Thursday, May 30, 2013

ရက်ရှည် ဆန္ဒပြနေသော Esquare စက်ရုံသို့ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌနှင့်အဖွဲ့ လာရောက်ညှိနှိုင်းသော်လည်း အဆင်မပြေ

ရက်ရှည် ဆန္ဒထုတ်ဖော်နေသော Esquare ဖိနပ်စက်ရုံသို့ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးမြငြိမ်းနှင့် အဖွဲ့သည် မေ ၂၉ ရက်တွင် အလုပ်ရှင်နှင့် အလုပ်သမားများအကြား ညှိနှိုင်းသော်လည်း အဆင်မပြေသေးကြောင်း ဆန္ဒပြ အလုပ်သမားများက ပြောကြားသည်။

ဦးမြငြိမ်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သော အဆိုပါ ညှိနှိုင်းရေးအဖွဲ့သည် Esquare ဖိနပ်စက်ရုံမှ တာဝန်ရှိသူများနှင့် ဦးစွာတွေ့ဆုံ ညှိနှိုင်းခဲ့ကြောင်း သိရသည်။

ထို့နောက် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့သည် အလုပ်ထုတ်ခံရaသာ အလုပ်သမားငါးဦးနှင့် ထပ်မံတွေ့ဆုံ ညှိနှိုင်းခဲ့ကြောင်း သိရသည်။ "ဦးမြငြိမ်းတို့က ပြောတယ်။ ကျွန်မတို့ကို အလုပ်ပြန်ခန့်ဖို့ အလုပ်ရှင်ကို ပြောထားတယ်။ အဲဒီမှာ အလုပ်ရှင်က စဉ်းစားဦးမယ်လို့ ပြောတယ်။ ညနေ အလုပ်ဆင်းချိန် ရောက်နေပေမယ့် အလုပ်ရှင်က အကြောင်းပြန်တာ တစ်ခုမှ မရှိသေးဘူး" ဟု အဆိုပါစက်ရုံမှ အလုပ်သမားအဖွဲ့ ခေါင်းဆောင် မကြူကြူဝင်းက ဆိုသည်။

Esquare ဖိနပ်စက်ရုံတွင် အလုပ်သမားဦးရေ ၂၀၀ ခန့်မှ ဆန္ဒထုတ်ဖော်နေရခြင်းမှာ Esquare ဖိနပ်စက်ရုံ၏ အလုပ်သမား အဖွဲ့အစည်းခေါင်းဆောင် ငါးဦးကို အလုပ်မှ ထုတ်ပယ်ခဲ့ခြင်းကြောင့် ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း သိရသည်။

"မင်းတို့ အလုပ်ကို ပြန်လုပ်မှာလား မလုပ်ဘူးလားလို့ မေးတယ်။ ကျွန်မတို့က ပြန်လုပ်မယ်လို့ ပြောတယ်။ အဲဒါဆိုရင် ၀န်ခံကတိ ထိုးပေးရမယ်လို့ ပြောတယ်။ MD ကိုယ်တိုင်က အမြဲတမ်း ကတိတွေ ဖျက်နေတယ်။ ကျွန်မတို့ကို မနိုင်ဝန် ထမ်းခိုင်းတာတွေ၊ ခြေထောက်နဲ့ထိုးပြီး ခိုင်းတာတွေ ရှိတယ်။ အဲဒါတွေကို ဘယ်လိုဖြေရှင်းပေးမလဲ" ဟု မကြူကြူဝင်းက ဆိုသည်။

အဆိုပါ ဖိနပ်စက်ရုံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရန်အတွက် စက်ရုံဝင်ပေါက်ရှိ ဂိတ်စောင့်အား ပြောကြားခဲ့သော်လည်း ဂိတ်စောင့်မှ ၀င်ခွင့်၊ တွေ့ခွင့် မပေးနိုင်ကြောင်း ဆိုသည်။        

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။