Thursday, May 30, 2013

ရဲဓါးပြနှစ်ဦးအား ဖမ်းဆီးလက်ထိပ်ခတ်သော ရွာလူကြီးကို ၀ိုင်းမော်ရဲမှူးကပြန်လည် ခြိမ်းခြောက်

ကချင်ပြည်နယ် ၀ိုင်းမော်မြို့ မုတ်ကြိတ်ကျေးရွာတွင် ဓါးပြတိုက်သော အစိုးရ ရဲနှစ်ဦးကို ဖမ်းဆီးလက်ထိပ် ခတ်ပြီး ၀ိုင်းမော်ရဲစခန်းသို့ အပ်နှံပေးခဲ့သော ရွာလူကြီးအား ပြန်လည်တရားစွဲမည်ဟု ရဲမှူးကြီးက  ခြိမ်းခြောက်လိုက်ကြောင်း သိရသည်။

မေလ ၁၂ ရက်နေ့က မုတ်ကြိတ်ကျေးရွာ ဒေါ်နုတ်မျှော်တို့အိမ်တွင် ဓါးပြလာတိုက်သော မြစ်ကြီးနားမြို့ အမှတ် (၃၃) ရဲစခန်းမှ ဦးအောင်အောင်နှင့် ဦးမိုးလွင်ဦးအား ဒေသခံရွာသား ၄ ဦးက ဖမ်းဆီးကာ ၄င်းတို့၏ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးယိန်းခေါထံအပ်ခဲ့သည်။ ဦးယိန်းခေါက ၄င်းဓါးပြအား ၀ိုင်းမော်မြို့ရဲစခန်းသို့ သွားအပ်နှံခဲ့ရာမှ ထိုသို့ခြိမ်းခြောက်ခံရခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

မုတ်ကြိတ်အုပ်ချုပ်ရေးမှူးက ထိုသို့အပ်နှံခဲ့ပြီး ၎င်းကိစ္စနှင့် ၀ိုင်းမော်ရဲစခန်းသို့ ရုံးချိန်းသွားခဲ့ရာ ၀ိုင်းမော်ရဲမှူးချုပ်က ၄င်းအား -  ရဲကို လက်ထိပ်ခတ်တာ တရားစွဲနိုင်တယ်- ဟု  ပြန်လည်ခြိမ်းခြောက်ပြော ဆိုခဲ့သည်ဟု အမည်မဖော်လိုသူ မုတ်ကြိတ်ဒေသခံတစ်ဦးကပြောသည်။

"ရွာလူကြီးက ရဲစခန်းကိုသွားတော့ ရဲတွေကိုင်တဲ့လက်ထိပ်  ဘာဖြစ်လို့ ရဲကိုပြန်ခတ်သလဲ။ ခင်ဗျားကိုဖမ်းလို့ ရတယ် ဆိုပြီး အုပ်ချုပ်ရေးမှူးယိန်းခေါကို ပြန်ခြောက်လိုက်တာတဲ့။"

ထိုမုတ်ကြိတ်ကျေးရွာသို့ ဓါးပြလာတိုက်သော ရဲနှစ်ဦးသည် ၎င်းရွာတွင် တနင်္ဂနွေနေ့တိုင်း ကျေးရွာသားများအား သွားရောက်လက်ထိပ်ခတ်ခြိမ်းခြောက်ကာ  ငွေများ ဓါးပြတိုက်ယူသည်မှာ ၁၁ ကြိမ်ရှိပြီဖြစ်ကြောင်း၊ ၎င်းတို့ ဓါးပြတိုက် ယူဆောင်သွားသော ရွှေလက်စွပ်၊ ဆွဲကြိုးနှင့် ငွေသားများပေါင်းလိုက်လျင် ကျပ်သိန်း ၁၀၀ ကျော်တန်ဖိုးရှိကြောင်း အထက်ပါဒေသခံကပြောသည်။

"တနင်္ဂနွေနေ့တိုင်း ဓါးပြလာတိုက်တာဟုတ်တယ်။ ရွာကလူတွေလဲ အစက ကြောက်လို့ ဘယ်သူမှ မပြောရဲပဲ နေတာ။ အဲဒီနေ့က ဒေါ်နုတ်မျှော်ရဲ့အိမ်မှာ ရဲ ၂ ယောက် ၀င်လာတဲ့အချိန် အိမ်ဘေးနားကလူက ခိုးထွက်သွားပြီး ရွာကလူတွေကိုသွားခေါ်တယ်တဲ့။ ရွာကလူ ၄ ယောက်ဝင်လာတော့ ဒေါ်နုတ်မျှော်ကို အကျီချွတ်ပေးပြီး။ ငွေထုတ်ခိုင်းနေတာတဲ့။ အဲဒီမှာ ရွာလူတွေ ဖမ်းလိုက်တာ ။"

၎င်းဓါးပြအဖွဲ့သည် ရုံးရောက်စစ်ဆေးသည့်အချိန် ၇ ဦးဖြစ်နေကြောင်း ၇ ဦးလုံးအား ရဲကဖမ်းဆီးထားကြောင်း သိရသည်။

"ဓါးပြတိုက်တဲ့နေ့က ၂ ယောက်ကိုတော့ အိမ်ဘေးနားမှာတွေ့တယ်တဲ့ ဒါပေမဲ့  မေးကြည့်တော့ ဧည်သည်တွေပါဆိုလို့ ရွာသားတွေက လွှတ်ပေးလိုက်တာ ။ ၃ ယောက်က တောလမ်းမှာစောင့်နေတာတဲ့။ ရုံးမှာစစ်တော့ အားလုံး ရဲတွေဖြစ်ပြီး အဲဒီထဲက တစ်ယောက်က ၂ ပွင့်ရဲ " ဟု အထက်ပါဒေသခံကပြောသည်။

ယခုချိန် မုတ်ကြိတ်ကျေးရွာအုပ်ချုပ်ရေးမှူးယိန်းခေါကို ၀ိုင်းမော်ရဲစခန်းမှ ရဲကိုင်ဆောင်သော လက်ထိပ်နှင့် ရဲကို ပြန်လည်လက်ထိပ်ခတ်သည်ဟု တရားစွဲရန်ခြိမ်းခြောက်မှု များပြုလုပ် နေပြီး ကျေးရွာဒေသခံများ စိုးရိမ်နေရကြောင်း သိရသည်။

သီးခြား ကချင်နိုင်ငံတည်ထောင်ရန် KNO ကြေညာချက် ထုတ်ပြန်

မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တို့ မေလ ၂၈ ရက်နေ့ ငြိမ်းချမ်းရေးဆွေးနွေးနေချိန် ပြည်ပအခြေစိုက် အကြီးဆုံး ကချင်အဖွဲ့အစည်း KNO မှ  သီးခြားလွတ်လပ်သော ကချင်နိုင်ငံတော်တည် ထောင်ရန် သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သည်။

၎င်းကြေညာချက်ကို UK နိုင်ငံတွင်ကျင်းပသည့် ကချင်အမျိုးသားအစည်းအရုံး (Kachin National Organization - KNO) ဗဟိုလူကြီးများ၏ အစည်းအဝေးမှ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

"KNO ရည်ရွယ်ချက် ပန်းတိုင်ကို ကျနော်တို့ လက်တွေ့လုပ်ဆောင်လာချိန် တခါတလေစိတ်ကူးထားတာနဲ့ လွဲတာရှိတယ်။ အဲဒါကြောင့် မလွဲဖို့အတွက် အမြဲတမ်းသတိရစေဖို့ ဆွေးနွေးတယ်။ ဆုံးဖြတ်တယ်။ ပြီးတော့ သဘောထား ထုတ်ပြန်တာဖြစ်တယ်" ဟု KNO အထွေထွေအတွင်းရေးမှူး ဒူဝါ မခေါခွန်ဆာက  KNG ကချင်သတင်းဌာန သို့ပြောသည်။

၎င်းကြေညာချက်တွင် ကချင်ပြည်နယ်တွင် ကိုယ်ပိုင်အချုပ်အချာအာဏာနှင့်ပြည့်စုံသော သီးခြားလွတ် လပ်သောနိုင်ငံတည်ထောင်ပြီး ထိုနိုင်ငံတွင် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ကျင့်သုံးသွားမည်ဟု ဆိုထားသည်။

သို့သော် ကချင်၊ ကရင်၊ ကရင်နီ၊ ရခိုင်၊ ရှမ်း၊ ချင်း၊ မွန်နှင့် မြန်မာ တိုင်းရင်းသားများ အားလုံးပါဝင်ပြီး စစ်မှန်သောဖယ်ဒရယ် ပြည်ထောင်စု တည်ထောင်သွားမည်ဆိုပါက KNO အနေဖြင့် ပါဝင်ကြိုးပမ်းသွား မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

မေလ ၂၈ ယမန်နေ့ မြန်မာအစိုးရနှင့် KIO ကြား ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်း မဂျွယ်ခန်းမ ဆောင်တွင် ငြိမ်းချမ်းရေးဆွေးနွေးနေချိန် KNO ဗဟိုအစည်းအဝေးမှ ယခုလို ကြေညာချက်ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

KNO နှင့် KIO သည် "ကချင်အမျိုးသားလွတ်မြောက်ရေး" အတွက် အတူပူးပေါင်းရန် ၂၀၁၁ ဇန်န၀ါရီ ၂၂ ရက်က သဘောတူလက်မှတ် ရေးထိုးခဲ့သည်။

သားသမီးကန့်သတ်မှု ဒေသန္တရအမိန့် မြန်မာအစိုးရ ပြန်သုံးသပ်မည်

ရခိုင်ပြည်နယ် မောင်တောခရိုင်မှာ ရှိတဲ့ မူဆလင်တွေကို ကလေး ၂ ယောက်ပဲ မွေးရမယ်ဆိုတဲ့ ကန့်သတ်ချက်ထားတဲ့ ကိစ္စကို ပြန်ပြီးသုံးသပ်မယ်လို့ အစိုးရက ပြောလိုက်ပါတယ်။ လူဦးရေ ထိန်းချုပ်နိုင်ဖို့ ကလေးယူတဲ့ အရေအတွက်ကို ဒေသခံအစိုးရက ထိန်းချုပ်တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်အပြင် လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်ခဲ့ပြီးနောက်မှာ အခုလို ပြောလိုက်တာဖြစ်ပါတယ်။ ဘန်ကောက် VOA ရုံးက Daniel Schearf ရဲ့သတင်းကို မစုမြတ်မွန်က တင်ပြပါတယ်။
 
ရခိုင်ပြည်နယ် မောင်တောခရိုင်မှာ ရိုဟင်ဂျာတွေကို ကလေး ၂ ယောက်ပဲ ယူရမယ်လို့ သတ်မှတ်တဲ့ ကိစ္စကို နိုင်ငံခြား သတင်းမီဒီယာတွေမှာ ဖော်ပြတော့မှ သိရတယ်လို့ အစိုးရ ပြောခွင့်ရသူ ဦးရဲထွဋ်က ဗွီအိုအေကို အခုလို ပြောပါတယ်၊
 
"သတ်မှတ်ချက် အမိန့်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဘာမှ မသိရသေးပါဘူး။ နိုင်ငံတကာ မီဒီယာတွေပေါ်မှာ ပါမှပဲ သိပါတယ်။ ဒီကိစ္စကို ပြည်နယ်အစိုးရနဲ့ ကျနော်တို့ ပြန်ပြီးတော့ မေးကြည့်ပါဦးမယ်။"
 
မောင်တောခရိုင်က မူဆလင်တွေကို မိန်းမတစ်ယောက်ပဲ ယူရမယ်။ ကလေး ၂ ယောက်ပဲ မွေးရမယ်ဆိုပြီး သတ်မှတ်ထားတဲ့ ကိစ္စတွေက မြန်မာသတင်း မီဒီယာတွေမှာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ စတင် ဖော်ပြကြတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ ရိုဟင်ဂျာ မူဆလင်တွေ အများစုရှိတဲ့ မောင်တောခရိုင်ထဲက မောင်တောမြို့နဲ့ ဘူးသီးတောင်မြို့ ၂ မြို့မှာ ရခိုင်ဒေသခံ အစိုးရက အခုလို ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။
 
တကယ်တော့ မူဆလင်တွေ ကလေးမွေးဖွားတဲ့ အရေအတွက် သတ်မှတ်ချက်က အရင် စစ်အစိုးရ လက်ထက်မှာကတည်းက ရှိခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဧပြီလမှာ စခဲ့တဲ့ ရခိုင်ဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင်တွေကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီးနောက် တင်းမာမှုတွေ လျော့နည်းသွားစေဖို့အတွက် သမ္မတ တာဝန်ပေးထားတဲ့ ရခိုင်စုံစမ်းရေး ကော်မရှင်ကနေ မျိုးဆက်ပွား စီမံကိန်း လုပ်ဖို့ အကြံပေးခဲ့တာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောပါတယ်။
 
ဒါပေမဲ့ နယ်စပ်ဒေသလုံခြုံရေး နစကတွေက ဒီသတ်မှတ်ချက်ကို ၂၀၀၅ ခုနှစ် လောက်ထဲက စပြီး တင်းတင်းကျပ်ကျပ် အကောင်အထည်ဖော်ဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ Human Rights Watch လူ့အခွင့်အရေးအဖွဲ့ရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး ဖီးလ် ရောဘတ်ဆန် (Phil Robertson) က ပြောပါတယ်။
 
"အငြင်းပွားစရာ ဖြစ်နေတဲ့ ကိစ္စတွေကို ထိန်းဖို့ သူတို့ ကြိုးစားနေတာလို့ ကျွန်တော် ထင်ပါတယ်။ ဒါတွေကို လုပ်နေတယ်။ ဗဟိုအစိုးရကလည်း လက်ခံတယ်လို့  သူတို့က ပြောနေတာပါ။ အခုတော့ ဒီကိစ္စက ဗဟိုအစိုးရရဲ့ မူဝါဒ ဟုတ် မဟုတ် ဆိုတာ ဗဟိုအစိုးရဘက်က တုံ့ပြန်စရာ ဖြစ်လာပါပြီ။"
 
ပြီးခဲ့တဲ့နှစ်တုန်းက ရခိုင်ပြည်နယ်မှာ လူ ၂၀၀ လောက် သေဆုံးပြီး ၁ သိန်း ၄ သောင်းလောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ ပဋိပက္ခ အကြောင်းအရင်းကို ရခိုင်စုံစမ်းရေး ကော်မရှင်က စုံစမ်းပြီး မကြာခင်တုန်းက အစီရင်ခံစာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
မူဆလင်လူဦးရေ မြန်မြန်ဆန်ဆန် တိုးပွားနေတာကြောင့် ဒေသခံ ရခိုင်တွေက မူဆလင်တွေ လွှမ်းမိုးသွားမှာကို စိုးရိမ်နေကြတယ်လို့ ကော်မရှင်က ဆိုပါတယ်။ ဒါကြောင့် မူဆလင်တွေရဲ့ မျိုးဆက်ပွားမှုကို ထိန်းချုပ်သင့်တယ်လို့ အကြံပြုထားတာ ဖြစ်ပါတယ်။
 
ကိုယ့်ဆန္ဒမပါပဲ ကန့်သတ်တဲ့ ကိစ္စကြောင့် ပိုပြီး တင်းမာမှုတွေ ဖြစ်နိုင်တာကိုလည်း ရခိုင်စုံစမ်းရေး ကော်မရှင်က ထောက်ပြပါတယ်။ ဒေသန္တရ အစိုးရက ကန့်သတ်တာကို သမ္မတ ဦးသိန်းစိန် အနေနဲ့ ထောက်ခံမယ် မခံဘူး ဆိုတာ မဆုံးဖြတ်ရသေးဘဲ၊ ကော်မရှင်ရဲ့ အကြံပြုချက်တွေကို သုံးသပ်ပြီးတဲ့အခါမှာ ကြေညာမှာ ဖြစ်တယ်လို့ ပြောခွင့်ရသူ ဦးရဲထွဋ် က အခုလို ပြောပါတယ်။
 
"ရခိုင်စုံစမ်းရေး ကော်မရှင်က အကြံပြုတဲ့ အချက်တွေ အားလုံးကို ပြန်သုံးသပ်ရဦးမှာ ဖြစ်တဲ့အတွက် ဒီကိစ္စကို ဗဟိုအစိုးရက လက်ခံတယ် မခံဘူး မပြောနိုင်သေးပါဘူး။ ဒါကြောင့် ဒီကိစ္စအတွက် တစုံတရာ မှတ်ချက် မပေးနိုင်သေးပါဘူး။"
 
လက်ထပ်ထိမ်းမြားချင်တဲ့ ရိုဟင်ဂျာတွေအနေနဲ့ ကလေး ၂ ယောက်ပဲ ယူရမယ်လို့ ကတိပြုရတဲ့အကြောင်း Human Rights Watch လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ ကလေး၂ ယောက်ထက် ပိုယူရင် အဲ့ဒီကလေးတွေကို ကျောင်းထားလို့ မရသလို၊ အစိုးရ ဝန်ဆောင်မှုတွေလည်း မရဘူးလို့ ဆိုပါတယ်။
 
ကလေး ၂ ယောက်ထက် ပိုယူသူတွေအနေနဲ့ ဒဏ်ငွေဆောင်ရမှာ ဖြစ်သလို ထောင်ဒဏ် ကျနိုင်မယ့် ကိစ္စကို လူ့အခွင့်အရေး အဖွဲ့တွေက ထောက်ပြနေကြတာ ဖြစ်တယ်လို့ ဗွီအိုအေ သတင်းထောက် Daniel Schearf က ပြောပါတယ်။
 
တချို့အမျိုးသမီးတွေဆိုရင် ငွေဒဏ်၊ ထောင်ဒဏ် မကျအောင် အသက်အန္တရာယ်ရှိတဲ့ ပဋိသန္ဓေ ဖျက်ချမှုတွေတောင် လုပ်ကြတယ်လို့ Human Rights Watch အဖွဲ့က ဆိုပါတယ်။ ဒီလို ကန့်သတ်ထားတာကို ပယ်ဖျက်ပေးဖို့ Human Rights Watch လူ့အခွင့်အရေးအဖွဲ့ရဲ့ တောင်းဆိုမှုကို အစိုးရ ပြောခွင့်ရသူ ဦးရဲထွဋ် က ပယ်ချပါတယ်။
 
"သူတို့ပြောနေတဲ့ အကြောင်းတွေက သူတို့ တဘက်သတ်ရတဲ့ အချက်တွေပေါ်မှာပဲ အခြေခံပြီး ပြောနေတာပါ။ အခု ကျနော်တို့ဘက်ကတော့ ရခိုင်ကော်မရှင်က အကြံပြုထားတဲ့ ကိစ္စတွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေပါတယ်။ ကိစ္စတိုင်းကို လူ့အခွင့်အရေး ရှုဒေါင့်နဲ့ ကိုက်ညီ မညီ၊ ဒေသဆိုင်ရာ တရားဥပဒေ စိုးမိုးရေးနဲ့ ကိုက်ညီမှု ရှိ မရှိ၊ နောက် နိုင်ငံတကာစံတွေနဲ့ ကိုက်ညီမှု ရှိ မရှိ စဉ်းစားပြီး လုပ်သွားမှာ ဖြစ်ပါတယ်။"
 
မောင်တောခရိုင်က မူဆလင်တွေကို ကလေး ၂ ယောက်ပဲ ယူရမယ်ဆိုတဲ့ သတ်မှတ်ချက်ဟာ လူ့အခွင့်အရေးကို ချိုးဖောက်တာပဲလို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က တနင်္လာနေ့ကပဲ ပြောခဲ့ပါတယ်။
 
အမေရိကန် ပြည်ထောင်စုကလည်း ဒီလို ကန့်သတ်တဲ့အပေါ်မှာ အင်မတန် စိုးရိမ်ပြီး၊ ဒီကန့်သတ်ချက်တွေကို အမြန်ဆုံး ဖယ်ရှားပေးဖို့အတွက် အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ပက်ထရစ် ဗန်ထရဲလ် (Patric Ventrell) ကလည်း အင်္ဂါနေ့ကပဲ ပြောကြားခဲ့ပါတယ်။

သားသမီးဦးရေ ကန့်သတ်မှု အမေရိကန်စိုးရိမ်

ရခိုင်ပြည်နယ် မောင်တောဒေသမှာ မူဆလင်ရိုဟင်ဂျာတွေ သားသမီး မွေးဖွားမှု ကန့်သတ်ရမယ်ဆိုတဲ့ ဒေသန္တရအမိန့် ထွက်ပေါ်ခဲ့တာနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုက အထူး စိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ မြန်မာအာဏာပိုင်တွေအနေနဲ့ ဒီကန့်သတ်ချက်ကို အမြန်ဆုံး ဖယ်ရှားပေးဖို့လည်း အမေရိကန် နိုင်ငံခြားရေးဌာနက တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။
 
ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တော ဒေသတွေမှာရှိတဲ့ ရိုဟင်ဂျာ မူဆလင်တွေကို တစ်အိမ်ထောင် ကလေးနှစ်ယောက်သာ မွေးရမယ်ဆိုတဲ့ ဒေသန္တရအမိန့် ထွက်ပေါ်ခဲ့တာနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ၀ိုင်းဝန်း ဝေဖန်နေတဲ့ တချိန်တည်းမှာပဲ အမေရိကန် အစိုးရအနေနဲ့လည်း ဒီကိစ္စကို အထူးစိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
 
လူမှုအသိုင်းအ၀ိုင်းတစ်ခုတည်းကို ပစ်မှတ်ထားပြီး ခွဲခြားဆက်ဆံတဲ့ ဒီကန့်သတ်မှုကို မြန်မာအစိုးရအနေနဲ့ ပြန်ရုပ်သိမ်းသင့်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူတစ်ဦးက မနေ့က ပြောဆိုသွားပါတယ်။
 
"ရခိုင်ပြည်နယ် အစိုးရအရာရှိတွေက မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာရှိတဲ့ ရိုဟင်ဂျာ မူဆလင်တွေကို ကလေးနှစ်ယောက်ပဲ ယူရမယ်ဆိုတဲ့ ကန့်သတ်ချက် ချမှတ်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ ကျမတို့ အထူး စိုးရိမ်မိပါတယ်။ အမေရိကန် ပြည်ထောင်စုက ဒီကန့်သတ်ချက်နဲ့၊ ခွဲခြားဆက်ဆံပြီး လူဦးရေ ကန့်သတ်တဲ့ မူဝါဒတွေကို ဆန့်ကျင်ပါတယ်။ ဒီဒေသန္တရအမိန့်ကို ဖျက်သိမ်းဖို့ မြန်မာအစိုးရ အကြီးတန်းအရာရှိတွေကို ကျမတို့ ဖိအားပေးနေပါတယ်။ ဒီလို အမိန့် အားလုံးကို ချက်ချင်း ဖျက်သိမ်းပစ်ဖို့လည်း မြန်မာအစိုးရကို ကျမတို့ တိုက်တွန်းပါတယ်။"
 
လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုခဲ့တာနဲ့အတူ၊ ရခိုင်ပြည်နယ်တွင်း လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ သူ့ရဲ့ စိုးရိမ်မှုတွေကို ထုတ်ဖော် ပြောဆိုခဲ့တဲ့အပေါ်မှာ အမေရိကန် ပြည်ထောင်စုက ကြိုဆိုတဲ့အကြောင်းလည်း နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူက ပြောခဲ့ပါတယ်။
 
ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေကို ဖြေရှင်းတဲ့နေရာမှာ ရေရှည် စီမံကိန်းတရပ် ချမှတ်ပြီး နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ ကိုင်တွယ် ဖြေရှင်းသွားဖို့လည်း မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။
 
"ရခိုင်ပြည်နည်တွင်းက အကျပ်အတည်းတွေနဲ့ ပတ်သက်လို့ ပြဿနာရဲ့ အရင်းအမြစ်ကို ဘယ်လို ကိုင်တွယ် ဖြေရှင်းမယ်ဆိုတာနဲ့၊ ရခိုင်ပြည်နယ်တွင်း အကူအညီ လိုအပ်နေသူတွေ အားလုံးအတွက် လူသားချင်း စာနာမှု အကူအညီတွေ ဘယ်လို ပေးသွားမယ်ဆိုတဲ့ ရေရှည် စီမံကိန်းတစ်ရပ် ချမှတ်ဆောင်ရွက်ဖို့ မြန်မာအစိုးရကို ကျမတို့ တိုက်တွန်းပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ နိုင်ငံတကာရဲ့ စံချိန်စံညွှန်းတွေနဲ့အညီ ဆောင်ရွက်ရပါလိမ့်မယ်။"

"လူမျိုးတစ်ခုခုကို ပစ်မှတ်ထားပြီး ခွဲခြားဆက်ဆံတာဟာ အစိုးရက ပြည်သူတွေကို အကာအကွယ်ပေးဖို့ တာဝန်ရှိတဲ့အပေါ်မှာ ဆန့်ကျင်နေပါတယ်။ ဒါကြောင့် ကျမတို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ကတော့ မြန်မာအစိုးရနဲ့ ဒေသခံ တာဝန်ရှိသူတွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေကိုလည်း အခြေခံ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို လေးစားလိုက်နာပြီး ပြန်လည် ပေါင်းစည်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်မှုတွေကသာ ငြိမ်းချမ်းရေး ရေရှည် ခိုင်မြဲစေမယ့် နည်းလမ်းဖြစ်တယ် ဆိုတာကို အလေးပေး ပြောဆိုနေတာဖြစ်ပါတယ်။"
 
အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ပြောသွားတာပါ။ လူဦးရေ ထိန်းချုပ်နိုင်ဖို့အတွက် ကလေးယူတဲ့ အရေအတွက်ကို ဒေသခံအစိုးရက ထိန်းချုပ်တဲ့အနေနဲ့ ဘူးသီးတောင်၊ မောင်တော ဒေသမှာရှိတဲ့ မူဆလင်တွေကို ကလေးနှစ်ယောက်ပဲယူဖို့ သတ်မှတ်ထားတယ်ဆိုတဲ့ ကိစ္စကို ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေမှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကစပြီး ဖော်ပြလာနေကြတာ ဖြစ်သလို၊ လူ့အခွင့်အရေး အဖွဲ့တွေကလည်း ဒီကိစ္စဟာ နိုင်ငံတကာ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်တယ်ဆိုပြီး ဝေဖန်ပြောဆိုနေကြတာ ဖြစ်ပါတယ်။
 
ရခိုင်ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဝင်းမြိုင်ကတော့ ဒီအမိန့်ဟာ အခုမှ ထွက်ပေးလာတဲ့ အမိန့်မဟုတ်ဘဲ ၁၉၉၀ ပြည့်လွန်နှစ်တွေကတည်းက ရှိခဲ့တာဖြစ်ပြီး၊  ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတချို့ကနေ သားဆက်ခြား စီမံကိန်းတစ်ရပ်အနေနဲ့ အဲဒီအချိန်ကတည်းက စတင်အကောင်အထည်ဖော်ခဲ့တဲ့ကိစ္စ ဖြစ်တယ်လို့ဆိုပါတယ်။
 
လူ့အခွင့်အရေးအဖွဲ့တွေအနေနဲ့ အခုချိန်ကျမှ ဒီကိစ္စကို ပြစ်တင်ဝေဖန်တာဟာ တဘက်စောင်းနင်း ပြစ်တင်ဝေဖန်ရာကျပြီး ပကတိအခြေအနေကို နားမလည်ရာ ကျတယ်လို့လည်း ဦးဝင်းမြိုင်က ပြောသွားပါတယ်။
 
မောင်တောခရိုင်မှာရှိတဲ့ မူစလင်တွေ ကလေး ၂ ယောက်ပဲ မွေးရမယ်ဆိုတဲ့ ကန့်သတ်ချက်နဲ့ပတ်သက်လို့ အစိုးရအနေနဲ့ ပြန်လည် သုံးသပ်သွားမယ့်အကြောင်း သမ္မတ ပြောခွင့်ရသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကလည်း ပြောပါတယ်။
 
"ရခိုင်စုံစမ်းရေး ကော်မရှင်က အကြံပြုတဲ့ အချက်တွေ အားလုံးကို ပြန်သုံးသပ်ရဦးမှာ ဖြစ်တဲ့အတွက် ဒီကိစ္စကို ဗဟိုအစိုးရက လက်ခံတယ် မခံဘူး မပြောနိုင်သေးပါဘူး။ ဒါကြောင့် ဒီကိစ္စအတွက် တစုံတရာ မှတ်ချက် မပေးနိုင်သေးပါဘူး။"
 
ပြီးခဲ့တဲ့နှစ်တုန်းက ရခိုင်ပြည်နယ်မှာ လူ ၂၀၀ လောက် သေဆုံးပြီး ၁ သိန်း ၄ သောင်းလောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ ပဋိပက္ခ အကြောင်းရင်းကို ရခိုင်စုံစမ်းရေး ကော်မရှင်က စုံစမ်းပြီး မကြာခင်တုန်းက အစီရင်ခံစာ ထုတ်ပြန်ခဲ့တာမှာ ရခိုင်ပြည်နယ်တွင်း မူဆလင်လူဦးရေ မြန်မြန်ဆန်ဆန် တိုးပွားလာနေတာကြောင့် မူဆလင်တွေရဲ့ မျိုးဆက်ပွားမှုကို ထိန်းချုပ်သင့်တယ်လို့ အကြံပြုထားတာ ဖြစ်ပါတယ်ရှင်။

ပဋိပက္ခ ဖြစ်ပွားမှုများ ကူးစက်မလာစေရန် မန္တလေးတွင် လုံခြုံရေးအင်အား တိုးမြှင့်


mandalayprepare-may30

မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရှေ့တွင် အဓိကရုဏ်း နှိမ်နင်းရေးကားများ အသင့်ပြင်ဆင် ထားသည်ကို မေ ၂၉ ရက်က တွေ့ရစဉ်

ရှမ်းပြည်နယ်၊ လာရှိုးမြို့ပေါ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ အခြေအနေများ ကူးစက်လာမှု မရှိစေရန် မန္တလေးတိုင်း ရဲတပ်ဖွဲ့ အနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

"မီတ္ထီလာ ပဋိပက္ခဖြစ်စဉ်ကို သင်ခန်းစာယူပြီး အခုလို ပြင်ဆင်ဆောင်ရွက်မှုတွေ လုပ်ထားတာပါ။ အခြေအနေ အရမ်းကြီး ဆိုးရွားမှ ဆိုရင်တော့ ထိန်းသိမ်းရ ခက်ခဲပြီး စစ်တပ်အကူညီ တောင်းရတဲ့အထိ မဖြစ်အောင် လုံခြုံရေးအင်အား အသင့်ပြင်ထားပါတယ်။ လားရှိုးပဋိပက္ခ ဖြစ်ပွားပြီး ည ၁၁ နာရီကတည်းက အဓိကရုဏ်း နှိမ်နင်းတဲ့ကားတွေ အဆင်သင့်ပြင်ထားတာ" ဟု ရဲမှူးဦးစိုးငြိမ်းက ပြောကြားသည်။

ပုံမှန်လုံခြုံရေး အင်အားအပြင် မိတ္ထီလာ ပဋိပက္ခအပြီး ဖွဲ့စည်းထားသည့် မြို့နယ်လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ကော်မတီမှလည်း မြို့နယ်အလိုက် ကော်မတီများ ဖွဲ့စည်းထားရှိကာ ကောလဟာလများ ဖြစ်ပွားခဲ့ပါက ပြန့်ပွားမှု မရှိစေရန် အဆိုပါ ကော်မတီ အဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ ယခုအခြေအနေတွင် တိုင်းရဲတပ်ဖွဲ့မှူး ရုံးရှေ့တွင် အဓိကရုဏ်း နှိမ်နှင်းရေးကားများ အဆင်သင့်ထားရှိကာ လုံခြုံရေးအင်အား အသင့်ပြင်ဆင်ထားသည်။

"၂၈ ရက်နေ့ကလည်း ရမည်းသင်းမှာ လူ ၂၀ လောက် စုဝေးမှု ဖြစ်ပွားခဲ့တဲ့ ကောလာဟလတစ်ခု ဖြစ်ခဲ့သေးတယ်။ ဒါကြောင့်မို့ မန္တလေးမှာ အဲဒီလိုမျိုးတွေ ဖြစ်မလာအောင် အထူးဂရုစိုက်ပြီး ဆောင်ရွက်နေတာပါ" ဟု ရဲမှူးဦးစိုးငြိမ်းက ပြောကြားသည်။

မြောင်းမြ ဘုရားချောင်းရပ်ကွက်ရှိ ကျေးရွာအချို့တွင် ၀မ်းပျက်ဝမ်းလျှော ရောဂါကြောင့် လူတစ်ဦး သေဆုံး


diseaseofadominal-may30

ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားလျက်ရှိသော မြောင်းမြမြို့နယ် ဘုရားချောင်း တိုးချဲ့ရပ်ကွက်အပိုင် ဘုရားချောင်း (C,D) ရပ်ကွက်တွင်း တစ်နေရာအား မေ ၂၉ ရက်က တွေ့ရစဉ်

မြောင်းမြမြို့နယ် ဘုရားချောင်း တိုးချဲ့ရပ်ကွက်အပိုင် ဘုရားချောင်း (C,D) ရပ်ကွက်နှင့် ကျွန်းကြားလေး ကျေးရွာများတွင် ၀မ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားလျက်ရှိပြီး ၀မ်းရောဂါဖြင့် လူတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်ပွားပုံမှာ အထက်ပါ ကျေးရွာများတွင် မေ ၂၅ ရက်မှ စတင်ပြီး ၀မ်းရောဂါများ စတင်ဖြစ်ပွားလာခဲ့ကာ ဖြစ်ပွားသည့်နေ့တွင်ပင် ဘုရားချောင်း (C,D) ရပ်ကွက်နေ ကိုမောင်ဇော် (ခ) ကိုဂွတို အသက် (၃၀) ၀န်းကျင် အသက်ဆုံးပါးခဲ့ကြောင်း၊ အနီးနား ကျေးရွာဖြစ်သော ကျွန်းကြားလေး ကျေးရွာတွင်လည်း အဆိုပါနေ့တွင် ၀မ်းရောဂါကြောင့် လူနှစ်ဦး မြောင်းမြပြည်သူ့ ဆေးရုံကြီးကို တင်ပို့ခဲ့ရကြောင်း၊ မတ် ၂၈ ရက်တွင် မြောင်းမြပြည်သူ့ ဆေးရုံကြီးမှ ခရိုင်ဆေးရုံအုပ်ကြီးနှင့် အဖွဲ့မှ လာရောက်ပြီး ၀မ်းရောဂါ ဖြစ်ပွားနေသူများအား ပြည်သူ့ဆေးရုံကြီးကို လာရောက်ခေါ်ဆောင်ကာ ရပ်ကွက်အတွင်း ၀မ်းရောဂါများ ဆက်လက်မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများနှင့် ရောဂါများဖြစ်ပွား လာပါကလည်း ဆေးရုံကို အမြန်ဆုံး ပို့ဆောင်ရန်၊ လာရောက် အသိပညာများ ပေးဝေခဲ့ကြောင်း၊ ယနေ့အချိန်ထိ (မေ ၂၉ ရက်) ပြည်သူ့ဆေးရုံကြီးတွင် ၀မ်းရောဂါဖြင့် တက်ရောက် ကုသနေရသူ ခြောက်ဦးရှိကြောင်း သိရသည်။

"ကျွန်မတို့ဆီကို မနေ့က ခရိုင်ဆရာဝန်ကြီး လာပြီး ဒီမှာရောဂါ ဖြစ်နေတဲ့ သူတွေကို ဆေးရုံကို ခေါ်သွားတယ်။ ပိုက်ဆံမရှိလို့ ဆေးရုံမသွားရဲတဲ့ သူတွေကို အကုန်ခေါ်သွားပြီး အခမဲ့ ကုပေးမယ် ပြောတယ်။ ပြီးတော့ ရေကိုကျိုချက်ပြီး သောက်ဖို့ပြောသွားတယ်။ မြောင်းတွေထဲကို ဆေးဖျန်းဖို့ကတော့ အကျယ်အ၀န်းကကြီးလို့ မဖြစ်နိုင်ဘူးတဲ့။ ဒီမှာ ၀မ်းရောဂါဖြစ်တဲ့ ကောင်လေးဆို မနက်ပိုင်းမှာ ၀မ်းသွားပြီး လက်တွေက ရေနူးသလို ပဲကြီးတွေ တွန့်လာပြီး ဆေးရုံတင်တာ လမ်းမှာဆုံးတာပဲ။ တစ်မိသားစုလုံး အချင်းချင်းကူးပြီး ၀မ်းပျက်လို့ ဆေးရုံတင်ထားရတယ်" ဟု ဘုရားချောင်း (C,D) ရပ်ကွက်နေ ဒေါ်ပြုံးက ပြောကြားခဲ့သည်။

အထက်ပါ သတင်းအကြောင်းအရာနှင့် ပတ်သက်ပြီး မြောင်းမြခရိုင် ဆေးရုံအုပ်ကြီးထံ တွေ့ဆုံမေးမြန်းရန် သွားရောက်ခဲ့ရာ လုပ်ငန်းများ မအားလပ်သောကြောင့် ဟုဆိုကာ တွေ့ဆုံမေးမြန်းရန် ငြင်းဆန်ခဲ့သည်။

လားရှိုးမြို့တွင် မေ ၂၉ ရက်က ပဋိပက္ခဖြစ်စဉ်များ ဆက်လက်ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ ငါးဦးဒဏ်ရာရ

larshioserious1-may30

ဘာသာရေး ပဋိပက္ခအသွင် ဖန်တီးကာ အကြမ်းဖက် ဖျက်ဆီးမှုများ ရှိနေသော လားရှိုးပဋိပက္ခ ဖြစ်စဉ်အတွင်း မေ ၂၉ ရက်က တုတ်၊ ဓားလက်နက် ကိုင်ဆောင်ထားသော လူအုပ်စုကို တွေ့ရစဉ်

လားရှိုးမြို့တွင် မေ ၂၈ ရက် ညနေပိုင်းက အမျိုးသမီးတစ်ဦးအား ဓာတ်ဆီဖြင့်ပက်ပြီး မီးရှို့ခဲ့ရာမှတစ်ဆင့် ဖြစ်ပွားခဲ့သော ပဋိပက္ခသည် မေ ၂၉ ရက်တွင်လည်း နေရာအချို့တွင် ဆက်လက်ဖြစ်ပွားခဲ့သည်။ မေ ၂၉ ရက်တွင် ဆူပူမှု၊ အကြမ်းဖက် ဖျက်ဆီးမှု အချို့ကြောင့် ရုပ်ရှင်ရုံ တစ်ရုံနှင့် ကားတစ်စီး ပျက်စီးခဲ့ပြီး တစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူ ငါးဦးရှိခဲ့ကြောင်း တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။ မေ ၂၉ ရက် မွန်းလွဲ ၂ နာရီတွင် ဦးရေ ၂၀၀ ခန့်ရှိသော လူများက ဆူပူအကြမ်းဖက်မှု ပြန်လည်ပြုလုပ် ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်တွင် သေဆုံးသူမှာ (၇) ရပ်ကွက်တွင် နေထိုင်သူ အသက် ၅၅ နှစ်အရွယ် ဦးမြင့်ဝင်း (ဘ) ဦးစမိုင်ဆိုသူ ဖြစ်ပြီး ဒေါ်ခင်ခင် (၅၂ နှစ်) (ဗုဒ္ဓ)၊ မောင်ဝဏ္ဏ မင်းထိုက် ၃၀ နှစ်(ဗုဒ္ဓ)၊ ဦးအောင်အောင် ၃၈ နှစ်(ဗုဒ္ဓ)၊ ဦးချစ်ကို(ဗုဒ္ဓ)၊ ဦးမြင့်နိုင် ၄၁ နှစ်(ဗုဒ္ဓ)နှင့် DVB သတင်းထောက် ဦးခွန်ဇော်ဦးတို့မှာ ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြကြောင်း သိရသည်။ ထိခိုက်ဒဏ်ရာ ရရှိသူများကို လားရှိုးပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး မောင်ဝဏ္ဏမင်းထိုက်မှာ ဦးခေါင်းဒဏ်ရာ အပြင်းအထန် ရရှိသဖြင့် ခွဲစိတ်ခန်းသို့ ပို့ဆောင်ကုသ ပေးခဲ့ရကြောင်း၊ ကျန်လူနာများမှာ လက်ရှိတွင် မစိုးရိမ်ရသော အခြေအနေတွင် ရှိကြောင်း သိရသည်။

larshioserious2-may30

သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ် ၀န်ကြီးချုပ်တို့က အကြမ်းဖက် ဆူပူသူများအား မေတ္တာရပ်ခံ ပြောကြားနေသည်ကို မေ ၂၉ ရက် ညနေ ၃ နာရီခွဲက တွေ့ရစဉ်

ထို့ပြင် ဆူပူ အကြမ်းဖက်မှုများကြောင့် အမှတ် (၂) ရပ်ကွက်ရှိ သီတာအေးရုပ်ရှင်ရုံ အတွင်းပိုင်း မီးလောင်ဖျက်ဆီး ခံခဲ့ရသော်လည်း အချိန်မီ ငြိမ်းသတ်နိုင်ခဲ့သောကြောင့် နောက်တန်းခုံများနှင့် ရုပ်ရှင်ပိတ်ကားတို့သာ ပျက်စီးခဲ့သည်။ ထို့အတူ အမှတ် (၇) ရပ်ကွက်တွင် လူဦးရေ ၃၀ ခန့်က ဆလွန်းကား တစ်စီးကိုလည်း ၀ိုင်းဝန်းဖျက်ဆီးခဲ့သည်။

အကြမ်းဖက်လူတစ်စုမှ လားရှိုးမြို့နယ် (၃) ရပ်ကွက် ဈေးအနီးရှိ ဗလီတစ်ခုအား မီးရှို့ဖျက်ဆီးမှုကြောင့် အမှတ် (၁) ရဲစခန်းက (ပ) ၂၅၈/၂၀၁၃ ပြစ်မှုဆိုင်ရာပုဒ်မ ၄၃၆/၄၂၇/၄၅၂၊ အစ္စလာမ်မိဘမဲ့ ဂေဟာအား မီးရှို့ဖျက်ဆီးမှုကြောင့် အမှတ် (၁) ရဲစခန်း (ပ) ၂၅၉/၂၀၁၃ ပြစ်မှုဆိုင်ရာပုဒ်မ ၄၃၆/၄၂၇/၄၅၂၊ ရပ်ကွက် (၉) ရှိ အစ္စလာမ် စာသင်ကျောင်း တစ်ခုအား ဖျက်ဆီးမှုကြောင့် လားရှိုးမြို့နယ် နယ်မြေရဲစခန်း (ပ) ၆၃/၂၀၁၃ ပြစ်မှုဆိုင်ရာပုဒ်မ ၄၅၂/၄၂၇/၃၄ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

larshioserious3-may30

ဆူပူ အကြမ်းဖက်မှုတွင် ပါဝင်သူအချို့ကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးနေစဉ်

ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းထွန်းက "ဖြစ်သွားတဲ့ ဒီဖြစ်စဉ်ကို သုံးသပ်ရမယ်ဆိုရင် အဓိက လူတွေရဲ့ တရားဥပဒေ စိုးမိုးမှုအပေါ် လိုက်နာမှု အပိုင်းတွေ အားနည်းတယ်။ ဒေါသကို ရှေ့ထားပြီးတော့ လုပ်ဆောင်ခဲ့ကြတာတွေကို တွေ့ရတယ်။ ပြစ်မှုကျူးလွန်တဲ့ နေ၀င်းကို ရဲတပ်ဖွဲ့က ဥပဒေအရ ဖမ်းဆီးစစ်ဆေးနေတဲ့ အချိန်မှာ ဒီလိုအကြမ်းဖက်မှုတွေ ဆက်လက်ပြုလုပ်ခဲ့တယ်။ အမှန်တော့ တာဝန်ရှိသူတွေက ကျူးလွန်တဲ့သူကို ဥပဒေအရ ထိထိရောက်ရောက် ဆောင်ရွက်မှု မရှိဘူးဆိုရင် ကျေနပ်မှု မရှိတဲ့သူတွေ ဥပဒေအတိုင်း ဆက်လက်လုပ်ပိုင်ခွင့် ရှိတယ်။ ဒါ့အပြင် ထိထိရောက်ရောက် မီဒီယာတွေ အနေနဲ့ ထောက်ပြရေးသားပိုင်ခွင့် ရှိတယ်။ ဒီလို ဖြစ်စဉ်တွေကြောင့် နိုင်ငံတကာက မြန်မာလူမျိုးတွေအပေါ် အထင်မှားစရာတွေ ဖြစ်လာနိုင်တယ်။ မြန်မာလူမျိုးတွေက မင်းမဲ့စရိုက် ဆန်တယ်ဆိုတဲ့ အတွေးမျိုးတွေ ၀င်သွားနိုင်ပါတယ်" ဟု မေ ၂၉ ရက် နံနက်ပိုင်းက ပြောပြခဲ့သည်။

ဖြစ်ပွားနေသည့် ဖြစ်စဉ်ကို ထိန်းသိမ်းနိုင်ရန် ရဲတပ်ဖွဲ့အင်အား ၂၀၀ ကျော်နှင့် တပ်မတော်အင်အား ၃၀၀ ကျော်တို့ဖြင့် လုံခြုံရေး ဆောင်ရွက်လျက်ရှိကြောင်း လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။

larshioserious4-may30

တုတ်၊ ဓားလက်နက် ကိုင်ဆောင်ထားသော လူအုပ်စုတစ်စုကို မေ ၂၉ ရက် ညနေပိုင်းက တွေ့ရစဉ်

မေ ၂၉ ရက်ည နိုင်ငံပိုင် ရုပ်သံသတင်း ကြေညာချက်တွင် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ ခန့်က ရပ်ကွက် ၂၊ ရပ်ကွက် ၃၊ ရပ်ကွက် ၇ နှင့် ရပ်ကွက် ၈ တို့မှာ အပြန်အလှန် တိုက်ခိုက်မှုများ စတင်ဖြစ်ပွားခဲ့ရာ ယင်းနေ့ညနေ ၅ နာရီခန့်အထိ တိုက်ခိုက် မီးရှို့ဖျက်ဆီးမှု ခုနစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ မေ ၂၈ ရက်မှ ၂၉ ရက်အထိ အပြန်အလှန် တိုက်ခိုက်မှုများကြောင့် လူနေအိမ် ငါးလုံး၊ ဘာသာရေး အဆောက်အအုံ သုံးလုံး၊ ရုပ်ရှင်ရုံ တစ်ရုံ၊ ဂိုဒေါင် လေးလုံး၊ ဆိုင်ခန်း ၃၁ ခန်း၊ မော်တော်ယာဉ် နှစ်စီး၊ ဆိုင်ကယ် ၁၁ စီး မီးလောင်ပျက်စီးခဲ့ကြောင်း၊ တစ်ဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့က ပြစ်မှုကျူးလွန်ခဲ့သော တရားခံဖြစ်သူသည် မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ပြစ်မှုကျူးလွန်ခြင်းဖြစ်ပြီး ဘာသာရေး၊ လူမှုရေး ကိစ္စများနှင့် ပတ်သက်ခြင်း မရှိကြောင်း၊ ယင်းပြစ်မှုကို အကြောင်းပြုပြီး ဘာသာရေး ပဋိပက္ခအသွင် ဖော်ဆောင်ခြင်း မပြုရန်အတွက် ဘာသာရေး အဖွဲ့အစည်းများ၊ လူမှုရေး အဖွဲ့အစည်းများနှင့် ပြည်သူများက ၀ိုင်းဝန်းကူညီ ဆောင်ရွက်ကြရန် သက်ဆိုင်ရာ တာဝန်ရှိသူများက မေတ္တာရပ်ခံထားကြောင်း ထုတ်ပြန်ကြေညာ သွားခဲ့သည်ဟု သိရသည်။

larshioserious5-may30

တုတ်၊ ဓားလက်နက် ကိုင်ဆောင်ထားသော လူအုပ်စုနှင့် ဖျက်ဆီးခံထားရသော မော်တော်ယာဉ် တစ်စီးအား မေ ၂၉ ရက် ညနေပိုင်းတွင် တွေ့ရစဉ်

မေ ၂၉ ရက် မွန်းလွဲ ၃ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်၊ သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်၊ ရှမ်းပြည်နယ် ကာ/လုံဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ၊ မန်ဆူရှမ်းကျောင်း ဆရာတော်တို့ ဦးဆောင်သော အဖွဲ့က ပဋိပက္ခများ ဖြစ်ပွားနေသည့် လားရှိုးမြို့ အမှတ်(၇) ရပ်ကွက်အတွင်း လှည့်လည်၍ အကြမ်းဖက်မှုများ ဆက်လက်မဖြစ်ပွားရန် တားမြစ်ခဲ့ပြီး ယင်းဆူပူ အကြမ်းဖက်မှုတွင် ပါဝင်သူများကို ရဲတပ်ဖွဲ့မှ ထိန်းသိမ်းခဲ့ကြောင်း သိရသည်။

လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူးက "အခုလက်ရှိ လားရှိုးမြို့မှာ အကြမ်းဖက်မှု ဖြစ်စဉ်တွေ အများစုကို ထိန်းချုပ်နိုင်ပါပြီ။ ဒါပေမဲ့ လားရှိုးမြို့ရဲ့ ဆင်ခြေဖုံး ရပ်ကွက်တွေမှာ နေထိုင်တဲ့ လူတစ်စုက အစ္စလာမ်ဘာသာဝင်တွေ နေထိုင်တဲ့ မြို့ပေါ်ရပ်ကွက်တွေကို လာရောက်ပြီး အကြမ်းဖက် ဖျက်ဆီးမှုတွေ ရှိနေသေးတဲ့အတွက် ဒါတွေကို အမြန်ဆုံး ထိန်းသိမ်းနိုင်ဖို့ လုံခြုံရေးအင်အား ၅၀၀ ကျော်နဲ့ ဆောင်ရွက်နေပါတယ်" ဟု မေ ၂၉ ရက် ညနေပိုင်းတွင် ပြောကြားထားသည်။

မေ ၂၉ ညပိုင်းတွင် လုံခြုံရေး ပိုမိုတင်းကျပ်စွာ ဆောင်ရွက်လျက်ရှိပြီး တားမြစ်နေရာများသို့ မည်သူ့ကိုမှ သွားလာခွင့် မပြုကြောင်း သိရသည်။

larshioserious6-may30

တုတ်၊ ဓားလက်နက်များ ကိုင်ဆောင်ထားသူများကို ရဲတပ်ဖွဲ့ဝင်များက လူစုခွဲရန် ဖျောင်းဖျနေစဉ်

ထို့ပြင် မေ ၂၉ ရက် ညပိုင်းတွင် တပ်မတော်၊ ရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ သာသနာရေး ၀န်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့် ဆရာတော် သံဃာတော်ကြီးများ ပါဝင်သော အဖွဲ့ငါးဖွဲ့က မြို့တွင်းလှည့်လည်၍ လုံခြုံရေး ကိစ္စများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မေ ၂၈ ရက်နေ့က ဓာတ်ဆီနှင့်ပက်၍ မီးရှို့ခံရသော မအေးအေးဝင်းသည် လားရှိုး ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသလျက်ရှိပြီး လက်ရှိတွင် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေ မရှိကြောင်း သိရသည်။  

စက်မှုဇုန်များ၏ ရေဆိုးထွက်ရှိမှုအပေါ် စိစစ်အရေးယူ သွားမည်ဖြစ်ကြောင်း သိရ


halingtharyar-may30

တောင်ဒဂုံ စက်မှုဇုန်အနီး ဖြတ်သန်းစီးဆင်းသော ငမိုးရိပ်ချောင်းအား တွေ့မြင်ရစဉ်

ရန်ကုန်မြို့ လှိုင်သာယာ စက်မှုဇုန်ရှိ စက်ရုံများမှ ရေဆိုးထွက်ရှိသည့် စက်ရုံများကို စိစစ်ကြပ်မတ်ရန် စီစဉ်နေပြီး သတ်မှတ်ချက်များနှင့် မကိုက်ညီပါက လိုအပ်သလို အရေးယူ သွားမည်ဖြစ်ကြောင်း လှိုင်သာယာ စက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောကြားသည်။

"စက်မှုဇုန် အတွင်းမှာရှိတဲ့ စက်ရုံတွေက ရေဆိုးထွက်တဲ့ စက်ရုံတွေကို စိစစ်ကြပ်မတ် သွားမယ်။ တချို့စက်ရုံတွေက water treatment မလုပ်တာတွေ ရှိတယ်။ အဆင်ပြေသလိုပဲ လုပ်နေကြတော့ အနံ့အသက်ဆိုး ထွက်တာ ရှိတယ်။ ပတ်ဝန်းကျင်ကို ညစ်ညမ်းထိခိုက် နေတာတွေ ရှိတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး စက်ရုံတွေကနေ ကျွန်တော်တို့ဆီကို တိုင်ကြားတာတွေ ရှိတယ်။ ကျွန်တော်တို့ ဆီမှာရှိတဲ့ လုပ်ငန်းကော်မတီက စစ်ဆေးကြပ်မတ် သွားမယ်။ သတ်မှတ်ချက်နဲ့ မကိုက်ညီရင်တော့ အရေးယူ ဆောင်ရွက်မှာ ဖြစ်ပါတယ်" ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ငါးနှစ်တာ ကာလအတွင်း ရန်ကုန်မြို့ရှိ စက်မှုဇုန်များရှိ စက်ရုံပေါင်း ၁၆၅ ရုံမှ ထွက်ရှိသော စွန့်ပစ်ရေဆိုးများအား နမူနာယူ စစ်ဆေးခဲ့ရာ ရေဆိုးသန့်စင်မှုစနစ် ပြုလုပ်ပြီးမှ စွန့်ပစ်ရန် လိုအပ်သည့် စက်ရုံအရေအတွက် ၁၃ ရုံသာ တွေ့ရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်စတုတ္ထပုံမှန် အစည်းအဝေးတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း လည်ပတ်ဆောင်ရွက်နေသော စက်ရုံစုစုပေါင်း ၃၅၆၂ ရုံရှိကြောင်း၊ ယင်းအထဲတွင် အရက်ချက် စက်ရုံ၊ ဆေးဆိုးပန်းရိုက် စက်ရုံ၊ အအေးခန်းစက်ရုံများ ပါဝင်ကြောင်း၊ ယင်းစက်ရုံများမှ ထွက်ရှိသော စွန့်ပစ်ရေဆိုးများမှာ ရေထုထဲသို့ ရောက်ရှိပါက ရေထုကို ညစ်ညမ်းစေခြင်း၊ အလားတူ ရန်ကုန်မြို့ရှိ မြစ်ချောင်းများဘေးတွင် တည်ဆောက်ထားသော စက်ရုံများမှ စွန့်ပစ်ရေဆိုးများကို မြစ်ချောင်းများ အတွင်းသို့ တိုက်ရိုက်စွန့်ပစ် နေမှုကြောင့် မြစ်ချောင်းများ၏ ရေထုညစ်ညမ်းမှု ပမာဏမှာလည်း မြင့်နေကြောင်း သိရသည်။

စက်မှုဇုန်များ အနီးရှိ ကျူးကျော်တဲများကို သတ်မှတ်ရက်အတွင်း မပြောင်းရွှေ့ပါက ဥပဒေအရ တရားစွဲဆိုမည်ဟု သိရ

industiralnotice-may30

ရန်ကုန်မြို့ စက်မှုဇုန်များ အနီးပတ်ဝန်းကျင်၊ စက်မှုဇုန် လမ်းဘေးဝဲယာမှ ကျူးကျော်တဲများကို သတိပေးချက် (Notice) များပေး၍ သတ်မှတ်ရက်အတွင်း ဖျက်ခိုင်းခြင်းဖြင့် လည်းကောင်း၊ သတ်မှတ်ရက်အတွင်း မပြောင်းရွှေ့ပါက ဥပဒေအရ တရားစွဲဆို သွားမည်ဖြစ်ကြောင်း လှိုင်သာယာ စက်မှုဇုန် တာဝန်ရှိသူများထံမှ သိရသည်။

ယင်းကဲ့သို့ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်အတွက် တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး ၀န်ကြီးများ၏ လမ်းညွှန်မှုများ တရားဝင် ရရှိထားပြီ ဖြစ်ကြောင်းလည်း သိရှိရသည်။

သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ ညွှန်ကြားချက်များ တရားဝင် ရရှိထားပြီ ဖြစ်သောကြောင့် စက်မှုဇုန် လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့ စက်ရုံဝန်းကျင်၌ ကျူးကျော်တဲများ လာရောက်ဆောက်လုပ်ပါက သက်ဆိုင်ရာ ဒေသအာဏာပိုင်များ ထံသို့လည်းကောင်း၊ စီမံခန့်ခွဲရေး ကော်မတီရုံးသို့ လည်းကောင်း၊ အချိန်နှင့်တစ်ပြေးညီ အကြောင်းကြား ပေးကြရန်နှင့် စက်မှုဇုန်များ စီမံခန့်ခွဲရေး ကော်မတီ အနေဖြင့်လည်း တစ်တဲဆောက် တစ်တဲဖျက် စနစ်ဖြင့် ကျူးကျော်တဲများ ထပ်မံပေါ်ပေါက်ခြင်း မရှိအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

"ကျူးကျော်တွေကတော့ နေရာတိုင်းမှာ ရှိနေတယ်။ စက်မှုဇုန်ထဲက စက်ရုံတွေ နားမှာရော လမ်းဘေးဝဲယာမှာပါ ရှိနေတာပါ။ ကျူးကျော်တွေနဲ့ ပတ်သက်ရင် အရင်ဆုံး ဘယ်နေ့ဘယ်ရက် နောက်ဆုံးထားပြီး ပြောင်းရွှေ့ပေးရမယ်၊ ဖျက်ပေးရမယ်ဆိုတာ Notice တွေ ထုတ်ပြီးသားပါ။ သတ်မှတ်ရက်အတွင်းကို ဖယ်မပေးရင်၊ ပြောင်းမပေးရင် တရားဥပဒေအရ တရားစွဲ အရေးယူ သွားမှာပါ။ ဒီလို အရေးယူဖို့ကိုလည်း ၀န်ကြီးချုပ်ဆီက တရားဝင် ညွှန်ကြားချက် ရထားပြီးပါပြီ" ဟု လှိုင်သာယာ စက်မှုဇုန်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အလားတူ စက်မှုမြို့တော်များ အတွင်းရှိ ကျူးကျော်တဲများသည် အမြင်မတင့်တယ်သည့်အပြင် စက်ရုံများ၏ လုံခြုံရေးနှင့် မီးဘေး စိုးရိမ်ရသောကြောင့် စက်မှုလုပ်ငန်းရှင်များ အသင်းအနေဖြင့် မိမိတို့ စက်ရုံဝန်းကျင်၌ ကျူးကျော်တဲများ လာရောက်ဆောက်လုပ်ပါက စီမံခန့်ခွဲရေး ကော်မတီရုံးသို့ အကြောင်းကြားရန် ညွှန်ကြားထားကြောင်းလည်း သိရသည်။

ရက်ရှည် ဆန္ဒပြနေသော Esquare စက်ရုံသို့ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌနှင့်အဖွဲ့ လာရောက်ညှိနှိုင်းသော်လည်း အဆင်မပြေ

ရက်ရှည် ဆန္ဒထုတ်ဖော်နေသော Esquare ဖိနပ်စက်ရုံသို့ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးမြငြိမ်းနှင့် အဖွဲ့သည် မေ ၂၉ ရက်တွင် အလုပ်ရှင်နှင့် အလုပ်သမားများအကြား ညှိနှိုင်းသော်လည်း အဆင်မပြေသေးကြောင်း ဆန္ဒပြ အလုပ်သမားများက ပြောကြားသည်။

ဦးမြငြိမ်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သော အဆိုပါ ညှိနှိုင်းရေးအဖွဲ့သည် Esquare ဖိနပ်စက်ရုံမှ တာဝန်ရှိသူများနှင့် ဦးစွာတွေ့ဆုံ ညှိနှိုင်းခဲ့ကြောင်း သိရသည်။

ထို့နောက် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့သည် အလုပ်ထုတ်ခံရaသာ အလုပ်သမားငါးဦးနှင့် ထပ်မံတွေ့ဆုံ ညှိနှိုင်းခဲ့ကြောင်း သိရသည်။ "ဦးမြငြိမ်းတို့က ပြောတယ်။ ကျွန်မတို့ကို အလုပ်ပြန်ခန့်ဖို့ အလုပ်ရှင်ကို ပြောထားတယ်။ အဲဒီမှာ အလုပ်ရှင်က စဉ်းစားဦးမယ်လို့ ပြောတယ်။ ညနေ အလုပ်ဆင်းချိန် ရောက်နေပေမယ့် အလုပ်ရှင်က အကြောင်းပြန်တာ တစ်ခုမှ မရှိသေးဘူး" ဟု အဆိုပါစက်ရုံမှ အလုပ်သမားအဖွဲ့ ခေါင်းဆောင် မကြူကြူဝင်းက ဆိုသည်။

Esquare ဖိနပ်စက်ရုံတွင် အလုပ်သမားဦးရေ ၂၀၀ ခန့်မှ ဆန္ဒထုတ်ဖော်နေရခြင်းမှာ Esquare ဖိနပ်စက်ရုံ၏ အလုပ်သမား အဖွဲ့အစည်းခေါင်းဆောင် ငါးဦးကို အလုပ်မှ ထုတ်ပယ်ခဲ့ခြင်းကြောင့် ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း သိရသည်။

"မင်းတို့ အလုပ်ကို ပြန်လုပ်မှာလား မလုပ်ဘူးလားလို့ မေးတယ်။ ကျွန်မတို့က ပြန်လုပ်မယ်လို့ ပြောတယ်။ အဲဒါဆိုရင် ၀န်ခံကတိ ထိုးပေးရမယ်လို့ ပြောတယ်။ MD ကိုယ်တိုင်က အမြဲတမ်း ကတိတွေ ဖျက်နေတယ်။ ကျွန်မတို့ကို မနိုင်ဝန် ထမ်းခိုင်းတာတွေ၊ ခြေထောက်နဲ့ထိုးပြီး ခိုင်းတာတွေ ရှိတယ်။ အဲဒါတွေကို ဘယ်လိုဖြေရှင်းပေးမလဲ" ဟု မကြူကြူဝင်းက ဆိုသည်။

အဆိုပါ ဖိနပ်စက်ရုံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရန်အတွက် စက်ရုံဝင်ပေါက်ရှိ ဂိတ်စောင့်အား ပြောကြားခဲ့သော်လည်း ဂိတ်စောင့်မှ ၀င်ခွင့်၊ တွေ့ခွင့် မပေးနိုင်ကြောင်း ဆိုသည်။        

ယခုနှစ် ပထမ လေးလအတွင်း ရန်ကုန်နှင့် ရန်ကင်းကလေး ဆေးရုံကြီးများတွင် သွေးလွန်တုပ်ကွေးကြောင့် ဆေးရုံတက်ရသူ ၈၀၀ ကျော်ခန့် ရှိနေ


malaria-may30

မေ ၂၉ ရက်က ရန်ကင်း ကလေးဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေသော ကလေးငယ် တစ်ဦးအား သက်ဆိုင်ရာ ဆရာဝန်တစ်ဦးက လိုအပ်သော စမ်းသပ်မှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ်

ယခုနှစ် ပထမ လေးလအတွင်း ရန်ကုန် ကလေးဆေးရုံကြီးနှင့် ရန်ကင်း ကလေးဆေးရုံကြီး၌ သွေးလွန်တုပ်ကွေး ရောဂါကြောင့် ဆေးရုံတက်ရောက် ကုသနေရသူ ဦးရေ ၈၀၀ ကျော်ခန့် ရှိနေပြီဖြစ်ကြောင်း ဆေးရုံအုပ်ကြီးများ၏ ပြောကြားချက်အရ သိရသည်။

ပုံမှန်အားဖြင့် သွေးလွန်တုပ်ကွေး ရောဂါသည် မိုးဦးကျနှင့် မိုးတွင်းကာလများဖြစ်သည့် ဇွန်၊ ဇူလိုင်၊ သြဂုတ်လများတွင် ဖြစ်ပွားမှုနှုန်း များလေ့ရှိသော်လည်း ယခုနှစ်၌ သွေးလွန်တုပ်ကွေး ရာသီမရောက်ခင် ပထမ လေးလအတွင်းမှာပင် ရောဂါဖြစ်ပွားသူဦးရေ သိသိသာသာ မြင့်တက်နေကြောင်း သိရသည်။

"နှစ်တစ်နှစ်ရဲ့ ပထမ လေးလဆိုတာ သွေးလွန်တုပ်ကွေး လူနာများလေ့ ရှိတဲ့ကာလ မဟုတ်ပါဘူး။ အခုနှစ်မှာတော့ လူနာအတော်များနေတယ်။ ပထမလေးလ အတွင်းမှာပဲ ဆေးရုံတက်လူနာ ၅၁၁ ဦးရှိပြီး သေဆုံးလူနာ တစ်ဦးရှိနေပြီ။ ဆေးရုံတက်တဲ့ လူနာတွေထဲမှာတော့ ရန်ကုန်နဲ့ အနီးတစ်ဝိုက် မြို့တွေကသူတွေ လာတာများပါတယ်။ ဒီလိုဖြစ်နှုန်း များနေတဲ့အတွက် ကျန်းမာရေး ၀န်ကြီးဌာနအောက်မှာ ရှိတဲ့ တိုင်း၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနတွေပေါင်းပြီး မြို့နယ်အသီးသီးမှာ ကာကွယ်ရေး လုပ်ငန်းတွေ လုပ်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်" ဟု ရန်ကုန် ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းထိုက်က မေ ၂၉ ရက်က ပြောကြားသည်။

ရန်ကုန် ကလေးဆေးရုံကြီးသို့ သွေးလွန်တုပ်ကွေးကြောင့် ဆေးရုံတက်ရောက် ကုသခဲ့သူ ဦးရေမှာ၂၀၁၁ ခုနှစ်အတွင်း ၅၀၀ ကျော်နှင့် ၂၀၁၂ ခုနှစ်အတွင်း ဦးရေ ၁၀၀၀ ၀န်းကျင်အထိ ရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်အချို့တွင်လည်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနှုန်း များနေပြီး လက်ရှိ ရန်ကုန် ကလေးဆေးရုံကြီးနှင့် ရန်ကင်း ကလေးဆေးရုံကြီးများတွင် သွေးလွန်တုပ်ကွေး ရောဂါကြောင့် ဆေးရုံတက်ရောက် ကုသနေသူ ဦးရေ ယခင်နှစ်များထက် သိသိသာသာ များပြားနေကြောင်း ဆေးရုံအုပ်ကြီးများက ပြောကြားကြသည်။

ရန်ကင်း ကလေးဆေးရုံကြီးတွင် ယခုနှစ် ပထမ လေးလအတွင်း သွေးလွန်တုပ်ကွေးလူနာ ၃၀၀ ကျော်ခန့် ရှိပြီး သေဆုံးသူ တစ်ဦးရှိကြောင်းနှင့် လက်ရှိ ဆေးရုံတက်ရောက် ကုသနေသူများအနက် သွေးလွန်တုပ်ကွေး လူနာဦးရေမှာ အများဆုံးဖြစ်ကြောင်းလည်း ရန်ကင်း ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်လွင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေး ရောဂါကြောင့် အသက်သေဆုံးမှု ကျဆင်းလာသော်လည်း ရောဂါဖြစ်ပွားမှု အများဆုံး နိုင်ငံများတွင် ပါဝင်နေဆဲဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်းမှာ ၁၉၇၀ ပြည့်နှစ်က သွေးလွန်တုပ်ကွေးလူနာ ၁၀၀ လျှင် သေဆုံးသူဦးရေ ခြောက်ဦးအထက် ရှိခဲ့ရာမှ ၂၀၁၀ ပြည့်နှစ်တွင် လူနာ ၁၀၀ လျှင် တစ်ဦးနှုန်းသာ သေဆုံးလာကြောင်း ကျန်းမာရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် တစ်ကမ္ဘာလုံး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု၏ ၇၅ ရာခိုင်နှုန်းသည် အာရှပစိဖိတ် ဒေသများမှ ဖြစ်ကြောင်းနှင့် အရှေ့တောင်အာရှ နိုင်ငံများသည် တစ်ကမ္ဘာလုံး သွေးလွန်တုပ်ကွေး ကူးစက်ဖြစ်ပွားမှုရှိသော ဒေသ၏ ၅၂ ရာခိုင်နှုန်းဖြစ်ပြီး အင်ဒိုနီးရှား၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့သည် ရောဂါဖြစ်ပွားမှု အများဆုံးဖြစ်ကြောင်း သိရသည်။

သရုပ်ဆောင် ရဲတိုက်အား ချုပ်ရက်ရမန်ပေးပြီး ဗိုလ်တထောင် ရဲစခန်းတွင် ဆက်လက်ထိန်းသိမ်းထား


yethiek-may30

သရုပ်ဆောင် ရဲတိုက်အား တရားရုံးသို့ ရမန်ယူရန် ခေါ်ဆောင်လာစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)

မေ ၂၈ ရက်က ဗိုလ်တထောင်မြို့နယ်ရှိ စိန့်မေရီကာသီဒြယ် ခရစ်ယာန်ကျောင်းအတွင်း သက်ဆိုင်ရာ၏ ခွင့်ပြုချက် မရဘဲ ဆန္ဒဖော်ထုတ်ခဲ့သည့် သရုပ်ဆောင် ရဲတိုက်အား ဗိုလ်တထောင် ရဲစခန်း၌ပင် ဆက်လက်ထိန်းသိမ်းထားကြောင်း သိရသည်။

သရုပ်ဆောင် ရဲတိုက်အား ဘုရားကျောင်း သာသနာ့ အကျိုးတော်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက တရားလိုအဖြစ် တိုင်တန်းခဲ့သဖြင့် ဗိုလ်တထောင် ရဲစခန်းမှ လူတစ်စား ကိုးကွယ်သည့် ဘာသာ၊ သာသနာကို ညှိုးနွမ်းအောင် ရည်ရွယ်ချက် အကြံအစည်၊ ပြုမူလုပ်ဆောင်ခြင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၅/(က)ဖြင့် အမှုဖွင့် ထိန်းသိမ်းခဲ့ပြီး သက်သေ အထောက်အထား စစ်ဆေးရန်အတွက် ဆက်လက်ထိန်းသိမ်းရန် ချုပ်မိန့်ရမန် တောင်းခံခဲ့ရာ ဗိုလ်တထောင်မြို့နယ် တရားရုံးမှ ၎င်းအား ဗိုလ်တထောင် ရဲစခန်းတွင် ဆက်လက်ချုပ်ထားရန် မေ ၂၉ ရက် မွန်းလွဲပိုင်းက ချုပ်မိန့်ရမန် ပေးခဲ့ကြောင်း သိရသည်။

ဗိုလ်တထောင် ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးစိန်ဝေက "လက်ရှိ ရမန်ပေးထားတဲ့ အတွင်းမှာပဲ စစ်ဆေးလို့ သက်သေခိုင်လုံရင် တရားစွဲ တင်ပို့သွားလို့ ရတယ်" ဟု မေ ၂၉ ရက် ညနေ ၆ နာရီ အချိန်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ထို့ပြင် ဘုရားကျောင်း သာသနာ့အကျိုးတော်ဆောင် အဖွဲ့ဥက္ကဋ္ဌဖြစ်သူ ဦးခင်မောင်ဝင်းက "ကျွန်တော်တို့ဘက်က အမှားမရှိဘဲ မှန်တယ်ဆိုတာကို သက်သေပြပြီး သရုပ်ဆောင် ရဲတိုက်အနေနဲ့ သူမှားကြောင်း လူသိရှင်ကြား တောင်းပန်ရင်တော့ ကျွန်တော်တို့ဘက်က ကျေအေးပေးသွားပါမယ်" ဟု The Daily Eleven သတင်းစာသို့ မေ ၂၉ ရက် ညနေပိုင်းက ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ သရုပ်ဆောင် ရဲတိုက်အား တရားရုံး၌ ချုပ်ရက်ရမန်ယူစဉ် The Daily Eleven က မေးမြန်းရာ "ကျွန်တော် မှားတယ်ဆိုရင်တော့ တောင်းပန်မှာပေါ့" ဟု ပြန်လည်ဖြေကြားခဲ့သည်။

ဗဟိုဘဏ်မှ သတ်မှတ်သည့် ဈေးအောက်ရောက်သည် အထိ ဒေါ်လာဈေး ပြန်ကျ

ဗဟိုဘဏ်မှ နေ့စဉ်သတ်မှတ်သည့် ဒေါ်လာလဲနှုန်း Reference Exchange Rate အောက် ရောက်သည်အထိ အမေရိကန်ဒေါ်လာ လဲနှုန်းမှာ ပြင်ပဈေးကွက်၌ ပြန်ကျဆင်းလာကြောင်း သိရသည်။

မေ ၂၉ ရက်တွင် ဗဟိုဘဏ်မှ အမေရိကန် တစ်ဒေါ်လာလျှင် ၉၄၅ ကျပ်အထိ သတ်မှတ်ထားသော်လည်း ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ၉၄၃ ကျပ်ဖြင့် လဲလှယ်လျက်ရှိကြောင်း သိရသည်။

ဗဟိုဘဏ်မှ ယခုလပိုင်းများ အတွင်း နေ့စဉ်နီးပါး အမေရိကန်ဒေါ်လာ ငွေလဲနှုန်းကို တိုး၍သတ်မှတ်လျက်ရှိခြင်း၊ တစ်ဒေါ်လာ ကျပ် ၁၀၀၀ အထိ ဆွဲတင်မည်ဟူသော သတင်းများ ဖြန့်ခြင်း၊ အချို့ ကစားလိုခြင်းများကြောင့် ဒေါ်လာဈေးမှာ မေ ၂၃ ရက်က ၉၆၁ ကျပ်အထိ ဆက်တိုက်ထိုးတက် သွားခဲ့ရသည်။ သို့သော် မေ ၂၉ ရက်တွင် တစ်ဒေါ်လာ ၉၄၃ကျပ် ဖြစ်သည့်အတွက် ရက်ပိုင်းအတွင်း တစ်ဒေါ်လာလျှင် ၁၈ ကျပ်အထိ ပြန်လည်ကျဆင်းလာခဲ့သည်။

ပြင်ပဈေးကွက် ဒေါ်လာဝယ်လိုအားမှာ ပုံမှန်အတိုင်း ရှိနေပြီး အသုံးလို၍ ၀ယ်ယူသည့်သူသာ ရှိနေရာ အမြတ်ရရေး ၀ယ်စုမည့်သူများ မရှိသည့်အတွက်  . . .

ဗဟိုဘဏ်မှ သတ်မှတ်သည့် အမေရိကန် ဒေါ်လာလဲနှုန်းမှာ နေ့စဉ်ဆက်တိုက် ထိုးတက်နေခဲ့ပြီး မေ ၂၃ ရက်က တစ်ဒေါ်လာ ၉၄၆ ကျပ်၊ မေ ၂၇ ရက်တွင် တစ်ဒေါ်လာ ၉၄၉ ကျပ်အထိ တိုး၍ သတ်မှတ်ခဲ့သည်။

သို့သော် ပြင်ပဈေးကွက် ဒေါ်လာဝယ်လိုအားမှာ ပုံမှန်အတိုင်း ရှိနေပြီး အသုံးလို၍ ၀ယ်ယူသည့်သူသာ ရှိနေရာ အမြတ်ရရေး ၀ယ်စုမည့်သူများ မရှိသည့်အတွက် ထပ်မံမြင့်တက်ခြင်း မရှိဘဲ မေ ၂၈ ရက်မှစ၍ ပြန်လည် ကျဆင်းခဲ့သည်။

မေ ၂၈ ရက်တွင် ဗဟိုဘဏ်မှ သတ်မှတ်သည့် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းမှာ တစ်ဒေါ်လာ ၉၄၆ ကျပ်သို့ ပြန်ဆင်းသွားပြီး ပြင်ပဈေးကွက်၌လည်း တစ်ဒေါ်လာကျပ် ၉၅၀ အထိ ပြန်ဆင်းခဲ့ခြင်း ဖြစ်သည်။

ယခင်က ဈေးမြင့်တက်ပြီဆိုပါက ကစားမည့်သူ၊ ၀ယ်စုသူများကြောင့် ဈေးကွက်ပိုမို မတည်မငြိမ် ဖြစ်ရသော်လည်း ယခုအခါတွင်မူ ထိုသို့ဝင်ကစားသူများ လိုက်ပါမလာတော့ဘဲ ပုံမှန်အရောင်းအ၀ယ်သာ ရှိခြင်း၊ ကမ္ဘာ့ရွှေဈေး ပြန်လည်ဦးမော့ လာမှုနှင့်အတူ နိုင်ငံတကာ ဈေးကွက်တွင်လည်း ဒေါ်လာတန်ဖိုးမှာ တည်ငြိမ်နေခြင်း စသည့်ဈေးကွက်မှန် အခြေအနေကြောင့် မည်မျှဆွဲတင် နေသည်ဖြစ်စေ ဈေးကွက်မှန်အတိုင်း ပြန်လည်ကျဆင်းခြင်းဟု သုံးသပ်နေကြသည်။

ကမ္ဘာ့ရွှေဈေးမှာ ယခုရက်ပိုင်းအတွင်း တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၈၀၊ ၁၃၉၀ ၀န်းကျင်တွင် တည်ငြိမ်လျက်ရှိကြောင်း သိရသည်။         

တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေ ပြင်ဆင်ရေးဆွဲရန် စီစဉ်နေ

တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေကို ပြန်လည်ပြင်ဆင် ရေးဆွဲရန် စီစဉ်နေကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန၏ အစည်းအဝေး သတင်းထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါ ဥပဒေမှာ ယခင် စစ်အစိုးရလက်ထက် ဥပဒေအမှတ် (၆/၂၀၀၂)ဖြင့် ၂၀၀၂ ခုနှစ် ဇွန် ၁၇ ရက်က ပြဋ္ဌာန်းထုတ်ပြန်ခဲ့ပြီး ဖြစ်သော်လည်း အသက်ဝင်မှု နည်းပါးနေရုံသာမက အဆိုပါ ဥပဒေ ထုတ်ပြန်ထားကြောင်း သိရှိသူပင် နည်းပါးနေသေးကြောင်း ဥပဒေ လေ့လာသူများက ဆိုသည်။

ငွေကြေးခ၀ါချခြင်း၊ ငွေဖြူငွေမည်း ပြဿနာများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံသား ရင်းနှီးမြှုပ်နှံသူ အချို့၏ ရင်းနှီးမြှုပ်နှံသည့် ပမာဏများမှာ အခွန်ပေးဆောင်ထားသည့်ငွေများ ဟုတ်မဟုတ်၊ ၀င်ငွေရ လမ်းပြနိုင်သည့် ငွေများ ဟုတ်မဟုတ်၊ တရားမ၀င် ငွေကြေးများဖြင့်  မြှုပ်နှံခြင်း ဟုတ်မဟုတ် စသည့်အကြောင်း အရာများကို စိစစ်ရန် လိုအပ်ကြောင်း မီဒီယာတွင် ဖော်ပြခဲ့ပြီးနောက် တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေကို ပြင်ဆင်ရေးဆွဲရန် စီစဉ်နေသည့် သတင်းပေါ်ထွက်ခဲ့ခြင်း ဖြစ်သည်။

တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများကို အသုံးပြု၍ နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍများတွင် ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ရန် . . . .

အဂတိ လိုက်စားမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ လက်နက်ခဲယမ်း မီးကျောက်နှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ တရားမ၀င် ရောင်းဝယ်မှု၊ အခွန်တိမ်းရှောင်မှု၊ လူကုန်ကူးမှု၊ တရားမ၀င် သစ်ခိုးထုတ်မှုများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပေးသည့် လုပ်ငန်းလိုင်စင် မရှိဘဲ ငွေရေးကြေးရေး အဖွဲ့အစည်း၏ လုပ်ငန်းလုပ်ကိုင်မှု စသည့် ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရာမှ ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများကို တရားဝင်အသွင်သို့ ရောက်ရှိစေရန် တရားမ၀င်သော နည်းလမ်းဖြင့် ပြောင်းလဲခြင်း၊ လွှဲပြောင်းခြင်း၊ ဖုံးကွယ်ခြင်း၊ ဖျောက်ဖျက်ခြင်း သို့မဟုတ် အသွင်ပြောင်းလဲခြင်းပြုသည့် ပြစ်မှုများသည် ဤဥပဒေနှင့် သက်ဆိုင်စေရမည်ဖြစ်ကြောင်း တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေးဥပဒေ ပုဒ်မ ၅(က) တွင် ပြဋ္ဌာန်းထားသည်ဟု သိရသည်။

တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများကို ထိန်းချုပ်ပြီး ထိရောက်စွာ အရေးယူနိုင်ရန်နှင့် ဆင့်ပွားပေါ်ပေါက်နိုင်သည့် ပြစ်မှုများကို ကာကွယ်ဟန့်တားနိုင်ရန်၊ တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေးအတွက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ အိမ်နီးချင်း နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများထိန်းချုပ်ရေး ဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း ဥပဒေ ပြဋ္ဌာန်းချက်များအရ သိရသည်။

ထို့ပြင် တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေ၏ ရည်ရွယ်ချက်များထဲတွင် တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများကို အသုံးပြု၍ နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍများတွင် ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ရန်ဟူသည့် အချက် ပါဝင်နေသည်ကို တွေ့ရသည်။          

ဟိုတယ်နှင့် စီးပွားရေးလုပ်ငန်းများကြောင့် အင်းလေးကန် ထိခိုက်မှုများကို စောင့်ကြည့်တော့မည်


ဟိုတယ်များနှင့် စီးပွားရေးလုပ်ငန်းများကြောင့် အင်းလေးကန်အပေါ် ထိခိုက်မှုများ စောင့်ကြည့်ရန် အင်းလေးကန်
စောင့်ကြည့်လေ့လာရေးအဖွဲ့ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း အင်းတိုင်းရင်းသား ရေးရာဝန်ကြီး ဦးဝင်းမြင့်က မဇ္စျိမကို ပြောကြားသည်။

အဆိုပါအဖွဲ့တွင် အစိုးရအဖွဲ့အစည်းများမှပုဂ္ဂိုလ်များ ပါဝင်မည်မဟုတ်ဘဲ ပညာရှင်များ၊ ဒေသခံတိုင်းရင်းသား များဖြင့်သာ ဖွဲ့စည်းသွားမည် ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။

''ကန်နားဝန်းကျင်မှာ ဟိုတယ်တွေလာ ဆောက်တာကို ဒေသခံတွေက လုံးဝ သဘောမကျကြဘူး။ အင်းလေးကန်မှာ စီးပွားရေး လာလုပ်ကြပြီး ကန်ထိန်းသိမ်းစောက်ရှောက်ရေးတို့ကို မလုပ်ကြဘူး ဖြစ်နေတယ်။ ဒီလိုတွေ ဖြစ်လာနေလို့ စောင့်ကြည့်လေ့လာရေးအဖွဲ့ကို ဖွဲ့ဖို့ဆောင်ရွက်နေတယ်'' ဟု သူက မှတ်ချက်ပြုသည်။

လက်ရှိတွင် အင်းလေးကန် ထိန်းသိမ်းစောက်ရှောက်ရေး လုပ်ငန်းစဉ်များကို အစိုးရ အဖွဲ့အစည်းဖြစ်သည့် အင်းလေးကန် ရေရှည်တည်တံ့ ထိန်းသိမ်းရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသော်လည်း ထိုအဖွဲ့အပြင် ယခုလို စီးပွားရေးလုပ်ငန်းများက အင်းလေးကန်အပေါ် သက်ရောက်မှုကို အကဲဖြတ်ရန် အဖွဲ့အစည်းထပ်မံဖွဲ့လိုက်ခြင်း
ဖြစ်သည်။

အစိုးရ၏ အင်းလေးကန် ထိန်းသိမ်းရေးအဖွဲ့သည် ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်(UNDP)နှင့် နော်ဝေအစိုးရမှ လှူဒါန်းသည့် အမေရိကန် ဒေါ်လာ နှစ်သန်းကျော်ကို အသုံးပြုကာ အင်းလေးကန် ထိန်းသိမ်းစောက်ရှောက်ရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်လျက်ရှိသည်။

အင်းလေးဒေသခံ ဦးစိုင်းဝဏ္ဏက ''အခုဆောက်နေတဲ့ ဟိုတယ်တွေက ကန်နဲ့ အရမ်းထိစပ်နေတယ်။ နောင်ဆိုရင် ဟိုတယ်တွေရဲ့ စွန့်ပစ်စ္စည်းတွေက ကန်ပတ်ဝန်းကျင်ကို ထိခိုက်လာနိုင်တယ်။ စီးပွားရေး တစ်ခုတည်းကြည့်ပြီး ကန်အလှအပကို ထိခိုက်လာမှာကို မလုပ်သင့်ဘူး'' ဟု ပြောသည်။

ဝန်ကြီးဦးဝင်းမြင့်က အင်းလေးကန်စောင့်ကြည့်လေ့လာရေး အဖွဲ့ကို အသင်း၏ လုပ်ငန်းစဉ်များ၊ ဖွဲ့စည်းပုံများ သတ်မှတ်ပြီးလျှင် ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြသွား မည်ဖြစ်ပြီး တရားဝင် ဖွဲ့စည်းသွားမည့် လူမှုရေးအဖွဲ့
ဖြစ်ကြောင်း၊ ဟိုတယ်များ စည်းကမ်းမဲ့ ဆောင်ရွက်မှုများကိုတွေ့လျှင် ပြည်ပမှ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များ ၏ အကူအညီကို ရယူပြီး သက်ဆိုင်ရာ အစိုးရဌာနများသို့ တိုင်ကြားသွားမည်ဖြစ်ကြောင်း ဆိုသည်။

ယခုလက်ရှိ ဆောက်လုပ်နေသည့် ဟိုတယ်များအနက် ဟိုတယ် ၁ဝ လုံးကို ယခင်အစိုးရလက်ထက်တွင်
ဆောက်လုပ်ခွင့် ရရှိခဲ့ခြင်းဖြစ်ပြီး အစိုးရသစ်လက်ထက်တွင် ရပ်ဆိုင်းသွားခဲ့ပြီး ခရီးသွားလုပ်ငန်းကဏ္ဍဖွံဖြိုး တိုးတက်လာသည့်အတွက် သက်ဆိုင်ရာသို့ တင်ပြပြီး ပြန်လည် တည်ဆောက်လာခြင်းကြကြောင်း အင်းလေး
ဒေသခံများက ပြောဆိုသည်။

လက်ရှိတွင် အင်းလေးကန်စပ်အနီး ဟိုတယ်များ ဆောက်လုပ်နေခြင်းကြောင့် ဒေသခံများမှ စိုးရိမ်လျက်ရှိပြီး အင်းလေးကန် အရှေ့ဘက် ကန်ပတ်လမ်းတွင် ဟိုတယ် ၁၂ လုံးခန့် ကန်စပ်အနီး ဆောက်လုပ်လျက်ရှိကြောင်း
ဒေသခံများက ပြောသည်။

မှတ်ပုံတင်မထားသည့် ပိုးသတ်ဆေးကို ဈေးကွက်အတွင်းမှ ပြန်သိမ်းမည်

ရန်ကုန်တိုင်း ဒေသကြီးအတွင်း လက်လီလက်ကား အရောင်းဆိုင်များတွင် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချလျက် ရှိသော တရုတ်စာသားများသာပါဝင်သည့် မှတ်ပုံတင် ထားခြင်းမရှိသော ပိုးသတ်ဆေးတစ်မျိုးကို ဈေးကွက် အတွင်းမှ ပြန်သိမ်းမည်ဖြစ်ကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သီးနှံကာကွယ်ရေးဌာန ရန်ကုန်တိုင်း ဒေသကြီးတာဝန်ခံ ဦးမြင့်ဇော်က မဇ္ဈိမ သတင်းဌာနသို့ ပြောသည်။

အဆိုပါ ပိုးသတ်ဆေး အထုပ်တွင် မီသိုမိုင်း Methomyl ဟုသာ အင်္ဂလိပ်စာသားပါဝင်ပြီး ကျန်စာသားများ အားလုံးမှာ တရုတ်စာသားများသာ ပါဝင်သည်။ တရားဝင်ဆေးများတွင် အညွှန်းကို မြန်မာဘာသာဖြင့်
ရေးရမည်ဖြစ်ရာ ယင်းပိုးသတ်ဆေးတွင် ရေးသားထားခြင်း မရှိဟု သိရပြီး အထုပ်မှာ ပုံမှန်ဆိုဒ် မဟုတ်သော အထုပ်ငယ်များဖြင့် ထုပ်ပိုးထားကာ ဈေးနှုန်းချိုသာစွာဖြင့် တောင်သူများ အလွယ်တကူဝယ်ယူ နိုင်ရန်ရည်ရွယ် ထုတ်လုပ်ထားခြင်း ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

ဦးမြင့်ဇော်က ''တရားဝင်ဆေးဆိုရင် အညွှန်းမှာမြန်မာလို ရေးထားရမယ် ပါဝင်တဲ့ ပစ္စည်းတွေကို ရေးထားရမယ်။ အင်္ဂလိပ်လိုတော့ မီသိုမိုင်းဆိုပြီး ပါတယ်။ ကျန်တာအားလုံး တရုတ်စာတွေချည်းပဲ ဘာကိုဖတ်ပြီး ဘယ်လိုအသုံးပြု ရမလဲ မသိနိုင်ဘူး။ ပြီးတော့ သူ့ရဲ့ပြင်းအားက ပုံမှန်ထက် နှစ်ဆပိုပြီး အဆိပ်ပြင်းတယ်။ ပုံမှန်ဆိုရင် ပိုးသတ်ဆေးက တစ်ကီလိုဂရမ်၊ ငါးရာ ဂရမ်၊ နှစ်ရာ့ငါးဆယ်ဂရမ်အထုပ်တွေ ထုပ်တယ်။ အခုအထုပ်တွေက ငါးဂရမ်လောက်ပဲ ရှိတယ်။ ဈေးချိုတယ်။ ဆိုလိုတာက ရောင်းကောင်းအောင် တမင်ထုတ်လုပ်ထားတာမျိုးပေါ့'' ဟု ပြောသည်။

ဈေးကွက်တွင်း ရောက်ရှိနေသော ၎င်းပိုးသတ်ဆေးကို သိမ်း ဆည်းသွားမည်ဖြစ်ပြီးမည်သူ တင်သွင်းသည်ကို စုံစမ်း၍မရ သေးကြောင်းလည်း သိရသည်။ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများက သီးနှံများအထွက်တိုးရန်
မြေသြဇာအ သုံးပြုခြင်း၊ သီးနှံအဖျက် ပိုးများ ချေမှုန်းရန် ပိုးသတ်ဆေးများ အသုံးပြုခြင်းများ ရှိရုံသာမက
တောင်သူများထံက ဝယ်ယူပြီး ဈေးကွက်တွင်း ပြန်လည်ရောင်းချသူများသည် ပိုးသတ်ဆေးများကို အသုံးချနေမှု များနေသောကြောင့် သီးနှံကာကွယ် ရေးဌာနများ၊ စားသုံးသူ ကာကွယ်ရေး အဖွဲ့အစည်းများအနေဖြင့်
ဈေးကွက်တွင်း ရောင်းချနေသူများကိုပါ အသိပညာပေးမှုများ ပြုလုပ်ရန် လိုအပ်သည်ဟုလည်း ၎င်းက ပြောသည်။

ဦးမြင့်ဇော်က ''ပိုးသတ်ဆေး ဖျန်းပြီးဘယ်နှစ်ရက်အတွင်း မစားရဘူးဆိုပြီး ဆေးရဲ့ပြင်းအားပေါ်မူတည်ပြီး သတ်မှတ်ထားတာရှိတယ်။ ဒါကြောင့် ချက်ချင်း ဈေးကွက်ကို တင်ပို့တော့မယ် သီးနှံတွေကိုထပ်ပြီး ဆေးဖျန်းဖို့ ဘယ်လိုမှ မသင့်တော်ဘူး စားသုံးသူကို တိုက်ရိုက်ထိခိုက်တယ် ပိုးသတ်ဆေးကို တောင်သူတွေပဲ အသုံးပြုတယ် ဆိုပြီး ပိုးသတ်ဆေးကို အန္တရာယ်မဖြစ်အောင် တောင်သူတွေကို ပညာပေးရတယ်။ ခုဆိုရင် တောင်သူတွေတင်မက
ရောင်းချတဲ့ ကုန်သည် တွေကိုပါ ပညာပေးဖို့ လိုအပ်လာတယ်'' ဟုလည်း မဇ္ဈိမ သတင်းစာသို့ ပြောသည်။

ထားဝယ်ရှိ စစ်တပ်က သိမ်းထားသော မြေများအတွက် စာရင်းလာကောက်ယူ

ထားဝယ်မြို့ ဇလွန်းကျေးရွာရှိ တောင်သူ ၆၄ ဦးပိုင်ဆိုင်သည့် လယ်မြေဧက ၃၅ဝ ကျော်ကို လွန်ခဲ့သည့် နှစ်
နှစ်ဆယ် ဝန်းကျင်က စစ်တပ်ပိုင်မြေအဖြစ် သိမ်းထားရာ ယခုယင်းမြေများအတွက် စစ်တပ်က စာရင်းလာ
ကောက်ခြင်းများပြုလုပ်နေသည်ဟု ထားဝယ်မြို့ လူ့အခွင့်အရေးစောင့်ကြည်ရေးကွန်ရက်မှ ဦးသန်းဝင်း က
ပြောသည်။

အဆိုပါ လယ်မြေများ သိမ်းထားခြင်းနှင့်ပတ်သက်ပြီး ယင်းဒေသခံများက ရန်ကုန်တွင် ပြီးခဲ့သည့် မေလ ၁၆ ရက်က လယ်သိမ်းခံရသည့်အတွက် မကျေနပ်ကြောင်းနှင့် ယင်းကိစ္စအတွက် တိုင်းဒေသကြီး အစိုးရထံသို့ တင်ပြထားသည် များနှင့် ပတ်သက်ပြီး စာနယ်ဇင်း ရှင်းလင်းပွဲလုပ်ခဲ့သည်။ ယင်းနောက်တွင် လယ်မြေများအတွက် စစ်တပ်က မေလ ၂၄ ရက်တွင် စာရင်းလာကောက်နေပြီး ပြန်ပေးမည်၊ မပေးမည်ကိုမူ သိရှိရခြင်း မရှိသေးပေ။

အသိမ်းခံထားရသော မြေနေရာများမှာ ထားဝယ်မြို့နယ်၊ ဇလွန်းကျေးရွာရှိ တောင်သူ ၆၄ ဦးပိုင်ဆိုင်သည့် လယ်မြေဧက ၃၅၃.၇၈ ဧက ကို လွန်ခဲ့သည့် ၁၉၉၃ ခုနှစ်တွင် စစ်တပ်က တပ်ပိုင်မြေအဖြစ် သိမ်းဆည်း ထားခြင်းဖြစ်ပြီး ယင်းတောင်သူများထဲမှ ၄ ဦးကိုသာ လယ်မြေအငှားဖြင့် ပြန်လုပ်ကိုင်ခွင့်ပေးခဲ့သည်။ ကျန်သူများမှာ လျော်ကြေး မရှိသေးပေ။ 

ဦးသန်းဝင်းက ''တပ်သိမ်းမြေတွေကို စာရင်းယူသွားတာပါ၊ တပ်ကလာပြီး စာရင်းကောက်တယ်လဲဆိုရော တချို့တောင်သူတွေက နဂိုစာတင်ထားတဲ့ ဥယျာဉ်ခြံမြေအပြင် ထပ်တိုးပြီး စာရင်းပေးလာတာတွေ ရှိနေတယ်'' ဟု ပြောသည်။

ထားဝယ်မြို့တွင် အကြောင်းအမျိုးမျိုးကြောင့် အသိမ်းခံထားသောမြေများ ရှိနေပြီး ဆန်းချီအနောက်ကွင်း၊ ရွှေဂူကွင်း ရွာများတွင် ၁၉၉၃ ခုနှစ်က အသိမ်းခံထားရသည့် လယ်မြေလေးထောင်ကျော်နှင့် ထားဝယ်မြို့ရှိ ဆန်းလွန်း၊ သပြေချောင်းရှိ စစ်တပ်သိမ်း ဥယျာဉ်ခြံမြေများအားလုံးကို တောင်သူများ ပြန်လည်ရရှိစေရေးအတွက် သမ္မတနှင့် လယ်ယာမြေစုံစမ်းစစ်ဆေးရေးကော်မရှင်သို့ မေလအတွင်းကပင် တင်ပြထားခဲ့ခြင်းဖြစ်သည်ဟု သိရသည်၊။

တနသာင်္ရီတိုင်းဒေသကြီးတွင် စစ်တပ်သိမ်းလယ်မြေ၊ ကုမ္ပဏီမှသိမ်းထားသည့် လယ်မြေများနှင့် လေယာဉ်ကွင်း
ဆောက်လုပ်ရန်အတွက် သိမ်းထားသည့် လယ်မြေအမှုပေါင်း ၁ဝ မှုကို လက်ခံစစ်ဆေးလျက်ရှိနေသည်ဟု တနင်္သာရီတိုင်းဒေသကြီး လယ်ယာမြေစုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်မြင့်က ပြောသည်။

လားရှိုးပဋိပက္ခ ပျက်စီးမှုတန်ဖိုး သိန်း ၆ဝဝ ရှိ လုံခြုံရေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်း

ရှမ်းပြည်နယ် လားရှိုးမြို့တွင် မေလ ၂၈ ရက်ကဖြစ်ပွားခဲ့သော ပဋိပက္ခများမှ မီးလောင်ပြီး ပျက်စီးဆုံးရှုံးခဲ့မှု တန်ဖိုး သိန်း
၆ဝဝ နီးပါးရှိပြီး လုံခြုံရေးအတွက် အဖွဲ့ငါးဖွဲ့ ဖွဲ့စည်းလိုက်သည်ဟု လားရှိုးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေလင်းက မဇ္ဈိမကို ပြောသည်။

မေလ ၂၈ ရက်နေ့ညနေက ဓါတ်ဆီရောင်းချရာတွင် စကားများရာမှ အမျိုးသားတဦးက အမျိုးသမီးတဦးကို မီးရှို့ ခဲ့သည့် အဖြစ်အပျက်မှ စတင်ကာ ဈေးဆိုင်၊ ဘာသာရေး အဆောက်အဦးနှင့် စာသင်ကျောင်းတခုတို့ကို မီးရှို့ ဖျက်ဆီးမှု ဖြစ်ပွားခဲ့သည်။ ဖျက်ဆီးခံရသည့် လားရှိုးမြို့လယ်မှ ဈေးဆိုင်အချို့ မေလ ၂၈ ရက်နေ့ညက ဖျက်ဆီးခံရပြီးနောက် မေလ ၂၉ ရက်နေ့နံနက်ပိုင်းတွင် တွေ့မြင်ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)


ဖွဲ့စည်းလိုက်သည့် လုံခြုံရေးအဖွဲ့များတွင် အထွေထွေအုပ်ချုပ်ရဲမှူး၊ ရဲတပ်ဖွဲ့၊ စစ်တပ်နှင့် သံဃာတော်များ ပါဝင်ပြီး ''လုံခြုံရေးအဖွဲ့ ငါးဖွဲ့ချထားတယ်။ ညနေကမှ အစည်းအဝေးလုပ်တာဆိုတော့ ကျွန်တော်တို့လည်း အသေးစိတ်ကို
တော့မသိရသေးဘူး'' ဟု ဦးဝေလင်းက ပြောသည်။ ရိုက်နှက်မှုများ ဖြစ်ပေါ်လာခြင်းကြောင့် အခြေအနေကို ထိန်းသိမ်းရန် ဖွဲ့စည်းခြင်းဟုလည်း သူက ဆိုသည်။

ပဋိပက္ခများအတွင်း လားရှိုးမြို့ အမှတ် (၈) ရပ်ကွက်တွင် ယမန်နေ့ညနေက မီးရှို့မှုဖြစ်ပွားခဲ့ပြီး ဗလီတစ်လုံး၊ အစ္စလာမ် မိဘမဲ့ ကျောင်းနှင့် ပြန်/ဆက်ဌာနပိုင်ဆိုင်ခန်း နှစ်ခန်းအပါအဝင် ပုဂ္ဂလိက ဆိုင်ခန်းများနှင့် ဂိုထောင်များ မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး အတိအကျမှာ ၅၈၃ ဒသမ ၈ သိန်း ဖြစ်သည်ဟုလည်း ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးရုံးက ထုတ်ပြန်သည်။

ထို့အပြင် မေလ၂၉ရက်နေ့လည်တွင် အမှတ် (၇) ရပ်ကွက်၌ လူတစ်စုက အကြမ်းဖက်ရိုက်နှက်မှုကြောင့် အစ္စလာမ်ဘာသာ ဝင်တစ်ဦးသေဆုံးကာ အမျိုးသားလေးဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး လားရှိုးမြို့
ပြည်သူ့ဆေးရုံတွင် ဆေးကုခံယူနေသည်။ တစ်ဦးမှာ ဦးခေါင်းဒဏ်ရာရကာ ခွဲစိတ်ခန်းသို့ ပို့ထားရကြောင်း
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ကြီးဌာနမှ သိရသည်။

ထိုရပ်ကွက်တွင်ပင် သတင်းထောက် နှစ်ဦးအား ရိုက်နှက်မှုဖြစ်ပွားရာ တစ်ဦးမှာ ဦးခေါင်းကွဲခဲ့ပြီး တစ်ဦးမှာ သံတုတ်ဖြင့် နောက်ကျောကို ရိုက်နှက်ခြင်းခံခဲ့ရသည်။ ''ကျွန်တော်တောင် အခုပဲ အရိုက်ခံလိုက်ရတယ်။ ကျွန်တော်က ခေါင်းကွဲသွားတယ်။ ကျွန်တော့်သူငယ်ချင်းကိုလည်း နောက်ကနေ သံတုတ်နဲ့ ရိုက်လိုက်တယ်။ ခုထိမထနိုင်ဘူး။ ကင်မရာထဲက မန်မိုရီကတ် (Memory Card) ကိုလည်း ယူထားလိုက်တယ်။ ဆေးခန်းတွေ လည်း ပိတ်တယ်'' ဟု လားရှိုးဒေသခံ အလွတ်တန်းသတင်းထောက် ကိုခွန်ဇော်ဦးက မဇ္ဈိမကိုပြောသည်။

ယမန်နေ့ ည ၈ နာရီမှာလည်း ညကိုးနာရီကျော်လျှင် မထွက်ရအမိန့် ပုဒ်မ ၁၄၄ ချက်ချင်းထုတ်ပြန်ခဲ့ရပြီး ရဲတပ်ဖွဲ့နှင့် စစ်တပ်အင်အားများ ချထားခဲ့သေးသော်လည်း နေ့လည်ပိုင်းတွင် ပြန်လည်ဖြစ်ပွားခဲ့သည်။

''မြို့ကကျယ်တော့ လုံခြုံရေးယူနိုင်တဲ့ နေရာတော့ အေးချမ်းပေမယ့် မြို့ပြင်တွေမှာတော့ နေ့လည်ပိုင်းမှာ လှုပ်လှုပ်၊ လှုပ်လှုပ်ဖြစ်နေတုန်းပဲ'' ဟု ကျားဖြူပါတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်း စံမင်းကပြောသည်။

မေလ ၂၉ ရက်တွင် လားရှိုးမြို့ရှိ မြို့မဈေးနှင့် ဈေးဆိုင်များအားလုံး ပိတ်ထားကြပြီး မနက်ပိုင်းတွင် အခြေအနေ တည်ငြိမ် မှုရှိကြောင်းဒေသခံများကပြောကြသည်။

ယနေ့ နေ့လည်ပိုင်းတွင် သာသနာရေးဝန်ကြီး ဦးဆန်းဆင့်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် စဝ်အောင်မြတ်၊ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူတို့သည် လားရှိုးမြို့ သာသနာ့ဗိမာန်တွင် သံဃာတော်များ၊ အစ္စာလာမ်ဘာသာရေးခေါင်းဆောင်များ၊ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြသေးသည်။