Thursday, May 30, 2013

မှတ်ပုံတင်မထားသည့် ပိုးသတ်ဆေးကို ဈေးကွက်အတွင်းမှ ပြန်သိမ်းမည်

ရန်ကုန်တိုင်း ဒေသကြီးအတွင်း လက်လီလက်ကား အရောင်းဆိုင်များတွင် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချလျက် ရှိသော တရုတ်စာသားများသာပါဝင်သည့် မှတ်ပုံတင် ထားခြင်းမရှိသော ပိုးသတ်ဆေးတစ်မျိုးကို ဈေးကွက် အတွင်းမှ ပြန်သိမ်းမည်ဖြစ်ကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သီးနှံကာကွယ်ရေးဌာန ရန်ကုန်တိုင်း ဒေသကြီးတာဝန်ခံ ဦးမြင့်ဇော်က မဇ္ဈိမ သတင်းဌာနသို့ ပြောသည်။

အဆိုပါ ပိုးသတ်ဆေး အထုပ်တွင် မီသိုမိုင်း Methomyl ဟုသာ အင်္ဂလိပ်စာသားပါဝင်ပြီး ကျန်စာသားများ အားလုံးမှာ တရုတ်စာသားများသာ ပါဝင်သည်။ တရားဝင်ဆေးများတွင် အညွှန်းကို မြန်မာဘာသာဖြင့်
ရေးရမည်ဖြစ်ရာ ယင်းပိုးသတ်ဆေးတွင် ရေးသားထားခြင်း မရှိဟု သိရပြီး အထုပ်မှာ ပုံမှန်ဆိုဒ် မဟုတ်သော အထုပ်ငယ်များဖြင့် ထုပ်ပိုးထားကာ ဈေးနှုန်းချိုသာစွာဖြင့် တောင်သူများ အလွယ်တကူဝယ်ယူ နိုင်ရန်ရည်ရွယ် ထုတ်လုပ်ထားခြင်း ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

ဦးမြင့်ဇော်က ''တရားဝင်ဆေးဆိုရင် အညွှန်းမှာမြန်မာလို ရေးထားရမယ် ပါဝင်တဲ့ ပစ္စည်းတွေကို ရေးထားရမယ်။ အင်္ဂလိပ်လိုတော့ မီသိုမိုင်းဆိုပြီး ပါတယ်။ ကျန်တာအားလုံး တရုတ်စာတွေချည်းပဲ ဘာကိုဖတ်ပြီး ဘယ်လိုအသုံးပြု ရမလဲ မသိနိုင်ဘူး။ ပြီးတော့ သူ့ရဲ့ပြင်းအားက ပုံမှန်ထက် နှစ်ဆပိုပြီး အဆိပ်ပြင်းတယ်။ ပုံမှန်ဆိုရင် ပိုးသတ်ဆေးက တစ်ကီလိုဂရမ်၊ ငါးရာ ဂရမ်၊ နှစ်ရာ့ငါးဆယ်ဂရမ်အထုပ်တွေ ထုပ်တယ်။ အခုအထုပ်တွေက ငါးဂရမ်လောက်ပဲ ရှိတယ်။ ဈေးချိုတယ်။ ဆိုလိုတာက ရောင်းကောင်းအောင် တမင်ထုတ်လုပ်ထားတာမျိုးပေါ့'' ဟု ပြောသည်။

ဈေးကွက်တွင်း ရောက်ရှိနေသော ၎င်းပိုးသတ်ဆေးကို သိမ်း ဆည်းသွားမည်ဖြစ်ပြီးမည်သူ တင်သွင်းသည်ကို စုံစမ်း၍မရ သေးကြောင်းလည်း သိရသည်။ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများက သီးနှံများအထွက်တိုးရန်
မြေသြဇာအ သုံးပြုခြင်း၊ သီးနှံအဖျက် ပိုးများ ချေမှုန်းရန် ပိုးသတ်ဆေးများ အသုံးပြုခြင်းများ ရှိရုံသာမက
တောင်သူများထံက ဝယ်ယူပြီး ဈေးကွက်တွင်း ပြန်လည်ရောင်းချသူများသည် ပိုးသတ်ဆေးများကို အသုံးချနေမှု များနေသောကြောင့် သီးနှံကာကွယ် ရေးဌာနများ၊ စားသုံးသူ ကာကွယ်ရေး အဖွဲ့အစည်းများအနေဖြင့်
ဈေးကွက်တွင်း ရောင်းချနေသူများကိုပါ အသိပညာပေးမှုများ ပြုလုပ်ရန် လိုအပ်သည်ဟုလည်း ၎င်းက ပြောသည်။

ဦးမြင့်ဇော်က ''ပိုးသတ်ဆေး ဖျန်းပြီးဘယ်နှစ်ရက်အတွင်း မစားရဘူးဆိုပြီး ဆေးရဲ့ပြင်းအားပေါ်မူတည်ပြီး သတ်မှတ်ထားတာရှိတယ်။ ဒါကြောင့် ချက်ချင်း ဈေးကွက်ကို တင်ပို့တော့မယ် သီးနှံတွေကိုထပ်ပြီး ဆေးဖျန်းဖို့ ဘယ်လိုမှ မသင့်တော်ဘူး စားသုံးသူကို တိုက်ရိုက်ထိခိုက်တယ် ပိုးသတ်ဆေးကို တောင်သူတွေပဲ အသုံးပြုတယ် ဆိုပြီး ပိုးသတ်ဆေးကို အန္တရာယ်မဖြစ်အောင် တောင်သူတွေကို ပညာပေးရတယ်။ ခုဆိုရင် တောင်သူတွေတင်မက
ရောင်းချတဲ့ ကုန်သည် တွေကိုပါ ပညာပေးဖို့ လိုအပ်လာတယ်'' ဟုလည်း မဇ္ဈိမ သတင်းစာသို့ ပြောသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။