင်းမပြုဖို့ ကျနော်တို့ လားရှိုးရုံးထိုင်တဲ့အရာရှိကို အကြောင်းကြားလာတယ်။ ဒါပေမယ့် လူနာဘဲ ကောက်ဖို့ မဟုတ်ဘူး၊ တပ်စခန်းနားကို ချဉ်းကပ်ဖို့လာနေတာလဲတွေ့ရတယ်။ မိုင်းရှူးမြို့နယ် မိုင်းအောတ် ဘက်လဲ စကခ ၂ လက် အောက်ခံတပ်တွေက အင်းအားဖြည့် လှုပ်ရှားနေတာ တော့တွေ့ရတယ်။ အခု ဝမ့်လွယ်ရွာအနီးဘက်မှာ စစ်ရေးတင်းမာမှု  ပိုများလာနေတယ်။ အဲဒီ့ဘက်လဲ တိုက်ပွဲထပ်ဖြစ်ရင်တော့ ရက်ရှည်သွားမှာသေချာတယ်။" ဟု SSPP/SSA အရာရှိတဦးကပြောသည်။

ယခုလ ၁၈ ရက်နေ့က ရလခ တိုင်းနှင့် ရမခ တိုင်းအောက်မှ စစ်ယာဉ်တန်းများ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ထိန်းချုပ်နယ်မြေဘက် အင်အားပို့ဆောင်ပြီးနောက် အဆိုပါ ၁၈ ရက်နေ့တွင် တကြိမ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် နှစ်ကြိမ်၊ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ၂ ကြိမ် တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း ဆိုသည်။

"အစိုးရတပ်ကတော့ ဖေဖော်ဝါရီ ၂၆ ရက်မှာရောက်လာမယ့် အမေရိကန် DEA အဖွဲ့ကို လုံခြုံရေးယူပေး ဖို့ဆိုဘဲ။ အဲဒါနဲ့ ကျနော်တို့ရဲ့ ဒီဒေသမှာရှိတဲ့ စခန်းတွေကို  တပ်မ ၂ ခုနဲ့ ညှပ်ပြီးဖယ်ထုတ်ဖို့ စီစဉ်တာလို့ ကြားရတယ်။ ဒါကြောင့် DEA ဟယ်လီ ကော်ပတာကို မိုင်းကောင်အုပ်စု အရှေ့ဘက် ပန်ဖီမှာဆင်းမယ် လို့သူတို့ပြောလာတယ်။ အဲဒီပန်ဖီဆိုတာ လျှိုကြီးလေ။ ဘယ်လိုလုပ်ဆင်းနိုင်မလဲ။ သူတို့ရဲ့အကြောင်း ပြချက်ပေါ့၊ DEA တကယ်လာရင်တော့ ညှိယူလို့ရတယ်။ ကျနော် တာဝန်ယူပေးလို့ရတာပဲ" ဟု အဆိုပါအရာရှိကပြောဆိုသည်။

သမ္မတကြီးထံလိပ်မူသည့် "တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ရပ်စဲသွားနိုင်ရေးအတွက် တင်ပြခြင်း" စာတွင် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် SSPP/SSA အနေဖြင့် ငြိမ်းချမ်းရေးကိုအမှန် တကယ်လိုလား မှုကြောင့် ၂၀၁၂ က အစိုးရ၏ တောင်းဆိုချက် အပေါ် မိမိတို့၏ တပ်စခန်း ၃ ခုကို ဆုတ်ခွာ ပေး လိုက်ရကြောင်း၊ ယခုလည်းဘဲ မိမိတို့ တပ်မတော်သည် တန့်ယန်းမြို့နယ် လွယ်လန်းတောင်ကြော၊ နမ့်လပ်-နမ့်ပန်-ပန်ဟုန်းတောင်ကြော၊ တောင်ဇင်-လွယ်ချိုတောင်ကြော၊ လွယ်စေးတောင်ကြောတို့တွင် အခြေပြုလှုပ်ရှားနေကြောင်း၊ ထိုကြောင့် မိမိတို့အပေါ် ထိုးစစ်ဆင်တိုက်ခိုက်နေမှုများ အမြန်ဆုံးရပ်ဆိုင်း ပေးစေလိုကြောင်း တောင်းဆိုသည် - အစရှိသဖြင့်ပါရှိကြောင်း သိရသည်။

ရေနံ၊သတ္တုနှင့် စက်မှုထုတ်ကုန်လုပ်ငန်းများ၌ ရင်နှီးမြှုပ်နှံရန် အမေရိကန် စိတ်ဝင်စား

မြန်မာနိုင်ငံစက်မှုထုတ်ကုန်ပိုင်းဆိုင်ရာလုပ်ငန်းများတွင် အမေရိကန်ပြည်ထောင်စုမှရင်းနှီးမြုပ်နှံရန် ဖေဖော်ဝါရီလ(၂၅)ရက်နေ့ က နှစ်ဘက်ညှိုနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။

 

မြန်မာ-အမေရိကန်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာပြီး အမေရိကန်နိုင်ငံ အရေးယူ ပိတ်ဆို့ထားသည့် စီးပွားရေးလုပ်ငန်းများ ကို ပြန်လည်ဖွင့်ပေးစေလိုသည့် ရည်ရွယ်ချက်ဖြင့် အဆိုပါဆွေးနွေးမှုအား ပြုလုပ်ရခြင်းဖြစ်သည်ဟု UMFCCI ဒုဥက္ကဌ ဦးမောင်မောင်လေးက ဆိုသည်။

 

" သူတို့ကြိုက်တာနဲ့ ဒီဘက်က ပေးနိုင်တာနဲ့ လုပ်ငန်းအနေအထားတွေ ညှိနှိုင်း ဆွေးနွေးတိုင်ပင် ကြမှာပါ " ဟု UMFCCI ဒုဥက္ကဌ ဦးမောင်မောင်လေးက ပြောသည်။       

 

မြန်မာ-အမေရိကန် ရင်းနှီးမြုပ်နှံမှုကဏ္ဍ၌ ရေနံတူးဖော်ခြင်း၊ သတ္တုတူးဖော်ခြင်းနှင့် စက်မှုကုန်ထုတ်လုပ်မှုအပိုင်းများအား အဓိကထား ဆွေးနွေးသွားမည်ဖြစ်ကြောင်းကိုလည်း သိရှိသည်။  

 

"အဓိက သူတို့က ရေနံလုပ်တာတွေ၊ သတ္တုတူးဖော်တာတွေ လုပ်ချင်တာ။ သူတို့က ရေနံတူးချင်တယ်ဆိုလည်း အစိုးရက   နေရာပေးဦးမှ ၊ သတ္တုတူးဖော်ချင်တယ်ဆိုလည်း တူးခွင့်ပေးဦးမှ။ ဒါတွေက တဖြေးဖြေး ဆွေးနွေးသွားကြရမှာပါ သူတို့က လုပ်ချင်လို့လာတယ်။ အခုက နိုင်ငံတကာမှာ ရှိပြီးသား အမေရိကန် ကုမ္ပဏီတွေက တိုက်ရိုက်လာတာ။ နောက်ပိုင်းမှာ အမေရိကတိုက်ကြီးကနေ လာဖို့ ရှိတယ်" ဟု UMFCCI မှ တွဲဘက်ဘဏ္ဍာရေးမှူး ဦးမြတ်တင်အောင်က ပြောသည်။

 

ထိုသို့ အမေရိကန်ပြည်ထောင်စုမှ ရင်းနှီးမြုပ်နှံမှုများ ၀င်ရောက်လာပါက မြန်မာနိုင်ငံ၌ အလုပ်အကိုင်များ ပေါများလာခြင်း၊ နည်းပညာသစ်များ ရရှိနိုင်ခြင်း အစရှိသည့် အကျိုး သက်ရောက်မှုများစွာရရှိလာနိုင်ကြောင်းကို မြန်မာစီးပွားရေး လုပ်ငန်းရှင်များထံက သိရှိရသည်။       

 

" အရင်က မြန်မာကို အမေရိကန်က ဆန်ရှင်ပိတ်ထားတဲ့အတွက် ရင်းနှီးမြုပ်နှံမှုတွေ မရဘူး။ အခုဆို  FDI တွေ ၀င်လာမယ် ဆိုရင် ရင်းနှီးမြုပ်နှံမှုတွေ ရလာမယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးလာမယ်။ တိုင်းပြည်တစ်ပြည်တိုးတက်ဖို့ ဆိုတာက FDI လာမှ ရမှာလေ။ နည်းပညာတွေလည်း ရမယ်။ အကျိုးကျေးဇူးတွေ အများကြီး ရလာနိုင်ပါတယ်" ဟု မြန်မာ့လက်မှု ပစ္စည်းများရောင်းချလျက်ရှိသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။       

 

အမေရိကန်ပြည်ထောင်စုနှင့် မြန်မာ့စီးပွားရေးဆက်သွယ်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ အမေရိကန်အခြေစိုက်ကုမ္ပဏီများမှ လုပ်ငန်းရှင်ပေါင်း (၅၁)ဦးက နိုင်ငံအသီးသီးမှ စီးပွားရေး လုပ်ငန်းရှင်များနှင့် ပြည်တွင်းလုပ်ငန်းရှင်များ (၁၅၀)ကျော် တက်ရောက်ခဲ့ကြသည်။

 

အဆိုပါတွေ့ဆုံဆွေးနွေးပွဲ၌ မြန်မာ့လက်မှုပစ္စည်းများဖြစ်သည့် ယွန်းထည်၊ သနပ်ခါး၊ ဖိနပ်များ၊ ရိုးရာအ၀တ်အထည်များ၊ လက်ဝတ်ရတနာအရောင်းဆိုင် ဆိုင်ခန်းပေါင်း(၁၀)ခန်းကျော်မှ ခင်းကျင်းပြသခဲ့ကြောင်းကိုလည်း သိရသည်။

 

ဖေဖော်ဝါရီလ(၂၅)ရက်နေ့ညနေပိုင်း၌ အမေရိကန်စီးပွားရေးရင်းနှီးမြုပ်နှံမှုလိုသူများနှင့် မြန်မာလုပ်ငန်းရှင်အချို့မှာ စီးပွားရေးလုပ်ငန်းများအကျီုးတူဆောင်ရွက်နိုင်ရန် သဘောတူ စာချုပ်ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။

 

 

မြန်မာသမ္မတ ဦးသိန်းစိန် ဥရောပခရီး စတင်