Thursday, May 30, 2013

စက်မှုဇုန်များ အနီးရှိ ကျူးကျော်တဲများကို သတ်မှတ်ရက်အတွင်း မပြောင်းရွှေ့ပါက ဥပဒေအရ တရားစွဲဆိုမည်ဟု သိရ

industiralnotice-may30

ရန်ကုန်မြို့ စက်မှုဇုန်များ အနီးပတ်ဝန်းကျင်၊ စက်မှုဇုန် လမ်းဘေးဝဲယာမှ ကျူးကျော်တဲများကို သတိပေးချက် (Notice) များပေး၍ သတ်မှတ်ရက်အတွင်း ဖျက်ခိုင်းခြင်းဖြင့် လည်းကောင်း၊ သတ်မှတ်ရက်အတွင်း မပြောင်းရွှေ့ပါက ဥပဒေအရ တရားစွဲဆို သွားမည်ဖြစ်ကြောင်း လှိုင်သာယာ စက်မှုဇုန် တာဝန်ရှိသူများထံမှ သိရသည်။

ယင်းကဲ့သို့ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်အတွက် တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး ၀န်ကြီးများ၏ လမ်းညွှန်မှုများ တရားဝင် ရရှိထားပြီ ဖြစ်ကြောင်းလည်း သိရှိရသည်။

သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ ညွှန်ကြားချက်များ တရားဝင် ရရှိထားပြီ ဖြစ်သောကြောင့် စက်မှုဇုန် လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့ စက်ရုံဝန်းကျင်၌ ကျူးကျော်တဲများ လာရောက်ဆောက်လုပ်ပါက သက်ဆိုင်ရာ ဒေသအာဏာပိုင်များ ထံသို့လည်းကောင်း၊ စီမံခန့်ခွဲရေး ကော်မတီရုံးသို့ လည်းကောင်း၊ အချိန်နှင့်တစ်ပြေးညီ အကြောင်းကြား ပေးကြရန်နှင့် စက်မှုဇုန်များ စီမံခန့်ခွဲရေး ကော်မတီ အနေဖြင့်လည်း တစ်တဲဆောက် တစ်တဲဖျက် စနစ်ဖြင့် ကျူးကျော်တဲများ ထပ်မံပေါ်ပေါက်ခြင်း မရှိအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

"ကျူးကျော်တွေကတော့ နေရာတိုင်းမှာ ရှိနေတယ်။ စက်မှုဇုန်ထဲက စက်ရုံတွေ နားမှာရော လမ်းဘေးဝဲယာမှာပါ ရှိနေတာပါ။ ကျူးကျော်တွေနဲ့ ပတ်သက်ရင် အရင်ဆုံး ဘယ်နေ့ဘယ်ရက် နောက်ဆုံးထားပြီး ပြောင်းရွှေ့ပေးရမယ်၊ ဖျက်ပေးရမယ်ဆိုတာ Notice တွေ ထုတ်ပြီးသားပါ။ သတ်မှတ်ရက်အတွင်းကို ဖယ်မပေးရင်၊ ပြောင်းမပေးရင် တရားဥပဒေအရ တရားစွဲ အရေးယူ သွားမှာပါ။ ဒီလို အရေးယူဖို့ကိုလည်း ၀န်ကြီးချုပ်ဆီက တရားဝင် ညွှန်ကြားချက် ရထားပြီးပါပြီ" ဟု လှိုင်သာယာ စက်မှုဇုန်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အလားတူ စက်မှုမြို့တော်များ အတွင်းရှိ ကျူးကျော်တဲများသည် အမြင်မတင့်တယ်သည့်အပြင် စက်ရုံများ၏ လုံခြုံရေးနှင့် မီးဘေး စိုးရိမ်ရသောကြောင့် စက်မှုလုပ်ငန်းရှင်များ အသင်းအနေဖြင့် မိမိတို့ စက်ရုံဝန်းကျင်၌ ကျူးကျော်တဲများ လာရောက်ဆောက်လုပ်ပါက စီမံခန့်ခွဲရေး ကော်မတီရုံးသို့ အကြောင်းကြားရန် ညွှန်ကြားထားကြောင်းလည်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။