Thursday, August 15, 2013

ဒုက္ခသည်များကို အတင်းမရွှေ့ပြောင်းသင့်ကြောင်း ကင်တားနားထံ Equality Myanmar တင်ပြ

မြန်မာနိုင်ငံ တိုင်းရင်းသားဒေသများရှိ စစ်ဘေးရှောင်ဒုက္ခသည်စခန်းများတွင် ခိုလှုံနေသူများကို အတင်းအကြပ် ဖိအားပေး ရွှေ့ပြောင်းခိုင်းမှု မပြုလုပ်သင့်ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာသော မတ်စ်အိုဂျေးကင်တားနားကို တင်ပြဆွေးနွေးခဲ့ကြောင်း Equality Myanmar အဖွဲ့က ပြောသည်

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် သောမတ်စ် အိုဟေးကင်တားနားကို သြဂုတ်လ ၁၂ရက်နေ့က ရန်ကုန်မြို့၌ တွေ့ဆုံစဉ် ထိုကဲ့ သို့ တင်ပြလိုက်ခြင်းဖြစ်ကြောင်း Equality Myanmar အဖွဲ့မှ တာဝန်ခံ ဦးအောင်မျိုးမင်းက ကေအိုင်စီသို့ ယခုလို ပြောဆိုသည်။

"စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေမှာ နေထိုင်တဲ့သူတွေရဲ့ ဆန္ဒမပါဘဲ ဖိအားပေးပြန်ပို့ဖို့လုပ်နေတာ၊ ပြန်ပို့တဲ့အခါလည်း နေရာတွေကို ဖြစ်သလိုစီစဉ်ထားတာ။ နောက် ဒုက္ခသည်စခန်းတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အချက်အလက်တွေကို တင်ပြဆွေးနွေးခဲ့ပါတယ်။"ဟု ဦးအောင်မျိုးမင်းက ပြောသည်။

ယင်းသို့ တင်ပြခဲ့မှုအပေါ် လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ကင်တားနားက ၎င်းအနေဖြင့်လည်း စစ်ဘေးရှောင်ဒုက္ခသည် များ၏ လူ့အခွင့်အရေးအခြေအနေများကို အဆက်မပြတ် စောင့်ကြည့်နေသလို လူ့အခွင့်အရေးကိစ္စအတွက် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးသွားမည်ဟု ပြန်လည်ဆွေးနွေး ပြောကြားခဲ့ ကြောင်း ဦးအောင်မျိုးမင်းက ဆက်ပြောသည်။

လက်ရှိအချိန်၌ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဒုက္ခသည်စခန်းများ၌ နေထိုင်သူများကို ပြည်နယ်အစိုးရက တောင်ခြေရေ၀ပ် ဧရိယာတွင် ဆောက်လုပ်နေရာချထားပေးမည်ဖြစ်သည့်အတွက် ပြောင်းရွှေ့နေထိုင်ရန် ဆန္ဒရှိမရှိ ဒုက္ခသည်စခန်းများသို့ စာရင်း ကောက်ယူသော်လည်း ဒုက္ခသည်အများစုက မပြောင်းရွှေ့လိုကြောင်း သိရသည်။

ထို့အပြင် ထိုင်းနိုင်ငံရှိ စစ်ဘေးဒုက္ခသည် ၅၀၀ကျော်နေထိုင်သည့် ကုန်းကျော်ဒုက္ခသည်စခန်းကို သျှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်း တုံမြို့ နယ်၊ မိုင်းတားမြို့နယ်ခွဲသို့ ပြောင်းရွှေ့မည်ကို ဒုက္ခသည်များဆန္ဒမပါဘဲ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အဓမ္မ မဆောင်ရွက်သင့်ကြောင်း သျှမ်းလူမှုအဖွဲ့အစည်းက သြဂုတ်လ ၉ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

လက်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရတို့အကြား ခိုင်မာသည့် အပစ်အခတ်ရပ်စဲ ရေးအဆင့် မရောက် ရှိသေးချိန်တွင် ဒုက္ခသည်များအား အတင်းအကြပ် မပြောင်းရွှေ့သင့်သေးသလို ပြန်လည်နေရာချထားရေး လုပ်ဆောင်ပါက လည်း ဒုက္ခသည်များ၏ ဘ၀အာမခံချက်ရရှိရေးအတွက် ဖန်တီးပေးရန်လိုကြောင်း ကရင်ဒုက္ခသည်ကော်မတီ (KRC)၏ တွဲဖက် အတွင်းရေးမှူး နော်ဘလူးမင်း နိုက်ဇန်က ပြီးခဲ့သည့် မေလ ၂၁ရက်နေ့က ဘားအံမြို့၌ ကျင်းပခဲ့သည့် ကရင်ပြည်နယ် ငြိမ်းချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် သောမတ်စ် အိုဟေးကင်တားနားသည် ယမန်နေ့ ညနေပိုင်းတွင် တောင်သူလယ်သမား အသင်း အဖွဲ့၊ အလုပ်သမားအသင်းအဖွဲ့ရှေ့နေများအသင်းအဖွဲ့ စသည့် လူမှုအဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားဒေသများတွင် စစ်ဘေးကြောင့် လက်ရှိနေရပ်စွန့်ခွာရသူ ဒုက္ခသည်ပေါင်း ခြောက်သိန်းသုံးသောင်း ကျော်ရှိသည့်အနက် ကရင်ပြည်နယ်နှင့် အနီးတ၀ိုက်နေရာများမှ ဒုက္ခသည်များမှာ လေးသိန်းကျော်ရှိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ ကွပ်ကဲမှုရုံး (UNOCHA)၏ ထုတ်ပြန်ချက်အရ သိရသည်။

တာချီလိတ်ခရိုင်က ပြည်သူ့စစ်ခေါင်းဆောင်အိမ်၌ ဗုံးကွဲ တဦးသေ

တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲ အခြေစိုက် ပြည်သူ့စစ်ခေါင်းဆောင်တဦး၏ နေအိမ်တွင် ဗုံးတလုံး ကွဲကာ လူတဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိသည်ဟု ဒေသခံများကပြောသည်။

"အိမ်က သူ့တပည့် အိမ်ဒေါင့်မှာ ရှိတဲ့ ဗုံးအဟောင်းယူဆော့လို့ ကွဲသွားတာတဲ့။ အဲဒီဆော့တဲ့ ကောင်လေးက ဗမာ လူမျိုး။ သူ့ဆီမှာ အလုပ်လာလုပ်တာတောင်မကြာသေးဘူး၊  အသက် ၂၂ နှစ်ဘဲရှိသေးတယ် ပွဲချင်းပြီး သေတယ်။ နောက်သုံးယောက် ဒဏ်ရာရတယ်ပြောတယ်" - ဟု တာလေမြို့ခံ စိုင်းလာဆိုင် က ပြောသည်။
Bomb
၂၀၁၃ ဩဂတ်စ် ၁၂ ရက်  နေ့ခင်းပိုင်းတွင် တာလေမြို့နယ်ခွဲ  မြို့လမ်းမ ပေါ်ရှိ ဦးခင်မောင်လတ် (လားဟူ အမျိုးသား) တာလေ မြို့ပြည်သူ့စစ်ခေါင်းဆောင်၏ နေအိမ်၊ ခမလ သတ္တုတူးဖေါ်ရေး ကုမ္ပဏီ တွဲလျက်ဖွင့် ထား သော ရုံးခန်းတွင် ဗုံးတလုံးပေါက်ကွဲခဲ့သည်ဟုဆိုသည်။

"ဦးခင်မောင်လတ် ခေါ်  စိုင်းအင်းဆိုင် က နမ့်လင်းချောင်းတလျှောက်ထွက်ရွှေတွေကို တူးဖေါ် တဲ့ ကုမ္ပဏီ အိမ်နဲ့တွဲလျက်ဖွင့်ထားတယ်။ သူ့သားကြီးက တာလေမြို့နယ်ခွဲ ဥက္ကဌ ဦးသန့်ခင်လတ်တဲ့။ လူနာတွေတော့ အရှေ့ဘက်ကမ်းသွားကုနေတယ်လို့ပြောတယ်" - ဟု ရပ်သားတဦးက ပြောပါသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုမှာ မတော်တဆမှု မဖြစ်နိုင်ကြောင်း ဝေဖန်သံများလည်း ရှိနေပါသည်။ သီးခြားအတည် ပြုချက်တော့မရသေးပေ။

တာလေမြို့နယ်ခွဲသည် ၂၀၁၁ က အင်အားပြင်းငလျင်ဒဏ်  ခံခဲ့ရသည့်မြို့ဖြစ်သည်။ ထိုစဉ် ဦးခင်မောင်လတ် အိမ်လည်း ပျက်စီးမှု တော်တော်များများရှိခဲ့သည်။

တာလေပြည်သူ့စစ်ခေါင်းဆောင် ဦးခင်မောင်လတ်သည် အစိုးရ၊ စစ်အရာရှိကြီးများ ဝင်ဆန့်နိုင်သူဖြစ်၏။ နမ့်လင်းချောင်း ရွှေလုပ်ငန်းတူးဖေါ်ရေးလုပ်ငန်း ကုမ္ပဏီများအနက် ၎င်းကုမ္ပဏီလည်းတခုပါဝင်သည်။

MNL Cup ပြိုင်ပွဲဝင်အသင်းများကို ပြိုင်ပွဲကျင်းပရေးကော်မတီမှ ထောက်ပံ့ ကြေးပေးမည်

စက်တင်ဘာလ ၁၄ ရက်မှ အောက်တို ဘာလ ၁၄ ရက်အထိ ကျင်းပပြုလုပ်မည့် MNL Cup2013 ပြိုင်ပွဲဝင်အသင်း ၁၆ သင်းကို ပြိုင်ပွဲကျင်းပရေးကော်မတီမှ ထောက်ပံ့ကြေး ပေးမည်ဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေး တာဝန်ခံ ဦးရဲမျိုးဟိန်းက ပြောသည်။

MNL Cup ရှုံးထွက်ပြိုင်ပွဲသို့ မြန်မာနေရှင်နယ်လိဂ်အသင်း ၁၂ သင်းနှင့် MNL -2 မှ အသင်းလေးသင်း စုစုပေါင်း ၁၆ သင်း ယှဉ်ပြိုင်ကစားမည်ဖြစ်ကာ အုပ်စုလေးစုခွဲ၍အုပ်စု ပတ်လည်စနစ်ဖြင့် ကစားမည် ဖြစ်သည်။ပြိုင်ပွဲကို ရန်ကုန်၊ မန္တလေး၊တောင်ကြီးမြို့များ၌ ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်အသင်းအား သိန်း(၁၀၀)၊ ဧည့်သည်အသင်းအားသိန်း (၂၀) ထောက်ပံ့ကြေးပေးမည်ဖြစ်ကြောင်း ဦးရဲမျိုးဟိန်းက ဆိုသည်။

"MNL Cup ပြိုင်ပွဲဝင်အသင်းတွေကို ပြိုင်ပွဲကျင်းပရေးကော်မတီက ထောက်ပံ့ကြေးပေးမှာပါ။ အိမ်ရှင်အသင်းကိုသိန်း ၁၀၀၊ ဧည့်သည်အသင်းကို သိန်း ၂၀ နှုန်းနဲ့ သတ်မှတ်ပေးမှာပါ။ ကွာတားအဆင့် ကနေစပြီး ပြိုင်ပွဲကို ရန်ကုန်မှာပဲ ကစားရတော့မှာပါ" ဟု ၎င်းက ပြောသည်။ ရှုံးထွက်ပြိုင်ပွဲတွင် ဆီးဂိမ်း (A)နှင့် (B) အသင်းများမှ လက်ရွေးစင် ကစားသမားများ၊ နိုင်ငံခြားသားကစားသမားများပါ ၀င်ခွင့်ရမည် မဟုတ်ဘဲ လူငယ်အသင်းမှ ကစားသမားငါးဦး ပါဝင်ခွင့်ရမည် ဖြစ်သည်။

မြန်မာနေရှင်လိဂ် အိမ်ကွင်းရှိသောအသင်းများအုပ်စုပွဲစဉ်များကို လက်ခံကျင်းပခွင့်ရမည် ဖြစ်သော်လည်း
ဇေယျာရွှေမြေ အသင်းက မုံရွာတွင် ပြိုင်ပွဲဝင်အသင်း လေးသင်းအတွက် ဟိုတယ်အလုံအ လောက် မရှိသဖြင့် အိမ်ရှင်လုပ်မည်မဟုတ်ဘဲ နေပြည်တော်အသင်း၏ အိမ်ကွင်းကိုလည်း ထပ်မံစစ်ဆေးမှုများ ပြုလုပ်မည် ဖြစ်သည်။ ပြိုင်ပွဲတွင် ဗိုလ်စွဲသောအသင်းကို ဆုကြေးသိန်း (၂၀၀) ချီးမြှင့်မည်ဖြစ်ပြီး ဒုတိယရရှိသော အသင်းက သိန်း(၁၀၀) ရမည် ဖြစ်သည်။

ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ရေကြီး မြေပြိုမှုကြောင့် ပျက်စီးဆုံးရှုံးမှုများရှိ

ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ပြို မြေပြိုမှု ဖြစ်ပေါ်ကာ နေအိမ်များနှင့် လယ်ယာမြေများ ပျက်စီးဆုံးရှုံးမှု များပြားနေကြောင်း သိရသည်။

သြဂုတ် ၁၁ ရက်နေ့မှ စ၍ ထိုင်း – မြန်မာ နယ်စပ် ချောင်းဖြစ်သည့် မယ်ဆိုင်ချောင်းမှ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး ကျိုင်းတုံ၊ မိုင်းဖြတ်၊ တာချီလိတ်တို့တွင် နေအိမ်များနှင့် လယ်ယာမြေများပေါ်သို့ ရေလွှမ်းမိုးမှုများ ရှိခဲ့ကြောင်း၊ ကျိုင်းတုံ- တာချီလိတ် ကားလမ်းများ ပိတ်ထားရကြောင်း၊ ဈေးဆိုင်များ ပိတ်ထားသည် အထိ ရေများ ပြည့်လျှံခဲ့ကြောင်း တာချီလိတ် မြို့မှ ဦးစိုင်းအေးက ဧရာဝတီသို့ပြောသည်။

"ဒီလိုရေကြီးမှုဟာ တခါမှ မဖြစ်ဖူးဘူး။ အများဆုံး ခံရတဲ့ ရွာကတော့ အရင် ငလျင်ဒဏ်ခံရတဲ့ တာလေမြို့နယ်က ရွာတွေပါပဲ။ ဘယ်လောက်အထိ ပျက်စီးသွားလဲ ဆိုတာ အခုထိ မသိသေးဘူး။ ကျိုင်းတုံနဲ့ တာချီလိတ် ကားလမ်းကတော့ အခုထိ တောင်ပြိုမှာကို ကြောက်ပြီး တချို့ကားသမားတွေ မသွားရဲကြသေးဘူး" ဟု ဦးစိုင်းအေးက ပြောသည်။

တောင်ပြို ရေကြီးမှုသည် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို ပြသနေကြောင်း၊ တောင်ပေါ် ဒေသရှိ သစ်ပင်များကို ခုတ်လှဲ သဖြင့် မြေဆီများကို မထိန်းနိုင်တော့ဘဲ ရေလွှမ်းမိုးမှုများ ဖြစ်လာကြောင်း၊ ယခုကဲ့သို့ ရေလွှမ်းမိုးမှုနှင့် ငလျင်ဒဏ် ခံနိုင်စေရန် သဘာဝ ပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေး အတွက် သစ်ပင်များ ပြန်စိုက်သင့်ကြောင်း ၎င်းက ဆိုသည်။

"ဒီလိုရေလွှမ်းမိုးမှုက ပထမဆုံးလို့ ပြောလို့ ရတယ်။ အရင်က မိုးဘယ်လောက်ရွာရွာ တောင်မပြိုဘူး။ အခုဆိုရင် လယ်ဧက ၄၀၀ ကျော်လောက် ပျက်စီး ဆုံးရှုံးပါတယ်။ ကျိုင်းတုံ – တာချီလိတ် ကားလမ်းတွေမှာ တောင်တွေ ပြိုပါတယ်။ ဒါပေမယ့် လူ အသေအပျောက်တော့ မရှိပါဘူး" ဟု ကျိုင်းတုံမြို့ဒေသခံ စိုင်းဆိုင်တစ်က ဧရာဝတီသို့ ပြောသည်။

ရေအလွှမ်းခံရသည့် ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသရှိ မြို့များကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး အဖွဲ့၊ NGO အဖွဲ့များနှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/ SSA) မှလည်း ကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး နေအိမ် ပျက်စီး ဆုံးရှုံးသူများအတွက် သီးသန့် ကယ်ဆယ်ရေး မထားရှိဘဲ နီးစပ်ရာ ဆွေမျိုးများထံ နေထိုင်နေရကြောင်း စိုင်းဆိုင်တစ်က ဆိုသည်။

"ကျနော်တို့ ဒီဘက်မှာ အဓိက စီးပွားရေးက စိုက်ပျိုးရေးပါ။ အခုလို ရေလွှမ်းခံရတော့ ဘယ်လို ပြန်ရပ်တည် သွားမှာလဲ ဆိုတာ စဉ်းစားရဦးမယ်။ အိမ်ခြေတွေ တော်တော်များများ ပျက်စီးသွားတယ်" ဟု ရေလွှမ်းမိုးမှု အများဆုံး ခံရသည့် တာလေ ကျေးရွာမှ နန်းခမ်းက ဧရာဝတီသို့ ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်ပေါ့ချောင်း၊ လားရှိုးမြို့နယ် နမ့်ယော်ချောင်း၊ သိန္နီမြို့နယ်နှင့် သီပေါ မြို့နယ် နမ့်တူမြစ် တို့လည်း ရေလျှံ ရေကြီးကာ ပြည်ထောင်စု လမ်းမကြီး ပြတ်တောက် ပျက်စီးခဲ့ကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသခံများ ထံမှ သိရသည်။

ထို့အတူ ကရင်ပြည်နယ်တွင် ဇူလိုင် ၂၉ ရက်နေ့က ရေကြီး ရေလျှံမှုများ ဖြစ်ပွားသဖြင့် ရေဘေး ကယ်ဆယ်ရေး စခန်း ၃၁ ခု ဖွင့်လှစ် ထားရကြောင်း၊ သံလွင်မြစ်ရေ စိုးရိမ် ရေမှတ်အထက် မြင့်တက်မှုကြောင့် ကရင်ပြည်နယ်၊ ဘားအံမြို့၊ လှိုင်းဘွဲ့မြို့၊ ပိုင်ကျုံမြို့နယ်ခွဲ၊ ကြာအင်းဆိပ်ကြီး၊ ကျုံဒိုး နှင့် မြ၀တီမြို့ တို့တွင် စုစုပေါင်း လူဦးရေ ၇၇၉၅ ဦး အတွက် ရေဘေး ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ထားရသည်။

၂၀၁၁ ခု မတ်လ ၂၄ ရက်နေ့က ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ မြောက်ဘက် ၁၈ မိုင် ခန့် အကွာကို ဗဟိုပြု၍ ၆ ဒသမ ၈ ရစ်ခ်ျတာစကေးရှိ အားပြင်းငလျင်တခု လှုပ်ခတ်ခဲ့ သဖြင့် တာချီလိတ်မြို့နယ် အတွင်းရှိ တာလေနှင့် မိုင်းလင်း မြို့နယ်ခွဲများ၊ ကျကူနီ၊ ၀မ်းဟိုမိန်း၊ ကုန်းသာ၊ ဖကန်၊ ၀မ်ဟ အစရှိသည့် ရွာများတွင် အဆောက်အအုံ များစွာ ပြိုကျ ပျက်စီးကာ တရားဝင်ထုတ်ပြန်သော မှတ်တမ်းများအရ လူ ၇၄ ဦး သေဆုံးခဲ့သည်။

ရဲဆိုင်ကယ် ကားတိုက်ခံရ

ရဲတပ်သားတစ်ဦး စီးနင်းလာသော ဆိုင်ကယ်ကို ကားတစ်စီးက၀င်တိုက်မိသည့် ဖြစ်စဉ်တစ်ခု သြဂုတ် ၁၂ ရက်က သာကေတမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ယာဉ်တိုက်မှုသည် သာကေတမြို့နယ်ရှိ မြင်တော်သာမှတ်တိုင်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲတပ်သား၏ ဆိုင်ကယ်ကို တိုက်သွားသည့်ကားမှာ အဖြူရောင် ဘင်ကားတစ်စီးဖြစ်ပြီး တိုက်မိပြီးနောက် ထွက်ပြေးသွားသည်ဟု ရဲမှတ်တမ်းတွင် တွေ့ရသည်။

ကားတိုက်ခံရသည့် အသက် ၂၃ နှစ်အရွယ် ရဲတပ်သား ကျော်လင်းထွန်းသည် ပွန်းပဲ့ဒဏ်ရာများနှင့် ၀ဲရင်အုံ နာကျင်သွားသဖြင့် ရန်ကုန်ဆေးရုံကြီးတွင် ပြင်ပလူနာအဖြစ် ကုသခံခဲ့ရသည်ဟုလည်း ဆိုသည်။

တိုက်သွားသည့်ကားကို ရဲတပ်သားကမမှတ်မိလိုက်သဖြင့် လက်ရှိတွင် လိုက်လံစုံစမ်းနေဆဲဖြစ်သည်ဟုလည်း သိရသည်။

ယခုအမှုကို ယာဉ်ထိန်းတပ်ဖွဲ့မှ ရဲအုပ်မင်းနောင်က တရားလိုပြုလုပ် တိုင်တန်းထားပြီး သာကေတ ရဲစခန်းက အမှုအမှတ်ယာဉ် (ပ)၁၂/၁၃ဖြင့် အမှုဖွင့်ထားပြီး သံသယရှိသူ ယာဉ်မောင်းကို ဖမ်းမိပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ များဖြင့် တရားစွဲမည်ဟု ရဲစခန်းက ထုတ်ပြန်သည်။

ရန်ကုန်မြို့နယ်နိမိတ်အတွင်းတွင် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ၀န်ထမ်းများအတွက် ဆိုင်ကယ်စီး အချို့မှအပ အခြားသူများ စီးနင်းခွင့်မရှိပေ။

ဟောင်ကောင်နှင့် ခြေစမ်းမည့် လက်ရွေးစင်အသင်းကို ယခုတစ်ပတ်အတွင်း ဖွဲ့စည်းမည်

စက်တင်ဘာလ ၆ ရက်တွင် ရန်ကုန် မြို့ သုဝဏ္ဏကွင်း၌ ဟောင်ကောင်လက်ရွေးစင်နှင့် ခြေစမ်းပွဲအတွက် စီနီယာ လက်ရွေးစင်အသင်းကြီးကို ယခုတစ်ပတ်အတွင်း ဖွဲ့စည်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် မီဒီယာ ဒါရိုက်တာ ဦးစိုးမိုးကျော်က မဇ္ဈိမသို့ အတည်ပြု ပြောကြားသည်။

အဆိုပါပွဲစဉ်မှာ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်၏ ပြက္ခဒိန်အတိုင်း ယှဉ်ပြိုင်ကစားမည့် နိုင်ငံတကာ ခြေစမ်းပွဲဖြစ်ပြီး မူလက ဆီးဂိမ်းပြိုင်ပွဲဝင်မည့် မြန်မာယူ-၂၃ အသင်း နှင့်ကစားရန် စီစဉ်ထားသော်လည်း မာဒေးကားပြိုင်ပွဲရှိနေသဖြင့် လက်ရွေးစင် အသင်းကြီးနှင့်ကစားရန် ပြောင်းလဲစီစဉ်ခဲ့ခြင်း ဖြစ်သည်။ "ဟောင်ကောင်နဲ့ပွဲကို လက်ရွေးစင်အသင်းကြီး နဲ့ ကစားမှာပါ။ ဆီးဂိမ်း (ခ) အသင်းနဲ့ကစားဖို့ ရည်ရွယ်ခဲ့သေးပေမယ့် လက်ရွေးစင်အသင်းကြီးအဆင့် ဖြစ်တာကြောင့် လက်ရွေးစင်နဲ့ပဲ ကစားဖို့ ဆုံးဖြတ်ခဲ့တာပါ။ စီနီယာ အသင်းကြီးကို လာမယ့်တစ်ပတ်အတွင်း ဖွဲ့စည်းဖို့ရှိပါတယ်" ဟု ဦးစိုးမိုးကျော်က ဆိုသည်။ ဟောင်  ကောင် နှင့်ခြေစမ်းမည့် လက်ရွေးစင်အသင်းကို ကိုင်တွယ်ရန် နည်းပြများအဖြစ် ဦးကြည်လွင်နှင့် ဦးဆန်း ၀င်းတို့ကို လျာထားပြီး ဆွေးနွေးမှုပြုလုပ်နေကြောင်းလည်း ဦးစိုးမိုးကျော်က ဆိုသည်။

ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများအတွက် ကျန်းမာရေးအာမခံ စနစ်သစ်ထုတ်ပြန်

ထိုင်းဘုရင်မ ဆုမ်ဒေဖရနန်းစ၀် ဆီရီကစ် ဖရာ့ပလုမ်ရာချီနီနာတ့်၏ ၈၁ နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့်
ရွှေ့ပြောင်း အလုပ်သမားများအတွက် ကျန်းမာရေးအာမခံ အထူးခံစားခွင့် ပေါ်လစီအသစ်တစ်ခု ထိုင်းကျန်းမာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်ဟု Migrant Working Group မှ ပြောရေးဆိုခွင့် ရှိသူ ဦးစောခူက Dawei Watch သို့ ပြောကြားသည်။

စနစ်သစ်အရ အလုပ်သမားများ နေထိုင်ခွင့်သက်တမ်း တစ်ကြိမ်တိုးလျှင် အစိုးရဆေးရုံတွင် ကျန်းမာရေး
ကောင်းမွန်ကြောင်း စစ်ဆေးရမည်ဖြစ်ပြီး ထိုထောက်ခံစာဖြင့် လျှောက်ရသည်ဖြစ်ရာ တစ်ကြိမ် ဘတ် ၆၀၀ ကုန်ကျမည်ဖြစ်သည်။

"ဈေးများသွားတယ်။ ပေါ်လစီက လက်တွေ့အတွက် သိပ်မရှင်းဘူး၊ ပြီးတော့ အလုပ်သမားတွေ Visa (နေထိုင်ခွင့် သက်တမ်း) တစ်ခါတိုးရင် ကျန်းမာရေး တစ်ခါစစ်ရတယ်" ဟု ချင်းမိုင်အခြေစိုက် ရွှေ့ပြောင်း အလုပ်သမား
စောင့်ရှောက်ရေးလုပ်ငန်းများ လုပ်ကိုင်သည့် မက်ဖောင်ဒေးရှင်းမှ ဆေးရုံဘာသာပြန် စိုင်းကျောက်က ပြောသည်။

ရိုးရိုး ပြင်ပဆေးခန်းတွင် ကျန်းမာရေးထောက်ခံစာယူကာ နေထိုင်ခွင့်သက်တမ်း လျှောက်၍မရကြောင်း စိုင်းကျောက် က ပြောဆိုသည်။

ခုခံအားကျဆင်းမှုရောဂါ ကာကွယ်ဆေးဖြစ်သည့်(ARV) ဆေးကိုလဲ အခမဲ့ခံစားခွင့်ရှိသည်ဟု သိရသည်။

အလုပ်သမားများအတွက် ARV ဆေး ခံစားခွင့်ပေးခြင်းမှာ ရောဂါမရှိသူမှ ထည့်ဝင်သည့် ငွေကြေးရန်ပုံငွေများကို ခုခံအားကျဆင်းသည့် ရောဂါသည်များအား ပြန်လည်ကူညီနိုင်ရန် ထိုင်းကျန်းမာရေးဌာနမှ စီစဉ်ခြင်းဖြစ်နိုင်သည်ဟု စိုင်းကျောက်က မှတ်ချက်ပေးသည်။

သာမန် ရွှေ့ပြောင်းလုပ်သားများ (သို့) ရိုးရိုး ကျန်းမာရေးအာမခံကဒ် ပြုလုပ်မည့်သူများ (လူမှုဖူလုံရေး အာမခံမရှိ သူများ)သည် ဆေးစစ်ခ ဘတ် ၆၀၀ နှင့် ကျန်းမာရေးအာမခံ ၁ နှစ်စာအတွက် ဘတ် ၂၂၀၀၊ စုစုပေါင်း ဘတ် ၂၈၀၀ ပေးသွင်းရမည်ဟု သိရသည်။

အသက် ၇ နှစ် အောက် ရွှေ့ပြောင်းကလေးများအတွက်မူ ကျန်းမာရေးအာမခံကြေး တစ်နှစ်စာအတွက် ၃၆၅ ဘတ်
ပေးသွင်းရမည်ဖြစ်သည်။

အလုပ်သမားများ ကျန်းမာရေးအာမခံ ပြုလုပ်ရန် ငွေကြေးအကုန်အကျများပြားပြီး ၎င်းတို့၏ ယာယီနိုင်ငံကူး လက်မှတ်နှင့် အလုပ်သမားကဒ် ပြုလုပ်ရန်လည်း ကုန်ကျစရိတ်များ ရှိနေကြောင်း အလုပ်သမားများက ဆိုသည်။

လူမှုဖူလုံရေးအာမခံအတွက် မှတ်ပုံတင်နိုင်သော အလုပ်သမားများသည် ဆေးစစ်ခ ဘတ် ၆၀၀ နှင့် (လူမှုဖူလုံရေး အာမခံ ၀န်ဆောင်မှုမရမီကာလ) ၃ လစာ ကျန်းမာရေး အာမခံကြေးအတွက် ဘတ် ၅၅၀၊ စုစု ပေါင်း ဘတ် ၁၁၅၀
ပေးသွင်းရမည်ဟု ဆိုသည်။

ကိုယ်ဝန်ဆောင် မိခင်များအတွက် ကိုယ်ဝန်နှင့်ပတ်သက်သည့် အကြောင်းအရာများကို မှတ်တမ်းပြုစု၍ နာတာရှည် 
ရောဂါများဖြစ်သည့် ဆီးချို၊ သွေးချို၊ နှလုံးစသည်တို့ကိုစစ်ဆေးခြင်း၊ မူးယစ်ဆေးဝါး၊ အရက်နှင့် ဆေးလိပ် 
သောက်သုံးမှု ရှိသည်၊ မရှိသည်ကို စစ်ဆေးခြင်း၊ ကိုယ်ဝန်ဆောင်ရန်နှင့် ကလေးကို ပြုစုရန် အသင့်ဖြစ်ခြင်း၊ မဖြစ်ခြင်း စသည်တို့ကိုလည်း စစ်ဆေးသွားမည်ဟု သိရသည်။

ကလေးမွေးဖွားပြီးချိန်မှ အသက် ၁၅ နှစ်အထိ ကာကွယ်ဆေးထိုးပေးခြင်း၊ ကာကွယ်ဆေးထိုးနိုင်မည့် ရက်ချိန်းများကို ကူညီကြည့်ရှုပေးခြင်း၊ ကလေးကို မိခင်နို့တိုက်ကျွေးရန် ပညာပေးခြင်း စသည်တို့လည်း လုပ်ဆောင်သွားမည်ဟု သိရသည်။

မိခင်နှင့် ကလေးအတွက် ကျန်းမာရေးအာမခံကဒ်ပြား လုပ်ဆောင်ပေးခြင်းကို သြဂုတ်လ ၁၂ ရက်မှစ၍ ဆောင်ရွက်
ပေးနေပြီ ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံ SAUL ဆိပ်ကမ်းအနီး နစ်မြုပ်ခဲ့သည့် သင်္ဘောမှ မြန်မာသင်္ဘောသား ၂၁ ဦးအား ဒေါ်လာတစ်သန်းကျော် လျော်ကြေးပေးအပ်

ဖိလစ်ပိုင်နိုင်ငံ SAUL ဆိပ်ကမ်းအနီးတွင် ယခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်က နစ်မြုပ်ခဲ့သည့် MV.HARITA BAUHITE သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်နေသည့် မြန်မာသင်္ဘောသား ၂၁ ဦးတို့မှ သေဆုံးသူ၊ ပျောက်ဆုံးသူ၊ ဒဏ်ရာရရှိသူများကို လျော်ကြေးငွေ ဒေါ်လာ ၁ သန်းကျော်ကို သြဂုတ် ၁၄ ရက်က ရန်ကုန်မြို့ရှိ Dolphin Restaurant တွင် ပေးအပ်ခဲ့သည်။

အဆိုပါ သင်္ဘောပေါ်တွင် သေဆုံးသူ ကပ္ပတိန်တစ်ဦး၊ ပျောက်ဆုံးသူ ၁၄ ဦး၊ ဒဏ်ရာရရှိသူ နှစ်ဦး၊ အသက်ရှင် လွတ်မြောက်လာသူ ခုနစ်ဦးတို့အတွက် စုစုပေါင်း လျော်ကြေးငွေ ဒေါ်လာတစ်သန်းကျော် ပေးအပ်ခဲ့ပြီး သေဆုံးသူနှင့် ပျောက်ဆုံးသူ (office engineer) တစ်ဦးအတွက် ဒေါ်လာရှစ်သောင်း၊ crew တစ်ဦးအတွက် ဒေါ်လာခြောက်သောင်းတို့ကို ပေးလျော်ခဲ့သည်။

ထို့အပြင် သေဆုံးနှင့် ပျောက်ဆုံးသင်္ဘောသားများထဲတွင် အသက်၂၁ နှစ်အောက် သားသမီးများ ကျန်ရှိခဲ့ပါက တစ်ဦးလျှင် ဒေါ်လာငါးထောင်နှုန်းဖြင့် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

"အခုနစ်မြုပ်တဲ့ သဘောင်္က နီကယ်သယ်တဲ့ သင်္ဘောပါ။ စက်ပျက်တာရယ်၊ ရာသီဥတုရယ်၊ အခြားစက်ပိုင်းဆိုင်ရာ အကြောင်းအရာတွေကြောင့် တစ်စင်းလုံး နစ်မြုပ်သွားတာပါ။ အမေရိကန် နိုင်ငံက ABS အာမခံ ကုမ္ပဏီမှာ အာမခံ ထားရှိတာဖြစ်တဲ့အတွက် လျော်ကြေးငွေအတွက် သူတို့ဘက်ကပဲ ပေးလျော်တာပါ။  ပျောက်ဆုံးသွားတဲ့ သူတွေကိုလည်း အာမခံ ကုမ္ပဏီက နေပြီးတော့ နစ်မြုပ်တဲ့ အချိန်ကနေစပြီး တစ်နှစ်ကြာတဲ့အထိ ရှာဖွေဦးမှာပါ" ဟု SSR ကုမ္ပဏီမှ ကိုယ်စားလှယ် ဦးသန်းနိုင်က ဆိုသည်။

ယခု နစ်မြုပ်ခဲ့သည့် သင်္ဘောသည် အင်ဒိုနီးရှားပိုင်ဖြစ်ပြီး၊ စင်ကာပူနိုင်ငံရှိ Ocean Sentinels Ship Management PTE.Ltd မှ စီမံခန့်ခွဲကာ မြန်မာနိုင်ငံရှိ Siam Sea Ray & Big Trans Shipping company မှ ဌာနေကိုယ်စားလှယ်အဖြစ် တာဝန်ယူထားကြောင်း သိရသည်။

လျှပ်စစ်မီးရရှိရေး၊ အလုပ်အကိုင်ရရှိရေး ဦးစားပေးဖို့ သမ္မတ တိုက်တွန်း

လက်ရှိ အစိုးရရဲ့ လက်ကျန်သက်တမ်း ၂နှစ်ခွဲကာလအတွင်း ပြည်သူတွေ လျှပ်စစ်မီးရရှိရေး၊ အလုပ်အကိုင်ရရှိရေး လုပ်ငန်းတွေကို ဦးစားပေးဆောင်ရွက်ကြဖို့ သမ္မတ ဦးသိန်းစိန်က တိုက်တွန်းလိုက်ပါတယ်။

နေပြည်တော်က သမ္မတနေအိမ်မှာ ဒီနေ့မနက် ပြုလုပ်တဲ့ ပြည်ထောင်စုအဆင့် ဒုတိယဝန်ကြီးအသစ်တွေ ကတိသစ္စာခံယူတဲ့ အခမ်းအနားမှာ သမ္မတ ဦးသိန်းစိန်က ခုလို တိုက်တွန်းပြောကြားလိုက်တာပါ။ အစိုးရအဖွဲ့အနေနဲ့ အလုပ်လုပ်တဲ့အခါမှာ အဂတိတရားကင်းရှင်း ဖို့ကိုလည်း သမ္မတဦးသိန်းစိန်က သတိပေးပြောကြား ခဲ့ပါတယ်။

"မိမိတို့အစိုးရအနေနဲ့ ကျန်ရှိတဲ့ လပေါင်း ၃ဝ အတွင်း ပြည်သူတွေ တိုက်ရိုက်အကျိုးခံစားလို တဲ့ ရေကောင်းရေသန့်ရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ သွားလာမှုအဆင်ပြေစေရေး၊ အလုပ်အကိုင်ရရှိရေး ဆိုတဲ့ လုပ်ငန်းတွေကို ဦးစားပေးဆောင်ရွက်ကြဖို့နဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ရမယ့်လုပ်ငန်းတွေကို အားသွန်ခွန်စိုက် တက်တက်ကြွကြွ မြန်မြန်ဆန်ဆန်နဲ့ ဝိုင်းဝန်းပြီးလုပ်ကြဖို့ လိုအပ်ပါတယ်၊ ဒီလုပ်ငန်းတွေအောင်မြင်အောင် အစိုးရတစ်ဖွဲ့လုံး တက်ညီလက်ညီ ဝိုင်းလုပ်ကြဖို့ဖြစ်ပါ တယ်၊ တစ်ဦးချင်းတာဝန်ဆိုတာကတော့ အလုပ်လုပ်ကြတဲ့အခါမှာ စေတနာအလျောက် လုပ်ငန်း ကိုင်ငန်းဖြစ် တတ်တာရှိပါတယ်၊ စေတနာအလျောက် မှားယွင်းတာတွေကို ပြုပြင်ပေးမှာဖြစ်သော်လည်းပဲ ပုဂ္ဂိုလ်ရေး၊ ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တနဲ့ အဂတိတရားတွေ ကင်းရှင်းအောင် စောင့်ထိန်းသွားကြဖို့ သတိပေးပြောကြားရင်း နိဂုံးချုပ်ပါတယ်"

အဲ့ဒီအခမ်းအနားမှာပြောကြားတဲ့ သမ္မတ ဦးသိန်းစိန်မိန့်ခွန်းကို ဒီနေ့ အစိုးရပိုင်မီဒီယာတွေဖြစ်တဲ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားမှာ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။

တရားဥပဒေစိုးမိုးတဲ့တိုင်းပြည်၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဖြစ်ဖို့ ပြည်သူတွေ ဆန္ဒရှိနေကြောင်းနဲ့ မိမိတို့အစိုးရအနေနဲ့ အဲဒီ့ဆန္ဒတွေ အောင်မြင်အောင်ဆောင်ရွက်ဖို့ ရည်မှန်းချက်ထားဖို့လိုကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားခဲ့ပါတယ်။

ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းရာမှာလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၃ဖွဲ့နဲ့ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်ဆိုင်းရေး ဆွေးနွေးနိုင်ခဲ့ပြီး မကြာခင်မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ဆိုင်းရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်တော့မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန်က ပြီးခဲ့တဲ့ ဇူလိုင် ၂၅ရက်နေ့မှာ ဒုတိယဝန်ကြီး ၅ဦး၊ သြဂုတ် ၁၃ရက်နေ့မှာ ဒုတိယဝန်ကြီး ၃ဦးတို့ကို အသစ်ခန့်အပ် တာဝန်ပေးခဲ့တာဖြစ်ပါတယ်။

RFA Burmese

အိန္ဒိစစ်တပ် ရေငုပ်သင်္ဘော ပေါက်ကွဲမီးလောင်မှု ဖြစ်ပွား

အင်္ဂါနေ့ ညသန်းခေါင်က မွမ်ဘိုင်းရှိ သင်္ဘောကျင်းတစ်ခုတွင် ဆိုက်ကပ် ထားစဉ် ရေငုပ်သင်္ဘောပေါ်၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး မီးလောင်ကျွမ်း ခဲ့ခြင်း ဖြစ်သည်။

ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားသော အိန္ဒိယစစ်ဘက် ရေငုပ်သင်္ဘော တစ်စင်းတွင် ရေတပ်သား (၁၈)ဦးမျှ ပိတ်မိနေသည့် အခြေအနေအ တွက်တာဝန်ရှိသူများက စိုးရိမ်နေကြောင်း သိရှိရသည်။ အင်္ဂါနေ့ ညသန်းခေါင်က မွမ်ဘိုင်းရှိ သင်္ဘောကျင်းတစ်ခုတွင် ဆိုက်ကပ်ထား စဉ် ရေငုပ်သင်္ဘောပေါ်၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး မီးလောင်ကျွမ်း ခဲ့ခြင်း ဖြစ်သည်။ သင်္ဘောကျင်း အချို့နေရာများကိုပါ ကူးစက်ခဲ့သည့်မီးကို နာရီပေါင်း အတန်ကြာ ကြိုးစားပြီးမှ မီးသတ်တပ်ဖွဲ့က ငြှိမ်းသတ်နိုင်ခဲ့ သည်။ မီးလောင်မှု ဖြစ်ပွားသော ရေငုပ်သင်္ဘောသည် ဆိုးဆိုးရွားရွား ပျက်စီးသွားပြီး ၎င်းသည် သတ်မှတ်နေရာတွင် တစ်ဝက်တစ် ပျက် ရေငုပ်လျှက်သား ရှိနေဆဲဖြစ်သည်။ ဗုဒ္ဓဟူးနေ့တွင် ကယ်ဆယ်ရေး ဝန်ထမ်းများသည်အဆိုပါ နေရာတွင် စတင်စုရုံးနေပြီဟု သိရှိရသည်။

မီးလောင်မှု ဖြစ်ပွားသည့်နောက် ရေတပ်သား အများအပြား သည် ဘေး လွတ်ရာသို့ ထွက်ပြေးနိုင်ခဲ့ပြီး အချို့ကမူ ဒဏ်ရာအနည်းငယ် ရရှိ ကာဆေးရုံ တင်ပို့ခဲ့ရကြောင်း အိန္ဒိယ သတင်းဌာနများ က ဖော်ပြခဲ့သည်။ INS ဆင်ဟူရက်ရှက် ရေငုပ်သင်္ဘောပေါ်တွင် ပေါက် ကွဲမှု ဖြစ်ပေါ်ရ သည့်အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးချေ။ အိန္ဒိယ ရုပ်မြင်သံကြား သတင်းဌာနများက ကောင်းကင်ယံသို့ ထိုးတက်သွားသည့် မီးလုံးကြီး၏ပုံကို ဖော်ပြခဲ့သည်။ ထို့အပြင် မြို့အနှံ့အပြားမှလည်း သင်္ဘောကျင်းမှ မီးခိုးလုံးများကို တွေ့ရှိခဲ့ရသည်။

ယခုဖြစ်ရပ်ကို စုံစမ်းရန် ရေတပ်က ချက်ချင်းလုပ်ဆောင်နေပြီ ဖြစ်သည်။ "သင်္ဘောပေါ်မှာ လူတချို့ ပိတ်မိနေပါတယ်။ သူတို့ကို ကယ်ထုတ် ဖို့ဦးစားပေး ကြိုးစားနေတယ်။ ပိတ်မိသူ အရေအတွက်က (၁၈)ယောက်လောက် လို့ မှန်းထားတယ်ဟု ရေတပ် ပြောရေးဆိုခွင့်ရ အရာရှိ ပီဗီအက်စ် တာဆစ်ရှ်က Reutersသို့ ပြောကြားခဲ့သည်။ ၎င်းက သူတို့ကို ကယ်မထုတ်နိုင်မချင်း ကျွန်တော်တို့ အလျှော့မပေးပါဘူးဟု လည်းဆိုသည်။ AFPသတင်းဌာနက ရေတပ်တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းရာ ရေငုပ်သင်္ဘောအတွင်း ဝင်ရောက်ရန် ရေငုပ် သမားများကိုတာဝန်ပေးထားကြောင်း ဖြေကြားခဲ့သည်။

ဆင်ဟူရက်ရှက်သည် 10 Kilo-Class သတ်မှတ်ချက်အဆင့် ရှိ ရေငုပ်သင်္ဘော တစ်စင်းဖြစ်သည်။ အိန္ဒိယ ရေတပ်သည် (၁၉၈၆)နှင့် (၂၀၀၀)ပြည့်နှစ် အတောအတွင်း ရုရှားလုပ် Club-S ခရုစ်ဒုံးကျည်များ တင်ဆောင်နိုင်သည့် အဆိုပါ သင်္ဘောကို ဝယ်ယူခဲ့သည်။ ယမန်နှစ်က အဆိုပါ ရေငုပ်သင်္ဘောတွင် နည်းပညာ အဆင့်မြှင့် မွမ်းမံမှုများ ပြုလုပ်ရန် ရုရှားသို့ ခေတ္တ ပြန်ပို့ပေးခဲ့သေးသည်။ (၂၀၁၀)ပြည့်နှစ်၊ ဖေဖော်ဝါရီလက အဆိုပါ ရေငုပ်သင်္ဘောပေါ်တွင် ဘက်ထရီအခန်း မီးလောင်မှုကြောင့် ရေ တပ်သားတစ်ဦး သေဆုံးခဲ့ဖူးသေးကြောင်း သိရှိရသည်။

Planet Myanmar Network

မြ၀တီ-တောင်ငူ ခရီးသည်တင် မှန်လုံအမြန်ယာဉ်တိမ်းမှောက် တစ်ဦးသေ၊ လေးဦး ဒဏ်ရာရ

ကရင်ပြည်နယ် မြ၀တီမြို့ မှ တောင်ငူမြို့ သို့ ထွက်ခွာလာသော မစ်ဆူဘစ်ရှိဖူဆို အမျိုးအစား ယာဉ် အမှတ် ၄၀/---- ရွှေနတ်တောင် မှန်လုံအမြန်ယာဉ်သည် သြဂုတ်လ ၁၄ ရက်နေ့  နံနက် ၇ နာရီ ၄၅ မိနစ်က ရန်ကုန်-မန္တလေး ပုံမှန်လမ်း မိုင်တိုင် အမှတ်(၁၆၂/၆) ပဲခူးတိုင်း ဒေသကြီး အုတ်တွင်းမြို့ နယ် အင်တိုင်းကျေးရွာ တံတားအရောက်တွင် အရှိန်လွန် တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

သြဂုတ်လ(၁၅)ရက်နေ့ ထုတ် ကြေးမုံ သတင်းစာမှ 

မြန်မာလုပ်သား ၃၀၀၀ နေရပ်ပြန်ဖို့ လွယ်ပြီ

မြန်မာနိုင်ငံကို ပြန်မယ့် မလေးရှားရောက် မြန်မာအလုပ်သမား ၃ဝဝဝ နီးပါးကို မလေးရှား လူဝင်မှုကြီးကြပ်ရေးက ဒဏ်ကြေးငွေ လျှော့ပေးလိုက်ပြီဖြစ်လို့ အလုပ်သမားတွေ နေရပ်ပြန်ရေး အဆင်ချောတော့မယ်လို့ အကူအညီ ပေးနေသူတွေက ပြောပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ တဝိုက်မှာ ပြီးခဲ့တဲ့ ဇွန်လတုန်းက မြန်မာအလုပ်သမားတခိျု့ အကြမ်းဖက်ခံရပြီး သေဆုံးတာ၊ ဒဏ်ရာရတာတွေ ရှိခဲ့ရတယ်။ ဒါကြောင့် မြန်မာအလုပ်သမားတွေ ထောင်နဲ့ချီပြီး မြန်မာနိုင်ငံကို ပြန်ဖို့ဖြစ်လာပါတယ်။

အဲဒီအထဲမှာ နိုင်ငံကူး လက်မှတ်မရှိတဲ့ သူတွေ ဒါမှမဟုတ် ဗီဇာသက်တမ်း ကုန်နေသူတွေဟာ မလေးရှား လဝကမှာ ဒဏ်ကြေးငွေ ပေးဆောင်ပြီးမှသာ မြန်မာနိုင်ငံကို ပြန်ခွင့်ရပါတယ်။ တစ်လလောက် ခိုးနေသူဆိုရင် မလေးရှားငွေ ရင်းဂစ် ၄ဝဝ ပေးရတယ်။ နှစ်ချီကြာနေတယ်ဆိုရင် ရင်းဂစ် ၂ဝဝဝ ကျော်ကနေ ၃ဝဝဝ အထိပေးရပါတယ်။

အဲဒီလောက်များတဲ့ ဒဏ်ကြေးကို အလုပ်သမားတွေကလည်း မတတ်နိုင်သလို အကူအညီပေးမယ့် အဖွဲ့တွေကလည်း မပေးနိုင်ဖြစ်ခဲ့လို့ အလုပ်သမားတွေပြန်ဖို့ အခက်တွေ့ခဲ့ရပါတယ်။

အခုတော့ မြန်မာသံရုံးနဲ့ အလုပ်သမားအရေး အကူအညီပေးနေသူတွေက မလေးရှားအစိုးရကို အသနားခံစာ တင်ခဲ့တာကြောင့် တစ်ဦးကို ဒဏ်ငွေ ရင်းဂစ် ၄ဝဝ နဲ့သာ လုပ်ဆောင်ပေးဖို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ နှုတ်ကတိကို ရရှိထားပြီဖြစ်ကြောင်း မြန်မာသံရုံးနဲ့ပူးပေါင်းပြီး အလုပ်သမားအရေးအကူအညီပေးနေသူ ကိုသီဟမောင်မောင်က ရှင်းပြပါတယ်။

အခုဆိုရင် စာရင်းပေးသွင်းထားတဲ့ မြန်မာအလုပ်သမားပေါင်း ၂၈ဝဝ ကျော်သွား ပြီလို့ သိရပါတယ်။ စာရင်းပေးထားတဲ့ သူတွေကလွဲပြီး ကျန်သူများအတွက်တော့ မလေးရှား လဝက ဥပဒေအတိုင်းပဲ ဖြစ်သွားနိုင်တယ်လို့ ကိုသီဟမောင်မောင်က ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

အင်ပါယာသတင်းစာမှ သတင်းထောက် ၇ ဦး အလုပ်ထုတ်ခံရသည့်ကိစ္စရှင်းလင်း

အင်ပါယာသတင်းစာတိုက်မှ သတင်းထောက် ၇ ဦး အလုပ်ထုတ်ခံရခြင်းနှင့်ပတ်သက်သောရှင်းလင်းပွဲ တစ်ရပ်ကို အလုပ်ထုတ်ခံသတင်းထောက်များဘက်မှ သြဂုတ်လ ၁၄ ရက်နေ့က MJN ရုံးခန်း၌ ပြုလုပ်ခဲ့သည်။

 

သတင်းထောက် ၇ ဦးသည် သြဂုတ်လ ၃ ရက်နေ့က သတင်းစာတိုက်မှ ထုတ်ပယ်ခြင်းခံရခြင်းဖြစ်ပြီး၊ ၄င်းတို့မှာ ဇွန်လအတွက် ရသင့် ရထိုက်သည့် လစာကိုလည်း မရရှိခဲ့သည့်အပြင် ဇူလိုင်လအတွက်ရရန်ရှိသည့်လစာကို လကုန်ပြီး ၃ ရက်၌ တောင်းဆိုခဲ့ ရာ ပိုင်ရှင်ဖြစ်သူ ဦးကောင်းမြင့်ထွဋ်မှ ပေးအပ်ခြင်း မပြုပဲ အလုပ်မှထုတ်ပစ်ခဲ့ခြင်းဖြစ်သည်ဟု သတင်းထောက်တို့က ဆိုသည်။

 "ကျွန်တော်က လစာမရသေးတဲ့အကြောင်း ၀ှိုက်ဘုတ်မှာ သွားရေးတော့ ဘယ်သူရေးတာလဲဆိုပြီး၊ တစ်ယောက်ချင်း ထိုးမယ်ဆိုပြီး ရန်ရှာပါတယ်။ ဒါပေမယ့် ကျွန်တော်ကထိုင်ရာကမထပဲ သည်းခံလိုက်ပါတယ်"ဟု အလုပ်ထုတ်ခံရသူများ၌ ပါဝင်သည့် သတင်းထောက်ဇွဲက ပြောသည်။

အဆိုပါပွဲတွင် အလုပ်သမားအခွင့်အရေးချိုးဖောက်ခြင်းခံရသည်ဟုဆိုသည့် အင်ပါယာမှ သတင်းထောက် အဂ္ဂမင်း၊ အောင်ကိုကို၊ဇွဲနှင့်ဘာသာပြန်သတင်းထောက် ဇမ္ဗူထွန်းတို့မှ ၎င်းတို့ အလုပ်ထုတ်ခံရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

"အင်ပါယာမှာ အလုပ်စလုပ်တုန်းက နှုတ်နဲ့ပဲ လက်ခံခဲ့တယ်ဆိုပေမယ့် အလုပ်စ၀င်တုန်းက ပြောတဲ့ လစာ၊ရာထူးတို့က တကယ်အလုပ်လုပ်တဲ့အခါမှာ ကွဲလွဲနေပါတယ်။ ဇွန်လမှာလည်း သတင်းစာရှုံးလို့ဆိုပြီး ၂၀ ရာခိုင်နှုန်းဖြတ်မယ်ပြောပြီး လုပ်ချင်လုပ် မလုပ်ချင်ရင် ထွက်တဲ့လို့ပြောပါတယ်"ဟု သတင်းထောက် ကိုအဂ္ဂမင်းက ပြောသည်။

အလုပ်ရုံစည်းကမ်းနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုအတွက် ဌာန ၁၅ ခုသို့ တိုင်ကြားစာပေးပို့ထားကာ ထိုဖြစ်စဉ်ကို မြန်မာဂျာနယ်လစ်ကွန်ရက်မှလည်း အပြင်းအထန်ရှုတ်ချထားပြီး ရပိုင်ခွင့်ရှိသည့် လစာများနှင့် နစ်နာကြေးများကို အလုပ် သမားဥပဒေများနှင့်အညီ ပေးဆောင်ရန် အင်ပါယာသတင်းစာတိုက်ပိုင်ရှင်သို့ တိုက်တွန်းထားသည်။

"အလုပ်ရှင်နဲ့ အလုပ်သမား ပြဿနာဆိုတာ မဆန်းပေမယ့် ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ အလုပ်သမားဥပဒေတွေ ကို သိစေချင်တယ်၊ နောက်ထပ်လည်း ဒီလိုအလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေ ထပ်ဖြစ်မလာစေဖို့ပါ"ဟု သတင်းထောက် ကိုအောင်ကိုကိုမှ ပြောကြားသည်။

အင်ပါယာမှ အလုပ်ရှင်ဦးကောင်းမြင့်ထွဋ်ကို မီဒီယာများမှ မေးမြန်းရာတွင် မထုတ်ပါဘူးဟုဆိုကာ အလုပ်ထုတ်ခံရသည့် လုပ်သားများအနေဖြင့် အလုပ်ပြန်လာလုပ်ချင်ရင် လာလုပ်နိုင်သည်ဟု ယခင်နေ့များက မီဒီယာများသို့ ပြောကြားထားကြောင်း သိရသည်။

ဦးကောင်းမြင့်ထွဋ်မှာ ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကျင်းပစဉ်ကလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း တသီးပုဂ္ဂလ လွှတ်တော်အမတ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရာ ရှုံးနိမ့်ခဲ့သူဖြစ်သည်