Thursday, May 16, 2013

ထီးခီးနယ်စပ် ကုန်သွယ်ရေးစခန်းတွင် Border Pass (BP) များ ထုတ်ပေးမည်

bptbp-may15

ထီးခီးနယ်စပ် ကုန်သွယ်ရေးစခန်းတွင် ယာယီနယ်စပ် ဖြတ်ကျော်ခွင့် လက်မှတ်များ ထုတ်ပေးနေစဉ်

တနသာင်္ရီတိုင်းဒေသကြီး ထားဝယ်ခရိုင် မေတ္တာမြို့ နယ်ခွဲရှိ ထိုင်း-မြန်မာနယ်စပ် ထီးခီးကုန်သွယ်ရေး စခန်းကို မေ ၁၁ ရက်က ဖွင့်လှစ်ခဲ့ရာ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်မှုအတွက် ယာယီနယ်စပ် ဖြတ်သန်းခွင့် လက်မှတ်များကို one stop service စနစ်ဖြင့် ထုတ်ပေးလျက်ရှိကြောင်း နယ်စပ်ကုန်သွယ်ရေးစခန်း (လ.၀.က) တာဝန်ခံ ဦးအောင်မင်းဦးထံမှ စုံစမ်းသိရှိရသည်။

လက်ရှိအခြေအနေအရ ယာယီနယ်စပ် ဖြတ်သန်းခွင့်လက်မှတ် (Temporary Border Pass - TBP) ဖြင့် ဖြတ်သန်းခွင့် ပြုထားပြီး ဒေသခံများအတွက် နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် (Border Pass - BP) ဖြင့် လွတ်လပ်စွာ ၀င်ထွက်ခွင့်ပြုရန် ဆက်လက်ပြုလုပ်ပေးသွားမည်ဟု သိရှိရသည်။ "TBP ကို ဒီနေ့စပြီး လုပ်ပေးပါတယ်။ TBP က မြန်မာနိုင်ငံသား အားလုံးအတွက် နယ်စပ်ဖြတ်ခွင့် ပြုတဲ့လက်မှတ်ပါ။ လက်မှတ်ပြုလုပ်ဖို့အတွက် ကျပ်ငွေ ၁၀၀၀ ကျသင့်မှာဖြစ်ပြီး မှတ်ပုံတင် မူရင်းနဲ့ မိတ္တူယူလာဖို့ လိုပါတယ်။ လက်မှတ်သက်တမ်းကတော့ ၆ ညအိပ် ၇ ရက်ဖြစ်ပြီး တစ်ကြိမ်သာ အသုံးပြုခွင့် ရှိပါတယ်။ BP ကတော့ ဒေသခံထားဝယ်နဲ့ မေတ္တာမြို့နယ်ထဲမှာ နေထိုင်တဲ့သူတွေကို ထုတ်ပေးမှာ ဖြစ်ပါတယ်။ စာအုပ်လျှောက်ထားရာမှာ အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်တွေကို မူရင်း၊ မိတ္တူနဲ့ ဓာတ်ပုံသုံးပုံကို ယူလာပြီး ကိုယ်တိုင်လျှောက်ထားနိုင်ပါတယ်။ စာအုပ်သက်တမ်းကတော့ ၂ နှစ်ပါ။ တစ်ကြိမ်မှာ ၁၃ ညအိပ် ၁၄ ရက် နေထိုင်ခွင့် ပြုပါတယ်။ စာအုပ် ၂ မျိုးစလုံးမှာ (၁၂) နှစ်အောက် ကလေးတွေကို သီးခြားလက်မှတ် ထုတ်ပေးမှာ မဟုတ်ဘဲ မိဘအုပ်ထိန်းသူရဲ့ လက်မှတ်မှာ အမည်ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ စာအုပ်အတွက် ကျပ် ၅၀၀ နဲ့ တစ်ကြိမ်ဖြတ်သန်းတိုင်း ကျပ် ၃၀၀ ပေးရမှာ ဖြစ်ပါတယ်" ဟု ဦးအောင်မင်းဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသားများကို BP/TBP တို့ဖြင့် ထိုင်းနိုင်ငံသို့ ၀င်ရောက်ခွင့်ပြုပြီး ထိုင်းနိုင်ငံသားများကို BP/TBP/Pass Post များဖြင့်လည်းကောင်း၊ အခြားနိုင်ငံသားများကို PassPost ဖြင့် ၀င်ရောက်ခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရသည်။ ဖြတ်သန်းခများမှာ မြန်မာ BP (အထွက်) ကျပ် ၃၀၀ နှင့် TBP (အထွက်) ကျပ် ၅၀၀၊ ထိုင်း (BP/TBP) ဖြင့်အ၀င် ၃၀ ဘတ်၊ ကမ္ဘာလှည့်ဗီဇာ Tourist Visa ၂၀ ဒေါ်လာ၊ လုပ်ငန်းဗီဇာ Bussiness Visa ၃၆ ဒေါ်လာ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။