Thursday, May 16, 2013

ပေါက်တောမြို့နယ် အတွင်းရှိ ဘင်္ဂါလီ ဒုက္ခသည်များအား ရွှေ့ပြောင်းစဉ် စက်လှေတိမ်းမှောက်ကာ ၅၈ ဦး ပျောက်ဆုံးနေ

မုန်တိုင်းရန် ကာကွယ်ရေးအတွက် ပေါက်တောမြို့နယ်မှ ဘင်္ဂါလီ ဒုက္ခသည်များအား စက်လှေ ခုနစ်စီးဖြင့် ရွှေ့ပြောင်းစဉ် တစ်စီးတိမ်းမှောက်ကာ လှေပေါ်ပါ လူ ၅၈ ဦး ပျောက်ဆုံးနေကြောင်း နိုင်ငံပိုင်ရုပ်သံမှ မေ ၁၄ ရက် ည ၈ နာရီ သတင်းတွင် ကြေညာခဲ့သည်။

မေ ၁၃ ရက် ည ၁၀ နာရီခန့်က ပေါက်တောမြို့နယ် ငှက်ချောင်းဒုက္ခသည် စခန်းမှ ဘင်္ဂါလီများကို စက်လှေခုနစ်စီးဖြင့် ဆင်တပ်မော်ကျေးရွာသို့ ရွှေ့ပြောင်းစဉ် စက်လှေခြောက်စီးမှာ ဆင်တပ်မော် ကျေးရွာသို့ ရောက်ရှိခဲ့ကြောင်း၊ ကျန်စက်လှေ တစ်စီးမှာမူ ကုလားတန်မြစ်နှင့် ကျွဲကူးမြစ်ဆုံ မြစ်ဝအနီးတွင် ကျောက်ဆောင်နှင့် တိုက်မိပြီး တိမ်းမှောက်သွားခဲ့ကြောင်း၊ တိမ်းမှောက်သည့် စက်လှေပေါ် ပါရှိသူများအနက် ၄၂ ဦးအား ပေါက်တောမြို့နယ် အနောက်ရဲ ဒုက္ခသည်စခန်းတွင် ကယ်တင်ထားခဲ့ကြောင်း၊ ကျန် ၅၈ ဦးမှာ ပျောက်ဆုံးနေသောကြောင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းထုတ်ပြန်သည်။

မဟာစင်မုန်တိုင်း အန္တရာယ်ကြောင့် ရခိုင်ပြည်နယ် အတွင်းရှိ ဒုက္ခသည် စခန်းများကို ဘေးလွတ်ရာ ဒေသများသို့ ကြိုတင်ရွှေ့ပြောင်း ပေးနေခြင်းဖြစ်ပြီး မေ ၁၂ ရက် နံနက်ပိုင်းတွင် ပြည်နယ်လျှပ်စစ်နှင့် စက်မှုဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ UNHCR မှ တာဝန်ရှိသူများသည် ပေါက်တောမြို့ရှိ ဒုက္ခသည်များအား နေရာရွှေ့ပြောင်းပေးရန် သွားရောက်ခဲ့ကြောင်း မေ ၁၄ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

ယင်းနောက် မေ ၁၂ ရက် မွန်းလွဲပိုင်းက ကျောက်ဖြူမြို့နယ်၊ ဘုရားကြီးတောင်ကွင်းရှိ ဒုက္ခသည်စခန်းမှ ဒုက္ခသည်များနှင့် ကျောက်တစ်လုံး ကယ်ဆယ်ရေးစခန်းရှိ ဒုက္ခသည်များအား ကညင်တောကျေးရွာရှိ ယာယီတန်းလျားများသို့ လည်းကောင်း ပို့ဆောင်ထားကြောင်း သိရသည်။

မေ ၁၃ ရက်တွင် စစ်တွေမြို့နယ် ဒါးပိုင်နှင့် မှန်စီကြားရှိ ရွက်ဖျင်တဲဖြင့်နေသူ သံထော်လီမှ မိသားစုများအား သက္ကယ်ပြင် စာသင်ကျောင်းသို့ လည်းကောင်း၊ ပလင်ပြင်၊ ပိုက်ဆိပ်ရှိ မိသားစုများကို အာဂျိတ္တော်ကုန်းသို့ လည်းကောင်း၊ မိုးလေ၀သ ဒုက္ခသည် စခန်းရှိ မိသားစုများအား အထက (၄) သို့ လည်းကောင်း၊ သဲချောင်း ကယ်ဆယ်ရေး စခန်းရှိ အိမ်ထောင်စုများအား အုန်းတောချေ ကယ်ဆယ်ရေးစခန်းရှိ တန်းလျားများသို့ လည်းကောင်း ပို့ဆောင်ထားကြောင်း သိရသည်။

သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သည့် ရပ်ကွက်များမှ ဘေးဒုက္ခရောက်နေကြသော ဒေသခံ ပြည်သူများအား စစ်တွေမြို့ရှိ နယ်မြေခံ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ တပ်ရင်း အလုပ်ရုံနှင့် မဟာဇေယျသိဒ္ဓိ အဓိဋ္ဌာန်ကျောင်းတိုက်များသို့ တပ်မတော်မော်တော်ယာဉ်များဖြင့် ပြောင်းရွှေ့ပေးလျက်ရှိပြီး အခြားဘေးအန္တရာယ် ရှောင်ရှားနိုင်သည့် နေရာများသို့လည်း ရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။