Thursday, May 30, 2013

ယခုနှစ် ပထမ လေးလအတွင်း ရန်ကုန်နှင့် ရန်ကင်းကလေး ဆေးရုံကြီးများတွင် သွေးလွန်တုပ်ကွေးကြောင့် ဆေးရုံတက်ရသူ ၈၀၀ ကျော်ခန့် ရှိနေ


malaria-may30

မေ ၂၉ ရက်က ရန်ကင်း ကလေးဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေသော ကလေးငယ် တစ်ဦးအား သက်ဆိုင်ရာ ဆရာဝန်တစ်ဦးက လိုအပ်သော စမ်းသပ်မှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ်

ယခုနှစ် ပထမ လေးလအတွင်း ရန်ကုန် ကလေးဆေးရုံကြီးနှင့် ရန်ကင်း ကလေးဆေးရုံကြီး၌ သွေးလွန်တုပ်ကွေး ရောဂါကြောင့် ဆေးရုံတက်ရောက် ကုသနေရသူ ဦးရေ ၈၀၀ ကျော်ခန့် ရှိနေပြီဖြစ်ကြောင်း ဆေးရုံအုပ်ကြီးများ၏ ပြောကြားချက်အရ သိရသည်။

ပုံမှန်အားဖြင့် သွေးလွန်တုပ်ကွေး ရောဂါသည် မိုးဦးကျနှင့် မိုးတွင်းကာလများဖြစ်သည့် ဇွန်၊ ဇူလိုင်၊ သြဂုတ်လများတွင် ဖြစ်ပွားမှုနှုန်း များလေ့ရှိသော်လည်း ယခုနှစ်၌ သွေးလွန်တုပ်ကွေး ရာသီမရောက်ခင် ပထမ လေးလအတွင်းမှာပင် ရောဂါဖြစ်ပွားသူဦးရေ သိသိသာသာ မြင့်တက်နေကြောင်း သိရသည်။

"နှစ်တစ်နှစ်ရဲ့ ပထမ လေးလဆိုတာ သွေးလွန်တုပ်ကွေး လူနာများလေ့ ရှိတဲ့ကာလ မဟုတ်ပါဘူး။ အခုနှစ်မှာတော့ လူနာအတော်များနေတယ်။ ပထမလေးလ အတွင်းမှာပဲ ဆေးရုံတက်လူနာ ၅၁၁ ဦးရှိပြီး သေဆုံးလူနာ တစ်ဦးရှိနေပြီ။ ဆေးရုံတက်တဲ့ လူနာတွေထဲမှာတော့ ရန်ကုန်နဲ့ အနီးတစ်ဝိုက် မြို့တွေကသူတွေ လာတာများပါတယ်။ ဒီလိုဖြစ်နှုန်း များနေတဲ့အတွက် ကျန်းမာရေး ၀န်ကြီးဌာနအောက်မှာ ရှိတဲ့ တိုင်း၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနတွေပေါင်းပြီး မြို့နယ်အသီးသီးမှာ ကာကွယ်ရေး လုပ်ငန်းတွေ လုပ်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်" ဟု ရန်ကုန် ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းထိုက်က မေ ၂၉ ရက်က ပြောကြားသည်။

ရန်ကုန် ကလေးဆေးရုံကြီးသို့ သွေးလွန်တုပ်ကွေးကြောင့် ဆေးရုံတက်ရောက် ကုသခဲ့သူ ဦးရေမှာ၂၀၁၁ ခုနှစ်အတွင်း ၅၀၀ ကျော်နှင့် ၂၀၁၂ ခုနှစ်အတွင်း ဦးရေ ၁၀၀၀ ၀န်းကျင်အထိ ရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်အချို့တွင်လည်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနှုန်း များနေပြီး လက်ရှိ ရန်ကုန် ကလေးဆေးရုံကြီးနှင့် ရန်ကင်း ကလေးဆေးရုံကြီးများတွင် သွေးလွန်တုပ်ကွေး ရောဂါကြောင့် ဆေးရုံတက်ရောက် ကုသနေသူ ဦးရေ ယခင်နှစ်များထက် သိသိသာသာ များပြားနေကြောင်း ဆေးရုံအုပ်ကြီးများက ပြောကြားကြသည်။

ရန်ကင်း ကလေးဆေးရုံကြီးတွင် ယခုနှစ် ပထမ လေးလအတွင်း သွေးလွန်တုပ်ကွေးလူနာ ၃၀၀ ကျော်ခန့် ရှိပြီး သေဆုံးသူ တစ်ဦးရှိကြောင်းနှင့် လက်ရှိ ဆေးရုံတက်ရောက် ကုသနေသူများအနက် သွေးလွန်တုပ်ကွေး လူနာဦးရေမှာ အများဆုံးဖြစ်ကြောင်းလည်း ရန်ကင်း ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်လွင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေး ရောဂါကြောင့် အသက်သေဆုံးမှု ကျဆင်းလာသော်လည်း ရောဂါဖြစ်ပွားမှု အများဆုံး နိုင်ငံများတွင် ပါဝင်နေဆဲဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်းမှာ ၁၉၇၀ ပြည့်နှစ်က သွေးလွန်တုပ်ကွေးလူနာ ၁၀၀ လျှင် သေဆုံးသူဦးရေ ခြောက်ဦးအထက် ရှိခဲ့ရာမှ ၂၀၁၀ ပြည့်နှစ်တွင် လူနာ ၁၀၀ လျှင် တစ်ဦးနှုန်းသာ သေဆုံးလာကြောင်း ကျန်းမာရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် တစ်ကမ္ဘာလုံး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု၏ ၇၅ ရာခိုင်နှုန်းသည် အာရှပစိဖိတ် ဒေသများမှ ဖြစ်ကြောင်းနှင့် အရှေ့တောင်အာရှ နိုင်ငံများသည် တစ်ကမ္ဘာလုံး သွေးလွန်တုပ်ကွေး ကူးစက်ဖြစ်ပွားမှုရှိသော ဒေသ၏ ၅၂ ရာခိုင်နှုန်းဖြစ်ပြီး အင်ဒိုနီးရှား၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့သည် ရောဂါဖြစ်ပွားမှု အများဆုံးဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။