Wednesday, June 5, 2013

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ခုနစ်လအတွင်း ဆိုက်ရောက်ဗီဇာဖြင့် ကမ္ဘာလှည့်ခရီးသွား ၂၅၀ ကျော် ၀င်ရောက်ခဲ့ပြီး အမေရိကန် နိုင်ငံသား အများဆုံးပါဝင်


6.3.13

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုင်ငံခြားသားများ ၀င်ရောက်လာစဉ်

မန္တလေးတံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်ဗီဇာ စတင်ထုတ်ပေးသည့် နေ့မှစ၍ ခုနစ်လအတွင်း ၂၅၇ ဦး ၀င်ရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆိုက်ရောက်ဗီဇာဖြင့် ၀င်ရောက်ရာတွင် tour visa မှလွဲ၍ Business Visa၊ Entry Visa နှင့် Transit Visa တို့ကို ထုတ်ပေးလျက်ရှိရာ Business Visa ဖြင့်လာရောက်သူ ၂၅၂ ဦးရှိပြီး အမေရိကန်နိုင်ငံသား အများဆုံးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ လာရောက်သော နိုင်ငံခြားသား ခရီးသွားများ အနေဖြင့် လုပ်ငန်းဗီဇာဖြင့် လာရောက်ပါက အမေရိကန်ဒေါ် လာ ၅၀၊ ပြည်ဝင် ဗီဇာ (အစည်းအဝေး/ အလုပ်ရုံဆွေးနွေးပွဲ/ တွေ့ဆုံမှု) ဖြင့် လာရောက်ပါက အမေရိကန်ဒေါ်လာ ၄၀၊ ဖြတ်သန်းဗီဇာဖြင့် လာရောက်ပါက အမေရိကန်ဒေါ်လာ ၂၀ ကောက်ခံကြောင်း၊ ခွင့်ပြုကာလမှာ လုပ်ငန်းဗီဇာဖြင့် ၇၀ ရက်၊ ပြည်ဝင်ဗီဇာဖြင့် ၂၈ ရက်၊ ဖြတ်သန်းဗီဇာဖြင့် ၂၄ နာရီ ခွင့်ပြုထားကြောင်း သိရသည်။


နိုင်ငံပေါင်း ၂၆ နိုင်ငံကို ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ စတင်၍ ဆိုက်ရောက်ဗီဇာ ထုတ်ပေးခဲ့ပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ဥရောပသမဂ္ဂ နိုင်ငံများအပါအ၀င် ၂၂ နိုင်ငံကို လည်းကောင်း၊ မတ်လ ၂၀ ရက်မှစ၍ နီပေါနိုင်ငံ စုစုပေါင်း ၄၉ နိုင်ငံကို တိုးမြှင့်၍ ဆိုက်ရောက်ဗီဇာ ထုတ်ပေးလျက်ရှိ...


 

''သတ်မှတ်စည်းကမ်းတွေနဲ့ ညီညွတ်တယ်ဆိုရင် ထုတ်ပေးပါတယ်။ စည်းကမ်းတွေအရ မိဘရဲ့ နိုင်ငံကူးလက်မှတ်မှာ ပူးတွဲပါရှိတဲ့ အသက်ခုနစ်နှစ်အောက် ကလေးတွေကို အခမဲ့ ပြည်ဝင်ခွင့်ပြုပါတယ်။ သတ်မှတ်ချက် မပြည့်စုံလို့ ဆိုက်ရောက် ဗီဇာထုတ်မပေးလို့ ပြန်သွားရတာ တစ်ဦးရှိခဲ့တယ်'' ဟု လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးသောင်းဇော်က ပြောကြားသည်။

နိုင်ငံပေါင်း ၂၆ နိုင်ငံကို ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ စတင်၍ ဆိုက်ရောက်ဗီဇာ ထုတ်ပေးခဲ့ပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ဥရောပသမဂ္ဂ နိုင်ငံများအပါအ၀င် ၂၂ နိုင်ငံကို လည်းကောင်း၊ မတ်လ ၂၀ ရက်မှစ၍ နီပေါနိုင်ငံ စုစုပေါင်း ၄၉ နိုင်ငံကို တိုးမြှင့်၍ ဆိုက်ရောက်ဗီဇာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၁၂ ခုနှစ်အတွင်း မန္တလေးသို့ နိုင်ငံခြားသား ခရီးသွား ၁၆၀၇၉၅ ဦး ၀င်ရောက်ခဲ့ပြီး ၂၀၁၃ ခုနှစ် ပထမ လေးလပတ်အတွင်း ၇၈၀၀၀ ကျော် ၀င်ရောက်ခဲ့သည်။

မန္တလေး ရုပ်သေးပန်းပုလုပ်ငန်း လက်ဆောင်ရုပ်သေး လုပ်ကိုင်သူ အနည်းငယ်သာ ကျန်ရှိပြီး ကရုပ်ထုလုပ်ခြင်းမှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေ


yoketae-june5

ရုပ်သေး အလုပ်ရုံအတွင်း ထုလုပ်ထားသည့် လက်ဆောင်ရုပ်သေး ရုပ်များအား တွေ့ရစဉ်

မန္တလေးမြို့ရှိ ရုပ်သေးလုပ်ငန်းများတွင် လက်ဆောင်ရုပ်သေး လုပ်ငန်းလုပ်ကိုင်သူ အနည်းငယ်သာ ကျန်ရှိပြီး ရုပ်ထုလုပ်ခြင်းမှာ ပျောက်ကွယ်လုနီးပါး ဖြစ်ကြောင်း ရုပ်သေးထုလုပ် သူများနှင့် ရုပ်သေးပညာရှင်များထံမှ စုံစမ်းသိရှိရသည်။

မြန်မာ့ရိုးရာ လက်မှုအနုပညာ တစ်ရပ်ဖြစ်သော ရုပ်သေးပန်းပု လုပ်ငန်းများ တဖြည်းဖြည်း မှေးမှိန်လာရသည်မှာ ကုန်ကြမ်းရရှိမှု နည်းပါလာခြင်း၊ ပြည်တွင်းဈေးကွက်ထက် နိုင်ငံခြားခရီးသွား ရာသီဈေးကွက်ကိုသာ အဓိကအားထား လာရခြင်း ပြီးခဲ့သည့် နှစ်များက နိုင်ငံရေး အခြေအနေနှင့် နိုင်ငံခြားခရီးသွား လာရောက်မှု နည်းပါးခဲ့ခြင်းကြောင့် ရုပ်သေးပန်းပု လုပ်ကိုင်သူများ လျော့နည်းလာခဲ့ကြောင်း သိရှိရသည်။

"ရုပ်သေးပန်းပု လုပ်ငန်းတွေ မကောင်းတော့တာ ဆယ်စုနှစ်နီးပါး ရှိပြီ။ အရင်က တစ်ရပ်ကွက်လုံးနီးပါး ရုပ်သေးလုပ်ငန်းပဲ လုပ်ကြတာ။ အခုနောက်ပိုင်း သစ်သားကုန်ကြမ်း ရှားလာတယ်။ ဈေးကွက်လည်း မကောင်းတော့ လုပ်ကိုင်သူ ငါးဦးလောက်ပဲ ရှိတော့တယ်။ ဟိုတုန်းက တစ်ရက်ကို ရုပ်သေးခေါင်း ၉၀ လောက် ထုရတယ်။ အခုတော့ ၁၅ ခေါင်းလောက်ပဲ ထုရတယ်" ဟု ရုပ်သေးပန်းပု လုပ်ငန်းအများစု လုပ်ကိုင်သည့် သီတာအေး (၉၀၁) ရပ်ကွက်မှ ရုပ်သေးပန်းပု ဆရာတစ်ဦးက ပြောကြားသည်။

ရိုးရာလက်မှု အနုပညာ ပစ္စည်းအရောင်းဆိုင်များတွင် ခြောက်လက်မမှ နှစ်ပေခွဲ ရုပ်သေးများသာ အများဆုံး ရောင်းချရပြီး ရိုးရာရုပ်သေး ပန်းပုရုပ်များကို ပြင်သစ်၊ စပိန်နှင့် ဂျာမနီနိုင်ငံသားများ အများဆုံး စိတ်ဝင်တစား ၀ယ်ယူအားပေးကြကြောင်း မြန်မာ့ရိုးရာ လက်မှုအနုပညာ ပစ္စည်းအရောင်းဆိုင်များမှ သိရှိရသည်။

"ရုပ်သေးပန်းပု ဆရာတွေထဲမှာ ကရုပ်ထုနိုင်တဲ့သူက လက်ချိုးရေလို့ ရတယ်။ အခုနောက်ပိုင်း ကဇာတ်ရုံကို ပညာလာသင်တဲ့ လူငယ်တွေကလည်း ရုပ်သေးကတဲ့ ပညာရပ်ကိုပဲ စိတ်ဝင်စားကြတယ်။ အဓိကကျတဲ့ ရုပ်သေးရုပ်လုပ်တဲ့ ပညာရပ်ကို စိတ်မ၀င်စားကြဘူး။ အခုနောက်ပိုင်း ပြည်တွင်းက လူတွေလည်း ရုပ်သေးရုပ်လေးတွေ လာဝယ်တာ တွေ့ရတော့ ရုပ်သေးလုပ်ငန်းတွေအတွက် ၀မ်းသာစရာ တစ်ခုပါ" ဟု မန္တလေးမြို့တွင် တစ်ခုတည်းသာ ကျန်ရှိသည့် ဒေါ်မမနိုင် ရုပ်aသးကဇာတ်ရုံမှ ရုပ်သေးပညာရှင် ဦးသန်းညွှန့်က ပြောကြားပါသ

မြိတ် လော့လော့ရွာရှိ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ ဆောက်ရန် မြေနေရာ ရှင်းလင်းမှုများ ပြုလုပ်

loplop-june5

ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် လျာထားသော မြေနေရာအား ရှင်းလင်းထားစဉ် ရွှေ့ပြောင်းရမည့် လော့လော့ရွာ မူလတန်းကျောင်း

တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့နယ်၊ လော့လော့ကျေးရွာရှိ မီဂါဝပ် ၅၀ ထုတ်လုပ်နိုင်သော ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတည်ဆောက်ရန် အတွက် လျာထားသော မြေနေရာတွင် ရှင်းလင်းမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

ယင်းစက်ရုံ တည်ဆောက်ရန်အတွက် တိုင်းဒေသကြီး အစိုးရနှင့် သန်းဖြိုးသူ ကုမ္ပဏီတို့ ၂၀၁၂ ခုနှစ် ဇူလိုင် ၂၇ ရက်တွင် လက်မှတ်ရေးထိုးထားကြောင်း သိရသည်။ အဆိုပါ ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရန်အတွက် ဒေသခံများကြားတွင် ထောက်ခံသူများနှင့် ကန့်ကွက်သူများ ရှိနေပြီး ၂၀၁၂ ခုနှစ်အတွင်း အပြန်အလှန် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

"စက်ရုံတည်ဆောက်ဖို့အတွက် လော့လော့မှာ မြေဧက ၁၀၄ ဧက လာရောက်ဝယ်ယူထားပြီး အခု စတင်ရှင်းလင်း နေပါပြီ။ ရှင်းလင်းနေတာက နှစ်ပတ်လောက်ရှိပြီး အခု ၂၅ ဧကလောက် ပြီးနေပါပြီ။ ကျောက်မီးသွေး စက်ရုံနှင့် ပတ်သက်ပြီး နေရာကပ်လျက် ရှိနေတဲ့ လော့လော့ မူလတန်း ကျောင်းလေးကိုလည်း ရွှေ့ဖို့အစီအစဉ် ရှိတယ်လို့ သိရတယ်။ ကျေးရွာသူ၊ ကျေးရွာသားတွေနဲ့ ရပ်မိရပ်ဖတွေရဲ့ သဘောထားကိုယူပြီး လက်ရှိနေရာကနေ တစ်မိုင်နီးပါးလောက်ရှိတဲ့ ရွာအတွင်းကို ရွှေ့ဖို့လုပ်နေပါတယ်။ ဒီရွာမှာ စက်ရုံကို လိုလားတဲ့သူက အတော်နည်းကြပါတယ်" ဟု လော့လော့ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က ပြောကြားခဲ့သည်။

မူလတန်းကျောင်းအား ရွှေ့ပြောင်းရန်အတွက် ဇွန် ၂ ရက်က ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရန် ဦးဆောင်လှုပ်ရှားနေသူ တစ်ဦးဖြစ်သူ ဦးမြင့်စိုးနှင့် လူ ၂၀ ခန့် ကျောင်းအုပ်ဆရာမနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ "ကျွန်မတို့ကျောင်းက ပုံစံ ၁၀၅ ရှိတဲ့ ကျောင်းပါ။ နှစ်ဧကရှိတဲ့ ကျောင်းဝင်းထဲမှာ တည်ဆောက်ထားတာဖြစ်ပြီး လက်ရှိကျောင်းသားကျောင်းသူ ၇၀ ကျော် တက်ရောက် ပညာသင်ကြား နေပါတယ်။ ကျွန်မတို့က တိုင်းပြည်ဝန်ထမ်း ဖြစ်တဲ့အတွက် အဲဒီစာသင်ကျောင်းပြောင်းတာ မပြောင်းတာကို မပြောလိုပါဘူး" ဟု လော့လော့ မူလတန်းကျောင်းအုပ် ဆရာမကြီးက ပြောကြားခဲ့သည်။

ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို လော့လော့နှင့် သမုတ်စံပြကျေးရွာကို ခြားထားသော သမုတ်မြစ်ကမ်း အနီးတွင် ကပ်လျက်တည်ဆောက်မည်ဖြစ်ကာ စက်ရုံတည်ဆောက်မည့် နေရာနှင့် အနီးနားတွင်ရှိသော ကျေးရွာများတွင် လူဦးရေ ထောင်ချီနေထိုင်ကြကြောင်း သိရသည်။ "အခုမြေနေရာ လာရှင်းနေပေမယ့် ကျွန်တော်တို့ ဘာမှပြောခွင့် မရှိပါဘူး။ သူတို့ဝယ်ထားတဲ့ မြေကိုး။ ဒါပေမဲ့ စက်ရုံစဆောက်မယ် ဆိုတာနဲ့ ရတဲ့နည်းနဲ့ ကန့်ကွက်မှာပဲ" ဟု ရွာခံတစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာပိုင် မြေပေါ်တွင် မဟုတ်ဘဲ ပုဂ္ဂလိကပိုင် မြေခြံဝန်းများတွင် စိုက်ထူသော မြေစိုက်နှင့် နံရံကပ်ကြော်ငြာ ဆိုင်းဘုတ်များ၏ အခွန်များကို တိုးမြှင့်

6.2.1

ရန်ကုန်မြို့တစ်နေရာတွင် စိုက်ထူထားသော နံရံကပ်ကြော်ငြာဆိုင်းဘုတ်တစ်ခုအား တွေ့ရစဉ်

ရန်ကုန်မြို့တော် စည်ပင်သာယာပိုင် မြေပေါ်တွင် မဟုတ်ဘဲ ပုဂ္ဂလိကပိုင် မြေခြံဝင်းများတွင် စိုက်ထူသော မြေစိုက်နှင့် နံရံကပ် ကုမ္ပဏီကြော်ငြာ ဆိုင်းဘုတ်များ၏ အခွန်များကို လက်ရှိ ကောက်ခံလျက်ရှိသော နှုန်းထားမှ တိုးမြှင့်လိုက်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ကြေညာချက်အရ သိရသည်။

စည်ပင်သာယာပိုင်မြေတွင် မဟုတ်ဘဲ ပုဂ္ဂလိကပိုင် မြေပေါ်တွင် ကြော်ငြာသော စတုရန်းပေ ၃၀၀ နှင့်အထက် နံရံကပ်ကြော်ငြာ တစ်စတုရန်းပေအတွက် ယခင် ၄၅၀၀ ကျပ်နှုန်း ကောက်ခံရာမှ ယခုကျပ် ၁၀၀၀၀ နှုန်းဖြင့် တိုးမြှင့် ကောက်ခံသွားမည် ဖြစ်ကြောင်း၊ စတုရန်းပေ ၃၀၀ နှင့်အထက် နံရံကပ်ကြော်ငြာ၏ တစ်စတုရန်းပေအတွက် ယခင် ကျပ် ၃၀၀၀ နှုန်း ကောက်ခံရာမှ ယခု ကျပ် ၅၀၀၀ နှုန်းဖြင့်တိုးမြှင့် ကောက်ခံသွားမည် ဖြစ်ကြောင်း၊ စတုရန်းပေ ၁၈၀ အောက် ခြံဝင်းအတွင်း မြေစိုက်ကြော်ငြာများအတွက် တစ်စတုရန်းပေလျှင် ယခင်ကျပ် ၃၀၀၀ မှယခုကျပ် ၅၀၀၀ သို့ အသီးသီး တိုးမြှင့်ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

''ပုဂ္ဂလိကပိုင် မြေခြံတွေထဲမှာ ကြော်ငြာဘုတ် ထောင်ချင်တဲ့အတွက် ခြံပိုင်ရှင်နဲ့ညှိပြီး တစ်နှစ်ကို သိန်း ၃၀၊ ၄၀ စသည်ဖြင့်ပေးပြီး စိုက်ထူဖို့ စာချုပ်ချုပ်ကြပါတယ်။ ခြံရှင်ကိုလည်း ပေးရတဲ့အပြင် စည်ပင်ကို အဲဒီကြော်ငြာဘုတ်အတွက် အခွန်ငွေ ပေးသွင်းရတယ်။ အခုအဲဒီ အခွန်ငွေကို ထပ်တိုးလိုက်တယ်လို့ ကြားတယ်။ အရင်က စတုရန်းပေ ၆၀၀ ဆိုင်းဘုတ်အတွက် အခွန်နှုန်းထားက တစ်စတုရန်းပေ ၄၀၀၀ နဲ့ တွက်ရင် ၂၄ သိန်းလောက် ပေးသွင်းရရင် အခုသိန်း ၆၀ လောက် ပေးသွင်းရမှာပါ'' ဟု ကြော်ငြာဆိုင်းဘုတ် လုပ်ငန်းရှင် ကိုသန်းထွဋ်က ပြောကြားခဲ့သည်။

ယခုလက်ရှိတွင် စည်ပင်ပိုင် မြေပေါ်တွင် စိုက်ထူထားသော ကြော်ငြာဆိုင်းဘုတ် လုပ်ငန်းရှင်များ၏ ကြော်ငြာဆိုင်းဘုတ်များကိုလည်း စည်ပင်မှ လိုက်လံဖြုတ်သိမ်းနေပြီး မြို့တော်စည်ပင်၏ ကြော်ငြာဆိုင်းဘုတ်များဖြင့်သာ ကြော်ငြာရမည်ဟု သိရသည်။

ရန်ကုန်-ဒလ ဆက်သွယ်သည့် တံတားထိုးရန် ကိုရီးယားကုမ္ပဏီ တစ်ခုက အဆိုပြုထားသော်လည်း လက်ရှိဆွေးနွေးနေဆဲပင်ဖြစ်


6.3.14

ဗိုလ်တထောင်ဘုရားဘက်ကမ်းမှနေ၍ ဒလမြို့နယ်ကို မေလဆန်းက တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)

ရန်ကုန်မြစ်ကိုဖြတ်၍ ရန်ကုန်-ဒလ ဆက်သွယ်သည့် တံတားတစ်ခုထိုးရန် အတွက် ကိုရီးယား ကုမ္ပဏီတစ်ခုက လာရောက်အဆိုပြု ထားသော်လည်း လက်ရှိ ဆွေးနွေးနေဆဲပင် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

ရန်ကုန်မြို့လယ်နှင့် အနီးဆုံး ရန်ကုန်မြစ်သာခြားသည့် ဒလဘက်အခြမ်းအား ယခုထက် ပိုမိုဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ရန်ကုန်-ဒလ ဆက်သွယ်သည့် တံတားထိုးရန် ကိုရီးယား ကုမ္ပဏီတစ်ခုက ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်ကတည်းက လာရောက်လေ့လာ ဆွေးနွေးခဲ့ပြီး နောက်ပိုင်း အဆိုပြုခဲ့ခြင်း ဖြစ်သည်။ အဆိုပြုရာတွင် တံတားအား ရန်ကုန်မြစ်အတွင်း သွားလာနေသော သင်္ဘောကြီးများနှင့် လွတ်ကင်းစေရန်အတွက် တံတားကို အောက်ခြေကင်းလွတ် အမြင့်များများယူ၍ ဆောက်လုပ်မည် ဖြစ်ကြောင်း ပါဝင်သည်။

''ကိုရီးယားကုမ္ပဏီက ရန်ကုန်-ဒလ တံတားတော့ထိုးမယ်။ ဒါပေမဲ့ လက်ရှိတော့ ဆွေးနွေးနေဆဲပင် ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က သူတို့အစိုးရဘက်ကို ငွေပြန်တောင်းရမှာကိုး။ တံတားထိုးဖို့ကို ရန်ကုန်ဘက်အခြမ်းက ဘယ်နေရာလဲဆိုတာ မရွေးရသေးဘူး။ တံတားပုံစံကလည်း သင်္ဘောကြီးတွေနဲ့ လွတ်ကင်းအောင်လို့ စပရိန်လို အခွေအခွေ လမ်းတွေနဲ့ တက်သွားမယ်။ အမြင့်ပေ အများကြီးနဲ့ ဆောက်လုပ်မဲ့ပုံစံပါ။ သူတို့အစိုးရဆီကို ငွေပြန်တောင်းရမှာဆိုတော့ တံတားထိုးဖြစ်မယ် ဆိုရင်လည်း အချိန်နည်းနည်း ကြာဦးမယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် ကိုရီးယားကုမ္ပဏီက ရန်ကုန်-ဒလအား ရေအောက်ဥမင် လိုဏ်ခေါင်းဖြင့် ဆက်သွယ်သွားလာရန် အတွက်လည်း စိတ်ဝင်စားသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ဆွေးနွေးမှုများ ရှိခဲ့သည်ဟု သိရသည်။

ယခင်ကလည်း ရန်ကုန်မြို့ရှိ လမ်းမတော်၊ ကိုင်းတန်း၊ ဗားကရာ စသည့် ကမ်းနားများနှင့် ဒလဘက်ခြမ်းကို ဆက်သွယ်သည့် တံတားများထိုးရန် ဆွေးနွေးခဲ့ဖူးသော်လည်း အဆင်မပြေခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံရှိ အလုပ်သမား ဆေးရုံများကို နိုင်ငံတကာနှင့် ပူးပေါင်း၍ အဆင့်မြှင့်တင်မည်

yangonworkerhosp-june5

ရန်ကုန်အလုပ်သမား ဆေးရုံကြီးကို တွေ့ရစဉ် (ဓာတ်ပုံ-ဥမ္မာအောင်)

မြန်မာနိုင်ငံရှိ အလုပ်သမား ဆေးရုံများကို အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန၏ အစီအစဉ်ဖြင့် နိုင်ငံတကာနှင့် ပူးပေါင်း၍ အဆင့်မြှင့်တင်မှုများ ပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း လူမှုဖူလုံရေး အဖွဲ့မှ သိရသည်။

အဆိုပါ နိုင်ငံတကာနှင့် ပူးပေါင်း၍ အဆင့်မြှင့်တင်မည့် ဆေးရုံများမှာ ရန်ကုန်၊ မန္တလေးနှင့် ရွှေဘိုမြို့များရှိ အလုပ်သမား ဆေးရုံများဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ အဆင့်မြှင့်တင်ရန်အတွက် စင်ကာပူ၊ ထိုင်း၊ ကိုရီးယား နိုင်ငံတို့နှင့် ဆွေးနွေးပြီးဖြစ်ပြီး ယခုအခါ ဂျပန်နိုင်ငံကလည်း ဆေးရုံများ အဆင့်မြှင့်တင်ရာတွင် ပူးပေါင်းပါဝင်ရန် အဆိုတင်သွင်းထားကြောင်း သိရသည်။

"ဆေးရုံကြီးတွေ အဆင့်မြှင့်တင်မှု စီမံကိန်း ဘယ်တော့ပြီးမယ် ဆိုတာတော့ သေချာ မပြောနိုင်သေးဘူး။ ပူးပေါင်းခွင့်ရတဲ့နိုင်ငံ အတည်ဖြစ်မှ အကောင်အထည် ဖော်လို့ရမှာပါ။ ဒီကိစ္စတွေအတွက် ဆွေးနွေးမှုတွေ ဆက်တိုက်ပြုလုပ် နေပါတယ်" ဟု လူမှုဖူလုံရေး အဖွဲ့ဥက္ကဋ္ဌ ဦးယုလွင်အောင်က ဆိုသည်။

အဆိုပါ ဆေးရုံများ အဆင့်မြှင့်တင်ရာတွင် ပူးပေါင်းဆောင်ရွက်ခွင့် ရရှိမည့် နိုင်ငံကို လူမှုဖူလုံရေး ၀န်ကြီးဌာန၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် အစိုးရ အဖွဲ့များမှ အဆင့်ဆင့် တင်ပြရွေးချယ် သွားမည်ဖြစ်ကြောင်း သိရသည်။

လူမှုဖူလုံရေး ကျန်းမာရေး စောင့်ရှောက်မှု အာမခံ ထားရှိထားသည့် အလုပ်သမားများသည် လူမှုဖူလုံရေး လက်အောက်ရှိ ဆေးခန်းများသာမက ယခု အဆင့်မြှင့်တင်မည့် ဆေးရုံများတွင်လည်း မိမိထားရှိထားသည့် အာမခံနှင့်အညီ ဆေးကုသနိုင်မည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ အခုစီစဉ်နေတဲ့ အာမခံ Smart Card က ဒီဆေးရုံ၊ ဆေးခန်းတွေမှာ ဆေးကုသခဲ့ရင် ဆေးကုသစရိတ်ကို ကတ်ထဲကနေ ဖြတ်သွားမယ်။ အာမခံ ထားတဲ့လူတွေ အနေနဲ့ ငွေကြေးထပ်မံ ပေးစရာ မလိုပါဘူး။ အာမခံ ထားရှိထားတဲ့ အလုပ်သမားတွေ အဆင်ပြေဖို့အတွက် ကျွန်တော်တို့ အနေနဲ့ အဆင့်မြှင့် ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်တာပါ" ဟု ဦးယုလွင်အောင်က ဆိုသည်။

လူမှုဖူလုံရေး အာမခံ လုပ်ငန်းမှ အလုပ်သမား ဆေးရုံကြီးများကို နိုင်ငံတကာနှင့် ပူးပေါင်း၍ အဆင့်မြှင့်တင် မှုများအပြင် ယခုအခါ ပြည်တွင်းရှိ ပုဂ္ဂလိက ဆေးရုံ ၁၂ ရုံနှင့်လည်း ၎င်းတို့၏ အာမခံ အလုပ်သမားများ ဆေးကုသနိုင်ရန် ဆေးကုသမှု စံနှုန်းစနစ်များ သတ်မှတ်၍ ပူးပေါင်းဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

မြန်မာ တစ်နိုင်ငံလုံး၌ လူမှုဖူလုံရေး အဖွဲ့တွင် လူမှုဖူလုံရေး နည်းဥပဒေအရ လက်ရှိတွင် အာမခံထားရှိသည့် အလုပ်သမားဦးရေ စုစုပေါင်း ခြောက်သိန်းလေးသောင်း ခန့်ရှိကြောင်း လူမှုဖူလုံရေး အဖွဲ့မှ သိရသည်။

လှိုင်သာယာ စက်မှုဇုန် (၂) ရှိ ဟောင်ကောင် ကြာဆံစက်ရုံတွင် မီးလောင်မှု ဖြစ်ပွား


hongkoung-june5

ဇွန် ၄ ရက်က လှိုင်သာယာစက်မှုဇုန် ၂ ရှိ ဟောင်ကောင်ကြာဆံစက်ရုံ မီးလောင်မှုအား ငြိမ်းသတ်နေသည်ကို ည ၇ နာရီ ခန့်က တွေ့ရစဉ်

ရန်ကုန်မြို့၊ လှိုင်သာယာ စက်မှုဇုန် (၂) ဦးရေပေါလမ်းတွင် တည်ရှိသော ဟောင်ကောင် ကြာဆံစက်ရုံတွင် ဇွန် ၄ ရက်က မီးလောင်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါ မီးလောင်မှုမှာ ညနေ ၆ နာရီ၊ မိနစ် ၃၀ ခန့်တွင် စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး ည ၇ နာရီခွဲခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း လှိုင်သာယာမြို့နယ် မီးသတ်တပ်ဖွဲ့မှ သိရသည်။

ထို့ပြင် မီးလောင်မှု အကြောင်းအရင်းကို စုံစမ်းဆဲဖြစ်ကာ အဆောက်အအုံ ငါးလုံးနှင့် ဒီဇယ်ဆီဂါလန် ၃၀ ပျက်စီး လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုကို ငြှိမ်းသတ်နေသော မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက "အထဲမှာ မီးမလောင်သေးတဲ့ ဒီဇယ်ပေပါ ၁၆ လုံးလောက် ရှိမယ်။ ပြီးတော့ ဒီဇယ်မီးစက် အကြီးစားနှစ်လုံးလည်း မီးလောင်ထားတယ်။ လူအထိအခိုက်တော့ မရှိဘူး" ဟု ပြောသည်။

အဆိုပါစက်ရုံ မီးလောင်မှုကို မီးသတ်ယာဉ် ၄၆ စီး၊ ကွပ်ကဲမှုယာဉ် ခြောက်စီးလာရောက် ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

"စလောင်တဲ့ နေရာက အလုပ်သမားတွေ နေတဲ့တန်းလျားက စလောင်နေတာ တွေ့ရတယ်။ လောင်လောင်ချင်း မီးသတ်ဆေးဘူးနဲ့ ငြှိမ်းပါသေးတယ်။ နောက်တော့ မီးသတ်ကားတွေ ရောက်လာပါတယ်" ဟု အဆိုပါ စက်ရုံမှ စက်ပြင်တာဝန်ခံ ဦးမျိုးထွဋ်က ပြောသည်။  
   

မူဆယ်နယ်စပ်မှ နှစ်လအတွင်း အကောက်ခွန်မဲ့ပစ္စည်း တင်သွင်းမှု ကျပ်သိန်း ၆၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ရာ စားသောက်ကုန်များ အများဆုံးဖြစ်

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်နယ်စပ်မှ ၂၀၁၃ ခုနှစ်၊ ဧပြီလနှင့် မေလအတွင်း အကောက်ခွန်မဲ့ ပစ္စည်းများ တင်သွင်းလာမှုအား ကျပ်သိန်း ၆၀၀၀ကျော် ဖမ်းဆီးရမိခဲ့ရာ စားသောက်ကုန်များ အများဆုံးဖြစ်ကြောင်း မူဆယ်နယ်စပ်ကုန် သွယ်ရေးဌာနမှ ဒုတိယညွှန်မှူး ဦးနန္ဒက ပြောကြားခဲ့သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန အနေဖြင့် စားသုံးသူ ကာကွယ်ရေးနှင့် တရားမ၀င် ကုန်သွယ်မှုတားဆီး ထိန်းချုပ်ရေးအဖွဲ့ Mobile Team များ ဖွဲ့စည်းကာ နယ်စပ်ဂိတ်များမှ တရားမ၀င် အကောက်ခွန်မဲ့ ပစ္စည်းများ ၀င်ရောက်လာမှုကို စစ်ဆေးအရေးယူ လျက်ရှိကြောင်း သိရသည်။

တရုတ်ဘက်မှ ကြက်ငှက်တုပ်ကွေး ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေကြောင့် အဲဒီဘက်က ကြက်ဥ၊ ကြက်သားတွေ ပြည်တွင်းကို လှိမ့်သွင်းလာတာလည်း စစ်ဆေးတွေ့ရှိ ခဲ့ရပါတယ်။ ဒါတွေကို သက်ဆိုင်ရာ ဌာနတွေနဲ့ ပူးပေါင်းပြီး အရေးယူဖို့ ဆောင်ရွက်နေပါပြီ . . . . .

တရားမ၀င် ကုန်သွယ်မှုများကြောင့် ၂၀၁၂ ခုနှစ်အတွင်း နယ်စပ်ကုန်သွယ်ရေး ကုန်သွယ်မှုများ သိသာစွာ တိုးတက်မှု မရှိခဲ့ကြောင်းလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

"အခု ကျွန်တော်တို့ ဖမ်းဆီးရမိတဲ့ အကောက်ခွန်မဲ့ ပစ္စည်းတွေက စားသောက်ကုန်တွေ များပါတယ်။ ချောကလက်၊ ချိုချဉ်စတဲ့ မုန့်မျိုးစုံလည်း ပါဝင်ပါတယ်။ ဒါ့အပြင် တရုတ်ဘက်မှ ကြက်ငှက်တုပ်ကွေး ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေကြောင့် အဲဒီဘက်က ကြက်ဥ၊ ကြက်သားတွေ ပြည်တွင်းကို လှိမ့်သွင်းလာတာလည်း စစ်ဆေးတွေ့ရှိ ခဲ့ရပါတယ်။ ဒါတွေကို သက်ဆိုင်ရာ ဌာနတွေနဲ့ ပူးပေါင်းပြီး အရေးယူဖို့ ဆောင်ရွက်နေပါပြီ" ဟုလည်း ဦးနန္ဒက ဆက်လက်ပြောကြားခဲ့သည်။


မဲခေါင်မြစ် တစ်လျှောက်တွင် မြန်မာနိုင်ငံ ပါဝင်သည့် လေးနိုင်ငံ မူးယစ်နှိမ်နင်းရေး တပ်ဖွဲ့များ စစ်ဆင်ရေးဆင်နွှဲ

မြန်မာ၊ ထိုင်းနှင့် လာအိုနိုင်ငံတို့မှ မူးယစ်ဆေးဝါးနှင့် လူသတ်မှု ကျူးလွန်သူ လေးဦးကို သတ်ဖြတ်ခဲ့ပြီးနောက် တရုတ်နိုင်ငံ၏ လုံခြုံရေး တပ်ဖွဲ့များသည် မဲခေါင်မြစ်တစ်လျှောက်မှ နိုင်ငံများနှင့် ပူးပေါင်းကာ မူးယစ်တိုက်ဖျက်ရေး စစ်ပွဲအား တိုးချဲ့ဆင်နွှဲနေပြီ ဖြစ်သည်ဟု China Daily သတင်းစာက ဆိုပါသည်။

ဧပြီ ၁၉ ရက်က စတင်ခဲ့သော စစ်ဆင်ရေးမှ လက်ရှိအချိန်အထိ မူးယစ်ဆေး ကြွယ်ဝသော ရွှေတြိဂံဒေသမှ သံသယရှိသူ ၈၁၂ ဦးကိုလည်း ဖမ်းဆီးထားပြီဖြစ်ပြီး စစ်ဆင်ရေးသည် ဇွန် ၂၀ ရက်တွင် ပြီးဆုံးမည် ဖြစ်သည်။ အဆိုပါ စစ်ဆင်ရေးတွင် မဲခေါင်မြစ်အတွင်း သွားလာနေသော ကုန်တင်သင်္ဘောများ၊ ခရီးသည်တင် သင်္ဘောများကို ပြောက်ကျားများ၊ ပြန်ပေးသမားများနှင့် ဓားပြများရန်မှ အကာအကွယ် ပေးခြင်းလည်း ပါဝင်သည်။

စစ်ဆင်ရေးအတွင်း တရုတ်၊ ထိုင်း၊ မြန်မာနှင့် လာအိုနိုင်ငံများမှ ကာကွယ်ရေး တပ်ဖွဲ့များသည် လက်နက်ခဲယမ်းများ အပါအ၀င် မူးယစ်ဆေးဝါး ၂ တန်ကျော် ဖမ်းဆီးရမိ ထားသည်ဟု ဆိုပါသည်။ ဖမ်းဆီးထားသော သံသယရှိသူ ၈၁၂ ဦးတွင် တရုတ်၊ ထိုင်း၊ မြန်မာနှင့် လာအိုနိုင်ငံသားများ အပြင် ဗီယက်နမ် နိုင်ငံသားများလည်း ပါဝင်သည်ဟု တရုတ်နိုင်ငံ ယစ်မျိုးအရာရှိ Lan Weihong က ဆိုပါသည်။

Mr. Lan က ယခုကြေညာချက်ကို ယူနန်ပြည်နယ် တောင်ပိုင်းရှိ မဲခေါင်မြစ်ဆိပ်ကမ်း ဂျင်ဟောင်း (Jinghong) တွင်ရှိသော လေးနိုင်ငံမှ မူးယစ်နှိမ်နှင်းရေး တပ်ဖွဲ့များ ရုံးချုပ်တွင် မေ ၂၁ ရက်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ထိုဌာနချုပ်တွင် ပူးပေါင်းဆောင်ရွက်နေသည့် လေးနိုင်ငံမှ အရာရှိများသည် အခန်းတစ်ခန်းထဲတွင် စကားပြန်များမှတစ်ဆင့် တိုက်ရိုက်ဆွေးနွေး ပြောဆိုနေကြခြင်း ဖြစ်သည်။ ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ယခင်က လုပ်ငန်းများကို နှေးကွေးစေခဲ့သည့် ကြိုးနီစနစ်ကို လျှော့ချနိုင်ပြီး လုပ်ငန်းများ ပိုမိုလျင်မြန် လာသည်ဟုလည်း Mr. Lan က ဆိုပါသည်။

လွန်ခဲ့သော လများအတွင်း အမှုပေါင်း ၅၆၀ ဖြင့် ဖမ်းဆီးခဲ့သည့် အဆိုပါ သံသယရှိသူ ၈၁၂ ဦးအား မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကိုမူ ပြောဆိုခဲ့ခြင်း မရှိခဲ့ချေ။ ထိုသူများကို မည်သည့်နိုင်ငံတွင် တရားစွဲဆိုမည် ဖြစ်ကြောင်းနှင့် ပတ်သက်၍လည်း ရှင်းလင်းစွာ မသိရသေးချေ။ ယခုစစ်ဆေးရေးကို တရုတ်နိုင်ငံမှ ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ မဲခေါင်မြစ်သည် တရုတ်နိုင်ငံ တိဘက်ဒေသမှ ရေခဲမြစ်များ အရည်ပျော်ခြင်းဖြင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး မိုင်ပေါင်း ၂၇၀၀ ရှည်လျားကာ တောင်တရုတ် ပင်လယ်ထဲသို့ စီးဝင်သော မြစ်တစ်ခု ဖြစ်သည်။

ထိုမြစ်သည် ရွှေတြိဂံဒေသကို ဖြတ်သန်းစီးဆင်းသည့် မြစ်တစ်ခုလည်း ဖြစ်သည်။ ရွှေတြိဂံ ဒေသသည် မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံ သုံးနိုင်ငံဆုံသည့် ဒေသတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ တောင်ပိုင်းနှင့်လည်း ထိစပ်လျက် ရှိသည်။ ယခု စစ်ဆင်ရေးသည် တရုတ်နိုင်ငံမှ ဦးဆောင်ပြီး မြန်မာ၊ ထိုင်း၊ လာအိုနိုင်ငံမှ မူးယစ်နှိမ်နင်းရေး တပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်သည့် ပထမဆုံးအကြိမ် စစ်ဆင်ရေးလည်း ဖြစ်သည်။

ဂျပန်နိုင်ငံ၏ ကူညီမှုဖြင့် မြို့ကြီးသုံးမြို့ကို ဆက်သွယ်မည့် မြန်နှုန်းမြင့် ဖိုက်ဘာဆက်ကြောင်းကို ဆီးဂိမ်းစ်အမီ အပြီးတည်ဆောက်မည်

ဂျပန်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်ပေးနေသော မြန်မာနိုင်ငံ၏ မြို့ကြီးသုံးမြို့ကို ဆက်သွယ်ပေးမည့် မြန်နှုန်းမြင့် ဖိုက်ဘာဆက်ကြောင်းကို မြန်မာနိုင်ငံတွင် လက်ခံကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးအမီ အပြီးတည်ဆောက် သွားမည်ဟု ဆူမီတိုမို ကော်ပိုရေးရှင်း၏ Telecommunication Business Dept မှ General Manager Mr. Y Benino က ဇွန် ၃ ရက်တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ အဓိကမြို့ကြီး သုံးမြို့ဖြစ်သော ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ကို ဆက်သွယ်မည့် ဆက်သွယ်ရေး ဖိုက်ဘာဆက်ကြောင်းကို ဂျပန်နိုင်ငံ၏ ကူညီထောက်ပံ့ငွေဖြင့် ဆူမီတိုမို၊ NEC နှင့် NTT ကုမ္ပဏီတို့မှ Optical Fiber-based ဆက်သွယ်ရေးဆက်ကြောင်း တည်ဆောက်ရန် မြန်မာအစိုးရနှင့် အပြီးသတ် စာချုပ်ချုပ်ဆို ပြီးစီးပြီ ဖြစ်သည်။ "ကျွန်တော်တို့ အင်ဂျင်နီယာတွေ အကုန်ရောက်နေပါပြီ။ နိုဝင်ဘာ ကုန်တာနဲ့ အကုန်ပြီးအောင် တည်ဆောက်ရမှာ ဖြစ်ပါတယ်။ မြို့ကြီးသုံးမြို့အပြင် အားကစား စတေဒီယမ်ကြီးတွေ အတွင်းပိုင်းမှာလည်း ဆက်သွယ်ပေးသွားမှာ ဖြစ်ပါတယ်။ မြန်မာအစိုးရ အနေနဲ့ SEA Game စတာနဲ့ ဒီလိုဆက်သွယ်ရေး လိုအပ်ချက်တွေ ရှိလာမှာ ဖြစ်ပါတယ်" ဟု Mr. Y Benino က ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါ ဆက်ကြောင်းများ တည်ဆောက်မည့် ဂျပန်ကုမ္ပဏီကြီး သုံးခုက တစ်စက္ကန့်လျှင် ၃၀ ဂစ်ဂါဘိုက် ထုတ်လွှတ်နိုင်စွမ်းရှိမည့် မြန်နှုန်းမြင့် ကွန်ရက်ကို တည်ဆောက်သွားမည် ဖြစ်သည်။ ထို့ပြင် ၎င်းကုမ္ပဏီ သုံးခုက ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် တစ်စက္ကန့်လျှင် ၁၀ ဂစ်ဂါဘိုက်နှုန်းဖြင့် အသံနှင့် ဒေတာများ ထုတ်လွှင့်နိုင်မည့် Fiber-Optic ကွန်ရက်များကို တပ်ဆင်သွားမည်ဟု ဆိုသည်။

ကူမင်း ကုန်စည်ပြပွဲသို့ မြန်မာစီးပွားရေးလုပ်ငန်းရှင် ၁၈၀ ကျော် သွားမည်

ရန်ကုန် (မဇ္ဈိမ)။    ။ ဇွန်လ ၆ ရက်မှ ၁၀ ရက်နေ့အထိ ပြုလုပ်မည့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်း ကုန်စည်ပြပွဲသို့  မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် ၁၈၀ ကျော် သွားရောက်မည်ဟု ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှတဆင့် သိရသည်။

"စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စု ဝန်ကြီးနဲ့ တာဝန်ရှိသူတွေ၊ ကုန်သည်စက်မှု အသင်းချုပ်မှ ကိုယ်စားလှယ်အဖွဲ့၊ သမဝါယမ ဦးစီးဌာနမှ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့၊ သစ်လုပ်ငန်းရှင်များအသင်းနဲ့
ကျောက်မျက်ရတနာ ရောင်းဝယ်ရေးအသင်းတို့မှ ပြခန်းပေါင်း ၃၀ ပါဝင်ပြသမှာဖြစ်ပြီး ကိုယ်စားလှယ်အဖွဲ့ စုစုပေါင်း ၁၈၀ ကျော် တက်ရောက်မှာ ဖြစ်ပါတယ်" ဟု UMFCCI ဒု-ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း က အတည်ပြု ပြောကြားသည်။

ပထမအကြိမ် တရုတ်-တောင်အာရှပြပွဲနှင့် ၂၁ ကြိမ်မြောက် ကူမင်း ပို့ကုန်/သွင်းကုန် ပြပွဲကို တောင်အာရှ
နိုင်ငံများနှင့် တရုတ်နိုင်ငံအကြား စီးပွားရေးချိတ်ဆက်မှုနှင့် ကုန်သွယ်မှု လမ်းကြောင်း ပွင့်စေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။

"ဒီပြပွဲမှာ သွားရောက်ပြသရင် တရုတ်ကုန်သည်တွေအပြင် အခြားနိုင်ငံပေါင်း ၄၀ က စီးပွားရေး လုပ်ငန်းရှင် ၅,၀၀၀ ခန့် လာရောက်မှာ ဖြစ်တဲ့အတွက် ဈေးကွက်တွေ ပိုရလာမယ်လို့ မျှော်လင့်ရပါတယ်။ ပြပွဲမှာ လက်မှုအနုပညာတွေ၊ သစ်နဲ့ ကျောက်မျက်တွေလည်း ဝင်ရောက် ပြသမှာပါ။" ဟု ကူမင်း ကုန်စည်ပြပွဲကော်မတီ၏ အတွင်းရေးမှူး ဦးမျိုးသန့် က ပြောသည်။

ကူမင်း ကုန်စည်ပြပွဲသို့ ၁၉၉၅ ခုမှ စတင်၍ မြန်မာနိုင်ငံက ပါဝင်ပြသခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် ပြခန်းပေါင်း ၃၆ ခန်းဖြင့် ကုမ္ပဏီ ၂၅ ခုမှ စီးပွားရေး လုပ်ငန်းရှင် ၁၄၆ ဦး တက်ရောက်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ပြခန်းပေါင်း ၃၀ ဖြင့် ကုမ္ပဏီ ၁၆ ခုမှ လုပ်ငန်းရှင် ၁၄၅ ဦး တက်ရောက်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ကုမ္ပဏီ ၂၈ ခုမှ ပြခန်းပေါင်း ၃၀ ဖြင့် လုပ်ငန်းရှင် ၁၄၄ ဦး တက်ရောက်ခဲ့ကြသည်။

"ဒီပြပွဲမှာ ဘယ်လောက်ရောင်းရမလဲ ဆိုတဲ့ မျှော်လင့်ချက်နဲ့ သွားတဲ့သူက နည်းပါတယ်။ မြန်မာ ထွက်ကုန်တွေကို အနောက်နိုင်ငံတွေက စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်ခဲ့တုန်းက အိမ်နီးချင်း နိုင်ငံတွေကိုပဲ အားကိုးပြီး ကုန်သွယ်ခဲ့ရ တာပါ။ တရုတ်နိုင်ငံနဲ့က နယ်စပ်ကုန်သွယ်ရေးရော၊ ပုံမှန် ကုန်သွယ်ရေးရော နှစ်ခုလုံး ရှိပြီးသားပါ။ ဖောက်သည် ရှိပြီးသားတွေပါ။ ဒီပွဲမှာ စာချုပ် ချုပ်ရင်လည်း ချုပ်ရမယ်။ ဒါမှမဟုတ် ပွဲတွေ ပြီးမှ မေးလ် အဆက်အသွယ်နဲ့ ပစ္စည်းရောင်းချရမှုတွေလည်း ရှိလာနိုင်ပါတယ်" ဟု ဦးမျိုးသန့် က ဆက်လက် ပြောကြားသည်။

ကျောင်းများတွင် သုံးနှစ်တာ နို့ တိုက်ကျွေးခြင်း စီမံကိန်း စတင်မည်

ရန်ကုန် (မဇ္ဈိမ)။   ။ ဆွီဒင်နိုင်ငံမှ ကုမ္ပဏီ၏ ထောက်ပံ့မှုဖြင့် အခြေခံပညာ ကျောင်းများတွင် နို့ တိုက်ကျွေးခြင်း စီမံကိန်းများ စတင်တော့မည်ဖြစ်ကြောင်း မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနမှ တဆင့် သိရသည်။

"နို့ တိုက်ကျွေးတဲ့ စီမံကိန်းကို ရန်ကုန် တိုင်းဒေသကြီး ၄၃ မြို့နယ်က စာသင်ကျောင်း ၁၁၀ ရှိ ကျောင်းသား ၁၇,၅၀၀၊ မန္တလေး တိုင်းဒေသကြီး ၂၈ မြို့နယ်က ကျောင်း ၇၉ ကျောင်းက ကျောင်းသား ၁၇,၅၀၀ အပြင်
နေပြည်တော် ၈ မြို့နယ်က စာသင်ကျောင်း ၂၈ ကျောင်းက ကျောင်းသား ၁၀,၀၀၀ ကိုလည်း တပြိုင်နက်တည်း တိုက်ကျွေးမှာ ဖြစ်ပါတယ်" ဟု ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအောင်ကြီး က ပြောသည်။

ယင်းအစီအရ မြို့နယ်ပေါင်း ၇၉ မြို့နယ်ရှိ စာသင်ကျောင်း ၂၁၇ ကျောင်းမှ ကျောင်းသူ/ကျောင်းသား ၄၅,၀၀၀ အား သုံးနှစ် ဆက်တိုက် နို့ တိုက်ကျွေးသွားမည် ဖြစ်သည်။

အဆိုပါ စီမံကိန်းကို ဇွန်လ ၁၈ ရက်နေ့တွင် ရန်ကုန်တိုင်း၊ မရန်းကုန်းမြို့နယ် မင်းဓမ္မ လမ်းပေါ်ရှ်ိ မြန်မာကွန်းဗင်းရှင်း စင်တာတွင် ဖွင့်ပွဲပြုလုပ်မည် ဖြစ်သည်။

"ဒီစီမံကိန်းအတွက် ဆွီဒင်နိုင်ငံက Tetra Pak South East Asia ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၈ သန်း လှူဒါန်း တာပါ။ စီမံကိန်းကို မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာနဲ့ ပညာရေး ဝန်ကြီးဌာနတို့ ပူးပေါင်း အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်" ဟု ဒေါက်တာအောင်ကြီး က ဆက်လက်ပြောကြားသည်။

အထွေထွေ ရောဂါကု ဆရာဝန် တဦးဖြစ်သည့် ဒေါက်တာကိုထွေး က "ကလေး သူငယ်တွေအတွက် ကျန်းမာ သန်စွမ်းပြီး ဉာဏ်ရည် တိုးတက်အောင် နွားနို့ နေ့စဉ် တိုက်ကျွေးတဲ့ အစီအစဉ်ကို နိုင်ငံတော်စီမံချက်နဲ့ ပထမဆုံး လုပ်ဆောင်ပေးတာ ကျေးဇူးတင်ရပါတယ်။ မြန်မာ အများစုက နွားနို့ နေ့စဉ်သောက်တဲ့ အလေ့အကျင့် မရှိတာကို အလေ့အကျင့် ဖြစ်အောင် ပြုလုပ်ပေးတာလို့ မြင်ပါတယ်။ စီမံကိန်း အလှူရှင်ရဲ့ ဆန္ဒတွေကို တကယ်ပဲ ထိရောက်အောင် ဆောင်ရွက်ဖို့တော့ လိုမယ်ထင်ပါတယ်" ဟု သုံးသက်သည်။

ရခိုင်တွင် ကလေးမွေးဖွားမှုနှုန်း ကန့်သတ်မှုအမိန့်ဒေသခံ ရာပေါင်းများစွာ ထောက်ခံဆန္ဒပြ

ရခိုင်ပြည်နယ်အစိုးရ၏ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောခရိုင်များအတွင်း ကလေးမွေးဖွားမှုနှုန်း ထိန်းချုပ်သည့် ဒေသန္တရအမိန့်ကို ဒေသခံ ၃ဝဝဝ ခန့်နှင့် သံဃာတော်များပါဝင်သည့် ထောက်ခံ ဆန္ဒထုတ်ဖော်ပွဲကို ဇွန်လ ၄ ရက် မွန်းလွဲပိုင်းက စစ်တွေတွင် ပြုလုပ်ခဲ့သည်။

Rakhine-State-Picketing-1-ss

ရခိုင်ပြည်နယ်အစိုးရ၏ ဒေသန္တရအမိန့်ကို ထောက်ခံဆန္ဒပြကြသော အင်အား ၃,၀၀၀ ခန့်ရှိ သံဃာနှင့် ဒေသခံများအား ၂၀၁၃ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲက စစ်တွေမြို့၌ တွေ့ရစဉ်။ (ဓာတ်ပုံ - သိန်းလှိုင်၊ မဇ္ဈိမ) ထိုအမိန့်အရ မူဆလင် အများစု နေထိုင်ရာ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် တလင်တမယား စနစ်နှင့် သားသမီး နှစ်ဦးသာ ရယူခွင့်ရှိမည်ဖြစ်သည်။


ဆန္ဒထုတ်ဖော်မှုကို သံဃာတော်အပါး ၄ဝဝ ခန့်က ကြီးကြပ်ခဲ့ပြီး မှန်ကန်သည့် လုပ်ရပ်ဟုဆိုကာ ထောက်ခံဆန္ဒပြ
ခြင်းဟု ဆန္ဒထုတ်ဖေါ်မှုတွင် စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့ အတွင်းရေးမှူး ဆရာတော်ဦးကေသရ က အမိန့်ရှိသည်။

''လူဦးရေထိန်းချုပ်မယ့် ဒေသန္တရ အမိန့်ဟာ တိုင်းရင်းသားတွေအတွက် အသက်တမျှ အရေးကြီးလှတယ်။ သင့်မြတ်မှန်ကန်ပြီး ဒေသအခြေအနေနဲ့ ကိုက်ညီတယ်။ ဒါကြောင့် ဒီအမိန့်ကို ဆက်လက်ကျင့်သုံးဖို့ ဦးဇင်းတို့ တိုင်းရင်းသားတွေက ထောက်ခံ ဆန္ဒဖော်ထုတ်ရတာဖြစ်တယ်'' ဟု အမိန့်ရှိသည်။

ဒေသန္တရအမိန့်ကို ထောက်ခံသူများသည် စစ်တွေမြို့ဝင်္ကပါကွင်းတွင် စုဝေးခဲ့ကြပြီး တောင်းဆိုချက်များ ကြွေးကြော် လျက် ဦးဥတ္တမလမ်းမှသည် မင်းဘာကြီးလမ်းမှ သင်္ဘောဆိပ်ဘက်သို့ ချီတက်ခဲ့ကာ ထိုမှတစ်ဆင့် လမ်းမကြီး တစ်လျှောက် လှည့်လည်၍ ဝင်္ကပါကွင်း၌ အဆုံးသတ်ခဲ့ကြသည်။

ဆန္ဒပြသူများက အဆိုပါအမိန့်ကို ရခိုင်ပြည်နယ်တစ်ခုလုံး ထုတ်ပြန်ပေးရန် တောင်းဆိုလိုက်ပြီး လူဝင်မှုကြီးကြပ်ရေး စီမံချက်များကိုလည်း အကောင်အထည်ဖော်ပေးရန် တောင်းဆိုခဲ့ကြသည်။ ဆန္ဒပြမှုကို ဒေသအာဏာပိုင်မှုထားထံ ခွင့်ပြုချက်တောင်းခံခဲ့သော်လည်း တုံ့ပြန်မှုမရှိဟု ရခိုင်အမျိုးသမီးကွန်ရက် ခေါင်းဆောင် ဒေါ်ညိုအေး က ဆိုသည်။

''ဘာတုံ့ပြန်မှုမှမရှိတာကြည့်ရင် ခွင့်ပြုတယ်လို့ မှတ်ယူရပါမယ်။ လုံခြုံရေးတွေလည်း ချပေးထားတယ်ဆိုတော့ လက်ခံတဲ့ သဘောပါပဲ'' ဟု ဆိုသည်။

ဆန္ဒပြရန်အတွက် ဇွန်လ၂ ရက်က စစ်တွေမြို့တွင် သံဃာတော်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်တောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီနှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်တို့မှ မြို့နယ် အဆင့် နိုင်ငံရေးပါတီများ၊ ရခိုင်လူမှုအဖွဲ့ ၁၄ ဖွဲ့တို့က အစည်းအဝေးပြုလုပ်ပြီး ဆန္ဒပြမှု ဦးဆောင်ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။

ရခိုင်ပြည်နယ် ရှစ်မြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များကလည်း မောင်တောခရိုင်အတွင်း လူဦးရေ မွေးဖွားနှုန်းကန့်သတ်ရန် ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်ကို ထောက်ခံကြောင်း သဘောထားကို
မေလ ၃၁ ရက်တွင် ထုတ်ပြန်ထားသည်။

သို့သော် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကမူ မောင်တောခရိုင်အတွင်း ဒေသန္တရ အမိန့်ထုတ်ပြန်ခြင်းမှာ ခွဲခြားဆက်ဆံမှုဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်သည်ဟု မေလ ၂၇ ရက်က မီဒီယာများသို့ ပြောဆိုထားသလို၊ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW)၊ အမေရိကန်အစိုးရနှင့် ကုလသမဂ္ဂ အဖွဲ့ကြီးတို့ကလည်း
ဝေဖန်ထောက်ပြမှုများရှိနေသည်။

ထို့ပြင် ဗဟိုအစိုးရ ပြန်ကြားရေးဒု-ဝန်ကြီး ဦးရဲထွဋ်ကလည်း အဆိုပါဒေသန္တရအမိန့်ကို ပြန်လည်သုံးသပ်ရန် ရှိကြောင်း ဗွီအိုအေ အမေရိကန်အသံသို့ ပြောဆိုထားရှိသည်။ လွန်ခဲ့သည့် မေလအတွင်း ၎င်းခရိုင်၌ မွေးဖွားမှုနှုန်း ကန့်သတ်သည့် ဒေသန္တရအမိန့်ကို ဒေသဆိုင်ရာအာဏာပိုင်တို့က ထပ်မံထုတ်ရန်ပြင်ဆင်နေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေးနှင့် မှတ်တမ်းစုဆောင်းရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က မဇ္ဈိမသို့ ပြောကြားထားသည်။

ဒေသန္တရအမိန့်၌ အသက် ၁၈နှစ် ပြည့်မှ အိမ်ထောင်ပြုရမည်ဖြစ်ပြီး၊ တစ်လင် တစ်မယားစနစ်သာ ကျင့်သုံးလျက် အိမ်ထောင်တစ်ခုတွင် ကလေးနှစ်ဦးသာ မွေးဖွားခွင့်ရှိသည်။ ဤအမိန့်မှာ စစ်အစိုးရလက်ထက် ၁၉၉၃ ခုနှစ်တွင် ထုတ်ပြန်ထားခဲ့သည်။

ရုံးချိန်းများမှ ရုန်းမထွက်နိုင်သေးသည့် ရဲမင်းဦး

ရန်ကုန်မြို့ သာကေတမြို့နယ် တရားရုံးမှ ပုဒ်မ(၂)ခုဖြင့် တရားစွဲဆိုခြင်းခံထားရသူ ကိုရဲမင်းဦးကို ပုဒ်မပြောင်းလဲကာ တရားစွဲမှုပြုလုပ်ခဲ့ကြောင်း အဆိုပါမြို့နယ်တရားရုံးက သိရှိရသည်။

 

သာကေတမြို့နယ်တရားရုံး၌ တရားလိုသည် ကိုရဲမင်းဦးအား စွဲဆိုထားသည့် ပုဒ်မ ၁၅၃ (က) အား ရုပ်သိမ်းရန်တောင်း ဆိုခြင်းကို  တရားရုံးမှ ခွင့်ပြုခဲ့ပြီး တရားလိုမှ ပုဒ်မ ၅၀၅ (ခ) ဖြင့် ပြောင်းလဲကာ တရားစွဲဆိုမှုကိုလည်း တရားရုံးမှ ခွင့်ပြုကြောင်း သိရှိရသည်။

 

ဇွန်လ(၃)ရက်နေ့ ရုံးချိန်းတွင် တရားလိုအနေဖြင့် ပုဒ်မ ၁၅၃ (က) ဖြင့် တရားစွဲဆိုထားသော အမှုကို သက်သေခံပစ္စည်း ပြသရန် ချိန်းဆိုသည့်ရက်ဖြစ်သော်လည်း သက်သေခံပစ္စည်းပြနိုင်ခဲ့ခြင်း မရှိဘဲ ပုဒ်မပြောင်းလဲတရားစွဲဆိုခဲ့ကြောင်း ကိုရဲမင်းဦး၏ အမှုလိုက်ရှေ့နေထံက သိရှိရသည်။

 

တရားလိုမှ ပုဒ်မ ၁၅၃ (က) အမျိုးသားတစ်စုနှင့် တစ်စု ရန်ငြိမ်းထားစေအောင် ပြုလုပ်သောအမှုအား ရုပ်သိမ်းကာ ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် ပြောင်းလဲတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ 

 

"အမှုချိန်းထားတာက အသံဖိုင်ကို သက်သေခံအဖြစ် လက်ခံခြင်းရှိမရှိ တရားရုံးက အမိန့်ချဖို့ ချိန်းထားတာ အဲ့ဒါကို တရားလိုဘက်ကနေ အမှုကို ရုပ်သိမ်းဖို့လျှောက်တယ်။ တရားရုံးကနေရုပ်သိမ်းခွင့်ပြုလိုက်တယ်။ ကိုရဲမင်းဦးကို တရားရှင်လွှတ်လိုက်တယ်။ နောက်တစ်နာရီလောက်ကြာတော့ တရားလိုကနေ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ခ)နဲ့ တရားထပ်စွဲတယ်။ တရားရုံးကလက်ခံတယ်။ ရုံးချိန်းကို ထပ်ပေးလိုက်တယ်။" ဟု ကိုရဲမင်းဦး၏ ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။

 

မေလ(၂၀)ရက်နေ့တွင် တရားလိုမှ သက်သေရုံးချိန်းခေါ်ယူရာ၌ ကိုရဲမင်းဦးသည် ဖေဖော်ဝါရီလအတွင်းက သာကေတမြို့နယ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ဘာသာရေးအဆောက်အအုံဆောက်လုပ်မှုနှင့် ပတ်သက်၍ ပြသာနာ ကြီးထွားအောင် လုပ်ဆောင်စေခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ဦးမြင့်မောင်က ထွက်ဆိုခဲ့သည်။

 

"တခြားပုဒ်မက သူတို့တွေ အနေနဲ့ တရားစွဲဆိုဖို့အတွက် သိပ်အဆင်မပြေဘူးနဲ့တူပါတယ်။ ထိထိ ရောက်ရောက် အပြစ်ပေး ဒဏ်ပေးလို့မရဘူးထင်တယ် ဒါကြောင့် နောက်တစ်မှုပြောင်းပုံရတယ်။ ဒါက ကျွန်တော်အမြင်ပါ။ ၁၅၃ကို ပြန်ပြီး ရုပ်သိမ်းလိုက်တာ အမှုကို ရုပ်သိမ်းလိုက်ပြီဆိုတော့ ၀မ်းသာသွားတာ ပြီးတော့မှနောက်တစ်မှု ပြန်တတ်လိုက်တာ။"ဟု ကိုရဲမင်းဦး၏ အကိုဝမ်းကွဲ ကိုဖိုးသားက ပြောသည်။

 

ရုံးချိန်းများတွင် ပုဒ်မ ၅၀၅ (ခ) တစ်မှုတည်းဖြင့်သာ ရုံးထုတ်တော့မည်ဖြစ်ပြီး ဇွန်လ(၁၃)ရက်နေ့ တွင် ကျောက်တံတား တရားရုံး ၊ ဇွန်(၁၄)ရက်နေ့တွင် ဗဟန်းတရားရုံးတွင် နှင့် ဇွန်(၁၇)ရက်နေ့တွင် သာကေတ တရားရုံးတို့၌ ဆက်လက်ရုံးထုတ်သွားမည် ဖြစ်ကြောင်း သိရသည်။

 


NLD ပါတီဝင်နှုတ်ထွက်ခြင်း PNO လုပ်ဆောင်ချက်မဟုတ်ဟု ဖြေရှင်း

တောင်ကြီးမြို့တွင် (PNO) အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ)မှ NLD ရုံးအား လူအင်အားဖြင့် ၀ိုင်းခြင်း၊ ပါတီဝင်များအား နှုတ်ထွက်ရန်ပြောဆိုခြင်း နှင့် ရွာသားများအား နှိပ်စက်ခြင်းတို့မှာ မဟုတ်မှန်ကြောင်း ဗိုလ်မှူးကြီး ခွန်လာက သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ပြောဆိုသည်။

 

"ကျွန်တော်တို့ ပုံမှန်သွားလာနေတာပါ။ ၀ိုင်းမယ်ဆိုရင် ဖမ်းဆီးဖို့ အဆင်သင့်လုပ်ဆောင်ချက်ပဲ။ ၀ိုင်းပြီးတော့ ဖမ်းဆီးသလား။ သူတို့ပိုက်နက်ထဲဝင်သလား။ သူတို့အိမ်ဘေးမှာ လူသွားလမ်းရှိမယ်၊ လှည်းလမ်းရှိမယ်၊ ရေခပ် လမ်းရှိမယ်၊ အဲ့ဒီကဖြတ်သွားရုံနဲ့ သူတို့ကို ၀ိုင်းတယ်လို့ပြောလို့ရလား"ဟု (PNO)အသွင်ပြောင်း ပြည်သူ့စစ် (ဌာနေ)မှ ဗိုလ်မှူးကြီး ခွန်လာက ပြောသည်။

 

အဆိုပါ သတင်းစာရှင်းလင်းပွဲကို ဇွန်လ(၃)ရက်နေ့တွင် တောင်ကြီးမြို့နယ် ကျောင်းတောစခန်း၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

PNOသည် ၂၀၁၃ ခုနှစ် မေလ (၁၄)ရက်နေ့တွင် မောက်စံရွာနေ ဒေသခံနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး မေလ (၁၅)ရက်နေ့တွင် မောက်စံကျေးရွာရှိ NLD ရုံးအား ပြည်သူ့စစ်အင်အား (၃၀) ဖြင့်ဝိုင်းခဲ့သည်ဟု ပြည်တွင်းမီဒီယာများနှင့် လူမှုကွန်ယက်စာမျက်နှာများ၌ မေလ(၁၇)ရက်နေ့တွင် ဖော်ပြပါရှိခြင်းကြောင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ဖြေရှင်းရခြင်းဖြစ်ကြောင်း သိရှိရသည်။

 

"ကျွန်တော် ပြည်ပခရီးတွေသွားနေလို့ ဒီလိုသတင်းပျံ့နေတာကို အချိန်မီ မဖြေရှင်းနိုင်ခဲ့တာပါ။ " ဟု ဗိုလ်မှူးကြီး ခွန်လာက ပြောသည်။

 

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ (PNO)အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)မှ အချိန်မီ ဖြေရှင်းပေးမည်ဆိုပါက ပြဿနာများ ကြီးထွားမလာနိုင်ကြောင်း ဒီချုပ်ပါတီ ရှမ်းပြည်နယ် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဌ ဒေါ်ခင်မိုးမိုးအေးက ဆိုသည်။

 

"ကျွန်မတို့အနေနဲ့ ဘာမှ ပြောစရာမရှိပါဘူး၊ဒါလည်းသူတို့ဘက်က အကြောင်းပြချက်ပဲ၊ ဒီဖြစ်စဉ်ကို တာဝန်ရှိတဲ့ ဗိုလ်မှူးကြီးခွန်လာကိုယ်တိုင်က အချိန်မီ ဖြေရှင်းပေးမယ်ဆိုရင် အခုလို ဖြစ်လာနိုင်စရာမရှိပါဘူး" ဟု ရှမ်းပြည်နယ် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဌဒေါ်ခင်မိုးမိုးက ပြောသည်။

 

တောင်ကြီး အန်အယ်လ်ဒီရုံးသို့ နှုတ်ထွက်စာ(၅၇)စောင် ရှောက်ရှိလာခဲ့ပြီး အကြောင်းမှာ အတင်းအကြပ်ခိုင်းစေခြင်းကြောင့် နှုတ်ထွက်ရခြင်းဖြစ်သည်ဟု မေလ(၁၉)ရက်နေ့တွင် တောင်ကြီး အန်အယ်လ်ဒီရုံး၏ ထုတ်ပြန်ကြေငြာချက်အရ သိရှိရသည်။

 

"ပါတီဝင်တွေကို နှုတ်ထွက်ခိုင်းတာမရှိပါဘူး။ ရွာသားတွေကိုဖမ်းတာမဟုတ်လောက်ပါဘူး။ တစ်ခုခုဖြစ်မှာ စိုးလို့ ထိန်းထားတဲ့ သဘောပဲဖြစ်နိုင်ပါတယ်။"ဟု တောင်ကြီးမြို့ နန်းဟောင်း ကျေးရွာအုပ်စုမှ ဒေသခံတစ်ဦး က ပြောသည်။

 

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဒေသခံများကို ဖမ်းဆီးသူမရှိကြောင်း ၊ အန်အယ်လ်ဒီပါဝင်များကိုလည်း နှုတ်ထွက် ခိုင်းစေခြင်းမျိုးကို မတွေ့ရှိရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးများထံက သိရှိရသည်။