Monday, April 1, 2013

တွံတေးမြို့နယ်၊ ဆူးကလပ်ရေကျော်မြစ်အတွင်း ခရီးသည်တင် ရှပ်ပြေးယာဉ်နှင့် ဆန်တင်ဆောင်လာသည့် ရေယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိ၍ တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

တွံတေးမြို့နယ်၊ ဆူးကလပ်ရေကျော်မြစ်အတွင်း ခရီးသည်တင် ရှပ်ပြေးယာဉ်တစ်စီးနှင့် ဆန်တင်ဆောင်လာသည့် ရေယာဉ်တစ်စီးတို့ မျက်နှာချင်းဆိုင် တိုက်မိကာ ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ မော်ကျွန်းပုသိမ်ဘက်သို့ ဦးညွှန့်လှိုင် (၄၆) နှစ် မောင်းနှင်လာသော ခရီးသည် ၁၀၉ ဦး တင်ဆောင်လာသည့် "ပုသိမ်သူ" ရှပ်ပြေးယာဉ်သည် မျက်နှာချင်းဆိုင် အနေအထားဖြင့် ဖျာပုံဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် ဆန်များတင်ဆောင်လာသော ရေယာဉ်မောင်း ဦးကျော်စိန် (၆၀) နှစ် မောင်းနှင်လာသည့် "သုဇာတာ" ရေယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါ ရေယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မှုကြောင့် ရေယာဉ်ပေါ်ပါ မသန္တာ (၁၅) နှစ်သည် ဦးခေါင်းအရေပြားလန်၊ ၀ဲပါးပေါက်ပြဲ ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ၄င်းရေယာဉ်ပေါ်ပါ ဦးမောင်တင် (၆၈) နှစ်သည်လည်း ၀ဲ/ယာ ခြေသလုံး ကြွက်သားကြေမွဒဏ်ရာ ရရှိကာ ဒေးဒရဲဆေးရုံတွင် အတွင်းလူနာအဖြစ် တင်ပို့ကုသနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ထို့ကြောင့် ရေယာဉ်များအား မဆင်မခြင် မောင်းနှင်သူ ဦးညွန့်လှိုင်နှင့် ဦးကျော်စိန်တို့အား တွံတေးရဲစခန်းမှ (ပ)၁၀၆/၁၃၊ ပုဒ်မ-၂၈၀/၃၃၈/၃၀၄ (က)ဖြင့် အမှုဖွင့် အရေးယူထားပြီး ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။ သေဆုံးသွားသူ အမျိုးသမီးသည် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံမငေးကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

မြို့တော်ခန်းမ ဖွင့်လှစ်နိုင်ရေး ညောင်ချောင်းသာကမ်းခြေဖွင့်လှစ် ရန်ပုံငွေရှာ

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် ရန်ကင်းစံရာ အနောက်ကျွန်းကျေးရွာရှိ ညောင်ချောင်းသာ ကမ်းခြေဖွင့်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုမိန့်မရရှိသေးဘဲ မြို့နယ်စည်ပင်နှင့် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီး ဖွင့်လှစ်ထားခြင်းဖြစ်သည်ဟု ၄င်းမြို့နယ်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးက ဆိုသည်။    

 

အဆိုပါ ညောင်ချောင်းသာကမ်းခြေ ဖွဲ့စည်းတည်ဆောက်ထားရာ၌  ညောင်တုန်းမြို့နယ်အုပ်ချုပ်ရေးမှူးမှ ဥက္ကဌအဖြစ် လည်းကောင်း၊ ညောင်တုန်းမြို့နယ်စည်ပင်မှ အတွင်းရေးမှူးအဖြစ်လည်းကောင်း ဦးဆောင်ကာ ၄င်းမြို့နယ်ရှိ သက်ဆိုင်ရာဌာနအသီးသီးမှ ပူးပေါင်းပါဝင်တည်ဆောက်ထားခြင်း ဖြစ်သည်ဟု ၄င်းက ဆက် လက် ပြောဆိုသည်။ 

 

"စည်ပင်နဲ့ပူးပေါင်းပြီး လုပ်ထားတာပါ။ သောင်ထွန်းတဲ့နေရာမှာ ကလေးတွေ ရေဆင်းချိုးရာက အစပြုပြီး တစ တစ လူသိများလာတာ။ ပြီးတော့ ဈေးဆိုင်လေးတွေလည်း တစ်ဆိုင်နှစ်ဆိုင်ဖြစ်လာတော့ လာတဲ့သူတွေ အဆင်ပြေအောင်လို့ ညောင်ချောင်းသာဆိုပြီး လုပ်လိုက်တဲ့သဘောပါ။ တိုင်းဒေသကြီးခွင့်ပြုမိန့်တင်ထား ပါတယ် ဒါပေမယ့် ခွင့်ပြုချက်တော့ မရသေးပါဘူး " ဟု ညောင်တုန်းမြို့နယ်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်နှင်းက ပြောသည်။       

 

ညောင်ချောင်းသာကမ်းခြေမှ ရရှိလာသည့် ရန်ပုံငွေကို မြို့တော်ခန်းမတည်ဆောက်ရန်အတွက် ပြန်လည် အသုံးပြုမည် ဖြစ်ပြီး မြို့တော်ခန်းမတည်ဆောက်ရန်အတွက် ငွေကျပ်သိန်း(သုံးထောင်)ခန့် ကုန်ကျနိုင်မည် ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်နှင်းက ဆိုသည်။

 

မြို့တော်ခန်းမကို ညောင်တုန်းမြို့နယ်ရှိ မြို့မကွင်း၌ တည်ဆောက်မည်ဖြစ်ပြီး အဆိုပါခန်းမ၌ မြို့နယ်မှ ပြုလုပ်မည့် အခမ်းအနား ၊ အစိုးရမှ ပြုလုပ်မည့် အစည်းအဝေးများကို ကျင်းပနိုင်ရေးအတွက်ဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

 

" ဒီကရတဲ့ ငွေနဲ့ မြို့တော်ခန်းမဆောက်ဖို့လို့လည်း ပြောတယ်။ အဲ့ဒါကြောင့် ရန်ပုံငွေရှာတဲ့ သဘောပါ။   နေ့ချင်းပြန်လည်း သွားလို့ရတော့ လူတွေတော်တော်လာကြတယ်။ ရန်ကုန်ကတော့ ပိုအလာများတာပေါ့" ဟု ညောင်ချောင်းသာကမ်းခြေရှိ စားသောက်ဆိုင်ပိုင်ရှင် ဦးဝင်းကြိုင်က ပြောသည်။    

 

ညောင်တုန်းမြို့နယ် မြို့မကွင်း၌ တည်ဆောက်မည့် မြို့တော်ခန်းမအတွက် သက်ဆိုင်ရာအစိုးရအဖွဲ့များ မှ ထောက်ပံ့ပေးခြင်းမျိုးမရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ဆိုသည်။

 

ကမ်းခြေတည်ဆောက်ထားသည့်ကိစ္စနှင့်ပါတ်သတ်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် ဦးအုန်းက "အပန်းဖြေစခန်းတစ်ခု လုပ်ပြီးဆိုလို့ရှိရင် ကောင်းတာလည်းရှိသလို မကောင်းတာလည်း ရှိတယ်။ အဓိကက တော့ ကမ်းခြေဆိုပါစို့ သစ်ပင်ရှိရမယ်။ သစ်ပင်မရှိရင် အဓိပ္ပါယ်မရှိဘူး" ဟု ဆိုသည်။

 

အဆိုပါ ကမ်းခြေကို ညောင်တုန်းမြို့နယ် စည်ပင်သာယာရေးနှင့် မြို့နယ်အုပ်ချုပ်ရေးမှုးတို့က ပူးပေါင်း ခွင့်ပြုပေးခဲ့ကြောင်း နှင့် ဆိုင်နေရာများကို မဲနှိုက်၍ ရောင်းချကြကြောင်း သာယာအောင်စားသောက်ဆိုင် ပိုင်ရှင်က ဆိုသည်။

 

"ဆိုင်ခန်းတွေကို (၁၀)ပေနဲ့ (၁၅)ပေဆိုပြီး ခွဲပေးပါတယ်၊ ချက်တာပြုတ်တာကိုတော့ မြစ်ရေနဲ့ သုံးပြီး သောက်ရေကိုတော့ ရေသန့်သုံးပေးပါတယ်။အမှိုက်တွေကိုတော့ သောင်ပေါ်မှာ တွင်းတူးပြီး မြုပ်တယ်၊ ဆိုင်တွေကို မဲစနစ်နဲ့ချပေးထားပါတယ်"ဟု သာယာအောင်စားသောက်ဆိုင်မှ ဦးဝင်းကြိုင်က ဆိုသည်။

 

ညောင်ချောင်းသာကမ်းခြေကို ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ ဖွင့်လှစ်ခဲ့ပြီး လက်ရှိတွင် ဈေးဆိုင်ခန်း ပေါင်း (၄၈)ခန်းရှိကြောင်း၊ အများပြည်သူရုံးပိတ်ရက်များတွင် လာရောက်လည်ပတ်သောလူဦးရေမှာ တစ်ရက် လျှင်(၁ သောင်း) ၀န်းကျင်ခန့်ရှိပြီး ကျန်ရက်များတွင် လာရောက်လည်ပတ်သော လူဦးရေမှာ တစ်ရက်လျှင်(၂ ထောင်) ကျော်ရှိကြောင်း ညောင်ချမ်းသာတံတားအား လေလံဆွဲထားသူ ကိုနိုင်ကိုလင်းက ဆိုသည်။    


ရေဦးမြို့နယ်မှကျေးရွာများ သောက်သုံးရေအခက်အခဲအတွက် အကူအညီလိုအပ်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ရေဦးမြို့နယ် အတွင်းရှိ ပေါရွာ အပါအ၀င် ရွာသုံးရွာတွင် ရေရှားနေသဖြင့်  သောက်သုံးရေ အခက်အခဲကြုံတွေ့နေသောကြောင့် အကူအညီလိုအပ်လျက်ရှိကြောင်း  ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

 

'ရွာသုံးရွာထဲမှာ ပေါရွာကတော့ အဆိုးဆုံးပဲ။ သောက်ရေနဲ့ ချက်ဖို့ပြုတ်ဖို့ရေက ညမှ ရေတွင်းမှာ သွားငင်ရတယ်။ အဲဒီ ရေတွေကလည်းနောက်ကျိကျိဖြစ်နေတယ်။ ရေရှားတော့ ဒါကိုပဲ သုံးနေရတယ်။ ပြီးခဲ့တဲ့အပါတ်က NGO အဖွဲ့တွေကိုတော့ ဆက်သွယ်ကြည့်တယ်။ဒါပေမယ့် သူတို့တွေက အချက် အလက်ပဲ တောင်းသွားတယ်။ အကူအညီပေးမယ့်သူတော့ ရောက်မလာကြသေးဘူး´ဟု ပေါရွာ ဒေသခံ တစ်ဦးက ပြောကြားခဲ့သည်။

 

ရွာအတွင်း၌ စက်ရေတွင်း(၄)တွင်း ရှိသော်လည်း နေ့လည်ပိုင်း လုံးဝရေမရရှိဘဲ  ညပိုင်းအချိန်တွင်သာ   ရေအနည်းငယ် ခန့်သာ ရရှိသောကြောင့်  သုံးရေအခက်အခဲဖြစ်လျက်ရှိပြီး၊ အဆိုပါဒေသ အနီးရှိ ကျေးရွာများမှ လှည်းများဖြင့် သွားရောက် ယူဆောင်နေရကြောင်း သိရှိရသည်။

 

ထိုကဲ့သို့ ရေရရှိမှု အခက်အခဲဖြစ်နေသော ကျေးရွာများမှာ ပေါရွာ၊ သစ်ဖရွာ နှင့် ပလူဇ၀ရွာ တို့ဖြစ်သည်။ အဆိုပါကျေးရွာများမှာ ရေဦးမြို့နယ် နှင့် ၃၅ မိုင်ခန့် အကွာတွင် တည်ရှိပြီး တစ်ရွာလျှင် ပျမ်းမျှ အိမ်ခြေ (၅၇)၊ လူဦးရေ ၂၀၀ကျော်ခန့်စီရှိပြီး ကျေးရွာသုံးရွာပေါင်း လူဦးရေ ၁၀၀၀ တစ်ထောင်ဝန်းကျင်ခန့်ရှိ နိုင်ကြောင်း သိရှိရသည်။

 

အဆိုပါ ကျေးရွာ ၃ရွာမှ နှစ်စဉ် ရေရှားပါးမှု ဒဏ်ကို ရင်ဆိုင်နေရသောလည်း ယခုနှစ်အတွင်း ဒေသတွင်း မိုးနည်းပါးခဲ့သောကြောင့် ကန်ရေခမ်းပြီး ယခင်နှစ်များကထက်ပို၍ ရေရှားသွားခြင်းဖြစ်ကြောင်း၊ ၄င်းတို့အနေဖြင့် သောက်သုံးရေအတွက် ဘေးရွာများမနှင့် ရေရရှိနိုင်သော ကျေးရွာများကိုသာ လှည့်ပတ်ရေ ရှာနေရသောကြောင့် သောက်သုံးရေအခက်အခဲတွက် ကူညီလိုအပ်နေခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။

 

 'ရွာတွေက ရေမရတော့ လို့ အနီးရွာတွေက သွားယူရတယ်။အဲဒီရွာတွေလည်း နောက်ဆို ရေရှား လာတော့မှာ။ ဒီမှာ ရေကြောမိတဲ့ စက်ရေတွင်းတစ်တွင်းလောက် တစ်ရွာစီမှာ တူးပေးမယ့်သူရှိရင် ကောင်းမယ်'ဟု ဒေသခံတစ်ဦးဖြစ်သူ ကိုမျိုးရာဇာဝင်းမှ ပြောကြားခဲ့သည်။

 

သောက်ရေမသန့်ရှင်း၍ဖြစ်တတ်သော ၀မ်းရောဂါများအပြင် သုံးရေမလုံလောက်သည့် အတွက် တစ်ကိုယ် ရေ သန့်ရှင်းပင် မလုပ်နိုင်သဖြင့် အရေပြားရောဂါနှင့် ယားနာရောဂါများ ကူးစက်ပြန့်ပွားမည်ကို စိုးရိမ်နေရ ကြောင်း သိရှိရသည်။

 

ယခင်နှစ်များက ရေထွက်နည်းသည်မှာ ပုံမှန်ဖြစ်သော်လည်း ၂၀၁၂ ခုနှစ် မိုးရာသီ၌ မိုးနည်းခဲ့သော ကြောင့် ယခုနှစ်အတွင်း အခက်အခဲပိုမိုကြုံတွေ့နိုင်ခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။


ဂျပန်နိုင်ငံ၏ အကြီးဆုံး ဘဏ်တစ်ခုဖြစ်သော Bank of Tokyo Mitsubishi UFJ မှ ဘဏ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် နည်းပညာ အကူအညီပေးမည်

4.1.5

ဘဏ်လုပ်ငန်းဝန်ဆောင်မှုဖွံ့ဖြိုးရေးအတွက် နားလည်မှုစာချွန်လွှာအားလဲလှယ်နေသည်ကို တွေ့ရစဉ်

ဂျပန်နိုင်ငံ၏ အကြီးဆုံးဘဏ် တစ်ခုဖြစ်သော Bank of Tokyo Mitsubishi UFJ (BTMU) ဘဏ်မှ မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းဆိုင်ရာ ၀န်ဆောင်မှု ဖွံ့ဖြိုးတိုးတက်စေရန် နည်းပညာ အကူအညီများ ပေးမည်ဖြစ်ကြောင်း သမ၀ါယမဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သမ၀ါယဘဏ် မန်နေဂျင်း ဒါရိုက်တာ ဦးဖေမြင့်က "ဘဏ်နှစ်ခုကြား နှစ်ဖက်ဘောတူစာချုပ် ချုပ်ဆိုတာပါ။ Bank of Tokyo Mitsubishi UFJ (BTMU) ဘဏ်က ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စတွေမှာ သမ၀ါယမဘဏ်ကို နည်းပညာ၊ နည်းစနစ်ပိုင်း ဆိုင်ရာတွေမှာ အကူအညီပေးမှာပါ။ ဂျပန်ဘဏ်ဘက်က ပညာရှင်တွေ၊ အကြံပေး ပုဂ္ဂိုလ်တွေ ဒီကိုလာပြီး အကူအညီပေးမှာပါ" ဟု ပြောသည်။

ဘဏ်နှစ်ဘဏ်ကြား လုပ်ငန်းစတင်နိုင်ရန်နှင့် လုပ်ငန်းပိုင်းဆိုင်ရာများ ထပ်မံတိုးမြှင့်ရန်အတွက် စာချုပ် ချုပ်ဆိုခြင်း ဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် သမ၀ါယမဘဏ်နှင့် (BTMU) ဘဏ်တို့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးထားကြောင်း၊ Bank of Tokyo Mitsubishi UFJ (BTMU) ဘဏ်သည် ဂျပန်နိုင်ငံတွင် အကြီးဆုံး ဘဏ်တစ်ခုဖြစ်ပြီး နှစ်တစ်ရာကျော် သက်တမ်းရှိသည့် ဘဏ်တစ်ခုဖြစ်ကြောင်း သိရသည်။

သမ၀ါယမဘဏ်နှင့် BTMU ဘဏ်တို့၏ customer များဖြစ်ကြသည့် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများနှင့် တစ်ဦးချင်း ပုဂ္ဂလိက ကုန်သည်များ၊ အသင်းအုပ်စု အဖွဲ့အစည်းများကို ရည်ရွယ်ထားကြောင်း၊ မြန်မာနိုင်ငံတွင် ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းများ ချော့မွေ့လာစေရန် အတွက် ၀န်ဆောင်မှုများကို ပေးလိုကြောင်း ဦးကျော်လင်းက ထည့်သွင်း ပြောကြားသည်။

"မြန်မာနိုင်ငံကို လာရောက်ရင်းနှီးမြှုပ်နှံမယ့် ဂျပန်လုပ်ငန်းရှင် အများစုက BTMU ဘဏ်နဲ့ အဆက်အဆံ ရှိသလို ကုန်သွယ်မှု အပိုင်းနဲ့ ပတ်သက်ရင် သူတို့ဘဏ်မှာ စာရင်းဖွင့်ထားတာတွေ များတယ်။ BTMU ဘဏ်နဲ့ချိတ်ဆက်ပြီး နောက်ပိုင်း ဂျပန်ကုမ္ပဏီတွေ စာရင်းလာဖွင့်တာ များလာတယ်" ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ နိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုထားသော နိုင်ငံခြားဘဏ် ကိုယ်စားလှယ် ရုံးခွဲပေါင်း ၂၄ ခုရှိပြီး The Bank of Tokyo Mitsubishi UFJ၊ Mizuho Coporate Bank Ltd၊ Sumitomo Mitsui Banking Corporation ဘဏ်တို့သည် ဂျပန်နိုင်ငံ အခြေစိုက် ဘဏ်များဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲများ လွတ်လပ်တရားမျှတစွာ ကျင်းပနိုင်ရန် စတင်ဆောင်ရွက်နေကြောင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ပြောကြား


4.1.7

၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်တွင် ပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဆန္ဒမဲများကို ရေတွက်ရန် ပြင်ဆင်နေသည်ကို တွေ့ရစဉ်

၂၀၁၅ ရွေးကောက်ပွဲများ လွတ်လပ်၊ တရားမျှတစွာ ကျင်းပနိုင်ရန် လိုအပ်သော ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များကို ယခုကတည်းက စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက မတ်လ ၂၉ ရက်တွင် ပြုလုပ်သည့် ညှိနှိုင်းဆွေးနွေးပွဲတွင် ပြောကြားသည်။

ပထမအကြိမ် လွှတ်တော်ပုံမှန် သက်တမ်းတစ်ရပ်အတွက် ရွေးကောက်ပွဲများ ကျင်းပခဲ့သည်မှာ နှစ်နှစ်ကျော်ခဲ့ပြီ ဖြစ်ကြောင်း၊ လာမည့် ဒုတိယအကြိမ် လွှတ်တော်ပုံမှန် သက်တမ်းအတွက် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကို ၂၀၁၅ ခုနှစ် နှစ်ကုန်ခါနီး လများအတွင်း ကျင်းပပေးရန် ရှိကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ပါဝင်သော ပြည့်စုံမှန်ကန်သည့် မဲစာရင်း ရရှိရေးအတွက် စမ်းသပ်မဲစာရင်း ကောက်ယူရေး လုပ်ငန်းကို ဆောင်ရွက်ရန် စီစဉ်နေကြောင်း သိရသည်။


ကော်မရှင်က သူ့ဟာသူ လုပ်နေတာထက်စာရင် အခုလိုအရပ်ဖက် အဖွဲ့အစည်းတွေကို ဆွေးနွေးတိုင်ပင်တာမျိုး၊ ချပြတာမျိုးကကောင်းပါတယ်။ ဒါမျိုးကဒီတစ်ကြိမ်နဲ့ ပြီးသွားရင်တော့ဟန်ပြသပ်သပ်ဖြစ်သွားမှာပဲ  . . .

"ရွေးကောက်ပွဲဆိုတာက မဲထည့်ပြီးရုံနဲ့တော့ မပြီးဘူးပေါ့ဗျာ။ ရွေးကောက်ပွဲတိုင်းမှာ နိုင်ငံသားတွေရဲ့ ပူးပေါင်းပါဝင်မှု မြင့်မားလာလေ ရွေးကောက်ပွဲဂုဏ်သိက္ခာတက်လေ နိုင်ငံ့ဂုဏ်သိက္ခာ တက်လေပေါ့။ ကော်မရှင်က သူ့ဟာသူ လုပ်နေတာ ထက်စာရင် အခုလို အရပ်ဖက် အဖွဲ့အစည်းတွေကို ဆွေးနွေးတိုင်ပင်တာမျိုး၊ ချပြတာမျိုးက ကောင်းပါတယ်။ ဒါမျိုးက ဒီတစ်ကြိမ်နဲ့ ပြီးသွားရင်တော့ ဟန်ပြသပ်သပ် ဖြစ်သွားမှာပဲ။ ဒါပေမယ့် ဒီလိုမဖြစ်အောင် တစ်ကယ် အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုး ဖြစ်အောင် ကျွန်တော်တို့ကလည်း တိုက်တွန်းရမှာပါ။ ဆောင်လဲ ဆောင်ရွက်ရမှာပါ" ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ ၈၈ မျိုးဆက် အဖွဲ့အစည်းမှ ကိုသက်ဇော်က ပြောပါသည်။

သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲများကလည်း သက်ဆိုင်ရာမြို့နယ် ကော်မရှင်အဖွဲ့ခွဲ၏ ကြီးကြပ်မှုကို ခံယူ၍ ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် မဲစာရင်းကို အခြေခံပြီး စမ်းသပ်မဲစာရင်း ကောက်ယူမည် ဖြစ်ကြောင်း၊ ထိုမဲစာရင်း စမ်းသပ်ကောက်ယူမှုမှ တစ်ဆင့် တစ်နိုင်ငံလုံးရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် မဲစာရင်းများကို ဆက်လက်ကောက်ယူရန် စီစဉ်ထားကြောင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။

ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် New Myanmar Foundation မှ မမြနန္ဒာက "ကော်မရှင် ဥက္ကဋ္ဌက ကော်မရှင်ကို လွတ်လပ်တဲ့ အဖွဲ့အစည်းအဖြစ် လုပ်ဆောင်သွားမယ်လို့ အာမခံ ပြောကြားခဲ့တယ်။ နောက်ပြီး ထူးခြားတာက တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ ပညာရေးဌာနတို့ ဘာတို့ဆိုရင် ပြောသမျှ ခေါင်းညိတ်တဲ့ ပုံစံမဟုတ်ဘဲ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ တွေ့ကြုံခဲ့ရတာတွေ၊ ရွှေ့ပြောင်း အလုပ်သမားတွေရှိတဲ့ ဒေသနဲ့ ဆိုင်တဲ့ မဲစာရင်းကိစ္စတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားတာတွေ တွေ့ရတော့ ပြောင်းလဲလာတယ်လို့ ပြောလို့ရတယ်" ဟု ပြောကြားသည်။

၂၀၁၀ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်က ကျင်းပခဲ့ပြီး အဆိုပါ ရွေးကောက်ပွဲမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၂၅ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၈ ဦးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၆၆၁ ဦးကို ရွေးကောက်ခဲ့သည်။

ထို့အပြင် နိုင်ငံတော်သမ္မတ၊ ဒုတိယ သမ္မတများနှင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ၀န်ကြီးများအဖြစ် ခန့်အပ်ခြင်း ခံရသဖြင့် နုတ်ထွက်သွားသော လွှတ်တော် ကိုယ်စားလှယ်များ၏ လစ်လပ်မဲဆန္ဒနယ် ၄၅ နယ်၌ ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်တွင် ကျင်းပခဲ့ပြီး အဆိုပါ ရွေးကောက်ပွဲမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၇ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ခြောက်ဦးနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် နှစ်ဦးကို ရွေးကောက်ခဲ့သည်။

သစ် အလုံးလိုက် ပြည်ပတင်ပို့မှုခွင့် ရပ်ဆိုင်းမည်


Logging-truck
ရန်ကုန် (မဇ္ဈိမ)။   ။ ပြည်ပသို့ သစ် အလုံးလိုက် တင်ပို့မှုကို ဧပြီလ ၁ ရက်နေ့မှ စတင်၍ ရပ်ဆိုင်းတော့မည်
ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ဝန်ကြီးဌာန မှတဆင့် ဆိုသည်။

"သစ်နဲ့ပတ်သက်ပြီး သစ်အချောထည်နဲ့ တဝက်တပျက် အချောထည်အဖြစ်သာ တင်ပို့ခွင့်ကို ဝန်ကြီးဌာနက မတ်လ ၂၉ ရက် နေ့စွဲနဲ့ သတင်းထုတ်ပြန်ပြီးဖြစ်ပါတယ်" ဟု ယင်းဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။

ထို့သို့ ပိတ်ပင်ရခြင်းမှာ ပြည်သူလူထု တရပ်လုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်လျက် နိုင်ငံတော်၏ အဓိက သယံဇာတ တခုဖြစ်သည့် သစ်တော သယံဇာတများ ရေရှည် အကျိုးရှိစွာ အသုံးချနိုင်ရန် ရည်ရွယ် လုပ်ကိုင်ခြင်း ဖြစ်သည်ဟု ဆိုသည်။

"အခုလို သစ်အလုံးလိုက်တင်ပို့မှုကို ပိတ်လိုက်တာဟာ ၂၀၁၁ ခုနှစ် လောက်ကတည်းက ကုန်ကြမ်း မလုံလောက် လို့ ရပ်ထားရတဲ့ သစ်စက်တွေ၊ ပိတ်လိုက်ရတဲ့ သစ်စက်တွေနဲ့အတူ အလုပ်လက်မဲ့ ဖြစ်ခဲ့ရတဲ့ သစ်စက် အလုပ်သမားတွေ လက်လွှတ်လိုက်ရတဲ့ အလုပ်တွေ ပြန်လည် ရရှိနိုင်တော့မှာပါ" ဟု တောင်ဥက္ကလာပရှိ သစ်စက်လုပ်ငန်းရှင် ဦးအောင်မိုး က မျှော်လင့်သည်။

ထို့အပြင် ပြည်ပ လုပ်ငန်းရှင်များက သစ်အချောထည် စက်မှုလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာနိုင်ကြောင်း
မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တဦးက ပြောဆိုသည်။

အဓိကရုဏ်းဖြစ်ပွားခဲ့သည့် ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်

ရန်ကုန်(မဇ္ဈိမ)။        ။ မိတ္ထီလာမြို့၏ လက်ရှိအခြေအနေမှာ တည်ငြိမ်လျက်ရှိသော်လည်း ကျန်းမာရေး ချို့ယွင်းမှုများ ရှိသည်ဟု ဒေသခံ မဖြူက မဇ္ဈိမသို့ပြောသည်။

မဖြူက "နေရာတိုင်းမှာ လူတွေက ညှပ်နေလို့ ကူးစက်မှုတွေ ပိုများလာတယ်။ လူအချင်းချင်း ထိပြီးအိပ်ရတာ
တော်တော်ဆိုးတယ်" ဟု ဆိုသည်။

ဒုက္ခသည်များထံ လှူဒါန်းမှုများကို ဆက်သွယ်ရေးစခန်းမှ တဆင့်လှူစေခြင်းကို အချို့လှူဒါန်းသူများက မနှစ်သက်ကြကြောင်း လှူဒါန်းသူတဦးက ပြောသည်။

ဒေသခံတဦးဖြစ်သူ မသီရိကလည်း စိတ်ထဲတွင် ကြောက်ရွံ့မှုများ မရှိတော့သော်လည်း ကျန်းမာရေးကို စိတ်ပူနေရသဖြင့် အိမ်များ အမြန် ပြန်ဆောက်ပေးရေးကိုသာ လိုလားနေကြောင်း ဆိုသည်။

၎င်းက "ကျွန်မတို့ အိမ်မြန်မြန် မရရင် ရောဂါကူးမယ်။ အိမ်ပြန်မဆောက်ပေးရင် ကိုယ့်မြေမှာ ကိုယ်တဲပဲထိုးနေရနေရ
ကျေနပ်တယ်" ဟု ပြောပြသည်။

မိတ္ထီလာ ဒေသခံများ၏ ကျန်းမာရေး အခြေအနေမှာလည်း စောင့်ရှောက်မှုများ ပိုမိုလိုအပ်နေသည်ဟု ဒေသခံ ၈၈မျိုးဆက်ကျောင်းသား ကိုထိန်မင်းခိုင်က မဇ္ဈိမကို ပြောသည်။

၎င်းက " ကျီးလန့်စာစားနေနေရတဲ့အတွက် အကုန်လုံးတော့ တော်တော်လေး ဒုက္ခရောက်နေတယ်။ အခြေအနေ ကိုတော့ ထိန်းနိုင်တဲ့အခြေအနေပါ။ ဆိုးဝါးနေတာတော့ မဟုတ်ဘူး" ဟု ဆိုသည်။

မတ်လ ၂ဝ ရက်နေ့တွင် မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နှင့် အခြားမြို့များတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်များ၌ ပျက်စီးဆုံးရှုံးမှုများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲဇာနည် Facebook စာမျက်နှာမှ တစ်ဆင့် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ပဋိပက္ခဖြစ်စဉ်များကြောင့် သေဆုံးသူ (၄၂) ဦး၊ ဆေးရုံတက်ရောက် ကုသသူ (၉၃) ဦး၊ ဆေးရုံမှ ဆင်းသွားသူ (၆၃) ဦးနှင့် ကုသဆဲ လူနာ(၃ဝ) ဦးရှိကြောင်းနှင့် အမှုဖြင့် ဖမ်းဆီးထားသည့် တရားခံ (၆၈) ဦးနှင့် မသင်္ကာ၍ စစ်ဆေးနေသူ (၁၅) ဦးရှိကြောင်း ထုတ်ပြန်ချက်အရသိရသည်။

အကြမ်းဖက်သူများက နေအိမ် အဆောက်အဦများ၊ ဘာသာရေး အဆောက်အဦများ၊ ဈေးဆိုင်ခန်းများနှင့် အခြားပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ရာ လူနေအိမ် (၁၂၂၇) လုံး၊ ဈေးဆိုင်ခန်း (၇၇) ခန်း၊ ရုံး (၁) ရုံး၊ ဘာသာရေး အဆောက်အဦ (၃၇) လုံး၊ ဆန်စက်/ဂိုဒေါင် (၄ ) လုံး၊ ကား/ထော်လာဂျီ (၂၁) စီး၊ ဆိုင်ကယ် (၁၂) စီး၊ သုံးဘီးဆိုင်ကယ် (၃) စီးတို့ ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ဒုက္ခသည် စခန်းတွင်းမှ အပြင်လုံးဝ ထွက်ခွင့်မရ ကြောင်းနေမကောင်းပါက ဆရာဝန်များ လာရောက်ကြည့်ရှု
ပေးကြောင်း မိထ္တီလာဒေသခံ မဖြူကပြောသည်။

၎င်းက"ဆရာဝန်တွေကတော့ ကြည့်တော့ ကြည့်ပေးနေတာပဲ။ ဒီမှာ မကုနိုင်တဲ့အခါမှ ထွက်တဲ့ လက်မှတ်ယူပြီး သွားကုရတယ်။ အပြင်ထွက်မယ်ဆိုရင် အပြင်က လာခေါ်မှ ထွက်လို့ရတာ။" ဆိုသည်။

မတ်လ ၂၆ ရက်နေ့က ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် နတ္တလင်းမြို့တွင် အခြေအနေများ တည်ငြိမ်လျက် ရှိသော်လည်း ကျန်းမာရေး အခြေအနေမှာမူ စိတ်လုံNခုံမှု မရှိကြသေးကြောင်း ထပ်မံဆူပူမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံ တဦးဖြစ်သည့် ကိုလွင်သန်းက မဇ္ဈိမကို ပြောသည်။

  ဇီးကုန်းမြို့တွင်လည်း ဒေသခံများက စိတ်ချရမှုကို လိုချင်နေကြကြောင်း ဇီးကုန်းဒေသခံ မ၀င်းမာက ဆိုသည်။

မ၀င်းမာက " တော်တော်ကို စိုးရိမ်နေကြတယ်။ လူတွေက ကြောက်နေတာ ထပ်ဖြစ်မလား။ လာပြီး ဖျက်ဆီးမလား ဒါကိုပဲ နေ့တိုင်းစိုးရိမ်နေကြတာ" ဟုဆက်ပြောသည်။

ကြို့ပင်ကောက် ဒေသခံ မခင်မူက ကျန်းမာရေးစောင့်ရှောက်မှုများမှာ လိုအပ်သည်ထက် လျော့ကြောင်း ဆိုသည်။

အစိုးမှ အကြမ်းဖက်မှု၊ မီးလောင်ကျွမ်းမှုနှင့် အဓိကရုဏ်းများကြောင့် အိုးအိမ်စွန့်ခွာခဲ့ရသော ဒုက္ခသည် ပြည်သူ လူထု၏ အရေးပေါ် စားဝတ်နေရေး၊ လုံခြုံရေးကို အပြည့်အ၀ ကူညီဆောင်ရွက်သွားမည်ဖြစ်ပြီး အခြေအနေ တည်ငြိမ် လာသည်နှင့်အမျှ ဒုက္ခသည်များ ပြန်လည် နေရာချထားရေးကို အမြန်ဆုံးဆောင်ရွက်သွားမည်ဟု သတင်းထုတ်ပြန်ရေး အဖွဲ့၏ (၇/ ၂၀၁၃) တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါကြေညာချက်တွင် အစိုးရအနေနှင့် လိုအပ်သော လူသားချင်းစာနာသည့် အကူအညီများကို ပေးနိုင်ရန် အတွက် လူထုအခြေပြု၊ လူ့အဖွဲ့အစည်းများ၊ ပုဂ္ဂလိကများ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လက်တွဲ
ဆောင်ရွက်သွားမည်ဟု ပါရှိသည်။

အစိုးရ၀န်ထမ်းများ၏ လစာနှုန်း၊ ပင်စင်လစာနှင့် လုပ်ခများ တိုးမြှင့်သတ်မှတ်