Monday, August 19, 2013

ဒေါက်တာစင်သီယာမောင် ဆစ်ဒနီငြိမ်းချမ်းရေးဆုရရှိ

ဒေါက်တာ စင်သီယာမောင်
ဒေါက်တာ စင်သီယာမောင်
ထိုင်းမြန်မာနယ်စပ်မှာ နှစ်ပေါင်း ၂၀ ကျော် ကျန်းမာရေး လူမှုရေး လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ဒေါက်တာ စင်သီယာမောင်ကို ငြိမ်းချမ်းရေး တရားမျှတရေး လွတ်လပ်ရေးတို့ အတွက် သြစတြေးလျနိုင်ငံက ဆစ်ဒနီ ငြိမ်းချမ်းရေးဖောင်ဒေး ရှင်း ကနေ ငြိမ်းချမ်းရေးဆု ပေးအပ်ခဲ့ပါတယ်။  ဒီအကြောင်းကို မအေးအေးမာက သတင်းပေးပို့ထားပါတယ်။ 

ထိုင်းမြန်မာနယ်စပ်မှာ နှစ်ပေါင်း ၂၀ ကျော်ကြာ မယ်တော်ဆေးခန်း ဖွင့်ပြီး ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ စစ်ပြေး ဒုက္ခသည်တွေ အတွက် ကျန်းမာရေး လူမှုရေး ပညာရေး စတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နေ တဲ့ ဒေါက်တာစင်သီယာမောင်ကို သြစတြေးလျ ဆစ်ဒနီငြိမ်းချမ်ရေးဖောင်ဒေး ရှင်း က ငြိမ်းချမ်းရေးဆု ပေးအပ်ခဲ့တာပါ။ ဒေါက်တာစင်သီယာမောင်က သူမကို ဒီဆု ဘာကြောင့်ပေးအပ်ခဲ့သလဲ ဆိုတာကို ရှင်းပြပါတယ်။
 
"အခုလက်ရှိ ဆောင်ရွက်နေတဲ့ ကျန်းမာရေး လူမှုရေး လုပ်ငန်းတွေ၊ နောက်ပြီးတော့ ငြိမ်းချမ်းရေးအတွက် လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ ဆက်သွယ် ဆောင်ရွက်ပြီးတော့ လုပ်နေတဲ့၊ ငြိမ်းချမ်းရေး တည်ဆောက်မှုကိစ္စတွေ၊ ဒီမိုကရေစီ လူ့အခွင့်အရေးဆိုင်ရာ လုပ်ဆောင်မှုတွေ အားလုံးပေါ့။ ဒီအခြေခံနဲ့ ပေးတာဖြစ်ပါတယ်။"
 
ဒီဆုကို ပေးအပ်လိုက်တဲ့အတွက် ဒုက္ခအခက်အခဲတွေ တွေ့နေကြတဲ့ လူသူဝေးတဲ့နေရာတွေ၊ အစိုးရရဲ့ လက်လှမ်းမမှီနိုင်တဲ့ နေရာတွေမှာ အလုပ်လုပ်နေကြတဲ့ ကျန်းမာရေး၊ လူမှုရေး လုပ်သားတွေအတွက် အားတက်စရာတွေ ဖြစ်ရတယ်လို့လည်း ဒေါက်တာစင်သီယာမောင်က ဆိုပါတယ်။
 
"ဒီလို ဆုမျိုးကတော့ အထူးသဖြင့် ကျမတို့ အခက်အခဲဆုံး အခြေအနေတွေ၊ အင်မတန်မှ လိုအပ်နေတဲ့ နေရာဒေသတွေပေါ့။ နိုင်ငံတကာ ကဖြစ်ဖြစ်၊ အစိုးရတွေကဖြစ်ဖြစ် အကူအညီ အကူအညီမရတဲ့ ဒေသတွေမှာ အလုပ် လုပ်နေကြတဲ့ လူထုတွေအားလုံး၊ ကျန်းမာရေး၊ ပညာရေး လူမှုရေး လုပ်သားတွေအတွက် ခွန်အားဖြစ်စေတယ်လို့ ယုံကြည်ပါတယ်။"
 
ပြည်သူလူထုတွေကြားမှာ တရားမျှတမှုနဲ့ လွတ်လပ်မှုတွေ ရမှ ငြိမ်းချမ်းရေးကို တည်ဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်းကိုလည်း ပြောသွားပါတယ်။
"ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ကတော့ အခြေခံတာကတော့ တရားမျှတမှုနဲ့ လွတ်လပ်မှုပေါ့နော်။ ဒီ တရားမျှတမှုနဲ့ လွတ်လပ်မှုတွေကို ကျမတို့ ပြည်သူ လူထုကြားထဲမှာ ပိုပြီးတော့ ရရှိလာမယ် ဆိုရင် ဒါ ငြိမ်းချမ်းရေးကို တကယ်တည်ဆောက်နိုင်တာ ဖြစ်ပါတယ်။"

မြန်မာနိုင်ငံမှာ ၂၀၁၀ ခုနှစ်နောက်ပိုင်း အရပ်သားအစိုးရသစ် ပြောင်းလဲခဲ့ ပြီးနောက် ငြိမ်းချမ်းရေး လုပ်ငန်းတွေကို လုပ်ဆောင်လာခဲ့တာပါ။ လက်ရှိ အခြေအနေကတော့ မြန်မာနိုင်ငံမှာ ကျန်မာရေး ပညာရေး မညီမျှမှုတွေ ရှိနေသေးတဲ့အတွက် ဆက်လက် ဆောင်ရွက်သွားမယ်လို့ လည်း ဒေါက်တာစင်သီယာမောင်က ဆိုပါတယ်။

"လက်ရှိမှာတော့ ကျမတို့ ပြည်သူလူထုကြားထဲမှာ လက်ရှိကြုံနေရတဲ့ မညီမျှမှုပေါ့နော်။ လူမှုရေးပိုင်း မညီမျှမှုတွေ၊ ကျန်းမာရေး ပညာရေး မညီမျှမှုတွေကိုတော့ ဒါ ပြည်သူတွေနဲ့အတူ ထိထိရောက်ရောက် နဲ့ ပူးပေါင်းဆောင်ရွက်ရမယ်။ ပံ့ပိုးမှုတွေ ပိုပြီး ပေးရမယ်။ လူမှုအသိုင်းအ၀ိုင်း တခုလုံး ပြောင်းလဲလာတဲ့ အခြေအနေအထိကို ကျမတို့ ဆက်ပြီးတော့ ဆောင်ရွက်ရဦးမှာ ဖြစ်ပါတယ်။"
 
ဆစ်ဒနီ ငြိမ်းချမ်းရေးဆုကို လာမယ့် နိုဝင်ဘာလ မှာ သွားရောက် လက်ခံရယူမှာဖြစ်ပြီး ဒီဆုဟာ နိုင်ငံတကာမှာ လူသားတွေအတွက် ထူးထူးခြားခြား ဆောင်ရွက်သူတွေကို ပေးအပ်ခဲ့တဲ့ဆုလည်း ဖြစ်ပါတယ်။ ဒေါက်တာစင်သီယာမောင် ဟာ ရီမွန်မက်ဆေးဆေး ဆုအပြင် အလားတူ ဆုမျိုးတွေ ကို ရရှိခဲ့ဖူးပြီး သူမရဲ့ ဆုငွေတွေကို ဒုက္ခရောက်နေသူတွေ နဲ့ အမေ့လျော့ခံဖြစ်နေတဲ့ ဆင်းရဲသား လူတန်းစားတွေ၊ ကလေးတွေကို အကူအညီပေးတဲ့ နေရာတွေမှာ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ဒေါက်တာစင်သီယာမောင်ဟာ နှစ်ပေါင်း ၂၀ ကျော်အတွင်းမှာ ထိုင်းမြန်မာ နယ်စပ်တလျှောက် အမျိုးသမီးနဲ့ ကလေး ကျန်းမာရေး၊ လူမူရေး၊ ပညားရေး ကိစ္စတွေကို တစိုက်မတ်မတ် ဆောင်ရွက်နေ တာဖြစ်ပြီး ရွှေ့ပြောင်း အလုပ်သမားတွေ ရှိနေသမျှ သူ့ရဲ့ လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းကိုလည်း ပြောသွားပါတယ်။

ကြက်တုပ်ကွေးအန္တရာယ် နီပေါ အရေးပေါ်စီမံ


အရေးပေါ်စီမံဆောင်ရွက်ရေးအဖွဲ့က ကြက်ငှက်တွေကို သုတ်သင်ခဲ့စဉ်။ (သြဂုတ်လ ၂ ရက်၊ ၂၀၁၃)။
အရေးပေါ်စီမံဆောင်ရွက်ရေးအဖွဲ့က ကြက်ငှက်တွေကို သုတ်သင်ခဲ့စဉ်။ (သြဂုတ်လ ၂ ရက်၊ ၂၀၁၃)နီပေါနိုင်ငံမှာ H5N1 ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုး မပျံ့ပွားအောင် လုပ်ဆောင်တဲ့အနေနဲ့ ဒီကိစ္စ အရေးပေါ် ကိုင်တွယ် ဖြေရှင်းရေးအဖွဲ့က ကြက်တွေကို ဆက်ပြီး သုတ်သင်နေပါတယ်။ Bhaktapur ခရိုင်ကို ကြက်ငှက်တုတ်ကွေး ပြဿနာ နယ်မြေအဖြစ် သတ်မှတ်ထားပါတယ်။ အရေးပေါ် ကိုင်တွယ်ဖြေရှင်းရေးအဖွဲ့က ကြက်တွေကို သုတ်သင်ပစ်တဲ့အပြင် ကြက်စာတွေ ကြက်ဥတွေကိုလည်း ရှင်းလင်းပစ်တာပါ။
 
သြဂုတ်လ ၁၄ ရက်နေ့ကစပြီး အဲဒီနယ်မြေက ကြက်ဘဲနဲ့ သူတို့နဲ့ပတ်သတ်တဲ့ ထွက်ကုန်တွေ တင်ပို့၊ တင်သွင်း ရောင်းချတာတွေကို တားမြစ်လိုက်ပါတယ်။ နယ်စပ်တလျှောက်မှာလည်း လုံခြုံရေးကို တိုးမြှင့်လုပ်ဆောင်ဖို့ အမိန့်ထုတ် ထားတာပါ။ အဲဒီနေရာမှာ ဇူလိုင်လက H5N1 ကြက်ငှက်တုတ်ကွေး ဗိုင်းရပ်ကို စတွေ့တာပါ။ သြဂုတ်လလယ်မှာတော့ ကြက်ငှက်တုတ်ကွေး ဗိုင်းရပ်စ်ပိုးက တခြား မွေးမြူရေးခြံတွေ ဆီပါ ကူးစက်တာတွေ့ရတာမို့ ခရိုင် ကြက်ငှက်တုတ်ကွေး ထိန်းချုပ်ရေးအဖွဲ့ တော်မတီက လိုအပ်တာတွေ ဆက်လုပ်ဆောင်ခဲ့ကြတာပါ။ ဒီ မွေးမြူရေးခြံတွေနဲ့ ၁၀ မိုင်တောင် မဝေးတဲ့ Kathmandu မြို့တော်မှာတော့ ကြက်သားစားသုံးမှု အများကြီး လျော့ကျသွား တာပါ။
 
Himalayan Times သတင်းစာမှာ ဖော်ပြထားတာကတော့ သြဂုတ်လ ၁၃ ရက်နေ့ထိဆိုရင် ကြက် မွေးမြူရေးခြံ ၅၂ ခြံက ကြက်ကောင်ရေ နှစ်သိန်း ခုနှစ်သောင်းခုနှစ်ထောင် နီးပါး၊ ကြက်ဥ အလုံးပေါင်း ခြောက်သိန်းကျော်နဲ့ ကြက်စာ အမြောက်အများကို အစိုးရက ဖျက်ဆီးပစ်ခဲ့ပါတယ်။ နောက်ထပ် ကြက်ကောင်ရေ ၅သိန်းကိုလည်း သုတ်သင်ပစ်မယ်လို့ ခရိုင်မွေးမြူရေးရုံး က ပြောပါတယ်။ 

ယခုလ အတွက် တန်ဖိုးနည်း မိုဘိုင်းဖုန်း Sim Card တစ်သောင်း ပိုမိုချထားပေး သွားမည်

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းရဲ့ သတင်း ထုတ်ပြန်ချက် အရ ယခု သြဂုတ်လ အတွက် ငွေကျပ် ၁၅၀၀ တန် တန်ဖိုးနည်း ဆင်းကဒ်များ ချထားပေးရာမှာ

မိုဘိုင်းဖုန်း ဆင်းကဒ် တစ်သောင်း ပိုမိုချထား ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ယခင်က အခုလို တန်ဖိုးနည်း မိုဘိုင်းဖုန်း ချထားပေးရာမှာ တစ်လကို လစဉ် တန်ဖိုးနည်း မိုဘိုင်းဖုန်း ၃ သိန်း ၅ သောင်းစီ ချပေးခဲ့ရာမှ ယခုသြဂုတ်လ မှာတော့ မိုဘိုင်း ဖုန်းဆင်းကဒ် အရေအတွက် ၃ သိန်း ၆ သောင်း ချထားပေး သွားမှာ ဖြစ်ပါတယ်။

 

ဒီလို ချထားရာမှာ ယခု သြဂုတ်လ အတွက် ကိုတော့ CDMA 800MHz ကို MEC Tel မှ အရေအတွက် ၁ သိန်း ၅ သောင်းနဲ့ GSM မိုဘိုင်းဖုန်း ၂ သိန်း ၁ သောင်းကို တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ ချထားပေး သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ယခုသြဂုတ်လ အတွက် ငွေကျပ် ၁၅၀၀ တန် တန်ဖိုးနည်း မိုဘိုင်းဖုန်းများ ရောင်းချမှုကို ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့များရဲ့ အစီအစဉ်နဲ့ ယခုလ ၂၃ ရက်နေ့မှာ ဖြန့်ဖြူး ရောင်းချပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဈေးကွက်တွင်း၌ ဓာတ်မြေသြဇာများနှင့် သိပ်ထားသည့် ငါးပိရည် ၉၉ ရာခိုင်နှုန်းခန့် တွေ့ရှိနေရ

မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ပြောကြားချက် အရ ဈေးကွက် အတွင်းမှာ ရောင်းချနေရတဲ့ ငါးပိရည်များရဲ့

၉၉ ရာခိုင်နှုန်းဟာ ဓာတ်မြေသြဇာများနဲ့ သိပ်ထားတဲ့ ငါးပိရည်များ ဖြစ်နေတယ်လို့ သိရပါတယ်။ အဲ့ဒီလို ဓာတ်မြေသြဇာ များနဲ့ သိပ်ထားတဲ့ ငါးပိရည်များ စားသုံးမိပါက အလွန်အန္တရာယ် ရှိနိုင်တာ ဖြစ်တယ် လို့လည်း သိရပါတယ်။ အဲ့ဒီလို ယူရီးယား ဓာတ်မြေသြဇာနဲ့ သိပ်ထားတဲ့ ငါးပိရည်များ စားမိပါက အစာအိမ် ကင်ဆာ၊ အူကင်ဆာ အစရှိတဲ့ ၀မ်းဗိုက်နဲ့ ပတ်သက်တဲ့ ကင်ဆာများ ဖြစ်ပွား နိုင်တယ်လို့ သတင်း ရရှိပါတယ်။

 

CNG ဓာတ်ငွေ့ ဈေးနှုန်း မြှင့်ရန် စိစစ်နေ

ရန်ကုန်မြို့ ဆူးလေတွင် ဂိတ်ထိုးထားသော CNG ဓာတ်ငွေ့သုံး တက္ကစီများကို တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

တက္ကစီများသို့ ရောင်းချပေးနေသည့် CNG ဓာတ်ငွေ့ ဈေးနှုန်းကို ပြောင်းလဲနိုင်ရန် နည်းပညာ စိစစ်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်က ဧရာဝတီသို့ ပြောသည်။

CNGသုံး တက္ကစီများအတွက် CNG ဈေးနှုန်းကို ဓာတ်ဆီ၊ ဒီဇယ်ဆီတို့ထက် သက်သာသော ဈေးနှုန်းဖြင့် ကာလရှည် ရောင်းချပေးနေခဲ့ပြီး လက်ရှိတွင် ဈေးနှုန်း အပြောင်းအလဲ လုပ်နိုင်ရန် လွှတ်တော်တွင်လည်း တင်ပြထားပြီး ဖြစ်ကြောင်း သိရသည်။

"ဈေးနှုန်း ပြောင်းဖြစ်ရင်တော့ ကြိုပြောမယ်။ အခုတော့ နည်းပညာ စိစစ်နေတယ်။ နောက်ဆက်တွဲ ဖြစ်နိုင်မယ့် အကျိုးဆက်တွေ အတွက်ကိုလည်း စဉ်းစားနေတယ်" ဟု ဒု ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်က ဧရာဝတီသို့ ပြောသည်။

စက်သုံးဆီဈေးနှုန်းများ တဂါလန်လျှင် ၁၅၀၀ ကျပ်မှ လက်ရှိ ၃၈၀၀ ကျပ်အထိ တိုးမြင့်လာသည့်တိုင် စက်သုံးဆီ တဂါလန်ဈေးနှင့် ညီမျှသော CNG ၁၆၅ ကုဗပေလျှင် ၁၀၀၀ ကျပ်နှုန်းဖြင့်သာ လက်ရှိအချိန်အထိ ဖြန့်ဖြူးလျက်ရှိသော်လည်း သင့်တင့်မျှတသော ဈေးနှုန်းသို့ တိုးမြှင့်ရန် နည်းပညာဆိုင်ရာ စိစစ်နေကြောင်း၊ ဈေးနှုန်းမြှင့်တင် လိုက်ပါက ပြည်သူများသို့ ကြိုတင် အသိပေးမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ကြေညာထားသည်။

CNG ဓာတ်ငွေ့ကို အရှုံးခံ ဖြန့်ဖြူးပေးနေခြင်း ဖြစ်ကြောင်း၊ စက်သုံးဆီများထက် ဈေးနှုန်း လျှော့ချ ရောင်းပေးနေသော်လည်း CNG တက္ကစီများသည် ခရီးသည်များအပေါ် ဈေးလျှော့ပေးခြင်း မရှိဘဲ တခြား တက္ကစီများနည်းတူ ဈေးတောင်းလျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် အကျိုးခံစားခွင့် မရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အရာရှိတဦးက ဆိုသည်။

CNG တက္ကစီ အငှားယာဉ်မောင်း တဦးဖြစ် ဦးကျော်အောင်ကမူ "CNGကား အငှားယူမောင်းတာ၊ စပေါ်က တင်ရသေးတယ်။ တရက်ကို ၁၅၀၀၀ ကျပ် အုံနာအပ်ရတယ်။ CNG ဈေးသာ တက်မယ်ဆိုရင် ကျနော်တို့ စားဝတ်နေရေးက ပြဿနာ ရှိလာမှာပေါ့။ စက်သုံးဆီကားတွေထက် သက်သာပေမယ့် ကျနော်တို့မှာက အုံနာကြေး ၅၀၀၀ ကျပ်လောက် ပိုပေးရတာလေ။ ဒါကိုတော့ သူတို့မသိကြဘူး။ ကျနော်တို့ လမ်းပေါ်ထွက် ဆိုင်းဘုတ်ကိုင် ဆန္ဒပြချင်တယ် ဆိုတာထက် အစိုးရဘက်က ပြည်သူတွေဖြစ်နေတဲ့ အခက်အခဲကို ကြည့်ပေးစေချင်တာ" ဟု ပြောသည်။

ထို့အပြင် မြို့တွင်း လမ်းပိတ်ခြင်း၊ ကားကြပ်ခြင်း၊ တက္ကစီပြေးဆွဲမှု များပြားလာခြင်း၊ ခရီးသည်အများစုမှာ အထူးယာဉ်များကိုသာ အားပြုစီးနင်းလာခြင်းများကြောင့် အုံနာအပ်ရန်ငွေနှင့် မိသားစု အသုံးစရိတ် လောက်ငအောင် လမ်းကြိုလမ်းကြားမကျန် ပတ်မောင်းနေရသည်ဟုလည်း သူက ဆိုသည်။

တခြား CNG ယာဉ်မောင်း တဦးဖြစ်သူ ဦးဘမောင်ကလည်း "CNG ဈေး တက်လာမယ်ဆိုရင်တော့ ကျနော်တို့ ကားမောင်းတာ ဘာအမြတ်ကျန်တော့မလဲ။ ဆီကား မောင်းတာ ကိုယ့်အတွက် မကျန်လို့ဆိုပြီး CNGကား မောင်းတယ်၊ ဒါက ဈေးထပ်တက်မယ်ဆိုတော့ ကျနော်တို့က အုံနာကိုလုပ်ကျွေး၊ ဆီဆိုင်ကိုလုပ်ကျွေး၊ ကျနော်တို့ရဲ့ စားဝတ်နေရေးကတော့ ဖြစ်သလိုပေါ့ဗျာ။ ဈေးတက်လို့ဆိုပြီး ကားမမောင်းလို့ကလည်း မရပြန်ဘူး၊ ကိုယ်တတ်ကျွမ်းတာက ဒီအလုပ်ဆိုတော့ စားဝတ်နေရေး ဖြေရှင်းဖို့ပဲ ပိုပြီး ရုန်းကန်ရတော့မှာပေါ့" ဟု ပြောသည်။

CNG အငှားယာဉ်တစီးလျှင် စပေါ်ငွေ ၃ သိန်းနှင့် တနေ့လျှင် အုံနာကြေး ၁၅၀၀၀ ကျပ်ခန့် ပေးရကြောင်း၊ မြို့တွင်း ပြေးဆွဲရန် ပျှမ်းမျှ တနေ့လျှင် ဓာတ်ငွေ့ ၃၀၀၀ ကျပ်ဖိုးခန့် ဖြည့်ရသည့်အတွက် အရင်းစိုက်ရသည်က ၂၀၀၀၀ ကျပ် နီးပါးရှိနေကြောင်း၊ ခရီးသည် ရှာနိုင်မှသာ စရိတ်ကိုက်ပြီး ဂိတ်ထိုးထားမည်ဆိုပါက အိတ်စိုက်ရမည့် အခြေအနေများ ဖြစ်နေကြောင်း ဦးဘမောင်က ဆိုသည်။

CNG ဈေးနှုန်းများ မြင့်တက်သွားမည်ဆိုလျှင် ခရီးသွားများ၊ ယာဉ်မောင်းများနှင့် ယာဉ်ပိုင်ရှင်များ အားလုံးအတွက် အဆင်မပြေမှုများ ကြုံတွေ့လာမည် ဖြစ်သည့်အတွက် လမ်းပေါ်ထွက်ပြီး ဆန္ဒဖော်ထုတ်ကြရန်အထိ စဉ်းစားထားကြကြောင်း ပြီးခဲ့သည့် ဇွန်လအစောပိုင်းတွင် CNG ယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်းတချို့က ဧရာဝတီသို့ ပြောဆိုခဲ့ဖူးသည်။

ရန်ကုန်မြို့တွင်းရှိ CNG အရောင်းဆိုင်များ၌ ဓာတ်ငွေ့ရောင်းချရာတွင် သတ်မှတ်ချက်များ မရှိသော်လည်း ကားသေးများအတွက် တနေ့ ပျှမ်းမျှ ၅ ကြိမ်နှင့် ကားကြီးများအတွက် ၂ ကြိမ် ပုံမှန် ရောင်းချပေးလျက်ရှိသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် RSO အဖွဲ့နှင့် မြန်မာလုံထိန်းတပ်တို့ တိုက်ပွဲဖြစ်ပွားသည်ဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်း ခရိုင်ရဲတပ်ဖွဲ့ ငြင်းဆို


N-19-8

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများ

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် နယ်ခြားမှတ်တိုင် အမှတ် ၅၄ နှင့် ၅၅ အကြား ဂေါ်ရီတိုလာ ဒေသတွင် ကုလားဆိုး RSO အဖွဲ့နှင့် မြန်မာလုံထိန်းတပ်တို့ နှစ်ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဆိုသည့် သတင်းမှာ မှန်ကန်မှု မရှိဘဲ သတင်းအမှားသာဖြစ်ကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့မှူးမှ သြဂုတ် ၁၈ ရက် နံနက်ပိုင်းက ပြောဆိုလိုက်သည်။

နယ်စပ်မှတ်တိုင် အမှတ် ၅၅ ၀န်းကျင်တွင် သြဂုတ် ၁၄ ရက် ည ၉ နာရီမှ ကြာသပတေးနေ့ ညနေပိုင်းအထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် သတင်းစာတစ်စောင်ဖြစ်သည့် သြဂုတ် ၁၇ ရက်ထုတ် Dhaka Tribune သတင်းစာတွင် ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် နေထိုင်ကြသည့်  ဒေသခံများကို ကိုးကားပြီး သတင်းစာမှ ဖော်ပြချက်များတွင် RSO အပါအ၀င် လက်နက်ကိုင်တချို့သည် နစက ရုပ်သိမ်းပြီးနောက်ပိုင်း နယ်စပ်တွင် ပြန်လည်စုစည်းနေကြောင်း၊ နစကအစား လုံထိန်းရဲတပ်ဖွဲ့များ အစားထိုး ၀င်ရောက်မှု နှေးကွေးသဖြင့် ယင်းသို့စုစည်းရန် အခွင့်အရေး ရနေခြင်းဖြစ်ကြောင်း၊ ဇူလိုင် ၃၁ ရက်ကလည်း RSO ခေါင်းဆောင်များဖြစ်သည့် Shariful Islam နှင့် ZiaulHaque တို့အား ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြားစောင့်တပ်က ဖမ်းဆီးရမိခဲ့ကြောင်း ရေးသားခဲ့သည်။

ဆက်လက်ပြီး ယင်း RSO အဖွဲ့အစည်းသည် ဆင်းရဲသည့် တောင်တန်းဒေသနေ ဒေသခံ ဘင်္ဂါလီများအား အစားအစာ၊ နေအိမ်များ ထောက်ပံ့ပေးပြီး စည်းရုံးကာ စစ်သင်တန်းများ ပေးနေကြောင်း၊ မြန်မာနိုင်ငံတွင် နစကကို ရုပ်သိမ်းလိုက်ခြင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရွေးကောက်ပွဲကြောင့် နိုင်ငံရေး မတည်မငြိမ်မှုများကို အခွင့်ကောင်းယူ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ယင်းအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပန်ချရီနှင့် ဒိုချရီ ဒေသခံများက လက်နက်ကြီးများဖြင့် အုပ်စုလိုက် သွားလာနေသည့် ကုလားဆိုးများအား မိုင်တိုင်အမှတ် ၅၄ နှင့် ၅၅ တွင် လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းက တွေ့မြင်ခဲ့ရကြောင်း၊ ညနေပိုင်းတွင် ခြံစည်းရိုးကို ဖြတ်ကျော်ကာ မြန်မာနိုင်ငံ အတွင်းသို့ ၀င်ရောက်ရန် ကြိုးစားရာတွင် တိုက်ပွဲဖြစ်ပွားရခြင်း ဖြစ်ကြောင်းလည်း ဒေသခံများကို ကိုးကားကာ ဖော်ပြထားသည်။

ယင်းအပြင် လက်နက်ကိုင် အင်အား ၁၅၀ ရှိသည့် RSO စစ်စခန်းတစ်ခုသည် ဘင်္ဂလားရှေ့နိုင်ငံရှိ Waka Khali Jhiri ဒေသတွင် တည်ရှိနေကြောင်း သတင်းစာက ရေးသားဖော်ပြခဲ့သည်။ အဆိုပါ Dhaka Tribune သတင်းစာတွင် ရေးသားထားသည့် မြန်မာနယ်စပ် လုံခြုံရေး တာဝန်ယူထားသည့် လုံထိန်းတပ်နှင့် RSO တို့ တိုက်ပွဲဖြစ်ပွားသည်ဆိုသည့် သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း၊ ယနေ့အချိန်ထိ နယ်စပ်တွင် မည်သည့်တိုက်ပွဲမှ ဖြစ်ပွားခြင်း မရှိသေးကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး၊ ဒုရဲမှူးကြီး ရွှေသန်းက သြဂုတ် ၁၈ ရက် နံနက် ၈ နာရီခွဲက ပြောကြားသည်။

"ကျွန်တော်တို့ မနေ့ကပဲ အစည်းအဝေး လုပ်ပါတယ်။ အဲဒီဘက်မှာ စစ်ဆင်ရေးယူနေတဲ့ တပ်မတော်က စစ်ဗျူဟာမှူးရယ် ပြီးတော့အဲဒီမှာ ကိုင်တွယ်နေတဲ့ တပ်မမှူးတို့ ပါဝင်ပါတယ်။ ဒီနေ့အချိန်ထိ မောင်တောနယ်စပ်မှာ တိုက်ပွဲဖြစ်တယ်ဆိုတာ မရှိပါဘူး။ ဘင်္ဂလားဒေ့ရှ် သတင်းစာမှာရေးတဲ့ သတင်းဟာ သတင်းအမှားသာ ဖြစ်ပါတယ်" ဟု ၎င်းကဆိုသည်။

ရခိုင်သယံဇာတ အကျိုးစီးပွားများကို ရခိုင်ပြည်သူ ပြည်သားများ ခံစားခွင့်ရရှိစေရန် တောင်းဆိုမှု ဆန္ဒပြုလက်မှတ် စုဆောင်းခြင်းများ စတင်

ရခိုင်သယံဇာတ အကျိုးစီးပွားများကို ရခိုင်ပြည်သူ ပြည်သားများ ခံစားခွင့် ရရှိစေရန် တောင်းဆိုမှု ဆန္ဒပြုလက်မှတ် စုဆောင်းခြင်းများ သြဂုတ် ၁၈ ရက်မှ စတင်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ ရခိုင်တစ်ပြည်နယ်လုံး ဆန္ဒပြုလက်မှတ် စုဆောင်းခြင်းများနှင့် ပတ်သက်ပြီး ရှင်းလင်းပွဲများအား ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ကြီးမှူးကာ ရခိုင်ပြည်နယ် တစ်ဝန်းလုံးရှိ မြို့နယ်တိုင်း၌ တစ်ချိန်တည်းတွင် လုပ်ဆောင်ခဲ့ပြီး လက်မှတ်ရေးထိုးခြင်းများ စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ဆန္ဒပြုလက်မှတ် ရေးထိုးခြင်းအား "ရခိုင်သယံဇာတ အကျိုးခံစားခွင့် ရရှိရေး အားလုံးပါဝင်လက်မှတ် ရေးထိုးပေး" ဆောင်ပုဒ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ဆန္ဒပြုလက်မှတ် ရေးထိုးခြင်း၏ ရည်ရွယ်ချက်မှာ (၁) ရခိုင်ပြည်ရှိ သဘာဝ သယံဇာတများမှ ရရှိသည့် အကျိုးအမြတ်များကို ရခိုင်ပြည်သူများ ပိုင်ဆိုင်ခွင့် ရရှိရေး၊ (၂) ရခိုင်ပြည်မှ ထွက်ရှိသည့် သယံဇာတများကို ခွဲဝေပိုင်ခွင့်၊ စီမံပိုင်ခွင့်၊ ထိန်းချုပ်ပိုင်ခွင့် ရရှိရေး၊ (၃) ရခိုင်ပြည်မှ ထွက်ရှိသည့် သဘာဝ သယံဇာတ အကျိုးအမြတ်ဖြင့် ရခိုင်ပြည်သူလူထု ဆင်းရဲမွဲတေမှု ပပျောက်အောင် ဖော်ဆောင်ရေး၊ (၄) အလုပ်လက်မဲ့ ပြဿနာကြောင့် ဒေသစွန့်ခွာ နေသူများကို သဘာဝ သယံဇာတမှ ရရှိသည့် အကျိုးအမြတ်ဖြင့် ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး၊ (၅) သဘာဝ သယံဇာတမှ ရရှိသည့် အကျိုးအမြတ်ဖြင့် လူစွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် ပညာရေး၊ ကျန်းမာရေး ကဏ္ဍများကို မြှင့်တင်ဆောင်ရွက်ရေး၊ (၆) သဘာဝ သယံဇာတမှ ရရှိသည့် အကျိုးအမြတ်ဖြင့် ရခိုင်ပြည်နယ် တစ်ခုလုံး ၂၄ နာရီ လျှပ်စစ်မီး ရရှိရေးနှင့် မီတာခဈေးနှုန်း ပြည်မနှင့် တစ်ပြေးညီ ဖြစ်စေရေးတို့ဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး ရခိုင်ပြည်နယ်ရှိ မြို့နယ်၊ မြို့နယ်ခွဲ၊ ကျေးရွာများတွင် ရခိုင်သယံဇာတများ အကျိုးခံစားခွင့် ရရှိရေး ကော်မတီများ ဖွဲ့စည်းသွားမည်ဖြစ်ပြီး လူပေါင်းသုံးသိန်းထက် မနည်းသော လက်မှတ်ရေးထိုး တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။ "ဒေသခံတို့ ရရှိမယ့် အခွင့်အရေးကို တရားဥပဒေ နည်းလမ်းအရ ရရှိအောင် တောင်းဆိုခြင်း ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် အရေနိုင်ငံတော် သမ္မတထံကို နှစ်ကြိမ်တိုင်တိုင် တောင်းဆိုခဲ့ပေမယ့် တုံ့ပြန်ချက် မရရှိခဲ့လို့ ထပ်မံတောင်းဆိုသွားမှာ ဖြစ်ပါတယ်" ဦးသန်းထွန်းက ပြောကြားသည်။

သြဂုတ်လအတွက် ဖုန်းကဒ်ခွဲတမ်း ရန်ကုန်၊ မန္တလေးနှင့် ဧရာဝတီတိုင်းတို့ အများဆုံးရရှိ

မြန်မာ့ ဆက်သွယ်ရေးက သြဂုတ်လအတွင်း GSM ဖုန်းကဒ်နှင့် CDMA ဖုန်းကဒ် ၃၆၀,၀၀၀ ကို တိုင်းနှင့် ပြည်နယ် အသီးသီးသို့ တစ်ကဒ်လျှင် ၁၅၀၀ ကျပ်ဖြင့် ရောင်းချပေးမည်ဖြစ်ရာ ခွဲတမ်းအများဆုံးအဖြစ် ရန်ကုန်တိုင်းက ရရှိပြီး၊ ဒုတိယ ခွဲတမ်းအများဆုံး ရရှိသည့်တိုင်းမှာ မန္တလေးတိုင်း ဖြစ်သည်။ တတိယ အများဆုံး ရရှိသည့် တိုင်းမှာ ဧရာဝတီတိုင်း ဖြစ်သည်။

ရန်ကုန်တိုင်းက ရရှိသည့် ဖုန်းကဒ် ခွဲတမ်း အရေအတွက်မှာ ၆၉,၈၀၀ ဖြစ်သည်။ မန္တလေးတိုင်း၏ ရရှိမှုသည် ၄၇,၂၀၀
ဖြစ်ပြီး ဧရာဝတီတိုင်းကမူ ၄၆,၁၀၀ ရရှိမည်ဟု မြန်မာ့ဆက်သွယ်ရေးက သြဂုတ်လ ၁၈ ရက်တွင် ထုတ်ပြန်ထား
သည်။

တိုင်းနှင့် ပြည်နယ်အသီးသီး၏ သြဂုတ်လ၏ ဖုန်းကဒ်ခွဲတမ်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
Phone-scale

နိုင်ကျဉ်းများ လွတ်မြောက်ရေး ဆွမ်းမဘုဉ်းဘဲ လမ်းလျှောက်ဆန္ဒပြနေသည့် ဆရာတော် ဖြူးမြို့နယ်သို့ ရောက်ရှိ

မြန်မာနိုင်ငံအနှံ့ရှိ ထောင်အသီးသီးတွင် အကျဉ်းကျနေသော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆွမ်းဘုန်းမပေးဘဲ ရေသာသောက်၍ တစ်ကိုယ်တော် လမ်းလျှောက်ဆန္ဒပြနေသော ဆရာတော် ဦးရက္ခ၀ံသသည် ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့သို့ သြဂုတ် ၁၇ ရက်တွင် ရောက်ရှိခဲ့သည်။

ဆရာတော်သည် လွန်ခဲ့သည့် ရက်သတ္တပတ်မှ စတင်၍ ရွှေတိဂုံစေတီ တောင်ဘက်မုခ်မှ တစ်ရက်လျှင် မိုင်၂၀ ခန့် လမ်းလျှောက် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

ဇေယျဝတီမြို့တွင် အနားယူခိုက် ဆရာတော်က "ဦးဉ္ဇင်းက နိုင်ငံရေးအကျဉ်းသား အားလုံးပြန်လွှတ်ပေးဖို့ တောင်းဆို တာပါ။ အခုထိ ဘာမှ မထူးခြားသေးလို့ သြဂုတ် ၁၆ ရက်ကစပြီး ဆွမ်းလုံးဝ မစားတော့ဘဲ ရေသောက်ပြီး
နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးသည်အထိ တောင်းဆိုပြီး မန္တလေးမြို့၊မဟာမြတ်မုနိ ဘုရားကြီးအရောက် ဆက်လက်လမ်းလျှောက် တောင်းဆိုသွားမည်"ဟု မိန့်ကြားခဲ့သည်။

သြဂုတ် ၁၈ နံနက်ပိုင်းတွင် ဆရာတော်သည် ဇေယျဝတီမြို့မှ တောင်ငူမြို့ဘက်သို့ ဆက်လက် လမ်းလျှောက် ထွက်ခွာ သွားခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးစနစ် ပြောင်းလဲအပြီး အစိုးရကအကျဉ်းသားကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်မှာ ၁၀ ကြိမ်တိုင် ရှိပြီဖြစ်သော်လည်း အကျဉ်းထောင်များထဲတွင် နိုင်ငံရေးအကျဉ်းသားများ ကျန်ရှိနေဆဲဖြစ်သဖြင့် ယင်းအရေးနှင့် ပတ်သက်၍ လှုပ်ရှားသူများက ဝေဖန်မှုများ ရှိနေသည်။

အစိုးရက နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ဥက္ကဋ္ဌအဖြစ် ဦးဆောင် ပါဝင်ပြီး သမ္မတရုံး ဒုဝန်ကြီး၊ ပြည်ထဲရေးနှင့် အကျဉ်းဦးစီးဌာနမှ အရာရှိများ၊ နိုင်ငံရေးသမားများ၊ နိုင်ကျဉ်း
ဟောင်းများ ပါဝင်သည့် နိုင်ကျဉ်း စိစစ်ရေးကော်မတီကို ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက ဖွဲ့စည်းပေးခဲ့သည်။

သို့သော် ခုနစ်လကြာသည်အထိ အကျဉ်းထောင်များထဲတွင် နိုင်ငံရေးအကျဉ်းသားများ ဆက်ရှိနေဆဲဖြစ်သည်။

နိုင်ကျဉ်းစိစစ်ရေးကော်မတီက ပြန်လွှတ်ပေးသင့်သည့် နိုင်ငံရေးအကျဉ်းသား ဟုတ်မဟုတ် စစ်ဆေးရန် အစိုးရ ဌာနများဘက်မှ အကူအညီမပေးသဖြင့် အခက်အခဲများ ရှိနေသည်ဟု ကော်မတီဝင်များက ထုတ်ဖော် ပြောကြားမှု များလည်း ရှိနေသည်။

ရန်ကုန်မှာ ဆန်ဈေး သိသိသာသာ တက်လာ

ရန်ကုန်မြို့မှာ ဆန်ဈေးတွေ ပြီးခဲ့တဲရက်ပိုင်းက ၂၀ ရာခိုင်နှုန်းလောက် အထိ တက်သွားတယ်လို့ ဆန်ဆိုင်တွေနဲ့ ကုန်သည်တွေက ပြောပါတယ်။

ဆန်အသစ် မပေါ်ခင် နှစ်စဉ် သြဂုတ်လမှာ ဆန်ဈေးတက်တာ မထူးခြားပေမယ့် ဒီနှစ် သြဂုတ်လကတော့ နှစ်ပေါင်း များစွာအတွင်း အမြင့်ဆုံးလို့ ဆန်ကုန်သည်တွေက ပြောပါတယ်။

လက်လီဈေးကွက်မှာ စားသုံးမှုများတဲ့ ဆန်အမျိုးအစားတွေမှာ ဆန်တစ်ပြည်ကို ၃၀ဝ လောက် ထိ တက်ပါတယ်။

ဈေးတက်လာတဲ့အတွက် ဆန်လက်လီ ဝယ်စားသူတွေ အနေနဲ့ အရင်လောက် များများ မဝယ်ကြဘူးလို့ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

ဒီရက်ပိုင်းအတွင်း ရန်ကုန်မြို့လယ်က ထမင်းဆိုင်ကြီးအခိျု့ မှာလည်း ထမင်းအဝစား အရင် ကျပ် ၂၀ဝ၀ ကနေ ၂၃၀ဝ လောက် ဖြစ်သွားပါတယ်။

ဒီလို ဆန်ဈေး နည်းနည်း တက်လာတာဟာ အထက်မြန်မာပြည်မှာ စိုက်ပျိုးရေရရှိမှု နည်းခဲ့တာကြောင့် ဆန်အထွက် နည်းတာရယ်၊ အိမ်နီးချင်း တရုတ်နိုင်ငံ ဝယ်လိုအား များလာတွေကြောင့် ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ဦးမျိုးသူရအေးက ပြောပါတယ်။

ဘု ရင့် နောင် ပွဲ ရုံဘက်က သတင်းတွေအရ ဆိုရင် ရန်ကုန်ကို ဆန်ဟောင်း အဝင် နည်းနေပြီးတော့ ဆန်သစ်မ ပေါ် ခင် မှာ လက်ကျန် ပြတ်နေကြတယ်လို့လဲ ကုန်သည်တွေက ပြောပါတယ်။

မြန်မာနိုင်ငံ ဆန်စပါး အဖွဲ့ချုပ်ကတော့ အရန် ဆန်ထဲကနေ ဆန်အိတ် ၆ သောင်း လောက် ထုတ်ရောင်းထားပြီး ဆက်ရောင်းဖို့ ရှိလို့ ဈေးထပ်တက်ဖို့ မပူရဘူး၊ နောက်ပြီး ပြည်တွင်းစားသုံးဖို့ ဖူလုံတယ်လို့ ဆိုပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)


ပြည်ခရိုင် ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းပြိုကျမှု ဖြစ်ပေါ်နေ

ပဲခူးတိုင်း၊ ပြည်ခရိုင် ရွှေတောင်မြို့နယ် ရင်းမူကုန်း ကျေးရွာအုပ်စု ရင်းမူကုန်း ကျေးရွာတွင် ဧရာဝတီမြစ်ရေစီးကြောင်းပြောင်းလဲမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုများ ဖြစ်ပွားလျက်ရှိပြီး နေအိမ်ခြံမြေများ စိုက်ပျိုးမြေများ ဆုံးရှုံးနေရသည်ဟု ဒေသခံတို့က ပြောသည်။

ရင်းမူကုန်းကျေးရွာသည် ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိပြီး ၂၀၀၇ မှစ၍ နှစ်စဉ် မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ စိုက်ပျိုးမြေနှင့် အိမ်ခြေ ၁၅၀ ကျော် ဆုံးရှုံးခဲ့ရပြီး လူဦးရေ ၇၅၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး ငွေကြေး တတ်နိုင်သူများမှ တစ်ခြားတစ်နေရာသို့ ပြောင်းရွှေ့သွားပြီ ဖြစ်သည်။

မြေပြိုသည့်နေရာသည် ပြည်လုံးချမ်းသာဘုရားနှင့် ပေ ၁၀၀ ခန့်အကွာ၊ ကျေးရွာ ဘုန်းကြီးကျောင်းနှင့် ပေ ၄၀၀ ခန့် အကွာ၊ အစိုးရအထက်တန်းနှင့် ကိုက် ၁၀၀ အကွာအဝေးသို့ ရောက်ရှိနေပြီဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းဦးက ပြောသည်။

ရင်းမူကုန်းကျေးရွာရှိ တဲတန်းရပ်ကွက်နှင့် မေမြို့ရပ်ကွက်တို့ မြေပြိုကျသည့်အတွက် ပျောက်ဆုံးခဲ့ရပြီး အောင်မင်္ဂလာ ရပ်ကွက်မှာလည်း တစ်ဝက်ကျော် ပြိုကျနေပြီဖြစ်ရာ ဧရာဝတီမြစ်အတွင်း ကျောက်စုပ် မော်တော်များကြောင့် မြေပြိုကျခြင်း ဖြစ်နိုင်ကြောင်း မှတ်တမ်းယူရန် သွားရောက်ခဲ့သည့် ရွှေတောင်မြို့ နယ် NLD ပါတီဝင် ဦးမင်းမော်က ယူဆသည်။

"ရွာသားတွေက ဒုက္ခသည်စခန်းတွေ လုပ်ပေးစေချင်တယ်။ ပံ့ပိုးကူညီမှုတွေ လုပ်ပေးစေချင်တယ်။ ပိုက်ဆံမရှိ ဆင်းရဲတဲ့ လူတွေနဲ့ သက်ကြီးရွယ်အိုတွေ ပြောင်းရွှေ့ဖို့ ခက်ခဲနေကြတယ်။ အစိုးရက ပံ့ပိုးကူညီမှုကို လိုချင်
နေကြတယ်"ဟု ဦးမင်းမော်က ပြောသည်။

ရွာဦးကျောင်းဆရာတော် ဆရာတော်ဥူးသုန္ဒရက မိန့်ကြားရာတွင် "လက်လုပ်လက်စားဘ၀နဲ့ ဆင်းဆင်း ရဲရဲနေ လာခဲ့တဲ့ ဒကာ၊ ဒကာမတွေ ဒုက္ခရောက်မှာတွေးပြီး အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာ ဖြစ်ခဲ့ရတယ်" ဟု မိန့်ကြားသည်။

ရေခဲ (ပြည်)
Mizzima - News in Burmese

ရွှေပြည်သာစက်မှုဇုံရှိ M.W.D.C မှ ရခိုင် အမျိုးသမီး အလုပ်သမား ၄၉ ဦး အလုပ်မှ ထုတ်ပယ်ခံရ

ရွှေပြည်သာစက်မှုဇုံရှိ Myanmar Winery & Distillery Co, Ltd တွင် လုပ်ကိုင်နေသော ရခိုင် အမျိုးသမီး အလုပ်သမား ၄၉ ဦး အလုပ်မှ ထုတ်ပယ်ခံရသည်ဟု သတင်း ရရှိသည်။

အလုပ်မှ ထုတ်ခံရခြင်းမှာ အဆိုပါ စက်ရုံတွင် အလုပ်လုပ်နေသော မဖြူဖြူစိုး အသက်(၁၇) ၏ အသုဘကို ခွင့်မရဘဲ လိုက်ပို့သဖြင့် ဖြစ်သည်ဟု သိရသည်။

မဖြူဖြူစိုးသည် ယခုလ ၁၁ရက်နေ့က  ရုတ်တရက် သေဆုံးသွားခဲ့သည်။ ၁၅ ရက်နေ့တွင် သဂြိုလ်မည့် မဖြူဖြူစိုး၏ နာရေးအား လိုက်ပို့ရန် တစ်ရက်ကြိုတင်ပြီး နေ့တစ်ဝက်ခန့် ခွင့်ပေးရန် သြဂတ်စ်လ ၁၃ ရက်နေ့က ခွင်တိုင်ကြားရာ စက်ရုံမှ လက်မခံခဲ့ဟု ဆိုသည်။

သို့သော်လည်း  စက်ရုံ အလုပ်သမားများမှာ ထိုနာရေးအား ကိုယ်အသိဖြင့်ကိုယ် လိုက်ပါ ပို့ဆောင်ပေးခဲ့ကြပြီး နောက်တစ်နေ့  သြဂတ်စ်လ ၁၆ ရက်နေ့ စက်ရုံသို့ အလုပ်ဆင်းရာ စက်ရုံက အလုပ်ဆင်းခွင့် မပေးခဲ့ကြောင်း ရခိုင်အမျိုးသမီး အလုပ်သမားများက နိရဉ္စရာသို့ ပြောသည်။

" ကျွန်မတို့ကို စက်ရုံက  အလုပ်က ထုတ်ပယ်ထားတာကို မသိရှိတဲ့ အတွက် သြဂတ်စ်လ (၁၆) ရက်နေ့က အလုပ်ဆင်းဖို့ စက်ရုံကို သွားပါတယ်။ စက်ရုံကိုရောက်မှ ကျွန်မတို့  အသုဘ လိုက်ပို့တဲ့ အလုပ်သမ ၄၉ ဦးကို အလုပ်က ထုတ်ပယ်ထားတာကို သိရပါတယ်" ဟု အလုပ်မှ ထုတ်ပယ် ခံထားရသူ မချိုချိုဝင်းက ပြောသည်။

၎င်းပြင်  N.P.C Bottle cleaing ဖြစ်သူ မပုံ့ပုံ့(ခ) မခင်ဇာခြည်အောင်မှ  ရုံးဆင်းရန်လာသည့် အလုပ်သမများကို ဆဲဆိုခြင်း၊ ခြေထောက်နဲ့ ကန်ကျောက်ခြင်းတို့ကို ပြုလုပ်ပြီး ကိုယ်ထိ လက်ရောက် စော်ကားခဲ့သည်ဟု ဆိုသည်။

တခြား စက်ရုံ အလုပ်သမ တစ်ဦးကလည်း စက်ရုံ လုံခြုံရေးများမှ သူမအား ရုန်းရင်းကြမ်းတမ်းစွာ ဖြင့် စက်ရုံမှ ပြင်ပသို့ ဆွဲထုတ်ခဲ့သည်ဟု ဆိုသည်။

" ကျမရဲ့ကျန်ခဲ့ ပစ္စည်းတွေ သွားယူရာမှ စက်ရုံလုံခြုံရေးတွေက ကျမရဲ့ လက်မောင်း တဖက် တချက်ကို ကိုင်ပြီး အတင်း ဆွဲထုတ်ပါတယ်။ ဒီအချိန်မှာ B/C ခေါင်းဆောင်ဒေါ်တင်မေဦး ကိုယ်တိုင် မျက်မြင် သက်သေရှိနေပါတယ်″ ဟု နိရဉ္ဖရာကိုပြောကြားလိုက်သည်။

အမျိုးသမီး အလုပ်သမ ၄၉ ဦးနှင့် အတူ အလုပ် ထုတ်ပယ်ရာတွင် ပါဝင်ခဲ့သော တစ်ဦးတည်းသော ယောင်္ကျာလေး တစ်ဦးဖြစ်သူ မောင်ကျော်နေလင်းကလည်း သူအား မောင်းထုတ်ကြပုံကို ယခုလို ပြောသည်။

" ကျနော်ဝတ်ထားတဲ့ အင်္ကျီ၊ ဖိနပ်၊ ဦးထုပ်တွေကို အတင်း လိုက်ချွတ်ကြတာ။ တကယ်ရှက် ဖို့ကောင်းတယ်။ တခါမှ ဒီလိုမကြုံဖူးဘူးဗျ" ဟု ပြောသည်။

N.P.C Bottle cleaing ဖြစ်သူ မပုံ့ပုံ့(ခ) မခင်ဇာခြည်အောင်မှ ဆဲဆိုခြင်း၊ ခြေထောက်နဲ့ ကန်ကျောက်ပြီး ကိုယ်ထိ လက်ရောက် ခံခဲ့ရသူ မစန်းစန်းထွေး(၂) ကလည်း ယခုလို ဆိုသည်။

"ကျမကို မပုံ့ပုံ့က ဆဲလည်းဆဲတယ်။ နောက်ပြီးခြေထောက်နဲ့လည်းကန်တယ်၊ ကျမရဲဂုဏ်သိက္ခာကို ကိုယ်ထိ လက်ရောက်  စော်ကား ခံလိုက်ရပါတယ်″ ဟုနိရဉ္ဖရာကိုပြောသည်။

Myanmar Winery & Distillery Co,Ltd စက်ရုံမှာ  No.(64) Phan Chat Woan, U Shwe  Ohe Street, Industrial Zone(3), Shwe Pyi Thar Township, Yangon, Myanmar. Tel; 01-618108, 01-618629  ဖြစ်ပြီး အလုပ်ရှင်မှာ (IBTC) အုပ်စုပိုင်ရှင် ဦးအောင်မိုးကျော်ဖြစ်သည်ဟု သိရှိရသည်။

အသုဘ လိုက်ပို့သည်ကို အကြောင်းပြ၍ အလုပ်မှ ထုတ်ပယ်ခြင်း ခံခဲ့ရသော်လည်း အလုပ်သမများ အနေဖြင့် နစ်နာကြေး၊ လျှော်ကြေးငွေနှင့် ကျန်နေသေးသော လုပ်ခ လစာများအား တစ်စုံတစ်ရာ ရှင်းလင်း ပေးခြင်းမရှိကြောင်း သိရသည်။

ယခုအခင်း ဖြစ်ပွားရာ စက်ရုံတွင် လုပ်သား ၅၀၀ ကျော်ခန့်ရှိပြီး ပုလင်းဆေး၊ တံဆိပ်ကပ်သော အလုပ်များကို လုပ်ကြရသည် ဟုသိရှိရသည်။

ရခိုင်ပြည်နယ်မှ လာရောက်လုပ်ကိုင်နေကြသော ရခိုင် အလုပ်သမား အမျိုးသမီးငယ် ၄၉ ဦးအား စက်ရုံမှ မတရား အလုပ် ထုတ်ပယ်ခံရခြင်းနှင့် ပတ်သက်ပြီး သြဂတ်စ် ၁၈ ရက် ယနေ့တွင် ရန်ကုန်မြို့၊ ရွှေပြည်သာ မြို့နယ်၊ မိုးဟိန်းလမ်း၊ ည/ ၁၁ ရပ်ကွက်ရှိ ကံညီနောင် ကျောင်းတိုက်တွင် သတင်း မီဒီယာသမားများကို ဖိတ်ကြားပြီး  သတင်းစာ ရှင်းပွဲပြုလုပ်ုခဲ့သည်ဟု  သိရသည်။

( နိရဉ္စရာ- သြဂတ် ၁၈) / မောင်နီမိုး

မြန်မာ မိန်းကလေး တစ်ဦးအား မလေးရှားနိုင်ငံသားများ ၀ိုင်းဝန်း အဓ္ဓမ ပြုကျင့်ခံရ

မလေးရှား နိုင်ငံ ဂျိုဟိုးပြည်နယ် ကိုတာတင်ဂီ တမန်ကိုတာရှိ panasonic ဖုန်းများ ထုတ်လုပ်သော Flairis Sdn Bhd စက်ရုံတွင် အလုပ်လုပ်နေသော မြန်မာ မိန်းကလေး တစ်ဦးအား သြဂုတ်လ ၁၆ရက် ည ၁၀နာရီခန့် တွင်  လူတစ်စုမှ နေအိမ်ထဲသို့ ဝင်ရောက်ကာ ဓားဖြင့်ထောက် ခေါ်ဆောင်သွားပြီး သားမယား ပြုကျင့်ခဲ့ကြောင်း သိရပါတယ်။ 

ဖြစ်ပွားပုံမှာ လူတစ်စုက မြန်မာအမျိုးသမီး (၈)ဦး နေထိုင်သည့် အဆောင်ကို အနုကြမ်းဝင်စီးကာ အသက် ၂၀ ဝန်းကျင် မသူဇာအေး အား ကားဖြင့် ဖမ်းဆီး ခေါ်ဆောင်သွားပြီး အုပ်စုဖြင့် ဝိုင်းဝန်း အဓမ္မပြု ကျင့်ခဲ့ကြတယ်၊ မနက် ၁ နာရီကျော်ခန့် တွင် ၄င်းအဆောင်အနီး လမ်းမပေါ်တွင် ကားပေါ်မှ ပစ်ချသွားပါတယ်။

အဆိုပါ မိန်းကလေး အဆောင်နောက်ဘေး အဆောင် တံခါးပေါက် အား ဖြတ်ဆီးပြီး လူတစ်စု အဆောင်တွင်းသို့ ဝင်ရောက်လာ သောအခါ အဆောင်တွင်းနေ မြန်မာ မိန်းကလေးများ ကြောက်ရွံ့အော်ဟစ်ခါ  အဆောင်ရှေ့ပေါက်မှ ထွက်ပြေးကြပေမယ့်  မသူဇာအေး ကတော့ ဆေးစစ်ပြီး ပြန်လာချိန် ဖြစ်လို့  ပင်ပန်း၍ မနိုးပဲ အိပ်ရာထက် ကျန်ခဲ့တာကြောင့်  ဓားဖြစ်ထောက် ခေါ်ဆောင်သွားခြင်း ခံရတာဖြစ်ပါတယ်။

အခုအခါ မသူဇာအေးမှာ လိုအပ်သော ဆေးကုသမှု ခံယူနေပြီ ဖြစ်ကြောင်း၊ တရားခံများ၏ ပုံပန်းသဏ္ဍာန်ကို ယင်းပတ်ဝန်းကျင်ရှိ စီစီတီဗွီ မှတ်တမ်းမှ တဆင့် ရှာဖွေဖော်ထုတ် သွားရန် အစီအစဉ်များရှိကြောင်း လူမှုကွန်ယက် အင်တာနက် သတင်းများမှာ ရေးသားဖော်ပြကြပါတယ်။ 

ထိုအဖြစ်အပျက်အား မြန်မာသံရုံး သို့ တိုင်ကြားသောအခါ မြန်မာသံရုံးမှ မလေးရှား လဝက အားတိုင်ကြားပြီး တနင်္လာနေ့ ညနေ ၃ နာရီတွင် ရောက်ရှိမည်ဖြစ်ကြောင်း အကြောင်းပြန်တယ်လို့  မလေးရှားရောက်များရဲ့ အင်တာနက် သတင်းများ အရသိရပါတယ်။ 

အဆိုပါ ကိစ္စနဲ့ ပါတ်သတ်ပြီး  မြန်မာမိန်းကလေးများ အလုပ်မဆင်းပဲ သူတို့ နေအိမ် အဆောင်များ လုံခြုံမှု ရှိအောင်လုပ်ပေးရန် နှင့် ယခု ကိစ္စ အားအရေးယူ တိုင်ကြားပေးရန် Flairis Sdn Bhd စက်ရုံတွင် ဆန္ဒပြ တောင်းဆို နေကြောင်းလည်း သိရပါတယ်။ 

by Myanmar News Now