Monday, August 19, 2013

ပြည်ခရိုင် ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းပြိုကျမှု ဖြစ်ပေါ်နေ

ပဲခူးတိုင်း၊ ပြည်ခရိုင် ရွှေတောင်မြို့နယ် ရင်းမူကုန်း ကျေးရွာအုပ်စု ရင်းမူကုန်း ကျေးရွာတွင် ဧရာဝတီမြစ်ရေစီးကြောင်းပြောင်းလဲမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုများ ဖြစ်ပွားလျက်ရှိပြီး နေအိမ်ခြံမြေများ စိုက်ပျိုးမြေများ ဆုံးရှုံးနေရသည်ဟု ဒေသခံတို့က ပြောသည်။

ရင်းမူကုန်းကျေးရွာသည် ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိပြီး ၂၀၀၇ မှစ၍ နှစ်စဉ် မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ စိုက်ပျိုးမြေနှင့် အိမ်ခြေ ၁၅၀ ကျော် ဆုံးရှုံးခဲ့ရပြီး လူဦးရေ ၇၅၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး ငွေကြေး တတ်နိုင်သူများမှ တစ်ခြားတစ်နေရာသို့ ပြောင်းရွှေ့သွားပြီ ဖြစ်သည်။

မြေပြိုသည့်နေရာသည် ပြည်လုံးချမ်းသာဘုရားနှင့် ပေ ၁၀၀ ခန့်အကွာ၊ ကျေးရွာ ဘုန်းကြီးကျောင်းနှင့် ပေ ၄၀၀ ခန့် အကွာ၊ အစိုးရအထက်တန်းနှင့် ကိုက် ၁၀၀ အကွာအဝေးသို့ ရောက်ရှိနေပြီဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းဦးက ပြောသည်။

ရင်းမူကုန်းကျေးရွာရှိ တဲတန်းရပ်ကွက်နှင့် မေမြို့ရပ်ကွက်တို့ မြေပြိုကျသည့်အတွက် ပျောက်ဆုံးခဲ့ရပြီး အောင်မင်္ဂလာ ရပ်ကွက်မှာလည်း တစ်ဝက်ကျော် ပြိုကျနေပြီဖြစ်ရာ ဧရာဝတီမြစ်အတွင်း ကျောက်စုပ် မော်တော်များကြောင့် မြေပြိုကျခြင်း ဖြစ်နိုင်ကြောင်း မှတ်တမ်းယူရန် သွားရောက်ခဲ့သည့် ရွှေတောင်မြို့ နယ် NLD ပါတီဝင် ဦးမင်းမော်က ယူဆသည်။

"ရွာသားတွေက ဒုက္ခသည်စခန်းတွေ လုပ်ပေးစေချင်တယ်။ ပံ့ပိုးကူညီမှုတွေ လုပ်ပေးစေချင်တယ်။ ပိုက်ဆံမရှိ ဆင်းရဲတဲ့ လူတွေနဲ့ သက်ကြီးရွယ်အိုတွေ ပြောင်းရွှေ့ဖို့ ခက်ခဲနေကြတယ်။ အစိုးရက ပံ့ပိုးကူညီမှုကို လိုချင်
နေကြတယ်"ဟု ဦးမင်းမော်က ပြောသည်။

ရွာဦးကျောင်းဆရာတော် ဆရာတော်ဥူးသုန္ဒရက မိန့်ကြားရာတွင် "လက်လုပ်လက်စားဘ၀နဲ့ ဆင်းဆင်း ရဲရဲနေ လာခဲ့တဲ့ ဒကာ၊ ဒကာမတွေ ဒုက္ခရောက်မှာတွေးပြီး အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာ ဖြစ်ခဲ့ရတယ်" ဟု မိန့်ကြားသည်။

ရေခဲ (ပြည်)
Mizzima - News in Burmese

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။